မပြီးဆုံးသွားသော ပန်းချီကားတစ်ချပ်
lotaya.mpt.com.mm
|
2021-04-28

မပြီးဆုံးသွားသော ပန်းချီကားတစ်ချပ်

တိတ်ဆိတ်မှုနဲ့ အမှောင်ဟာ တကယ့်ကို ခြောက်ချားစရာကောင်းတဲ့ ည တစ်ညကို ပုံဖော်နေတယ်။ တောမကျမြို့မကျ နယ်မြို့လေးရဲ့ ရပ်ကွက်ကလည်း အိပ်မောကျနေတယ်။ အိမ်တွေပတ်ပတ်လည်ဝိုင်းထားတဲ့ ရပ်ကွက်ဘုန်းကြီးကျောင်းကလည်း ငြိမ်သက်နေတာပေါ့။ တိတ်ဆိတ်မှုနဲ့ အမှောင်ကို အခွင့်ကောင်းယူပြီး လူတစ်ယောက်ဟာ ဘုန်းကြီးကျောင်းဆီကို တိတ်တိတ်လေးချဉ်းကပ်လာတယ်။

ဘုန်းကြီးကျောင်းရဲ့ တံခါးမကြီးက ကျွန်းတံခါးမကြီးဖြစ်သလို အထဲက ဂျက်ချထားတဲ့အပြင်ကို သစ်သားမိန်းတုံးပါ ပိတ်ထားတာကြောင့် တံခါးမကြီးကတော့ ဝင်ဖို့မလွယ်ကူဘူး။ ဒါပေမဲ့ သူ့အတွက်ကတော့ တံခါးမကြီးက ဝင်ဖို့ နဂိုထဲက စိတ်ကူးမရှိခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဝင်ပေါက်ကို သူကြိုတင်ကြံစည်ထားတဲ့ ဝင်ပေါက်ကပဲ ဝင်ဖို့ ဆုံးဖြတ်ထားတာကြောင့်ပါပဲ။ ဘုန်းကြီးကျောင်းက နှစ်ထပ်ဆောင်ဖြစ်ပြီး ဘုန်းကြီးကျောင်းရဲ့ မြောက်ဘက်ထောင့်မှာ မြရာပင်ကြီး တစ်ပင်ရှိတယ်။ အဲဒီမြရာပင်ဟာ ဘုန်းကြီးကျောင်းရဲ့ ခေါင်းမိုးအစွန်းအထိ ကိုင်းကျနေပြီး အဲဒီခေါင်မိုးမှာ ရိုက်ထားတဲ့ သံက နည်းနည်းလေး ဟ နေတယ်။ သူကတော့ မြရာပင်ပေါ်ကို တက်ကာ ခေါင်မိုးမှာ ရိုက်ထားတဲ့သံကို ပါလာတဲ့ ပလေယာနဲ့ ဆွဲခွါလိုက်တယ်။ တိတ်ဆိတ်တဲ့အချိန်ဖြစ်တာကြောင့် အသံအချို့ထွက်သွားခဲ့ပေမဲ့ အိပ်မောကျနေတဲ့ ကျောင်းထိုင်ဘုန်းကြီးကတော့ မနိုးခဲ့ဘူး။ သံကို ခွာလို့အပြီးမှာတော့ မျက်နှာကြက်မရှိတဲ့ ကျောင်းဆောင်ထဲကို သူ့အနေနဲ့ အလွယ်တကူဝင်ရောက်လို့ ရခဲ့တယ်။

ဘုန်ကြီးကျောင်းဆောင်ရဲ့ အပေါ်ထပ်မှာ ဘုရားခန်းတစ်ခန်း၊ ဗီရိုတစ်လုံး နဲ့ ကျောင်းထိုင်ဘုန်းကြီးအိပ်နေတဲ့ ကုတင်တစ်လုံးသာ ရှိတယ်။ အောက်ထပ်မှာတော့ ဆွမ်းစားဆောင်ရယ်၊ ကြောင်အိမ်ရယ်၊ တိုလီမုတ်စတွေထည့်တဲ့ အခန်းတစ်ခန်းရှိတယ်။ ကျောင်းဆောင်တစ်ခုလုံးမှာ သက်ရှိဆိုလို့ သူနဲ့ဘုန်းကြီး သာ ရှိပြီး ဘုန်းကြီးကျောင်းသားတွေ၊ ကိုရင်တွေ၊ ကပ္ပိယတွေမရှိတာကလည်း ဒီကျောင်းရဲ့ ထူးခြားချက်လို့ ဆိုရမယ်။ သူ့အနေနဲ့ ဗီရိုကို မွှေနှောက်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဖိုးတန်ပစ္စည်းဆိုလို့ ဘာတစ်ခုမှ ရှာလို့မတွေ့ခဲ့ဘူး။ သူ အကြံအိုက်သွားတယ်။ အဲဒါနဲ့ ဘုရားခန်းထဲ မွှေနှောက်ရှာပြန်တော့လည်း ဘာမှ မတွေ့ရပြန်ဘူး။ အောက်ထပ်ကို ဆင်းပြီး ရှာဖွေပြန်တော့လည်း ဘာတစ်ခုမှ မတွေ့ရပြန်ဘူး။ သူ့အနေနဲ့ မယုံကြည်နိုင်အောင်လည်း ဖြစ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကျောင်းမှာ အဖိုးတန်ပစ္စည်းတွေ ရှိတယ်ဆိုတာကို သူ အတိအကျ သိထားတယ်။ ဒါပေမဲ့ ရှာလို့ မတွေ့ဘူး။ ပထမ သူ့ရဲ့ မူလရည်ရွယ်ချက်ကတော့ ခိုးဖို့ပဲ။ ဒါပေမဲ့ ခိုးစရာပစ္စည်းမတွေ့တဲ့အခါမှာ သူ့အနေနဲ့ အစီအစဉ်ပြောင်းဖို့ လိုအပ်လာတယ်။ ခါးကြားထဲက ဓားကို ထုတ်လိုက်ပြီး အိပ်နေတဲ့ ကျောင်းထိုင်ဘုန်းကြီးဆီကို ခြေသံဖော့ပြီး ချဉ်းကပ်သွားတယ်။ ပြီးတော့ ခပ်ဆတ်ဆတ်လေးလှုပ်နှိုးလိုက်တယ်။

