ကားပါကင်စောင့်တဲ့သရဲကြီး
lotaya.mpt.com.mm
|
2020-06-19

“ဟာ တောက်စ်..မိုက်ရိုင်းလိုက်တာကွာ..ကားကိုဘယ်သူ လာခြစ်သွားတယ် မသိဘူး”

ကိုပိုင်တစ်ယောက် စောစောစီးစီး ဒေါသတွေ အလိပ်လိုက်ထွက်ရပါတယ်။ သူတို့ အိမ် ရာလေးမှာ ကားထားဖို့ ကားပါကင်နေရာက ရှားလွန်းလှပါတယ်။ ဒါကြောင့် ကားကို အမြဲ တမ်း လွတ်တဲ့နေရာမှာသာ ထားဖို့၊ နေရာလွတ်တစ်ခုခုရှာဖို့အတွက် အိမ်ရာ ဝန်း တစ်ခုလုံးကို ပတ်ပြီးမောင်းလို့ ကားရပ်ဖို့ နေရာရှာရတာကလည်း အလုပ်တစ်ခုပဲ ဖြစ် ပါတယ်။

ဒီအိမ်ရာလေးမှာ နေထိုင်တဲ့ ကိုယ်ပိုင်ကားရှိတဲ့သူတွေနဲ့ အငှားကားမောင်းတဲ့သူတွေ ကလည်း ဒီလိုပဲ နားလည်မှုနဲ့ ကားရပ်ဖို့ နေရာရှာပြီး လွတ်တဲ့နေရာကို ဝင်ရပ်နားရတာ အစဉ်လာတစ်ခုလိုတောင် ဖြစ်နေပါပြီ..။

မျဉ်းပြိုင်ပုံစံဆောက်ထားတဲ့ အိမ်ရာတိုက်တန်းတွေမို့ရယ်၊ လမ်းကကျဉ်းတာကြောင့် ရယ် ကားရပ်တော့မယ်ဆို လှေကားထစ်လေးလို ရပ်ရပါတယ်။ ဒီအိမ်ရာမှာ ဘေးအစွန် ဆုံး တိုက်ခန်းတွေကြတော့ အားသာချက်တစ်ခုရှိတာက ခြံစည်းရိုးခတ်ထားတဲ့ နေရာ ရှိတာမို့ အဲဒီနေရာမှာ ကားတွေ ရပ်လို့ရပါတယ်။

မျက်နှာချင်းဆိုင်ဟာ တိုက်တန်းမဟုတ်တာမို့ ကားရပ်ထားမယ်ဆိုရင်လည်း လမ်းမ ကြီး တစ်ခုလုံးကလွတ်နေပါသေးတယ်။ အဲဒီနေရာကို ကိုပိုင်တို့ကားရှိသူတွေ အား လုံးလိုလို ရပ်ချင်ကြပါတယ်။ ကိုပိုင်တို့ မိသားစုက ဒီအိမ်ရာကို ပြောင်းလာတာ မကြာ သေးလို့ ဘယ်နားမှာ ကားလွတ်တတ်လဲ ဆိုတာလည်းမသိပါဘူး။

ဒါနဲ့ပဲ လိုက်ရှာရင်းနဲ့ ဒီနေရာလေးကိုတွေ့လိုက်တာပါ။ အခုတော့ ညက ကားပါကင် ထိုးပြီး မနက်မိုးလင်းလို့ ကားသွားထုတ်တဲ့အခါမှာ ဘောနပ်အဖုံးမှာ ခြစ်ထားတဲ့အရာ ကြီးက ထင်းနေပါတယ်။ ကိုပိုင်လည်းစိတ်တို စိတ်ညစ်ဖြစ်ပြီး အိမ်ကမိန်းမဆီဖုန်းလှမ်း ဆက်လိုက်ပါတယ်။

“မိန်းမရေ…ငါတို့ကားလေးကွာ အစင်းရာကြီးနဲ့..ဘယ်သူခြစ်သွားမှန်းမသိဘူး”

