သွေးနှောချစ်သူ (၂)
lotaya.mpt.com.mm
|
2021-04-29

သွေးနှောချစ်သူ (၂)


……………………

‘နင်ညက ဘာလို့ ဖုန်းပိတ်ထားတာလဲ’

နွေဦး ရဲရင့်တို့ အိမ်တံခါးပေါက်ဝတွင် ခါးထောက်ပြီး မေးလိုက်ခြင်းဖြစ်သည်။

‘ဟင်… နင်ခေါ်သေးလို့လား’ ရဲရင့် ကျောပိုးအိတ်ကို ကောက်လွယ်ရင်း ပါးစပ်ထဲတွေ့ရာ ပြန်ဖြေမိသည်။

‘အေး ခေါ်တယ်’

‘ဟာ.. ဟို ငါက ညဆိုရင် ဖုန်းပိတ်အိပ်တတ်လို့။ နင်လည်း ငါ့ကို တစ်ခါမှ အဲဒီအချိန်ဖုန်းမခေါ်ဖူးလို့လေ’

မိန်းကလေး ဘာမှ ပြန်မပြောတော့ဘဲ ရဲရင့်ကို ကျောပေးကာ အိမ်ရှေ့လှေကားမှ ဆင်းသွားသည်။ ရဲရင့်တို့အိမ်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သစ်သားအိမ်လေးတစ်လုံးသာဖြစ်သည်။ နွေဦး ခြံပြင်တွင် ရပ်ထားသော ကားပေါ်ကို ဆောင့်ကြီးအောင့်ကြီး တက်သွားသည်။ သူမသည် မနက်တိုင်း ရဲရင့်ကို ကားနှင့် လာကြိုကာ ကျောင်းသို့ အတူသွားလေ့ရှိသည်။ ကျောင်းသွားရာလမ်းတလျှောက် နှစ်ယောက်လုံး နှုတ်ဆိတ်နေမိကြရာမှ -

‘နင်က ငါတို့ မနေ့က ကြံရည်ဆိုင်မှာ ဖြစ်ခဲ့တာတွေကို ဒီအတိုင်းပဲ မေ့ပစ်လိုက်ချင်တာလား’

‘နွေဦး ငါနင့်ကို ရှင်းပြ ...’

‘ငါမနက်ဖြန် အိမ်က သဘောတူထားတဲ့လူနဲ့ ညဘက် အပြင်သွားမလို့’

နွေဦး စကားကို ဖြတ်ပြောလိုက်သည်။ ရဲရင့် ရင်ထဲတွင် တစ်ဆို့သွား၏။

‘အေးပါ။ နင့်သဘောပါပဲ’

သူတို့နှစ်ယောက် ဘာမှ ဆက်မပြောကြတော့။

……………..

စနေနေ့ညရောက်လျှင် ကုဋေသစ်သည် နွေဦးကို သူ၏ လမ်ဘော်ဂီနီ ပြိုင်ကား အနီရောင်နင့် လာကြိုခဲ့သည်။ နွေဦးသည် အနက်ရောင် ကိုယ်ကျပ်စကတ်အတိုကို လှပစွာဝတ်ဆင်ထားသည်။ ကုဋေသစ်သည် မိန်းကလေးကို မသိမသာ ခိုးကြည့်ပြီး တံတွေးတစ်ချက်မျိုချမိ၏။ သူ့သူငယ်ချင်း၏ ဘားမှာ အသစ်ဖြစ်သဖြင့် ဆိုင်ထဲတွင် လူရှင်းနေသည်။ သူတို့နှစ်ယောက် အဝိုင်းပတ်လည် ထိုင်စရာနေရာတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ ကုဋေသစ်က သူ့အတွက် ဘီယာမှာပြီး နွေဦးအတွက် မာဂရီတာတစ်ခွက်မှာလိုက်သည်။

‘ကျွန်တော် နွေဦးကို အရေးကြီးတာတစ်ခု ပြောစရာရှိတယ်ဗျ’

‘ဟုတ်ကဲ့ ပြောပါ ကိုကုဋေသစ်’

‘နွေဦးကို တောင်းရမ်းပေးဖို့ ကျွန်တော့်မိဘတွေကို ပြောထားတယ်’

နွေဦး မထူးဆန်းသည့် အမူအရာနှင့် ခေါင်းညိတ်ပြသည်။

‘ဟုတ်ကဲ့ ကျွန်မသိပါတယ်’

‘အော် နွေဦးက သိနှင့်နေပြီပဲ။ ကောင်းပါတယ်။ အဲဒါ နွေဦးသဘောက ဘယ်လိုရှိသလဲဗျ’

‘ဘာကိုလဲ ကိုကုဋေသစ်။ ကျွန်မက အခု အဖြေပေးရမှာလား’

‘အဲ.. ရက်စ် ဆိုရင်တော့ အခုပေးဗျာ။ နိုးဆိုရင်တော့ စဉ်းစားဦးပေါ့ ဟဲဟဲ။’ ကုဋေသစ် တောင့်တင်းသော ရင်အုပ်ကြီးကို မောက်ကာ တဟဲဟဲရယ်လိုက်သည်။ သူ၏ ကြီးမားထွားကျိုင်းသော လက်မောင်းကြွက်သားကြီးများကိုလည်း ကျေနပ်နှစ်သက်စွာ မကြာမကြာငုံ့ကြည့်ဖြစ်သည်။

