ထူးဆန်းသော နတ်ကြီး နှင့် သရဲသိုက် ( အပိုင်း ၂ )
lotaya.mpt.com.mm
|
2021-04-15

၆။

ကြောက်ကြောက်လန့်လန့်နဲ့ ငုတ်တုတ် ထိုင်နေရှာတဲ့ ထင်ကျော်အနီးကို သိပ်မကြာခင်မှာ လူသူတော် ဦးကြီး ပြန်ရောက်လာပါတယ်။

ဟူးကနဲ လေတိုးသံနဲ့အတူ စွေ့ကနဲ ဦးကြီးဟာ ရောက်ချလာပြီး သူ့ကို ဆွဲထူလေ၏။.

" လာ ပြန်ကြစို့ မောင်ရင် ၊ ဒီနားမှာ ကြာကြာနေဖို့ မကောင်းလေဘူး ။ အိမ်ကိုပဲ ပြန်ကြစို့ရဲ့ ... "

" ဟင် ! ဘာမှ လုပ်မပေးတော့ဘူးလား ဦးကြီးရဲ့ "

" ငါက ဘာလုပ်ရမယ်ဆိုတာကိုပဲ လမ်းညွှန်ပေးလို့ရမယ် မောင်ရင်လေး ၊ ကိုယ်တိုင် ဝင်ပြီး ဆောင်ရွက်လို့ ရတာရှိသလို ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လို့ မရတာတွေလည်း ရှိသကွဲ့။ ဒို့များ လောကမှာ လူ့စည်း ဘီလူးစည်းလို့ သူ့စည်းကိုယ်စည်း နယ်ပယ်ဆိုင်ရာ စည်းကမ်းများသတ်မှတ်ထားသကွဲ့ ။ တပါးသူရဲ့ နယ်ပယ်မှာ ထင်တိုင်း လျှောက်လုပ်လို့ မဖြစ်ဘူးလေကွယ် "

အလာတုန်းကလိုပါပဲ ။ ထင်ကျော်တစ်ယောက် လေမှာ လွင့်ပါးနေသလို ရင်တလှပ်လှပ် ခံစားလိုက်ရပြီးနောက်၊ သူ့ အခန်းထဲကို လူသူတော် ဦးကြီးနဲ့အတူ ပြန်ရောက်လာ၏။

အဲ့သည်အချိန်အထိ အိပ်ယာပေါ်မှာ ခင်စီကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်းပင်။

" ဦးကြီး ... ပြောခွင့် ရှိရင် ၊ ဦးကြီးဟာ ဘယ်သူဘယ်ဝါဆိုတာ ပြောပြပါလား ၊ ကားပေါ်မှာလည်း ဦးကြီးကို ကျနော်တို့ လင်မယားပဲ မြင်ခွင့်ရတယ်။ အခုလည်း ဦးကြီး ပေးသွားခဲ့တဲ့ နတ်ရုပ်ကြီးဆီမှာ ကျနော် ညက တိုင်တည်ဆုတောင်းတော့ ဦးကြီးက ကျနော့်ကို ကူညီဖို့ ရောက်လာပြန်တယ် ...။ ဟို... ဟိုလေ ဦးကြီးက သေလွန်သွားတဲ့ ကျနော်တို့ရဲ့ အဖေများလားဗျာ "

"ဟားဟား စဉ်းလဲ စဉ်းစားတတ်ပါ့ မောင်ရာ။ မဟုတ်ပါဘူးကွာ ။ ဦးကြီးက မင်းတို့ရဲ့ ဖခင်ကြီး မဟုတ်ပါဘူး ။

မောင်ရင်လေးက မမှတ်မိလိုပါ ။ မောင်ရင်လေးတို့ လင်မယား ဆွမ်းလောင်းသင်းမှာ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပြီး အပြန်ကျရင် ဘယ်သူ့ကိုများ ထပ်ပြီး အလှူဒါန ပြုသေးတုန်း ၊ တစ်ကြိမ်တစ်ခါတည်း မဟုတ်ဘူးနော် ။ ပြန်စဉ်းစားကြည့် မောင်ရင်လေး "

ထင်ကျော် အပြေးအလွှား စဉ်းစားသည်။ သူတို့ လောင်းလှူနေကျ ဆွမ်းလောင်းသင်းမှာ ၄၁လမ်း စိန်ပန်း အရပ်ထဲက သာသနာ့နုဂ္ဂဟ ပရဟိတ ဆွမ်းလောင်းသင်း ဖြစ်သည်။

ထိုမှ အပြန်တွင် သူတို့လင်မယားသည် နတ်ညောင်ပင်ကြီးအနီးမှ ဖြတ်ရလေ၏။ ထိုသို့ ဖြတ်သွားတိုင်း ၊ နတ်ညောင်ပင်ကြီးအောက် အုတ်ခုံလေးပေါ်မှာ အသက်ကြီးကြီး လူကြီးတစ်ယောက် အမြဲ ပုတီးစိပ်နေလေ့ ရှိသည်ကို သတိထားမိကြသည်။

သူတို့သည် အသက်အရွယ် ကြီးရင့်သော ထိုဦးကြီးအား ကြည်ညိုသဒ္ဓါစိတ် ယိုဖိတ် ဖြစ်ပေါ်လာသည် ဖြစ်ရာ ၊ အနီးအနားက လ္ဘက်ရည်ဆိုင်မှ ကြက်ဥပလာတာ၊ နွားနို့ စသည့် စားဖွယ်သောက်ဖွယ်ရာတို့ကို နံနက်စာအဖြစ် အဟာရဒါန လှူဒါန်းခဲ့ကြသည်။

အဲ့ဒါက တစ်ကြိမ်တည်းမဟုတ် တစ်လလျင် နှစ်ကြိမ် ဆွမ်းလောင်းသင်းမှ ပြန်လာတိုင်း သတိတရ လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ဆွမ်းလောင်းသင်းမှ ပြန်လာတိုင်း သူတို့လင်မယားသည် ဝတ္တရားမပျက် ထိုဦးကြီးအား လှူတန်းကျွေးမွေးလေ့ရှိသည်။

"ဟာ ... မှတ်မိပြီ ဦးကြီးရေ ၊ လက်စသတ်တော့ ဦးကြီးက နတ်ညောင်ပင်ကြီးအောက်မှာ ပုတီး အမြဲစိပ်လေ့ရှိတဲ့ လူသူတော်ကြီးပဲ ၊ ကျနော် မှန်းတာ ဟုတ်တယ်မဟုတ်လား ဦးကြီး "

" အေး ... တကယ်တော့ ဦးကြီးက အဲ့ဒီ နတ်ညောင်ပင်ကြီးကို အမှီသဟဲ ပြု ပြီး တရားဘာဝနာများ အားထုတ့်ကိုးပမ်းနေတဲ့ နတ်ကြီးတစ်ပါးပဲကွဲ့ ။

မောင်ရင်လေးတို့ရဲ့ သဒ္ဓါတရားက မောင်ရင်လေးတို့ကို ပြန်အကျိုးပေးချိန် ရောက်တာလို့ပဲ သဘောထားပါကွယ် "

" ဒါဆိုရင် ... ကားပေါ်တုန်းက ကျနော်တို့လင်မယားကို (နတ်ရုပ်တုကြီး) တမင် လာပေးသွားတာ ဦးကြီးပဲပေါ့။ကျနော်တို့ရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးချင်လို့ လာဆက်သွယ်တာပဲပေါ့နော် ဦးကြီး "

ဦးကြီးက ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

" အေးပေါ့ မောင်ရာ ၊ အခု စေတီဟောင်းတောင်ဘက်က လယ်ဧကတွေကို မောင်တို့အဖေ လက်ထက်ကလို စိုက်လို့ပျိုးလို့ရအောင် ဦးကြီး ကူညီပါ့မယ်။ အမှန်တော့ မောင်တို့အဖေဟာ ပရလောကသားတွေကို အစားအစာ အကူအညီ ပေးခဲ့ပုံရတယ်။

