
အတိတ်ရဲ့အရိပ်
အပိုင်း ( ၄ )
၃ပေဝန်းကျင်ခန့်ကျယ်ဝန်းသော ဂါထာစက်ဝိုင်းကြီးဆွဲ
ပြီးထိုစက်ဝိုင်းပေါ်တွင်ထိုင်ကာ မန္တာန်ကိုရွတ်ဆိုလိုက်
သည်။ ထိုအစွမ်းဂုဏ်သတ္တိက တမူထူးခြား၏။
လူ၏ခန္ဓာကိုယ်ကထိုစက်ဝိုင်းအတွင်းကျန်ရှိနေခဲ့ပြီး
စိတ်ဝိဉာဉ်ကသာ ရှစ်ထောင့်ကြယ်ဂူသင်္ချိုင်းသို့ ရောက်
သွားစေကာ ကျန်ရစ်ခဲ့သော ခန္ဓာကိုယ်အား ဂါထာစက်
ဝိုင်းကြီးက အကာအကွယ်ပေးလေသည်။
ထိုစက်ဝိုင်းထဲနေလျှင် မည်မျှအစွမ်းထက်ပါသည်ဟူ
သော မကောင်းဆိုးရွားမိစ္ဆာများနှင့် ပညာသည်များ၊
အနှောင့်အယှက်မပြုနိုင်ချေ။
မှုံနံသာလည်း မန္တာန်ရွတ်ဆိုပြီးသည်နှင့် မြေကြီးအောက်
ကို အရှိန်ပြင်းစွာပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ
တော့သည်။ လျှင်မြန်လွန်းသည့်အရှိန်ကြောင့် မည်သည်
မှမတွေးတောနိုင်ခင်မှာပင် မြေအောက်လှိုဏ်ဂူကြီး
တစ်ခု၏မြေပြင်ပေါ်သို့ရောက်သွားချေပြီ။
ပြုတ်ကျသည့်အရှိန်သည်နာကျင်မှု စိုးစဉ်းမျှမရှိနေပေ။
ကုန်းရုန်းထကာဘေးဘီဝဲယာကိုကြည့်လိုက်မိသည်။
ကြယ်ပုံသဏ္ဍာန်အမှတ်အသားများအား အများအပြားတွေ့လိုက်ရသဖြင့် ရှစ်ထောင့်ကြယ်သင်္ချိုင်းသို့ ရောက်
နေပြီမှန်းသိရှိလိုက်လေသည်။
" အန်တီငြိမ်း "
အာရုံခံကာအသံလှိုင်းဖြင့်ဆက်သွယ်လိုက်သည်။
" မြောက်စူးစူးကိုလာခဲ့ မှုံနံသာ "
မြောက်ဘက်သို့ဦးတည်ကာ ဆက်လျှောက်လာခဲ့သည်။
လမ်းကလေးသည် ကျယ်နေရာမှတဖြည်းဖြည်းကျဉ်း
မြောင်းနေသည်ကိုသတိထားမိလိုက်၏။ ထပ်မံလျှောက်လာရင်း လူတစ်ကိုယ်စာသာဝင်ရသည့်လမ်းကျဉ်းလေးသာကျန်တော့လေသည်။
" လမ်းမရှိတော့ဘူး ... အန်တီငြိမ်း "
" ရှိတယ်သမီး... အဆုံးထိဝင်လာခဲ့ပါ "
ထိုလမ်းကျဉ်းထဲ ခက်ခက်ခဲခဲတိုးဝင်သွားလိုက်သည့်
အခါ မကြာခင်၌ လမ်းကျဉ်းအဆုံးကိုရောက်လာတော့
သည်။ ထိုလမ်းမှထွက်လိုက်သည်နှင့် ကြီးမားကျယ်ပြန့်
သော ခန်းမသဏ္ဍာန်နေရာတစ်ခုကိုတွေ့မြင်လိုက်ရ၏။
" ဘယ်ဖက်မှာ သမီး "
