ခရစ်စမတ်ညရဲ့ အကောင်းဆုံးလက်ဆောင်မွန်
lotaya.mpt.com.mm
|
2020-12-25

၁။

လရောင်က ပြတင်းတံခါးအထက် မှန်လည်ကို ထိုးဖောက်၍ မာရီယာ၏ အိပ်ခန်းအတွင်းသို့ ချည်းနင်းကာ ဖြာကျလျက် ရှိ၏။

အိပ်ယာပေါ်မှာ မာရီယာကလေးသည် ဘယ်ညာ လူးလွန့်နေ၏။

သူမ အိပ်မပျော်သေးချေ။

မာရီယာ ဆိုသည်မှာ အသက် ၈ နှစ်အရွယ်သာ ရှိသေးသော သမီးငယ်လေး ဖြစ်ပါ၏။

မာရီယာ အိပ်မပျော်သေးရခြင်း၏ အကြောင်းအရင်းက ယနေ့ သူမ၏ ဒယ်ဒီ ပြန်မရောက်သေး၍ စောင့်စားနေခြင်း ဖြစ်၏။

ယနေ့သည် ဒီဇင်ဘာ ၂၅ ရက်နေ့ ၊ ခရစ်စမတ်နေ့ ဖြစ်ပါ၏။

မာရီယာသည် သူမ၏ မိခင်ဖြစ်သူနှင့်အတူ ဖခင်အား တစ်ညနေခင်းလုံး စောင့်စားနေခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ဖခင်ဖြစ်သူသည် ရောက်ချိန်တန်သည့်တိုင် ပြန် ရောက်လာခြင်း မရှိသေးချေ။

မာရီယာသည် ခွဲစိပ်အထူးကု ဆရာဝန် ဇော်လွန်း နှင့် ဆိုင်းမိုင်တို့၏ တစ်ဦးတည်းသော သမီးငယ် ဖြစ်၏။

ည ၇နာရီတွင် မိခင်ဖြစ်သူ ဆိုင်းမိုင်က မာရီယာအား ညစာ ချော့ကျွေးပြီး အိပ်ယာသို့ ဝင်စေခဲ့သည်။

ခပ်ပေပေ ရှိသည့် မာရီယာသည် မိခင်အား ကြောက်ရွံရ၍သာ အိပ်ယာဝင်ခဲ့ရသည်။

သူမ၏ စိတ်အလိုတိုင်းဆိုရလျင် အိမ်ရှေ့တံခါးဝက အုတ်သားလှေခါးထစ်ငယ်မှာ ဖခင်အား ထိုင်စောင့် နေဦးမည် ဖြစ်သည်။

ဒီဇင်ဘာ၏ စိမ့်သက်နေသော အအေးဓာတ်ကို အံတု၍ အမှန်တကယ် ထိုင်စောင့်နေမည့် မာရီယာကို ဆိုင်းမိုင်က ခွင့်မပြုခဲ့ချေ။

" သမီး အိပ်ယာဝင်ရမယ်နော်။ဘာလို့လဲဆိုတော့ သမီး အပြင်မှာ ခုလို ရပ်စောင့်နေမယ်ဆိုရင် ၊ နမိုးနီးယား ဝင်သွားနိုင်တယ် သမီးရဲ့။ သမီး နေပြန်ကောင်းတာ ဘာကြာသေးလို့လဲကွယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ဖျားထားသေးတာမဟုတ်လား ။ သမီးလေးရဲ့ ဒယ်ဒီက ခုနက မာမီ့ဆီ ဖုန်းဆက်ထားတယ်။ သမီးအတွက် လက်ဆောင်တွေ အများကြီး ဝယ်ခဲ့ပါ့မယ်တဲ့ ။ လမ်းမှာ ကားတွေက အရမ်းများနေတာရယ်၊ နှင်းတွေ ကျနေတာရယ်ကြောင့် ကားကို ထင်သလောက် မောင်းလို့ မရလို့ပါတဲ့။ဒါကြောင့် နောက်ကျမယ်လို့ မာမီ့ကို အသေအချာ မှာသွားတယ်ကွယ့် "

ထို့ကြောင့် မာရီယာခမျာ အိပ်ယာကို မဝင်ချင်ပဲ ဝင်ခဲ့ရလေ၏။

မာရီယာ၏ အတွေးထဲတွင်တော့ နေ့လယ်က ဒယ်ဒီ ပြောသွားသော ဖုန်းထဲက အသံကို ပြန်လည် ကြားယောင်နေမိသည်။

" ဒယ်ဒီ ညကျရင် သမီး သိပ်ကြိုက်တဲ့ ခရစ်စမတ် လက်ဆောင်တွေနဲ့အတူ အိမ်ကို ပြန်ခဲ့မယ်လေနော်။ဒယ်ဒီ ပြန်ရောက်ချိန် သမီး အိပ်ပျော်မနေနဲ့ပေါ့ "

ဒယ်ဒီ ယူလာမည့် ခရစ်စမတ်လက်ဆောင်က ဘာဖြစ်မလဲ။မာရီယာ အရမ်း သိချင်နေမိပြီ ဖြစ်သည်။

ကလေးဆိုပေမယ့် မာရီယာသည် မနှစ်တုန်းက ခရစ်စမတ်ညလေးကို ကောင်းစွာ မှတ်မိနေသေးပါ၏။

သူမ၏ ငယ်ရွယ် နုနယ်သေးသည့် မှတ်ဉာဏ်လွှာတွင် ပြီးခဲ့သော ခရစ်စမတ်က ဒယ်ဒီ ဝယ်လာပေးခဲ့သော ခရစ်စမတ် လက်ဆောင်များကို သတိတရ ဖြစ်သွား မိသည်။

" ဟယ် ...အရုပ်ဆက်တဲ့ ကတ်ပြားတွေ ၊ အိုး ..အရမ်း လှတာပါလား ဒယ်ဒီရယ် "

မာရီယာသည် လက်ထဲတွင် ကိုင်ထားသော အရုပ်ဆက်သည့် ကတ်ပြားချပ်များကို ကြည့်၍ အံဩဝမ်းသာနေမိသည်။ ပျော်ရွှင် ကြည်နူးနေရှာ၏။

ဘိုမရုပ်လေးကို ဝတ်ဆင်ပေးရမည့် ဂါဝန်၊အင်္ကျီ များစွာ ပါသော အရုပ်ဆက် ကတ်ပြားလေးက တစ်ခု။

တစ်ထပ်တိုက်ပုလေး အိမ်ပုံစံ နှင့် ခရစ်စမတ်သစ်ပင်လေးများ ပါသော အရုပ်ဆက်ကတ်ပြားလေးက တစ်ခု။

ဆရာဝန် ဝတ်စုံ၊ သူနာပြု ဝတ်စုံ စသဖြင့် ဝတ်စုံအမျိုးမျိုးပါသော ဘိုမရုပ် လေးနှင့် အရုပ်ဆက် ကတ်ပြားလေးကတစ်ခု။ ဤအရုပ်ဆက် ကတ်ပြားလေးသည် သူမ အကြိုက်ဆုံး ဖြစ်ပါ၏။

သူမသည် ကြီးလာလျင် ဒယ့်ဒီလို ခွဲစိပ် အထူးကု ဆရာဝန်မကြီး လုပ်မည်ဟု အမြဲ ပြောလေ့ ရှိသည်မဟုတ်လား။

လွန်ခဲ့သော ရက်တစ်ပတ်က ဒယ်ဒီနှင့် သူမ ဖုန်းပြောစဉ်က ၊ သူမ ပူဆာခဲ့သည် ။

" ဒယ်ဒီ .. သမီးသူငယ်ချင်း မိုင်းမိုင်ဆီမှာလေ၊ အရုပ်ဆက်တဲ့ ကတ်ပြား အသစ်လေးတွေ တွေ့ခဲ့တယ်၊အရမ်း လှတာပဲ ဒယ်ဒီရယ်။ သမီးလည်း အဲ့လို အရုပ်ဆက် ကတ်ပြားလေးတွေ လိုချင်တယ် "

ထို့ကြောင့် ဒယ်ဒီက မှတ်မှတ်ရရနှင့် သူမအတွက် အရုပ်ဆက် ကတ်ပြားလေးများကို မမေ့မလျော့ ဝယ်လာပေးခဲ့ပြီး ခရစ်စမတ် လက်ဆောင် အဖြစ် ပေးခဲ့ခြင်းဖြစ်ပါ၏။

ဒယ်ဒီသည် သူမ၏ လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒလိုအင်ကို နားလည်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ထိုအချိန်က သူမ အလိုချင်ဆုံး အရာသည် အရုပ်ဆက်ကတ်ပြားလေးများပဲ မဟုတ်လားလေ။

