ကျွမ်းဘားမယ်လေးများနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သောဆရာဝန် …
lotaya.mpt.com.mm
|
2021-01-20

ဒီအခန်းထဲကို နောက်တစ်ခေါက်ပြန်သွားဖို့ သူမ စိုးရိမ်မိနေတယ်။ ဒါနဲ့ဆိုရင် ဘယ်နှစ်ကြိမ်မြောက်မှန်းပင် မသိတော့။ စိတ်ထဲမှာလည်း ရောဂါပျောက်မယ်လို့ မယုံကြည်တော့ဘူး။ ဒါပေမဲ့လည်း မသွားမဖြစ်တဲ့အကြောင်းတရားတွေရှိနေပြန်တော့ မဝံ့မရဲနဲ့ပဲ ဒီအခန်းထဲကို ထပ်မံဝင်ခဲ့ရပြန်တယ်။ အခန်းထဲရောက်တော့ ဆရာဝန်က ကုတင်ပေါ်ကို တက်ခိုင်းလိုက်တယ်။ ပြီးတော့ အဝတ်တွေကို ချွတ်ခိုင်းပြီး ခန္ဓာကိုယ်အနှံ့ကို နှိပ်နယ်ပေးတယ်။ သူ့အနေနဲ့ ဒီရောဂါဘယ်အချိန်မှ ပျောက်မှာလည်းဟု မေးကြည့်ပြန်တော့ တိကျတဲ့အဖြေတစ်ခု မရခဲ့ဘူး။ နောက်တော့ ထုံးစံအတိုင်းပဲ .. အရိုးအကြောတွေနှိပ်နေရင်းနဲ့ ဆရာဝန်ဆိုသူက သူ့ရဲ့ အပေါ်ပိုင်းက အသားမြတ်ကို ဆုပ်နယ်နေတယ်။ ပြီးတော့ သူ့ရဲ့ အင်္ဂါဇာတ်ကို လက်ညှိုးတွေ လက်ခလယ်တွေနဲ့ ထိခတ်ပြန်တယ်။ သူမ တော်တော်လေး နေရခက်လာပြီး ဒေါသတွေလည်း ထွက်လာတယ်။ ဒါတွေ လုပ်ဖို့ လိုအပ်လို့လားလို့ မေးကြည့်တော့ .. တစ်ကိုယ်လုံးမှာ ရှိတဲ့ အကြောအချဉ်တွေကို အားလုံးပြေလျော့နေမှ ဒီဒဏ်ရာက သက်သာမှာဖြစ်ကြောင်း၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ အကြောတွေရှိတဲ့အတွက် နေရာလပ်မကျန်အောင် အခုလိုမျိုး နှိပ်နယ်ပေးရတာဖြစ်ကြောင်း ပြန်ပြောတယ်။ ဒါပေမဲ့ သူမ ဒီအချိန်ဒီအခိုက်အတန့်တွေမှာတော့ ဒီအခန်းထဲကနေ ပြေးထွက်သွားချင်တဲ့ စိတ်ပဲ ရှိနေမိတယ်။ တစ်နာရီနီးပါးလောက် ဆရာဝန်ဆိုသူက သူ့ရဲ့ ခန္ဓာကိုယ်နေရာအနှံ့ကို (အထူးသဖြင့် အသားမြတ်နဲ့ အင်္ဂါဇာတ်) စိတ်ကြိုက် ထိခတ်နှိပ်နယ်မွှေနှောက်ပြီးချိန်မှာတော့ တစ်နေ့တာ ကုသမှုက ပြီးဆုံးသွားခဲ့တယ်။ ဒါပေမဲ့ နောက် နှစ်ရက်အကြာမှာ ထပ်မံလာကုဖို့ ဆရာဝန်ဆိုသူက ချိန်းဆိုလိုက်ပြန်တယ်။ သူမ လေးလံထိုင်းမှိုင်းနေတဲ့ စိတ်တွေနဲ့ အိမ်ကို ပြန်လာခဲ့တယ်။ ကုသမှုရှိတဲ့နေ့တွေဆို သူမအနေနဲ့ ကျွမ်းဘားလေ့ကျင့်မှုကိုတောင် မပြုလုပ်နိုင်တော့ဘူး။

