
"ဂျိန်း "
ကောင်းကင်ဆီမှ မိုးကြိုးပစ်ချသံက တလောကလုံးကိုမြည်ဟီးသွား
သလိုပင်။ အိမ်ပေါ်တွင်ထိုင်နေကြသည့် လူများထဲမှ ကြောက်တတ်သူ
အချို့က ဇက်ကလေးပုသွားကြသည်။ အိမ်အပြင်ဖက်ဆီမှ သည်းကြီး
မည်းကြီးရွာသွန်းနေသည့် မိုးကို မည်သူမျှ အံတုပြီးအပြင်မထွက်ချင်
ကြပေ။ မေသဲတစ်ယောက်သာ မှန်ပြူတင်းပေါက်လေးဘေးတွင်ထိုင်
ရင်း အပြင်သို့ငေးကြည့်နေမိ၏။ မည်မျှပင်ငိုကြွေးထားသည်မသိ။ သူမ
၏မျက်လုံးများကမို့အစ်နေပြီး မျက်နှာပေါ်တွင်ဘာမျှမလိမ်းခြယ်နိုင်ဘဲ
အပူသည်ရုပ်ကထင်ရှားနေလေသည်။ ဒီမိုးတိတ်မှ သမီးလေး၏ အသု
ဘချရမည်။
မိုးထဲလေထဲ မည်သူမှမထွက်ချင်ကြချေ။ မိုးမစဲဘဲ တစ်ညလုံးသည်း
ကြီးမည်းကြီးရွာဖို့သူမဆုတောင်းမိသည်။ ထိုအခါမှ သမီးလေးနှင့်
တစ်ညပိုနေရမည်ဟု ကလေးအတွေးဖြင့်တွေးနေမိ၏။ အပြင်ဖက်သို့
ငေးနေမိသောအကြည့်များကိုပြန်ရုတ်ရင်း အိမ်လယ်ဘုရားစင်ရှေ့၌
စံထားသော သမီးလေးအလောင်းထံသို့ အကြည့်ပြန်ရောက်လာ
သည်။ သူမရင်တစ်ခုလုံးနွမ်းလျှသွားသလို ရင်ထဲအလုံးကြီးကဆို့
တက်လာပြန်သည်။ သမီးလေးသေဆုံးရခြင်းသည် သူမ၏အပြစ်၊
သူမ ဂရုမစိုက်မိ၍ယခုလိုအဖြစ်ဆိုးမျိုးဖြင့်ကြုံရသည်ဆိုကာ ယူကြုံး
မရနိုင်ဘဲဖြစ်နေရသည်။
မေသဲက အသက် ၂၃နှစ်တွင် ကိုဖြိုးဝေတိုးနှင့်အိမ်ထောင်ကျသည်။
အိမ်ထောင်သက် ၅နှစ်တိုင်တိုင်ကလေးမရခဲ့ပေ။ သူမ အသက် ၂၈
ကျော်လာပြီး အသက် ၂၉ ရောက်မှ ကိုယ်ဝန်လွယ်ခဲ့ရသည်။ ကလေး
ရူးရူးခဲ့သည်မှာလည်းကာလကြာခဲ့သဖြင့် သားဦးကိုယ်ဝန်လေးကို
အလွန်ဂရုစိုက်ခဲ့သည်။ ၉လလွယ်၍ဒီဇင်ဘာလရောက်သည့်အခါ
မွေးလာသည်တွင် ဝဝလုံးလုံးဖြူဖြူဖွေးဖွေးလေးနှင့်မိန်းကလေးမို့ အ
ချစ်ပိုခဲ့ပြန်သည်။ ချစ်စရာသမီးလေးကို ချစ်စနိုးနှင့်သူမခေါ်သည့်
အမည်က 'နှင်းခဲလေး ' ဟူ၍ဖြစ်သည်။ သမီးလေးရောက်လာပြီးမှ
သူမတို့အိမ်ထောင်ရေးလည်းပို၍အဆင်ပြေလာသလို စီးပွားလည်း
တိုးတကျလာခဲ့၏။
ထို့ကြောင့်လည်း သမီးလေးကိုဖူးဖူးမှုတ်ထားမိသည်။ မေသဲတို့အိမ်
၏မြောက်ဖက် သုံးအိမ်ကျော်လောက်တွင် တစ်မြို့လုံးရှိရေမြောင်းများ
မှစီးဝင်သည့် ရေမြောင်းအကြီးကြီးရှိ၏။ မိုးကြီးသည့်အချိန်ဆိုလျှင်
ထိုရေမြောင်းကြီးမှာ ရေချောင်းကြီးသဖွယ်ရေစီးသန်လှသည်။ ရပ်