အဲ့ဒီတုန်းကလည်း ဒယ်ဒီသည် ယခုညလိုပဲ အိမ် အပြန်နောက်ကျနေခဲ့သည်။

စိတ်ကောက်နေသော သူမကို အိပ်ယာထဲသို့ လာရောက် နိုးယူခဲ့ပြီး ၊ ခရစ်စမတ် လက်ဆောင်များကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဒယ်ဒီသည် သူမအား အံဩဝမ်းသာစေရန် စန်တာကလော့စ် ဟု ခေါ်သော ခရစ်စမတ်ဘိုးဘိုး ဝတ်စုံ အနီရောင်ကို အပြည့်အစုံ ဝတ်လာပြီး ၊ စပရိုက်စ် လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုလို ခရစ်စမတ်ညတွင် မာရီယာလို ခလေးသူငယ်များအဖို့ စန်တာကလော့စ်သည် လက်ဆောင်များ သယ်ယူလာသည့် ဟီးရိုးတစ်ယောက်ပင်။

သူမတို့ ကလေးများ၏ အိပ်ယာဝင် ပုံပြင်များထဲတွင် ရစ်စမတ် ဘိုးဘိုးကြီး စန်တာကလော့စ်သည် ကောင်းမွန်စွာ လွှမ်းမိုးထားခဲ့သည်။

ထိုစဉ်က စန်တာကလော့စ်အဖြစ် ဒယ်ဒီသည် အိပ်ပျော်နေသော သူမအား အသာအယာ နိုးထစေခဲ့၏။

မာရီယာ အိပ်ယာနိုးစတွင် တွေ့ခဲ့ရသော မြင်ကွင်းကား သူမ ဘဝတစ်သက်တာတွင် ဘယ်သော်အခါမှ မေ့ရမည်မဟုတ်ချေ။

ခေါင်းဆောင်းဦးထုပ်ချွန် အပျော့သားကို နောက်သို့ ခပ်ငိုက်ငိုက် ဆောင်းထားပြီး၊ နုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးများ ဖြူဆွတ်နေသော စန်တာကလော့ကြီးသည် သူမအား ခပ်ပြုံးပြုံးဖြင့် အောက်ထပ်သို့ တယုတယ လက်တွဲ ခေါ်ယူ သွားခဲ့၏။

အိမ်အောက်ထပ်က မြင်ကွင်းသည် ၈နှစ်အရွယ် မာရီယာလေးအဖို့ ပျော်ရွှင်မှုအပေါင်းဖြင့် ကြိုဆိုနေကြပါသည်။

အိမ်အောက်ထပ်တွင် ခရစ်စမတ် သစ်ပင် တစ်ပင်ကို ရောင်စုံမီးများ ထွန်းညိထားပါ၏။

ခပ်တိုးတိုး ညံ့သက်စွာ လွင့်ပျံနေသော ခရစ်စမတ်သီချင်းများ(Carols)ကလည်း သာယာစွာ လွှမ်းခြုံထားသည်။

ခရစ်စမတ် သစ်ပင်(Christmas tree)၌ မာရီယာ နှစ်သက်သော မွှေးပွရုပ်လေးများ(gifts) ၊ ခရစ်မတ်ကတ်လေးများ(Christmas Cards)၊ ကောင်းကင်တမန် အရုပ်လေးများ(angles)၊ ကြယ်များ(stars)၊ငွေရောင်တောက်ပနေသော ခေါင်းလောင်းလေးများ(bells)၊

ချိတ်ဆွဲပေးထားသည်။

ခရစ်စမတ်သစ်ပင်နှင့် မလှမ်းမကမ်းက စားပွဲခုံပေါ်တွင် ခရစ်တော်မွေးနေ့ကိတ်(Yule Cake) တစ်လုံးကို ဖယောင်းတိုင်များ(Candles) နှင့်အတူ မြင်တွေ့နေရသည်။

အောက်ထပ် တစ်ထပ်လုံးတွင် ခရစ်စမတ်နှင့် သက်ဆိုင်သော ပစ္စည်းများကို ပြည့်စုံစွာ မြင်တွေ့နေရပါသည်။

သူမ မှတ်မိသလောက်ကတော့...ခရစ်စမတ်နှင့် သက်ဆိုင်သော ပစ္စည်း ၁၆မျိုး ရှိလေ၏။

1/ ကောင်းကင်တမန်အရုပ်များ (Angels)

2/ ခရစ်စမတ်ပန်းခွေ

(Advent Wreath)

3/ခေါင်းလောင်းများ

(Bells)

4/ဖယောင်းတိုင်များ

(Candles)

5/ခရစ်စမတ်နွားစာခွက်

(Creche or Christmas Crib)

6/လက်ဝါးကပ်တိုင်

(Cross)

7/လက်ဆောင်များ

(Gifts)

8/ခရစ်စမတ်ကဒ်များ

(Christmas Cards)

9/သိုးနှင့် သိုးသူငယ်များ

(Sheep and Lambs)

10/သိုးထိန်းများ (shepherds)

11/ကြယ် (Stars)

12/ ပညာရှိများ (Wisemen)

13/ခရစ်တော်မွေးနေ့ကိတ်

(Yule Cake)

14/ခရစ်စမတ်သစ်ပင်

(Christmas tree)

15/ခရစ်စမတ်သီချင်းများ

(Carols)

16/စန်တာကလော့စ်

(Santa Claus) တို့ပင် ဖြစ်ကြလေ၏။

မာရီယာ ချစ်သော ဒယ်ဒီသည် အင်မတန် စိတ်ရှည်ပြီး သူမ မေးသမျှကို ဖြေပေးနိုင်သူ ဖြစ်၏။

မာရီယာ၏ ငယ်ရွယ်နုနယ်သော အသိဉာဏ်ထဲသို့ ခရစ်စမတ်နေ့ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း ယခုကဲ့သို့ နားလည်လွယ်အောင် ရှင်းပြသေးပါ၏။

" အရင်ဆုံး ခရစ်စမတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သမီးလေး သိရအောင် ဒယ်ဒီက ရှင်းပြပေးမယ်နော်။

ခရစ်စမတ် ဆိုတဲ့ စကားလုံးက (ခရစ်) နဲ့ (မတ်) ဆိုတဲ့ စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားတာ သမီးရဲ့။

(ခရစ်) စကားလုံးက သခင်ယေရှု၏ အမည်နာမတော်ပေါ့၊ (မတ်) စကားလုံးက ပွဲတော်လို့ အဓိပ္ပါယ်ရတယ်။

ဒါကြောင့် Christmas ဆိုတာ (ခရစ်တော်၏ မွေးဖွားခြင်း မွေးနေ့) လို့လည်း ဒယ်ဒီတို့ ခရစ်ယာန်ဘာသာဝင်တွေက သတ်မှတ်ထားကြတာပေါ့ကွယ်။

ခရစ်စမတ်နေ့ ဖြစ်လာရခြင်းရဲ့

အကြောင်းအရင်းက ဘုရားသခင်က မိမိဖန်ဆင်းထားသော လူသားများ၊ အပြစ်ဆိုတဲ့ သံသရာထဲမှာ နှစ်မြုပ် နေတာကို မကြည့်ရက်ပြီး သူ သိပ်ချစ်သော သားတော်ကို၊ ( ယေရှု ) အမည်ဖြင့် လောကကြီးသို့ ကြွဆင်းစေခဲ့ပြီး လူ့ဇာတိကို ခံယူစေခဲ့သတဲ့။

ဒါကြောင့် Christmas သည် ဝမ်းမြောက်စရာ ခရစ်တော်၏ မွေးနေ့ရက်မြတ် ဖြစ်တယ် သမီးလေးရဲ့။

အေဒီ 400 မတိုင်ခင်ကတော့ ခရစ်စမတ်နေ့ကို ဇန်နဝါရီ 6ရက် ၊မတ် 25 ရက်၊ ဒီဇင်ဘာ 25 ရက် စသဖြင့် အသီးသီးကျင်းပခဲ့တယ်လို့ ဒယ်ဒီတို့ စာထဲပေထဲမှာ ဖတ်ရသကွဲ့။

အေဒီ 400 နောက်ပိုင်းမှ ခရစ်စမတ်နေ့ကို ဒီဇင်ဘာ 25 လို့ ပြောင်းလဲ သတ်မှတ်ခဲ့ကြတယ်လေ။

ဒယ်ဒီတို့ ယုံကြည်သူ အားလုံးအတွက် ခရစ်စမတ်ဆိုပြီး၊ ပွဲတွေ လုပ်တာထက် ပျော်တာထက် ဒယ်ဒီတို့ သမီးလေးတို့ နှလုံးသားထဲမှာ ဘုရားသခင်ကို အမှန်တကယ် နေရာပေးပြီး ယုံကြည်ဖို့က ပိုပြီး အရေးကြီးတယ်နော် သမီး ။

