လင်ငယ်နှင့်ဖောက်ပြန်သော မယားအား အခဲမကြေသည့် တစ္ဆေ
lotaya.mpt.com.mm
|
2021-02-05

၁။

အသက် ၄၅နှစ်အရွယ် ဦးတိုးမောင်သည် လှေကားအတက်၌ အသက်ကို မှန်မှန် ရှုသွင်း နေရပါသည်။

သူ၏ ရင်သည် ဖားဖိုတစ်ခုပမာ မို့လိုက်ဖောင်းလိုက်ဖြင့် အတက်အကျ မြန်ဆန်လွန်းနေ၏။

အဆုတ်ရောဂါ အခံရှိသော ဦးတိုးမောင်သည် စိတ်ပင်ပန်းမှုဒဏ်ကြောင့် ရှိရင်းစွဲ အရွယ်ထက် အိုစာလွန်းနေ၏။

ခါတိုင်း တက်နေကျ လှေကားထစ်များက ယခုအခါတွင် သူ့အတွက် ပို၍ များနေသလား အောက်မေ့မိသည်။

လှေခါးထစ်များကို တက်လှမ်းနေရသော ခြေထောက်များက လေးလံလွန်းနေပါသည်။

အပေါ်ထပ်သို့ ရောက်နိုင်ခဲလှသည်။

သူခိုးတစ်ယောက်၏ ခြေလှမ်းများပမာ အိမ်ရှင်ဖြစ်နေသော ဦးတိုးမောင်သည်၊ လှေကားထစ်တိုင်းကို သတိကြီးစွာ ထား၍ နင်းနေပါ၏။

ဤအချိန်ဝယ် အသံသဲ့သဲ့လေး တစ်ခုတလေ ထွက်ပေါ်လာမည်ကိုပင် သူ အမှန်တကယ်ပင် စိုးရွံမိနေသည်။

သူ ဘာကို စိုးရှံနပေါသနညျး။

ဦးတိုးမောင် အပေါ်ထပ်ကို ရောက်ပြီ။သူ့ ရင်သည် တထိတ်ထိတ်ဖြင့် ပို၍ အခုန်မြန်လွန်းနေ၏။

သူသည် ကြုံတွေ့လာရမည့် သူ၏ ပကတိ အမှန်တရားကို ချက်ချင်း လက်ခံနိုင်ပါ့မလားလို့လည်း စိုးရိမ်ပူပန်နေမိပြန်သည်။

ကြမ်းပြင်နှင့် ထိတွေ့မိသော သူ၏ ခြေဖဝါးအစုံသည် အေးစက်လွန်းနေသယောင်ယောင်။

အာခေါင်သည် စိတ်လှုပ်ရှားမှုကြောင့် ခြောက်ကပ်လာ၏။

တံတွေးအချို့ မြိုချမိလေသလား မပြောတတ်။

ဦးတိုးမောင်၏ ခြေလှမ်းများက အခန်းတံခါးဝဆီသို့ သံသယများစွာကို ပွေ့ပိုက်ကာ တဖြေးဖြေးချင်း တိုးကပ်သွားနေ၏။

တံခါးဝ ရောက်သည့်အခါ သူ တံခါးကို မဖွင့်သေးပဲ မားမားကြီး ရပ်နေမိပြန်သည်။

ဖွင့်ရကောင်းနိုးနိုး မဖွင့်ပဲနေရနိုးနိုး ချီတုံချတုံ ဖြစ်နေရှာသည်။

" ငါ တံခါးကို ဖွင့်လိုက်ရ ကောင်းမလား ၊ ဒါမှမဟုတ် ဒီလိုနဲ့ပဲ ငါ လှည့်ပြန်သွားရမလား "

ချီတုံချတုံ ဖြစ်နေသော သူ၏ ဒွိဟစိတ်သည် အခန်းတံခါးဝ အရှေ့တွင် တွေတွေကြီး ရပ်တန့်နေစေပြန်ပါ၏။

သို့ဖြင့် ဦးတိုးမောင်သည် တံခါးကို နားဖြင့်ကပ်၍ နားထောင်လိုက်ပြန်သည်။

အခန်းထဲမှ အသံတစ်ခုခုများ ကြားရလေမလားဆိုသည့် သိချင်စိတ် တစ်ခုဖြင့်သာ။

မသင်္ကာဖွယ်ရာ အသံတစ်ခုခုကို ကြားရပါက သူ ချက်ချင်း တံခါးကို ဆွဲ ဖွင့်ဖြစ်လိမ့်မည် ဖြစ်သည်။

သို့သော် အခန်းတွင်းမှာ ငြိမ်သက် တိတ်ဆိတ် နေပြန်၏။ဘာသံမှ မကြားရ။ထို့ကြောင့် ဦးတိုးမောင်ခမျာ ဝမ်းသာရမလိုလို ။

ဦးတိုးမောင်သည် အမွှေးအမှင်များ ထူထပ်သော သူ၏ လက်ဖြင့် တံခါးလက်ဘုကို ကိုင်ကာ ပါးစပ်ကနေ လွှတ်ကနဲ ' မနှင်းဆီရေ ..ကိုကြီး ပြန်လာပြီကွဲ့ ' ဟု ပြော ထွက်လုနီးနီး ဖြစ်သွားသည်။

သို့သော် ..သူ၏ နားထဲတွင် အစ်မကြီး မမြရင်၏ စကားများကို ပြန်လည် ကြားယောင်ကာ လက်သီး နှစ်ဖက်က သူ့အလိုလို တင်းတင်းဆုပ်မိသွားစေသည်။

" နင်က နွား ဟဲ့ တိုးမောင်ရဲ့ ၊ ကိုယ့်ဘာသာ ခေါင်းပေါ် စမ်းကြည့်ပါဦးတော့လား ၊ ခေါင်းပေါ် ဂျို ထွက်လာပြီလားလို့ "

ပါးစောင်က သွားများ အသံထွက်လာမတတ် ခပ်တင်းတင်း ကြိတ်မိသွားကြသည်။ဒေါသကြောင့် မေးကြောကြီးများ လည်း ထောင်ထလာကြသည်။

" နင်သာ ဖင် ဂျွတ်တက်အောင် စီးပွားရေးကို ကျွဲလို နွားလို ရုန်းနေ သိရဲ့လား။ နင့်မယားအလိမ္မာတုံးက လှေကြီးပေါ် လှေငယ်ဆင့်နေတာ တစ်ရွာလုံးမှာ ဟိုးဟိုးကျော်နေပြီ နွားရဲ့။နင့်အစား ငါ ရင်နာတယ်ဟဲ့ ရင်နာတယ် တိုးမောင်ရဲ့"

ဦးတိုးမောင် နားထဲကို သံရည်ပူတွေ ချော်ရည်ပူတွေ လောင်းချခံရသလို နာကျင် ခံရခက်ပါဘိတော့။

ဆက်ပြောလာသော အစ်မကြီးရဲ့ စကားများကို ဦးတိုးမောင် မယုံချင်ပါ ။ အမှန်တရားကို သူ လက်သင့် မခံလို။

" အစကတည်းက နင့်ကို ငါ ပြောခဲ့သား။ အရွယ်ကွာလွန်းတယ် မယူပါနဲ့လို့ ။ အဲ့တုန်းက နင့်မျက်လုံးတွေက တဏှာ

ရာ ဂ ပဲ ဖုံးနေတယ်မဟုတ်လား ။ ငါ့စကား ငါ့အသံတွေကို ဘယ်နားဝင်ပါ့မလဲ ။

ဟိုကောင်မရဲ့ ချွဲပြစ်ပြစ် အသံနဲ့ အလှအပမှာ နင် ယစ်မူးနေခဲ့တယ်၊ သာယာနေခဲ့တယ်လေ။ အဲ့ဒီကောင်မက နင့်လို အသက်ထက်ဝက်လောက်ကြီးတဲ့ ဦးလေးအရွယ်ကို ပစ္စည်းဥစ္စာမက်လို့ မြူဆွယ်နေတာကို နင် မမြင်နိုင်ခဲ့ဘူး။

အခုတော့ ကောင်းကရော၊ နင့်ကောင်မက သူ့ငယ်ချစ် ဖိုးမောင်နဲ့ နင့်ကွယ်ရာမှာ ပလူးနေတာ နင်သာ မသိတာ၊ တစ်ရွာလုံးက သိတယ် နွားကြီးရဲ့ "

ဦးတိုးမောင် တစ်ခွန်းမှ ခွန်းတုန့်တင် ပြန်မပြောနိုင်ခဲ့။သူလည်း ဒီသတင်းကို ကြားသင့်သလောက် ကြားခဲ့ပြီးပြီ။ရိပ်မိတန်သလောက်တော့ ရိပ်မိနေခဲ့သည်။

ဒါပေမယ့် မယားအချောလေးကို ချစ်တဲ့စိတ်ဖြင့် ယုံကြည်ပေးခဲ့သည်။ကြားစကားတွေအပေါ် သူ၏ သံသယကို တတ်နိုင်သလောက် ဖြေဖျောက်နေခဲ့သည်။

