
မကျည်းတောရွာက ငွေတိုးချေးသူ မအေးခင်ဆိုလျင် မသိသူ မရှိ။ ကလေးက အစ ခွေးအဆုံး အကုန်သိ၏။
မအေးခင် ဆိုတာကလည်း မကျည်းတောရွာမှာ ဇတ်ဇတ်ကြဲ။ အခုခေတ်စကားနဲ့ဆိုရရင် မအေးခင်က ရွာထဲမှာတော့ ဖိုက်တာ။
ငွေတိုးချေးစားသည်။ရွှေ ၊ငွေ ၊လယ်မြေ စသည်တို့ကို အပေါင်ခံသည်။
ငွေကို ငွေဖြင့် ဆတိုးရင်းပွားရအောင် အဆမတန် အတိုးနှုန်း ကြီးမြင့်စွာ ငွေတိုးချေးစားသူတစ်ယောက်ဖြစ်ပါ၏။
ငွေလိုအပ်သူများအဖို့ အရေးတကြီး ငွေလိုချိန်တွင် အတိုးနှုန်းကို ထည့်စဉ်းစားနိုင်သည်မဟုတ်။ လတ်တလော အဆင်ပြေရေးသာ အဓိကဆိုတော့ မအေးခင်ထံ ချေးငှားကြသည်သာ။
အတိုးနှုန်းက အရင်းထက် များလာပြီး၊ လည်းပင်းခိုက်လေမှ အခက်တွေ့ကြရသည်။ အသက်ရှုရကြပ်ကုန်သည်။ပေးဆပ်ရမည့် ငွေတိုးအကြောင်း စဉ်းစားမိလေတိုင်း အိပ်မပျော်နိုင်တော့ပေ။
အတိုးဆိုတာ အဆင်မပြေသေးလို့ ဆိုင်းပါဦး ငံ့ပါဦးဟု ပြောမရ။ မအေးခင် ရာဇဝင်မှာ တစ်ကျပ်တစ်ပြားပင် အလျော့ပေးဖူးသည် မရှိ။ တင်းပြည့်ကျပ်ပြည့် အရယူခဲ့သည်သာ။
ထိုအခါ ငွေရှင် မအေးခင်နှင့် အဆင်မပြေ ဖြစ်လာကြ၏။အဆူအဆဲတွေ ငြင်းခုံသံတွေ ပွက်လောရိုက်ကုန်ကြ၏။
နှုတ်ဝဇီ ဆိုးရွားကြမ်းတမ်းလှသော မအေးခင်ကို မည်သူကမျှ နိုင်အောင် နှုတ်လှန် မထိုးနိုင်ကြ။နောက်ဆုံးတွင် သူ့အလိုကိုသာ မတတ်သာပဲ လိုက်ရောကြရသည်။
အချို့တွေ၏ ပေါင်နှံထားသော ရွေတို့ လယ်ယာမြေတို့မှာ မအေးခင်၏ ကလိန်ကကျစ်ကျမှုကြောင့် အဆမတန် ဈေးအနှိမ်ခံရပြီး ဆုံးရှုံးကြရသည်။
မအေးခင် အလုပ်ကလည်း ချေးငှားပေါင်နှံသူတွေကို နင်ပဲငဆ ပြောနိုင်ဆိုနိုင်မှ တော်ကာကျသည်ဟုဆို၏။။
တစ်ခါတစ်ရံများဆိုလျင် ဖိုက်တာမအေးခင်နှင့်အကြွေး ပြန်မဆပ်နိုင်သူတို့ လူချင်း နပမ်းလုံး သတ်ပုတ်ရသေး၏။
မအေးခင်သည် အရပ်မောင်းကလည်းကောင်း၏။မျက်နှာထားကလည်းဆိုး၏။ဗိုက်ပူပူတင်ကောက်ကောက်ဖြင့် ကြည့်ရဆိုးသည်ဟုဆိုရမည်ဖြစ်သည်။သတ္တိကလည်း ခပ်ကောင်းကောင်း။ လုပ်ရဲကိုင်ရဲ မိုက်ဂုဏ် ဇ'ကလေးလည်း ရှိလေ၏။
ငွေအကြောင်းကိုသာ အမြဲတွေးနေတတ်သူမို့လားမသိ ။ သူ့မျက်နှာက ခြေင်္သ့ကြီးမျက်နှာလို ရှုံ့တွတွ မဲ့ရွဲ့ရွဲ့ရယ်။
အမည်ကသာ မအေးခင် ၊လူကတော့ အေးလည်းမအေးသလို ငွေကြေးနှင့်ပတ်သက်လာလျင် ခင်မင်မှုဆိုတာ ဘေးချိတ်ထားတတ်သူ။
သူမအတွက် အဓိက က ငွေ ။ ငွေတိုးမှန်မှန် ပေးနိုင်သူများကိုတော့ မအေးခင်သည် ရယ်ကာ မောကာ ဆက်ဆံတတ်ပေမယ့် ၊ အတိုး မှန်မှန် မပေးနိုင်သူများအပေါ် နိုင်ထက်စီးနင်း ပိုးဆိုပက်စက်တွေ ဆဲဆိုဆူပူ ကြိမ်မောင်းတတ်၏။
စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ နုတ်ဝဇီ စကားကြမ်း အယုတ်အနတ္တများ ထွက်တတ်သော မအေးခင်အား တစ်ရွာလုံး ဘယ်သူကမှ နှစ်လိုခြင်း မရှိ။
မအေးခင်အား မဖြစ်မနေ ဆက်ဆံပေါင်းသင်းရသူများသာ မကောင်းတတ်၍ စကားပြောဆိုနေရခြင်း ဖြစ်သည်။
လမ်းတွေ့လို့ လူချင်းနှုတ်ဆက်တာတောင် မအေးခင်က အထက်စီးဖြင့်၊
" ဟဲ့ကောင်မ ! အံမယ် အံမယ် နင်က ငါ့ကို လူချင်းတွေ့တာတောင် မျက်နှာလွဲလို့ ၊ မနက်ဖြန် နင် ငါ့အတိုး လာပေးရမှာ မေ့မနေနဲ့ ကောင်မ၊ နင် မလာလို့ကတော့ ငါ့အကြောင်းကို သိတယ်မဟုတ်လား "
လူကြားသူကြားထဲ ဤသို့ဤပုံ အပြောခံရသူမှာ သူ့အကြွေးမကင်းပေမယ့် ရှက်ဖွယ် ဖြစ်နေ၏။
ထို့ကြောင့် ခေါင်းကိုသာ ငြိမ့်ပြ၍ အသာလေး ရှောင်ထွက်သွားတတ်ကြသည်။
ထိုသူ၏ စိတ်ထဲမှာတော့ မအေးခင်အား ကျိန်ဆဲ နေလိမ့်မည်။
ထိုမျှသာမက မအေးခင်သည် ရွာထဲက အကြွေးရစရာ ရှိသော အိမ်များမှ ခြံထွက်သီးနှံများကိုလည်း အိမ်ရှင် ကြိုက်ကြိုက် မကြိုက်ကြိုက် အလိုက်ကန်းဆိုးမသိ၊ ခူးဆွတ်သွားလေ့ရှိ၏။
တစ်ခါတရံ အိမ်မှာ ဘာမှ မချက် ၊ ထမင်းစားချိန် ကွက်တိ အကြွေး လှည့်တောင်းရင်း သူများ ထမင်းဝိုင်း ဝင်စားတတ်သေး၏။
ရွာထဲက မအေးခင်အား ကွယ်ရာ၌ မငွေခင်ဟု ခေါ်ကြသည်လည်းရှိ၏။ အချို့က မအေးခင်ကို ချစ်တီးမဟုလည်း ခေါ်ကြပြန်သေးသည်။
