ဘုန်းကြီးတစ္ဆေ
lotaya.mpt.com.mm
|
2020-05-22

“ဒကာကြီးရဲ့နာမည်က ဘယ်သူ...”

“လွင်ဦးဟန်ပါ ဘုရား”

“ဒကာကြီးက ပရလောကအကြောင်းကိုရေးသားနေတဲ့သူဆိုတော့ ဦးပဉ္ဇင်းတစ္ဆေအကြောင်း ပြောပြချင်တယ်”

“မိန့်တော်မူပါဘုရား။ တပည့်တော် သိချင်ပါတယ်”

“လူတော်တော်များများက ရဟန်းသံဃာတွေပျံလွန်တော်မူရင် နိဗ္ဗာန်ရောက်သွားကြတယ်လို့ထင်ကြတယ်ဗျ။ စီဝရ (သင်္ကန်း) ခြုံထား တိုင်း ရဟန်းမမည်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။ ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ဆိုတဲ့ စကားလိုပေါ့ဗျာ”

“တင်ပါ့ဘုရား”

“ရဟန်းတစ်ပါးဖြစ်ပြီဆိုရင် နှစ်ရာနှစ်ဆယ့်ခုနှစ်သွယ်သောဝိနယ (ဝိနည်း) ကို လိုက်နာကြရတယ်။ အရဟတ္တဖိုရ်ကို မရောက်သေးသ ရွေ့ အားလုံးဟာ ပုထုဇ္ဇနတွေချည်းပါပဲ။ သို့ပေမယ့် ရှင်သာမဏေပဲဖြစ်ဖြစ်၊ ရှင်ရဟန်းပဲဖြစ်ဖြစ်၊ ဘုရားသားတော်အဖြစ်ခံယူထားကြတဲ့သူတွေ ဖြစ်တဲ့အတွက် သာမန်လူတွေနဲ့မတူတော့ဘူး။ ဝိနည်းဆိုတာ စည်းကမ်းပဲဒကာကြီး။ ပါရာဇိက သိက္ခာပုဒ်က လေးပါး။ သံဃာဒိသိသ် သိက္ခာပုဒ် က ဆယ့်သုံးပါး။ အနိယတ သိက္ခာပုဒ်က နှစ်ပါး။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်က အပါးသုံးဆယ်။ သုဒ္ဓပါစိတ် သိက္ခာပုဒ်က ကိုးဆယ့်နှစ်ပါး။ ပါဋိ ဒေသနီ သိက္ခာပုဒ်က လေးပါး။ သေခိယသိက္ခာပုဒ်က ခုနစ်ဆယ့်ငါးပါး။ အဓိကရဏ သမထက ခုနစ်ပါး။ သိက္ခာပုဒ်ပေါင်း နှစ်ရာနှစ်ဆယ့်ခုနစ် ပါးရှိတယ် ဒကာကြီး။ ရဟန်းဘာကြောင့်ဝတ်ကြတာလဲ၊ မြတ်စွာဘုရားရဲ့ တရားဒေသနာတော်တွေကို ပြန်လည်ဟောကြားပေးဖို့၊ ဗုဒ္ဓသာသနာ တော်ကြီးပျံ့ပွားဖို့မဟုတ်ဘူးလား ဒကာကြီး”

“မှန်ပါတယ် ဘုရား”

“လူလိုနေချင်ရင် ရဟန်းမဝတ်နဲ့ပေါ့။ သင်္ကန်းအရေခြုံပြီး ရဟန်းအလုပ်လည်းမလုပ် ရဟန်းကျင့်ကြံရမယ့်ကိစ္စတွေကိုလည်းမလုပ်၊ ဝိ နည်းကိုလည်းမလိုက်နာရင် ရဟန်းလို့မခေါ်အပ်တော့ဘူး။ ထမင်းငတ်လို့ သင်္ကန်းပတ်တဲ့သူဖြစ်သွားပြီ ပေါ့။ သံဃာတွေကို ဆွမ်းခံစားပြီးအေး အေးနေရတယ်မထင်နဲ့။ သံဃာလည်း သံဃာအလုပ်လုပ်ရတယ်။ ဝိနည်းကိုဖောက်ဖျက်ရင် အာပတ် (အပြစ် )သင့်တယ်။ အာပတ်က ခုနစ်မျိုး ရှိတယ်ဗျ။ ပါရာဇိက အာပတ်၊ သံဃာဒိသိသ် အာပတ်၊ ထုလ္လစ္စဉ်း အာပတ်၊ ပါစိတ် အာပတ်၊ ပါဋိဒေသနီ အာပတ်၊ ဒုက္ကဋ် အာပတ်၊ ဒုဗ္ဘာသီ အာ ပတ်ပေါ့ဗျာ”

“တင်ပါ့ ဘုရား”

“အခုခေတ်မှာလည်း ရဟန်းတု ရဟန်းယောင်တွေအများကြီးရှိနေသေးတယ်ဗျ။ သင်္ကန်းဝတ်ပြီး အလှူခံစားနေတဲ့ ရဟန်းတုတွေ၊ မာ တုဂါမတွေနဲ့ပျော်ပါးနေကြတဲ့ရဟန်းယောင်တွေတစ်ပုံကြီးပဲ။ အဲဒီအတုအယောင်တွေကြောင့် ရဟန်းစစ်စစ်တွေ အနေခက်ရတယ်။ ကိုယ့်သာသ နာကို အထင်အမြင်သေးခံရတယ်ဗျ။ ရဟန်းတော်ဆိုတာ ဗုဒ္ဓသာသနာတော်ကြီး ပျံ့ပွားဖို့၊ တည်တံ့ဖို့အတွက် ပရိယတ္တိ - စာပေကျန်းဂန်တွေ ကို သင်ကြားကြရတယ်။ ပဋိပတ္တိ - ကျင့်ကြံအားထုတ်ရတယ်။ ကိုယ့်ဘာသာ ကိုယ့်သာသနာကို အခြားဘာသာဝင်တွေကလည်း အထင်ကြီးလေး စားအောင်နေပြရမယ်။ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ဖို့အတွက် သံဃာတော်တွေက အရေးအကြီးဆုံးပဲ။ မဟုတ်ဘူးလား ဒကာကြီး”

“မှန်ပါတယ် ဘုရား”

“အင်း......အဲဒီအကြောင်းတွေပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရသလိုပဲ။ ထားပါလေ၊ ဘုန်းကြီးပြောချင်တဲ့ အကြောင်းကိုပဲ ဆက်ပြောပြပါ့မယ်”

“တင်ပါ့ဘုရား”

“ ၁၉၅၆ခုနှစ်ကဆိုတော့ အဖြစ်အပျက်က ကြာပါပြီ။ သို့ပေမယ့် ဘုန်းကြီးရဲ့စိတ်ထဲမယ် မနေ့တနေ့ကလိုပဲဖြစ်နေသေးတယ်။ ဒါ ကြောင့်လည်း သာမဏေတွေ ရဟန်းတွေကို ကြုံကြိုက်တဲ့အခါတိုင်း ပြောပြဖြစ်ခဲ့တယ်”

“တင်ပါ့ဘုရား။ တပည့်တော်လည်း အဲဒီအကြောင်းကို ရေးချင်ပါတယ်။ ဒါမှ ဆင်ခြင်သင့်တာ ဆင်ခြင်နိုင်ကြမှာပါဘုရား”

“ဒါပေါ့ ဒကာကြီး။ ကလောင်တစ်လက်ရဲ့အစွမ်းက အံ့မခမ်းပါဗျာ။ ဘုန်းကြီးက အဆင်ပြေသလိုပြောပြမယ်။ ဒကာကြီးက စာရေးတဲ့ အတတ်ပညာနဲ့ ချောမွေ့အောင်သာရေးပေတော့”

“ဘာသာ သာသနာနဲ့ပတ်သက်နေတော့ ဆင်ခြင်ပြီးတော့ရေးပါ့မယ် ဘုရား”

“ဘာသာ သာသနာနဲ့မသက်ဆိုင်ဘူးဗျ။ ပုဂ္ဂိုလ်နဲ့ပဲ သက်ဆိုင်တဲ့ကိစ္စပါ။ သာသနာမှမဟုတ်ပါဘူး၊ အဖွဲ့အစည်း၊ ဂိုဏ်းဂဏတွေမှာလည်း စုန်းပြူးတော့ ပါတတ်စမြဲပဲ။ ဒီလိုလုပ်ရင် ဒီလိုဖြစ်တတ်တယ်ဆိုတဲ့တရားကို ထင်ထင်ရှားရှားရေးပါဗျာ”

“တင်ပါ့ဘုရား”

“ဒီလိုဗျ......အဲဒီအချိန်က ဘုန်းကြီးရဲ့အသက်က ဆယ့်သုံးနှစ်သားပဲရှိသေးတယ်။ ဘုန်းကြီးတို့ကျောင်းမှာ ဆရာတော်ကြီးအပါအဝင် ဦးပဉ္ဇင်းကိုးပါးနဲ့ ကိုရင်ခြောက်ပါးပဲရှိတယ်။ ကျောင်းရဲ့အနောက်မှာ ချောင်းရှိတယ်။ ချောင်းက မိုးတွင်းဆိုရင် ရေကြီးတယ်။ ရေကြီးရင် လူတစ် ရပ်မြုပ်တယ်။ နွေဆိုရင် ရေက ပေါင်လယ်လောက်ပဲရှိတယ်ဗျ။ အဲဒီချောင်းက ငါးအရမ်းပေါတယ်။ ကျောင်းက အခုခေတ်လိုတိုက်ကျောင်း မ ဟုတ်ဘူး။ သွပ်မိုးထားတဲ့ ခြေတံရှည်သစ်သားကျောင်းပေါ့။ ဆရာတော်ကြီးသီတင်းသုံးတဲ့ကျောင်းက ပေခြောက်ဆယ်လောက်ရှည်ပြီး ပေလေး ဆယ်လောက်ကျယ်တယ်။ ဆွမ်းစားဆောင်ရယ်လို့သီးသန့်မရှိဘူး။ သီလပေးတာ၊ ဆွမ်းစားတာ၊ စာသင်၊ စာအံတာတွေအားလုံး ဆရာတော်ကြီး သီတင်းသုံးတဲ့ကျောင်းမှာပဲလုပ်တယ်။ ကျောင်းပရိဝုဏ်ဆိုပြီး ဝင်းမခတ်မထားဘူး။ ကျောင်းက ရွာစွန်မှာ။ သုသာန်နဲ့ကပ်လျက်ဗျ။ ဆယ်ပေပတ် လည်လောက်ရှိမယ့် ကျောင်းသင်္ခမ်းငါးဆောင်ရှိတယ်။ ဦးပဉ္ဇင်းနှစ်ပါးကို တစ်ဆောင်နေရတယ်။ စာချကိုယ်တော် ဦးပဉ္ဇင်းကေသာရက တစ် ဆောင် သီးသန့်နေတယ်။ ဘုန်းကြီးပြောပြမယ့်အကြောင်းထဲက ကိုယ်တော်ကလည်း တစ်ပါးတည်းသီးသန့်နေတယ်။ ဘုန်းကြီးတို့ ကိုရင်တွေက ဆရာ တော်ကြီးရဲ့ကျောင်းမှာပဲနေကြရတယ်။ ဆရာတော်ကြီးက ကိုယ်တိုင်ဆွမ်းခံကြွတတ်တယ်။ တရားထိုင်နေတဲ့ရက်တွေဆိုရင်တော့ ဆွမ်းခံ လည်း မကြွဘူး၊ ဆွမ်းလည်းဘုဉ်းမပေးတော့ဘူး။ တရားထိုင်ရင် သုံးလေးရက်ကြာတတ်တယ်။ ဆရာတော်ကြီးက ဇင်းကျိုက်ကဆိုတော့ ဘုန်း ကြီးတို့ကျောင်းမှာရှိတဲ့ သံဃာတွေက မွန်လူမျိုးတွေများတယ်။ ဘုန်းကြီးက ဒါးပိန်က။ ရှင်သံဝရက ဝေါမြို့က။ သံဝရနဲ့ဘုန်းကြီးတို့က ညီအစ် ကိုအရင်းတွေလိုချစ်ကြတယ်။ အဲဒီမှာ သံဃာတစ်ပါးက သနပ္ပင်က။ လူအမည်က ကိုကျော်ခင်၊ ရဟန်းဘွဲ့အမည်က ကောဝိဒ။ အသက်က နှစ် ဆယ့်ငါးနှစ်လောက်ရှိပြီ။ ရဟန်းဝါက နှစ်ဝါရနေပြီဗျ။ အခုပြောမယ့်အကြောင်းက သူ့အကြောင်းပဲ ဒကာကြီး”

