ထူးဆန်းသော လူခြောက်လေး
lotaya.mpt.com.mm
|
2021-04-16

၁။

တစ်နေ့၌ မောင်ထူးမော်ကလေးသည် အဒေါ်ဖြစ်သူ မခင်စန်းနှင့်အတူ ဧည့်ခန်းထဲတွင် အတူဆော့ကစားနေစဉ်၊ ရုတ်ချည်း မျက်ဖြူလန်ကာ တက်သွားလေ၏။

" ဟဲ့ ... ဟဲ့ သား ထူးထူး ၊ ဘာဖြစ်တာလဲ ၊ သတိထားဦးလေ "

မောင်ထူးမော်သည် ခြေများ လက်များ ကွေးကုပ်ကာ ဇက်မှာ တစ်ဖက်သို့ လန်ပြီး မျက်သူငယ်အိမ်များက ပြူးကျယ်လာ၏။ မျက်ဆံမည်းလေးမှာ အပေါ်သို့ လန်တက်နေ၏။

ပါးစပ်မှလည်း တံတွေးအမြုပ်များ တစီစီကျဆင်းလာသည်။ အတွေ့အကြုံ မရှိရှာသော မခင်စန်းသည် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ။ ကလေးကို ပွေ့ချီကာ အိမ်နီးချင်းများအား အော်ဟစ် အကူအညီ တောင်းရရှာ၏။

အစ်ကိုအောင်ဘော်က ဘာပဲ ဖြစ်ဖြစ် ခေါင်းရင်းအိမ်မှ ၊ မမခင်ကိုသာ အကူအညီ တောင်းပါဟု မှာထားသည်ကို သတိရကာ ...

" မမခင်ရေ ... လာပါဦး ၊ ဒီမှာ ထူးထူးလေး ဘာဖြစ်မှန်း မသိဘူး "

တစ်ဖက်အိမ်မှ မခင်ခင်လည်း ကြားလျင် ကြားချင်း အပြေးလေး အိမ်ထဲ ဝင်လာ၏။ ကလေး အခြေအနေကိုကြည့်၍ တက်နေမှန်း သိသဖြင့် ...၊

"ဟဲ့ ...အစန်း ၊ ညည်းတူလေးက တက်နေတာ ။ ခြေမ ... ချိုး၊ ခြေမ ... ချိုး။ကလေးကို ယပ်ခတ်ပေး "

မခင်ခင်လည်း ကလေးကို တတ်သလောက် မှတ်သလောက် နှိပ်နယ်ပေး၏။လိမ်းဆေးဘူး ရှာ၍ ၊ ကလေး၏ တစ်ကိုယ်လုံးကို လူးပေးသည်။ မကြာခင် မောင်ထူးမော်ကလေးသည် အတက်ရပ်ကာ သတိပြန်လည်လာ၏။

ကလေးကို ရင်ခွင်ထဲ ချီပွေ့ထားရင်း မခင်စန်းက ကျေးဇူးတင်စကားဆိုသည်။

" အံမယ်လေး တော်ပါသေးရဲ့ မမခင်ရယ် ။ ကျမတော့ ထူးထူးလေးကို ပစ်လိုက်ရပြီကို အောက်မေ့တာ ။ သူ့အဖေကိုအောင်ဘော်ကလည်း ခရီးထွက်သွားတာ ၃ရက်ရှိပြီ။ အခုထက်ထိ ပြန်မလာသေးဘူးလေ ။ ကျမတစ်ယောက်တည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိပဲ ဖြစ်နေတာ ။ မမခင် ရောက်လာမှ အတော်ဖြစ်သွားတယ် ။ ကျေးဇူးကြီးပါ့ မမခင်ရယ် "

" မောင်အောင်ဘော်က ဘယ်သွားတာတဲ့တုန်း ... "

" မိုးကုတ်ဘက်လို့ ပြောသွားတာပဲ မမခင်ရေ ၊ သူ့သားလေးရောဂါပျောက်မယ့် ဆေးမြစ် တစ်ခု ရမယ်ဆိုလို့ ၊ ဘယ်လောက်ပဲ ပေးရ ပေးရ ၊ ရအောင် ဝယ်မယ်ဆိုပြီး ထွက်သွားတာပါပဲ ၊ ထူးထူးလေးအတွက်ဆိုတော့ ကျမလည်း အစ်ကိုအောင်ဘော်ကို တားရအခက်သားလေ "

ကိုအောင်ဘော်သည် အသက်အားဖြင့် ၃၀စွန်းစွန်းခန့် ရှိလေပြီး၊ မြို့၌ ကျောက်အရောင်းအဝယ် လုပ်ငန်းဖြင့် စီးပွားရေး အဆင်ပြေသူ ဖြစ်၏။ ၎င်းမှာ အသက် ၁၁ နှစ်အရွယ် မောင်ထူးမော်ဟုခေါ်သော သားငယ်လေး တစ်ဦး ရှိလေ၏။

မောင်ထူးမော် အသက် ၆နစ် အရွယ်တွင် မိခင်ဖြစ်သူ မနှင်းဝေသည် မိန်းမရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ မောင်ထူးမော်မှာ ထူးဆန်းသော အတက်ရောဂါ တစ်ခု စွဲကပ်နေရှာ၏။

ကြောက်လန့်လျင်သော၎င်း၊ ခလုပ်တိုက်၍ ထိခိုက်မိလျင်သော၎င်း၊ အနည်းငယ်မျှ နာကျင်ထိခိုက်မိလျင်သော၎င်း ၊ မောင်ထူးမော်လေးသည် အကြောများဆွဲငင်ကာ မျက်ဖြူလန်၍ တက်တတ်လေ၏။

ထို့ကြောင့် အသက် ၁၁ နှစ် ရောက်သည်အထိ မောင်ထူးမော်ကလေးခမျာ အတန်းကျောင်းသို့ မတက်နိုင်ရှာပေ။

၁၁ နှစ်သားဆိုတော့ မောင်ထူးမော်လေးသည် ကိုယ်ကာယအားဖြင့် ဖွံဖြိုးသင့်သလောက် ဖွံဖြိုးသော ကိုယ်ခန္ဓာ ရှိသော်ငြားလည်း ဉာဏ်ရည်မှာ အနည်းငယ်နိမ့်သည်ဟု သတ်မှတ်နိုင်ပါသည်။

ငွေကြေး အဆင်ပြေသော ကိုအောင်ဘော်သည် မောင်ထူးမော်အတွက် ပြင်ပမှ ဆရာမများခေါ်ယူ၍ သင်ကြားစေ၏။

မောင်ထူးမော်၏ ရောဂါအခြေအနေ အကြောင်းကို ဆရာ/ဆရာမများအား အသိပေးထားပြီး ၊ ၎င်းတက်သည့်အခါ မည်သို့ မည်ပုံ ပြုစုရမည်ကိုလည်း သင်ကြား ပြသပေးထားခဲ့သည်။

ယခုအခါ နွေ ကျောင်းပိတ်ရက် ဖြစ်ပါသောကြောင့် ၊ ဆွေမျိုးနီးစပ် တော်စပ်သူ မခင်စန်းအား အိမ်သို့ ခေါ်ယူထားပြီး ကလေးကို ပြုစု စောင့်ရှောက်စေခြင်း ဖြစ်သည်။

မခင်စန်းသည် အသက်အားဖြင့် ၂၁နှစ်အရွယ် ငယ်ရွယ်ပျိုမြစ်သူ ဖြစ်ပြီး၊ ကိုယ်ခန္ဓာ အချိုးအဆစ်လည်း လှပပြေပြစ်သူကလေး ဖြစ်သည်။ တက္ကသိုလ်မှ ဘွဲ့ရထားပြီး အလုပ်အကိုင်တစ်ခု ရှာဖွေဆဲကာလ ဖြစ်လေ၏။ကိုအောင်ဘော်က မခင်စန်း အလုပ်မရခင်စပ်ကြား မောင်ထူးမော်ကလေးကို ပြုစု ကြည့်ရှု့ပေးပါရန် နှင့် တစ်လလျင် လစာသဘောမဟုတ်ပဲ၊ မုန့်ဘိုးအဖြစ် ၂သိန်းပေးပါမည်ဟု ပြောဆိုကာ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်၏။

