
" မေသဲ... နင့်သမီးအခန်းထဲပြေးသွားတယ်ဟ "
နှင်းခဲလေးကိုတွေ့မြင်လိုက်ကြသူများကတစ်ယောက်တစ်ပေါက်ပြော
ဆိုနေကြသည်။ ၎င်းတို့ပြောသည်ကို မေသဲမှာစိတ်မတိုသည့်အပြင်
မျက်လုံးအရောင်များကတလက်လက်ဖြစ်နေသည်။ နှင်းခဲလေးသည်
သူမအနားတွင်ရှိနေသည်ဟူ၍ပိုပြီးမျှော်လင့်မိလာခဲ့သည်။ အဒေါ်
ဖြစ်သူသာအမြန်ရောက်လာပါစေဟုအထပ်ထပ်အခါခါဆုတောင်းနေ
မိတော့၏။
ပတ်ဝန်းကျင်များကြားတီးတိုးပြောလာကြလေပြီ။ ရေမြောင်းထဲကျ
သေဆုံးသွားရသည့်နှင်းခဲလေးမှာ အစွဲမကျွတ်ဘဲ အိမ်၌ရှိနေသည်
ဟုတိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးပြောကြသည်။ အခြားသူများက
လည်းသဂြိုလ်သည့်ညဖြစ်၍အိမ်သို့ပြန်လာခြင်းဖြစ်ကြောင်း၊ ရက်
လည်ညအထိလာနေဦးမည်ဖြစ်ကြောင်းကိုပြောကြပြန်သည်။ မည်သူ
များကမည်သို့ပင်ပြောပြော မေသဲကတော့ ညမအိပ်ဘဲထိုင်စောင့်နေ
ခဲ့သည်။ သမီးလေး၏အရိပ်လေးပင်ဖြစ်စေ တွေ့ချင်လွန်းလှသည်။
" သန်းလှ... ငါ့တူမရော... "
အိမ်ရှေ့မှ ဒေါ်အုန်းလှ၏အသံကိုကြားလိုက်ရသဖြင့် အသုဘ
ရက်လည်ပြုလုပ်ရန်အတွက် အိမ်ရှင်းနေကြသောလူများကြားထဲမှ
မေသဲ ကပျာကယာထထွက်လာခဲ့သည်။
" ကြီးကြီးအုန်း... လာ...လာ "
ဒေါ်အုန်းလှနှင့်အတူ ဒေါ်သန်းလှကလည်းအခန်းထဲသို့လိုက်ဝင်လာ၏။
" ငါ့မှာရင်တထိတ်ထိတ်နဲ့... အနံ့ကထွက်လာတော့မယ်မလား...
ဘာဆက်လုပ်ကြမလဲပြောဦး "
" နင်တို့အိမ်ကလူများလွန်းတယ်... လူခြေတိတ်တဲ့နေရာလေးမရှိ
ဘူးလား ''
" အိမ်နောက်ဖက်မှာဂိုဒေါင်ရှိတယ်ကြီးကြီးအုန်း... ရလား "
" အဲ့ကို သယ်သွားပေးထား "
" မေသဲ... သမီးယောကျာ်းကိုမပြောလို့မဖြစ်ဘူးထင်တယ်...သူ
လည်းအနှေးနဲ့အမြန်သိမှာပဲ... ''
မေသဲမှာတွေဝေသွားပြီးမှ
" ခုတော့ပြောလို့မဖြစ်ဘူးအမေ... သူကတားလိမ့်မယ်... သမီးတို့
ဒီကိစ္စလုပ်ပြီးနောက်မှအေးအေးဆေးဆေးပြောပြလိုက်ပါ့မယ်...စိတ်
မပူနဲ့ "
" ကိုယ့်လူကိုယ်နိုင်ရင်ပြီးတာပါပဲအေ "
ထို့နောက်အိမ်၌လာကူကြသူများကို အခြေအနေကြည့်ကာ တစ်
ယောက်တစ်မျိုးအပြင်သို့ခိုင်းလိုက်ပြီး အခန်းထဲမှ အိပ်ရာလိတ်ကြီး
အား သယ်ထုတ်လာတော့သည်။ သားအမိနှစ်ယောက်သား မနိုင်
တနိုင် သယ်ရင်း အိမ်နောက်ဖေးမှထုတ်ယူလာသည့်အခါ လာရာ
