
၁။
ကိုထွန်းခင် နှင့် မကြင်မြ အကြင်လင်မယားအဖြစ် ညားပြီးလေတော့ နှစ်ဖက်လူကြီးမိဘများ လက်ဖွဲ့တဲ့ လယ်၇ဧကနဲ့ ဒိုးတူပေါင်းဖက် လုပ်စားလာခဲ့ကြတာ ၃နှစ်ကျော် ၄နှစ်ထဲ ရောက်လုပြီ။
ကိုထွန်းခင်က အလုပ်ပျင်းရိတတ်သူမဟုတ်၊ ဇွဲ လုံလ ဝီရိယ ဟန်ချက်ညီလေတော့ ရှိရင်းစွဲထက် ပိုလျံလာကြတာပေါ့။
အတိတ်ကံပေးတာလည်း တစ်ကြောင်းပေါ့လေ။
လင်မယားနှစ်ယောက်က သဒ္ဒါတရားကလည်း ထက်သန်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ကလည်း အကျိုးပေး၏။
ထွန်းခင်က အမြော်အမြင်လည်း ရှိ၊ ကြင်မြကလည်း စုဆောင်းတတ်ဆိုတော့ကာ ပိုလျံကြတယ်။
အခုဆို မိဘပေးတဲ့ အမွေအပြင် အိမ်တစ်ဆောင် မီးတပြောင်နဲ့ ကြီးပွားလာချက်က လယ်ဧက ၂၀လောက် ပိုင်ကြပြီဆိုပဲ။
သူတို့နဲ့ ရွယ်တူတန်းတူတွေက ကိုထွန်းခင်တို့ လင်မယား ကြီးပွားချမ်းသာလာတာကို အားကျနေကြလေရဲ့။
ရွာထဲက မိန်းမသူများကဆို ကိုထွန်းခင်လို အလုပ်ကြိုးစား ငွေရှာဖို့ သူတို့ယောက်ျားများကို တိုက်တွန်းကြတာပေါ့။
တစ်ရွာလုံးမှာ ထွန်းခင်တို့ လင်မယားက စံနမူနာ ပြစရာ၊ ပြောစရာ ဖြစ်နေတော့တယ်။
သို့ပေမယ့် ထွန်းခင်တို့ လင်မယားမှာ အခုထက်ထိ သားသမီး မရကြသေးဘူး။
သူတို့နဲ့ မရှေးမနှောင်း အိမ်ထောင်ရက်သား ကျကြသူတွေက သားတွဲလောင်း သမီးတွဲလောင်းနဲ့။
တီတီတာတာ ချစ်စရာ စကားဆိုတတ်တဲ့ ကလေးများ တွေ့ရင် ထွန်းခင်ခမျာ သားသမီး အရမ်းလိုချင်စိတ် ဖြစ်မိရှာတယ်။
ကြင်မြကလည်း ဘာထူးလို့လဲလေ။ဟိုအိမ်က ကလေး ယူချီ၊၊ သည်အိမ်က ကလေး ယူနမ်းနဲ့။
လင်ရော မယားကပါ ကလေး အရမ်းလိုချင်နေကြရှာတယ်။
ရွာရဲ့ ထုံးစံအတိုင်း ကလေးရအောင်ဆိုပြီး၊ ရွာထိပ်က နတ်ညောင်ပင်ကြီးဆီမှာရုက္ခစိုးကိုလည်း ပူဇော် ပသပြီးပြီ။
ဗေဒင်မေး၊နတ်မေး အကုန်စုံနေပြီ။
တစ်ယောက်ယောက်မှာများ ဖိုနေသလားလို့ ဆေးစစ်ကြည့်တော့လည်း
ယောက်ျားမှာလည်း ချို့ယွင်းချက် မရှိ။
မိန်းမမှာလည်း အားနည်းချက်မရှိ။
ရွာကျောင်းဆရာလေး ပြောတဲ့ မြို့က အိုဂျီဆိုလား ဘာလား သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီးနဲ့လည်း ဆေးထိုးဆေးစား လုပ်ခဲ့တာ ၃လကျော် ၄လလောက်ရှိပြီ။
အစာမကြေဖြစ်လို့ ကြင်မြတစ်ယောက် ပျို့အန်တိုင်း ရွာလယ် ကျန်းမာရေး ဆေးပေးခန်းက သားဖွားဆရာမကို အပြေးခေါ်ရတာ ထွန်းခင်ခမျာ အမောသားကလား။
သို့ပေသိ အခုထိ ကလေးရမည့် အရိပ်အယောင် မပြသေးပေ။
ခင်မင်ရင်းစွဲရှိတဲ့ သားဖွားဆရာမ ဒေါ်သက်သက်နွယ်ကတော့ အားပေးရှာပါတယ်။
" သိပ်လည်း အလျင်မလိုပါနဲ့ ကိုထွန်းခင်ရယ်၊ ရှင့် မိန်းမက ငယ်ပါသေးတယ် ၊
အချိန်တန်တော့ ရလိမ့်မပေါ့ရှင် "
မကြင်မြ ခမျာလည်း အဲဒီကိစ္စကြောင့် ကိုထွန်းခင်ကို အားနာသလိုလို ၊ သူမဘာသာပဲ အားငယ်သလိုလို ခံစားနေရရှာတယ်။
ယောက်ကျားက အရူးအမူး ကလေးလိုချင်နေတာကို ကိုယ်ဝန်မလွယ်ရစကောင်းလားလို့လည်း ကိုယ့်ဟာကိုယ် အပြစ်တင်နေမိတာပေါ့။
တစ်ရက်သားများမှာတော့ မကြင်မြဆီကို ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက် အလည်ရောက်လာလေရဲ့။
သူငယ်ချင်းနာမည်က မနှင်းဆီလို့ ခေါ်တယ်။မကြင်မြထက် အရင်၊ တစ်ရွာသားနဲ့ အိမ်ထောင်ကျသွားတာ။
မနှင်းဆီက သားကလေးတစ်ယောက် ရှိတယ်။အခုလည်း ကိုယ်ဝန်နဲ့။နောက်တစ်ဗိုက်ပေါ့။
မနှင်းဆီက ယောင်နောက် ဆံထုံးပါဆိုသလိုပဲ သူ့ယောက်ကျားရွာမှာ လိုက်နေတယ်။အခု မိဘများဆီ အလည်လာတာလို့ ပြောတယ်။
မနှင်းဆီက မမြင်တာကြာပြီ ဖြစ်တဲ့ မကြင်မြကို စေ့စေ့ကြည့်ရင်း ပြုံးတယ်။
အပျိုဘဝက သေးသေးသွယ်သွယ် မကြင်မြဟာ အခုနောက်ပိုင်း ခါးအဆီပြင်တက်လာပုံရတယ်။
မကြင်မြ၏ သူငယ်ချင်း မနှင်းဆီက၊
" ဟဲ့ ကြင်မြ ၊ ညည်း ဝလို့ လှလို့ပါလား၊ ကောင်မ ညည်းဗိုက်ကြီးနေတာများလား "
မကြင်မြက သူငယ်ချင်းမဖြစ်သူ၊ မနှင်းဆီဆိုသူအား မနာအောင် လင်မောင်း ဆွဲဆိတ်ရင်း ..
