အပျိုစင်သွေးနဲ့ ရေချိုးခဲ့သူ …
lotaya.mpt.com.mm
|
2021-02-24

တစ်ခါတလေမှာ တကယ့်ဖြစ်ရပ်တွေဟာ စိတ်ကူးကြည့်လို့တောင်မရတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်နေတတ်တယ်။ အချို့ဖြစ်ရပ်တွေဟာ ရုပ်ရှင်ပြကွက်တွေထက်တောင် အံ့ဩနဘန်းဖြစ်ရတယ်။ အခု ဒီဖြစ်ရပ်ဟာလည်း တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဆိုတာကို လက်ခံဖို့တောင် တော်တော်ခက်ခဲတဲ့ အခြေအနေမျိုးပါ။ ဟုတ်ပါတယ်။ ဒီဖြစ်ရပ်ဟာ တကယ့်ကို ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။ လွန်ခဲ့တဲ့ ၁၇ရာစုက ဟန်ဂေရီနိုင်ငံမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ပါ တင်ထားတဲ့ အဖြစ်အပျက်ဆိုရင်လည်း မမှားပါဘူး။ အထက်ကဆိုခဲ့သလိုပဲ တကယ့်ဖြစ်ရပ်ဆိုပေမဲ့ တကယ့်ကို ရုပ်ရှင်ဆန်ဆန်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လို့လည်း ဆိုနိုင်တာပေါ့။

ဖြစ်ပုံက ….

၁၅၆၀ ခုနှစ်။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးရာကျော်လောက်ကပေါ့။ ဩဂုတ်လ ၇ရက်နေ့ ဟန်ဂေရီနိုင်ငံရဲ့ လူကုံတန်အသိုင်းအဝိုင်းထဲမှာ သမီးငယ်လေးတစ်ယောက်မွေးဖွားခဲ့တယ်။ သူ့နာမည်က အဲလိဇဘတ်ဘသိုရီ။ အဲဒီကာလတွေတုန်းက ဥရောပမှာ ကျွန်စနစ်ထွန်းကားနေတဲ့ ကာလလို့လည်း ဆိုလို့ရတယ်။ အဲဒီလို ကာလမှာ ဘသိုရီ က လူကုံတန်အသိုင်းအဝိုင်းကြားမှာ မွေးဖွားလာတာဖြစ်လို့ လာခြင်းကောင်းတဲ့ မိန်းကလေးပေါ့။ သူ့အသက် ၁၁နှစ်မှာ နေဒက်စတီ ဆိုတဲ့ သူ နဲ့ စေ့စပ်ခဲ့တယ်။ ဘသိုရီ ဟာ အသက် ၁၁ သမီးဆိုပေမဲ့ ထက်မြက်ပြီး ပညာရည်ပြည့်ဝတဲ့ အမျိုးသမီးလို့ဆိုလို့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝအကြောင်းကတော့ မျက်လှည့်ဆန်ပါတယ်။ သူဟာ အသက် ၁၁နှစ်မှာ စေ့စပ်ခဲ့တဲ့ နေဒက်စတီနဲ့ နောက်လေးနှစ်အကြာ သူ့အသက် ၁၅နှစ်မှာ လက်ထပ်ခဲ့ပေမဲ့လည်း လက်မထပ်ခင်မှာ သူဟာ ကလေးတစ်ယောက်ရခဲ့သေးတယ်။ ဒါကို နေဒက်စတီက မသိခဲ့ဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ အဲဒီကလေးဟာ ကျွန်မျိုးရိုးထဲက တစ်ယောက်ယောက်နဲ့ ရခဲ့တာဖြစ်ဖို့များပြီး အဲဒီကလေးကိုလည်း နေဒက်စတီ မသိအောင် တိတ်တဆိတ်ပဲ ပြုစုခဲ့ဟန်ရှိတယ်။ ဒါကပဲ သမိုင်းတစ်ခုအတွက် အလှည့်အပြောင်းဖြစ်ကောင်းဖြစ်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ အကျယ်တဝင့်ဖော်ပြတာမျိုးတွေလည်းမရှိသလို မှတ်တမ်းတွေလည်းမရှိခဲ့တာကြောင့်အဲဒီကလေးနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြား ဇာတ်လမ်းမျိုးတော့မတွေ့ရဘူး။ ဒါပေမဲ့ သူ့ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေဟာ အဲဒါတွေနဲ့ ပတ်သက်ကောင်းပတ်သက်နေနိုင်တယ်လို့တော့ ယူဆလို့ရမှာပေါ့။

