
ရက်လည်အတွက်လာရောက်ကူညီပေးနေကြသောလူအချို့မှာ အခန်း
ထဲမှထွက်လာကြသည့် ဒေါ်အုန်းလှတို့ကို စိတ်မဝင်စားအားကြပေ။
ရက်လည်ကျွေးမွေးရန် ချက်ပြုတ်သူကပြုတ်နေကြသည်။ စကားဝိုင်း
ဖွဲ့နေသူများကလည်း သူတို့ဘာသာဈာန်ဝင်နေကြသည်။ လူရိပ်လူ
ခြေကြည့်ပြီး အိမ်နောက်ဖက်ဂိုဒေါင်သို့ထွက်လာကြလေ၏။ မေသဲက
ဂိုဒေါင်အနောက်ဖက်ပန်းပင်များများကြားသို့ခေါ်လာသည်။ ထိုနေရာ
၌မြေကျင်းတူးပြီးမောမောနှင့်ထိုင်နားနေသည့်လူတစ်ယောက်အား
တွေ့သည့်အခါ ဒေါ်အုန်းလှထိတ်လန့်သွားတော့သည်။
" သူ...သူက "
" စိတ်မပူပါနဲ့ကြီးကြီးအုန်း... သူစကားမပြောတတ်ဘူး... မွေးရာပါ
ပေါ့... စာလည်းမရေးတတ်ဘူး... ရပ်ကွက်ထဲတောက်တိုမယ်ရခိုင်း
နေတဲ့သူပါ... ကိုရွှေအ တဲ့ ''
ရွှေအ ဆိုသည့်လူလတ်ပိုင်းမှာ ကုတ်ကုတ် ကုတ်ကုတ်ဖြင့် အနောက်
သို့ဆုတ်သွားသည်။ ဒေါ်အုန်းလှမှာ ခုနကမက်ခဲ့သောအိပ်မက်လိုလို၊
တကယ်လိုလိုအဖြစ်အပျက်အား စိတ်မချမ်းသာနေချေ။
" အလောင်းကအနံ့တော်တော်ထွက်နေပြီ... ဒါပေမယ့် ကြီးကြီးအုန်း
မမြုပ်စေချင်သေးဘူး "
" ဘာလို့လဲ မကြီး... ဒီထက်အနံ့ထွက်လာရင် လူသိကုန်လိမ့်မယ် ''
" ငါမသိဘဲနေမလား... ခုတော့မမြုပ်ချင်သေးဘူး... ဟော ဟိုမှာ
စဉ့်အိုး... အဲ့ဒါရေတွေလား "
" ဟုတ်တယ်...အပင်ရေလောင်းဖို့ထည့်ထားတာ "
" ရေတွေသွန်လိုက်... ''
ဒေါ်အုန်းလှစကားကြောင့် ဒေါ်သန်းလှနှင့်မေသဲမှာကြောင်အမ်းအမ်း
ဖြစ်သွားသည်။
" လောလောဆည်စဉ့်အိုးထဲထည့်ပြီး သေချာလုံအောင်ဖုံးထားမလို့...