“ဟယ်ဟုတ်လား..အခုလာပြီနော် ကိုရေ…ငါလာပြီ” မိန်းမဖြစ်သူရောက်လာတော့ ကား က အစင်းရာကြီးကိုကြည့်ပြီး ရင်ဘတ်တွေဖိလို့ နှမျောတသပြောဆိုပါတော့တယ်။ ဒါ ဟာ လူတစ်ယောက်က တမင်တကာကိုလုပ်တဲ့ အရာကြီးဆိုတာ သိသာထင်ရှားလွန်း နေပေမယ့် ဘယ်သူလုပ်တာလည်း မသိ၊ ဘယ်ချိန်က လုပ်သွားမှန်းမသိနဲ့ နောက်ဆုံး မှာတော့ ကိုယ့်မှာ သာတာဝန်ရှိတာမို့ ဘော်ဒီရုံကို သွားဖို့ အလုပ်တစ်ခုပိုသွားခဲ့ရ ပါ တယ်။


မိန်းမဖြစ်သူကတော့ နောက်ကို ကားကို ဒီနားမှာ မရပ်နဲ့လို့ ပြောပါတယ်။ ကိုပိုင် ကတော့ အဲဒီနေရာလေးက အဆင်ပြေတာကြောင့် နေရာလွတ်ရင်ရပ်နားဖို့ စဉ်းစား ထားပြီးသားဖြစ်နေပါတယ်။ ဒါပေမယ့်လည်း နောက်နေ့ကစပြီး အဲဒီနေရာမှာ နေရာ မလွတ်တော့ပါဘူး။ ဒီဖြစ်ရပ်ဖြစ်ပြီး တစ်ပတ်လောက်အကြာမှာတော့ အဲဒီနေရာလေး လွတ်နေပြန်ပါတယ်။
ဒါနဲ့ ကိုပိုင်လည်းကားကို ရပ်ထားခဲ့ပါတယ်။ နောက်နေ့မနက်လဲ ရောက်ရော ကားရဲ့ ရှေ့ဘီးဟာ ပေါက်နေတာတွေ့လိုက်ရပါတယ်။ ပြီးတော့ ဓားနဲ့ ထိုးခွဲထားသလို ဖြစ်နေ တာမို့ ဒေါသထွက်တယ်ဆိုတာထက် တော်တော်စိတ်မကောင်းဖြစ်ရပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ ကိုပိုင်ရိပ်မိလိုက်ပါပြီ။ ဒီနေရာကို ရပ်တာမကြိုက်တဲ့လူတစ်ယောက် ယောက်က ဒီလိုယုတ်မာတဲ့ အလုပ်တွေကို လုပ်နေတယ်ဆိုတာပါပဲ။ ဒီနေရာဟာ ဘယ် သူ့အပိုင်မှ မဟုတ်သလို တိုက်ခန်းတွေရဲ့ မျက်နှာစာတည့်တည့်လည်း မဟုတ် ပါဘူး။ ပိုင်ရှင်ရှိတဲ့နေရာဆိုလည်း အတင်းဇွတ်ရပ်ရအောင် ကိုပိုင်က အဲဒီလောက်လူ မှုရေးခေါင်းပါးတဲ့သူမဟုတ်ပါ။


ကားဘီးကို ငုံ့ကြည့်နေတုန်းမှာပဲ “ထွီ..ဂျိုင်း” ဆိုတဲ့ အသံကိုကြားလိုက်ပါတယ်။ လှမ်း ကြည့်လိုက်တော့ လမ်းတစ်ဖက် ကိုပိုင်ကားရပ်ထားတဲ့ တည့်တည့် အိမ်က အမျိုးသား တစ်ဦးက တံတွေးကို အကျယ်ကြီးထွေးလိုက်ပြီး တံခါးကိုဆောင့်ပိတ်လိုက်တာကို တွေ့ လိုက်ရပါတယ်။
သူ့ပုံစံက အသားဖြူဖြူ ဗလတောင့်တောင့်နဲ့ ဆေးမင်ကြောင်တွေ တကိုယ်လုံးထိုးထား ပါတယ်။ စွပ်ကျယ်လက်ပြတ်ကို ဝတ်ဆင်ထားလို့ ဆေးမင်ကြောင်တွေကို မြင်နေရပါ တယ်။ ကိုပိုင်ကြည့်လိုက်တော့ သူကကိုပိုင့်ကို စူးစူး ရဲရဲ ပြန်ကြည့်နေပါတယ်။