ဦးတိုးမောင်သည် အမှန်တရားကို လက်မခံလို။

သူ တကယ်ပဲ နွားဖြစ်နေပြီလား။

သူနဲ့ မနှင်းဆီ အိမ်ထောင်မကျခင်က မနှင်းဆီ နှင့် ဖိုးမောင်အကြောင်းတွေကို သူ သိထားခဲ့တာပဲ။

မနှင်းဆီကို လက်ထပ်ခွင့်တောင်းစဉ်က ထိုကိစ္စကို ပြတ်ပြတ်သားသား သိရန် သူ မေးခဲ့သေး၏။

" အစ်ကိုကြီး မနှင်းဆီကို လက်ထပ်ချင်တယ်။ သားမှတ်မှတ် မယားမှတ်မှတ် သေတပန်သက်ဆုံး ပေါင်းသင်းပါ့မယ်လို့ ကတိပေးပါတယ်။ မနှင်းဆီလေးဘက်ကသာ ဖိုးမောင်နဲ့ ဘယ်လို ဆက်ဆံမှုမျိုး ရှိနေသေးလဲဆိုတာ အစ်ကိုကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါ။တကယ်လို့ ဖိုးမောင်နဲ့ ချစ်သူတွေ ဖြစ်နေတယ်ဆိုရင် အစ်ကိုကြီး နောက်ဆုတ်ပေးပါ့မယ်ကွယ် "

အဲ့ဒီတုန်းက ..ဖိုးမောင်နဲ့ ရည်းစားဘဝ ပြတ်စဲခဲ့တာ ကြာပါပြီဟု မနှင်းဆီ၏ ပါးစပ်က အတိအလင်း ပြောထားခဲ့ပြီးသားမဟုတ်လား။

" အို ... နှင်းဆီနဲ့ သူ ပြတ်တာ ကြာပြီ။အခုချိန်မှာ အဲ့ဒီအကောင်အကြောင်း မပြောစမ်းပါနဲ့။ နား ကျက်သရေယုတ်လွန်းလို့ပါ ။ အဲ့ဒီကောင်က ယောက်ကျားပီသတဲ့ကောင်မဟုတ်ဘူး ။ မိန်းမတွေဆီက ချူစား မြူစားတဲ့ကောင် "

မနှင်းဆီသည်လည်း သူမ၏ ရည်းစားဟောင်းဖိုးမောင်ကို ခါးခါးသီးသီး မုန်းတီးရွံရှာနေတဲ့အကြောင်းများ ပြောခဲ့သည်။

ဦးတိုးမောင်လည်း မနှင်းဆီစကားကို ယုံကြည်ခဲ့မိသည်။

" အစ်ကိုကြီး ကျမကို တကယ် ချစ်မြတ်နိုးရင် ကျမအမေဆီမှာ မိသားဖသားပီပီ လာတောင်းရမ်းလှဲ့ပါ ။ အမေ့သဘောက ကျမသဘောပါပဲ "

ဦးတိုးမောင်လိုလူကို မနှင်းဆီရဲ့အမေကလည်း ငြင်းပါ့မလား ။ အသက်အရွယ် ကွာတာတစ်ခုသာ ပြောစရာရှိတာမဟုတ်လား။

ရွာမှာ ဦးတိုးမောင်ရဲ့ ငွေနဲ့ ကင်းတဲ့သူက ခပ်ရှားရှား။ မနှင်းဆီရဲ့ အမေတောင် ဦးတိုးမောင်ဆီမှာ လယ်ပေါင်ထားသေး၏။

ဦးတိုးမောင်လိုလူကို ငြင်းစရာ မရှိပါ။ အမြန်ဆုံးသာ လက်ထပ်ပွဲကို စီစဉ်ပါတော့ဟု အဖြေပေးလိုက်သည်။

အဲ့ဒီတုန်းက ဒညင်းကုန်းရွာမှာ ဦးတိုးမောင် နဲ့ မနှင်းဆီတို့၏ မင်္ဂလာပွဲက ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်မှာ အခမ်းနားဆုံး မင်္ဂလာပွဲကြီးဟု ပြောစမှတ်တွင်ခဲ့သည်။

လူအများကတော့ မနှင်းဆီရဲ့ ငယ်ချစ် ဖိုးမောင်တစ်ယောက် အသည်းကွဲ နေလိမ့်မည်ဟု ထင်ခဲ့ကြသည်။

လူတွေ ထင်သလို မဟုတ်ခဲ့ပါ။မင်္ဂလာပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်၊ ဖိုးမောင်တစ်ယောက်က ထန်းတောမှာ သူငယ်ချင်းများနဲ့ အေးအေးလူလူ သောက်စားနေပါ၏။

ဖိုးမောင် တစ်ယောက် ရွာလယ် မင်္ဂလာမဏ္ဍပ်မှ ပျံ့လွင့်လာသော မင်္ဂလာတေးသံသာကို သူ၏ မေးမွှေးအား တစိမ့်စိမ့် ပွတ်သပ်ရင်း ခပ်ပြုံးပြုံး နားထောင်နေခဲ့သည်။ထိုအပြုံးကိုတော့ ဘာကြောင့်ပါလိမ့်ဆိုတာ လူတွေ လွယ်လင့်တကူနဲ့ နားလည်နိုင်ကြမည်မဟုတ်ပေ။

ဖိုးမောင်လို လူ့ဘော်ကြော့က စားလို့ဝတဲ့ ကြောင်ပါးတစ်ကောင်လို စည်းစိမ်ရစ်နေခဲ့တာ လူတွေ မသိခဲ့ကြဘူးမဟုတ်လား။

နောက်ပြီးတော့ ဖိုးမောင်ရဲ့စိတ်ထဲမှာ မနှင်းဆီဆိုသော မိန်းမသည် သူအိတ်ထဲဖားသူငယ်လို၊ ဘယ်ချိန် ရိုက်သတ်သတ် ရတယ်ဆိုသည့်သဘောနဲ့ ခပ်ပြုံးပြုံး ရှိနေခဲ့သည်လားမှ မသိတာ။

တကယ်လည်း ဦးတိုးမောင် နှင့် မနှင်းဆီ လက်ထပ်ပြီး တစ်နှစ်ခန့်အကြာမှာတော့ မနှင်းဆီသည် ငယ်ချစ်ဖိုးမောင်နှင့် ပြန်ဆက်သွယ်နေသည်ဟု ရွာထဲတွင် သတင်းပျံ့လာပါ၏။

ဖိုးမောင်၏ ကောက်ကျစ်တဲ့ အပြုံးကို လူတွေ နားလည်သွားကြပြီ။

ဦးတိုးမောင်ကတော့ မယားချောလေးအတွက် စီးပွားရှာကောင်းနေဆဲ။ ပဲတွေ နှမ်းတွေ မြို့ကို ညအိပ်သွားပြီး ရောင်း၏။

'ကြောင်မရှိ ကြွက်ထ' တဲ့။ ဦးတိုးမောင် မြို့ကို ညအိပ်သွားသည့်အချိန် မနှင်းဆီသည် လိုတာထက် ပိုအလှပြင်တတ်လာခဲ့သည်။ ' ပိုးဖလံမျိုးမို့ မီးကိုတိုးလေပြီ 'ဟု ဆိုရခြိမ့်မည်။

နွားကြီးဦးတိုးမောင်ကတော့ မြို့က ကုန်တွေ သယ်ကာ ရွာမှာ ပြန်ရောင်း၏။

မယားချောအတွက် လက်ဆောင်အမျိုးမျိုးကို မမေ့မလျော့ ဝယ်လာတတ်၏။

ဦးတိုးမောင်သည် ထုံးစံအတိုင်း ရွှေထည် ကျောက်ထည်စတဲ့ ရတနာပစ္စည်းတွေ၊ လယ်တွေ ၊ ယာတွေ စတဲ့ မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ အပေါင်ခံ၏။ လူတွေအပေါ် ဂုတ်သွေးစုပ် ကောင်းနေတုန်း။

မယားဇောဖြင့် ကြီးပွားသည်ထက် ကြီးပွားအောင် စီးပွားရေးကို ဇောက်ချ လုပ်ကိုင်နေ၍ အတင်းအဖျင်း စကားတို့၌ နားမယောင်ခဲ့ချေ။

အချိန်တန်ရင် မဟုတ်သတင်းတွေက ရပ်သွားလိမ့်မည်ဟုသာ တွေးထားခဲ့သည်လား မပြောတတ်။

ဦးတိုးမောင်သည် ဇနီးမယားလေးအပေါ် ယုံကြည်ခဲ့သည်မှာ သေချာ၏။

ထို့ကြောင့် အတင်းအဖျင်း စကားဆိုတာ အချိန်တန်ရင် ရပ်သွားလိမ့်မည်ဟုသာ သူ ထင်ခဲ့မိသည် ဖြစ်လိမ့်မည်။

သို့ပေမယ့် ဒီသတင်းက တစ်ပတ်လည်း ရပ်မသွား။ နှစ်ပတ်လည်း တန့်မသွားခဲ့ ။ လူတွေကြားမှာ ရေပန်းစား နေခဲ့သည်။

' ပန်းသတင်းကို လေညှင်းဆောင်သတဲ့ ' ။အဲ့သလိုပဲ လူသတင်းကို လူချင်းဆောင်လေတော့ မနှင်းဆီရဲ့သတင်းက တစ်ရွာလုံးကို ဟိုးဟိုးကျော်ပြီပေါ့။

အခု ဦးတိုးမောင်ကို တအူတုံဆင်း အစ်မအရင်း ဖြစ်သူ အစ်မကြီး မမြရင်ကိုယ်တိုင်က ခေါ်ယူ အသိပေးလေတော့ သူ ဒီကိစ္စကို ဟုတ် မဟုတ် စမ်းသပ် အဖြေရှာရန် ဆုံးဖြတ်ခဲ့ရတော့သည်။

..................

