
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဒီရပ်ကွက်မှာ မထူးဆန်းတဲ့ စကားတစ်ခုရှိတယ်။ အဲဒါက သိန်းဇော်နဲ့ အာကာ ထောင်ကျသွားပြီဆိုတဲ့ သတင်းပဲ။ သူတို့နှစ်ယောက်က ထောင်ခဏခဏကျလို့ ရပ်ကွက်ထဲကလူတွေက ကြောက်သွားလိမ့်မယ်လို့တော့ မထင်နဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့နှစ်ယောက်က လူလိမ်နှစ်ယောက်ဖြစ်နေလို့ပဲ။ နှစ်ယောက်စလုံးက လူ့ဖလံလေးတွေ။ ဒါပေမဲ့ သူတို့နှစ်ယောက်က သစ္စာရှိတယ် လိမ်ပဲလိမ်တာ ဘယ်တော့မှ မခိုးဘူး။
သိတဲ့အတိုင်းပဲ အခြေခံလူတန်းစားအများစုနေတဲ့ ဒီရပ်ကွက်ထဲမှာ လမ်းဘေးလောင်းကစားဝိုင်းတွေကလည်း တော်တော်လေးပေါများတယ်။ မိတဲ့အခါမိတယ် လွတ်တဲ့အခါလွတ်တယ်။ များသောအားဖြင့် လွတ်တာက များပါတယ်။ မိတဲ့အခါတော်တော်များများမှာလည်း ရပ်ကွက်ရုံးတွေ၊ ရဲစခန်းတွေမရောက်ဘဲ အထိုးအကြိတ်ခံလိုက်ရပြီး ပြီးသွားလေ့ရှိတယ်။ သူတို့ရဲ့ လိမ်နည်းတွေကလည်း မျိုးစုံလှတယ်။ တစ်ခါသား အသုဘအိမ်က ဖဲဝိုင်းတစ်ခုမှာ လိမ်တာက တစ်ရပ်ကွက်စလုံးပြောစမှတ်တွင်သွားတယ်။ အဲဒီတုန်းက သိန်းဇော်က ၁၅နှစ်ပဲ ရှိသေးပြီး အာကာ က ၁၄နှစ်ပဲရှိသေးတယ်။ သူတို့လိမ်ပုံက ဒီလို…။
ပထမနှစ်ရက်မှာ သူတို့က ဖဲဝိုင်းကိုလာတယ် ဘေးထိုးတယ် ဝင်မရိုက်ဘူး။ နာရေးအိမ်က နည်းနည်းဆင်းရဲတော့ ဖဲဝိုင်းက အကောက်ကို တော်တော်လေးအားထားတာကြောင့် ဖဲဝိုင်းကို ကြီးကြီးကျယ်ကျယ်လုပ်တယ်။ သူတို့နှစ်ယောက်က ဘေးထိုးရင်းနဲ့ အခြေအနေလာကြည့်တာ။ အထူးသဖြင့် သူတို့ စနည်းလာနာက ဖဲထုပ်ကို ဘယ်ဆိုင်က ဝယ်လည်းဆိုတာပဲ။ လူလေးတွေက လက်တောက်လောက်လေးဆိုပေမဲ့ ဥာဏ်ကတော့ တော်တော်လေးပြေးတယ်ဆိုရမယ်။ သုံးရက်မြောက်နေ့မှာ အာကာက ဖဲဝင်ရိုက်တယ်။ သိန်းဇော်ပါမလာဘူး။ ဝိုင်းကများတော့ ဖဲထုပ်တွေကလည်း တော်တော်ကုန်တယ်။ ည ၁၂နာရီထိုးခါနီးလောက်မှာတော့ နောက်ထပ်ချပေးစရာဖဲထုပ်မရှိတော့ဘူး။ ဖဲသမားတွေကလည်း အယူအဆကြီးတယ်။ အရှုံးများနေရင် ဖဲထုပ်အသစ်လဲခိုင်းလေ့ရှိတယ်။ အဲဒီမှာ ဝိုင်းထဲမှာ ဝင်ရိုက်နေတဲ့ အာကာက ရေနွေးသောက်သလိုလိုနဲ့ နောက်ထပ်ချပေးတဲ့ ဖဲထုပ်အသစ်စက်စက်ကို ရေစိုသွားအောင်လုပ်လိုက်တယ်။ အဲဒီတော့ မဖြစ်မနေဖဲထုပ်အသစ်ဝယ်ဖို့ လိုလာပြီ။ အဲဒီအချိန်မှာ ဆိုင်တွေကလည်းပိတ်သွားပြီ။ အဲဒီအချိန်မှာ အချိန်ကိုက်ပဲ သိန်းဇော်က စက်ဘီးလေးစီးပြီးရောက်လာတယ်။ သူဖဲထုပ်သွားဝယ်ပေးမယ် အဲဒီ စတိုးဆိုင်ပိုင်ရှင်က သူနဲ့ရင်းနှီးတယ် သူနှိုးပြီးဝယ်ရင်ရတယ်ဘာညာပြောလိုက်တယ်။ လူတွေက သိန်းဇော်ကို မယုံပေမဲ့ ဖဲထုပ်ကလည်း အရေးတကြီးလိုနေတာကြောင့် သူ့ကို ဝယ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ သိန်းဇော်တစ်ယောက်တည်းမလွှတ်ဘူး နာရေးအိမ်က လူကြီးတစ်ယောက်ကပါ သူပါလိုက်ခဲ့မယ်ပြောပြီး အတူတူသွားဝယ်ကြတယ်။