‘အဲဒါဆိုလည်း ကျွန်မ စဉ်းစားပါဦးမယ်’

နွေဦးစကားကြောင့် သူဌေးသား နင်သွားသည်။ သူ့ကို ဒီလို ငြင်းပယ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့။ သူ့ဘဝတွင် သူသဘောကျသော မိန်းကလေးတိုင်းကို အလွယ်တကူ ရခဲ့သည်ချည်းပင်။ ယခုမူ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ။ သူ့မျက်နှာကြီး နီမြန်းသွားသည်။ သူဒေါသတွေထွက်ပြီး စိတ်ရိုင်းတွေ ဝင်လာသည်။

‘ဘီယာကလည်း ကြာလိုက်တာ။ နွေဦး ခဏလေး။ ကျွန်တော် ကောင်တာမှာ ကိုယ်တိုင် သွားယူလိုက်မယ်’

ကုဋေသစ် ဘားကောင်တာမှ အရက်နှစ်ခွက်ကို သယ်မလာခင် သူ့အိတ်ထဲရှိ အထုပ်လေးထဲမှ ဆေးမှုန့်တစ်ချို့ကို ကော့တေးခွက်ထဲ မသိမသာ လောင်းထည့်လိုက်သည်။ အမှန်တော့ အစက သူယခုလို လုပ်ရန် မရည်ရွယ်။ သို့သော် ယခုအခါ နွေဦးကိုရရန် သူ့အတွက် ဤနည်းသာ ကျန်တော့လေသည်။ ကုဋေသစ် နွေဦးထိုင်နေရာသို့ ဘီယာခွက်နှင့် ကော့တေးခွက်တို့ကို ကိုင်ပြီး ပြန်လာစဉ် ဘားခန်းမ၏ ထောင့်တစ်နေရာ အမှောင်ရိပ်ထဲတွင် ထိုင်နေသော လူငယ်တစ်ဦးကိုမူ သူတို့နှစ်ဦးစလုံး သတိမထားမိခဲ့ကြချေ။

………………………….

ကော့တေးတစ်ခွက်ကုန်လျှင် နွေဦး၏ ခေါင်းထဲတွင် ရိပ်တိပ်တိပ် ဖြစ်လာသည်။ သူမ အသိစိတ်များ ကင်းလွတ်ချင်သလို ဖြစ်လာ၏။ ကုဋေသစ် နွေဦးဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက်တွင်မူ ဘေးလူများမရိပ်မိခင် သူ၏ သန်မာသော လက်ကြီးများဖြင့် နွေဦးကို ထူမကာ နိုက်ကလပ်ဘားထဲမှ ထွက်လာခဲ့လေသည်။ မိန်းကလေး၏ ကိုယ်လုံးလေးကို ပွေ့ပြီး ကားထဲသို့ ထည့်ပေးကာ သူ့ကားကို မောင်းထွက်လာခဲ့သည်။ ရန်ကုန်မြို့ပြင်တစ်နေရာရှိ သူ့မိဘများပိုင်ပြီး မည်သူမျှ မနေသော တိုက်ကြီးတစ်လုံးဆီသို့။

ခြံတံခါးကို ရီမုတ်နှင့် နှိပ်ဖွင့်လိုက်ရာ တံခါးကြီးက ဖြေးညင်းစွာ ပွင့်ထွက်သွားသည်။ တိုက်ရှေ့တွင် ကားထိုးရပ်လိုက်သည်။ သူအကြံအောင်ပေတော့မည်။ နွေဦးကို သားမယားပြုကျင့်ပြီး အပိုင်ကြံတော့မည်။ သို့သော် ကုဋေသစ် မသိသည်မှာ သူတို့နောက်ကို နောက်ယောင်ခံလိုက်လာသော လူတစ်ဦးရှိသည်ဆိုခြင်းပင်။ ထိုလူသည်တခြားမဟုတ် - ရဲရင့်ပင် ဖြစ်သည်။ ရဲရင့်သည် အစကတည်းက ကုဋေသစ်ကို စိတ်မချသဖြင့် နိုက်ကလပ်အထိ နောက်ယောင်ခံလိုက်ခဲ့သည်။ နွေဦးနှင့် ကုဋေသစ်တို့ နိုက်ကလပ်မှ ထွက်သွားလျှင် တက်စီတစ်စီးကို ငှားပြီး သူတို့ကားနောက်မှ မသိမသာ နောက်ယောင်ခံလိုက်ခိုင်းခဲ့သည်။ တက်စီသည် ခြံကြီးနှင့် မလှမ်းမကမ်းတွင် ကျော်ရပ်ပြီး ရဲရင့်သည် တက်စီပေါ်မှ ဆင်းကာ ခြံတံခါးကြီး တအိအိနှင့် လုံးဝပိတ်မသွားခင် တစ်ကိုယ်စာလေး ကပ်ကာ အတွင်းသို့ ပြေးဝင်နိုင်ခဲ့လေသည်။