၂။

" မနှင်းဆီရေ ... အစ်ကိုကြီး မြို့ကို ညအိပ် သွားရဦးမယ်ကွယ့် ။ အဲ့ဒါ ခါတိုင်းလိုပဲ မနှင်းဆီရဲ့အမေကို ညဘက် ခေါ်အိပ်ပေါ့ "

မနှင်းဆီက မူနွဲ့နွဲ့ဖြင့် ...

"ဟင့် အစ်ကိုကြီးကလည်း ပြီးခဲ့တဲ့ ၃ရက်ကပဲ မြို့က ပြန်လာတာ။ အခု တစ်ခါ မြို့ကို သွားရဦးမယ်ဆိုတော့ ရိုးကော ရိုးရဲ့လားနော် ၊ မြို့မှာများ မိန်းမချောချောလေး တစ်ယောက် ထပ်ရနေလား "

ဒီစကား ကြားလိုက်ရတော့ ဦးတိုးမောင်သည် နွားပြာကြီး အောက်သွားမရှိသလို တဟီးဟီးဖြင့် သဘောကျကာ၊

" အိုကွယ် ... ပဲဖိုး နှမ်းဖိုးငွေ ရဖို့ ရှိလို့ပါ ။ အစ်ကိုကြီးမှာ မနှင်းဆီလေးကလွဲရင် နောက်ထပ် ချစ်ရမယ့်မိန်းမ မရှိရပါဘူးကွယ် ။ ဘုရားစူးရပါစေရဲ့ "

မြို့ကို ပဲဖိုးငွေ သွားတောင်းရန် တစ်ညအိပ် ခရီးထွက်မည်ဟု မနှင်းဆီအား အကြောင်းပြကာ ဦးတိုးမောင် နေ့လယ်ကတည်းက ရွာမှ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

စီစဉ်ထားသည့်အတိုင်း ည ၈နာရီလောက်ကျတော့မှ ဦးတိုးမောင်သည် အိမ်ကို တိတ်တဆိတ် ပြန်လာချောင်းခြင်း ဖြစ်၏။

ဦးတိုးမောင် အိမ်ထဲကို တိတ်တဆိတ် ဝင်ခဲ့သည်။ သူ့အိမ်သည် တိတ်ဆိတ်နေ၏။ခါတိုင်းဆို ဒီအချိန်က သူတို့လင်မယား တီဗွီ ကြည့်နေကြတုန်းပေါ့။

သူ့စိတ်အထင်က မနှင်းဆီသည် သူ မရှိသောကြောင့် တီဗွီ မကြည့်တော့ပဲ စောစော အိပ်ရာဝင်သည်ဟုပင် လျော့ပေါ့ တွေးလိုက်မိသည်။

စိတ်ကို အတတ်နိုင်ဆုံး ဖော့တွေးလိုက်ပြီး ဦးတိုးမောင်သည် အခန်းတံခါးကို အသာအယာ လှည့်ဖွင့်လိုက်သည်။

အခန်းထဲ၌ မီး မထွန်းထား။ သို့ပေမယ့် ခေါင်းရင်းက ပြတင်းတံခါးမှ လရောင်သည် အခန်းထဲကို ကောင်းစွာ လင်းနေစေ၏။

သူတို့လင်မယား အိပ်စက်သော နှစ်ယောက်အိပ် ကုတင်ပေါ်ကို သူ ကြည့်၍ ကြက်သေသေသွားသည်။

သူ၏ ခေါင်းကို မိုးကြိုး အတောင့်လိုက် ပစ်ချလိုက်သလားမသိနိုင်။ခေါင်းနပမ်းကြီးကာ တစ်ကိုယ်လုံး ထူပူစွာ တုန်တုန်ရင်ရင် ဖြစ်သွားရှာပါသည်။

ဒေါသက ချက်ချင်း ထွက်သွားသည်။ အချစ်ကြီးတော့ အမျက်ကြီးပြီပေါ့။

" တောက် ! ခွေးမ "

သူ့ထံမှ ထိုအသံသည် တိတ်ဆိတ်နေသော အခန်းထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အိပ်ရာပေါ်မှာ အဝတ်အစား ဖရိုဖရဲဖြင့် ၊ တစ်ဦးကို တစ်ဦး ဖက်အိပ်နေကြသော လူသားနှစ်ဦးသည် သူ့ အသံကြောင့် လန့်နိူးလာကြသည်။

သူ့မယားချော သစ္စာပျက်မ မနှင်းဆီ နှင့် ကြာကူလီကောင် ဖိုးမောင်ပင် ဖြစ်နေကြသည်။

" နှင်းဆီ ... နင် နင် ခွေး ..ခွေး "

သူ့ကို မြင်လိုက်ရသော မနှင်းဆီ နှင့် မယားခိုး ကြာကူလီ ဖိုးမောင်တို့သည် အိပ်ယာပေါ်မှ ပြာသလူးခတ် ထလာကြသည်။

မနှင်းဆီသည် ကြောက်လန့်တကြားဖြင့် ၊

" အစ်ကိုကြီး ကျမ ကျမ ရှင်းပြ .."

" တော်စမ်း ... ပက်ပင်းတိုးနေတာတောင် နင်က ဘာတွေ လီဆယ်ဦးမှာလဲ မြွေဟောက်မရဲ့ "

" မဟုတ် မဟုတ်ပါဘူး အစ်ကိုကြီး"

ဦးတိုးမောင်သည် ဒေါသ ကြောင့် စိတ်တွေ အရမ်းလှုပ်ရှားနေသလို ရင်ဘတ်တွေလည်း အောင့်နေသည်။

ရင်နာလွန်းလှသည်။ သူ ဒီလောက် ပင်ပင်ပန်းပန်း ရှာဖွေ ကျွေးမွေးထားသည်ကို မထောက် သစ္စာဖောက်ရက်သည်။

သူ့ကိုယ်သူ မယုံနိုင် ဖြစ်နေရှာသည်။

ရှက်ခြင်း၊ ကြောက်လန့်ခြင်း၊ယူကြုံးမရဖြစ်ခြင်း စိတ်ခံစားမှုမျိုးစုံကြောင့် ရင်တွေက တဒိတ်ဒိတ်ဖြင့် အခုန်မြန်လာသည်။

ကြည့်ပါဦး ၊ ယောက်ျားရောမိန်းမပါ အရှက်မရှိလိုက်လေခြင်း ။

သူများ မယားကို ကြာကူလီ ရိုက်တဲ့ အကောင်ကိုလည်း ကြည့်ဦး။

ဖိုးမောင်က ငယ်ရွယ် နုပျိုသူမို့ အဝတ်ဗလာနှင့် ရင်အုပ်ထွားထွားပေါ်မှာ ရမ္မက်ချွေးတွေ မခြောက်သေး။ လရောင်အောက်မှာ စိန်ပွင့်အများအလား တလက်လက် တောက်ပနေသည်။

သူလို လူအိုကြီးနဲ့တော့ ကွာပါ့ဟု ခပ်ရွဲ့ရွဲ့လေး တွေးလိုက်မိတော့...

