လူရွှင်တော်တစ်ယောက်ရဲ့ကလဲ့စား
lotaya.mpt.com.mm
|
2020-11-27

၁။

မြို့၏ အစွန်အဖျား ၊ ဗုဒ္ဓဘာသာကိုးကွယ်သူများ၏ နောက်ဆုံး နားခိုရာ သင်္ချိင်း သုသာန်တစ်ခုတွင် ဖြစ်၏။

ကျော်ဟိုး တစ်ယောက် မီးသင်္ဂြိုလ်စက် ခေါင်းတိုင်မှ ထွက်ပေါ်လာသော မီးခိုးငွေ့တန်းကို ကြည့်၍ မေးကြောကြီးများ ထောင်ထလာသည်အထိ အံကိုတင်းတင်းကြိတ်ထားသလို လက်သီးနှစ်ဖက်ကိုလည်း တင်းတင်းဆုပ်ထားလေ၏။

မျက်ဝန်းထဲတွင်တော့ ဝမ်းနည်းယူကြုံးမရခြင်းများစွာဖြင့် မျက်ရည်ပူများက ဝေ့သီနေကြသည်။

" သွားနှင့်တော့ ခင်လေးရယ်၊ ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးတွေနဲ့ ထပ်ပြီး မကြုံပါစေနဲ့လို့ အစ်ကို ဆုတောင်းပေးလိုက်ပါတယ်ကွယ် ၊

မင်း အပေါ် ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်မကျေခဲ့တဲ့၊ အစ်ကို့ကို တမလွန်ဘဝကနေ ခွင့်လွှတ်မပေးပါနဲ့။ စိတ်နာပါ ၊ မုန်းတီးပါ ၊ ကျိန်ဆဲနေပါ။

ဒါမှ အစ်ကိုလည်း လူ့ဘဝကြီးကို စိတ်နာပြီး ၊ မင်း နောက် လိုက်လာချင်စိတ် ဖြစ်ပေါ်လာမှာ။

လိုက်လာခဲ့ပါ့မယ် ခင်လေးရေ။ အစ်ကို ကတိပေးပါတယ်ကွယ်။ဒါပေမယ့် မင်းကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ လူသတ်သမားကိုတော့ အစ်ကို တွေ့အောင်ရှာပြီး လက်စားချေပါရစေဦးကွယ်နော်။

အစ်ကို့ကို ဆက်ဆက်စောင့်နေပါ ခင်လေးရေ။ အစ်ကို ခင်လေးအပေါ် ပျက်ကွက်ခဲ့သမျှကို အတိုးချပြီး လာပေးဆပ်ပါ့မယ်။ စောင့်နေပါ ခင်လေးရေ "

ကိုကျော်ဟိုး စိတ်ထဲကနေ ဇနီးဖြစ်သူအား တောင်းပန် ကတိပေးနေခြင်း ဖြစ်သည်။

ကိုကျော်ဟိုးသည် ' လမင်းကုဋေ '

အငြိမ့် သုခုမသဘင်အဖွဲ့မှ လူရွှင်တော် တစ်ဦး ဖြစ်သည်။သေဆုံးသူ မခင်လေးသည် သူ၏ ဇနီးမယား ဖြစ်၏။

ယခု မခင်လေး သေဆုံးချိန်၌ ကိုကျော်ဟိုး အိမ်မှာ မရှိ။ မခင်လေး တစ်ယောက်တည်း အိမ်မှာ ရှိခိုက်၊ လူယုတ်မာ တစ်ဦးက မခင်လေးအား ဓားပြတိုက်ရင်း ၊ လူကိုပါ စော်ကား၍ နုတ်ပိတ် သတ်ဖြတ်သွားခြင်းဖြစ်သည်။

ဆိုးရွားလှသော ကံကြမ္မာသည် သူတို့နှစ်ဦးအပေါ် ညှာတာမှုကင်းမဲ့စွာ ရက်ရက်စက်စက် ခွဲရက်လေ၏။

.................

၂။

မခင်လေးကို ကိုကျော်ဟိုးသည် နယ်မြို့လေးတစ်မြို့မှာ အငြိမ့်ကရင်း မြင်တွေ့ရာမှ နှစ်ဦးသဘောတူ ချစ်ခင်စုံမက်ကြပြီး ၊မကြာခင်မှာပဲ ကိုကျော်ဟိုးသည် လူကြီးစုံရာဖြင့် မခင်လေး၏ မိဘများထံ တောင်းရမ်း၍ အတည်တကျ လက်ထပ်ပေါင်းသင်းခဲ့ခြင်းဖြစ်၏။

ကိုကျော်ဟိုးသည် မသောက်မစား၊ ရသမျှ ညကြေးကို စုဆောင်းတတ်၍ ပိုလျံသည်ဟု ပြောနိုင်၏။

ထို့အတူ မခင်လေးသည်လည်း မိဘများဆွေမျိုးများက လက်ဖွဲ့ ပေးလိုက်သည့် ရွှေထည်လေး အနည်းအကျဉ်း ပါလာ၏။တောသူဆိုတော့ အနေအထိုင် ကျစ်လျစ်၏။ ငွေကို လက်လွတ်စပယ် အဖြုန်းမရှိ။

မခင်လေးသည် ယခင်ကတော့ ကိုကျော်ဟိုး အငြိမ့်ကရာ ဒေသများသို့ လိုက်ပါသွားလေ့ ရှိပြီး၊ ယခုအခေါက်၌ ပျို့ချင်သလိုလို အန်ချင်သလိုလို မကြာခဏ ဖြစ်နေသည်မို့ ၊ လိုက်မသွားပဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်လေ၏။ကိုယ်ဝန် ရှိနေပြီဟု သူမကို သူမ သံသယ ဖြစ်နေပါ၏။

နယ်မှ မခင်လေး၏ အမေဖြစ်သူကလည်း ၊ မကြာခင် ရက်ပိုင်းအတွင်း သမီးဖြစ်သူထံ အလည်အပတ် လာမည်ဟု ဖုန်းဆက်ထားသဖြင့် ၊ မခင်လေးသည် အကြောင်းတိုက်ဆိုင်စွာ အိမ်မှာ ကျန်နေခဲ့ခြင်း ဖြစ်သည်။

ပြီးတော့ ကိုကျော်ဟိုး နှင့် မခင်လေးတို့ နေထိုင်ရာ သရက်ခြံသည် ၊ မြို့ကွက်သစ် ဖော်ခါစ ၊ ဥယျာဉ်ကုန်း ဖြစ်၏။

ထို သရက်ခြံသည် ဇာတ်ဆရာ ပိုင်ဆိုင်သော မြေဖြစ်ပြီး ၊ ကိုကျော်ဟိုးတို့ လင်မယားအား ယာယီ နေထိုင်ရန် အခမဲ့ ပေးထားခြင်း ဖြစ်သည်။ နေ့ခင်းတွင် လူ အသွားအလာ မပြတ်ပေမယ့် ၊ ညဘက်တွင်တော့ လူခြေတိတ်၏။

တစ်အိမ် နှင့် တစ်အိမ်၊ အိမ်နီးချင်းတွေက ခြံအကျယ်ကြီးတွေဆိုတော့ တော်ရုံနှင့် အသံမကြားနိုင်။

သူခိုးဓားပြသည် ထိုအခွင့်အရေးကို အသုံးချခဲ့ခြင်း ဖြစ်သည်။ လူလစ်လျင် ခိုးမည်။ မလစ်လျင် ဓားပြတိုက်မည်ဟူသော အကြံအစည်ဖြင့် မခင်လေးတို့အိမ်ကို ညဥ့်နက်သန်းခေါင်အချိန် ချဉ်းနင်းဝင်ရောက်ခဲ့ခြင်း ဖြစ်လိမ့်မည်။

မခင်လေး တစ်ယောက်တည်း ရှိမှန်းသိသွားသည့်အခါ ၊ လူယုတ်မာသည် ပစ္စည်းကို ယူရုံမျှ မတင်းတိမ်နိုင်တော့ပဲ၊ မခင်လေးထံမှ ကာမကိုပါ အဓမ္မလုယူခဲ့ခြင်း ဖြစ်သည်။ အဆိုးဆုံး လုပ်ရပ်ကတော့ မခင်လေးအား နုတ်ပိတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။

တာဝန်ရှိသော ရဲတပ်ဖွဲ့က လူသတ်မှုအား ၊ အစောပိုင်းတွင်တော့ အပူတပြင်း စုံစမ်းကြသေး၏။

ခက်တာက မခင်လေး သေဆုံးသည် ဥယျာဉ်ကုန်းကွက်သစ်သည် လက်သမားဆရာ၊ ပန်းရံဆရာ ၊ ဆောက်လုပ်ရေး အလုပ်သမား အများအပြား ဝင်ထွက်ရာ ဖြစ်နေ၏။