“ဒီလူ့နှယ် သူ့ကိုလည်း ငါမသိပဲနဲ့ ငါ့ကိုကြည့်နေတာများ အကြည့်တွေကရိုင်းလိုက် တာ” လို့ စိတ်ထဲက တွေးထင်လိုက်ပြီးတာနဲ့ ကိုယ့်ကားဘီးလေလျော့တဲ့ ဆီကို အာရုံ ပြန်စိုက်လိုက်ပါတယ်။

နောက်တော့ စိတ်ထဲ မသင်္ကာတာနဲ့ နောက်လှည့်ကြည့်လိုက်ပြန်တော့ အဲဒီလူက သံ ပန်းတံခါးကို ကိုင်ပြီး ကိုပိုင့်ကို စူးစူးစိုက်စိုက် ကြည့်လို့ နေပြန်ပါတယ်။ ကိုပိုင့်စိတ်ထဲ မှာ ဒီလူများငါ့ကားကို လာလုပ်ထားသလားလို့ သံသယဝင်မိပါတယ်။

နောက်နေ့မှာတော့ အဲဒီနေရာလေးနဲ့ လွတ်တဲ့ဘေးမှာ နေရာရပြန်ပါတယ်။ ဒါနဲ့ ကား ကိုထိုးလိုက်ပြီး အရင်ရပ်နေကြနေရာလေးက အိမ်ထဲကိုဘာရယ်မဟုတ်ကြည့်လိုက် တာနဲ့ အထဲကနေ အပြင်ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့ တက်တူးနဲ့လူကို တွေ့လိုက်ရ ပြန်ပါတယ်။

ဒါပေမယ့် ကိုပိုင်လည်းဂရုစိုက်မနေတော့ပဲ ကားကိုရပ်ပြီး အိမ်ဖက်ဆီကို ခြေလှမ်းလိုက် ပါတော့တယ်။ နောက်နေ့မနက်ကားထုတ်တော့ အဲဒီအိမ်ရှေ့တည့်တည့်ရပ်မိတဲ့ ကား ပိုင်ရှင်တစ်ယောက် ဒုက္ခရောက်နေတာကို တွေ့လိုက်ရပါတယ်။

“ဟား သွားပါပြီကွာ..နှမျောလိုက်တာ..ဘယ်သူလာခြစ်ထားတာလဲ မသိဘူး..မိုက်ရိုင်း လိုက်တာကွာ..” အဲဒီလူဆီက နှမြောတသ အသံကြားလိုက်တာနဲ့ ချက်ချင်းဆိုသလို ကိုပိုင်လည်း ကားပေါ်မတက်သေးပဲ သွားကြည့်လိုက်ပါတယ်။

“ဟာ အစ်ကိုရေ..ကျွန်တော်လည်း အဲဒီလိုမျိုးဖြစ်ဖူးတယ်ဗျ။ တော်တောစုတ်ပဲ့တဲ့ လုပ် ရပ်ဗျာ..ကျွန်တော့တုန်းကလည်းအဲဒီအတိုင်းပဲဗျ..နှမျောလိုက်တာ..ဒီလိုဖြစ်တာ ကျွန် တော်တစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတော့ ဒီနေရာမှာ ရပ်တာကိုမကြိုက်တဲ့ သူ ရှိနေပြီ”

“ရှိနေလဲ ကိုယ်တို့ ဖုန်းနံပတ်တွေ ရေးထားခဲ့တာပဲကွာ..လာဖယ်ပေးပါဘာညာ ဖုန်းလှမ်းဆက်လို့ရနေတာပဲဟာ”

“အစ်ကိုရယ် ဒီနေရာက အများပိုင်ဆိုတော့ သူက သူပိုင်လို သဘောထားပြီး အကျင့် ယုတ်နေတော့ ဘယ်ဆက်မလဲ..ဒီလိုပဲ စုတ်ပဲ့တဲ့လုပ်ရပ်ကို လုပ်မှာပေါ့” ကိုပိုင်နဲ့ အဲ ဒီလူနဲ့ စကားပြောနေတုန်း “ဂျိုင်း” ဆိုတဲ့ တံခါးဆောင့်ပိတ်သံကိုကြားလိုက်ရပြန်ပါ တယ်။