စတိုးဆိုင်မှာက ပိုင်ရှင်က အိမ်ပြန်သွားပြီး အလုပ်သမားလေးနှစ်ယောက်ပဲ ကျန်ခဲ့တယ်။ စတိုးဆိုင်မှာ ဖဲထုပ်ငါးထုပ်ကို နှိုးဝယ်ပြီး ပြန်လာလိုက်ကြတယ်။ ဘာမှ သံသယဖြစ်စရာမရှိ။ ဒါပေမဲ့ တိုက်ဆိုင်မှုကတော့ အံ့အားသင့်စရာကောင်းတယ်။ အဲဒီဖဲထုပ်တွေနဲ့လည်း ရိုက်ရော .. အာကာ က တောက်လျှောက်ကို အနိုင်ရတယ်။ တစ်ညတည်းမှာတင် အာကာက ၂သိန်းခွဲလောက်နိုင်သွားတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ၂သိန်းခွဲဆိုတဲ့ ငွေပမာဏက နည်းတဲ့ပမာဏမှမဟုတ်တာ။ တကယ့်ဖဲဂျိုးကြီးတွေပါ အကြီးအကျယ်ရှုံးတယ်။ လူတွေက အာကာ နိုင်တာဟာ သွေးရိုးသားရိုးမဟုတ်လောက်ဘူးဆိုတာ ရိပ်မိပေမဲ့ သူတို့ဘယ်လို လိမ်သွားလည်းဆိုတာကို အတိအကျသက်သေမပြနိုင်တာကြောင့် အောင့်သက်သက်နဲ့ပဲ ဝိုင်းသိမ်းလိုက်ရတယ်။ အဲဒီညပြီးကတည်းက သိန်းဇော်နဲ့အာကာကလည်း နာရေးအိမ်ကိုလုံးဝမလာတော့ဘူး။
တစ်ရက်မှာတော့ စတိုးဆိုင်က အလုပ်သမားလေးနှစ်ယောက်က ဝါးရင်းတုတ်တွေကိုင်ပြီး သိန်းဇော်နဲ့အာကာကို ပတ်ရှာတယ်။ တစ်ရပ်ကွက်လုံးကလည်း ဘာဖြစ်တာလည်း ဘာညာဆိုပြီး ဝိုင်းစပ်စုဝိုင်းမေးကြတော့ …
“ပြီးခဲ့တဲ့ ငါးရက်လောက်က ဒီနှစ်ကောင် ကျနော့်ဆိုင်က ဖဲထုပ်တွေလာဝယ်သွားတယ်။ ပြီးတော့ ဆိုင်သိမ်းခါနီးလောက်မှာ သိန်းဇော်က ပြန်ရောက်လာပြီး ဖဲထုပ်တွေ ခဏထားထားမယ်။ ည ၁၂နာရီလောက်ကျမှ ပြန်လာယူမယ်လို့ပြောတယ်။ ကျနော်တို့က မင်းတို့နှစ်ကောက်ရှုပ်ရှုပ်ယှက်ယှက်တွေလာမလုပ်နဲ့လို့ပြောတော့ .. သူက ကျနော်တို့ကို တစ်ယောက် တစ်ထောင်စီပေးမယ်လို့ ပြောတယ်။ ကျနော်တို့လည်း တစ်ထောင်ရတော့ ဘာမှလည်း အပမ်းမကြီးတာနဲ့ လက်ခံလိုက်တယ်။ ည ၁၂နာရီလောက်မှာ သိန်းဇော်ရယ် နာရေးအိမ်က အစ်ကိုကြီးရယ် လာယူတော့ ကျနော်ပေးလိုက်တယ်”
“အေးလေ အဲဒါ ဘာဖြစ်လဲ”
“ဖြစ်တာက ကျနော်တို့ မဟုတ်ဘူးဗျ .. ကျနော့်အဖေ”
“ဘာတုန်းဟ မင်းတို့ဟာက ရှုပ်နေတာပဲ”
“အဲဒီညက ကျနော့်အဖေက အိမ်လခပေးမယ့်ပိုက်ဆံတွေ အဲဒီဖဲဝိုင်းမှာ ရှုံးသွားတယ်။ တစ်ပြားမှကို ပြန်ပါမလာဘူးဗျာ။ ကျနော့်အဖေက အာကာတို့ ဝိုင်းမှာ ဝင်ရိုက်နေတာ။ ဒီကောင်တွေ ရိုးရိုးသားသားရိုက်တာမဟုတ်ဘူး။ အဲဒီဖဲထုပ်မှာ တစ်ခုခုလုပ်ပြီး လိမ်ရိုက်သွားတာဗျ အဲဒါကြောင့် ဒီကောင်တွေကို ဗျင်းမလို့လိုက်ရှာနေတာ”
“ဟေ့ကောင် မင်းတို့ပြောတာသေချာလား”
ရပ်ကွက်လူမိုက်ပိုင်ကြီးက ဝင်မေးတော့ ..