"အိုအေ ..ရှို့ရှို့ရှားရှား ၊ မဟုတ်ရပါဘူး၊ ငါ့မှာ ဗိုက်ကြီးချင်တာ တစ်ပိုင်းကိုသေလို့ ၊ ငါ့ယောက်ကျားက ကလေးရူးအေရဲ့၊ ကလေးများ ရချင်ပါရဲ့ ၊ နည်းလေးလမ်းလေးများ ရှိရင် ပေးစမ်းပါအုံးအေရယ် "
" ညည်း တားဆေးတွေ သုံးတာများလို့၊အဲ့ဒီဆေးရှိန်တွေကြောင့် မရတော့တာများလား ..."
မကြင်မြက သက်ပြင်းချရင်း ၊
" အဲ့ဒါတွေလည်း ပါမှာပေါ့၊ ရခါစကတော့ စီးပွားရေး လုံးပမ်းနေရတာနဲ့ ၊ ကလေး ယူဖို့ စိတ်မကူးဖြစ်ဘူးပေါ့အေ၊ အခုတော့ စီးပွားရေးလေးက သောင်သာလာတော့ ကလေးရချင်နေကြပြီ၊
ငါဖြင့် နည်းကို စုံရောပေါ့ "
မနှင်းဆီက ပြောသင့် မပြောသင့် ချိန်ဆနေပုံပဲ။ မကြင်မြကို ကြည့်ရင်း၊
သူ့ဘာသာ သူပဲ ဆုံးဖြတ်ပါစေဆိုတဲ့ သဘောနဲ့ ထင်ပါရဲ့။
" ကြင်မြ ညည်း ယုံ မယုံတော့ ငါမသိဘူးအေရယ် ၊ ငါတို့ ရွာမှာ နတ်ကတော် ဒေါ်တင်ဆိုတာ ရှိတယ် ၊ ကလေး ရအောင် လုပ်ပေးနိုင်တယ်လို့ နာမည်ကြီးတယ်အေရဲ့ "
"ဟယ်! တကယ်ကြီးလား နှင်းဆီ။အဲ့ဒီ နတ်ကတော်က ကလေးရှိအောင် တကယ်ပဲ လုပ်ပေးနိုင်လား "
မနှင်းဆီက ခေါင်းကို ငြိမ့်ပြရင်း၊
" တကယ်ဟ ၊ ငါ့ယောက်ကျားရွာက အသက် ၄၅ နှစ်ကျော် အပျိုကြီးတစ်ယောက်၊ အိမ်ထောင်ကျသွားတော့၊ ကလေး မရတော့ဘူး ထင်နေတာ။
အဲ့ဒီ နတ်ကတော် ဒေါ်တင်ကပဲ နတ်စာကျွေးပြီး ဆုတောင်းပေးတာ ၊ တစ်လကြာတော့ ဗိုက်ကြီးပါလေရောလား ၊ စွမ်းတော့ အတော်ကို စွမ်းတာပဲအေရဲ့ ၊ ဒါပေမယ့် ညည်းယောက်ကျားက ယုံပါ့မလား မသိနိုင်ဘူးလေ .."
" အိုအေ တကယ်သာဆိုရင် ၊ ငါ့ယောက်ကျားကို ငါပြောရမှာပေါ့ ၊ သူလည်း သားသမီး ရချင်နေရှာတာ ။ သူ နားလည်အောင်တော့ ပြောရမှာပေါ့ "
" အေးလေ ၊ အရင်ဆုံး နင့်ယောက်ကျားကို တိုင်ပင်ကြည့်ပါဦး ၊ သဘောတူရင် ငါတို့ရွာကို လာခဲ့ကြပေါ့၊ ညအိပ်ဖို့က မပူနဲ့ ၊ ငါ့အိမ်က အကျယ်ကြီး၊ နင်တို့ လင်မယား လွတ်လွတ်လပ်လပ် နေလို့ ရတယ် "
မကြင်မြရဲ့ မျက်နှာက ပျော်ရွှင် ကျေနပ်နေပုံပါပဲ။ သူငယ်ချင်း မနှင်းဆီကို ကျေးဇူးတင်စကားပြောရင်း လယ်တောက ပြန်လာမယ့် ခင်ပွန်းဖြစ်သူ ကိုထွန်းခင်ကို ဘယ်လို နားသွင်းရမလဲ စဉ်းစားနေတော့တယ်။
...................
၂။
" ဟယ် ကြင်မြရယ် ၊ ဟုတ်ရော ဟုတ်လို့လား ၊ အရင်တစ်ခါလည်း မင်း မေးချင် လုပ်ချင်တယ်ဆိုလို့ နတ်မေးပြီးပြီ၊ နတ်ကတော် ပြောတာတွေလည်း တို့တွေ လုပ်ခဲ့တယ်မို့လား ၊ ပိုက်ဆံသာ ကုန်တယ်၊ ဘာများ ထူးခြားလို့လဲ "
" အော် ..ကိုထွန်းခင်နှယ် ၊ အဲ့ဒီ နတ်ကတော်က မစွမ်းလို့ နေမှာပေါ့။ အခု ကျွန်မ ပြောတဲ့ နတ်ကတော်က ဒီရွာက မဟုတ်ဘူးတော်ရဲ့ ၊ နှင်းဆီမ ယောက်ကျား ရွာက နတ်ကတော် "
"အေးလေဟယ် ၊ ဘယ်ရွာက နတ်ကတော်ဖြစ်ဖြစ် ကိုးကွယ်တဲ့ နတ်ကတော့ အတူတူတွေပဲ မဟုတ်လား ၊ ထူးပြီး တစ်ပါး ပိုမလာပါဘူး ကြင်မြရယ်၊ ၃၇ မင်းနတ်တွေကတော့ အတူတူပါပဲ "
" မတူဘူးတော်ရေ့ ၊ နတ်ကတော်ဆိုတာက နတ်ချစ်အောင်နေမှ ၊ စွမ်းသာ။
နှင်းဆီ ပြောတဲ့ နတ်ကတော်က အဲ့သလိုမျိုး စွမ်းသတဲ့ ။ လက်တွေ့ သူတို့ရွာက ၄၅နှစ်ကျော်မှ အိမ်ထောင်ရက်သား ကျတဲ့ မိန်းမတောင် ကလေး ရအောင် လုပ်ပေးနိုင်ပါသတဲ့ဆိုနေ "
" အဲ့ .. အဲ့ဒါက အကြောင်းသင့်သွားလို့ နေမှာပါ ကြင်မြရယ် "
မကြင်မြ နည်းနည်း တင်းသွားလေပြီ။
ခြေဆင်းကလေးကို ကြမ်းပြင်အား ဒုန်းကနဲ မြည်အောင် ဆောင့်ကာဖြင့်..