“တစ္ဆေဖြစ်သွားတဲ့ရဟန်းလား ဘုရား”

“သိပ်ဟုတ်တာပေါ့။ အရှင်ကောဝိဒက ရဟန်းဝတ်ချင်လို့ဝတ်တာမဟုတ်ဘူးဗျ။ သူ့ခမည်းတော်ကိုကြောက်လို့ဝတ်တာ။ လူ့ဘဝမှာ အတော်ဆိုးလွန်းလို့ ရဟန်းအတင်းဝတ်ခိုင်းတာ”

“တင်ပါ့ဘုရား”

“ကောဝိဒဆိုတာ လိမ္မာတဲ့သူ၊ ဉာဏ်ပညာရှိတဲ့သူလို့အဓိပ္ပါယ်ရတယ်။ ဘွဲ့အမည်နဲ့မလိုက်အောင် ရဟန်းဘဝမှာတောင် အတော်ဆိုးတဲ့ သူပါ ဒကာကြီးရေ။ ပြောပြမယ်၊ နားသာဆင်ပေတော့”

***********************

“ဒက်ကြီး...ဟေ့ကောင်ဒက်ကြီး”

ကျောင်းဝင်းအတွင်းရှိ သရက်ပင်ကြီးအောက်တွင် ကိုရင်လေးများ စကားပြောဆိုနေခိုက် ဦးပဉ္ဇင်းကောဝိဒ ရောက်လာသဖြင့် အသံ တိတ်ဆိတ်သွားကြသည်။

“ဟေ့ကောင်.....”

“ဖြောင်း.....”

“တင်....တင်ပါ့”

“ငါခေါ်နေတာကြာပြီ။ မကြားချင်ယောင်ဆောင်နေတယ်ပေါ့လေ”

ဦးပဉ္ဇင်းကောဝိဒက သာမဏေငယ် ရှင်သံဝရ၏ ဦးပြည်း( ခေါင်းတုံး) ကို လက်ဝါးဖြင့် ခပ်ပြင်းပြင်းရိုက်လိုက်သဖြင့် ရှင်သံဝရက ဦး ပြည်းကိုပွတ်ကာ ငိုမဲ့မဲ့ဖြစ်သွားလေသည်။

“မ....မကြားလို့ပါဘုရာ့”

“ငါမှာထားတာ လုပ်ပြီးပြီလား”

“တင်...တင်ပါ့”

“ပြီးရော။ ညနေကျရင် ငါ့ဆီယူလာခဲ့”

“တင်....တင်ပါ့”

“ဟိုကောင်တွေ.....ငါ့အကြောင်းသိတယ်နော်။ ဆရာတော်ကြီးသိလို့ကတော့ သေမယ်မှတ်”

“တင်ပါ့”

ဦးပဉ္ဇင်းကောဝိဒထွက်သွားသည့်အခါမှ သာမဏေငယ်လေးများလည်း အသက်ရှုချောင်သွားတော့သည်။

“မင်းကို ဆွမ်းကျန်တွေလာပို့ခိုင်းတာမဟုတ်လား သံဝရ”

“ဟုတ်တယ်”

“ဒီကိုယ်တော် လူထွက်သင့်နေပြီ။ ညစာလည်း ခိုးစားတယ်။ အရက်လည်းသောက်တယ်။ ပွဲလမ်းသဘင်ရှိရင် သင်္ကန်းချွတ်ပြီး ပွဲခင်း ကိုသွားတယ်”

“ဇဋိလ....ရှုး.....ကြားသွားလို့ လက်သီးနဲ့ထိုးခံရမယ်”

“ထိုးချင်လည်း ထိုးတော့ကွာ။ ဆွမ်းခံကြွရင်လည်း ဆွမ်းဟင်းကောင်းတွေဖယ်ထားတယ်။ ငါးလည်းမျှားတယ်။ ဟိုတစ်နေ့ကလည်း အရက်တွေမူးပြီး သီချင်းအော်ဆိုနေသံကြားသေးတယ်”

‘မင်းသိသလို ငါတို့လည်းသိတယ်။ ကျန်တဲ့ ကိုယ်တော်တွေလည်းသိတယ်။ ဆရာတော်ကြီးနဲ့ သူ့ခမည်းတော်က ဆရာရင်း ဒကာ ရင်းတွေမို့ မပြောသာလို့ ကြည့်နေကြတာကွ။ ငါတို့ကိုမှ မဟုတ်ဘူး။ အခြားကိုရင်တွေကိုလည်း အနိုင်ကျင့်တာပဲ”

“ငါနဲ့ သံဝရက ပိုဆိုးတာပေါ့ကွ။ ငရဲအိုးထဲကို ဇောက်ထိုးကျမယ့် ကိုယ်တော်။ တော်ပြီကွာ.....အခြားအကြောင်းတွေပဲ ပြောကြမယ်”

ကိုရင်ဇဋိလပြောသည့်စကားကလည်း မှန်ပေသည်။ ဦးပဉ္ဇင်းကောဝိဒသည် အရက်သေစာခိုးသောက်သည်။ ကျောင်းအနောက်ဘက်ရှိ ချောင်းထဲတွင် ငါးမျှားသည်။ ဆွမ်းများဖယ်ထားပြီး ညစာစားသုံးသည်။ ထိုအကြောင်း ဆရာတော်ကြီးသိသလား၊ မသိသလားဆိုသည်ကို မည်သူ မျှတပ်အပ်မပြာနိုင်ကြသော်လည်း ဦးပဉ္ဇင်းကောဝိဒ၏ခမည်းတော်သည် ဆရာတော်ကြီးနှင့် ဆရာရင်း ဒကာရင်းဖြစ်နေသည့်အတွက် ရေငုံနှုတ် ပိတ်ထားကြသည်။ ဆရာတော်ကြီးကလည်း အလွန်အေးသည်။ အပြောအဆို သိမ်မွေ့နူးညံ့သည်။ ဆုံးမစရာရှိပါက စာချကိုယ်တော် ဦးပဉ္ဇင်း ကေသာရကိုသာ ဆုံးမခိုင်းသည်။ ဦးပဉ္ဇင်းကေသရက မယ်တော် မကျန်းမာသဖြင့် ရွာပြန်သွားသည့်အတွက် ဦးပဉ္ဇင်းကောဝိဒ လွတ်လပ်ရေးရနေ သည်။ ဦးပဉ္စင်းကေသရ ကျောင်း၌ရှိပါက ယခုလိုပေါ်ပေါ်ထင်ထင်မလုပ်ရဲပေ။ ကျောင်းအတွက်လိုအပ်သည့် ဆန်ဆီဆား ငါးပိကအစ ဦးပဉ္စင်း ကောဝိဒ၏ခမည်းတော်က လှူဒါန်းနေသဖြင့် သိလျက်သားနှင့် မျက်နှာလွှဲထားခြင်းလည်း ဖြစ်နိုင်ပေသည်။ ရဟန်းဘောင်မှာပင် ဤမျှဆိုးသွမ်း နေသည်ဆိုပါက လူ့ဘောင်တွင် မည်မျှဆိုးသွမ်းနေမည်ကို တွေးကြည့်စရာမလိုတော့ပေ။ ထို့ကြောင့်လည်း သူ့ခမည်းတော်က ဓမ္မစက်ဖြင့်ငြိမ် သက်စေရန် ရဟန်းဘောင်သို့ အတင်းသွပ်သွင်းခဲ့ခြင်းဖြစ်ပေသည်။ ဦးပဉ္ဇင်းကောဝိဒ ယခုကဲ့သို့ဆိုးသွမ်းရခြင်းသည် ကြီးတော်အလိုလိုက်မှု ကြောင့်ဖြစ်ပေသည်။ ပဲခူးမြို့တွင်နေထိုင်သည့် ခမည်းတော်၏အစ်မ ကိုကျော်ခင်( ဦးပဉ္ဇင်းကောဝိဒ)၏ ကြီးတော်က သားသမီးမထွန်းကားသ ဖြင့် ကိုကျော်ခင်အား ခေါ်ယူမွေးစားခဲ့ပြီး ကျောင်းထားပေးခဲ့သည်။ ကိုကျော်ခင်သည် ကျောင်းပညာသင်ယူခြင်းမရှိဘဲ ကျောင်းပြေးပြီး ငါးမျှား သည်။ ထန်းရည်သောက်သည်။ လောင်းကစားလုပ်သည်။ ရန်ဖြစ်သည်။ ကြီးတော်ကလည်း ကိုကျော်ခင်အား သားအရင်းတစ်ယောက်လိုချစ် သည့်အတွက် ကိုကျော်ခင်ပြောသမျှယုံသည်။ ကိုကျော်ခင်ဘက်မှ ရပ်တည်ပေးသည်။ အလိုလိုက်သည်။ ကိုကျော်ခင်တစ်ယောက် ကျောင်း ဆက်မတက်တော့ဘဲ လေလွင့်နေခဲ့သည်။ ကိုကျော်ခင်၏သတင်းက လူချင်းဆောင်၍ သနပ္ပင်မှ ကိုကျော်ခင်၏ဖခင်ထံသို့ ဆိုက်ဆိုက်မြိုက် မြိုက်ရောက်သွားသည့်အခါ သနပ္ပင်သို့ ပြန်ခေါ်သွားပြီး လယ်ယာလုပ်ငန်းများကိုလုပ်ကိုင်စေသည်။ သို့သော်လည်း လက်ကြောမတင်းသည့် အပြင် အသောက်အစားနှင့် လောင်းကစားကိုဝါသနာထုံသည့်အတွက် ကိုကျော်ခင်၏ဖခင်က ရိုက်နှက်ဆုံးမလေသည်။ ထို့နောက် ကိုကျော်ခင် က ဖခင်မရှိသည့်အချိန်တွင် ကြီးတော်ထံသို့ ပြန်ပြေးပြန်သည်။ ဖခင်က ကြီးတော်ထံတွင် ခိုလှုံနေသည့်ကိုကျော်ခင်အားခေါ်ယူကာ ပဲခူးမြို့မှ ဘုန်းကြီးကျောင်းတွင် သာမဏေအတင်းဝတ်ခိုင်းသဖြင့်ဝတ်လိုက်ရသည်။ ရှင်သာမဏေဝတ်ပြီးသုံးလအကြာတွင် ကိုကျော်ခင်၏အကျင့်စာရိတ္တ ကို ဆရာတော်ကြီး လက်မခံနိုင်တော့သဖြင့် လူဝတ်လဲစေပြီး ဖခင်ထံသို့ ပြန်လည်အပ်နှံလိုက်သည်။