နောက် ၂ရက်လောက်မှ မြုပ်ကြတာပေါ့.. ကဲ... ရွှေအလား...ဘာ
လား...သူ့ကိုလုပ်ခိုင်းလိုက်... ငါစီရင်စရာရှိသေးလို့... "
ဒေါ်အုန်းလှလည်းထိုသို့မှာခဲ့ပြီးခပ်သုတ်သုတ်ထွက်သွားလေသည်။
မေသဲတို့မှာမည်သည်မှအကွန့်မတက်ရဲ၊ ဒေါ်အုန်းလှပြောစကားသာ
အတည်ဖြစ်ရသည်။ ထို့ကြောင့်မှာခဲ့သည့်အတိုင်းအမြန်ပြင်ဆင်လိုက်
၏။ စဉ့်အိုးကြီးကိုဂိုဒေါင်ထဲရွေ့ပြီး နှင်းခဲလေးအလောင်းကိုထည့်ကာ
ပလက်စတစ်အိတ်များဖြင့်အထပ်ထပ်အုပ်၍ အပေါ်၌သွပ်ပြားအပိုင်း
ထပ်အုပ်လိုက်သည်။ ပြီးနောက်အုတ်ခဲကျိုးများဖြင့်ဖိထားခဲ့လေသည်။
အနံ့ကတော့အတော်သက်သာသွား၏။
" ငါဒီအတိုင်းနေလို့မဖြစ်ဘူး...ဒီကလေးမ...ဘာတွေလျှောက်လုပ်
ဦးမလဲမပြောနိုင်ဘူး...ငါတစ်ခုခုတော့ကြိုစီစဉ်ထားရမယ် "
ဒေါ်အုန်းလှမှာစိတ်ထဲတွေးတောနေခဲ့သည်။ အရုပ်လေးကိုသူမစိတ်
မချသလိုဖြစ်နေသည်။ ထို့ကြောင့်မေသဲအခန်းဆီသို့မယောင်မလည်
ဝင်ကြည့်လိုက်သည့်အခါ တံခါးကိုလော့ချထားသဖြင့် အားပျော့သွား
တော့သည်။ မေသဲမှာလည်းအရုပ်လေးကိုထားခဲ့ရသဖြင့်စိတ်ချဟန်
မရဘဲပိတ်ခဲ့ဟန်ရှိသည်။ ထိုသို့ဆိုလျှင် ခုနကအိပ်မက်များပင်လား။
လက်တွေ့အပြင်၌ ထိုအရုပ်သည်အခန်းထဲမှထွက်မလာနိုင်ပေ။ သူမ
ထိုသို့တွေးနေစဉ် အခန်းတံခါးလော့က ' ထောက်ကနဲ ' ပွင့်လာခဲ့
သည်။
" ဒီကလေးမ ငါ့ကိုပညာစမ်းနေပြီ "
ဒေါ်အုန်းလှမှာထိုသို့ရေရွတ်ရင်း အခန်းထဲသို့ဝင်လာခဲ့၏။ အခန်းထဲ
ရှိကုတင်ပေါ်တွင် အရုပ်မလေးသည် ခေါင်းအုံးကိုမှီကာ ကျနေသည်။
ဒေါ်အုန်းလှလည်း အရုပ်မထံသို့ ဖြည်းညှင်းစွာချဉ်းကပ်သွားလိုက်
သည်။ အရုပ်မကတှုပ်တှုပ်မလှုပ်။ သူမကိုကြည့်နေသလိုပင်။ ဆတ်က
နဲ ကောက်ကိုင်ပြီး အရုပ်အားသေချာစွာကြည့်ကြည့်သည်။ အရုပ်မ
ကပေပွနေသည်။ ခြေထောက်နေရာများကအဆိုးဆုံးဖြစ်၏။ ဒေါ်
အုန်းလှလည်း ခြေထောက်နေရာကိုသေချာစွာကြည့်လိုက်သည့်အခါ
မြေကြီးများပေကျံနေသည်ကိုတွေ့လိုက်သည်။
" အလောင်းနားလာခဲ့တယ်ပေါ့...ဟုတ်လား ''
ဒေါ်အုန်းလှက အရုပ်ကိုစကားမေးနေချေပြီ။ သက်မဲ့လိုလို၊သက်ရှိ
လိုလိုအရုပ်က ပုံစံမပျက်ချေ။
" ငါထပ်ပြောမယ်... ညည်းကိုငါအသက်သွင်းပေးထားတာ...ငါ့
စကားနားမထောင်ရင် အရုပ်ထဲပေးမနေနိုင်ဘူး... ဝိဉာဉ်ပြန်ထုတ်