" တော့် ပြောလိုက်ရင် အဲသလိုပဲ၊ ကဖျက်ကရက်နဲ့ လက်ပေါက်က ကပ်သေး ၊ ဘာလဲ ပိုက်ဆံကုန်မှာ အတော် စိုးရိမ်နေသလား ၊ ကျုပ် မိဘတွေပေးလိုက်တဲ့ လက်ဝတ်လက်စားတွေ ရောင်းပြီး အကုန်ခံမယ်တော် ၊ နှင်းဆီမက သူ့အိမ်မှာ လာတည်း လာစားတဲ့။ ပိုက်ဆံ အပိုကုန်စရာ မရှိပါဘူး .."
" ရော် ခက်ပါလား ကြင်မြရာ ၊ ငါက ငွေကုန်မှာ ပူပန်လို့ ပြောနေတာ မဟုတ်ဘူးဟ ၊ သူများ ရပ်ရွာသွားရတာ ပင်ပန်းတယ် ၊ သူများအိမ်မှာလည်း ကြာကြာ မနေတတ်ပါဘူး ၊ အနေရကြပ်ပါတယ် "
မကြင်မြက အခုထိ သူမ၏ သဘောကို မလိုက်လျောသေးသော ကိုထွန်းခင်အား မျက်စောင်း ဝင့်ကနဲ ထိုးလိုက်ပြီး၊
" ကဲ ကိုထွန်းခင်၊ ကျုပ် နောက်ဆုံး မေးမယ်၊ နှင်းဆီမတို့ရွာကို တော် လိုက်မလား၊ မလိုက်ဘူးလား ၊ ဒါပဲဖြေ။
ကျုပ်ကတော့ တော်မပါလည်း သွားမယ်လို့ စိတ်ပိုင်းဖြတ်ပြီးသား "
အဲ့သလို ခပ်တင်းတင်းလေး မကြင်မြက ဆိုလေတော့၊ ကိုထွန်းခင်ခမျာ နေသာပါတော့မလား။
ဒီမယားကို ချစ်လွန်းလို့ ၃နှစ်၃မိုး ပိုးပန်းပြီး အရယူလာခဲ့တာ မဟုတ်လား။
နောက်ဆုံးတော့ ကိုထွန်းခင် လက်လျော့ လိုက်ရတယ်။ မယားအလိုကျ လိုက်ခဲ့ပါ့မယ်ဟူ၍ ကတိပေးလိုက်ရတော့တာပေါ့။
တစ်ရက် နှစ်ရက်အတွင်း လုပ်လက်စ အလုပ်လေးတွေ ဖြတ်ပြီး၊ အိမ်ကလှည်းနဲ့ ခပ်စောစောလေး ထွက်ကြတာပေါ့ဟု ကိုထွန်းခင် ပြောလိုက်တယ်။
ထိုအခါမှ မယားဖြစ်သူ မကြင်မြ၏ မျက်နှာက အလိုပြည့်ဟန်ဖြင့် ပြုံးလာတော့ရှာတယ်လေ။
.......................
၃။
မနှင်းဆီနေတဲ့ ရွာအမည်က နံ့သာကုန်းကျေးရွာ။
ကိုထွန်းခင်တို့လင်မယား နေထိုင်ရာ ဆူးလေရွာနဲ့ဆို အနည်းငယ်ဝေးတယ်။
လှည်းနဲ့ သွားရင်တောင် ၃နာရီသာသာ၊ ၄နာရီ နီးပါး မောင်းရတယ်။ကိုထွန်းခင်လှည်းက ပေါင်းမိုးမပါဘူး။
လှည်းပက်လက်ဆိုတော့ မနက်စောစောထပြီး နေပူသက်သာအောင် ထမင်းချိုင့်နဲ့ ထွက်ခဲ့ကြတယ်။
သူတို့ ရွာက ထွက်လာတော့ ရွာဦးကျောင်းက ၄နာရီ အုန်းမောင်းခေါက်သံ ကြားနေရပြီ။
လှည်းထမ်းပိုးအလယ်မှာ မီးအိမ်တစ်ခု ၊လှည်းနံရံမှာ ဝါးတုတ်တစ်ချောင်း ကပ်ချည်ပြီး မီးအိမ်တစ်ခု၊ မီးအိမ်၂ခုကို ချိတ်ဆွဲလာကြတယ်။
တောရိပ်တောင်ငွေ့ကြောင့် အအေးဓာတ်လေး ကဲတယ်။ဒါကြောင့် မကြင်မြက အပေါ်ရုံ ခြုံလွှာတစ်ထည်ကို ခြုံလာခဲ့တယ်။
တကျီကျီ တအီအီနဲ့ လှည်းဝန်ရိုးပွတ်တိုက်သံက အိပ်ရေးမဝတဲ့ မကြင်မြကို ချော့သိပ်နေသလား အောက်မေ့ရတယ်။
ငိုက်မြည်းလာတယ်။လှည်းမောင်းနေတဲ့ ကိုထွန်းခင်ရဲ့အနောက်မှာ မကြင်မြ ခွေခွေလေး လှဲလျောင်းလိုက်ရင်း ...