ကိုကျော်ခင် အသက်နှစ်ဆယ်အရွယ်တွင် သက္ကလမှ အမျိုးသမီးတစ်ဦးကို ပဲခူးမှကြီးတော်အိမ်သို့ခိုးပြေးသည်။ အမျိုးသမီးသည် သား နှစ်ယောက်မိခင် မုဆိုးမဖြစ်နေသည်။ ကိုကျော်ခင်ထက်လည်း အသက်ရှစ်နှစ်ခန့်ကြီးသည်။ ကလေးနှစ်ယောက် မိခင်မုဆိုးမအား ခိုးပြေးလာ သော်လည်း သားအရင်းကဲ့သို့ဖြစ်နေသဖြင့် လက်ခံလိုက်ရသည်။ သို့သော်လည်း အနေကြာလာသည့်အခါ ကိုကျော်ခင်၏ဇနီးက အပြောအဆို ကြမ်းတမ်း၊ စရိုက်ကြမ်းသည့်အပြင် ကလေးနှစ်ယောက်ကိုပါ အိမ်ပေါ်ခေါ်တင်လာသဖြင့် ကြီးတော်ကြီးလည်း သည်းမခံနိုင်တော့ဘဲ ကိုကျော် ခင်တို့ကို အိမ်ပေါ်မှမောင်းချလိုက်လေတော့သည်။

ကြီးတော်ကလည်းနှင်ချလိုက်သည့်အတွက် မိဘဆီသို့လည်းမပြန်ရဲဘဲ ဇနီးသည်နှင့်အတူ သက္ကလရွာတွင်နေထိုင်လေသည်။ အလုပ် မလုပ်ဘဲ မုဆိုးမလုပ်ကိုင်ရှာဖွေသမျှထိုင်စားနေသည့်ကိုကျော်ခင်နှင့် မုဆိုးမဇနီးသည်တို့ အဆင်မပြေတော့ဘဲ ခိုက်ရန်ဖြစ်ပွားပြီး လင်မယားခန်း ဇာတ်သိမ်းသွားလေတော့သည်။ နောက်ဆုံးတွင် ကိုကျော်ခင်တစ်ယောက် မိဘအိမ်သို့ပြန်ရောက်လာရတော့သည်။ မိဘအိမ်သို့ပြန်ရောက်လာ သော်လည်း အမူအကျင့်မပြောင်းလဲသဖြင့် ကိုကျော်ခင်၏ဖခင်က ဆရာရင်း ဒကာရင်းဖြစ်သည့် ဆရာတော်ကြီး ဘဒန္တဇောတိပါလထံသို့ အပ်နှံ လိုက်ရလေတော့သည်။ ကိုကျော်ခင်၏ဖခင်သည် အနေအေးသော်လည်း လက်သံအလွန်ပြောင်သည်။ ရဟန်းအပြီးမဝတ်ပါက ကိုကျော်ခင်အား သတ်ပြီး ထောင်ထဲဝင်မည်ဟုပြောဆိုထားသဖြင့် ကိုကျော်ခင်တစ်ယောက် ရဟန်းဘောင်သို့ ဝင်ခဲ့ရခြင်းဖြစ်ပေသည်။ ကြီးတော်ကြီးကလည်း ကို ကျော်ခင်အား အကာအကွယ်မပေးတော့သဖြင့် ဖခင်စီမံသည့်အတိုင်း သာသနာ့ဘောင်သို့ဝင်ခဲ့ရလေသည်။

ဦးပဉ္ဇင်းကောဝိဒသည် ဆွမ်းခံထွက်ချင်သည့်အခါမှထွက်သည်။ ဆွမ်းခံထွက်၍ ဆွမ်းဟင်းကောင်းများပါလာလျှင် သူ၏ကျောင်းဆောင် ထဲ၌ အရင်သိမ်းပြီးမှ သပိတ်အပ်တတ်သည်။ ကိုရင်သံဝရက သံဃာတော်များအတွက် ဆွမ်းပွဲပြင်ဆင်ပေးရသည့်အတွက် ဆွမ်းကျန်ဟင်းကျန် များထဲမှ ညစာအတွက်ဖယ်ထားရန် ဦးပဉ္ဇင်းကောဝိဒက အမိန့်ပေးထားသည်။ မိုးကာလ ချောင်းရေလျှံသည့်အချိန်သည် ဦးပဉ္ဇင်းကောဝိဒ အ တွက် အပျော်ဆုံးအချိန်ဖြစ်သည်။ ခမည်းတော်လည်း ကျောင်းသို့မလာနိုင်၊ ချောင်းသို့သွားပြီး ငါးမျှားစရာမလိုဘဲ ကျောင်းဆောင်ကြမ်းပြင်မှ ပျဉ်ချပ်ကိုခွာပြီး ငါးမျှားရုံသာ။ အရက်သေစာဝယ်လိုသည့်အခါ သင်္ကန်းကိုချွတ်၊ လူဝတ်စွပ်၍ အပြင်သို့ တိတ်တဆိတ်ထွက်သွားတတ်သည်။ ညချမ်းအချိန် အာပတ်ဖြေ ဝတ်တက်ပြီးသည်နှင့် ကျောင်းသင်္ခမ်းတံခါးပိတ်ကာ အပါယ်လားကြောင်းတရားကို ရှာဖွေလေတော့သည်။

ဦးပဉ္ဇင်းကောဝိဒသည် ပစ္စည်းဥစ္စာကိုလည်းအလွန်မက်မောသည်။ သူ၏ကျောင်းသင်္ခမ်းထဲသို့ မည်သူ့ကိုမျှအဝင်မခံ၊ သူ၏သင်္ကန်း ဟောင်းနွမ်းသွားပါက သင်္ကန်းဆင်းရဲရှာသည့် အခြားကိုယ်တော်များကိုမစွန့်ကြဲ၊ ဆုတ်ဖြဲ၍စွန့်ပစ်တတ်သည်။ ဦးပဉ္ဇင်းကောဝိဒ၏မိဘများသည် လယ်မြေအမြောက်အများပိုင်ဆိုင်ကြသူများဖြစ်ကြသဖြင့် ငွေကြေးတတ်နိုင်ကြသည်။ မယ်တော်က ခမည်းတော်မသိစေရန် သားဖြစ်သူ ရှင်ရ ဟန်းအား တိုးတိုးတိတ်တိတ် ဝတ္ထုငွေကပ်လှူတတ်သည် ။ ထိုဝတ္ထုငွေက သူရာရည်အဖြစ် သို့ပြောင်းလဲသွားလိမ့်မည်ဟု မယ်တော်ကြီး သိရှာ လိမ့်မည်မဟုတ်ပေ။ ခမည်းတော် ကျောင်းသို့လာသည့်နေ့တွင် ဦးပဉ္ဇင်းကောဝိဒ၏အသံကို ကြားချင်၍ပင်မကြားရပေ။ အဘယ့်ကြောင့်ဆိုရ သော် ကျောင်းဆောင်တံခါးကိုသော့ခတ်၍ အခြားနေရာသို့ ရှောင်ထွက်သွားခြင်းကြောင့်ဖြစ်ပေသည်။ ဦးပဉ္ဇင်းကောဝိဒ၏ခမည်းတော်က သား ရဟန်းကောဝိဒ မည်သည့်နေရာသို့ကြွသွားသနည်းဟု အမေးရှိလာခဲ့ပါက ကိုယ်တော်ရဟန်းများက ဝိနည်းလွတ်ရှောင်ကွင်းသွားကြသော်လည်း သာမဏေငယ်များက ဦးပဉ္ဇင်းကောဝိဒ မှာကြားထားသည့်အတိုင်း လိမ်လည်ဖြေကြား၍ မုသာဝါဒကံကို ကျူးလွန်ကြရရှာလေသည်။

********************

ဆရာတော်ကြီး ကိစ္စတစ်ခုဖြင့် ရန်ကုန်မြို့သို့ကြွသွားသဖြင့် ဦးပဉ္ဇင်းကောဝိဒ စိတ်လွတ်ကိုယ်လွတ် ဖြစ်ချင်တိုင်းဖြစ်နေသည်။

“ဇဋိလ......”

“တင်ပါ့”

“ဟိုကောင် ဒက်ကြီးရော....”

“ကျောင်းနောက်မှာရှိမယ်ထင်တယ် ဘုရား”

”ရော့.....ဟောဒီငါးတွေကို မီးကင်ပြီး ငါ့ဆီယူလာခဲ့လို့ပြောလိုက်”

ပါးဟက်ထဲသို့ မြက်ထည့်ပြီးသီထားသော်လည်း မသေသေးဘဲ လှုပ်နေကြသည့် ငါးပြေမ သုံးကောင်ကိုကြည့်ပြီး ကိုရင်ဇဋိလ နောက်သို့ ဆုတ်လိုက်သည်။

“ဟာ......ငါးတွေက အရှင်ကြီးတွေ။ တပည့်တော် ငရဲကြီးမှာကြောက်တယ်”

“တောက်......။ ငါခိုင်းတာ လုပ်စမ်းကွာ”

“မလုပျဘူး......”

ကိုရင်ဇဋိလက အကြောက်အကန်ငြင်းဆန်၍ ထွက်ပြေးသွားသဖြင့် ဦးပဉ္ဇင်းကောဝိဒ စိတ်ဆိုးသွားလေသည်။ ထို့နောက် ငါးများကိုယူ ကာ ကျောင်းနောက်ဘက်သို့ထွက်သွားလေသည်။

“ကိုယ်တော်......”

ကျောင်းနောက်သို့မရောက်ခင် ဦးပဉ္ဇင်းကေသာရနှင့် ထိပ်တိုက်တိုးသည့်အခါ ငါးများကို သင်္ကန်းကြားသို့ အမြန်ထိုးသွင်းကာ ဝှက်ထား လိုက်သည်။

“ဘုရား....”

“သင်္ကန်းကိုလှပ်လိုက်ပါ ။ တပည့်တော် မြင်ပါတယ်”

“အဲ..အဲဒါက”

“တပည့်တော်ကို ပြပါဦး”

ဦးပဉ္ဇင်း ကောဝိဒက သင်္ကန်းကြားမှ ငါးပြေမများကို ထုတ်ပြလိုက်သည်။

“အရှင်တွေပါလား။ အဲဒီငါးတွေ ဘယ်ကရသလဲ ဘုရား”

“ဟို......ဟို...စားချင်လို့ တံငါသည်ဆီက အလှူခံမိတာပါ ဘုရား”

“သံဃာတော်နဲ့ မအပ်စပ်တဲ့အလုပ်၊ ဝိနည်းနဲ့မညီတဲ့အလုပ်တွေ မလုပ်ပါနဲ့ဘုရား။ အဲဒီငါးတွေကို ချောင်းထဲပြန်လွတ်ဖို့ တပည့်တော် အလှူခံပါတယ်”

“ဟာ...မလုပျပါနဲ့”

“ငါးတွေက အသက်မသေသေးပါဘူး ဘုရား”

“အချိန်တန်ရင် သူ့အလိုလိုသေသွားမှာပေါ့”

“တပည့်တော် ပြောမရရင် ဆရာတော်ကြီးကိုတိုင်ရပါလိမ့်မယ်။ တပည့်တော်အလှူခံပါတယ်”

“ကဲကွာ……”

ဦးပဉ္ဇင်းကောဝိဒက စိတ်ဆိုးမာန်ဆိုးဖြင့် ငါးပြေမများကို အဝေးသို့လွှင့်ပစ်လိုက်လေသည်။

“ကိုယ်တော်…..ဘယ်လိုလုပ်လိုက်တာလဲ။ အတော်ခက်တဲ့ကိုယ်တော်ပဲ”

ဦးပဉ္ဇင်းကေသာရက ဦးပဉ္ဇင်းကောဝိဒ၏မျက်နှာကို အသေအချာကြည့်ကာ ခေါင်းခါ၍ဆရာတော်ကြီးသီတင်းသုံးသည့်ကျောင်းဘက်သို့ ထွက်သွားလေသည်။