ထိုသို့သော အလုပ်သမားများမှာ ဒေသခံများပါသလို ၊ နယ်ဝေးက လာရောက် လုပ်ကိုင်သူများလည်း ပါကြ၏။အချို့မှာ နယ်ပြန်ကုန်ကြ၍ စုံစမ်းရန် ခက်ခဲနေ၏။

အမှုက ကြာလာတော့ ကိုကျော်ဟိုး စိတ်မရှည်တော့ချေ။

ကိုကျော်ဟိုး ဇာတ်ဆရာထံ ခွင့်တောင်း၍ လူသတ်သမားအား စတင် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ဇာတ်ဆရာကိုတော့ ချစ်ဇနီး၏ အဖြစ်ဆိုးကြောင့် ဝမ်းနည်းပူဆွေးနေရသောကြောင့် တစ်လတန်သည် နှစ်လတန်သည် ဇာတ်ထဲ မလိုက်လိုသေးကြောင်း လိမ်ညာခွင့်တောင်းခံခဲ့သည်။

ဇာတ်ဆရာကလည်း ဝမ်းနည်းပူဆွေးနေသော လူရွှင်တော်တစ်ဦးကို ဇွတ်အတင်း မဖျော်ဖြေစေချင်။ ထို့ကြောင့် အနားယူခွင့် ပြုလိုက်သည်။

ကိုကျော်ဟိုးသည် ရဲစခန်းက အီရောအီရော လုပ်နေသော သူ့မိန်းမအား သတ်သွားသည့် တရားခံအား သူ ကိုယ်တိုင်ပဲ ရှာပုံတော် ဖွင့်တော့လေ၏။

ကိုကျော်ဟိုးသည် စာပေလိုက်စားသူ၊ စာဖတ်နာသူ ဖြစ်၏။ အင်္ဂလိပ်စာကိုလည်း မတောက်တခေါက်ထက် သာလွန်သော အနေအထားအထိ လေ့လာထားသူ ဖြစ်၏။

သူ ဖတ်ဖူးသော ဘာသာပြန်စုံထောက်ဝတ္ထုများ ၊ သူ ကြည့်ဖူးသော စုံထောက်ဇာတ်လမ်းများကို အလွတ်ရနေသူ ဖြစ်သည်။

ထို့ကြောင့် သူသည်ပထမဦးစွာ စုံစမ်းမှု၏ အခြေခံကျသော မြို့ထဲက ရွှေထည်ပစ္စည်း အဟောင်းဝယ်သူများထံ စနည်းနာ စုံထောက်လေတော့သည်။

သူ့မိန်းမ ဝတ်ဆင်ထားသော နားကပ်၊ ဆွဲကြိုး ၊ လက်ကောက်တို့ကို မြင်ရုံနှင့် မှတ်မိနိုင်သော စွမ်းရည် သူ့မှာ ရှိလေ၏မဟုတ်လား။

ကိုကျော်ဟိုးသည် နာမည်ကျော် အငြိမ့် လူရွှင်တော် တစ်ဦးဖြစ်သည်ကလည်း သူ စုံစမ်းရာ၌ အထောက်အကူ ဖြစ်စေ၏။ ရွှေထည်အဟောင်း ရောင်းဝယ်သူများက သူတို့ချစ်သော အနုပညာရှင် လူရွှင်တော် ကိုကျော်ဟိုးအား ကောင်းစွာ ကူညီကြသည်။

ဤသို့ဖြင့် ကိုကျော်ဟိုးသည် လမ်းစ ပျောက်နေသော လူသတ်မှု တရားခံ၏ သဲလွန်စကို ဆွဲထုတ်မိလေတော့သည်။

ကိုကျော်ဟိုး စဉ်းစားရလေပြီ။ တရားခံကို သူက ဂုတ်ဆွဲ၍ ဖမ်းပေးနိုင်ရင်တောင် ၊ သက်သေ မခိုင်လုံက ၊ တရားရုံး၌ တရားခံသည် လွတ်မြောက်သွားနိုင်သေး၏။

သူ ထိုသို့ မဖြစ်စေလို။ တရားခံအား သူ့မိန်းမ သေသလိုပဲ သေစားသေစေ ပြစ်ဒဏ်ကို ခံယူစေချင်၏။ ထို့အတွက်ကြောင့် ကိုကျော်ဟိုးသည် တရားခံ ဘယ်သူ ဘယ်ဝါဟု တိကျစွာ သိလေသော်အခါဝယ်.....။

..............

၃။

တောင်ပေါ်မြို့ငယ်လေး တစ်မြို့၏ တည်းခိုးရိပ်သာတစ်ခုဝယ်။

ဆောင်းညတစ်ည၏ လွန်ကဲသော အအေးဒဏ်ကို လူတစ်စုသည် မီးလင်းဖိုမှ အနွေးဓာတ်ကို ယူရင်း ဝီစကီခွက်ကိုယ်စီဖြင့် စကားစမြည် ပြောဆိုနေကြသည်။

ထိုသူများထဲတွင် ၊ ဤလမ်းခရီးကို အကြိမ်ကြိမ် ဖြတ်သန်းဖူးသူ တစ်ယောက်ပါသလို ၊ အာဂန္တုဧည့်သည် တစ်ချို့လည်း ပါလေ၏။

ခရီး မကြာခဏ ထွက်ရသူမှာ ကုန်သည် တစ်ဦး ဖြစ်၏။ ထိုသူက ၊

" ကျနော့် နာမည်က ဦးသောင်းအေးပါ။

အလုပ်အကိုင်ကတော့ ကုန်သည်ပါပဲ။

ဟောဒီ တည်းခိုခန်းလေး စဖွင့်တဲ့ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်း တည်းခိုဖူးသူ ဖောက်သည်တစ်ယောက်ပေါ့"

ဦးသောင်းအေးက စီးပွားရေးသမားပီပီ

သူကပဲ စတင်၍ မိတ်ဆက်စကားဆိုလေ၏။

ကျန်သူများမှာ မိမိကိုယ်ကိုယ် စတင်မိတ်ဆက်ကြလေ၏။

ခပ်ဝဝ လူကြီးတစ်ယောက်က၊

" အေးဗျာ တွေ့ရတာ ဝမ်းသာပါတယ်၊

ကျုပ်ကတော့ အငြိမ်းစား တရားသူကြီးတစ်ဦးပါ ၊ အမည်ကတော့ ဦးကောင်းဇံလို့ ခေါ်ပါတယ် "

ထိုစကားဝိုင်းထဲတွင် မှုန်တေတေ ရှိသော သူတစ်ယောက်လည်း ပါလေ၏။

ထိုလူကလည်း အရက်ခွက်ကို ကိုင်မြှောက်ရင်း ၊

" ကျနော့်နာမည်က မဏိ တဲ့။ အလုပ်ကိုင်ကတော့ ကြုံရာကျပန်းပဲဗျို့ ၊ အရင်းမစိုက်ရပဲ လှေထိုးလိုက်မယ့် အလုပ်မျိုးဆိုရင် ကျုပ်ကိုသာ ပြေးမြင်လိုက်။

ဘာမဆို ကျုပ် လုပ်ရဲတယ် "

ဤတွင် ဖြူဖြူသွယ်သွယ် လူတစ်ယောက်ထ၍ ၊

" ကျုနော်က အင်ဂျင်နီယာတစ်ဦးပါ ၊ မောင်ကောင်းထိုက်လို့ ခေါ်ပါတယ်။ လူကြီးမင်းတို့ရဲ့ အိမ်ယာများကို အကောင်းဆုံး ခေတ်အမှီဆုံး အလှပဆုံး ဖြစ်ချင်တယ်ဆိုရင် ကျနော် ကူညီပါ့မယ် "

နောက်ဆုံး ၅ယောက်မြောက် လူသည် မတ်တတ်ထရပ်ကာ ၊

" ကျနော်က သဘင် ပညာသည် တစ်ဦးပါ ၊ အခုတော့ ကျန်းမာရေးကြောင့် အနားယူထားပါတယ်။ ကျနော့်နာမည်က ကျော်ဟိုးလို့ ခေါ်ပါတယ် ။ဆရာဝန်က တောင်ပေါ်ဒေသကို သွားပြီး အနားယူပါလို့ လမ်းညွှန်ထားလို့ ခရီးထွက်လာသူပါ "

ဤသို့ဖြင့် ၎င်းတို့ ၅ ဦးသည် အချင်းချင် မိတ်ဆက်စကားဆိုကြပြီး ရောက်တတ်ရာရာ အလာပသလာပ စကားများကို အကြောင်းအရာ တစ်ခု မှ တစ်ခုသို့ ပြောင်းလဲ ပြောဆိုလာကြသည်။