“သေချာပါတယ်ဗျာ”
“အေး .. အဲဒါဆို ငါပါလိုက်ရှာပေးမယ်.. မိလို့ကတော့ ခွေးသတောင်းစားလေးတွေ မှတ်လောက်သားလောက်ဖြစ်အောင်ဆုံးမဦးမယ်”
တစ်ရပ်ကွက်လုံးသာနှံ့သွားတယ်။ သိန်းဇော်နဲ့အာကာကို ရှာလို့မတွေ့ကြ။ ဟိုနှစ်ကောင်က ဖဲဝိုင်းက ပိုက်ဆံတွေပိုက်ပြီး လျှေက်သွားနေတာကိုး။ ပိုက်ဆံတွေကုန်မှ ရပ်ကွက်ထဲပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့လည်း သူတို့ဖဲလိမ်ရိုက်တဲ့အကြောင်းကို ဘယ်လိုမေးမေး မေး လို့မရဘူး။ နှစ်ယောက်စလုံးက ကံကောင်းလို့နိုင်တာလို့ပဲ တွင်တွင်ပြောနေတယ်။ လူတွေက မယုံပေမဲ့ ပြီးခဲ့တာတွေလည်း ပြီးသွားပြီဆိုတော့ ဘာမှလုပ်လို့မရတော့မယ့်အတူတူ ဆက်မေးမနေတော့ဘူး။ ဒါပေမဲ့ အရက်မူးရင် ကျွဲခိုးပေါ်ဆိုတဲ့ စကားပုံအတိုင်းပဲ အာကာ က အရက်မူးပြီးတော့ အဲဒီအကြောင်းတွေကို အခြားသူတွေကို ပြောပြလိုက်မိတယ်။
“ဟားဟား .. အဲဒီတုန်းက တကယ့်ဖဲဂျိုးဆိုတဲ့ဘဲကြီးတွေကို အပီဖြုတ်ခဲ့တာပါကွ”
“လေးစားတယ် အာကာရာ … ငါတို့ကိုရော အဲဒီလိုနည်းလေးမပေးချင်ဘူးလား”
အာကာ အရက်လည်း သောက်တတ်သလို ဟောင်ဖွာဟောင်ဖွာလည်း နည်းနည်းနိုင်တယ်။ အထူးသဖြင့် သူ့ကိုမြှောက်ပင့်ပြီးပြောရင် အလွန်သဘောခွေ့တတ်တယ်။ သိန်းဇော်ကတော့ အရက်မသောက်တတ်သေးသလို နည်းနည်းတည်တည်ငြိမ်ငြိမ်လည်းရှိတာကြောင့် သူ့ကိုတော့ မေးလို့မရ။ အခုကလည်း အာကာက သူ့သူငယ်ချင်းတွေကို အာကျယ်အာကျယ်နဲ့ အရက်ဆိုင်မှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေခြင်းဖြစ်တယ်။
“မင်းတို့ကို အဲဒီနည်းငါပေးလို့တော့ရပါတယ်။ ဒါပေမဲ့ မင်းတို့ကျွမ်းကျင်မှုမရှိဘဲနဲ့တော့ အောင်မြင်မှာမဟုတ်ဘူးကွ”
“ဟာ.. မင်းကလည်း နည်းလမ်းသာပေးစမ်းပါ … ငါတို့ လေ့ကျင့်မှာပေါ့”
“အေး .. အဲဒါဆို သေချာနားထောင် ငါပြောပြမယ်။ ၈၈၈ ဖဲထုပ်မှ ရမယ်။ အဲဒီ ၈၈၈ ဖဲထုပ်မှာ အစင်းလိုင်းလေးတွေရှိတယ်မလား။ အနီဖြစ်ဖြစ်၊ အပြာဖြစ်ဖြစ်ကွာ။ အဲဒီအစင်းလေးတွေကို ထောင့်နားကနေ ဓားနေတဲ့ ခြစ်လိုက်။ တစ် ဖဲဆို တစ်ချက်ခြစ်လိုက်ကွာ။ နှစ်ဖဲဆို နှစ်ချက်ခြစ်ပေါ့။ သာမန်လူဆို အဲဒီလိုခြစ်ထားတာကို လုံးဝမသိနိုင်ဘူး။ နောက်ပြီးတော့ အဲဒါလေးတွေကို ကြည့်တတ်အောင်လုပ်ဖို့လည်းလိုသေးတယ်။ ငါတို့ သေချာလေ့ကျင့်တာတောင် တစ်ခါတလေမှားသေးတယ်။ ဒါပေမဲ့ကွာ … လေ့ကျင့်ပါများရင် ကြည့်လိုက်တာနဲ့ ဘယ်နှစ်ချက်ခြစ်ထားလည်းဆိုတာ တန်းသိနိုင်တယ်။ အဲဒီလို သိမှတော့ သူတို့ မှောက်ထားတဲ့ဖဲက ဘာဖဲလည်းဆိုတာ ခန့်မှန်းလို့ရပြီလေ။ အဲဒါကလည်း မင်းဒိုင်ကိုင်အလှည့်ကျမှ အသုံးဝင်မှာ။ မင်းထိုးသားအလှည့်ဆို ဒိုင်ဖဲတစ်ဖဲလောက်ကိုပဲ မင်းခန့်မှန်းလို့ရမှာ။ ဒါပေမဲ့ ဖဲဝေတဲ့အခါ မထပ်သွားလို့ရှိရင်တော့ ဒိုင်ဖဲကိုလည်း ဘာဖဲလည်းဆိုတာ ခန့်မှန်းလို့ရတယ်”
“အခွားဖဲထုပျမရဘူးလား”
“အခြားဖဲထုပ်တွေက အစင်းကြောင်းတွေမဟုတ်တော့ မင်းဓါးနဲ့သွားခြစ်ထားရင်း ထင်းထင်းကြီးပေါ်နေမှာပေါ့ဟ”
အဲဒီလိုနဲ့ သိန်းဇော်နဲ့အာကာတို့ရဲ့ ဖဲလိမ်နည်းက ပေါ်သွားခဲ့တယ်ဆိုပါတော့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သိန်းဇော်က အာကာ ကို ဆူသေးတယ်။ နောက်ထပ်အသေးအဖွဲလိမ်နည်းပေါင်းများစွာလည်း ရှိသေးတယ်။
ဒီနှစ်ကောင်ပထမဆုံးထောင်ကျသွားခဲ့တဲ့အမှုကလည်း စိတ်ဝင်စားစရာ။ လူပျိုပေါက်တွေဖြစ်လာတော့ နှစ်ကောင်စလုံး ရည်းစားလေးဘာလေးထားချင်လာတယ်။ ခက်တာက ရပ်ကွက်ထဲမှာ သူတို့အကြောင်းတွေကို သိနေတော့ ဘယ်သူကမှ ပြန်မကြိုက်။ သူတို့နဲ့ပတ်သက်ရမှာကိုတောင် တော်တော်ရွံ့နေကြတဲ့ အခြေအနေကိုး။ အဲဒါနဲ့ ဒီနှစ်ကောင် နှစ်ရပ်ကွက်ကျော်က အသစ်ပြောင်းလာတဲ့ ကောင်မလေး တစ်ယောက်ကို သွားကြောင်ကြတယ်။ နှစ်ယောက်စလုံးက ဒီနေရာမှာလည်း အတိုင်အဖောက်ညီတယ်ပြောရမယ်။ နှစ်ယောက်စလုံးလိုက်မယ် ဘယ်သူရရဆိုတာမျိုး။