ကိုအောင်ဘော် ခရီးမထွက်ခင်က မခင်စန်းသည် ညနေ ၆နာရီထိုးလျင် ပြန်ရ၏။ တခါတရံ ကိုအောင်ဘော် အလုပ်များနေပါက ည၈နာရီလောက်အထိ မောင်ထူးမော်နှင့် အတူရှိနေပေးရပြီး ၊သူမ ပြန်လျင် ကိုအောင်ဘော်တို့ သားအဖက မော်တော်ကားဖြင့် အိမ်အထိ လိုက်ပါပို့ဆောင်ပေးတတ်သည်။

တစ်ခါတစ်ရံ၌ ကိုအောင်ဘော်က မခင်စန်းကို အိမ်ပြန် မပို့ခင် ညဈေးဘက်သို့ ပတ်၍ တရုတ်စားတော်ဆက်များတွင် ညစာ အတူစားကြသလို ၊ မခင်စန်းအတွက်သော်၎င်း ၊ သားငယ် မောင်ထူးမော်အတွက်သော်၎င်း အဝတ်အစားများဝယ်ပေးလေ့ရှိသည်။ ဒါ့အပြင် မခင်စန်းအတွက် အလှပြင်ပစ္စည်းများလည်း သီးသန့် ဝယ်ပေးလေ့ရှိ၏။ စေတနာ သဒ္ဓါတရား ကောင်းမွန်သော ကိုလှဘော်သည် ရိုးသားတည်ကြည်၏။

သို့အတွက်ကြောင့် မခင်စန်းသည် ကိုအောင်ဘော်အပေါ် အတော်လေးပင် ကြည်ညိုလေးစားသည့် စိတ် ဖြစ်ပေါ်မိလေ၏။ ကိုအောင်ဘော်သည် ထိုသို့ ဝယ်ပေးလေ့ရှိသော်လည်း မခင်စန်းအပေါ် တည်ကြည်သော ဆက်ဆံရေးသာ ရှိခဲ့၏။ ပရော်ပရီလုပ်ခြင်း၊ အရောတဝင် ဆက်ဆံခြင်းမျိုး မရှိခဲ့။ ယောက်ကျားကောင်း ပီသစွာ အနေတည်သူ တစ်ဦးသာ ဖြစ်လေ၏။

ကိုအောင်ဘော်က သူ ခရီးထွက်ရမည်၊ မောင်ထူးမော်လေးအား ညအိပ် စောင့်ရှောက်ပေးပါရန် မခင်စန်းအား တောင်းဆိုသည့်အခါ ၊ အလွယ်တကူပဲ ခေါင်းငြိမ့်ခဲ့သည်။ ချစ်စရာကောင်းသော မောင်ထူးမော်လေးအပေါ် မခင်စန်းသည် တူသားအရင်းကဲ့သို့ သံယောဇဉ် ဖြစ်နေမိပြီ မဟုတ်ပါလား။

ညဘက် အိပ်သည့်အခါများတွင် မခင်စန်းသည် မောင်ထူးမော်အား ကလေးတစ်ယောက်လို ရင်ခွင်ထဲ ချော့သိပ်လေ့ရှိ၏။ မအိပ်ခင် ပုံပြင်များကို ပြောပြပေးသည်။ မောင်ထူးမော်လေးသည် မိခင်ငတ်နေသူပီပီ ၊ မခင်စန်းအား မိခင်သဖွယ် အထူးပင် ချစ်မြတ်နိုး တွယ်တာနေရှာ၏။

ကိုအောင်ဘော်လည်း ဖုန်းဆက်လာပါ၏ ။ သူ မနက်ဖြန် ပြန်ရောက်မည်တဲ့။သူ လိုချင်သော ဆေးမြစ်ကို ရခဲ့ပြီဟု ဝမ်းသာအားရ ဖုန်းထဲမှ ပြောသွားခဲ့သည်။ မခင်စန်းလည်း အပျော်တွေ ကူးစက်သွားခဲ့သည်။ကြည်နူးဝမ်းသာနေမိသည်။

__________

၂။

မခင်စန်းသည် ကိုအောင်ဘော်၏ လက်ထဲက ဖန်ပုလင်းလေးကို ကြည့်၍ တအံတဩဖြင့် ...

" ဟင် ! ဒါက ဆေးမြစ်မှ မဟုတ်ပဲ အစ်ကိုအောင်ဘော် ၊ ဒါ ... ဒါက "

" ရှုး ... တိုးတိုး အစန်း "

ကိုအောင်ဘော်က လက်ညှိုးကို ပါးစပ်မှာကပ်၍ အသံတိုးတိုးပြောရန် အရိပ်အယောင်ကို ပြရင်း ...

" ဟုတ်တယ် ... အစန်း ၊ ဒါ လူခြောက်ကလေးကွဲ့ ။ အစ်ကို ဒီလူခြောက်လေးကို ဈေးကြီး ပေးဝယ်ခဲ့ရတယ် ။ လူခြောက်လေးကို စိမ်ထားတဲ့ ရေ ၊ သားလေးကို တိုက်ရင် တက်တဲ့ ရောဂါ ပျောက်မတဲ့ ။ ဒါကြောင့် အစ်ကို မိုးကုတ်မိုးမိတ်နယ်ထဲက လီရှော ရွာလေး တစ်ရွာကို ခက်ခက်ခဲခဲ အရောက်သွားပြီး တောင်ယာလုပ်တဲ့ လင်မယား၂ယောက်ဆီကနေ ရအောင် ဝယ်လာခဲ့ရတယ် "

" အဆန်းပါလား အစ်ကိုရယ် ၊ ခေတ်မီ ဆေးဝါးတွေနဲ့လည်း သားလေး ထူးထူးကို ကုသပေးနေတာပဲ ၊ တစ်နေ့တော့ ပျောက်မှာပေါ့ ၊ ဒါက မလိုဘူး ထင်ပါတယ် ။ တော်နေကြာ တခြား ဆိုဒ်အဖက်တွေ ဝင်လာခဲ့ရင် ဒုက္ခ "

" ဩ ... အစန်းရယ် ၊ ညည်းတူလေးကို အစ်ကို ခေတ်ပေါ်ဆေးဝါး ၊ သမားတော်များနဲ့ ကုသလာတာ ဘယ်လောက်ကြာပြီလဲ ၊ ထူးမှ ထူးမလာပဲကွယ် ။ အစ်ကို စီးပွားရှာနေတာ ဒီသားလေးအတွက်ပဲ မဟုတ်လား ။ ကုန်ချင်သလောက် ကုန်ပါစေ ။ အစ်ကို ရှာနိုင်ပါတယ် ။ ဒီလူခြောက်လေးစိမ်ရေဟာ သူ့အတက်ရောဂါကို ပျောက်လိမ့်မယ်လို့ အစ်ကို လေးစားအားထားရတဲ့ ဗိန္ဓော ဆေးဆရာကြီး ဦးဗန္နက က တပ်အပ်သေချာ ပြောသကွဲ့ ၊ စမ်းကြည့်ကြတာပေါ့ကွယ် ။ ရောဂါ ပျောက်သွားတော့လည်း အမြတ်ပေါ့ "

မခင်စန်းသည် ခေတ်ပညာတတ်ပီပီ ၊ သဘောမတူသော်ငြားလည်း ကိုအောင်ဘော်က ကာယကံရှင်ဆိုတော့ ဆက်လက် မငြင်းသာတော့ပေ။ ကိုအောင်ဘော်၏ တက်ကြွနေသော စိတ်ကို သူမ လက်ခံပေးလိုက်၏။