လမ်းတွင် အရည်များက တစ်စက်နှစ်စက်ကျလာလေ၏။
" ဒုက္ခပါပဲ... အရည်ထွက်နေပြီ... ပုပ်လာပြီထင်တယ် "
ဒေါ်သန်းလှစကားကြောင့် မေသဲမှာမျက်စိမျက်နှာပျက်ယွင်းသွား
ခဲ့သည်။ သူမအကြံအစည်များပျက်မည်ကိုတော့ အလွန်စိတ်ပူမိ၏။
" ဒါအရေးမကြီးဘူး..အဓိကကသူ့အလောင်းရှိနေသေးဖို့ပဲ... မြန်
မြန်သယ်ကြ...ငါအရည်တွေလိုက်သုတ်လိုက်မယ် "
ဒေါ်အုန်းလှလည်းရေခွက်တစ်လုံးနှင့်ရေခပ်ကာ အရည်ကျရာနေရာ
များသို့လိုက်ပက်ပြီးအဝတ်စုတ်ဖြင့်လိုက်သုတ်လိုက်သည်။ နှင်းခဲ
လေးအလောင်းလည်း အိမ်အနောက်ဖက်ဂိုဒေါင်ထဲရောက်သွားပြီ၊
ကျလာသည့်အရည်များလည်းရှင်းပြီးပြီဖြစ်၍ ဒေါ်အုန်းလှသည် ပြင်
ဆင်စရာရှိသည်များကိုစတင်ပြင်ဆင်တော့သည်။
ဂိုဒေါင်ထောင့်တစ်နေရာကို သေချာရှင်းလင်းကာ အိပ်ရာလိပ်ပတ်
ထားသည်အားဖယ်ရှားပစ်လိုက်၏။ ထိုအခါ သေဆုံးပြီးသည်မှာ
လေးရက်မြောက်နေ့ပင်ဖြစ်နေပြီဖြစ်သဖြင့် ပုပ်အဲအဲအနံ့က ထောင်း
ကနဲစထွက်လာခဲ့ပြီ။ မကြာပါ၊ အိမ်အပြင်ဖက်မှ ယင်ကောင်များက
တဝီဝီဖြင့်ဂိုဒေါင်ပြူတင်းပေါက်မှတစ်ဆင့်ဝင်ရောက်ပျံသန်းလာကြ
လေသည်။
" တံခါးတွေအလုံပိတ်ပေး...မေသဲ... နောက်ပြီး ငါမခေါ်မချင်းအထဲ
မဝင်လာကြနဲ့... ဂိုဒေါင်နားလည်းဘယ်သူမှမလာစေနဲ့...ကြားလား ''
" ဟုတ်ကဲ့...ကြီးကြီးအုန်း ''
ဒေါ်အုန်းလှနှင့် နှင်းခဲလေးအလောင်းကို ဂိုဒေါင်ထဲထားခဲ့ပြီး သားအမိ
နှစ်ယောက်ပြန်ထွက်လာခဲ့ကြသည်။ အိမ်ထဲသို့ရောက်သောအခါ
မေသဲ၏ခင်ပွန်း ဖြိုးဝေတိုးက နားမလည်စွာရပ်ကြည့်နေသည်အား
တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။
" ကြီးကြီးအုန်းရောက်နေတယ်ဆို... ''
" အော်...ဟုတ်တယ်... ကြီးကြီးအုန်းကလူများလို့စိတ်ရှုပ်တယ်ဆို
လို့ ဂိုဒေါင်မှာခဏနားခိုင်းထားတယ်... ခဏနေလူရှင်းမှ အိမ်ထဲခေါ်
မလို့ ''
" ဟာ...မေသဲရာ... ဂိုဒေါင်မှာဘာလို့ထားရတာလဲ... အခန်းထဲ
နားပါစေလား... ဒီလောက်ရှုပ်ပွနေတဲ့ဂိုဒေါင်ကြီးကို... အစ်ကိုသွား
ခေါ်လိုက်မယ် "
ဖြိုးဝေတိုးစကားကြောင့် ဒေါ်သန်းလှမှာထိတ်ကနဲလန့်သွားသည်။
မေသဲမှာတော့ အမူအရာချက်ချင်းထိန်းလိုက်နိုင်ခဲ့၏။
" ကြီးကြီးအုန်းကသူနေချင်တယ်ဆိုလို့ပါအစ်ကိုရဲ့... စိတ်ချ...