နိုက်ကလပ်မှာကတည်းက ရဲရင့် သိပ်မသင်္ကာခဲ့။ သို့သော် နွေဦးကို ကြည့်ရသည်မှာ အရက်မူးနေသလား။ ဆေးမူးနေသလား မသေချာသဖြင့် သူဝင်မတားခဲ့ခြင်းဖြစ်သည်။ ယခုမူ ကုဋေသစ်သည် မိန်းကလေးကို ကားပေါ်မှ အတင်းဆွဲချနေသည်။ နွေဦးသည် ဆေးမိနေသည့်ကြားမှ ကုဋေသစ်ကို သူနိုင်သလောက် ပြန်ပြီး ထုနှက် ကန်ကျောက်သေးသည်။ အားမတန်မှ ကုဋေသစ် ခေါ်ရာနောက်သို့ ဒရွတ်ဆွဲလိုက်ပါသွားရလေသည်။

‘ဟေ့ကောင် လူယုတ်မာ… နွေဦးကို အခုလွှတ်စမ်း’

ရဲရင့် အော်လိုက်ရင်း ခြံထောင့် အမှောင်ထဲမှ ထွက်လာသည်။ ကုဋေသစ်သည် နွေဦးကို ဘေးသို့ ခဏ တွန်းဖယ်လိုက်ပြီး ရဲရင့် ရှိရာဆီသို့ အံ့သြတကြီးလှည့်ကြည့်သည်။ နွေဦးသည် အိမ်ရှေ့လှေကားထစ်များပေါ်သို့ ပုံလျက်လေး လဲကျသွားသည်။ သူမ တော်တော်နှင့် မလှုပ်နိုင်ဘဲ ထိုနေရာတွင်သာ ခွေနေ၏။

‘ဟားဟား ကယ်တင်ရှင်ကြီးက ဒီအထိလိုက်လာတာကိုး။ ကယ်တင်ရှင်မဖြစ်ဘဲ မသာပေါ်ချင်တဲ့ ကောင်ပါလားကွ’

ရဲရင့် ကုဋေသစ်ကိုကြည့်ရင်း မှားပြီဟု တွေးလိုက်သည်။ သူ့လက်ထဲတွင် ဘာလက်နက်မျှ မပါ။ ကုဋေသစ်သည် သူ့ထက် ခေါင်းတစ်လုံးမျှ အရပ်ပိုမြင့်သည်။ ကြွက်သားများမှာလည်း သူ့ထက် နှစ်ဆကျော်မျှ တောင့်တင်းလေသည်။ လက်ချည်းသက်သက်နှင့် မည်သို့မျှ မနိုင်။ ထို့ပြင် သူဌေးသား ကုဋေသစ်သည် အလုပ်မလုပ်ရဘဲ အားယားနေသည့်အချိန်များတွင် ကာရာတေးသင်တန်း၊ ဘောက်ဆင်သင်တန်းများကို အချိန်ယူ လေ့ကျင့်ထားလေရာ တိုက်ရည်ခိုက်ရည်တွင်လည်း ရဲရင့်ထက် အဆများစွာ သာနေတော့သည်။

ရဲရင့် ဘေးဘီကြည့်လိုက်သည်။ လက်နက်တစုံတရာ၊ အုတ်ခဲကျိုးတလုံးတလေများ တွေ့မလားဟု။ သို့သော် ခြံထဲတွင် ဘာမျှမရှိ။ ခြုံနွယ်ပိတ်ပေါင်းများသာ ရှိနေသည်။ ကုဋေသစ် သူရှိရာသို့ တည့်တည့်ပြေးလာပြီး ရဲရင့်၏ မျက်နှာတည့်တည့်ကို ဧရာမလက်သီးကြီးနှင့် ဆောင့်ထိုးချလိုက်သည်။

‘ခွပ်’

သူ ရှောင်ချိန်မရလိုက်။ နှာခေါင်းမှ သွေးများဖြာကနဲထွက်ပြီး အနောက်သို့ ယိုင်ထွက်သွားသည်။

‘ရဲရင့်...’

နွေဦး စိုးရိမ်တကြီး လှမ်းအော်လိုက်၏။ သူမ အားယူပြီးထရန် ကြိုးစားသော်လည်း မအောင်မြင်။

‘သေစမ်းကွာ။ နှောင့်ယှက်တဲ့ကောင်’

‘အွတ်..’

ကုဋေသစ် ရဲရင့်၏ အရှိုက်တည့်တည့်ကို ပင့်လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ လူငယ်၏ ပါးစပ်မှ သွေးများ ပွက်ကနဲ ထွက်ကျလာ၏။

‘နေဦး မင်းကို ငါ အသေသတ်မယ်’

ကုဋေသစ် ပြောပြောဆိုဆိုနှင့် ကားဆီသို့ ပြန်လှည့်ထွက်သွားကာ ကားနောက်ခန်းထဲမှ ကားဂျိုက်တံကို ထုတ်ယူလိုက်သည်။ နာကျင်မှုကြောင့် ရဲရင့် တစ်ကိုယ်လုံး တုန်တက်လာသည်။ သူ့ကြွက်သားများ တောင့်တင်းလာကြ၏။ ရဲရင့် နှာခေါင်းမှ တဖူးဖူးနှင့် နှာမှုတ်သံတစ်မျိုးထွက်လာသည်။