အဲဒီတော့ ဘသိုရီဟာ သာမန်အတိုင်းပဲ ၁၁နှစ်မှာ စေ့စပ်တယ်။ နောက် ၄နှစ်အကြာမှာ လက်ထပ်တယ်။ လက်ထပ်ပြီး ၁၀နှစ်အကြာမှာ နေဒက်စတီ နဲ့ ကလေး စ ရတယ်။ ကလေးက စုစုပေါင်း ငါးယောက်ထိ ထွန်းကားခဲ့ပြီး နှစ်ယောက်က သေဆုံးသွားတာကြောင့် သုံးယောက်သာ ရှင်ကျန်ခဲ့တယ်။ အဲဒီ ရှင်ကျန်ခဲ့တဲ့ ကလေးသုံးယောက်က ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်။ ဘသိုရီနဲ့ နေဒက်စတီ တို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၂၉နှစ်သာ ခံခဲ့ပြီး ၁၆၀၄ခုနှစ်မှာ နေဒက်စတီ ဟာ သေဆုံးသွားတယ်။

ဘသိုရီ ရဲ့ အကြောင်းကို မပြောခင် သူ့ယောက်ျား နေဒက်စတီ ရဲ့ အကြောင်းကိုလည်း နည်းနည်းပြောပြချင်သေးတယ်။ နေဒက်စတီက စစ်သား။ အထူးသဖြင့် အဲဒီခေတ်ကာလမှာ ဥရောပမှာ ကြီးမားတဲ့အင်ပါယာတစ်ခုရှိတယ်။ အဲဒီ အင်ပါယာက အော့တမန်အင်ပါယာဖြစ်ပြီး တူရကီတွေ ထူထောင်ခဲ့တဲ့ အင်ပါယာလို့ ဆိုလို့ရတယ်။ သမိုင်းမှာ အကြီးဆုံးနဲ့ သက်တမ်းအရှည်အကြာဆုံး အင်ပါယာလို့လည်း သတ်မှတ်ခဲ့ကြတယ်။ အဲဒီ အော့တမန်အင်ပါယာ ဟာ ဘယ်လောက်ထိ ကြီးမားသလည်းဆိုရင် ဥရောပအရှေ့တောင်ပိုင်း၊ အာရှအနောက်တောင်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းတွေအထိ သူတို့ရဲ့ ဩဇာအာဏာကို ဖြန့်ကျက်နိုင်ခဲ့သလို ၁၂၉၉ခုနှစ်က စတင်ခဲ့တဲ့ အဆိုပါ အော့တမန်အင်ပါယာဟာ ၁၉၂၃ကျမှ အဆုံးသတ်သွားခဲ့တယ်။ သူတို့ရဲ့ ဩဇာအာဏာ အထွဋ်အထိပ်ကိုရောက်ခဲ့တဲ့အချိန်တွေကတော့ ၁၆ရာစုနဲ့ ၁၇ရာစုတွေမှာ အထွဋ်အထိပ်ကို ရောက်ရှိခဲ့တယ်။ အဲဒီ အော့တမန်အင်ပါယာနဲ့ အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေလေ့ရှိတာက ဥရောပအရှေ့ပိုင်းနဲ့အလယ်ပိုင်းနိုင်ငံတွေပဲ။ အဲဒီထဲမှာ ဟန်ဂေရီလည်း တစ်ခုအပါအဝင်ပေါ့။ ဟန်ဂေရီက ဥရောပအလယ်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး အော့တမန်အင်ပါယာရဲ့ နယ်မြေချဲ့ထွင်ခြင်းကို အဓိက တားဆီးနေရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံပေါ့။