“အသံ မထွက်နဲ့ .. ဦးဇင်း .. ဗိုက်ထဲကို ဓားဝင်သွားမယ်”

အိပ်ချင်မူးတူးနဲ့ နိုးလာတဲ့ ဘုန်းကြီးအနေနဲ့ အေးစက်ချွန်မြတဲ့ အရာဝတ္တုတစ်ခုက ဗိုက်မှာ လာထောက်နေတာကြောင့် ထိတ်လန့်သွားတယ်။ ပြီးတော့ ချက်ချင်းပဲ ဓားပြအတိုက်ခံနေရပြီဆိုတာလည်း သိလိုက်တယ်။

“ဘာလိုချင်လို့လဲ”

“နေ့လယ်က ဘုရားဌာပနာထားဖို့အတွက် လာလှူထားတဲ့ ရွှေတွေဘယ်မှာလဲ”

“မလုပ်ကောင်းပါဘူး ဒကာရယ်”

“စကားမရှည်နဲ့ ဘုန်းကြီး မေးတာသာ ဖြေ”

“ကဲ .. ပြောမရလည်း ပေးမယ်.. လိုက်ခဲ့”

ဘုန်းကြီးက ပြောပြောဆိုဆိုနဲ့ ကုတင်ပေါ်က ဆင်းပြီး အောက်ထပ်ကို ဆင်းသွားတယ်။ ပြီးတော့ မိန်း တံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ သူ တက်လာတဲ့ မြရာပင်အောက်ကို သွားတယ်။

“ကဲ .. ဒီနားမှာ တူးလိုက် ဒကာ..”

ဘုန်းကြီးက ဓါးပြကို မြရာပင်အောက်ကို လက်ညှိုးထိုးပြီး မြေကြီးတစ်နေရာရာကို တူးခိုင်းတယ်။ ဒါပေမဲ့ သူကတော့ .. သူကတော့ သူတူးနေတဲ့အချိန် ဘုန်းကြီး တစ်ခုခုလုပ်မှာ စိုးရိမ်တာကြောင့် ..

“ဘုန်းကြီး ခင်ဗျားပဲ တူးလိုက်.. ”

ဘုန်းကြီးလည်း ဘာမှဆက်မပြောတော့ဘဲ သူ ခိုင်းတဲ့အတိုင်းပဲ တူးလိုက်တယ်။ သုံးပေအနက်လောက်အရောက်မှာတော့ သေတ္တာတစ်လုံးထွက်လာတယ်။ သူ့ မျက်နှာ အရောင်လက်သွားတယ်။ သေတ္တာကို ဖွင့်ခိုင်းလိုက်တယ်။ သေတ္တာထဲမှာ ရွှေတွေရယ်၊ စိန်တွေရယ် အပြည့်ပဲ။ သူ စဉ်းစားတယ် ဒါတွေကို ယူပြီး သူထွက်သွားတဲ့အချိန် ဘုန်းကြီးက အော်လိုက်လို့ ရပ်ကွက်က နိုးလာရင် သူ့အတွက် ပြေးပေါက်ပိတ်မယ်။ ဒါဆို ဘုန်းကြီးကို သတ်ပစ်လိုက်ဖို့ကျတော့လည်း သူလိုချင်တဲ့ ပစ္စည်းက အလွယ်တကူရပြီးနေပြီ။ နောက်ဆုံးတော့ အကြံရသွားတယ်။

မောင်ဦးတစ်ယောက် နာရီကို ကြည့်လိုက်တော့ မနက် လေး နာရီ တိတိ။ ခါတိုင်းဒီအချိန်ဆို ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်နေကျကို အခုချိန်ထိ အုန်းမောင်းသံမကြားရသေး။ မောင်ဦး က ဘုန်းကြီးရဲ့ တူ။ အရင်တုန်းက ဘုန်းကြီးကျောင်းမှာ အတူတူနေပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဒီရပ်ကွက်ထဲက မနှင်းအေးနဲ့ညားပြီး ဘုန်းကြီးကျောင်းမှာ မနေတော့တာ။ မနှင်းအေးက ဈေးထဲမှာ ပန်းရောင်းတာဖြစ်ပြီး မောင်ဦးကတော့ ဆိုက်ကားနင်းတယ်။ သူတို့က မနက်လေးနာရီဆို စောစောထ မောင်ဦးက ဈေးထဲက ကုန်စိမ်းသည်တွေအတွက် အကြိုအပို့လုပ်၊ မနှင်းအေးက ထမင်းဟင်းချက်၊ ပြီးရင် မောင်ဦး က ၅နာရီခွဲလောက်ဆို မနှင်းအေးကို ပြန်လာကြို။ ဒါသည် သူတို့ပုံမှန်နိစ္စဒူဝ လုပ်ငန်းစဉ်များပင်။ မနက်လေးနာရီလောက်ဆို မောင်ဦးက ပုံမှန်နိုးတယ်။ သူမျက်နှာသစ်နေချိန်၊ ဒါမှမဟုတ် သူအိမ်သာတက်နေချိန်တွေဆို ဘုန်းကြီးကျောင်းက အုန်းမောင်းက ခေါက်ပြီ။ ဒါပေမဲ့ အခုသူ ဆိုက်ကားပေါ်ရောက်တဲ့အထိ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံမကြားရ။

“မနှင်းအေး ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားမိသေးလား”

“ဟင့်အင်း မကြားမိသေးဘူး”

“အခုပဲ လေးနာရီ ခွဲတော့မယ်.. ငါတို့ ဘုန်းကြီး နေများမကောင်းလို့လား”

