
မြရည်ချိုကိုကြည့်ပြီး ဇန်ထူးမြတ်မှာအတော်ပင်တုန်လှုပ်
လာနေသလို ဒေါ်မိုးရိပ်ချိုသည်လည်း ထိတ်လန့်မိနေ၏။
" လောလောဆည် ပြေးတော့တီလေးငယ် "
ဇန်ထူးမြတ်က ဒေါ်မိုးရိပ်ချိုလက်ကိုဆွဲကာ တတ်နိုင်
သလောက်ကြိုးစားတွဲထူရင်း ပြေးသည်။ ဒေါ်မိုးရိပ်ချို
သည်လည်း ဝဲဘက်ဝမ်းဗိုက်ဆီမှနာကျင်မှုကို အံကြိတ်
ကာ ပြေးရတော့သည်။ ပြေးနေရင်းသိချင်သည်များကို
ပါ တရစပ်မေးမြန်းမိနေသည်။
" ဘာတွေဖြစ်ကုန်တာလဲ အစအဆုံးပြောစမ်းပါ "
" မြရည်ချိုက သူ့ကိုယ်သူမွေးစားသမီးဆိုပြီး စိတ်ဒဏ်ရာ
တွေရနေတာကြာပြီ တီလေး ... "
" ငါမရှင်းဘူး ... မွေးစားသမီးလို့ဘယ်သူပြောလဲ ...
မြရည်ချိုက ငါ့အစ်ကိုရဲ့သမီးအစစ်ပါ "
" ကျွန်တော်နဲ့မြရည်ချိုနဲ့ မွေးစာရင်းတွေစစ်ပြီးပြီ ...
သူ့ကိုမွေးတဲ့ဆေးရုံကိုသွားပြီးလည်း စစ်ကြည့်ပြီးပြီ ...
မွေးစားသမီးအမှန်ပဲတီလေး "
" မဖြစ်နိုင်တာ "
" ဦးလေးတို့က ကလေးလွယ်လွယ်မရခဲ့ဘူးမလား ...
အန်တီမိုးကလည်းကလေးအရမ်းလိုချင်လို့အရူးတစ်ပိုင်း
လိုဖြစ်နေချိန် ကိုယ်ဝန်ရှိလာတော့အရမ်းဝမ်းသာခဲ့ကြ
တယ်တဲ့... ဒါပေမယ့် ကလေးမွေးလာတဲ့အခါ အသေလေး
မွေးလာတာ ... ဒါကိုသိရင် အန်တီမိုးစိတ်ထိခိုက်ပြီး တစ်
ခုခုဖြစ်သွားမှာစိုးလို့ အန်ကယ်လ်က ဆေးရုံကနေမွေး
ကင်းစကလေးတစ်ယောက်ကို အစားထိုးခဲ့တာတဲ့ ..."
" ဟုတျပါ့မလား "
" အဟုတ်ပဲတီလေး ... ကျွန်တော်တို့လိုက်စုံစမ်းရင်းနဲ့
မြရည်ချိုမိဘအရင်းနေတဲ့လိပ်စာရလို့သွားတွေ့ခဲ့ပြီး
ပြီ... သူတို့ကချို့ချို့တဲ့တဲ့ထဲကပဲတီလေး ... မြရည်ချို
ကပြန်လာနေပါရစေလို့ခွင့်တောင်းတာ လက်မခံဘူး ...
မြရည်ချိုခုလိုချမ်းချမ်းသာသာနေရတာပဲကျေနပ်နေပြီ
လို့ပြောတယ်...တီလေးမယုံရင်တစ်ခုပဲတွေးကြည့်...