နေဒက်စတီက အဲဒီ အကြီးမားဆုံး အော့တမန်အင်ပါယာကို တိုက်ခိုက်နေရတဲ့ စစ်သားတစ်ယောက်ပဲ။ နေဒက်စတီဟာ သတ်ပုတ်တိုက်ခိုက်နေတဲ့ စစ်သားတစ်ယောက်ဖြစ်တာကြောင့် သူ့မိန်းမ ဘသိုရီ ကိုလည်း အသတ်အပုတ်အတိုက်အခိုက်တွေအဖြစ် လူတစ်ယောက်ကို ဘယ်လို ညှင်းပန်းနှိပ်စက်ရမလည်းဆိုတာတွေကိုပါ သင်ပေးလေ့ရှိတယ်။ နေဒက်စတီမသေခင်အထိ ဘဘိုရီဟာ ကမ္ဘာ့သမိုင်းဝင်မယ့်ရာဇဝတ်မှုတွေကို မကျူးလွန်သေးပါဘူး။ ဒါပေမဲ့ … နေဒက်စတီ သေသွားပြီးတဲ့ နောက်မှာတော့ ….

ဘသိုရီ ဟာ သန်တုန်းမြန်တုန်းနဲ့ လှပဆဲ မုဆိုးမတစ်ယောက်အဖြစ်ကို ရောက်ရှိသွားခဲ့တယ်။ နောက်ပြီးတော့ ဆွေကြီးမျိုးကြီး လူကုံတန်အသိုင်းအဝိုင်းထဲကလည်း ဖြစ်တာကြောင့် သူ့ကို လက်ဆက်လိုသူတွေကလည်း ရှိနေဆဲပဲ။ ဘသိုရီ ရဲ့ အသက်က အဲဒီအချိန်မှာ ၄၄နှစ်သာ ရှိပါသေးတယ်။ ဒါပေမဲ့ ဘသိုရီကတော့ ဘယ်သူ့ကိုမှ လက်မထက်ခဲ့ပါဘူး။ သူဟာ အဲဒီ ၁၆၀၄ မှာ ရာဇဝတ်မှုတွေကို စတင်ကျူးလွန်ပါတော့တယ်။

ဘသိုရီဟာ သူ့ယောက်ျားသေဆုံးသွားပြီးနောက်မှာ သူ့ယောက်ျားပိုင်ဆိုင်တဲ့ လယ်တွေ၊ ခြံတွေ၊ အိမ်တွေ တော်တော်များများကို ရရှိလိုက်တာကြောင့် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေက ပိုတိုးလာတယ်။ သူ့ဆီမှာ မိန်းကလေးအစေခံတွေ၊ ငွေနဲ့ပေးပြီးဝယ်ထားတဲ့ ကျွန်မိန်းကလေးတွေ အများအပြားရှိတယ်။ နောက်ပြီးတော့ သူ့ဆီမှာ မျိုးရိုးမြင့်တဲ့ မိန်းကလေးတွေဘယ်လိုနေထိုင်ရမလည်းဆိုတာကို လာရောက်လေ့လာတဲ့ မျိုးရိုးနိမ့်တဲ့ အမျိုးသမီးတွေကလည်း ဝင်ထွက်သွားလာလေ့ရှိတယ်။

