ဆရာဝန်မလေးသင်ဇာနှင့် မိစ္ဆာဘီလူးကြီးဒါရု (အပိုင်း ၁)
lotaya.mpt.com.mm
|
2020-12-15

‘ဆရာမ ဘယ်လိုထင်လဲဗျ။’

သင်ဇာ အလောင်းကောင်ကြီး၏ ဦးရေပြားကို ဆွဲလှန်လိုက်သည်။ ဒုရဲအုပ် မင်းသိုက် ရင်ထဲတွင် ပျို့တက်လာ၏။ သူ့နောက်မှ ရဲတပ်သားမှာမူ မကြည့်ရဲသဖြင့် မျက်နှာကို လွှဲလိုက်ရသည်။ အလောင်းကောင်၏ ဦးရေပြားအောက်တွင် ဦးခေါင်းခွံအရိုးမှာ ဟောင်းလောင်းပေါက်ကြီးပွင့်နေ၏။ အထဲတွင် ဦးနှောက်မရှိတော့။ သူမ ခွဲစိတ်ဓားနှင့် အခေါင်းပေါက်ထဲကို ထည့်ကာခြစ်ကြည့်သည်။

ဂျိ… ဂျိ… ဂျိ…။

မင်းသိုက်နှင့် တပည့်ဖြစ်သူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။ နှစ်ယောက်စလုံး၏ မျက်နှာများမှာ မဲ့ရှုံ့နေကြလေသည်။

‘ဦးခေါင်းခွံကို လွှနဲ့တိုက်ဖွင့်ထားတဲ့ပုံပဲ။ အထဲမှာ ဦးနှောက်တစ်ခုလုံးမရှိတော့ဘူး။’

‘ဒါ..ဒါဆို ဦးနှောက်က ဘယ်ရောက်သွားတာလဲဆရာမ။’ မင်းသိုက် အထစ်ထစ်အငေါ့ငေါ့မေးမိသည်။ သူ့ခေါင်းထဲတွင်လည်း ဦးနှောက်မရှိတော့သလို ခံစားနေရလေသည်။

‘အဲဒါတော့ ကျွန်မလည်း မပြောတတ်ဘူး။ တစ်ယောက်ယောက် ထုတ်ယူသွားတဲ့ပုံပဲ။ အခင်းဖြစ်တဲ့နေရာမှာ တခြားဘာတွေတွေ့သေးလဲ။’

‘အခင်းဖြစ်တဲ့နေရာလို့တော့ မပြောနိုင်ဘူးဆရာမ။ ကျွန်တော်တို့က လူနာအလောင်းကို အဝေးပြေးလမ်းမဘေးမှာ တွေ့ခဲ့တာ။ တခြားတနေရာမှာ သတ်ပြီးမှ လာပစ်သွားတဲ့ပုံမျိုးပဲ။ အနီးအနားမှာတော့ တခြား ဘာမှမတွေ့မိဘူး။ မနက်က မိုးကလည်း သည်းနေတာနဲ့ ခြေရာတွေလည်း အကုန်ပျောက်ကုန်တယ် ဆရာမ။’

‘သေဆုံးသူက ဘယ်သူလဲရောသိကြလား။’

သင်ဇာ အလောင်း၏ ဦးခေါင်းခွံကို ပြန်ဖုံးပေးရင်းမေးလိုက်သည်။

‘သြော် ဆရာမက ဒီမြို့ကို ရောက်ခါစမို့ မသိတာထင်ပါတယ်။ ဒါ ကျွန်တော်တို့မြို့ရဲ့ စာကြည့်တိုက်မှူး ဦးထွန်းငွေပဲဗျာ။ စာအရမ်းဖတ်ပြီး အကြားအမြင် သိပ်များတဲ့လူပါ။’

‘ဆရာပြောတာဟုတ်တယ်ဆရာမ…။ ဦးထွန်းငွေက ကျွန်တော်တို့မြို့မှာ ဦးနှောက် အကောင်းဆုံး … အဲ…။’

ရဲသားညီညီ သူ့စကားနှင့် လက်တွေ့အဖြစ် ကမောက်ကမဆန်စွာတိုက်ဆိုင်လွန်းနေပုံကြောင့် ရှေ့ဘာဆက်ပြောရမှန်းမသိဖြစ်သွားလေသည်။ သင်ဇာ မင်းသိုက်တို့ဘက်ကို လှည့်လိုက်သည်။ သူမ၏ ရင်ဖုံး ပလတ်စတစ်စပေါ်တွင် သွေးစက်များပေကျံနေ၏။ ခေါင်းနောက်တွင် စုစည်းထားသော ဆံပင်များကြားမှ ဆံနွယ်တချို့က မျက်နှာပေါ် ကပိုကယို ဝဲကျနေသည်။ မပြင်မဆင်နေသော်လည်း သူမ၏အလှက ဆွဲဆောင်မှုအားကောင်းနေလေသည်။ မင်းသိုက် သူမ၏ ဆံပင်များကို အသာသိမ်းပြီး မျက်နှာပေါ်မှ ဖယ်ရှားပေးချင်စိတ်များပေါ်လာခဲ့သည်။ အသက်သုံးဆယ်နီးသည်အထိ ရင်မခုန်ခဲ့ဖူးသော လူပျိုကြီးမင်းသိုက်တစ်ယောက် ဆရာဝန်မ ပေါက်စလေးနှင့်တွေ့မှ လူပျိုလေးတစ်ယောက်ပမာ ခြေဖျားလက်ဖျားတွေ အေးစက်နေမိသည်။