ဦးခေါင်းသည် မိုက်ကနဲ တစ်ချက်ဖြစ်ကာ သူ၏ ခန္ဓာကိုယ်သည် မတ်မတ် ရပ်တည်နိုင်ရန် ခဲယဉ်းလွန်းလာသည်။

ဒီမိန်းမကို ငါ ဘာလို့ ယုံကြည်ပြီး လက်ထပ်မိခဲ့တာပါလဲ ။

ဦးတိုးမောင် အသက်ရှုရကြပ်လာသည်။ အရှက်တရားကြောင့် ဖြစ်ပေါ်လာသော ဒေါသသည် မျက်စိများကို ပြာဝေလာစေ၏။

ဦးတိုးမောင်သည် မီးဝင်းဝင်းတောက်နေသော ဒေါသမျက်လုံးအစုံဖြင့် ၊ မနှင်းဆီအားကြည့်ရင်း လက်ညှိုးငေါက်ငေါက်ထိုးကာ၊

" နင် ...နင် လုပ်ရက်လိုက်တာဟာ "

ထိုစကားကို သူ နောက်ဆုံးအနေဖြင့် အသံထွက် ပြောမိလေသလားကိုပင် မသိနိုင်တော့ချေ။

' အစကောင်းမှ အနှောင်းသေချာ ' တဲ့။

ဦးတိုးမောင် ဆုံးဖြတ်လိုက်ပြီလေ။

နွားအို မျက်နု ကြိုက်မိခဲ့လို့ အစ မကောင်းခဲ့သော သူတို့ရဲ့အိမ်ထောင်ရေးကို ဒီနေရာမှာတင်ပဲ သေသေချာချာ အဆုံးသတ်လိုက်တော့မည်။

သူသည် လက်ဖြင့် ခါးကြားသို့ စမ်းလိုက်သည်။ လက်ကိုင်ရိုးတစ်ခုကို ခပ်တင်းတင်း ဆုပ်ကိုင်မိသွားသည်။

ဒင်းတို့ သစ္စာဖောက်၂ယောက်ကို ငါကိုယ်တိုင် သတ်မယ်။ ပြီးရင် ငါ့ကိုယ်ငါ အဆုံး စီရင်လိုက်တော့မယ်ဆိုတဲ့ စိတ်ကူးနဲ့။

သူ့အား ကျောပေး၍ ဘောင်းဘီရှည်ကို ပြန်ဝတ်နေသော ဖိုးမောင်၏ ချွေးပြန်နေသော ကျောပြောင်ကြီးကို ကြည့်ပြီး ဒေါသက အလိပ်လိုက် ထွက်လာပြန်သည်။

ဓားကိုင်လက်က သူ၏ ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာသွားစေခဲ့သည်။

အသင့် ယူလာသော ခါးကြားက ဓားမြောင်ကို ဆွဲထုတ် ယူလိုက်သည်။ ပြီးနောက် ဘာကိုမှ မမြင်တော့ ။

ဖိုးမောင်ကို နောက်ကနေ ဓားမြောင်ဖြင့် ထိုးချလိုက်သည်။

" ဒုတ် ! အား "

ပြီးတော့ အချက်ပေါင်းစွာ ...

ဖိုးမောင်ရဲ့ အော်သံတွေ ...

" စွပ် စွပ် အား အံမယ်လေး "

သွေးပျက် ချောက်ချားစွာ အော်ဟစ်နေသော မနှင်းဆီရဲ့ တားမြစ်သံ ...

" အံမယ်လေး မလုပ်ပါနဲ့ အစ်ကိုကြီး"

အခန်းထဲတွင် ဓားဖြင့်ထိုးသံ၊ နာကျင်စွာ အော်ဟစ်သံ ၊ ကယ်ပါယူပါတစာစာနဲ့ ဆူညံသွားသည်။

ဦးတိုးမောင်သည် မယားခိုး ဖိုးမောင်ကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဓားဖြင့် ထိုးနေမိလဲ မသိတော့ချေ။

တစ္ဆေပူးကပ်နေသူလို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ဖိုးမောင်ကို ထိုးသတ်နေလိုက်သည်။

သူ သတိဝင်လာတော့ ...

ကြမ်းခင်းတစ်ခုလုံးမှာ ဖိုးမောင်၏ သွေးများ မြင်မကောင်းလောက်အောင် စိုရွဲ ပြန့်ကျဲနေသည်။ ဖိုးမောင်ကိုယ်၌ ဓားက စိုက်ဝင်နေသည်။

သူ ဓားကိုင်လက်ကို လွှတ်၍ မတ်တတ် ထရပ်လိုက်သည်။ဓားသည် ဖိုးမောင်ကိုယ်၌ တန်းလန်း ကျန်ရစ်ခဲ့သည်။

ပြီးနောက် မနှင်းဆီ ရှိရာဘက်သို့ လှည့်လိုက်၏။သူ၏ ကြွင်းကျန်နေသော အမျက်ဒေါသမီးကို လက်စသတ်ရန် ...

ဦးတိုးမောင် ကုတင်ထိပ်ကို စူးရဲစွာ ကြည့်လိုက်သည်။

မနှင်းဆီသည် သူ့အား ဘီလူးသဘက်တစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြောက်ရွံ တုန်လှုပ်နေရှာသည်။

ဦးတိုးမောင်က သနားရမည်လား ... ဟားတိုက် လှောင်ရယ်ရမည်လား မသိတော့ချေ။

မနှင်းဆီသည် ကြောက်ရွံနေရှာ၏။ ကုတင်ခေါင်းရင်းသို့ အတင်းတိုးကပ်ကာ လက်အုပ်ချီလျက် ...

" အစ်ကိုကြီး နှင်းဆီကို မသတ်ပါနဲ့နော် ။ နှင်းဆီ မှားမိပါတယ် ။ နှင်းဆီ အစ်ကိုကြီးကို တောင်းပန်ပါတယ် ။ ရှစ်ကြီးခိုးပါရဲ့ရှင် ... နှင်းဆီကို မသတ်ပါနဲ့ "

ဦးတိုးမောင်သည် နှင်းဆီအား နှင်းဆီလို့ မမြင်တော့ပေ။ သူ့အပေါ် နှိပ်စက်ကလူပြုခဲ့သော ရန်သူဟောင်းတစ်ယောက်လို့ မြင်နေမိသည်။

ယခုအချိန်တွင် သူ၏ စိတ်ဝယ် ဘီလူးသရဲ ဝင်စီးနေသလို သတ်ချင်ဖြတ်ချင်စိတ်တွေသာ ကြီးစိုးလို့နေပါသည်။

အမွှေးအမှင်များ ထူထပ်စွာ ပေါက်နေသော သူ၏ လက်နှစ်ဖက်ကို ဆန့်တန်း၍ ကုတင်အနီးသို့ တိုးကပ်လာခဲ့သည်။

မနှင်းဆီက ကြောက်ရွံထိတ်လန့်စွာ တောင်းပန်နေ၏။

သို့ပေမယ့် ဦးတိုးမောင်၏ လက်နှစ်ဖက်သည် မနှင်းဆီ၏ လည်တိုင် ဖြူဖြူလေးဆီသို့ ရောက်ရှိလာပြီး တင်းကြပ်စွာ ဖျစ်ညှစ်လေတော့သည်။

အချစ်ကြီးတော့ အမျက်ကြီးတယ်ဆိုကြတယ်မဟုတ်လား။

" မ ... မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ရှင် "

" အ ... အ ... အား "

တဖြေးဖြေး တင်းကြပ်လာသော အမွှေးထူသည့် လက်နှစ်ဖက်ကြားတွင် မနှင်းဆီသည် အသက်ရှုရ ခက်ခဲလာသည်။ မျက်လုံးတွေ ပြူးကျယ်လာသည်။

အောက်ဆီဂျင် ပြတ်တောက်လုလု ဖြစ်လာသောကြောင့် မျက်လုံးက သွေးကြောလေးများပင်ပေါက်ထွက်မတတ် နီရဲလာကြသည်။

ထိုအချိန်တွင် လှေကားမှ လူအများ ပြေးတက်လာသော အသံကို ကြားလိုက်ရသည်။

တဒုန်းဒုန်း တဝုန်းဝုန်းနဲ့ ပြေးတက်လာသော အသံများကြောင့် လူအများ ရောက်လာကြဟန်တူသည်။

" ဟိတ်လူ ကိုတိုးမောင် ၊ မလုပ်နဲ့ ရပ်လိုက်၊ မလုပ်နဲ့ "

လူကြီးအချို့ ပြေးဝင်လာကြသည်။ ဦးတိုးမောင်အား ဝိုင်း၍ ဆွဲငင်ကြသည်။

မနှင်းဆီတစ်ယောက် ကံကောင်းထောက်မစွာ အသက်ဘေးမှ သီသီလေး လွတ်သွားရှာ၏။

လည်ပင်းကို ညှစ်သည့် ဒဏ်ကြောင့် မနှင်းဆီလည်း သတိလွတ်ပြီး မေ့မြောသွားလေသည်။

ရွာလူကြီးနဲ့ အဖွဲ့က ဦးတိုးမောင်ကို ထိမ်းသိမ်းလိုက်နိုင်ကြသည်။ သိုပေမယ့် ဖိုးမောင်၏ အသက်ကိုတော့ မကယ်တင်လိုက်နိုင်ကြပေ။

.................

၃။

လှေကြီးပေါ် လှေငယ်ဆင့်ချင်တဲ့ မိန်းမဆိုတော့ မနှင်းဆီဟာ တစ်ရွာလုံးရဲ့ ပြစ်တင်ကဲ့ရဲ့မှုကို ခံရလေပြီ။

" ခေါင်းတစ်လုံးတည်းနဲ့ အိုးနှစ်လုံး ရွက်ချင်တဲ့ မိန်းမ ၊ ဒင်းကိုပါ တစ်ခါတည်း သတ်သွားရမှာ ..."

