ခနောင်မြကိုင်းညမဆိုင်းနဲ့ …
lotaya.mpt.com.mm
|
2021-05-05

ကျနော်တို့ငယ်ငယ်က “ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတဲ့ ဆိုရိုးစကားကို ကြားဖူးနားဝရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အကြောင်းအရာကိုတော့ တိတိကျကျမသိခဲ့ရ။ ပါးစပ်ရာဇဝင်တွေကလည်း ပေါများတယ်။ ခနောင်မြကိုင်းနဲ့ ပတ်သက်ပြီး ဇာတ်လမ်းပေါင်းများစွာကိုလည်း ကြားဖူးခဲ့ရတယ်။ တကယ်တော့ ခနောင်မြကိုင်းဆိုပြီးတော့သာ တစ်ဆက်တည်း ပြောနေကြပေမဲ့ ခနောင်ရွာနဲ့ မြကိုင်းရွာက တစ်ရွာချင်းစီဖြစ်တယ်။

“ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်ပထမဆုံး စ ပြီး ကြားဖူးတာက ရပ်ကွက်ထဲက ဦးလေးကြီးတစ်ယောက်ရဲ့ ကိုယ်တွေ့အတွေ့အကြုံပင်။ အဲဒီ ဦးလေးကြီးနာမည်က ဦးမြမောင်။ ရပ်ကွက်ထဲမှာ ဆွဲမရပြုမရတဲ့ ရိုက်နှက်တဲ့ ရန်ပွဲမျိုးတွေဆိုရင် ဦးမြမောင်ရောက်သွားရင် မီးသေပဲ။ ကျနော်တို့ မျက်မြင်မှာတော့ ဦးမြမောင်ဟာ သဘောကောင်းတယ်၊ လူတိုင်းနဲ့ခင်ခင်မင်မင်ပေါင်းသင်းတတ်တယ်။ ဒါပေမဲ့ ရပ်ကွက်ထဲက လူမိုက်တွေတင်မက မြို့နာမည်ကြီးလူမိုက်တွေက အစ ဦးမြမောင်ကို လေးစားမှုထားကြတာတွေ့ရတယ်။

ကျနော်တို့လို လူငယ်တွေနဲ့လည်း ရင်းရင်းနှီးနှီးပေါင်းတတ်သလို ဒေါသကြီးတာမျိုးလည်း မတွေ့ရတာကြောင့် ကျနော်တို့ကတော့ ဦးမြမောင်ရဲ့ နောက်ကြောင်းရာဇဝင်ဘယ်လိုရှိမလည်း မသိရပေမဲ့ ခင်မင်မိတယ်။ တစ်ရက်မှာတော့ ကျနော်တို့လူငယ်တွေ ညဘက် ချန်ပီယံလိဂ်ဘောလုံးပွဲကြည့်ဖို့စောင့်နေကြတုန်း ဦးမြမောင် ရောက်လာတယ်။

“ဟေ့ကောင်လေးတွေ ဘာထိုင်လုပ်နေကြတာတုန်း မအိပ်ကြသေးဘူးလား”

“ကျနော်တို့ ဘောလုံးပွဲကြည့်ဖို့စောင့်နေတာ ဦးမြ … ဦးမြရော မအိပ်သေးဘူးလား”

“အေး .. မအိပ်ချင်သေးပါဘူးကွာ .. မနက်ကျရင် ခနောင်ဘက်ကို သွားရဦးမှာ”

“ခနောင်က ဝေးလား … ကျနော်တို့ လိုက်ပို့ပေးမယ်လေ … အောင်ထူးဆီမှာ ဆိုင်ကယ်ရှိတယ်”

“ဟားဟား .. ငါ့ကောင်တွေကတော့ လုပ်ပြီး မင်းတို့ “ခနောင်မြကိုင်းညမဆိုင်းနဲ့”ဆိုတာ မကြားဖူးဘူးလား”

“မကြားဖူးပါဘူး ဘာဖြစ်လို့လည်း ပြောပြပါလား”

“အေးကွ .. အခုဆိုရင်တော့ “ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတာ စကားပုံသက်သက်အဖြစ်သာ ကျန်ခဲ့တော့တာပေါ့ကွာ။ ခေတ်ကာလတွေကလည်း ပြောင်းပြီကိုး။ ဒါပေမဲ့ အခုချိန်ထိတိုင် ခနောင်၊ မြကိုင်း ဘက်ဆို မသွားချင်တဲ့သူတွေ ရှိနေတုန်းပဲကွ။ အထူးသဖြင့် ငါတို့လို အသက်အရွယ်တန်းလည်းဖြစ်မယ်၊ ခနောင်မြကိုင်းအကြောင်းလည်း ကောင်းကောင်းသိတဲ့သူတွေဆို မသွားချင်ကြဘူးကွ”