ကွက်လူများ၏အားနည်းချက်ကြောင့် ရေမြောင်းကြီးဘေးတွင်အကာ
အရံမရှိချေ။ အမှိုက်များကလည်းမြင်မကောင်းအောင်ပေါများလှသည်။
ရေစီးသန်ပြီဆိုလျှင် ရေစီးအားနှင့်အမှိုက်များကရွေ့သွားသဖြင့် မိုးရွာ
ပြီးလျှင်တော့ ရေမြောင်းကြီးကသန့်သွားသလိုလိုဖြစ်ပေါ်စေသည်။
ထိုအမှိုက်များမှာ မြို့အပြင်ဖက်တောင်စောင်းတွင်သွားရောက်စုပြုံ
သွားကြသည်။
လွန်ခဲ့သည့် သုံးလေးရက်က မေသဲတို့မြို့၌ ယခုလိုမိုးသည်းကြီး
မည်းကြီးရွာချခဲ့သည်။ တိမ်မည်းကြီးများမလာပါဘဲ၊ အရိပ်အယောင်
မပြဘဲ ရုတ်တရက်ရွာချခဲ့ခြင်းလည်းဖြစ်သည်။ ထိုအချိန်တွင် ၆နှစ်
အရွယ်သို့ရောက်နေသည့် 'နှင်းခဲလေး ' မှာ အိမ်လည်ကာဆော့နေ
သည့်အချိန်။ အိမ်နားတဝိုက်၌လည်းကလေးများဆော့ကစားတတ်ကြ
သဖြင့် စိတ်ချလက်ချလွှတ်ထားမိ၏။ ရပ်ကွက်ကအေးလည်းအေးချမ်း
သည်။ တစ်အိမ်နှင့်တစ်အိမ်လည်းအလွန်မဝေးလှပေမယ့် ပြွတ်သိတ်
နေခြင်းမျိုးမရှိ။ ကိုယ့်ဝင်းကိုယ့်ခြံလေးဖြင့် အေးအေးလူလူနေကြသူ
များသာဖြစ်သဖြင့် မေသဲစိတ်ချမိသည်။
အိမ်နားတဝိုက်တွင် ဆိုင်ကယ် ကားလည်းရှင်း၏။ နှင်းခဲလေးကထို
သို့အမြဲဆော့ကစားရန်သွားနေကြပင်။ အိမ်နီးချင်းကလေးငယ်များ
လေးငါးယောက်နှင့်အတူဆော့သည်။ ဟိုအိမ်ဒီအိမ်စုသွားကြသည်။
ဆော့ကစားပြီးလျှင်လည်း အိမ်သို့ပြန်လာတတ်နေပြီ။ ထိုနေ့ကနှင်းခဲ
လေးအိမ်သို့ရောက်မလာပါ။ မိုးသည်းနေသဖြင့် သူငယ်ချင်းအိမ်တစ်
အိမ်အိမ်တွင် မိုးခိုနေသည်ဟုသာထင်ခဲ့မိသည်။ မိုးစဲ၍လိုက်ရှာသည့်
အခါ နှင်းခဲလေးကိုရှာမတွေ့တော့ချေ။ နောက်ဆုံးအတူဆော့သည့်
ကလေးတစ်ယောက်ပြောသည်က မိုးများသည်းလာသည့်အခါ အိမ်
သို့ပြေးပြန်ကြသည်ဟုသာသိရသည်။
ကျန်ကလေးများအားလုံးသူ့အိမ်သူအသီးသီးပြန်ရောက်သော်လည်း
နှင်းခဲလေးကရောက်မလာပေ။ မေသဲတို့လင်မယားနှစ်ယောက်လည်း
စိတ်အပူကြီးပူပန်နေတော့သည်။ မိဘဆွေမျိုးများ၊ အိမ်နီးချင်းများ၊
ရပ်ကွက်ရုံး အကုန်အကြောင်းကြားကာ တရစပ်လိုက်ရှာကြသည်။
လူတစ်ယောက်၏သတင်းပေးမှုက မေသဲနှလုံးသားများတစစီကြေမွ
သွားတော့သည်။ မြို့ပြင်အမှိုက်ပုံထဲ၌ ကလေးမလေးအလောင်းတွေ့
သည်ဟူ၏။ အကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး အပြေးလိုက်သွားကြ