‘ကျွန်မ စိတ်မကောင်းပါဘူးရှင်။’

‘မပူပါနဲ့ဆရာမ။ ကျွန်တော်တို့ လူသတ်သမားကို အမြန်ဆုံး အမိဖမ်းပေးပါ့မယ်။ ဆရာမလည်း ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ကျွန်တော်တို့မြို့လေးက အေးချမ်းလုံခြုံပါတယ်။ တစ်ခုခုဆိုလည်း ကျွန်တော့်ဆီ ဖုန်းဆက်လို့ရပါတယ်။’

တပည့်ဖြစ်သူ မျက်နှာပြုံးစိစိနှင့် သူ့ဆရာကို လှည့်ကြည့်မိသည်။ မင်းသိုက် မသိချင်ယောင်ဆောင်ပြီး သူ့အိတ်ထဲရှိ မှတ်စုစာအုပ်ထဲမှ စာတစ်ရွက်ကို ဆုတ်ကာ ဖုန်းနံပါတ်ရေးပေးလိုက်၏။

‘ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မလည်း အခုမှ ဒီမြို့လေးကို ရောက်ကာစဆိုတော့ စခန်းမှူးတို့ပဲ အားကိုးစရာရှိပါတယ်။’

‘စခန်းမှူးတွေဘာတွေ လုပ်မနေပါနဲ့ ဆရာမရယ်။ ကျွန်တော့်ကို မင်းသိုက်လို့ပဲခေါ်ပါ…။’

‘အဟမ်း…။’

ညီညီ ဘေးမှ ချောင်းဟန့်လျှင် မင်းသိုက် မျက်စောင်းထိုးလိုက်သည်။

‘ဟုတ်ကဲ့ပါကိုမင်းသိုက်။ ကျွန်မကိုလည်း သင်ဇာလို့ပဲ ခေါ်လို့ရပါတယ်။’

‘ဟုတ်ကဲ့ခင်ဗျ။ ဆရာမ.. အဲ မသင်ဇာ လုပ်စရာရှိတာ လုပ်လို့ရအောင် ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ ကျွန်တော်တို့လည်း စခန်းပြန်ပြီး ဒီအမှုအမြန်ဆုံးပေါ်အောင် ကြိုးစားရပါဦးမယ်။’

‘ဟုတ် ကိုမင်းသိုက်။ အလောင်းကတော့ ဆေးရုံမှာပဲ ထားခဲ့ပါ။ ကျွန်မ မှုခင်းသတင်းပို့ချက် ဒီနေ့ပဲ ပြီးအောင် ရေးပေးပါ့မယ်။’

မင်းသိုက်တို့ ပြန်သွားလျှင် ဆေးရုံ အလောင်းခွဲခန်းထဲတွင် သင်ဇာနှင့် အလောင်းကြီးတို့သာ ကျန်ရစ်ခဲ့သည်။ သူမ မထူးဆန်းသလိုပင် သံကုတင်ဘေးတွင် ခွေးခြေကို ဆွဲကာထိုင်ပြီး အလောင်း၏ ဦးရေပြားကို စချုပ်လေသည်။ မျက်နှာကျက်မီးချောင်းကြောင့် အခန်းအလယ်တွင် မီးလင်းနေသော်လည်း အခန်း၏ ထောင့်များမှာ အရိပ်ကျပြီး မှောင်နေသည်။ ဦးရေပြားကို ကျွမ်းကျင်စွာ ချုပ်နေရင်းမှ သူမ၏ မျက်လုံးထောင့်ထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သင်ဇာ နောက်သို့ လှည့်ကြည့်မိသည်။ သူမ၏ မျက်လုံးများက အခန်းထောင့်ရှိ အမှောင်ကျနေသော နေရာဆီသို့ရောက်သွား၏။ အရိပ်ထဲမှ တစ်စုံတရာက သူမကို စိုက်ကြည့်နေသလို ခံစားနေရသည်။ သူမ အလောင်းကြီးကို ကျောခိုင်းပြီး အခန်းထောင့်ကို မျက်နှာမူလိုက်သည်။ အခန်းနံရံတစ်ဘက်သို့ တဖြည်းဖြည်း သူမ ရွှေ့သွားသည်။ သူမ၏ လက်တစ်ဘက်က နံရံပေါ်ရှိ မီးခလုတ်တစ်ခုဆီသို့ ဦးတည်နေ၏။