ပစ်မယ်... နင့်အလောင်းငါ့လက်ထဲမှာဆိုတာ မမေ့နဲ့ "
ထိုသို့ပြောနေစဉ်အခန်းဝ၌ခြေသံကြားသဖြင့်ဒေါ်အုန်းလှလည်း
လှည့်ကြည့်လိုက်လေသည်။ မေသဲကအခန်းထဲဝင်လာခြင်းဖြစ်
သည်။
" ဟင်...ကြီးကြီးအုန်း...အခန်းထဲဘယ်လိုရောက်...သမီးလော့ချ
ခဲ့တာလို့ထင်တာပဲ "
" ငါတံခါးဖွင့်တော့ပွင့်နေလို့ဝင်လာတာ... သမီးပိတ်ဖို့မေ့သွားတာ
နေမှာပေါ့ "
" အဲ့လိုအမေ့ကြီးပုံနဲ့ ဒုက္ခပါပဲ... တခြားသူတွေသိလို့မဖြစ်ပါဘူးဆို "
မေသဲမှာ သူမမေ့လျော့ခဲ့သည်ဟုပင်ထင်မြင်နေခဲ့သည်။
" ကျေးဇူးတင်လိုက်တာကြီးကြီးအုန်းရယ်... ဒီည နှင်းခဲလေးနဲ့
ဆက်သွယ်လို့ရတော့မှာပေါ့နော် "
မေသဲခမျာ သမီးဖြစ်သူကိုပြန်ရသည့်အလား ပျော်ရွှင်နေရှာသည်။
ဒေါ်အုန်းလှမှာတော့ ရင်ထဲစိုးထိတ်နေမိသည်ကို သူမ မသိနိုင်ပေ။
အရုပ်လေးကို မေသဲလက်ထဲပေးပြီးပြန်ထွက်လာခဲ့သည်။ ထိုညနေ
ခင်းတစ်ခင်းလုံး ဒေါ်အုန်းလှအခန်းထဲမှမထွက်လာတော့ချေ။ တခါတ
ရံသူမအခန်းဆီမှ ဂါထာရွတ်ဖတ်သံလိုလိုထွက်လာတတ်သည်။ ပြီး
နောက် ပြန်လည်ငြိမ်သက်သွား၏။
ညစာစားပြီးသောက်ပြီးကြချိန် ရက်လည်လာကူကြသည့်လူများ
လည်းပင်ပန်းနေကြပြီ။ တစ်ထောင့်တစ်နေရာစီလှံလျောင်းရင်း မှေး
ကနဲအိပ်ပျော်သူကအိပ်ပျော်သွားသည်။ ဖဲဝိုင်းကတော့ဆူညံသံများ
နှင့် ဝိုင်းဖွဲ့နေသည်။ ဒေါ်သန်းလှမှာ အိမ်လယ်ခေါင်၌ ရေနွေးကြမ်း
ထိုင်သောက်ရင်း ဖဲဝိုင်းကိုအဝေးမှငေးမောနေ၏။ ဒေါ်အုန်းလှမှာမူ
အခန်းထဲပြန်ဝင်သွားပြီးမထွက်လာတော့ချေ။ မေသဲကအရုပ်လေး
ဘေးချပြီးအိပ်ပျော်နေရှာပြီ။ အိပ်မရသူက ဖြိုးဝေတိုးပင်။ ဇနီးဖြစ်သူ
မှာ ရှေ့ရက်များက တငိုငိုတရယ်ရယ်ဖြင့် စိတ်နှင့်လူမကပ်ဘဲဖြစ်နေ
ရာမှ ဘယ်ကရလာမှန်းမသိသည့် ပိတ်စအရုပ်မလေးကိုဘေး၌ချ
ကာ ပျော်ရွှင်နေဟန်ဖြစ်နေသဖြင့်စိတ်ပူနေမိသည်။
မေသဲများစိတ်ဖောက်သွားပြီလားဟု စူးစမ်းနေရ၏။ ကလေးဆုံးရှုံး
ထားရသောမိခင်တစ်ယောက်အနေနှင့် စိတ်ဖြေရာရသွားသည်ဟု
ဆိုလျှင်တော့ မဆိုးလှဟုသူတွေးနေမိသည်။ ပင်ပန်းသည့်ရက်က
ဆက်နေသည့်တိုင် ဖြိုးဝေတိုးအိပ်မရနိုင်သေးဘဲဖြစ်နေရသည်။ စိတ်
ပင်ပန်းထားသဖြင့်အိပ်မပျော်ခြင်းဖြစ်မည်ဟုတော့သူသိနေ၏။ ဇနီး
သည်မှာ ရင်နင့်အောင်ခံစားနေရချိန် သူပါပြိုလဲကျသွား၍မဖြစ်ဟူ