တော့သည်။ အမှိုက်ပုံကြီးထဲတွင် နှင်းခဲလေးက အသက်မဲ့နေချေပြီ။
ထိုရက်မှစပြီး ခုချိန်ထိ မေသဲတစ်မှေးမှမအိပ်ရသေးချေ။
ယခုဆို ၃ရက်မြောက်နေ့ဖြစ်သည်။ နှင်းခဲလေးအား သဂြိုလ်မည့်နေ့၊
နေ့လည်တစ်နာရီအချိန်၊ မိုးများက သမီးလေးသေဆုံးသည့်နေ့အတိုင်း
သည်းကြီးမည်းကြီးရွာနေသည်။ ထိုမိုးကြောင့်အသုဘချရန် အချိန်
နှောင့်နှေးရခြင်းဖြစ်သည်။ သမီးလေးကို မေသဲမခွဲနိုင်။ သမီးလေး
မရှိဘဲ မနေနိုင်ပေ။ ဖြစ်နိုင်လျှင် သမီးလေးနှင့်အတူ သူမလိုက်သေ
လိုက်ချင်သည့်စိတ်ဆန္ဒကကြီးစိုးနေ၏။ အသုဘချပြီးလျှင် suicide
လုပ်မိမည်လားဟု သူမကိုယ်သူမ ဝေခွဲမရနိုင်ခဲ့။ သမီးလေးနှင့်မခွဲဖို့
သူမတွင် နည်းလမ်းမရှိ။ မကြာခင်မိုးစဲသည့်အခါ မုချခွဲခွာရပေတော့
မည်။
" အားတင်းထားစမ်းပါမေသဲရယ်... ဒါကလူတိုင်းသွားရမယ့်လမ်း
ပဲလေ... ငါလည်းမလွတ်ဘူး...နင်လည်းမလွတ်ဘူး...စောတာနဲ့
နောက်ကျတာပဲရှိတာ "
" သူ့အဘွားလေးရော...မတွေ့ပါလားမေသဲ... အကြောင်းမကြား
ဘူးလား "
" မသိပါဘူးဟာ... ငါနဲ့အဆက်သွယ်မရတာကြာပြီ "
မေသဲကစိတ်မပါသလိုဖြေလိုက်ပြီးမှ ရုတ်တရက်သတိရသွားမိသည်။
ဟုတ်သည်။ သူမ၏အဒေါ်၊ အမေ၏အစ်မ ဒေါ်အုန်းလှ။ မိခင်ဖြစ်သူနှင့်
စကားအချေအတင်များပြီး အဆက်အသွယ်ပြတ်သွားသည်မှာကြာခဲ့
ပြီ။ မေသဲအတွက် နောက်ဆုံးမျှော်လင့်ချက်လည်းဖြစ်နိုင်သည်။ မိ
ခင်ဖြစ်သူထံ ပြေးသွားပြီး လက်ကုတ်ကာအခန်းထဲခေါ်ခဲ့၏။
" ဘာလဲ "
" ကြီးကြီးအုန်း... အခုဘယ်မှာလဲ "
မေသဲ၏မိခင် ဒေါ်သန်းလှက သက်ပြင်းချကာ မကျေမလည်ပြန်ကြည့်
နေသည်။
" အသုဘချခါနီး ဘာတွေလျှောက်မေးနေတာလဲမေသဲ... သူ့သူမလာ
ချင်လို့အဆက်သွယ်မလုပ်တာ...နေပါစေ...ထားထားလိုက် ''
" အမေ... အရေးကြီးလို့ပါ... ကြီးကြီးအုန်းအကြောင်းအမေလည်းသိ
တယ်...သမီးလည်းသိတယ် ''
" ဟဲ့...မေသဲ... တိတ်တိတ်နေစမ်း... လူတွေအထင်လွဲမှာငါမဖြစ်
ချင်ဘူး "
" အမေကပတ်ဝန်းကျင်ကြောင့် ကိုယ့်အစ်မကို ပစ်ထားတာလား ''
" ဒါတွေနောက်မှပြော... မိုးစဲရင် မြေးလေးအသုဘချရမယ်... "
" သမီးကိုကူညီပါအမေ... သမီးနှင်းခဲလေးကိုမခွဲနိုင်ဘူး... ကြီးကြီး
အုန်းဆို ကူညီနိုင်မှာ ''
" ဘာတွေလျှောက်လုပ်မလို့လဲမေသဲရဲ့... ဒါမျိုးတွေမလုပ်စမ်းနဲ့...