‘ချောက်…။’

မီးခလုတ်ဖွင့်လိုက်သည်နှင့် ယခင်အရိပ်ကျနေသော အခန်းထောင့်မှာ မီးရောင်နှင့် ထိန်လင်းသွားသည်။ ထိုနေရာတွင် ဘာမျှ မရှိချေ။

ဒုန်း ဒုန်း ဒုန်း…။

မင်းသိုက်တို့ ထွက်သွားရာ တံခါးမကြီးဆီမှ တဒုန်းဒုန်းနှင့် တံခါးကို ထုသံများထွက်ပေါ်လာသည်။

‘ဘယ်သူလဲ။ ဆရာမနော်ခမ်းလား။ လူနာလာလို့လား။ ကျွန်မ အထဲမှာရှိတယ်။ ဝင်ခဲ့လေ။’

တံခါးထုသံရုတ်တရက်တိတ်သွားသည်။ ဘယ်သူမှ ဝင်မလာ…။

ဟိဟိဟိ… ခဈခဈခဈ…။

တံခါးအပြင်မှ ကလေးငယ်တစ်ယောက်၏ ရယ်သံလေးထွက်ပေါ်လာ၏။

ဖတ်..ဖတ်.. ဖတ်…။ ခစ်ခစ်ခစ်… ဟီးဟီးဟီး..။

ကလေးတစ်ယောက် ရယ်မောပြီး တံခါးအပြင်တွင် ဟိုဘက်ဒီဘက်ပြေးလွှားနေသည့်အသံ။ သင်ဇာ အခန်းတံခါးဆီ အမြန်လျှောက်သွားပြီး တံခါးကိုဖွင့်လိုက်သည်။ အပြင်ဘက်ကော်ရစ်ဒါတွင် လူတစ်ဦးတစ်ယောက်မျှ မရှိ။ သင်ဇာ စင်္ကြန်တစ်လျှောက် မျှော်ကြည့်ရင်း မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာသည်။ သူမ၏ ပါးစပ်မှ ဖွဖွလေး ရွတ်ဆိုမိသည်။

‘ဖူးဖူး…။ သမီးလေး…။’

သင်ဇာတစ်ဘက်ပြန်လှည့်လိုက်လျှင် သူမ၏ နောက်တွင် မတ်တတ်ကြီးရပ်နေသော သူနာပြုဆရာမ တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ ရုတ်တရက် ထိတ်လန့်သွား၏။

‘ဟာ… ဆောရီးဆရာမ။ ဆရာမကို လန့်အောင်လုပ်မိပြီ။’

‘ရပါတယ် နော်ခမ်း။ တော်သေးတာပေါ့။ ဘယ်သူများလဲလို့။’

‘ဆရာမ ဒီမှာ မပြီးသေးဘူးလား။’

‘ပြီးတော့မယ်။ ဆေးစစ်ချက်တော့ ရေးရဦးမယ်။ ဘာလဲ လူနာတွေ များနေလို့လား။’

‘မများဘူးဆရာမ။ တချို့တော့ ကျွန်မကြည့်ပေးထားတယ်။ ဆရာမတစ်ယောက်တည်းဆို ကျွန်မစောင့်ပေးမယ်လေ။’

‘ရတယ်နော်ခမ်း။ ပြီးရင် ဒီမှာပဲ ရေချိုးပြီးမှ အိုပီဒီကို တန်းလာခဲ့မယ်။’

‘ဟုတ်ဆရာမ။ ဆရာမက အလုပ်သိပ်ကြိုးစားတာပဲ။ အိမ်မပြန်ဘဲ အလုပ်လုပ်တာ။ ကျွန်မတို့ မြို့တော့ ဆရာမရောက်လာတာ သိပ်ကံကောင်းတာပဲ။’

‘အဲလောက်လည်း မဟုတ်ပါဘူး နော်ခမ်းရယ်။ ကဲ သွားသွား။ အစ်မဒီမှာ အလုပ်ဆက်လုပ်လိုက်ဦးမယ်။’