ဘယ်ဖက်သို့ထပ်မံလျှောက်လာသည့်အခါ ရှစ်ထောင့်
ကြယ်ပုံရိုက်နှိပ်ထားသည့်ကျောက်တံခါးတစ်ချပ်ကိုတွေ့လေသည်။
" ဘယ်လိုဖွင့်ရမှာလဲ အန်တီငြိမ်း "
" သော့ပါတယ်မလား "
ထိုအခါမှ မှုံနံသာလည်းသဘောပေါက်သွားကာ သော့
ကိုနှိုက်ယူလိုက်တော့သည်။
" သော့အပေါက်ရှာမတွေ့ဘူး "
" အန်တီ မန္တာန်ရွတ်ပေးမယ် "
သိပ်မကြာခင်မှာပင် တံခါးပေါ်ရိုက်နှိပ်ထားသည့် ရှစ်
ထောင့်ကြယ်လေးမှာအပြင်ဖက်သို့ ကြွတက်လာလေ
တော့သည်။
မှုံနံသာလည်းထိုသော့အပေါက်ထဲလှည့်ကာဖွင့်လိုက်
သည်တွင် ဂူနံရံများမှာ မြည်ဟီးလာခဲ့တော့၏။ တံခါး
သည်လည်းဖြည်းဖြည်းချင်းပွင့်လာလေသည်။ ထို့
နောက် တံခါးသော့သည်အလိုအလျှောက်ပျောက်
ကွယ်သွားခဲ့လေသည်။
အထဲသို့ဝင်လိုက်သည်တွင် ထူးဆန်းအံ့ဩမှုများကို
တွေ့လိုက်ရတော့သည်။ သေဆုံးသွားပြီးသော ပညာ
သည်အလောင်းတို့သည် လေပေါ်၌အစီအရီရှိနေကြ
သည်။
သာမာန်လူသေများကဲ့သို့ အခေါင်းများ၊ အုတ်ဂူများ
နှင့်မဟုတ်နေချေ။ လေပေါ်စန့်စန့်ကြီးပျံဝဲနေကြသော
အလောင်းပေါင်း သောင်းနှင့်ချီရှိနေ၏။
" ဒီထဲမှာ မေမေ့အလောင်းရှိနေမလား "
မှုံနံသာမှာ အပေါ်မော့ကြည့်ရင်း လိုက်ရှာကြည့်နေမိ
သည်။
" မှုံနံသာ "
" အန်တီဘယ်မှာလဲ "
" တန်းတန်းဆက်လျှောက်လာ "
လမ်းညွှန်ရာသို့ဆက်လျှောက်လာသည့်အခါ တိုင်ကြီး
တစ်လုံး၌ ခြေကျင်းခတ်ချည်ထားသော ဒေါ်ငြိမ်းလွင်
ကိုတွေ့ရတော့လေသည်။
" အန်တီငြိမ်း "
" ရှေ့မတိုးနဲ့ "
သတိပေးလိုက်သဖြင့် မှုံနံသာ၏ခြေအစုံမှာတုံ့ခနဲရပ်
သွားရသည်။
" စောထက်စံကအန်တီ့ပတ်ပတ်လည်ကို စည်းချထား
တယ်... ဒီစည်းကိုဖြည်မှရမှာ "
" ဘယ်လိုဖြည်ရမလဲ အန်တီငြိမ်း "
" သမီးရဲ့သွေးတစ်စက်ချပြီးဖြည်ရမယ်... သမီးကသခင်မ နေရာလျာထားခံရတဲ့သူမလို့ ဒီနည်းကိုသုံးလို့
ရတာ.. တခြားသူသာဆို မန္တန်ပေါင်းစုံ နည်းလမ်းအဆင့်
ဆင့်လုပ်မှရတာကွဲ့ "
မှုံနံသာလည်း သွေးစက်ချရန် နေရာကိုမေးလိုက်သည်။
" ဘယ်နေရာမှာ ချရမလဲ "