အိမ်ရောက်တော့ ရေချိုးရင်းနဲ့ သူမ တွေးနေမိတယ်။ ဒီဆရာဝန်က ဒီလိုမျိုး ဘာကြောင့် ကုတာလဲပေါ့။ ဒါဟာ သူမအတွက် တကယ့်ကို နေရထိုင်ရခက်ခဲစေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ဒါပေမဲ့ သူမရဲ့ နည်းပြကတော့ ဒီဆရာဝန်ရဲ့ အကြံဉာဏ်တွေကို ယူပြီးမှာ အလုပ်လုပ်တာကိုလည်း တွေ့ရတယ်။ နောက်ပြီးတော့ ဒီလိုမျိုးဖြစ်နေတာ ငါတစ်ယောက်တည်းလား။ စသဖြင့်ပေါ့ အတွေးပေါင်းစုံက သူမကို နှိပ်စက်နေတယ်။ နောက်နှစ်ရက်ကြာတော့ သူမ ဆရာဝန်ဆီ နောက်တစ်ခေါက်ပြန်ရောက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ သူမ ဝတ်သွားတာက အသားကပ်ဘောင်းဘီ။ ဒါပေမဲ့ ဆရာဝန်ကတော့ ထုံးစံအတိုင်း အကုန်လုံးကို ချွတ်ခိုင်းပြန်တယ်။ သူမ အနေနဲ့ သိပ်ပြီးတော့ စောဒကမတက်ချင်တော့တာနဲ့ အကုန်လုံးချွတ်ပေးလိုက်ရပြန်တယ်။ ဆရာဝန်က စကားပြောတာတော့ ချိုသာပေမဲ့ သူ့ရဲ့ လုပ်ပုံတွေကိုတော့ သူမ သဘောမကျမိ။ အခုလည်း သူမရဲ့ သားမြတ်နှစ်ခုကို သေသေချာချာ ဆုပ်နယ်နေပြန်တယ်။ သူမအတွက် ဘယ်လိုမှ အကြောမပြေသလို နေရထိုင်ရတာလည်း သက်သောင့်သက်သာမရှိဘူး။ စိတ်အနှောင့်အယှက်ဖြစ်မှုနဲ့ ရှက်စိတ်သာ ဖြစ်ပေါ်နေတယ်။ ဒီလိုနဲ့ သူမ ဟာ ကုသမှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်အစော်ကားခံရမှုအကြိမ်အရေအတွက်က ရေတွက်လို့မရအောင်ပင် များပြားလာခဲ့ပြီ။

သည်းမခံနိုင်တော့တဲ့ တစ်နေ့မှာတော့ .. သူမဟာ ကျွမ်းဘားသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီး တိုင်လိုက်တော့တယ်။ သူမရဲ့ ပြောပြမှုကြောင့် USA Gymnastics ကျောင်းကနေပြီးတော့ အဆိုပါဆရာဝန်ဆိုသူရဲ့ လုပ်ရပ်ကို FBI ကို သတင်းပေးကာ စုံစမ်းစစ်ဆေးခိုင်းလိုက်တယ်။ ဒါပေမဲ့ FBI ကတော့ တိုင်ကြားမှုက မပြည့်စုံတာရယ်၊ သက်သေမခိုင်လုံတာရယ်ကြောင့် ဆရာဝန်ဆိုသူကို ဖမ်းဆီးဖို့ မဖြစ်နိုင်ခဲ့ဘူး။ USA Gymnastics အနေနဲ့ အဆိုပါ ဆရာဝန်ကို သူတို့ကျောင်းကနေ ထုတ်ပယ်ခဲ့ပေမဲ့ ဆရာဝန်ဆိုသူကတော့ သူ့ဘာသာနှုတ်ထွက်သွားတဲ့ပုံစံမျိုးနဲ့သာ USA Gymnastics ကနေ ထွက်ခွာသွားခဲ့တယ်။