“ရှင် .. သွားရင်းနဲ့ ဝင်ကြည့်သွားလိုက်ပါလား.. ရှင့် ဘကြီးဘုန်းကြီးကလည်း ပြောရခက်တယ်.. ကျောင်းသားလေးဖြစ်ဖြစ် ကိုရင်လေးဖြစ်ဖြစ် ခြေဖော်လက်ဖော်ရအောင်ထားပါဆိုတာကို လက်မခံဘူးလေ”

ထုံးစံအတိုင်း မနှင်းအေးကတော့ တဗျစ်တောက်တောက်ပြောရင်း မောင်ဦးကို ဘုန်းကြီးကျောင်းကို သွားကြည့်ခိုင်းလေရဲ့။

မောင်ဦးတစ်ယောက် ဆိုက်ကားကို ပုံမှန်နင်းရင်း ဘုန်းကြီးကျောင်းရှေ့ရောက်တော့ ကျောင်းထဲကို လှမ်းကြည့်လိုက်တယ်။ ပုံမှန်အတိုင်းပဲ တိတ်ဆိတ်ငြိမ်သက်လို့။ အဲဒါနဲ့ မောင်ဦးလည်း ကျောင်းထဲကို ဆိုက်ကားကို တွန်းသွားရင်း ကျောင်းဆောင်ရှေ့ရောက်တော့ အံ့ဩသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းဆောင်ရဲ့ မိန်းတံခါးက ပွင့်နေတာကြောင့်ပဲ။ မောင်ဦးလည်း ကပျာကယာ ကျောင်းအပေါ်ထပ်ကို ပြေးတက်သွားတော့ .. မြင်လိုက်ရတဲ့ မြင်ကွင်းက ထိတ်လန့်သွားစေတယ်။ ဘုန်းကြီးက သူ့ကုတင်ပေါ်မှာ လက်ပြန်ကြိုးတုပ်လျက်နဲ့ ပါးစပ်မှာလည်း အဝတ်စနဲ့ စည်းထားတယ်။ မောင်ဦးလည်း အလျင်အမြန်ပဲ ကြိုးတွေကို ပြေးဖြည်ပေးရင်း ..

“အရှင်ဘုရား ဘယ်လို ဖြစ်တာလဲ”

“အေး .. ငါ ဓားပြတိုက်ခံလိုက်ရလို့”

“ဟာ … ဘာတွေ ပါသွားလဲ”

“မနေ့က နေ့လယ်က လာလှူထားကြတဲ့ ဘုရားဌာပနာထားမယ့် ပစ္စည်းတွေ အကုန်ပါသွားတယ်”

“ဟာ .. ဘယ်လို လုပ်ကြမလဲ”

“ရဲစခန်းကို အကြောင်းကြားရမှာပေါ့”

ထို့နောက် ခရေမြိုင်ဘုန်းကြီးကျောင်း ဓားပြအတိုက်ခံရတဲ့အမှုက ဟိုးလေးတကျော်ဖြစ်သွားတယ်။

ဒီရက်ပိုင်း မောင်ဦးတစ်ယောက်တော်တော်လေး စိတ်ညစ်နေမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရပ်ကွက်ထဲက လူတွေက သူနဲ့ ဘုန်းကြီးနဲ့ ပေါင်းကြံပြီး ဘုရားဌာပနာတွေကို အပျောက်ဖျောက်လိုက်တာလို့ တီးတိုးပြောဆိုနေသံတွေကြောင့်ပဲ။ ဒါဟာ ပေါ့သေးသေးတော့ မဟုတ်ဘူး။ မနေ့ကလည်း ရဲစခန်းမှာ ခေါ်စစ်ခံလိုက်ရသေးတယ်။ မောင်ဦး ပိုပြီး စိတ်မကောင်းဖြစ်မိတာက သူ့ဘကြီးဘုန်းကြီးကိုပါ ရပ်ကွက်က အဲဒီလို ထင်လာတာဖြစ်သလို ရဲတွေကလည်း ဓားပြတိုက်တဲ့သူနောက်ကို မလိုက်ဘဲ သူတို့ကိုပဲ မယုံသင်္ကာနဲ့ စစ်လားဆေးလားတွေ လုပ်နေသောကြောင့်ပင်။

မောင်ဦးတစ်ယောက် နေ့လယ်ထမင်းစားပြီးတော့ နေပူသေးတာနဲ့ အိမ်ရှေ့ပက်လက်ကုလားထိုင်လေးမှာ ဆေးပေါ့လိပ်ဖွာနေချိန် ..

“ကိုမောင်ဦး .. ကိုမောင်ဦး”

“ဟေ .. “

“ခင်ဗျား ဘကြီးဘုန်းကြီး .. ပျံလွန်တော်မူသွားပြီ”

“ဟာ .. “

မောင်ဦးတစ်ယောက် အူယားဖားယား ဘုန်းကြီးကျောင်းသို့ ပြေးသွားချိန်မှာတော့ … အသက်မဲ့နေသော ဘုန်းကြီးရဲ့ ရုပ်အလောင်းကိုသာ တွေ့ရတော့တယ်။ ပြီးတော့ ရဲတွေရောက်လာကာ မောင်ဦးကို လက်ထိပ်ခတ်လိုက်တယ်။ ရပ်ကွက်ထဲကလူတွေရော၊ မောင်ဦးပါ အံ့အားသင့်သွားကြတယ်။

“ကျနော် ဘာလုပ်လို့လဲဗျ”

“စခန်းရောက်မှ စကားဆက်ပြောကြတာပေါ့.. “

သေမှုသေခင်းစစ်တဲ့ ရဲတွေကတော့ ဘုန်းကြီးအလောင်းကို စစ်ဆေးပြီးနောက် ..

“သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ စစ်ဆေးဖို့ ဒီအလောင်းကို ယူသွားပါရစေ”

အဖြစ်အပျက်တွေက ထူးဆန်းအံ့ဩဖို့တော့ ကောင်းတယ်ဆိုရမယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရတယ်၊ အခု ဘုန်းကြီးက အသတ်ခံရတယ်၊ ပြီးတော့ ရပ်ကွက်ထဲကလူတွေက ရိုးသားပါတယ်လို့ အသိအမှတ်ပြုထားတဲ့ မောင်ဦးကို ဖမ်းဆီးသွားတယ်။ နောက်မှ သိရတာက မောင်ဦးကို ဓါးပြမှုရော၊ လူသတ်မှုရော နှစ်ခုစလုံးနဲ့ စွဲချက်တင်ထားခဲ့တယ်။ တစ်ရပ်ကွက်စလုံးလည်း တုန်လှုပ်သွားကြတယ်။ မနှင်းအေးကတော့ ငိုကြီးချက်မနဲ့ပေါ့။

အထက်ပါအဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး ဆယ်နှစ်လောက် အကြာမှာပေါ့။ ခရေမြိုင်ဘုန်းကြီးကျောင်းကလည်း အရင်လို တစ်ပါးတည်းသီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမဟုတ်တော့ဘဲ စာသင်တိုက်ကြီးအဖြစ် ပြောင်းလဲသွားသလို ရပ်ကွက်ကလည်း လျှပ်စစ်မီးတွေ ရလာတာကြောင့် ပိုမိုစည်ကားလာတယ်။ နောက်ပြီးတော့ ရပ်ကွက်ထဲမှာ ဒုစရိုက်မှုတွေကလည်း ပိုများလာတယ်။ အထူးသဖြင့် ဘောလုံးပွဲ၊ နှလုံးထီ၊ ဖဲဝိုင်း၊ ကြက်ဝိုင်းတွေက ရပ်ကွက်ထဲမှာ တော်တော်လေးကို များပြားလာတယ်။ အဲဒီထဲမှာ ဝင်ငွေအဖြောင့်ဆုံးက နှလုံးထီနဲ့ ကြက်ဝိုင်းပဲ။ တစ်ရပ်ကွက်လုံးမှာ နှစ်လုံးထီနဲ့ ကြက်ဝိုင်းကို ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာ တစ်အိမ်ပဲ ရှိတယ်။ အဲဒီအိမ်က ချစ်ကို အိမ်။

ချစ်ကို ဆိုတာ အသားဖြူဖြူအရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းနဲ့ ရပ်ကွက်ထဲက လူမိုက်တွေကို လက်သပ်မွေးထားတဲ့ လူမိုက်ခေါင်းဆောင်လို့ ဆိုလို့ရတယ်။ အရင်တုန်းကတော့ ချစ်ကို က သာမန်လူမိုက်ပေါက်စလေးတစ်ယောက်ဆိုပေမဲ့ နောက်ပိုင်းမှာ သူ့ခြံလေးထဲမှာ နှစ်လုံးထီစရောင်းရင်း လမ်းကြောင်းတည့်သွားတော့ ကြက်ဝိုင်းတွေထိပါ ဒိုင်ခံကျင်းပလာနိုင်ခဲ့တယ်။ အနယ်နယ်အရပ်ရပ်က ပိုက်ဆံပေါတဲ့သူတွေ၊ ကြက်ဝါသနာရှင်တွေ၊ လူမိုက်တွေအတွက် စနေ၊ တနင်္ဂနွေဆိုရင် ချစ်ကို အိမ်ဟာ တကယ့်ကို ပွဲတော်အလားပဲ။ အချို့ရပ်ကွက်ထဲမှာ အေးဆေးနေလိုသူတွေက ချစ်ကို ရဲ့ လုပ်ရပ်တွေကို မကြိုက်ပေမဲ့လည်း ထိပ်တိုက်မတွေ့လိုတာကြောင့် ရှောင်နေလေ့ရှိတယ်။ ဒါကြောင့် တိုင်တန်းသူမရှိတဲ့ ချစ်ကို ရဲ့ အိမ်က နှလုံးထီရောင်းချမှု၊ ကြက်ပွဲကျင်းပမှုတွေဟာ လွတ်လွတ်လပ်လပ်ကို ကျင်းပခွင့်ရနေသလို ချစ်ကို အတွက်လည်း ငွေကလည်း နေ့စဉ်ဒလဟောဝင်နေတယ်။ တစ်ရပ်ကွက်စလုံးမှာလည်း ချစ်ကို ရဲ့ ဩဇာဟာ ရပ်ကွက် ဥက္ကဌထက်တောင် ပေါက်ရောက်နေသေးတယ်။

မနှင်းအေးတစ်ယောက် အင်းစိန်ထောင်ရှေ့မှာ အထုပ်အပိုးတွေနဲ့ တန်းစီကာ မောင်ဦးအတွက် ထောင်ဝင်စာပေးဖို့ ရောက်ရှိနေတယ်။ တကယ်တော့ မောင်ဦးက သေဒဏ်ကျခဲ့တာဖြစ်ပြီး နောက်တော့ အနှစ်နှစ်ဆယ်ကို လျှော့ချခံခဲ့ရသလို ပြီးခဲ့တဲ့ တစ်နှစ်လောက်ကမှ အင်းစိန်ထောင်ကို ပြန်ရောက်လာခဲ့တာ။ မနှင်းအေးကတော့ မောင်ဦးနဲ့ အဆက်အသွယ်လုံးဝမပြတ်ခဲ့သလို နောက်အိမ်ထောင်လည်းမပြုခဲ့ပေ။ မောင်ဦးကတော့ တစ်ယောက်တည်း ရုန်းကန်ရှာဖွေရတာ အဆင်မပြေရင် နောက်အိမ်ထောင်ပြုလိုက်ဖို့ ခွင့်ပြုပေမဲ့ မနှင်းအေးကတော့ မောင်ဦးအပေါ် သစ္စာရှိနေဆဲဖြစ်သလို ဒီပြစ်ဒဏ်တွေကလည်း မောင်ဦးအနေနဲ့ တကယ်မကျူးလွန်ဘဲနဲ့ ကျခံနေရတယ်ဆိုတာကို နားလည်ခဲ့တာကြောင့် မစွန့်ခွာခဲ့တာလည်း ဖြစ်နိုင်တယ်။