" ကိုထွန်းခင် ကျွန်မ တရေးလောက်မှေးလိုက်ဦးမယ်တော် ၊ လှည်းကို ချိုင့်ထဲချရင် ညင်ညင်သာသာ ချ "
အမှောင်ထဲမှာ မမြင်ရပေမယ့် ကိုထွန်းခင်က ပြုံးယောင်သမ်းလိမ့်မယ် ထင်တယ်။
" အေးပါ မိန်းမရယ် ၊ အိပ် အိပ် ၊စိတ်ချလက်ချသာ အိပ်လိုက်ခဲ့ ၊ ငါ လှည်းကို ဖြေးဖြေးပဲ မောင်းပါ့မယ် "
ဒီလိုနဲ့ သူတို့ ရွာလေးက ထွက်ခွာလာလိုက်တာ တစ်နာရီနီးနီးလာက်အကြာမှာ ဘဲစိမ့်ရွာအနီးသို့ ရောက်လာကြတယ်။
ဘဲစိမ့ျရှာဆိုတာက လမျးခုလပျက ရှာတဈရှာပါ။
နံ့သာကုန်းရွာနဲ့သူတို့ ရွာ အကြားမှာ ရွာစဉ်တွေ အများကြီး ဖြတ်ရဦးမယ်။
ဘဲစိမ့်ရွာပြီးပီးရင် ၊ နောင်မွန်ရွာ၊ လက်ပံရွာ ၊ ပေတောကုန်း၊ထနောင်းကန်။ အဲ့ဒီရွာတွေ အစဉ်အတိုင်း ဖြတ်ကျော်ပြီးမှ သူတို့ သွားလိုတဲ့ နံ့သာကုန်းရွာကို ရောက်မှာ ဖြစ်တယ်။
ဘဲစိမ့်ရွာ မရောက်ခင်မှာ ရွာစွန်က သချႋုင်းကုန်းနံဘေးက ဖြတ်ရမယ်ဆိုတော့ ကိုထွန်းခင် ကျောထဲက စိမ့်ကနဲ ဖြစ်သွားတယ်။
ဘဲစိမ့်ရွာစွန် သချႋုင်းက သရဲ အင်မတန်ခြောက်တယ်လို့ နာမည်ကြီးလေတော့ ကိုထွန်းခင် လှည်းမောင်းရင်း လေးဂွကို လွယ်အိတ်ထဲက အသင့်ထုတ်ထားလိုက်တယ်လေ။
လှည်းကို သတိနဲ့မောင်းလာလိုက်တာ
ဘဲစိမ့်သချႋုင်းမြေထဲကို ရောက်မှန်း မသိ ရောက်လာခဲ့တယ်။
လှည်းပေါ်က ထွန်းခင်ကို အေးစိမ့်နေတဲ့ လေက ဖြတ်တိုက်သွားတယ်။တစ်ကိုယ်လုံး ခိုက်ခိုက်တုန် သွားတယ်။
သုသာန်မြေကို ဖြတ်သန်းလာတဲ့ လေအေးထဲမှာ မသိုးမသန့် အနံ့တစ်ခု ပါလာသလိုပဲ။
ပုပ်ဟောင်ဟောင် ညှီစို့စို့ ရနံ့တစ်ခုက လှည်းမောင်းနေတဲ့ ထွန်းခင်ရဲ့ နှာဝကို ဝေ့ကနဲ ဖြတ်သွားတယ်။
မီးအိမ်ရဲ့အလင်းရောင်နဲ့၊ မြင်နေရတာက၊ မြေပုံမို့မို့လေးတွေ ။ သေသူရဲ့ အမည်နာမ နဲ့ အသက်ကို ရေးထိုးထားတဲ့ ကဗျည်းမှတ်တိုင်လေးတွေက ထိုးထိုးထောင်ထောင်။
မီးအိမ်က လှုပ်ခတ်တိုင်း မှတ်တိုင်ငယ်လေးတွေက အရိပ်က တလှုပ်လှုပ်ဆိုတော့ ၊ မြေစာပုံမို့မို့လေးထဲက လက်မည်းကြီး မြေပေါ်ကို အတင်းထိုးထွက်လာတဲ့အတိုင်းပဲ။
အစာရှာထွက်လာတဲ့ မြေကြွက်ကြီးတွေရဲ့မျက်လုံးက စုန်းကဝေ မီးကစားနေသလိုပဲ၊ ဟိုနားက စိမ်းစိမ်း၊ သည်နားက စိမ်းစိမ်း။ပြေလွှားနေကြတယ်။
အဲဒီအချိန် ဖျတ်ကနဲဆို လှည်း ထမ်းပိုးအလယ်က မီးအိမ်က ငြိမ်းသွားပါလေရော။
ထွန်းခင် လှည်းနံရံက မီးအိမ်တိုင်ကို ပြုတ်ကျမည့်အလား လှမ်းကိုင်လိုက်မိတယ်။
ဒီအချိန် ဒီမီးအိမ်လေးက အလင်းရောင်ကိုပဲ သူ အားကိုးရတော့မယ်လေ။
နေမထွက်သေးတော့ အမှောင်အားက ကောင်းတုန်း။လင်းခါနီးလေ အမှောင်က သိပ်သည်းလေဆိုတာများ တယ်မှန်ပါလား။မှောင်မည်းနေ၏။
သူ သွားနေတဲ့ လှည်းလမ်းကြောင်း တည့်တည့်၊ ခပ်လှမ်းလှမ်းဆီမှာ အရိပ်နှစ်ခု ဝိုတဝါး မြင်လိုက်ရတော့ ၊ ထွန်းခင် လှည်းကို ဆတ်ကနဲ ရပ်တန့်လိုက်မိတယ်။
အဲ့ဒီ အရိပ်၂ခုက သူ့လှည်းဆီကို တန်းတန်းမတ်မတ်ကြီး တရွေ့ရွေ့ လှမ်းလာနေတယ်။
ထွန်းခင် ဘေးနားက လေးဂွကို ယူ၍ လောက်စာလုံးကို သားရေအိမ်မှာ ထည့်ကာ အသင့်ပစ်ခတ်ရန် ချိန်ရွယ်ထားလိုက်တာပေါ့။
ဒီလိုအချိန်ကြီး သုသာန်ထဲကို ဘယ်လိုလူက လာရဲမှာလဲ။လူရော ဟုတ်မှ ဟုပ်ပါလေစလို့ သံသယဖြစ်နေတယ်။
" ကိုထွန်းခင် ၊ ဘာဖြစ်လို့ လှည်းကို ရပ်လိုက်တာလဲ ၊ တော် အပေါ့သွားမလို့လား "
မကြင်မြ အိပ်ရာက နိုးလာပြီး ထထိုင်ရင်း မေးလိုက်တော့ ၊ ကိုထွန်းခင်က
" မဟုတ်ဘူး ကြင်မြ၊ တို့လှည်းလမ်းကြောင်း တည့်တည့်မှာ မသင်္ကာစရာ တွေ့လို့ ..."
အဲဒီတော့မှ မကြင်မြလည်း ဘေးပတ်ဝန်းကျင်ကို သတိထားမိသွားတော့တာပေါ့။
သူတို့လှည်းက သူသာန်မြေထဲ ရောက်နေတယ်ဆိုတာ သိသွားတဲ့ မကြင်မြ၊ ကိုထွန်းခင်ရဲ့ ပုဆိုးစကို ဆွဲပြီး..