ရုပ်မတူတာတီလေးသတိမထားမိဘူးလား "
ဇန်ထူးမြတ်ပြောမှ ပြန်တွေးကြည့်သည်။ ဟုတ်သည်။
မြရည်ချိုက အသားအရည်ဝါညက်ညက်၊ ခန္ဓာကိုယ်ဖွဲ့
စည်းပုံနှင့် မျက်နှာသွင်ပြင်တို့မှာ ဦးရန်ပိုင်ချိုနှင့်ကွာခြား
နေသည်။ မိခင်ဖြစ်သူ ဒေါ်စိုးမိုးခင် နှင့်လည်းမတူနေချေ။
" သိပ်မတူတာတော့ဟုတ်သလိုလိုပဲ "
" ဟုတ်ပါတယ်ဆိုတီလေးရာ ... အဲ့ဒါကို မြရည်ချိုက
အရင်သိတာ ... နောက်ပြီးသူကမိသားစုဝင်မဟုတ်ဘဲသူစိမ်းဆိုပြီး စိတ်ထိခိုက်နေတာကြာပြီ ... ကျွန်တော့်ကိုလည်းခဏခဏပြောတယ် ... အန်ကယ်လ်ဆူမိတဲ့နေ့တွေဆိုတစ်ညလုံးဖုန်းပြောရင်းငိုတော့တာပဲ ... သမီးအရင်း
မဟုတ်လို့ မချစ်တာဆိုပြီး ကြာလာတော့ စိတ်ဒဏ်ရာ
တွေရလာတာ... "
ပြောနေရင်း မြရည်ချိုမှာ ၎င်းတို့နှင့်ပို၍နီးကပ်လာနေ
လေပြီ။ ထိုစဉ်မှာပင် ကားလမ်းမကြီးထက်မှ ကားတစ်
စီးဖြတ်လာေနသည်ကိုတွေ့လိုက်သဖြင့် ကားလမ်းမ
ထက်ဆီသို့ ထပ်မံတက်လာကြပြန်သည်။ သို့သော်ဖြတ်
လာသည့်ကားမှာ ကျော်သွားခဲ့ပြီဖြစ်၏။
" ငါတို့လွတ်ပါ့မလား ဇန်ထူးမြတ် ... နီးလာပြီဟဲ့ "
" တကယ်လို့ မီလာခဲ့ရင် တီလေးလွတ်အောင်သာပြေး
ကျွန်တော်ထိန်းထားမယ် "
ဒေါ်မိုးရိပ်ချိုက ဇန်ထူးမြတ်အား ဂရုဏာမျက်ဝန်းဖြင့်
လှမ်းကြည့်မိလိုက်သည်။ ယခင်ကသူမကြည့်မရသည့်
ကလေးမှာ ' လွတ်အောင်ပြေး ' ဟူ၍ သူ့ကိုသူစတေးခံ
ပေးနေချေပြီမဟုတ်ပါလား။
" မဟုတ်သေးဘူး ... တစ်ယောက်တစ်ကွဲပြေးမယ့်အစား
အတူတူရင်ဆိုင်မယ် ... နှစ်ယောက်ဆိုပိုအားရှိတာပေါ့ "
ဒေါ်မိုးရိပ်ချိုက တကိုယ်ကောင်းမဆန်နိုင်။ ယခုကဲ့သို့
ကိုယ်လွတ်ရုန်းခြင်းကို မနှစ်သက်။ အတူရင်ဆိုင်ဖို့သာ
တွေးထားလေသည်။
" ဆက်ပြော ဘာဆက်ဖြစ်ကြလဲ "
" ဟုတ် မြရည်ချိုကကျွန်တော့်ကိုပြောတယ် သူ့အတွက်
စိတ်ထွက်ပေါက်တစ်ခုခုလိုအပ်နေပြီတဲ့ ... သူ့သူငယ်ချင်း
ကြည်လဲ့ဆွေကိုတီလေးသိတယ်မလား "
" တခါတော့ဆုံဖူးတယ် "
" ကြည်လဲ့ဆွေကလည်းဂေါက်တောက်တောက်ရယ် ...
