သင်္ကြန်ဝိဉာဉ်
lotaya.mpt.com.mm
|
2020-04-03

သင်္ကြန်ဝိဉာဉ်

စာရေးသူ : Scary Myanmar-Chilli

“ဟဲ့ မိစူး…နင့်မလဲနော် ငါတို့မြို့ကို အလည်ရောက်တာ အီးပုံးမှန်ထားသလိုရုပ်နဲ့။ မပျော်ဘူးလား”

“ဟာ..ကိုကြီးကလည်း ..ကိုကြီးပဲ စဉ်းစားကြည့်လေ..။ သင်္ကြန်ပါဆိုမှ ရန်ကုန်ကမှ ပိုပျော်ဖို့ ကောင်းတာကို အမေက သူခရီးသွားစရာရှိတာနဲ့ပဲ ဒီကိုပို့လိုက်တာ ညီမလေး က သူငယ်ချင်းမှ မရှိတာဒီမှာက။ ရန်ကုန်မှာက သူငယ်ချင်းတွေနဲ့ ချိန်းပြီးသား အခု အကုန်ပျက်ကုန်ပြီ”

ဟုတ်ပါတယ်..။ တစ်ဦးတည်းသော သမီးလေး မိစူးတစ်ယောက် သူ့ အမေနဲ့ အဖေ အရေးပေါ်ခရီးထွက်စရာရှိနေတာရယ်..သူ့ကိုလဲ ခေါ်လို့မရတဲ့ကိစ္စကြောင့် အမေဖြစ် သူက သူ့အစ်မဖြစ်သူနဲ့ သမီးလေးကို စိတ်ချတယ်ဆိုပြီး ဒီနယ်မြို့လေးမှာ ခဏလာ အပ်ထားခဲ့တာပါ။

မိစူးအန်တီကြီးဒေါ်ဘေဘီမှာ သားသမီးနှစ်ယောက်ရှိပြီး မမကြီးရဲရဲက အကြီးဆုံးဖြစ် ပြီးကိုကြီး ကိုနေက အငယ်ဖြစ်ပါတယ်။ တစ်ဝမ်းကွဲမောင်နှမတွေဆိုပေမယ့်လည်း မိစူး တို့ မောင်နှမတွေက တအားချစ်ကြပါတယ်။ အန်တီကြီး ဘေဘီက သင်္ကြန်မှာ သူတို့ နယ်မြို့လေးမှာပဲ တရားစခန်းဝင်မှာမို့ အိမ်မှာ ဦးလေးရယ် အစ်မ၊ အစ်ကိုနဲ့ စူးစူးတို့ သုံးယောက်ပဲ သင်္ကြန်ရက်တွေကို ဖြတ်သန်းရမှာပါ။

အန်တီကြီးတို့က ငွေကြေးပြည့်စုံသူတွေမို့ ကိုကြီးတို့ အိုးမကွာ အိမ်မကွာဆော့နိုင် ဖို့ အိမ်ရှေ့ဝရံတာနဲ့ ဘေးချင်းကပ်လျှက်မှာ မဏ္ဍပ်အသေးဆောက်ခွင့်ရ အောင်လျှောက် ထားပေးပါတယ်။

သင်္ကြန်ရောက်ဖို့ကလဲ လေးရက်လောက်သာလိုတော့တာပါ။ မဏ္ဍပ်ပုံစံက အိမ်ရဲ့ ဘေးမှာ ကပ်ဆောက်ထားတယ်ဆိုပေမယ့် အိမ်ရှေ့ ဝရံတာနဲ့ တွဲထားတဲ့အတွက် အိမ်ထဲကနေ ဝရံတာကိုထွက်ပြီး မဏ္ဍပ်ထဲ ဝင်လို့ ထွက်လု့ိရ အောင်ဆောက် ထားတာပါ။

သင်္ကြန်နားနီးလာတော့လဲ မဏ္ဍပ်တွေ ဆောက်ကြဘာညာနဲ့ ဆိုတော့ စူးစူးစိတ်လေး နည်းနည်းကြည်လင်စပြုလာပါတယ်။ ကိုကြီးရဲ့ သူငယ်ချင်းတွေကလည်း စူးစူးနဲ့ တောင် အခုဆိုရင် ခင်မင်နေကြတဲ့အထိပါပဲ။