သောအသိကြောင့် အားတင်းကာသာနေနေရသည်။ သူ၏ရင်ထဲ
မှာတော့ မွန်းကြပ်ပူလောင်နေသည်ကအမှန်ပင်။ တီတီတာတာပြော
တတ်သည့်သမီးလေးကိုလည်း သတိရနေမိသဖြင့် မျက်ရည်များက
စီးကျလာခဲ့သည်။
ထို့စဉ် မေသဲဖက်မှအသံသဲ့သဲ့ကိုသူကြားလိုက်သည်။ ထိုအသံကြောင့်
သူလှည့်ကြည့်လိုက်သည့်အခါ မေသဲဘေးမှအရုပ်မလေးက ကုတင်
အောက်သို့ပြုတ်ကျသွားလေသည်။ အရုပ်မဖြစ်၍ ဘာသိဘာသာပြန်
နေလိုက်၏။ သို့သော်အခန်းတံခါးကရုတ်တရက်လော့ပွင့်သွားပြီး
တံခါးမှာခပ်ဟဟပွင့်သွားခဲ့သည်။ တံခါးပွင့်သဖြင့်ရုတ်တရက်ထထိုင်
လိုက်ပြီး တံခါးကိုကြည့်လိုက်သည့်အခါ တံခါးအပြင်ဖက်၌ ပြုတ်ကျ
သွားသည့်အရုပ်မအားလှစ်ကနဲ တွေ့လိုက်ရလေတော့သည်။ ဖြိုးဝေ
တိုးအတွက် အလွန်ပင်အံ့အားသင့်စရာဖြစ်ခဲ့ချေပြီ။ အရုပ်ထဲ၌ သံပတ်
များပါသည်လားဟု မဖြစ်နိုင်သည်ကိုပင်သူတွေးလိုက်မိသည်။
သိချင်စိတ်ဖြင့်အခန်းအပြင်သို့ထွက်ကြည့်သည့်အခါ အရုပ်လေးက
နောက်ဖေးသို့ပြေးသွားသည်ကိုထပ်မံတွေ့လိုက်ရပြန်သည်။ အရုပ်
လေးကအသက်ဝင်နေသည်မှာလုံးဝမဖြစ်နိုင်သည့်ကိစ္စမဟုတ်ပါလား။
သူ့မျက်စိကိုပင်သူမယုံနိုင်ပေ။ အရုပ်၌သရဲပူးကပ်နေပြီလားဟုထပ်
တွေးမိ၏။ အရုပ်တစ်ရုပ်ဖြစ်နေ၍ ကြောက်ရွံ့စိတ်တော့မရှိနေချေ။
နောက်ဖေးသို့လိုက်လျှောက်သွားလိုက်သည်။ ဒေါ်သန်းလှမှာ အခန်း
မှထွက်လာသည့်ဖြိုးဝေတိုးကိုသာတွေ့မြင်လိုက်ရ၏။ နောက်ဖေးသို့
ထွက်သွားသဖြင့်စိတ်တော့ထင့်သွားရသည်။ ဂိုဒေါင်ထဲမှ စဉ့်အိုးကြီး
ကိုတော့ မတွေ့နိုင်ချေဟု စိတ်ပြန်ဖြည်ပြီးပြန်ထိုင်နေလိုက်သည်။
သို့သော်ဖင်ကတကြွကြွ။ ဖြိုးဝေတိုးတွေ့သွားမည်ကိုတော့စိတ်ပူမိ
နေသည်။ ဖြိုးဝေတိုးမှာတရေးနိုး၍နောက်ဖေးသွားသည်ဟုပင်သူမ
တွက်ဆလိုက်၏။ ဖြိုးဝေတိုးမှာတော့ အရုပ်ကသူ့ကိုခေါ်နေသလို
ခံစားနေရသည်။ မည်သည့်အကြောင်းကြောင့်သူ့အားခေါ်ဆောင်နေ
သနည်း။ သူသိချင်မိခဲ့၏။ အရုပ်နောက်သို့ထပ်ချပ်မကွာလိုက်သည့်အခါ ဂိုဒေါင်နားရောက်လာတော့သည်။ ဂိုဒေါင်ကိုအပြင်ဖက်မှသော့
ခတ်ထားသော်လည်း ဘေးအောက်နားတွင် အနည်းငယ်ဟနေသည့်
နေရာရှိနေသည်။ အရုပ်လေးကိုထိုနေရာမှအထဲသို့တိုးဝင်သွားခဲ့သည်။
ဖြိုးဝေတိုးမှာ ဂိုဒေါင်သော့အိမ်ကိုတချက်ကိုင်လိုက်ပြီး ပြန်လှည့်ထွက်