ရွာစာလို့ ခေါ်တဲ့ ပရလောကတွေအတွက် အစားအစာကို လယ်ယာမလုပ်ခင်မှာ လယ်ကန်သင်းရိုးမှာ ချကျွေးလေ့ ရှိပါလိမ့်မယ်။ဒါကြောင့်သာ သူ လယ်ယာလုပ်စဉ်က အနှောက်အယှက် မရှိ ၊ စိုက်ပျိုးနိုင်ခြင်းသာ ဖြစ်မယ်ကွဲ့။

နောက်လူများက မင့်အဖေလို ရွာစာလည်းမကျွေး ၊ အရိုအသေကလည်းမဲ့ ၊ သူတို့နေထိုင်ရာဘက်ကို စားကျွင်းစားကျန်တွေ စွန့်ပစ်ခြင်း ၊ အညစ်အကြေးတွေ စွန့်ပစ်ခြင်း စတာတွေကို ပစ္စလက္ခ လုပ်ကြပါလိမ့်မယ်။ ဒါကြောင့် နောက်လူများ လက်ထက်ကျ စိုက်လို့ပျိုးလို့ မရအောင် နှောက်ယှက်ကြတာပေါ့။ အမှန်တော့ သူတို့က သူတို့နယ်ပယ်ကို ကာကွယ်ကြတဲ့သဘော။

နောက်ပြီးတော့ ၊ ဦးကြီး စုံစမ်းခဲ့ရသလောက်က အဲ့ဒီစေတီဟောင်းဟာ ပျူစေတီဟောင်း တစ်ဆူတဲ့။ စေတီရဲ့ တောင်ဘက်မှာ ကုသိုလ်ရှင်တွေ ကွယ်လွန်ပြီးသည့်အခါ သူတို့ရဲ့ အရိုးအိုးတွေကို အစီအစဉ်လိုက် တန်းစီ မြုပ်နှံထားခဲ့သတဲ့။

မကျွတ်မလွတ်ကြတဲ့ ကုသိုလ်ရှင်တွေရဲ့ ဝိဉာဉ်များက စေတီဟောင်းမှာ အစောင့်အရှောက်များသဖွယ် မှီတွယ် နေထိုင်ကြတယ်တဲ့။ မောင်တို့ မြင်ရ တွေ့ရတဲ့ မကောင်းဆိုးဝါးသရဲများဟာ ပျူခေတ်ကတည်း ရှိနေကြတဲ့ သက်တမ်းရင့် သရဲကြီးတွေပဲပေါ့ ။ တစ်ကောင်လည်း မဟုတ် ၊ နှစ်ကောင်လည်းမက အများကြီးဆိုတော့ လူတွေက (သရဲသိုက်)လို့ အလွယ်ခေါ်ကြတဲ့ပုံပါပဲ။

မောင့်ညီ လယ်ယာစိုက်ချင်သပဆိုရင် ၊ သူတို့ နယ်မြေကို မထိပါးစေနဲ့ ။ အညစ်အကြေး မစွန့်ပစ်စေနဲ့ ၊ ရွှေကြိုးငွေကြိုးများနဲ့ နယ်နမိတ် သတ်မှတ်ပြီး သူတို့ကို နေရာပေးပါ။ သန့်ပြန့်သန့်ရှင်းသော မြေကို ဖော်ဆောင်ပေးပြီး ၊ သန့်ရှင်းသော အိုးခွက်ပန်းကန်တို့ဖြင့် ပရလောကသားများကို တလေးတစား ကျွေးမွေးပါ ။ ပြီးပြီးရော ဆိုတဲ့ သဘောနဲ့ ဖက်ရွက်တွေထဲ ဟင်းတွေ ထမင်းတွေ ရောပုံ မကျွေးလေနဲ့။သူတို့အကြိုက် အမွှေးနံ့သာများလည်း မြေပြင်တစ်ဝိုက် ပက်ဖျန်းပေးပါ။

မောင်ရင်လေးတို့ စေတနာအလိုက် အကျိုးပေးထူးခြားလာပါလိမ့်မယ် ။ လုပ်ကြည့်ပါ မောင်ရင်လေး ၊ သေချာပေါက် အကျိုးဖြစ်ထွန်းမယ်ဆိုတာ ဦးကြီး အာမခံပါတယ်ကွယ် "

"ဟုတ်ကဲ့ ... ဦးကြီး ။ ကျနော် ဦးကြီး လမ်းညွှန်တဲ့အတိုင်း အပြည့်အဝ တာဝန်ယူ ဆောင်ရွက်လိုက်ပါ့မယ် ။ ကျေးဇူးလည်း အထူးတင်ပါတယ်နော် ။

အော် ... ဒါနဲ့ ဦးကြီး ၊ ကျနော် ဦးကြီးပေးထားတဲ့ နတ်ရုပ်ကို ခြံဝိုင်းထဲက ကုက္ကိုပင်မှာ နတ်ကွန်းလုပ်ပြီး ပူဇော်ချင်ပါတယ်။ ခွင့်ပြုပါသလားခင်ဗျာ "

ဦးကြီးက မျက်လုံးပြူးသွားပြီး ...

" ဟဲ့ ဟဲ့ မလုပ်လိုက်ပါနဲ့ မောင်ရင်ရယ်။ မောင့်ခြံဝိုင်းထဲက ကုက္ကိုပင်မှာ ရုက္ခစိုးနတ်ကြီး ရှိပြီးသားကွဲ့ ၊ သူ့နေရာ ကျုပ်က လာလုတယ်ဆိုပြီး မောင်တို့ကို အနှောက်အယှက်များ ပေးနေပါဦးမယ်။ ရှိပါစေ ။ မောင်တို့ ခေါင်းရင်းမှာပဲ ကျုပ်ကို ထားပါ ။ သေတ္တာလေးတစ်လုံးပေါ်ကို ကတ္တီပါစ သန့်ရှင်းတာလေးခင်းပြီး သိကြား သပြေပန်းလေး မညှိုးတန်းသာ ထိုးပေးပါ ။ အဲ့ဒါဆို ဦးကြီး နေလို့ထိုင်လို့ ရပါပြီ ။ ဦးကြီးအတွက် လုပ်ပေးမယ်ဆိုရင် ၊ ဘုရားတရားသံဃာ ရတနာမြတ်၃ပါးရဲ့ ဝေယျာဝစ္စ များကုန်မှ လုပ်ဆောင်ပါ။ရတနာ၃ပါးထက် ဦးဦးဖျားဖျား မလုပ်မိပါစေနဲ့နော် "

ထင်ကျော်လည်း ကောင်းပါပြီဟု ဝန်ခံလိုက်သည်။ ဦးကြီးသည် ကျေနပ်စွာဖြင့် သူ့ရှေ့မှ တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။

သူလည်း မျက်လုံးတွေ မှေးစင်းကာ ပြန်လည် အိပ်ပျော်သွားလေတော့၏။

______________

၇။

နောက်တစ်ရက်ရောက်သည့်အခါ မနက်စာ စားပြီးနောက် ထင်ကျော်သည် ညီဖြစ်သူ ခင်ကျော်အား ခေါ်ယူ၍ ...