ကျနော်တို့ အဖွဲ့တွေ တော်တော်လေးစိတ်ဝင်စားသွားကြတယ်။ ဘောလုံးပွဲလာဖို့ကလည်း နောက်ထပ် နှစ်နာရီလောက်လိုသေးတာကြောင့် ဦးမြမောင်ကို ခနောင်မြကိုင်းနဲ့ပတ်သက်ပြီး သိချင်တာတွေ ဝိုင်းမေးကြတယ်။

“ဒီလိုကွ .. “ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတဲ့ စကားပုံဖြစ်လာတာ ငါတို့လက်ထက်တောင်မဟုတ်ဘူး။ ငါတို့ အဖိုးတွေလက်ထက် အင်္ဂလိပ်ခေတ်ကတည်းကလို့တောင်ဆိုလို့ရတယ်။ ခနောင်နဲ့မြကိုင်းက တစ်ရွာချင်းစီဆိုပေမဲ့ ရွာချင်းကပ်လျက် တစ်ရွာနဲ့တစ်ရွာကို လမ်းလျှောက်သွားရင် ဆယ်မိနစ်လောက်ပဲကြာတယ်။ တစ်ချိန်တုန်းက အစိုးရရဲ့ အာဏာစက်ပြန့်ဖို့ နည်းနည်းဝေးတာရယ်၊ နယ်မြေခံရွာသားတွေရဲ့ လက်ရဲဇက်ရဲရှိတာရယ်ကြောင့် အဲဒီရွာဘက်တွေကိုသွားရင် အသိအကျွမ်းမရှိဘဲနဲ့ သွားလာဖို့အဆင်မပြေသလို ညအိပ်ညနေသွားမယ်ဆိုရင်လည်း စိတ်ချလုံခြုံမှုအပြည့်အဝမရှိတာကြောင့် “ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတဲ့ ဆိုရိုးစကားပေါ်လာခဲ့တာလို့ ယူဆလို့ရတယ်ကွ”

“ငါကလည်း ငယ်ငယ်တုန်းက ခပ်ရွတ်ရွတ်ကောင်ကွ။ ဆိုရရင် လူမိုက်ပေါက်စပေါ့ကွာ။ ငါတို့လည်း “ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတဲ့ စကားကို ကြားခဲ့တုန်းက ခပ်ပေါ့ပေါ့ပဲထင်ခဲ့မိတာ။ ကိုယ်တိုင်ကြုံတွေ့ရတော့မှ ဖြုံသွားတာ”

ကျနော်က စကားဖြတ်ပြီး ..

“ဦးလေးက အရင်က လူမိုက်ပေါ့လေ”

“အေးကွာ အဲဒီလိုလည်း ပြောလို့ရတယ်”

“အခုရော ..”

“မင်းတို့ငါ့ကို ဘယ်လိုမြင်လဲ”

ဦးမြမောင်ရဲ့ တန်ပြန်အမေးကြောင့် ကျနော်တို့အဖွဲ့ တစ်ယောက်တစ်ပေါက် ဝိုင်းဖြေကြတယ်။

“ကျနော်မြင်တာတော့ ဦးမြ ပုံစံက လူမိုက်ပုံစံမှမပေါက်တာ”

“လူမိုက်ဆိုတာ ရုပ်ကြမ်းကြမ်းရန်လိုနေတဲ့ပုံစံမျိုးလေ ဦးမြက ပျော်ပျော်နေတတ်တာ လူမိုက်ဘယ်လိုဖြစ်နိုင်မှာလဲ”

“အေးလေ .. ဦးမြ ကျနော်တို့ကို နောက်နေတာလား”

ဦးမြက ပြုံးစစမျက်နှာပေးနဲ့ ..

“မင်းတို့ .. ကျင်နု ကို သိလား”

ကျင်နု ဆိုတဲ့ အသံကြားတော့ ကျနော်တို့ လူငယ်တွေအားလုံး တွန့်ပြီးတော့ တိတ်ဆိတ်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျင်နုဆိုတာ ဒီမြို့မှာတော့ တပည့်တပန်းပေါပြီး အာဏာပိုင်တွေကိုတောင် အိတ်ကပ်ထဲထည့်ထားတဲ့ လူမိုက်အကြီးစားတစ်ယောက်။ တော်ရုံတန်ရုံလူမိုက်တွေက ကျင်နု ကို ရှောင်လေ့ရှိကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ထိပ်တိုက်တွေ့တဲ့သူတိုင်း ဘဝပျက်လေ့ရှိတာကြောင့်ပဲ။ ကျင်နုက ကျနော်တို့ရပ်ကွက်ကမဟုတ်ပေမဲ့ ကျနော်တို့ရပ်ကွက်ထဲမှာ ကျင်နု တပည့်တွေရှိသလို တန်ခိုးလည်းထွားကြတယ်။ အခု ဦးမြမောင်က ကျင်နု ကို သိလားဆိုတော့ .. အားလုံးက ပြိုင်တူပင် အသံလေးတွေတိုးသွားပြီး ..