" ဒီနားက ကျောက်ခြစ်ရာစက်ဝိုင်းရာရာလေးမြင်လား"
" ဟုတ် "
" အဲ့ပေါ်ချလိုက် "
ကျောက်စွန်းတစ်ခုပေါ် လက်ညိုးကိုထိုးခြစ်ချလိုက်
သည့်အခါ အသားလန်သွားပြီး သွေးအနည်းငယ်ထွက်
လာလေသည်။ ဒေါ်ငြိမ်းလွင်ပြသည့်နေရာသို့ သွေးစက်
ကိုချလိုက်၏။ ပြီးနောက် ဒေါ်ငြိမ်းမေ ရှေ့မှတိုင်ပေး
သော ဂါထာတစ်ပုဒ်ကိုအတူလိုက်ရွတ်ဆိုရသည်။
ထိုအခါ ကျောက်ခြစ်ရာမျှင်မျှင်ကလေးသာမြင်တွေ့ရ
သည့် စက်ဝိုင်းကြီးသည် ပိုထင်ရှားလာပြီး ပတ်ချာအီ
လှည့်ပတ်လာလေသည်။ ပန်ကာလည်နေသကဲ့လှည့်ပတ်
ပြီးရုတ်တရက်ငြိမ်သက်ကာ ပျောက်ကွယ်သွားသည်။
ဒေါ်ငြိမ်းမေလည်း သူမ၏ခြေကျင်း၌ခတ်ထားသည့်
သံကြိုးကို အစွမ်းဖြင့် ဖြုတ်ပစ်တော့သည်။
" ဒီကမြန်မြန်ထွက်မှရမယ် မှုံ... စောထက်စံ ရောက်
လာတော့မယ် "
နှစ်ယောက်သားလက်တွဲကာပြေးထွက်လာခဲ့သည်။
လမ်းကျဉ်းလေးသို့ခက်ခက်ခဲခဲတိုးဝင်လာပြီး ဆက်
ပြေးကြသည်။ မကြာခင်မှာပင် ကြယ်ပုံသဏ္ဍာန်အမှတ်
အသားရှိနေရာသို့ပြန်ရောက်လာတော့၏။
" သမီး ဂါထာရွတ်ပြီးပြန်တော့ "
" အန်တီငြိမ်းကရော "
" အန်တီတို့တူတူပြန်လို့မရဘူး ... လာတဲ့ပုံစံချင်းမတူ
ဘူးကွဲ့... အန်တီတခြားလမ်းကထွက်ခဲ့မယ် ... သမီး
ဘယ်နေရာရှိရှိရောက်လာနှာမလို့စိတ်မပူနဲ့ သွားတော့ "
မှုံနံသာသည်လည်း လာစဉ်ကဂါထာကိုပြန်လည်ရွတ်ဆို
ကာမူလခန္ဓာကိုယ်သို့ ပြန်ရောက်လာလေတော့သည်။
လက်ဖျောက်တီးသံကြားလိုက်ရ၍ မျက်လုံးအမြန်ဖွင့်
ကြည့်လိုက်သည့်အခါ စက်ဝိုင်းအပြင်ဖက်၌ စောင့်
နေသော စောထက်စံ ကိုမြင်လိုက်ရသဖြင့် အလွန်ထိတ်
လန့်သွားမိ၏။
" ငါထင်တာထက် ပိုပြီးလက်သွက်နေပါလား ... ငြိမ်း
လွင်ကိုသွားကယ်တယ်ပေါ့ ... ဟက် ... သူကနင့်ကို
ဘာတွေကူညီနိုင်မယ်ထင်လို့လဲ မှုံနံသာ "
" ငါ့အမေနဲ့ ငါ့ညီမကိုလွှတ်ပေး "
" လိုချင်ရင် ညသန်းခေါင် ပညာပြိုင်မယ်ပြောထားတယ်
လေ ... "
" ဒါဆိုအခုဘာကိစ်စလာတာလဲ "
" နင် ငါ့ရဲ့အကျဉ်းသားကို လွှတ်ပေးလိုက်တယ်...