" ပေါက်ပြား နဲ့ ကိုင်းခုတ်ဓား ယူခဲ့ကွာ၊ ငါတို့ ညီအစ်ကို ၂ယောက် စေတီဟောင်း လယ်ဘက် သွားကြမယ် "

ခင်ကျော်ကား စေတီဟောင်းဟု ကြားလိုက်ရသည်နဲ့ အကြီးအကျယ် ထိတ်လန့်သွားရှာသည်။

"ဗျာ ! စေတီဟောင်း လယ် ... ဟုတ်လား အစ်ကို "

" အေးလေကွာ ၊ ဘာလဲ မနက်အစောကြီးရှိပါသေးတယ်ဟ ၊ မင်းက ကြောက်နေတာလား "

ခင်ကျော်ခမျာ မျက်နှာပျက်ယွင်းစွာ ၊

" မကြောက်ပဲလား အစ်ကိုရာ ၊ ကျနော်က လက်တွေ့ မြင်ထားဖူးတဲ့ကောင်ဗျ ။ ရက်တပတ်လောက် ဖျားထားတာ ။ လိမ်မပြောဝန့်ပါဘူး ကြောက်တယ် တကယ် ကြောက်တယ်။ မလိုက်ရဲဘူး အစ်ကို "

ထင်ကျော်က ညီဖြစ်သူအား ပခုန်းဖက်လိုက်ပြီး ...၊

"ဟကောင်ရ ၊ အဲ့တုန်းက မင်းတစ်ယောက်တည်းလေကွာ ၊ အခု အစ်ကို ပါတာပဲဟာ ၊ လာပါကွာ ... မင်း ကြောက်နေတာတွေကို အစ်ကို အကုန် ရှင်းပေးပါ့မယ် ၊ မင်းကို နှီးတဖြား မရိုက်ခတ်စေရဘူး ငါ အာမခံတယ် ။ ဟိုရောက်ရင်သာ ငါ ခိုင်းတာကို လုပ် "

ခင်ကျော်က အိမ်ထဲမှာ ဆန်ပြာနေသော အမေ့ကို လှမ်းကြည့်ရှာ၏။

ဒါကို မြင်တဲ့ ထင်ကျော်က ...

" ငါ အမေ့ကို အကျိုးအကြောင်း ပြောပြထားပြီးပြီ ခင်ကျော် ။ အဲ့ဒီလယ်တွေက တကယ်ခိုက်တယ်ဆိုရင် အဖေ့လက်ထက်က ဘာလို့ စိုက်ပျိုးလို့ရတာလဲ ၊ အမေ ပြောတာ အဖေ့လက်ထက်ကဆို စေတီဟောင်း လယ်က ထွက်တဲ့ စပါးက ပိုအောင်သတဲ့ ။ လယ် ၃ဧကကြီးတောင်မှကွ ၊ ပစ်ထားလို့ မဖြစ်ဘူး ။ ကြာရင် ပလပ်မြေ ဖြစ်သွားလိမ့်မယ်။

လာပါကွာ ယောက်ကျားကြီးဖြစ်ပြီး အဲ့သလောက် မကြောက်စမ်းပါနဲ့ ။ မင်း ကြောက်ရင် ငါ့အနောက်မှာနေ ။ ငါခိုင်းတာသာ လုပ် ။ ဟုတ်ပြီလား "

သူတို့ ၂ယောက် ပြောနေတာ အတော်ကြာသွားတော့ အမေက စိတ်ရှည်ပုံ မရဘူး ။ ဆန်ဗန်းကို ပစ်ချပြီး သူတို့ရှိရာ ထွက်လာ၏။

" ကဲ ဘာမှ သောကဗျာပါဒတွေ များမနေနဲ့ အငယ်ကောင် ။ အမေပါ လိုက်ခဲ့မယ် ဟုတ်ပြီလား "

အမေက ပြောလည်းပြော ၊ ဝါးထရံမှာ ထိုးထားတဲ့ ဓားမတိုကို ဆွဲယူပြီး ထမိန်ကို တိုတိုပြင်ဝတ်၏။

ဆူးပန်းရွက် ခူးလာတဲ့ ခင်စီကလည်း သူတို့ သားအမိတတွေ ပြောနေတာကို ကြားရတဲ့အခါ ...၊

"နေ့လယ်စာအတွက် ဟင်းတွေ ထမင်းတွေလည်း အကုန်ကျက်ပြီ ၊ ဆူးပန်းဟင်းချိုလေး တည်ရုံပဲ ကျန်တော့တာ ၊ အပြန်မှ တည်တော့မယ် ၊ ကျမလည်း အမေတို့နဲ့ လိုက်မယ်တော် "

ကဲ အေးကြရော။ နောက်ဆုံးတော့ သူတို့ တစ်မိသားစုလုံး တက်ညီလက်ညီနဲ့

စေတီဟောင်း လယ်ဘက်ကို ချီတက်ကြဖို့ သေချာသွားကြ၏။

စေတီဟောင်း လယ်မြေရောက်တဲ့အခါ

စေတီဟောင်းနဲ့ အနီးဆုံးက မြေကို သူတို့ အရင် ရှင်းလင်းခုတ်ထွင်ကြသည်။

စေတီပေါ် နွယ်တက်နေတဲ့ အပင်တွေရဲ့ အောက်ခြေတွေကို ခုတ်ပစ်ကြ၏။အနီးနားက ဆူးခြုံ နဘူးခြုံတွေ ခုတ်ပြီး တစ်နေရာတည်း စုပုံထားလိုက်တယ်။

နေ ထန်းတစ်ဖျား ရောက်တဲ့အခါ စေတီဟောင်းကို လွှမ်းခြုံနေတဲ့ ခြုံတွေ နွယ်တွေ အကုန်နီးပါး ရှင်းခုတ်ပြီး ဖြစ်နေပြီ။

အမေက သူ့ချွေးမ ခင်စီကို အိမ်ပြန်လွှတ်လိုက်၏။ ချက်ပြုပ်ထားတာတွေ ထန်းခေါက်တောင်းထဲ ထည့်ယူလာဖို့ ၊ သောက်ရေ လုံလုံလောက်လောက် ထည့်ယူလာခဲ့ဖို့ အသေအချာ မှာလိုက်၏။

သူတို့ အမှိုက်တွေ စုပြီး မီးရှို့နေချိန် ခင်စီက ထန်းခေါက်တောင်း ရွက်ပြီး ပြန်ရောက်လာသည်။

ခင်စီ ရောက်သည်နှင့် အမေက ကူပြီး ထမင်းတွေ ခူးခပ် ထည့်ပေးတော့သည်။ သားအမိတတွေ ဆာဆာနဲ့ စားလိုက်ကြတာ ထမင်းအိုးက ပြိုက်ကနဲ ကုန်သွားလေ၏။

ထမင်းစားပြီး ခဏနေတော့ စေတီဟောင်း အခြေမှာ ရှိတဲ့ မြေပြင်ကို ညီအစ်ကို နှစ်ယောက် ပေါက်ပြား ကိုယ်စီနဲ့ ညီညာအောင် ညှိပြင်ပေးကြသည်။

ထင်ကျော်က အမေနဲ့ခင်စီကို အိမ်ပြန်လွှတ်လိုက်သည်။ သန့်ရှင်းသပ်ရပ်သော မြင်ကွင်းသည် ယခင်က ချောက်ချားစရာကောင်းလှသော စေတီဟောင်း ဝန်းကျင်ကို အမြင်တင့်တယ်စေပြီမို့ အငယ်ကောင် ခင်ကျော်လည်း ကြောက်စိတ်တို့ မရှိတော့ပေ။

ကွဲအက်ရွဲ့စောင်းနေသော အုတ်လှေကားကို ညီအစ်ကိုနှစ်ယောက် အားအင် စိုက်ထုတ်ကာ ပြန်လည် တည့်မတ်ကြသည်။ ခုသင့်သည်ကို ခု၏။ ခံသင့်သည်ကို ခံ၏။ မကြာမီ လှေကားသည် အကောင်းပကတိ မဟုတ်ပေမယ့် အတော်ပင် ကြည့်ကောင်းသွားသည်။

