နေစရာပေးပါ
lotaya.mpt.com.mm
|
2021-01-01

၁။

ကျီတော်ကန်ရွာ။

နွေနေ့လယ်ခင်းတစ်ခု၌ လက်သမားဆရာ ကိုဘဆောင်တစ်ယောက် နေ့လယ်စာ စားပြီး ခြံဝိုင်းထဲရှိ ကုက္ကိုပင်ကြီးအောက် ကွပ်ပြစ်ပေါ်တွင် လှဲလျောင်း ထမင်းလုံးစီကာ စည်းစိမ်ရစ်နေပါ၏။

အနီးနားက တွေ့ရသော မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ဟိုဟိုဒီဒီ လှန်လှော် ဖတ်ရှု့နေချိန်၌...

" ဗျို့ ကိုဘဆောင် ကိုဘဆောင် "

ကွပ်ပြစ်ပေါ်လှဲလျောင်းရင်း ရွှေအမြုတေ မဂ္ဂဇင်းစာအုပ်အဟောင်း တစ်အုပ်ကို ဖတ်နေသူ ကိုဘဆောင်သည် အိမ်ရှေ့က အော်ဟစ်ခေါ်နေသံကြောင့် လူးလဲ ထလိုက်ပြီး ၊ ခြံဝကို လှမ်းကြည့်လိုက်ပါသည်။

ရွာလူကြီး၏ လက်စွဲတော် ဆယ်အိမ်ခေါင်း ကိုဦး အား တွေ့လိုက်ရ၏။

" ဗျာ ရှိတယ် ကိုဦးရေ ၊ လာဗျို့ "

ဝါးခမောက်ကို ခေါင်းပေါ်က ချွတ်ယူ ယပ်ခပ်ရင်း ကိုဦးသည် ကိုဘဆောင်၏ ခြံဝိုင်းထဲသို့ ဝင်လာ၏။

" လာ ထိုင်ဗျာ ကိုဦး ၊ အခါးရေလေး သောက်ပါဦး "

ကိုဦးက လွတ်နေသော ကွပ်ပြစ်အစွန်းမှာ တင်ပလွဲ ဝင်ထိုင်လိုက်၏။၊တပေါင်းလ နေ၏ အပူအောက်က ဖြတ်လျှောက်လာသူ ကိုဦးသည် အပူဒဏ်ကို ငြီးငြူလိုက်သည်။

" ဟူး ပူလိုက်တာ လွန်ပါရော ၊ နေပြင်းချိန်မှ ထွက်လာမိတယ်ဗျာ "

ကိုဦးသည် ကိုဘဆောင် ဌဲ့ပေးသော ရေနွေးကြမ်းကို အနည်းငယ် အာဆွတ်ရုံမျ ငုံလိုက်ပြီး ၊

" နက်ဖြန် ကိုဘဆောင်တို့ အဖွဲ့ အားလားဗျ ၊ ရွာလူကြီးက စာသင်ကျောင်းဝင်းထဲကို ရှင်းချင်လို့တဲ့ ။ ပြီးတော့ လေပြင်းတိုက်လို့ လန်ကျသွားတဲ့ ကျောင်းဆောင်က အမိုးသွပ်ပြားတွေကိုလဲ အသစ်လဲမယ်တဲ့ ။ ကိုဘဆောင်တို့ လက်သမားအဖွဲ့က တက်ညီလက်ညီရှိတာ့ ရွာလူကြီးက ကိုဘဆောင်ကိုပဲ တာဝန်ပေးချင်တယ်လို့ အပြောခိုင်းလို့ ကျုပ်လာပြောတာ ၊ အဖိုးအခကိုလည်း တန်ကြေးတောင်းပါတဲ့ ။ ရွာရံပုံငွေက ထုတ်သုံးရမှာမို့ပါတဲ့ "

လက်သမားဆရာ ကိုဘဆောင်က ခေါင်းညိမ့်၏။ ကျောင်းဝင်းအတွင်း လေးပြင်းကြောင့် သစ်ပင်အချို့ ကျိုးကျကုန်သည့်အပြင် စာသင်ဆောင်မှ အမိုးသွပ်ပြားများလည်း ပြုတ်ထွက် လွင့်စင်ကုန်သည်ကို သိထား၏။

ကျောင်းဝင်း တစ်ဝင်းလုံး ရှင်းရမည်ဆိုလျင် အချိန် ယူရမည်ဖြစ်၏။

" ဟာ ကိုယ့်ရွာက စာသင်ကျောင်း ကိစ္စပဲ ၊ အဖိုးအခရယ် သဘောမထားပါဘူး ။ နေ့စားခသဘောမျိုး နေ့တွက်သာ ပေးပါလို့ ရွာလူကြီးကို ပြောလိုက်ပါ ကိုဦးရယ် ။ ကျုပ်လူ ၇ယောက်နဲ့ ပြီးအောင် လုပ်ပေးပါ့မယ်။ အလွန်ကြာ ၃ရက်ပေါ့ "

" ဒါဆိုလည်း ကောင်းပါလေ့ဗျာ။ မနက်ဖြန် စပြီး အလုပ်ဆင်းပေးနိုင်မယ်မဟုတ်လား ကိုဘဆောင်။ ကျုပ် ရွာလူကြီး ဦးဘစီကို မနက်ဖြန် စဆင်းမယ်လို့ ပြောထားလိုက်တော့မယ် "

" ဟုတ်ကဲ့ ကိုဦး ။ မနက်ဖြန် ကျုပ်တို့အဖွဲ့ စဆင်းပါ့မယ်။ စိတ်ချပါ "

ဆယ်အိမ်ခေါင်း ကိုဦးသည် သူ၏ အလုပ်ကိစ္စ ပြောဆိုအောင်မြင် ပြီးသည်နှင့် ကိုဘဆောင်အား နုတ်ဆက်၍ ပြန်သွားသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့က တိုက်ခတ်သည့် လေပြင်းကြောင့် ရွာစွန်က စာသင်ကျောင်းအတွင်း ထိခိုက် ပျက်စီးမှု များသည်ဟု ဆိုရချေမည်။

စာသင်ကျောင်းသည် ရွာအစွန် လွင်တီးခေါင်ခေါင်၌ ရှိခြင်းကြောင့် အပျက်အစီး ပိုများခြင်း ဖြစ်၏။

ကျောင်းဝင်းအတွင်း သက်နု အရိပ်ရသစ်ပင်အချို့ အမြစ်ကနေ လန်လဲကျကုန်သည်မှာ နှမြောစရာပင်။

မကြာမီ ကျောင်းများက ပြန်လည်ဖွင့်တော့မည်မို့ ရွာလူကြီးသည် အားချင်း စီစဉ်နေရခြင်း ဖြစ်လိမ့်မည်။

ကိုဘဆောင်လည်း သူ့လက်သမားအဖွဲ့ကို အကြောင်းကြားရဦးမည်မို့ ဆက်ပြီး မလှဲလျောင်းနိုင်တော့ချေ။

အိမ်ထဲက ဝါးခမောက်ကို ဆောင်း၍ ရွာထဲသို့ ထွက်လာခဲ့ရတော့လေ၏။

ရွာထဲရှိ သူ့လူများကို မနက်ဖြန် နံနက်၌ စာသင်ကျောင်း၌ အလုပ်ဆင်းကြရန် ဆော်ဩရဦးမည်မဟုတ်လား။

..................