“နေကြီးရေ..နေကြီး..ဟေ့ကောင်မထသေးဘူးလား..မကြီးရဲရဲကော ရှိလား ညီမလေး”

သင်္ကြန်အကြိုနေ့မရောက်ခင် တစ်ရက်အလိုမှာတော့ ကိုကြီးသူငယ်ချင်း ကိုကျော် ဇောကလာ မေးပါတယ်။ ကိုကြီးက အိပ်ယာထဲက ပြူးပြဲ ထပြီး သူ့သူငယ် ချင်းကို စူးစူး ထိုင်နေတဲ့ ဝရံတာနားမှာပဲ ဧည့်ခံ စကားပြောပါတယ်။

“အေး မနက်ဖြန်သင်္ကြန်အကြိုနေ့ ကတည်းက စကဲမှာနော်..ဒီမှာ မင်းယူထားလိုက် ငါ စီဒီခွေတွေ လာပို့တာ..။ ပြီးတော့မင်းဖိနပ်ရော ဝယ်ထားသေးလား”

“ရေတွေ စိုရင် နှမျောတာကွာ.. အဟောင်းပဲ စီးလိုက်ကြမယ်။ မင်းကကော”

“ငါ့ဦးလေးက မနက်ဖြန်မနက်ကားနဲ့ ရန်ကုန်က နေပြန်လာမှာကွ..ငါ့အတွက် ဖိနပ်ပါ လာတယ်လို့ ဖုန်းဆက်ထားတယ်။ ဒီတော့ ငါက ဝေါ့ကင်းရှူး အသစ်လေးနဲ့ သင်္ကြန် အကျနေ့မှ ရှိုးထုတ်တာပေါ့”

စူးစူး ထိုင်နားထောင်ရင်းရီချင်လာပါတယ်။ ကိုကြီးတို့ တွေ ရှိုးထုတ်ပြီး ဘယ်အပျိုကို ဘယ်လိုငမ်းကြောထမယ်တွေ ဆက်ပြောနေတာကို နားထောင်ပြီး ရီနေလိုက်ပါတယ်။

စူးစူးကိုလည်း “အံမယ် ညီးက အခုမှ ကြီးကောင်ဝင်ပြီး ပိုချောလာသလိုပဲ.. ငါက ညီမလေးတွေဆို ရေသိပ်ပက်ချင်တာ..ညီးကို အစောဆုံး လာပက်မယ်ဟေ့” ဆိုပြီး ပြောလိုက်တော့ ကိုကြီးက သူ့သူငယ်ချင်းကို “ငါ့ညီမတော့ မရဘူး မင်းလက်သီးပဲ ရ မယ်” ဆိုပြီး ပြောလိုက်တော့ စတာပါကွာ အတည်ပြောတာဆိုပြီး ရယ်ရယ်မောမော ပြောပြောဆိုဆိုနဲ့ ထွက်သွားပါတော့တယ်။

ညနေပိုင်းကြတော့ တစ်ခါ ပြန်ရောက်လာပြီး မဏ္ဍပ်ထဲမှာ ဘောက်စ်တွေနေရာချကြ၊ မမကြီးချက်ပေးတဲ့ ထမင်းတွေ စားကြနဲ့ ကိုကြီးတို့ တွေ အလုပ်ရှုပ်နေပါတယ်။ ပြီး တော့ ညဉ့်အတော်နက်တဲ့အထိ သူငယ်ချင်းတွေ ဂီတာတီးလိုက် သီချင်းဆိုလိုက်လုပ် ပြီး ပြန်သွားကြပါတယ်။

ညဉ့်နက်မှ အိပ်တာကြောင့် မနက်စောစောမနိုးပေမယ့် ဆူညံလွန်းလှတဲ့အသံကြောင့် စူးစူးတစ်ယောက်လန့်နိုးလာလို့ နာရီကြည့်လိုက်တော့ မနက်ခင်းဆယ်နာရီခွဲလောက် တောင်ရှိနေပါပြီ..။

“နေကြီး..နေကြီး ..ဟေ့ကောင် တံခါးဖွင့်ပါဦး..ဒီမှာ ကျော်ဇောရေနစ်လို့..ကျော်ဇော ရေ နစ်လို့”

“ဘာဘယ်လို..ဘယ်လို ..ဘယ်သူရေနစ်တာ”