စေတီ၏ ရင်ပြင်တပတ်လည်ရှိ ပေါင်းပင် မြက်ပင်များလည်း သူတို့ မိသားစု၏ သန့်ရှင်းမှုကြောင့် ယခုအခါ ရှင်းလင်းသွားလေပြီ ။ ရင်ပြင်က အုတ်သားများပင် ပေါ်လွင်လာပြီ ဖြစ်သည်။

စေတီဟောင်းသည် ယခုအခါ အတော်ပင် ကြည့်ပျော်ရှု့ပျော် ရှိသွားလေပြီဖြစ်ပါ၏။

နေ့လယ် ၂နာရီထိုးလောက်တွင် ညီအစ်ကို၂ယောက် မောမောနဲ့ ခြေပစ်လက်ပစ် ထိုင်နေကြစဉ် စေတီဟောင်း ဘက်ဆီမှ ထူးခြားသော ရနံ့တစ်ခု သင်းပျံ့လာပါသည်။

အီပျစ်ပျစ် မွှေးရနံ့မဟုတ်။ အနံ့သည် ခပ်သင်းသင်းလေး မွှေးသည်ဆိုရုံမျှ မွှေးကြိုင်လန်းဆန်းစေခြင်း ဖြစ်ပါသည်။

ဤသည်မှာ စေတီဟောင်းဝန်းကျင်ရှိ ပရလောကသားများ၏ ကျေနပ်ဝမ်းမြောက်မှုဟု သူတို့ ညီအစ်ကို၂ယောက် ယုံကြည်မိကြလေသည်။

တအောင့်ခန့် အကြာ မွှေးရနံ့သည် တဖြေးဖြေး လွင့်ပါးပျောက်ကွယ်သွားလေသည်။

" ချွင် ချွင် ချလွင် ချလွင် "

" ရှပ် ရှပ် ဖျပ် ဖျပ် "

ညီအစ်ကို ၂ ယောက် ထိုင်နေရာမှ မတ်တတ် ထရပ်လိုက်မိသည်။ သူတို့နားထဲသို့ ခြေသံများ ၊ ခြေကျင်းဝတ်ချလူသံများ ကြားလိုက်ရသောကြောင့် ဖြစ်သည်။

အငယ်ကောင် ခင်ကျော်က မျက်လုံးပြူးကြီးဖြင့် ...

" အစ်ကို ... အစ်ကို ကြားရတယ်မဟုတ်လား "

ကြောက်လန့်နေသော ခင်ကျော်ကို ကြည့်၍ ထင်ကျော်သည် ခေါင်းငြိမ့်ပြလိုက်သည်။

" ကြားရတယ် ညီလေး ၊ မင်း ဘာမှ မကြောက်နဲ့နော် ၊ ဒါ သူတို့ ဘုရားရင်ပြင်ပေါ် အမှိုက်တွေ ရှင်းထားလို့ ပျော်မြူးပြီး လမ်းလျှောက်ကြတဲ့ အသံ ဖြစ်မှာပါ ။ အစ်ကိုတို့ကို ခြောက်လှန့်စေချင်လို့ ပြုတဲ့ အသံမဟုတ်လောက်ပါဘူး "

ထင်ကျော်က ရှင်းပြမှ ညီတော်မောင် ခင်ကျော်သည် သက်ပြင်းကို ချမိလေသည်။ခြေသံ ချလူသံလေးများက တဖြေးဖြေး လျော့ပါးသွားကြပြန်သည်။

ထို့နောက် ညီအစ်ကို ၂ယောက်သည် အနောက်နေကြောင့် စေတီဟောင်းမှ သူတို့လယ်ဘက်သို့ ကျလာသော အရိပ် နယ်ကုန်ကို အသေအချာ မှတ်သားကြသည်။

" ဒီနေရာအထိ အသေအချာ မှတ်ထားနော် အငယ်ကောင်။ မင်းက ဒီဘက်မှာ စိုက်ပျိုးပေါ့၊ ဟိုဘက်ကို မကျူးမိစေနဲ့ ၊ ငါ အထူးသတိပေးမှာချင်တာက ၊ စေတီဟောင်းပိုင် နယ်မြေဘက်ကို အညစ်အကြေး ၊ အမှိုက်သရိုက် လုံးဝ မစွန့်မိပါစေနဲ့ ။

မနက်ဖြန်ကျရင် စေတီဟောင်းဘက်က တို့ညီအစ်ကို ၂ယောက် ရှင်းထားပြီး မြေညှိထားတဲ့နေရာမှာ ဆိုင်ရာပိုင်ရာတွေကို ထမင်းဟင်းများနဲ့ ပူဇော်ပသကြမယ်။ အနှောက်အယှက် ကင်းကင်းနဲ့ လယ်ယာတွေ စိုက်ပျိုးဖြစ်ထွန်းအောင် ကူညီကြဖို့ တောင်းပန်ကြမယ်။

စိုက်ပျိုးမြေ ဖြစ်ထွန်းရင်၊ သီးနှံတွေ အလျံအပယ် အောင်မြင်ခဲ့ရင် စားကောင်းသောက်ဖွယ်များနဲ့ ထပ်မံ ပူဇော်ပသပါ့မယ့်လို့ ကတိခံကြမယ် ဟုတ်ပြီလား ညီလေး "

ထင်ကျော်၏ စကားကို ညီတော်မောင်က ခေါင်း တွင်တွင်ငြိမ့်ပြကာ သဘောတူလေ၏။

" စိတ်ချပါ အစ်ကို ၊ ကျနော် သူ့နယ်ဘက်ကို အမှိုက်တစ်ရွက် မကျအောင် ဂရုစိုက်ပါ့မယ်။ ပြီးတော့ မကြာခဏလည်း စေတီဟောင်း ပတ်ဝန်းကျင်ကို သန့်ရှင်းရေး လုပ်ပေးပါ့မယ် "

ထင်ကျော်သည် ညီ ခင်ကျော်၏ ပုခုံးကို အားပါးတရ ဖက်၍ ...

" အေး ငါတို့ အဖေ လက်ထက်ကလို ဒီမြေကြီးကနေ ရွှေသီးပါစေကွာ ၊ စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းလို့ကတော့ ရွှေသီးသလိုပါပဲ။ မဟုတ်ဘူးလား ညီလေးရ "

ခင်ကျော်လည်း သူ့အစ်ကိုအား ခေါင်ပြန်ငြိမ့်ပြလိုက်တော့သည်။

_________________

၈။

နောက်တစ်နေ့မှာ ၊ ထင်ကျော်က ပိုက်ဆံထုတ်ပေးပြီး ၊ ဆန်ကောင်းဆန်သန့်ကို ရွေးချက်စေ၏။ ကြက်သားဟင်းကိုလည်း လုံလောက် လောက်ငစွာ ချက်ပြုပ်စေသည်။

ချက်ပြုပ်ပြီးစီးသည့်အခါ ၊ မြို့က ဝယ်လာသော မယ်လမင်းပန်းကန်ပြားအသစ်များကို ဆေးကြောစေသည်။

စေတီဟောင်းရှေ့ မြေကွက်လပ်တွင် ပြန့်ပြန့်ပြူးပြူး သန့်ရှင်းစေသည်။ပြီးလျင် ဖယောင်းကောဇော စားပွဲခင်းရှည်ကို ခင်းစေ၏။

ပထမ၊ ဆေးကြောလာသော ပန်းကန်ပြားများပေါ်တွင် ဖြူလွပူနွေးနေသော ထမင်းများကို ညီညီညာညာ ပုံစေသည်။