“သိတယ်လေ ဦးမြ”

“အေး .. မင်းတို့ကောင်တွေ တစ်ချိန်ချိန်မှာ သူနဲ့ထိပ်တိုက်တွေ့တဲ့အခါ ဒါမှမဟုတ် သူ့တပည့်တွေနဲ့တွေ့တဲ့အခါ ကျနော်တို့က ဦးမြ လူတွေလို့ပါ ပြောလိုက်ကွာ”

ကျနော်တို့ တစ်ဖွဲ့လုံး နည်းနည်းတော့ လန့်သွားတယ်။ ယုံတဝက်မယုံတဝက်လည်း ဖြစ်သွားတယ်။ ကျနော်တို့ အမြင်မှာတော့ ဦးမြ ဟာ လူမိုက်တစ်ယောက်မှ မဟုတ်တာ။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ထားလိုက်ပြီး ဦးမြဆက်ပြောမယ့်စကားကိုပဲ ပိုမိုစိတ်ဝင်စားမိတယ်။

“အေးကွာ .. ဆက်ပြောရရင် .. တစ်ရက်မှာ ငါတို့အဖွဲ့တွေ ကြက်တိုက်ဖို့ ခနောင်ရွာဘက်ကို ရောက်သွားကြတယ်။ ရွာတွေမှာက ကြက်ပွဲတွေခဏခဏရှိတာမျိုးမဟုတ်ဘဲ ကြေးအရမ်းကြီးမှ လေးငါးရွာပေါင်းပြီး အကြီးအကျယ်ကြက်ဝိုင်းတည်ကြတာ။ အခုဒီဘက်ခေတ်လို ဆိုင်ကယ်တွေမပေါတော့ ငါတို့ကတော့ ကားနဲ့ပဲ သွားရတာပေါ့။ အဲဒီခေတ်က လိုင်းကားဆိုတာ တော်တော်စုတ်တယ်ကွ။ နောက်ပြီးတော့ လိုင်းကားက မနက်တစ်ခေါက်၊ ညတစ်ခေါက်ပဲ ရှိတာ။ အခုချိန် သွားရင်တော့ လမ်းပန်းသာလာတာကြောင့် တစ်နာရီကျော်ကျော်လောက်ပဲ ကြာပေမဲ့ ငါတို့တုန်းက သုံးနာရီကျော်ကျော်လောက်သွားရတယ်။ နေ့ချင်းပြန်မယ်ဆိုရင် မနက်ကားနဲ့သွားပြီး ညနေကားနဲ့ပြန်လိုက်လာမှ ရမှာ။ ငါတို့ကတော့ ပထမတုန်းက နေ့ချင်းပြန်သွားဖို့ပဲ ရည်ရွယ်ထားခဲ့တာ”

ပြောနေရင်းနဲ့ ဦးမြက စကားစ ခဏဖြတ်လိုက်ပြီး ဆေးပေါ့လိပ်ကို မီးညှိဖွာလိုက်သေးတယ်။ ကျနော်တို့ တစ်ဖွဲ့လုံးကတော့ စိတ်ဝင်တစားနားထောင်နေမိတာပေါ့။

“ကြက်ဝိုင်းကလည်း ခနောင်ရွာနဲ့ မြကိုင်းရွာကြားက နေရာမှာလုပ်တာဆိုတော့ ငါတို့က ကြက်ဝိုင်းဆီကိုရောက်ဖို့ ခနောင်ကို ဖြတ်ရတယ်။ ဟိုဘက်က မြကိုင်းကို ဖြတ်ပြီးလာတဲ့ ရွာတွေက ကြက်ဝါသနာအိုးတွေကလည်း တော်တော်များတယ်။ ဆိုရရင်ကွာ ခနောင်ရွာဘက်အခြမ်းကလာတဲ့သူတွေနဲ့ မြကိုင်းရွာဘက်အခြမ်းက လာတဲ့သူတွေ က မပေါင်းမိသွားဘဲ ဟိုဘက်ဒီဘက်သပ်သပ်စီလို ဖြစ်သွားတယ်။ လူတွေကလည်း အုန်းအုန်းထနေတာပဲ။ မြို့ပေါ်က ရဲ တွေက သိပေမဲ့ ကြက်ဝိုင်းစတည်တဲ့ ရွာလူမိုက်တွေက ကြိုတင်အကြောင်းကြားပြီး နည်းနည်းပါးပါး ပေးထားတော့ မသိချင်ယောင်ဆောင်နေလိုက်တာပေါ့ကွာ။ တကယ်လို့ လာဖမ်းမယ်ဆိုရင်လည်း အချုပ်ကားငါးစီးလောက်ပါမှ ဆန့်မယ်ထင်တယ်”

ဦးမြ ပြောသမျှကို ကျနော်တို့ တစ်ဖွဲ့လုံး အထူးအဆန်းသဖွယ်ဖြစ်နေတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ အဲဒါမျိုး မကြုံမတွေ့ဖူးဘူးလေ။