ကောင်မလေးက ဖြူဖြူတုတ်တုတ်လေး။ အသက်က ၁၉နှစ်လောက်တော့ရှိမယ်။ အာကာထက်ဆိုရင် တစ်နှစ်ပဲကြီးတယ်။ သိန်းဇော်နဲ့ဆို ရွယ်တူပေါ့။ သိန်းဇော်ရော၊ အာကာရော နှစ်ယောက်စလုံးက စော်တွေကြည်တဲ့ရုပ်မျိုးမဟုတ်ပေမဲ့ လိမ်စားနေကြကောင်တွေဆိုတော့ အပြောအဆို၊ အမူအရာတွေကတော့ တော်တော်သပ်ရပ်သလို အကြောက်အလန့်လည်း သိပ်မရှိဘူး။ ကောင်မလေးက အရမ်းကြီးချမ်းသာတဲ့အထဲကမဟုတ်တောင် အတော်အတန်သင့်စားနိုင်သောက်နိုင် မပူမပင်မကြောင့်မကြနေရတဲ့အထဲက ဆိုရမယ်။ နှစ်ကောင်ပြိုင်လိုက်တော့ တည်တည်ငြိမ်ငြိမ်ဟန်ပိုပြနိုင်တဲ့ သိန်းဇော်က အလေးသာသွားတယ်။ အဲဒီတော့ အာကာက နောက်ဆုတ်ပေါ့။ အဝင်အထွက်တွေ၊ တော်ကီတွေညက်ပြီး သူတို့အကြောင်းကို မသိတော့ ကောင်မလေးက အဖြေပြန်ပေးလိုက်တယ်။ သိန်းဇော်ကလည်း တကယ်ကြိုက်တယ်။ ကောင်မလေးက နည်းနည်းရိုးတော့ သူရည်းစားထားတာကို သူ့အိမ်က သိသွားတယ်။ အဲဒီမှာတင် ပြဿနာက စ တာပဲ။
“ကို … အိမ်က ချစ်တို့ ကြိုက်နေတာကို သိသွားပြီ.. ဘယ်လိုလုပ်ကြမလဲ”
“ချစ် အမေက သဘောမတူဘူးလား”
“သဘောမတူဘူးလို့တော့ မပြောဘူး ဒါပေမဲ့ ကိုနဲ့ တွေ့ပြီး စကားပြောချင်တယ်လို့တော့ ပြောတယ်”
သိန်းဇော်က ကောင်မလေးကို သူက ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ထားတာလို့ လိမ်ပြောထားပြီး သူ့မှာ အမေမရှိတော့ကြောင်း၊ အဖေကတော့ နယ်စပ်ဘက်မှာ ဆောက်လုပ်ရေးကန်ထရိုက်လုပ်နေတာလို့လိမ်ပြောထားတယ်။ အမှန်တကယ်က သိန်းဇော်က အာကာဆီမှာ ကပ်နေတာဖြစ်ပြီး အာကာကလည်း အဖေနဲ့အမေမရှိတော့လို့ ငါးရောင်းတဲ့အဒေါ်ဆီမှာ ကပ်နေတာ။ ဒါပေမဲ့ ကောင်မလေးက သိန်းဇော်ပြောသမျှကို ယုံတယ်။ အဲဒါကြောင့် သူ့အဖေနဲ့အမေကို သူ့ကောင်လေးက အလုပ်ကြိုးစားကြောင်း၊ သူ့အဖေကလည်း ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးဖြစ်ကြောင်း၊ သမီးကိုလည်း မိသားဖသားပီပီလာတောင်းမှာဖြစ်ကြောင့် စကားလမ်းကြောင်းခင်းထားလိုက်တယ်။ အဲဒါနဲ့ တစ်ရက်ကျတော့ သိန်းဇော်နဲ့ ကောင်မလေးမိဘတွေနဲ့ တွေ့ကြတာပေါ့။
“အေးကွာ.. ဦးကတော့ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ မင်းတို့လူငယ်ချင်းလည်း မေတ္တာမျှနေတာဆိုတော့ .. မင်းဘက်က ဘယ်လိုစီစဉ်ပေးမလည်းဆိုတာပဲ တစ်ချက်ပြောပြပေးပေါ့”
“ကျနော့် အဖေကတော့ ကျနော့်သဘောပါပဲ။ ဦး သမီးကို အိမ်တစ်လုံးနဲ့ ရွှေတဆင်စာတင်တောင်းဖို့လည်း အဖေက ပြောထားပါတယ်။ ဒါပေမဲ့ လောလောဆယ်သူကတော့ လာနိုင်ဦးမှာမဟုတ်သေးဘူးတဲ့ နောက်သုံးလလောက်နေမှ အလုပ်တွေပြီးမှာမို့လို့ နောက်သုံးလနေမှပဲ မင်္ဂလာကိစ္စကို စီစဉ်ပေးမယ်လို့လည်း ပြောတယ်”
“အေးပေါ့ ..အလုပ်မအားသေးဘူးဆိုတော့လည်း စောင့်ပေးရမှာပေါ့ မင်းအဖေလာမှပဲ မင်္ဂလာဆောင်ဖို့ ကိစ္စဆက်ဆွေးနွေးကြတာပေါ့”
အိမ်တစ်လုံး၊ ရွှေတဆင်စာနဲ့ သူ့သမီးကို တင်တောင်းမယ်လို့ ပြောလိုက်တာကြောင့် ကောင်မလေးရဲ့ အဖေနဲ့အမေက သဘောခွေ့သွားတယ်။ အာကာ ကတော့ စိတ်ပူတယ်။
“ဟေ့ကောင် ဖြစ်ပါ့မလား .. မင်းတောင် အခု ငါ့အိမ်မှာ ကပ်နေရတာကို”
“မင်းကလည်း လူကြံရင် ဘာခံနိုင်လို့လည်း ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မှာပေါ့ကွာ”
“မင်းမှာ အကြံရှိတယ်ပေါ့”
“သိပ်ရှိတာပေါ့ကွာ”
“အေး .. အဲဒါဆိုလည်း ပြီးတာပဲ မင်းဇာတ်မင်းနိုင်အောင် က “
အဲဒီနောက်ပိုင်း သိန်းဇော်က ကောင်မလေးအိမ်ကို တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာခွင့်ရသွားတယ်။ တစ်ရက်မှာတော့ သိန်းဇော်က ကောင်မလေးအိမ်ကို လူစိမ်း တစ်ယောက်ခေါ်ချလာတယ်။ ပြီးတော့ ကောင်မလေး အဖေနဲ့ ပေးတွေ့တယ်။
“အဖေ .. သူက သားမိတ်ဆွေပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ”
“အေး .. ဘာကိစ္စရှိလို့တုန်း”
ထိုလူစိမျးက ..