" ဟုတ်ပါ့အေ ၊ ဒီလို ကောင်မမျိုး ငါတို့ရွာမှာ ရှိနေတာ ရွာနာသဟေ့ "

ရွာက ပြောကုန်ကြပြီလေ။လင်ငယ်က သေ၊ လင်ကြီးက ထောင်ကျ ၊ မနှင်းဆီတစ်ယောက်ဟာ ရွာမှာ ခေါင်း မဖော်ဝန့်တော့ဘူးပေါ့။

အရှက်နည်းလှတဲ့ အိမ်ထောင်ရေး ဖောက်ပြန်သူ မိန်းမတစ်ယောက်ဟာ သူများ တံတွေးခွက်မှာ ပက်လက်မျောရတာ နည်းတောင်နည်းသေးတယ်လို့ ဆိုရမလားပဲ။

သူ လော်မာလို့ ဦးတိုးမောင်လည်း လူသတ်မှုဖြင့် တရား ရင်ဆိုင်နေရပြီ။ ဦးတိုးမောင် လွတ်မြောက်ဖို့ဆိုတာ မနှင်းဆီရဲ့ ထွက်ချက်အပေါ် အများကြီး မူတည်သွားပြီ။

ဦးတိုးမောင်၏ အစ်မကြီးက သူ့မောင်အတွက် အကောင်းဆုံး ရှေ့နေကို ငှားရမ်းပေးခဲ့ပါသည်။

ထိုရှေ့နေက မနှင်းဆီထံ လာရောက်၍ ညှိနှိုင်းမှု ပြုခဲ့သည်။

" အခုအမှုက လူသတ်မှုဆိုတော့ ကွင်းလုံးကျွတ် လွတ်ဖို့ ဆိုတာ အတော်လေး ခက်ပါတယ်။ ပြစ်ဒဏ် လျော့ပေါ့အောင် မနှင်းဆီဘက်က ကူညီမယ်ဆိုရင် ဦးတိုးမောင်အတွက် အတော်လေး သက်သာသွားလိမ့်မယ်လို့ ကျနော် အာမခံပါတယ် ... "

ရှေ့နေကြီးဆီမှ အဲ့ဒီစကားကို ကြားရတဲ့အခါ မနှင်းဆီဟာ အလိုလိုနေရင်း လည်ပင်းတွေ ယားယံလာ၏။။ အသက်ရှု မဝသလို ခံစားလာရသည်။

သူမ၏ မျက်လုံးထဲဝယ် ဦးတိုးမောင်၏ အမွှေးအမှင် ထူထဲသော လက်ဖျံနှစ်ချောင်းကိုပဲ မြင်ယောင်လာ၏။

အဖြစ်အပျက်ဆိုးကြီးက သူမရဲ့ စိတ်ထဲ ပြန်လည် နေရာယူလာသည်။

အကယ်၍ ဦးတိုးမောင်သည် နှစ်အနည်းငယ်အတွင်း ပြန်လွတ်လာခဲ့ပါက သူမအား ဒီအတိုင်းထားလိမ့်မည်မဟုတ်။ သတ်မည်မှာ အသေအချာပင်။

" တရားရုံးမှာ မနှင်းဆီက ကျနော် ပြောသလို ထွက်ချက်ပေးမယ်ဆိုရင် ..."

ရှေ့နေကြီး ပြောနေသည်ကို သူမ နားထောင်သည်။ တရားခွင်မှာ သူမ လျှောက်လဲရမည်က ...

- အခင်းဖြစ်ပွားသည်ညက ဦးတိုးမောင် နှင့် ကျမတို့ လင်မယား အိပ်ပျော်နေစဉ် ၊ သေသူ ဖိုးမောင်သည် အဖိုးတန်ပစ္စည်းများ ခိုးယူရန် အိမ်ပေါ်သို့ တက်လာခဲ့ပါသည်။

- ကျမရဲ့ ယောက်ကျား နိုးလာသည့်အခါ သေသူနဲ့ အချင်းများခဲ့ကြသည်။ နောက်ဆုံး၌ သေသူ ဖိုးမောင်က ဓားကို ထုတ်ယူ၍ ကျမရဲ့ခင်ပွန်းအား ရန်ပြုပါသည်။နှစ်ယောက်သား လုံးထွေးသတ်ပုတ်ကြပါသည်။

- ယခု ရုံးတော်၌ တင်ပြထားသော သက်သေခံ အမှတ်(..) ၊ ဓားသည် ဖိုးမောင်၏ ဓားဖြစ်ပါသည်။

- ကျမ၏ ခင်ပွန်းသည် မိမိ၏ အသက်ကို ရန်ရှာလာသဖြင့် ပြန်လည်ခုခံခြင်းသာ ဖြစ်ပါသည်။

ဒါဆိုရင် ... ဦးတိုးမောင်အတွက် အခြေအနေတွေက အများကြီး ကောင်းလာနိုင်ပါသည်ဟု ရှေ့နေကြီးက ပြောလာခဲ့သည်။

မနှင်းဆီဟာ ဦးတိုးမောင် ပြန်လွတ်လာမှာကို သေမလောက် ကြောက်လန့်နေ၏။ ထိတ်လန့် ချောက်ချားနေပါ၏။

ထို့ကြောင့် ရှေ့နေကြီး၏ ညှိနှိုင်းမှုကို လက်သင့်မခံပဲ ငြင်းဆိုလိုက်သည်။

မနှင်းဆီသည် အကြိမ်ပေါင်းများစွာ တရားခွင်ကို သွားရောက်ခဲ့ရသည်။

တရားခွင်မှာ ဦးတိုးမောင်ကို ဆုံလေတိုင်း သူမ၏ ရင်တွေ တထိတ်ထိတ်ခုန် ကြောက်ရွံနေခဲ့ရသည်။

သို့ပေမယ့် မနှင်းဆီသည် တရားရုံး၌ ဦးတိုးမောင်၏ လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မည့် အချက်အလက်များကိုသာ သက်သေ ထွက်ဆိုခဲ့သည်။

သူမ၏ သက်သေခံချက်များသည် ထိရောက်ပါ၏။ တရားခံ ဦတိုးမောင်သည် သူမအား မီးတောက်နေသော မျက်လုံးများဖြင့် ကြည့်ရင်း ဒေါသတွေ အလိပ်လိုက် ထွက်နေခဲ့သည်။

အမှုစစ်နေစဉ်ကာလအတွင်း သူမအား ဦးတိုးမောင်သည် အမျိုးမျိုး ခြိမ်းခြောက် ကြိမ်ဝါးနေခဲ့သည်။

နောက်ဆုံးတော့ အချိန်ကာလတစ်ခု အတွင်းမှာ တရားရုံးက အပြီးသတ် အမိန့်ကို ချမှတ်ခဲ့လေ၏။

ဒေါသ ရှေ့ထား မှားတတ်တယ်လို့ ဆိုကြတယ်မဟုတ်လား။ ဦးတိုးမောင် တစ်ယောက်ခမျာတော့ ပြစ်မှုထင်ရှားသဖြင့် ဖိုးမောင်အား သတ်မှုနဲ့ ထောင်ဒဏ် ၁၀နှစ် ကျခံသွားခဲ့သည်။

ထိုနေ့က ဦးတိုးမောင်က မနှင်းဆီအား ကြောက်မက်ဖွယ်ရာ မျက်လုံးများဖြင့် စေ့စေ့ကြည့်ကာ ကြိမ်းဝါးသွားခဲ့သည်။

" နင့်ကို ငါ ဒီအတိုင်း မထားဘူး မိနှင်းဆီ ၊ နင်နဲ့ငါ စာရင်း ရှင်းစရာ ကျန်သေးတယ်ဆိုတာ နင် မြဲမြဲမှတ်ထားလိုက် ၊

အေး ... ငါလွတ်လာရင် နင့်ကို ကောင်းကောင်းကြီး လက်စားချေပြမယ်ဆိုတာ စောင့်ကြည့်နေလိုက်စမ်း "

...................

၄။

အမှုကိစ္စတွေ ပြီးသွားတော့ မနှင်းဆီဟာ လက်ရှိရွာမှာ ဆက်မနေတော့ပါဘူး ။ သူမသည် တခြားရွာသို့ ပြောင်းရွေ့ နေထိုင်လေ၏။

မနှင်းဆီသည် သူမ၏ မိခင်ကိုပါ ပြောင်းရွေ့ရာ နေရာသစ်ဆီသို့ တစ်ပါတည်း ခေါ်သွားခဲ့သည်။

အိမ်အသစ်၌ ခြံဝန်းကို အုတ်ရိုး ခပ်မြင့်စီ၍ လုံခြုံအောင် ဘရိတ်ဓားလိပ်ပါ ဆူးကြိုးကို ထည့်သွင်းထားခဲ့သည်။

ပြောင်းရွေ့ နေထိုင်ရာ အိမ်သစ်ရှိ ပြတင်းပေါက်များကိုလည်း ထူထဲသော သံချောင်းများဖြင့် သံပန်းတပ်ဆင် ကာရံခဲ့သည်။မှန်ပြတင်းပေါက်များကို သစ်သားပြတင်းပေါက်များဖြင့် အစားထိုး လဲလှယ်ခဲ့သည်။

ဦးတိုးမောင် ထောင်ထဲမှာ ရှိနေသည်ကို သိပါသော်လည်း မနှင်းဆီသည် စိတ် မလုံခြုံနိုင်ရှာပေ။ အတိတ်သည် သူမအား အမြဲတစေ ခြောက်လှန့်နေလေ၏။