“အော်ဒီလောက်ပြောနေတာ မကြားဘူးလား.. မင်းနားကန်းနေလား..အမြန်လာ.. သွားကြရအောင်”

ကိုကြီးတို့ အော်ပြီးပြေးသွားသံကြောင့် မမကြီးနဲ့ စူးစူးလည်း ချက်ချင်းဆိုသလို ကမ်းနားကိုလိုက်ကြည့်လိုက်ပါတယ်။ ကိုကြီးတို့ဟာ ရေကူးကျွမ်းကျင်သူတွေမို့ ငုပ်ပြီး ရှာကြပါတယ်။ ကိုကျော်ဇောက ပိုက်ဆံရှိအသိုင်းအဝိုင်းကလည်းဖြစ်ပြန် မြို့မှာလည်း ရုပ်ချောလို့ နာမည်ကြီးသလို တစ်ဦးတည်းသောသားလေးလည်းဖြစ်တာမို့ မိဘ ဆွေ မျိုးတွေဆိုတာလည်း ကမ်းလုံးညွှတ်မျှဖြစ်နေပါတယ်။

နောက်ဆုံးမှာတော့ မြန်မာနည်းမြန်မာ့ဟန်နဲ့ ခေါင်းအုံးမျှောတာ ရေစာကျွေးတာတွေ လုပ်ပြီးတဲ့အချိန်မှာတော့ သူ့အလောင်းပြန်ပေါ်လာခဲ့ပါတယ်။ ပြန်ပေါ်လာတဲ့အ လောင်း ဟာလည်း ဆောင်းထားတဲ့ ဦးထုပ်တောင် မကျွတ်ပါဘူး။

သူက သင်္ကြန်အကြိုနေ့မို့ အိမ်က အစောကြီးနိုးနေပြီး တခြားသူငယ်ချင်းနှစ်ယောက် နဲ့ အတူ စူးစူးတို့ အိမ်ကို ထွက်လာတာပါ။ အိမ်ကလူတွေ မနိုးသေးလို့ ကမ်းနားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်းနဲ့ ကမ်းနားမှာ သွားထိုင်နေရာက နေ ခြေထောက်ဆေးလိုက်ဦးမယ်ဆိုပြီး ရေထဲ ဆင်းရင်းချက်ချင်းနစ်သလိုဖြစ်သွားတယ် လို့ ကိုကြီးရဲ့ တခြားသူငယ်ချင်းတွေက ပြောပါတယ်။ ပထမတော့ နောက်တယ်ထင်ပြီး ကြည့်နေရာက နေ မပေါ်လာတော့မှ ချက်ချင်းသူတို့ကိုယ်တိုင်လည်းဆင်း.. ဘေးကို လည်းအော်ဟစ်အကူညီတောင်းကြတာလို့လည်း ပြောကြငိုကြဖြစ်နေပါတယ်။

စူးစူးတို့ သင်္ကြန်မဏ္ဍပ်လေးဟာလည်း ဖွင့်တောင်မ ဖွင့်ရသေးခင် ခြောက်ကပ် သွားပါ တယ်။ ကိုကြီးတို့ကလည်း သူ့သူငယ်ချင်းအလောင်းကို မပုပ်စေဖို့ ရေခဲ တုံးတွေ အော်ဒါမှာတာ ဘာညာ ကူညီလုပ်ကိုင်စရာရှိတာတွေလုပ်ပါတယ်။ ပြီးတော့ အသုဘ အိမ်မှာ နေပြီး ကူစရာရှိတာတွေ ကူနေတာမို့ ညနေစောင်းလောက်မှ ပြန်ရောက်လာ ပါတယ်။

အကြိုနေ့မို့ မဏ္ဍပ်မှာ လူမရှိပေမယ့် မနက်ဖြန်ဆိုရင်တော့ မဏ္ဍပ်မှာလာဆော့မယ့် ကလေးတွေ ရှိလာမှာပါ။ ဒါကြောင့်ရေတွေ မောင်းတာဖြည့်တာလုပ်နေတုန်း စူးစူး တို့ မောင်နှမ သုံး ယောက် အသံတစ်ခုကြားလိုက်ပါတယ်။