၂။

ကိုဘဆောင် ခေါင်းကို တဗျင်းဗျင်း ကုတ်၏။ သူက အလုပ်ကို လက်ခံထားပြီးပြီ။ အခု သူ့လူတွေက မအားကြဆိုပါကလား။ ခက်ချေပြီ။

တပည့်ဖြစ်သူ မြအေးက ၊ အားတုံ့အားနာဖြင့်

" ဆရာသမားဆီကို လာပြောမလို့ပဲ၊ ကျနော်တို့ မနေ့ကတည်းက အလုပ်ကို လက်ခံထားတော့ စာသင်ကျောင်းကို မလိုက်နိုင်တော့ဘူးပေါ့ ဆရာရယ် "

" ငါလည်း မင်းတို့ အားတယ် မှတ်ပြီး ၊ အလုပ်ကို လက်သင့်ခံလိုက်တာ မြအေးရ ။

အခု မင်းရယ် တင့်ဆွေရယ် စံမြင့်ရယ် မအားကြတော့ဘူးဆိုတော့ ငါ့မှာ အခက်တွေ့ပြီပေါ့ ။

ငါက ဆယ်အိမ်ခေါင်းကို ၃ရက်နဲ့အပြီး လုပ်ပေးပါ့မယ်လို့ ပြောလိုက်မိတယ်လေ။

ငါ့မှာ ရှိတာမှ လူ၇ယောက်ရယ်၊ အခု ၃ယောက်က မဆင်းနိုင်ဘူးဆိုတော့ ရွာလူကြီးကို ဘယ်လို ပြန်ပြင် ပြောရမလဲ မသိတော့ပါဘူးကွာ "

ကိုဘဆောင် စိတ်ရှုပ်သွားလေပြီ။ ရွာလူကြီးဦးဘစီက လူပုစိတ်တို။ ၃ရက်နဲ့ ပြီးပါ့မယ်လို့ အာမခံထားတာကို တစ်ရက်လောက် စွန်းရင် ပြသနာ မဟုတ်ပေမယ့်၊ ရက်ရှည်သွားရင် ဆဲဆူကြိမ်းမောင်းခံရမှာ အသေအချာပင်။

အခုက သူ့လူတစ်ဝက်က လေပြင်းကြောင့် ပျက်စီးသွားသော အိမ်တစ်အိမ်ကို ပြန်ပြင်ပေးရန် လက်ခံထားပြီး ဖြစ်၍ သူနဲ့အတူ အလုပ် လိုက်မဆင်းနိုင်ကြပါတဲ့။

မြအေးက သူ့စိတ်ကူးထဲ ပေါ်လာသည်ကို အကြံပေး၏။

" ဆရာသမား ဒီလို လုပ်ပါ့လား ၊ ထန်းပင်စုရွာက ညိုမောင်တို့ အဖွဲ့ကို အကူအညီ တောင်းကြည့်ပါလား။

ညိုမောင်တို့က အလုပ် လုပ်ရင်း မခိုမကပ် လုပ်ကြတာ။ ကျွမ်းကျွမ်းကျင်ကျင်လည်း ရှိကြတယ်။

သူတို့ရွာက ဘုန်းကြီးကျောင်း ပြန်မတ်တော့ ကျနော်တို့ သွားကူဖူးတယ်လေ။ ဆရာသမား ခေါ်ရင် လိုက်မှာပါ"

ကိုဘဆောင် မျက်နှာ ဝင်းကနဲ ဖြစ်သွား၏။ သို့သော် ချက်ချင်းပင် မျက်နှာက ညှိုးသယောင်ယောင် ဖြစ်သွားကာ ၊

" ဒီကောင်တွေကရော အားပါ့မလားကွာ၊ ပြီးတော့ သူတို့က ငါတို့ရွာကို လာပြီး အလုပ်ဆင်းမယ်ဆိုရင် ညအိပ်ညနေမှ အဆင်ပြေမှာကွ ၊ သွားချည်ပြန်ချည်ဆို ခရီးက ဖင့်နေဦးမယ်။ နေစရာလည်း ရှာပေးရဦးမယ် "

ကိုဘဆောင် အတွေးက ဟုတ်နေ၏။ ထန်းပင်စုရွာနဲ့ သူတို့၏ ကျီတော်ကန်ရွာက အနည်းငယ် လှမ်း၏။

မနက် အလုပ်လာ ၊ ညနေ ရွာပြန်ဖို့ဆိုတာက မဖြစ်နိုင်။ဒီရွာမှာ အနည်းဆုံး ၂ည သို့မဟုတ် ၃ည လောက် အိပ်ပြီး အလုပ်ဆင်းနိုင်မှသာ အဆင်ပြေမည် ဖြစ်သည်။

မြအေးက ..

" အဲ့ဒီတွက် စိတ်မပူပါနဲ့ ဆရာရယ်၊ သူတို့အဖွဲ့ကို အခု အလုပ် လုပ်ရမယ့် စာသင်ကျောင်းမှာပဲ အိပ်စရာ နေရာပေးလိုက်ပေါ့။ ညိုမောင်တို့က ဆရာခေါ်ရင် သေချာပေါက် လာကြမှာပဲ "

" အေးကွာ အဲ့ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ ။ ကဲဟေ့ ပြောနေ ကြာလှတယ်။ ငါ ရွာတောင်ပိုင်းက သက်လွင်ကို ဆိုင်ကယ်နဲ့ ထန်းပင်စုရွာကို သွားအကြောင်းကြားခိုင်းလိုက်ဦးမယ်။

အကြောင်းကြားဆို တစ်ပါတည်း ခေါ်ခဲ့ဖို့ ပြောရမှာပဲဟေ့ ။ "

သို့ဖြင့် ကိုဘဆောင်သည် သူတို့ရွာနှင့် ၁၄မိုင်ခန့် ဝေးသော ထန်းပင်စုရွာက ညိုမောင်နှင့် လက်သမား၂ယောက်ကို ခေါ်ယူခိုင်းလိုက်လေ၏။

ညနေစောင်းတွင် ညိုမောင် နှင့်အတူ လက်သမား လူငယ်၂ဦး ရောက်လာကြသည်။

ကိုဘဆောင်က ရွာလူကြီးအား အကြောင်းကြားပြီး ညိုမောင်တို့အဖွဲ့ကို စာသင်ကျောင်းမှာ ညအိပ်ဖို့ နေရာထိုင်ခင်း လုပ်ပေးခဲ့၏။

အသက်၂၅နှစ်အရွယ် ညိုမောင်တို့ လူငယ် ၃ဦးသည် စာသင်ကျောင်းက ရုံးခန်းတွင် ညအိပ်ရန် အဆင်ပြေသွားကြသည်။

ညစာကိုတော့ ကိုဘဆောင်က သူ့အိမ်ခေါ်ပြီး ကျွေးရင်း ၊

" ဒီညတော့ အိမ်မှာပဲ စားကြပေါ့၊ နောက်နေ့ကျ အိုးခွက် ပန်းကန်တွေနဲ့ ချက်စရာ ဆန်ဆီဆား လာပို့ပေးထားမယ်။ ကျောင်းထဲမှာပဲ ချက်စားကြပေါ့ကွာ ။ ရွာလူကြီးကလည်း ဟင်းစား လာပို့ပေးပါ့မယ်လို့ ပြောတယ်ဆိုတော့ ပူစရာ မလိုတော့ဘူးပေါ့ "

ညိုမောင်က အားနာဟန်ဖြင့် ..