နောက်ဆုံးတွင် ၎င်းတို့သည် မမြင်ရသော နာမ်လောက အကြောင်းသို့ ရောက်လာကြ၏။

သူတို့သည် သူတို့ တွေ့ကြုံရသော ပရလောက အဖြစ်ဆန်းများကို တစ်ယောက်နှင့်တစ်ယောက် သူထက်ငါ အပြိုင်အဆိုင် ပြောဆိုလာကြသည်။

ထိုအထဲတွင် ကိုကျော်ဟိုးသည် နားထောင်သူ သက်သက် ဖြစ်ပြီး ၊ တစ်ခါတစ်ရံမှာ လူရွှင်တော်ပီပီ ဝင်ရောက် အရွှန်းဖောက် ဟာသလုပ်တတ်၏။ ထိုအခါ ကျန်လူများမှာ တသောသောဖြင့် ရယ်မောကြ၏။

ကုန်သည် ဦးသောင်းအေးသည် ဧည့်ရိပ်သာ အဝင်ဝက ဧည့်ကြိုကောင်တာကို တစ်ချက်ကြည့်၍ ၊

" မန်နေဂျာတော့ အိပ်ငိုက်နေပြီ ၊ သူ အိပ်တုန်း ခင်ဗျားတို့ကို တကယ့်ဖြစ်ရပ်မှန်လေး တစ်ခု ပြောပြချင်တယ် ၊

အဲ့ဒါက ဒီဧည့်ရိပ်သာမှာ တစ္ဆေခြောက်တယ်ဆိုတဲ့ အကြောင်းပဲ "

ကျန်လူများမှာ စိတ်ဝင်တစား နားထောင်ရန် ရှိနေကြပေမယ့်၊ မဏိ ဆိုသော ဂျစ်တစ်တစ်လူမှာ သူ တည်းခိုရာ ဧည့်ရိပ်သာက တစ္ဆေခြောက်သည်ဟုဆိုတော့ ထိတ်ထိတ်ပြာပြာ ဖြစ်သွား၏။

" ဟာဗျာ ဟုတ်လို့လား ၊ တကယ်မဟုတ်ပဲနဲ့တော့ မပြောပါနဲ့လားဗျာ ၊ ကျုပ်က လူလူချင်းတော့ တယ် မကြောက်လှဘူး။ အဲ့ဒီ တစ္ဆေဆိုတာကြီးကတော့ ကျောချမ်းစရာကြီးဗျာ၊ ဘယ်အချိန် ဘယ်နေရာက ဘွားကနဲ ပေါ်လာမှန်းမသိနဲ့ "

ဦးသောင်းအေးက မျက်နှာတည်တည်ဖြင့် ၊

" ငါက လိမ်ပြောစရာလားကွယ် ၊ တကယ်ခြောက်လို့ ခြောက်တယ် ပြောတာပေါ့ ၊ အဲ့ဒီတစ္ဆေက ခေါင်းပြောင်ကြီးကွ ၊ ငါ လွန်ခဲ့တဲ့ ၅လလောက်က တစ်ခါ အခြောက်ခံရဖူးတယ်။

အပေါ်ထပ်တက်တဲ့ လှေခါးထိပ်မှာ ငါကိုယ်တိုင် မြင်ဖူးခဲ့တာ ။

ငါဆို မြင်လိုက်တော့ ကြက်သီးဖျန်းဖျန်း ထပြီး ၊ လှေခါးကနေ နောက်ပြန် ခုန်ဆင်းထွက်ပြေးလာခဲ့ရတယ် ။

မင်း မယုံရင် ဟိုမှာ အိပ်နေတဲ့ မန်နေဂျာကို နှိုးပြီး မေးကြည့် "

ဦးသောင်းအေးက သူကိုယ်တိုင် တစ္ဆေအခြောက်ခံဖူးသည်ကို သက်သေထူ၏။

မဏိသည် ဦးသောင်းအေးက တည်တံ့စွာ ပြောနေသည့်အခါ ၊ ပိုမို ထိတ်လန့်သွားပြီး ၊ ကျောမလုံသလို ခံစားလာရသည်။ ထို့ကြောင့် သူ ကျောပေးထားသော လှေကားကို မကြာခဏ လည်ပြန် ကြည့်နေမိသည်။

ဂဏှာမငြိမ် ဖြစ်နေသော မဏိ၏ ပုံသဏ္ဍာန်ကို တရားသူကြီးဟောင်း ဦးကောင်းဇံ အကဲခတ်နေပါသည်။

အပြစ်သား လူမျိုးပေါင်းစုံကို တရားစီရင်လာခဲ့သော တရားသူကြီး ဖြစ်ခဲ့ဖူးသဖြင့် ၊သူ၏ အတွေ့အကြုံအရ မဏိသည် ပြစ်မှုတစ်ခုကို ရှောင်တိမ်းလာသော လူဆိုး တစ်ဦးသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်၏။

သို့သော် ယခုအခါ၌ သူသည် အငြိမ်းစားဝန်ထမ်းတစ်ဦးသာ ဖြစ်သောကြောင့် မသိသလိုသာ နေရန် ဆုံးဖြတ်လိုက်သည်။

သရဲကြောက်တတ်သော မဏိသည် ဧည့်ရိပ်သာ သရဲအကြောင်း ဆက်ပြောနေသော ကုန်သည်ကြီး ဦးသောင်းအေးအား ဒေါသထွက်ဟန်ဖြင့် ကြည့်နေပါ၏။

သို့သော် ယောက်ကျားရင့်မာကြီးဖြစ်သော မဏိသည် ၊ သူ သရဲတစ္ဆေ ကြောက်တတ်သည်ကို အခြားသူများ ရိပ်မိ သိရှိသွားမှာကိုလည်း ရှက်ရွံနေဟန်တူ၏။ပြင်းစွာ မကန့်ကွက်ရဲပေ။

ဒါကို သိသော ကိုကျော်ဟိုးသည် ၊ မဏိအား ပိုမိုထိတ်လန့်လာစေရန် ရည်ရွယ်ချက်ဖြင့် ၊

" နေပါဦးဗျ ၊ ဦးသောင်းအေး ကြည့်ရတာ၊ အဲ့ဒီ သရဲရဲ့ နောက်ခံရာဇဝင်ကိုပါ သိနေသလိုပဲ ၊

သိရင်လည်း ကျနော်တို့ကို အစကနေ အဆုံးထိ လိပ်ပတ်လည်အောင် ပြောပြပါလား ၊ အားလုံးလည်း သိချင် နားထောင်ချင်ကြမှာပေါ့ "

ကိုကျော်ဟိုးက အခြားသူများကိုပါ သူ့ ဘက်ပါအောင် ဖိတ်ခေါ်လိုက်၏။မဏိမှလွဲ၍ အားလုံးက သိချင်ပါတယ်ဟု တညီတညာတည်း ဝန်ခံကြသည်။

မဏိသည် သရဲအကြောင်းကို ဆက်၍ နားမထောင်လိုတော့သဖြင့် ထိုနေရာမှ ထ,ဟန်ပြင်လိုက်သည်။

အနီးဆုံးမှာ ရှိနေသော ၊ ကိုကျော်ဟိုးက ၊ မဏိ၏ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ရင်း ၊

" ဟ ..ဘာလဲ ကိုယ့်လူရ ၊ အစောကြီးရှိပါသေးတယ်၊ အိပ်တော့မလို့လား ၊ နေစမ်းပါဦးလေ ၊ ဦးသောင်းအေး ပြောပြမယ့် ဧည့်ရိပ်သာ သရဲအကြောင်းကို နားထောင်စမ်းပါဦး။

ကိုယ့်လူ တစ်ယောက်တည်း အိပ်ရမှာ ပျင်းစရာကြီး ၊ မတော် အဲ့ဒီ သရဲက ကိုယ့်လူအခန်းကိုများ ကြိုပြီး ရောက်နေမလားပဲ ။ ဟဲဟဲဟဲ "

ကိုကျော်ဟိုးက သူ့မူအတိုင်း အရွှန်းဖာက်သော ဟာသစကားဖြင့် မဏိအား ထွက်မသွားစေရန် ချုပ်လိုက်သည်။

မဏိသည် သူ၏ ပင်ကိုယ်စိတ်အား တစ်ပါးသူ မသိရှိစေခြင်းကြောင့် သက်ပြင်းကို ချရင်း ပြန်ထိုင်လိုက်လေ၏။

ကုန်သည်ကြီး ဦးသောင်းအေးက ဧည့်ရိပ်သာ သရဲ၏ ရာဇဝင်ကို နှိုက်နှိုက်ချွတ်ချွတ် ဆက်၍ ပြောပြလေ၏။

အားလုံးက ဦးသောင်းအေး ပြောပြသော သရဲ၏ ရာဇဝင်၌ နစ်မြောကုန်ကြလေသည်။

...................