စမ်းသပ်လို့ကောင်းတဲ့အရာမဟုတ်ဘူး "
ဒေါ်သန်းလှထိတ်လန့်သွားကာ ငြင်းဆန်ပစ်လိုက်သည်။ ငြင်းမည်
ဆိုပါကလည်းငြင်းလောက်၏။ သူမ၏အစ်မဖြစ်သူ ဒေါ်အုန်းလှက
ရွာမကျ မြို့မကျ ဒေသလေးတွင် အိမ်ကြီးရခိုင်နှစ်ဆောင်ပြိုင်နှင့်နေ
ထိုင်သည့်သူ။ ခင်ပွန်းသည်လည်းဆုံး၊ သားလည်းဆုံးပြီးချိန်၌ သူမ
အသက်က ၃၀ ပင်မပြည့်သေးချိန်။ ပူလောင်မှုများကို မခံစားနိုင်လာ
တော့သဖြင့် တရားစခန်းဝင်ခြင်း၊ တရားထိုင်ခြင်းများကိုပြုလုပ်ခဲ့သေး
သည်။ သို့သော် အကြောင်းကံကထိုဖက်သို့အားမသန်ဘဲ အောက်
လမ်းအတတ်ပညာသို့ရောက်စေရန် ဖန်လာသည့်အခါ မရှောင်လွှဲ
တော့ချေ။ အောက်လမ်းဖက်သို့ လုံးလုံးလျားလျားလိုက်သွားတော့
သည်။
ဒေါ်အုန်းလှအောက်လမ်းပညာ၌ ဆရာတစ်ဆူနှယ်ဖြစ်လာသည့်အခါ
သိကြသည့်အသိမိတ်ဆွေများက ယခင်လိုမဟုတ်ဘဲကြောက်ရွံ့လာ
ကြတော့သည်။ သူမနှင့်စကားပြောလျှင်ပင် ကြောက်၍ပြောနေရသလို
လို၊ ရှိန်လာကြလေ၏။ ထိုကိစ္စကြောင့် ညီအစ်မနှစ်ယောက်မသင့်
မြတ်ကြတော့ချေ။ ဒေါ်သန်းလှက အောက်လမ်းပညာကိုစွန့်လွှတ်စေ
ချင်သည်။ ဒေါ်အုန်းလှက သေတပန်ခံယူသွားမည်ဟုဆိုသည်။ ထို့
ကြောင့်အချင်းများပြီး စကားမခေါ်ကြတော့။ အသွားအလာလည်း
မရှိတော့ပေ။
" နေပါဦးမေသဲရဲ့... နင့်ကြီးတော်ကဘာကူညီနိုင်မယ်ထင်လို့တုန်း"
" အမေမသိဘူး... သမီးတခါတွေ့ဖူးတယ်... ကောင်းကောင်းနဲ့
စကားပြောနေတာ "
" ဘယ်တုန်းကလဲ... ကောင်းကောင်းကလူကောင်ထွက်ပြသလား "
" အဲ့နေ့က ပြူတင်းပေါက်မှန်အပြင်ကနေမြင်ရတာ ကောင်းကောင်း
ကထိုင်ခုံဘေးပေါ်ထိုင်ပြီး ကြီးကြီးအုန်းနဲ့မျက်နှာချင်းဆိုင်စကားပြော
နေတယ်... ကြီးကြီးအုန်းကလည်းပြန်ပြောတယ်... သမီးလည်း
ကောင်းကောင်းကိုတွေ့တော့ဝမ်းသာပြီးပြေးဝင်သွားတာလေ...