စိတ်ချ...ခဏနေသွားခေါ်မှာ... သူ့သူအေးအေးဆေးဆေးခဏနား
ပါစေ... မေသဲကိုလည်းပြောတယ်... စိတ်အေးလက်အေးခဏနေချင်
လို့တဲ့ "
" အင်းလေ... ကြီးကြီးအုန်းနေချင်တယ်ဆိုလည်းပြီးရော... ဒါပေ
မယ့် ခဏနေတော့သေချာသွားခေါ်လိုက်... ကိုယ့်အဒေါ်ကို...
မကောင်းဘူး...နော်...မေသဲ "
" ဟုတ်..အစ်ကို "
ဖြိုးဝေတိုးလည်းထပ်မံမပြောတော့သဖြင့် မေသဲခုမှသက်ပြင်းချနိုင်
တော့သည်။ ဂိုဒေါင်ထဲ၌ ဒေါ်အုန်းလှသည် ဂုံနီအိတ်များကိုခင်းလိုက်
သည်။ ထို့နောက် ဂုံနီအိတ်ပေါ်သို့ နှင်းခဲလေးအလောင်းအားရွေ့ယူ
လာခဲ့၏။ အသင့်ပါလာသောခရီးဆောင်အိတ်ထဲမှ ပိတ်စဖြင့်ချုပ်လုပ်
ပြီးသားအရုပ်တစ်ရုပ်ကိုအပြင်သို့ထုတ်လိုက်သည်။ ထိုအရုပ်သည်
အပြီးအသပ်ရသေးသော်လည်း ချစ်မွှေးချစ်တောင်မရှိ။ ဗိုက်ဟောင်း
လောင်းပွင့်နေသည်။ လက်ချုပ်အပ်ဖြင့်ဟိုမှသည်သို့ထိုးချုပ်ထားသ
ဖြင့် မသေမသပ်ဖြစ်ကာ အနားသတ်များကဖွာသည့်နေရာကဖွာနေ
သည်။
ခရီးဆောင်အိတ်ထဲမှဖယောင်းတိုင်အနီကြီးကိုထပ်မံထုတ်ယူလာပြီး
နှင်းခဲလေးအလောင်းခေါင်းနဘေး၌ထွန်းညှိလိုက်သည်။ ထို့နောက်
နှုတ်မှလည်းဂါထာများတတွတ်တွတ်ရေရွတ်နေ၏။ ဂါထာအဆုံးတွင်
" ညည်းကိုငါတို့ပြန်ခေါ်မယ်... ညည်းခန္ဓာနားမှာပဲနေ... "
ဟူ၍ပြောနေသည်။ အလောင်းဘေးပတ်ပတ်လည်သို့ ဆေးမှုန့်အချို့
ကိုဖြူးသည်။ ထိုဆေးမှုန့်မှာ သချိုၤင်းမြေမှ လူသေအရိုးများဖြင့်စီရင်
ထားသောအမှုန့်လည်းဖြစ်၏။ ခရီးဆောင်အိတ်ထဲမှသိုးမွေးချည်လုံး
ကိုထပ်မံထုတ်လိုက်ပြန်သည်။ ထို့နောက်ကတ်ကြေးဖြင့်နှင်းခဲလေး
ဆံပင်အချို့ကိုအရင်းမှညှပ်ဖြတ်လိုက်သည်။ ထိုဆံပင်များအနည်းငယ်
ယူလိုက် သိုးမွှေးချည်ထဲထည့်ကျစ်လိုက်လုပ်နေ၏။ ကျစ်ဆံမြီးလေးများ ဆယ့်ငါးပင်ခန့်ရလာသောအခါ ပိတ်စဖြင့်ချုပ်ထားသည့်အရုပ်
ခေါင်းပေါ်သို့ထည့်ချုပ်လိုက်သည်။ အရုပ်လေးမှာမိန်းကလေးပုံစံပေါ်
လာချေပြီ။
နှင်းခဲလေး၏လက်သည်းခြေသည်းများကိုရသလောက်ညှပ်ယူလိုက်
ပြန်၏။ လက်သည်းစ၊ ခြေသည်းစများအား အရုပ်၏လက်များခြေများ
ထိတ်တွင်ထည့်ချုပ်လိုက်သည်။ အားလုံးပြီးဆုံးသည်နှင့်ဝိဉာဉ်ခေါ်