ငါကလည်းပြန်ဖမ်းရတော့မှာပေါ့ ... "
စောထက်စံကိုကြည့်ရသည်မှာ မှုံနံသာချထားသည့်
ရှစ်ထောင့်ကြယ်စည်းကြောင့် မည်သည်မှလုပ်၍မရ
ဟန်တူသည်။ ထို့ကြောင့် ဝေ့လည်ကြောင်ပတ်ပြော
နေရသည်ဟု မှုံနံသာ သိလိုက်သည်။
" ဒီညသန်းခေါင် ငါမမေ့စေရဘူး နင့်ဆီရောက်အောင်
လာမယ်... ငါ့အမေနဲ့ ငါ့ညီမအလောင်းကို လက်ဖျား
နဲ့တောင်မတို့နဲ့ "
" ဟား ဟား ဟား "
စောထက်စံက အားပါးတရအော်ရယ်နေ၏။
" ဒီညသန်းခေါင်အတွက် နင့်မှာလေ့ကျင့်ဖို့အချိန်သိပ်
လည်းမကျန်တော့ပါဘူးမှုံနံသာ ... နင့်ကိုအလွယ်လေး
သတ်လို့ရပေမယ့် ပညာပြိုင်ဖို့ချိန်းထားတဲ့အတိုင်း
ညသန်းခေါင်မှသတ်ပေးရတာပေါ့... ဘာမှမတတ်တဲ့သူ
နဲ့ပြိုင်ရမှာလည်း ရှက်စရာကောင်းတယ်... အချိန်မီ လေ့
ကျင့်နိုင်ပါစေ မှုံနံသာ ... ငြိမ်းလွင်ကတော့ ငါ့လက်က
မလွတ်စေရဘူး "
ကြိမ်းဝါးခဲ့ပြီး အရိပ်ငွေ့များထွက်လာကာ စောထက်စံ
ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှုံနံသာပိုမို၍စိတ်
ပူပန်လာရသည်။ ဒေါ်ငြိမ်းလွင် လွတ်နိုင်ပါမည်လား၊
သူမ၌အချိန်မရှိတော့ချေ။ ဒေါ်ငြိမ်းလွင်ကို အမြန်ရှာဖွေ
ဖို့အရေးကြီးနေပြီ။
" အန်တီငြိမ်း ... စောထက်စံ လိုက်လာနေပြီ ... အန်တီ
ငြိမ်း ဘယ်မှာလဲ "
" သမီးဆီရောက်တော့မှာ.. စောထက်စံ ရှာမတွေ့
အောင် အန်တီ့ပညာတစ်ကြိုးအဆုံးခံလိုက်တာ..
လောလောဆည်တော့သူရှာတွေ့မှာမဟုတ်ဘူး "
မှုံနံသာလည်း စက်ဝိုင်းတွင်းမှာပင် ထိုင်ကာဒေါ်ငြိမ်း
လွင် အား စောင့်နေလိုက်တော့သည်။ မကြာမီ လေတိုး
သံသဲ့သဲ့ကြားလိုက်ရပြီး
" သမီး မှုံ "
" အန်တီငြိမ်း "
" ဒီမှာ အန္တရာယ်များတာ လာ "
" ဘယ်သွားမှာလဲ "
" လုံခြုံတဲ့နေရာပေါ့ မှုံ "
မှုံနံသာ၏ကားလေးဖြင့် ဒေါ်ငြိမ်းလွင်က လမ်းညွှန်ကာ
တစ်ထပ်တိုက်ငယ်လေးဆီသို့ရောက်လာခဲ့သည်။
" ဒီအိမ်က အန်တီ့သူငယ်ချင်းအိမ်ပဲ ... အစီအမံတွေ
လုပ်ထားလို့ စောထက်စံလွယ်လွယ်နဲ့ ဝင်လာလို့မရနိုင်
ဘူး ... "
" အန်တီ့သူငယ်ချင်းရော "
" သူဘယ်သွားနေလဲ မသိဘူးသမီး ... ပြန်လာမှာပါ "
" ဟုတ် ဒီညသန်းခေါင်မှာ ပညာပြိုင်ရတော့မယ်အန်တီ
ငြိမ်း ... သမီးဘာမှမတတ်သေးဘူး ... ကူညီပါဦး "
" သမီးစာအုပ်ရော "
" ဒီမှာ "
ဒေါ်ငြိမ်းလွင်က စာအုပ်အားဖွင့်ကြည့်နေသည်။
" အန်တီ ဖတ်လို့မရဘူး ... သခင်မနေရာလျာထားတဲ့
သူအတွက်ပဲထင်တယ် "
" ဟုတ်မယ် အန်တီငြိမ်း ... သမီးတောင် မျက်လုံးနဲ့
လဲခဲ့ရတာ ... ဒီမျက်လုံးနဲ့မှ စာတွေမြင်ရတယ် "
" ဒါနဲ့သမီးက အန်တီ့ကို ဘယ်လိုမှတ်မိလဲ "
" အတိတ်ရဲ့အရိပ်ကို ပညာနဲ့ ပြန်ကြည့်တော့မှ သိသွား
တာ ... အဲ့ဒါနဲ့ အန်တီ့ကိုလာရှာတာပါ "
" အင်းပေါ့ ... သမီးကသခင်မနေရာ ဆက်ခံရမယ့်သူပဲ...