အဲဒါက မဏ္ဍပ်ထဲကနေကြားရတာပါ..။ “ဒေါက်ဒေါက်ဒေါက်” ၊“ရှပ် ရှပ် ရှပ်” ဆိုတဲ့ အသံကြားတာ နဲ့ မောင်နှမသုံးယောက်လုံး နည်းနည်းမှောင်ရိပ်သန်းနေတဲ့ မဏ္ဍပ် ထဲကို လှမ်းကြည့်လိုက်တော့…

ဦးထုပ်အဝိုင်းကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူတစ်ယောက် မဏ္ဍပ်ထဲမှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေပါတယ်။ ပုံစံကလည်း ကိုကျော်ဇောနဲ့ တော်တော်တူတာ မို့ စူးစူးက ယောင်ပြီး “ကိုကြီးကျော်ဇော” ဆိုလန့်ပြီး အသံထွက်သွားပါတယ်။

အဲဒီလိုလည်း ခေါ်လိုက်မိရော ခုဏက လမ်းလျှောက်နေတဲ့လူဟာ တန့်ကနဲ ရပ်လိုက် ပြီး ချက်ချင်းဆိုသလို စူးစူးတို့ မောင်နှမသုံးယောက် ဖက်ကိုလှည့်ကြည့်လိုက်ပါတယ်။ ရေတွေ တကိုယ်လုံးစိုရွှဲနေတဲ့သူ့ကို ထင်ထင်ရှားရှားမြင်ရပါတယ်။

ကိုကျော်ဇောမှ ကိုကျော်ဇောအစစ်ပါပဲ…သူက လက်တစ်ဖက်ကိုမြှောက်လိုက် ပြုံးပြ လိုက်ပြီး စူးစူးတို့ ဝရံတာဖက်ကနေတဆင့် အိမ်ထဲကို ခါတိုင်းလို ဝင်ဖို့ လှမ်းလာ လိုက်တဲ့အခါမှာတော့ မောင်နှမသုံးယောက်လုံးလန့်ဖြန့်သွားပါတယ်။ ဝရံတာလေး ကိုကျော်လိုက်ပြီးရင် သူက အိမ်ထဲကို ရောက်လာမှာပါ.. ဒါပေမယ့် စူးစူးတို့ လန့် ပြီး အိမ်တံခါးအပေါက်ကို ပြေးဝင်ပြီးပြန်လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ သူ့ကို မတွေ့ ရတော့ပါဘူး။

အချိန်ကလည်း ညရှစ်နာရီလောက်ပဲ ရှိဦးမယ့် အချိန် ဝရံတာ တံခါးကိုပါပိတ်ပြီး မောင် နှမသုံးယောက် ဘုရားခန်းထဲမှာ ခြင်ထောင်တစ်လုံးထောင်ပြီး လှဲနေရင်းနားထောင် နေ ကြပါတယ်။

ဒီအချိန်မှာပဲ လမ်းမဖက်တန်းကနေ စူးစူးတို့မဏ္ဍပ်ဖက်ကိုလှမ်းပြီးတော့ လူတစ် ယောက်က အော်ပြောလိုက်ပါတယ်။ “ကျော်ဇော သားသား လေးလေးရောက်ပြီလေ။ နောက်ကလိုက်ခဲ့ မင်းမှာလိုက်တဲ့ ဖိနပ်ပါတယ်ကွ” ဆိုပြီး အော်ပြောသံကြားလိုက် ရပါတယ်။

ဟိုအရင်ချိန်တွေက ဖုန်းတွေ မပေါတဲ့ခေတ်မို့ ကျော်ဇောရဲ့ ဦးလေးငယ်က ကျော်ဇော ရေနစ်သေဆုံးတာကို မသိလိုက်ပါဘူး။ ရန်ကုန်ကိုလှမ်းဖုန်းဆက်တဲ့အချိန်မှာ ဦးလေး ငယ်က အဝေးပြေးကားပေါ်ရောက်နေပါပြီ။ ဒါကြောင့်လဲ သူ့တူလေးသေဆုံးတာ မသိ သေးပဲ မဏ္ဍပ်ထဲမှာ လမ်းလျှောက်နေတာ တွေ့လို့ ဖိနပ်ထုပ်လေးကိုမြှောက်ပြရင်း ဆိုင် ကယ်ကယ်ရီပေါ်ကနေ သူ့တူကို အိမ်လိုက်လာခဲ့ဖို့ အော်ခေါ်သွားတာဖြစ်ပါ တယ်။ နောက်ပိုင်းမှ ပြန်ပြောပြတာက သူ့ကို သူ့တူက သွားနှင့်ဆို တဲ့ပုံစံမျိုးနဲ့ လက်ပြန်ပြတယ်လို့ ဆိုပါတယ်။