" ဟာ ရပါတယ် ဆရာကိုဘဆောင်ရယ်။ တစ်ရက် နှစ်ရက်ပဲဟာ ။ ကျုပ်တို့ ဖြစ်သလို စားတတ်ပါတယ် ။ ဘဲဥ ကြက်ဥလေး ရရင်ပဲ အဆင်ပြေပါပြီ "

ကိုဘဆောင်က ထိုအခါမှ သတိရသွားဟန်ဖြင့် ၊

" အေးကွာ မင်းကို ခေါ်ခိုင်းတုန်းကတော့ အလွန်ကြာ ၃ရက်ပေါ့ ။ အခု ရွာလူကြီး ပြောနေပုံက စာသင်ဆောင် တစ်ခု ထပ်တိုး ဆောက်ချင်သတဲ့။

မင်းတို့အဖွဲ့ အချိန်ရဦးမယ်ဆိုရင် နောက်ထပ် ၂ရက် ၃ရက်လောက် ထပ်ကြာဦးမလားပဲ။ ဖြစ်နိုင်မယ်ဆိုရင်တော့ တစ်ခါတည်း ကူသွားစေချင်တယ်"

ညိုမောင်က ချက်ချင်းပဲ ပြန်ဖြေ၏။

" ဟာ စိတ်ချပါ ဆရာကိုဘဆောင်။ ဒီက အလုပ်တွေ အားလုံးပြီးမှ ကျုပ်တို့ ရွာ ပြန်ပါ့မယ် ။ ကျုပ်တို့အတွက်တော့ မဲ မတင်းလေနဲ့ "

ကိုဘဆောင်လည်း ထိုအခါမှ စိတ်အေးရတော့လေ၏။ ထမင်းစားပြီး ညိုမောင်တို့ကို ရွာစွန်ရှိ စာသင်ကျောင်းအား ပြန်ပို့ပေး၏။

ရွာလူကြီးက စာသင်ကျောင်းကို ဘက်ထရီတစ်လုံး နှင့် အယ်လ်အီးဒီ မီးချောင်းတစ်ချောင်း ၊ ည အဆာပြေ စားရန် ဖီးကြမ်းငှက်ပျောတစ်ဖီး လာပို့ထား၍ ညိုမောင်တို့အတွက် အဆင်ပြေလေ၏။

ပြီးတော့ ကျောင်းဖွင့်ချိန်တွင် လာရောက်နေထိုင်ကြသော ဆရာမများ ချန်ထားရစ်သည့် အိုးခွက် ပန်းကန် ဓာတ်ဘူး အချို့လည်း ရှိရာ သူတို့အတွက် ပို၍ အဆင်ပြေသွားကြလေ၏။

ညပိုင်း မအိပ်ခင် ရေနွေးကြမ်းသောက်နိုင်ရန် ထင်းခြောက်အနည်းငယ် ရှာ၍ မီးဖိုကာ ရေနွေးအိုး တည်ထားလိုက်ကြလေသည်။

..................

၃။

ည ဆယ်နာရီသာသာခန့်တွင်၊

ညိုမောင်၏အဖော် ၂ယောက်က ရုံးခန်းထဲ၌ အိပ်ကြပြီဖြစ်၏။

ညိုမောင်ခမျာသာ အိပ်ယာပြောင်းမို့ အိပ်မပျော်သေး။ ရုံးခန်း အပြင်ဘက်က ခုံတန်းရှည်ပေါ် လဲလျောင်းနေခြင်း ဖြစ်သည်။

ရေနွေးကြမ်းအိုး တစ်ခရားလည်း ကုန်ပြီဖြစ်သည်။မီးဖိုလည်း သေစပြုပြီ။မီးကျီခဲအချို့တော့ လေသင့်တိုင်း ရဲရဲနီနေ၏။

စာသင်ကျောင်းထဲတွင် စာသင်ဆောင်ဟုခေါ်ရမည့် သွပ်မိုး ထရံကာ မြေစိုက် တဲတန်းရှည်ကြီး ၂လုံး ရှိပြီး၊ အမိုးသွပ်ပြားတို့ လစ်လပ်နေကြကုန်သည်။

အကာ ဝါးထရံတို့ ပြုတ်ထွက်နေ၏။

မပျက်မဆီး ရှိကျန်ခဲ့တာဆို၍ သပ်သပ်ရပ်ရပ် ရှိသည့် မူလတန်းကျောင်းအုပ်၏ ရုံးခန်းအဖြစ် ဆောက်လုပ်ပေးထားသော ၁၅ပေ×၂၀ပေ အကျယ်ရှိမည့် သွပ်မိုး ထရံကာ တဲအိမ်တစ်လုံးသာ ရှိလေ၏။

ကျောင်းဝန်းအတွင်း၌ သက်တမ်းနုသော သစ်ပင်အချို့ လဲပြိုနေ၏။

ဤဒေသတွင် တွေ့ရမြင်ရလေ့ ရှိသော ကုက္ကိုပင်ကြီးအချို့လည်း အကိုင်းအခက်များ တန်းလန်းကြီး ကျိုးကျလျက် မြင်ရ၏။ဒါတွေကို မနက်ဖြန် မနက် အရင် ရှင်းလင်းရမည်ဖြစ်သည်။

ကျောင်းဝန်း၏ အကာအရံဖြစ်သော သစ်သားခြံစည်းရိုးတိုင်အချို့လည်း လဲပြိုသည့်နေရာက ဟာလာဟင်းလင်း။

သစ်ချောင်း ဝါးချောင်းများမှာ တစဆီ ကျိုးပဲ့လျက် ခပ်လှမ်းလှမ်းမှာ ကျဲပျံ့လျက် ရှိကြသည်။

ဒါတွေကို ညိုမောင် မြင်ရခြင်းက၊

ဘက်ထရီ မီးချောင်းကို ခပ်မြင့်မြင့်မှာ ချိတ်ဆွဲထား၍ မြင်နေရခြင်း ဖြစ်သည်။

ညိုမောင် မနက်ဖြန် လုပ်ရမည့် အလုပ်များကို ကြည့်ရင်း အတွေးပွားနေခြင်း ဖြစ်၏။

ထိုအခိုက် ညိုမောင် ထိုင်နေရာသို့ လေအေးလေး တစ်ခု သိသာထင်ရှားစွာ ဝေ့ဝဲ တိုက်ခတ်သွားသည်။

ညိုမောင်မှာ တီရှပ်အဟောင်းလေးတစ်ထည်သာ ဝတ်ထား၍ သူ၏ ကိုယ်သည် စိမ့်ကနဲ အေးသွားသည်။

နေ့ပူညချမ်း တပေါင်းလဆန်းဟုဆိုရိုးအတိုင်း တပေါင်းညသည် ခပ်အေးအေးလေး ဖြစ်ပါ၏။

ကိုယ်တိုင်ကလည်း တီရှပ်အပါးလေး ဝတ်ထား၍ အေးစိမ့်သွားခြင်းဟု ထင်လိုက်မိသည်။

တိုက်တိုက်ဆိုင်ဆိုင်...