လာ၏။
အခန်းထဲမှသော့သွားပြန်ယူခြင်းဖြစ်သည်။ အခန်းထဲမှအပြေးလေး
ပြန်ထွက်သွားသောဖြိုးဝေတိုးကိုထပ်မံတွေ့သည့်အခါ ဒေါ်သန်းလှ
ကတုန်ကယင်ဖြစ်သွားလေတော့သည်။ ဖြိုးဝေတိုးထွက်သွားရာသို့
ထိတ်ထိတ်ပျာပျာဖြင့်ကြည့်ရင်း မေသဲအခန်းဆီသို့ပြေးသွားမိတော့
သည်။ မေသဲမှာတော့ရက်ကာလကြာရှည်အိပ်ရေးပျက်ခဲ့သည်
ကြောင့်ထင်သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့သည်။
" ဟဲ့...မသေဲ...သမီး...ထစမျးပါဦး "
မေသဲမှာမည်သို့ပင်နိုးနိုး အိပ်မောကျနေ၏။ ဒေါ်သန်းလှမှာလည်း
မည်ကဲ့သို့လုပ်ရမည်မသိ။ စိတ်အလွန်လှုပ်ရှားကာ တုန်ယင်လာနေ
မိသည်။ ဒီအတိုင်းနေ၍တော့မဖြစ်ချေဟု တွေးမိသဖြင့် ဒေါ်အုန်းလှ
အခန်းသို့ထပ်မံပြေးသွားပြန်သည်။
" မကြီး...မကြီး "
ဒေါ်အုန်းလှလည်း ဒေါ်သန်းလှ၏ကတုန်ကယင်အသံကြောင့် ကမန်း
ကတန်းတံခါးဖွင့်ကြည့်လိုက်၏။
" လုပ်ပါဦး... သားမက်လေးကဂိုဒေါင်သော့ယူပြီးနောက်ဖေးသွား
လိုက်လို့ "
ဒေါ်အုန်းလှမှာ မအံ့သြနေပေ။ သူမတွက်ထားသည့်အတိုင်းပင်ဖြစ်
လာချေပြီဟုပင်တွေးနေသည်။ နှင်းခဲလေးမှာသူမထင်ထားသည်ထက်
ဆိုး၏။ အလောင်းကိုမမြုပ်ဘဲချန်ထားသည့်အတွက် အလောင်း
ပျောက်ကွယ်ဖို့သူမကြိုးစားနေချေပြီ။ အလောင်းသာရှိနေလျှင် သူမ
ဝိဉာဉ်အားပြန်ထုတ်နိုင်လိမ့်မည်ဟု သိထားဟန်ရှိ၏။ နှင်းခဲလေး၏
ဝိဉာဉ်မှာ ပိုဆိုးလာဖို့သာရှိသည်ကို ဒေါ်အုန်းလှခံစားမိလာသည်။
သူမဝိဉာဉ်ထည့်စဉ်က မည်သည့်အရာကမှားယွင်းနေခဲ့သနည်း။ ဝိ
ဉာဉ်သည် အဘယ်ကြောင့်ဆိုးရွားခဲ့ရသနည်း။ တွေးတော၍မရနိုင်
ခဲ့ပေ။
သူမဆုံးဖြတ်ချက်ချမှရပေတော့မည်။ အကယ်၍ အလောင်းကို
နှင်းခဲလေးပြခဲ့သည်သေချာလျှင် အရုပ်ထဲမှဝိဉာဉ်အားထုတ်ပစ်ရန်
သာရှိတော့သည်။ ဒေါ်သန်းလှနှင့်အတူ အိမ်နောက်ဖက်သို့ ခပ်မြန်
မြန်လိုက်သွားကြည့်လိုက်လေတော့သည်။
" ချောက် "
ဂိုဒေါင်သော့လေးပွင့်သွားသည်နှင့် တံခါးကိုဖွင့်ဝင်လိုက်သည့်အခါ
ပုပ်အဲအဲအနံ့ကဆီးကြိုနေသည်။ ဖြိုးဝေတိုးကနှာခေါင်းတစ်ချက်ရှုံ့
လိုက်ပြီး ဘေးမှမီးခလုတ်အားလက်ဖြင့်စမ်းကာဖွင့်လိုက်သည်။ ဂို
ဒေါင်ရှိပစ္စည်းများက သူ့နေရာနှင့်သူမရှိဘဲ နေရာပျက်ယွင်းနေသည်