တကယ်တော့ ခရစ်မတ်နေ့ဆိုတာက ဒယ်ဒီတို့ လူသားတွေကို ငရဲကျရမဲ့ အပြစ်ကနေ ကယ်တင်ဖို့ ယေရှု့ ကြွဆင်းသောနေ့လို့ နှလုံးသားထဲကနေ ယုံကြည် လက်ခံဖို့ရယ်၊ စိတ်နှလုံးကနေ အကြွင်းမဲ့ လက်ခံဖို့ရယ်က ပိုပြီး အဓိက ကျပါတယ်ကွယ်။ "

မာရီယာ နားလည်လွယ်အောင် ဒယ်ဒီက ဤသို့ပင် စိတ်ရှည်စွာ ရှင်းပြပေးခဲ့သည်။

အသက် ၈နှစ်အရွယ် မာရီယာ၏ အသိဉာဏ်တွင် ဘုရားသခင်၏ ဂုဏ်ကျေးဇူးများကိုလည်း သိမှတ်လွယ်စေခဲ့သည်။

အိပ်၍ မပျော်နိုင်သေးသော မာရီယာကလေးသည် သူမ၏ ဖခင်ဖြစ်သူ ဇော်လွန်း ပြန်အလာကို မျှော်နေရှာ၏။

သူမသည် လက်ဖဝါးနှစ်ဘက်ကို ရင်ဘတ်ပေါ် စုတင်ဆုပ်ကိုင်လိုက်ရင်း၊

ဆုတောင်းနေမိသည်။

ပြန်ရောက်ချိန် ကျော်လွန်နေသော သူမ၏ ဒယ်ဒီအတွက် သူမသည် စိုးရိမ်စ ပြုလာသည်။

ညနေသတင်းတွင်လည်း ယနေ့ည ဆီးနှင်းများ ထူထပ်စွာ ကျရောက်လိမ့်မည်ဟု သတိပေးကြေငြာထားသည် မဟုတ်လား။

"အို အဖဘုရားသခင်.. မာရီယာရဲ့ဒယ်ဒီ အိမ်အပြန်လမ်းကို ဘေးရန်ကင်းကင်းနဲ့ ကောင်းမွန်စွာ ပြန်လာနိုင်ရန် စောင့်ရှောက်ပေးတော်မူပါ ....အာမင်"

........................

၂။

ခရစ်စမတ်နေ့ပင် ဖြစ်လင့်ကစား ဒေါက်တာ ဇော်လွန်းခမျာ ခွင့်ရက် မရခဲ့ချေ။

ဤဆေးရုံငယ်လေး၌ ဒေါက်တာ ဇော်လွန်းသည် ခွဲစိတ် အထူးကု ဆရာဝန် အဖြစ် တာဝန်ယူထားရသောကြောင့် ဖြစ်သည်။

ဒေါက်တာ ဇော်လွန်းသည် လူမှုရေး ပြည့်ဝ၍ အလုပ်အပေါ် တာဝန်ကျေပွန်သော ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ပါ၏။

ယနေ့ ဒေါက်တာ ဇော်လွန်း၏ ဂျုတီချိန်ကျမှ ကံဆိုးစွာဖြင့် ယာဉ်တိမ်းမှောက်မှုကြောင့် ရောက်လာသော အရေးပေါ် လူနာများအား ခွဲစိတ်ကုသ နေရသောကြောင့် အိမ်ပြန်ချိန် နောက်ကျနေခဲ့ရသည်။

ဒေါက်တာ ဇော်လွန်းသည် သူ၏ ဂျုတီချိန် ပြီးသွားသော်လည်း ရောက်လာသည့် လူနာများအပေါ် ဥပက္ခာ မပစ်ထားရက်ပေ။

ကြိုးစားပမ်းစားဖြင့် သူ၏ အလုပ်ကို အကောင်းဆုံး လုပ်ကိုင်ပေးခဲ့၏။

သို့သော် စိတ်မကောင်းစရာ အကြပ်အတည်းတစ်ခုကိုတော့ သူ မရှောင်လွဲနိုင်ခဲ့ချေ။

သူ အရေးတကြီးဖြင့် အရေးပေါ် ခွဲစိတ်ကုသရမည့် လူနာမှာ တပြိုင်နက်တည်း ၂ဦး ဖြစ်နေခဲ့ခြင်း ဖြစ်ပါသည်။

ပထမတစ်ဦးမှာ ကိုယ်ဝန်ဆောင် မိခင် တစ်ဦး ဖြစ်ပြီး ၊ ကျန်တစ်ဦးမှာ ၈နှစ်အရွယ် သမီးလေး မာရီယာနှင့် ရွယ်တူ ကျောင်းသူမလေး တစ်ဦး ဖြစ်နေခဲ့သည်။

ဒေါက်တာ ဇော်လွန်းသည် ထိုလူနာ နှစ်ဦး၏ အသက်ကို အရေးပေါ် ခွဲစိတ်ကုသ၍ ကယ်တင်ရမည် ဖြစ်၏။

သို့သော် သူ့ ခမျာ နှစ်ဦးစလုံးကို တစ်ပြိုက်နက်တည်းတော့ ဘယ်လိုမှ ခွဲစိတ်ကုသရန် မဖြစ်နိုင်။

ဦးစားပေး တစ်ယောက်ကိုတော့ ရွေးချယ် ရတော့မည်။

ဒဏ်ရာများကြောင့် ငြီးငြူ အော်ဟစ်နေရှာသော ကျောင်းသူကလေးမလေးသည် တစ်ချက် တစ်ချက် ဒေါက်တာ ဇော်လွန်းအား ကြည့်နေသလိုပင် ။

ဒေါက်တာ ဇော်လွန်းသည် ဒဏ်ရာများ နှင့် ကျောင်းသူမလေးအား သူသာ ငါ့သမီးလေးဆိုရင် ဟူသော အတွေး ဝင်သွားသည့်အခါ ရင်နင့်နေအောင် ဝမ်းနည်းမှုကို ခံစားလိုက်ရလေတော့သည်။

သို့သော် ဒေါက်တာ ဇော်လွန်းသည် အသက် ၂ သက်ဖြစ်သော ကိုယ်ဝန်နှင့် အမျိုးသမီး လူနာကို ဦးစားပေး ခွဲစိပ်ကုသရန် ရွေးချယ်လိုက်ရသည်။

ကျောင်းသူလေးကိုတော့ မကြာခင် ရောက်လာတော့မည့် လက်ထောက် ခွဲစိပ်ကုသ ဆရာဝန်နှင့် ခွဲစိပ်ကုသရန် လွှဲပေးလိုက်သည်။

ဂျုတီအော့ဖ် နေသော လက်ထောက် ခွဲစိပ်ဆရာဝန်အား ဖုန်းဆက်ခေါ်ထားပြီး ဖြစ်လေ၏။

ခွဲစိပ်ဆောင် (၁)ကို ဒေါက်တာ ဇော်လွန်း ဝင်ရန် ထွက်လာသည့်အခါ ကျောင်းသူမလေး၏ လက်တွန်း လူနာတင် ထော်လီ အနီးမှ ဖြတ်သွားရလေ၏။ ၊

ထိုအခါ ကျောင်းသူမလေးသည် ရုတ်တရက် ဒေါက်တာ ဇော်လွန်း၏ လက်ကို လှမ်းကိုင်လိုက်ပြီး ...

"ဦးဦးဆရာဝန်ကြီး သမီးကို ကယ်ပါနော် ၊ သမီး အရမ်းနာကျင်နေရလို့ပါ ၊ သမီးကို ကယ်ပါ ဦးဦးဆရာဝန်ကြီးရယ် ..."

အားကိုးတကြီးဖြင့် ကြည့်နေရှာသော ကလေးမလေး၏ မျက်ဝန်းများမှာ အားနည်း ဖျော့တော့နေရှာသည်။

ထိုမျက်ဝန်းများကို ဒေါက်တာ ဇော်လွန်း မေ့နိုင်မည် မဟုတ်ချေ။

သို့သော်လည်း...