“ဝိုင်းကလည်း တော်တော်ကောင်းတယ်ကွာ။ တဝိုင်းလုံးမှာ ပါသမျှလူတွေရဲ့ ပိုက်ဆံတွေ ပေါင်းလိုက်ရင် ဆယ်သိန်းကျော်လောက်ရှိမယ်။ အဲဒီခေတ်က ဆန်တစ်ပြည်မှ နှစ်ဆယ်လောက်ပဲ ရှိသေးတာကွ အသုပ်သည်တွေ၊ ကွမ်းယာသည်တွေတင်မကဘူး အရက်တောင်တစ်ခွက်ချင်းရောင်းတဲ့သူရှိတယ်။ အခုခေတ်မင်းတို့ ဘား မှာ သောက်သလိုပေါ့ကွာ ဟားဟား”

ဦးမြမောင်က သူပြောတဲ့စကားသူသဘောကျပြီး ရယ်လိုက်သေးတယ်။

“အဲဒီနေ့က ငါတို့အဖွဲ့က သုံးသိန်းလောက်နိုင်တယ်။ ငါတို့ ဒီက သွားတာ အားလုံးပေါင်း ၇ယောက်။ ခနောင်ရွာမှာ ငါတို့နဲ့ သိတဲ့အဖွဲ့က လေးယောက်ဆိုတော့ အားလုံးပေါင်း ၁၁ယောက်ဆိုတော့ တစ်ယောက်ကို ၃သောင်းလောက်တော့ ရတာပေါ့ကွာ။ ငါကတော့ ကြက်အကြောင်းနားမလည်သလို ပိုက်ဆံလည်း အများကြီးမရှိပါဘူး။ ငါက သူတို့နဲ့ လိုက်တဲ့ အတွက် နေ့တွက်ခ ငါးရာပေးတယ်။ နိုင်ရင် ခွဲယူတယ် ရှုံးရင်တော့ အဲဒီငါးရာနဲ့ပဲ အိမ်ပြန်လာရတာပေါ့”

“ဟာ … ဦးမြ က ဝင်ငွေဖြောင့်လှချည်လား အခုရော မလုပ်တော့ဘူးလား”

“အေး မင်းတို့က ပိုက်ဆံရတာပဲ မြင်တယ် ကိုယ့်နယ်မြေမဟုတ်တဲ့ နေရာမှာ အခန့်မသင့်ရင် သူ့အသတ်ကိုယ့်အသတ်လုရနိုင်တဲ့ အခြေအနေမျိုးတွေရယ်၊ ရဲလာဖမ်းလို့မိရင် ထောင်ကျနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်လေကွာ”

“ ကဲ .. ဆက်ပါဦး ဦးမြရေ ဘာဆက်ဖြစ်လည်းဆိုတာ သိချင်နေပြီ”

“အေးကွာ ဝိုင်းသိမ်းတော့ ညနေ ၃နာရီခွဲနေပြီ။ နေ့လယ်စာလည်း မစားရသေးဘူး။ အဲဒါနဲ့ ခနောင်ရွာက ငါတို့အဖွဲ့ထဲက တစ်ယောက်ရဲ့ အိမ်မှာပဲ ဝိုင်းလိုက်ကြတာပေါ့။ ပိုက်ဆံတွေကလည်း တော်တော်များများနိုင်ထားကြတော့ ဆိတ်တစ်ကောင်ဝယ်ပြီး ချက်လိုက်တယ်။ ပြီးတော့ တောအရက်တွေနဲ့ မင်းတို့အခုခေတ် ဗန်းစကားနဲ့ဆိုရင် ပွဲခံနေတာပေါ့ကွာ”

“ဦးမြ ပြောမှ ကျနော်တောင် အရက်သောက်ချင်လာပြီ”

ကျနော်တို့ အဖွဲ့ထဲက အရက်ကြိုက်တဲ့ အောင်ဝင်းက ထ ပြောလိုက်တာ။ ဦးမြကတော့ ပြုံးပြုံးနဲ့ပဲ ..

“အေး နောက်မှ ငါမင်းတို့ကို တောအရက်စစ်စစ်တိုက်ဦးမယ်ကွာ”

“အေးဆက်ပြောရမယ်ဆိုရင်ကွာ … ငါတို့ သောက်စားပျော်ပါးမူးရူးနေလိုက်တာ ညနေ ရွာကနေ မြို့ကိုပြန်တက်မယ့်ကား လွတ် သွားတာပေါ့ကွာ အဲဒါနဲ့ ငါတို့လည်း မထူးဘူးဆိုပြီးတော့ ရွာမှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့… ငါတို့တွေ က စကားတွေပြောလိုက် သောက်လိုက်စားလိုက်နဲ့ အရက်ရှိန်ကြောင့်ရော၊ ပင်ပန်းတဲ့အရှိန်တွေကြောင့်ရော ည ခုနှစ်နာရီခွဲလောက်မှာ တော်တော်များများ မှောက်သွားကြပြီ။ ငါရယ်၊ ရွာခံနှစ်ယောက်ရယ်ပဲ ကျန်တော့တယ် ငါတို့လည်း ထွေရာလေးပါးလေးတွေ ပြောရင်း ဇိမ်ယစ်နေတာပေါ့ကွာ”