ချိတ်ဆွဲထားသော ဘက်ထရီမီးချောင်းသည်လည်း အားကုန်သွားသဘိကဲ့သို့ အလင်းရောင်က တရှိန်ထိုး မှိန်ကျသွားသည်။

ညိုမောင် လှဲလျောင်းနေရာမှ ထ၍ ဘက်ထရီညှပ်ကို အသာလှုပ်ပေးလိုက်သည်။

မီးချောင်းငယ်က ပြန်လည် လင်းလာ၏။ခုနက အလင်း အားဖျော့သွားခြင်းမှာ ဘက်ထရီညှပ် ချောင်နေ၍ ဖြစ်လိမ့်မည်။

' ရှပ် ရှပ် ရှပ် '

ဘက်ထရီညှပ်ကို ကိုင်နေစဉ် ညိုမောင်၏ အနောက်မှ ခြေသံသဲ့သဲ့လေး ထွက်ပေါ်လာသည်ကို နားဖြင့် ဆက်ဆက်ကြားလိုက်ရပြန်သည်။

ညိုမောင် အနောက်သို့ လှည့်ကြည့်လိုက်၏။

" ဟင် ! ဘယ်သူတွေပါလိမ့် "

ခပ်လှမ်းလှမ်းဆီမှ သူ့ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာသော လူ၂ယောက်ကို သူ ဝိုးတဝါး မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

အနီးကပ်လာမှ ၁၃နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ၈နှစ်အရွယ် ကလေးမလေးတစ်ယောက်မှန်း သိလိုက်ရသည်။

ကလေးနှစ်ယောက်သည် တစ်ယောက်လက်လို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြပြီး ၊ ထူးဆန်းစွာ နှစ်ယောက်စလုံး၏ အဝတ်များမှာ ရေများ စိုရွဲလာကြခြင်း ဖြစ်သည်။

သို့သော် သူတို့ကို ကြည့်ရသည်မှာ ချမ်းကြပုံလည်း မပေါ်ချေ။

ညိုမောင် အံအားသင့်စွာ မေးလိုက်မိသည်။

" ဟင် အချိန်မတော်ကြီး မင်းတို့ ဘယ်က လာကြတာလဲ ၊ တစ်ကိုယ်လုံးလည်း ရေတွေ စိုရွဲလို့ ၊ မချမ်းကြဘူးလားကွယ် ..."

အငယ်မလေးက ညိုမောင်အား ကြောက်လန့်သလိုဖြင့် သူမ၏ အစ်ကိုဖြစ်ဟန်တူသူ၏ ကိုယ်ကို ကွယ်ထားလိုက်သည်။ သူတို့ကို ကြည့်ရသည်မှာ မောင်နှမဖြစ်ကြဟန်တူ၏။

မျက်နှာလေးတွေက ဆင်တူ၏။ နှစ်ယောက်စလုံးသည် ကုလားဆင်လေးတွေ ဖြစ်သည်။ သို့သော် အသားအရေမှာ မမည်းကြပါ။ ဖြူဖျော့ဖျော့ မျက်နှာခပ်နွမ်းနွမ်းလေးတွေပင်။

အကြီးကောင်လေးကတော့ ညိုမောင်၏ အမေးကို သင့်သလို ဖြေ၏။ ။

" ကျနော်တို့ မိုးမိလာကြလို့ပါ ၊ အဝေးကြီးက လာရလို့ လမ်းမှာလည်း ဘာမှ မစားခဲ့ရလို့ ဗိုက်အရမ်းဆာနေကြပါတယ်။ ဒီကျောင်းရှေ့က ဖြတ်သွားတော့ မီးရောင်မြင်တာနဲ့ လူရှိမှာပဲဆိုပြီး ဝင်လာခဲ့ကြတာပါ။ စားစရာလေးများ ရှိရင် ကျနော်တို့ မောင်နှမကို နည်းနည်းလောက် စွန့်ကြဲပါလားခင်ဗျာ "

အဲ့တာမှ ခက်ပြီ။ ညိုမောင် ခေါင်းကုတ်လိုက်မိသည်။ သူတို့ကလည်း ဧည့်သည်တွေပဲ မဟုတ်လား။ သူတို့တောင် ညစာကို ကိုဘဆောင်တို့အိမ်မှာ စားလာခဲ့ကြတာကိုး။

သို့ပေမယ့် ရွာလူကြီးက ဘက်ထရီ လာပို့ပေးရင်း ဖီးကြမ်းငှက်ပျောသီးတစ်ဖီး ပေးသွားခဲ့တာကို သတိရကာ၊

" ထမင်းတော့ မရှိဘူး ငါ့တူရယ်။ ဦးလေးတို့ကလည်း ဧည့်သည်တွေပါ။ ငါ့တူတို့ မောင်နှမ အဆာပြေ စားချင်သပါ့ဆိုရင် ငှက်ပျောသီးတော့ ရှိသကွဲ့။

ခဏလေး စောင့်နော် "

ညိုမောင်က ထိုသို့ ပြောပြီး၊ အဖော်၂ယောက် အိပ်နေသော ရုံးခန်းအတွင်းသို့ ဝင်သွားပြီး ငှက်ပျောဖီးကို ယူ၏။

အဖော် ၂ ယောက်မှာ တခူးခူး တခေါခေါနှင့် နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီ ဖြစ်လေသည်။

ညိုမောင်က ငှက်ပျောဖီးကို ကလေး၂ယောက်အား ကမ်းပေးလိုက်သည်။

ကလေး၂ယောက်သည် ညိုမောင် ပေးသော ငှက်ပျောဖီးကို ဝမ်းသာအားရ လက်ခံယူကြပြီး ၊ အလွန် ဆာလောင်နေကြဟန်ဖြင့် ပလုပ်ပလောင်း စားကြလေသည်။

အကြီးကောင်လေးက သူ့ညီမကို အတော်လေး ကြင်နာ ဂရုစိုက်လေ၏။

ငှက်ပျောသီးကို အခွံနွှာပြီး ၊

" မွေ့လေး စားနော် ၊ ဒါလေး စားလိုက်ရင် ညီမလေးမွေ့ အချမ်းပြေသွားမှာ "

မွေ့ဆိုသည့် ကလေးမလေးကလည်း သူမ၏ အစ်ကို ပေးသော ငှက်ပျောသီးကို စားရှာ၏။

အတော်ကို ဆာလောင်နေကြပုံပင်။

မကြာမီ ငှက်ပျောဖီးပါ ငှက်ပျောသီးများ ကုန်စင်သွားလေ၏။

ထိုအခါမှ ကလေး၂ယောက်မှာ နေသာထိုင်သာ ရှိသွားပုံရသည်။

အကြီးကောင်လေးက သူ့ဗိုက်ကို ပုတ်ပြရင်း ၊

" ကျေးဇူးတင်ပါတယ် ဦးလေး ။ ကျနော်တို့ မောင်နှမ ဗိုက်ပြည့်သွားပါပြီ "

ညိုမောင် စပ်စုလိုက်သည်။

" မင်းတို့က ဘယ်ကို ခရီးဆက်ကြမှာလဲ။ မင်းတို့ ဝတ်ပုံစားပုံက ဒီရွာက ဟုတ်ဟန်မတူဘူး "

ထိုမောင်နှမ ဝတ်စားထာသည်က မြို့ပေါ်မှ ကြေးရတတ် သူဌေးသမီးသူဌေးသားများကဲ့သို့ ဝတ်စားထားသည် မဟုတ်ပါလော

ကောင်လေးက အဖိုးတန် စပို့ရှပ် အင်္ကျီ၊ နှင့် အကောင်းစား ဘောင်းဘီရှည်ကို ဝတ်ထားပြီး၊ ကလေးမလေးက အထက်အောက် ဝမ်းဆက် ဂါဝန်ဖြူလေးကို ဝတ်ဆင်ထားသည်။

သို့သော် အမြင်ဆန်းသည်က ထိုကလေး နှစ်ယောက်စလုံးတွင် ဖိနပ်မပါကြချေ။

" ကျနော်တို့ ဒီရွာက မဟုတ်ပါဘူး ။

ရွာအနောက်ဘက်က ချောင်းရေဆိပ်ကို ပြန်ရမှာပါ ဦးလေး "