နောက်ဆုံးမှာတော့ ဒီလူဟာ ကိုပိုင်တို့ ကားတွေကို ခြစ်တဲ့သူဖြစ်နိုင်တယ်ဆိုတဲ့ သံ သယလောက်နဲ့သာ နောက်ဆို အဲဒီနားမှာ မရပ်မိအောင် ထိန်းရင်း စကားနည်း ရန် ဆဲ လုပ်လိုက်ရပါတယ်။ အိမ်ရာရဲ့ တစ်ခုတည်းသော လက်ဖက်ရည်ဆိုင်လေးမှာ မနက် ပိုင်း တွေ ထိုင်ကြရင်းနဲ့ အချင်းချင်းရင်းနှီးလာတဲ့ အခါမှာတော့ အဲဒီအိမ်ရှေ့ မှာ ထား မိတဲ့ ကားတွေက ဒီအတိုင်းချည်းပဲ ခံရတာကို သိလာကြပါတယ်။

အဲဒီအိမ်ကလူကို လူတွေကလည်း ရွံမုန်းလာကြပါတယ်။ အဲဒီလူကလည်း ဘယ်သူ့ကို မှ အဖက်လုပ်လေ့မရှိပါဘူး။ သူမှန်းတော့ ခံရတဲ့ ကားပိုင်ရှင်တွေ အကုန်လုံးက သိပေ မယ့် လက်ဆုပ်လက်ကိုင်မပြနိုင်လို့ အားလုံကလည်း အသည်းတယားယားရှိပါတယ်။

နောက်ပိုင်းတွေမှာတော့ အဲဒီတက်တူးနဲ့လူဟာ သူ့ကားပါကင်၊ သူ့ကိုယ်ပိုင်နေရာ လို့ ယူဆထားတဲ့ နေရာမှာ ကားဘီးအလွတ်နှစ်ခုကို ချလို့ ပေါ်ပေါ်တင်တင်ပဲ နေရာဦး ထားလေ့ရှိပါတယ်။ အိမ်ရာက တာဝန်ရှိသူတွေက ဒီလို ဦးထားလို့ မရဘူးဆိုတဲ့ အကြောင်းကို ပြောရင်လည်း သူက ဂရုမစိုက်ပဲ ဆက်လုပ်နေတာမို့ အားလုံးနဲ့ တစ် ယောက်အဖြစ် သတိထားလိုက်ကြပါတယ်။

ကိုပိုင်လဲ နယ်က သူ့အမေရဲ့ ခြံရောင်းဖို့ ကိစ္စနဲ့ မိသားစုလိုက် နယ်ကို ပြန်သွားခဲ့ ပါတယ်။ ခြံရောင်းဖို့ ကိစ္စတစ်လကြာမှ ပြီးတာနဲ့ မိသားစုတွေပြန်လာတဲ့ညမှာပဲ ကားပါ ကင်ကို ပတ်ရှာရပြန်ပါတယ်။

ည တစ်နာရီကျော်နေပြီမို့ ကားပါကင်က လဲ ဘယ်နေရာမှမရှိတော့ပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်း ဟိုလူ့ အိမ်ရှေ့မှာ တစ်နေရာစာလွတ်နေပါတယ်။ အဲဒီလူရဲ့ အိမ် တံခါးကို ကြည့်လိုက်တော့ အပြင်ကသော့ခတ်ထားတာတွေ့လိုက်ရပါတယ်။ ဒါဆို ရင်တော့ သူလည်းမရှိ..ကိုယ်လည်းကားပါကင်ရပ်ဖို့ နေရာမတွေ့တာမို့ အဲဒီရှေ့ မှာပဲ အသာရပ်လို့ စာရွက်အလွတ်မှာ ဖုန်းနံပတ်သာမက “ကျွန်တော်မနက်စောစော လာရွှေ့ ပေးပါမယ် ခင်မျာ” ဆိုရေးပြီး ထားခဲ့လိုက်ပါတယ်။