ဦးမြက လက်က နာရီကို ကြည့်လိုက်တော့ … ကျနော်က

“ဆက်ပြောပါ ဦးမြရယ် ကျနော်တို့ ဘောလုံးပွဲလည်း လွတ်ချင်လွတ်ပါစေ”

“အေးပါ ဆက်ပြောပါ့မယ် … အဲဒါနဲ့ကွာ .. ငါက ကြားဖူးနားဝရှိတဲ့ “ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ရွာခံတွေကို မေးကြည့်တာပေါ့။ ရွာခံနှစ်ယောက်ကလည်း ရွာမှာ အတော်အတန်သင့် ဩဇာရှိတဲ့ လူမိုက်တွေကွ နောက်ပြီး ငါ အဲဒီလို မေးလိုက်ရော.. နှစ်ယောက်စလုံး ထ ရယ်ကြတယ်။ ပြီးတော့ ကိုမြက ကြောက်လို့လား လို့ ပြန်မေးတယ် ငါကလည်း မတွေ့ဖူးမကြုံးရတဲ့အရာတွေအတွက် တွေးပူပြီးတော့ မကြောက်တတ်ပါဘူး ဒါပေမဲ့ အဲဒီ ဆိုရိုးစကားကိုတော့ နည်းနည်းလေး စိတ်ဝင်စားမိလို့ပါလို့ ဆိုတော့ .. သူတို့ နှစ်ယောက်က .. ငါ့ကို ဘာပြန်ပြောတယ်မှတ်လဲ … သူတို့ အခုချိန်ထိ အရက်ကို နည်းနည်းပဲ သောက်ထားသေးတာတဲ့ ဘာဖြစ်လို့လည်းဆိုတော့ ဒီည သူတို့ နှစ်ယောက်လုံးဝ အိပ်လို့ မဖြစ်ဘူးလို့ ပြန်ပြောတယ် ငါ့ကိုလည်း သိချင်ရင် ဒီည မအိပ်ဘဲ စောင့်ကြည့်လို့ ပြောတယ် ငါလည်း တော်တော် စိတ်ဝင်စားသွားတာပေါ့ အဲဒါနဲ့ ငါလည်း ဟုတ်ပီဗျာ ကျနော်လည်း မအိပ်ဘဲ စောင့်ကြည့်မယ်လို့ ပြောလိုက်တယ်”

“ည ရှစ်နာရီခွဲလောက်လည်းကျရော တစ်ရွာလုံး တိတ်ဆိတ်ပြီးမှောင်မည်းသွားတယ်။ လျှပ်စီးမီးကလည်း မရှိတော့ မှောင်မည်းနေတာပေါ့။ ငါတို့ သုံးယောက်လည်း အရက်ကိုဖြည်းဖြည်းချင်းသောက်ရင်း စကားပြောနေတာပေါ့ အဲဒီအချိန်မှာ တစ်ယောက်က ထ သွားပြီး အိပ်ခန်းထဲက ငှက်ကြီးတောင် ဓား ကို သွားယူတယ် ငါ့ကိုတော့ ဝါးရင်းတုတ်ကိုင်ထားဆိုပြီး ဝါးရင်းတုတ်တစ်ချောင်းပေးတယ်။ သူတို့နှစ်ယောက်ကတော့ ငှက်ကြီးတောင် ကိုယ်စီဘေးမှာ ချပြီး စကားတွေ ဆက်ပြောနေတယ်။ အခြားသူတွေကတော့ မူးပြီး ပိုးလိုးပက်လက်တွေ အိပ်ပျော်နေကြတာပေါ့”

“ညနက်လာလေ တိတ်ဆိတ်မှုက ပိုပြီး ကြီးစိုးလာလေပဲ။ ငါလည်း ရန်ပွဲတွေခဏခဏကြုံခဲ့ဖူးတော့ စိတ်ထဲမှာတော့ အန္တရာယ်အငွေ့အသက်တစ်ခုခုကို ရနေတယ် ဒါပေမဲ့ အတိအကျတော့ မသိဘူး။ ခန့်မှန်းခြေ ည ဆယ်နာရီဝန်းကျင်လောက်မှာ ရွာထိပ်က ခွေးတွေက တောက်လျှောက်အူတာ မနားစတမ်းဘဲ အဲဒီအချိန်မှာ ရွာခံလူမိုက်က ငါ့ကို တိုင်အနောက်မှာ သွားနေဖို့ပြောတယ် ငါတို့က အိမ်ရှေ့ကွပ်ပျစ်မှာ သောက်နေကြတာဆိုတော့ ဟာလာဟင်းလင်းကြီးပေါ့ ငါ့ကို ပြောပြီး သူတို့ နှစ်ယောက်က ခြံထဲကို ဆင်းသွားပြီး ထောင့်နားက ဝါးရုံပင်အောက်မှာ သွားထိုင်နေကြတယ်။ ငါလည်း တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ သိတယ် ဘာမှန်းတော့ မသိသေးဘူး။ အဲဒီအချိန်မှာပဲ ခြေသံတွေ ကြားရတယ် ခန့်မှန်းခြေ ငါးယောက်လောက်ရှိမယ် ငါတို့ နေတဲ့ အိမ်ဘက်ကို ဦးတည်ပြီး လာနေကြတာ”