မိနစ်အနည်းငယ်ကြာလျှင် သင်ဇာ ဆေးစစ်ချက်ရေးပြီး၍ အလောင်းကောင်ကြီးကို ပိတ်ဖြူစနှင့် ဖုံးပေးပြီး ခွဲစိတ်ခန်းနှင့် ကပ်လျက် ရေချိုးခန်းထဲသို့ ဝင်ရောက်ခဲ့သည်။ ဆေးရုံကြီးမှာ ကိုလိုနီခေတ်ကတည်းက အဆောက်အအုံကြီးဖြစ်သဖြင့် ဟောင်းနွမ်းနေပြီဖြစ်သော်လည်း စနစ်တကျရှိလေသည်။ သူမ သွေးစွန်းသော လက်အိတ်များ၊ ရင်စည်း ပလတ်စတစ်များကို ချွတ်လိုက်သည်။ ထို့နောက် ရေချိုးခန်းထဲဝင်ပြီး အဝတ်များကို ချွတ်ကာ နံရံပေါ်ရှိချိတ်တွင် ချိတ်လိုက်၏။ ရေပန်းအောက်ထဲဝင်လိုက်သည်နှင့် တစ်နေ့တာ ပင်ပန်းမှုများ သက်သာရာရသွားသလို ခံစားလိုက်ရသည်။ ရေစက်ရေပေါက်များက သူမ၏ ဆံပင်များပေါ်မှ ပခုံးနှစ်ဘက်ဆီသို့ ထို့နောက် ခြေထောက်များဆီသို့ တဝေါတဝေါ ကျဆင်းနေခဲ့၏။ သူမ တင်းထားသော စိတ်ကို လျှော့ချလိုက်သည်။ သင်ဇာ၏ မှိတ်ထားသော မျက်လုံးအစုံမှ မျက်ရည်များစီးကျလာခဲ့သည်။ သို့သော် သူမ၏ မျက်ရည်များမှာ ရေပန်းဆီမှ ရေစက်များနှင့် ရောနှောသွားခဲ့လေသည်။ သူမ ရှိုက်ကြီးတငင်ငိုကြွေးပြီး ရေချိုးခန်းကြမ်းပြင်ပေါ်သို့ ပုံလျက်သားထိုင်ကျသွားသည်။ …. သမီးလေး.. သမီးလေး… မေမေ့ဆီ ပြန်လာပါ သမီးလေးရယ်….။ မေမေ့ဆီ ပြန်မလာတော့ဘူးလား သမီးလေးရယ်… ။ သူမ၏ ပါးစပ်မှ တဖွဖွ အဆက်မပြတ်ရေရွတ်နေမိတော့သည်။

……………………..

ကိုမင်းသိုက်ကို အဖြေမပေးခင် ကျွန်မ ကိုမင်းသိုက်ကို ပြောစရာတစ်ခုရှိတယ်။ သင်ဇာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူမကို ချစ်ရေးဆိုလာသော ဒုရဲအုပ်လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။

‘ပြောပါ မသင်ဇာ။ ကျွန်တော် မသင်ဇာနဲ့ ပတ်သက်ရင် ဘာပဲဖြစ်ဖြစ် သိချင်ပါတယ်။’

‘ကျွန်မ အိမ်ထောင်ကျဖူးတယ် ကိုမင်းသိုက်။ အိမ်ထောင်နဲ့ ကလေးတစ်ယောက်ရဖူးတယ်။’

မင်းသိုက်၏ မျက်နှာ အမူအရာ လုံးဝ ပြောင်းလဲသွားခြင်းမရှိချေ။ သူ့မျက်နှာမှာ တည်ကြည်လေးနက်လွန်းနေလေသည်။ သင်ဇာဆက်ပြောသည်။

‘ကျွန်မ အမျိုးသား… ကျွန်မ အရင် အမျိုးသားက ပိုက်ဆံချမ်းသာတယ်။ အဲဒီတော့ ကျွန်မတို့အိမ်မှာ ကူဖော်လောင်ဖက်တွေ အများကြီးပဲပေါ့။ တိုတိုပြောရရင် သမီးလေး ဖူးဖူး နှစ်နှစ်ပြည့်မွေးနေ့မှာပဲ သမီးလေး အိမ်ကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ ကျွန်မ မနက်နိုးလို့ သမီးလေး အိပ်ရာကို သွားကြည့်တော့ သူမရှိတော့ဘူး။ ကျွန်မတို့ အိမ်က ထမင်းချက် အဒေါ်ကြီးလည်း အဲဒီနေ့မှာတင် ပျောက်သွားတယ်။ ကျွန်မ အမျိုးသားဆို သူ့ရှိသမျှ ငွေကြေးတွေ ပုံအောပြီး သမီးလေးကိုရော အဲဒီအဒေါ်ကြီးကိုရော ရှာပုံတော်ဖွင့်ခဲ့တာပဲ။ ဘယ်လိုမှ အစအနတောင် မရှာနိုင်ခဲ့ဘူး။’

သင်ဇာ့အသံများ တိမ်ဝင်သွားသည်။ သူမ ကြိုးစားပြီး ဆက်ပြော၏။ သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။

‘နောက်တော့ ကျွန်မလည်း အမျိုးသားနဲ့ ကွာရှင်းလိုက်တယ်။ သမီးလေးပျောက်သွားပြီးကတည်းက အိမ်ထောင်ရေးက အဆင်မပြေတော့ဘူးလေ။ ပြီးတော့ ရန်ကုန်က အသိုင်းအဝိုင်းကြားမှာလည်း မနေချင်တော့တာနဲ့ ဒီမြို့လေးမှာလာပြီး ဇာတ်မြှုပ်နေတာပါပဲ။ ကိုမင်းသိုက် ချစ်ရေးဆိုထားတာကို ပြန်ရုပ်သိမ်းချင် ရုပ်သိမ်းနိုင်ပါတယ်။’