‘အေး မသေခင် အသက်ကို ဝအောင် ရှူထား’

သူဌေးသားသည် ရဲရင့်၏ ဦးခေါင်းကို ကားဂျိုက်တံနှင့် အားကုန် ရိုက်ချလိုက်သည်။

‘ဖျောင်း’

‘ဟာ’

ကုဋေသစ် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူလက်ထဲမှ ဂျိုက်တံသည် ရဲရင့်၏ ဦးခေါင်းကို တည့်တည့်ကြီး ရိုက်မိသည်။ သို့သော် သံချောင်းက ဦးခေါင်းခွံကို ရိုက်ခွဲရမည့်အစား ဂျိုက်တံသာလျှင် ကွေးကောက်သွားပြီး ရဲရင့်၏ ဦးခေါင်းကမူ အကောင်းအတိုင်းပင်။ ကုဋေသစ် ရဲရင့်ကို ကြောင်ကြည့်နေမိသည်။ ရဲရင့်၏ ကိုယ်လုံးသည် သူမျက်စိရှေ့မှာပင် တဖြည်းဖြည်း အရွယ်အစားကြီးမားလာသည်။ သူ့ကို စူးစူးရဲရဲပြန်ကြည့်နေသော ရဲရင့်၏ မျက်လုံးများသည် လူတစ်ယောက်၏ မျက်လုံးများ မဟုတ်ကြတော့။ သူငယ်အိမ်သည် ဝိုင်းစက်မနေတော့ဘဲ တိရစ္ဆာန်တစ်ကောင်လို အမြှောင်းလိုက် ဖြစ်နေလေသည်။

‘ဖုန်း’

ရဲရင့် သူ၏ လက်တစ်ဖက်နှင့် ကုဋေသစ်၏ နားအုံကို အားကုန်ပိတ်ရိုက်လိုက်သည်။ ဗလကြီး ဘေးသို့ စောင်းကျသွား၏။ သူ့နားထဲမှ သွေးများထွက်ကျလာသည်။ ထိုစဉ်မှာပင် ရဲရင့်သည် ကုဋေသစ်ကို ရှပ်အင်္ကျီကော်လာမှ ဆွဲပြီး သူ၏ ဧရာမကိုယ်လုံးကြီးကို ကလေးလေးတစ်ယောက်လို လေထဲသို့ ဆွဲမလိုက်သည်။ ကုဋေသစ် မျက်လုံးကြီးများ ပြူးထွက်လာသည်။ နွေဦးကိုယ်တိုင်လည်း မူးေဝနေသည့်ကြားမှ အဖြစ်အပျက်များအားလုံးကို မြင်နေရသည်။ သူမ ကိုယ့်မျက်စိကို ကိုယ်မယုံနိုင်ချေ။

‘မင်း နွေဦးနားကို ယောင်လို့တောင် မကပ်မိစေနဲ့။ နောက်တစ်ခေါက်ဆို အသက်နဲ့ကိုယ် အိုးစားကွဲမယ်မှတ်… ကြားလား…. ဂ..ဂ. ဂါး’

ရဲရင့်၏ စကားအဆုံးတွင် မာန်ဖီသံလိုကြီး ထွက်လာကာ ကုဋေသစ်၏ ပေါင်နှစ်ရာကျော်မျှရှိမည့် ကိုယ်လုံးကြီးကို အရုပ်ကလေးတစ်ရုပ်သဖွယ် နံဘေးရှိ ချုံပုတ်များထဲသို့ ကိုင်ပေါက်လွှင့်ပစ်လိုက်လေတော့သည်။

‘အမလေးဗျ’

အော်ဟစ်သံကြီးနှင့် အတူ ကုဋေသစ်သည် ချုံများကြားသို့ ရောက်ရှိပြီး ခေတ္တသတိလစ်သွားသည်။

‘လာ နွေဦး။ ငါတို့ ဒီနေရာက မြန်မြန်ထွက်ရအောင်။’

ရဲရင့် ကားသော့ကို ဖြုတ်ကာ သော့တွဲပေါ်ရှိ ရီမုတ်ကို နှိပ်လိုက်လျှင် ခြံတံခါးပွင့်သွားသည်။ ထို့နောက် သူသည် နွေဦး၏ ကိုယ်လုံးလေးကို အသာပင် ပွေ့ချီပြီး ခြံအပြင်သို့ အမြန်ပြေးထွက်ခဲ့လေသည်။

………………………..