“အိမ်ရှေ့ရောက်တော့ တစ်ယောက်က လှုပ်ရှားလိုက်တယ် အိမ်ထဲ ဂွနဲ့ လှမ်းပစ်တာ။ အမှောင်ထဲကနေ ငါထင်လိုက်တာ ဂွ နဲ့ ပစ်တာလို့ပဲ ထင်တာ အမှန်က ဂျင်ကလိနဲ့ လှမ်းပစ်တာ”

“ဂျင်ကလိဆိုတာ ဘယ်လိုမျိုးလဲ ဦးမြ”

“ဂျင်ကလိဆိုတာ လေးဂွသရေကြိုးနဲ့ပဲ ဒါပေမဲ့ လောက်စာလုံးထည့်ပစ်တာ မဟုတ်ဘူး။ သံချောင်း ဒါမှမဟုတ် စမုတ်တံအချောင်းကို အရှေ့မှာ အထစ်လေးလုပ်ပြီး ပစ်တာ။ သူက စိုက်သွားလို့ ဆွဲနှုတ်လိုက်တာနဲ့ အသားတွေ ပြဲထွက်သွားရော။ အချို့က ဂျင်ကလိထိပ်မှာ အဆိပ်သုတ်ထားတာ အဆိပ်ကလည်း အမျိုးမျိုးရှိတယ် တစ်စွေ့ခုန်၊ နှစ်စွေ့ခုန်တို့ ဝါးတပြန် တို့ အဲဒီလိုမျိုးပေါ့ကွာ”

“အဲဒီ လာတဲ့ လူတွေက လူမိုက်တွေပဲလား”

“ဟာ မင်းကလည်း အမေးအမြန်းထူလိုက်တာ ဦးမြ ပြောတာ ကောင်းခန်းရောက်နေပြီ မေးချင်ရင် ပြီးမှာ မေး”

ကျနော်က ဝင်ပြောလိုက်ပြီး ဦးမြရဲ့ ဇာတ်လမ်းကို ထပ်ဆက်ခိုင်းတယ်။

“ဒီကောင်တွေက ဂျင်ကလိနဲ့ အိမ်ထဲကို ငါးချက်လောက်ဆော်တာ ငါကလည်း တိုင်အနောက်မှာ မလှုပ်ရဲဘူး အိပ်နေတဲ့ သူတွေကလည်း တစ်ယောက်မှ မနိုးကြဘူး။ ဂျင်ကလိနဲ့ ငါးချက်လောက်ပစ်ပြီးတော့ သုံးယောက်ဝင်လာတယ် ငါလည်း တော်တော်စိတ်လှုပ်ရှားသွားတယ် ငါ ဘာလုပ်ကမလည်းဆိုတာလည်း အဲဒီအချိန်မှာ မသိဘူး။ ဝင်လာတဲ့ သုံးယောက်က ဝါးရုံပင်ကို ကျောခိုင်းပြီး အိမ်ထဲကို အာရုံစိုက်ပြီးလာတာ အပြင်က နှစ်ယောက်က ကင်းစောင့်ပုံစံမျိုးနဲ့ နေခဲ့ပုံရတယ်။ တဖြည်းနဲ့ သူတို့တွေက အိမ်နားကို ရောက်လာပြီ ဝါးရုံပင်နဲ့ အိမ်ကြားထဲကို ရောက်လာပြီ။ ငါက ထွက်ရိုက်ရမှာလား ဒီအတိုင်းငြိမ်နေရမလားဆိုတာ ဝေခွဲရခက်နေချိန်မှာပဲ ဝါးရုံပင်ထဲမှာ ပုန်းနေတဲ့ ရွာခံလူမိုက်နှစ်ယောက်က ဓားနဲ့ ပြေးခုတ်တယ်။ ဟို သုံးယောက်ကလည်း လျင်လိုက်တာကွာ … ချက်ချင်း ရှောင်ထွက်သွားတယ်။ ဒါပေမဲ့ တစ်ယောက်ကတော့ ပုခုံးကို ရှပ်ထိသွားတယ်။ ငါလည်း ထပ်ပြီးစဉ်းစားမနေတော့ဘဲ အိမ်ပေါ်ကနေ ပြေးဆင်းပြီး အနီးဆုံးက တစ်ယောက်ကို အားကုန်ရိုက်ချလိုက်တယ် ခေါင်းကို တည့်တည့်ထိပြီး ခွပ် ကနဲ့ မြည်သွားပြီး အရုပ်ကြိုးပြတ်ပစ်လဲသွားတယ်။ အဲဒီအချိန်မှာ အပြင်မှာ ရပ်နေတဲ့ နှစ်ယောက်က ပြေးဝင်လာတယ်။ အိမ်ရှေ့ကွက်လပ်မှာ ခုတ်ကြတာပေါ့ကွာ ဓားတွေကြားထဲမှာ ငါလည်း ဝါးရင်းတုတ်နဲ့ ရိုက်တာပေါ့။ ဓားဓားချင်းထိသံတွေ ချွင်ကနဲ ချွင်ကနဲ ဖြစ်နေပြီး တစ်ချက်မှာတော့ ငါ့လက်မောင်းတစ်ခုလုံးပူကနဲဖြစ်သွားတယ်။ အဲဒီအချိန်မှာပဲ အိပ်ပျော်နေတဲ့ ငါတို့ လူတွေ နိုးလာတယ်။ ငါတို့ လူအင်အားက တော်တော်များများသွားတော့ ဟိုကောင်တွေက ထွက်ပြေးသွားကြတယ်။ ငါရိုက်ထားတဲ့ သူတို့လူတစ်ယောက်ကတော့ မှောက်ပြီး ကျန်ခဲ့တယ်”