ကြက်သားဟင်းကို ပန်းကန်လုံးများဖြင့် သီးသန့်ထည့်ပေးစေသည်။ အချဉ် ၊ ငရုတ်သီးထောင်း စသည်တို့ကိုလည်း ထို့နည်းတူစွာ ပန်းကန်ပြား ပန်းကန်လုံးတို့ဖြင့် သီးသန့်ထည့်ပေးစေ၏။အားလုံး ထည့်ပြီးစီးသည့်အခါ ဟင်းပန်းကန်များ၊ ထမင်းပန်းကန်များကို စနစ်တကျ စီတန်း ချထားစေသည်။

ခင်းထားသော ဖယောင်းကော်ဇော်အရှည်ပေါ်သို့ အမွှေးတိုင်များကို ထွန်းညိ ထားလိုက်သည်။

ထင်ကျော်တို့ ညီအစ်ကိုက စေတီဟောင်း အနီးဝန်းကျင်ရှိ ပရလောကသားများကို ပင့်ဖိတ်ကြသည်။ ၎င်းတို့တည်ခင်း ဧည့်ခံထားသည်များကို စိတ်တိုင်းကျ စားသောက်ကြပါရန် ဖိတ်မန္တကပြုကာ ကျွေးမွေးခြင်း အစီအစဉ်ကို စတင်လေသည်။

ပရလောကသားများကို ဖိမန္တကပြုခြင်းသည် အထမြောက်သည်ဟု ဆိုရမည်။ အမွှေးတိုင်မှ ထွက်ပေါ်နေသော မီးခိုးငွေ့များသည် လှုပ်လှုပ်ရှားရှားဖြစ်ကာ တောင်မြောက် ယိမ်းထိုးကြလေ၏။ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်တို့သည် လေမတိုက်ပဲ လှုပ်သွားကြသည်။ ခြေသံကဲ့သို့သော တရှပ်ရှပ်မြည်သံလေးများကိုလည်း သူတို့ မိသားစု ကြားရလေ၏။

ထင်ကျော်သည် သူ၏ အိမ်မက်ထဲ လာတတ်သော နတ်ကြီးဟူသည့် ဦးကြီးက မှာကြားလမ်းညွှန်သမျှကို အကုန်အစင် လုပ်ပေးပြီး ဖြစ်သည်။

ထို့ကြောင့် စိတ်ထဲ ကျေနပ်သွားသည်။ မကြာခင် စေတီဟောင်း အနီးက သူ့တို့၏ လယ်မြေ ၃ဧကသည် အလကားဟသမဖြစ်တော့ပဲ ၊အနှောက်အယှက်မရှိ အောင်မြင်သော စိုက်ပျိုးမြေများ အမှန်တကယ် ဖြစ်လာတော့မည်မဟုတ်လား။

အငယ်ကောင် ခင်ကျော်က ...

" အစ်ကို ... မြို့ကို မပြန်နဲ့တော့ဗျာ ။ ကျနော်တို့ ညီအစ်ကို ၂ယောက် ဒိုးတူပေါင်းဖက် လယ်ထဲ အတူဆင်းကြရအောင် ၊ အိမ်ရဲ့ စီးပွားရေးကို အစ်ကိုက ဦးစီးပါ ၊ ကျနော် အစ်ကို ခိုင်းသမျှ လုပ်ပါ့မယ် ။ ကျနော်တို့နဲ့သာ အတူနေပါလား အစ်ကို "

ခင်ကျော်က အားကိုးတကြီး ဆိုလာသည်။ အစ်ကိုကြီး အဖရာဆိုသည့်အတိုင်း အားကိုးအားထား ပြုခြင်း ဖြစ်လိမ့်မည်။ အစ်ကို ဖြစ်သူ ထင်ကျော်လည်း ညီတော်မောင်၏ တောင်းဆိုချက်ကို လက်ခံလိုက်ပါ၏။ ခေါင်းကို ငြိမ့်ပြရင်း

" အေးပါကွ ၊ အစ်ကိုလည်း မင်းနဲ့အတူ လယ်ထဲ ပြန်ဆင်းပါ့မယ် ။အသက်ကြီးတဲ့ အမေလည်း နားပါစေတော့ ။ ငါတို့ ညီအစ်ကို၂ယောက် အမေ့ကို တက်ညီလက်ညီ လုပ်ကျွေး ပြုစုကြတာပေါ့ကွာ "

ညနေစောင်းမှာ အမေ့အိမ်ကို ညီမအေးချို တို့လင်မယား ပေါက်ချလာကြသည်။ အေးချိုမျက်နှာက ငိုထားသည့်ဟန်။ ယောက်ဖလုပ်သူကို ကြည့်တော့လည်း မျက်နှာက မကောင်းချေ။

ဧကန္တ လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်လာကြသည်နှင့် တူ၏။ဒါနဲ့ ထင်ကျော်က ယောက်ဖဖြစ်သူ ထွန်းဇံအား ပခုန်းဖက်ကာ အပြင်သို့ ခေါ်လာပြီး

" ဘာဖြစ်လာကြတာလဲ ထွန်းဇံ ၊ ငါ့နှမနဲ့ မင်း ရန်ဖြစ်လာကြတာလား "

ထွန်းဇံက ခေါင်းကို ခါပြရင်း ၊

"အာ ... မဟုတ်ပါဘူး ယောက်ဖရာ ၊ ငါနဲ့က ဘာမှ မဖြစ်ပါဘူး ၊ မင်းလည်း သိသားပဲ ငါက ငါဟာသူ အေးအေးလူလူပဲ နေတတ်တာ ၊ သူ အော်ဟစ်နေရင်တောင် ငါက ရှောင်ထွက်သွားတတ်တာပါကွာ ၊၊ "

အဲ့ဒါတော့ ဟုတ်သည်။ ထွန်းဇံက ထင်ကျော်နှင့် ငယ်ပေါင်း ။ အလွန်အေးသည်။ မိန်းမကိုလည်း ကြောက်ရသူ ဖြစ်သည်။

မိအေးချိုက ယောက်ခမအိမ်ကိုသာ လိုက်နေတာ ၊ ယောက်ခမများကလည်း သူမအား မျက်နှာသာပေးလေတော့ နည်းနည်း ဗိုလ်ကျချင်သည်။

ထွန်းဇံဆိုတာက တစ်ဦးတည်းသော သား ။ အဲ့ဒီတော့ ယောက်ခမများက အေးချိုကို သမီးအရင်းပမာ ချစ်ကြသည်။ မသိလို့ကတော့ သားအရင်း ထွန်းဇံက သားမက်။ချွေးမဖြစ်သူ အေးချို က သမီးအရင်းလို ဖြစ်နေကြသည်။

အေးချိုက လည်လည်ဝယ်ဝယ် ရှိလေ၏။ ဒီနှစ် စပါးဈေး ကောင်းသည်။ သူတို့ လယ်ယာများက ထွက်သော စပါးများစွာကို ကြိတ်ခွဲ၍ မြို့တက် ရောင်းစေသည်။

ထိုသို့ ရောင်းချရာ၌ မအေးချို က ကိုထွန်းဇံ တစ်ယောက်တည်း မလွှတ် ။ သူမ ကိုယ်တိုင် ဦးစီးပြီး၊ ကိုယ်တိုင်ပဲ ပွဲရုံများမှာ ဈေးကောင်းရရန် စုံစမ်းစပ်ဟပ် ရောင်းချသူ ဖြစ်သည်။ ထို့ကြောင့် အေးချိုကို ယောက်ခမများက အားကိုးကြသည်။ မအေးချို၏ အမြင်ကျယ်မှု ၊ အကင်းပါးမှုကို အသိအမှတ်ပြုကြသည်။

ကိုထွန်းဇံ မိဘများက မြေးလေး၂ယောက်ကို ဒီနှစ် ရှင်ပြုပေးရန် အားခဲထားပေမယ့် ရောဂါကပ်ဆိုးကြီးကြောင့် အလှူကြီး မလုပ်နိုင်တော့ပေ။