တစ်ခါများဆို မအေးခင်သည် လွန်စွာ ကလိမ်ကကျစ်နိုင်လှ၏။
ငွေ စချေးစဉ်က သဘောတူထားသော အတိုးနှုန်းထက် မအေးခင်သည် ပို၍ တောင်းခံခြင်း ဖြစ်သည်။
ဖြစ်စဉ်အမှန်က တောင်သူ ကိုတင်ဖေတို့ ဇနီးမောင်နှံသည် မအေးခင်ထံသို့ ၎င်းတို့ပိုင် လယ်၂ဧကကို လာရောက် ပေါင်နှံကြသည်။
လယ်ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းများကို မအေးခင်ထံ အပေါင်ထားခဲ့ရ၏။
ပေါင်နှံစဉ်က အတိုးနှုန်းစကား ပြောကြရာတွင် ၁၀၀ကျပ်ကို ၇ကျပ်နှုန်း အတိုးပေးရမည်ဟု သဘောတူခဲ့ကြ၏။ ကိုတင်ဖေက ၃လလောက်ပဲ ကြာမည်ဟု ဆိုခဲ့သည်။
သို့သော် အဆင်မပြေ၍ ၅လခန့် ကြာမြင့်သွားသည်။
၆လထဲရောက်၍ အဆင်ပြေသည့်အခါ သူတို့ လယ်ယာမြေကို လာရွေး၏။ ဤမှာ မအေးခင်က ညစ်ကွက် ထွင်လေတော့သည်။
"နင် လာပေါင်တုန်းက ၃လပဲ ကြာမယ်ဆိုလို့ ငါက ၇ကျပ်နဲ့ လုပ်ပေးလိုက်တာ ၊ အခု ၅လကျော် ၆လထဲ ရောက်လာပြီ ၊ ငါ့ဘက်က နစ်နာတယ် ၊ အတိုးကို ၁၀ကျပ်နှုန်း ပေးရမယ် "
ကိုတင်ဖေက လူရိုးလူပြတ်ဆိုတော့ ၊ မအေးခင်ရဲ့ မမှန်မကန်သော လောဘတက်မှုကို ဒေါသနဲ့ တုန့်ပြန်၏။
" ဟာ အစ်မအေးခင်ရာ ၊ ကျုပ်တို့က အဆင်မပြေလို့ လာမရွေးတာပါ ၊ ခင်ဗျား အဲ့သလိုတော့ မတရား မလုပ်ပါနဲ့"
မအေးခင်လေ သိတယ်မို့လား။ ဘယ်သူ့မှ အလျော့ပေးတာ မဟုတ်။
မဟုတ်မခံ ပက်ကနဲ ပြန်ပြောလာသော ကိုတင်ဖေကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ရန်စွယ်ငေါငေါဖြင့် ရန်လုပ်ပါလေရော။
" ဟဲ့ နင် ဘယ်လို ပြောလိုက်တယ် တင်ဖေ ၊ ငါက မတရား လုပ်တာ ဟုတ်လား ၊ အံမယ်လေး အရပ်ကတို့ရေ ကြားကြားကြရဲ့လား ၊ ဟောဒီမယ် ကျုပ်ဆီက ပိုက်ဆံယူထားတဲ့ သူတော်ကောင်းကြီးက ကျုပ်ကို မတရားဘူးတဲ့တော်ရေ "
" မတရားတာက အမှန်ပဲလေ ။ ဘယ့်နှယ်ဗျာ သဘောတူသတ်မှတ်ထားတဲ့ အတိုးနှုန်းထက် ပိုလိုချင်ရတယ်လို့ ။ ခင်ဗျားဟာက ကိုလိုနီခေတ်က ချစ်တီးကုလားထက်တောင် ယုတ်မာသေး "
" ဟဲ့ တင်ဖေ ၊ နင်တို့ ငါ့ဆီက ပိုက်ဆံလာယူတုန်းက ဘယ်လိုမျက်နှာနဲ့လဲဟင်။ငါ့ပိုက်ဆံနဲ့ မျို ကြဆို့ကြတုန်းကတော့ ဒီ အခွက်တွေလား ၊ ဒီမယ် နင်တို့လင်မယားကို ငါ အပြတ်ပြောလိုက်မယ် ၊
အတိုးနှုန်း ၁၀ မပေးလို့ကတော့ နင်တို့လယ်မြေ အဆုံးပဲဟေ့ ၊ အေးခင်ကို ဘာထင်နေလဲ ၊ ငါ့ပိုက်ဆံ အပြည့်မရလို့ကတော့ နင်တို့ လယ်ယာမြေစာချုပ် ပြန်မရဘူးမှတ် "
ထိုကိစ္စနဲ့ ပတ်သက်ပြီး မအေးခင်နှင့် ကိုတင်ဖေတို့ ဇနီးမောင်နှံ နှစ်ဘက် အကြီးအကျယ် စကားများကြသည်။
မအေးခင်က ယုတ်တီးနတ္တ အဆဲတွေဖြင့် စုံလင်အောင် ဆဲ၏။ စကားကို နိုင်လိုမင်းထက် ပြော၏။
ကိုတင်ဖေက ယောက်ျားဆိုတော့ စကားနဲ့ မပြောချင် ၊ နီးရာ တုတ်တစ်ချောင်းဆွဲ၍ ရိုက်မည်ပြင်၏။
ကိုတင်ဖေ၏ ဇနီးက ဆွဲထားရသည်။
မဆွဲလို့က မဖြစ်ဘူးလေ။
သူ့အိမ် သူ့ခြံထဲမှာ ရိုက်နှက်မိပါက အချုပ်အနှောင် တန်းသွားရမည်မဟုတ်လား။ ထို့ကြောင့် ဒေါသကို ထိမ်းရန် ဖြောင့်ဖြ ပြောဆိုရသည်။
စာချုပ်က မအေးခင်လက်ထဲမှာဆိုတော့ နောက်ဆုံး ကိုတင်ဖေတို့ ဇနီးမောင်နှံပဲ မကျေနပ်ပေမယ့် အလျော့ပေးလိုက်ကြရသည်။ မအေးခင်တောင်းသည့် ငွေကို မသထာပဲ ပေးလိုက်ရလေ၏။
အနှီကိစ္စရပ်ကြောင့် မကျီးတောရွာထဲက လူများသည် မအေးခင်နှင့် ဆက်ဆံရမည်ကို ကြောက်သွားကြသည်။
မတော်လောဘ ကြီးတတ်လေသော မအေးခင်ထံ ချေးငှါးရမည်ကို လက်တွန့်ကုန်ကြသည်။
မအေးခင်အတွက် မကျီးတောရွာ ဖောက်သယ်တွေ လျော့ပါးကုန်၏။
ထို့ကြောင့် မအေးခင်သည် ရွာနီးခြုံစပ်သာမကက တခြားရွာကသူစိမ်းအချို့ကိုပါ ချေးဌားရလေတော့သည်။
အခုတလော မအေးခင်တစ်ယောက် တဖက်ရွာဖြစ်သော ပေပင်ကုန်းရွာဘက်သို့ ဆက်ကျနေ၏။
ထိုရွာက လူအချို့သည် မအေးခင်ထံ ငွေချေးဌားလာကြသည်။ အတိုးကို မအေးခင်သည် တစ်ပတ် တစ်ရက်လောက် ထိုရွာသို့ သွား၍ ကောက်ခံလေ့ရှိသည်။
အစောပိုင်းကာလများမှာတော့ မအေးခင်သည် သူ နိုင်ရသော အမျိုးသမီးအချို့ကို အဖော်ခေါ်သွားလေ့ရှိ၏။