သူ့ရှေ့မှ ထွက်သွားနှင့်သော လူနာတင် ထော်လီပေါ်တွင် ကိုယ်ဝန်နှင့် အမျိုးသမီး လူနာ ပါသွားပြီ ဖြစ်သည်။

ထိုလူနာတင် ထော်လီသည် ခွဲစိပ်ဆောင် (၁) အခန်းထဲသို့ ဝင်သွားသည်ကို ဒေါက်တာ ဇော်လွန်း မြင်နေရသည်။

အချိန်မှီ ခွဲစိပ်မှသာ မိခင်ရော ကလေးပါ အသက် ချမ်းသာရာ ရမည် ဖြစ်၏။

ထို့ကြောင့် ဒေါက်တာ ဇော်လွန်းသည် စိတ်မကောင်းသော်လည်း ကျောင်းသူလေးကို ဥပက္ခာပြုလိုက်ရလေသည်။

ဒေါက်တာ ဇော်လွန်းသည် စိတ်မကောင်းစွာ ကျောင်းသူမလေး၏ လက်ကို အသာအယာ ဆွဲဖြုတ်၍ ခွဲစိပ်ဆောင်ထဲသို့ အပြေးလေး လိုက်ဝင်သွားလေ၏။

ဒေါက်တာ ဇော်လွန်း ကျောခိုင်း ထွက်ခွာသွားရာနောက်သို့ မမှိတ်မသုန် စိုက်ကြည့်ရင်း ငြီးတွားနာကျင်နေခဲ့သူကတော့ ကျောင်းသူလေးပင် ဖြစ်လေ၏။

သူမအား ထားရစ်ပြီး ထွက်ခွာသွားသည့် ဒေါက်တာ ဇော်လွန်းအား မကျေနပ်သည်လား သို့မဟုတ် နာကျင်လွန်း၍ အံကို ကြိတ်လိုက်သည်လား မသိ။

ကလေးမလေးသည် အံကို တင်းတင်းကြိတ်ကာ မျက်စိကို စုံမှိတ်သွားလေတော့သည်။

ထို မကျေနပ်ချက်အား တမလွန်အထိ ယူမသွားပါစေနဲ့ဟုသာ ဆုတောင်းရပေတော့မည်။

...........................

၃။

ဒေါက်တာ ဇော်လွန်းသည် သူ ခွဲစိပ်ကုသပေးလိုက်သည့် ကိုယ်ဝန်နှင့်မိန်းမမှာ ကလေးရော လူကြီးပါ စိတ်ချရသည့် အနေအထားကို ရောက်သွားပြီမို့ စိတ်ချမ်းသာ ကြည်နူးနေမိသည်။

သို့သော် သူ၏ ကြည်နူးစိတ်လေးမှာ တခဏတာအတွင်း ပျောက်ကွယ်သွားရသည်။

လက်ထောက်ခွဲစိပ်ကု ဆရာဝန်လေးနှင့် လွှဲပေးခဲ့သော ကျောင်းသူ ကလေးမလေး၏ အသက်ကို မကယ်တင်လိုက်နိုင်ကြောင်း သူနာပြုဆရာမလေးများထံမှ တဆင့် ကြားသိလိုက်ရသည့်အခါ လွန်စွာ ဝမ်းနည်းသွားမိသည်။

" ကောင်မလေး မိဘတွေ ဆေးရုံကို ရောက်လာကြတယ်ဆရာ။ သူတို့ သမီးက စာအရမ်းတော်တာတဲ့။ ကြီးလာရင် ခွဲစိပ်အထူးကု ဆရာဝန်မကြီး တစ်ယောက် လုပ်မယ်လို့ အမြဲ ပြောသတဲ့။ ပြီးတော့ တစ်ဦးတည်းသော သမီးတဲ့ဆရာ။ ကလေးမလေး အမေဆိုရင် ငိုရင်း တက်သွားသေးတယ်။ မိဘတွေအတွက်တော့ ရင်ကျိုးစေတဲ့ အဖြစ်ဆိုးကြီးပါပဲ ဆရာရယ်။

လက်ထောက် ဆရာဝန် ဒေါက်တာ ထွန်းသူကလည်း နာရီဝက်လောက် နောက်ကျသွားတယ်လို့ ပြောတယ်။ မြို့ထဲ ကားလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့နေလို့ လို့ ပြောပါတယ်ဆရာ "

ပို၍ ခံစားရသည်က ခွဲစိပ်ကုသမှု နောက်ကျ သွားသည်ဟု သိလိုက်ရခြင်းပင်။

လက်ထောက် ဆရာဝန်သည် ကားလမ်းများ ကြပ်နေခြင်းကြောင့် နောက်ကျသွားခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်လွန်းသည် သူ့ကိုယ်သူ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

သူသာ အချိန်မှီ ခွဲစိပ်ကုသပေးနိုင်ခဲ့လျင် ကျောင်းသူလေး အသက်ရှင်နိုင်မည်ဟု တွေးထင်ထားမိ၍ ဖြစ်သည်။

" ကျောင်းသူလေးရဲ့ အလောင်းကို သူ့မိဘတွေ ပြန်ယူသွားကြပြီလား ဆရာမ "

ဒေါက်တာ ဇော်လွန်း၏ မေးခွန်းကို သူနာပြု ဆရာမလေးက ..

" မနက်ဖြန် မနက်မှ သယ်မယ် ပြောပါတယ်ဆရာ။ အအေးခန်းမှာ ရှိနေတုန်းပဲ ဆရာ"

ဒေါက်တာ ဇော်လွန်းသည် လေးလံသော သက်ပြင်းကို ချ၍ ထိုနေရာမှ ခေါင်းငိုက်စိုက် ထွက်လာခဲ့သည်။

သူ၏ ခြေလှမ်းများက ကျောင်းသူလေး၏ အလောင်း ထားရှိရာ အအေးခန်းကိုသာ ။

ဇော်လွန်း အလောင်း ရှိရာသို့ ရောက်သွားသည့်အခါ အလွန်အံသြနေမိသည်။

ဘာကြောင့်လဲဆိုတော့ ကျောင်းသူလေး၏ မျက်နှာက သူ့အား မကျေနပ်သည့်အလား အံကို တင်းတင်း ကြိတ်ထားသည်ကို မြင်လိုက်ရသောကြောင့်ပင်။

" အော် သနားစရာ ကောင်းလိုက်တဲ့ ကလေးလေးရယ် ။ အန်ကယ် တောင်းပန်ပါတယ်ကွယ် ။ အန်ကယ့်မှာလည်း တခြား ရွေးခြယ်စရာ လမ်းမရှိတော့လို့ပါ။

အန်ကယ့် သမီးလေးဆုံးရှုံးသွားရသလိုပဲ ထပ်တူ ခံစားရပါတယ်။နောင်ဘဝဆိုတာများ ရှိခဲ့ရင် ထပ်တူ အဖြစ်ဆိုးမျိုး မကြုံပါစေနဲ့လို့ပဲ ဘုရားသခင်ထံမှာ ဆုတောင်း ပေးလိုက်ပါတယ်ကွယ်။ သမီးလေး ကောင်းမွန်ရာ ဘုံမှာ အေးချမ်းစွာ အနားယူပါတော့နော် "

ကျောင်းသူလေး၏ အလောင်းကို သူ နောက်ဆုံးအနေဖြင့် ကြည့်လိုက်သည်။

" အိုး ဘုရားသခင် "

ဒေါက်တာ ဇော်လွန်း ထိတ်လန့်စွာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာ သွားမိသည်။အဘယ်ကြောင့်ဆိုသော်...

ကျောင်းသူလေး၏ အလောင်းသည် သူ့အား မကျေမနပ်နှင့် မျက်လုံးများ ဖွင့်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

မျက်လုံးများက အရောင်တဝင်းဝင်း တောက်ပနေသလိုပင်။ဒေါသကြောင့် နီမြန်းနေခြင်းလား။

ထိုတခဏ အတွင်း အအေးခန်းထဲက လျှပ်စစ်မီးချောင်းသည် ဖြတ်ကနဲ ဖြတ်ကနဲ လင်းလိုက် မှိတ်လိုက် ဖြစ်သွားသည်။

စက္ကန့်ပိုင်းမျှ အကြာ၊ မီးချောင်းများ ပုတ်ခတ် ပုတ်ခတ် ဖြစ်ခြင်းသည် ငြိမ်သက်သွား၏။

ကောင်းမွန်ငြိမ်သက်စွာ ပြန်လည် လင်းလာကြ၏။ မီးရောင်က ငြိမ်သက်သွားသည်မို့ ။

သေချာအောင် ဒေါက်တာ ဇော်လွန်း ထပ်မံ၍ အလောင်းအား ကြည့်လိုက်ပြန်သည်။

ဒီတစ်ခါ ကျောင်းသူလေး၏ အလောင်းမှ မျက်လုံးများမှာ မှိတ်လျက်သား တွေ့လိုက်ရပြန်၏။သူ သက်ပြင်းကိုချ၍..