သို့သော် သူမသည် ကိုအောင်ဘော်၏ လက်ထဲက လူခြောက်လေးကို ကြည့်၍ ကြောက်သလိုလို ရွံသလိုလို ခံစားလိုက်ရသည်။ တစ်ထွာခန့်သာ ရှိသော လူကဲ့သို့ ကိုယ်အင်္ဂါ အပြည့်အစုံရှိသည့် လူခြောက်လေးသည် အမှန်ဆိုရသော် လူသေအလောင်းကောင်တစ်ခုပင် မဟုတ်လော။

ဆေးစိမ် အလောင်းခြောက်တစ်ခုသည် အမှန်တကယ် မောင်ထူးမော်၏ အတက်ရောဂါကို ပျောက်ကင်းနိုင်ပါ့မလားဆိုတာ သူမ သံသယဝင်နေမိသည်။

အစ်ကိုအောင်ဘော် လေးစားအားကိုးသော ဆရာကြီး ဦဗန္ဓကသည် မည်သို့သော် ဆေးဆရာ ဖြစ်သနည်းဆိုတာ သူမလည်း နားမလည်နိုင်။ လောကီအစီအရင်များသည် ထူးခြားနက်နဲသော သဘောမှာရှိလေ၏။ သူမ နားမလည်သော လောကီပညာရပ်များတွင် ဝင်၍ မပြောသာသည်မှာ အမှန်ပေ။

ထို့ကြောင့် သူမသည် မောင်ထူးမော်လေးအတွက် ပြုစုရန်သာ တာဝန်ရှိသည်ထက်ပို၍ ကန့်ကွက်ပြောဆိုခြင်းများ မပြုမိရန် စိတ်ကို ချုပ်တည်းထားလိုက်၏။ ကိုအောင်ဘော်ကတော့ ဤလူခြောက်လေး၏ ရာဇဝင်ကို အားပါးတရ ရှင်းလင်း ပြောပြနေ၏။

" လွန်ခဲ့တဲ့ ၁၈နှစ်လောက်က မိုးသည်း ညတစ်ညမှာ လီရှော ဇနီးမောင်နှံရဲ့ ယာတဲလေးဆီကို ဗမာမိန်းကလေးတစ်ယောက်ဟာ မိုးခိုရင်း ရောက်လာပြီး ခေတ္တ တည်းခိုခွင့် တောင်းသတဲ့ ။

" အဲဒီ မိန်းကလေးမှာ မွေးလုဖွားလု ကိုယ်ဝန်အရင့်အမာကြီး ပါလာသတဲ့ အစန်းရဲ့ ။ လီရှော ဇနီးမောင်နှံလည်း မိန်းကလေးကို သနားတာနဲ့ တည်းခိုခွင့်ပြုလိုက်တယ်လေ။ "

" ဖြစ်ချင်တော့ အဲ့ဒီညမှာပဲ မိန်းကလေးဟာ ဗိုက်နာပြီး ကလေး မွေးဖွားဖို့ ဖြစ်လာပါလေရောကွယ် ။ အိမ်ရှင် လီရှောမကြီးက အရပ်လက်သည်ဆိုတော့ မိန်းကလေးကို မွေးဖွားပေးဖို့ လုပ်ရတော့တာပေါ့ "

" ည ၁၂နာရီတိတိမှာပဲ မိန်းကလေးဟာ သားယောက်ကျားလေးကို မွေးဖွားသတဲ့ ။ ဒါပေမယ့် မွေးလာတဲ့ ကလေးဟာ ကိုယ်အင်္ဂါ ပြည့်စုံပေမယ့် ၊အသက်မဲ့ လူခြောက်ကလေး ဖြစ်နေရှာသတဲ့ ။ မိန်းကလေးဟာ ကံဆိုးစွာပဲ ၊ သူ့ရဲ့ သားလေးကို မြင်တွေ့ပြီး ၊ မီးတွင်းထဲမှာ ဆုံးပါးသွားရှာတယ် ၊ အဲ့ဒီမိန်းကလေးဟာ ဘယ်ကလာလို့ ၊ ဘယ်သွားမယ်ဆိုတာလည်း သူတို့ မသိကြဘူး ၊ ဒါပေမယ့် မိန်းကလေးရဲ့ ရုပ်အလောင်းကို သူတို့ကပဲ ကမကထပြုပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ကြပါတယ်"

" အတွေ့အကြုံ ရှိတဲ့ လက်သည် လီရှောမကြီးဟာ ၊ ထူးဆန်းစွာ မွေးလာတဲ့ လူခြောက်လေးကို ၊ စွန့်မပစ်ပဲ မပုပ်မသိုးအောင် ဖန်ပုလင်းနဲ့ ဆေးရည်စိမ်ထားသတဲ့ ။ တချို့ လူခြောက်လေးတွေက အကျိုးပေးတယ်လို့ သူတို့က ကြားဖူးထားတာကိုး ၊ ဒါပေမယ့် သူတို့လက်ထဲမှာ လူခြောက်လေးက ၁၈နှစ်တိတိ ကြာမြင့်ပေမယ့် ဘာမှ ထူးထူးခြားခြား မရှိခဲ့ဘူးတဲ့လေ။"

" အဲ့ဒီဒေသမှာ ကျောက်တွင်း လုပ်သား လာလုပ်တဲ့ ဆရာကြီးဗန္ဓကရဲ့ တပည့်ဟောင်း ဗမာတစ်ယောက်က သိသွားလို့ လောကီ အစီအရင်များ ပြုရာမှာ အသုံးဝင်လေမလားဆိုပြီး ၊ ဆရာကြီး ဗန္ဓကဆီကို အကြောင်းကြားသတဲ့ ။ အဲ့ဒီမှာ ဆရာကြီးက အစ်ကို့သားရောဂါအတွက် အဆင်သင့်ပြီဆိုပြီး အစ်ကို့ကို အဝယ်ခိုင်းလိုက်တာပဲပေါ့ ။ လီရှော ဇနီးမောင်နှံကလည်း ၁၈နှစ်တောင်ရှိပြီ။ ဒီလူခြောက်လေးကို ထိမ်းသိမ်းထားရတာ ၊ ဘာမှ မထူးခြားဘူး ။ အစ်ကို လိုချင်ရင် ရောင်းမယ်ဆိုတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေသွားတာပေါ့ "

ကိုအောင်ဘော်ဟာ ရှည်လျားစွာ ပြောပြပြီးနောက်၊ ဆေးရည်စိမ် ဖန်ပုလင်းကို အဝတ်စတစ်ခုနဲ့ ဖုံးအုပ်ကာ ၊ အိမ်ရှေ့ခန်းက မှန်ဘီရိုကြီးထဲ ထည့်သိမ်းထားလိုက်၏။ ပြီးလျင် ခရီးပန်းလာသည်ဟု ပြောကာ အနားယူရန် သူ့အခန်းထဲသို့ ဝင်သွားလေ၏။

ယနေ့ညနေ ၆နာရီတွင် မခင်စန်းသည် မိဘများနေအိမ်သို့ ပြန်ရန် သူမကိုင်နေကျ ဆွဲခြင်းလေးကို ပြင်နေလိုက်သည်။ ဒါကို မောင်ထူးမော်လေးက မြင်သည့်အခါ ၊ သူမအား အတင်း လက်ဆွဲထားတော့လေ၏။

ဖခင်ကိုအောင်ဘော် ပြန်ရောက်ပြီ ဖြစ်သော်လည်း မောင်ထူးမော်လေးသည် မခင်စန်းအား အတင်းပင် ဆွဲထားလေ၏။ မပြန်စေလိုသည်မှာ ထင်ရှား၏။

မခင်စန်းအား အလွန်ပင် ခင်တွယ် နေရှာသည်။သို့ပေမယ့် မခင်စန်းသည် ညအိပ် နေရန် မသင့်တော်။ ပြန်သင့်သည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။

မခင်စန်းသည် ညနေ ၆နာရီထိုးမှ အိပ်ယာမှ ထလာသော ကိုအောင်ဘော်ထံ ခွင့်တောင်း၍ မိဘများအိမ် ပြန်မည်အလုပ်၌ မောင်ထူးမော်ကလေးသည် ...။