သို့သော် မအေးခင်၏ စရိုက်ကြောင့် အဖော်က မမြဲပေ။ မအေးသည် အယူသာရှိ၏။ ပေးကမ်းခြင်း၌ လက်နှေးသည်။စေတနာသဒ္ဓါတရား ခေါင်းပါး၏။
သူမသည် ခေါ်သွားသော အဖော်အား နေ့တွက်သဘောမျိုး ဘာညာ ပေးသည်မဟုတ်။
ယုတ်စွအဆုံး မုန့်ဟင်းခါး တစ်ပွဲတောင် ဝယ်တိုက်သည် မရှိ။
ရွာခံက ချကျွေးသော မုန့်ပေါက်ကြော်တို့သာ အလှူလက်ဖက်နဲ့ မျက်နှာလုပ်တတ်၏။
ထို့ကြောင့် ကြာလာတော့ သူ့အကြောင်းသိသူတွေက မအေးခင် လာခေါ်လျင် တခြားသော အလုပ်အကြောင်းကိုပြ၍ မလိုက်တော့ပေ။
ခေါ်မရသည့်အခါ မအေးခင်သည် တစ်ယောက်တည်း ပေပင်ကုန်းသို့ သွားတောင်းရ၏။
အကြွေးဆိုတာကလည်း မနက်စောစော တောင်းရသည်မဟုတ်လေတော့ ၊ နေ့လယ် မွန်းလွဲချိန်လောက်မှ ရွာက စတင် ထွက်ရသည်သာ။
တစ်မိုင်သာသာ ရှိမည့် ပေပင်ကုန်းကို မအေးခင်သည် ခြေလျင် သွားသည်။
ရွာတွေမှာက ဤသို့ ခြေလျင်ပဲ လျှောက်နေကြ။ မြို့မှာလို ကား/ဆိုင်ကယ် စသော တက္ကစီ ရှိသည်မဟုတ်။
ဒီလိုပဲ သွားလာကူးလူးဆက်ဆံနေကြသည်သာ။ နောက်တစ်ခုက သူတို့ဒေသသည် လူဆိုးဓားပြရန် မရှိ။ အေးချမ်းသာယာသည်။
ပေပင်ကုန်း နှင့် မကျည်းတောရွာကို ဆက်သွယ်ထားသော မြေသားလမ်း၏ ဝဲယာ၌ ပေပင်အချို့ရှိ၏။ ထို့ကြောင့် ပေတောလမ်းဟု ခေါ်ကြသည်။
၂။
အချိန်မတော်ကြီး ငါ တစ်ယောက်တည်း ဤပေတောလမ်းမှ ပြန်လာရပါလားဟု သတိရစိတ်ကလေး ဝင်လာသော မအေးခင် တစ်ယောက်သည် နည်းနည်းတော့ ကြောက်စိတ်ဝင်မိသား။
ပေတောလမ်းသည် မအေးခင်တို့ မကျီးတောရွာနှင့် သိပ်မဝေးလှသော ပေပင်ကုန်းရွာကို ဆက်သွယ်ထားသော တစ်မိုင်သာသာခန့်ရှိသော မြေသားလမ်းလေး ဖြစ်၏။
ရွာနှစ်ရွာက ဘာမှ ဝေးသည်တော့မဟုတ်။ဟိုဘက်ရွာ သည်ဘက်ရွာက မြင်နေရ၏။သို့သော်လည်း နေ့ဘက်ဆို အကြောင်းမဟုတ်။
အခုက မှောင်ရီပျိုးစအချိန်။ နောက်တစ်ကြောင်းက ရွာနှစ်ရွာကြားမှာရှိသော ခြုံနွယ်ပင်များ အုပ်သယောင်းနေသည့် ရှေးဟောင်းစေတီငယ်လေးကို သူမ ဖြတ်ရလိမ့်မည်ကို တွေးမိသောကြောင့် စိမ့်သွား၏။ ထိုစေတီဟောင်းလေးကို ရွာအခေါ်က ဘုရားပြို ။
စေတီမှာ ဉာဏ်တော် ကိုးပေရှိ စေတီဟောင်း တစ်ဆူ ဖြစ်ပြီး၊ ထီးလည်းမရှိ၊ အုတ်ချပ်များလည်း ကွာကျယိုယွင်းနေပြီဖြစ်သည်။
ရွာနှစ်ရွာ အကြား ပြုပြင်ထိန်းသိမ်းမည့်သူ မရှိတာကြာမြင့်ပြီ ။ အဓိကက ထိုစေတီပျက်ကလေးအနီးတွင် သရဲခြောက်သည်ဟု အပြောများ၏။
ထို့ကြောင့် မအေးခင် စိုးရိမ်စိတ်လေး ဝင်လာခြင်း ဖြစ်ပြီး ခြေလှမ်းကို မြန်နိုင်သမျှ ခပ်မြန်မြန် လျှောက်နေရသည်။
သေသေချာချာ အခြောက်ခံရဖူးသူတော့ မယ်မယ်ရရ လက်ညှိုးထိုး မပြနိုင်။
ဟိုလူက တစ်မျိုးပြော ၊ သည်လူက တစ်မျိုးဖွာ ဘုရားပြိုတစ္ဆေအကြောင်း ကောလဟလသတင်းကတော့ ရွာထဲ ပျံ့နှံ့လို့နေ၏။
သူရင်းဌားဖိုးချို အခြောက်ခံရပုံက ရယ်ရမလို ငိုမလို ။
လပြည့်ည တစ်ည ၊ တိတိပပ ပြောကြကြေးဆို ည၉နာရီခန့် ဖိုးချိုသည် ပေပင်ကုန်းရွာမှ သူငယ်ချင်းနှင့်အတူ အရက်သောက်ပြီး ရွာကို ပြန်ခဲ့၏။
ပေပင်ကုန်းရွာသား အမည်က စံလှ ။
စံလှက ဖိုးချို မူးနေမှန်းသိ၍ သူ၏ ဆိုင်ကယ်ဖြင့် မကျီးတောရွာကို လိုက်ပို့ပေးသည်။
အမူးသမားဆိုတာ အမျိုးမျိုးအထွေထွေ။
တချို့က မူးလာလျင် တစ်ပါးသူကို ရစ်တတ်၏။ တချို့ကျ သွေးကြွကာ ရန်ဖြစ်တတ်၏။ တချို့က တဏှာသွေးကြွ၏။
တချို့က ကတတ်၏။အမျိုးမီုး အဖုံဖုံပင်။
ဖိုးချိုကတော့ မူးလာလျင် သီချင်းတွေ အော်ဆိုတတ်သည်။ သူ ဆိုသည့်သီချင်းများက ဟင်္သာတထွန်းရင် ၊ တွံတေးသိန်းတန် စသော မြန်မာကျေးလက်တေးများ ဖြစ်၏။
စံလှက ဆိုင်ကယ်မောင်း၍ ဖိုးချိုက အနောက်မှ ထိုင်လိုက်ကာ သီချင်းတစ်ပုဒ်ကို စိတ်ပါလက်ပါ ဟစ်ကြွေးလာခဲ့သည်။
" မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး ။
လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုတ်အောက်မှာနေ ။
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနဲ့ ပဏာသင့်ရယ်လို့ ........."