ထို့ကြောင့် ကိုထွန်းဇံမိဘနှစ်ပါးက စုဆောင်းထားသော ရွှေထည်များကို ချွေးမဖြစ်သူ မအေးချိုအား သိမ်းဆည်းထားပေးရန် အပ်နှံထားကြသည်။ ရွှေထည်များမှာ ယခုကာလ ပေါက်ဈေးနှင့်ဆို အနည်းဆုံး သိန်း၂၀၀ ဝန်းကျင်ခန့် တန်ကြေး ရှိလေ၏။

ထွန်းဇံက ထင်ကျော်အား ခပ်တိုးတိုး လေသံဖြင့် ဖွင့်ဟတိုင်ပင်လာသည်။

" အခု ပြသနာက ၊ ငါတို့ခေါင်းပေါ် ဆင်တက်နင်းသလို ဖြစ်နေတယ် ယောက်ဖ ။ ငါ့မိဘများ အပ်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို မင်းနှမက ဘယ်မှာ အထားမှားသလဲ မသိဘူး ၊ လုံးဝ ရှာမတွေ့ဘူး ဖြစ်နေတယ် ။ တန်ကြေးက သိန်း ၂၀၀ဖိုးလောက်ရှိမယ် ၊ မိဘများက ယုံကြည်လို့ အပ်ထားတာကို ပျောက်တယ်လို့ အလွယ် ပြောမရဘူးလေ ။

နောင် သူတို့က ငါတို့လင်မယားကို ဘယ်ယုံကြည်တော့မှာလဲ ၊ မဟုတ်ဘူးလား ။ ဟူး စိတ်ညစ်ပါတယ်ကွာ "

" မင်းတို့ အသေအချာ ရှာပြီးကြပြီလား၊မင်းမိန်းမက အထားမှားတယ်ဆိုတာကရော သေချာရဲ့လား ။ သူခိုး ခိုးခံရတာများလား ၊ ဒါဆိုရင်တော့ အချိန်မှီ ရဲတိုင်သင့်တယ်နော် ယောက်ဖ "

ထွန်းဇံ ခေါင်းကုတ်သည်။ တဗျင်းဗျင်းနဲ့ စိတ်ရှုပ်ထွေးစွာ ကုတ်လို့ဝတော့မှ ၊

" သူခိုး ခိုးရင် အကုန်ပါရမှာပေါ့ ၊ အခုဟာက အမေအပ်ထားတဲ့ ရွှေထုပ်ပဲ သီးသန့် ပျောက်နေတာ ထင်ကျော်ရ။ မင်းနှမရဲ့ လက်ဝတ်လက်စားတွေက တစ်ခုမှ မပျောက်ဘူး ။ အကုန် ရှိတယ်"

ထင်ကျော်လည်း အဖြစ်အပျက်က ဆန်းနေသဖြင့် အံဩနေသည်။ သူခိုးက ပစ္စည်းအားလုံးကို ခိုးမသွားပဲ ၊ ချန်ထားရစ်သည်ကတော့ မဖြစ်နိုင်ပေ။ ဒါပေမယ့် သေချာအောင်ဆိုပြီး ထပ်မေးပြန်၏။

" ခု လတ်တလော အိမ် အဝင်အထွက် ဘယ်သူတွေ ရှိသလဲ၊ အထူးသဖြင့် မင်းမိန်းမနဲ့ ရင်းနှီးတဲ့သူတွေပေါ့ "

" တလောကတော့ အေးချိုရဲ့ သူငယ်ချင်း မမြင့်ကြည် အိမ်ကို မကြာခဏ ပေါက်လာတတ်တယ်။ ငွေ လာချေးတာလို့ ပြောတာပဲ ၊ငွေကြေးကိစ္စကို ငါ့ရှေ့ မပြောချင်လို့နဲ့တူတယ်ကွ ၊ငါ့မိန်းမ အေးချိုက မြင့်ကြည်ကို အခန်းထဲ ခေါ်သွားပြီးပြောကြတယ်။ သူတို့ မိန်းမချင်း လွတ်လွတ်လပ်လပ် ပြောပါစေဆိုပြီး ၊ ငါလည်း ရှောင်နေလိုက်တယ်လေ ၊ မြင့်ကြည်မှာတော့ အဲဒီလို ကိစ္စမျိုး အရင်က မကြားဖူးပါဘူး ၊ပစ္စည်းပျောက်တာ သူလည်း မဖြစ်နိုင်ပါဘူးကွာ၊ ဟိုလူ့ ရိုးစွပ် ဒီလူ့ ရိုးစွပ်နဲ့ ပစ္စည်းပျောက် ငရဲရောက်ကိန်းဆိုက်တာပဲဟေ့ "

သူတို့ ၂ယောက် စကားပြောနေစဉ် အေးချိုနဲ့ အမေ အိမ်အပြင်သို့ ထွက်လာကြသည်။နှမ အေးချို ခမျာ နှာတံ ရဲစုပ်နေအောင် ငိုရှိုက်ထားသည်။ စိတ်ရှုပ်ထွေး နေဟန်လည်းတူ၏ ။ ဆံပင်တို့ပင် မဖီးမသင်အားရှာပေ။ ပွယောင်းယောင်း ဆံပင်ကို ကပိုကရို ထုံးထား၏။

" အစ်ကို ကျမတော့ ဘာလုပ်ရမှန်းကို မသိတော့ဘူး ၊ သေသာ သေလိုက်ချင်တော့တယ် ၊ အမေတို့အဖေတို့ကလည်း ကျမကို ယုံကြည်ကြမှာမဟုတ်ဘူး။ကလေးအတွက် အပ်ထားတာဆိုတော့ ပိုဆိုးတယ်အစ်ကို ၊ ကျမ ဘာဆက်လုပ်ရမှာလဲ ..."

ထင်ကျော်က ချိန်ချိန်ဆဆဖြင့် ၊

" တအား စိတ်ပူပင်သောက ရောက်မနေပါနဲ့ အေးချိုရာ ၊ နင် ပစ္စည်းပျောက်တာကို ဘယ်အချိန်က သိတာလဲ ၊ ကြာပြီလား ... "

" နေ့လယ်ကမှ သိတာ အစ်ကို ၊ ရှာတာလည်း ကျမတို့ တစ်ခန်းလုံး နှံ့နေပြီ၊ ဘယ်မှာမှ ရှာမတွေ့ဘူး "

" နင် အဲ့ဒီ ပစ္စည်းတွေ သူစိမ်းတစ်ယောက်ယောက်ကိုများ ပြောမိ ပြမိသေးလား "

" အို ကြံကြီးစည်ရာ အစ်ကိုရယ် ၊ ကျမက အဲ့သလို ကြွားတတ်တဲ့သူမဟုတ်တာ အမေ အသိအဆုံးပါ "

အေးချိုက ထိုပစ္စည်းများကို မည်သူ့ကိုမှ မပြမိပါဘူးဟု ရဲရဲကြီး အာမခံလေ၏။

ထင်ကျော်လည်း ညဘက်ကျလျင် နတ်ကြီးအား အကူအညီ တောင်းခံကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ၊

" အေးပါ ငါ့နှမရယ် ၊ နင် မကြွားဝါတတ်တာ ငါလည်းသိပါတယ်။ ငါက သေချာအောင် မေးကြည့်တာပါ ။ ကဲ ကဲ စိတ်ပူမနေနဲ့ ၊ ဥစ္စာရင်းမှန်ရင် ပြန်ရရမှာပေါ့ ။ ကလေး နှစ်ယောက်တည်း ထားခဲ့ကြတာမဟုတ်လား ၊ ပြန် ...ပြန် ပြန်ကြ ၊ မနက်ကျရင် ငါ နင်တို့အိမ် လာခဲ့မယ် ၊ အဲ့ဒီကျရင် အဖြေတစ်ခုတော့ သိရမှာပဲ "