အထုပ်အပိုးတွေ ကိုလည်း မနက်ဖြန်မှပဲ သယ်တော့မယ်ဆိုပြီး ကားတံခါးပိတ်လို့ မိန်းမနဲ့ သားကိုခေါ်ပြီး လိုတဲ့အထုပ်တွေ တစ်နိုင်တစ်ပိုင်ဆွဲလို့ ထွက်လာလိုက်တဲ့ အချိန်မှာပဲ ဗုန်းဗုန်းဗုန်း ဆိုပြီး ကားနားက အသံကြား လိုက်ပါတယ်။

“ဟဘာဖြစ်တာလဲဟ..သားသွားကြည့်စမ်း”

သားဖြစ်သူကပြေးသွားပြီး ကားကိုလှည့်ပတ်ကြည့်နေပါတယ်။ ပြီးတော့ ကိုပိုင့်နားကို ပြန်လျှောက်လာခဲ့တယ်။

“ဘာမှ မတွေ့ဘူးအဖေ..ဘာမှကိုမမြင်ရတာ”


ဒါနဲ့ပဲ မိသားစုသုံးယောက် ရှေ့ဆက်လျှောက်လိုက်တော့ “ဗုန်းဗုန်းဗုန်း”
ကားဘောနပ်စ်ကို ထုတဲ့အသံမှန်းသေချာသွားပြီမို့ သုံးယောက်လုံးချက်ချင်းသွားကြည့် လိုက်တော့ ဘာမှ ရှိမနေပါဘူး။ ဒီလို ထင်ထင်ရှားရှားကြီး ဖြစ်တာမို့ ရှေ့သွားရကောင်း နိုးနိုး၊ လှည့်ပြန်ရကောင်းနိုးနိုးနဲ့ နောက်ဆုံးမတော့ အတော်လည်းခရီးပမ်းလာတာ ကြောင့် အိမ်ကိုပဲ ပြန်လိုက်ပါတော့တယ်။

မနက်မိုးလင်းလို့ ကားကို အစောသွားရွှေ့ပေးမလို့ ကြည့်လိုက်တော့ ကားမှာလည်း ရွံ ဗွက်ရာတွေလိုလို ညောင်သီးကြွေသလို ငှက်ချေးတွေပဲ ပေနေသလိုလိုနဲ့ ညစ်ပတ်နေ တာကို တွေ့လိုက်ရပါတယ်။ ရပ်ထားတဲ့ကားများစွာထဲမှာ သူ့ကားတစ်စီးတည်းရေ ဆေးခုံတင်ရလောက်အောင် ညစ်ပတ်နေတာတော့ မဟုတ်သေးဘူးပေါ့လေ။

အပင်အောက်ရပ်ထားတာလည်းမဟုတ်၊ လမ်းမီးအောက်တည့်တည့်ရပ်ထားတာမို့ ဟို လူများလုပ်သလားလို့ ထင်ရအောင်ကလဲ ဟိုလူ့ အိမ်က တံခါးသော့ခတ်ထားသေးတာ ကိုး။ နောက်ဆုံးတော့ ဥစ္စာပျောက်ငရဲရောက်ဆိုသလို လိုက်မစွပ်စွဲတော့ပဲနဲ့ ကားကို သာ ရေဆေးခုံဆီ မောင်းထွက်လာခဲ့ပါတယ်။

အဲဒီနေ့ညမှာ ပဲ ကိုပိုင်ကားထားမလို့နေရာရှာပြန်ပါတယ်။ အဲဒီနေရာလွတ်နေပြန်ပါ တယ်။ သူငယ်ချင်းတွေနဲ့ သောက်စားလာလို့ ခပ်ထွေထွေရှိလာတဲ့ကိုပိုင်လည်း ကား ကို အသာရပ်လိုက်ပါတယ်။ ဒီအချိန်မှာ ကားဘေးနားနဲ့ ခြံစည်းရိုးကပ်ရပ်နားမှာ လူတစ် ဦး ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရပါတယ်။