မင်းသိုက်၏ မျက်နှာမှာ ပိုပြီး လေးနက်သွားခဲ့သည်။

‘မသင်ဇာ။ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ။ မသင်ဇာရဲ့ သမီးလေးကို ပြန်တွေ့အောင် ကျွန်တော် ကူညီပါ့မယ်။’

သူမ သက်ပြင်းချပြီး ခေါင်းကို ခါရမ်းလိုက်သည်။

‘ကျွန်မ မြန်မာတစ်နိုင်ငံလုံးအနှံ့ ထောက်လှမ်းရေးတွေရော၊ ရဲတွေရော၊ အလွတ်စုံထောက်တွေရော၊ နည်းလမ်းရှိသမျှ အကုန်ကြိုးစားပြီးပါပြီ။ မဖြစ်နိုင်တော့ပါဘူးရှင်။’

‘ဖြစ်နိုင်ချေနည်းပေမဲ့ ကျွန်တော့်ကိုတော့ ကြိုးစားခွင့်ပေးပါနော်။ မသင်ဇာအတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ပြီးတော့ ကျွန်တော် ချစ်ရေးဆိုထားတာကိုလည်း ဘယ်လိုနည်းနဲ့မှ ကျွန်တော် ပြန်ရုပ်သိမ်းမှာ မဟုတ်ပါဘူး။ မသင်ဇာဘက်ကသာ စဉ်းစားပေးပါခင်ဗျာ။’.

………………………………………………

‘အစ်မသင်ဇာ… အစ်မရေ… လုပ်ပါဦး... ဒီမှာ အရေးပေါ်လူနာရောက်လာလို့…။’

လူနာတွန်းလှည်းပေါ်တင်လာသော မိန်းကလေးတစ်ယောက်။ ဘေးတွင် မင်းသိုက်နှင့် သူတပည့်ရဲသားနှစ်ယောက် အပြေးအလွှားပါလာကြသည်။ ခွဲစိတ်ခန်းကို သွားရာလမ်းတလျှောက် သင်ဇာ လူနာတွန်းလှည်းကို ကူတွန်းပေးရင်း မင်းသိုက်တို့ကို မေးလိုက်၏။

‘ဘာဖြစ်တာလဲ ကိုမင်းသိုက်…။’

‘ကျွန်တော်တို့ ဒီနေ့ ရဲစခန်းကို လူသတ်မှုအတွက် လှမ်းခေါ်လို့ သွားတာ အဲဒီအိမ်ထဲမှာ မိသားစုတစ်စုလုံးကို လေးလောင်းပြိုင် သတ်ထားတယ်ဗျာ။ အလောင်းတွေကို စစ်ဆေးနေတုန်း ဒီမိန်းကလေးက အသက်ရှူနေသေးလို့ ကျွန်တော်တို့ ဆေးရုံကို ခေါ်လာတာ။’

သူတို့အားလုံး ခွဲစိတ်ခန်းထဲ ရောက်သွားကြသည်။ သင်ဇာ့မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူလျော်နေလေသည်။ ခွဲခန်းထဲရောက်သည်နှင့် သွေးများရွှဲနေသော အင်္ကျီကို လှန်ကြည့်လိုက်လျှင် မိန်းကလေး၏ ဗိုက်တစ်ခုလုံး ဟက်တက်ကြီးကွဲပြီး ပွင့်နေကြောင်း တွေ့လိုက်ရသည်။ ထိုစဉ်မှာပင် မိန်းကလေး၏ မျက်လုံးများပွင့်လာသည်။ သူမ သင်ဇာ့ကို တစုံတခုလှမ်းပြောသည်။ သို့သော် သူမ ဘာပြောသည်ကို ဘယ်သူမှ နားမလည်ခဲ့။ သင်ဇာ ပတ်တီးလိပ်များဖြင့် သွေးများတိတ်အောင်ဖိနှိပ်ရင်း မိန်းကလေး၏ လက်ဖျံအတွင်းသို့ အကြောဆေးများကို ကျွမ်းကျင်စွာ ထိုးသွင်းလိုက်သည်။ မိန်းကလေးမှာ သင်ဇာ့ကို တစ်စုံတစ်ခု ပြောချင်နေပုံရသည်။ သူမ သင်ဇာ့ကိုတလှည့် မင်းသိုက်ကိုတလှည့်ကြည့်ရင်း တစုံတခုကို ဗလုံးဗထွေး ပြောနေခဲ့သည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် သူမ သတိလစ်ကာ မေ့မျောသွားပြန်သည်။ သင်ဇာ ဟောင်းလောင်းဖြစ်နေသော ဗိုက်ထဲသို့ လက်အိပ်စွပ်ထားသောလက်ကို နှိုက်ကာ စမ်းသပ်သည်။ ခွဲခန်းကုတင်ဘေးတွင် ကျောက်ရုပ်ကြီးလို ရပ်နေသော မင်းသိုက်ကို ကြည့်ကာ သင်ဇာပြောလိုက်သည်။

‘ကိုမင်းသိုက်။ ကျွန်မတို့ ဘာမှမတတ်နိုင်တော့ဘူး။ ဒီမိန်းကလေးမှာ ကျောက်ကပ်နှစ်ခုလုံး မရှိတော့ဘူး။’

…………………………………………………………….