" တီတီလေး မပြန်ပါနဲ့ ။ ညကလိုပဲ သားကို ပုံပြင်ပြောပြပါနော်။ သား ပုံပြင် နားထောင်ချင်တယ် ။သားနဲ့ပဲ ခါတိုင်းလို အိပ်ပါ တီတီလေး "

ကိုအောင်ဘော်က ... မခင်စန်းအား အားနာသဖြင့် သားငယ်ကို ဖြောင့်ဖြ ပြောဆို ရှာ၏။

" သား တီတီက သူ့အိမ်မှာ လုပ်စရာရှိသေးတယ် သားရဲ့ ။ အဝတ်လျော်ရဦးမယ် ၊ သန့်ရှင်းရေး လုပ်ရဦးမယ်လေ၊ ဒါကြောင့် ပြန်ပါစေ သားရယ် ။ မနက်ဖြန်ကျ တီတီ စောစောလာမှာပေါ့ "

" ဟင့်အင်း ... ဟင့်အင်း တီတီ မပြန်ရဘူး ။ ခါတိုင်းလိုပဲ သားနဲ့အိပ်။ အဝတ်ကို အိမ်လာတဲ့ ဒေါ်မြနဲ့ လျှော်ခိုင်းလိုက် ၊ မပြန်ပါနဲ့နော် ၊ တီတီ ပြန်ရင် သားငိုပြီး မအိပ်ပဲနေမှာ "

ကိုအောင်ဘော်က မခင်စန်းအား အားနာဟန်၊ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏။ သားငယ်က ငိုလျင် တက်တတ်၏။ခက်ချေပြီ။

မခင်စန်းလည်း မောင်ထူးမော်လေး ငိုရင် အခက်ဟု တွေးကာ သူမ၏ လက်ဆွဲခြင်းလေးကို အသာချ၍ ၊

" အစ်ကို ခွင့်ပြုမယ်ဆိုရင် ၊ ကျမ ထူးထူးလေးနဲ့ ဒီည အတူအိပ်လိုက်ပါ့မယ် ၊ အမေတို့ဆီကို ဒီည ပြန်မလာတော့ဘူးလို့ ဖုန်းဆက်လိုက်တော့မယ်အစ်ကို "

" အစ်ကိုက ခွင့်မပြုစရာလား အစန်းရယ် ၊ အစန်းအတွက် သင့်တော်ပါ့မလားလို့ တွေးမိနေလို့ပါ ။ အစန်း အိပ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ "

ကိုအောင်ဘော်က သားဖြစ်သူအား ယနေ့ညတွင် လူခြောက်လေး စိမ်ရေအား ပထမဆုံး စတိုက်မည် ဖြစ်သည်။

ထို့ကြောင့် ဆေးရည်ကြောင့် ထူးခြားမှု တစ်စုံတရာ ဖြစ်ပေါ်လာပါက မခင်စန်း ရှိနေသည်မှာ သူ့အတွက် အထောက်အကူ ကောင်းစွာ ရနိုင်မည်မှာ သေချာသည်မို့ မပြန်စေလိုပေ။ သို့သော် အပျိုလေးတစ်ယောက်သည် မုဆိုးဖို ယောက်ကျားသား တစ်ဦးရှိနေသော အိမ်၌ ညအိပ်ညဥ့်နေ နေခြင်းသည် မသင့်တော်ဟုလည်း သူ့ခမျာ စိုးနှောင့်စိတ်တို့ဖြင့် ဗျာများနေရရှာသည်။မခင်စန်းက ရှက်ပြုံး ပြုံးကာ ...။

" အို ... မောင်နှမတွေပဲဟာ ၊ အဲ့ဒီတွက် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ အစ်ကို ၊ ပြီးတော့ အစ်ကို့ရဲ ဂုဏ်သိက္ခာကို အစန်း ယုံကြည်ပါတယ် "

မခင်စန်းမှာ မောင်နှမဟူသော အသုံးအနှုန်းကို ထည့်သွင်း ပြောဆိုလိုက်ရပေမယ့် ၊ စပ်မှတော်မည့် အမျိုးဝေးသည့် သူတို့နှစ်ဦးအကြောင်းကို ရင်ထဲက သိရှိနေပြီး ဖြစ်ပါ၏။ ထို့ကြောင့် သူမသည် အနည်းငယ် ရှက်သွေးဖြာနေခြင်း ဖြစ်ပါသည်။

___________

၃။

( ပထမည )

မခင်စန်းသည် မှေးကနဲ အိပ်ပျော်လျက်ရှိရာ ၊ သူမအား တစ်စုံတစ်ယောက်သောသူက ကုတင်နံဘေးမှ စီးမိုး ကြည့်နေသည်ဟု ခံစားလာရ၍ မျက်လုံးကို အသာ ဖွင့်ကြည့်လိုက်သည်။

အိပ်စုံမှုံဝါး သူမ၏ အကြည့်တွင် လူငယ်တစ်ဦးသည် သူမ၏ ကုတင်နံဘေးတွင် မားမားကြီးရပ်နေသည်ကို မြင်လိုက်ရသည်။

သို့ဖြင့် သူမသည် ထိတ်လန့်စွာ ကုတင်၌ ငုတ်တုတ် ထထိုင်လိုက်မိသည်။ မျက်လုံးများကိုလည်း လက်ဖြင့် ပွတ်သပ်ကာ အသေအချာ ကြည့်လိုက်၏။

အံဩစရာပင်။ကုတင်နံဘေးတွင် မည်သူမျှ ရှိမနေချေ။ ကုတင်ပေါ်တွင် သားငယ် ထူးထူးသည် နှစ်ခြိုက်စွာ အိပ်မောကျလျက် ရှိသည်။ ခုနက မြင်ရသော လူငယ်ကို မတွေ့ရတော့ချေ။ အမြင်မှားသည်ဟု တွေးလိုက်မိသည်။

တစ်ဖန် မခင်စန်းသည် အခန်းတံခါး ရှိရာဘက်သို့ လှမ်း၍ အကဲခတ်လိုက်၏။

" ဟင် ! အခန်းတံခါး ပွင့်နေပါလား "

အခန်းတံခါးသည် ခပ်ဟဟ အနေအထား ပွင့်လျက်သား ရှိ၏။

သူမ၏ သင်္ကာမကင်း စိတ်သည် ပို၍ ကြီးမားလာသည်။ ညဦးက သူမသည် အခန်းတံခါးကို အသေအချာ လော့ချ၍ ပိတ်ခဲ့သည်မဟုတ်လား ။ အခန်းတံခါးသည် အပြင်မှ ဖွင့်လိုလျင် အခန်းသော့ရှိမှသာ မုချ ဖွင့်နိုင်လိမ့်မည်ဖြစ်သည်။

ဤသို့ဆိုလျင် အခန်းသော့အပို ရှိသူမှာ ကိုအောင်ဘော် တစ်ယောက်သာ ရှိလေ၏။ ကိုအောင်ဘော်သည် သူမ အိပ်ပျော်ခိုက် အခန်းထဲကို ခိုးဝင်ခဲ့လေသလား ။ သူ ဘာကြောင့် ဝင်ခဲ့ပါသနည်း ။ ဘာကို အလိုရှိ၍ ဝင်ခဲ့သနည်း။

ထိုအတွေးသည် မခင်စန်းအတွက် ရင်ခုန် စိတ်လှုပ်ရှားသွားစေ၏။

သို့ပေမယ့် မခင်စန်းသည် ခေါင်းကို ခါရမ်းလိုက်၏။ မဖြစ်နိုင် ။ အစ်ကိုအောင်ဘော်သည် ဤသို့သော လူစားမျိုးမဟုတ်ချေ။ ခိုးကြောင်ခိုးဝှက် လုပ်မည့်သူ မဟုတ် ။ တည်ကြည်ရိုးသားသူ ဖြစ်သည်။

ဟူးကနဲ မခင်စန်းသည် သက်ပြင်းကို မှုတ်ထုတ်လိုက်မိပြီး ၊ အခန်းတံခါးကို ထ၍ ပိတ်ရန် သွားလိုက်သည်။ တံခါး မပိတ်ခင် မခင်စန်းသည် အပြင်ကို တစ်ချက်မျှ အကဲခတ်လိုက်သည်။