နှမအေးချို နဲ့ ယောက်ဖ ထွန်းဇံက သေချာတပ်အပ်ကြီး ပြောနေသော ထင်ကျော်ကို မယုံမရဲ ကြည့်နေကြသည်။ ဒါကို သိတဲ့ အမေက ဆိုးကနဲဆတ်ကနဲ ဝင်ပြောချလိုက်သည်။

" ဟဲ့ သူက အဖြေတစ်ခု ပေးမယ်လို့ ပြောရင် နင်တို့ ယုံလိုက်ကြ ၊ နင်တို့အစ်ကို ထင်ကျော်က အခု စိတ်အကြံပေါက်နေတယ်ဟဲ့ ၊ အမေတို့ရဲ့ ခိုက်နေတဲ့ စေတီဟောင်း လယ်၃ဧကကိုတောင် စိုက်ပျိုးလို့ရအောင် လုပ်ပေးပြီးပြီ ၊ နင်တို့ ပစ္စည်းပျောက်လည်း သူ ရှာဖွေပေးမယ်ဆိုရင် သေချာပေါက် ပြန်ရလိမ့်မယ် ၊ ယုံကြည်လိုက်ကြလို့ ၊ ဒါပဲ ငါပြောချင်တယ် "

အငယ်ဆုံးကောင် ခင်ကျော်ကလည်း သူ့အစ်မ အေးချိုကို ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။

" အစ်မ ညကျ ဖြောင့်ဖြောင့်သာ အိပ်။ စိတ်ပူမနေနဲ့ ၊ ပစ္စည်းက သူခိုး မခိုးဘူးဆိုရင် အသေအချာ ပြန်ရမှာပါ ၊ နောက်ဆုံး ကုန်ကုန်ပြောမယ်ဗျာ ၊ ခိုးသွားရင်တောင် အစ်ကိုထင်ကျော်က ပြန်ယူပေးပါလိမ့်မယ်၊ စိတ်ချလက်ချသာ ပြန်ကြပါ "

အေးချိုတို့လင်မယားလည်း ထင်ကျော်အား အထူးအဆန်းသဖွယ် ကြည့်ကြပြီး ပြန်သွားကြ၏။ ထိုညတွင် ထင်ကျော်တစ်ယောက်သည် ထုံးစံအတိုင်း နတ်ရုပ်ကြီးအား အမွှေးနံ့သာ ဆီမီးများ ပူဇော်၍ အကူအညီ တောင်းခံကြည့်လေ၏။

ညဉ့်သည် တစစဖြင့် နက်သထက်နက်လာ၏။ ညဉ့်လွဲ သန်းခေါင် နာရီပြန် နှစ်ချက်ထိုးလောက်မှာတော့ ထင်ကျော်သည် သူ့အား အကူအညီ ပေးနေသော နတ်ကြီးနှင့် စကားပြောခွင့်ရလေ၏။

ထင်ကျော်က သူ့နှမ ရွှေထည်ပစ္စည်းများ ပျောက်သည့်ကိစ္စကို ပြောပြ အကူအညီ တောင်းခံသည်။

" ဒါက ဘာခက်ခဲတာမှတ်လို့ မောင်ရာ၊ ခဏစောင့် ဦးကြီး သွားကြည့်ပေးမယ် "

ထိုသို့ပြောပြီး ဦးကြီးသည် ပျောက်ကွယ်သွားသည်။ သို့သော် မကြာပါ ။ မိနစ်ပိုင်းမျှ အကြာတွင် ဦးကြီးသည် ပြန်ရောက်လာပြီး ...။

" ပစ္စည်းက အိမ်ထဲမှာပဲ ရှိနေသေးတယ်ကွယ့် ။ သူခိုး ခိုးတာလည်း မဟုတ်ဘူး ။ အထားမှားတာလည်း မဟုတ်ဘူး ။ အဲ့ဒီအိမ်က ကလေးတွေ ယူဆော့ပြီး ပစ်ထားကြတာ ။ ဒါကြောင့် ထားတဲ့ နေရာမှာ မရှိပဲ ၊ တခြားနေရာမှာ ရောက်နေတာကွယ့် ။ရွှေထည် ပစ္စည်းတွေ အခုရှိမယ့် နေရာကတော့ ..."

________________

၉။

" အံမယ်လေး ဝမ်းသာလိုက်တာ အစ်ကိုရေ ၊ပျောက်နေတဲ့ ရွှေထည်ပစ္စည်းထုပ်ကို ပြန်တွေ့ပြီ ။ ဘာတစ်ခုမှ အရာမယွင်းဘူး ၊ မပျောက်ဘူး အစ်ကိုရေ ၊ ကျေးဇူးတင်လိုက်တာတော် "

ပစ္စည်းထုပ်ကို အရာမယွင်း ပြန်တွေ့တဲ့ မအေးချိုသည် အလွန်အမင်း ဝမ်းသာနေရှာသည်။ သူမယောက်ကျား ကိုထွန်းဇံခမျာလည်း အခုမှ သက်ပြင်းကောင်းစွာ ချနိုင်တော့သည်။

အမှန်တော့ ရွှေထည်ပစ္စည်းထုပ်သည် မအေးချို၏ သားအငယ်ကောင် ၈နှစ်သား အရွယ်ရှိ အောင်ဇော်သည် မိခင် မရှိခိုက် အခန်းထဲမှ ယူဆော့ကာ အခန်းထောင့် အဝတ်ပုံအောက်ထဲ ထိုးထည့်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မအေးချို သေတ္တာတွေထဲ ဘယ်လိုရှာရှာ ရှာမတွေ့ခြင်း ဖြစ်လိမ့်မည်။

ထင်ကျော် ပြောသည့်နေရာတွင် အတိအကျ ရှာဖွေ တွေ့ရှိသောကြောင့် ထွန်းဇံတို့ လင်မယားသည် အလွန်အမင်း အံအားသင့်နေကြသည်။

" အစ်ကို ... ဒီပစ္စည်း အဲ့ဒီအဝတ်ပုံအောက်မှာ ရှိတယ်ဆိုတာကို ဘယ်လိုသိတာလဲ ၊ ထူးဆန်းလိုက်တာ "

ယောက်ဖ ထွန်းဇံကလည်း ...

" မင်း အကြားအမြင် ရနေတာလား ယောက်ဖ ၊ ဘယ်လို ကျင့်စဉ်တွေများ ကျင့်ကြံလို့ ခုလို စွမ်းရတာလဲ "

မေးလွန်းမက မေးလာတော့ ထင်ကျော်လည်း သူ မြို့၌ ရတဲ့ လုပ်အားခထဲမှ ပိုလျံသည့် စုဆောင်းငွေလေးများကို ကုသိုလ်ပြုခဲ့တာတွေက အစ၊ ကားပေါ်တွင် လူသူတော် လူထူးဆန်းကြီးအား ကြုံတွေ့ခဲ့ရပုံ ၊ထိုလူသူတော်ကြီးမှ သူတို့လင်မယားအား နတ်ရုပ်တုကြီး အပ်နှံထားခဲ့ပုံ ၊ ထိုနတ်ရုပ်တုကြီးကို ပူဇော်ပသ၍ သိလိုသည်များကို မေးမြန်းပါက အဖြေတစ်ခု ရတတ်ကြောင်းကို ရှင်းပြလေသည်။

" ဟာ ! ဒါဆိုရင် မင်းကို အကူအညီပေးနေတာ နတ်ကြီးပေါ့နော် ။ ကောင်းလိုက်တာကွာ ၊ ငါတို့လည်း အဲ့ဒီနတ်ကြီးကို ပူဖော်ပသပါရစေ ။ ခွင့်ပြုပေးပါကွာ "