သားအမိနှစ်ဦးတည်း နေရသည်ကို စိတ်အားငယ်လာ၍ ရွာခံ သူရင်းငှား လင်မယားနှစ်ယောက်ကို အလုပ်ပေး ခေါ်ယူထားလိုက်၏။

ကြာတော့လည်း ရက်တွေ လတွေ အလီလီ အလာလာ ကုန်ဆုံး သွားခဲ့လေပြီ။အချိန်ကား ယင်းအဖြစ်အပျက်ဆိုးတို့ကို ကျော်လွန်ပြီး ၆နှစ်ကျော် ၇နှစ်ထဲသို့ပင် ချည်းနင်းဝင်ရောက်ခဲ့လေပြီ။

မနှင်းဆီတို့ သားအမိလည်း ဒီရွာလေးမှာ နေသားကျနေပြီ ဖြစ်သည်။

အချိန်သည် အတိတ်က ဒဏ်ရာဒဏ်ချက်တွေကို ဖြေးညင်းစွာ မေ့ဖျောက်ပစ်နိုင်သော သမားကောင်းတစ်ဦးလို့ ဆိုရပေမည်။

မနှင်းဆီသည် ယခင်ကလောက်တော့ ကြောက်လန့်အားငယ်ခြင်း မရှိတော့ချေ။ ရွာထဲသို့ပင် တစ်ယောက်တည်း ထွက်သည့်အခါ ထွက်တတ်နေပြီ ဖြစ်ပါသည်။

နောက်ပြီးတော့ ဒီရွာမှာ မနှင်းဆီတို့ သားအမိအကြောင်းကို ဘယ်သူမှ ကောင်းကောင်း မသိကြ။

လယ်တွေ၊ယာတွေ အပေါင်ခံသည်။ငွေတိုးချေးသည်။လယ် ၅ဧကလောက်ကို သူရင်းငှားနဲ့ စိုက်ပျိုးသည်။ ဒီလောက်သာ သူတို့ သိထားကြ၏။

မနှင်းဆီ၏ အတိတ်ကို ဘယ်သူကမှ စိတ်မဝင်စားကြချေ။ မနှင်းဆီ၏ ဘဝသည် သာယာစပြုလေပြီဟု ဆိုရမလား။

အရွယ်ရှိသေးပြီး လှပသော မနှင်းဆီကို ရွာခံ ယောက်ကျားသားများက စိတ်ဝင်စားကြ၏။ပိုးပမ်းကြသည်။

မနှင်းဆီ ဆိုတာကလည်း လှအောင်ပအောင် နေတတ်သည်မဟုတ်လား။

ပိုက်ဆံကလည်း ရှိ၊ အဆင်းကလည်း လှဆိုတော့ လူပျိုရော လူအိုပါ မနှင်းဆီ ရွာထဲ လမ်းလျှောက်သည့်အခါ ငေးကြ ငမ်းကြသည်။

ထိုအထဲတွင် ရွာတောင်ပိုင်းက အသက် ၃၅အရွယ်ခန့် မုဆိုးဖို ကိုသောင်းအေးဆိုသူက မနှင်းဆီအား ကြိတ်၍ ခိုက်နေလေ၏။

ကိုသောင်းအေးက တစ်ကိုယ်တည်း မုဆိုးဖို ဖြစ်သည်။ လယ်ယာများလည်း ပိုင်ဆိုင်၏။ အိမ်ကြီးရခိုင်နဲ့လည်း နေနိုင်သူဖြစ်၏။ စီးပွားရေးလည်း ခိုင်မာ၏။ ထောင်ထောင်မောင်းမောင်းနဲ့ လူညိုချော တစ်ယောက်ဖြစ်သည်။

သူမအား ကြိုက်နေသူများ ထဲမှ ထိုလူ ကိုသောင်းအေးဆိုသူအား မနှင်းဆီသည် ပို၍ အရေးပေးသည်ဟုဆိုရမည်။

ကိုသောင်းအေးကလည်း မနှင်းဆီတို့ အိမ်အထိ စီးပွားရေးကို အကြောင်းပြကာ ဝင်ထွက်သွားလာ လေ့ရှိပါသည်။ ကိုသောင်းအေးသည် တစ်ဦးတည်းသော မနှင်းဆီတို့အိမ်၏ ဝင်ထွက်သွားလာခွင့်ရသော သူ ဖြစ်လာခဲ့သည်။

မနှင်းဆီလည်း ကိုသောင်းအေးကို ပြန် ကြိုက်နေပြီ ဖြစ်သည်။ သိပ်မကြာခင်မှာ ကိုသောင်းအေးဘက်က ဖွင့်ပြောလာပါက ကျေနပ်စွာ လက်ခံလိုက်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။

ယခုအခါ မနှင်းဆီသည် သူမ၏ ဘဝကို သူမ ကျေနပ်နေမိတော့သည်။ မုန်တိုင်းစဲတော့လည်း လေပြေညှင်းလေးက ကပ်ပါ လာတတ်ပါသည်မဟုတ်လား။

................

၅။

တစ်နေ့တော့ မနှင်းဆီ၏ သူရင်းငှား လင်မယားသည် တစ်ဖက်ရွာရှိ အလှူပွဲတစ်ခုသို့ သွားရန် ခွင့်တောင်းခံလာခဲ့သည်။

" ကျမတို့ အစ်ကိုကြီးရဲ့ ရှင်ပြုနားသအလှူမို့ လင်မယား၂ယောက်စလုံး တစ်ညအိပ်လောက် သွားကူရမယ် မမ။ အဲ့ဒါ မမဆီ ခွင့်လာပန်တာပါ "

ဒီလို ကိစ္စမျိုးက ခွင့် မပေးလို့ မကောင်းဘူးမဟုတ်လား ။ အဲ့သည်တော့ မနှင်းဆီသည် သူတို့လင်မယားကို မသွားစေချင်ပေမယ့် သွားခွင့်ပြုလိုက်ရသည်။

ဘာလို့ မသွားစေချင်တာလဲ ဆိုတော့ အကြောင်းရှိလေ၏။မနှင်းဆီ၏ စိတ်တွေ ဒီရက်ပိုင်း လေးလံနေမိသည်။

ခုတလော မက်သည့် အိပ်မက်များကလည်း မကောင်းပေ။ သူမ အိမ်ထဲကို ပင့်ကူကြီး တစ်ကောင် ဝင်လာသည်ဟု ထူးထူးဆန်းဆန်း မြင်မက်ထားသည်။

ကြီးမားသော ထိုပင့်ကူကြီးသည် အမွှေးထူသော လက်များဖြင့် သူမ၏ လည်ပင်းအား ဖျစ်ညှစ်ထားသည်။

အသက်ရှုရ ကြပ်လာသဖြင့် သူမ အတင်း ရုန်းကန်ပြီး နိုးထလာရသည်။

ထိုအိမ်မက်ကိုပဲ ဒီရက်ပိုင်း မကြာခဏ မြင်မက်နေတတ်သည်မှာ ထူးဆန်းနေ၏။ထိုအိမ်မက် မက်ပြီးတိုင်း မနှင်းဆီသည် ချောက်ချားထိတ်လန့်နေရ၏။

ထို့ကြောင့် သူရင်းငှါးလင်မယားကို ဖြစ်နိုင်ရင် ညအိပ် မသွားစေလို။

နေ့လယ် ၃နာရီတွင် ကိုသောင်းအေးသည် သတင်းစာတစ်စောင်ကို လိပ်ပြီး ကိုင်ကာ ဝင်လာ၏။

မနှင်းဆီနှင့် စကားတွေ ပြောကြသည်။ထိုအခါ မနှင်းဆီသည် အလွန် စိတ်သက်သာ ရလေဟန်တူလေ၏။ ရယ်ရယ်ပြုံးပြုံးနှင့် ရှိနေတတ်သည်။

ကိုသောင်းအေးက လာမည့် တနင်္ဂနွေနေ့တွင် မနှင်းဆီ အားပါသလားဟု မေးလာသည်။

မနှင်းဆီက ထွေထွေထူးထူး အလုပ်မရှိသည်မို့ အားပါသည်ဟု ဖြေလိုက်သည်။

ကိုသောင်းအေးက အဓိပ္ပါယ်ပါသော ရွှန်းဝေနေသည့် မျက်လုံးများဖြင့် မနှင်းဆီအား ကြည့်ရင်း ၊

" တနင်္ဂနွေနေ့ကျရင် ကျနော့် မွေးနေ့ဗျ။ ၃၅နှစ်ပြည့် မွေးနေ့ပေါ့ ။ နေ့ မကိုက်ပေမယ့် မွေးရက်က ထပ်တူကျတယ်။ ကျနော်က သောကြာသားပါ ။

အဲ့ဒီနေ့ ညနေ ၅နာရီလောက်မှာ မနှင်းဆီကို မြသိန်းတန်စေတီမှာ တွေ့ချင်တယ်ဗျာ။ ကျနော့်ဘဝ အတွက် အရေးကြီးတဲ့ စကား ပြောချင်တာမို့ လာဖြစ်အောင် လာခဲ့ပေးပါလို့ တောင်ပန်ပါရစေ "