သူကမှော်ပညာဆိုလား ဘာဆိုလား လေ့လာနေတာလို့
ပြောတယ်... မနေ့ညက ကျွန်တော်နဲ့ဖုန်းပြောတော့ မြ
ရည်ချိုကအိမ်ကတိတ်တိတ်လေးထွက်လာပြီး ကြည်လဲ့
ဆွေနဲ့ တွေ့မယ်တဲ့ ... ကျွန်တော်ကတားပါသေးတယ်...
မရဘူး ရန်ပဲဖြစ်ခဲ့ရတယ် ... သူလုပ်ချင်ပြီဆိုဇွတ်...
သူတို့ကိုစိတ်မချလို့ကျွန်တော်လိုက်သွားကြည့်တာပဲ"
" အဲ့ဒီရွှေသလွန်အိမ်ယာကအိမ်မှာ သူတို့နှစ်ယောက်
ကြယ်ပုံစံစက်ဝိုင်းကြီးဆွဲပြီး ဖယောင်းတိုင်တွေနဲ့ ဘာ
သွေးလည်းမသိဘူးပါသေးတယ် အဲ့ဒါတွေနဲ့ မကောင်း
ဆိုးရွားခေါ်ကြတယ် ... ကျွန်တော်ကဘေးကပဲကြည့်မယ်ဆိုသူတို့ကမရဘူးတဲ့ ... ဝင်ပါရမယ်ဆိုလို့ ပါလိုက်ရတယ်
သူတို့ပြောတဲ့မကောင်းဆိုးရွားခေါ်ပြီး မြရည်ချိုကပြောင်း
လဲသွားတာတီလေးမြင်တဲ့အတိုင်းပဲ "
" ဘယ်အချိန်ကဖြစ်တာလဲ "
" ည ၁၀ နာရီလောက်ကထင်တယ် သူတို့မကောင်းဆိုး
ရွားခေါ်ပြီးတဲ့အချိန် ဘာမှတော့မထူးသေးဘူး ... ကျွန်
တော်လည်း ထိုင်ရတာကြာလို့ နောက်ဖေးခဏသွားလိုက်
တာ ပြန်လာတဲ့အခါ ကြည်လဲ့ဆွေကသေပြီထင်တာပဲဗျ
... မြရည်ချိုက ကြည်လဲ့ဆွေကိုခြေထောက်ကနေဆွဲပြီး အိမ်အပြင်ထုတ်ဖို့လုပ်နေတုန်း ကျွန်တော့်ကိုတွေ့သွားပြီး ကျွန်တော့်ကိုပါသတ်ဖို့လုပ်တော့တာပဲ ... မြရည်ချိုကိုဘယ်လိုမှ ချုပ်ထားလို့မရဘူး ... အသံဆိုးဆိုးကြီးနဲ့ပြောလာတယ် ... ' ငါလွတ်လပ်တော့မယ် ' တဲ့ ... "
" ဒါကြောင့်မြေမြုပ်တုန်းက နင်ပဲလွတ်လပ်ချင်တယ်ဆို
လို့ပြောတာလား ''
" ဟုတ်ကဲ့ ကျွန်တော်လည်းစိတ်တွေဘယ်လိုဖြစ်သွားလဲ
မသိဘူး ... အဲ့လိုခေါ်ပြီးကျွန်တော့်စိတ်လည်းမူမမှန်ဘူး
တီလေး ... ကျွန်တော့်ကိုလည်းမယုံပါနဲ့ ... အခုကစိတ်
ကောင်းဝင်နေတဲ့အချိန် ... ကားကြုံတစ်စီးစီးတွေ့တာနဲ့
တီလေးလွတ်အောင်သာပြေးပါတော့ "
ဒေါ်မိုးရိပ်ချိုမှာ အံ့အားသင့်စွာဖြင့်ကြည့်နေမိသည်။
ဇန်ထူးမြတ်ပါ မြရည်ချိုကဲ့သို့ဆိုလျှင် သူမလွတ်မြောက်
ရန်မလွယ်ချေ။ မယုံသင်္ကာဖြင့် ဇန်ထူးမြတ်ကိုသတိထား
ကြည့်နေရလေသည်။
" ဘယ်လိုမကောင်းဆိုးရွားကိုခေါ်ကြတာလဲ "