‘သမီးတို့က အမှုမဖွင့်ချင်ဘူးဆိုလို့။ အဖေကတော့ ဒီကောင့်ကို တရားစွဲပြီး ထောင်ချပစ်ချင်တာ’

‘အန်ကယ် တကယ်တော့ သူက နွေဦးကို ဘာမှမလုပ်ရသေးဘူး။ ကျွန်တော် အချိန်မီလို့။ တရားစွဲရင် အကျယ်အကျယ်တွေပဲ ဖြစ်ကုန်မှာ’

ရဲရင့်၏ စကားကို ဦးကျော်မြင့်မောင် လက်ခံလိုက်ရသော်လည်း စိတ်ထဲတွင်တော့ မကျေနပ်နိုင်။

‘ဘာပဲပြောပြော ဒီခွေးသူတောင်းစားရဲ့ အဖေနဲ့ ငါနဲ့တော့ သေခန်းပြတ်ပြီကွာ။ မောင်ရဲရင့် ကျေးဇူးကြီးလှပါပေတယ်။ အန်ကယ့်သမီးကလည်း တခါတလေ လည်မလိုနဲ့ တုံးတယ်ကွာ။ မင်းပဲ ကြည့်ပြောပါတော့။ အန်ကယ်တော့ အခု မင်းအန်တီကို သွားကြည့်လိုက်ဦးမယ်။ ဟိုမှာ စိတ်ထိခိုက်ပြီး အိပ်ရာထဲ လဲနေပြီ’

နွေဦး၏ ဖခင် ဧည့်ခန်းထဲမှ ထွက်သွားလျှင် ရဲရင့် မိန်းကလေး၏ လက်နှစ်ဘက်ကို ကိုင်လိုက်သည်။

‘နွေဦး နင်နေကောင်းရဲ့လား’

‘ငါ ခေါင်းနည်းနည်း မူးသေးတာကလွဲရင် သက်သာပါတယ်။ ရဲရင့် နင့်ကို ငါ ကျေးဇူးတင်တယ်။ ဒါပေမဲ့...’

‘ဒါပေမဲ့ ဘာဖြစ်လဲ နွေဦး’

‘ဒါပေမဲ့ … ဟို.. ဟိုခြံထဲမှာ ဘာဖြစ်ခဲ့တာလဲဟင်။ ငါ မြင်ခဲ့တာတွေက တကယ်လား။ ဒါမှမဟုတ် ငါဆေးကြောင်ပြီး မြင်မိမြင်ရာတွေ မြင်ခဲ့တာလား’

ရဲရင့် နွေဦးကို သေချာကြည့်လိုက်သည်။

‘နင်ဘာတွေ မြင်ခဲ့လို့လဲ..’

‘ငါမြင်သလို ကုဋေသစ်လည်း မြင်ခဲ့မှာပဲ။ နင်… နင် သူနဲ့ သတ်နေတုန်း လူကောင်ကြီး ပိုထွားလာပြီး… မဟုတ်သေးပါဘူး။ ငါ့စကား ငါပြန်ကြားရတာနဲ့တင် ငါဆေးကြောင်ပြီး ထင်ရာမြင်ရာတွေ ဖြစ်တာ သေချာသွားပြီ...’

‘နင်မြင်တာ မမှားဘူး နွေဦး။ အဲဒါကိုပဲ ငါနင့်ကို ပြောမလို့’

‘ဟင်… ဘာပြောမလို့လဲ။ ပြောစမ်းပါဟာ။ ငါလည်း ရူးတော့မယ်’

‘ငါပြောတာကြားပြီးရင် နင် ဒီ့ထက်ပိုရူးချင်သွားမယ်…။ နွေဦး… ငါ လူအစစ် မဟုတ်ဘူးဟာ...’

‘ဘယ်.. ဘယ်လိုရယ်...’

ရဲရင့် လေသံကို နှိမ့်ချရင်း ဆက်ပြောသည်။

‘နင် သမန်းကျားဆိုတာ ကြားဖူးလား’

‘ရဲရင့် မနောက်ပါနဲ့ဟာ။ ငါ စိတ်တွေ အရမ်းရှုပ်နေလို့ပါ’

‘နွေဦး နင်ကိုယ်တိုင် တွေ့ခဲ့တယ်မဟုတ်လား။ ငါ ကုဋေသစ် ကိုယ်လုံးကြီးကို ပေါ့ပေါ့လေးလိုပဲ ချုံထဲ လွှင့်ပစ်ခဲ့တာလေ။ လူသာမန် အားနဲ့ ဘယ်လိုလုပ်နိုင်မလဲ’

‘အင်း.. အဲဒါတော့ ဟုတ်တယ်။ ဒါပေမဲ့ နင်က ကျားမှ မဖြစ်သွားတာ’

‘ဟုတ်တယ်။ ငါ ကျားမဖြစ်သွားဘူး။ ငါ အဲလိုလည်း တစ်ခါမှ မဖြစ်ဖူးဘူး။ ဒီလိုလုပ်ဟာ။ နင် ခဏအိပ်လိုက်။ မနက်နိုးရင် ငါတို့အိမ်လာခဲ့။ ငါ အားလုံး ရှင်းပြမယ်’

………………………

နောက်နေ့ မနက်စောစော နွေဦး ရဲရင့်တို့ အိမ်သို့ရောက်လျှင် ဦးစံမြင့်နှင့် ဒေါ်တင်လှတို့သည် နွေဦးကို သံလှောင်အိမ်ကြီးထားရှိသည့် အခန်းထဲသို့ လိုက်ပြကြသည်။ မိန်းကလေးသည် အံ့သြလွန်းသဖြင့် ဘာကို ယုံရမှန်းမသိ ဖြစ်နေရှာသည်။ သူမစိတ်ထဲတွင် ပရန့်ခ် များလုပ်နေသလား။ ကင်မရာတွေပဲ ဝှက်ပြီး သူမကို ခိုးရိုက်ကာ ဟာသလုပ်နေကြသလားဟုပင် ထင်မိသည်။ သို့သော် ရဲရင့်ရော မိဘနှစ်ပါးစလုံးကပါ တည်ကြည်လေးနက်စွာနှင့် သူမကို ရှင်းပြနေကြသည်။