ကိုတော့အရင်ဦးဆုံးသတိထားမိလိုက်သည်။
ရေထည့်သည့်စဉ့်အိုးကြီးအားလည်းတွေ့မြင်လိုက်သော်လည်း သတိ
မထားမိသေးချေ။ ဂိုဒေါင်ကိုတစ်ပတ်ပတ်ကြည့်ရင်း ပြေးဝင်သွား
သည့်အရုပ်မကိုသာရှာဖွေကြည့်နေမိသည်။ ထိုအချိန်၌ သူ၏နောက်
မှ တချွတ်ချွတ်အသံအားကြားလာရသလိုဖြစ်လာသဖြင့်နောက်ဖက်
ကို လှည့်ကြည့်မိသည်။ အသံသာကြားသည်။ မည်သည်မှမတွေ့ချေ။
တိုလီမှုတ်စပစ္စည်းများကြား အရုပ်မကိုသာ သဲကြီးမည်းကြီးရှာဖွေမိ
နေသည်။ ထိုစဉ် ' ဘုတ်ကနဲ ' အသံနှင့်အတူ အမိုးပေါ်မှ အရုပ်မက
ပြုတ်ကျလာခဲ့သည်။ ကျသည့်နေရာက စဉ့်အိုးဘေး။
ဖြိုးဝေတိုးလည်း အနည်းငယ်တော့ထိတ်လန့်လာသလိုဖြစ်ပေါ်လာ
ပြီး အရုပ်မထံတရွေ့ရွေ့လျှောက်လာခဲ့၏။ ပြီးနောက် လှမ်းကောက်
ယူလိုက်သည့်အခါ ထင်မှတ်မထားအောင် အရုပ်မကလေးလံနေ
တော့သည်။ အံ့သြလွန်းသဖြင့်လက်နှစ်ဖက်ဖြင့်ထပ်မံကောက်ယူ
ကြည့်သည်။ ဝိတ်ကအတော်စီးနေ၏။ သူ မကျေနပ်နေပေ။ အဘယ်
ကြောင့် ပိတ်စအရုပ်မလေးကထိုသို့လေးနေရသနည်း။ ဇွတ်အတင်း
ဆွဲကောက်ယူကြည့်သည်။ မရ။ ထပ်ဆွဲသည်။ အရုပ်မက အင်္ဂတေ
နှင့်ကပ်ထားသလိုဖြစ်နေသည်။ ဖြိုးဝေတိုးလည်း တစ်ကိုယ်လုံးထူပူ
လာပြီး အားကုန်ဆွဲလိုက်သည့်အခါ အရုပ်မက ရုတ်တရက်ပေါ့သွား
ကာ သာမာန်အရုပ်အလေးချိန်သို့ ပြောင်းလဲသွားသဖြင့် နောက်လန်
ကျသွားတော့သည်။
ထိုအခါ အနောက်တွင်ရှိနေသည့်စဉ့်အိုးကြီးက ' ဘုန်းကနဲ ' လဲကျ
သွားခဲ့ရသည်။ ဝရုန်းသုန်းကားဖြစ်သွားပြီး ပုပ်အဲအဲအနံ့ကစူးကနဲ
ထွက်ပေါ်လာတော့၏။ အတင်းလူးလဲထကာကြည့်သည့်အခါ စဉ့်အိုး
အဝ၌ပိတ်ထားသည့် နေရာမှ စေးပျစ်ပျစ်ဝါကျင်ကျင်အရည်အချို့
ထွက်လာပြီး ထိုအရည်ကအလွန်ပင်နံနေသည်။ လက်ဖြင့်ကိုင်ကြည့်
ကာ နမ်းကြည့်မိ၏။ အမှန်ပင် အလွန်နံသောအပုပ်နံကြီးကိုရသည့်အခါခေါင်းနဘန်းကြီးသွားတော့သည်။ စဉ့်အိုးအဝ၌ ကြိုးဖြင့်ချည်ထား
သောပလက်စတစ်အိတ်ကြီးကို မရ ရအောင်ဇွတ်ဖြဲကြည့်လေတော့
သည်။ ' ဗျက်ကနဲ' အိတ်ပြဲသွားသည့်အခါ တွေ့လိုက်ရသည်က
သမီးဖြစ်သူ၏အလောင်း။
" ဟာ "
အလွန်အံ့သြစွာနှင့် ထိတ်လန့်ကာ ကြည့်နေစဉ် ဂိုဒေါင်အပြင်ဖက်၌
ဒေါ်အုန်းလှတို့ကရောက်လာကြတော့သည်။
" မကြီးရေ...တွေ့သွားပြီ...လုပ်ပါဦး "
ဒေါ်အုန်းလှတို့လည်း အမြန်ပြေးဝင်သည်နှင့် ဂိုဒေါင်တံခါးကြီးက