ဒီထက်အစွမ်းပိုကြီးပါတယ် "
" ဟုတ်ပါ့မလား... ခုချိန်မှာ ဘာမှကိုမတတ်သေးတာ "
" သေချာတာပေါ့မှုံရယ် ... သမီးမေမေက သမီးကို ရှစ်
ထောင့်ကြယ်ကခေါ်လာတာ အကြောင်းရှိတယ် "
" အဲ့ဒီအကြောင်းပြောပြပါလား အန်တီငြိမ်း "
" သခင်မကြီး မှော်နန်းခင် ကသူမသေခင်မှာနောက်ဖြစ်လာမယ့်သခင်မဘယ်သူဆိုတာကိုသူ့အစွမ်းနဲ့ကြည့်လိုက်တယ် ... သခင်မတွေက လူ့သက်တမ်းအတိုင်းပဲ သက်
တမ်းရှိတာသိတယ်မလား "
" ဟုတ် "
" သူကြည့်လိုက်တဲ့အခါ သခင်မဖြစ်မယ့်အစွမ်းမျိုး
နေရာ ( ၃ ) နေရာရှာတွေ့ခဲ့တယ်... ပထမတစ်ခုက
ငရဲမှာ ... ထွက်လာဖို့မလွယ်ဘူး... ဒုတိယတစ်ခု
အကြီးဆုံးစွမ်းအားက လေထုထဲ ပြန့်ကျဲနေသတဲ့ ...
ဒီစွမ်းအားအမှုန်တွေပေါင်းစည်းမိဖို့ ရာစုနှစ်တစ်ခုကြာ
ဦးမယ် ... နောက်ဆုံးစွမ်းအားတစ်ခုကတော့ ရှစ်ထောင့်
ကြယ်မှာ ရှာတွေ့ခဲ့တယ် ... ဒီသတင်းကပြန့်နှံ့သွားပြီး
ရှစ်ထောင့်ကြယ်ဟာ စိတ်ဝင်စားမှုအခံရဆုံးနေရာတစ်
ခုဖြစ်လာချိန်မှာ သမီးမေမေနဲ့ အန်တီက အစီအမံတစ်
ခုလုပ်လိုက်တာပဲ "
" ဘယျလိုအစီအမံလဲ "
" အဲ့ဒီစွမ်းအားကို မွေးဖွားဖို့ပေါ့ ... သမီးမေမေကရှစ်
ထောင့်ကြယ်ကိုသွားပြီး စွမ်းအားသွားယူတဲ့အချိန်
အန်တီက ဒီဖက်မှာ တခြားသူတွေမသိအောင် လမ်း
လွှဲပေးခဲ့တယ် ... သမီးမေမေပြန်လာတော့ သူကပြော
တယ် ... သခင်မဖြစ်လာမယ့်စွမ်းအင်ကိုသူယူလာ
တယ်တဲ့ ... ဒီအကြောင်းကို တခြားသူတွေသိသွားပြီး
လိုက်လုကြတဲ့အခါ သမီးမေမေက အဲ့စွမ်းအင်ကို သူ့
ဗိုက်ထဲဝှက်ထားလိုက်တော့တာပဲ ... အဲ့လိုနဲ့ သမီးကို
ကိုယ်ဝန်ရပြီးမွေးလာတော့မှ စွမ်းအင်ဟာသမီးနဲ့အတူ
ပါလာတာကို သိလိုက်ရတော့တာ "
" သမီးနဲ့ ပေါင်းသွားတာလား "
" ဟုတ်တယ် ... စွမ်းအင်ကသမီးကိုယ်ထဲပေါင်းဝင်
သွားတာ ... အဲ့ဒီအခါ မှော်နန်းခင် ကလည်း သခင်မ
ဖြစ်လာမယ့်သူ ထွက်ပေါ်လာတော့မယ်လို့အတပ်ပြော
လာတယ် ... ပေါ် ပြီဆိုတာနဲ့ သခင်မအသစ်ရွေးချယ်ဖို့
စွမ်းအင်တူ နောက် ၃ မျိုးကထွက်ပေါ်လာပေးရတယ်...