စူးတို့ မောင်နှမသုံးယောက် အဲဒီနေ့ တစ်ညလုံးလည်း မအိပ်ရပါဘူး…။ ဆူးတို့ အိပ်တဲ့ ခေါင်းရင်းခန်းက နံရံကို အပြင်ကနေ တဘုတ်ဘုတ်နဲ့ ထုလိုက်၊ ဝရံတာကို ကို ခုန်ကျော်တက်လိုက်သလို လုပ်လိုက်နဲ့ လုပ်နေတာမို့ သူ့စိတ်က ဒီမဏ္ဍပ်မှာ ရေကစား မယ်လို့ပဲ စွဲလမ်းသွားလို့ပဲ ဖြစ်လိမ့်မယ်လို့ ထင်လိုက်ပါတယ်။ ဒါပေမယ့် သူစွဲလမ်းသွားတာ တစ်ခုခု များရှိသေးလို့လားပေါ့လေ...။

စူးတို့ မှာ ရေတောင် မကစားချင်လောက်အောင် သူ့ကိုလည်း သနား။ သူတို့အိမ်မှာ သွားကူလိုက်၊ မဏ္ဍပ်ထိုးထားတာမို့ ကလေးတွေ ရေတင်ပေးလိုက်..သီချင်းဖွင့်ပေး လိုက်နဲ့ သင်္ကြန်တွင်းကိုဖြတ်ကျော်ခဲ့ပေမယ့် လူတွေကြားထဲမှာ သူ့ကို ပေါ်ပေါ်ထင် ထင်မြင်လိုက်ကြတာ။ ညဖက်ကြီးလမ်းသွားလမ်းလာတွေက မဏ္ဍပ်ရှေ့မှာ သူတစ် ယောက်တည်း ကနေတာကို တွေ့လိုက်တာ မျိုးတွေဖြစ်ပါတယ်။

ကျော်ဇော ခြောက်လို့တဲ့.. ကျော်ဇောက ဘယ်သူ့ဆိုင်ကယ်နောက်ကို လိုက်သွား ပြန်ပြီဆိုတဲ့ သတင်းစကားတွေကလည်းကြားနေရပါတယ်။ သင်္ကြန်တွင်းသေတာမို့ ဆေးရုံက အလောင်းပြန်ရတာနဲ့ တစ်ရက်ထားပြီး ချက်ချင်း သင်္ဂြ ိုလ် ရပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မရောက်ခင် ရက်လည်ရပါတယ်။ ဒါကြောင့်သင်္ကြန်အတက် နေ့မှာ ရက်လည်လုပ်ပါတယ်။

မနက်ဖြန်ဆိုရက်လည်တော့မယ်..ဒီနေ့လို နေ့မျိုးမှာတော့ အလုပ်အကိုင်ကို ကိုကြီး တို့ သူငယ်ချင်းတွေနဲ့ အတူ မမကြီးကော စူးရော သွားရောက်ကူကြပါတယ်။ ဦးဦးကလည်း အမြဲ အိမ်မကပ်သူမို့ မမကြီးနဲ့ စူးနဲ့ က အိမ်မှာ မနေခဲ့ရဲပါဘူး။အဲဒီအချိန်မှာ ရန်ကုန်ကလာတဲ့ ကျော်ဇောရဲ့ အစ်မက အခန်းထောင့်မှာ အိပ်နေရာကနေ တဟင်း ဟင်းနဲ့ အော်ညီးလာပါတယ်။ ပြီးတော့ရုတ်တရက် ထထိုင်လိုက်ပါတယ်။

“ဟိတ်ကောင်တွေ ငါ့အိမ်မှာ အလှူလုပ်မလို့လားဟုတ်လား..စတုဒိသာလား”

မိန်းကလေးတစ်ယောက်ရဲ့ ပါးစပ်ကနေ ကျယ်လွန်းလှတဲ့ယောကျာ်းလေးတစ်ယောက် အသံ( ကျော်ဇော) ရဲ့ အသံကိုအားလုံးသေသေချာချာကြားလိုက်ရပါတယ်။


