
“ကလေးမ ထထ..ဟဲ့ကလေးမလေး ထဦး”
ဒေါ်ထိပ်ထားခင်တစ်ယောက် သူ့ကို နှိုးလိုက်သူကို ဘယ်သူလဲ ဆိုပြီးမျက်လုံးဖွင့်ကြည့် လိုက်တဲ့ အခါမှာတော့ ဆာဒူးကြီးလို လူတစ်ယောက်ကို တွေ့လိုက်ပါတယ်။
“အော် အဘ ဘာလိုချင်လို့လဲရှင့်..သမီးကိုဘာလို့နှိုးတာလဲ”
“အေးအေး သမီးကို အကူညီတောင်းချင်လို့ပါ။ ဒီကလေးလေးတွေကို ခဏလေးပေး ခဲ့ ချင်လို့ပါ..သမီးဆီမှာ အကြာကြီးမထားပါဘူး။ ဆယ့်လေးနှစ်ပဲ ထားမှာပါ”
ဒေါ်ထိပ်ထားခင် သေချာကြည့်လိုက်တော့ ဆာဒူးကြီးလက်ထဲမှာ မြွေနှစ်ကောင်ကိုခွေ ထားပြီး အခွေလိုက်လေးတွေ ကိုင်ထားတာ နှစ်ကောင်ပါ။
“အဘ ကလေးတွေလဲ မဟုတ်ဘူး။ မြွေတွေလား”
“အော်သေချာကြည့်ပါသမီးရဲ့ ကလေးလေးတွေပါ”
ဒီလိုပြောမှ ကြည့်လိုက်တော့ ကလေးလေးနှစ်ယောက်။ အတော်လေးကိုချစ်စရာ ကောင်းလွန်းလှတဲ့ ဆံပင်ကောက်ကောက်လေးနဲ့ကလေးလေးနှစ်ယောက်ဖြစ်လို့နေ ပါတယ်။
“အဘ သမီးကလေးလိုချင်တယ်ဆိုတာ မှန်ပါတယ်။ နှစ်ယောက်တော့ မတတ်နိုင်ပါ ဘူး။ အဘသမီးကိုတစ်ယောက်ပဲပေးခဲ့။ သေချာလေး ကျွေးမွေးစောင့်ရှောက်ပါ့မယ်။ ပြီးတော့ သမီးမိန်းကလေးကိုပဲ လိုချင်ပါတယ်။ ကလေးကိုလည်း အပိုင်ပဲမွေးမှာမို့ ဆယ့်လေးနှစ်ကြရင်လဲ လာပြန်မခေါ်ပါနဲ့”
“အင်း ဒါကတော့ သူလေးရဲ့ကံပဲလေ…။ သူကတော့ ဆယ့်လေးနှစ်ပြည့်ရင် ပြန်ခေါ်ခံရ မှာပါနော်..အေးအေး အဘထားခဲ့ပြီ..ရော့ရော့ ပွေ့ချီလိုက်သမီး။ ပြီးတော့ မြွှေတွေကို တွေ့ရင် မသတ်မိပါစေနဲ့နော်။”
လက်ထဲရောက်လာတဲ့ကလေးလေးဟာ ဆံပင်ကောက်ကောက်လေးနဲ့ တော်တော် လေးကို ချစ်စရာကောင်းလို့ ကလေးကိုကြည့်နေတုန်း ဗြုန်းကနဲ ကလေးလေးကနေ မြွေကြီးတစ်ကောင်လို အသွင်ပြောင်းသွားတာမို့..