USA Gymnastics မှာ ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်စော်ကားတဲ့ ဆရာဝန်နဲ့ ကင်းလွတ်ခဲ့ပေမဲ့… အဆိုပါ ဆရာဝန်ကတော့ နောက်ထပ်သားကောင်တွေကို ထပ်မံရှာဖွေဖို့ စားကျက်ပြောင်းရွှေ့သွားခဲ့တယ်။ အဲဒီနေရာတွေကတော့ Twinstars Gymnastics Club နဲ့ Michigan State University တို့ပဲ ဖြစ်တယ်။

သူ့နာမည်က လာရီနက်ဆား။ ၁၉၆၃ခုနှစ် ဩဂုတ်လမှာ အမေရိကန်နိုင်ငံ Farmington Hills, Michigan မှာ မွေးဖွားခဲ့တယ်။ သူဟာ ၁၉၈၅ ခုနှစ် Michigan တက္ကသိုလ်ကနေပြီးတော့ kinesiology(အရိုးအဆစ်ပိုင်းဆိုင်ရာ) နဲ့ ဘွဲ့ရခဲ့တယ်။ ၁၉၈၈မှာတော့ Michigan State University ၏ Osteopathic Medicine ကောလိပ်ကိုတက်ဖို့ စာရင်းပေးခဲ့ပေမဲ့ biochemistry ကို နှစ်ခါကျခဲ့တာကြောင့် မြန်မာလိုအခေါ်ဆို သူဟာ မွန်းမံသင်တန်း လေးနှစ်ထပ်တက်ခဲ့ရတယ်။ ဒါကပဲ သူ့ကို Gymnastics မှာ ဆေးမှုးလုပ်ဖို့ လမ်းစဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ ဆေးကျောင်းက ဘွဲ့ရခဲ့တယ်။ တကယ်တော့ သူက ဒီဘွဲ့တွေမရခင် ၁၉၇၈ခုနှစ်မှာကတည်းက အမေရိကန်ကျွမ်းဘားအသင်းနဲ့ ပတ်သက်ခဲ့သလို ၁၉၉၆ခုနှစ်မှာတော့ USA Gymnastics အမျိုးသားဆေးဘက်ဆိုင်ရာညှိနှိုင်းရေးမှူးဖြစ်လာခဲ့တယ်။ အဲဒီနှစ်မှာပဲ အိုလံပစ်အားပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ Kerri Strug ကို ဆေးကုသပေးခဲ့သလို ၁၉၉၇ခုနှစ်မှာတော့ လာရီနက်ဆားဟာ Michigan ပြည်နယ်တက္ကသိုလ် အရိုးအထူးကုဆေးပညာဆိုင်ရာ လက်ထောက်ပါမောက္ခအဖြစ်သတ်မှတ်ခံခဲ့ရတယ်။ သူဟာ ကျွမ်းဘားပြိုင်ပွဲဝင် အမျိုးသမီးငယ်တွေရဲ့ အာဟာရနဲ့ပတ်သက်ပြီး ထောက်ပံ့ကူညီပေးခဲ့တာတွေရှိသလို အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တယ်။ သူဟာ ဂုဏ်သိက္ခာကြီးမြင့်ပြီး လူသားချင်းစာနာတတ်တဲ့ ဆရာဝန်တစ်ယောက်အဖြစ် လူသိများခဲ့တယ်။ USA Gymnastics ရဲ့ အားထားရတဲ့ ဆရာဝန်ဖြစ်တဲ့သူဟာ နောက်ပိုင်းမှာတော့ ကျွမ်းဘားမယ်လေးတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားမှုတွေကို ပြုလုပ်လာခဲ့တာပဲ ဖြစ်တယ်။ ဒါပေမဲ့ အထက်မှာဆိုခဲ့သလို သက်သေအထောက်အထားမပြည့်စုံတာရယ်၊ သူ့ဟာ ပြည်နယ်ရဲ့နာမည်ကြီးဆရာဝန်တစ်ယောက်ဖြစ်တာရယ်ကြောင့် သူ့ရဲ့ လုပ်ရပ်တွေအတွက် အကာအကွယ်ရခဲ့ပြီး USA Gymnastics ကနေ သူ့သဘောနဲ့သူ ထွက်လာတဲ့ ပုံစံမျိုးနဲ့ ထွက်လာနိုင်ခဲ့တယ်။ သူဟာ USA Gymnastics မှာ ခန့်မှန်းခြေ အယောက်လေးဆယ်လောက်ကို အခုလိုမျိုး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာပဲ ဖြစ်တယ်။