‘လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အန်ကယ် ရုံးအလုပ်နဲ့ မြဝတီဘက်ကို ခရီးထွက်ရတယ်။ အဲဒီ့ဘက်က တောလမ်းလေးတစ်လမ်းမှာ အန်ကယ် ငါးနှစ်သားအရွယ် ရဲရင့်ကို တွေ့ခဲ့ရတာပဲ။ အဲဒီတုန်းက သူ့တစ်ကိုယ်လုံး ရွှံ့တွေနဲ့ ပေရေပြီး မြန်မာစကားလည်း မပြောတတ်ဘူး။ ဘယ်ကလာသလဲဆိုတော့ တောထဲကိုပဲ လက်ညှိုးထိုးပြတယ်။ အန်ကယ်ကလည်း အရာရှိဆိုတော့ လုပ်ပိုင်ခွင့်တွေက ရှိတယ်မဟုတ်လား။ အဲဒါနဲ့ ဒီကလေးကို သနားပြီး အန်ကယ်ပဲ မွေးစားခဲ့တာပဲ။

ရန်ကုန်ကို ပြန်ရောက်တော့ တဖြည်းဖြည်းချင်း မြန်မာစကားသင်ရတယ်။ ထူးခြားတာက ဒီကလေးဟာ လပြည့်နေ့ရောက်ရင် အခန်းထဲက အပြင်မထွက်တော့ဘူး။ ဘာလို့လဲ မေးလည်း မရဘူး။ တစ်ညမှာတော့ အန်ကယ်လည်း စိတ်ဝင်စားတာနဲ့ လပြည့်ညတစ်ညမှာ သူ့အခန်းတံခါးကို သော့နဲ့ဖွင့်ပြီး ဝင်ကြည့်တော့ ရဲရင့်ကို မတွေ့ဘဲ ကျားတစ်ကောင်ကို တွေ့လိုက်ရတာပဲ။ ငါးနှစ်အရွယ်ကျားဟာ အခုလောက်မကြီးပေမဲ့ အယ်လ်ဇေးရှင်းခွေးတစ်ကောင် အရွယ်လောက်တော့ ရှိတယ်။ အန်ကယ်လည်း ကြောက်ကြောက်နဲ့ ပြန်ထွက်ပြေးခဲ့ရတယ်။ နောက်ပိုင်းတော့ အကောင်ကလည်း ပိုကြီးလာ အားကလည်း ပိုသန်လာတော့ တစ်ချို့ညတွေမှာ တံခါးကို ဝုန်းဒိုင်းနဲ့ အတင်းကုတ်ဖွင့်ဖို့ ကြိုးစားလာတယ်။ နောက်ဆုံးတော့ ရဲရင့် ကိုယ်တိုင်ကပဲ လပြည့်ညတွေမှာ သူ့ကို သံလှောင်အိမ်ထဲမှာ ထားဖို့ ပြောခဲ့တာပဲ’

နွေဦး မျက်လုံးလေးများ ဝိုင်းကာ နားထောင်နေသည်။ သူတို့အားလုံး ထမင်းစားပွဲတွင် ထိုင်ကာ ပြောနေကြခြင်းဖြစ်သည်။ ဦးစံမြင့်စကားဆုံးလျှင် ရဲရင့်က ဝင်ပြောသည်။

‘ငါမှတ်မိသလောက်ကတော့ ငယ်ငယ်တုန်းက ထိုင်းနိုင်ငံဘက်က ရွာလေးတစ်ရွာမှာ နေရတာ။ အဲဒီ့တုန်းက အရှိန်နဲ့ အခုထိ ငါ ထိုင်းဘာသာစကားကို နားလည်နေသေးတယ်။ နည်းနည်းပါးပါး ပြောတတ်တယ်။ ငါ့ အဖေကလည်း သမန်းကျားပဲ။ ဒါပေမဲ့ ငါတို့ မိသားစုက အဲဒီ့ဘက်မှာ ဇာတ်မြှုပ်နေတာ။ အမေကတော့ သမန်းကျားဖြစ်ပုံမရဘူး။ နောက်ဆုံး အဖေ သမန်းကျားဆိုတာလည်း သိသွားရော ရွာကလူတွေက ရှားမန်းကြီးတစ်ယောက်ကို သွားပင့်လာတယ်။ ရှားမန်းဆိုတာ အဲဒီ့ဘက်မှာ ဆေးဆရာကြီးတွေပဲ။ သူတို့က သမန်းကျားတွေကို ဘယ်လိုဖမ်းရမလဲ ဘယ်လို သတ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။