စွမ်းအင်တွေကရောနေတဲ့အတွက် သခင်မဖြစ်မယ့်သူ ဘယ်သူဆိုတာ မသေချာဘူး...သဘာဝတရားကြီးက
သူ့အလိုလိုထွက်လာတဲ့စွမ်းအင်သုံးမျိုးဟာ အဆင်
ပြေရာအလျောက် တိုးဝင်သွားတတ်ကြတယ်... ဒါ
ကြောင့်သခင်မလောင်း ( ၄ ) ယောက်ဆိုပြီးပေါ်လာတာပေါ့ ... (၄) ယောက်က လက်ရည်တူပဲ ... ပညာပြိုင်ရတယ်... နိုင်တဲ့သူက သခင်မနေရာရမယ် ... ပညာပြိုင်နေကြတာ သမီးငယ်ငယ်ကတည်းကပဲ ... သမီးကငယ်သေးတော့ သမီးမေမေဟာ ကာကွယ်ပေးရင်း အသက်စွန့်သွားရတာပါ ... စောထက်စံကသမီးကို အသေအကြေလိုက်
ရှာနေတာကြာပြီ ... သမီးကခြေရာဖျောက်သွားတော့ သမီးကိုရှာမတွေ့တဲ့အခါအန်တီ့ကိုဖမ်းချုပ်ထားတော့တာပဲ ... အန်တီ့ကိုသမီးလာကယ်မယ်ဆိုတာ သူသိနေတယ် "
" သမီးနားမလည်တာက ရှစ်ထောင့်ကြယ်ကစွမ်းအင်ဟာ
သခင်မဆို ဘာလို့ နောက်ထပ်စွမ်းအင်သုံးမျိုးပေါ်ပြီး
ပြိုင်ခိုင်းရတာလဲ ... အစကတည်းကရွေးထားပြီးသား
မဟုတ်ဘူးလား "
" မဟုတ်ဘူးသမီး ... သခင်မဖြစ်နိုင်တဲ့စွမ်းအင် ပေါ်
လာရင် နောက်ထပ်သခင်မဖြစ်နိုင်တဲ့စွမ်းအင်လည်း
အလိုလိုထွက်လာပေးရတယ် ... သမီးကပထမစွမ်းအင်
တစ်ခုပဲ... ဘယ်သူကသခင်မဆိုတာ အတိအကျမပြော
နိုင်ဘူး ... ယှဉ်ပြိုင်ပြီးနိုင်မှသာ သခင်မဖြစ်ရတာ "
" စောထက်စံကမျက်လုံး ၃ လုံးရထားပြီးသား ...