“အော ဒီလူ အပေါ့သွားနေတာ နေမယ်” လို့ စိတ်ထဲက တွေးလိုက်ပါတယ်။ ဒါနဲ့ ကား ရပ်လိုက်ပြီး သော့ဖြုတ်လှည့်လိုက်တော့ အဲဒီလူကလှမ်းပြောပါတယ်။

“ဟေ့ကောင် မင်းဒီနားမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလား”

“အောင်မယ်..လွတ်လို့ရပ်တာလေ။ ဒီနေရာက ဘယ်သူ့အပိုင်မှမဟုတ်ဘူးဆိုတာ ခင် ဗျားမသိဘူးလား”

“မသိဘူး..မလိုချင်ဘူး။ ဒါငါ့နေရာ။ အခုချက်ချင်းထွက်သွားစမ်း”

“မသွားဘူး။ ခင်ဗျားအခုမှောင်ထဲမှာ နေမနေနဲ့။ အခုထွက်လာခဲ့။ လာမီးလင်းတဲ့ ဖက်ကိုလာ..ခင်ဗျားနဲ့ ကျုပ်တော့ တွေ့ပြီပဲ..ခင်ဗျားဘယ်သူလဲ”

“မင်းကများ သောက်ကြောရှည်လို့ ကဲကွာ” ဆိုပြီး ရွှံ့ဗွက်လို အရည်တွေနဲ့ ထိုင်ရာ က မထ လှမ်းပက်လိုက်ပါတယ်။ ကိုပိုင်တစ်ယောက် တအားဒေါသထွက်သွားပြီး ပြေး ကန် မလို့ လုပ်လိုက်ရော အဲဒီလူက ရုတ်ချည်းပျောက်သွားပါတယ်။ ပြီးတာနဲ့ တပြိုင်နက် တက်တူးလူရဲ့ တံခါးသံပန်းက လူမမြင်ရပဲ တဂျိုင်းဂျိုင်းလှုပ်နေပါတော့တယ်။

ကိုပိုင်တစ်ယောက်ငါပဲ မူးများနေလို့ အထင်အမြင်မှားရော့သလား။ ဒါဆိုလဲ ဒီလို ဟောက်လား ဟိန်းလားလုပ်တာ ငါကြားနေရတာပဲဆိုပြီး ထွက်နေတဲ့ ဒေါသတွေ တောင် ပျောက်ကာ အီလည်လည်ခံစားချက်ကြီးနဲ့ အိမ်ကိုပြန်လာခဲ့ပါတယ်။

နောက်နေ့မနက်မှာတော့ ကားဟာ အရင်နေ့ကထက် ပိုပြီး စုတ်ပြတ်သပ်စွာ ဗွက်နဲ့ အပက်ခံထားရပါတယ်။ နေပစေတော့..ဒီလောက်ရှိလှတာ လုပ်ချင်သလိုသာလုပ် ဆို ပြီး စိတ်ပျက်လက်ပျက်နဲ့လက်ဖက်ရည်ဆိုင်ထွက်ခဲ့ပါတယ်။


“ဟာ ကိုပိုင် မမြင်ရတာ အတော်ကြာပြီ။ ခင်ဗျားဘယ်ပျောက်နေတာလဲ”
“ကျွန်တော့်အမေခြံကို သွားရောင်းကူနေတာ ငွေစောင့်တာ ဘာညာနဲ့ တစ်လကျော် ကျော်လောက် နယ်ရောက်သွားတာဗျာ..ပြန်လာတာ နှစ်ရက်ရှိပြီဗျ။ အခုမှ လက်ဖက် ရည်ဆိုင်ထိုင်ဖြစ်တာ”

“ခင်ဗျားရုပ်ကလည်း မှုန်ကုတ်နေတာပဲ ဘာတွေစိတ်အလိုမကျ ဖြစ်နေလဲ ကိုယ့်လူ ရေ”