၄။

ဦးသောင်းအေးသည် ဝီစကီကို မော့သောက်လိုက် ၊ သရဲ၏ နောက်ကြောင်း ရာဇဝင်ကို စိတ်ဝင်စားဖွယ်ရာ ပြောပြလိုက်နှင့် ရှိလေ၏။

ကျန်သော ၄ဦးမှာ ဦးသောင်းအေး၏ သရဲဇာတ်လမ်းမှာ ငြိမ်သက် စီးမျောနေကြသည်။

" ဒီလိုဗျ ၊ အဲ့ဒီ သရဲက လူ့ဘဝတုန်းက အလွန် ဆိုးသွမ်းခဲ့သူပေါ့ ။

သူ့မိဘများက လ္ဘက်ခြံပိုင်ရှင်များဆိုတော့ ငွေကြေးချမ်းသာတယ်လေ။

ပထမတော့ အရက်သေစာ သောက်တယ်၊ လောင်းကစားလုပ်တယ်၊ မိန်းမလိုက်စားတယ် ။ နောက်တော့ အဆင့်တက်လာပြီး ဘိန်းဖြူ ပါ ထိုးလာတယ်ပေါ့။

တစ်ရက်မှာ အဲ့ဒီလူဟာ မူးယစ်ဆေးဝါးတွေ အလွန်အကျွံ သုံးစွဲပြီး ကားကို ဒလကြမ်း မောင်းသွားခဲ့တယ်။ အချိန်က ညကိုးနာရီကျော်ပြီပေါ့။

အတိုချုံးပြောရရင်တော့ဗျာ ၊

သူ့ကားနဲ့ အမျိုးသမီးလေးတစ်ဦးကို တိုက်သတ်မိသွားတယ်။ အဲ့ဒီအချိန်က သူဟာ ဆေးကြောင်နေပုံပါပဲ ။ ညဘက်ဆိုတော့ လူတွေက သတိမထားမိကြဘူး။

ကောင်မလေး သေသွားတာကို အဲ့ဒီလူ သိသွားတယ်။ လူက ထိတ်လန့်ပြီး ၊

ကောင်မလေးရဲ့အလောင်းကို ကားပေါ်တင် ၊ မြို့စွန်ကို မောင်းသွားတယ်။

ပြီးတော့ မြို့စွန်က ရေမြောင်းထဲ အလောင်းကို စွန့်ပစ်ထားခဲ့တယ်လေ။

သူ့လုပ်ရပ်ကို ဘယ်သူမှ မသိဘူးလို့ ယုံကြည်ပြီး ၊ သူဟာ အဲ့ဒီမြို့ကကနေ

ညတွင်းချင်းပဲ ထွက်လာခဲ့တယ်။

နောက်ဆုံး ဒီဧည့်ရိပ်သာကို ရောက်လာတယ် ဆိုကြပါစို့ ။ အရင်က ဧည့်ရိပ်သာ မန်နေဂျာက ပြောပြတာတော့ ၊ အဲ့ဒီ လူဟာ ဧည့်ရိပ်သာ ရောက်စကတည်းက တစုံတစ်ခုကို ကြောက်ရွံနေသလိုပဲတဲ့ ။

ကားပေါ်က ဆင်းကတည်းက မန်နေဂျာက သတိထားမိတယ် ပြောတယ်။

သူ ကားပေါ်က ဆင်းကာစမှာ တစ်ယောက်တည်း လက်တကာကာနဲ့

' နင် ငါ့နောက် လိုက်မလာနဲ့၊ သွားစမ်း သွားစမ်း၊ ငါနဲ့ ဝေးရာကို ထွက်သွားစမ်း ' လို့ ကြော်လန့်တကြား ပြောနေတယ်ဆိုပဲ ။

သူနဲ့အတူ လူတစ်ယောက် ကပ်ပါလာသလို ပြောနေတာတဲ့။

မန်နေဂျာကိုလည်း သူက အကောင်းဆုံး နဲ့ အလုံခြုံဆုံး အခန်းတစ်ခု ပေးပါလို့ ပြောသတဲ့။

အဲ့ဒါနဲ့ မန်နေဂျာက အပေါ်ထပ်က အခန်းလွတ် တစ်ခုကို သူ့ ပေးလိုက်သတဲ့။

ညဥ့်အတော် နက်တဲ့အထိ အဲ့ဒီလူ အခန်းက စကားပြောနေသံတွေ ကြားနေရပြန်သတဲ့ ။

ည ၂နာရီထိုးလောက်မှာတော့ မန်နေဂျာဟာ သူ့ ဧည့်ကြိုကောင်တာမှာ အိပ်ငိုက်နေတုန်း အပေါ်ထပ်က တဒုန်းဒုန်းနဲ့ တံခါးကို ထုရိုက်သံတွေ အရင်ကြားရသတဲ့။

' ငါ့ကို တံခါး ဖွင့်ပေးကြပါ ၊ မြန်မြန် လာဖွင့်ပေးကြပါ ၊ ဒီကောင်မ ငါ့ကို သတ်ဖို့ လာနေပြီ ၊ ငါ့လည်ပင်းကို ညှစ်နေပြီ ၊ ကယ်ကြပါဦး ' ဆိုတဲ့ အသံတွေကိုလည်း ဘေးအခန်းက ဧည့်သည်တွေ ကြားရသတဲ့။

အဲ့သလို အသံတွေ ထွက်ပေါ်လာပြီး မကြာခင်ပဲ ဧည့်ရိပ်သာရဲ့ အပြင်ဘက်ကို ဗုန်းကနဲ လူတစ်ယောက် ပြုတ်ကျသံကြီး ကြားလိုက်ရတယ်။

အဲ့ဒီလူပဲပေါ့ ။ အခန်း ပြတင်းဝကနေ အောက်ကို ဇောက်ထိုးကြီး ပြုတ်ကျတာလေ။ အောက်ရောက်တော့ ဇက်ကျိုးပြီး ပွဲချင်းပြီး သေပါရောလား ။

သူ ပြုတ်ကျပြီး မကြာခင်မှာ ဧည့်ရိပ်သာ အပြင်ဘက်က ခွေးအူသံတွေ စီနေတာဆိုတာက ကြားရတဲ့သူတွေ အတွက်တော့ ဘဝင်နှလုံး မချမ်းမြေ့စရာပါပဲတဲ့။

အဲ .. အဲ့ဒီလူ ပြုတ်ကျတော့ ဧည့်ရိပ်သာ အပြင်ဘက်မှာ လူတစ်ယောက် ရှိနေသေးတယ်ဗျ။

ဧည့်ရိပ်သာရဲ့ ညစောင့် ဒရဝမ်ပေါ့ဗျာ။ အဲ့ဒီ ဒရဝမ် ပြောတာက ပိုပြီး ထူးဆန်းတယ်ဗျ။

ပြုတ်ကျသံကြားလို့ အပေါ်ထပ်ကို သူ မော့ကြည့်လိုက်တယ်တဲ့။ အခန်းတစ်ခုက တံခါးပွင့်နေတဲ့ ပြတင်းဝအနောက်မှာ မိန်းမလိုလို မသဲမကွဲ အရိပ်တစ်ခုကို သူ အသေအချာ မြင်လိုက်ရတယ်ဆိုပဲ ။

မန်နေဂျာကတော့ မဖြစ်နိုင်ပါဘူးပေါ့။ ဒရဝမ်က အိပ်ချင်မူးတူးနဲ့ ထင်ယောင်မြင်မှား ဖြစ်တာနေမှာပါလို့ ပြောတယ်။

မန်နေဂျာ ဆက်ပြောတာက အဲ့ဒီလူရဲ့ အခန်းက အထဲကနေပဲ လော့ချလို့ ရတာတဲ့။ သူ ဖွင့်ချင်ရင် တံခါးလက်ကိုင်ဘုကို အသာလေး လှည့်လိုက်ရုံပါပဲတဲ့။

မူးယစ်ဆေး သုံးထားလို့သာ အခုလို ခပ်ကြောင်ကြောင် အပြုအမူတွေ လုပ်တာ ဖြစ်လိမ့်မယ်လို့လည်း သူ့ ထင်ကြေးကို ပြောပြတယ်။