အပြင်ဘက်တွင် ၆၀ ဝပ် မီးသီး ထွန်းညှိထား၍ အလင်းရောင် ကောင်းစွာ ရနေသည်။

" ချောက် ... ချောက် ... "

အောက်ထပ်မှ လှုပ်ရှားသံ သဲ့သဲ့ ကြားလိုက်ရသည်။ အစ်ကို အောင်ဘော်များလား ။ သူမ စိတ်သည် သိလိုစိတ်တို့ ပြင်းပြင်းပြပြ ဖြစ်လာ၏။

သို့ဖြင့် သူမသည် လှေကားတစ်ဝက်အထိ ခြေသံဖော့ဖော့ ထားကာ အသာအယာ ဆင်းသွားပြီး ချောင်းကြည့်လိုက်သည်။

" ဟင် ! "

အောက်ထပ်က မှန်သားဘီရိုကြီးအရှေ့ကို သူမ မျက်လုံးရောက်သွားသည်။

ဘာလို့လဲဆိုတော့ မှန်ဘီရိုကြီးရှေ့မှာ လူတစ်ယောက် မတ်တတ်ရပ်နေသည်ဟု ဝိုးတဝါး မြင်တွေ့ လိုက်မိသောကြောင့် ဖြစ်သည်။ အစ်ကို အောင်ဘော်များလားဟု သံသယ ဖြစ်သွား၏။

သို့သော် သေချာသည်တော့မဟုတ်။ ထိုနေရာသည် မီးရောင်နှင့် အလှမ်းကွာဝေးသည့်အပြင် ၊ ဘီရိုကြီး၏ အရိပ်လည်း ကျနေ၏။

သူမ မြင်ရသောအရာသည် အရိပ်တစ်ခုလည်း ဖြစ်ချင် ဖြစ်နေနိုင်သည်မဟုတ်လား ။

သူမ ဘီရိုကြီးအရှေ့က အရိပ်သဏ္ဍာန်ကို စိတ်ဝင်တစား ကြည့်နေစဉ်မှာ ၊ သူမ၏ နောက်ကျောဘက်မှ ...။

" ဟင် ! အစန်း ၊ လှေကားမှာ ဘာလုပ်နေတာလဲ "

မခင်စန်း အနောက်သို့ လှည့်ကြည့်လိုက်သည်။ ကိုအောင်ဘော် ဖြစ်နေ၏။သူမသည် နုတ်ခမ်းပေါ် လက်ညှိုးတင်ပြရင်း ရှုး တိုးတိုးဟု ဆိုလိုက်သည်။

သူမစိတ်ထဲ၌ အစ်ကိုအောင်ဘော် ဒီမှာ ရှိနေရင် အောက်ထပ်က လူသည် သူခိုးတစ်ယောက်သာ ဖြစ်မည်ဟု ထင်မိသောကြောင့် ဖြစ်လေ၏။

ကိုအောင်ဘော်၏ လက်ထဲတွင် လက်နှိပ်ဓာတ်မီးကို ကိုင်လျက် မြင်လိုက်သည်မို့ ၊ မခင်စန်းသည် ထိုဓာတ်မီးအား လှမ်းယူကာ မှန်ဘီရိုကြီးအရှေ့သို့ ထိုးကြည့်လိုက်သည်။

သူမထံမှ မီးရောင် ဖြာကျသွားသည့်အခါ လူရိပ်သဏ္ဍာန်သည် ရုတ်ချည်း ပျောက်ကွယ်သွား၏။

မခင်စန်းသည် သက်ပြင်း ချလိုက်ပြန်၏။

" ခုနက မှန်ဘီရိုကြီးရှေ့မှာ လူတစ်ယောက်ရဲ့ သဏ္ဍာန် မြင်လိုက်မိလို့ အစ်ကို ၊ အခု မရှိတော့ပြန်ဘူး "

ကိုအောင်ဘော်က ပြုံးရယ်လျက် ၊

" မှန်ပေါ်ကို အရိပ်ကျတော့ ၊ အဲ့ဒီအရိပ်ကို အစန်းက လူလို့ ထင်မိတယ် ထင်ပါရဲ့ ။ ကဲ ... ကဲ အိပ်ချည်ပါ ၊ အစ်ကို အောင်ဘော် အောက်ထပ်ကို အသေအချာ စစ်ကြည့်လိုက်ပါ့မယ် "

မခင်စန်းသည် မကျေမနပ်ဖြင့် အခန်းသို့ ပြန်လာခဲ့ရလေ၏။ လူခြောက်လေး စိမ်ရည်ကို ဆေးအဖြစ်တိုက်သော ပထမညတွင် မောင်ထူးမော်ကလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါ၏။

ယခင်ညများကဲ့သို့ လန့်နိုးခြင်း တစ်ကြိမ်တစ်ခါမျှ မရှိတော့သည်မှာ လူခြောက်လေးစိမ်ရည်သည် အမှန် အစွမ်းထက်မြက်ကြောင်း ပြသနေသလိုပင်။အရင်ကဆို မောင်ထူးမော်သည် တစ်ညလျင် ၂ကြိမ်၊ ၃ကြိမ်ခန့်တော့ လန့်နိုးတတ်၏။ ဆေးရည်သည် ထူးခြားသည်မှာတော့ အမှန်ပင် ။

___________

၄။

လူခြောက်လေး စိမ်ရည်ကို ဆေးအဖြစ် မောင်ထူးမော်အား ညစဉ်ညတိုင်း တိုက်ကျွေးလာခဲ့ရာ ၊ ၎င်း၏ အတက်ရောဂါသည် သိသိသာသာပင် လျော့ပါးလာခဲ့သည်။

စကားကို လေးတိလေးကန် ပြောတတ်သော မောင်ထူးမော်သည် ယခုအခါ သွက်လက်စွာ ပြောလာပြီ ဖြစ်လေ၏။

ပို၍ ထူးခြားသည်မှာ ဆေးတိုက်ကျွေးသည့် ၆ရက်မြောက်နေ့က အဖြစ်အပျက်သည် ကိုအောင်ဘော်အတွက် အထူး ဝမ်းမြောက်ဖွယ်ရာ ဖြစ်နေပါ၏။

ထိုနေ့က မခင်စန်းသည် ခွင့်တစ်ရက်ယူထား၍ အိမ်၌ မရှိပေ။ အရင်ညများတွင် မခင်စန်းသည် မောင်ထူးမော်လေးနှင့် အတူ ၊ နေ့စဉ် ညအိပ်ပေးခဲ့၏။ ထို့နေ့ကတော့ မခင်စန်းသည် နေထိုင်မကောင်းသည့် အသွင်ဖြင့် ကိုအောင်ဘော်ထံ ခွင့်တစ်ရက်ပန်သွားခြင်း ဖြစ်သည်။

ကိုအောင်ဘော်၏ ဝမ်းသာစရာ အဖြစ်အပျက်မှာ မောင်ထူးမော်လေးသည် နေ့ခင်းဘက်၌ ဧည့်ခန်းထဲ ကစားနေရာ ၊ အမှတ်တမဲ့ ကုလားထိုင်တစ်လုံးဖြင့် ဝင်တိုက်မိပြီး မှောက်ရက်လဲကျသွားလေ၏။ကိုအောင်ဘော်သည် စိုးရိမ်ကြီးစွာ သားငယ်ထံသို့ ပြေးသွား၏။

သို့သော် မောင်ထူးမော်သည် ခါတိုင်းကဲ့သို့ တက်သွားခြင်း ၊ သတိမေ့မြောသွားခြင်း မရှိပဲ၊ ရယ်ကျဲကျဲဖြင့် မတ်တတ်ထလာခဲ့လေ၏။ ပြီးလျင် မောင်ထူးမော်သည် လွတ်လပ်ပေါ့ပါးစွာ ဆက်၍ ကစားနေ၏။ကိုအောင်မော် အံဩခြင်း ၊ ဝမ်းသာခြင်း စသော ခံစားမှုတို့ ရောပြွမ်းခံစားရလေတော့သည်။