" ကျွန်တော်လည်းသေချာမသိဘူးတီလေး ... ကြားမိ
တာတော့ အစောင့်ဆိုလားမသိဘူး ... "
" ဘာအစောင့် "
ဇန်ထူးမြတ်မှာ မပြောချင်ပြောချင်ဖြစ်နေသည်။
" ဟဲ့ အားလုံးမချန်ဘဲပြောပြမှ ဘာလုပ်ရမယ်သိမှာ
ပေါ့ "
" ဟို ဟို ရွှေသလွန်အိမ်ယာကတံတားကြီးကိုတီလေးသိ
တယ်မဟုတ်လား "
" အင်းလေ သိတယ် "
" တံတားအကြောင်းရောသိလား ... "
" အဲ့ဒါတော့မသိဘူး "
" အရင်ခေတ်ကတံတားမဆောက်ခင်အဲ့နေရာမှာ မြေအရမ်းကြမ်းတယ် ... ဘယ်သူမှမဖြတ်ရဲဘူး ... ချောင်းကြီးကို ဖြတ်ဖို့ သစ်သားတံတားတစ်ခုဆောက်ဖို့စီစဉ်ကြတဲ့အခါ ဘယ်လိုမှဆောက်လို့မရနေဘူး ... အဲ့ဒါနဲ့တံတားကိုဆောက်ဖို့ လူနှစ်ယောက်ကိုသတ်ခဲ့တယ်လို့ပြောကြတယ် "
" ဟဲ့ ဘယ်တုန်းကလဲ "
" ဂျပန်ခေတ်လောက်ကလေတီလေး "
" ဒါတွေကပါးစပ်ရာဇဝင်တွေပါ "
" ကျွန်တော်ပြောတာနားထောင်ဦး ... တံတားအစောင့်
အဖြစ် လူနှစ်ယောက်ကိုစတေးခဲ့ကြတာ ... အဲ့လိုလုပ်
ပြီးတံတားလည်းဆောက်လို့ရသွားတယ် ... အဲ့ဒီလူနှစ်
ယောက်ကတံတားအစောင့်ဖြစ်နေတာနှစ်ပေါင်းမနည်း
တော့ဘူးတဲ့ "
" အဲ့ဒါနဲ့ခုဖြစ်တာနဲ့ ဘာပတ်သက်ကြလဲ "
" မြရည်ချိုကသေချင်နေတာကြာပြီတီလေး ... စိတ်ဒဏ်
ရာရနေတာ ... ရွှေသလွန်အိမ်လာရင်းတံတားအကြောင်း
ကြားတော့ သူကတံတားအစောင့်ဖြစ်ချင်သတဲ့ဗျ ...
နှစ်ပေါင်းများစွာစောင့်နေတဲ့အစောင့်ကို လူချင်းလဲချင်
တယ်တဲ့ "
" ဘုရားရေ ဘာတွေလျှောက်လုပ်နေကြတာလဲ "
" အဲ့ဒါပြောတာေပါ့တီလေး ... သူ့သူငယ်ချင်းကြည်လဲ့
ဆွေကလည်း ရူးသလိုလို နှမ်းသလိုလိုဖြစ်နေတာ ...
မြရည်ချိုအစောင့်ဖြစ်ချင်တယ်ဆိုတော့ သူလည်း
အစောင့်လုပ်မယ်တဲ့ ... နှစ်ယောက်လုံးတားမရဘူး...
ကျွန်တော်အစကအဲ့ဒါတွေအယုံအကြည်မရှိဘူးဗျ...
ညကတံတားအစောင့်နှစ်ယောက်ခေါ်မှ မျက်မြင်ကိုယ်
တွေ့ကြုံရတာ "
" သူတို့ကိုတွေ့လိုက်တာလား "
" တွေ့တာမဟုတ်ဘူး ... စက်ဝိုင်းကြီးနဲ့မကောင်းဆိုး
ရွားခေါ်ပြီးတာနဲ့ ကျွန်တော်မူးနောက်နောက်တစ်ချက်
ဖြစ်သွားတယ် ... မြင်ကွင်းတွေကနှစ်ထပ်ဖြစ်နေတာ...