အခန်းထဲရောက်တော့ ကောင်းကောင်းမရှိနေဘူး...ကြီးကြီးအုန်း
တစ်ယောက်ထဲရယ်... ကြီးကြီးအုန်းကပြောတယ်...ဒါကိုဘယ်သူ့
မှမပြောပါနဲ့တဲ့ "
" ဘယ်အချိန်ကလဲ... ကောင်းကောင်းဆုံးပြီးစလား "
" မဟုတ်ဘူးအမေ... ကောင်းကောင်းဆုံးတုန်းကသမီးတို့သွားခဲ့
သေးတာပဲ... နောက်တစ်ခေါက်သွားတဲ့အချိန်... သမီးအသက်တောင်
၁၄နှစ်လောက်ပဲရှိဦးမယ် "
" ဟင်...ဒါဆို... ကောင်းကောင်းဆုံးပြီး ၅နှစ်လောက်တောင်ကြာ
နေပြီပဲ "
" သမီးကြီးကြီးအုန်းကိုယုံတယ်... သမီးအကူအညီသွားတောင်းချင်
တယ်အမေ... "
" ဟင်း... ကျန်တာတော့အမေလည်းမသိဘူး...ကြိုးဖုန်းနံပါတ်တစ်ခု
တော့ရှိတယ်... ဆက်ချင်ဆက်ကြည့်လိုက် ''
" ဟုတ်ကဲ့... မိုးလည်းမစဲသေးဘူးဆိုတော့ အရင်ဆက်ကြည့်လိုက်
မယ် ''
မေသဲလည်း မိခင်ဖြစ်သူပေးလာသည့်နံပါတ်ကိုလက်ထဲကျစ်ကျစ်ပါ
အောင်ဆုပ်ကိုင်ပြီး အိပ်ခန်းထဲသို့ဝင်လာခဲ့သည်။ အိပ်ခန်းထောင့်
တွင်ရှိသည့်ကြိုးဖုန်းကိုကောက်ကိုင်ပြီး နံပါတ်ကိုနှိပ်လိုက်သည်။
ပထမတစ်ခါဖုန်းဝင်သည်။ ကိုင်မည့်သူမရှိချေ။ ထပ်မံခေါ်သည်။
ဖုန်းမကိုင်ပေ။ထပ်ခါထပ်ခါခေါ်ဆိုမိသည်။ လေးငါးခါခေါ်ပြီးနောက်
ဖုန်းလာကိုင်တော့သည်။
" ကြီးကြီးအုန်းလား "
တစ်ဖက်မှပြန်မဖြေသေးဘဲခေတ္တတိတ်ဆိတ်နေသေးသည်။
" ဟဲလို...ကြီးကြီးအုန်းလားဟင်... သမီးမေသဲပါ "
" မသေဲ... "
" ဟုတ်ကြီးကြီးအုန်း... သမီးကိုမှတ်မိသေးရဲ့လား "
" မဆက်စဖူးမလို့အံ့သြလို့ပါ... ပြော...သမီး... ဘာကိစ္စ"
" ကြီးကြီးအုန်း... သမီးရဲ့ ကလေး ဆုံးသွားလို့... အဟင့်...ဟီး...
အီး... "
" ဟင်... ကလေးတောင်ရပြီလား "
" ဟုတ်တယ်ကြီးကြီးအုန်းရဲ့... ကလေးက ၆နှစ်တောင်ရှိပေါ့..."
" ဖြစ်မှဖြစ်ရလေမေသဲရယ်... ကြီးကြီးလာခဲ့မယ်လေ... ဘယ်နေ့
သဂြိုလ်မှာလဲ "
" အခုပဲကြီးကြီး... မိုးအရမ်းရွာနေလို့ မသဂြိုလ်ရသေးတာ "
" စောစောမသိဘူးသမီးရယ်... မဟုတ်ရင်ကြီးကြီးအုန်း အမှီလာပါ
တယ်... မနက်ဖြန်လာခဲ့လိုက်မယ်သမီး...အသုဘမမှီပေမယ့်...