အခန်းတံခါးက အဲ့ဒီလူ သေပြီးချိန်ထိ ပိတ်ထားတုန်းပဲ ရှိနေတယ်ဆိုပဲ။ ရဲတွေ ရောက်လာတော့ မန်နေဂျာက သော့အပို တစ်ချောင်းနဲ့ ဖွင့်ပေးရတယ်လေ။

နောက်တော့ အဲ့ဒီ သေသူရဲ့အလောင်းကို ရင်ခွဲရုံပို့ စစ်ဆေးကြည့်တဲ့အခါ မူးယစ်ဆေးဝါးတွေ သုံးစွဲထားကြောင်း သိရသတဲ့။

ရဲက အဲ့ဒီလူကို ဆေးကြောင်ပြီး အပေါ်ထပ်က ခုန်ချတာလို့ပဲ သုံးသပ်ပြီး ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှု အဖြစ် အမှုကို ပိတ်သိမ်းလိုက်ကြသတဲ့ ။

ကျန်ရစ်တဲ့ သူ့ကားက ရှေ့ပိုင်း ဘန်ပါ က တွန့်လိမ်နေတော့ ကားတိုက်ပြီး ထွက်ပြေးလာတဲ့ အမှုပါ ပေါ်သွားတော့တာပေါ့ ။

အဲ့ဒီလူ သေပြီး ၊ ဒီဧည့်ရိပ်သာကို ခဏ ယာယီ ပိတ်ထားသေးသဗျ ၊ နောက်တော့ ဧည့်ရိပ်သာကို မွမ်းမံပြင်ဆင်ပြီးမှ အသစ် ပြန်ဖွင့်တယ်။

လာတည်းတဲ့သူတိုင်းကိုတော့ သရဲက မခြောက်ပါဘူး ။ ကံနိမ့်တဲ့သူများကိုတော့ အဲ့ဒီ သရဲက ကိုယ်ထင်ပြသတဲ့။

ခေါင်းတုံးကြီး က ချုပ်ရိုးကြောင်းတွေ အထပ်ထပ်နဲ့ ။ မျက်နှာက ဖွေးဆွတ်နေတယ်ဆိုပဲ ။ ရင်ခွဲရုံမှာ ခွဲစိပ်ပြီး ပြန်ချုပ်ထားတဲ့ ပုံသဏ္ဍာန် ဖြစ်မှာပေါ့ ။

မြင်ဖူးသူတိုင်းကတော့ နောက်တစ်ခါ ဒီ ဧည့်ရိပ်သာကို လာ မတည်းကြတော့ဘူးပေါ့ "

ဦးသောင်းအေး၏ စကားဆုံးတော့ ဦးကောင်းဇံသည် တရားသူကြီးဟောင်းပီပီ မေးခွန်း ထုတ်လိုက်၏။

" နေစမ်းပါဦး ဦးသောင်းအေးရဲ့ ၊ ကျုပ် မရှင်းလို့ မေးစမ်းပါရစေဦး "

" မေးပါ ဆရာကြီး ၊ ဆရာကြီးက ဘာသိချင်တာပါလဲ "

" ခင်ဗျားက အဲ့ဒီ သရဲအကြောင်း ပြည့်ပြည့်စုံစုံ ဘာကြောင့် သိနေရတာလဲ "

" အဲ့ဒီ သရဲနဲ့ ကျနော်က တစ်မြို့တည်းသားချင်းလေ ဆရာကြီးရဲ့ ၊ ပြီးတော့ အဲ့ဒီလူရဲ့ ဘေးချင်း အခန်းကပ်လျက်က ဧည့်သည်ဟာ အခြားသူ မဟုတ်ဘူး ၊ ကျနော် ကိုယ်တိုင် ဖြစ်နေလို့ပါပဲ "

" အော် ဒါကြောင့် ဦးသောင်းအေးက ပြည့်ပြည့်စုံစုံ သိနေတာပဲကိုး "

အားလုံးသည် သိလိုရာကို သိရပြီမို့ ကျေနပ်သွာကြလေသည်။ ဦးစွာပထမ အင်ဂျင်နီယာ ကိုကောင်းထိုက်က ၊

" ကဲ ညဥ့်လည်း နက်ပြီမို့ ၊ ကျနော့်ကို ခွင့်ပြုကြပါဦး ၊ မနက်စောစော ခရီးဆက်ရမှာမို့ပါ ၊ အားလုံး ဂွတ်နိုက်ပါ "

ကိုကောင်းထိုက်သည် နုတ်ဆက်ပြီး ဧည့်ရိပ်သာ၏ မြေညီထပ် အခန်းတစ်ခုဆီသို့ ထွက်သွားလေ၏။

ကျန်လူများမှာ အပေါ်ထပ်၌ တည်းခိုကြသူများ ဖြစ်ကြ၏။

ဦးသောင်းအေးသည် လက်ကျန် ဝီစကီကို တစ်ကျိုက်တည်း မော့လိုက်ပြီး ၊

" ကဲ အားလုံးလည်း ခရီးပန်းလညကြတယ်မဟုတ်လား ၊ အိပ်ကြစို့ရဲ့ "

ဤတွင် မဏိက ဦးသောင်းအေးအား သူ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်သည်။

" အဲ့ဒီလူ သေတာ ဘယ်အခန်းလဲဗျ ၊ခင်ဗျား မှတ်မိတယ်မဟုတ်လား "

ဦးသောင်းအေးသည် ရီဝေဝေ မျက်နှာပေးဖြင့် ၊

" အခုနေ သိရတော့ရော ၊ ဘာလုပ်ရမှာမို့လဲ ကောင်လေးရာ ၊ မသိပဲ ညကို တစ်ယောက်တည်း ခံစားကြည့်ရတဲ့ အရသာကို ဘာနဲ့မှ လဲယူလို့မရဘူးလေကွယ် ၊ မင်း မသိတာ ပိုကောင်းတယ်မဟုတ်လား ဟားဟား "

ဦးသောင်းအေးသည် ထိုသို့ ပြောပြီး၊ အပေါ်ထပ်သို့ အရင်တက်သွားလေ၏။

ကျန်ရစ်သူ ၃ ဦးမှာ တစ်ဦးကိုတစ်ဦး မတိုင်ပင်ပဲ ကြည့်လိုက်မိကြသည်။

တရားသူကြီးဟောင်း ဦးကောင်းဇံက၊

" နားထောင်ကောင်းတဲ့ တစ္ဆေပုံပြင်တစ်ပုဒ်လို့ပဲ ယူဆလိုက်ပါ မောင်မဏိ ၊

ဒါဆိုရင် မင်း ရင်ထဲ ပေါ့ပါးသွားပါလိမ့်မယ် ၊ ဥပါဒါန်ဆိုတဲ့ အစွဲကြောင့် ဥပါဒ် မဖြစ်စေနဲ့ကွယ် ၊ ကဲ ဦးလေးလည်း အိပ်ချင်ပြီ ဂွတ်နိုက်ပါ "

ဦးကောင်းမြတ်လည်း အပေါ်ထပ်သို့ တက်သွားလေပြီ။ မီးလင်းဖို အနီးတွင် ကိုကျော်ဟိုး နှင့် မဏိ ဆိုသော လူငယ် ၂ဦးသာ ကျန်ခဲ့၏။

ကိုကျော်ဟိုးက စိတ်မသက်မသာဖြစ်နေသော မဏိ၏ ပခုန်းတစ်ဖက်ကို ပုတ်လိုက်ရင်း ၊

" ကိုယ့်လူ ကြောက်တတ်ရင် ၊ ကိုယ်နဲ့ အတူ လာအိပ်ပါလား ၊ ကိုယ့်အခန်းက ကျယ်ပါတယ် "

အစပထမတော့ ကိုကျော်ဟိုး၏ စကားကို မဏိ သဘောတူသယောင် ရှိသွားပုံရ၏။ မျက်နှာက ဝင်းပသွား၏။

သို့သော် မဏိ ဘာကို တွေးလိုက်မိသည် မသိ။ သူစိမ်းတစ်ယောက် နှင့် အတူ ညအိပ်ရန် သူ့အတွက် မလွယ်ကူသော အကြောင်းတစ်ခု ရှိနေဟန်တူသည်။

" နေပါစေဗျာ ၊ ကျုပ်က မကြောက်တတ်ပါဘူး ။ ပြီးတော့ ဟိုလူကြီး မူးမူးနဲ့ ပြောသွားတဲ့ စကားတွေလည်း မယုံကြည်ပါဘူးဗျ ၊ ကိုယ့်အခန်း ကိုယ်ပဲ အိပ်ပါတော့မယ် "

" ကောင်းပြီလေ ၊ ဒါဖြင့် အပေါ်ကို တက်ကြစို့ရဲ့ "