“အမလေး သားသားလေး သားကျော်ဇော…သားလေးရဲ့ အီးဟီးဟီး”
“ဟာ အမေ ဘာလို့ ငိုနေတာလဲ..အိမ်မှာလဲ လူတွေ စုံလှချည်လား..ဘာဖြစ်လို့လဲ အမေရဲ့”

“အမလေး ငါ့သား…ဖြစ်ရလေ သားရယ်..မင်းသေသွားပြီလေကွဲ့..မင်းကိုယ်မင်းအခု ထိမသိပဲ လူပျိုလှည့်လို့ ကောင်းနေတုန်းပဲလား ငါ့သားရဲ့”

“ဗျာ အမေ သားသေသွားပြီဟုတ်လား.. ဟာ အိပ်မက်နေသလိုပဲဗျာ..သွားပါပြီ.. သွားပါ ပြီ..အမေရေ သားကြောက်လိုက်တာ ဘယ်လိုလုပ်ရမလဲ..သားကြောက်တယ် .. ဒါဆို အမေတို့ကို သားဘယ်လိုပြောနေတာလဲ”

“မင်းအစ်မကိုယ်ထဲမှာ ဝင်ပူးပြီးပြောနေတာပဲ..အမလေး ငါ့သားလေး..မနက်ဖြန် အာရုံ တက်မှာ သားကိုရည်စူးပြီး မေမေတို့ အလှူလုပ်မှာ သားသာဓုခေါ်ပါနော်..ပြီးတော့ တခြား ဘယ်မှမသွားနဲ့တော့။ ဒီည ခြံဝန်းထဲမှာပဲနေနော်သားလေး။ မင်းသူငယ်ချင်း တွေ အကုန်လာကြမှာနော်..ကောင်းရာမွန်ရာ ဘုံဘဝကိုသွားဖို့ သားသာဓုခေါ်ပါနော်”

ကျော်ဇောတစ်ယောက် အူလှိုက် အသည်းလှိုက်ငိုကြွေးသံနဲ့အတူ သူတို့ အမျိုးတွေ ဝိုင်းငိုလိုက်သံကလည်း ဆူညံနေပါတယ်။ ခဏအကြာမှာတော့ ကျော်ဇောကထွက်သွား ပြီးတော့ အိမ်ဘေးက ကုက္ကိုလ်ပင်ကြီးကို တစ်ညလုံး သူရှိတဲ့ အကြောင်းပြတဲ့အနေနဲ့ တဝုန်းဝုန်းနဲ့လှုပ်ပြနေပါတယ်။

မနက်ပိုင်းမှာ တရားနာအပြီးမှာတော့ အမျှဝေကြတဲ့အခါ ကုက္ကိုလ်ပင်ကြီးတစ်ခုလုံး သွက်သွက်ခါပြီး ပြန်ငြိမ်သွားပါတော့တယ်။ အဲဒီကတည်းကကျော်ဇောရဲ့ ဝိဉာဉ်ကို ပြန်မတွေ့ကြရတော့ဘူးလို့ ကိုကြီးက နောက်ပိုင်းမှာ သတိရတိုင်းပြန်ပြောပြဖြစ်ခဲ့ ပါတယ်။

ကိုကြီးရဲ့ သူငယ်ချင်းကျော်ဇောဆိုတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ စူးစူးခင်မင်မိခဲ့ပါ တယ်။ သူကလူ့လောကထဲက စောစီးစွာထွက်ခွာသွားခဲ့ပါတယ်။ သူဟာ သူ့ကိုယ်သူ သေမှန်းမသိပဲ သင်္ကြန်ရက်တွေမှာ လျှောက်လည် နေခဲ့ပါတယ်..။အားလုံးဒီလိုပဲ သိကြပေမယ့် ကိုကြီးမသိတာတစ်ခုကတော့ ကိုကျော်ဇောက စူးစူးကို ချစ်ခွင့်ပန်ထား ပြီး စူးစူးကလည်း သင်္ကြန်အကြိုနေ့မှာ ချစ်အဖြေပြန်ပေးမယ် ဆိုတဲ့ အကြောင်းကိုပေါ့..။

https://www.facebook.com/Scary-Myanmar-Chilli-336517150312232/ အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..