ဦးပဉ္ဇင်းကေသာရက မည်သူ့ကိုမျှမတိုင်ကြားဘဲ သတိပေးရုံသက်သက်သာပြောဆိုခဲ့သော်လည်း ဦးပဉ္ဇင်းကေသာရအပေါ် အမျက်သို သွားခဲ့သည်။ ထိုနေ့သည် ဦးပဉ္ဇင်းကောဝိဒအတွက် ရခဲသည့်ရဟန်းဘဝနှင့်လူ့ဘဝကိုစွန့်လွှတ်ရမည့်နေ့တစ်နေ့ဖြစ်လာခဲ့သည်။ ဦးပဉ္ဇင်းကေသာ ရ ကျောခိုင်းထွက်သွားသည့်အချိန်တွင် ဒေါသစိတ်ကိုမထိန်းနိုင်ဘဲ ရိုက်နှက်ရန်လက်ရွယ်၍ တလသတ္တိက သိက္ခာပုဒ်ကို ကျူးလွန်ခဲ့ပြန်သည်။ ထို သို့သောအကြောင်းများကြောင့် ဦးပဉ္ဇင်းကောဝိဒတစ်ပါး ဘဝကူးမကောင်းနိုင်ရှာခဲ့ပေ။

*************************

“ကိုယ်တော်တို့.....ကောဝိဒကိုယ်တော်ကို မြင်မိကြသေးလား”

ဦးပဉ္ဇင်းကေသာရက ရုတ်တရက်မေးလိုက်သဖြင့် သံဃာတော်များနှင့် ရှင်သာမဏေများ အချင်းချင်း မေးခွန်းထုတ်နေကြသည်။

“မတွေ့မိဘူးဘုရား”

“ကိစ္စရှိလို့လား ဘုရား”

“မနက်က ဆွမ်းလာမစားဘူး။ အခုလည်း ဝတ်မတက်လို့ မေးကြည့်တာပါ”

“မနေ့ကတော့ ကိုရင်ဇဋိလကို ငါးတွေပေးနေတာမြင်လိုက်သေးတယ်”

“အဲဒီကိစ္စကို သတိပေးလိုက်လို့ တပည့်တော်ကို စိတ်ဆိုးသွားတယ်ထင်တယ်။ ဒီမနက် တပည့်တော်သွားကြည့်တော့ ကျောင်းဆောင် တံခါး သော့ခတ်ထားတာတွေ့ခဲ့တယ်။ ဘယ်များသွားနေသလဲမသိဘူး”

“အရှင်ဘုရားက အဲဒီကိုယ်တော်အကြောင်း မသိဘူးထင်တယ်”

“တပည့်တော်သိပါတယ်။ ဆင်ရိုင်းတွေကို ယဉ်ပါးလာအောင် ထူးခတ်ပြီး လေ့ကျင့်ယူရတယ်မဟုတ်လား။ အတင်းအကျပ်လုပ်ပြန်ရင် လည်း ကျောင်းကနေ ထွက်ပြေးသွားမှာစိုးရတယ်”

“ဒါဆိုလည်း လူဝတ်လဲခိုင်းပြီး ကပ္ပိယလုပ်ခိုင်းလိုက်ပေါ့ ဘုရား။ အရှင်ဘုရားမသိသေးတာ အများကြီးရှိသေးတယ်”

“ဘာတွေဖြစ်နေလို့တုန်း ကိုယ်တော်။ တပည့်တော် မသိတာရှိရင် ပြောပြကြမှပေါ့”

“ဒုဋ္ဌုလ္လဝါစာ( ရုန့်ရင်းကြမ်းတမ်းသောစကားပြောဆိုခြင်း)ပြောတဲ့ကိုယ်တော်ကို တပည့်တော်ကတော့ မပြောရဲဘူးဘုရား။ ကိုယ်တော် ကောဝိဒက နှစ်ဝါတောင်ရနေပြီပဲ။ အရှင်ဘုရားမသိဘူးဆိုတာ တပည့်တော် နားမလည်တော့ဘူး”

“တပည့်တော် တကယ်မသိတာပါဘုရား”

“ကိုယ်တော်ရယ်.....ဆရာတော်ကြီးမသိအောင် ခိုးခြောင်ခိုးဝှက်လုပ်နေတာဆိုတော့ ဘယ်လိုလုပ်သိမှာလဲ။ တပည့်တော်တို့ကတော့ သူ့ကိုရှောင်တယ်။ ဖြစ်နိုင်ရင် ဆွမ်းတောင်အတူဘုဉ်းမပေးချင်ဘူး ဘုရား”

“အဲဒီလိုလုပ်လို့တော့မရဘူးလေ။ သံဃာချင်းညီညွတ်ရမှာပေါ့။ အမှားတွေ့ရင် ပြုပြင်ပေးကြရမှာပေါ့။ တပည့်တော်မှာ အခြားကိစ္စတွေ ကလည်းရှိနေတော့ အပြည့်အစုံမသိနိုင်ဘူး။ အရှင်ဘုရားတို့ပြောပြမှပဲ သိရမှာပါဘုရား”

“အရှင်ဘုရားကိုယ်တိုင်သာ စုံစမ်းပါဘုရား။ တပည့်တော်တို့ကတော့ မပြောချင်တာအမှန်ပါပဲ”

“တပည့်တော်တို့ အာပတ်ဖြေ ဒေသနာကြားကြတဲ့အခါ ဝါစဉ်အလိုက် လေးလေးစားစားအပြန်အလှန် ဒေသနာကြားကြရတယ်မဟုတ် လား။ အကြီးက အငယ်ကို အယတိံ အာဝုသော သံဝရေယျာသိ၊ အငယ်က အကြီးကို အယတိံ ဘန္တေ သံဝရေယျာထ ဆိုပြီး သိက္ခာစောင့်ထိန်းဖို့ သတိပေးကြရတယ်။ အာပတ္တိ အပြစ်မကျူးလွန်ဖြစ်အောင် ကြိုတင်ထိန်းသိမ်းပေးကြရင် ပိုကောင်းတာပေါ့ဘုရား။ ပါရာဇိကလို ဂရုကအာပတ် ( ကြီးလေးသော အပြစ် )သင့်ရင် ရခဲတဲ့ရဟန်းဘဝကို ဆုံးရှုံးရတော့မယ်။ အမြင်မတော်တာတွေ့လို့ မပြောချင်ဘူးဆိုရင်တောင်မှ တပည့်တော်ကို တိုးတိုးတိတ်တိတ်လာပြောရမှာပေါ့ ဘုရား”

“တင်ပါ့ ဘုရား။ တပည့်တော်တို့ မှားသွားပါတယ်”

“အင်း.....တစ်နေရာရာမှာရှိမှာပါ။ သူ စိတ်ပြေရင်ပြန်လာပါလိမ့်မယ်။ ကိုယ်တော်ကောဝိဒကိုတွေ့ရင် တပည့်တော်ကို လာပြောကြပါ”

“တင်ပါ့ဘုရား”

***************************

“အ...အရှင်ဘုရား.......အရှင်ဘုရား”

ညနေငါးနာရီကျော်လောက်တွင် ကျောင်းပေါ်သို့ ကိုရင်သုံးပါး အပြေးအလွှားတက်လာကြသဖြင့် ဦးပဉ္ဇင်းကေသာရ စာဖတ်နေရာမှ လှည့်ကြည့်လိုက်သည်။

“ဘာဖြစ်လာကြတာတုန်း ”

“ဦး... ဦးပဉ္ဇင်း ကောဝိ...ကောဝိဒ ....ရေ...ရေနစ်နေလို့”

“ဟေ.......၊ ဘယ်မှာတုန်း ဇဋိလ”

“ကျောင်း....ကျောင်းနောက်က....ချောင်း......ချောင်းစပ်မှာပါဘုရား”

“ဟာ......၊ လာ...လာ...ငါ့ကို လိုက်ပြစမ်း”

စာအုပ်ကို စားပွဲပေါ်သို့တင်လိုက်ပြိး သင်္ကန်းပြင်ဝတ်ကာ ကျောင်းပေါ်မှပြေးဆင်းသွားသည့် ဦးပဉ္ဇင်းကေသာရနောက်သို့ ကိုရင်ဇဋိလ တို့သုံးပါးလည်း အပြေးအလွှားလိုက်သွားကြသည်။ ကျောင်းနောက်ဘက် ချောင်းသို့ရောက်သည့်အခါ မှောက်လျက်လဲနေပြီး ရေထဲသို့ ဦးခေါင်း နစ်နေသည့် ဦးပဉ္ဇင်းကောဝိဒကို မြင်တွေ့လိုက်ရသဖြင့် ဦးပဉ္ဇင်းကေသာရက အပြေးအလွှားသွားကာ ဦးပဉ္ဇင်းကောဝိဒအား ကမ်းပေါ်သို့ဆွဲတင် လိုက်သော်လည်း အသက်မဲ့၍ ခန္တာကိုယ်တောင့်တင်းနေလေပြီ။ အပေါ်ပိုင်းတွင် သင်္ကန်းရုံထားခြင်းမရှိဘဲ သင်းပိုင်တစ်ထည်သာ ဝတ်ဆင်ထား ပေသည်။ ဦးပဉ္စင်းကောဝိဒ၏အနီးတွင်လည်း သူရာရည်ပုလင်း၊ အုန်းမုတ်ရေခွက်နှင့် ပုရွက်ဆိတ်များတက်ကာ ယင်ကောင်တလောင်းလောင်း ဖြစ်နေသည့် အစားအသောက်ပန်းကန်ကိုလည်း မြင်တွေ့ရလေသည်။ တပို့တွဲအကုန် တပေါင်းလမို့ ချောင်းရေက ပေါင်လယ်လောက်သာရှိပေ သည်။ ရေနစ်စရာအကြောင်းမရှိဘဲ မည်သည့်အတွက်ကြောင့် ရေနစ်သေဆုံးရသည်ကို ဦးပဉ္စင်းကေသာရ စဉ်းစားမရနိုင်ပေ။

“ဇဋိလ....”

“ဘုရား...”

“ဒီမှာ ခဏစောင့်နေကြ။ ကိုယ်တော်ဝါယမကို ရွာထဲက လူကြီးတွေသွားခေါ်ခိုင်းပြီး ကိုယ်တော်ဇောတိကကို သနပ္ပင်ကိုအမြန်လွှတ် လိုက်ဦးမယ်”

“တင်ပါ့ဘုရား”

ဦးပဉ္စင်းကေသာရ ကျောင်းဘက်သို့ထွက်သွားသည့်အချိန်တွင် ကိုရင်ဇဋိလတို့သုံးပါးက ဦးပဉ္စင်းကောဝိဒအလောင်းနှင့် မလှမ်းမကမ်း တွင်ရပ်နေကြသည်။ မျက်လုံးများပြူးကျယ်နေပြီး ပါးစပ်ဟကာ လက်နှစ်ဖက်ထောင်နေသည့် ဦးပဉ္စင်းကောဝိဒ၏ အသက်မဲ့နေသည့် ရုပ်အ လောင်းက ကြောက်စရာကောင်းလွန်းနေသည်။

“သံဝရ.....အနားကိုသွားကြည့်ကြရအောင်”

“ငါမကြည့်ရဲဘူး။ ကြောက်တယ်”

“သေနေပါပြီကွ။ မင်းကို ဘာမှမလုပ်နိုင်တော့ပါဘူး”

“သေနေလို့ ပိုကြောက်တာပေါ့ကွ။ မင်းဟာမင်းသွားကြည့်”

“ငါသွားကြည့်လိုက်ဦးမယ်”

“ငါပါ လိုကျမယျ ဇဋိလ”

“အေး...လိုက်ခဲ့”

ကိုရင်ဇဋိလနှင့် ကိုရင်ဝိမလတို့နှစ်ပါး ဦးပဉ္စင်းကောဝိဒ၏အလောင်းအနီးသို့ ချဉ်းကပ်သွားကြပြီး ကြည့်ရှုနေကြစဉ် ဦးပဉ္စင်းကောဝိဒ၏ မျက်လုံးတစ်ဖက်က မှိတ်ချည်ပွင့်ချည်ဖြစ်သွားသဖြင့် ကိုရင်ဇဋိလနှင့် ကိုရင်ဝိမလတို့ ကြောက်လန့်ပြီး အော်ဟစ်ထွက်ပြေးကြလေသည်။

“အမလေး.........”