ကိုသောင်းအေး၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့် သူ ဘာပြောမည်ကို မနှင်းဆီတစ်ယောက် ကြိုသိနေပါသည်။

မနှင်းဆီ ခေါင်းငြိမ့်ပြလိုက်သည်။

ကိုသောင်းအေးတစ်ယောက် ဝမ်းသာရွှင်မြူးစွာ ပြန်သွားသည်။ ကိုသောင်းအေး ပြန်တော့ ညနေ ၅နာရီထိုးပြီ။

မနှင်းဆီသည် ထုံးစံအတိုင်း ခြံတံခါးကို အသေအချာ သော့ခတ်လိုက်သည်။

မိခင်နှင့်အတူ ညနေစာ စား၏။ ပြီးလျင် စာရင်းဇယားအချို့ကို ရေးမှတ်သည်။

အိပ်ယာဝင်ခါနီးတွင် ပြုနေကျအတိုင်း ပြတင်းတံခါးများ ဂျက်ထိုး ၊ မထိုး အသေအချာ လိုက်လံစစ်ဆေး၏။

မနှင်းဆီ၏ မိခင်ကြီးကတော့ အပေါ်ထပ်က ဘုရားခန်းတွင် ဘုရားရှိခိုးပြီး ဆင်းလာပြီ ဖြစ်သည်။

မနှင်းဆီအမေက လူကြီးဆိုတော့ အောက်ထပ်မှာ အိပ်၏။

မနှင်းဆီအမေက ... သူမ၏ အခန်းတံခါးကို ဖွင့်ရင်း။

" သမီးရေ ... အမေ ခေါင်းနည်းနည်းကိုက်နေလို့ စောစောအိပ်ယာဝင်တော့မယ်နော် "

မနှင်းဆီ ခေါင်းငြိမ့်ပြလိုက်သည်။ သူမလည်း အပေါ်ထပ်ရှိ သူမ၏ အခန်းသို့ တက်တော့မည် ဖြစ်သည်။

သူမ အိပ်ယာဝင်ခါနီးတွင် စားပွဲပေါ်က သတင်းစာလိပ်ကို မြင်သွားသည်။ ကိုသောင်းအေး မေ့ကျန်ခဲ့သည်ဖြစ်မည်။

မအိပ်ချင်သေးသည်မို့ အိပ်ယာပေါ် ရောက်မှ ဖတ်ဦးမည်ဟု တွေးကာ သတင်းစာကို အိပ်ယာထဲသို့ ယူသွားသည်။

အိပ်ခန်းထဲ ရောက်သည့်အခါ တံခါးကို အသေအချာ လော့ချ၊ပိတ်လိုက်သည်။

မနှင်းဆီသည် တစ်ယောက်တည်း အိပ်တတ်သူဖြစ်သည်။

သူမ၏ အခန်းထဲတွင် ခြင်ထောင်တိုင် လေးတိုင်ပါသည့် ကျွန်းကုတင်ကြီးတစ်လုံး ရှိသည်။ ခြင်ထောင်ကို အမိုးပေါ် ရုတ်တင်သိမ်းထားသည်။

ကုတင်တိုင်တစ်ခုတွင် နို့နှစ်ရောင် ပုဝါတစ်ထည် တန်းလန်း လှန်းတင်ထား၏။

အိပ်ယာပေါ်ရောက်သည့်အခါ လူညိုချော ကိုသောင်းအေးအကြောင်းကို တွေး၍ အတော်နှင့် အိပ်မပျော်။

ဒါနဲ့ မနှင်းဆီသည် သတင်းစာကို ယူ၍ ဖတ်လိုက်သည်။ ညသည် လွန်မင်းစွာ တိတ်ဆိတ်ငြိမ်သက်လွန်းနေပါသည်။

သတင်းစာကို လှန်လိုက်သည့် အသံကပင် သူမအတွက် ကျယ်လွန်းနေသည်။

ဟင် !

သူမ သတင်းစာမှ သတင်းတစ်ပုဒ်ကို ဖတ်ရှု့ပြီး ထထိုင်လိုက်မိသည်။ သတင်းက နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့် သတင်း။ နိုင်ငံတဝှမ်းမှာ ရှိတဲ့ အကျဉ်းထောင်အသီးသီးက နှစ်ကြီးသမားတွေ လျော့ရက် ရကာ လွတ်မြောက်ကြသည့်သတင်းဖြစ်သည်။။

အခြားသူတွေအတွက် ဤသတင်းသည် မင်္ဂလာသတင်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သူမအတွက်တော့ ...

မနှင်းဆီသည် ချက်ချင်းကြီး ရင်ခုန်မြန်လာ၏။

ဒါဆိုရင် ... ဦးတိုးမောင်လည်း လွတ်မြောက်လာပြီပေါ့။ သူမသည် ကမန်းကတန်းဖြင့် သတင်းစာ၏ နေ့စွဲကို လှန်လှော်ဖတ်လိုက်သည်။

သတင်းစာက လွန်ခဲ့သော ရက်တစ်ပါတ်က သတင်းစာအဟောင်း။ သေချာပြီ ဦးတိုးမောင်သည် လွန်ခဲ့သော ၇ရက်ခန့်ကပင် ထောင်မှ လွတ်လာခဲ့ပြီး ဖြစ်လိမ့်မည်။

၇ ရက်ဆိုတဲ့ ကာလအပိုင်းအခြားသည် ဦးတိုးမောင်လို လူအတွက် မနှင်းဆီအား ရှာဖွေရန် လုံလောက်သည်မဟုတ်လား။

ဦးတိုးမောင် ထောင်မှ လွတ်လာခဲ့သည်ဆိုရင် ...

သူမ ဆက်မတွေးရဲ ၊ တကိုယ်လုံး နတ်ပူးသလို တုန်ရင်လာသည်။ အတိတ်က အဖြစ်ဆိုးသည် မနေ့တစ်နေ့ကလိုပင်။

သူမသည် လည်တိုင်ကို လက်ဖြင့် အသာအယာ ပွတ်သပ်ကြည့်လိုက်မိသည်။ထိတွေ့မှုကြောင့် ကြက်သီးဖျန်းဖျန်း ထသွား၏။

" ဝုတ် ... ဝုတ် ... ဝုတ် "

" ဂါး ... ဂီး ... "

သူမအိမ်ရှေ့ လမ်းပေါ်မှ ခွေးဟောင်သံများ၊ မာန်ဖီသံများ ဆူပွက်စွာ ထွက်ပေါ်လာသည်။ မရှေးမနှောင်းမှာ ...

" ဘုတ် ... ဘုတ် ... "

ခြံထဲကို တစ်စုံတစ်ခု ပြုတ်ကျလာသည့် အသံ ။ လူစိမ်းတစ်ယောက်များ အုတ်တံတိုင်းကို ခုန်ကျော်၍ ခြံထဲကို ဝင်လာသည်လား။

သူပဲ စိတ်ထင်နေတာလား။

သံသယစိတ်ဖြင့် မနှင်းဆီသည် ဝုန်းကနဲ ကုတင်မှ ထကာ ပြတင်းတံခါးကို တွန်းဖွင့်၍ ခြံထဲကို ငုံ့ကြည့်လိုက်သည်။

သူမ ကြည့်လိုက်စဉ် အရိပ်တစ်ခုသည် ခြံထဲက အပင်ကြီးထံသို့ ကိုယ်ကိုကွယ်ဝှက်သွားသည်ဟု ထင်လိုက်မိ၏။

အတွေးများက မနှင်းဆီကို ကြောက်လန့်လာစေသည်။ သူမ၏ ခြံထဲကို သူစိမ်း တစ်ယောက် ရောက်နေသည်ဟုလည်း ခံစားလာရသည်။

မကြာပါ။ ခြေသံ တစ်ခု ဆက်တိုက် ထွက်ပေါ်လာ၏။

" ဒေါက် ... ဒေါက် ...ဒေါက် "

ခြေသံက အိမ်အောက်ထပ် သမံတလင်းပြင်ပေါ်ကို နင်းလျှောက်သွားသည့် ခြေသံ။

" ဘုရား ... ဘုရား ... "

မနှင်းဆီ ထိတ်လန့်ချောက်ချားလာသည်။ သူစိမ်းသည် အလုံပိတ်ထားသော တံခါးများကို မည်သို့ ကျော်ဖြတ်၍ အိမ်ထဲသို့ ဝင်လာသည်မသိ။

အောက်ထပ်သို့ပင် ရောက်နေပြီ ဖြစ်သည်။

ထိုအခိုက် အိမ်အပြင်ဘက်က ဆွဲဆွဲငင်ငင် အူဟစ်လိုက်သော ခွေးအူသံကြီးက မသတီစရာ ထွက်ပေါ်လာသည်။

" ဝူ ... အူ ... အူး "

ခွေးများက သူမ၏ အိမ်ဘက်သို့ လှည့်ကာ အူနေကြခြင်း ဖြစ်ပါသည်။

မနှင်းဆီ ကုတင်ရှိရာသို့ ပြန်သွားထိုင်လိုက်သည်။ သူမ အမှန်တကယ် ကြောက်ရွံလွန်း၍ ပြတင်းတံခါးကိုပင် မပိတ်မိခဲ့ချေ။