သူ့ရဲ့ ရာဇဝတ်မှုတော်တော်များများကို ကြည့်မယ်ဆိုရင် ဘသိုရီဟာ သာမန်မဟုတ်တဲ့ လိင်ကိစ္စတွေကို စိတ်ဝင်စားပုံရတယ်။ သူဟာ မိန်းမချင်း လိင်အာသာဖြေရတာနှစ်သက်တဲ့ သူတစ်ယောက်ဆိုတာ သူ့ရဲ့ ရာဇဝတ်မှုတွေကိုကြည့်ရင် သိနိုင်ပါတယ်။ သူဟာ သူ့ယောက်ျားဆုံးသွားတဲ့ နှစ်မှာပဲ အိမ်အစေခံကောင်မလေးတစ်ယောက်ကို နို့တွေဆွဲကိုက်၊ လိင်အင်္ဂါကို မီးရှို့ပြီး သတ်ပစ်လိုက်တယ်။ အဲဒီလို သတ်ပစ်လိုက်ပြီးတော့ သူဟာ သေသွားတဲ့ကောင်မလေးရဲ့ သွေးတွေကို သူ့ရဲ့ တစ်ကိုယ်လုံးကို လိမ်းကျံလိုက်တယ်။ အဲဒီလိုနဲ့ပဲ သူဟာ လူသတ်မှုတွေကို အလွယ်လေးကျူးလွန်နေတယ်။ သူဟာ မြင့်မားတဲ့အသိုင်းအဝိုင်းကဖြစ်တာကြောင့် သူ့ရဲ့ လုပ်ရပ်တွေကို ဘယ်သူကမှ စုံစမ်းဖော်ထုတ်တာမျိုးမရှိခဲ့ဘူး။

နောက်ပြီးတော့ ဘသိုရီ ဟာ သူ့ယောက်ျားသင်ပေးသွားတဲ့ လူတစ်ယောက်ကို ဘယ်လို ညှင်းပန်းနှိပ်စက်ရမလည်းဆိုတာကိုလည်း ကောင်းကောင်းကြီးသိတာကြောင့် သူ့ဆီက အစေခံမိန်းကလေးတွေ၊ ငွေနဲ့ပေးပြီးဝယ်ထားတဲ့ ကျွန်မိန်းကလေးတွေဟာ သူ့ရဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုကို နေ့စဉ်နဲ့အမျှခံနေကြရတယ်။ ဘယ်လိုတွေညှင်းပန်းနှိပ်စက်သလည်းဆိုရင် အရမ်းအေးတဲ့အချိန်တွေမှာ မိန်းကလေးတွေကို တစ်ကိုယ်လုံးအဝတ်အစားတွေချွတ်ပြီး သူက ထိုင်ကြည့်တယ် ပြီးရင် ရေခဲပုံးတွေထဲဝင်ခိုင်းတယ်။ တစ်ခါတလေကျရင် မိန်းကလေးတွေရဲ့ လက်တွေကို အပ်ချုပ်စက်ထဲထည့်ပြီး အပ်နဲ့ချုပ်တယ်၊ နှာခေါင်းတွေနှုတ်ခမ်းတွေကိုလည်း ချုပ်သလို တစ်ခါတလေ အရှင်လတ်လတ် ဓါးနဲ့လှီးဖြတ်တာမျိုးတွေလည်းရှိတယ်။ တစ်ခါတလေ လိင်အာသာဖြေရင်းနဲ့ ဆူးပါတဲ့ကြာပွတ်နဲ့ရိုက်တာတွေ၊ လက်ပြန်ကြိုးတုပ်ပြီး နို့သီးခေါင်းတွေကို ရေနွေးပွက်ပွက်ဆူတဲ့ရေထဲနှစ်တာတွေ၊ နောက်ပြီးတော့ ပုံမှန်မဟုတ်တဲ့ အရာတွေနဲ့ မိန်းမကိုယ်တွေထဲ ထိုးထည့်တာမျိုးတွေကို ပြုလုပ်လေ့ရှိတယ်။