ကိုရင်သံဝရလည်း ကိုရင်ဇဋိလတို့နောက်သို့ ပြေးလိုက်ရင်း အကျိုးအကြောင်းမေးလိုက်သည်။

“ဘာဖြစ်တာလဲ”

“မျက်လုံးမှိတ်ပြလို့ဟ.....”

“ဟာ..........”

********************************

ဦးပဉ္စင်းကောဝိဒအား ရင်ခွဲစစ်ဆေးသည့်အခါ ပြင်ပနှင့် ခန္တာကိုယ်အတွင်းပိုင်း၌ ဒဏ်ရာဟူ၍မတွေ့ဘဲ အရက်သေစာသောက်စားထား ပြီး လည်ချောင်းအစာပြွန်ထဲတွင် အစာများတစ်ဆို့နေသည်။ အဆုတ်ထဲတွင်လည်း ရေများရောက်နေသည်ကိုသာ စစ်ဆေးတွေ့ရှိခဲ့ကြသည်။ အ စာနင်သဖြင့် ချောင်းရေကို ငုံ့သောက်သည့်အချိန်တွင် အရက်မူးလွန်နေသောကြောင့် ရေမွန်းသေဆုံးခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချသော် လည်း လူသေမှုဖြစ်ပွားခဲ့သည့်အတွက် သံဃာတော်များနှင့်သာမဏေများ အစစ်အဆေးခံခဲ့ကြရသည်။ ထိုအခါမှ ဦးပဉ္စင်းကောဝိဒ ပြုမူလုပ် ဆောင်နေခဲ့သည့် အကြောင်းများအား သံဃာများနှင့်သာမဏေများက ပွင့်ပွင့်လင်းလင်းထွက်ဆိုခဲ့ကြလေသည်။

ဦးပဉ္စင်းကောဝိဒ၏နောက်ဆုံးခရီးသည်လည်း အေးအေးဆေးဆေး ပြီးမြောက်သွားခဲ့သည်။ သို့ပါသော်လည်း ဘဝပြောင်းသွားခဲ့သည့် ဦးပဉ္စင်းကောဝိဒကတော့ မပြီးမြောက်နိုင်ဘဲ ပျံလွန်ပြီး ဆယ်ရက်ကျော်အကြာ၌ မျိုးစုံခြောက်လှန့်လေတော့သည်။

“ဇဋိလ.......”

“ဘာလဲ သံဝရ”

“ဦးပဉ္စင်းကောဝိဒရဲ့ကျောင်းနားကို မသွားနဲ့နော်”

“မသွားပါဘူး။ မနေ့ညကတောင် အဲဒီနားမှာ လေးဘက်ကုန်းပြီးသွားနေတဲ့ မည်မည်းကြီးကိုမြင်လိုက်တယ်လို့ ဦးပဉ္စင်းနန္ဒိယတို့ပြော နေတာ ကြားလိုက်သေးတယ်”

“ငါကြားတာတော့ အဲဒီထက်ဆိုးတယ်ကွ။ ဦးပဉ္စင်းပဏ္ဍိတကျိန်းနေတုန်း ကိုယ်ပေါ်က ခွစီးထားပြီး သင်္ကန်းတွေဆွဲချွတ်လို့တဲ့”

“ငါကြားပြီးပါပြီ။ အဲဒီကိုယ်တော်က ဦးပဉ္စင်းကောဝိဒရဲ့ သင်္ကန်းတွေကို မကြောက်မရွံ့ဝတ်တာကိုး”

“ဆရာတော်ကြီးစွန့်တော့လည်း ဝတ်ရတာပေါ့ကွာ။ သင်္ကန်းဆင်းရဲတော့ ဘယ်လိုလုပ်မလဲ”

“မင်းလည်း သတိထားနေ။ ဦးပဉ္စင်းကောဝိဒက မင်းကိုအနိုင်ကျင့်နေကျဆိုတော့ မင်းဆီလာလိမ့်မယ်”

“ဟာ......မလုပ်ပါနဲ့။ မသေခင်ကတည်းက သူ့ကို သေမလောက်ကြောက်ရတာ”

“အလကားစတာပါကွာ၊ မကြောက်ပါနဲ့။ ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ပေါ့ သံဝရရာ”

“ဘုန်းကြီးသရဲက ပဋ္ဌာန်းလည်းမကြောက်၊ ကမ္မဝါလည်းကြောက်မှာမဟုတ်ဘူး။ ကျောင်းဝင်းထဲမှာခြောက်လှန့်နေတာကိုပဲကြည့်လေ။ သူ့အတွက် အမျှဝေပြီးတာတောင် ကျွတ်မှမကျွတ်တာ”

“မင်းပြောတာလည်း ဟုတ်နေတာပဲ။ ဆရာတော်ကြီးကို မခြောက်ဘူးလားမသိဘူး”

“အေးနော်......။ ဆရာတော်ကြီးရော ဦးပဉ္စင်းကေသရကိုရော ခြောက်တာမကြားမိဘူး”

“ဆရာတော်ကြီးက သီလသမာဓိကောင်းတယ်ကွ။ ဒါကြောင့်မခြောက်တာဖြစ်မယ်”

“ဆရာတော်ကြီးနဲ့ တစ်ကျောင်းတည်းနေရလို့တော်သေးတာပေါ့ကွာ”

“မကြောက်ပါနဲ့ သံဝရရာ”

မကြောက်ပါနှင့်ဟု ကိုရင်သံဝရကိုအားပေးစကားပြောလိုက်ရသော်လည်း ကိုရင်ဇဋိလကိုယ်တိုင်က ကြောက်ရွံ့နေသည်။ ရှင်သာမ ဏေခြောက်ပါးထဲတွင် ကိုရင်ဇဋိလနှင့် ကိုရင်သံဝရတို့က အသက်အငယ်ဆုံးဖြစ်သည့်အတွက် ဦးပဉ္ဇင်းကောဝိဒ၏ အနိုင်ကျင့်ခြင်းကို အမြဲလို ခံနေကြရသည်။ လူ့ဘဝ၊ ရဟန်းဘဝကတည်းက ဆိုးမိုက်နေသူမို့ ဘဝကူးပြောင်း၍နာနာဘာဝသို့ရောက်နေသည့်အခါ ပို၍ဆိုးတော့မည်ဖြစ် ကြောင်း ကိုရင်ဇဋိလ တွေးထင်မိလေသည်။

**************************

တပေါင်းလပြည့်ကျော်နှစ်ရက်နေ့မို့ လမင်းကြီးက ထိန်ထိန်သာနေသည်။ ပူအိုက်လွန်းသောကြောင့် မကျိန်းစက်နိုင်သေးသဖြင့် ကျောင်းသင်္ခမ်းရှေ့တွင် ဦးပဉ္စင်းကေသာရ စင်္ကြံလျှောက်နေသည်။ ရဟန်းသံဃာများနှင့် သာမဏေများကျိန်းစက်နေကြသဖြင့် တိတ်ဆိတ် ငြိမ်သက်ကာ သစ်ရွက်များကို လေတိုးသည့်အသံကိုပင် အတိုင်းသားကြားနေရသည်။ ကျက်သရေခန်းမှ မီးအလင်းရောင်ကိုမြင်နေရသဖြင့် ဆရာတော်ကြီးလည်း မကျိန်းစက်သေးဘဲ တရားထိုင်ခြင်း စာဖတ်ခြင်း တစ်ခုခုလုပ်နေမည်ဟု ဦးပဉ္စင်းကေသာရ တွေးလိုက်မိသည်။ ဦးပဉ္စင်း ကောဝိဒသည် မကျွတ်မလွတ်သေးဘဲ ခြောက်လှန့်နေကြောင်း ကြားသိထားသဖြင့် ဦးပဉ္ဇင်းကောဝိဒ နေထိုင်သီတင်းသုံးခဲ့သည့် ကျောင်းသင်္ခမ်း ငယ်ဆီသို့ ကြည့်လိုက်မိသည်။ ထိုအချိန်မှာပင် ကျောနောက်မှ အသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည့်အခါ လူကြီးခါးစောင်းသာသာမျှရှိ ပြီး နက်မှောင်နေသည့် ခွေးကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ခွေးနက်ကြီး၏မျက်လုံးသည် ဝါထိန်နေပြီး အမွေးများက နက်မှောင်ကာ ပြောင်လက်နေသည်။ ထိုခွေးနက်ကြီးကို တစ်ခါမျှမမြင်ဘူးသည့်အပြင် အန္တရာယ်ပြုမည်စိုးသဖြင့် ဦးပဉ္ဇင်းကေသာရ သတိဖြင့်စောင့်ကြည့်နေ သလို ခွေးနက်ကြီးကလည်း ဦးပဉ္ဇင်းကေသာရအား စိုက်ကြည့်ကာ မာန်ဖီနေသည်။

အကာလအချိန်အခါဖြစ်နေသည့်အပြင် ထိုခွေးနက်ကြီးအား မြင်တွေ့ဖူးခြင်းမရှိသဖြင့် သွေးရိုးသားရိုးမဟုတ်နိုင်ကြောင်း ဦးပဉ္ဇင်းကေ သာရ တွက်ဆလိုက်ပြီး ခွေးနက်ကြီး၏မျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ကာ မေတ္တာသုတ်ပရိတ်တရားတော်ကို ဌာန်ကရိုဏ်းကျန ပီပီသသရွတ် ဆို လေတော့သည်။ ဦးပဉ္ဇင်းကေသာရ မေတ္တာသုတ်ရွတ်ဆိုနေစဉ် ခွေးနက်ကြီးက သွားဖြဲပြီးမာန်ဖီနေရာမှ နောက်သို့တဖြည်းဖြည်း ဆုတ်သွား လေသည်။ ခဏအကြာတွင် ဆရာတော်ကြီးသီတင်းသုံးသည့်ကျောင်းဘက်သို့ပြေးသွားပြီး ရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။ထိုအခါမှ ခွေးနက်ကြီးသည် သတ္တဝါအစစ်အမှန်မဟုတ်ဘဲ နာနာဘာဝသာဖြစ်ကြောင်း ဦးပဉ္ဇင်းကေသာရ အသေအချာသိခွင့်ရသွားလေသည်။

************************

“ဇဋိလ…ငါ ဝစ္စကုဋိ( အိမ်သာ) သွားချင်တယ်။ အဖော်လိုက်ပေးပါလား”

“သံဝရရာ…..အချိန်မတော်ကြီးမှ သွားချင်ရလား”

“ငါလည်း ကြောက်လို့အောင့်ထားတာ။ အခုမအောင့်နိုင်တော့လို့ပါ။ လိုက်ခဲ့ပေးပါဇဋိလရယ်”

“သွားမယ်ဆိုလည်းလုပ်ကွာ”

“ငါ မအောင့်နိုင်တော့ဘူး ဇဋိလ။ မီးခွက်ယူပြီးနောက်ကလိုက်ခဲ့ပေတော့”

“မယူတော့ဘူး။ အပြင်မှာ လသာနေတယ်”

ကိုရင်သံဝရက အိပ်ရာမှလူးလဲထကာ ကျောင်းအောက်သို့ ဆင်းပြေးသွားသဖြင့် ကိုရင်ဇဋိလက ခြေဖွနင်းကာ အပြေးလိုက်သွား လေသည်။