သင်ဇာ စာကြည့်စားပွဲတွင်ထိုင်ပြီး ဆေးစာအုပ်အထူကြီးများကို မလှုပ်မယှက် ထိုင်ဖတ်နေစဉ် တယ်လီဖုန်းဝင်လာ၏။ ဆက်သူမှာ မင်းသိုက်။ အရေးတကြီးကိစ္စရှိ၍ သင်ဇာ့အိမ်သို့လာရန်ခွင့်တောင်းခြင်းပင်။

ငါးမိနစ်မျှကြာလျှင် အိမ်ရှေ့တံခါးခေါက်သံထွက်လာသည်။

‘..မသင်ဇာ..။ ဆောရီးဗျာ။ ညအချိန်မတော် ဒီလိုလာရတာ စိတ်မရှိပါနဲ့။’

‘ဟုတ်ကဲ့ရပါတယ်ကိုမင်းသိုက်။ ပြောပါ။ ဘာများ အရေးကြီးလို့လဲ။’

မင်းသိုက်လက်ထဲတွင် ပိတ်ဖြူနှင့် ပတ်ထားသော အထုပ်ကြီးတစ်ထုပ်ပါလာသည်။ သင်ဇာ့မျက်လုံးက ထိုပိတ်ဖြူထုပ်ကြီးဆီရောက်သွား၏။

‘ဟို… ဘယ်ကစရမလဲတောင် မသိတော့ဘူးဗျာ။’

‘လာ ကိုမင်းသိုက်။ အိမ်ထဲဝင်ထိုင်ပါ။ ဘာသောက်မလဲ။ ကော်ဖီလား လက်ဖက်ရည်လား။’

ခဏကြာလျှင် သူတို့နှစ်ဦး ဧည့်ခန်းဆိုဖာများပေါ်တွင် ထိုင်ကာ စကားပြောဖြစ်သွားကြသည်။

‘ကျွန်တော်လာရတဲ့အကြောင်းကတော့ ဒီပေရွက်တွေကြောင့်ပဲ မသင်ဇာ။’

မင်းသိုက် ပိတ်ဖြူစကို လှပ်လိုက်လျှင် အထဲရှိ ဆွေးမြေ့စပြုနေသော ရှေးဟောင်းပေရွက်ကြီးများ အထပ်လိုက်ထွက်လာကြသည်။ သင်ဇာ့ မျက်လုံးများ အရောင်တောက်ပသွား၏။

‘ဒါ.. ဒါတွေက ဘာလဲ ကိုမင်းသိုက်။’

‘မသင်ဇာကိုယ်တိုင်လည်း ဖတ်ကြည့်လို့ရပါတယ်။ ကျွန်တော့်အထင်တော့ ဒီပေရွက်တွေဟာ အခု ဆက်တိုက်ဖြစ်နေတဲ့လူသတ်မှုတွေနဲ့ အဆက်အစပ်ရှိမယ်လို့ ယူဆရတာပဲ။ ကျွန်တော် နားလည်သလောက်ဖတ်ကြည့်တော့ ခန္ဓာဗေဒ ဇီဝဗေဒ သဘောတရားတွေလည်း ပါနေလို့ မသင်ဇာဆီကို အရင်ဆုံးလာခဲ့တာဗျ။’

သင်ဇာ ပေရွက်များကို လှန်ကြည့်မိသည်။ ပေရွက်များပေါ်တွင် ရှေးဟောင်းကျမ်းဂန်လာ ဆေးပညာများ၊ အစီအမံများအပြင် လူရုပ်ပုံများစွာကို ရေးခြစ်ထားသည်ကို တွေ့ရလေသည်။ လူတို့၏ သည်းခြေ၊ ကလီစာများကို ဖြတ်တောက်ပုံ၊ ဆက်သွယ်ပုံ အစရှိသဖြင့် စာမျက်နှာပေါင်းများစွာကို အသေးစိတ်ရေးထားသည့် စာမျက်နှာများပင်တည်း။ သင်ဇာ သက်ပြင်းချရင်း မင်းသိုက်ကို မေးလိုက်၏။

‘ဒါတွေ ကိုမင်းသိုက် ဘယ်မှာတွေ့ခဲ့တာလဲ။’