ဤအချက်သည် မောင်ထူးမော်၌ စွဲကပ်နေသော အတက်ရောဂါကို လူခြောက်လေးစိမ်ရည်သည် ပျောက်ကင်းစေနိုင်ကြောင်း အကောင်းဆုံးသက်သေ ဖြစ်နေပါသည်။

နောက်တစ်နေ့ မခင်စန်း ရောက်လာသည့်အခါ ကိုအောင်ဘော်က ထိုအကြောင်းကို ဝမ်းသာအားရ ပြောပြလေ၏။ ကိုအောင်ဘော်က တက်ကြွစွာ ပြောနေသော်လည်း မခင်စန်း၏ မျက်နှာသည် တစ်မျိုးကြီး ဖြစ်နေ၏။ စိတ်လက် မအီမသာ ဖြစ်နေဟန်တူ၏။

မခင်စန်း ဤအိမ်၌ ညအိပ်သည့်ကာလအတွင်း ၊ သူတို့ နှစ်ဦး၏ ဆက်ဆံရေးသည် ယခင်ကထက် ပိုမို ရင်းနှီးပွင့်လင်းလာသည် ဖြစ်ရာ ၊ ကိုအောင်ဘော်သည် မခင်စန်း၏ အမူအယာကို ကြည့်၍ စိုးရိမ်စွာ ...၊

" အစန်း ဘာဖြစ်နေတာလဲ ၊ နေမကောင်းဘူးလားဟင် ၊ နေမကောင်းရင်၊ အစ်ကို ဆရာဝန်ကို ဖုန်းဆက်ခေါ်ပြီး အိမ်ပင့်လိုက်မယ်လေ "

" ဟာ ... မပင့်နဲ့အစ်ကို ၊ အစန်း နေကောင်းပါတယ် ၊ အခုဟာကလေ အစန်း အစ်ကို့ကို ဖွင့်ပြောသင့် မသင့် ချိန်ဆနေရလို့ပါ "

ကိုအောင်ဘော် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မခင်စန်း ဘာကို ပြောချင်နေသည်ကို အရမ်းသိချင်သွား၏။

မခင်စန်းက

" ဒီလိုပါ အစ်ကို ၊ အစကတော့ အစန်း မပြောတော့ပဲ နေတော့မလို့ပါပဲ ။ အဲ့သလို မပြောပဲ နေပြီး ၊ အစန်း အလုပ်က ထွက်မယ်လို့ ပြောရင်လည်း အစ်ကိုက အတင်းမေးမှာပဲ ဆိုတော့ ..."

" ဟင် ... ဘယ်လို ဘယ်လို ၊ အစန်းက အလုပ်ထွက်မယ် ဟုတ်လား။ ဘာဖြစ်လို့လဲကွယ် "

ကိုအောင်ဘော်သည် လှပပျိုမြစ်သော အစန်း၏ မျက်နှာလေးကို စိုးရိမ်တကြီး ကြည့်ရင်း မေးလိုက်လေ၏။ ကိုအောင်ဘော်သည် မခင်စန်းအပေါ် သံယောဇဉ် တွယ်နေပြီ ဖြစ်သည်။ ဒီကာလအတွင်း မခင်စန်းသည် သားလေး မောင်ထူးမော်ကို စောင့်ရှောက်သည့်အပြင် ၊ ကိုအောင်ဘော်၏ ဝေယျာဝစ္စများကိုလည်း ဂရုတစိုက် လုပ်ကိုင်ပေးခဲ့၏။ယင်းအပေါ် ကိုအောင်ဘော်သည် သာယာကြည်နူးခဲ့ရှာသည်။

ကော်ဖီချိန်တန်လျင် ကော်ဖီဖျော်ပေးခြင်း၊ ထမင်းစားချိန်တန်လျင် ထမင်းဟင်းများ နွှေး၍ ခူးခပ်ပေးတတ်ခြင်း ၊ အလုပ်သွားခါနီးတွင်လည်း ကိုအောင်ဘော်၏ ပစ္စည်းများ မမေ့ကျန်ခဲ့ရလေအောင် ကူညီ ယူပေးတတ်ခြင်း၊ သူ၏ အခန်းကို သန့်ရှင်းပေးတတ်ခြင်း၊ စသော အိမ်မှုကိစ္စများ၌ မခင်စန်းသည် စိတ်ပါလက်ပါ လုပ်ပေးတတ်၍ ကိုအောင်ဘော်သည် ကွယ်လွန်သွားပြီးဖြစ်သော ဇနီးမယား မနှင်းဝေ ၏ နေရာတွင် အစားရသလို ခံစားနေရရှာသည်။မခင်စန်းကို သားငယ် မောင်ထူးမော်ကဲ့သို့ သူလည်း တွယ်တာမိနေ၏။

မခင်စန်းသည် စိုးရိမ်တကြီး ဖြစ်သွားသော ကိုအောင်ဘော်၏ မျက်နှာကို ကြည့်၍ စိတ်မကောင်း ဖြစ်သွားရှာ၏။ ကိုအောင်ဘော်တစ်ယောက် သူမအပေါ် သံယောဇဉ်တွယ်နေမှန်းလည်း သူမသည် သိရှိခံစားမိလေ၏။

" ဒီလိုပါ အစ်ကို ၊ အစန်း အားလုံးကို ပြောပြပါ့မယ် ၊ အစန်း အခု ပြောသမျှထဲမှ ဘာတစ်ခုမှ လုပ်ကြံဖန်တီးထားတာ မပါဘူးဆိုတာကိုတော့ အစ်ကို ယုံပေးပါနော် "

ထိုသို့ အစချီကာ မခင်စန်းသည် သူမ ဤအိမ်၌ ညအိပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသမျှကို အစဆုံး ဖွင့်ပြောလေ၏။

" အစ ပထမတော့ အစန်းလည်း ခပ်ရိုးရိုးပဲ အောက်မေ့တာပေါ့ ၊ ဒါပေမယ့် ထူးထူးလေးဟာ အရင်လို မဟုတ်ဘူး ။ အရမ်း သိသာလာတယ် ။

" ညဘက်ဆို သူအိပ်ပျော်မှ အစန်းက အိပ်တာ။ အစန်း အိပ်ပြီဆိုရင် သတိနဲ့ အိပ်တတ်တယ် အစ်ကို ၊ ဘယ်တော့မှ တမေ့တမော မအိပ်တတ်ဘူး ။ အဲ့ဒါက ဒုတိယညက စတာပါပဲ အစ်ကို။ ဘယ်လိုဖြစ်လဲဆိုတော့ ၊ ကန်တော့ပါအစ်ကို ၊ မရိုသေ့စကား ပြောရတာ အစ်ကို့ကို အားနာပါတယ်။ "

မခင်စန်းဟာ ဒီစကားပြောရာမှာ အရှည်သည်းနေရှာတယ်။ မျက်နှာဟာ နီမြန်းလို့ ။ ခေါင်းကို ငုံ့ချပြီး ...၊

" ကျမ အိပ်ပျော်နေတုန်း ကျမရဲ့ ပေါင်တွေကို ပွတ်သပ်တယ်အစ်ကို ၊ နောက်တဆင့် တင်ပါးတွေပေါ် လက်က ရောက်လာတယ် ။ နောက်ပြီး လက်တွေက ကျမ ရင်သားဘက်ဆီကို တက်လာတော့ ...။ အဲ့ဒီမှာ ကျမ ဆတ်ကနဲ ထထိုင်လိုက်တယ် ။ ပါးစပ်ကလည်း သား ထူးထူး ဘာလုပ်တာလဲလို့ မေးလိုက်တယ် ။ "