သို့ဖြင့် သူတို့ ၂ယောက်လည်း အပေါ်ထပ်သို့ အတူတက်ခဲ့ကြသည်။ လှေကားပေါ်တွင် ကိုကျော်ဟိုးက မဏိအား စကားတစ်ခွန်း ပြောလိုက်သည်။

" မူးယစ်ဆေးစွဲတဲ့သူ သေရတာက ၊ သရဲမကြောင့် ဖြစ်မှာဗျနော် ၊ ဘာလို့လဲဆိုတော့ ကားတိုက်ခံရလို့ ပွဲချင်းပြီး သေသွားတဲ့ ကောင်မလေးက သရဲမ ဖြစ်ပြီး လာ ကလဲ့စားချေတာပဲ ဖြစ်မယ် "

" ဗျာ အော် အင်း ဟုတ်မှာပေါ့ "

" အဲ့ဒီလို မတရားခံခဲ့ပြီး သေသွားရင် ၊ အတော်နဲ့ မကျွတ်ဘူးတဲ့ဗျ။ အငြိုးကြီးတဲ့ သရဲအဖြစ် သူတို့ကို သတ်သွားတဲ့သူကို ပြန်ကလဲ့စားချေတတ်သတဲ့ "

" ဟာဗျာ ၊ အဲ့တာတွေက ရှေးရိုးစွဲ ယုံတမ်းစကားတွေပါ ၊ သရဲ တစ္ဆေဆိုတာ တကယ် မရှိပါဘူး ၊ အလကား ပေါကြောင်ကြောင် အယူအဆတွေပါ "

" အင်းပေါ့လေ ကိုယ့်ညီက ငယ်သေးတော့ ဒါတွေ ဘယ် အယုံအကြည် ရှိပါ့မလဲ၊ ကိုယ်က ဒေသအမျိုးမျိုးကို အငြိမ့်ကခဲ့ဖူးတော့ သရဲတစ္ဆေ တကယ်ရှိတာကို ယုံတယ် ၊ သူတို့ က လူကို သတ်ပစ်နိုင်တဲ့အထိ ကမ္မဇိဒ္ဓိ တန်ခိုး ရှိကြသတဲ့။ ကိုယ်ထင်တာကလေ ၊ ဧည့်ရိပ်သာ သရဲကို ဟိုကားတိုက်ခံရတဲ့ကောင်မလေးရဲ့ ဝိဉာဉ်က ဂုတ်ချိုးသတ်ခဲ့တာလို့ ထင်တာပဲ "

" ဟာဗျာ တော်ပါတော့ ၊ အဲ့ဒီ သရဲမအကြောင်း ဆက်မပြောပါနဲ့တော့ ၊ အိပ်ယာဝင်ခါနီး အဲ့ဒါတွေ ထပ်မကြားချင်တော့ဘူး "

မဏိသည် ကိုကျော်ဟိုးအား ထိုသို့ ပြောပြီး ခပ်သုတ်သုတ်ဖြင့် သူ၏ အခန်းရှိရာသို့ သွားနှင့်လိုက်သည်။

ကိုကျော်ဟိုးသည် သူ့အား ကျောခိုင်း ထွက်သွားသော မဏိ၏ နောက်ကျောကို ကြည့်၍ မထီတရီ ပြုံးလိုက်လေ၏။

ကိုကျော်ဟိုး၏ အတွင်းစိတ်မှ မဏိအား ကြုံးဝါးနေသည်ကို ဘယ်သူကမှ မသိလိုက်ကြချေ။

" မင်း ဘယ်လိုမှ အိပ်ပျော်မှာ မဟုတ်ဘူး လူယုတ်မာကောင်။

ဘာလို့လဲဆိုတော့ ငါက မင်းရဲ့စိတ်ကို စကားလုံးတွေနဲ့ အဆိပ်ခတ်ထားခဲ့လို့ပဲပေါ့ ၊

ဒီညဟာ မင်းအတွက် နောက်ဆုံးည ဖြစ်ရစေမယ် လူယုတ်မာရေ "

...................

၅ ။

မဏိ သည် ကိုကျော်ဟိုးနှင့် လမ်းခွဲခဲ့ပြီး အိပ်ယာ တန်းဝင်ခဲ့ပေမယ့် ၊ အတော်နှင့် အိပ်မပျော်နိုင်။

ကိုကျော်ဟိုး ပြောသော သရဲမအကြောင်းကို တစိမ့်စိမ့်တွေး ၍ ထိုသရဲမကို စိတ်ကူးဖြင့် ပုံဖော် မြင်ယောင်နေ၏။

ပြီးတော့ သူ ကျုးလွန်ခဲ့သော ပြစ်မှုဟောင်းတစ်ခုအတွက်လည်း စိုးရိမ်နေမိသည်။ သူ့အတွေးက အတိတ်တစ်ခုဆီသို့ ပျံ့လွင့်သွားခဲ့သည်။

" လိုချင်တာ ယူသွားပါရှင် ၊ အသက်ကိုတော့ ချမ်းသာပေးပါ "

ကိုယ်လုံး အဆစ်အပေါက် လှပသော မိန်းမတစ်ယောက်၏ တောင်းပန်သံ။

မဏိ ကြောက်လန့်နေသော ၊ ညဝတ်အင်္ကျီ ပါးပါးအောက်မှ သူမ၏ သူမ၏ အလှတရားများကို ကြည့်၍ စိတ်ဖောက်ပြန်လာ၏။

ထိုမိန်းမကို မအော်ဟစ်နိုင်စိမ့်ငှာ ပါးစပ်ပေါက်ကို အဝတ်ဖြင့် ပတ်ထားလိုက်၏။

တဝူးဝူး တဝါးဝါး နှင့် ထိုမိန်းမ ပါးစပ်က တောင်းပန်နေသော အသံ၊

" မတော်ပါဘူးရှင် ၊ ကျမက ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ပါ ၊ ရှိကြီးခိုးပါရဲ့ ၊ ပစ္စည်း ယူပြီး ပြန်ပါ ၊ ကျမ ရဲကို မတိုင်ပါဘူးလို့ ကတိပေးပါတယ်ရှင် "

ထိုမိန်းမ အတန်တန် ငြင်းဆန် တောင်းပန်နေသည့်အကြားက သူ ယုတ်မာခဲ့သည်။

ထို့နောက် သူ ဆုံးဖြတ်လိုက်၏။ သူ၏ မျက်နှာကို မြင်သွားသော ထိုမိန်းမကို အဆုံးသတ်ရန်ပဲ ဖြစ်၏။

ပထမ ထိုမိန်းမကို လည်ပင်းညှစ်၏။

သူ၏ လက်တွင် ပျော့ခွေ သွားသော ထိုမိန်းမကို သေပြီဟု မယုံကြည်သေး၍ ပါလာသည့် ဓားဖြင့် ဝမ်းဗိုက်အား ၃ချက်မျှ ဆင့်ထိုး ပစ်လိုက်၏။

စိတ်ချရပြီဟု ယူဆရသောအခါ၊ ထိုနေရာမှ သူ တိတ်တဆိတ် ခြေရာဖျောက်ခဲ့ခြင်း ဖြစ်သည်။

ယခု အချိန်ထိ သူသည် ရှောင်တိမ်းနေဆဲ ဖြစ်ပြီး၊ ယနေ့ညကျမှ သရဲအကြောင်း နားထောင်မိ၍ ပြန်လည် မြင်ယောင် နေခြင်း ဖြစ်သည်။

တစ်ခါ တစ်ခါ ဆွဲဆွဲငင်ငင် အူဟစ်လိုက်သော အပြင်ဘက်က ခွေးအူသံသည် သူ့ ရင်ကို ဗြောင်းဆန်သွားစေ၏။

စိုးရိမ်သောကများပါသော အတွေးသည် လူကို ညှိုးရော်ပင်ပန်းစေ၏။ ထိလန့်မှုကြောင့် မဏိ အိပ်မပျော်နိုင်။

ည တစ်နာရီပင် ထိုးပြီ ဖြစ်သည်။ လူမိုက်ပီပီ ဆုံးဖြတ်လိုက်သည်။ အရက်ကို မူးအောင် သောက်ပြီး အိပ်မည်ဟုပင်။

အခန်းထဲက ရေခဲသေတ္တာငယ်ထဲကို ဖွင့်ကြည့်၏။ ရေသန့်ဘူးမှလွဲ၍ ဘာမျှ မရှိချေ။

ထို့ကြောင့် အရက် ရနိုင်သော အောက်ထပ်သို့ ဆင်းသွားရန် ဆုံးဖြတ်သည်။

သူ၏ အခန်းသည် လှေကားထိပ်မှ စရေသော် ၄ခန်းမြောက် ဖြစ်၏။ လှေကားထိပ်သို့ ရောက်ရန် ပေ၃၀ကျော်ခန့် လျှောက်ရလိမ့်မည် ဖြစ်သည်။