ဆွမ်းသွတ်လေးတော့အမှီလာခဲ့ပါ့မယ် "
" ကြီးကြီးအုန်း... သမီးကိုကူပါဦး... သမီးရင်တွေကွဲနေပြီ...
သမီးကလေးလေးနဲ့မခွဲနိုင်ဘူး "
" ကြီးကြီးအုန်းကိုယ်ချင်းစာပါတယ်ကွယ် "
" မဟုတ်ဘူးကြီးကြီးအုန်း... သမီးလေးကို ကြီးအုန်းကယ်နိုင်တယ်
မလား... ကြီးကြီးအုန်းဆီမှာနည်းလမ်းရှိတယ်မလား...သမီးသိတယ်
ကူညီပေးပါကြီးကြီးအုန်းရယ် "
" အော်... ဒါအကူအညီတောင်းချင်လို့ကိုး... နည်းလမ်းကတော့
နေဦး... အင်း... တစ်ခုတော့ရှိတယ်...သမီးအမေကခွင့်ပေးမှာ
မဟုတ်ဘူး "
" အိုး...အမေခွင့်မပေးလည်း သမီးလုပ်ပါ့မယ်... သမီးလေးနဲ့
မခွဲရရင်ဘာမဆိုလုပ်မယ်... နည်းလမ်းပေးပါကြီးကြီးအုန်းရယ် "
" ခက်သားလား...အခုကအသုဘလုပ်နေပြီမလား...လူတွေလည်း
ရောက်နေပြီ... မလွယ်ဘူးထင်တယ် "
" ဘာလုပ်ရမလဲသာပြောကြီးကြီးအုန်း...သမီးလုပ်ပါ့မယ် ''
" ကဲ...လုပ်ချင်လှချည်ရဲ့ဆိုရင်တော့ ပြောမယ်... ကလေးလေးရဲ့
အလောင်းကို ယူထားမှရမယ်... သူ့အလောင်းရှိမှ သူပြန်လာမှာ...
သူများတွေမသိအောင် အလောင်းအရင်ခိုးရမယ်... လုပ်နိုင်လား ''
မေသဲမှာ တွေဝေသွားသည်။ အခန်းတံခါးကိုအသာလေးလှစ်ဟကာ
အပြင်သို့တစ်ချက်ကြည့်လိုက်၏။ အလောင်းဘေးတွင် လူများက
စုထိုင်နေကြသည်။ အလောင်းခိုးဖို့ကမလွယ်ပေ။
" ခိုးရမှာပဲပေါ့... အလောင်းထဲတခြားအစားထိုးထည့်ဖို့လိုတယ်..."
" သမီးရဲ့ကလေးပဲ သူ့အလေးချိန်ကိုခန့်မှန်းနိုင်မှာပေါ့... သူများ
အသိစေနဲ့... အလောင်းကိုရအောင်ခိုးပြီးဖွက်ထားလိုက်... ဒီညပဲ
ကြီးကြီးအုန်းထွက်လာခဲ့မယ်... "
" ဟုတ်... ကြီးကြီးအုန်း... အလောင်းရရင်ဘာလုပ်မှာလဲဟင် "
" သူ့ဝိဉာဉ်ကအလောင်းဆီလာဦးမှာ... အဲ့ဒီအချိန်အလောင်းထဲဝင်
လို့မရတော့ဘူး... ကြီးကြီးအုန်းကသူဝင်နေလို့ရအောင် သူ့ပုံစံတူ