သူဆိုသည့် သီချင်းနဲ့ သူတို့ စီးလာသော ပေတောလမ်းဘေးက လယ်ကွင်းများက
ကွက်တိပင်။
သည်လိုနဲ့ ဆိုင်ကယ်က ဘုရားပြို အနီးသို့ ရောက်လာ၏။ ဖိုးချို ဆိုင်ကယ်ကို တုန့်ကနဲ ဘရိတ်အုပ်ကာ ရပ်လိုက်သည်။ ဘုရားပြိုသည် မန်းကျီးတောရွာဘက်နှင့် ပို၍ နီးကပ်ပြီ ဖြစ်သည်။
ဆိုလက်စ သီချင်း ရပ်သွားတဲ့ ဖိုးချိုက၊
" ဟေ့ကောင် ဘာလို့ ဆိုင်ကယ် ရပ်လိုက်တာတုန်းဟ "
" အဟီး အပေါ့သွားချင်လာလို့ပါကွ ၊
လမ်းဘေး ခဏ အပေါ့သွားအုံးမယ်ကွာ
မင်း ခဏ စောင့် "
စံလှက ပြောလည်းပြော ၊ လမ်းဘေး ပြေးဆင်းသွား၏။
ဖိုးချို သည် စံလှက အပေါ့သွားမည် ပြောမှ သူ၏ ဗိုက်ထဲက ရစ်ရစ် နာလာ၏။
ခုနက အရက်သောက်တုန်းက အမြည်းအဖြစ် စားခဲ့သော ဆိတ်သွေးခဲကြော်များကြောင့် ဖြစ်မည်။ သူ အလေးသွားလိုက်မှ သက်သာမည် ဖြစ်သည်။
လမ်းဘေးခြုံထဲ သူ လှမ်းကြည့်လိုက်ပြီး၊
" စံလှရေ ငါလည်း တောထိုင်လိုက်ဦးမယ်ဟေ့ ၊ မင်းပြီးရင် ငါ့ကို စောင့်ဦး "
ထိုသို့ပြောပြီး ခြုံတောတိုးကာ တောထိုင်နေလိုက်၏။ဖိုးချိုအကျင့်က နောက်ဖေးသွားစဉ် ဆေးပေါ့လိပ်ဖွာတတ်သည့် အကျင့် ရှိ၏။
သူ၏ နားကြားညှပ်လာသော ဆေးပေါ့လိပ်တိုကို ဖြုတ်ယူ၍ ပါးစပ်မှာ ခဲထားလိုက်၏။ အင်ကျီအိတ်ထောင်ထဲ မီးခြစ်ကို စမ်းကြည့်တော့ မတွေ့။ မီးခြစ်က စံလှအိမ်မှာ ကျန်ရစ်ခဲ့လေပြီ။
ဒါနဲ့ ဆေးပေါ့လိပ်ကို ခဲထားရင်း အလေးစွန့်ခြင်း ကိစ္စကို အပြီးသတ်လိုက်၏။
နီးရာ ဒုတ်ချောင်းကိုယူ၍ ကိစ္စကို ရှင်းလိုက်သည်။
ခြုံထဲက တိုးထွက်လာတော့ လမ်းပေါ်မှာ စံလှကို မတွေ့ရသလို ၊ ဆိုင်ကယ်လည်း မမြင်ရတော့ချေ။
" ဟာ ဒီကောင် ငါ့ကို ရွာအထိ လိုက်ပို့ပေးမယ် ပြောပြီး ထားသွားပြန်ပြီ။
အတော် ဆိုးတဲ့ကောင်ပဲ "
ရွာနဲ့က သိပ်မဝေးတော့တာကြောင့် ဖိုးချိုသည် ရွာဘက်သို့ ခြေလှမ်းများ ယိမ်းယိုင်စွာ ဦးတည်လိုက်တော့သည်။
ခြေလှမ်းပင် ဆယ်လှမ်း မပြည့်တတ်သေး။ သူ၏ အနောက်မှ ကပ်လျှောက်လာသော ခြေသံ တရှပ်ရှပ်ကို သူ နားဖြင့် ဆတ်ဆတ်ကြားလိုက်ရ၍ နောက်သို့ လှည့်ကြည့်လိုက်သည်။
လပြည့်ညမို့ အလင်းရောင်က လမ်းပေါ်မှာ မြင်သာ ထင်သာ ရှိလှသည်။
သူ၏ အနောက်မှာ တစ်စုံတစ်ဦးမှ ရှိမနေသည်ကို အံဩစွာ တွေ့လိုက်ရသည်။
ဖိုးချို ဇဝေဇဝါ ဖြစ်သွားသည်။
" ဘာလဲဟ ၊ ခုနက ငါ သေချာပေါက် ခြေသံကြားလိုက်ရပါတယ် "
ဒါနဲ့ သူ ရွာဘက်သို့ ခြေဦးပြန်လှည့်လိုက်တော့ ဝါးနှစ်ပြန်လောက်က မီးလောင် သစ်ငုတ်တိုတစ်ခုပေါ်မှာ ဆောင့်ကြောင့်ကြီး ငုတ်တုတ်ထိုင်နေသူ တစ်ဦးကို တွေ့လိုက်ရ၏။ထိုလူသည် ဆေးလိပ်ကို မီးရဲရဲထအောင် ဖွာနေသည်။
ဖိုးချို ဝမ်းသာသွား၏။သူလည်း ဆေးလိပ် ဖွာချင်တာ တစ်ပိုင်းသေနေသည်မဟုတ်လား။ ထို့ကြောင့် ထိုလူအနီးသို့ ခပ်မြန်မြန် လျှောက်သွားလိုက်ပြီး ၊
" နောင်ကြီး ကျေးဇူးပြုပြီး မီးတစ်တို့လောက်ပေးပါဗျာ "
ထိုလူသည် ဂျုံဦးထုပ်အဝိုင်းကို ခပ်ငိုက်ငိုက် ဆောင်းထား၍ မျက်နှာကို ကောင်းစွာ မမြင်ရချေ။
ထိုလူက သူ့ထံ ဆေးလိပ်မီးကို ကမ်းပေး၏။ ဖိုးချိုလည်း ဆေးလိပ်မီးကို လှမ်းယူလိုက်၏။
ထိုလူသည် လတ်စက အကျႌဝတ်ထား၍ လက်ဖျံသည် တတောင်ဆစ်အထိ ပေါ်လွင်နေ၏။ ထိုလူ၏ လက်ကို မြင်လိုက်ရတဲ့ ဖိုးချိုသည် အံဩစွာ စိတ်ထဲက ရေရွတ်လိုက်မိသည်။
~ ဟင် .. ဆေးလိပ်မီး ကမ်းပေးတဲ့ သူ့ လက်ကြီးကလည်း မည်းတူးချိတ်နေတာပါပဲလား။ ကုလားတွေ မည်းတာထက်တောင်သာသေး ၊ မီးသွေးတုန်းကြီးလား အောက်မေ့ရတယ် ~
ဆေးလိပ်မီးတို့ပြီးနောက် ထိုလူကို ဆေးလိပ်ပြန်ပေးရင်း ဖိုးချိုဟာ သူ့ဝသီအတိုင်း စပ်စပ်စုစုဖြင့် မေးလိုက်မိသည်။
"နောင်ကြီးက ဘယ်ကို ခရီးဆက်မလို့လဲဗျ ၊ ပြီးတော့ ဘယ်ကနေ လာတာလဲ "
ထိုလူက ခေါင်းကို ငုံ့လျက်သားပဲ ပြန်ဖြေ၏။
"ဘယ်မှ မသွားပါဘူး ၊ငါက ဒီမှာပဲ နေတာလေ "
ဖိုးချိုက သူ့အား လာနောက်နေသည်ဟုထင်၍ ရယ်မောလိုက်ပြီး၊
" ဟာဗျာ ကျုပ်က မကျည်းတောရွာကပါ၊ ဒီနားမှာ လူနေအိမ်ခြေမှ မရှိတာ ၊ ခင်ဗျားက ဒီမှာနေတယ်ဆို မဖြစ်နိုင်တာဗျာ ၊ ကျုပ် မယုံဘူးဗျာ ။ လာ နောက် မနေစမ်းပါနဲ့ ဟားဟား "
ထိုလူက အတည်ပေါက်ပင်။ ရယ်လည်းမရယ်ပေ။ ထပ်မံ၍ ဖြေ၏။