အခန်းအပြင်ထွက်၍ ကြည့်လိုက်၏။

လူသွားစင်္ကြန်သည် တိတ်ဆိတ်ငြိမ်သက်နေသလို မျက်နှာကျက်က မီးရောင်ကြောင့် ရှင်းလင်း ပြတ်သားစွာ မြင်နေရသည်။

စင်္ကြန်လမ်းကို ကတ္တီပါ ခင်းထား၏။ စင်္ကြန်လမ်းပေါ် အမှိုက်မချစေရန်၊ ထိုလမ်းပေါ်၌ အဖုံးပါ အမှိုက်ပုံး ၂ခု ချထားသည်။

မဏိ စင်္ကြန်လမ်းထိပ်ရှိ လှေကားသို့ ခပ်သုတ်သုတ်လေး လှမ်းသွား၏။

လှေကားထိပ် ရောက်သည့်အခါ သူ့အား တစုံတစ်ယောက်က ချောင်းမြောင်း ကြည့်ရှု့နေသည်ဟု စိတ်ဝယ် ခံစားလာရ၍ နောက်သို့ ပြန်လှည့်ကြည့်မိသည်။

စင်္ကြန်လမ်း မျက်နှာကျက်မီးသည် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေ၏။ သူ၏ အမြင် အာရုံသည်လည်း လင်းလာလိုက် မှောင်သွားလိုက် ဖြစ်သွား၏။

စင်္ကြန်လမ်း၏ ဟိုတစ်ဖက်ထိပ်တွင် မိန်းမသဏ္ဍာန် ခပ်မည်းမည်းကြီး မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ဝိုးတဝါး မြင်နေရသော ထိုမိန်းမသည် သူ့ အား ခေါင်းကြီးစောင်းလိမ်ကာ စိုက်ကြည့်နေသည်။

သူ ကြောက်ရွံ ထိတ်လန့်လာ၍ ခပ်မြန်မြန်ပဲ လှေကားမှ အောက်သို့ ဆင်းလာခဲ့သည်။ ဘားခန်းထဲ ဝင်၍ ဝီစကီ နှစ်ပက် ကို မှာယူကာ ရေမရောပဲ တစ်ခါတည်း မော့ချလိုက်၏။

ဝမ်းထဲ ပူဆင်းသွားပြီး သွေးတို့ နွေးလာသည်။ ဘားကောင်တာက ကောင်လေးမှာ ဟန်းဖုန်းဖြင့် ဂိမ်းဆော့နေ၏။ ထို့ကြောင့် မဏိက၊

" ကောင်လေး .. မင်းတို့ ဧည့်ရိပ်သာ တစ္ဆေခြောက်လား "

ကောင်လေးက သူ့ဘက်သို့ လှည့်လာပြီး ကြောင်အမ်းအမ်းဖြင့် ကြည့်ကာ၊

" ဘာဖြစ်လို့လဲ အစ်ကို ၊ အခု အစ်ကို တစ္ဆေခြောက်တာ ခံရလို့လား "

မဏိ ခုနက သူ မြင်ခဲ့ရသော မိန်းမတစ်ယောက်၏ သဏ္ဍာန်ကို ပြောပြရ ကောင်းနိုးနိုး စဉ်းစား၏။ ထို့နောက် မပြောတော့ပဲ ၊

" ငါ မေးတာသာ ဖြေစမ်းပါကွာ "

" ပြီးခဲ့တဲ့ ၃လ လောက်ကတော့ ရန်ကုန်က လာတည်းတဲ့ ဧည့်သည်လင်မယား နစ်ယောက် တစ္ဆေခြောက်တယ်လို့ ပြောပြီး အခန်းကို ညတွင်းချင်း ပြန်အပ်ပြီး ထွက်သွားကြတာပဲ "

" သူတို့ တည်းတာ ဘယ်အထပ်လဲ ၊ အခန်းနံပါတ်ရော မင်း သိလား "

" အပေါ်ထပ် အစ်ကို ၊ အခန်းနံပါတ်က B. 2002 "

" ဟေ! အဲ့ဒါ ငါ အခု တည်းနေတဲ့ အခန်းပါလား "

ကောင်လေးက စဉ်းစားသလို လုပ်ပြီး၊

ဆက်ပြော၏။

" ဆံပင်ဖားလျား ချထားတဲ့ မိန်းမတစ်ယောက်တဲ့ဗျ ။ လည်ပင်းက ကျိုးပြီး စောင်းနေသတဲ့ ၊ ပြီးတော့ ဗိုက်မှာလည်း အူတွေထွက်ကျနေတယ်ဆိုပဲ ၊ ကြောက်စရာကြီးနေမှာ "

မဏိ ဆက်မမေးရဲတော့ချေ။ ဝီစကီ ၂ပက် ထပ်မှာ၍ ခုနလိုပဲ ရေမကူပဲ မော့ချ ပြန်၏။ ကောင်လေးက အစ်ကို များမယ်နော်ဟု သတိပေး၏။

ဒါပေမယ့် မဏိ က ဝီစကီ ၄ပက်ပြား တစ်ပြားကို ထပ်မှာယူကာ အခန်းရှိရာသို့ ပြန်တက်လာခဲ့၏။

အရက်ဝင်သွားတော့ ကြောက်စိတ် အနည်းငယ် ပြေလျော့သွားသည်။ သူ စိတ်ကို တင်း၍ ပြန်လာခဲ့ခြင်း ဖြစ်သည်။

လှေကားထိပ် အထိ ဘာမှ မဖြစ်သေး။

စင်္ကြန်လမ်းကို ရောက်တော့မှ ၊ မျက်နှာကြက်မှာ တပ်ဆင်ထားသော မီးလုံး အချို့ မလင်းတော့သည်ကို သတိထား မိသွားသည်။

လှေကားထိပ် မျက်နှာကျက်က မီးလုံး တစ်လုံးသာ လင်းတော့သည်။ စင်္ကြန်လမ်းသည် အလင်းရောင် ခပ်ဖျော့ဖျော့သာ ရှိတော့သည်။

မဏိ အခန်းရှိရာသို့ လျှောက်လာသည်။ ထိုအခိုက် လှိုဏ်သံပါသော မိန်းမတစ်ယောက်၏ ငိုရှိုက်သံက သူ နားထဲသို့ ခပ်သဲ့သဲ့လေး တိုးဝင်လာ၏။

သူ အနောက်သို့ ပြန်လှည့်ကြည့်သည်။ခုနက ကြားရသော အသံသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

စင်္ကြန်လမ်းတွင် တစ်ဦးတစ်ယောက်မျှ ရှိမနေချေ။

အမှိုက်ပုံး တစ်ခုသာ တွေ့ရ၏။

သို့ဖြင့် နီးလာပြီ ဖြစ်သော သူ့အခန်းသို့ ဆက်လျှောက်သွားလိုက်သည်။

ထိုအခါ သူ၏ အနောက်က လူတစ်ယောက် ကပ်ပါလာသကဲ့သို့သော ခြေသံ တရှပ်ရှပ် မြည်သံကို ကြားရပြန်၏။

ခုနလိုပဲ လှည့်ကြည့်သည်။ ခြေသံသည် ထပ်မံထွက်ပေါ်နေဆဲ ၊ မရပ်တန့်သေးပေ ။ အသံသည် လိုဏ်သံပါနေ၏။

အမှိုက်ပုံး အနီးက ထွက်ပေါ်နေခြင်း ဖြစ်သည်။

မဏိ ခါးကြားက ဓားမြောင်ကို ထုတ်ယူလိုက်ပြီး ၊ အမှိုက်ပုံး ရှိရာသို့ တစ်ခါ ပြန်သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူ သတိကြီးကြီးထား၍ ထို အမှိုက်ပုံးလေး အနီးသို့ တိုးကပ်သွားလိုက်သည် ။

အမှိုက်ပုံး၏ အဖုံးကို ဖွင့်ရန် လက်တစ်ဖက်ကို ဓားကို ကိုင်မြောက်ထားပြီး ကျန်လက်တစ်ဖက်က လှမ်းလိုက်စဉ်၊

" တောင်းပန်ပါတယ်ရှင် ၊ ကျမကို မသတ်ပါနဲ့နော် ၊ ရှိကြီးခိုးပါရဲ့ "

မဏိ လှမ်းနေသော လက်ကို ချက်ချင်း ပြန်ရုတ်၍ နောက်သို့ ခြေ၃လှမ်းမျှပင် အတင်းဆုတ်ခွာသွားမိ၏။