သူဟာ USA Gymnastics ထွက်လာပြီးနောက်မှာတော့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရုံတင်မကတော့ဘဲ မတရားမှုတွေကိုပါ ကျူးလွန်လာခဲ့တယ်။ Michigan State University မှာ လုပ်နေစဉ်အတွင်းမှာ သူဟာ အဆိုးရွားဆုံး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ၊ မတရားကျင့်မှုတွေကို ကျူးလွန်ခဲ့တာပဲ ဖြစ်တယ်။ အသက် ၆ နှစ်အရွယ်ကလေးမလေးကို ခြောက်နှစ်လုံးလုံး Child Abuse ပြုလုပ်ခဲ့တယ်။ နောက်ပြီးတော့ နာမည်ကြီးကျွမ်းဘားမယ်တွေဖြစ်တဲ့ Rachael Denhollander (Indianapolis Star) Olympians, including Aly Raisman, Simone Biles , McKayla Maroney and Gabby Douglas တို့ကိုလည်း မတရားကျင့်ခဲ့သေးတယ်။ Rachael Denhollander ဆိုရင် ရှေ့နေလည်းဖြစ်သလို ကျွမ်းဘားမယ်လည်း ဖြစ်တယ်။ including Aly Raisman က ရွှေတံဆိပ်ဆုတွေ ခဏခဏယူပေးခဲ့တဲ့ ကျွမ်းဘားမယ်တစ်ယောက်ဖြစ်သလို၊ Simone Biles ဆိုရင်လည်း အခုမှ ၂၃နှစ်သာ ရှိသေးပြီး ရွှေတံဆိပ်ဆု နှစ်ဆယ်ကျော်ထိ ရရှိထားတဲ့သူပါ။ McKayla Maroney ကတော့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်ပြီး Gabby Douglas ရွှေတံဆိပ်တွေ အများအပြားရခဲ့တဲ့ သူပါ။ ဒါတွေက လာရီနက်ဆား ရဲ့ ထင်ရှားတဲ့ မတရားကျင့်မှုတွေပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူ မတရားကျင့်ခဲ့တဲ့ ကျွမ်းဘားမယ်တွေက နာမည်ကြီးတွေဖြစ်ခဲ့တာကြောင့် လာရီနက်ဆား အနေနဲ့ နောက်ပိုင်းမှာတော့ ရှောင်လွှဲလို့ မရနိုင်တော့တာလို့ ယူဆလို့ရတယ်။

ကျွမ်းဘားမယ်တွေဟာ ခန္ဓာကိုယ်အချိုးအစားကျစ်လစ်လှပပြီး Sexy ကျတဲ့ ကိုယ်ဟန်အချိုးအစားကို ပိုင်ဆိုင်ထားကြတာပါ။ လာရီနက်ဆား အနေနဲ့ ဒီလိုမျိုး အမျိုးသမီးတွေနဲ့ ထိတွေ့မှုတွေမှာ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်မှုအားနည်းတယ်လို့သတ်မှတ်လို့ရပေမဲ့ သူ့ဆီမှာ မိန်းမနဲ့ ကလေးသုံးယောက်ရှိထားသေးတယ်။ သူဟာ သက်သေမရှိတဲ့ အမှုပေါင်းမြောက်များစွာကိုလည်း ကျူးလွန်ခဲ့လိမ့်ဦးမယ်လို့ FBI က ယူဆထားခဲ့သေးတယ်။

လာရီနက်ဆား ကို ပတ်ဝန်းကျင်က မြင်ထားကြတာကတော့ သူဟာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ အားကစားဆရာဝန်တစ်ယောက်အဖြစ် လက်ခံပြီး မြင်ထားကြတယ်။ အဲဒါကြောင့် အချို့သော တိုင်ကြားမှုတွေအတွက် လာရီနက်ဆားဟာ ထိထိရောက်ရောက်အရေးယူမခံရဘူး။ နောက်ပြီးတော့ သူ့အလုပ်ကိုက မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်တွေကို ထိတွေ့ရတဲ့အလုပ်မျိုးဆိုတော့ ဒါက ရောထွေးသွားပုံရတယ်။ ဒါပေမဲ့လည်း လာရီနက်ဆားအတွက် အမြဲတမ်းတော့ ကံမကောင်းနိုင်ပါဘူး။ သူ့အတွက် အမှားအယွင်းကြီးတစ်ခုကို ပြုလုပ်ခဲ့မိတာကတော့ Rachael Denhollander ကို မတရားကျင့်ခဲ့တာပါပဲ။