“အား အမလေး”
“မိန်းမ မိန်းမ ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ အိပ်မက်ဆိုးတွေမက်လို့လား..မင်းအော် လိုက်တာ ငါတောင် လန့်နိုးသွားတယ်”
ယောကျာ်းဖြစ်သူလှုပ်နိုးလိုက်တော့မှ အရမ်းကိုလန့်တဲ့စိတ်ပြေပျောက်သွားပြီးတော့ ခုဏက မက်ခဲ့တဲ့အိပ်မက်ကို မရပ်မနားပြန်ပြောပြလိုက်ပါတယ်။ သစ်တောဖက် မှာ ရာထူးကြီးကြီးနဲ့ အလုပ်လုပ်တဲ့ ဦးငြိမ်းမောင်က တာဝန်ကျရာနေရာကိုသွားရောက် ထမ်းဆောင်ရလေ့ရှိပါတယ်။ ဒီအခါမှာ ဒေါ်ထိပ်ထားခင်တစ်ယောက်လည်း အမြဲလိုလို လိုက်ပါခဲ့ပါတယ်။
အခုလည်း ပင်လယ်တွေနဲ့ နီးစပ်ပြီးကျွန်းတွေ အများကြီးရှိတဲ့မြို့ လေးတစ်မြို့ မှာ တာ ဝန်ကျတာကြောင့် ပြောင်းလာလာခြင်း ရက်မှာပဲဒီလို အိပ်မက်မျိုးကို မက်တာပါ။ သူတို့ မှာ လက်ထပ်ထားတာ ခြောက်နှစ်ကျော်ကာလကို ရောက်နေပြီဖြစ်ပေမယ့် သားသမီး မရသေးတာပဲ ဖြစ်ပါတယ်။
အခုတော့ ဒီလိုပုံအိပ်မက်ဆိုရင်တော့ဖြင့် သားသမီးရနိုင်တော့မယ့် အိပ်မက်မျိုးလို့ ယူ ဆပြီး လင်မယားနှစ်ယောက်လန့်နေရာကနေလည်းပျော်သွားပါတယ်။ ဒါပေမယ့် ဆယ့် လေးနှစ်ပြည့်ရင် ပြန်ခေါ်မယ်ဆိုတဲ့ အစွဲကြီးကလည်း အရမ်းကိုကြောက်စရာကောင်း လောက်အောင်မှတ်မိနေပါတယ်။
ဒါကြောင့် သားသမီးရလာခဲ့ရင် ဘုရားတရားအလုပ်တွေဖိလုပ်ပြီး အလှူအတန်းတွေ များများလုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ထင်တဲ့အတိုင်းပဲ သူတို့ လင်မယားနှစ် ယောက်မှာ အိမ့်ဆည်းလည်းလေး တိုးလာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက် လုံးမှာလည်း အိမ်နီးနားပတ်ဝန်းကျင်မှာ မြွေတွေတွေ့တတ်ပြီး တတ်နိုင်သမျှ မြွေကို မသတ်မိအောင်လည်း ရှောင်ပါတယ်။ ဒီလိုနဲ့ ကလေးလေးမွေးမယ့်နေ့ကိုရောက်လာပါ တော့တယ်။
အဲဒီနေ့က ဦးငြိမ်းမောင်က အလုပ်ကိစ္စနဲ့ အရေးတကြီး သစ်တောကြိုးဝိုင်းတွေကိုလိုက် စစ်နေရတဲ့အချိန်မှာပဲ ဒေါ်ထိပ်ထားခင်က ဗိုက်နာလာခဲ့ပါတယ်။ မီးဖွားဖို့ရက်လိုနေ သေးပေမယ့် ကလေးလေးက လူ့လောကကို နှစ်ပတ်လောက်ကြိုတင်ပြီးစောစော ရောက်လာခဲ့တာပဲဖြစ်ပါတယ်။
ကံကောင်းချင်တော့ ဦးငြိမ်းမောင်ရဲ့ ညီဖြစ်သူ အလည်လာသခိုက်နဲ့ ကြုံနေတာနဲ့ ပဲ မတ်ဖြစ်သူအကူညီနဲ့ အိမ်တော်ထိန်း ဒေါ်ဘုတ်ဆုံတို့နဲ့ အတူ ဆေးရုံကိုရောက်သွား ပါတယ်။ မနက်ဆယ့်တစ်နာရီလောက်ထဲက နာနေပေမယ့်ကလေးလေးက ထွက်မလာ သေးပါဘူး။ ဒီလိုနဲ့ နေလာရင်း ညနေလေးနာရီလောက်မှာ ကလေးလေးရဲ့ နှလုံးခုန်သံ တွေ နှေးလာလို့ ဆိုပြီး အရေးပေါ်ခွဲစိတ်ဖို့ ပြင်ဆင်ပါတယ်။