အော်.. သူတို့က မော်တော်ဆိပ်ကို ပြန်ရမှာထင်တယ်။ မော်တော်နဲ့ လာကြပုံရတယ်ဟု ညိုမောင် တွေးမိသည်။

ကလေးတွေ စီးလာသော မော်တော်တွေ ဘာတွေများ ပျက်နေလို့လားဟု တဆက်တည်း တွေးလိုက်မိသေး၏။

ရွာအနောက်ဘက်တွင် မြစ်တစ်စင်းမျှ ကျယ်ဝန်းသော ပန်းသာချောင်းကျယ် ရှိသည်။ ထင်း၊ မီးသွေး သယ်ဆောင်သည့် မော်တော်ငယ်များ လာရောက် ရပ်နားတတ်၏။

သို့ပေမယ့် တပေါင်းလသည် ရေနည်းပါးချိန် ဖြစ်၏။ ထင်းလှေ အနည်းအကျဉ်းသာ ဖြတ်သွား ဖြတ်လာရှိသည်။ မော်တော်များမှာ ရေစူး တိမ်သဖြင့် မဝင်ကြချေ။

" အော် ဒီည ရေဆိပ်မှာ ညအိပ်ကြမှာလား "

ကောင်လေးက ခေါင်းကိုသာ ငြိမ့်ပြသည်။ ညိုမောင်က ကလေးများ ပြန်ရမှာ ဝေးသဖြင့် ၊

" ဒီည မင်းတို့မောင်နှမ လှေပေါ် အိပ်ရမယ့်အတူတူ ၊ ဦးလေးတို့နဲ့ ဒီစာသင်ကျောင်းမှာ အိပ်ကြပါ့လား ။ ဒီမှာဆိုတော့ အမိုးအကာပါတော့ နွေးတာပေါ့"

ကောင်လေး၏ မျက်နှာသည် သိသိသာသာ ဝင်းပသွားသည်ကို ညိုမောင် သတိထားမိလိုက်လေ၏။

" ဦးလေးက နေခွင့်ပေးရင် နေချင်တာပေါ့ခင်မျာ ၊ ရေဆိပ်မှာလည်း ကျနော်တို့အတွက် နေစရာ မရှိပါဘူး။ ဟိုက နှင်ထုတ် ဒီက နှင်လွှတ်နဲ့။ "

ညိုမောင်သည် ကောင်လေးတို့မောင်နှမကို သနားသွားသည်။ ထို့ကြောင့်

" ငါ့တူတို့ မောင်နှမ အိပ်ချင်သပါ့ဆိုရင် ဒီတစ်ညတော့ ဦးလေးက လက်သင့်ခံပါ့မယ်။

ဟောဒီ ရုံးခန်းထဲသာ ဝင်အိပ်ကြပါ။အထဲမှာ နေရာလွတ် အကျယ်ကြီးပဲကွယ့်။ ကြိုက်တဲ့နေရာသာ အိပ်ပါ "

ကောင်လေးက ရုံးခန်း အဆောက်အဦးကို တစ်ချက်မျှ အကဲခတ်ဟန်ဖြင့် ကြည့်ပြီးနောက် ၊သူ၏ စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားဟန်ဖြင့် ...

" ရုံးခန်းထဲတော့ ဦးလေးတို့ပဲ လွတ်လွတ်လပ်လပ် အိပ်ကြပါခင်ဗျ ။ ကျနော်တို့ မောင်နှမ၂ယောက်ကို ဟိုစာသင်ဆောင်က ခုံတန်းလေးတွေပေါ်ပဲ နေခွင့်ပြုပါလား ဦးလေး ။ နေခွင့်ရရင်တော့ အရမ်းကို ကျေးဇူးတင်မိမှာပါပဲ ဦးလေးရယ် "

သို့ဖြင့် ညိုမောင်လည်း သူတို့ကို အားမနာရန် ပြောပေမယ့် ၊ ကောင်လေးက သီးခြား အိပ်လိုကြောင်းသာ ထပ်တလဲလဲ တောင်းပန်နေ၍ ထိုစာသင်ဆောင်၌ နေခွင့် ပြုလိုက်လေ၏။

ညိုမောင် ကလေးနှစ်ယောက်အတွက် မုဒုံစောင်ပါးနှစ်ထည် နှင့် ခေါင်းအုံးနှစ်လုံး ပေးလိုက်သည်။

အဝတ်စိုများကို ချွတ်၍ စောင်ခြုံ အိပ်ကြရန် သတိပေးလိုက်သည်။

ညဥ့်က နက်ပြီမို့ ညိုမောင်လည်း ကလေးများကို နုတ်ဆက်ပြီး အိပ်ယာဝင်ခဲ့လေတော့သည်။

..................

၄။

မနက် မိုးလင်းတော့ ညိုမောင် ကလေးနှစ်ယောက်ကို မတွေ့ရတော့ချေ။

ညက အိပ်ရာဝင် နောက်ကျသည်မို့ ညိုမောင် အိပ်ရာထ နောက်ကျ၏။

သို့ဖြင့် ညိုမောင်က သူ့အရင် အိပ်ရာထသော စံကွန့် နှင့် ထွန်းအောင်တို့အား လှမ်း၍ မေးလိုက်သည်။

" စံကွန့် မင်း မနက်က စာသင်ဆောင်ထဲ အိပ်တဲ့ ကလေး ၂ ယောက်ကို တွေ့မိသေးလား "

စံကွန့်က ညိုမောင်အား နားမလည်သလို ငေးကြည့်ရင်း ၊

" ဟာ အစ်ကိုလေးကလည်း ဘယ်က ကလေးတွေမှ မတွေ့မိပါဘူး ။ ကျုပ် မနက်က အစောကြီး ထတာဗျ ၊ ကျုပ် အိပ်ရာကနိုးတော့ နေတောင် မထွက်သေးဘူးရယ် "

ညိုမောင် ပျာယိပျာယာနဲ့ မနေ့ညက ကလေး၂ယောက် အိပ်သည့် စာသင်ဆောင်ထဲသို့ ပြေးဝင်သွားလိုက်သည်။

စာသင်ခုံရှည်လေး နှစ်လုံးဆက်ထားသည့်အပေါ်တွင် ခေါင်းအုံး၂လုံးနှင့်မုဒုံစောင်နှစ်ထည်မှာ ခေါက်လျက်သား သပ်သပ်ရပ်ရပ်ပင် ရှိနေ၏။

သူ့အနောက်က လိုက်ဝင်လာသော စံကွန့်အား ၊

" မနေ့ညက မင်းတို့ အိပ်ပျော်နေကြတဲ့အချိန် မိုးရေစိုနေတဲ့ ကလေး၂ယောက်

ရောက်လာတယ်ကွ။ ဗိုက်ဆာတယ် ဆိုလို့ ငါက ဖီးကြမ်းငှက်ပျောဖီးတောင် ချကျွေးလိုက်သေးတယ် ။ သူတို့က ညအိပ်ချင်တယ် ပြောတော့ ငါက ခေါင်းအုံးနဲ့စောင်တွေ ထုတ်ပေးခဲ့တာ "

ဒီတစ်ခါ ခေါင်းကို တဗျင်းဗျင်း ကုတ်ဖွသူက စံကွန့်။

စံကွန့်က ညိုမောင်၏ လက်ကိုဆွဲကာ အပြင်သို့ ခေါ်လာပြီး ရုံးခန်းရှေ့က ခုံတန်းလျားရှည်ပေါ်ကို လက်ညှိုးထိုးပြပြီးသကာလ ၊