" ဟူး... ငါပဲ အမြင်အာရုံ လွဲမှားတာ နေမှာပါ "

အခန်းသည် သူ ဝင်လာကာစထက် ပို၍ အေးလာသည်ဟု ခံစားလိုက်ရသည်။

အလောင်းများထားရာ အအေးခန်း၏ ငြိမ်သက် တိတ်ဆိတ်မှုသည် သူ၏ တည်ငြိမ်စိတ်ကို အားနည်းလာစေသည်။ထို့ကြောင့် အလောင်းအနီးမှ ပြန်လည် ထွက်ခွာလာခဲ့သည်။

သို့သော် ဒေါက်တာ ဇော်လွန်း၏ အာရုံထဲ၌ အေးစက်စက် နီမြန်းသော ဒေါသမျက်ဝန်းတစ်စုံကိုတော့ ဖျောက်ဖျက်ခြင်းငှာ မစွမ်းသာခဲ့ချေ။

အအေးခန်း အပြင်ဘက်သို့ ရောက်သည့်တိုင် ကျောင်းသူလေး၏ နာကြည်းမုန်းတီးနေသော မျက်လုံးများကို မြင်ယောင်နေဆဲပင်။

.......................

၄။

ဒေါက်တာ ဇော်လွန်းသည် မော်တော်ကားကို ဂရုစိုက် မောင်းနှင်နေရ၏။

ယနေ့မှ ဆီးနှင်းများက ယခင်နေ့များထက် ပိုမို ထူထပ်စွာ ကျဆင်းနေသလား အောက်မေ့မိသည်။

ကားမီးကြီးကို အပြည့် ထွန်းထားပေမယ့် လမ်းကို ကောင်းစွာ မမြင်ရနိုင်လောက်အောင် နှင်းများက ထူထပ်စွာ ကျဆင်းနေခြင်း ဖြစ်ပါသည်။

ရေယက် ဝိုက်ဘာကို အသုံးပြု၍ ကားရှေ့မှန်ပေါ်ကျလာသည့် နှင်းမှုန်များကို ဖယ်ရှားနေရသည်။

သူ၏ နံဘေးက ခုံပေါ်တွင် သမီးငယ် မာရီယာကလေးအတွက် မွှေးပွ အရုပ်ကြီးတစ်ခု ဝယ်လာခဲ့သည်။

သမီးငယ်အတွက် ခရစ်စမတ် လက်ဆောင် ဖြစ်သည်။ အမှန်မှာတော့ ဒေါက်တာ ဇော်လွန်းသည် ဤ အမွှေးပွရုပ်ကို လက်ဆောင်ပေးရန် ရည်ရွယ်ထားခြင်း မရှိချေ။

သမီးငယ် ပူဆာထားသည်က အိမ်မွေး ခွေးအမွှေးစုပ်ဖွား တစ်ကောင်သာ ဖြစ်၏။

သို့သော်လည်း ယနေ့အဖို့ ဒေါက်တာ ဇော်လွန်း အင်မတန် အလုပ်များနေခဲ့သည်မို့ ခွေးတစ်ကောင်အစား အလွယ် ဝယ်၍ ရသော အရုပ်ကိုသာ ဝယ်ခဲ့ခြင်း ဖြစ်ပါသည်။

အရုပ်မှာ ဝက်ဝံရုပ်ဖြစ်ပြီး၊ အရွယ်အစားမှာ ၅နှစ် ၆နှစ်အရွယ် ကလေးငယ်တစ်ဦး၏ တစ်ကိုယ်စာ အရွယ်ပမာဏ ရှိလေ၏။

ကလေးတစ်ယောက် ဘေးခုံမှာ ထိုင်လိုက်လာသည့်နှယ် ခပ်ဆင်ဆင် တူနေလေ၏။

နှင်းမိုးများကြောင့် ဒေါက်တာ ဇော်လွန်း၏ အိမ်အပြန်ခရီးသည် ပိုမို နှောင့်နှေးစေ၏။ကြန့်ကြာစေ၏။

သူ့အား စောင့်ဆိုင်းရင်း အိပ်ပျော်နေမည့် သမီးငယ်လေးအကြောင်း စဉ်းစားမိသည့်အခါတိုင်း ကားလီဗာကို ခပ်ဖွဖွလေး ဖိနင်းလိုက်မိသည်။

လမ်းခရီးတွင် ကားအသွားအလာ ရှင်းသလောက်ပင်။ပိန်းပိတ်အောင် ကျနေသည့် နှင်းများကြောင့် အချို့ကားများမှာ ကားလမ်းမ နံဘေး ချရပ်ကာ စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့ရသည်။

ဒေါက်တာ ဇော်လွန်းသည် သမီးငယ် မာရီယာအား ပေးမည့် ခရစ်စမတ်လက်ဆောင်ကို မကြာခဏ ငဲ့စောင်း ကြည့်ရင်း ကားကို မောင်းလာခြင်း ဖြစ်သည်။

ထိုသို့ လှည့်ကြည့်မိလေတိုင်း မွှေးပွရုပ်လေးသည် လူတစ်ယောက် ထိုင်လိုက်လာသကဲ့သို့ သက်ဝင်ခံစားမိနေ၏။

ထိုသောအခါ ဒေါက်တာ ဇော်လွန်းခမျာ ကြက်သီးမွှေးညင်းများ ထောင်ထသွားလေ၏။

ကားထဲတွင် ခရစ်စမတ်သီချင်းသံများခပ်တိုးတိုးလေး ပျံ့လွင့်နေပါသည်။

ဒေါက်တာ ဇော်လွန်းသည် ကားမောင်းသည့်အခါတိုင်း ဤသို့ပင် ရေဒီယိုကို ဖွင့်မောင်းတတ်စမြဲ ဖြစ်လေ၏။

ဒေါက်တာ ဇော်လွန်းသည် နံဘေးခုံက ဝက်ဝံရုပ်ကို လက်တစ်ဖက်ဖြင့် စမ်းကိုင် လိုက်သည်။ပြီးနောက် သက်ပြင်းကို ချပြန်၏။

သူ ဝယ်လာသော မွှေးပွ ဝက်ဝံရုပ်ကို သမီးငယ် အကြိုက်တွေ့ပါ့မလားဟု ဒေါက်တာ ဇော်လွန်း တွေးပူနေခြင်း ဖြစ်လိမ့်မည်။

တဖြေးဖြေး မောင်းလာလိုက်တာ ဒေါက်တာ ဇော်လွန်း၏ ကားလေးသည် မြို့ထွက်က ထင်းရှုးတောလမ်းလေးပေါ်သို့ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။

နှင်းမိုးကား တဖြေးဖြေး စဲသွားခဲ့လေပြီ။လမ်းမကို ကားမီးရောင်ဖြင့် ကောင်းစွာ မြင်ရပြီ ဖြစ်၏။

နိုင်လွန်ကတ္တရာလမ်းမကြီးသည် နှင်းများဖြင့် စိုရွဲ တောက်ပြောင် နက်မှောင်နေလေ၏။

ကားမီးရောင်ဖြင့် မြင်နေရသော လမ်းနံဘေးက ထင်းရှုးပင် ထိုးထိုးထောင်ထောင်ကြီးတွေက ယနေ့ညမှ မသတီစဖွယ် ကောင်းနေတော့သည်။

ပြန့်ကားယား ရှိနေသည့် အကိုင်းလက်တွေက တစ္ဆေတစ်ကောင်၏ လက်သည်းချွန်များပမာ။

သူကားတစ်စီးမှ လွဲ၍ လမ်းမပေါ်တွင် မည်သည့်ယာဉ်မျှ အသွားအလာ မရှိချေ။

အပြင်ဘက်တွင် ကားဘီးတာယာနှင့် ကတ္တရာလမ်း ပွတ်တိုက်သံ မှတစ်ပါး ဘာကိုမျှ မကြားရ။

ထိုအခိုက် ဖွင့်ထားသော ကားရေဒီယိုသံသည် ထူးဆန်းစွာ ရပ်တန့်သွားသည်။ဒေါက်တာ ဇော်လွန်းသည် အမှတ်တမဲ့ ကားရေဒီယိုဘက်သို့ မျက်လုံးဝေ့ကြည့်လိုက်သည်။

ရေဒီယို ခလုပ်မှာ ဖွင့်ထားမြဲ ဖြစ်နေသည်ကို တွေ့ရသည်။ ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးခဲ့ချေ။

သူ ရေဒီယိုကို လက်ဖြင့် နှစ်ချက်သုံးချက် အသာအယာ ပုတ်လိုက်သည်။

" ရှဲ... ရှဲ ...ရှဲ "

လေလှိုင်းသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပြီးနောက်...