" အခန်းမီးက ပိတ်ထားတယ်။ ဒါပေမယ့် ပြတင်းမှန်ကနေ လရောင်ရဲ့ အလင်းက အခန်းထဲကို ဖြာကျနေတယ် အစ်ကို ။ အဲ့ဒီတော့ အားလုံးကို မြင်နေရတယ်။ အံဩစရာပါ အစ်ကို ။ ထူးထူးလေးဟာ ကျမကို ကျောပေးအိပ်နေတယ် ။ သူ မဟုတ်သလိုပဲ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတယ်။ကျမ အရမ်း အံအားသင့်သွားတယ်။ဒါပေမယ့် အခန်းထဲမှာက ကျမရယ် ထူးထူးရယ် နှစ်ယောက်တည်း ရှိတာ။ ကျမကိုယ်ကို ပွတ်သပ်တာ ထူးထူးကလွဲရင် ဘယ်သူမှ မဖြစ်နိုင်ဘူးမဟုတ်လား "

ကိုအောင်ဘော် စဉ်းစားရကြပ်သလို ဖြစ်သွား၏။ သူ တစ်ခု တွေးမိတာနဲ့ ...၊

" အဲ့ဒီအချိန် အခန်းတံခါးက ပိတ်ထားလား အစန်း "

မခင်စန်းက ခေါင်းငြိမ့်ပြသည်။

" အခန်းတံခါးက အတွင်းက လော့ချထားတယ် အစ်ကို ၊ ပိတ်လျက်ပဲ "

ဟူးကနဲ ကိုအောင်ဘော် သက်ပြင်း ချလိုက်မိသည်။ သားငယ်ထူးထူးသည် ကျန်းမာလာစ ပြုပြီဆိုသော်လည်း ဤကဲ့သို့ မိုက်ရိုင်းသော အပြုအမူကို ပြုလိမ့်မည်ဟု ကိုအောင်ဘော် မထင်မိချေ။

အသက် ၁၁ နှစ်သားအရွယ်သည် ဤသို့သော အသိရှိလိမ့်မည်မဟုတ်။

သို့ပေမယ့် မခင်စန်းသည် သားငယ်ကို တပ်အပ် စွပ်စွဲနေချေပြီ ။ သူ ဘယ်ကဲ့သို့ ဖြေရှင်းပေးရမှန်း မသိနိုင်အောင် စဉ်းစားရကြပ်နေ၏။

" အစန်း အလုပ်က ထွက်မယ်ဆိုတာ ၊ ဒါကြောင့်ပဲပေါ့နော် "

မခင်စန်းက ခေါင်းငြိမ့်ပြသည်။ကိုအောင်ဘော်က ခေါင်းကို လေးလံစွာ ခါရမ်းရင်း ...၊

" ဒီလိုလုပ်ပါ အစန်း ၊ မထွက်ပါနဲ့လို့ အစ်ကို မတားရက်ပါဘူး ။ တစ်ခုတော့ အစ်ကို အစန်းကို တောင်းဆိုပါရစေကွယ် "

" ဟုတ်ကဲ့ အစ်ကို ၊ ဘာများလဲ "

" ဒီတစ်ညတော့ နောက်ဆုံး ဖြစ်ဖြစ် ၊ သားလေး ထူးထူးနဲ့ ညအိပ်ပေးပါ ၊ ဒီတစ်ည နောက်ဆုံးပါ အစန်း "

မခင်စန်းက ကိုအောင်ဘော်ကို လှမ်းကြည့်သည်။ ကိုအောင်ဘော်သည် အတွေးရခက်သော သဘောမှာ ရှိနေသည်။ ကောင်းမွန်သော အကြံအစည် တစ်ခုခုတော့ ကိုအောင်ဘော်မှာ ရှိနေလိမ့်မည်ဟု ယုံကြည်မိသည်။

မခင်စန်းသည် ခေါင်းငြိမ့် သဘောတူလိုက်၏။ မခင်စန်းထံမှ သဘောတူညီမှု ရသောအခါ ၊ ကိုအောင်ဘော်သည် သူ၏ လက်ကိုင်ဖုန်းဖြင့် မိနှစ်၂၀ ခန့်ကြာအောင် တစ်နေရာသို့ စကားပြောလေ၏။ ဖုန်းပြောရင်း ကိုအောင်ဘော်သည် ဟုတ်ကဲ့ပါဟု အမိန့်နာခံသည့်ဟန်ဖြင့် ရိုသေစွာ မကြာခဏ ပြောနေသည်ကို ကြားမိလေ၏။

ဖုန်းပြောပြီးသည့်အခါ ၊ ကိုအောင်ဘော်သည် ၊ မော်တော်ကားဖြင့် အပြင်သို့ ထွက်သွားလေ၏။ ကိုအောင်ဘော်အား ကြည့်ရသည်မှာ ရေးကြီးသုတ်ပြာ နိုင်လှသည်ဟုပင် မခင်စန်း တွေးလိုက်မိသေး၏။ကိုအောင်ဘော် ကားကို ခပ်မြန်မြန် မောင်းသွားသောကြောင့် ဖြစ်သည်။

အမှန်တော့ ကိုအောင်ဘော်၏ကားသည် ဆရာကြီး ဗန္ဓက၏ ဓာတ်ခန်းရှိရာသို့ ထွက်သွားခြင်း ဖြစ်လေ၏။

____________

၅။

" ဒေါင် ... ဒင် ... "

တိုင်ကပ်နာရီကြီးမှ ည ၁၂ နာရီ ထိုးသည့် အသံကို ကြားရ၏။ ညသည် ဆိတ်ငြိမ်စွာဖြင့် ရှိနေ၏။

ကုတင်ပေါ်တွင် မခင်စန်းသည် သားငယ် ထူးထူးနှင့်အတူ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ယနေ့ည သူမတို့အခန်းတွင် ညမီးလုံးတစ်လုံး လဲ့လဲ့လေး ထွန်းလင်းထားသည်။ ခါတိုင်းလို အမှောင်ချ ထားခြင်း မရှိချေ။

" ကျွီ ... "

ထိုခဏ အခန်းတံခါးသည် ကျွီကနဲ မြည်ကာ ခပ်ဟဟလေး ပွင့်သွား၏။ လက်လေးခန့်သာ ပွင့်သွားသော အခန်းတံခါးကြားမှ မီးခိုးငွေ့ကဲ့သို့သော အငွေ့အချို့ အခန်းထဲသို့ တိုးလျိုး ဝင်ရောက်လာသည်။

ထိုအခိုးအငွေ့တို့ ဝင်လာသည်နှင့် အခန်းမီးသည် ဖျပ်ကနဲ ငြိမ်းသွားလေ၏။

အခိုးအငွေ့တို့သည် အခန်းထဲက လူသားနှစ်ဦး အိပ်စက်နေသော ကုတင်ဆီသို့ တဖြေးဖြေး တိုးဝင် ချည်းကပ်လာ၏။ ကုတင်အနီးသို့ ရောက်သည့်အခါ အခိုးအငွေ့တို့သည် လူသားတစ်ဦး၏ သဏ္ဍာန်သို့ ပြောင်းလဲသွားလေ၏။

အသေအချာ ကြည့်လျင် ထိုသဏ္ဍာန်သည် အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦး၏ ပုံရိပ် ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

လူငယ်သည် မခင်စန်း အိပ်နေသည့် ကုတင်စွန်းဘက်သို့ ရွေ့လျားသွားသည်။ အိပ်ပျော်နေသော မခင်စန်းကို စူးစူးစိုက်စိုက်ကြီး ကြည့်နေ၏။ မခင်စန်း၏ ပြေပြစ်ကျစ်လျစ်သော ကိုယ်ခန္ဓာကို တပ်မက်ဟန်ဖြင့် အာသာငမ်းငမ်း ကြည့်နေခြင်း ဖြစ်သည်။

ကြည့်နေရင်း ထိုလူငယ်သည် မခင်စန်း၏ နံဘေးသို့ ဝင်ထိုင်လိုက်သည်။ တဆက်တည်း သူ၏ လက်များက မခင်စန်း၏ ကိုယ်ပေါ်သို့ ပွတ်သပ်ရန် ရောက်ရှိသွားသည်။ ထိုလူရိပ်၏ လက်သည် မခင်စန်း၏ ကိုယ်တစောင်း လှဲလျောင်းနေသော ကိုယ်ပေါ်သို့ စုန်ချည်ဆန်ချည် ပွတ်သပ် ထိတွေ့နေပါ၏။