" ဟိုမယ် မြင်လား အစ်ကိုလေး။ ငှက်ပျောဖီးက အပြင်သာရောက်နေတာ အရာမယွင်းဘူး ။ တစ်လုံးမှ ဖြုတ်စားထားတဲ့ အရာ မရှိဘူး ။ ငါ့အစ်ကိုလေးတော့ ညက အိပ်မက်တွေ မက်နေတယ်နဲ့တူတယ် "

ညိုမောင် အံဩသွားသည်။ မနေ့ညက သူ့ရှေ့မှာ ကလေး၂ယောက်သည် ငှက်ပျောတစ်ဖီးလုံးကို ပြောင်တလင်းခါအောင် စားသွားကြသည်ကို သူ မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရသည်မဟုတ်လား။

ယခု ငှက်ပျော်ဖီးသည် အရာမယွင်း ရှိမြဲအတိုင်း ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ဘယ်လိုဖြစ်တာပါလိမ့်ဟု ညိုမောင်တစ်ယောက် သူ့ ဉာဏ်ဖြင့် မမှီသော ဖြစ်ရပ်ဆန်းကို ပြန်လည် စဉ်းစားသုံးသပ်နေမိသည်။

စဉ်းစားရင်း တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ဖိန်းကနဲ ရှိန်းကနဲ ထကုန်၏။ မနေ့ညက သူ တွေ့ခဲ့ မြင်ခဲ့ရတာ လူတွေမှ ဟုတ်ပါလေစ။ နာနာဘာဝတွေများလားဟု သံသယ ဝင်သွားသည်။

သူ့အတွေး မဆုံးခင် ရွာခံ လက်သမားဆရာ ကိုဘဆောင်တို့ အဖွဲ့ရောက်လာကြသည်။

ကိုဘဆောင်လက်ထဲတွင် ကြွေရည်သုတ် သံချိုင့်ကြီးဖြင့် ကောက်ညှင်းပေါင်း ပူပူနွေးနွေးနှင့်စတော်ပဲပြုပ်တွေ ပါလာသည်။

ညိုမောင်တို့ ၃ယောက်အတွက် မနက်စာအဖြစ် စားသုံးရန် ယူလာခဲ့ခြင်း ဖြစ်လေ၏။

ကောက်ညင်းပေါင်း စားကြရင်း လက်သမားဆရာ ကိုဘဆောင်က ယနေ့ လုပ်ရမည့် အလုပ်များကို တာဝန်ခွဲဝေပေးလေ၏။

အရင်ဆုံး ကျိုးကျနေသော သစ်ကိုင်းများ၊ သစ်ပင်ငယ်များကို ခုတ်ထွင် ရှင်းလင်းကြမည်ဖြစ်ပြီး၊ပြီးလျင် ပျက်စီးနေသော ကျောင်ဝန်း၏ ခြံစည်ရိုးနေရာအချို့ကို ပြန်လည်ကာရံကြမည် ဖြစ်၏။

သို့ဖြင့် သူတို့သည် စားသောက်ပြီး အလုပ်တန်းဝင်ကြလေသည်။

ကုက္ကိုပင်ပေါ်တက်၍ ကျိုးကျနေသော အကိုင်းတို့ကို ချိုင်သူက ချိုင်၏။

ကြီးမားသော သစ်ကိုင်းကျိုးများကို ဖြတ်တောက်သူက ဖြတ်တောက်ကြ၏။

အခက်အရွက်များကို တစ်နေရာတွင် စုပုံထား၏။ အရွက်များကို မီးရှို့ပစ်မည်ဖြစ်သည်။

သူတို့တတွေ တက်ညီလက်ညီ လုပ်လိုက်ကြတာ နေ့ခင်းတစ်ဝက်ကျိုးချိန်၌ ကျောင်းဝန်းထဲက အမှိုက်သရိုက်များ အားလုံးကို တစ်နေရာတည်း စုပုံပြီးသား ဖြစ်သွားသည်။

လဲကျနေသော ခြံစည်းရိုးကိုလည်း ပြန်လည် ထူမတ်၍ တိုင်အသစ်များ ထည့်ထားပြီးဖြစ်သည်။

ပျံကြဲနေသော အကာ သစ်သားချောင်းများထဲမှ ကောင်းသည့်သစ်သားများ ပြန်လည် ရွေးထုတ်၍ ခြံစည်းရိုးကို ခပ်စိပ်စိပ်လေး ရိုက်ကြသည်။

သစ်သားချောင်း အနည်းငယ် လိုနေသဖြင့် ဆယ်အိမ်ခေါင်း ကိုဦးထံ အကြောင်းကြားရာ ၊ ကိုဦးက သစ်စက်သို့ သွား၍ နှစ်တစ်လက်မ သစ်သားချောင်းများအား သူ၏ နွားလှည်းဖြင့် ကဲ့လာပေးသည်။

သစ်၊ဝါး ပေါသည့် ဒေသမို့ ကြာကြာစောင့်စရာမလို နေ့လယ် ထမင်းစားခ်ျန် အမှီ ခြံစည်းရိုးကာမည့် နှစ်တစ်လက်မ အင်သစ်သားချောင်းများ ရောက်လာ၏။

လှည်းပေါ်မှ သစ်သားချောင်းများကို သူတို့အဖွဲ့က ကူချပေးပြီး ထမင်းစား နားကြလေ၏။

တမနက်ခင်းလုံး အလုပ်နဲ့ လက်နဲ့ မပြတ်အောင် လုပ်ကြရသဖြင့် တစ်အုပ်စုလုံး ပင်ပန်းသွားကြသည်။

မိုးရိပ်လေရိပ်လည်း မမြင်။ တပေါင်းနေက ကျက်ကျက်တောက် ပူနေ၏။

ထမင်းစားပြီး ရေနွေကြမ်းနှင့် ထန်းလျက်ခဲကို အချိုတည်းကြရင်း ခဏ နားကြသည်။

အိပ်ရေးပျက်ထားသော ညိုမောင်က စာသင်ဆောင်ထဲက ခုံတန်းပေါ်မှာ ပက်လက်လှန်ကာ လဲလျောင်းနေသည်။

မျက်လုံးက ထမင်းဆိပ်တက်ကာ ခပ်စင်းစင်း ဖြစ်နေပြီး အိပ်ချင်စိတ်ကဲလာ၏။

ထိုအချိန် ညိုမောင်၏ နံဘေးသို့ လူရောက်လာသည်ဟု ခံစားမိ၍ မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်ကြည့်လိုက်သည်။

"ဟိုက်! မနေ့ညက ကလေး၂ယောက်"

ကလေး ၂ယောက်သည် မနေ့ညအတိုင်း သူတို့ကိုယ်ပေါ်က အဝတ်အစားများမှာ ရေများစိုရွှဲနေကြသည်။

ဤနေရာတဝိုက်တွင် မိုးရိပ်မမြင်။ နေသာသည်မှာ အသေအချာပင်။

မနေ့ညက အကြီးကောင်လေး ပြောသလို မိုးမိလာခြင်းဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။