" ဂျစ်.. ဂျစ် ...ဂျစ် "

တဂျစ်ဂျစ်နှင့် မြည်ဟီးလာသည်မှာ ယခုပင် ပေါက်ကွဲတော့မည်ဟန်ပင်။

ဒေါက်တာ ဇော်လွန်းသည် ရေဒီယိုက ဗော်လူး(အသံခလုပ်)ကို အမြန် လျော့ချလိုက်ရသည်။

တဂျစ်ဂျစ် အသံ ပျောက်သွား၏။သို့သော်...စက္ကန့်ပိုင်းလေးခန့်အကြာ၊

" အား အံမယ်လေး ...ကယ်ပါအုံး "

နာကျင်သံများ၊ အကူအညီ တောင်းခံသည့် အသံများ ဆူညံ ရောပြွမ်းစွာ ထွက်ပေါ်လာပြန်သည်။

ဒေါက်တာ ဇော်လွန်း အံဩထိတ်လန့်သွားသည်။ သူ ဒီလို တစ်ခါမှ မကြုံဖူးခဲ့သည်မှာ အမှန်ပင်။

ရေဒီယိုမှ ရောပြွမ်းနေသော အသံများ ဆူညံစွာ ထွက်ပေါ်လာပြီး တိကနဲ ရပ်တန့်ကာ ငြိမ်သက်သွားပြန်သည်။

တစ်ခါ ထွက်ပေါ်လာပြန်၏။

" ဗျစ် ဗျစ် ဗျစ် ရှဲ ရှဲ "

မသဲမကွဲ ထိုအသံများ အဆုံး၌ ကလေးသံဟုထင်ရသော အသံတစ်ခု ခပ်တိုးတိုးလေး ထွက်ပေါ်လာသည်။

" သမီးကို ကယ်ပါ ၊ သမီးကို အသက်ရှင်ခွင့်ပေးပါ ဦးဦးဆရာဝန်ကြီးရယ် ......"

ထိုအသံကို ကြားလိုက်ရသည့်အခါ ဒေါက်တာ ဇော်လွန်းသည် အလွန်ပင် သွေးပျက် ချောက်ချား ထိတ်လန့် သွားတော့သည်။

ယင်းအသံသည် သူ ဆေးရုံပေါ်မှာ ကြားခဲ့ရသော ကျောင်းသူလေး၏ အသံပင် မဟုတ်လော။

" ကျွီ အီ အီ "

ကားဘရိတ်ကို အမြန် နင်းချ လိုက်သည်။ ကားသည် ကတ္တရာလမ်းပေါ် ရပ်တန့်သွား၏။

ဒေါက်တာ ဇော်လွန်းသည် သူ့ဘေးက တံခါးကို အမြန်ဖွင့်၍ အောက်သို့ ဆင်းရန် ကြိုးစားလိုက်သည်။

သို့သော် တံခါးလော့သည် ထူးဆန်းစွာ ကျနေ၏။ ဘယ်လိုဖွင့်ဖွင့် မပွင့်ချေ။

" သမီး ဆရာဝန်ကြီး အရမ်း ဖြစ်ချင်တယ် ..."

" သမီး အခု မသေချင်သေးဘူး "

" သမီးကို ကယ်ပေးပါနော် ...."

အသံတွေက သူ့နားထဲကို ဆက်တိုက် ဝင်ရောက်လာကြသည်။

ယခုအခါ အသံများက ရေဒီယိုထဲက ထွက်ပေါ်လာခြင်း မဟုတ်တော့ပေ။သူ၏ ဘယ်ဘက် ထိုင်ခုံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်လွန်းသည် ကြောက်လန့်တကြား ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။

ဘေးခုံပေါ်တွင် သူ ဝယ်ယူလာခဲ့သော မွှေးပွ ဝက်ဝံရုပ်ကြီး မရှိတော့ပဲ၊ ထိုနေရာတွင် သွေးများ မြင်မကောင်းအောင် စိုရွှဲနေသော ဒဏ်ရာ ဗလပွနှင့် ကျောင်းသူ ကောင်မလေးကို ထိုင်လျက်သား တွေ့လိုက်ရလေတော့သည်။

ကောင်မလေးသည် နီရဲနေသော မျက်လုံးအစုံဖြင့် သူ့အား ဒေါသတကြီး ကြည့်နေသည်။

ဒီမျက်လုံးတွေကို အအေးတိုက်ထဲတွင် သူ မြင်ခဲ့ဖူးခဲ့သည်။

ကြောက်မက်ဖွယ်ရာ အေးစက်စက် ဒေါသမျက်လုံးများ ဖြစ်၏။ဘယ်အချိန် ဘာထလုပ်လိုက်မည် မသိနိုင်သော မျက်လုံးများဖြစ်သည်။

သူ အသံကုန် ဟစ်အော်လိုက်မိသည်။

" အား....."

ဒေါက်တာ ဇော်လွန်းသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံထိတ်လန့်သွားသည်။

ကြောက်စိတ်ဖြင့် သူ၏ နံဘေးက တံခါးကို ကိုယ်စောင်းတိုက် ဖွင့်လိုက်သည်။

ဝုန်းကနဲ တံခါးက ပွင့်သွားလေ၏။

သူ ကားပေါ်က ဆင်းရန် ခြေကို အပြင်ဘက်သို့ ချလိုက်သည်။ သို့သော် သူ၏ ကိုယ်ကို နောက်မှ ဆွဲထားသကဲ့သို့ လေးလံနေစေ၏။

မည်သို့ အားယူကာ ကုန်းရုန်း ထပါသော်လည်း သူ၏ ကိုယ်မှာ ထိုင်ခုံမှ မကြွ။ အပြင်သို့ လုံးဝ ထွက်မရချေ။

ထိုအခိုက် သူ၏ မျက်လုံးထဲသို့ ကားမီးရောင်ကြီးတစ်ခု လင်းကနဲ ပြေးကပ်လာသည်ဟု ထင်လိုက်သည်။

" ပွမ် ပွမ် ....."

အဲယားဟွန်းသံ အကျယ်ကြီးလည်း ထွက်ပေါ်လာ၏။

ကတ္တရာလမ်းမပေါ် ရပ်ထားသည့် သူ၏ မော်တော်ကားထံသို့ ဆယ်နှစ်ဘီး ကုန်တင်ကားကြီးတစ်စီးသည် အနောက်မှ တည့်တည့်ကြီး အရှိန်ဟုန် ခပ်ပြင်းပြင်း မောင်းနှင်လာသည်ကို မြင်တွေ့လိုက်ရသည်။

" အိုး ! ဂျီးဆပ်...ဘုရားသခင် ကယ်တော်မူပါ "

သူ နောက်ဆုံးတွင် ဘုရားသခင်အား တလိုက်မိသည်။ဘုရားသခင်ထံ သူ၏ ကိုယ်အား အကြွင်းမဲ့ ယုံကြည်အပ်နှံလိုက်လေတော့သည်။

......................

၅။

မာရီယာသည် အိပ်ပျော်သည်လား။ နိုးနေသည်လား မသိတတ်နိုင်အောင် ဖြစ်နေသည်။

သူမသည် ယခုအခါ အိပ်ယာပေါ်၌ မဟုတ်တော့ချေ။

ကြိုးတံတားလေး တစ်ခုပေါ် သူမ တစ်ယောက်တည်း ရောက်နေပါ၏။

ကြိုးတံတားလေးကို ရောင်စုံမီးများဖြင့် အလှဆင်ထားသည်ကို တွေ့နေရ၏။

သူမသည် ကြိုးတံတား၏ အလယ်လောက်မှာ တစ်ယောက်တည်း မတ်တတ် ရပ်နေခြင်း ဖြစ်သည်။

ကြိုးတံတားအောက်ခြေကို သူမ ငုံ့ကြည့်သည်။မှောင်မည်း နေပါသည်။ အခြေကို မမြင်ရချေ။

ထိုအခိုက် တံတား၏ တစ်ဖက်စွန်းသို့ စွပ်ဖား လှည်းတစ်စီး ငြိမ့်ကနဲ ဆိုက်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုစွပ်ဖားလှည်းသည် မည်သည့်အရပ်မှ သက်ဆင်းလာသည်ကိုတော့ မာရီယာ မမြင်တွေ့လိုက်ရချေ။

သူမ စိတ်ထဲ ကောင်းကင်က ဆင်းသက်လာသည်ဟုပင် ထင်မှတ်လိုက်သည်။

စွပ်ဖားလှည်းပေါ်မှ ပုပု ဝဝ မုတ်ဆိတ်ဖြူ ရှည်ကြီးနှင့် လူတစ်ဦး ဆင်းလာသည်။ထိုလူသည် အနီရောင် သိုးမွှေးဝတ်စုံကို ဝတ်ဆင်ထားပါ၏။

ထိုလူကြီးသည် ကြိုးတံတားပေါ်သို့ လျှောက်လှမ်းလာသည်။

ပုပု ဝဝ ဂင်တိုတိုနှင့် ထိုလူကြီး ကြိုးတံတားပေါ် လမ်းလျှောက်လာပုံမှာ ရယ်စရာပင် ကောင်းနေတော့သည်။

အနီးကပ်လာလေမှ ထိုလူကြီးသည် ရှည်မျောမျော အိပ်ကြီးတစ်လုံးကို နောက်ကျော၌ လွယ်ပိုးလာမှန်း မာရီယာ သတိထားမိသွားသည်။