“ဖြည်းဖြည်းလုပ်ပါဟ ။ အခြားကိုရင်တွေ နိုးကုန်ပါ့မယ်”

“ထွက်ကျတော့မယ်ကွ”

“မင်းရှေ့က မြန်မြန်သွားပေတော့။ ငါနောက်က လိုက်ခဲ့မယ်”

သင်္ကန်းကိုစလွယ်သိုင်း၍ သင်းပိုင်ကိုမကာ အိမ်သာရှိရာသို့ပြေးသွားသည့် ကိုရင်သံဝရနောက်မှ ကိုရင်ဇဋိလလည်း ပြေးလိုက်သွား သည်။

“ကုဋီတံခါးဖွင့်ထားမယ်နော်။ မင်း အဲဒီမှာစောင့်ပေး”

“စိတ်ချပါ သံဝရရာ”

ကျောင်း၌ ဝစ္စကုဋိ( အိမ်သာ) လေးလုံးရှိပြီး ကုဋိများ၏အနောက်ဘက် မလှမ်းမကမ်းတွင် သုသာန်ရှိပေသည်။ ဝင်းမခတ်ထားသော် လည်း တောဖြစ်နေသည့် ကျူပင်များက ဘုန်းကြီးကျောင်းနှင့်သုသာန်ကို စည်းခြားပေးထားသကဲ့သို့ဖြစ်နေသည်။ ယခင်က အချိန်မတော် အလေးအပေါ့သွားသည့်အခါ မကြောက်မရွံ့သွားရဲကြသော်လည်း ဦးပဉ္ဇင်းကောဝိဒပျံလွန်ပြီး ခြောက်လှန့်ချိန်မှစ၍ ဆရာတော်ကြီးနှင့် ဦးပဉ္ဇင်း ကေသာရနှစ်ပါးမှလွဲ၍ ကျန်သံဃာများနှင့် ကိုရင်သာမဏေများအားလုံး ညအချိန်၌ အဖော်မပါဘဲမသွားရဲကြပေ။

“ဖရော…………”

“ဖြန်း…..ဖြန်း…ဖြန်း….”

သရက်ပင်ပေါ်၌အိပ်တန်းတက်နေကြသည့်ငှက်များ ရုတ်တရက်ထပျံသွားသဖြင့် ကိုရင်ဇဋိလက ကုဋီဘေးမှသရက်ပင်ကြီးပေါ်သို့ မော့ ကြည့်လိုက်သည်။ အိပ်တန်းတက်နေရာမှ အလန့်တကြားထပျံသွားသည့် ငှက်များက အခြားသရက်ပင်ပေါ် သို့ပြောင်းရွှေ့သွားကြသဖြင့် ထိုသ ရက်ပင်ပေါ်တွင် ကျေးငှက်များကို အန္တရယ်ပေးနိုင်မည့် သတ္တဝါတစ်ကောင်ကောင်ရှိနေသည်ဟု ကိုရင်ဇဋိလ တွေးလိုက်မိသည်။

“ဘာ…ဘာဖြစ်တာလဲ ဇဋိလ”

“ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိစ္စကိုယ်ပြီးအောင်ရှင်းစမ်းပါ”

“ပြီးတော့မယ်။ ခဏလေးစောင့်နော်”

“အေးပါ….”

ကိုရင်သံဝရကိုပြန်ဖြေလိုက်သော်လည်း ကိုရင်ဇဋိလ၏မျက်လုံးများက သရက်ပင်ပေါ်မှ လှုပ်ရှားနေသည့်အရာထံသို့ရောက်နေသည်။ သရက်ပင်ပေါ်၌ရှိနေသည့်အရာသည် မည်သည့်သတ္တဝါမှန်းမသိသော်လည်း သစ်ကိုင်းများကို ကွေးညွတ်သွားစေနိုင်သဖြင့် အိပ်တန်းတက်နေ သည့် ငှက်များကို ဖမ်းယူစားသောက်နေသည့် မြွေကြီးတစ်ကောင်ဖြစ်နိုင်သည်ဟုတွေးထင်လိုက်မိသည်။

“သံဝရ…..မပြီးသေးဘူးလား။ မြန်မြန်လုပ်”

“ပြီးပြီ….”

ကိုရင်သံဝရ အိမ်သာထဲမှထွက်လာစဉ် သရက်ပင်ပေါ်မှအရာတစ်ခု အောက်သို့ပြုတ်ကျလာသဖြင့် ကိုရင်ဇဋိလတို့နှစ်ပါးစလုံး သရက် ပင်အောက်သို့ ပြိုင်တူကြည့်လိုက်ကြသည်။ သရက်ပင်အောက်တွင် ငုတ်တုပ်ထိုင်နေသည့်အရာကိုမြင်တွေ့လိုက်ရသည့်အခါ ကိုရင်သံဝရက ကိုရင်ဇဋိလ၏လက်ကိုဆွဲ၍ ကျောင်းသို့ပြေးလေတော့သည်။

“အမလေး…….ဦး…ဦးကောဝိဒ………..။ ဇဋိလ…..ပြေး….ပြေး”

*****************************

ကိုရင်ဇဋိလနှင့်ကိုရင်သံဝရတို့ခြောက်လှန့်ခံရခြင်းကို ဆရာတော်ကြီးသိရှိသွားသော်လည်း ဆရာတော်ကြီးက မည်သည့်စကားမျှမိန့် ကြားခြင်းမပြုဘဲ ဆိတ်ဆိတ်နေတော်မူနေသလို ဦးပဉ္ဇင်းကေသာရကလည်း မသိဟန်ပြုထားလေသည်။ ဘဝကူးမကောင်းခဲ့သည့် ဦးပဉ္ဇင်း ကော ဝိဒသည် ကိုရင်ဇဋိလတို့ကိုသာခြောက်လှန့်သည်မဟုတ်၊ ကျောင်းမှရဟန်းသံဃာများကိုလည်း မျိုးစုံခြောက်လှန့်နေလေသည်။

ယမန်နေ့ညက ကိုရင်ဇဋိလတို့အား ဦးပဉ္ဇင်းကောဝိဒ ခြောက်လှန့်လိုက်သည့်သတင်းကြောင့် အာပတ်ဖြေဝတ်တက်ပြီးသည်နှင့် အပြင် သို့မထွက်ကြတော့ဘဲ ကျောင်းသင်္ခမ်းတံခါးပိတ်ကာ စာဖတ်သည့်ကိုယ်တော်ကစာဖတ်သလို ကျိန်းစက်သည့်ကိုယ်တော်က ကျိန်းစက်ကြလေ သည်။ တပေါင်းအကုန် တန်ခူးလဆန်းမို့ ပူလောင်အိုက်စပ်လွန်းသဖြင့် ဦးပဉ္ဇင်းဝါယမကိုယ်ပေါ်တွင် ချွေးဒီးဒီးကျနေလေသည်။ ကျိန်းစက်၍ မရ သဖြင့် ယပ်တောင်ခပ်ကာ အိပ်ရာထက်တွင် အသြာငိမ်သက်နေလေသည်။

“ကျိန်းလို့မရဘူးမဟုတ်လား ကိုယ်တော်”

“ပူစပ်ပူလောင်နဲ့ ဘယ်လိုကျိန်းလို့ရမှာလဲဗျာ”

“ပြူတင်းပေါက်ဖွင့်လိုက်မလား”

“တပည့်တော်က ပြူတင်းပေါက်ဖွင့်ချင်တာ။ ကိုယ်တော်ကြောက်မှာစိုးလို့”

“ရပါတယ်ဘုရား။ တစ်ပါးတည်းနေတာမှမဟုတ်တာ။ တပည့်တော်တို့က နှစ်ပါးဆိုတော့ မခြောက်လောက်ပါဘူး”

“ပြောမရဘူးဗျ။ ကောဝိဒက ဇဋိလနဲ့သံဝရကိုတောင် ခြောက်လွှတ်လိုက်သေးတာ”

“သံဝရတို့က ငယ်နိုင်လိုဖြစ်နေကြလို့နေမှာပါ။ တပည့်တော်တို့နဲ့ ကောဝိဒက ဘာပြဿနာမှရှိတာမဟုတ်ဘူးလေ”

“ပြူတင်းပေါက်တွေဖွင့်လိုက်မယ်”

“တပည့်တော်ဖွင့်လိုက်ပါ့မယ် ကိုယ်တော်”

“ရပါတယ်….ကိုယ်တော်နေသာသလိုနေပါ။ တပည့်တော်ပဲ ဖွင့်လိုက်ပါ့မယ်”

ဦးပဉ္ဇင်းဇောတိက က စာဖတ်နေရာမှထကာ ပြူတင်းပေါက်ဆီသို့သွားကာ တံခါးဖွင့်လိုက်သည်။ အပြင်ဘက်တွင် လရောင်မှိန်မှိန် အောက်၌ ဟိုမှသည်သို့ ပျံဝဲနေကြသည့် လင်းနို့များမှလွဲ၍ ရှစ်ခွင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

“လေတော့မတိုက်ဘူးဗျ”

“လေမတိုက်ပေမယ့် ခုနကထက်စာရင် နေလို့အဆင်ပြေသွားတယ်”


“ဒါဆို တစ်ညလုံးဖွင့်ထားလိုက်ရမလား
 

ဦးပဉ္ဇင်းဇောတိကမေးလိုက်သည့်မေးခွန်းကို ဦးပဥ္ဇင်းဝါယမက အတန်ကြာစဉ်းစားလိုက်ပြီးမှ အဖြေပေးလိုက်သည်။

“ဖွင့်ထားလိုက်ပါဗျာ…။ တစ်ညလုံး ချွေးဒီးဒီးကျပြီး ကျိန်းလို့မှာမဟုတ်ဘူး"

“တင်ပါ့….”

*******************

ပြူတင်းပေါက်ဖွင့်ထားသော်လည်း ပူအိုက်လွန်းသဖြင့် ကျိန်းစက်မရနိုင်သောကြောင့် ယပ်တောင်ခပ်ကာ ငြိမ်သက်နေရာမှ ကုတ် ခြစ်သံကြားသဖြင့် ကျောခိုင်းထားသည့်ပြူတင်းပေါက်သို့ လှည့်ကြည့်လိုက်ရာ ပြူတင်းပေါက်၌ ငုတ်တုပ်ထိုင်နေသည့် ဦးပြည်းနှင့်လူတစ် ယောက်ကိုမြင်တွေ့လိုက်ရသဖြင့် ရုတ်ချည်းထထိုင်ကာ အသေအချာကြည့်လိုက်သည်။

“အမလေး……ဘယ်သူလဲ။ အချိန်မတော် နောက်စရာလားကွ”

ပြူတင်းပေါက်ပေါင်ပေါ်တက်ပြီး ငုတ်တုပ်ထိုင်နေသူကို ကျောင်းမှသံဃာတစ်ပါးပါး လာရောက်စနောက်သည်ဟုထင်မှတ်ပြီး အပြစ် တင်ပြောဆိုနေရာမှ အသေအချာကြည့်လိုက်သည့်အခါ အဝတ်အစားဗလာ၊ ခန္တာကိုယ်က ပိန်လှီခြောက်ကပ်နေပြီး မျက်တွင်းဟောက်ပက်ဖြစ် နေသဖြင့် သံဃာမဟုတ်ဘဲ နာနာဘာဝသာဖြစ်နိုင်ကြောင်းစဉ်းစားလိုက်မိပြီး ဦးပဉ္ဇင်းဝါယမ အထိတ်တလန့်ဖြစ်ကာ သင်္ကန်းကိုခေါင်းမြီးခြုံပြီး အိပ်နေသည့် ဦးပဉ္ဇင်းဇောတိကထံသို့ပြေး၍ အတင်းလှုပ်နှိုးလေတော့သည်။

“ကိုယ်တော်…….ကိုယ်တော်ဇောတိက……အမြန်ထပါဦးဗျ။ ပြူ…ပြူတင်းပေါက်မှာ...”