“မနှင်းအေး .. လာမယ့် သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ကျရင် ငါ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်ဖို့များတယ်”

“တကယ်လား”

“အင်း .. ဒီကြားထဲမှာ ဘာပြဿနာမှ မဖြစ်ဘဲနေမယ်ဆိုရင် လွတ်မယ်လို့တော့ ပြောတယ်”

“အဲဒါကို .. အေးအေးဆေးဆေး နေနော် … လိုအပ်တာကိုလည်းပြော”

နေပူမိုးရွာမရှောင် စားဝတ်နေရေးအတွက် ဖြေရှင်းနေရသောကြောင့် မနှင်းအေးရဲ့ မျက်နှာမှာ နေလောင်ကွက်တွေနဲ့ မည်းနေပေမဲ့ သူ့နှလုံးသားထဲက ကြီးမားတဲ့ မေတ္တာနဲ့သစ္စာတရားတွေကြောင့် မောင်ဦး မျက်လုံးထဲမှာ အလှဆုံးမိန်းကလေးလို့တောင် မြင်ချင်မြင်နေနိုင်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်က ခရေမြိုင်ဘုန်းကြီးကျောင်းက ဓားပြမှုကိုသော်လည်းကောင်း၊ ဘုန်းကြီးသေဆုံးမှုကိုသော်လည်းကောင်း၊ မောင်ဦးထောင်ကျသွားမှုကိုသော်လည်းကောင်း တစ်ရပ်ကွက်လုံးက မေ့တေ့တေ့ပင် ဖြစ်နေချိန်မှာ … မောင်ဦး ထောင်က လွတ်လာပြီဆိုတဲ့ သတင်းက တစ်ရပ်ကွက်စလုံးကို ပြန်လည်လှုပ်နိုးလိုက်သလို ဖြစ်သွားတယ်။ အချို့ကလည်း သာသနာပိုင်ပစ္စည်းကို ဓားပြတိုက်တဲ့အပြင် ကိုယ့်ဘကြီးဘုန်းကြီးကိုပင် သတ်ဝံ့တဲ့ မောင်ဦးကို ရပ်ကွက်ထဲမှာ မထားလိုကြ။ အချို့ကတော့ မောင်ဦး မတရားခံလိုက်ရတယ်လို့ ယုံကြည်ကြတာကြောင့် ရပ်ကွက်ထဲမှာ ပြန်လာနေမယ်ဆိုရင်လည်း ပြဿနာမရှိဘူးလို့ ဆိုကြပြန်တယ်။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်လိုပဲ ပြောကြပါစေ မောင်ဦးကတော့ ရပ်ကွက်ထဲကို ပြန်ရောက်လာခဲ့လေပြီ။

“ကိုချစ်ကို… ကိုချစ်ကို မောင်ဦး ပြန်လွတ်လာပြီ”

အော်ကြီးဟစ်ကျယ်အော်ပြီး ပြောလာတဲ့ တပည့်ဖြစ်သူကို ချစ်ကို က နားဘန်ကျင်းလိုက်ကာ ..

“ဘာလို့ အော်ကြီးဟစ်ကျယ်ပြောနေတာတုန်း”

“ဟာ .. ကိုချစ်ကိုကလည်း .. ဒီကောင်က ဓားပြတိုက်၊ လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ကောင်ဗျ .. ဒီလိုကောင်မျိုးကို ကျနော်တို့ ဆွဲစိထားသင့်တယ်”

တပည့်ဖြစ်သူ၏ ပြောစကားကြောင့် ချစ်ကို စဉ်းစားသွားတယ်။ ဒါပေမဲ့ .. ချက်ချင်းပဲ …

“ဒီကောင်က ရိုးရိုးလူသတ်ဓားပြတိုက်လာတဲ့ကောင် မဟုတ်ဘူးကွ.. မလုပ်သင့်မလုပ်ထိုက်တဲ့ သာသနာပိုင်ပစ္စည်းကို ဓားပြတိုက် ကိုယ့်ဘကြီး ဘုန်းကြီးကိုတောင် သတ်ခဲ့ကောင်ဆိုတော့ ဒီကောင်နဲ့ မပတ်သက်တာပဲ ကောင်းတယ်”

မောင်ဦးကတော့ အရင်လို ဆိုက်ကားနင်းဖို့ကတော့ မလွယ်တော့။ ဘာဖြစ်လို့လည်းဆိုတော့ အခုနောက်ပိုင်း သူတို့မြို့မှာ ဆိုက်ကားစီးသူနည်းသွားပြီး ဆိုင်ကယ်ကယ်ရီတွေကိုသာ တွင်ကျယ်စွာစီးနင်းလာသောကြောင့်ပင်။ ခက်တာက မောင်ဦးက ဆိုင်ကယ်မစီးတတ်။ မနှင်းအေးကတော့ သူ့ရဲ့ ပန်းဆိုင်လေးက အလယ်အလတ်အဆင့်လောက် အောင်မြင်နေတာကြောင့် မောင်ဦးကို သူ့ဆိုင်မှာပင် ဝင်ရောက်ကူညီစေတယ်။ ဆိုရရင် မောင်ဦး ပြန်လွတ်လာတယ်။ ရပ်ကွက်ထဲမှာ ဓားပြတိုက်လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ ထောင်ထွက်တစ်ယောက်ရှိနေပေမဲ့ မောင်ဦးရဲ့ စရိုက်အတိုင်းပဲ ရိုးရိုးအေးအေးနေတတ်တာကြောင့် အချိန်ကြာလာတော့ ဘယ်သူကမှ စိတ်အနှောင့်အယှက်မဖြစ်ကြတော့။