မျက်နှာများက ဆွတ်ဆွတ် ဖြူဖွေးနေကြသည်။

ကလေး၂ယောက်တို့၏ ညှိုးနွမ်း အားငယ်နေသော မျက်နှာလေးများမှာ ကြည့်ရက်စရာမရှိချေ။

ညိုမောင် ပက်လက် လှန်လှဲနေရာမှ ထရန် အားယူလိုက်သည်။ သို့သော် သူ ထ၍ မရပေ။ သူ၏ ကိုယ်ပေါ်ကို တစ်ယောက်ယောက်က တက်ဖိထားသလို လှုပ်လို့မရ၊ ကြွလို့မရ ဖြစ်နေ၏။

သူ ကလေးနှစ်ယောက်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။

ထုံးစံအတိုင်း အကြီးကောင်လေးကပင် စကား စလာပြန်သည်။

" ဦးလေး ကျနော်တို့ မောင်နှမ ၂ယောက်ကို နေစရာ ပေးပါလား "

ဟင် .. ဘာလို့ နေစရာ တောင်းနေတာပါလိမ့် ။ ငါကလည်း ဒီရွာက မဟုတ်ဘူး။ ဧည့်သည်လို့ မနေ့ညက ပြောထားပါရက်ကယ်နဲ့ ။

ကောင်လေးက မျက်နှာငယ်လေးဖြင့်၊

" ကျနော်တို့ကို နေစရာ လုပ်ပေးနိုင်တာ ဦးလေးတစ်ယောက်ပဲ ရှိလို့ပါ။

တောင်းပန်ပါတယ်နော် ကျနော်တို့ကို နေစရာလေး တစ်ခု လုပ်ပေးပါလား ဦးလေးရယ် "

ကောင်လေးက ထိုသို့ ပြောရင်း အားမလို အားမရ ဖြစ်လာဟန်တူသည်။ ညိုမောင်၏ လက်မောင်းကို လာကိုင်၏။

အောင်မယ်လေး! ကောင်လေးလက်က ရေခဲတုန်းကြီးအလားပင်။ အေးစက် တောင့်တင်းနေ၏။

အနီးကပ်ကြည့်လေမှ ကောင်လေးရော ကောင်မလေး၏ မျက်နှာများက ရေစိမ်နူးထားကြသလို ခပ်ပွပွ ဖြစ်နေသည်ကို သတိထားမိသွားသည်။

ညိုမောင် မကြောက်စဖူး ကြောက်လန့်လာသည်။ထိုအခိုက် သူ၏ ညာဘက် မျက်လုံးဒေါင့်ဘက်မှ အရိပ်တစ်ခု ဖြတ်သွားတာ မြင်လိုက်ရသည်။

ထိုအရိပ်ကို အသေအချာ ကြည့်လိုက်သော်အခါ သူ၏ တပည့် စံကွန့် ဖြစ်နေ၏။

ညိုမောင် အားတက်သွားသည်။

ညိုမောင် ရုတ်တရက် အော်ဟစ်လိုက်မိသည်။

" စံကွန့် .. စံကွန့် .."

" အစ်ကိုလေး အစ်ကိုလေး ဘာဖြစ်တာလဲ "

သူ၏ ကိုယ်အား လှုပ်နိုးနေသောကြောင့် ညိုမောင် နိူးလာသည်။ သူ ထိတ်လန့်တကြား ထ၍ ထိုင်လိုက်သည်။

သူ့အား လှုပ်နိုးနေသူ စံကွန့်အား အရင် မြင်တွေ့လိုက်သည်။

" ဟင် စံကွန့် ။ ခုနက ကလေး၂ယောက်ရော ၊ ဘယ်ဘက်ထွက်သွားပြီလဲ "

" ဟာဗျာ ..နေ့ခင်းကြောင်တောင် အစ်ကိုလေး အိပ်မက် မက်ပြန်ပြီလား။ဘယ်သူမှ မလာပါဘူး။ အစ်ကိုလေး ပါးစပ်က ဝူးဝူးဝါးဝါးနဲ့ အော်ဟစ်နေလို့ ကျုပ် လာနိုးတာ "

ထိုအခိုက် သစ်သားချောင်းများကို ကာမည့်နေရာသို့ သယ်ပို့ပေးရန် လက်သမားဆရာ ကိုဘဆောင်က အော်ဟစ် ပြောလိုက်၍ စံကွန့် အပြေးလေးထွက်သွားရှာသည်။

စံကွန့် ထွက်သွားလေမှ ညိုမောင်လည်း အလုပ် လုပ်ရဦးမည်ကို သတိဝင်ကာ ခုံတန်းပေါ်မှ ဆင်းလိုက်သည်။

" ဟင် ! ရေစိုကွက်ကြီး "

သူ အိပ်နေသည့် ခုံတန်းနံဘေးက မြေပြင်ပေါ်တွင် လတ်တလော ရေစက်များ ကျထားသည့် ရေစိုကွက်ကြီးကို မြင်တွေ့လိုက်ရသည်။

ထိုနေရာတွင်သာ ရေစိုကွက် တွေ့ရပြီး ကျန်သည့်နေရာများမှာ ခြောက်သယောင်းနေပါ၏။

ညိုမောင် ထိုနေရာတွင် ကြာကြာ မနေရဲတော့ပဲ ၊ ကိုဘဆောင်တို့ ခြံစည်းရိုးကာမည့် နေရာသို့ ခပ်သွက်သွက်လေး ထွက်လာခဲ့တော့လေ၏။

သို့သော် သူ့နားထဲတွင် ကောင်လေး ပြောသွားသော စကားတို့ကို ပြန်လည် ကြားယောင်နေမိသည်ကတော့ အမှန်ပင်။

" ကျနော်တို့ကို နေစရာ လုပ်ပေးနိုင်တာ ဦးလေးတစ်ယောက်ပဲ ရှိတယ် " တဲ့လေ။

.................

၅။

ညနေ ၄နာရီသာသာလောက်တွင် ကျောင်းရှေ့ လမ်းမှ ရွာသားအချို့ ကသုတ်ကရက် ရေဆိပ်ဘက်သို့ ဆင်းသွားသည်ကို ခြံစည်းရိုးကာနေသည့် ညိုမောင်တို့ တွေ့လိုက်ကြသည်။

ရေဆိပ်ဘက်သို့ ဆင်းသွားကြသူများမှာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဖြစ်လေ၏။

ရေဆိပ်၌ ကလေးအလောင်း၂လောင်း ပေါ်သည်ဟု ကြားရ၍ စပ်စုရန် သွားကြခြင်း ဖြစ်သည်။

မကြာမီ ကြည့်ပြီး ပြန်လာကြသူများထံမှ သတင်းသဲ့သဲ့ကြားရပြန်၏။

" သနားစရာတော် ၊ မောင်နှမ ၂ယောက်တဲ့ "

" ဟုတ်ပါ့အေ ၊ မိဘတွေတော့ ရင်ကျိုးကြရှာမှာပဲ ၊ ကလေးတွေက ချစ်စရာလေးတွေ "

" မြို့ကနဲ့တူတယ်နော် ၊ ဒို့ရွာဘက်ဆီက မဟုတ်တာတော့ သေချာတယ် "

" ငါဖြင့် ကြည့်ပြီး စိတ်မကောင်းလိုက်တာအေ။ ကလေးတွေက တစ်ယောက်လက်ကို တစ်ယောက် အတင်းဆုပ်ကိုင်ထားကြတာကလား ။ ဘယ်လို ဝဋ်ကြွေးများပါလိမ့်နော် "

" ကလေးမလေးက ဂါဝန်အဖြူလေးနဲ့အေ့။ ကောင်လေးကတော့ စပို့ရှပ် အပြာနုစင်းလေးနဲ့ "