သူစိတ်ကြိုက်နှိပ်စက်လို့ ဝ သွားရင်တော့ သတ်ပစ်လိုက်လေ့ရှိတယ်။ သူ့ရဲ့အလောင်းဖျောက်နည်းကလည်း အရမ်းပိရိလွန်းတယ်။ သေသွားတဲ့အလောင်းတစ်ကိုယ်လုံးကို ပျားရည်တွေနဲ့သုတ်လိမ်းပြီး အင်းဆက်တွေရှိတဲ့နေရာမှာ ပစ်ထားလိုက်တယ်။ ဘသိုရီအနေနဲ့ ဒီလိုတွေ ပြုလုပ်နေတဲ့ တိကျသေချာတဲ့အကြောင်းအရင်းတစ်ခုကလည်း ရှိနေပြန်တယ်။ အဲဒါကတော့ အပျိုစင်မိန်းကလေးတွေရဲ့ သွေးနဲ့ ရေချိုးရင် ပြန်လည်နုပျိုမှုတွေရရှိနိုင်တယ်ဆိုတဲ့ အယူအဆ ကို ဘသိုရီက ယုံကြည်နေတာပါပဲ။

အဲဒါကြောင့်လည်း ဘသိုရီဟာ သူ့ရဲ့အစေခံမိန်းမလေးငယ်တွေ၊ ငွေနဲ့ပေးဝယ်ထားရတဲ့ ကျွန် မိန်းကလေးတွေကို အခုလိုမျိုး စိတ်ကြိုက်နှိပ်စက်ပြီး အဲဒီထဲကမှ သူ အပျိုစင်လို့ယူဆရတဲ့ မိန်းကလေးတွေရဲ့ သွေးနဲ့ ရေချိုးလေ့ရှိတာပါပဲ။ ဒါကြောင့် သူဟာ နာမည်ပြောင်တစ်ခုတောင်ရခဲ့သေးတယ် “Blood Countess” ဆိုပြီး ဥရောပတစ်ခွင်လုံးက သူ့ကို နာမည်ပြောင်ပေးခဲ့တယ်။ သူ့ရဲ့ ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကို အဲဒီခေတ်က လူတွေက မသိဘဲနဲ့တော့ မနေခဲ့ဘူး။ ဒါပေမဲ့ ဘသိုရီ လုပ်နေတဲ့အရာကို အချို့က ရာဇဝတ်မှုလို့တောင်မမြင်ဘဲ သူ့လုပ်ပိုင်ခွင့်ထဲကအတိုင်းလုပ်နေတာလို့ပဲ မြင်ခဲ့ကြတာတွေတောင်ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီခေတ်မှာတုန်းက အစေခံတွေ၊ ကျွန်တွေဆိုတာ သူတို့ရဲ့ အရှင်သခင်တွေရဲ့ အလိုတော်အတိုင်းပဲနေရတယ်ဆိုတာ အဲဒီခေတ်ကာလမှာ အမှန်တရားတစ်ခုလို ဖြစ်နေခဲ့တာကိုး။

ဒါပေမဲ့ ဘသိုရီ ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ပစ်မယ့်လူတစ်ယောက်ကတော့ ပေါ်လာခဲ့ပါတယ်။