အနောက်သွားချင်လာလို့သွားပြီး ပြန်ထွက်လာတော့
မြရည်ချိုက ကြည်လဲ့ဆွေကိုခြေထောက်ကနေဆွဲပြီး
အိမ်အပြင်ထုတ်နေတာတွေ့လိုက်တာပဲ "
" ပြီးတော့ မြရည်ချိုက လိုက်သတ်တယ်ပေါ့ "
ဇန်ထူးမြတ်ကခေါင်းငြိမ့်ပြသည်။
" သူကျွန်တော့်ကိုလိုက်သတ်လို့သူ့မှာမကောင်းဆိုးရွား
ကပ်နေတယ်ဆိုတာသိပြီးတဲ့အချိန် ကျွန်တော့်စိတ်ကပုမှန်မဟုတ်တော့ဘူး ... ကျွန်တော်တွေးမိနေတာက မြရည်ချို
ကိုသတ်ရမယ်ဆိုတာပဲ ... ဘာလို့အဲ့လိုလုပ်မိလဲတွေးမရ
ဘူးတီလေးရာ "
" နေပါဦး နင်ပြောတော့တံတားအစောင့်ဆိုပြီး ဘာလို့
ဒီနေရာလာရတာလဲ ... ဒါကရွှေသလွန်နဲ့အဝေးကြီးပါ "
ဒေါ်မိုးရိပ်ချိုကမေးရင်း ဇန်ထူးမြတ်ဖက်သို့လှည့်ကြည့်
လိုက်သည်။ ထိုအခါ ဇန်ထူးမြတ်သည် ဒေါ်မိုးရိပ်ချိုကို
ကြည့်ကာ တခွီခွီရယ်လာလေ၏။
" ဇန်ထူးမြတ် နင်ဘာဖြစ်နေတာလဲ ... ဘာလို့ရယ်နေ
တာလဲ "
ဒေါ်မိုးရိပ်ချိုအသံမှာ မာကြောသွားသလို သူမ၏ရင်
ထဲလည်းအလွန်ပင်ထိတ်လန့်လာသည်။
" ဟီ ဟီ ဘာလို့လဲဆိုတော့ ဟိုေကာင်မရဲ့ သင်္ချိုင်းက
ဒီနေရာမှာလေ ...ဟီ ဟီ ဟီး "
ဇန်ထူးမြတ်၏အသံသည် လုံးဝပြောင်းလဲသွားချေပြီ။
ပင်ကိုယ်သံပျောက်ကာ အသံခပ်အက်အက်ကြီးထွက်
နေ၏။
" နင်ဘယ်သူလဲ ပြောစမ်း "
ဒေါ်မိုးရိပ်ချိုသည်လည်း အသံကျယ်ကြီးဖြင့်အော်မေး
ပစ်လိုက်လေသည်။ ထိုစဉ်မှာပင် မြရည်ချိုသည် ၎င်း
တို့အနီး နီးကပ်လာကာ ဇန်ထူးမြတ်အား အမဲလိုက်သကဲ့
သို့လိုက်လေတော့သည်။
ဇန်ထူးမြတ်ကတစ်စက်ကလေးမှမပြေးချေ။ လမ်းလယ်
တွင်ရပ်ကာ မြရည်ချိုကိုကြည့်ရင်းရယ်နေသည်။ မြရည်
ချိုလည်း လက်ထဲမှ မြေဂေါ်ကြီးဖြင့် ဇန်ထူးမြတ်၏ခေါင်း