" ငါ့အိမ်က ဒီသစ်ပင်ပဲ ၊ ဒီသစ်ပင် မီးလောင်လို့ ငါပါ မီးလောင်ခံခဲ့ရတာ၊ လမ်းသွားတဲ့သူတစ်ယောက်က ငါနေတဲ့ သစ်ပင်အခြေကို ဆေးလိပ်မီးနဲ့ ပေါ့တီးပေါ့ဆ ပစ်သွားလို့၊ ငါရော ငါအမှီပြုနေတဲ့ ဒီသစ်ပင်ကြီးပါ မီးလောင်ခံရတာကွ။
မင်း မယုံရင် ငါ့ခေါင်းပေါ်က ဦးထုပ်ကို ဖယ်ကြည့်လိုက်ပေါ့ "
" ဗျာ ! သစ်ပင်ကို အမှီပြု နေရတဲ့သူ ဟုတ်လား "
ဖိုးချိုဟာ အနည်းငယ်တော့ သဘောပေါက်သွားလေပြီ။ သူ တွေ့နေရတာက လူမဟုတ်ပဲ နာနာဘာဝ ဖြစ်နေ၏။
သစ်ပင်ကို အမှီပြုနေရတယ်ဆိုကတည်းက ဒါ နာနာဘာဝ ပဲပေါ့။
ဒါပေမယ့် ထိုလူက သူ့အား အတည်ပေါက် လာခြောက်နေတာလားဟူသော သံသယဖြင့် မသင်္ကာဖြစ်မိသွားသည်။
ဖိုးချိုသည် မယုံရဲ ယုံရဲဖြင့် ထိုလူ၏ ခေါင်းပေါ်က ဦးထုပ်ကို အသာလေး ဆွဲဖယ်ကြည့်လိုက်သည်။ ဦးထုပ်ကို ချွတ်ပြီးသည်နှင့် ချက်ချင်း ပစ်ချကာ၊
" အား ! အောင်မယ်လေး "
ဖိုးချိုသည် စူးဝါးစွာ အော်ဟစ်ပြီး ထိုနေရာကနေ တဟုန်ထိုး ရွာဘက်သို့ ထွက်ပြေးလေတော့သည်။
သူ မြင်လိုက်ရတာက ဆံပင်တွေမရှိတော့ပဲ မီးလောင်ခံရ၍ အရေပြား မည်းနက် ပြဲလန်နေသော ဦးခေါင်းပြောင်ကြီးတစ်ခု ။
ပြီးတော့ မျက်နှာပေါ်မှာ အသားစများပြည့်စုံအောင် မရှိတော့သော အရိုးများ ပေါ်လွင်နေသည့် မျက်နှာမည်းချိတ်ချိတ်ကြီး။
စက်ဆုပ်ဖွယ် ရွံရှာဖွယ်ရာ မီးလောင်ထားသော အလောင်းကောင်ကြီးပင်။
ဒါက အမူးသမား ဖိုးချိုပြောပြသော တစ္ဆေ ဇာတ်လမ်း။ ဟုတ်သည် မဟုတ်သည်ကတော့ ကိုယ့်ဘာသာ ဝေဘန်ပိုင်းခြားရုံသာ။ အချို့ကတော့ ယုံ၏ ။ ဒါပေမယ့် အချို့က မယုံ။
အမူးသမားစကားဆိုတော့လည်း ယုံရခက်သား မဟုတ်လား။ တခြားသော တစ္ဆေ အခြောက်ခံရသူများလည်း ရှိပါ၏။ သို့ပေမယ့် ယုံတမ်းသဖွယ် ဖြစ်နေ၏။
ဘုရားပြို အနီး တစ္ဆေခြောက်ခံပုံတွေက တစ်ယောက်နဲ့ တစ်ယောက်မတူ ။ အမျိုးမျိုး ပင်။ များသောအားဖြင့် ဘုရားပြို အနီးက တစ္ဆေသည် ညဘက် တစ်ယောက်တည်း လာသူကိုသာ ရွေးခြောက်လေ့ရှိပြီး အဖော်ဖြင့် လာသူကို ခြောက်လေ့မရှိချေ။
ယခု မအေးခင်သည် ထိုလမ်းကို အဖော်မပါပဲ တစ်ယောက်တည်း ပြန်လာခဲ့ရပြီ ဖြစ်သည်။
ငွေဂုဏ် မောက်လွန်းသူ၊ သဒ္ဓါတရား နည်းပါးသူ မအေးခင်အဖို့ မည်သူကမျှ အဖော်မလုပ်လိုကြသည်မှာ ယခုအခါ၌ သူမ၏ အမှားကို သိသာထင်ရှားစေပြီ။
အမှန်ဆိုလျင် ဤလမ်းဤခရီးကို သွားနေကျ လာနေကျ ဆိုပေမယ့် မိန်းမဖော်လေး တစ်ယောက်လောက် ပါလာခဲ့ရင် အကောင်းသား မဟုတ်လား။
မအေးခင်အတွက် ဤခရီးသည် အဖော်မလိုဟု ယူဆသည်မှာလည်း နေ့ခင်းဘက်ဆိုလျင် မှားတော့ မမှားချေ။
ဤဒေသတွင် ခိုးဆိုးလုယက်ခြင်း မရှိချေ။မိန်းမသားမို့လည်း သူမအား ဘလက္ကာယ ပြုမည်ကို မကြောက်ရ။ဘာကြောင့်လည်းဆို သူမ၏ ရုပ်ရည်က ကြည့်ပျော်ရှု့ပျော်ထဲတောင်မပါဘူးလေ။
ပြီးတော့ သူမသည် တခြားသောမိန်းမများလို ရွှေထည်များကို ပြူးပြဲနေအောင် မဝတ်တတ်။ လူရိုသေ ရှင်ရိုသေ သဘောမျိုး စတိလက်ကောက်လေးတစ်ရံ နှင့် စိန်တုနားကပ်လေးတစ်ရံသာ ဝတ်ဆင်ထား၏။
မအေးခင်သည် ပေပင်ကုန်းရွာကို သွား၍ အကြွေးတောင်းပြီး ပြန်လာခြင်းဖြစ်သည်။
သူမ သွားစဉ်ကတော့ နေ့လယ်ဘက်ပါ။
ထုံးစံအတိုင်း ရစရာ အကြွေးကို အော်ဟစ်ပြောဆိုပြီး အငြင်းပွားနေရသည်ကြောင့် အပြန်၌ နေပင် အတော် စောင်းသွားခဲ့လေပြီ။
လောဘစိတ် ဒေါသစိတ်တွေ ဖုံးလွှမ်းနေချိန်တုန်းက ဒီလမ်း ဒီခရီးကို သူမသည် ကြောက်ရကောင်းမှန်းလည်းမသိနိုင်။ လောဘကြောင့် ငွေနောက်ကိုသာ စေရာကျွန် ထွန်ရာနွားပမာ တစိုက်မတ်မတ် လိုက်ခဲ့၏။
မအေးခင်သည် လူလူချင်းတော့ သူမသည် မကြောက်၊ သို့ပေမယ့် သရဲတစ္ဆေကိုတော့ မအေးခင် ကြောက်၏။
မအေးခင်သည် သူမကိုယ် သူမ အားတင်းပြီး လျှောက်လာခဲ့ရာ ဘုရားပြို စေတီအဟောင်း အနီးသို့ ရောက်လာတော့သည်။
မအေးခင် အထူးသတိပြု၍ လျှောက်လာသည်။ ထိုအခိုက် သူမ၏ နှာဝသို့ သင်းပျံ့မွှေးကြိုင်သော ရနံ့တစ်မျိုး ရှုရှိုက်မိလာသည်။
ထိုရနံ့ကို သူမ ရှုရှိုက်မိသည့်အခါ သူမ၏ စိတ်များ တက်ကြွလန်ဆန်းလာ၏။
မှောင်ရီပျိုးစပြုသော လူသွား လမ်းမသည် အလင်းရောင် တစ်ခု ကျလာသလိုပင်။ သူမ၏ မျက်စိထဲ လူသွားလမ်းသည် ထင်သာ မြင်သာ ရှိလာ၏။မြင်ကွင်းသည် ကြည်လင်ထင်ရှားလာသည်ဟု ခံစားလာရသည်။