“ကျနော့်နာမည် ထွန်းခင်ပါ။ ကျနော်က ဆေးပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေကို ဖြန့်ဖြူးရောင်းချတဲ့လူပါ။ အဲဒါ .. ဒီမြို့မှာ ဆေးပစ္စည်းတွေ၊ အလှကုန်တွေကို ဖြန့်ဖြူးချင်လို့ ကိုယ်စားလှယ်ယူမယ့်သူကို လိုက်ရှာနေတာပါ။ အဲဒါကျနော့် ဘော်ဒါ သိန်းဇော်က ဦးလေးဆီ ခေါ်လာပေးတာ ဦးလေးများ စိတ်ဝင်စားမလားဆိုပြီးတော့”
ကောင်မလေးအဖေက စိတ်ဝင်စားဟန်တော့မပြ။ အဲဒီအချိန်မှာပဲ သိန်းဇော်ကောင်မလေးက အပြင်က ပြန်ရောက်လာပြီး အကျိုးအကြောင်းမေးတော့ သိန်းဇော် က ရှင်းပြတယ်။ ကောင်မလေးက စိတ်ဝင်စားသွားတယ်။
“ဒါဆို ကျမတို့က ဘာလုပ်ရမှာလဲ”
“လောလောဆယ် ပစ္စည်းတွေထားဖို့ နေရာတစ်နေရာနဲ့ ပြန်ရောင်းဖို့ ဆိုင်တစ်ဆိုင်တော့လိုမယ်”
“အဲဒါတွေကို ကျမတို့က အရင် ရင်းနှီးရမှာပေါ့”
ကောင်မလေးက သိန်းဇော်ဘက်ကို လှည့်ပြီး ..
“ကို … ဘယ်လို သဘောရလဲ”
“ကိုယ်က ဝပ်ရှော့ပဲ လုပ်တတ်တာလေ စီးပွားရေးမှ မလုပ်တတ်တာ အကြံမပေးတတ်ပါဘူး။ ဒီကောင်က အကျိုးအမြတ်များတယ်လို့ပြောလို့ ချစ် တို့များ စိတ်ဝင်စားမလားဆိုပြီး ခေါ်လာပေးတာ”
သိန်းဇော်က လုံးဝဝင်မပါဘဲ ရှောင်ထွက်သွားလိုက်တယ်။ ကောင်မလေးရဲ့ အဖေကတော့ တွေးတွေးဆဆနဲ့ ..
“ဦးတို့ နည်းနည်း စဉ်းစားချင်သေးတယ်”
“ဟုတ် စဉ်းစားပါ ဦး .. စိတ်ဝင်စားတယ်ဆိုရင် သိန်းဇော်က တဆင့် ဆက်သွယ်လိုက်နော်”
“အေးပါ”
သိန်းဇော်နဲ့ လူစိမ်း ပြန်သွားတော့ .. ကောင်မလေးနဲ့ သူ့အဖေ တိုင်ပင်ကြတယ်။
“အဖေ .. ဒီဘက်ခေတ်မှာ ဆေးပစ္စည်းနဲ့အလှကုန်ပစ္စည်းတွေက သေချာပေါက်မြတ်မှာနော်”
“ဒါပေမဲ့ စိတ်ချရပါ့မလား”
“ကိုသိန်းဇော်ခေါ်လာတာပဲလေ အဖေရယ်”
“ဒါပေမဲ့ သိန်းဇော်ကြည့်ရတာ ဒါတွေကို သိပ်နားလည်ပုံမပေါ်ဘူးနော် .. တော်ကြာ လိမ်ပြေးသွားမှ သိန်းဇော်ကို အပြစ်တင်ဖို့လည်း အဆင်မပြေဘူးနော်”
“အဖေကလည်း ဒီလောက် အရင်းအနှီးက သမီးတို့အတွက် သိပ်အခက်အခဲကြီးမှ မဟုတ်တာ”
“အေးဟာ .. ညည်းအဲဒီလောက် စိတ်ပါနေတော့လည်း လုပ်ကြည့်ပေါ့”
ဒီလိုနဲ့ ကောင်မလေးက သိန်းဇော်က တဆင့် ဆေးကိုယ်စားလှယ်ဆိုသူထွန်းခင်ကို ဆက်သွယ်လိုက်တယ်။ လိုအပ်တဲ့ ဂိုဒေါင်ကိုတော့ အိမ်ခေါင်းရင်းက ပိုနေတဲ့ မြေကွက်မှာ ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်ခန်းကိုတော့ သိန်းဇော်ရှာပေးတဲ့ ဈေးနားက ဆိုင်ခန်းတစ်ခုကို ဝယ်လိုက်တယ်။ အဲဒီအချိန်ထိ အေးအေးဆေးဆေးသာသာယာယာပဲ။ ဂိုဒေါင်ဆောက်တာ၊ ဆိုင်ခန်းဝယ်တာတွေမှာ သိန်းဇော်က တစ်ဖက်လှည့်နဲ့ ပွဲစားခရလိုက်သေးတယ်။ အဲဒါတွေကိုတော့ ကောင်မလေးဘက်က မသိ။ အရေးကြီးဆုံးအချိန်အခါကတော့ ဆေးဖိုးငွေချေရမယ့်အချိန်ပဲ။ အဲဒီနေ့မှာသိန်းဇော်က ဆိုင်ကယ်အပိုပစ္စည်းတွေ ဝယ်စရာရှိတယ်ဆိုကာ ပဲခူးဘက်ကို တက်သွားတယ်။ အဲဒီတော့ ဆေးဖိုးငွေချေမယ့်နေ့မှာ သိန်းဇော်ခေါ်လာခဲ့တဲ့ ထွန်းခင်ရယ်၊ ထွန်းခင်ခေါ်လာတဲ့ ရှေ့နေဆိုသူရယ်၊ ကောင်မလေးရယ်၊ သူ့အဖေရယ် စာချုပ်ချုပ်ပြီး ငွေချေလိုက်ကြတယ်။ သဘောတူညီချက်ကတော့ ဆေးနဲ့အလှကုန်ပစ္စည်း သိန်း ၁၈၀ဖိုးပေးမယ်။ လောလောဆယ် သိန်း ၆၀ပဲ ငွေချေထား။ ကျန်တာကတော့ ခေါက်ပြန်ကြေးပုံစံမျိုးနဲ့ပေါ့။ အဲဒီနေ့က အားလုံးအစစအရာရာ အဆင်ပြေသွားတယ်။ ဆေးက ငွေချေပြီး သုံးရက်အတွင်း လာချပေးမယ်ပေါ့။ အားလုံးပြီးစီးသွားပြီး ညနေပိုင်းလောက်ရောက်တော့ သိန်းဇော်က ရောက်ချလာတယ်။ သူမသိသေးတဲ့အထာနဲ့ အလုပ်ကိစ္စဘယ်အဆင့်အထိ ရောက်သွားပြီလည်း ဘာညာမေးတယ်။ ကောင်မလေးက အားရဝမ်းသာနဲ့ ဒီနေ့ပဲ ငွေချေပြီးကြောင်း၊ နောက်သုံးရက်အတွင်း ပစ္စည်းတွေ လာချပေးမှာဖြစ်ကြောင်း၊ နေ့ကောင်းရက်သာရွေးပြီး ဆိုင်ဖွင့်မှာဖြစ်ကြောင်း ရှင်းပြရှာတယ်။
ဒါပေမဲ့ သုံးရက်သာ ကျော်လွန်သွားတယ်။ ပစ္စည်းက ရောက်မလာဘူး။ ကောင်မလေးရော၊ သူ့အဖေရော စိတ်ပူလာတယ်။ အဲဒါနဲ့ ဆေးကိုယ်စားလှယ်ဆိုသူပေးခဲ့တဲ့ ဖုန်းနံပတ်ကိုဆက်ကြည့်တော့ လမ်းဘေးဖုန်းဖြစ်နေတယ်။ ပိုပြီးတော့ စိတ်ပူသွားတယ်။ အဲဒါနဲ့ ကောင်မလေးက သိန်းဇော်ရဲ့ ဝပ်ရှော့ကို လိုက်သွားတယ်။ တကယ်တော့ အဲဒီ ဝပ်ရှော့က သိန်းဇော်ရဲ့ အမှန်တကယ်ဆိုင်မှ မဟုတ်တာ ဘယ်ရှိမလဲ။ ဆိုင်က အလုပ်သမားလေးတွေက သိန်းဇော်ဆိုတာ ဒီဆိုင်ပိုင်ရှင်မဟုတ်ကြောင်းလည်း ပြောလိုက်တော့ ကောင်မလေး ဇဝေဇဝါဖြစ်သွားတယ်။ အဲဒါနဲ့ အိမ်ပြန်လာပြီး သူ့အဖေကို အကျိုးအကြောင်းပြောပြလိုက်တယ်။ သူ့အဖေကတော့ အခြေအနေတစ်ချက်စောင့်ကြည့်ပါဦး မလောပါနဲ့ဦးဆိုပြီး သူ့သမီးကို တားထားတယ်။ ညနေစောင်းလောက်ကျတော့ သိန်းဇော် ရောက်လာတယ်။ သိန်းဇော် က ဘာကိုမှ မသိတဲ့ မျက်နှာပေးနဲ့ ..
“ကို့ .. လူက အခုချိန်ထိ ပစ္စည်းတွေလာမချပေးသေးလို့”
“သူပေးခဲ့တဲ့ ဖုန်းနံပတ်မဆက်ကြည့်ဘူးလား”
“သူပေးတဲ့ ဖုန်းနံပတ်က လမ်းဘေးဖုန်းနံပတ်ကြီး”
“ဖုန်းနံပတ်မှတ်တာများ မှားသွားလို့လား”
“မမှားပါဘူး ကိုရယ် .. ဒါနဲ့ ဒီနေ့လယ်က ကို့ ဝပ်ရှော့ကို ရောက်ခဲ့တယ်။ ကို့ ဆီက အလုပ်သမားတွေက သူတို့ပိုင်ရှင်က သိန်းဇော်မဟုတ်ဘူးလို့ပြောလိုက်တယ်”
ကောင်မလေးက အဲဒီလိုပြောလိုက်တော့ သိန်းဇော် မျက်နှာ ကွက်ကနဲပျက်သွားတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ..
“အော် .. ချစ် တွေ့ခဲ့တာ မနေ့ကမှ အလုပ်ဆင်းတဲ့ လူသစ်ထင်တယ် .. သူနဲ့ကိုယ် အခုချိန် စကားမပြောရသေးလို့ ကိုယ့်နာမည်မသိသေးတာပါ”
သိန်းဇော်က မှင်သေသေနဲ့ လိမ်လိုက်တယ်။ ကောင်မလေးရော၊ သူ့အဖေရောက ဒီအချိန်မှာ ပစ္စည်းတွေ မရောက်လာသေးတာကိုပဲ အာရုံရောက်နေတာကြောင့် သိန်းဇော် ပြောတာကို ထက်တွန့်တက်မနေတော့ဘူး။ အဲဒါနဲ့ ကောင်မလေး အဖေ က ..