" ကိုထွန်းခင် ၊ ဒီနေရာက သချႋုင်းကြီးတော့ ၊ လှည်းကို ရှေ့ဆက်မောင်းပါတော်၊ ကျုပ် ကြောက်လွန်းလို့ပါ။"
ကိုထွန်းခင်က မကြင်မြကို လှည်းလမ်းကြောင်း ရှေ့တည့်တည့်ဆီ မေးဆတ်ပြလိုက်တယ်။
အရိပ်နှစ်ခုဟာ တဖြေးဖြေး သူ့လှည်း အနီး ရောက်လာတယ်။
ကိုထွန်းခင် မီးအိမ်ကို လှည်းရှေ့ မြင်သာအောင် နေရာရွေ့ထား လိုက်တယ်။
မီးအိမ်က အလင်းရောင်ကြောင့် လှည်းအနီးကို ကပ်လာတဲ့ အရိပ်၂ခုကို သူတို့ ကောင်းစွာ မြင်လိုက်ရတယ်။
"ဟင် ! သောက်ကလေး ၂ယောက် ၊ ဒီအချိန်ကြီး သချႋုင်းကို ဘာလာလုပ်ကြတာလဲ ..."
အရိပ်မည်း ၂ခုက ၁၁နှစ်၊ ၁၂နှစ်အရွယ် ယောက်ကျားလေး ၂ယောက် ဖြစ်နေတော့ အံသြသွားကြတယ်။
ကလေး ၂ယောက်လုံး၏ အဝတ်အစားများမှာ ရွံ့များ မြေစိုင်ခဲများ ပေကျံနေကြတယ်။
မျက်နှာပေါ်တွေမှာလည်း ရွံများ လူးကာ ပွပေနေကြတယ်။ဗွက်အိုင်ထဲများ လူးလာကြလေသလား။
ခေါင်းများပေါ်မှာလည်း မြေစာမှုန်များ ပွကျံနေကြတယ်။ဘယ်လို မြေစာပုံထဲ တွန်းထိုး ကစားလာကြလဲ မသိဘူး။
နှစ်ယောက်လုံးက ဘောင်းဘီအတို၊ ပုဆိုးကို စလွယ်သိုင်းထားကြတယ်။
စလွယ်သိုင်းလာတဲ့ ပုဆိုးထဲမှာ တစ်ခုခု ထည့်လာကြပုံပဲ။
လွယ်ပိုးလာတဲ့ ပုဆိုးက ရေတွေ စိုစွတ်နေတာကို သူတို့လင်မယား မြင်လိုက်ကြရတယ်လေ။
ဗွက်တွေ လူးနေကြတဲ့ ကလေး၂ယောက်ရဲ့မျက်နှာက ခပ်ဆင်ဆင်ဆိုတော့၊ ညီအစ်ကိုတွေ ထင်ပါရဲ့။
တစ္ဆေသရဲမဟုတ်ပဲ ကလေးနှစ်ယောက်ဆိုတာ သိလိုက်ရတော့ ကိုထွန်းခင်က သက်ပြင်းချလိုက်ရင်း ...
" ကလေးတွေ .. ဘဲစိမ့်ရွာက လာကြတာလား ၊ မနက်အစောကြီးကွယ် ၊ ချမ်းက ချမ်းနဲ့ ၊ ဘယ်သွားကြမလို့တုန်းဟ "
ကလေးတစ်ယောက်က ..
" ငါးပက်ပြီး ပြန်လာတာဗျ ၊ လှည်းသံနဲ့ မီးအိမ်တွေလို့ လှည်းကြုံလိုက်စီးမလို့ ပြေးလာကြတာ "
" ဟေ ..ဒါဆို မင်းတို့ ပုဆိုးတွေထဲက၊ ငါးတွေလား ၊ ပိုင်သဟေ့ ၊ ဘယ်အချိန်ကများ ထပြီး ငါးပက်နေကြတုန်း "
ကလေးနှစ်ယောက်က ထွန်းခင်၏ အမေးကို မဖြေပဲ၊ တစ်ယောက်ကို တစ်ယောက်ကြည့်ကြတယ်။
ပြီးတော့ ကိုထွန်းခင်ဘက်ကို လှည့်ပြီး၊
" ဦးလေး ကျုပ်တို့ ညီအစ်ကို လှည်းကြုံ လိုက်စီးပါရစေ ၊ ရွာထိပ်ရောက်ရင် ဆင်းနေခဲ့မယ် ၊ ဘယ်လိုလဲ ခေါ်မှာလား "
ကိုထွန်းခင်က မဖြေမီ၊ လှည်းပေါ်က မကြင်မြက ခပ်သွက်သွက် ဖြေလိုက်တယ်။
" တက်ကြ တက်ကြ၊ ဒီနေရာ ကြာကြာနေလို့ ကောင်းတာမဟုတ်ဘူး ၊
ဘယ်နှယ့်တော် သချႋုင်းကနေ လှည်းကြုံတားပြီး စီးရတယ်လို့၊ အံသြပါ့ "
ကလေးတစ်ယောက်က ဝမ်းသာအားရဖြင့် မကြင်မြအား ထပ်မေးတယ်။
" အဲ့ဒါဆို ကျုပ်တို့ အဒေါ်တို့နဲ့ လိုက်ခဲ့လို့ ရပြီပေါ့နော် "
" အောင်မယ်လေး ရှည်တော်မမူပါနဲ့၊
ဒီနား ကြာကြာ မနေရဲလို့ပါ ၊ တက်ပါတော် တက်ပါ ၊ အဒေါ်တို့နဲ့ လိုက်ခဲ့ပါ "
ကလေး၂ယောက်ဟာ အခွင့်ရပြီမို့ ထင်ပါတယ်။ လှည်းနောက်မြီးပေါ် ဆွေ့ကနဲ ခုန်တက်ပြီး သူတို့လင်မယားကို ကျောပေးထိုင်နေကြလေရဲ့။
သို့ဖြင့် ကိုထွန်းခင်လည်း လှည်းကို ဆက်မောင်းလာခဲ့တယ်။မယားဖြစ်သူက သချႋုင်းထဲ ကြာကြာမနေလိုဘူးဆိုတာကိုး။
ဒါတောင် လှည်းကို ဆွဲတဲ့ နွားနှစ်ကောင်က အရင်က တစ်ခါမျှ မလုပ်စဖူး ပေကပ်ကပ် လုပ်ချင်နေကြတယ်။
တံဖြာနဲ့ ခပ်ဆတ်ဆတ်လေးတို့ပြီး ၊ ဖေ့သားကြီးက လို့ အော်လိုက်မှ နွားနှစ်ကောင်လုံးက ပြိုင်တူ ရုန်းကြတယ်။
နွားနှစ်ကောင်ရဲ့ဟန်က လှည်းပေါ်ကို ဝန်တင်လာရသလို အိပဲ့ အိပဲ့နဲ့ ရုန်းနေကြတာကို တွေ့ရတယ်။
သချႋုင်းမြေကိုသာ ကျော်လာခဲ့တာ ကိုထွန်းခင်ရဲ့ နှာဝမှာ အပုပ်နံ့က ဟောင်နေတုန်း။
ကိုထွန်းခင်လိုပဲ မကြင်မြလည်း အဲ့ဒီ ပုပ်အဲ့အဲ့ ညှီစို့စို့ အနံ့ကြီးကို ရနေတော့၊
" နံလိုက်တာတော် ၊ ဘယ်လို အနံ့ဆိုးကြီးပါလိမ့် ၊ ကျုပ်ဖြင့် အန်တောင် အန်ချင်လာပြီ "
" အေးဟ ၊ သချႋုင်းလဲ ကျော်ခဲ့ပါပြီ၊ ဒီအပုပ်နံ့က ဘယ်ကလာနေတာပါလိမ့်နော်"
မကြင်မြက ကိုထွန်းခင်အနား တိုးကပ်သွားပြီး၊ ခပ်တိုးတိုးလေး ...