‘သြော်..။ ကျွန်တော် ဒီညနေ ဦးထွန်းငွေရဲ့ စာကြည့်တိုက်ကို တစ်ခေါက်ပြန်သွား စစ်ဆေးကြည့်ရင်းနဲ့ သူ့စာအုပ်စင်အပေါ်ဆုံးအဆင့်မှာ သံသေတ္တာနဲ့ထည့်ထားတာတွေ့လို့ သော့ကိုဖျက်ပြီး ဖွင့်ကြည့်တော့ ဒါတွေ တွေ့ရတာပဲဗျာ။ သူကလည်း တစ်ကိုယ်ရေသမားဆိုတော့ ခွင့်တောင်းစရာလည်း မရှိတာနဲ့။ ပြီးတော့ ဒီပေရွက်တွေကြည့်ရတာ ကျမ်းဂန်ကြီးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ဖြစ်ပုံရတယ်။ အစပိုင်းစာမျက်နှာ ရာနဲ့ချီပြီး ပျောက်နေတယ်ဗျ။’

သင်ဇာ စာမျက်နှာများကို စိတ်ဝင်စားစွာ စူးစိုက်ဖတ်ရှုနေပြန်သည်။

‘ကိုမင်းသိုက်က ဒီပေရွက်တွေနဲ့ လူသတ်မှု ဆက်စပ်နေတယ်လို့ ဘာလို့ ယူဆရတာလဲ။’

မင်းသိုက် ပေရွက်များထဲမှ စာမျက်နှာတစ်မျက်နှာကို လှန်ပြလိုက်သည်။

‘ကျွန်တော် နားလည်မှုလွဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီမှာကြည့်မသင်ဇာ…။ ဒီပုံထဲမှာ ဦးနှောက်၊ ကျောက်ကပ်၊ အသည်း၊ နှလုံး တွေကို လူတစ်ယောက်ချင်းဆီက ဖြတ်ထုတ်ပြီး အားလုံးကို ပြန်စုပေါင်းထားတဲ့ ပုံမျိုးပါတယ်မဟုတ်လား။ အခုဖြစ်ပြီးတဲ့လူသတ်မှုတွေမှာ .. ဦးထွန်းငွေဆီက ဦးနှောက်၊ ဆေးရုံမှာ ဆုံးသွားတဲ့ မိန်းကလေးဆီက ကျောက်ကပ်၊ သူနဲ့အတူတူအသတ်ခံရတဲ့ မိသားစုဝင်တွေဆီကလည်း နှလုံး၊ အသည်း၊ အဆုတ်တွေကို လူတစ်ယောက်ချင်းဆီက ဖြတ်ထုတ်ခံခဲ့ရတယ်မဟုတ်လား။ ဒါကြောင့် ကျွန်တော့်အထင်တော့ မဟုတ်မှလွဲရော… ဒီပေရွက်တွေဟာ အခု လူသတ်မှုတွေနဲ့ ဆက်စပ်နေရမယ်လို့ ယူဆမိတာပဲဗျာ။ ဒါပေမဲ့ ပိုပြီးသေချာအောင် မသင်ဇာဆီလာခဲ့တာပါ။ မသင်ဇာ ဖတ်ကြည့်ပြီး ကျွန်တော့်ကို အတည်ပြုပေးလို့ရမလား။’

‘ရပါတယ် ကိုမင်းသိုက်။ ကျွန်မဖတ်ကြည့်ပေးပါ့မယ်။ ဒါဆို ဒီပေရွက်တွေ ဒီမှာပဲ တစ်ညလောက်ထားခဲ့ပေးမလား။’

……………………………………………………….

သန်းခေါင်ကျော်ပြီး၍ မနက်နှစ်နာရီထိုးလေပြီ။ မင်းသိုက်တစ်ယောက် မအိပ်နိုင်သေး။ သူအိပ်ရာထဲမှ လူးလဲထရင်း ကွန်ပျူတာကို ဖွင့်လိုက်သည်။ ဓာတ်ပုံရိုက်ယူထားသော ပေရွက်များ၏ ပုံရိပ်များက ကွန်ပျူတာဖန်သားပြင်ပေါ်တွင် တရိပ်ရိပ်ပေါ်လာကြ၏။ မင်းသိုက် စာမျက်နှာ တစ်မျက်နှာချင်းကို ကြိုးစားပြီး ဖတ်နေမိသည်။ နောက်ဆုံးစာမျက်နှာ၏ အောက်ခြေတွင်ရေးထားသော စာလုံးများကို ဖတ်မိလျှင် သူ့မျက်လုံးများ ပြူးကျယ်သွား၏။..

.. မြို့ပြင်သုသာန် ညောင်ညိုပင်အောက် ဒါရုခန္ဓာကြွင်း ဖော်တူးလေ။ ဇီဝသက်သွင်း မရဏံဇာတိ ယဇ်အထူးကို ဂုဏ်စီမံလေ။….