“ငါရိုက်ထားလို့ မှောက်နေတဲ့ ကောင်ကို လှန်ကြည့်လိုက်တော့ နဖူးက ဟက်တက်ကွဲနေပြီး သွေးတွေက မြင်မကောင်းအောင် ကျနေတယ် ငါက စိုးရိမ်နေတာ တကယ်လို့များ ဒီကောင် သေသွားရင် လူသတ်မှုနဲ့ ထောင်ကျမှာဆိုပြီး ဒါပေမဲ့ ရွာခံလူမိုက်တွေကတော့ မစိုးရိမ်ဖို့ ပြောတယ်။ သူ့ကို ဘယ်လိုလုပ်မှာလည်းမေးတော့ ဘယ်လိုမှမလုပ်ဘူး ရွာထိပ်က သင်္ချိုင်းမှာ သွားပစ်ထားလိုက်မယ်တဲ့”

“အဲဒီလူ သေ သွားလား”

“မသေဘူးထင်တယ် မနက်မိုးလင်းတော့ သင်္ချိုင်းမှာ သွားကြည့်တော့ သူမရှိတော့ဘူး သူ့လူတွေ လာပြန်ခေါ်သွားပုံရတယ်”

“အဲဒီ လူတွေက ဘယ်သူတွေလဲ”

“ဓါးပြတွေတဲ့”

“သူတို့က ဦးလေးမြတို့ လူတွေဒီလောက်အများကြီးရှိတာကို မသိဘဲ လာတိုက်တာလား”

“ရွာခံလူမိုက်ပြောပုံအရဆိုရင်တော့ .. ငါတို့ လူအင်အားများတာကိုလည်း သိတယ်။ ငါတို့ ပျော်ပါးသောက်စားနေတာကိုလည်း သိတယ်။ သူတို့ လာတဲ့အချိန်ကျရင် ငါတို့ အမူးလွန်ပြီး အိပ်ပျော်နေမယ်ထင်တာ ငါတို့သာ အိပ်ပျော်နေရင် ငါတို့အားလုံးကို သတ်ပြီး ရှိသမျှပိုက်ဆံတွေအားလုံးကို ယူသွားမှာတဲ့”

“ဟာ .. အဲဒီလောက်တောင်လား”

“အေး ရွာခံလူမိုက်တွေ ပြောပုံအရဆိုရင် ဒါမျိုးတွေက သူတို့ရွာဘက်တွေမှာ မကြာမကြာဖြစ်လေ့ရှိတယ်တဲ့ အထူးသဖြင့် နွားပွဲစားတွေ၊ စပါးပွဲစားတွေ အများဆုံးခံရလေ့ရှိတယ်တဲ့ .. သူတို့က ပိုက်ဆံတွေပါလာတဲ့ ဧည့်သည်တွေပဲဖြစ်ဖြစ်၊ ရန်ငြှိုးရန်စကြောင့်ပဲ ဖြစ်ဖြစ် ရှင်းပစ်ချင်ပြီဆိုရင် အခုလိုမျိုး ညဘက်တွေရောက်လာပြီး အိပ်နေတဲ့အချိန်တွေမှာ ဝင်ခုတ်သွားကြတာတဲ့ အဲဒါကြောင့် “ခနောင်မြကိုင်းညမဆိုင်းနဲ့” ဆိုတဲ့ စကားပေါ်လာတာတဲ့။ ဆိုလိုချင်တာကကွာ မင်းအဲဒီရွာတွေဘက်သွားရင် တစ်နေကုန် အရက်ပဲသောက်သောက်၊ ဖွန်ပဲကြောင်ကြောင်၊ လောင်းကစားပဲလုပ်လုပ် ပြဿနာမရှိဘူး။ အေး ညအိပ်ဖို့တော့ မစဉ်းစားလေနဲ့ ဘယ်လိုမှ လုံခြုံမှုမရှိလို့ ဒီစကားထွက်လာတာလို့ ပြောကြတယ်”