တည့်တည့်ရိုက်ချရန်ရွယ်လိုက်စဉ်မှာပင် ဒေါ်မိုးရိပ်ချို
လည်း ဇန်ထူးမြတ်ကိုအမြန်ဆွဲဖယ်ပစ်လိုက်လေသည်။
ထိုအခါရိုက်ချက်လွဲသွားသဖြင့် မြရည်ချိုမှာ အလွန်
ပင်ဒေါသထွက်သွားတော့သည်။ တဖန် ဇန်ထူးမြတ်ကို
ထပ်မံရိုက်ပြန်သည်။ ဒေါ်မိုးရိပ်ချိုကလည်း နာကျင်နေ
သည့်ဝမ်းဗိုက်အားဖိရင်း မနိုင့်တနိုင်အားအင်လေးဖြင့်
ဇန်ထူးမြတ်ကို တွန်းလိုက်ဆွဲလိုက်ပြုလုပ်နေရရှာလေ
သည်။
" ငါ့ကိုမနှောင့်ယှက်နဲ့ "
မြရည်ချိုနှုတ်မှထွက်လာသံသည် ယောကျာ်းတစ်ယောက်
၏အသံ။ ဇန်ထူးမြတ်ပြောသည်များကဟုတ်မှန်သ
လောက်ရှိနေသည်။ တဆက်တည်း ဒေါ်မိုးရိပ်ချိုတွေးမိ
လိုက်သည်။ တံတားအစောင့်နှစ်ယောက်သည် မြရည်
ချိုနှင့် ဇန်ထူးမြတ်တို့ထံတစ်ယောက်စီဝင်ရောက်ပူးကပ်
နေဟန်ရသည်။
ထို့နောက်တစ်ယောက်ကိုတစ်ယောက်သတ်နေခြင်းဖြစ်
ပေမည်။ သို့မှသာအစိမ်းသေဘဝရောက်ပြီး လူစားလဲ
ပေလိမ့်မည်။ ဤသို့ဆိုလျှင် မြရည်ချို၏သူငယ်ချင်း
ကြည့်လဲ့ဆွေကရော ဟု ထပ်မံတွေးမိပြန်သည်။
တံတားအစောင့်ကနှစ်ယောက်ဆိုလျှင် လူနှစ်ယောက်
သာခေါ်ပေမည်။ ဤသို့ဆိုလျှင် ကြည်လဲ့ဆွေသည် အ
သက်သေဆုံးသေဟန်မတူချေ။ ထို့ကြောင့်သာ ဇန်ထူး
မြတ်ကိုသဲကြီးမဲကြီးလိုက်လံသတ်ဖြတ်နေခြင်းဖြစ်ပေ
လိမ့်မည်။
ထိုကဲ့သို့တွေးမိသည်နှင့် မည်သို့လုပ်ရမည်ကို ဒေါ်မိုးရိပ်ချို ခေါင်းထဲလက်ခနဲ ရောက်လာတော့၏။ ဇန်ထူးမြတ်
ကိုဆွဲပြေးရင်း လမ်းဘေးတနေရာ၌ ထားခဲ့ကာ မြရည်
ချိုရှိရာသို့ ပြန်လှမ်းလာခဲ့သည်။
" တံတားအစောင့်အဖြစ် ငါ့ကိုခေါ်သွားပါ ဒီကလေးတွေ
ကိုလွှတ်ပေးလိုက် "
ဒေါ်မိုးရိပ်ချိုက တည်တည်ငြိမ်ငြိမ်ပြောနေသည်။
" မင်တို့ဝင်ပူးထားတာတွေ ထွက်သွားပေးကြတော့ ...