ရန်စတင်တော့သည်။ နှုတ်မှကြောက်မက်ဖွယ်အသံဖြင့်ဂါထာများကို
အသံထွက်ရွတ်ဆိုနေသည်။ အလုံပိတ်ထားသည့်ဂိုဒေါင်မှာ ရုတ်တ
ရက်လေကြမ်းကြမ်းများတိုက်ခတ်လာသကဲ့သို့ဖြစ်ပေါ်လာပြီး ဖ
ယောင်းတိုင်မီးပင် ဟိုမှသည်လူးလွန့်နေတော့သည်။
" ယခု ရုပ်အလောင်းရှင်နှင်းခဲလေး... အသင့်ကိုလူ့ဘဝမှာနေထိုင်
နိုင်ဖို့ အကျွန်ုပ်ဖိတ်ကြားတယ်... ပြင်ဆင်ထားတဲ့ဒီခန္ဓာအသစ်မှာ
နေထိုင်နိုင်ပါတယ်... ခန္ဓာအသစ်ကိုလဲလှယ်ပေးလိုက်ပါပြီ...အသင်
နေလိုကနေလို့ရပါပြီ "
ထိုအခါ အလောင်းဘေးမှဖြူဖြူအရိပ်ကြီးတစ်ခုလျှင်မြန်စွာရွေ့လျား
လာပြီး ဗိုက်ဟောင်းလောင်းပွင့်နေသည့် အရုပ်ထဲတိုးဝင်ပျောက်
ကွယ်သွားလေသည်။ ထို့နောက်ဒေါ်အုန်းလှလည်း လက်ချုပ်အပ်ဖြင့်
ပွင့်နေသည့်အရုပ်မဗိုက်ကိုအပြီးသတ်ချုပ်လိုက်လေတော့၏။ အရုပ်
ချုပ်ပြီး၍နောက်ဆုံးလက်ကျန် အပ်ချည်ကြိုးအားဖြတ်လိုက်ပြီးချိန်
တွင် အလောင်းခေါင်းနဘေး၌ထွန်းညှိထားသောဖယောင်းတိုင်အနီ
ကြီးမှာ ရုတ်တရက်ငြိမ်းသတ်သွားခဲ့လေသည်။ ထိုအချင်းအရာ
ကြောင့် ဒေါ်အုန်းလှစိတ်ထဲ ဘဝင်မကျဖြစ်သွားခဲ့သည်။ ယခုကဲ့သို့
သူမ မငြိမ်းဘဲ ဖယောင်းတိုင်မီးငြိမ်းသွားခြင်းကို မနှစ်မြိုပေ။
သို့သော်သူမပညာကိုသူမယုံကြည်သည်။ သူမအသက်သွင်းပေး
ခဲ့သောအရုပ်တစ်ရုပ်ကိုတော့ပြန်ကြောက်နေစရာမလိုအပ်ချေ။
ထိုကိစ္စအားမေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ပြန့်ကျဲနေသောပစ္စည်း
များကိုသာသိမ်းဆည်းနေလိုက်သည်။ အရေးကြီးသည်မှာ အနံ့
အတော်ပင်ထွက်လာနေသည့်အလောင်းအား ရှင်းရန်ပင်ဖြစ်သည်။
အလောင်းကို ဂုံနီအိတ်ထဲမနိုင်တနိုင်ထည့်လိုက်သည်။ ထိုစဉ် သူမ
မျက်ဝန်းထောင့်၌ တစုံတခုလှစ်ကနဲပြေးသွားသည်ကိုလှမ်းမြင်လိုက်
၏။ အမြန်လှည့်ကြည့်သော်မည်သည်မှမတွေ့ပေ။ သို့သော်လည်း
ဘေးတွင်ချထားသည့် အရုပ်မလေးမှာ နေရာ၌မရှိတော့။အလောင်း
တစ်ဝက်ဝင်နေသည့်ဂုံနီအိတ်ကြီးကို လက်မှလွှတ်ချလိုက်ပြီး ဂို
ဒေါင်အနှံ့မျက်လုံးဝေ့ကြည့်လိုက်သည်။
" နှင်းခဲလေး... ကိုယ့်နေရာကိုယ်ပြန်နေစမ်း... ငါ့စိတ်ကိုမဆွနဲ့နော်..