" ဖြောင်း ... ဝုန်း "

ထိုအခိုက် အခန်းတံခါးသည် ဝုန်းကနဲ တွန်းဖွင့်သံ ထွက်ပေါ်လာ၏။ အသံနဲ့အတူ အခန်းထဲသို့ ကိုအောင်ဘော် ဝင်လာခြင်း ဖြစ်သည်။ ကိုအောင်ဘော်သည် အခန်းတံခါးကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး ၊ ပါလာသော ချည်မန်းကြိုးဖြင့် တံခါးကို ကြက်ခြေခတ်သဏ္ဍာန် ချည်နှောင်လိုက်သည်။ တဆက်တည်း သူသည် အခန်းတွင်းက မီးချောင်းကို ဖွင့်လိုက်သည်။

တစ်ခန်းလုံး လင်းထိန်သွားသည်။ ကုတင်ပေါ်တွင် မခင်စန်းသည် မောင်ထူးမော်ကို ပွေ့ဖက်ထား၏။ ကုတင်ဘေးတွင် အငွေ့လိုလို အရိပ်လိုလို သဏ္ဍာန်သည် ယခုအခါ ထင်ရှားစွာ မြင်တွေ့ရပြီ ဖြစ်သည်။

ဖြူဖျော့ဖျော့ ဖွေးစွပ်နေသော မျက်နှာ ရှိပြီး ၊ ပိန်လှီခြောက်ကပ်နေသော ကိုယ်ထည်ဖြင့် အရိုးပေါ်အရေတင် ခန္ဓာကိုယ်ရှိသော တစ္ဆေတစ်ကောင်။

တစ္ဆေသည် သူ၏ မျက်နှာကို မြင်တွေ့မှာ စိုးသည့်အလား မီးရောင်ကို သူ၏ ပိန်လှီလှသော လက်နှစ်ဘက်ဖြင့် ကာထားပြီး တအီအီဖြင့် အသံပြုနေ၏။ ၎င်းသည် ပြေးလမ်းကို ရှာနေ၏။

အခန်းတံခါးကို ကိုအောင်ဘော်က ပရိတ်ချည်မန်းကြိုးဖြင့် ကြက်ခြေခတ်ထားသည်ဖြစ်ရာ ၊ အခန်းတံခါးမှ မထွက်နိုင်။ ထို့ကြောင့် တစ်ခုတည်းသော အခန်း ပြတင်းမှ ထွက်ပြေးရန် ပြတင်းပေါက်သို့ လျင်မြန်စွာ ချည်းကပ်သွားလေ၏။ သို့သော် ပြတင်းတံခါးကို ရောက်သည့်အခါ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

" အီး ... အား "

ပြတင်းတံခါးသည် ကိုအောင်ဘော် ခိုင်းထားသည့်အတိုင်း မခင်စန်းက ညဦးကတည်းက ပရိတ်ချည်မန်းကြိုးဖြင့် ကြက်ခြေခတ် ချည်ထားပြီး ဖြစ်သည်။

တစ္ဆေသည် ဆောက်တည်ရာ မရ၊ ဘယ်မှ ပြေးမလွတ်သည်ဖြစ်ရာ အခန်းထောင့်တစ်နေရာ၌ ငုတ်တုတ်လေး ထိုင်နေရတော့သည်။

ထိုအခါ ကိုအောင်ဘော်သည် အသင့်ယူဆောင်လာသော လူခြောက်လေးပါသည့် ဖန်ပုလင်းအဖုံးကို ဖွင့်၍ ...၊

" မင်းနေရာ မင်းပြန်လာပါ ၊ မလာရင် မင်းရဲ့ ကိုယ်ခန္ဓာကို ငါ ဖျက်ဆီးပစ်လိုက်မယ် "

ထိုသို့ ကိုအောင်ဘော်က အသံဩဇာ အပြည့်နှင့် ခြိမ်းခြောက် ပြောဆိုလိုက်သည့်အခါ တစ္ဆေသည် အလွန်ချောက်ချား ထိတ်လန့်စွာ ... ခေါင်းကို ခါရမ်း၏။ သဘောကတော့ မလုပ်ပါနဲ့ ဟူ၍ ဖြစ်မည်။

တစ္ဆေသည် ကိုအောင်ဘော် ခိုင်းသည့်အတိုင်း ၊ သူ၏ ကိုယ်ကို အခိုးအငွေ့အဖြစ် ပြောင်းလဲ၍ ၊ ဖန်ပုလင်းအဝထဲသို့ ပြေးဝင်သွားသည်။

ထိုအခါ ကိုအောင်ဘော်သည် ဖန်ပုလင်းအဖုံးကို တင်းကြပ်နေအောင် ပြန်ပိတ်လိုက်၏။ ဖန်ပုလင်းအတွင်းက လူခြောက်လေးသည် အတွင်း၌ တခဏမျှ ရုန်းကန်ခြင်း အမှုကို ပြုသည်ဖြစ်ရာ စိမ်ရည်များသည် ပွက်ပွက်ထကြလေ၏။

သို့သော် ခဏအကြာ၌ နဂိုမူလအတိုင်း ငြိမ်သက်သွားသည်။

ကိုအောင်ဘော်သည် ဆရာကြီဗန္ဓက ပေလိုက်သည့် အင်းစာရွက်ကို အဖုံးပေါ် ကပ်ထားလိုက်သည်။ တစ္ဆေသည် ဖန်ပုလင်းအတွင်း အကျဉ်းကျသွားပြီ ဖြစ်သည်။ ကိုအောင်ဘော် သက်ပြင်းချနိုင်ပြီ။ ဖန်ပုလင်းကို ကြမ်းပြင်ပေါ် ဂရုတစိုက် ချထာလိုက်သည်။

ကုတင်ပေါ်က မခင်စန်းနှင့် သားငယ်ထူးမော်သည် ကိုအောင်ဘော်ထံ ပြးလာကြ၏။ မခင်စန်းသည် ကိုအောင်ဘော်အား သူရဲကောင်းကြီးတစ်ဦးသဖွယ် လေးစားမြတ်နိုးစွာ မော့ကြည့်နေရှာ၏။

မောင်ထူးမော်သည် အလိုက်တသိ မခင်စန်း၏ လက်ကို ဆွဲယူ၍ ကိုအောင်ဘော်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကိုအောင်ဘော်သည် မခင်စန်း၏ မျက်နှာအား မြတ်မြတ်နိုးနိုး ကြည့်၍ သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။ မခင်စန်းသည် ရှက်သော်လည်း ကျေနပ်ဟန်ဖြင့် ပြုံးနေရှာ၏။

" အစ်ကို အစန်းရဲ့ စကားကို နားမထောင်ပဲ ၊ လူခြောက်လေးကို ခေါ်လာမိတာ ခွင့်လွှတ်ပါ ။ အခု ဒီလူခြောက်လေးကို ဆရာကြီး ဗန္ဓကဆီ အပြီးအပိုင် ပေးအပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ "

မခင်စန်းသည် သားငယ် မောင်ထူးမော်ကို ပွေ့ချီလိုက်ပြီး ၊ သားငယ်၏ ပါးပြင်ကို မွှေးကြူလိုက်သည်။ ကိုအောင်ဘော်သည်လည်း မခင်စန်း၏ ပခုန်းတစ်ဖက်ကို အသာအယာ ပွေ့ဖက်လိုက်သည်။

သူတို့သည် ဖန်ပုလင်းကို ယူ၍ အောက်ထပ်ဆီသို့ ဆင်းလာကြသည်။ ထိုမှတဖန် မော်တော်ကားဖြင့် ဆရာကြီး ဗန္ဓက၏ ဓာတ်ခန်း ရှိရာသို့ ...။

ပြီးပါပြီ။

ပီပီ(မန္တလေး)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..