“သိန်းဇော် မင်းသူငယ်ချင်းရဲ့ အိမ် ကို မင်းသိတယ်မလား”
“သူတို့က ဒီမြို့မှာ မနေတာ သုံးနှစ်လောက်ရှိပြီ ရန်ကုန်မှာပဲနေတာ . .. ကျနော်ကလည်း သူရန်ကုန်ရောက်သွားတော့မှ ရန်ကုန်ကိုတစ်ခါမှ မရောက်ဖြစ်သေးတော့ သူ့ဆီကို တစ်ခါမှမရောက်ဖြစ်သေးတော့ သူ့အိမ်ကို မသိဘူး”
သိန်းဇော်က အဲဒီလိုပြောလိုက်တော့ ကောင်မလေးအဖေစိတ်ထဲမှာ ဘဝင်မကျတော့ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက သိန်းဇော် နားမလည်တဲ့ကိစ္စတွေဖြစ်တာကြောင့် ဘာမှတော့ ဆက်မပြောတော့ဘူး။ ဒီလိုနဲ့ သုံးရက်ကနေ လေးရက်၊ ငါးရက်၊ ခြောက်ရက်နဲ့ နှစ်ပတ်ကြာတဲ့အထိ ဆေးကိုယ်စားလှယ်ဆိုသူက လုံးဝပေါ်မလာ။ အလိမ်ခံလိုက်ရပြီဆိုတာ သေချာသွားတော့ ကောင်မလေးခမျာ မစားနိုင်မသောက်နိုင်တောင် ဖြစ်သွားတယ်။ အဲဒီအချိန်တွေမှာ သိန်းဇော်က အိမ်ကို ပုံမှန်ဝင်ထွက်တယ်။ သူလည်း စုံစမ်းပေးနေကြောင်း ဘာညာနှစ်သိမ့်တယ်။
အထက်ပါအဖြစ်အပျက်တွေအပြီး နှစ်လလောက်ကြာတော့ အားလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားချိန်မှာ ကောင်မလေးအဖေက ရန်ကုန်က သူ့အစ်မဆုံးလို့ နာရေးကို တစ်မိသားစုလုံး ထွက်သွားကြတယ်။ သိန်းဇော်ကို ခေါ်သေးတယ် သိန်းဇော်က အလုပ်ရှိလို့ဆိုပြီး နေခဲ့တယ်။ ပြီးတော့ ကောင်မလေးမိသားစုမရှိတော့တဲ့အချိန်မှာ သိန်းဇော်က သူတို့ရပ်ကွက်နဲ့ ဝေးတဲ့နေရာမှာ မြေတကွက်ဝယ်လိုက်တယ်။ သိန်းဇော်က ကောင်မလေးနဲ့ယူပြီးရင် ဒီရပ်ကွက်ကနေပါ ခြေရာဖျောက်ဖို့ စဉ်းစားထားပုံရတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ သိန်းဇော်ရဲ့ မြေကွက်ဝယ်တဲ့သတင်းက အာကာရဲ့ ဟောင်ဖွာဟောင်ဖွာပြောမှုကြောင့် သူတို့ရပ်ကွက်ထဲက လူတွေက သိသွားတယ်။ အဲဒီတော့ သိန်းဇော် ဘယ်က အချီကြီးရလာပြီလည်းဆိုပြီး အာကာကို ဆက်မေးကြတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်သိန်းဇော်လုပ်တာက အာကာကိုတောင် အသိမပေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လွဲချော်သွားလို့မဖြစ်တဲ့အခြေအနေမို့ သိန်းဇော်က တစ်ယောက်တည်းပိပိရိရိလုပ်တာ။ အာကာ က ဘယ်လိုဘယ်ပုံလုပ်လိုက်မှန်းမသိပေမဲ့ သိန်းဇော်ပြောဖူးပုံအရဆိုရင် သူ့ကောင်မလေးမိသားစုကို လိမ်လိုက်တာပဲ ဆိုတာတော့သိတယ်။
အရာအားလုံးဟာ သိန်းဇော်အတွက် ပန်းခင်းလမ်းလိုပဲ။ မြေလည်းဝယ်ပြီးပြီ။ အိမ်ဆောက်ဖို့နဲ့ကောင်မလေးကိုတင်တောင်းဖို့ ရွှေတဆင်စာအတွက်လည်း ငွေက အရံသင့်ရှိနေပြီ။ အဲဒီအချိန်မှာ ကောင်မလေးမိသားစုက ပြန်ရောက်လာတယ်။ မင်္ဂလာဆောင်ဖို့အတွက် သိန်းဇော်နဲ့ထပ်တိုင်ပင်တယ်။
“မင်းအဖေက ဘယ်တော့လောက်လာမှာလဲ”
“နောက်နှစ်ပတ်လောက်နေရင် ရောက်မယ်လို့ပြောပါတယ်”
“အေးကွာ .. အချိန်သိပ်မဆွဲချင်တော့ဘူး။ အခုဆို ပတ်ဝန်းကျင်ရဲ့ အကြည့်တွေက မင်းလည်းသိမှာပါ”
ဒီဘက်ရပ်ကွက်က နည်းနည်း ပိုက်ဆံရှိတဲ့သူတွေများတာကြောင့် အခြေခံလူတန်းစားရပ်ကွက်တွေလို တစ်ယောက်အကြောင်းတစ်ယောက်သိဖို့သိပ်မလွယ်ဘူး။ ဒီဘက်ရပ်ကွက်ကလူတော်တော်များများက သိန်းဇော်ကို ရုပ်နဲ့လူနဲ့ သိပ်မတွဲမိကြ။ ဒါကြောင့်လည်း သိန်းဇော်အကြောင်းကို အခုချိန်ထိ ကောင်မလေးမိသားစုဘက်က သိန်းဇော် ပြောသမျှကိုပဲ သိထားကြသေးတာ။
တစ်ရက်မှာတော့ သိန်းဇော်အတွက် ကံဆိုးတဲ့ နေ့တစ်နေ့ရောက်လာတယ်။ ကောင်မလေးကအဖေက ရန်ကုန်က သူ့အစ်မနာရေးကို သွားတုန်းက သူတို့ အလိမ်ခံလိုက်ရတဲ့အကြောင်း အမျိုးတွေအရှေ့မှာပြောခဲ့တယ်။ အခု ရန်ကုန်က ကောင်မလေးအဖေရဲ့ တူတော်မောင်က ဖုန်းဆက်လာတယ်။
“ဦးလေးရေ .. ဦးလေးတို့ကို လိမ်သွားတဲ့ ထွန်းခင်ဆိုတဲ့သူ မှုခင်းဂျာနယ်ထဲမှာပါလာတယ်”
“ဟေ .. ဟုတ်လား .. ဘာမှုနဲ့လဲ”
“နှလုံးထီအမှုနဲ့တဲ့”
“အေး အခု မိသွားပြီလား”
“အခု ကျနော်တို့မြို့က ရဲစခန်းမှာ သူ့ကို ချုပ်ထားတယ်တဲ့”
“အေးကွာ .. အဲဒါဆိုရင် ငါလည်း ဒီကောင့်ကို တရားစွဲရမယ်”
ဒီလိုနဲ့ ကောင်မလေးအဖေက မြို့ပေါ်ကို အရေးပေါ်တက်သွားတယ်။ နောက်ပြီးတော့ မြို့ကိုရောက်ရောက်ချင်း သူ့တူတော်မောင်နဲ့အတူ ရဲစခန်းကို သွားတယ်။ ရဲစခန်းရောက်တော့ ကောင်မလေးအဖေက .. ထွန်းခင်နဲ့ တွေ့ခွင့်တောင်းပြီး .. စကားပြောသေးတယ်။
“မင်း ငါတို့ ဆီက လိမ်သွားတဲ့ ပိုက်ဆံတွေကို ပြန်ပေးရင် ငါတို့ အမှုထပ်မဖွင့်ဘူးကွာ .. မပေးဘူးဆိုရင်တော့ အမှုဖွင့်ရလိမ့်မယ်”
“ပိုက်ဆံတွေက ကျနော့်ဆီမှာမှ မရှိတာ”
“ဟာ .. မင်းလိမ်သွားတာလေကွာ မင်းဆီမှာ ရှိရမှာပေါ့”
“အာ.. ကျနော်က လိမ်တာမှန်တယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးကို စီစဉ်တာ သိန်းဇော်ဗျ”
“ဘယ်လို .. ဘယ်လို.”