၁၆၁၀ ခုနှစ် မှာ ဘသိုရီ ရဲ့ သတင်းစကားဟာ ဟန်ဂေရီရဲ့ နန်းတွင်းထဲထိ ရောက်ရှိသွားခဲ့တယ်။ အဲဒီနောက်မှာတော့ ဟန်ဂေရီ ရဲ့ နန်းတွင်းတရားရေးရာတွေကို ကြီးကြပ်ပေးနေတဲ့ ဂျီရော်ဂျီသာဇို ဆိုသူက ဘသိုရီ ရဲ့ အိမ်ကို ရောက်ရှိလာခဲ့တယ်။ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဘသိုရီ ရဲ့ လုပ်ရပ်တွေကို သိရှိသွားပြီး ဂျီရော်ဂျီသာဇိုဟာ တော်တော်လေး အံ့အားသင့်သွားတယ်။ ချက်ချင်းပဲ ဂျီရော်ဂျီသာဇိုဟာ နန်းတွင်းအမိန့်နဲ့ ဘသိုရီ ကို သူ့အိမ်မှာပဲ အကျဉ်းချပစ်လိုက်တယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အဲဒီခေတ်အခါက တရားစီရင်ရေးစနစ်အရ ဘသိုရီ ကို သေဒဏ်တွေ၊ ထောင်ကျတာတွေ လုပ်လို့မရဘူးလားဆိုတာပါပဲ။ လုပ်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အထက်ကဆိုခဲ့သလို သူဟာ သူပိုင်တဲ့ အစေခံတွေ၊ ငွေနဲ့ဝယ်ရတဲ့ကျွန်တွေကိုပဲ ဒီလိုမျိုးတွေ ကျူးလွန်ခဲ့တာဖြစ်လို့ သေဒဏ်တွေ၊ ထောင်ချတာတွေ လုပ်လို့မရခဲ့ဘူး။ ဒါပေမဲ့ ဂျီရော်ဂျီသာဇိုကတော့ နေအိမ်အကျယ်ချုပ်လိုပုံစံမျိုးနဲ့ ဘသိုရီ ကို ထိန်းသိမ်းလိုက်ပြီး သူ့ရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ပစ်လိုက်ရတယ်။

အဲဒီအချိန်ထိတောင် ဘသိုရီ ဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ မခံစားခဲ့ဘူးလို့ဆိုတယ်။ နောက်ပြီးတော့ သူတို့မြို့က လူတွေကလည်း ဘသိုရီ ကို ရာဇဝတ်မှု ကျူးလွန်တယ်လို့ မယူဆခဲ့ကြပါဘူး။ ဒါပေမဲ့ ဘသိုရီ ရဲ့ ကျူးလွန်တဲ့အမှုတိုင်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မှော်ဆရာမတစ်ယောက်ရယ်(အပျိုစင်ရဲ့သွေးနဲ့ရေချိုးရင် ပြန်လည်နုပျိုတယ်လို့ပြောခဲ့သူ)၊ နောက်ထပ်စေခံတွေရယ်ကိုတော့ ရုံတင်စစ်ဆေးပြီး သေဒဏ်ချပစ်ခဲ့တယ်။ စုစုပေါင်း ပါဝင်ပတ်သက်ခဲ့တဲ့ ငါးယောက်မှာ လေးယောက်ကို သေဒဏ်ချခဲ့တာပဲ ဖြစ်တယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ ချက်ချင်းကွပ်မျက်တာမျိုးမလုပ်ခဲ့သလို သူ့ရဲ့ သတင်းအစအနကိုလည်း ရှာလို့မတွေ့ခဲ့ဘူး။ အဓိက ကျူးလွန်သူ ဘသိုရီ ကတော့ အကျယ်ချုပ်သာကျခဲ့ပြီး ပါဝင်ပံ့ပိုးကူညီသူတွေက သေဒဏ်တွေကျခဲ့တာကတော့ တော်တော်လေးကို ဆိုးရွားတဲ့ တရားစီရင်ရေးစနစ်တစ်ခုဖြစ်ခဲ့လိမ့်မယ်ဆိုတာ အမှန်ပါပဲ။

အဲဒီ ကိစ္စတွေအပြီးမှာ ဂျီရော်ဂျီသာဇိုက နောက်ထပ်အမှုအခင်းတွေကို ထပ်မံစစ်ဆေးခဲ့တယ်။ ဘသိုရီ ရဲ့ နေ့စဉ်မှတ်တမ်းမှာ မိန်းကလေးငယ်ပေါင်း ၆၅၀ ကို သတ်ခဲ့တယ်လို့ ရေးသားထားတာတွေ့ရပြီး ဂျီရော်ဂျီသာဇို ရဲ့ စုံစမ်းစစ်ဆေးမှုကတော့ ၂၈၉ယောက်သာ ထင်ရှားပေါ်လွင်ခဲ့တယ်။ နောက်တော့ စုံစမ်းစစ်ဆေးမှုတွေကို ရပ်လိုက်တယ်။