အရုပ်လေးလုပ်ပေးမယ်... အရုပ်လေးထဲနေပါစေပေါ့... သမီးနားမှာ
ပဲရှိနေလိမ့်မယ်... "
" အရုပ်လေးထဲထည့်ထားရင်... သမီးသွားလေရာခေါ်သွားလို့ရ
တာပေါ့နော်... "
" ရတယ်...သမီးနဲ့ဆက်သွယ်ဖို့ သူကြိုးစားလိမ့်မယ်... သမီးလည်း
စိတ်သက်သာရာတော့ရမှာပါ ဒီလောက်အခြေအနေဆိုရင် လုံးဝ
မဆက်သွယ်ရတာနဲ့စာရင် ဖြေသာပါတယ်သမီးရယ် "
" ဟုတ်... သမီးအလောင်းခိုးထားပါ့မယ်... ကြီးကြီးအုန်းသေသေ
ချာချာလာခဲ့ပါနော် "
မေသဲလည်း မျှော်လင့်ချက်လေးသန်းလာသလိုခံစားလိုက်ရချေပြီ။
ယခုကိစ္စကိုမည်သူ့ကိုမှပြော၍မဖြစ်ချေ။ မိခင်ဖြစ်သူကိုသာ လက်
ကုတ်ခေါ်လာပြီးပြောပြလိုက်သည်။ ဒေါ်သန်းလှကတော့ခါးခါးသီးသီး
ငြင်းဆန်နေ၏။ မလုပ်သင့်ကြောင်းဖျောင်းဖျသည်။ သို့သော်မေသဲ
မှာ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့။ ထို့ကြောင့်အလောင်းခိုးရန်
အတူကြံလိုက်ကြလေတော့သည်။ နှင်းခဲလေး အလေးချိန်ခန့်မှန်း
အတိုင်း တွက်ကာ ပိတ်စကြီးဖြန့်ခင်းပြီး ဆန်များလောင်းထည့်လိုက်
သည်။ သုံးပေခွဲခန့်ရှိသည့်ပိတ်စလုံးကြီး၏အလေးချိန်မှာ နှင်းခဲလေး
အလေးချိန်နှင့်မတိမ်းမယိမ်းဖြစ်လာသည်။ မိုးကလည်းအနည်းငယ်
စဲတော့မည်ဟန်ပေါ်နေ၏။
ထို့နောက်မယောင်မလည်ဖြင့် စောင်များတစ်ထည်ပြီးတစ်ထည်
ထုတ်ယူလာကာ ဘုရားစင်ဘေးချထားလိုက်သည်။ တစ်ယောက်အိပ်
အိပ်ရာခင်းဖုံကြီးအားနှစ်ယောက်အတူမလာပြီးထပ်ချသည်။ အခြားသူ
များအား အခန်း၌နေရာမဆန့်၍ဟုညာပြောလိုက်၏။ လူအများက
လည်းထူးထူးထွေထွေမကြည့်ကြချေ။ ၎င်းတို့စိတ်ဝင်စားနေသည့်
စကားဝိုင်းတွင်သာငေးမောနေကြသည်။ ဒေါ်သန်းလှမှာ သူစိတ်ချရ
သည့် ခိုင်းဖော်မိန်းမနှစ်ယောက်သုံးယောက်ကိုခေါ်ကာ အသုဘ
အလောင်းနားပိတ်စဖြင့်ခေတ္တကာရံခိုင်းလိုက်လေသည်။
" မေသဲလေးကသူ့သမီးနဲ့ နှစ်ယောက်ထဲခဏနေချင်လို့ပါတဲ့...