တချို့ဟာတွေတော့ ငါ သိပ်အသေးစိတ်မမှတ်မိဘူး။ ဒါပေမဲ့ ငါတို့အိမ်ကို ရှားမန်းကြီး လာတာတော့ မှတ်မိတယ်။ အဖေက အေးအေးဆေးဆေး အဖမ်းခံတယ်။ ငါတို့ သားအမိကိုတော့ ချမ်းသာပေးဖို့ ပြောတယ်။ ဒါပေမဲ့ အဲဒီ့ဆေးဆရာကြီးက ငါလည်းပဲ သမန်းကျားဆိုတာ သိသွားတာ။ ငါ့ကိုပါ ဖမ်းမယ်လုပ်တော့ အဖေက သူတို့ကို ပြန်ချတော့တာပဲ။ ချနေရင်းနဲ့ အဖေ ကျားဖြစ်သွားတယ်။ ငါတို့က ပုံမှန်ဆို လပြည့်ညတွေမှာပဲ ပြောင်းတာ။ အဲလို ပြောင်းရင် ငါဘာမှ မသိဘူး။ အိပ်ပျော်သွားသလိုပဲ။ အဲဒီ့နေ့ကျမှ အဖေ ကျားဖြစ်သွားတာ တွေ့လိုက်ရတာ။ အဲဒီနေ့ကို ငါ ဘယ်တော့မှ မမေ့ဘူး’

ရဲရင့် ပြောရင်း မျက်ရည်များကျလာသည်။ နွေဦး ရဲရင့်၏ လက်များကို လှမ်းကိုင်မိသည်။

‘တိုတိုပဲ ပြောမယ်ဟာ။ အဖေ့ကို သူတို့ အစီအရင်တွေသုံးပြီး သတ်လိုက်ကြတယ်။ အဲဒီလို သတ်နေတုန်း ငါတို့ သားအမိ ထွက်ပြေးခဲ့တာပဲ။ တောထဲမှာ အမေနဲ့ငါ လူကွဲသွားတယ်။ အဲဒါနဲ့ ခြေဦးတည့်ရာ ထွက်ပြေးခဲ့တာ။ တောထဲမှာ ငါဘယ်လောက် ပြေးနေမိသလဲ မသိဘူး။ တခါတလေ အသိစိတ်ပျောက်သွားတယ်။ နိုးလာရင် ငါ့ဘေးမှာ တောကောင်တွေ သေပြီး တချို့တဝက်ကို စားထားတာတွေ တွေ့ရတယ်။ အဲဒါဆို ငါလည်း ကြောက်ကြောက်နဲ့ ဆက်ပြေးတော့တာ။ နောက်ဆုံးမှ အခု ငါ့ကို ကျွေးမွေး စောင့်ရှောက်ထားတဲ့ အဖေဦးစံမြင့်နဲ့ တွေ့ခဲ့ရတာပဲ’

‘နင့် အမေကို နင်သွားပြန်မရှာဘူးလား’

‘ငါ ဘာကိုမှ မမှတ်မိလို့ ဘယ်က စရမှန်းလည်း မသိဘူး။ သွားတော့ ရှာချင်တယ်’

‘ရဲရင့် နင်သွားရှာချင်ရင် ငါကူညီမယ်ဟာ။ နင်လိုအပ်သမျှ ငွေရေးကြေးရေး ငါ့တာဝန်သာထား’

ရဲရင့် သူ၏ မိဘနှစ်ပါးကို လှမ်းကြည့်မိသည်။ ဒေါ်တင်လှက ဝင်ပြောသည်။

‘အမေတို့ နားလည်တယ်သား။ သားလည်း အရွယ်ရောက်နေပြီ။ တစ်ခုတော့ သတိထားပါ။ အဲဒီ့ဘက်မှာက သားအတွက် အန္တရာယ်မကင်းဘူး။ ရှားမန်းတွေက သားတို့တတွေကို အမဲလိုက်သလို လိုက်နေကြတာကိုတော့ မမေ့လိုက်ပါနဲ့’

‘စိတ်ချပါအမေ။ သား အစစအရာရာ သတိထားပါ့မယ်။’

ခဏနေလျှင် ရဲရင့်နှင့် နွေဦးတို့ အိမ်ရှေ့ရှိ ခုံတန်းလေးတွင် ဘေးချင်းယှဉ်ကာ ထိုင်လျက်ရှိသည်။

‘ဒါဆို ငါက သမန်းကျားကိုမှ ချစ်မိတာပေါ့’

‘အဲဒါကြောင့် နင့်ကို ငါ ချစ်ရေးမဆိုခဲ့တာပါ။ လူမဟုတ်တဲ့ငါ့ကို နင်တစ်သက်လုံး ဘယ်လိုပေါင်းမှာလဲ’

‘ရဲရင့် ငါတွေ့ဖူးသမျှ လူတွေထဲမှာ နင်ဟာ လူသားအဆန်ဆုံးပဲ။ ကုဋေသစ်လိုလူမျိုးကမှ တကယ့်ကို တိရစ္ဆာန်ထက် အောက်တန်းကျတာ။ ငါ နင် သဝန်တိုအောင် သူနဲ့ အပြင်သွားမိတာ တောင်းပန်ပါတယ်နော်’

‘နင့်ကို နောက်တစ်ခါ အဲလို ဘယ်သူမှ မနှောင့်ယှက်စေရဘူး။ ငါ ကတိပေးတယ်’

‘တကယ်လား ရဲရင့်။ နောက်ဆို ငါ့ကို လာထိရင် အဲဒီလူတွေကို နင်ကိုက်သတ်ပစ်ရမှာနော်...’