၁၆၁၄ခုနှစ်မှာတော့ ဘသိုရီ ဟာ သူအကျယ်ချုပ်အကျခံနေရတဲ့ သူ့ရဲ့ နေအိမ်မှာပဲ သေဆုံးသွားတယ်။ သူသေဆုံးပြီးနောက်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ မိသားစုတွေကို လွှဲပြောင်းပေးအပ်လိုက်တယ်။ အဲဒီလိုနဲ့ ကမ္ဘာ့အရက်စက်ဆုံး အမျိုးသမီးတစ်ယောက်ဟာ သူ့အသက် ၅၄နှစ်အရွယ်မှာပဲ ကမ္ဘာလောကကြီးကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့ရတယ်။ အဲဒီအကြောင်းအရာဟာ အခုချိန်ထိတိုင် ဥရောပမှာ စက်ဆုပ်ဖွယ်ရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်အဖြစ်ရှိနေဆဲဖြစ်သလို သူ့ရဲ့ ဒီလောက်ရက်စက်မှုတွေကြောင့်လည်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့တာဆိုရင်လည်း မမှားပါဘူး။

နောက်ပြီးတော့ အယူအဆအမှား အတွေးအခေါ်အမှားတွေဟာ ဘယ်လောက်ထိကြောက်ဖို့ကောင်းလည်းဆိုရင် … ဒီဖြစ်ရပ်ကြီးတွေဖြစ်ပြီးလို့ နောက် နှစ်ပေါင်း ၁၀၀ ကြာတဲ့အခါမှာ စက်ဆုပ်ရွံရှာဖွယ်ရာ အယူအဆတစ်ခုဟာ ပြန်လည်ခေါင်းထောင်လာလိုက်သေးတယ်။ အဲဒီ အယူအဆကတော့ အပျိုစင်တွေရဲ့ သွေးနဲ့ရေချိုးရင် နုပျိုခြင်းတွေ ပြန်လည်ရရှိနိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါပေမဲ့ အဲဒီအယူအဆဟာ ကြာကြာတော့ ခေါင်းထောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ လူအများရဲ့ ကန့်ကွက်မှုတွေ၊ ဒါဟာ အခြေအမြစ်မရှိတဲ့ယူဆချက်တွေသာ ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့မှုတွေကြောင့် အဆိုပါ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အပျိုစင်သွေးနဲ့ရေချိုးရင် ပြန်လည်နုပျိုတယ်ဆိုတဲ့အယူအဆဟာ ပြန်လည်မှေးမှိန်ပျောက်ကွယ်သွားခဲ့ရတယ်။

ဒီဖြစ်ရပ်မှာ ဝမ်းနည်းစရာအကောင်းဆုံးကတော့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဘသိုရီ ဟာ သေတဲ့အချိန်ထိ သူလုပ်ခဲ့တာတွေဟာ သာမန်လုပ်ရပ်တစ်ခုလိုသာ ယုံကြည်ခဲ့ပြီး အဲဒီခေတ်ကလူတွေကလည်း ဒါဟာ မျိုးရိုးမြင့်တဲ့လူကုံတန်အသိုင်းအဝိုင်းအတွက် ဝေဖန်ပြစ်တင်တာမျိုးတွေလုပ်တာကို ထင်ထင်ရှားရှားလုပ်တာမျိုး မတွေ့ရတာပါပဲ။ ကျနော်တို့ လူသားတွေဟာ ခေတ်အဆက်ဆက် တရားမျှတမှုအတွက် တိုက်ပွဲတွေ ဝင်နေခဲ့ရတယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေခဲ့တာလို့ပဲ ဆိုလိုက်ပါရစေတော့။ ။

ခြူသစ်မောင်

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..