သူမဦးတည်ရာ မန်ကျည်းတောရွာဘက်မှ လှည်းတစ်စီးသည် သူမနှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည်ကိုတွေ့လိုက်ရသည်။
လှည်းမောင်းသူတစ်ယောက်နှင့် လှည်းနောက်မြီးမှာ ခြေတွဲလောင်းချ ထိုင်လာသော အသက်၆၀ခန့် အဒေါ်ကြီးတစ်ယောက်။
သူမသည် လှည်းကို လမ်းဘေးဆင်း၍ ရှောင်ပေးလိုက်သည်။ လှည်းနောက်မြီးက အမျိုးသမီးကြီးသည် သူမအား မြင်သွားသည်နှင့် လှည်းမောင်းသူအား ၊
" ဟဲ့ ဟဲ့ လှည်းကို ရပ်စမ်း ရပ်စမ်း "
လှည်းက ရပ်သွားသည်။ လှည်းပေါ်က မဟာဆန်သော အမျိုးသမီးကြီး ဆင်းလာ၏။ လမ်းဘေး ဆင်းရပ်နေသော မအေးခင်ထံ အမျိုးသမီးကြီးက လျှောက်လာပြီး ၊ အတော်ပင် နားဝင် ချိုအေးလှသော လေသံအေးဖြင့်၊
" တူမကြီး ဘယ်က ပြန်လာတာလဲ ၊
နောက်ကျလှချည်လားကွယ် ၊ အဒေါ် လိုက်ပို့ပေးပါ့မယ် ၊ လာ လာ လှည်းပေါ်တက် ၊ "
အမျိုးသမီးကြီးက သူမအား ရှေးယခင်ကတည်း ရင်နှီးကျွမ်းဝင်သူပမာ ရှိလှသည်။ တရင်းတနှီး ဖော်ရွှေစွာ ပြောနေခြင်းဖြစ်သည်။
စကားကို ဘောက်ဆတ်ဆတ် ပြောတတ်သော မအေးခင်ပင် ဆွံအအဖြင့် ၊
" အဒေါ်က ကျမကို သိလို့လား ၊ ပြီးတော့ ကျမက မကျည်းတောကို ပြန်မှာ၊
အဒေါ်တို့နဲ့ လမ်းမတူဘူး "
မဟာဆန်သော အဒေါ်ကြီးက ပြုံးရယ်လိုက်၏။ မအေးခင်သည် ထိုအဒေါ်ကြီးသည် ပြုံးလိုက်မှ ပို၍ ကျက်သရေရှိသွားပြီး ခင်မင်နှစ်လိုဖွယ် ကောင်းလိုက်တာဟု သူမစိတ်ထဲ ခံစားရသည်။
" မသိပဲလား မအေးခင်ရယ် ၊ တူမကြီးက မကျည်းတောရွာမှာ ငွေကြေးခက်ခဲသူတွေကို အကူအညီပေးနေတဲ့ သူဌေးမလေးပဲဟာ ၊ အဒေါ်က မသိပဲလား "
မအေးခင် အံဩသွားသည်။ သူမအား ငွေတိုးချေးစာသူဟာ မမြင်ပဲ၊ လူတွေကို ငွေကြေး အကူအညီပေးနေသူဟု ပြောလိုက်သဖြင့် ထိုအဒေါ်ကြီးကို ပိုမို နှစ်လိုခြင်း ဖြစ်ပေါ်သွားသည်။
မဟာဆန်သူ အဒေါ်ကြီးက ၊
" အဒေါ်က တူမကြီးတို့ရွာက ဦးဘိုးမြနဲ့ မောင်နှမ တော်သကွဲ့။ အကိုလေး ဘိုးမြဆီ အလည်လာတယ် ဆိုကြပါစို့ကွယ်၊ နေရပ်ကတော့ ပဲခူးမြို့ပေါ်ကပါ "
မအေးခင် ထိုမိန်းမကြီးကို ပို၍ အထင်ကြီးသွားသည်။ ဦးဘိုးမြဆိုတာက သူမတို့ရွာမှာ ဘုရားဒါယိကာ ကျောင်းဒါယိကာ သူဌေးကြီးမဟုတ်လား။
အဒေါ်ကြီးက သူ၏ လှည်းသမားအား လှည်းကို ပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။
လှည်းကို မကျည်းတောရွာဘက်သို့ ဦးတည်ထားလိုက်၏။ အဒေါ်ကြီးက မအေးခင်အား လှည်းပေါ်သို့ တက်ရန် ဖိတ်ခေါ်လိုက်သည်။
မအေးခင်လည်း ယုံကြည်စိတ်ချစွာ လှည်းပေါ်သို့တက်လိုက်၏။ အဒေါ်ကြီးလည်း သူမ၏ အသက်အရွယ်နှင့် မလိုက်အောင် ပေါ့ပါးဖြတ်လတ်စွာ လှည်းပေါ်သို့ တက်လိုက်ပြီး မအေးခင်အနီး
ထိုင်လိုက်၏။
မအေးခင်၏ ကိုယ်နှင့် မဟာဆန်သူ အမျိုးသမီးကြီး၏ ကိုယ်မှာ အသားချင်း ထိကပ်လျက်ရှိ၏။
ထိုအမျိုးသမီးကြီးထံမှ ရနံ့မွှေးတစ်ခု သင်းပျံ့နေသည်။ ထိုရနံ့သည် သူမ ခုနက ရှုရှိုက်မိသော ရနံ့နှင့် တူ၏။
အမျိုးသမီးကြီးက ၊
" မိန်းမသားဖြစ်ပြီး ခုလိုအချိန်အထိ လုပ်စားကိုင်းစာနေရာတာ တူမကြီးအတွက် မသင့်တော်ပါဘူးကွယ် "
" ဟင်းဟင်း ကျမအတွက်ကတော့ ဒီလမ်း ဒီခရီးက ရိုးနေပါပြီ ၊ ဘာကြောက်စရာရှိလဲလေ "
" ကြောက်တယ်ရယ်တော့ မဟုတ်ဘူးပေါ့ တူမရယ်။ အခုလို ပင်ပင်ပန်းပန်း မလုပ်ရပဲ ရွှေဘုံပေါ် ထိုင်နေရရင် ပို မကောင်းဘူးလား "
မိန်းမကြီး ဝတ်ထားသော အဖိုးတန် လက်ဝတ်ရတနာများကို ကြည့်၍ မအေးခင်သည် အားကျစိတ် ဖြစ်ပေါ်ကာ ၊
" အဒေါ်တို့လို ချမ်းသာလို့ကတော့ အေးခင်တို့က ဒီအလုပ်ကို ဘယ်လုပ်တော့မလဲ။ မပြည့်စုံသေးတော့ ဒီလိုပဲ လုပ်ကိုင်စားနေရတာပေါ့ "
အဒေါ်ကြီးက မအေးခင်၏ လက်ဖမိုးပေါ်သို့ သူမ၏ လက်ဖဝါးဖြင့် လာ၍ အုပ်ကိုင်လိုက်ပြီး ၊ အင်မတန် စွဲငင်အားကောင်းသော သံလိုက်ဓာတ် အပြည့်ပါသည့် လေသံဖြင့်၊
" တူမကြီးလို အထုံပါရမီ ပါတဲ့သူက ရွှေဘုံပေါ် ထိုင်ရဖို့ အလှမ်းမဝေးပါဘူးကွယ် ၊ တူမကြီးကသာ ကျမကို ရွှေဘုံပေါ်ပို့ပေးပါ၊ ကျမ ရွှေဘုံပေါ် အမြဲထိုင်ချင်ပါတယ်လို့ ပြောလိုက်ပါ ၊ တူမကြီးရဲ့ ဆန္ဒကို အဒေါ် ဖြည့်ပေးနိုင်ကောင်းပါရဲ့ .."