သူ့အလိုလို ဝုန်းကနဲ ပိတ်သွားလေတော့သည်။
" ဒုန်း...ဒုန်း...ဒုန်း "
" သားရေ...တံခါးဖွင့်... ''
ဖြိုးဝေတိုးမှာ အလောင်းကြီးကိုကြည့်ပြီး ထိတ်လန့်ကာ ကြောင်ပြီး
ကြည့်နေ၏။ အပြင်ဖက်မှတဒုန်းဒုန်းထုသံကြောင့် တံခါးဖက်သို့ကြည့်
လိုက် အလောင်းအားကြည့်လိုက်ဖြင့် ဇဝေဇဝါဖြစ်နေရသည်။ မည်
သည့်ကိစ္စများဖြစ်ခဲ့သနည်း သူနားမလည်နိုင်ခဲ့ပေ။ ထိုစဉ် လျှပ်စစ်မီး
က တဖြည်းဖြည်း ပြတ်တောက်ပြတ်တောက်ဖြစ်လာပြီး ပျက်သွား
ခဲ့လေတော့၏။ ဂိုဒေါင်တစ်ခုလုံးမှောင်မည်းနေသည်။ နေ့ဖက်တွင်
တော့ အလင်းရောင်အနည်းငယ်ရသေးသော်လည်း ယခုလိုညဖက်
၌ မည်းမည်းမှောင်နေ၏။ ထိုစဉ်အခန်းထဲ ချောက်ကနဲ မီးခြစ်ခြစ်သံ
လိုကြားရပြီး ဖယောင်းတိုင်မီးကရုတ်တရက်လင်းလာသည်။ ဖယောင်း
တိုင်နီကြီး၏အလင်းကြောင့် တစ်ကိုယ်လုံးတုန်တက်လာပြီးအော်ဟစ်
ရန်ပြင်သော်လည်း အသံကမထွက်လာချေ။
လည်ချောင်းထဲ၌နင်နေသလိုရှိသည်။ ထိုအချိန်ခဏသည် ဖြိုးဝေတိုး
တစ်ချက်ကလေးမျှမလှုပ်ရဲဘဲဖြစ်နေစဉ် သူ၏ဘေး၌ တစုံတရာ
ပြေးသွားသည့်အသံကိုကြားလိုက်ရလေတော့သည်။ ထို့နောက်
ပစ္စည်းပုံကြီးနောက်မှ အသံတစ်သံထွက်ပေါ်လာခဲ့၏။
" ဝါ..ဝါ..ထိန်..ထိန်.. နှင်း..ခဲ..လေး..တို့..အိမ်..
ဝါး..တစ်..လုံး..နဲ့..ဆောက်..တဲ့..အိမ်..
ဖေ..ဖေ..ကြီး..တို့..အိမ်..
လိမ်..တာ..ညာ..တာ..ဖေ..ဖေ..မ..ကြိုက်..ပါ ''
နှင်းခဲလေး၏အသံကိုကြားရသဖြင့် ရင်ထဲဆို့နစ်သွားမိလေသည်။
ထို့နှင့် ဖြိုးဝေတိုးလည်းလှုပ်ရှား၍ရလာသလိုရှိလာသဖြင့် နှုတ်မှ
ခေါ်ကြည့်လိုက်သည်။
" သမီးလေး...နှင်းခဲလေး ''
ဖြိုးဝေတိုးလည်း အသံကြားရာသို့တဖြည်းဖြည်းချဉ်းကပ်သွားမိသည့်
အခါ ပစ္စည်းပုံများ၏နောက်တွင် ပိတ်စအရုပ်မလေးအားပိုက်ပြီးထိုင်
နေသည့် နှင်းခဲလေးအားတွေ့မြင်လိုက်ရလေတော့သည်။ နှင်းခဲလေး
၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့အားစိုက်ကြည့်နေလေ၏။
" ဖေ....ဖေ "
ဖြိုးဝေတိုးအားခေါ်နေသည့်အသံမှာ အေးစက်စက်နှင့် ကျောချမ်း
ဖွယ်ရာအတိ။ အသံကြားသည်နှင့် ဖြိုးဝေတိုးမှာ ကြက်သီးမွှေးညှင်း
များပင်ထောင်တက်လာလေတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။