" ကလေးတွေ ဖမ်းလာတဲ့ ငါးတွေက အပုပ်တွေများလား "
" အို မဟုတ်တာ ကြင်မြရယ်၊
သူတို့ ငါးပက်လာတာ ကြာသေးဟန် မတူပါဘူး ၊ သူတို့ အဝတ်တွေ ကြည့်ပါလား ၊ ရွံတွေတောင် မခြောက်သေးဘူး"
မကြင်မြက ဘာကိုတွေးမိလဲ မသိဘူး။
" ကျုပ်သာ သူတို့အမေဆိုရင် ကလေးတွေကို ဒီလို လွှတ်မထားရက်ပေါင်တော်"
" အော် မိန်းမနှယ် ၊ တူမလားဟ ၊ ချို့ငဲ့တဲ့မိသားစုတွေက ဒီလိုပါပဲ၊ အရွယ် မရောက်သေးလည်း ကိုယ့်ဝမ်း ကိုယ်ကျောင်းနေရတာ ၊ မိဘကိုလည်း တဖက်တစ်လမ်းက ကူညီရာကျတာပေါ့ဟာ "
"အင်း ဘာပြောပြော ကလေး နှစ်ယောက်က သိတတ်လိမ်မာတယ် ပြောရမယ်နော် ကိုထွန်းခင် "
" အေးပေါ့ မိန်းမရဲ့ ၊ ဘဝပေး အသိဆိုတာ စာအုပ်ထဲကထက် ပိုလက်တွေ့ကျတယ်မဟုတ်လား "
မကြင်မြကတော့ သူမရဲ့ အနာဂတ်ကို
ကြိုတွေးရင်း ၊
" ကျုပ်တို့ကလေးတွေကျရင်လည်း ဒီကလေးတွေလို သိတတ်လိမ်မာအောင် ၊ အလိုမလိုက်ပဲ နေကြရအောင်တော် "
"ဟားဟား အေးပါ ကြင်မြရယ် ၊ ငါက ကလေးကို ဆုံးမတော့မှ ရှင် ကျုပ်သားကို မထိနဲ့လို့ မပြောမိပါစေနဲ့ကွာ "
" အိုတော်! ဆုံးမတာတော့ ပါးစပ်နဲ့ ဆိုဆုံးမလည်း ရပါတယ် ၊ ရှင် ပြောနေပုံက ရိုက်နှက်ဆုံးမချင်နေသလိုပဲ ..."
ကိုထွန်းခင်က သူ့မိန်းမ ပြောတာကို သဘောကျစွာ ပြုံးရင်း၊
" ကလေးပဲ ရပါစေအုံး ကြင်မြရယ်၊
အဲ့ဒီအခါမှ ငါတို့ ငြင်းကြတာပေါ့ "
သူတို့ပြောနေတာကို လှည်းကြုံလိုက်စီးတဲ့ ကလေးတွေက ကြားသွားပြီး၊
"အဒေါ်တို့က သားသမီး မရှိကြဘူးလား"
မကြင်မြကပဲ ဖြေလိုက်တယ်။
" အေးကွယ့် ၊ မရသေးတာပေါ့ကွယ် "
ကလေးတစ်ယောက်က ဆွေးဆွေးမြေ့မြေ့လေး ပြောရှာတယ်။
" အဒေါ်တို့လို မိဘတွေနဲ့ အတူနေရရင် တကယ်ကံကောင်းမှာပဲနော် "
" ဟေ ၊ ဘာလို့လဲ ကလေးရဲ့ "
" အော် အဒေါ်တို့က မရသေးတဲ့ ကလေးအပေါ်တောင် မရိုက်ရက်ကြဘူးလေ၊ ကျုပ်တို့ ညီအစ်ကိုရဲ့ မိဘတွေကျ အဲ့သလို မဟုတ်ပေါင် ၊ ဟင်းစား ရှာခိုင်းလိုက်တာ သူတို့ ကျေနပ်လောက်တဲ့ အထိ မရခဲ့ရင် အသေကောင်လေးတွေ ဘယ်မှာ သဖန်းပိုး ထိုးနေကြတာလဲ၊ ဘာမှ သောက်ဖြစ်မရှိကြဘူး ၊ နင်တို့ကို မွေးကတည်းက အသေလေးတွေ မွေးလာရမှာ နဲ့ ၊ ဘယ်တော့မှ အဆူအဆဲ၊ အရိုက်အနှက် မလွတ်ပါဘူးဗျာ ၊ သေမှပဲ သူတို့လက်က လွတ်မှာနေလိမ့်မယ်"
မကြင်မြက ကြားရတာကို မယုံသလိုနဲ့၊
"ဟယ် အဲ့သလိုကြီးလား ၊ မိဘအရင်းရော ဟုတ်ကြရဲ့လားကွယ် "
ကောင်လေးက စိတ်နာဟန်ဖြင့်၊
" အဖေရင်း အမေရင်းပါပဲ ၊ ကျုပ်တို့ လူမှန်းသိတတ်စကတည်းက ခိုင်းစားလာကြတာ ၊ ဘုန်းကြီးကျောင်းတောင် စာသွားမသင်ခိုင်းဘူး ၊ စာဖတ်တတ်တော့ ထမင်း တစ်လုပ် ပိုစားရမှာလားတဲ့.."