“တပည့်တော်အစောကတည်းက မြင်တယ်……။ မကြည့်ရဲလို့သင်္ကန်းခြုံထားတာ”

“ဟာ……”

ဦးပဉ္ဇင်းဇောတိကပြောလိုက်သည့်စကားကြောင့် ဦးပဉ္ဇင်းဝါယမလည်း ကြောက်လန့်သည့်စိတ်ကိုအမြန်ထိန်းချုပ်လိုက်ပြီး အာဋာနာ ဋိယပရိတ်တော်ကို ရွတ်လေတော့သည်။ ဦးပဉ္ဇင်းဝါယမ ပရိတ်တော်ရွတ်ဆိုသည့်အခါမှ သင်္ကန်းခေါင်းမြီးခြုံထားသည့် ဦးပဉ္ဇင်းဇောတိကလည်း အမြန်ထကာ လိုက်လံရွတ်ဆိုလေတော့သည်။

ထိုအချိန်မှာပင် ပြူတင်းပေါက်ပေါင်ပေါ်ငုတ်တုပ်ထိုင်နေသူက နောက်ကျွမ်းပစ်ကာ ခုန်ချသွားသည်ကို ဦးပဉ္ဇင်းဝါယမ အသေအချာ မြင်တွေ့လိုက်ရလေသည်။

********************

“တပည့်တော်တော့ ဒီကျောင်းမှာမနေရဲတော့ဘူး။ မနေ့ညက အရှင်ဝါယမနဲ့အရှင်ဇောတိကတို့ကို သရဲခြောက်လို့တဲ့”

“ဟုတ်တယ်။ တပည့်တော်လည်း ကြောက်လာပြီ။ ဟိုတစ်နေ့ကလည်း အရှင်ဇဝနနဲ့ အရှင်ဥတ္တမတို့ကို ခြေထောက်လာဆွဲတယ်တဲ့”

ဦးပဉ္ဇင်းပဏ္ဍိတပြောသည့်စကားကို ဦးပဉ္ဇင်းဓမ္မသာမိကထောက်ခံပြောဆိုလိုက်သည်။

“တပည့်တော်ကြားပြီးပါပြီဘုရား။ တပည့်တော်လည်းညဆို ကောင်းကောင်းမကျိန်းရပါဘူး”

“ကိုယ်တော်လည်းကြောက်တာပဲလား”

“ကိုယ်တိုင်မကြုံသေးပေမယ့် အခြားကိုယ်တော်တွေပြောဆိုနေကြတာကိုကြားလို့ ကြောက်တာပါဘုရား”

“တပည့်တော်လည်းအတူတူပါပဲ။ ငယ်ငယ်ကတည်းက ပရလောကသားကို မြင်တွေ့ဖူးတာမဟုတ်တော့ မကြောက်မိဘူး။ ကိုယ့်ထက် ဝါကြီးတဲ့ အရှင်ဝါယမတို့ အရှင်ဇဝနတို့တောင်ကြောက်တယ်ဆိုတော့ တပည့်တော်လည်းကြောက်မိတယ်ဘုရား။ သင်္ကန်းခြုံထားတဲ့ ဘုရားသား တော်တွေကိုတောင် မကြောက်မရွံ့ခြောက်လှန့်တယ်ဆိုကတည်းက စဉ်းစားသာကြည့်ပေတော့”

“ဟုတ်ပါတယ် ဘုရား။ ကောဝိဒကိုယ်တော်ကို ကျွတ်လွတ်အောင်မလုပ်နိုင်တာခက်တယ်”

“ဆရာတော်ကြီးလည်း သိမယ်ထင်တယ်”

“သိမယ်ထင်တာပဲဘုရား။ အရှင်ကေသာရလည်း သိနေတာပဲလေ”

“ဆရာတော်ကြီးတို့တောင် ဘာမှမလုပ်နိုင်မှတော့ တပည့်တော်တို့ဆို ဝေလာဝေးပေါ့”

“တပည့်တော်လည်း သိမ်ဝင်ပုတီးကိုလည်ပင်းမှာဆွဲထားရတဲ့အထိဖြစ်နေပြီ”

“ကမ္မဝါကိုတောင်မှမကြောက်တာ သိမ်ဝင်ပုတီးကိုကြောက်ပါ့မလားဘုရား”

“ဘာပဲဖြစ်ဖြစ် စိတ်သက်သာရာရတာပေါ့”

“တပည့်တော် ကျိန်းတော့မယ်။ ဥစ္စာရပဿာဝကမ္မ( ကျင်ကြီးကျင်ငယ်စွန့်ခြင်းအမှုကိစ္စ)ပြုချင်သေးလား ဘုရား”

ဦးပဉ္ဇင်းဓမ္မသာမိက ကျင်ကြီးကျင်ငယ်စွန့်လိုပါသလားဟုမေးလိုက်သဖြင့် ဦးပဉ္ဇင်းပဏ္ဍိတ ဝမ်းသာအားရဖြစ်သွားလေသည်။

“ပြုချင်တာပေါ့ဘုရား။ အရှင်ဘုရားရော”

“တပည့်တော်လည်း အတူတူပဲဘုရား”

“ဒါဆိုလည်း ဝစ္စကုဋိ( အိမ်သာ) သွားကြတာပေါ့။ တစ်ပါးတည်းဆို မသွားရဲဘူး။ တစ်ညလုံးအောင့်ထားရတော့ ကြာရင် ကျန်းမာရေး ကိုထိခိုက်လာတော့မယ်”

ရေနံဆီမီးခွက်ကိုကိုင်ကာ ရှေ့ဆုံးမှဦးဆောင်သွားသည့် ဦးပဉ္ဇင်းပဏ္ဍိတအနောက်မှ ဦးပဉ္ဇင်းဓမ္မသာမိ လိုက်သွားလေသည်။ အိမ်သာသို့ မရောက်မီ ဆရာတော်ကြီးသီတင်းသုံးသည့် ကျောင်းအနောက်မှ ပိန္နဲပင်ကြီးအနီးသို့အရောက်၌ ဦးပဉ္ဇင်းပဏ္ဍိတ၏ခြေလှမ်းများ တုန့်ကနဲရပ်တန့် သွားလေသည်။

“ဘာဖြစ်လို့လဲ အရှင်ဘုရား”

ဦးပဉ္ဇင်းပဏ္ဍိတက ဦးပဉ္ဇင်းဓမ္မသာမိ၏မေးခွန်းကိုမဖြေဆိုဘဲ မီးခွက်ကိုင်ကာ ပိန္နဲပင်အောက်သို့ကြည့်နေသဖြင့် ဦးပဉ္ဇင်းဓမ္မသာမိလည်း ထိုနေရာသို့ကြည့်လိုက်မိသည်။ ပိန္နဲပင်အောက်၌ ဆောင့်ကြောင့်ထိုင်နေသည့် သတ္တဝါကြီးကိုမြင်တွေ့လိုက်ရသည့်အခိုက် ဦးပဉ္ဇင်းဓမ္မသာမိ ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးလေတော့သည်။

“ဟာ…….သ…သရဲ………သ…သရဲ…….”

ဦးပဉ္ဇင်းဓမ္မသာမိထွက်ပြေးသွားသည့်အချိန်တွင် ဦးပဉ္ဇင်းပဏ္ဍိတက ရေနံဆီမီး ခွက်ကိုင်လျက် ပုံလျက်သား လဲကျသွားလေတော့သည်။

******************

ကုလားထိုင်တွင်ထိုင်နေသည့် ဆရာတော်ကြီးက လက်အုပ်ချီလျက်ငြိမ်သက်နေကြသည့် သံဃာများနှင့် ရှင်သာမဏေများကို တစ်ပါး ချင်းစီ အသေအချာကြည့်ရှုနေသည်။

“သံဃာတွေနဲ့ရှင်သာမဏေတွေစုံပြီနဲ့တူတယ်”

“စုံပါပြီဘုရား”

ဆရာတော်ကြီးမေးလိုက်သည့်မေးခွန်းကို ဦးပဉ္ဇင်းကေသာရက လက်အုပ်ချီ၍ တရိုတသေဖြေကြားလိုက်သည်။

“ပေတဆိုတာ တို့ဘုရားရှင်လက်ထက်တော်မှာကတည်းက ရှိခဲ့ကြတာ ပြောဖို့တောင်လိုမယ်မထင်ဘူးကွယ့်။ ဟုတ်သလား”

“တင်ပါ့ဘုရား”

“ဘုန်းဘုန်းအကုန်သိပါတယ်။ အချိန်မတန်သေးလို့ အချိန်တန်ချိန်အထိစောင့်နေခဲ့တာ။ အရှင်ကောဝိဒက ပေတဘုံမှာရောက်နေပြီဆို တာ သိပြီးကြရောပေါ့”

“တင်ပါ့ဘုရား”