ငါနင့်ကိုပြန်ခေါ်ထားတာမမေ့နဲ့ "
ဒေါ်အုန်းလှ၏ခပ်ကြမ်းကြမ်းစကားသံအဆုံးတွင် ဂိုဒေါင်အမိုးပေါ်မှ
အရုပ်မကြီးပြုတ်ကျလာခဲ့သည်။ ဘုတ်ကနဲ ကျလာသည့်အရုပ်မမှာ
ဒေါ်အုန်းလှနှင့် ဆယ်ပေခန့်လှမ်းနေသည်။ ဒေါ်အုန်းလှလည်း စိတ်
မကြည်စွာဖြင့် အရုပ်ကိုကြည့်ပြီး လျှောက်လှမ်းသွားလိုက်သည်။
ခါးကိုကုန်းလိုက်ပြီး လက်နှစ်ဖက်ဖြင့်အရုပ်ကိုလှမ်းအကောက် အရုပ်
လေးမှာလှုပ်ရှားလာပြီး ဒေါ်အုန်းလှပါးပြင်ကိုလှမ်းကုတ်တော့သည်။
ဒေါ်အုန်းလှ၏ပါးပြင်၌ ပူစပ်ပူလောင်ခံစားလိုက်ရ၏။ ဒေါသထွက်
ထွက်ဖြင့်အရုပ်ကိုတင်းကြပ်စွာဆုပ်ကိုင်ပစ်ပြီး အရုပ်မ၏လက်နေရာ
အားကြည့်လိုက်မိသည်။ လက်သည်းများကပိတ်စအပြင်ဖက်သို့
ဖောက်ထွက်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ်ထိတ်လန့်
သွားတော့သည်။
ယခင်ကလည်းအရုပ်ဖြင့်အသက်သွင်းခဲ့ဖူးသည်။ ထိုစဉ်က အသိ
မိတ်ဆွေ၏အကူအညီတောင်းမှုကြောင့်သွင်းပေးခဲ့သည်။ အားလုံး
အဆင်ပြေခဲ့၏။ ယခု မြေးမလေးတော်စပ်သူ နှင်းခဲလေးမှာတော့
ထိုသို့မဟုတ်။ တစ်ခုခုတော့မှားယွင်းနေပြီဟု ဒေါ်အုန်းလှခံစားလာ
မိလေသည်။ အရုပ်မလေးကို ခရီးဆောင်အိတ်ထဲထည့်ပြီးဇစ်ပိတ်
လိုက်သည်။ ထို့နောက် ထည့်လက်စအလောင်းကို အမြန်ထည့်ပြီး
ကြိုးဖြင့်အထပ်ထပ်တုပ်ချည်ပစ်လိုက်၏။ ခရီးဆောင်အိတ်အား
ကောက်ကိုင်ပြီး ဂိုဒေါင်မှထွက်လာခဲ့လေတော့သည်။ ဂိုဒေါင်ထဲမှ
ထွက်လာသော ဒေါ်အုန်းလှကိုမြင်သည်နှင့် မေသဲမှာ နေမထိထိုင်
မသာဖြစ်လာသည်။
သိချင်စိတ်ကလည်းကြီးစိုးလာသဖြင့် ကပျာကယာဆီးကြိုလိုက်
သည်။ ဒေါ်အုန်းလှနေရန်ပြင်ဆင်ပေးထားသည့်အခန်းထဲခေါ်ဝင်
ပြီးအခန်းတံခါးအားပိတ်လိုက်သည်။
" ဘယ်လိုလဲ...ကြီးကြီးအုန်း... အဆင်ပြေခဲ့လား "
ခရီးဆောင်အိတ်ထဲမှ အရုပ်မကိုထုတ်ပေးရင်း
" ဒါသမီးရဲ့ ကလေးပဲ "
မေသဲမှာ အရုပ်မကိုကြည့်ပြီး အံ့သြစွာနှင့်အတူ မျက်ရည်များဝဲတက်
လာလေသည်။ တုန်ယင်နေသောလက်ဖြင့် လှမ်းယူပြီး အရုပ်အား
ပွေ့ဖက်လိုက်၏။