မအေးခင်ဟာ သူမ၏လက်ပေါ်ကို အဒေါ်ကြီး၏ လက် လာရောက် ထိအုပ်လိုက်ကတည်းက စိတ်ထဲ ဘယ်လိုကြီး ဖြစ်သွားလဲ မပြောတတ်ပါဘူး။
အဒေါ်ကြီးအပေါ် ယုံကြည်ကိုးစားလိုစိတ်တွေ တဖွားဖွား ပေါ်လာပါတော့၏။
မအေးခင်သည် အဒေါ်ကြီးရဲ့ လည်တိုင်မှာ ဆွဲထားတဲ့ မြဘယက်ကို၎င်း၊ လက်မှာ ဆင်မြန်းထားတဲ့ မြလက်ကောက် မြလက်စွပ်တို့ကို၎င်း ကြည့်ရင်း ကြည့်ရင်း လိုချင်တပ်မက်စိတ်တွေ ထိမ်းမနိုင် သိမ်းမရ မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်လာ၏။
အဒေါ်ကြီးသည် မအေးခင်၏ အတွင်းစိတ်ကို ဖတ်မိပုံရသည်။ပြုံးရယ်စွာဖြင့် ၊
လည်တိုင်မှ မြဘယက်ကို ချွတ်၏။
လက်မှ မြလက်စွပ်နှင့် မြလက်ကောက်ကိုလည်း ချွတ်၏။
ပြီးနောက် ထိုအဖိုးထိုက်တန်လှသော ရတနာတို့ကို မအေးခင်လက်သို့ ရက်ရောစွာထည့်ပေးလိုက်ကာ၊
" ဒါတွေက ဘာဟုတ်သေးလဲကွယ်၊ တူမကြီး မအေးခင်သာ လိုချင်ရင် ဒါ့ထက် အဆပေါင်းများစွာကို ရနိုင်ပါတယ်။ ယူနိုင်ပါတယ် ။ ဒီလိုပစ္စည်းမျိုးတွေ ရာထောင်ချီ ပြည့်နှက်နေတဲ့ နေရာကိုသာ အပိုင်ရလိုပါ၏လို့ နုတ်က ဖွင့်ပြောရုံနဲ့ ရလိမ့်မယ်ကွယ့် .."
လောဘရမ္မက်ကြီးသော ၊ မအေးခင်ဟာ ဘာကိုမှ မစဉ်းစားတော့။ မျက်စိရှေ့မှာ ရတနာပုံကြီး ဆိုက်တာပဲ ၊ ပွပြီ ထောပြီလို့ ယူဆကာ ၊ လောဘအရောင်တွေ မျက်လုံးမှာ ဝင်းဝင်းတောက်လာပြီးသကာလ ၊
" အိုတော် တကယ်ပဲ ရနိုင်လို့လား "
မိန်းမကြီးက ခပ်မိန့်မိန့်ကြီး ပြုံးလျက် သူမ၏ ခေါင်းကို ငြိမ့်ပြလိုက်ရင်း၊
" အဲ့ဒီနေရာကို မအေးခင် တကယ်ပဲ ရောက်လို ပိုင်ဆိုင်လိုပါသလား "
မအေးမြသည် ချက်ချင်းပဲ၊
" တကယ်သာဆို ကျမ ပိုင်ဆိုင်လိုပါတယ် ၊ ဘာဖြစ်ဖြစ် ထမင်းမစားရရင်နေပါ။ အဲ့ဒီနေရာသာ ကျမ တကယ်ပိုင်ဆိုင်ရရင် အဒေါ်ကြီးရဲ့ ကျေးဇူးကို တစ်သက် မမေ့ပါဘူး "
အဒေါ်ကြီးသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း ၊
" မအေးခင် စဉ်းစားပါအုံးလေ ၊ နောက်တော့မှ ..."
မအေးခင်ကား လောဘဆိပ် ငယ်ထိပ်တက်လေပြီ။ ရတနာများစွာ ပိုင်ဆိုင်ရမည်ဆိုကတည်းက ထိုနေရာကို အပိုင်ရလိုပြီ မဟုတ်လား ။
" ကျမ အဲ့ဒီနေရာကို တကယ် ပိုင်ဆိုင်လိုပါတယ် ၊ အမြန်ဆုံးသာ ကျမကို အဲ့ဒီနေရာကို ပို့ပေးပါတော့ .."