“သံဃာပျံလွန်တိုင်း နိဗ္ဗာန်ရောက်ကြတယ်မထင်နဲ့။ ဝိနည်းကိုအသက်လိုထိန်းသိမ်းစောင့်ရှောက်ကြတဲ့ရဟန်းတွေတောင်မှ နိဗ္ဗာန်မ ရောက်ကြဘူးကွယ့်။ ဝိနည်းဆိုတာ သံဃာတွေအတွက်ချမှတ်ထားတဲ့စည်းကမ်းပဲ။ သံဃာတိုင်းအရိယာမဟုတ်ကြဘူး။ အရိယာရှစ်ပါးဆိုတာ မဂ်လေးပါး၊ ဖိုလ်လေးပါးကိုဆိုလိုတယ်။ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါဒါမိမဂ်၊ အရဟမတ္တမဂ်ဆိုတဲ့မဂ်ကိုရောက်ရှိနေဆဲ ပုဂ္ဂိုလ် လေးပါးကို မဂ်လေးပါးလို့ဆိုတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါဒါမိဖိုလ်၊ အရဟတ္တဖိုလ်ကိုရောက်နေကြတဲ့ပုဂ္ဂိုလ်လေးပါးကို ဖိုလ်လေးပါးလို့ဆိုတယ်။ မဂ်လေးပါး ဖိုလ်လေးပါးရတဲ့သူတွေသာ အပါယ်တံခါးပိတ်ကြတယ်။ သင်္ကန်းခြုံတိုင်း နိဗ္ဗာန်ရောက်ကြတာမဟုတ် ဘူးကွယ့်။ သံဃာဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တော်ကြီးရဲ့ တရားဓမ္မတွေပျောက်ကွယ်မသွားအောင် အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်နိုင် ဖို့ လက်ဆင့်ကမ်းသယ်ဆောင်ပေးနေကြတဲ့ ဘုရားသားတော်တွေ။ တရားတော်တွေပျံ့ပွားအောင်လုပ်ဆောင်ပေးနေကြတဲ့ ဘုရားသားတော် တွေ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားဓမ္မတွေကို ထိန်းသိမ်းစောင့်ရှောက်ရုံနဲ့မပြီးသေးဘူး။ ကိုယ်တိုင်ကျင့်ကြံရမယ်။ ကိုယ်တော်ကောဝိဒ က ဝိနည်းကိုလည်းမထိန်းသိမ်းဘူး။ သီလမလုံဘူး။ သင်္ကန်းခြုံထားလို့ သံဃာအဖြစ်သတ်မှတ်ထားပေမယ့် သံဃာမဟုတ်ဘူး။ သူ့ကို ဆုံးမပြုပြင် ခဲ့ပေမယ့် ပြုပြင်လို့မရတော့ဘူး။ ဆုံးမတုန်းနားထောင်ပေမယ့် ကွယ်ရာရောက်ရင် အမှားတွေကျူးလွန်တယ်။ သံဃာအဖြစ်နဲ့ အမှားကျူးလွန် တာက ပုထုဇဉ်ဘဝနဲ့ အမှားကျူးလွန်တာထက်ပိုပြီးအပြစ်ကြီးတယ်။ အန္ဓဗာလပုထုဇဉ်၊ အန္ဓပုထုဇဉ်၊ ပုထုဇဉ်၊ ကလျာဏပုထုဇဉ်၊ စူဠသောတာ ပန်ရယ်လို့ ဘုရားရှင်ကိုယ်တော်ြမတ်ကြီးက ပုထုဇဉ်ငါးမျိုးကိုခွဲခြားပေးခဲ့တယ်။ ပုထုဇဉ်ပေမယ့် အားထုတ်ရင် အားထုတ်သလို အရဟတ္တဖိုလ်ကို ရနိုင်တယ်။ ဘုရားရှင်လက်ထက်မှာ ပုထုဇဉ်တွေဖြစ်တဲ့ သုဒ္ဓေါဒနမင်းကြီး၊ သန္တိအမတ်၊ ဥဂ္ဂါသေနကျွမ်းသမားတို့တောင် ရဟန္တာဖြစ်ခဲ့ကြတဲ့သာ ဓကတွေရှိခဲ့သလို ပြိတ္တာဘုံဘဝရောက်နေကြသူတွေလည်းရှိခဲ့ကြတယ်။ ကံကုန်လို့ သေဆုံးသွားကြတဲ့ပုထုဇဉ်တွေထဲမှာ ငရဲကိုချက်ချင်းမလား နိုင်ကြသေးဘဲ ပြုခဲ့တဲ့အကုသိုလ်ကံကိုချက်ချင်းလက်ငင်းပေးဆပ်ကြရတဲ့သူတွေလည်းရှိတယ်။ ကောဝိဒကိုယ်တော်က မကြာခင်ငရဲလားရတော့ မယ်။ ကိုယ်တော်တို့ကို ခြောက်လှန့်နေတာမဟုတ်ဘူး။ အကူအညီတောင်းနေတာပါ။ သူပြုခဲ့တဲ့အကုသိုလ်ကြောင့် ငရဲမလားခင် ငတ်မွတ်ဆင်း ရဲပြီး ဒုက္ခမျိုးစုံတွေ့နေရှာတယ်။ တရားသံကိုလည်းမကြားနိုင်၊ အမျှပေးလည်း မရနိုင်တော့ဘူး။ သူ့ကိုကျောင်းကနှင်လွှတ်ရင် အခုထက်ပိုပြီးဒုက္ခ ရောက်ရှာလိမ့်မယ်။ ကိုယ်တော်တွေနဲ့ ကိုရင်တွေက ကောဝိဒကိုယ်တော်ကိုကြောက်စရာမလိုဘူးကွယ့်။ သူပြုခဲ့တဲ့အကုသိုလ်ကံကို နမူနာယူပြီး ကြောက်ရမှာ။ သူလည်း အခုဘဝမှာကြာကြာမနေရတော့ပါဘူး။ ကောဝိဒကိုယ်တော်ကို စံနမူနာယူပြီး ဝိနည်းတွေကိုလိုက်နာကြပါ။ သီလလုံကြ ပါ။ မဂ်ဖိုလ်ရအောင် ကျင့်ကြံကြပါ။ ရခဲတဲ့ ပဗ္ဗဇိတဘာဝ ဒုလ္လဘကိုတန်ဖိုးထားပြီး တရားထူးတရားမြတ်ကိုရှာဖွေကြပေတော့”

“တင်ပါ့ ဘုရား….”

သံဃာများနှင့်ရှင်သာမဏေများက ဦးချကန်တော့လိုက်ကြပြီးနောက် ဆရာတော်ကြီးက ကျောင်းအောက်သို့ဆင်းသွားလေတော့သည်။

**********************

“ဆရာတော်ကြီးက မကြောက်ဖို့မိန့်ကြားပေမယ့် ဘုန်းကြီးတို့ကတော့ ကြောက်နေကြတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သံဃာတွေကို ခဏခဏခြောက်လှန့်နေတာကိုးဗျ။ မနေနိုင်တော့တဲ့သံဃာတွေက ဆရာတော်ကြီးကိုခွင့်ပန်ပြီး သူတို့ရွာကို ခဏပြန်ကြွသွားကြတယ်။ ဘုန်းကြီး တို့ ကိုရင်တွေလည်း ပြန်ချင်ပေမယ့် အိမ်ကဆူမှာစိုးလို့ မပြန်ရဲကြဘူး”

“ဆေတာ်တော်ဆိုးဆိုးဝါးဝါးခြောက်သေးလား ဘုရား”

“ခြောက်တာပေါ့ ဒကာကြီးရယ်။ တံခါးလာခေါက်တာ၊ ခြေထောက်လာဆွဲတာ၊ အလုံးအထည်ပြတာလောက်ဆိုရင်တော့ မပြောပါဘူး။ ဒကာကြီးလည်း သရဲခြောက်တဲ့အကြောင်းတွေ ကြားဖူးနေမှာပဲလေ။ ညညဆို အသံနက်ကြီးနဲ့ထအော်တာက ပိုကြောက်ဖို့ကောင်းတာဗျ”

“ဘယ်လိုအော်တာလဲ ဘုရား”

“ပလုံးပထွေးနဲ့အော်တာဆိုတော့ ဘာအော်မှန်းမသိဘူး။ ဘုန်းကြီးတို့မှာ အဲဒီအသံကြီးကြားရင် သေမလောက်ကြောက်နေကြတာဗျ”

“နောက်တော့ ဘယ်လိုဖြစ်သွားသလဲ ဘုရား”

“ဆရာတော်ကြီးမိန့်တာ မှန်တယ်ဗျ။ ၁၃၁၈ခု တန်ခူးလဆုတ် ၄ ရက်နေ့ညသန်းခေါင်လောက်မှာ ဘုန်းကြီးကျောင်းတစ်ခုလုံး ဗြောင်း ဆန်ပါရောလေား”

“ဘွာဖဈလို့လဲ ဘုရား”

“ကျောင်းသင်္ခမ်းတွေကို ထုရိုက်တယ်၊ ခဲတွေနဲ့ပစ်တယ်။ အသံနက်ကြီးနဲ့အော်တယ်။ ဘုန်းကြီးတို့ကိုရင်တွေလည်း ကြောက်လွန်းလို့ တစ်ပါးနဲ့တစ်ပါး ပူးကပ်ပြီးနေရတယ်။ အခြေအနေတော်တော်ဆိုးတယ်ဗျ”

“ဆရာတော်ကြီးနဲ့ ဦးပဉ္ဇင်းကေသာရတို့လည်းကြားမှာပေါ့နော်”

“ပြောပြမယ်ဒကာကြီး”

“တင်ပါ့ဘုရား”

“ဆရာတော်ကြီးသီတင်းသုံးတဲ့ကျောင်းရှေ့မှာ အသံနက်ကြီးနဲ့အော်နေလို့ ဆရာတော်ကြီးက ကျောင်းအောက်ကိုဆင်းသွားတယ်ဗျ။ ဘုန်းကြီးနဲ့ သံဝရက အချင်းချင်းလက်ကုတ် ကျောင်းပြူတင်းပေါက်ကိုအသာဟကြည့်ကြတယ်။ ကျန်တဲ့ကိုရင်တွေကတော့ ကြောက်လွန်းလို့ သေးထွက်ကုန်ကြပြီ။ ဘုန်းကြီးနဲ့သံဝရက ပြူတင်းတံခါးပေါက်ကို ဟတယ်ဆိုရုံလေးဟပြီးခြောင်းကြည့်ကြတာ။ ကြောက်ပေမယ့် ဆရာတော် ကြီးဘာလုပ်မလဲဆိုတာ သိချင်လို့ ခြောင်းကြည့်ကြတာဗျ”

“တင်ပါ့ဘုရား၊ စိတ်ဝင်စားနေပြီ”

“လဆုတ်ရက်ဆိုပေမယ့် လရောင်နဲ့မြင်နေရတယ်။ ကျောင်းရှေ့မှာ တရုတ်စကားပင်ရှိတယ်ဗျ။ တရုတ်စကားပင်ရှေ့မှာ ဆရာတော် ကြီးက ရပ်နေတယ်။ ဆရာတော်ကြီးရဲ့ရှေ့မှာ ခွေးနက်ကြီးဗျ။ လူကြီးခါးစောင်းလောက်ရှိမယ်။ မြေကြီးပေါ်မှာ လူးလိမ့်နေတာ မြင်မကောင်းဘူး။ ဆရာတော်ကြီးက ခွေးနက်ကြီးကို ဘာတွေမိန့်နေတယ်တော့မသိဘူး။ ဆရာတော်ကြီးရဲ့အသံကို ဘုန်းကြီးတို့မကြားရဘူးဗျ။ ခဏနေတော့ ခွေးနက်ကြီးက မြေကြီးထဲကို တဖြည်းဖြည်းနစ်ဝင်သွားတယ်ဗျာ။ ပြောရင်း ပြန်မြင်မိတယ်။ ခွေးနက်ကြီးဆီက လူစကားကြားရတာ တစ်သက်မမေ့ဘူး”

“ဟာ……။ ခွေးနက်ကြီးက လူစကားပြောတယ်….။ ဟုတ်လားဘုရား”

“ဘုန်းကြီးက ညာစရာလား ဒကာကြီးရယ်။လူစကားပြောတာမှ ပီပီသသကြီးကိုပြောတာ။ အသံက ဦးပဉ္ဇင်းကောဝိဒရဲ့အသံ”

“ဘယ်လိုပြောတာလဲဘုရား”

“ခွင့်လွတ်တော်မူပါဘုရား။ ကြောက်ပါပြီတဲ့…”

“ဟင်……..”

“ဘုန်ကြီးနဲ့သံဝရဆိုတာ ကြောက်လွန်းလို့ အသားတွေတဆတ်ဆတ်တောင်တုန်တယ်။ မျက်ရည်ကလည်း ဘယ်လိုကဘယ်လိုကျလာ မှန်းမသိပါဘူး။ သနားတာကြောင့်လား ကြောက်လို့လားမသိဘူးဗျာ။ မြေကြီးထဲကို ခေါင်းနစ်ဝင်သွားတော့ သံဝရက ငိုတယ်ဗျ။ ဘုန်းကြီးလည်း စိတ်မကောင်းဖြစ်တာရော ကြောက်တာရော စုံသွားတာပဲ”

“တင်ပါ့ဘုရား…..”

“ဆရာတော်ကြီး ကျောင်းပေါ်ပြန်တက်မလာခင် ဘုန်းကြီးတို့လည်း ကိုယ့်နေရာကို အမြန်သွားရတယ်။ မနက်အရုဏ်ဆွမ်းစားချိန် မှာ ခွေးနက်ကြီးမြေမြိုခံရတဲ့နေရာကိုသွားကြည့်တော့ မြေကြီးတွေက မီးဖိုထားတဲ့မြေလိုပဲ။ ကြောက်စရာကောင်းတယ် ဒကာကြီး”

“နားထောင်ရင်းနဲ့ ကြက်သီးတွေထမိပါတယ်ဘုရား”

“ဘုန်းကြီးပြောတာတော့ ပြီးသွားပြီ။ ဒကာကြီးအဆင်ပြေသလိုသာရေးပေတော့ဗျာ”

“တင်ပါ့ဘုရား တရားနဲ့ဆင်ခြင်နိုင်အောင် တပည့်တော် သတိထားပြီးရေးပါ့မယ်”

“သာဓု….သာဓု….သာဓုပါဗျာ”

*******************

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..