" စိတ်မကောင်းလိုက်တာကွယ် "
ကလေးတစ်ယောက်က ..
"ကျုပ်တော့ ဆုတောင်းတယ် ၊ နောက်ဘဝဆိုတာများရှိရင် ၊ အဒေါ်တို့လို သဘောကောင်းတဲ့ မိဘတွေဆီမှာ ဝင်စားပါရစေလို့ ၊ ဘယ်လိုလဲ အဒေါ်၊
ကျုပ် တောင်းတဲ့ဆုက ပြည့်ပါ့မလား "
မကြင်မြလည်း ငြိမ်သွားတယ်။
ကလေးတွေကို ဘာပြန်ဖြေရမှန်း မသိတော့ဘူး။ မကြင်မြက စကားဖြင့် အဖြေမပေးလိုက်ပေမယ့်၊ ခေါင်းငြိမ့်ပြလိုက်မိတယ်။
ကလေးတွေက မကြင်မြဘက်ကို လှည့် မကြည့်တော့ဘူး။ ခုနကလိုပဲ ကျောပေး ထိုင်လိုက်လာကြတယ်။
လှည်းမြီးက ကလေးနှစ်ယောက်ကို မကြာခဏ လှည့်ကြည့်ရင်း ဘာရယ်ကြောင့်မသိ။
မကြင်မြ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထကာ ရှိန်းရှိန်းဖိန်းဖိန်း၊ ဖြစ်သွားတယ်။
ရွံတွေ ပေကျံနေသော ကလေး၂ယောက်ရဲ့ နောက်ကျောမ နှစ်ခုဟာ မကြင်မြကို ချောက်ချားနေစေတယ်။
လှည်းက ချိုင့်ထဲကျလို့ လှည်းအိမ်ခုန်လိုက်တိုင်း မကြင်မြက ...
" ကလေးတွေ လိမ့်ကျမယ်နော် ၊ လှည်းနံရံက တိုင်ကို ကိုင်ထားကြ "
မကြင်မြက အဲ့သလို သတိပေးရင်း လှည့်ကြည့်ပေမယ့်၊ ကလေးနှစ်ယောက်က တုပ်တုပ်မလှုပ်ဘူး။
လှည်းနောက်မြီးမှာ ဘာကိုမှ မကိုင်ပဲ ကော်ပတ်အရုပ်များလို ခပ်တောင့်တောင့်ကြီးတွေ ထိုင်လိုက်လာကြတယ်။
မကြင်မြကတော့ ကလေးတွေကို ငုတ်တုတ်များ အိပ်ပျော်နေကြသလားတောင် အောက်မေ့မိတယ်။
စကားလည်း ပြန်ပြောဖော် မရလေတော့ မကြင်မြဟာ ကလေးတွေဘက်ကို လှည့်လည်း မကြည့်တော့သလို၊ စကားလည်း မဆိုဖြစ်တော့ဘူး။
ဒီလိုနဲ့ လှည်းက လယ်ကွင်းကန်သင်ရိုးတွေဘေးကနေ ဖြတ်လာပြီး ဘဲစိမ့်ရွာထိပ်က ရွာတော်ရှင်နတ်နန်းအနီး ရောက်လာတယ်။
ကိုထွန်းခင် လှည်းကို ရပ်ပေးပြီး၊ " ကောင်လေးတွေ ဆင်းလို့ ရပြီဟေ့"လို့ လှည့်ပြောလိုက်တယ်။
မကြင်မြလည်း လှည်းနောက်မြီးကို လှည့်ကြည့်လိုက်တယ်။
သူတို့ လင်မယား အံအားသင့်သွားကြတယ်။ လှည်းနောက်မြီးမှာ ကလေးနှစ်ယောက်ကို မတွေ့ကြတော့ဘူး။
ကလေး၂ယောက်က ပျောက်သွားပြီ။
ပျောက်တာက ချက်ချင်းကြီး။ဘေးပတ်ဝန်းကျင်မှာလည်း ကလေးတွေကို မမြင်ရဘူး။
ပြီးတော့ တစ်လမ်းလုံး နံဟောင်နေတဲ့ အပုပ်နံ့ကလည်း ယူပစ်လိုက်သလို ပျောက်သွားတယ်။
လှည်းနောက်မြီးကို ကိုထွန်းခင် ဆင်းသွားကြည့်တယ်။လှည်းကြမ်းခင်းမှာ စိုထိုင်းထိုင်း အကွက်၂ခုကို မြင်လိုက်ရတယ်။ ကိုထွန်းခင် လက်ဖြင့် စမ်းကြည့်တော့ နွေးမနေပဲ၊ အေးစက်နေတယ်။
မကြင်မြလည်း လှည်းပေါ် ထိုင်မနေရဲတော့ဘူး။ ကိုထွန်းခင် ရှိရာကို ဆင်းလာတယ်။ကိုထွန်းခင်ရဲ့ လက်တစ်ဖက်ကို မကြင်မြက အားကိုးတကြီး ဆွဲထားရှာတယ်လေ။
" ကို ကို ကိုထွန်းခင် ၊ အဲ့ဒါ ဘာဖြစ်တာလဲဟင် ၊ ကလေး၂ယောက်က ခုနကအထိ ပါလာသေးပါတယ် "
မကြင်မြက ထိတ်လန့်နေတာမို့ စကားထစ်နေတယ်။ ကိုထွန်းခင်မျက်နှာကလည်း မသာမယာနဲ့။ စိတ်ရှုပ်ထွေးနေဟန်တူတယ် ။
အဲ့ဒီအချိန် ရွာတော်ရှင်နန်းထဲက အဒေါ်ကြီးတစ်ယောက် ထွက်လာတာကို သူတို့ လင်မယား တွေ့လိုက်ကြတယ်။
အဒေါ်ကြီးက နတ်ပန်းလာလဲပုံရတယ်။
သူတို့ နွားလှည်းကိုကြည့်ပြီး၊ ဘာ အကူအညီ ပေးရမလဲလို့ လာမေးတယ်။
ကိုထွန်းခင်ကပဲ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။
ကိုထွန်းခင်ရဲ့ စကားလည်းဆုံးရော အဒေါ်ကြီးက သူမရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖိပြီး ဘုရားတတယ်။
" ဘုရား ဘုရား ၊ မောင်ရင်တို့ လင်မယား ငယ်လေးနဲ့ငယ်ထွေးကို တွေ့ခဲ့တာထင်ပါရဲ့။ သူတို့ ညီအစ်ကို မကျွတ်ကြသေးဘူးပေါ့ .."