တစ်ရက်… ။

အဲဒီနေ့က မိုးတွေ တော်တော်လေးရွာနေပြီး လျှပ်စစ်မီးတွေပြတ်နေသောကြောင့် တစ်ရပ်ကွက်စလုံးအမှောင်အတိဖုံးနေတယ်။ ချစ်ကို တစ်ယောက်ကတော့ ညဦးပိုင်းကတည်းက အမူးလွန်ပြီး အိပ်ပျော်သွားတာကြောင့် မီးပျက်နေတာတွေ၊ မိုးရွာနေတာတွေ၊ တစ်ရပ်ကွက်စလုံးအမှောင်အတိဖြစ်နေတာတွေကို မသိရတော့။ တခူးခူးတခေါခေါနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတာပေါ့။ အဲဒီအချိန်မှာပဲ ချစ်ကို ရဲ့ အိမ်ထဲကို လူတစ်ယောက်တိတ်တဆိတ်ဝင်ရောက်လာတယ်။ ညအမှောင်ကို အားပြုပြီးဝင်ရောက်လာခဲ့ပေမဲ့ အဆိုပါလူမှာ ခြေလှမ်းတွေက ပိရိသေသပ်မှုတော့ မရှိ။ ဒါပေမဲ့ မိုးရွာနေတဲ့အသံတွေရယ်၊ အမူးလွန်နေတာရယ်ကြောင့် ချစ်ကို တစ်ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲ။

အေးစက်စက်မာကြောကြော အရာတစ်ခုက ချစ်ကို ရဲ့ လည်မြိုကို လာထောက်တာကြောင့် ချစ်ကို တစ်ယောက် လန့်နိုးသွားတယ်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အမှောင်ထဲမှာ ဖြစ်နေတာကြောင့် ဘယ်သူမှန်း သဲသဲကွဲကွဲမသိရ။

“မင်း …မင်း ဘယ်သူလဲ”

“ငါ .. မောင်ဦးပဲ”

“ဒါ..ဘာသဘောလဲ.. ဓါးကို အခုချက်ချင်းဖယ်လိုက်စမ်း”

ချစ်ကို က ကြောက်ကန်ကန်ပြီး အမိန့်ပေးလိုက်ပေမဲ့ .. မောင်ဦးက .. ဓားကို နည်းနည်းအားစိုက်ပြီးတော့ ဖိတွန်းလိုက်တာကြောင့် ချစ်ကိုရဲ့ လည်ပင်းမှာ သွေးနည်းနည်းစို့သွားတယ်။ ချစ်ကို နည်းနည်းတော့ လန့်သွားတယ်။ ဒီကောင်တကယ်လုပ်မယ့်ကောင်ဆိုတာလည်း သိသွားတာကြောင့် .. လေသံကို အနည်းငယ်ပြင်လိုက်ပြီး ..

“မင်း ဘာလိုချင်လို့လဲ”

“မင်း .အသက် .. မင်းကို သတ်မလို့”

ဒေါသသံကြောင့် မောင်ဦး အသံက တုန်ယင်နေပေမဲ့ ချစ်ကို လည်ပင်းမှာ ထောက်ထားတဲ့ ဓားကတော့ အားလျော့သွားခြင်းမရှိဘူး။

“မင်းနဲ့ငါနဲ့ကြားမှာ ဘာအကန့်ရှိလို့လဲ..”

“အော် .. ဘာအကန့်ရှိလို့လည်း ဟုတ်လား … ငါ့ဘကြီးဘုန်းကြီးကို ဓားပြတိုက်သွားတာလည်း မင်းပဲ။ နောက်ပြီးတော့ သတ်သွားတာလည်း မင်းပဲ”

ချစ်ကို လန့်သွားတယ်။

“မင်းကို ဘယ်သူပြောလဲ”

“ငါ့ မိန်းမ နှင်းအေးပြောတာ ငါထောင်ထဲဝင်သွားတဲ့အချိန်တွေတလျှောက်လုံး ငါ့မိန်းမက အဲဒီကိစ္စကို စုံစမ်းနေခဲ့တာ”

“မင်းမဟုတ်တာတွေ လာစွပ်စွဲမနေနဲ့ မင်းအထင်မှားနေပြီး ဓားကို ဖယ်လိုက် .. အေးဆေးစကားပြောမယ်”

ချစ်ကို က ဓားကို ဖယ်လိုက်လို့ပြောလိုက်ပေမဲ့ မောင်ဦးက ထပ်ပြီးဖိသွင်းလိုက်ပြန်တာကြောင့် .. ချစ်ကိုရဲ့ လည်ပင်းထဲကို ဓားက တစ်လက်မခွဲလောက်ဝင်သွားပြီး သွေးတွေလည်း စီးကျလာတယ်။

“အဲဒီနေ့ ည က မင်း ဓားပြတိုက်ခဲ့တဲ့ ဓားက အခုမင်းလည်မျိုကို ထောက်ထားတဲ့ ဓားပဲ”

“ဟေ့ကောင် ..ဟေ့ကောင် … မင်း မလုပ်နဲ့နော်”

ချစ်ကို သွေးရူးသွေးတန်းနဲ့ ထပြေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မောင်ဦးက ပိုပြီးသန်မာတဲ့အပြင် အပေါ်စီးက ဖြစ်နေသောကြောင့် ချစ်ကို ရုန်းလို့မရ။ မောင်ဦး က နောက်ထပ်စကားတွေ မပြောတော့ဘဲ ဓားကို ချစ်ကိုရဲ့ လည်မျိုထဲ ဖြည်းဖြည်းချင်း ဖိသွင်းလိုက်တယ်။ ချစ်ကိုရဲ့ လည်ပင်းက သွေးတွေက ဒလဟော ပန်းထွက်လာပြီး ငြိမ်ကျသွားတော့တယ်။