အထက်မှာ ပြောခဲ့သလို Rachael Denhollander ဟာ ကျွမ်းဘားမယ်လည်းဖြစ်သလို ရှေ့နေတစ်ယောက်လည်း ဖြစ်တယ်။ Rachael Denhollander ဟာ အသက် ၁၅နှစ်အရွယ်မှာ နောက်ကျောနာကျင်မှုကြောင့် လာရီနက်ဆား ဆီမှာ ကုသမှုခံယူခဲ့တယ်။ ထုံးစံအတိုင်းပဲ လာရီနက်ဆား ဟာ Rachael Denhollander ကို အချိန်ဆွဲပြီး ကုသခဲ့တယ်။ ပထမတုန်းကတော့ Rachael Denhollander ဟာ သွေးရိုးသားရိုးထင်ပေမဲ့ နောက်ပိုင်းမှာတော့ သူ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေအပြင် မတော်မတရားပြုကျင့်မှုတွေကိုပါ ပြုလုပ်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ Rachael Denhollander ဟာ လာရီနက်ဆား ဆီကို မသွားဖြစ်တော့ဘူး။ နောက်ပိုင်းမှာ Rachael Denhollander ဟာ ရှေ့နေတစ်ယောက်ဖြစ်ခဲ့သလို တည်ငြိမ်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားခဲ့တယ်။ ဒါပေမဲ့ လာရီနက်ဆားကတော့ ကလေးသူငယ်တွေ၊ ဆယ်ကျော်သက်မိန်းမပျိုလေးတွေကို ဆက်လက်ပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို ဆက်လက်ပြုလုပ်ခဲ့တယ်။ လာရီနက်ဆားရဲ့ သားကောင်အများစုက ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေနဲ့ ကလေးအချို့ဖြစ်နေတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတော်တော်များများက ရှက်စိတ်ကြောင့် ကြိတ်မှိတ်ပြီးနေကြသလို အချို့ကလည်း သူတို့အနေနဲ့ ဒါဟာ ရာဇဝတ်မှုမြောက်မှန်း၊ ကိုယ့်ကိုယ်ကိုယ်နစ်နာသူအဖြစ်လို့တောင် မတွေးမိတာမျိုးတွေ ရှိကြလိမ့်မယ်။ လာရီနက်ဆားဟာ မိန်းကလေးတော်တော်များများကို လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုလုပ်ပေမဲ့ အလိုမတူဘဲ မတရားပြုကျင့်တာမျိုးကတော့ နည်းပါးပါတယ်။ ဒါကြောင့်လည်းသူဟာ နှစ်ပေါင်းများစွာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခွင့်အခွင့်အရေးကို ရနေတာပေါ့။ နောက်ပြီးတော့ လာရီနက်ဆား လို အပြုအမူမျိုးဟာ နည်းနည်းတော့ လန့်စရာကောင်းတယ်။ ကျနော်တို့ နိုင်ငံမှာလည်း လာရီနက်ဆားလို လူတွေ အများအပြားရှိနိုင်တယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို သူစိမ်းတစ်ယောက်နဲ့ မျက်ကွယ်မှာ ယုံယုံကြည်ကြည် လွှတ်ထားတဲ့အခြေအနေမျိုးကိုတော့ ရှောင်ရှားသင့်တယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လာရီနက်ဆား ဆိုရင် ဒီအမှုတွေမပေါ်ခင်အထိ အခြားဘာနာမည်ပျက်မှာ ရှိထားတာမှ မဟုတ်တာ။