ထိုလူကြီးကို မာရီယာလေးသည် ကောင်းစွာ သိပါ၏။ ထိုလူကြီးသည် မာရီယာတို့ ကလေးများရဲ့ အိပ်မက်ထဲမှာ အမြဲတစေ စိုးမိုးထားသော ခရစ်စမတ်ဘိုးဘိုးကြီး ခေါ် စန်တာကလော့စ်ပင် ဖြစ်လေ၏။

စန်တာကလော့စ်သည် သူမအား နှစ်လိုဖွယ် ပြုံးပြရင်း ၊

" မယ်ရီ ခရစ်စမတ် "

မာရီယာလည်း ပြန်လည် နုတ်ဆက်လိုက်သည်။

" မယ်ရီ ခရစ်စမတ် စန်တာ "

" ကလေးမ ခုချိန်ထိ မအိပ်သေးပဲ ဘာကို စောင့်နေတာလဲကွယ့် "

" သမီးရဲ့ ဒယ်ဒီ ပြန်အလာကို စောင့်နေတာပါ စန်တာ ၊ ဒယ်ဒီ ပြန်လာရင် သမီးအတွက် ခရစ်စမတ် လက်ဆောင် ပါလာမယ်လို့ ဖုန်းဆက်ထားတယ်လေ"

" အိုး .. ဘေဘီရယ်။ အပြင်မှာ အရမ်း အေးတယ်မဟုတ်လား။ အိမ်ထဲမှာပဲ နွေးနွေးထွေးထွေး စောင့်နေရောပေါ့ကွယ် "

မာရီယာလေးသည် စန်တာကလော့စ်၏ စကားကို ဤသို့ သွက်လက်စွာ ပြန်လည် ဖြေကြားလိုက်သည်။

" ဟုတ်တယ် စန်တာ ၊ အပြင်မှာ အရမ်း အေးတာပဲနော် ။ သမီးရဲ့ ဒယ်ဒီလည်း ချမ်းနေမယ် ထင်တယ်။ သူ မြန်မြန် အိမ်ပြန်ရောက်ပါစေလို့ သမီးနဲ့အတူ ဘုရားသခင်ဆီမှာ ကူပြီး ဆုတောင်းပေးပါလား စန်တာ "

စန်တာကလော့စ်သည် အလွန် သွက်လက်ချက်ချာ၍ ဖခင်အား ချစ်ခင်မြတ်နိုးစွာ စောင့်မျှော်နေသော မာရီယာလေးအား အရမ်းသဘောကျ သွားဟန်တူသည်။

"ဟားဟားဟား .. ချစ်စရာ အရမ်းကောင်းတဲ့ ဘေဘီလေးရယ် ၊ ကောင်းပါပြီကွယ် ၊ စန်တာလည်း မင်းနဲ့အတူ ဘုရားသခင် ထံမှာ ကူပြီး ဆုတောင်းပေးပါ့မယ် ၊ ဆုမတောင်းခင် တစ်ခုလောက် မေးပါရစေဦး ၊

သမီးလေး ခုချိန်မှာ ဘာကို အလိုချင်ဆုံးလဲ ။ စန်တာ.. ကလေးရဲ့ စိတ်ကို ဖတ်ကြည့်ရသလောက်တော့ ဘေဘီလေးက မွှေးပွ ခွေးလေးတစ်ကောင် လိုချင်ပုံရတယ် ။

ဘေဘီလေး လိုချင်ရင် ဟောဒီ ခရစ်စမတ်မှာ စန်တာက ဘေဘီလေးရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးမယ်လေ "

မာရီယာသည် စန်တာ၏ စကားကို ကြားစ၌ အလွန်ပျော်ရွှင်သွားသည်။ သို့သော် သူမ၏ ဖခင်က ပေးလာမည့် လက်ဆောင်ကို ဦးစွာ ရချင်သူမို့ ၊

" သေချာပါတယ် စန်တာရယ်၊ သမီးရဲ့ ဒယ်ဒီဟာ သမီး အလိုချင်ဆုံး အရာကို အမြဲ ဖြည့်ဆည်း ပေးတတ်တယ်လေ။

ဒါကြောင့် ဒယ်ဒီ ပြန်လာရင် သမီးအတွက် ချစ်စရာ အရမ်းကောင်းတဲ့ အမွှေးစုပ်ဖွား ခွေးလေးတစ်ကောင် ပါလာမှာပါ။ ဒါကြောင့် စန်တာ့ ဆီက မယူတော့ပါဘူး။ သမီးကို ပေးမယ့်လက်ဆောင်ကို တခြား လိုအပ်နေတဲ့သူကိုပဲ ပေးလိုက်ပါနော် ။ ခုချိန်မှာ သမီး အလိုချင်ဆုံး၊ အတောင့်တဆုံးက သမီးရဲ့ ဒယ်ဒီပါပဲ "

စန်တာကလော့စ်သည် နှစ်ခြိုက်စွာ ပြုံးရင်း မာရီယာလေး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်လိုက်သည်။

" သမီး အလိုချင်ဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်း ပေးဖို့ စန်တာ အရောက်လာခဲ့တာပဲကွယ် ။ အဖေကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ သမီးရဲ့ ဆန္ဒ ပြည့်ပါစေကွယ်။ သမီးလေးရဲ့ ဖေဖေ မကြာခင် ပြန်ရောက်လာပါစေကွယ် "

စန်တာသည် မာရီယာ၏ ဆုတောင်းကို ကူညီ ဆုတောင်း ပေးကာ ပြန်လည် ထွက်ခွာ သွားသည်။

စန်တာကလော့စ်၏ အပြန် ခရီးကို မာရီယာလေးသည် အစအဆုံး ငေးကြည့်နေမိသည်။

စန်တာသည် စွပ်ဖားပေါ် ရောက်သည့်အခါ မာရီယာဘက်သို့ လှည့်၍ လက်ပြ နုတ်ဆက်၏။

ပြီးနောက် စွပ်ဖားလှည်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

...................

၆။

" ခင်ဗျား ကံကောင်းသလို ၊ ကျနော်လည်း ကံကောင်းတယ် ဆိုရမှာပဲ ။ ခရစ်စမတ် နေ့လို နေ့ထူးနေ့မြတ်မှာ အဖြစ်ဆိုးကို ရှောင်လွဲနိုင်ခဲ့လို့သာပေါ့ "

ဒေါက်တာ ဇော်လွန်း၏ ပခုန်းကို ပုတ်ကာ ဆယ့်နှစ်ဘီး ကားဆရာက ပြောနေခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်လွန်းက ...

" ကျနော်က ကားကို လမ်းမပေါ် တမင် ရပ်ထားတာ မဟုတ်ပါဘူး။ ကျနော် ကြုံတွေ့ခဲ့ရတာကို ပြောပြလည်း ခင်ဗျား ယုံနိုင်မယ် မထင်ဘူး ။ ကျနော့်ဘဝမှာ တစ်ခါမှ မကြုံစဖူး တကယ်ကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရတာပါဗျာ "

" ခင်များ ကားပေါ် ဘာတွေ ကြုံတွေ့ခဲ့ရသလဲတော့ မသိဘူး ကိုယ့်ဆရာရေ။ ကျနော်ကတော့ ဘယ်တော့မှ မမေ့နိုင်မယ့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရလို့ ကားကို ဘရိတ် ဆောင့်နင်း ပစ်လိုက်ရတာဗျ ..."