“ဒါနဲ့ ဦးမြက မနက်ကျရင် ခနောင်ကို ဘာသွားလုပ်မှာလဲ”

“အေး ငါ့ဇာတ်ကြောင်းတွေကို ထိုင်ပြောရရင် နောက်ထပ်လေးငါးညလောက် ကြာသွားလိမ့်မယ် အတိုချုပ်ပြီးတော့ပဲ ပြောလိုက်မယ် နောက်ပိုင်း ငါတို့က အဲဒီရွာတွေဘက်ကို မသွားတော့ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ ငါအိမ်ထောင်ကျတော့ ငါ့အမျိုးသမီးက အဲဒီရွာဇာတိဖြစ်နေတယ်ကွာ တိုက်ဆိုင်ချက်က အဲဒီလိုပါဆို။ အခုတော့ ငါ့အမျိုးသမီးလည်း ဆုံးသွားကတည်း မရောက်ဖြစ်တာ အခု ယောက္ခမကြီး အသည်းအသန်ဖြစ်နေတယ်ဆိုလို့ သတင်းမေးသွားမလို့ကွ”

“ဦးလေး သတိထားသွားဦးနော် တော်ကြာ ညဘက်ကြီး လာအခုတ်ခံနေရဦးမယ်”

ကျနော်က နောက်သလို ပြောင်သလိုနဲ့ ပြောတော့ …

“ဟ ကောင်ရေ အခုက ခေတ်တွေပြောင်းသွားပြီကွ … အဲဒီရွာဘက်တွေကို သွားကြည့်လိုက်ဦး ကွန်ကရစ်လမ်းနဲ့ လျှပ်စစ်မီးနဲ့ တစ်ရွာလုံး ဖုန်းတွေတောင် ကိုင်နေပြီ။ အရင်လို လူမိုက်တွေလည်း မရှိကြတော့ပါဘူး။ လူငယ်တော်တော်များများကလည်း မြို့ပေါ်မှာ ကူးချည်သန်းချည်တွေလုပ်လာကြတယ်ဆိုတော့ အမြင်တွေလည်း ကျယ်နေကြပါပြီ။ အခုဆို အဲဒီရွာတွေဘက်မှာ ကြက်ဝိုင်းတွေတောင် မရှိကြတော့ဘူးဟ”

အဲဒီညမှာ ကျနော်တို့ ဘောလုံးပွဲ ဒုတိယပိုင်းသာ မီလိုက်တယ်။ နောက်တစ်လလောက်နေတော့ ကျနော်တို့အဖွဲ့နဲ့ မြို့လူမိုက် ကျင်နုရဲ့ တပည့်တွေနဲ့ အရက်ဆိုင်မှာ စကားများကြတယ်။ ကျနော်တို့က လူအင်အားနည်းနည်းများတော့ ဆော်ချလိုက်တယ်။ သိပ်မကြာပါဘူး။ ကျင်နု ကိုယ်တိုင် လူမိုက်တော်တော်များများနဲ့ ကျနော်တို့ဆီရောက်လာကြတယ်။ ကျနော်တို့လည်း တော်တော်လေး ထိတ်လန့်သွားကြတယ်။ ကျင်နုက

“ငါ့တပည့်တွေကို ရိုက်လိုက်တာ မင်းတို့လားဆိုပြီး ကျနော့်မျက်နှာကို တည့်တည့်ကြည့်ပြီး မေးတယ်”

သူတို့ဆီမှာ ဓားတွေလည်း ပါတယ်။ အဲဒီအချိန်မှာပဲ… ကျနော်တို့ သတင်းကို ကြားပြီး ဦးမြ ရောက်လာတယ်။

“ဟေ့ကောင် ကျင်နု”

“ဟာ .. ကိုမွ”

“မင်းငါ့ခလေးတွေကို လာဖြဲနေတာလား”

“ဟာ .. ကိုမြ ခလေးတွေလား… ဆောရီးပါဗျာ ကျနော်မသိလို့ပါ”

“အေး အခု မင်းသိပြီမလား ပြန်တော့”

“ဟုတ် .. ဟုတ် ကဲ့ ကိုမြ”

ကျင်နုတစ်ယောက် ခပ်သုတ်သုတ်ပင် ဆိုင်ထဲက ပြန်ထွက်သွားတယ်။ ကျနော်တို့လည်း အဲဒီတော့မှ ဦးမြ ဟာ လူမိုက်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ အကြွင်းမဲ့ ယုံသွားတော့တယ်။ နောက်ပိုင်းမှာ ကျနော်တို့တွေ မတွေ့ကြုံလိုက်ရတဲ့ အကြောင်းအရာတွေ၊ လွမ်းမောစရာကိစ္စတွေကို ဦးမြ ဆီက မကြာမကြာ ကြားရလေ့ရှိနေတော့တာပါပဲ။ ။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..