ခါးကို ထုံဆေးထိုးနေတုန်း ဘေးနားကနေ ဒေါ်ဘုတ်ဆုံက ဘုရားစာဆိုပေးနေပါတယ်။
“အန်တီဘုတ် အခုကြားနေရတာ ဘာအသံတွေလဲဟင် ဆူညံနေတာပဲ”
“ဟယ်အဲဒါ စန္ဒီမယ်တော်လှည့်လည်ပူဇော်ပွဲလေ သမီးရဲ့ ..သမီးလှမ်းပြီး မှန်းလို့ ဆုတောင်းလိုက်..ကလေးလေး ချောချောချူချု မွေးပါစေလို့ ဆုတောင်းလိုက်သမီး”
“ဟင့်အင်း မဆုတောင်းတော့ဘူး..သမီးလေးကို နာမည်စဉ်းစားနေတာ..။ မယ်စန္ဒီလို့ ပဲ ပေးလိုက်တော့မယ်”
အဲဒီခေတ်အခါက အာထရာဆောင်းတွေ ဘာတွေလည်းရိုက်လေ့မရှိကြတာမို့ ဘာလေး မွေးမယ်မှန်း ကြိုမသိပါဘူး။ ဒါပေမယ့် ဒေါ်ထိပ်ထားခင်ကတော့ သမီးလေးမွေးမယ်လို့ ပဲ တစ်ထစ်ချ ယုံကြည်နေပါတယ်။
တကယ်တမ်းမွေးလာတော့လဲ သမီးလေးပဲမို့ ဒေါ်ထိပ်ထားခင်တစ်ယောက် အရမ်းကို ပျော်ရွှင်မိပါတယ်။ သမီးလေးကမွေးရာပါနှလုံးအားနည်းတဲ့ ရောဂါပါလာခဲ့လို့ မွေးမွေး ချင်းအသက်ကယ်ဆေးတွေ ထိုးခဲ့ရပါသေးတယ်။
သမီးလေးမွေးပြီး နှစ်ရက်ကြာမှ ဦးငြိမ်းမောင်က ပြန်ရောက်လာခဲ့ပြီး အဲဒီအချိန်မှာတော့ သမီးလေးကောအမေပါကျန်းကျန်းမာမာဖြစ်နေပြီမို့ တော်သေးတယ်လို့ ဦးငြိမ်းမောင် က တဖွဖွ ပြောနေပါတော့တယ်။ သမီးလေးနဲ့ တစ်ပတ်ကြာလို့ ဆေးရုံကဆင်းတဲ့ အခါ အိမ်တံခါးကို ဖွင့်လိုက်တာနဲ့ အိမ်ထဲမှာ မြွေအရေခွံတွေ လဲထားတဲ့အပုံကြီးတွေကို မြင်လိုက်ရပါတော့တယ်။
“အမလေး ဘာတွေလဲ ..အစ်ကိုရေ ဒါတွေ မြန်မြန်ဖယ်ပါ…ဒီလောက်ကြီးတဲ့ အရေခွံ တွေဆို အကောင်ကြီးတွေလည်းကြီးနေမှာနော်..လိုက်ရှာကြပါဦး..တော်ကြာနေ ကလေး ကို အန္တရာယ်တွေဘာတွေ ပြုနေမှဖြင့် ခက်ကုန်ပါဦးမယ်”
ဆေးရုံဆင်းလာတဲ့လူတွေရော..ဦးငြိမ်းမောင်ရဲ့တပည့်တွေကော အိမ်ထဲမှာ ဝိုင်းဝန်း ရှာဖွေပေမယ့် ဘာမြွေမှ မတွေ့တာနဲ့ သမီးလေးကို တင်းတင်းချီလို့ အိပ်ခန်းထဲကို ဝင်လိုက်ပါတော့တယ်။
သမီးလေးမွေးပြီးမှ စီးပွားရေးတွေပိုမိုတိုးတက်တာ၊ ငွေတွေ အချီကြီးဝင်တာမျိုးတွေ ဖြစ်လာပါတယ်။ ပြီးတော့ သမီးနဲ့ ပတ်သက်ပြီးထူးဆန်းတာတစ်ခုက တစ်ရက် သမီး လေးကို သစ်သားပုခက်လေးနဲ့ သိပ်ထားတုန်း မြွေ အစိမ်းရောင်တစ်ကောင်က သမီး လေးပုခက်မှာ အလျားလိုက် ငြိမ်ပြီး ကြည့်နေတာပါ..။
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ဒေါ်ထိပ်ထားခင်တစ်ယောက် အာခေါင်ခြစ်အော်ပြီး က လေးကို ပုခက်ထဲက ပွေ့ချီပြီး အခန်းထဲကပြေးထွက်လိုက်တာနဲ့ ဘေးပတ်ဝန်းကျင် က လူတွေလာတော့ အဲဒီမြွေဟာ ပျောက်ချက်သားကောင်းသွားပါတယ်။ ဘယ်လိုရှာရှာ ဘာအပေါက်မှ မရှိပါပဲ ဘယ်လို ပျောက်သွားမှန်းမသိပါဘူး။