‘ဟုတ်တယ် ကိုက်သတ်ပစ်မယ်.. ဂါး’

ရဲရင့် မာန်ဖီသံပြုပြီး နွေဦး၏ ကိုယ်လုံးလေးကို ပွေ့ဖက်လိုက်သည်။ သူ့စိတ်ထဲတွင် နွေဦးကို ဖွင့်ပြောလိုက်ရသဖြင့် အလုံးကြီးကျသွားပြီး အလွန်ပင် စိတ်ချမ်းသာနေမိသည်။ သို့သော် သူတို့နှစ်ဦးအတွက် ရှေ့ဆက်လုပ်စရာ အစီအစဉ်ကြီးတစ်ခုက ရှိနေပြန်လေသည်။

…………………………..

နောက်ရက် အနည်းငယ်အတွင်းတွင် နွေဦးသည် မဲစောက်ဘက်သို့ သွားရန် ခရီးစဉ်ကို ရေးဆွဲလေတော့သည်။ သူတို့သည် မြဝတီနှင့် ဆက်စပ်နေသော ထိုင်းဘက်ရှိ ရွာငယ်လေးများကို တစ်ရွာဝင် တစ်ရွာထွက် ရှာဖွေကြမည်ဖြစ်သည်။ လပြည့်နေ့ မတိုင်မီ ရန်ကုန်သို့ ပြန်ရောက်နိုင်ရန်လည်း စီစဉ်ထားကြသည်။

‘နင် ကျားဖြစ်တာတော့ ငါ ကြည့်ချင်သား’

မဲစောက်သို့ သွားမည့် လေယာဉ်ပေါ်တွင် အတူထိုင်ရင်း နွေဦး ပြောလိုက်သည်။ ရဲရင့် သက်ပြင်းချကာ သူမကို ပြန်ကြည့်သည်။

‘နွေဦး ဒါရယ်စရာမဟုတ်ဘူးဟာ’

‘ငါက ရယ်စရာမလုပ်ပါဘူး။ ဒါပေမဲ့ နင်ထင်သလို ဒီကိစ္စက အဆိုးချည်းပဲလည်း မဟုတ်နိုင်ဘူးလေ’

‘ဘာလို့ အဆိုးမဖြစ်နိုင်ရမလဲ နွေဦး။ လပြည့်ညရောက်တိုင်း ထိန်းချုပ်မရတဲ့ တိရစ္ဆာန်ကြီးတစ်ကောင် ဖြစ်ဖြစ်သွားတာ ငါ့ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေအတွက် ဘယ်လောက် အန္တရာယ်များသလဲ။ နောက်ပြီးတော့ ငါလေ့လာရသလောက် ငါတို့ကို သားကောင်တွေလို အမဲလိုက်နေတဲ့ ရှားမန်းတွေ ရှိတယ်။ ငါရှိနေမှန်းသာ သူတို့သိရင် ရန်ကုန်လည်း လိုက်မှာပဲ။ နယူးရောက်မှာဆိုလည်း လိုက်မှာပဲ။ ပြီးရင် ငါတို့ကို မျိုးပြုန်းအောင် သတ်ပစ်ကြမှာ’

သူမ အသံတိတ်သွားသည်။ ရဲရင့် ပြောပြီးမှ စိတ်မကောင်း ဖြစ်မိပြန်သည်။

‘ရှားမန်းတွေက ဘာလို့ သမန်းကျားတွေကို လိုက်သတ်ရတာလဲဟင်’

‘ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ အခု ငါတို့ရောက်မဲ့ နေရာမှာတော့ ငါသိချင်နေတဲ့ အဖြေတွေ ရှိမှာ သေချာတယ်’

‘ဟုတ်တယ် ရဲရင့်။ ဒါပေမဲ့ ငါတို့ သတိထားဖို့တော့လိုတယ်။ ငါတို့သွားမှာက မြို့ပြနဲ့ ေဝးတဲ့ တောပိုင်းတွေကို သွားရမှာ။ နင့်ကို သမန်းကျားမှန်း သိသွားလို့မဖြစ်ဘူး။ အန်တီပြောသလိုပဲ နင့်အတွက် အန္တရာယ်အရမ်းများတယ်’

‘ငါ အဲဒါတွေ မကြောက်ဘူး နွေဦး။ ငါ့ကို မွေးပေးခဲ့တဲ့ အမေ့ကို ပြန်တွေ့ရဖို့ပဲ ငါစိတ်ဝင်စားတယ်။ ငါ့ကို လိုက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဟာ’

ထိုစဉ်မှာပင် သူတို့ စီးနင်းလိုက်ပါလာသော လေယာဉ်ပျံကြီးသည် မဲစောက်မြို့လေဆိပ်သို့ ဆိုက်ရောက်သွားလေတော့သည်။

……………………..

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..