မနက်မိုးလင်းတော့ တစ်ရပ်ကွက်စလုံး ဆူညံပွက်လောရိုက်သွားကြတယ်။ ချစ်ကို အသတ်ခံလိုက်ရတဲ့ သတင်းက မနက်ခင်း အထူးသတင်းလို ဖြစ်သွားပြီး တစ်ရပ်ကွက်စလုံး ယောက်ယက်ခတ်သွားကြတယ်။ အဆိုးဆုံးက ချစ်ကို လက်သပ်မွေးထားတဲ့ တပည့်တွေပင်။ သူတို့ဆရာ အသတ်ခံလိုက်ရတာကြောင့် ငှက်ကြီးတောင်ဓားတွေ၊ တုတ်တွေဆွဲပြီး ရပ်ကွက်ထဲ လိုက်မွှေနေကြတယ်။ နေ့လယ်လောက်ကြမှ ရဲတပ်ဖွဲ့ဝင်ဆယ်ယောက်လောက် ရောက်လာပြီး ချစ်ကို တပည့်ကို ထိန်းသိမ်းကာ ချစ်ကို အလောင်းကို သယ်သွားကြတယ်။ တစ်ရပ်ကွက်စလုံးကတော့ ချစ်ကို အသတ်ခံရတာ လူမိုက်အချင်းချင်း ရန်ငြှိုးကြောင့်လို့ ထင်ပြီး မောင်ဦးကို ဘယ်သူကမှ သံသယမရှိခဲ့ကြ။

ဒါပမေဲ့ …

ချစ်ကို သေပြီး နှစ်ပတ်အကြာမှာတော့ ပန်းရောင်းနေတဲ့ မောင်ဦး ကို ရဲ တွေလာဖမ်းကြတယ်။ မနှင်းအေးကတော့ အံ့ဩဟန်မပြ။ အေးဆေးပင်။ မောင်ဦးကလည်း အသာတကြည်ပင် အဖမ်းခံလိုက်တယ်။ တဈေးလုံး အံ့အားသင့်သွားကြတယ်။ ချစ်ကို ကို သတ်တာ မောင်ဦးဆိုတာ သိလိုက်ရချိန်မှာ တစ်ရပ်ကွက်စလုံး ပိုပြီး ထိတ်လန့်သွားကြတယ်။ အရင်တုန်းက မောင်ဦးဘက်က ရပ်တည်ခဲ့သူတွေတောင် မောင်ဦးဟာ လူသတ်ဓားပြကောင်လို့ အထင်ရောက်သွားကြတယ်။

“ဒီလောက် လက်ရဲဇက်ရဲ ရှိမှတော့ သူ့ဘကြီး ဘုန်းကြီးကျောင်းကို ဓားပြတိုက်ပြီး သတ်ပစ်တာလည်း သူပဲ နေမှာပဲ။ ငါတို့မှာတော့ သူမဟုတ်ဘူးထင်ပြီး သနားလိုက်ရတာ”

“အေးလေ”

မောင်ဦး ကား နောက်တကြိမ် ထောင်ကျသွားပြီး ဒီတစ်ခါတော့ ထောင် ခုနှစ်နှစ် ကျသွားတာဖြစ်တယ်။ ဒါပေမဲ့ နောက်ခုနှစ်ကြာတဲ့အခါမှာလည်း မောင်ဦးကား ပြန်လည်ထွက်မလာတော့ပေ။ ဘာဖြစ်လို့လည်းဆိုတော့ ထောင်ထဲမှာတင် သေဆုံးသွားသောကြောင့်ပင်။ မနှင်းအေးကတော့ အခုချိန်ထိတိုင် ပန်းရောင်းနေဆဲ ဖြစ်ပြီး တစ်ယောက်ထဲ သားသမီးမရှိ၊ ဆွေမျိုးသားချင်းမရှိဘဲ ဘဝကို ရုန်းကန်နေရဆဲ ဖြစ်တယ်။

အချို့လူတွေက အဖွားနှင်းအေးကို သွားမေးကြတယ်။

“ဦးချစ်ကို က ဘာဖြစ်လို့ ဘကြီးဘုန်းကြီးဆီက ဓားပြတိုက်၊ လူသတ်တယ်ဆိုတာ အဘွားက ဘယ်လိုသိတာလဲ”

အဘွားက ခရေပန်းလေးတွေကို သီနေရင်း..

“ငါ့ယောက်ျား ထောင်ကျပြီး ငါးနှစ်လောက်ထိ အဲဒီအကြောင်းကို မသိသေးပါဘူး။ တစ်ရက်မှာတော့ ပိုက်ဆံလေး စုမိလို့ ရွှေဆိုင်မှာ ရွှေသွားလုပ်နေတုန်း ကောင်မလေးတစ်ယောက်က ရွှေလာရောင်းတာနဲ့ ဆုံတာ။ အဲဒီကောင်မလေးရောင်းတဲ့ ပစ္စည်းက ငါ့ကို ကိုမောင်ဦး ဝယ်ပေးခဲ့တဲ့ မင်္ဂလာဦး ရွှေနားကပ်လေး။ နောက်တော့ ဘုန်းကြီးက ဘုရားတည်တဲ့ထဲမှာ ကိုမောင်ဦးကို မင်းတို့လည်း လှူကြဦးလေလို့ အလှူခံလိုက်လို့ အဲဒီနားကပ်လေး ထည့်လှူထားတာ။ အခု ဒီကောင်မလေးဆီ ဘယ်လို ရောက်လာတာလည်းဆိုတော့ မသိဘူး။ အဲဒါနဲ့ အဲဒီကောင်မလေးကို မေးကြည့်လိုက်တော့ .. သူက သူ့အဖေရဲ့ မိတ်ဆွေ ပေးထားတာဖြစ်ကြောင့် အခု ဆေးကုဖို့ ပိုက်ဆံလိုနေလို့ လာရောင်းတာဖြစ်ကြောင်း ပြန်ပြောပြတယ်။ အဲဒါနဲ့ ဆက်မေးကြည့်လိုက်တော့ သူ့အဖေရဲ့ မိတ်ဆွေဆိုသူက ချစ်ကို ဆိုတဲ့ လူယုတ်မာဖြစ်နေတယ်။ နောက်ထပ်ပိုပြီးခိုင်လုံသွားတဲ့ သက်သေက ဘုန်းကြီးကျောင်းရဲ့ မြရာပင်အောက်မှာ ချစ်ကို ကိုင်တဲ့ ဓား ကျန်နေခဲ့တာ။ ဓားရဲ့ လက်ကိုရိုးမှာ ချစ်ကို ဆိုတဲ့ နာမည်ထိုးတာကြောင့် ဆက်စပ်ကြည့်လိုက်တော့ ချစ်ကို ဟာ ဘုန်းကြီးကို လူသတ်ဓားပြတိုက်ခဲ့တဲ့ အယုတ်တမာကောင်မှန်း သိလိုက်ရတာ”