သမီးသူနဲ့ဘယ်လိုယှဉ်နိုင်ပါ့မလဲ "
မှုံနံသာသက်ပြင်းချလိုက်မိသည်။ ယခုပုံစံဆိုလျှင်
စောထက်စံကသခင်မဖြစ်နိုင်ချေပိုများနေချေပြီ။
" ဒီတစ်ညတည်းနဲ့ စာအုပ်ထဲကပညာတွေအကုန်ဘယ်
လိုလေ့ကျင့်နိုင်မှာလဲ "
အားပျော့ကာ ညည်းညူလိုက်သည့်အခါ ဒေါ်ငြိမ်းလွင်
နှုတ်ဆိတ်သွား၏။ အတော်ကြာအောင် ငြိမ်သက်နေ
ပြီး စာအုပ်ဖတ်ကာလေ့ကျင့်နေသော မှုံနံသာဘေးသို့
လာထိုင်လေသည်။
" မှုံ "
" ဟုတ် အန်တီငြိမ်း "
" ရှစ်ထောင့်ကြယ်မှာတုန်းက သမီးမေမေအလောင်းကို
ရှာကြည့်သေးတယ်မလား "
မှုံနံသာ မျက်လုံးလေးအရောင်တောက်ပသွား၏။
" မေမေအဲ့မှာရှိတယ်မလားအန်တီငြိမ်း ... "
ဒေါ်ငြိမ်းလွင်ကခေါင်းညိမ့်ပြသည်။
" အန်တီငြိမ်းလည်း အေးချမ်းချင်ပါပြီသမီးရယ်...
စောထက်စံဖမ်းထားကတည်းက အန်တီ့မှာ ငရဲခံနေရ
သလိုခံစားခဲ့ရတယ်... ဒီနေ့ စွန့်လွှတ်ဖို့ အချိန်တန်ပြီ
ထင်ပါရဲ့ "
မှုံနံသာမှာနားမလည်နိုင်သလိုပြန်ကြည့်နေလေသည်။
" အန်တီရဲ့ ပညာအသက်ကို သမီးယူပါ... အန်တီလည်း
မှော်နန်းခင် ခေတ် သခင်မလျာထားခံရသူထဲကတစ်
ယောက်ပဲ "
" ဘယ်လို အန်တီငြိမ်း "
" မှော်နန်းခင်ကို အန်တီရှုံးခဲ့တယ် ... သမီးကို မရှုံးစေ
ချင်ဘူး ... သမီးသာ အန်တီ့ပညာအသက်အထောက်
အပံ့နဲ့ သခင်မဖြစ်သွားမယ်ဆို အန်တီဖြစ်ရသလိုပဲ...
သမီးကိုပေးခဲ့ပါရစေ "
" မဟုတ်တာအန်တီငြိမ်း ... အဲ့လိုမလုပ်ပါနဲ့ "
" စောထက်စံက သခင်မလောင်းလျာ ၂ ယောက်ကို
နိုင်ပြီး မျက်လုံး ၃ လုံးရသွားတာတော့မှန်ပါတယ်...
ဒါပေမယ့် ပညာအသက်ကတစ်ခုတည်း ... သမီးက
မျက်လုံးတစ်လုံးပဲရှိပေမယ့် ပညာအသက် ၂ ခု...
ပညာအသက်ကလည်း သခင်မလောင်းလျာရဲ့ပညာ
သက် ... ဒီလောက်ဆို သေသေကြေကြေ တိုက်လို့ရ
လောက်ပြီ ... အန်တီ့အတွက်... သမီးမေမေ အတွက်
အနိုင်တိုက်ပေးပါ ... အခုချိန်မှာ ပညာကြိုးတစ်ကြိုး
တော့မရှိတော့ဘူးပေါ့... စောထက်စံရှာမတွေ့ဖို့သုံး
လိုက်ရလို့ ... "
" အန်တီ့မှာပညာအသက်မရှိတော့ရင် ဘာဖြစ်သွား
နိုင်လဲ "
" ဘာဖြစ်မှာလဲသမီးရယ် သာမာန်လူတစ်ယောက်ဖြစ်
သွားတာပေါ့ ... သက်တမ်းကုန်ရင်သေမယ် ဒါပဲလေ ...