" သမီး... သမီးလေး... မေမေ့ဆီပြန်လာပြီနော်... ဟီး...အီး...အီး "
" မေသဲ... ကြီးကြီးအုန်းပြောစရာရှိတယ်... ဒီအရုပ်လေးက သမီး
ရဲ့ ကလေးဝိဉာဉ်ကိုထည့်ထားပေမယ့် သမီးနဲ့ ကလေးနဲ့ကဘဝခြား
သွားပြီဆိုတာတော့မမေ့နဲ့... နဂိုအတိုင်းတော့ပြန်မဖြစ်နိုင်ဘူး "
" ဘာဖြစ်လို့လဲကြီးကြီးအုန်းရယ်... နှင်းခဲလေးရဲ့ဝိဉာဉ်ပဲဆို...
နှင်းခဲလေးပဲပေါ့ "
ဒေါ်အုန်းလှမှာ ကလေးကိုလွမ်းဆွတ်သဖြင့် သည်းသည်းလှုပ်နေရှာ
သည့်တူမဖြစ်သူအားကြည့်ရင်း စိတ်အနည်းငယ်ပူပန်မိနေသည်။
မကြာသေးခင်က ဂိုဒေါင်ထဲဖြစ်ပျက်ခဲ့သည်များအတွက်လည်း မတင်
မကျဖြစ်မိ၏။ အရုပ်လေးမှာ ဂလန်ဂဆန်လုပ်ချင်နေသည်ဟု သူမ
ထင်မြင်နေမိသဖြင့် အနည်းငယ်တော့စိုးရိမ်မိနေသည်။ သို့သော်
မေသဲကိုတော့ထုတ်မပြောတော့။
" အလောင်းကို ဂုံနီအိတ်နဲ့ထုပ်ပြီးချည်ခဲ့တယ်... ညမှအိမ်နောက်ဖက်
မှာမြုပ်လိုက် "
" ဟုတ်... ညဆိုလူရှင်းလောက်ပါပြီ... ဒါပေမယ့်ရက်လည်အတွက်
လာကူနေကြတော့ မြုပ်လို့လွယ်ပါ့မလား.. တစ်ယောက်ယောက်
တွေ့သွားမှာစိုးတယ် "
" မမြုပ်လို့မရဘူး... အနံ့ကတော်တော်ထွက်နေပြီ "
" ဟုတ်...ကြီးကြီးအုန်း...သမီးစီစဉ်လိုက်ပါ့မယ်... အခုတော့ သမီး
ရဲ့ကလေးလေးနဲ့ခဏသွားနေလိုက်ဦးမယ်နော် "
မျှော်လင့်ချက်များဖြင့် ပျော်ရွှင်နေသောမေသဲကိုကြည့်ကာခေါင်း
ညိမ့်ပြလိုက်လေသည်။ မေသဲမှာ အရုပ်လေးအားဖက်ပြီး ခပ်သွက်
သွက်ထွက်သွား၏။ ဒေါ်အုန်းလှလည်းပင်ပန်းထားသမျှအနားယူ
မည့်ဟန်ပြင်စဉ်ညီမဖြစ်သူဒေါ်သန်းလှကရောက်လာတော့သည်။
" မကြီး... ဒီအရုပ်လေးကဘယ်လောက်ထိအသက်ရှင်မှာလဲ "
" မိသန်းလှရယ်... အသက်ရှင်တာမှမဟုတ်တာ... ဝိဉာဉ်ထည့်
ထားတာပါဟဲ့... သူနေချင်သလောက်နေလို့ရတယ်... ပိတ်စမဆွေး
မချင်း "
" ဟင်း... ငါတော့စိတ်ထဲတမျိုးပဲ မကြီးရယ်... လူအစစ်မှမဟုတ်တာ
ကလား ''
" ဒါတွေပြောမနေနဲ့...လောလောဆည် မေသဲလည်းစိတ်ချမ်းသာနေ
ပြီ... သူ့ကိုနင်ဖျောင်းဖျလိုက်ပေါ့... စွန့်လွှတ်ချင်တဲ့အခါ ငါ့ကိုပြော...