“အေးဗျာ..ဟိုတက်တူးနဲ့လူအိမ်တံခါးသော့ခတ်ထားလို့ သူ့အိမ်ရှေ့လဲ လွတ်နေတာ နဲ့ ကျွန်တော်သွားရပ်ထားတာဗျာ..စာကပ်ပြီးတောင်းပန်ထားတာတောင် နောက်နေ့မနက် ကျတော့ ကားကို ရွံ့ဗွက်ရေတွေနဲ့ ပက်ထားတယ်။ မနေ့ညကတော့ လူကိုလုပ်တယ် ဗျာ..ထူးဆန်းတာ ကျွန်တော်သူ့ကိုပြန်လုပ်မလို့ ကြည့်တော့ ဘယ်လိုပျောက် သွားတယ် မသိဘူး”

“အောင်မလေး ကိုပိုင် ခင်ဗျားတကယ့်လူပဲဗျို့..အေးပေါ့ ခင်ဗျားခရီးသွားနေလို့ ဘာမှ မသိတာ..ဒီလူက သေပြီဗျ.ဦးနှောက်သွေးကြောပြတ်လို့…အရင်တုန်းက ကားတွေကို သူ့ကားထားတဲ့နေရာမှာ ရပ်ရကောင်းလားဆိုပြီး လုပ်တာလည်း သူဗျ၊ သူကရုတ်တ ရက် သေတော့လေ အဲဒီနေရာကို စွဲနေသဗျ။ ဘယ်သူ့ကိုမှတော့ ခြောက်တယ်ရယ်မရှိ ဘူး။ အေး သူ့နေရာကို ကားပါကင်လာထိုးလို့ကတော့ ခြောက်တာများ ဝက်ဝက်ကွဲ”

ပြောပြတဲ့ သူကမောသွားဟန်နဲ့ လက်ဖက်ရည်တစ်ကျိုက်လောက်သောက်လိုက် သေးတာ။ ဒါနဲ့ကိုပိုင်က “ဆက်ပြောစမ်းပါဗျ..ကျုပ်ဒါဆို သရဲခြောက်ခံရတာပေါ့”

“ခင်ဗျားသိပါတယ်..ဟိုလူလေ တစ်ခါတုန်းက ခင်ဗျားကားနဲ့ ရှေ့ဆင့်နောက်ဆင့် ခြစ် ခံရတဲ့သူ။ အဲဒီလူဆို လေးရက်လောက်ဖျားသွားတာပေါ့။ သူကားရပ်တုန်း အဲဒီလူက ခင်ဗျားဖြစ်သလို လူတစ်ယောက်ထိုင်ပြီးသေးပေါက်နေတယ်ထင်တာတဲ့။အဲဒီထိုင်နေတဲ့ လူက ကားကို ဒီနားမှာ မရပ်နဲ့လို့ ပြောပြီး ခေါင်းကို တစ်ပတ်လည်ပြသတဲ့..နောက်ဆို အဲဒီနားမှာ သွားမရပ်ပါနဲ့တော့ကွာ။ ထားလိုက်ပါ တော့”

ကိုပိုင်လည်းချက်ချင်းဆိုသလို ကားကို မြန်မြန်သွားယူပြီး ရေဆေးခုံတင်လိုက်ပါတယ်။ ပြီးတော့ အိမ်နဲ့ အတော်အလှမ်းဝေးတဲ့နေရာမှာ ကားကို သွားထိုးလိုက်ပါတယ်။ နောက် ဘယ်တော့မှ အဲဒီနေရာမှာ နေရာလွတ်နေပါစေ..ကားမထားတော့ပါ..။ ဥစ္စာခြောက် သရဲကြီး လည်းလွတ်လွတ်လပ်လပ် ဥစ္စခြောက်နေပါစေတော့လေလို့ စဉ်းစားလိုက် ပါတယ်။ ပြီးတော့ သူဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။

သူအလုပ်ကြိုးစားမယ်။ တိုက်ခန်းနဲ့ မဟုတ်တော့ပဲ ကိုယ်ပိုင်ခြံလေးဝန်းလေးနဲ့ ကားပါကင်လေး သပ်သပ်ရပ်ရပ်နဲ့ အမြန်ဆုံးပိုင်ဆိုင်နိုင်အောင်ကြိုးစားမယ်လို့ သံဓိဌာန်ချလိုက် ပါတော့တယ်။

https://web.facebook.com/Scary-Myanmar-Chilli-336517150312232/?epa=SEARCH_BOX

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..