တစ်ခုတော့ရှိတာပေါ့ ... ရှစ်ထောင့်ကြယ်မှာတော့
အလောင်းမစံ ရတော့ဘူးပေါ့သမီးရယ်... "
" ဘာလို့လဲ ... အန်တီလည်းရွေးချယ်ခံရဖူးတဲ့သူပဲ "
" ဘယ်ရတော့မှာလဲ မှုံ ... သေဆုံးတဲ့အချိန်မှာ ပညာ
ရှိနေမှ ရှစ်ထောင့်ကြယ်ကိုရောက်တာ ... အန်တီက
သာမာန်လူဖြစ်သွားပြီဆို လူတွေမြုပ်တဲ့ သင်္ချိုင်းမှာပဲ
မြုပ်ရတော့မှာပေါ့ "
မှုံနံသာ ဝမ်းနည်းသွားမိ၏။
" သမီးမယူတော့ဘူး အန်တီငြိမ်း ... သမီးအားနဲ့ ရ
သလောက်တိုက်ပါ့မယ် "
" မယူလို့မရဘူးမှုံ ... ခုပုံအတိုင်းမနိုင် နိုင်ဘူး ... မကြာ
တော့ဘူး သန်းခေါင်ရောက်တော့မယ် ... ဒီစာအုပ်ကို
အမြန်လေ့ကျင့်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး ... အန်တီ့စကား
နားထောင် "
မှုံနံသာ ရှိုက်ငိုမိချေပြီ။
" အန်တီသာမာန်လူဖြစ်သွားရင် သမီးမှုံကစောင့်ရှောက်
ပေးပေါ့ကွယ် ... ဟုတ်လား "
" သမီးစာအုပ်ဖတ်ပြီး အရင်လေ့ကျင့်ကြည့်လိုက်ဦး
မယ် ....မရတော့တဲ့အဆုံးမှ ယူပါ့မယ် "
" မှုံ ... အန်တီပြောတာနားထောင် ... သမီးမှာအချိန်မကျန်
တော့ဘူး ... အန်တီ့ဆီကပညာအသက်ကိုယူ ... သမီး
စွမ်းအင်နဲ့ပေါင်းလိုက်ရင် အဲ့ဒီစာအုပ်တထိုင်တည်းဖတ်
လို့ရပြီ ... ခေါင်းမမာနဲ့ "
ပြောပြောဆိုဆိုဖြင့် ဒေါ်ငြိမ်းလွင်က သူမ၏ပါးစပ်ကို
ဟလိုက်သည့်အခါ မျက်လုံးကမျက်ဖြူဆိုက်သကဲ့သို့
အပေါ်သို့လှန်ကျသွားလေသည်။ ထို့နောက် ဝေါ့ခနဲ အန်
ချပစ်လိုက်သည်။
သူမအန်လိုက်သည်က အဖျပ်ဖျပ်လင်းလက်နေသော
ကွမ်းသီးလုံးအရွယ်ခန့်ရှိ အစိမ်းရောင် အလုံးလေးတစ်လုံးပင်။ ထိုအလုံးလေးမှာ လေပေါ်သို့ဝဲပျံနေသလို
ဒေါ်ငြိမ်းလွင်၏ခေါင်းက လိုက်ယမ်းနေလေသည်။
သူမ၏မျက်လုံးများမှာမူ မျက်နက်ဆံမရှိဘဲ မျက်သား
အဖြူသက်သက်သာကျန်၏။
ပညာအသက်မှာ မှုံနံသာအနီး တဖြည်းဖြည်းတိုးကပ်
လာပြီး မှုံနံသာ၏ ပါးစပ်ထဲသို့ ဆတ်ခနဲ ဝင်ရောက်သွား
၏။ ထို့အတူ ဒေါ်ငြိမ်းလွင်သည်လည်း ခွေခနဲ လဲကျသွား
သလို မှုံနံသာမှာ ပညာသက်နှစ်မျိုး သူမကိုယ်ထဲ တိုက်
ပွဲပြင်းထန်နေတော့သည်။
" အာ ... အာ "
အသက်ကိုမနည်းဝအောင်ရှုရှိုက်နေရပြီး မှုံနံသာ၏ကိုယ်
ထဲမှ အစိမ်းရောင်အလင်းအချို့နှင့် အနီရောင်အလင်း
အချို့ဖြာထွက်နေချေ၏။ မကြာခင် အလုံးစုံငြိမ်သက်
သွားကြလေတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။