“ဟုတ်တယ် .. သူစီစဉ်သမျှမှာ ကျနော်က ဝင်ပြီး သရုပ်ဆောင်ပေးယုံပဲ။ အဲဒီအတွက် ကျနော်က တစ်သိန်းပဲရတာ ကျန်တာတွေအားလုံးသူပဲ ယူသွားတာဗျ”
“ဟေ့ကောင် .. ငါ့သားမက်လောင်း သိန်းဇော်က အဲဒီလိုမျိုးမဟုတ်ဘူး မင်းလျှောက်မပြောနဲ့”
“အဲဒါဆိုလည်း ဦးလေးဘာသာ သိန်းဇော်အကြောင်း သွားစုံစမ်းကြည့်တော့ဗျာ”
အဲဒီရပ်ကွက်ထဲရောက်သွားတော့ .. ကောင်မလေးရဲ့အဖေ ဒေါသတွေအလိပ်လိုက်ထွက်လာတယ်။ သူ ရွှေသားမက်လို့ ထင်ထားတဲ့ သိန်းဇော်ရဲ့ သတင်းတွေက သူ့ရင်ဝကိုဓားနဲ့ထိုးလိုက်သလိုပဲ။ ကောင်မလေးအဖေက ချက်ချင်းပဲ .. ရဲစခန်းကိုသွားပြီး သိန်းဇော်ကို အမှုဖွင့်လိုက်တယ်။ ကောင်မလေးကတော့ သိန်းဇော်ရဲ့ သရုပ်မှန်ကို သိသွားပြီး ဝမ်းနည်းသွားတာပေါ့။ သိန်းဇော်လည်း တော်တော်တော့ ကြေကွဲသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူစီစဉ်ထားတာတွေ အောင်မြင်ကာနီးမှ ထွန်းခင်ကြောင့် အားလုံးရေစုန်မျောသွားတာကိုး။ ဒါတောင် သိန်းဇော်က မှင်သေသေနဲ့ ငြင်းသေးတာနော်။ ထပ်ပြီး ငြင်းလို့မရတာက .. သူတို့စာချုပ်ချုပ်တုန်းက ရှေ့နေဆိုပြီးခေါ်ခဲ့တဲ့ လူကိုပါ ထပ်ပြီးတော့ မိ သွားတာကြောင့်ပဲ။ အဲဒီလူကို ရှာပေးတာက အာကာ။ အာကာကပါ ကြံရာပါအနေနဲ့ အမှုတွဲထဲ ပါသွားသေးတယ်။
သူတို့နှစ်ယောက်ပထမဆုံးထောင်ကျတော့ ရပ်ကွက်ထဲကလူတွေက ပျော်နေသေးတယ်။ သိန်းဇော်ရဲ့ ကောင်မလေးမိသားစုကတော့ အဲဒီမြို့ကပါပြောင်းသွားခဲ့တယ်။ သိန်းဇော်က ပိုက်ဆံတွေတော့ ပြန်မပေးခဲ့ပေမဲ့ သူဝယ်ထားတဲ့ခြံကွက်ကိုတော့ ကောင်မလေးအဖေကို ပေးလိုက်တယ်။ အဲဒီအမှုမှာ သိန်းဇော်က ထောင်သုံးနှစ်ကျသွားပြီး အာကာ က ထောင် တစ်နှစ်ကျသွားတယ်။ ဒါဟာ သူတို့ဘဝမှာ ပထမဆုံးထောင်ကျခြင်းလို့ပြောလို့ရသလို အမှောင်လောကမှာတော့ ရာထူးတိုးခြင်းလို့ သတ်မှတ်လို့ရမှာပေါ့လေ။
သူတို့ဟာ အခုဆို လူလတ်ပိုင်းအရွယ်ရောက်နေပြီ။ တစ်ယောက်က ၃၂နှစ်နဲ့ တစ်ယောက်က ၃၁နှစ်။ ထောင်ကတော့ သိန်းဇော်က ငါးကြိမ်ထိ ကျထားဖူးပြီး အာကာကတော့ လေးကြိမ်ကျထားဖူးတယ်။ နောက်ထပ်အလျင်းသင့်ရင် နောက်ထပ်သူတို့ထောင်ကျတဲ့အမှုတွေအကြောင်း ဆက်ရေးပါဦးမယ်။ ။
ခြူသစ်မောင်
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။