ခြေသံ ... အလွန်ကို တိုးဖွလွန်းသည့် ခြေသံ ။

" ရှပ် ... ရှပ် ... ရှပ် "

လူစိမ်းသည် သူ၏ ဘွတ်ဖိနပ်ကို လှေခါးရင်းမှာ ချွတ်ထားခဲ့ဟန်တူသည်။

ဖိနပ်မပါသော ကြမ်းပြင်နှင့်ထိတွေ့သည် ခြေသံသည် သူမ၏ နားထဲသို့ ပါးလျစွာ တိုးဝင်လာသည်။

ထိုခြေသံသည် သူမ၏ အခန်းတံခါးဝတွင် တိကနဲ ရပ်သွားသည်။

" ဖျပ် ... "

" ဟင်! မီးပျက်သွားပြီ "

ရုတ်တရက်ကြီး မီးက ပျက်သွားသည်။

" ချောက် ! ချောက် ! ... "

သူမ၏ အခန်းတံခါးက လက်ကိုင်ဘုကို လှည့်ဖွင့်နေသော အသံဖြစ်သည်။

" ဘယ်သူလဲ ၊ မေမေလား မေမေ "

အပြင်ဘက်က အဖြေပေးသံ မကြားရ။

" ဂျောက် ... ကျွီ အီ အီ "

အခန်းတံခါးသည် ဖြေးညှင်းစွာ ပွင့်သွားပါသည်။ အခန်းထဲသို့ မသဲမကွဲ လူရိပ်တစ်ခု တရွေ့ရွေ့ ဝင်လာသည်။

ထိုလူသည် အခန်းတံခါးကို ပြန်ပိတ်လိုက်ဟန်တူသည်။

မီးပျက်နေသည်မို့ မည်သူမည်ဝါဟု သဲသဲကွဲကွဲ မမြင်ရချေ။ ပြတင်းပေါက်ကို ဖွင့်ထားခဲ့သည်မို့ အပြင်ဘက်က လာသော ကြယ်အလင်းရောင် ဖျော့ဖျော့လေးသာ ရှိနေသည်။

အရိပ်မည်းမည်းသည် တဖြေးဖြေး နီးကပ်လာပါသည်။ သူမ နီးကပ်လာသော ထိုအရိပ်ကို အသေအချာ ကြည့်လိုက်သည်။

" အောင်မယ်လေး ... ဦးတိုးမောင် "

သူမသည် ဦးတိုးမောင်၏နာမည်ကို ကျယ်လောင်စွာ ဟစ်ခေါ်လိုက်သည်။

တကယ်တော့ သူမသည် ဦးတိုးမောင်၏ မျက်နှာကို ကောင်းစွာ မမြင်ရပါ။

ဒါပေမယ့် သူမ၏ လည်တိုင်သို့ အမိအရ ဆုပ်ကိုင်ရန် တိုးကပ်လာသော အမွှေးထူထူ လက်ကြီးကိုတော့ သူမ မှတ်မိနေခဲ့သည်မဟုတ်လား။

ဒီလို အမွှေးထူထူ လက်ကြီးဆိုတာက ၊ တစ်ရာမှ တစ်ယောက် ရှိလိမ့်မည်မဟုတ်။

သူမ၏ ခင်ပွန်းဟောင်း ဦးတိုးမောင်၏ လက်ကြီးသာဖြစ်လေ၏။လက်ကြီးနှစ်ဖက်သည် သူမလည်တိုင်ကို တင်းကြပ်စွာ ဆုပ်ညှစ်လာသည်။

" အ ... အ ... "

မျက်လုံးတွေ ပြာဝေလာသည်။ အမြင်အာရုံသည် တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားသည်။ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ရင်နေရာမှ ငြိမ်သက်သွားသည်။

ပြတင်းတံခါးသည် လေဆောင့်တိုက်လိုက်သောကြောင့်လား မသိ။ ဝုန်းကနဲ ပိတ်သွားသည်။

ပျော့ခွေ သွားသော မနှင်းဆီ၏ ခန္ဓာကိုယ်သည် အသက်မဲ့သွားပြီ ဖြစ်သည်။

အချိန်ကိုက်ပင် အပြင်ဘက်တွင် ခွေးအူသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ယခုအခါ ခွေးအူသံသည် အိမ်ကြီးနှင့်ဆန့်ကျင်ရာဘက်သို့ လှည့်အူကြခြင်း ဖြစ်သည်။

..................

(နိဂုံး)

မနှင်းဆီ သေဆုံးမှုကို ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးကြသည်။ မနှင်းဆီသည် ကုတင်တိုင်တွင် ပုဝါကို ကြိုးကွင်းအဖြစ် အသုံးချ ချည်နှောင်၍ လည်ပင်းရိုးကျိုး သေဆုံးနေခြင်း ဖြစ်သည်။

အတူနေသူ မနှင်းဆီ၏ အမေက ...

" အပေါ်ထပ် ကျမသမီးရဲ့ အိပ်ခန်းထဲကနေ ဦးတိုးမောင် လို့ အော်သံကြီး ကြားရတာနဲ့ ကျမ အပေါ်တက်ကြည့်တော့ ၊ အခန်းတံခါးကို အတွင်းက လော့ချထားတယ်ရှင့် ။ အဲ့ဒါ သော့အပိုနဲ့ ဖွင့်ကြည့်လိုက်တော့ အဟင့်ဟင့် ...."

" သေချာပါတယ်ရှင် ၊ ကျမသမီးရဲ့ ခင်ပွန်းဟောင်းက ငါလွတ်ရင် နင့်ကို အရင်လာသတ်မယ်လို့ ကြိမ်းဝါးတာ လူတိုင်း သိကြပါတယ်ရှင်။ ကျမသမီးကို သတ်တာ အဲ့ဒီ တိုးမောင်ပဲ ဖြစ်မှာပါ "

ရဲတပ်ဖွဲ့က မနှင်းဆီ၏ အမေ ပြောသမျှကို သက်သေခံ ထွက်ချက်အဖြစ် ယူကြသည်။ အဓိက မသင်္ကာဖွယ်ရာ တရားခံမှာလည်း ဦးတိုးမောင် ဖြစ်နေ၏။

ရဲက မနှင်းဆီ၏ ရာဇဝင်ကို စုံစမ်းမေးမြန်းကြ၏ ။ ခင်ပွန်းဟောင်းဦးတိုးမောင်မှာ ထောင်ကျနေသည်ဟု သိရပြီး ၊ဦးတိုးမောင်သည် ယခု ကြေငြာထားသော နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါ မပါ ၊ အကျဉ်းဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရပြန်သည်။

အကျဉ်းဦးစီးဌာနက အဖြေရသည့်အခါသူတို့ အားလုံး အံဩကုန်ကြသည်။

သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနက ဦးတိုးမောင်သည် မနှင်းဆီ မသေခင် တစ်ရက်ကပင် ထောင်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ခံစားမသွားရကြောင်း အကြောင်းပြန်ကြားလာသောကြောင့် ဖြစ်သည်။

သို့ဖြင့် မနှင်းဆီ သေသည့်အမှုကို မိမိကိုယ်ကို သတ်သေသည့်အမှုအဖြစ် ရဲဘက်မှ ကောက်ချက်ချ ပိတ်သိမ်းလိုက်ကြသည်။

ဒါဆိုရင် ... မနှင်းဆီကို ဘယ်သူသတ်တာလဲ ။ မနှင်းဆီ ဘာကြောင့် သေရတာလဲ ။

မနှင်းဆီကို အခဲမကြေသော ဦးတိုးမောင်ကပဲ လူကိုယ်တိုင် လာမသတ်နိုင်၍ ဝိဉာဉ်ဘဝနဲ့ လာသတ်သွားတာလား။

ဒါမှမဟုတ် ... မနှင်းဆီကို လောကကြီးကပဲ ဒဏ်ခတ် အပြစ်ပေးလိုက်တာလား ။

ဦးတိုးမောင်အပေါ် ယုတ်မာခဲ့သော သူမ၏ အပြစ်များက သူမ၏ စိတ်အစဉ်ကို အမြဲတစေ အားငယ် ခြောက်လှန့်နေခဲ့သည်မဟုတ်လား။

မနှင်းဆီသည် စွဲလန်းသော ဥပါဒန်ကြောင့် ဥပါဒ်ပင် ဖြစ်စေခဲ့သလား။

သေချာတာ တစ်ခုကတော့ မနှင်းဆီ၏ လည်ပင်းရိုးကျိုးသည်အထိ ရစ်ပတ်ထားသော နို့နှစ်ရောင် ပုဝါသည် ဦးတိုးမောင်က မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်အဖြစ် မနှင်းဆီအား လက်ဆောင်ပေးခဲ့ဖူးသော ပုဝါပင် ဖြစ်လေသတည်း။

ပြီးပါပြီ

ပီပီ(မန္တလေး)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..