မဟာဆန်သူ မိန်းမကြီး၏ မျက်နှာသည် အလိုပြည့်ဟန်ဖြင့် ဝင်းလက် တောက်ပသွားသည်။
" ကောင်းပါပြီကွယ် ၊ တူမကြီးရဲ့ ဆန္ဒအတိုင်း ရတနာများစွာကို ပိုင်ဆိုင်နိုင်ပါပြီ။ ကဲ လှည်းဆရာရေ ရတနာသိုက်ကိုသာ မောင်းပါကွယ် "
အဒေါ်ကြီးရဲ့ စကားအဆုံးမှာ လှည်းမောင်းသူသည် လှည်းကို အပြင်း ဒုန်းမောင်နှင်တော့၏။
နွားလှည်းသည် နွားလှည်းမှ ဟုတ်ပါလေစ။ လမ်းဘေးဝဲယာက မြင်ကွင်းများသည် တရိပ်ရိပ်နှင့် ကျန်နေရစ်ခဲ့သည်မှာ ပြိုင်ကားတစီးနှယ်ပင်။
လှည်းယာဉ်သည် မြူခိုးတွေလိုလို တိမ်ခိုးတွေလိုလို အကြား ဖြတ်ပြီးနောက်မှာတော့ မအေးမြသည် ကျောက်လိုဏ်ဂူတစ်ခုအတွင်း ရောက်သွား၏။
အံဩစရာကောင်းသည်က လှည်းပေါ်မှာ သူမနှင့်အတူ စကားပြောလာသော အဒေါ်ကြီး ပါမလာတော့ချေ။
လှည်းမောင်းသူက လိုဏ်ဂူအတွင်းသို့ ဦးဆောင်ခေါ်သွား၏။ သူမသည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ထိုလှည်းမောင်းသူ အနောက်မှ ခပ်ကုပ်ကုပ် လိုက်ပါသွားသည်။
လိုဏ်ဂူအတွင်းပိုင်း ခန်းမကျယ်ကြီးတစ်ခုသို့ ရောက်သည့်အခါ သူမ အံဩဝမ်းသာသွားသည်။
လိုဏ်၏ ကြမ်းပြင်ပေါ်မှာ စုံပုံထားသော လက်ဝတ်ရတာ အမျိုးစုံက လူ့တစ်ရပ်နီးပါး ရှိသည်မဟုတ်လား။
သူမ ဒါတွေကို ပိုင်ဆိုင်ရပြီဆိုတော့ အားရဝမ်းသာဖြင့် ရတနာပစ္စည်းပုံကြီးဆီသို့ အပြေးသွား၍ ရတနာများကို တစ်ခုပြီးတစ်ခု သူမကိုယ်နှင့်ကပ်ကြည့်၏။
လည်ဆွဲများကို စိတ်တိုင်းကျ ရွေးချယ်၏။ အနီရောင်တောက်ပနေသော ပတ္တမြားလည်ဆွဲကို လည်တိုင်မှာ ကပ်ကြည့်သည်။
အားမရ ။ ကိုယ်တိုင် လည်တိုင်မှာ ဆွဲကြည့်သည်။ ပတ္တမြားလက်ကောက်နှင့် လက်စွပ်တို့ကို လက်နှစ်ဖက်မှာ စွပ်၏။ ပတ္တမြားနားကပ်ကို နားမှာ ပန်၏။
ရတနာများကို သူမ အရမ်းပင် သဘောကျနေ၏။ ထို့နောက် သူမသည် လိုဏ်ခန်းမထဲမှာ ကြေးမုံမှန်ကို ရှာ၏။
ဆင်မြန်းထားသော ရတနာများသည် သူမနှင့် လိုက်ဖက်ခြင်း ရှိလား မရှိလား အရမ်းသိချင်နေမိသည်။
ကြမ်းပြင်တစ်နေရာ၌ ရွှေဖြင့် အနားကွပ်ထားသော ကြေးမုံတစ်ချပ်ကို သူမ တွေ့လိုက်၍ ထိုကြေးမုံမှန်ပြင်ကို သူမ၏ ကိုယ်ရှေ့ ထောင်ကြည့်လိုက်သည်။
" ဟင် ! ဒါ ဒါ ဘာကြီးလဲ "
" မှန်ထဲမှာ ငါလည်း မဟုတ်ပါလား "
" မှန် မှန် ထဲ မှာ က ဟိုမိန်းမကြီး "
မှန်၏။ မှန်ထဲမှာ ပေါ်နေသည်က သူမနှင့် လှည်းအတူ စီးခဲ့သော မိန်းမကြီးပင်။သူမ အားကျခဲ့သော မဟာဆန်သူ မိန်းမကြီး ။
သူမ အခုမှ ကြောက်လန့်စိတ်တွေ ဝင်လာပြီး လှည်းမောင်းသူကို ရှာဖွေလိုက်သည်။ ခုနကမှ ရှိနေသေးသော လှည်းမောင်းသူမှာ ယခုအခါ ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေပြီ။
သူမ ဝင်လာခဲ့သော ဂူဝင်ပေါက်မှာလည်း ထူးခြားစွာ ကျောက်သားနံရံတစ်ခု ပိတ်လျက်သား ရှိနေ၏။
သေချာပြီ။ သူမသည် ဤလိုဏ်ဂူထဲတွင် ပိတ်မိနေပြီဖြစ်၏။
သူမ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။
ဘာကြောင့်လဲဆိုတော့ သူမ လည်းပင်တစ်ဝိုက် ယားယံလာခြင်း၊လက်ကောက်ဝတ်နှစ်ဖက် ယားယံလာခြင်းတို့ စတင်၍ ခံစားလာရသည်။ ယားယံခြင်း တစ်မျိုးတည်းသာမဟုတ် လည်ဆွဲ ၊ လက်ကောက်၊ လက်စွပ်များသည် မကြာမတင် ပူခြစ်လာလေသည်။
မအေးခင်သည် လက်ဝတ်ရတနာများကို အမြန်ပင် ချွတ်၍ လွှင့်ပစ်လိုက်မိသည်။
လိုဏ်ထဲတွင် ရေမရှိ ၊ အစားအစာ နတ္ထိ။ ရတနာစိန်ကျောက် များက ဂူကြမ်းပြင်မှာ နေရာအနှံ့ပျံကြဲလျက်ရှိပေမယ့်
အရေးကြီးဆုံးက ရေနှင့်အစားအစာ မဟုတ်လား ။
လွှတ်ချထားသော ကြေးမုံမှန်ကို မရွံမရဲ ပြန်ကောက်ယူ၍ ဖြေးလေးစွာ သူမကိုယ်ကို သူမ ကြည့်လိုက်မိသည်။
မအေးခင် စိတ်ဓာတ်တွေ အကြီးအကျယ် ကျသွားသည်။ မှန်ထဲမှာ မအေးမြ ပုံရိပ်မဟုတ်။ မဟာဆန်သူ မိန်းမကြီး၏ ပုံရိပ်သာ ပေါ်နေ၏။
သို့ပေမယ့် မှန်ထဲက မဟာဆန်သော မိန်းမကြီးသည် တဖြေးဖြေး အိုမင်း ရင့်ရော်လာ၏။
နက်မှောင်နေသော ဆံပင်များသည် ကျွတ်သည်က ထွက်။
ဆံစများက ဖြူထေးထေး ဖြစ်လာတော့သည်။ တင်းရင်းနေသော မျက်နှာ၊ လက်မောင်း စသော အရေပြားတို့သည် လျော့တိလျော့ယဲ တွဲလွဲကျကုန်၏။ဖြတ်လတ်ခြင်းတို့ ပျောက်ကွယ်ကုန်၏။
မအေးခင် သိလိုက်ပါပြီ။
သူမ ကြားဖူးသော ပရလောကသားတို့ လူစားလဲသည်ဆိုသည်မှာ ဤသို့ဤပုံပါလားဟု သဘောပေါက်သွားလေပြီ။
လောဘရမ္မက် အလွန်ကြီးသော သူမကို လောကကြီးက ဒဏ်ခတ်ခြင်းပင် ။
ကြမ်းတမ်းယုတ်ညံ့သော စကားတို့ကို ဆိုခြင်း ၊ လိမ်ညာပြောဆိုခြင်း ၊ လှည့်ကွက်အမျိုးမျိုးသုံး၍ တစ်ရွာတည်းသားများအပေါ် နိုင့်ထက်စီးနင်း လုပ်ခြင်းတို့သည် သူမအား အကုသိုလ်တရားများ ဖိစီးစေခဲ့သည်။
အကုသိုလ် အကျိုးပေးက သူမအား ကံနိမ့်စေခဲ့ပြီ။
မိမိပြုသော အမှုသည် မိမိထံသို့သာ တန်ပြန်စမြဲ။
ကောင်းသောအမှုကို ပြုလုပ်ပါက ကောင်းကျိုးကို ခံစားရမည်မှာ မလွဲပေ။
ထို့အတူ မကောင်းသော အမှုကို ပြုသောသူသည်လည်း မကောင်းသော အပြစ်တို့ကို ခံယူရမည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။
မအေးခင်သည် သူ ပြုသော မကောင်းမှု အကုသိုလ်များကြောင့် အရှင်လတ်လတ် လူစားလဲခံရလေပြီ။ အရှင်လတ်လတ် စားရမဲ့ သောက်ရမဲ့ ပြိတ္တာဘဝသို့ ရောက်ရလေပြီ။ဘယ်အချိန်ကာလမှ သူမ ထိုဘဝက လွတ်မြောက်မည်ဆိုတာ မည်သူက အတတ်ပြောနိုင်မှာလဲ။
ဤကား သူမ၏ စစ်မှန်သော အကျိုးပေးသာ ဖြစ်တော့လေသည်။
ပြီးပါပြီ။
ပီပီ(မန္တလေး)
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်