ဝိဉာဉ်ပြန်ထုတ်ပေးမယ် "
" ဝုန်း "
ဒေါ်အုန်းလှ၏စကားအပြီး မေသဲအခန်းဆီမှ တစုံတခုပြုတ်ကျသံ
ကြီးအားကြားလိုက်ရသဖြင့် ထိတ်လန့်သွားကြလေတော့သည်။
" ဘာဖြစ်တာလဲ "
မေသဲအခန်းဆီသို့ပြေးကြည့်ကြသည့်အခါ အခန်းအပြင်ဖက်တွင်
မေသဲနှင့်ဆုံသွားကြသည်။ မေသဲလက်ထဲမှ ကလေးကစားစရာ
အရုပ်များသယ်ယူလာသဖြင့် အခန်းထဲ၌မေသဲရှိပုံမရချေ။
" သမီးအခန်းထဲရှိနေတယ်ထင်နေတာ... အရုပ်ကအခန်းထဲမှာလား"
မေသဲကခေါင်းညိမ့်ပြသည်။ ဒေါ်အုန်းလှ၊ ဒေါ်သန်းလှနှင့်မေသဲတို့
လည်းအခန်းထဲသို့အမြန်ဝင်ကြည့်လိုက်ကြ၏။ အခန်းထဲ၌မှန်တင်ခုံ
ထိုင်ခုံမှာလှဲကျနေပြီး တခန်းလုံးပွလန်ကျဲနေသည်။ မေသဲ၏အလှ
ပြင်ပစ္စည်းများက ဟိုတစ်စဒီတစ်စ ကျဲကျနေသဖြင့် အံ့သြကုန်ကြ
သည်။ ကုတင်ပေါ်တွင်ကျနေသည့်အရုပ်၏မျက်နှာမှာ နှုတ်ခမ်းနီ
များ မိတ်ကပ်များဖြင့် ပေပွနေလေ၏။ မေသဲတို့လည်းတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ကာ အရုပ်အနီးသို့တိုးကပ်သွားကြသည်။
အရုပ်လေးမှာတော့ ချည်အနက်ဖြင့်ချုပ်ထားသည့်မျက်လုံးပုံလေးက
သူမတို့သုံးယောက်ကိုစိုက်ကြည့်နေသလိုဖြစ်ပေါ်နေလေသည်။
" နှင်းခဲလေး... ငါတို့ထားရာနေ စေရာသွားဖို့ငါပြောထားတယ်နော်...