၂၀၁၆ခုနှစ်မှာတော့ လာရီနက်ဆား အတွက် ကံဆိုးတဲ့ နေ့တစ်နေ့ကို ရောက်ရှိလို့လာခဲ့တယ်။ ၂၀၁၆ခုနှစ်ရဲ့ ဒီဇင်ဘာလ ၈ရက်နေ့မှာ လာရီနက်ဆားကို Rachael Denhollander က အမှုဖွင့် စွဲချက်တင်လိုက်တာပဲ ဖြစ်ပါတယ်။ ၁၆ရက်နေ့မှာတော့ FBI က လာရီနက်ဆားရဲ့ အိမ်ကို ဝင်ရောက်စီးနင်းပြီး သက်သေပစ္စည်းတွေနဲ့တကွ ဖမ်းဆီးလိုက်တာပဲ ဖြစ်တယ်။ တကယ်တော့ Rachael Denhollander ကို လာရီနက်ဆား လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တာက ၂၀၀၀ခုနှစ်လောက်ကပါ။ ဒါပေမဲ့ လာရီနက်ဆား အဲဒီလိုစော်ကားခဲ့တဲ့ မိန်းကလေးတွေက များပြားခဲ့ပြီး သူတို့အချင်းချင်း ပေါင်းစည်းမိသွားတဲ့အခါမှာတော့ လာရီနက်ဆားအတွက် ပြေးပေါက်မရှိဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အချို့သော မိန်းကလေးတွေဟာ သူတို့အသက် ၁၄နှစ်၊ ၁၅နှစ်အရွယ်တွေမှာ ဆရာဝန်တစ်ယောက်ရဲ့ ရိုးသားတဲ့ ဆေးကုသမှုလို့ပဲ ယုံကြည်ခဲ့ကြပေမဲ့ အရွယ်လောက်ပြီးချိန်မှာတော့ ဒါဟာ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာပဲ လို့သိရှိနားလည်သွားကြတယ်။ အချို့က လာရီနက်ဆားရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တွစ်တာပေါ်တွေ၊ ဖေ့စ်ဘွတ်ပေါ်တွေက ဖွင့်ချကြသလို အချို့ကလည်း ရဲစခန်းမှာ လာရောက် သက်သေထွက်ဆိုကြတယ်။ အချို့ မိန်းကလေးတွေက သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့လို့ ထုတ်ခဲ့မှန်းတောင် မသိတာတွေရှိသလို အချို့ကလည်း မတရားမှန်းသိပေမဲ့ မတတ်သာလို့ မြိုသိပ်ခဲ့ရတာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ လာရီနက်ဆား အဖမ်းခံလိုက်ရချိန်မှာတော့ သူတို့ခံစားခဲ့ကြရတာတွေ အချင်းချင်းပြောကြရင်းကနေ လာရီနက်ဆားဟာ မိန်းကလေးငယ်ပေါင်း ၁၅၀နဲ့ ၂၀၀ ကြားလောက်ကို အလားတူပုံစံမျိုးတွေ ကျူးလွန်ခဲ့တာ ပေါ်လွင်သွားခဲ့တယ်။

လာရီနက်ဆားရဲ့ အဓိက ကျူးလွန်တဲ့ပုံစံကတော့ နှိပ်နယ်ပေးသလိုလိုနဲ့ မိန်းကလေးတွေရဲ့ အသားမြတ်နဲ့ အင်္ဂါဇာတ် ကို ပွတ်သပ်ထိတွေ့တာပါပဲ။ လာရီနက်ဆားရဲ့ အိမ်ကို ဝင်ရောက်စီးနင်းရှာဖွေတုန်းကလည်း အပြာစာအုပ်တွေ၊ အခွေတွေ၊ နောက်ပြီး ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေရဲ့ဝတ်လစ်စလစ်ပုံတွေ ကို တွေ့ခဲ့ရပါသေးတယ်။