မြို့ပြင်သုသာန် ညောင်ညိုပင်အောက်… ဒါရုခန္ဓာကြွင်း….။

မင်းသိုက် ပါးစပ်မှ ရေရွတ်မိသည်။ မီးခံသေတ္တာထဲမှ သေနတ်ကို ထုတ်ယူပြီး ရဲယူနီဖောင်းကို အမြန်ဝတ်ကာ မြို့ပြင်သုသာန်သို့ ကားမောင်းပြီး ထွက်ခဲ့၏။

‘ဦးလေးမောင်။ ဗျို့ဦးလေးမောင်။’

သုသာန်အစွန်ရှိ တဲအိမ်ထဲမှ သုဘရာဇာကြီး ဦးလေးမောင် အိပ်ချင်မူးတူးထွက်လာသည်။

‘ဦးလေးမောင်။ ကန်တော့ဗျာ။ ကျွန်တော်တောင်းပန်ပါတယ်။ ဒီအချိန်ကြီးလာနှိုးရတာ။’

‘ဟေ..။ ဘယ်သူများလဲလို့။ တို့စခန်းမှူးပဲ။ ကျွန်တော့်ကို လာဖမ်းတာလားဗျာ။ တကယ်ပါ စခန်းမှူးရယ်…။ တကယ် တစ်ခါတည်းပါ…။ မိန်းမကလည်း ဆုံးသွားတာကြာဆိုတော့…။’

‘ဗျို့ ဦးလေးမောင်။ မဟုတ်တာတွေဗျာ။ ခင်ဗျားကို မဖမ်းဘူး။ ကျွန်တော်မေးစရာလေးရှိလို့။’

‘သြော်…။ ဟုတ်ကဲ့။ အဲ.. ကျွန်တော်ကလည်း ဟို.. အဲဒါကို ပြောတာမဟုတ်..။’

‘ရပြီရပြီ။ ဦးလေးမောင်။ ညောင်ညိုပင်အောက်မှာ ဘယ်သူ့အလောင်းကို မြှုပ်ထားလဲ။’

ဦးလေးမောင် မျက်လုံးကြီးများ ပြူးထွက်သွား၏။ ပါးစပ်ကြီးလည်း အဟောင်းသားဖြစ်သွားသည်။

‘ဒါရု… ဆိုတာ ဦးလေးမောင်ကြားဖူးလား…။’

‘အမလေး။ ကယ်တော်မူကြပါ။ ဘုရားဘုရား။ ကယ်တော်မူကြပါဘုရား။’

ဦးလေးမောင် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချကာ တစ်ဘက်သို့လှည့်ပြီး အကြိမ်ကြိမ် ဦးချလေတော့သည်။

‘ဦးလေးမောင်။ စိတ်ထိန်းစမ်းပါဗျာ။ ကျုပ်မေးတာဖြေပါဦး။’

မင်းသိုက် သုဘရာဇာကြီးကို အသာပြန်ဆွဲထူရသည်။

‘အဲဒီညောင်ပင်အောက်မှာ မြှုပ်ထားတဲ့အလောင်းရှိလား။’

ဦးလေးမောင် ပါးစပ်ကို ပိတ်ကာ ခေါင်းကို တွင်တွင်ခါရမ်းနေသည်။ မင်းသိုက် ပြောမရမှန်းသိသဖြင့် ခါးကြားမှ ဖုန်းကို ထုတ်ကာ စခန်းရှိ သူ့တပည့် ညီညီဆီသို့ လှမ်းဆက်လိုက်၏။ ရပ်ကွက်လူကြီးကိုပါ ခေါ်ပြီး အမြန်လာလိုက်ရန် မှာလိုက်ရသည်။ အတုန်တုန်အရီရီဖြစ်နေသော ဦးလေးမောင်ကို တွဲကာ သူ့တဲထဲသို့ နှစ်ယောက်သားဝင်ထိုင်ကြသည်။

‘ဦးလေးမောင်ရယ်။ ခင်ဗျားက သင်္ချိုင်းစောင့်လုပ်ပြီး ဒီလောက်ကြောက်တတ်ရလားဗျ။’

‘ဆရာမင်းသိုက်။ ကျွန်တော်က သာမန်သရဲဆို မကြောက်ဘူးဗျ။ အခုဟာက သာမန်သရဲမဟုတ်ဘူး။’

‘ဘယ်လိုမျိုးမို့လို့လဲဗျာ။ ဦးလေးမောင် သိသလောက် ပြောပြစမ်းပါ။’

မင်းသိုက် သင်္ချိုင်းစောင့်ကြီးကို ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်သည်။ လူကြီး၏ လက်များတုန်နေ၏။ လက်များလိုပင် တုန်ရီနေသော အသံကြီးနှင့် ဦးလေးမောင် ဒါရု၏ ဇာတ်ကြောင်းကို ပြောပြခဲ့လေသည်။

(ဆက်ရန်)

ကိုချမ်း။

…………………………….

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..