ငါအခုပဲ တံတားဆီလာခဲ့မယ် ... တံတားရောက်ရင်
ငါ့ကိုယ်ငါ အဆုံးစီရင်လိုက်ပါ့မယ် ... ကလေးတွေကို
လွှတ်ပေးလိုက် "
" ငါတို့ကနှစ်ယောက်ခေါ်မှာ "
" မရဘူး တစ်ယောက်ပဲခေါ်ပါ ... ငါ့ကိုပဲခေါ်သွား "
မြရည်ချိုက အသံအက်အက်ဖြင့်ပြန်ပြောသည်။
" နင်တို့နှစ်ယောက်လုံးခေါ်မယ် "
ပြောရင်းဖြင့် ဒေါ်မိုးရိပ်ချိုကိုမြေဂေါ်ကြီးဖြင့်လှမ်းရိုက်
ချပစ်သည်။ ဒေါ်မိုးရိပ်ချိုကလည်း အလျှင်အမြန်ရှောင်
လိုကျ၏။
ထိုစဉ်မှာပင်ဒေါ်မိုးရိပ်ချိုသည် ရိပ်တိတ်တိတ်မူးနောက်
လာသလိုဖွဈပေျါလာတော့သညျ။ ထို့နောကျအမွငျအာ
ရုံများက နှစ်ထပ်ဖြစ်လာခဲ့သည်။
ဇန်ထူးမြတ်ပြောသည်များကိုပြန်လည်ကြားယောင်မိ
နေသည်။ အမြင်အာရုံနှစ်ထပ်ဖြစ်လာသည်ဟုပြောပြ
သည်ကို ကြားမိနေသဖြင့် ဇန်ထူးမြတ်ရှိရာသို့ကမန်း
ကတန်းလှမ်းကြည့်လိုက်မိတော့သည်။
ဇန်ထူးမြတ်မှာ လမ်းဘေး၌ရပ်နေရင်း ပုံ့ခနဲလဲကျသွား
သည်ကိုနောက်ဆုံးမြင်လိုက်ပြီး သူမ၏မျက်လုံးထဲတွင်
ပုံရိပ်နှစ်ခုစီသာမြင်နေလေတော့၏။ ဒေါ်မိုးရိပ်ချိုမှာ မိမိကိုယ်ကိုယ်သတိဖြင့်ထိန်းထားသော်လည်း မရဘဲဖြစ်နေသည်။
သူမ၏ဦးခေါင်းထဲတွင်တစုံတယောက်စကားပြောနေ
သံကိုကြားနေရသည်။
" သူ့သင်္ချိုင်းကိုအရင်ခေါ်သွားရမယ် "
ယောကျာ်းတစ်ယောက်ပြောနေသံဖြစ်သည်။ ထိုအခါ
မြရည်ချိုမှာ ဒေါ်မိုးရိပ်ချိုအား ဆွဲဆောင်လိုက်တော့
သည်။
သူမပြေးလာရာလမ်းအတိုင်းပြန်လှည့်လျှောက်လာ
နေ၏။ မကြာမီမှာပင် မြရည်ချိုကားရပ်ထားသည့်
နေရာသို့ပြန်ရောက်လာခဲ့တော့သည်။
မြရည်ချိုမှာ ထိုအခါ စိတ်အနည်းငယ်ပြေလာဟန်တူ
၏။ ကားပေါ်သို့တက်ရင်း ငိုရှိုက်နေသည်ကို ဒေါ်မိုးရိပ်
ချိုမြင်နေရသော်လည်း မိမိခန္ဓာကိုယ်အား မိမိမပိုင်သလို
ခံစားနေရသည်။တစုံတဦးဝင်ရောက်ပူးကပ်နေမှန်းခံစားသိရှိနေလေသည်။
" တီလေးငယ် ... သတိရအောင်လုပ်ပါဦး ... သမီးဘာ
လုပ်ရမလဲမသိတော့ဘူး အီး ဟီး "
မြရည်ချိုမှာနှုတ်ကပြောနေသော်လည်း သူမသည်လည်း
ကိုယ့်ကိုကိုယ်ပိုင်ပုံမရချေ။ ဖုန်းကိုကောက်ယူကာ ဆက်
ရန်ပြင်လိုက်၏။ သို့သော်သူမလက်ချောင်းများက စိတ်
ဆောင်တိုင်းမရောက်ပေ။
ဖုန်းဆုပ်ကိုင်ထားသည့်လက်များက ကျောက်ရုပ်လက်
ပမာ ရွေ့မရခဲ့။ ဖုန်းကိုအောက်သို့ပြန်ချလိုက်ရသည်။
" တီလေးငယ် ... သမီးပြောတာကြားရတယ်မလား ...