ညိုမောင် လမ်းဖြတ်သွားသူများ ပြောသမျှကို ကြားနေရသလို ၊ သူ မြင်တွေ့ခဲ့သော မောင်နှမ ၂ယောက်ကိုလည်း မျက်လုံးထဲ မြင်နေမိသည်။

သူ မနေ့ညက မြင်တွေ့ခဲ့စဉ်ကလည်း ကလေး၂ယောက်သည် တစ်ယောက်လက်ကို တစ်ယောက် လွတ်သွားမည် စိုးသည့်အလား တင်းတင်းဆုပ်ကိုင်ထားသည်မဟုတ်လား။

ပြီးတော့ မိန်းမ၂ယောက်ပြောသွားသလို ၊ အကျႌအဝတ်အစားများကလည်း တူနေ၏။

မဟုတ်ပါစေနဲ့ ဆုတောင်းနေပေမယ့် စိတ်ထဲမှာတော့ သူ၏ သံသယတွေက မှန်နေသည်ကို လက်ခံနေမိသည်။

သူ၏ သံသယကို အတည်ပြုပေးမယ့်သူက ညနေစောင်းတော့ ရောက်လာပါ၏။ ထိုသူက ဆယ်အိမ်ခေါင်း ကိုဦး ဖြစ်သည်။

ကိုဦးက ကလေးများ၏ အလောင်းကိုကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသူဆိုတော့ အားလုံးကို ရှင်းပြ၏။

" သူတို့က အရှေ့ရှာက ဆရာတော် ဦးသောဘိတကျောင်းကို အလှူလာလုပ်ကြတာတဲ့။ သူဌေးသားအဖ ၄ယောက် လာကြတာ။ ကား(၂)စီးနဲ့ သူတို့အလုပ်သမားတွေလည်းပါကြတယ်ပေါ့ဗျာ ဆရာတော် ဦးသောဘိတ မြို့မှာ စာဝါလိုက်တုန်းက ဆွမ်းဒါယိကာတွေလို့ ပြောတယ်။

ကလေးနှစ်ယောက်က ကျောင်းအနောက်ဘက်က ချောင်းထဲကို လှေဆင်းလှော်ကြသတဲ့။ လူကြီးတွေက မသိလိုက်ကြဘူးလေ။အလုပ်များနေကြသကိုး။

အမှန်က ကလေးတွေ ဆော့ကြတယ်ထင်ပါရဲ့။ လှေကိုလည်း လှော်တတ်ပုံ မရဘူးလေ။

အလုပ်သမားတစ်ယောက်က ပြောတာကတော့ အငယ်မလေးက ဂျစ်တိုက်နေလို့ အစ်ကိုဖြစ်သူက ချော့မော့နေတာတော့ မြင်မိသတဲ့။

ကျုပ်အထင်တော့ အငယ်မလေး စိတ်ကောက်ပြေအောင် သူ့အစ်ကို ချောင်းစပ်က လှေကို ယူပြီး လှော်ခဲ့ပုံပဲ။ မလှော်တတ် လှော်တတ်ဆိုတော့ လှေက မှောက်သွားတယ် ထင်တယ်။

အကြီးကောင်လေးက ရေကူးတတ်တယ်ဆိုပဲ။ ဒါပေမယ့် သူတို့ ကူးလည်း မြို့က ရေကူးကန်မှာ နေမှာပေါ့။ဒီလို ချောင်းရေရှင်ကျ ကူးတတ်ပုံ မရပါဘူး။

သူ့ညီမကို ကယ်ရင်း ကောင်လေးပါ ရေနစ်သွားတယ် ထင်ပါတယ်ဗျာ။

နေပါဦး သူတို့ပြောနေတာ ကြားခဲ့ပါတယ်။ အစ်ကိုဖြစ်သူက ထက်ဝေယံတဲ့ ၊ ညီမလေးနာမည်က မွေ့တိမ်ဖြူတဲ့။ချစ်စရာလေးတွေပါဗျာ "

စံကွန့်က ညိုမောင်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်သည်။

ညိုမောင်က တွေတွေငေးငေးကြီးဖြင့် ကျောင်းအပြင်ဘက်က လမ်းပေါ်သို့ လှမ်းကြည့်နေရှာသည်။

စံကွန့်လည်း သူ့အစ်ကိုလေး ညိုမောင် ကြည့်ရာသို့ ဘာရယ်မဟုတ် လှမ်းကြည့်သည်။

စံကွန့် ဘာကိုမျှ မတွေ့ရ။ သို့သော် လမ်းပေါ်က ခွေးလေခွေးလွင့်အချို့ ရုတ်တရက်ကြီး ထအူလိုက်သံကို ကြားလိုက်ကြရသည်။

" ဝု ..အု ..အူ ..အူး "

ခွေးအူသံ တိကနဲ ပြတ်တောက် ရပ်တန့်သွားသည်နှင့် ညိုမောင် ရုတ်တရက် ထရပ်လိုက်သည်။

ပြီးလျင် ပန်းကန်ပြား တစ်ချပ်ထဲသို့ အသင့်ချက်ပြီး ထမင်းဖြူ အနည်းငယ် နှင့် ဟင်းအချို့ကို ပုံလိုက်သည်။ ဖန်ခွက်တစ်ခွက်ထဲသို့ ရေအပြည့်ထည့်သည်။

ထိုပန်းကန်ပြား နှင့် ရေဖန်ခွက်ကို ယူ၍ ညိုမောင်သည် ကျောင်းဝင်းပေါက်သို့ ဖြေးလေးစွာ ထွက်သွားလေသည်။

အားလုံးသည် ညိုမောင်၏ လုပ်ရပ်ကို နားမလည်နိုင်စွာ မှင်သက်ငေးမောနေကြသည်။ သို့သော် မည်သူကမျှ ညိုမောင်အား မတားကြ။ တားရမည်ကို မေ့နေတာလားလည်း မသိနိုင်ပေ။

ထိုထမင်းပန်းကန်ပြားနှင့်ရေခွက်သည် မည်သူ့အဖို့ ညိုမောင် ယူသွားသည်ဆိုတာကိုတော့ စံကွန့်သာ အသိဆုံး ဖြစ်ပေလိမ့်မည်။

..................

(နိဂုံး)

စာသင်ကျောင်းလေး၏ ဝင်ပေါက် နံဘေး တမာပင်ပျိုအောက်တွင် သစ်သားအမိုး နှင့် ၃ဘက် အကာအရံပါသော ရေအိုး နှစ်လုံးတင်သည့် သဲ ရေအိုးစင်လေးတစ်ခုကို မြင်တွေ့ရမည်။

ထိုရေအိုးစင်လေးကို ထန်းပင်စုရွာသား လက်သမား ကိုညိုမောင်က ရိုက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုရေအိုးစင်လေး၏ ကုသိုလ်ရှင် ကဗျဉ်းစာတန်းမှာတော့..

" မောင်ထက်ဝေယံ နှင့် မမွေ့တိမ်ဖြူတို့ မောင်နှမ နှစ်ယောက်၏ ကုသိုလ်ကောင်းမှု့ "

ဆိုသော စာတန်းလေးကို ဖတ်ရှု့ကြရမည် ဖြစ်လေ၏။

ထိုရေအိုးစင်လေးကုသိုလ်ကြောင့် ရေနစ်သေဆုံးသွားကြသော မောင်နှမ၂ယောက် နေစရာတစ်ခု ရကြပါစေဟုသာ ဆုတောင်းမေတ္တာပို့သရင်း...။

(ပြီးပါပြီ)

PePe

ပီပီ(မန္တလေး)

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..