စကားနားမထောင်ရင်... ဝိဉာဉ်ပြန်ထုတ်ပစ်မယ် "
ဒေါ်အုန်းလှစကားကိုသိသည့်အလား အရုပ်လေးက ဆတ်ကနဲခေါင်း
လှုပ်သွားခဲ့သည်။
" ဟင်...လှုပ်နေတယ်အမေ "
မေသဲသည်လည်းမျက်စိဖြင့်တပ်အပ်မြင်ရသည့်အခါ တအံ့တသြ
ဖြစ်သွားရလေတော့၏။
ညအချိန်သည် လူအနည်းငယ်သာကျန်ရှိတော့သည်။ မနက်ဖြန်
ရက်လည်မည်ဖြစ်၍ ဖဲဝိုင်းတော့ရှိသေး၏။ လူအရိပ်အခြေကြည့်ကာ
မေသဲလည်းအလောင်းမြုပ်ရန်ကြံစည်နေသလို ခရီးပန်းလာသဖြင့်
ဒေါ်အုန်းလှမှာအစောကြီးအိပ်ပျော်သွားခဲ့သည်။ ဒေါ်အုန်းလှအိပ်မက်
ထဲတွင် ခေါင်းမှဆံပင်ကဂျိုးကဂျောင်ဖြင့် နှင်းခဲလေးသည် အခန်းဝ
၌ရပ်နေသည်ကိုမြင်မက်နေသည်။ ကလေးမလေးမှာ မကျေမနပ်
ဖြင့်ဒေါ်အုန်းလှကိုကြည့်နေသည်။ ထို့နောက်တဖြည်းဖြည်းရွေ့လာ
၏။ ဒေါ်အုန်းလှမှာလည်း ကြောင်တောင်တောင်ဖြစ်ကာ နှင်းခဲလေး
ကိုပြန်ကြည့်နေမိသည်။
" ဝိဉာဉ်ပြန်မထုတ်နဲ့... ''
နှင်းခဲလေးအသံက ကလေးပင်ဖြစ်သော်ငြား ဒေါသထွက်နေသော
မိန်းမတစ်ယောက်၏အသံဖြစ်နေသည်။
" နင်ငြိမ်ငြိမ်မနေရင်တော့ ပြန်ထုတ်ရမှာပဲ "
ဒေါ်အုန်းလှကလည်းဆတ်ဆတ်ထိမခံပြန်ပြောသည်။ နှင်းခဲလေးမှာ
တဖြည်းဖြည်းတိုးကပ်လာပြီး ဒေါ်အုန်းလှပေါ်ခုန်တက်ကာလည်ပင်း
ညှစ်ထားတော့သည်။ ဒေါ်အုန်းလှမှာယက်ကန်ယက်ကန်ဖြင့်အသက်
ရှုမဝလာတော့ပေ။
" ငါ့ပေါ်ကဆင်းစမ်း "
နှင်းခဲလေးမှာပြောလေပိုဆိုးလေဖြစ်နေသည်။ အရွယ်နှင့်မမျှအောင်
အားကြီးနေပြီး ဒေါ်အုန်းလှမှာမရုန်းလာနိုင်တော့ပေ။ ထိုစဉ် အခန်းဝ
မှ သူမအားခေါ်နေသံကိုကြားလိုက်ရသည်။
" ကြီးကြီးအုန်း "
အသံကြားသည်နှင့်သူမပေါ်တက်နေသည့်နှင်းခဲလေးမှာပြေးဆင်း
သွားတော့သည်။ တပြိုင်နက် ဒေါ်အုန်းလီသည်လည်းအိပ်မက်မှ
လန့်နိုးလာခဲ့လေ၏။ နိုးနိုးချင်းအခန်းဝ၌အရိပ်တစ်ခုလှစ်ကနဲပြေး
ထွက်သွားသည်ကိုမြင်လိုက်သည်။ ထို့အတူ အခန်းထဲသို့မေသဲ
ဝင်လာခဲ့သည်။
" ကျင်းတော့တူးပြီးပြီ... ဒီအတိုင်းပဲမြုပ်ရမလား "
ဒေါ်အုန်းလှမှာ စိတ်ပူမိသွားသည်။ အလောင်းသာမရှိတော့လျှင်
နှင်းခဲလေးအားထိန်းချုပ်ရန်လွယ်မည်မထင်ပေ။ နှင်းခဲလေးမှာပို၍
ဆိုးလာသည်ဟုသူမထင်သည်။ ထို့ကြောင့်မဖြစ်သင့်သည်များမဖြစ်
ရလေအောင် အရုပ်ထဲမှဝိဉာဉ်အားပြန်ထုတ်လိုက်လျှင်ကောင်းမည်
လားဟု သူမတွေးနေမိတော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။