"ဟင်! ခင်များလည်း မြင်လိုက်တယ်ပေါ့ "

ဒေါက်တာ ဇော်လွန်းက သူ့ကားပေါ် ပါလာသော သရဲမအား ဆယ့်နှစ်ဘီး ကားဆရာပါ မြင်လိုက်ရသည်ဟု ထင်သွား၍ မေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ကားဆရာ၏ အဖြေကို ကြားလိုက်ရသည့်အခါမှ သူ ပိုမို အံဩသွားလေတော့သည်။

" မြင်လိုက်တာပေါ့ ဆရာသမားရယ်။

အဲ့ဒါကြောင့် ကျနော့်ကားကို ကမန်းကတန်း ဘရိတ်အုပ်လိုက်တာလေ။

ခင်များရဲ့ကားကို ကျနော် မြင်လို့ ဘရိတ်အုပ်လိုက်တာမဟုတ်ဘူးဗျ။

ခင်များကား နဲ့ ကျနော့်ကား အကြားကို စွပ်ဖားလှည်းတစ်စီး ကန့်လန့်ဖြတ် မောင်းဝင်လာတာကို ကျနော် ကောင်းကောင်းကြီး မြင်လိုက်ရတယ်။

စွပ်ဖားလှည်းက မြန်လိုက်တာဗျာ။ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတဲ့အတိုင်းပဲ ။ အဲ့ဒီ စွပ်ဖားလှည်းကို တိုက်မိပြီလို့ကို ထင်မိတာ။ အရမ်း နီးကပ်နေပြီလေ။ ကျနော်လည်း မျက်စိကို စုံမှိတ်ပြီး ဘရိတ်အုပ်လိုက်တာပေါ့။

မျက်စိ ပြန်ဖွင့်ကြည့်တော့ ကျနော် မြင်လိုက်တဲ့ စွပ်ဖားလှည်းကို မတွေ့ရတော့ဘူး။ ခင်များ ကားကိုပဲ တွေ့ရတယ်။ ဘာပြောပြောဗျာ ။ ဒီကနေ့ညတော့ ကျနော်တို့ ၂ယောက်စလုံးကို ဘုရားသခင်က ကယ်တင်စောင့်ရှောက်လိုက်တာပါပဲ။

ဒေါက်တာ ဇော်လွန်း လွန်စွာ အံဩနေမိသည်။ယနေ့ညသည် သူ့ဘဝတွင် ထူးဆန်းမှုများ ဆက်တိုက် ကြုံတွေ့နေရသည်မဟုတ်လား။

ဆယ့်နှစ်ဘီး ကားဆရာက ဒေါက်တာ ဇော်လွန်း၏ ကားထဲကို လှမ်းကြည့်လိုက်ပြီး ...။

" ဟာ ခင်များကားထဲမှာ ကျနော့်သမီလေး အရမ်းလိုချင်နေတဲ့ ဝက်ဝံ မွှေးပွရုပ်ကြီးပါလား ။

ဟူး...ကျနော် အိမ်ပြန်ရောက်ရင် သမီးကတော့ စိတ်ကောက်တော့မှာပဲ။ခရစ်စမတ်ညကျရင် ကျနော် သူ့အတွက် ဝက်ဝံမွှေးပွရုပ်ကြီး လက်ဆောင်ပေးမယ်လို့ ကတိပေးထားတာဗျ "

ဒေါက်တာ ဇော်လွန်းသည် မွှေးပွဝက်ဝံရုပ်ကြီးကို လိုချင်မက်မောစွာ ကြည့်နေသော ဆယ့်နှစ်ဘီးကားဆရာအား သနားသွားသည်။

သူလည်း သူ့သမီးရဲ့ လိုအင်ဆန္ဒကို ဒီလို ညမျိုးမှာ ဖြည့်ဆည်းပေးချင်မှာပေါ့လေဟု ကိုယ်ချင်းစာ တွေးမိကာ၊ ကားတံခါးကို ဖွင့်၍ ဝက်ဝံရုပ်ကို ယူလိုက်ပြီး၊

" ရော့ ကားဆရာကြီး ၊ ဒီ ဝက်ဝံရုပ်ကြီးကို ခင်ဗျားသမီးအတွက် ယူသွားလိုက်ပါ။ ခင်များက မြို့ကို တစ်ခေါက် တစ်ခေါက် လာဖို့က လွယ်မယ်မထင်ဘူး။ကျနော်က မြို့နဲ့ နီးတော့ ဝယ်ရလွယ်ပါတယ်ဗျာ "

ကားဆရာသည် ဒေါက်တာ့အား မယုံနိုင်သလို ကြည့်ရင်း ...။

" ဟာ...ခင်ဗျား တကယ် ပေးတာလား "

ဒေါက်တာ ဇော်လွန်းသည် ရယ်ပြကာ ခေါင်းကို ငြိမ့်လိုက်သည်။

ကားဆရာသည် တုန်ရင်စွာဖြင့် ကျေးဇူးတင်စကားကို အကြိမ်ကြိမ် ပြောလေ၏။သူ တကယ် ဝမ်းသာနေကြောင်း မြင်ရုံနဲ့ သိနိုင်လေ၏။

သို့ဖြင့် ဒေါက်တာ ဇော်လွန်း နှင့် ကားဆရာတို့သည် အချင်းချင်း အပြန် အလှန် နုတ်ဆက်စကား ပြော၍ ကိုယ့်ကားပေါ် ကိုယ်တက်ကြလေသည်။

သူတို့ နှစ်ယောက် ခရီးဆက်ကြရဦးမည်မဟုတ်လား ။

မွှေးပွ ဝက်ဝံရုပ်ကြီးကို အမြတ်တနိုး ကိုင်ဆောင်သွားသော ဆယ့်နှစ်ဘီးကားဆရာကို ကားပေါ်တက်သည်အထိ ဒေါက်တာ ဇော်လွန်း ကြည့်နေမိသည်။

ကားဆရာ ကားပေါ် ရောက်သွားမှ၊ ဒေါက်တာ ဇော်လွန်းသည် သူ့ကားပေါ်သို့ တက်ကာ ကားစက်ကို နှိုးလိုက်လေသည်။

" ဝူး ..."

ကား စက်နိုးသွားလေပြီ။ ဒေါက်တာသည် ထိုနေရာမှ ထွက်ခွာရန် လီဗာကို နင်းမည်ပြုမှ ၊ နောက်က ဆယ့်နှစ်ဘီးကားမီးသည် တဖျပ်ဖျပ်နဲ့ အချက်ပြ မီးတောက်နေ၏။

သို့ကြောင့် ဒေါက်တာ ဇော်လွန်းသည် ကားကို မမောင်းသေးပဲ ၊ စောင့်နေလိုက်သည်။

ဆယ့်နှစ်ဘီးကားဆရာသည် တစုံတရာကို ပွေ့ချီလာပြီး ၊ သူ့ ကားအနီးသို့ ပြေးလာသည်ကို မြင်တွေ့လိုက်ရသည်။

ကားဆရာ သူ့ အနီးသို့ ရောက်လာ၏။

" ကျနော့်ကို မွှေးပွအရုပ် လက်ဆောင် ပေးလို့ အရမ်း ကျေးဇူးတင်ပါတယ်။

ကျနော်လည်း ခင်များကို ခရစ်စမတ်လက်ဆောင် တစ်ခု ပြန်ပေးလိုက်ပါရစေ "

ဆယ့်နှစ်ဘီးကားဆရာသည် အဝတ်ဖြင့် ပတ်ထားသော အရာတစ်ခုကို သူ့အား အတင်း ထိုးပေးနေသည်။

အဝတ်အောက်မှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့။

သူ အားနာစွာ လက်သင့်ခံလိုက်သည်။ အဝတ်စကို ဖယ်လိုက်သည့်အခါ

လှုပ်တုပ် လှုပ်တုပ် ဖြစ်နေသော အမွှေးစုပ်ဖွား ခွေးလေး တစ်ကောင် ဖြစ်နေသည်။

" အို့ အိုး ဘုရားသခင် ၊ အံဩစရာပါလား"

ဒါ ဒါ ဖြစ်နိုင်ပါ့မလား။ သမီးငယ် မာရီယာ အလိုချင်ဆုံး ခွေးလေးတစ်ကောင်။ ဒါဟာ ဘုရားသခင်ရဲ့ ပြည့်စုံသော ဂရုဏာတော်လား။

ဒေါက်တာ ဇော်လွန်း က ကားဆရာကို ကျေးဇူးတင် စကား ပြောရန် မော့ကြည့်လိုက်သည်။ မရှိတော့ချေ။ ဘယ်ချိန်က ထွက်သွားသည် မသိ။

ကားဆရာသည် သူ၏ လက်ဆောင်ကို ဒေါက်တာ ဇော်လွန်း လက်သင့် မခံမည်စိုး၍ ပေးပြီး တခါတည်း ထွက်သွားခဲ့ပုံရသည်။

"တီ တီ ပွမ် "

ဒေါက်တာ ဇော်လွန်း၏ ကားနံဘေးမှ ဆယ့်နှစ်ဘီးကားကြီး ဖြတ်ကျော်သွားသည်။ ဒေါက်တာ ဇော်လွန်းအား ဟွန်းတီး၍ နုတ်ဆက်သွားလေသည်။

ဒေါက်တာ ဇော်လွန်းသည် ခွေးလေးကို အသာအယာ ထွေးပွေ့ရင်း သူ အိမ်ပြန်လာမည့် အချိန်ကို စောင့်မျှော်နေမည့် သမီးလေး မာရီယာကို ပြေးမြင်လိုက်သည်။

အိမ်ရောက်လျင် သမီးငယ်အား နှိုး၍

ပြောပြရဦးမည်။

" ဒီချစ်စရာကောင်းတဲ့ ခွေးလေးက သမီးလေးအတွက် ဘုရားသခင်က ပေးတဲ့ ခရစ်စမတ်လက်ဆောင်ပေါ့ကွယ်"

ပြီးပါပြီ။

PePe

ပီပီ(မန္တလေး)

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..