လူတွေသေရင် သူ့သင်္ချိုင်းရှိတဲ့နေရာမှာပဲသေရတယ်
ဆိုတာတီလေးငယ်ကြားဖူးတယ်မလား ... အခုအဲ့လို
ဖြစ်နေပြီတီလေးငယ်... ခုနကနေရာက သမီးသေမယ့်
သင်္ချိုင်းတဲ့ ... တံတားစောင့်ခေါ်ပေမယ့် သမီးတို့သေရ
မယ့်သင်္ချိုင်းကတံတားမှာမဟုတ်ဘူး ... တီလေးနား
လည်အောင်ဘယ်လိုပြောပြရမလဲ "
မြရည်ချိုကကားမောင်းနေရင်းပြောနေသည်။ မြရည်
ချိုပြောချင်သည့်အဓိပ္ပါယ်ကိုဒေါ်မိုးရိပ်ချိုသိသည်။
လူတွေသေဆုံးလျှင် သေရမည့်နေရာသည် ရှိပြီးသား
ဟူ၍ လူကြီးသူမများပြောစမှတ်ပြောဖူးကြသည်။ ထို့
ကြောင့်လည်းယခုကဲ့သို့ဝေးလံသည့်နေရာသို့မြရည်ချို
အားဇန်ထူးမြတ်လာမြုပ်ခြင်းဖြစ်ပေမည်။
ယခုလည်းသူမသေရမည့်နေရာသို့ ဦးတည်သွားနေဟန်ရသည်။ မြရည်ချိုမှာ အခြားသူအကြပ်ကိုင်ခိုင်းစေသည့်
အတိုင်းပြုလုပ်နေရချေပြီ။ သွားရင်းနှင့် ဒေါ်မိုးရိပ်ချိုအကြံထုတ်နေမိ၏။
ယခုအခြေအနေမှလွတ်မြောက်စေရန်မည်ကဲ့သို့ပြုမူ
ရမည်နည်းဟု အထပ်ထပ်အခါခါတွေးတောနေမိသည်။
သူမတို့အားကိုးရာသည် ဇန်ထူးမြတ်သာကျန်တော့သည်။
မေ့မျောနေရာမှ အမြန်သတိရလာပြီး တစုံတရာအကူ
အညီပေးလာလျှင်ကောင်းမည်ဟုတွေးမိသော်လည်း
အများကြီးမမျှော်လင့်ရဲချေ။
မကြာခင်လမ်းချိုးတစ်ခုကိုချိုးချလိုက်သည့်အခါ ဒေါ်
မိုးရိပ်ချိုသိလိုက်ပြီ။ နှင်းဆီခြံမှလွဲ၍မဖြစ်နိုင်တော့။
တစ်ခုတော့ဝမ်းသာမိသည်။ သူမ၏ခြံနေရာဖြစ်သဖြင့်
သူမအပိုင်နေရာပင်။
မည်သည့်နေရာဘာရှိသည်ကို မျက်စိမှိတ်သွား၍ရသည်။
အိမ်အကူကောင်မလေးနှစ်ယောက်လည်းရှိသည့်အတွက်
အနည်းငယ်အားတင်းလာမိခဲ့သည်။ သို့သော် သူမမြင်
ခဲ့သည့်ပုံရိပ်ကိုလည်း ပြန်သတိရလာသည့်အခါ ထိတ်
လန့်မိပြန်သည်။
ဒေါ်မိုးရိပ်ချို၏အသားကိုဓါးဖြင့်ခွဲလိုက် နှင်းဆီကိုင်း
ဖြင့်ထိုးစိုက်လိုက် လုပ်နေသော မြရည်ချို၏ပုံရိပ်က
မေ့ဖျောက်ရန်မလွယ်ကူခဲ့ချေ။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်