ဒီအသံကို သူ မမှတ်မိပဲလားလေ။ သူ ယုတ်မာ ရက်စက်ခဲ့သော မိန်းမ၏ တောင်းပန်နေသော အသံပင်။

သူ ကျောပေးရာ စင်္ကြန် လမ်းအဆုံးကလည်း တိုက်ဆိုင်စွာပင် အသံ ထွက်ပေါ်လာပြန်၏။

" လူ ယုတ် မာ "

မဏိ ကြောက်လန့်တကြား နောက်သို့ လှည့်ကြည့်လိုက်သည်။

စင်္ကြန်လမ်းဆုံးတွင် သူအား မုန်းတီးနာကြည်းစွာ စိုက်ကြည့်နေသော ဇက်လိမ်နေသည့် မိန်းမတစ်ယောက်။

ပြီးတော့ ထိုမိန်းမ၏ ဗိုက်တွင် အနီရောင် သွေးခြောက်များ ။

ဆံပင် က ဖားလျားချထားပြီး မျက်နှာက ဖွေးစုပ်နေ၏။

သူ ရှေ့ကို ဓားဖြင့် ဝှေ့ရမ်းရင်းက ၊ ထိတ်လန့်စွာ အော်လိုက်မိသည်။

" နင် နင် ရှေ့တိုး မလာနဲ့နော် "

သူက ထိုသို့ ပြောလေမှ ထိုမိန်းမသည် လက်သည်း ရှည်ကြီးများပါသော လက်နှစ်ဖက်ကို ရှေ့ဆန့်တန်းကာ သူ့ထံ တရွေ့ရွေ့တိုးလာ၏။

မဏိ ကြောက်ရွံစွာ နောက်ဆုတ် နောက်ဆုတ်ဖြင့် ၊

" နင့်ကို ငါ သတ်ပြီးပြီးလေ ၊ နင်က သေ ပြီးသားပဲ ၊ သွား သွား ငါ့နောက်ကို လိုက်မလာနဲ့ ၊ ထွက်သွား "

" ဟင်းဟင်းဟင်း "

သရဲမထံမှ မပီဝိုတဝါး လှောင်ရယ်သံနဲ့အတူ ၊

" ငါ့ကို အဓမ္မ ပြုကျင့် စော်ကားပြီး ရက်ရက်စက်စက် သတ်သွားတဲ့ လူယုတ်မာကောင် ၊ ဒီတစ်ခါ နင့်အလှည့်ပဲ"

သရဲမသည် သူ၏ အနီးသို့ ပိုမို တိုးကပ်လာပါ၏။ မဏိ ခြေလှမ်းများက နောက်ပြန် ဆုတ်ခွာလာရင်း လှေကားထိပ်သို့ ရောက်လာသည်။

မဏိ၏ ဓားကိုင်လက်သည် အသိစိတ်မဲ့စွာ ဝှေ့ရမ်းနေဆဲပင်။ သရဲမသည် မဏိ လှေကားထိပ်ကို ရောက်သည်နှင့် တပြိုင်နက် ရဲဝံ့စွာ မဏိ၏ လည်ပင်းကို ညှစ်သတ်ရန် ဇွတ်အတင်း တိုးဝင်လာတော့သည်။

မဏိကား ဓားကိုသာ ကိုင်ရမ်းနေပေမယ့် ကြောက်ရွံစိတ်က ငယ်ထိပ်သို့ ရောက်နေပြီ ဖြစ်၏။ ထို့ကြောင့် သရဲမ လက်မှ လွတ်မြောက်ရန် မဆင်မခြင် နောက်သို့ ဆုတ်လိုက်မိသည်။

ထိုအခါ မဏိ၏ ခြေသည် လှေကားထစ်ကို မနင်းမိပဲ အောက်သို့ ချော်ချသွားတော့လေ၏။

မဏိ လှေကားထိပ်မှ အောက်သို့ ဒလိမ့် ခေါက်ခွေ ပြုတ်ကျသွားတော့သည်။

" ဒုန်း ဒုန်း ဒုန်း "

မဏိ အောက်ခြေ ကြမ်းပြင်သို့တိုင် ပြုတ်ကျသွားပြီ ဖြစ်၏။

ကံဆိုးသော မဏိသည် ကြမ်းပြင် ရောက်သည့်အခါ သူ၏ ဓားက သူ၏ ဝမ်းဗိုက်ထဲသို့ တစ်ဆုံး နစ်ဝင်နေပြီ ဖြစ်သည်။

ဆန့်ငင် ဆန့်ငင် ဖြင့် အသက်ငင်နေသော မဏိသည် လှေကားထိပ်ကို နောက်ဆုံး အနေဖြင့် မော့ကြည့်လိုက်သည်။

သူ ယုတ်မာခဲသော ၊ ရက်စက်ခဲ့သော ထိုမိန်းမသည် လှေကားထိပ်မှာ မားမားကြီးရပ်လျက် ကျေနပ်စွာ ကြည့်နေသည်ကို နောက်ဆုံး မြင်တွေ့လိုက်ရသည်။

..................

၆။

ကိုကျော်ဟိုးသည် အငြိမ့်ထဲတွင် သုံးသော ဆံပင်တု ၊ မိတ်ကပ်ဘူး ၊ သွေးတုပုလင်းတို့ကို အသေချာ သိမ်းဆည်းလိုက်သည်။ ပြီးနောက် သူ၏ စားပွဲပေါ်က ဘလူးတု ဆောင်းဘောက်သေးသေးလေးကို ကြည့်၍ ပြုံးလိုက်သည်။

ထိုဆောင်းဘောက်လေးကို သူ မနေ့ညက စင်္ကြန်လမ်း မှာ ရှိသော အဖုံးပါသည့် ပလပ်စတစ်ဖြင့် ပြုလုပ်ထားသော အမှိုက်ပုံးထဲမှ ပြန်ယူလာခဲ့ခြင်း ဖြစ်သည်။

သူ ထို ဧည့်ရိပ်သာမှ ပြန်တော့မည် ဖြစ်သည်။ မပြန်ခင် ဘားကောင်တာက ဂိမ်း အရမ်းဆော့သော ကောင်လေးကို မုန့်ဘိုး ကောင်းကောင်း ပေးရဦးမည်။

ဘာဖြစ်လို့လဲဆိုတော့ ထိုကောင်လေးကို ကိုကျော်ဟိုးမှ ကြိုတင် တိုင်ပင်ထားခဲ့၏။

မဏိ အရက်လာသောက်သည့်အခါ သရဲမ ဇာတ်လမ်းတစ်ပုဒ်အား သူ သင်ထားပေးသည့်အတိုင်း လုပ်ကြံ ပြောခဲ့စေခြင်းကြောင့်ဖြစ်သည်။

အခန်းကို ပြန်အပ်ပြီး ကိုကျော်ဟိုး အပြင်သို့ ထွက်လာခဲ့သည်။

ကိုကျော်ဟိုးသည် နှစ်ခြိုက်စွာ ပြုံးရင်း တိုးဖွဖွလေး ရေရွတ်လိုက်ပါ၏။

" ခင်လေးရေ ကိုယ် မင်းအတွက် ကောင်းကောင်းကြီး လက်စားချေခဲ့ပြီးပါပြီနော် ၊ အခု ကိုယ် ခင်လေးကို ကတိပေးထားတဲ့အတိုင်း ခင်လေးဆီ လာခဲ့တော့မယ်နော် ၊ ခင်လေး အထီးမကျန်စေရတော့ပါဘူး ၊ ကိုယ်လည်း ခင်လေးနဲ့ အတူရှိနေတော့မှာပါကွယ် ၊ ကိုယ့်ကို ဆက်ဆက်စောင့်နေပါတော့ ခင်လေးရယ် ..."

ကိုကျော်ဟိုး သည် ဧည့်ရိပ်သာမှ တရွေ့ရွေ့ ထွက်ခွာသွားလေပြီ။

များမကြာမီ ရက်ပိုင်းအတွင်း နိုင်ငံပိုင် သတင်းစာများမှာ ဝမ်းနည်းစရာ သတင်း တစ်ပုဒ် တက်လာခဲ့လေ၏။

ထိုသတင်းကတော့ ပြည်သူ့အချစ်တော် လူရွှင်တော် ကိုကျော်ဟိုး တစ်ယောက် ဥယျာဉ်ကုန်း ကွက်သစ်ရှိ နေအိမ်၌ ကြိုးဆွဲချ၍ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ကာ သေဆုံးသွားသည့် သတင်းပင် ဖြစ်လေသတည်း။

( ပြီးပါပြီ )

#PePe

ပီပီ(မန္တလေး)

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..