“အဲဒါများ အဖွားရယ် … ရဲကို တိုင်လိုက်ပေါ့ … အဲဒါဆို အဖိုးလည်း အခုလို ထောင်ထဲမှာ မသေရတော့ဘူးပေါ့”

“အဲဒီအချိန်မှာ ချစ်ကိုနဲ့ ရဲတွေနဲ့က မဟာမိတ်တွေ ဖြစ်နေတာလေ.. ရပ်ကွက်ထဲမှာလည်း သူ့ရဲ့ ဩဇာအာဏာက ကြီးထွားနေတာ။ အဘွားသာ ရဲကို သွားတိုင်ရင် အဘွားကိုတောင် ဖမ်းချင်ဖမ်းလိုက်ဦးမှာ။ ပထမတော့ အဘွားကိုယ်တိုင် လက်စားချေမလို့ပဲ ဒါပေမဲ့ မင့်တို့အဘိုး မောင်ဦးနဲ့ အဆက်အသွယ်ပြန်ရခဲ့ပြီး တိုင်ပင်လိုက်တော့ သူက သူ့ကို စောင့်ပါဦးလို့ ပြောခဲ့တာ။ နောက်တော့ သူထွက်လာတော့ .. အဖွားတို့မှာ စဉ်းစားရသေးတယ်။ ဒီရပ်ကွက်နဲ့ ဝေးရာကို ထွက်သွားပြီး ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းမလား .. ဒါမှမဟုတ် ဒီအယုတ်တမာကောင်ကို လက်စားချေမလားဆိုပြီးတော့ အကြိမ်ကြိမ်အခါခါ စဉ်းစားခဲ့ရတာ။ နောက်ဆုံးကြမှ ဒုတိယလမ်းကို ရွေးလိုက်တာ”

နားထောင်နေတဲ့ လူငယ်တွေ သက်ပြင်းတွေ ကိုယ်စီချလို့။

“အဖွား နောင်တ မရဘူးလား”

“မရပါဘူး ကလေးတို့ရယ်.. တစ်ခါတရံမှာ တရားမျှတမှုဆိုတာ ကိုယ်တိုင်တိုက်ယူရတာမျိုးလေ။ အခုဆို ရပ်ကွက်ထဲက လူတော်တော်များများလည်း ငါ့ယောက်ျားမောင်ဦးကို ချစ်ကို ကို သတ်တဲ့ လူသတ်သမားလို့ပဲ မြင်သွားခဲ့ပြီလေ။ အရင်လို ဘုန်းကြီးကို ဓားပြတိုက်လူသတ်တဲ့မမြင်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ချစ်ကို ဆိုတဲ့ကောင်ရဲ့ အိမ်ကို ရှာဖွေလိုက်တော့ ဘုရားဌာပနာထားတဲ့ ရွှေအချို့နဲ့ လက်ဝတ်လက်စားတွေကို တွေ့ခဲ့ရတယ်လေ။ နောက်ပြီးတော့ အဲဒီပြဿနာတွေဖြစ်ပြီးတော့မှ ချစ်ကို ဆိုတဲ့ ကောင်က အခုလိုမျိုး တန်ခိုးထွားလာတာလေ ဘာပဲ ဖြစ်ဖြစ် အဖွားကတော့ ကျေနပ်တယ်။ အဖွား ယောက်ျားဟာ အယုတ်တမာကောင်ကို သတ်ပြီး ထောင်ထဲကို ဝင်သွားရတာဖြစ်လို့ ကျေနပ်တယ်”

“အဖွားတို့ ကလေးလည်း မရခဲ့ဘူးနော် နောက်ပြီးတော့ အတူနေရတဲ့အချိန်တွေကလည်း နည်းမှာပေါ့”

“အဖွားတို့ နှစ်ယောက်က ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းချင်တာ။ ကလေးလေးတစ်ယောက်တော့ ယူမယ် နှစ်ယောက်စလုံး အလုပ်ကို အတူတူကြိုးစားကြမယ်ဆိုတဲ့ စိတ်ကူးလေးတွေနဲ့ပေါ့။ ဒါပေမဲ့ အခွင့်မပေးခဲ့ပါဘူးလေ။ ဘဝရဲ့ အချိုးအကွေ့က ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်ခဲ့ဘူး။ ဒါပေမဲ့လည်း တရားမျှတမှုကို ရှာရင်း အဖွားတို့ လိုချင်တဲ့ ဘဝ လေး မရခဲ့ပေမဲ့ လက်ရှိအခြေအနေကိုပဲ ကျေနပ်ရမှာပေါ့။ နောင်ဘဝများ ရှိခဲ့လို့ မင့်တို့အဖိုးမောင်ဦးနဲ့ ပြန်ဆုံခွင့်ရဦးမယ်ဆိုရင်တော့ ဒီဘဝမှာ မပြီးဆုံးလိုက်တဲ့ လှပရိုးရှင်းတဲ့ ဘဝပန်းချီကားလေးကို ဆက်ပြီး အတူတူရေးဆွဲချင်ပါသေးတယ်ကွယ်”

အဖွားနှင်းအေးကား သူ့ရဲ့ မျက်ဝန်းထဲက မျက်ရည်တွေကို ခိုးသုတ်လိုက်ရင် ကျေကျေနပ်နပ်ပြုံးနေလေရဲ့ ။

ခြူသစ်မောင်

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..