၂၀၁၇မှာတော့ လာရီနက်ဆား ရဲ့ မိန်းမဟာ သူ့ကို ကွာရှင်းပြီး ကလေးသုံးယောက်နဲ့အတူ ထွက်သွားခဲ့တယ်။ လာရီနက်ဆားကို ကာကွယ်ပေးခဲ့ဖူးတဲ့ အချို့ရာထူးကြီးကြီးတွေလည်း ရာထူးတွေက အနားယူသွားခဲ့ကြရတယ်။ ၂၀၁၈ ESPY ဆုပေးပွဲအခမ်းအနားမှာ လာရီနက်ဆားရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးပေါင်း ၁၄၀ က အတူတူရောက်လာခဲ့ကြတယ်။ အမေရိကန်တစ်နိုင်ငံလုံးကလည်း လာရီနက်ဆားရဲ့ အမှုအပေါ်မှာ အထူးစိတ်ဝင်စားခဲ့ကြတယ်။ ပထမတုန်းကတော့ တရားရုံးက လာရီနက်ဆားကို ထောင်ဒဏ် နှစ် ၆၀ သာ ချမှတ်ခဲ့ပေမဲ့ ကြားနာနေစဉ်ကာလအတွင်း နောက်ထပ်အမှုတွေများစွာထပ်တက်လာခဲ့တာကြောင့် ထောင်ဒဏ် ၁၇၅နှစ်အထိ တိုးမြှင့် ချမှတ်ခဲ့ရတယ်။ အခုဆိုရင် အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ လာရီနက်ဆား ဟာ ဒီလိုအမှုတွေကို နှစ်ပေါင်း ၃၀လောက် ကျူးလွန်လာခဲ့တာပဲ ဖြစ်တယ်။ အမေရိကန်ရဲ့ ကျွမ်းဘားလောကမှာလည်း ဒီဖြစ်ရပ်ကြီးဟာ တကယ့်ကို တုန်လှုပ်စရာအဖြစ်အပျက်ကြီးတစ်ခု အဖြစ်ရှိနေခဲ့တယ်။

အမေရိကန်နိုင်ငံလို Sex ကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းလွန်းတဲ့ တိုင်းပြည်မှာတောင် အခုလိုမျိုး အပျိုဖော်ဝင်စမိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်။ တစ်ရက်၊ တစ်လ၊ တစ်နှစ် မဟုတ်ဘဲ နှစ်ပေါင်းများစွာကို စော်ကားခံခဲ့ကြရတာ။ အချို့ဆိုရင် တရားရုံးမှာ ဖြောင့်ချက်လာပေးတဲ့အချိန် မိသားစုတွေ၊ သားသမီးတွေတောင် ထွန်းကားနေခဲ့ကြပြီ။ ဒါပေမဲ့လည်း ဒါဟာ သူတို့ အသိဉာဏ်မကြွယ်သေးတဲ့ ကလေးဘဝမှာ မတရားမှုတစ်ခုကို ခံခဲ့ရတယ်။ အဲဒီအတွက် ဒီအချိန်ကျမှ တရားမျှတမှုကို ပြန်လည်ရရှိတယ်ဆိုပေမဲ့လည်း သူတို့ဟာ မကောင်းမှုလုပ်တဲ့သူကို ဒဏ်ခတ်ဖို့အတွက် တွန့်ဆုတ်နေခြင်းမရှိခဲ့ဘူး။ ဘယ်နယ်ပယ်မှာမဆို ယုံကြည်မှုကို အလွဲသုံးစားလုပ်အမြတ်ထုတ်တတ်တဲ့ လူ တွေဟာ ရှိနေမှာပါပဲ။ လာရီနက်ဆား လို သမားဂုဏ်ကို အလွဲသုံးစားလုပ်တတ်တဲ့ လူမျိုးတွေရဲ့ မတရားစော်ကားမှုတွေကို ခံရတဲ့အခါမျိုးမှာ ပြန်လည်တုန့်ပြန်နိုင်ဖို့ လိုပါတယ်။ ကျနော်တို့ လူ့အဖွဲ့စည်းကြီးမှာ အထူးသဖြင့် မိန်းကလေးငယ်တွေအပေါ်မှာ နေ့စဉ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေဟာ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့လိုပါတယ်။ အခုတော့ လာရီနက်ဆား ရဲ့ အဖြစ်အပျက်ကနေ ကျနော်တို့ သင်ခန်းစာကောင်းကောင်း ယူနိုင်ဖို့ပဲ ကြိုးစားကြရတော့မှာ ဖြစ်ပါတယ်။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..