နောက်ဆုံးနှုတ်ဆက်ချင်တာပေါ့အေ... ငါလည်းမနိုင်ဘူး...သူ့ဆန္ဒ
အတိုင်းခွင့်ပြုပေးရမှာပေါ့ "
မကြာပါ။ မေသဲထံမှာငိုရှိုက်သံသဲ့သဲ့ထွက်လာသည်။
" မေမေ့သမီးလေး... အီး...ဟီး...ဟီး... "
အများအထင်တော့ အလောင်းအားဖက်ငိုနေသည်ဟုထင်ကြပေ
မည်။ အမှန်တကယ်က ကလေးအလောင်းအားစောင်ဖြင့်ထုတ်ပိုးပြီး
အိပ်ရာလိပ်ထဲထည့်လိုက်ပြီး စောင်ဖြင့်အုပ်လိုက်သည်။ ကလေးအ
ခေါင်းထဲသို့ ကြိုတင်ပြုလုပ်ထားသည့် ဆန်များအပြည့်ထည့်ထား
သော ပိတ်လိတ်ကြီးကိုအစားထိုးထည့်ပစ်လိုက်ခြင်းပင်။ ထို့နောက်
ထိုပိတ်လိတ်ကြီးပေါ် ပိတ်ဖြူပြန်လွှားပေးထားခဲ့သည်။ မိခင်ဖြစ်သူ
အားမျက်ရိပ်ပြလိုက်ချိန်တွင်မိုးကလည်းစဲသွားခဲ့ပြီ။
" ကဲ...ကဲ... မိုးလည်းစဲပြီ... အလောင်းမြင်နေသမျှ မေသဲလည်း
စိတ်ထိခိုက်နေရတယ်... အဖုံးပိတ်လိုက်ကြတော့... ''
လူအများသည်လည်း သားဆုံးရသည်ကိုစာနာဟန်ရှိ၏။ အလောင်း
ကိုမကြည့်ကြတော့ဘဲ အခေါင်းအဖုံးအားသံဖြင့်ရိုက်ပိတ်လိုက်ကြ
တော့သည်။ ယောကျာ်းသားများက အခေါင်းကြီးအား ' မ ' ယူ
သွားကြပြီ။ အိမ်အပြင်ဖက်၌ အခေါင်းထမ်းသည့်စင်ပေါ်သို့ တင်
လိုက်ပြီး ထမ်းထွက်လိုက်သည်နှင့် အိမ်ရှေ့၌ ရေအိုးကိုခွဲလိုက်ကြ
လေတော့သည်။
" မေသဲက အသုဘချတာမလိုက်တော့ဘူး... ခုနကသူ့သမီးကို
နှုတ်ဆက်ပြီးပြီ... သင်္ချိုင်းမှာမေ့လဲနေမှာစိုးလို့ အိမ်မှာပဲနေခဲ့ခိုင်း
လိုက်တယ် ''
" ကောင်းပါတယ်ဗျာ...မိခင်ဆိုတော့လည်း ခံစားရမှာပေါ့ ''
အသုဘထွက်သွားပြီး အိမ်တွင် လူ လေးငါးယောက်သာ ကျန်
တော့၏။ ကျန်သည့်လူများကို အိပ်ရာလိတ်ကြီး 'မ' ကူခိုင်းပြီး
အခန်းထဲပြန်သွင်းပြန်သည်။
" မေသဲရယ်... နင်အိပ်ရာလိတ်ကြီးကလည်း လေးလိုက်တာဟဲ့ ''
" ရေနဲနဲစိုသွားလို့ပါဟယ်... ထုတ်မလှမ်းကောင်းဘူးဆိုလို့...နောက်
ရက်မှနေပြလိုက်မယ် "
သင်္ချိုင်းသို့လိုက်ပါသွားသည့် ဒေါ်သန်းလှမှာရင်တမမဖြင့် အခြေအနေ
ကိုစောင့်ကြည့်နေရသည်။ သုဘရာဇာတူးထားသည့်မြေကျင်းထဲသို့
အခေါင်းဖွင့်ပြီးအလောင်းကိုသာထည့်မည်လုပ်သဖြင့် အမြန်တားဆီး
လိုက်ရသေးသည်။
" ငါ့မြေးလေးကို ဒီအတိုင်းမမြုပ်ပစ်ချင်လို့ပါဟယ်... အခေါင်းပါ
ထည့်မြုပ်လိုက်ပါ အဟင့်...အီး...ဟီး...ဟီး "
ထိုကဲ့သို့ သားအမိနှစ်ယောက်သား ခိုးကြောင်ခိုးဝှက်ဖြင့် အမြန်လှုပ်
ရှားလိုက်ကြလေသည်။ အဆင်ပြေချောမွေ့စွာပြီးသွားသဖြင့် စိတ်
အေးသွားသော်လည်း ညဖက်ဖဲဝိုင်းမှလူများက မျက်လုံးမျက်ဆန်
ပြူးကုန်ကြပြီး အိမ်ပေါ်မှဆင်းပြေးကြသည်။
နှင်းခဲလေးမှာ ဖဲရိုက်နေကြသူတို့၏ဘေးမှဖြတ်ပြေးပြီး အိပ်ခန်းထဲ
ဝင်သွားသည်ကို လူအချို့တွေ့လိုက်သောကြောင့်ပင်ဖြစ်၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။