သမီးလေးကို မြွေတွေစောင့်ရှောက်တယ်ဆိုတာ သိပေမယ့်လည်း မိခင်တစ်ယောက် အနေနဲ့ ဘယ်လိုမှ စိတ်မချနိုင်ပါဘူး။ သမီးလေးကို မယ်စန္ဒီလို့ ပေးထားတဲ့နာမည်အ တိုင်း ပဲပေးဖို့ လည်းအိပ်မက်ထဲမှာ မိန်းမတစ်ယောက်က လာလာပြောနေပါတယ်။
မယ်စန္ဒီလေး တစ်နှစ်ခွဲလောက်အရွယ်မှာလည်း ထူးဆန်းတာ တစ်ခုဖြစ်သွားပါသေး တယ်။ ဒေါ်ထိပ်ထားခင်တို့ အိမ်က ခြေတံရှည် တိုက်ခံအိမ်ပုံစံမျိုးပါ။ အိမ်ပေါ်ကို တက် ဖို့ လှေကား ရှိပေမယ့်သမီးလေး တောက်တောက်ပြေးတဲ့ အရွယ်မိုလို့ အဲဒီလှေကား ကို တံခါးလေးတပ်ထားလိုက်ပါတယ်။
အဲဒီလှေကားကဖြတ်ရင် ဧည့်ခန်းထဲကိုတန်းရောက်ပါတယ်။ လှေကားနားမှာ ဒေါ်ဘုတ် ဆုံက ဆန်ပြာနေပါတယ်။ ဆက်တီပေါ်မှာတော့ ထိပ်ထားက ထိုင်နေပါတယ်။ သမီး လေးက အန်တီဘုတ်ဘေးမှာ မတ်တပ်စမ်းနေရာကနေ တံခါးကိုမှီပြီး ခန္ဓာကိုယ်လေး ကို လှုပ်နေပါတယ်။
သမီးလေးက ဖြေးဖြေးချင်းနဲ့ တံခါးကိုနှဲ့ နေသလိုဖြစ်ပြီး တံခါးဂျက် ကပွင့်ထွက်သွား ပြီး အိမ်အောက်ကို ပြုတ်ကျသွားပါတော့တယ်။
“အမလေး ကယ်ကြပါဦး..ငါ့သမီးလေးသေပါပြီ”
ထိပ်ထားတစ်ယောက် အော်လိုက်သလို ဒေါ်ဘုတ်ဆုံကလည်းဆန်ဗန်းကိုပြစ်ပြီး အော် လိုက်ပါတယ်။ အောက်ကတမံတလင်းမို့ သမီးလေးတော့သွားပြီဆိုပြီး ထိပ်ထားမကြည့် ရဲ ကြည့်ရဲနဲ့ ကြည့်လိုက်မှ ပိုဆိုးသွားပါတော့တယ်။
မြင်ကွင်းကိုမြင်လိုက်တော့မှ ထိပ်ထားမေ့လဲကျသွားပါတော့တယ်။ လှေကားကနေ အောက်ကို မကြည့်ရဲ ကြည့်ရဲနဲ့ ကြည့်လိုက်တော့ သမီးလေးက ဘာ မှမဖြစ်ပဲ အမေကို ရယ်ပြနေပါတယ်။ သူဘာမှ မဖြစ်လို့ တော်ပါသေးရဲ့လို့ ထင်လိုက်ပေမယ့် ဆက်ကြည့် လိုက်တော့မှ သမီးလေးအောက်တည့်တည့်မှာ စပါးကျီးမြွေကြီးက အခွေလိုက်။
မွေ့ယာတစ်ခုလို ခံထားတော့ သမီးလေး ဘာမှမဖြစ်ခဲ့…ဒါပေမယ့်ထိပ်ထားမေ့သွားတာ လေးဆယ့်ငါးမိနစ်လောက်နှာနှပ်ယူလိုက်ရပါတယ်။ ဒေါ်ဘုတ်ဆုံတစ်ယောက်လည်း ဒီ မြင်ကွင်းကို ကြောင်ကြည့်နေပြီးမှ သတိဝင်လာလိုက်ပြီးကလေးကိုပြေးချီလိုက်တော့ မြွေကြီးက လူတွေကြားထဲကနေပဲ ခြံပြင်ကို တရွေ့ရွေ့ထွက်ခွာသွားပါတော့တယ်။
နောက်ဆုံးတော့ ဒီနယ်မြေမှာ နေရင် ဒီလိုပဲ မြွေတွေနဲ့ တိုးနေဦးမယ်လို့ လင်မယား နှစ်ယောက်တိုင်ပင်ပြီး ရန်ကုန်ကိုပြန်လည်ပြောင်းရွေ့လိုက်ပါတော့တယ်…။
To be continued
နောက်တစ်ပတ်သောကြာနေ့တွင် ဒုတိယပိုင်း တင်ပါမည်။
https://www.facebook.com/Scary-Myanmar-Chilli-336517150312232/
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။