" ဗျာ ...ဘယ်လို ဘယ်လို ဒွေးလေး "
"ဟုတ်ပါတယ်၊ သေချာပါတယ် ၊ ပုဆိုးစလွယ်သိုင်းထားတဲ့ ရွံတွေ ဗွက်တွေ လူးနေတဲ့ ညီအစ်ကိုဆိုရင် ၊ အဲ့ဒီ ညီအစ်ကိုပဲ မောင်ရင်ရဲ့ "
" သူတို့က ဒီဘဲစိမ့်ရွာကလို့ ပြောတယ် ဒွေးလေး ၊ ဟုတ်သလား "
" အရင်ကတော့ ဟုတ်တာပေါ့ ၊ အခုဆိုရင် သူတို့ ညီအစ်ကို မြေပြိုလို့ ပိပြီး သေတာ နှစ်လကျော်လောက် ရှိပြီလေ၊ သူတို့က တောင်ကမ်းပါးရံမှာ နေကြတာ။ ပြီးခဲ့တဲ့လက မိုးများပြီး တောင်ကမ်းပါးပြိုတော့ ညီအစ်ကို၂ယောက်လုံး မြေပိသေပါရောလားကွယ် ၊ တကယ်ကို သနားစရာပါ "
" သူတို့ မိဘတွေကရော ဒွေးလေး၊ သူတို့ကျ လွတ်တယ်ပေါ့ "
" မြေပြိုတာက မနက်လင်းအားကြီးအချိန်ကွယ့်၊ ကလေးတွေရဲ့အမေက၊ ကလေးတွေ ညကရှာလာတဲ့ ငါးကို ရွာထဲ လှည့်ရောင်းပြီလေ ၊ အဖေလုပ်သူကတော့ မိုးလင်းမိုးချုပ် အရက်ဆိုင်ပဲပေါ့။
ညက တစ်ညလုံး ငါးရှာဖားရှာနေရတဲ့ ကလေး၂ယောက်က အဲ့ဒီအချိန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတယ်နဲ့ တူပါရဲ့။ ဝိပါကဝဋ်ကြွေးများ တယ်လည်း ကြောက်စရာကောင်းပါကလား "
"အဲ့ဒါဆို ကျွန်မတို့ လှည်းနောက်က လိုက်လာကြတဲ့ ကလေးနှစ်ယောက်က"
အဒေါ်ကြီးက မျက်စိမျက်နှာပျက်ကာ...
" အဲ့ဒါ မြေပြိုတဲ့အထဲ မြေပိပြီး သေသွားကြတဲ့ ငယ်လေးနဲ့ငယ်ထွေးဆိုတဲ့ ကလေးတွေရဲ့ ဝိဉာဉ်တွေနေမှာပေါ့ "
" သူတို့က ဒီအချိန်ဆိုရင် ငါးရှာပြီး ပြန်လာကြတဲ့ အချိန်ပဲ၊ သူတို့ အိပ်ပျော်နေတုန်း မြေတွေ ပိပြီး သေသွားကြတာဆိုတော့ သေလို့ သေမှန်းတောင် မသိကြဘူးနေမှာ ၊ ညတိုင်း ငါးရှာထွက်နေကြတုန်း ၊ ဒီလိုအချိန် သူတို့အိမ် ပြန်နေကြတုန်းနေမှာပေါ့ကွယ် .."
ကိုထွန်းခင်ရော မကြင်မြပါ အဖြစ်အပျက်ကို ပြန်ပြောင်းတွေးပြီး ကြက်သီးဖျန်းဖျန်းထလာကြတယ်။
အဒေါ်ကြီးက ခပ်ဝေးဝေး တောင်ဖျားက တောင်နံရံမြေသားနီနီကြီးကို လက်ညှိုးထိုးပြရင်း
" မြေပြို ခဲ့တဲ့ နေရာက ၊ အဲဒီ မြေစာပုံတွေ စုထားတဲ့နေရာပေါ့ "
ကိုထွန်းခင်နှင့်မကြင်မြဟာ အဲ့ဒီနား ကြာကြာ မနေရဲတော့ဘူး။ အဒေါ်ကြီးကို နုတ်ဆက်ပြီး လှည်းဖြင့်ဆက်ထွက်ခဲ့ကြတယ်။
သူတို့ အဲဒီ မြေစာပုံအနီးက ဖြတ်သွားတော့ ဘာရယ်မဟုတ်ဘူး၊ တောင်ကမ်းပါးရံနီနီကြီးဘက် ငဲ့စောင်းကြည့်မိလိုက်တယ်။
သူတို့လင်မယား မြေစာပုံတစ်ခုဘေးမှာ ရွံတွေ မြေစာတွေ ပေလူးပွကျံနေတဲ့ ကလေး၂ယောက်ကို ငုတ်တုတ်လေးတွေ ထိုင်နေတာ တွေ့လိုက်ကြတယ်။
ကလေး၂ယောက်က သူတို့ကို မြင်တော့ မတ်တတ်ထရပ်လိုက်ပြီး နုတ်ဆက်မယ်ပြင်ကြတယ် တူပါရဲ့။
ဒါပေမယ့် ...အဲ့ဒါကို မြင်လိုက်ရတဲ့ ကိုထွန်းခင် နဲ့ မကြင်မြတို့ လင်မယားဟာ လှည်းကြုံလိုက်စီးဦးမှာလားလို့ အထင်မြင်လွဲမှားပြီး ထိတ်လန့်စွာ နွားကို ဒုန်းစိုင်း မောင်းပြေးကြတော့သတဲ့။
နောက် တစ်နှစ်ကျော် အကြာမှာတော့
ကိုထွန်းခင် ရဲ့ ဇနီး မကြင်မြမှ အမြွှာသားယောက်ကျားလေးနှစ်ဦး အောင်မြင်စွာ ဖွားမြင်ခဲ့တယ်။
ကိုထွန်းခင်နှင့်မခင်မြတို့ ဆန္ဒတွေ ပြီးပြည့်စုံခဲ့ကြပါပြီ။
ထူးဆန်းတာတော့ မကြင်မြဟာ အဲ့ဒီ ကလေး နှစ်ယောက်ကိုယ်ဝန်ရှိခါစမှာ မြေစာခဲများ စားချင်သည့် ချဉ်ခြင်းတပ်ခဲ့ပါသတဲ့။
ပြီးပါပြီ။
ပီပီ (မန္တလေး)
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။