" အင်း ပူဇော်တာကတော့ ရပါတယ်။ ဒါပေမယ့် နတ်ကြီးကို ငါ အရင် မေးကြည့်ဦးမယ် ။ သူ မကြိုက်ရင်တော့ ငါလည်း ခွင့်ပြုလို့ မဖြစ်ဘူး "

" အေးပါကွာ ၊ အဲ့ဒါဆိုလည်း မေးပေးပါဦးနော် ။ ငါတို့ မင်းကို ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး ။ ငါတို့ စိတ်ဆင်းရဲ ပင်ပမ်းနေတာတွေ အားလုံး လျော့ပါးပျောက်ကွယ်သွားအောင် မင်းက အကူအညီ ပေးတာမဟုတ်လား ။ မင်းက ငါတို့ ကျေးဇူးရှင်ပါ "

လင်မယား နှစ်ယောက်သည် ထင်ကျော်အား ကျေးဇူးတင်လွန်းသဖြင့် ထိုင်၍ပင် ကန်တော့ကြလေ၏။ထင်ကျော်က မကန်တော့ရန် တားရ၏။

ပြန်ခါနီးတွင် ယောက်ဖ ထွန်းဇံက ၊

" မင်းတို့ သရဲသိုက်ရှိတဲ့ လယ်ကို စိုက်ပျိုးကြမလို့ဆို ၊ အဲ့ဒီလယ်မှာ မစိုက်ပဲ ငါ့မှာ ရှိတဲ့ လယ်တွေကို လာလုပ်ပါလားကွာ ။ မင်း လိုတာ ငါထုတ်ပေးမယ်လေ ယောက်ဖ၊ မင်း ငါ့ကို ဘာမှ ပြန်ပေးစရာမလိုဘူး "

ထင်ကျော်က ခပ်ပြုံးပြုံးဖြင့် ...

" ငါ အငယ်ကောင်ကို ကတိပေးပြီးပြီ သူငယ်ချင်း ၊ သူနဲ့အတူ အလုပ်လုပ်ပါ့မယ် ။ အဲ့ဒီလယ်တွေကို ငါကပဲ ဦးစီးပါ့မယ်လို့ ကတိပေးထားပြီကွာ ။ သရဲသိုက် ရှိတယ်ဆိုတာအတွက်တော့ မပူပါနဲ့ ၊ ငါ အားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားပြီးပါပြီ ၊ ပြီးတော့ အဲ့ဒီလယ်တွေက အဖေ့လက်ထက်က အရမ်းဖြစ်ထွန်းခဲ့တဲ့ လယ်တွေကွ ၊ ဒီတိုင်း ပစ်ထားရင် နှမြောစရာ "

" အေးပေါ့လေ ၊ တားမရလည်း လုပ်ပေါ့။ ဒါပေမယ့် ဂရုစိုက်ကွာ သူငယ်ချင်း ၊ ငါ မင်းတို့ညီအစ်ကို၂ယောက်အတွက် စိတ်ပူလို့ ပြောတာပါ "

" အေးပါ ... သရဲသိုက်အတွက်ဆိုရင်တော့ စိတ်ပူမနေနဲ့တော့ ထွန်းဇံရေ ၊ ငါ သူတို့နဲ့ မဟာမိတ်ဖွဲ့ထားပြီးပြီကွ

ဟားဟားဟား ... "

ထင်ကျော်က တဟားဟားဖြင့် ရယ်စရာ မောစရာအဖြစ် သဘောထားကာ ပြောသွားသည်ကို ငေးမော ကျန်ရစ်ခဲ့သူက ထွန်းဇံ နှင့် အေးချိုတို့လင်မယားပင် ဖြစ်လေသည်။

ထင်ကျော်တို့ လင်မယား ရွာကို ပြန်ရောက်ပြီး တပတ်လောက်အကြာမှာပဲ ကောင်းသတင်းတွေ မွှေးပျံ့လာသည်။

အေးချိုတို့ လင်မယား ပစ္စည်းပျောက် ရှာဖွေပေးနိုင်သည့်သတင်းက တစ်ရွာလုံးကို ပျံ့နှံ့သွားပါလေ၏။

ဒါ့အပြင် ... ပို၍ ထူးခြားဆန်းပြားသည့် သတင်းတစ်ခုလည်း တစ်ရွာလုံးသို့ ပျံ့နှံ့သွားစေ၏။

အဲ့ဒီသတင်းကတော့ ... တစ်ရွာလုံးက သရဲတွေ သိုက်ဖွဲ့ပြီး နေကြသည်ဆိုသော စေတီဟောင်း တောင်ဘက်က သရဲခြောက်သည့် လယ်ကွက်တွင် ထင်ကျော်နှင့်ခင်ကျော်တို့ ညီအစ်ကိုနှစ်ဦး ထွန်ရေး ထယ်နေစဉ် ၊ ပျူခေတ်က ရွှေလက်ကောက်ကြီး ၂ကွင်းနှင့် ရွှေခြေကျင်းကြီး နှစ်ကွင်းကို မြေသားထဲက တူးဖော်ရရှိသွားသည့်အကြောင်းပင်။

ထိုရွှေထည်များမှာ ရှေးဟောင်း ပျူလက်ရာ အစစ်အမှန် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာမှာ စိစစ်ပေးသောကြောင့် ကာလတန်ကြေးအပြင် ၊ ဆုကြေးငွေများပါ ရရှိကြဦးမည် ဖြစ်သည်။

ထင်ကျော်သည် ထူးဆန်းသော နတ်ရုပ်တုကြီး၏ လမ်းညွှန်အိမ်မက်ပေးမှုကြောင့် ရွာထဲက ပစ္စည်းပျောက် ၊ နွားပျောက်တို့ကိုလည်း ဟောပြောပေးနိုင်ပြီ ဖြစ်ပါသည်။ အချို့ ရွာလူကြီးများကတော့ ထင်ကျော်အား ရုက္ခစိုးမှော် အောင်ထားသလားဟု မေးကြလေ၏။

ထင်ကျော်ကတော့ ဘာကိုမှ မဖြေ ။ တုံဏိဘာဝေ ခပ်ပြုံးပြုံး လုပ်နေ၏။ သူသည် နတ်ကြီးနဲ့ မည်သို့ အပေးအယူ လုပ်ထားသည်မသိ။သူ ဖြေရှင်းပေးသမျှ ကိစ္စရပ်တိုင်းအပေါ် အခကြေးငွေ လုံးဝ မယူရှာပေ။

ညီအစ်ကို ၂ယောက် စိုက်ပျိုးသော စေတီဟောင်းလယ်မှ သီးနှံများသည်လည်း အခြားလယ်များနှင့်မတူ ထူးထူးကဲကဲ အောင်မြင်နေကြောင်း ရွာသူရွာသားတွေ အမြင်မှာ အံဩဖွယ်ရာ ဖြစ်နေတော့၏။

ထင်ကျော် နှင့် မခင်စီတို့ကတော့ ယခင်ကအတိုင်းပင် ၊ အလှူအတန်းကို ရှေးကလိုပင် မပျက်မကွက် လှူတန်းကြတုန်းပင်။ ယခုအခါတွင် ထင်ကျော်တို့နဲ့အတူ ညီတော်မောင် ခင်ကျော်နှင့်အမေကပါ ပါဝင် ကုသိုလ်ယူ လှူတန်းနေကြသည်မှာ မြင်ရသူအပေါင်အတွက် ကြည်နူး သာဓုခေါ်စရာပင် ဖြစ်နေပါတော့သည်။

ပြီးပါပြီ

ပီပီ(မန္တလေး)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..