
လမ်းမီးရောင်အနည်းငယ်သာလင်းေနသော ဆိတ်ငြိမ်
ရပ်ကွက်တစ်ခု၏လမ်းမပေါ်တွင် Surf ကားတစ်စီးတည်း
အရှိန်ပြင်းစွာမောင်းနှင်လျက်ရှိသည်။
ထိုကားကို အသက် ( ၂၈ ) အရွယ်ခန့်အသားဖြူဖြူနှင့်
ရုပ်ရည်ခန့်ညားလှသော လူရွယ်တစ်ယောက်မောင်းနှင်လာခြင်းဖြစ်၏။ ကားပေါ်မှထိုသူသည် တစ်ယောက်
တည်း ချွေးစေးများပျံနေသည်။
ကားနောက်ခန်း၌တစုံတခုရှိနေသကဲ့သို့ကျောရိုးတွင်း
မှစိမ့်လာနေသဖြင့် အနောက်ဖက်သို့လှမ်းလှမ်းကြည့်နေ
ရှာ၏။ သို့သော်တစ်ကားလုံးသူတစ်ယောက်တည်းရှိ
သည်မှာငြင်းဖွယ်မရှိချေ။
ရုတ်တရက်အသံတစ်ခုကြားလိုက်ရသည်။ ဟုတ်သည်။
လက်ဖျောက်တီးသံအစစ်။ ထိုအသံက ကားနောက်ခန်း
သူ၏နောက်ကျောဖက်မှထွက်ပေါ်လာသောအသံ။ လူ
တကိုယ်လုံးကြက်သီးမွှေးညှင်းထောင်ထလာလေသည်။
အနံ့အသက်ပြင်းပြင်းတစ်ခုကိုပါရလာသဖြင့် လီဗာ
တင်ကာ အရှိန်မြှင့်လိုက်သည်။ ထိုစဉ်မှာပင် သူ၏
ကားရှေ့သို့ အရိပ်ဖြူဖြူတစ်ခုရုတ်တရက်ဖြတ်
လျှောက်လာသည်ကိုမြင်လိုက်သည်နှင့် ကားဘရိတ်
အမြန်နင်းချလိုက်ရသည်။
ဘရိတ်အုပ်သံအကျယ်ကြီးက ပတ်ဝန်းကျင်တွင်ဟိန်း
ထွက်သွားပြီး ကားရပ်သွားသည့်အခါ ဘေးသို့လိုက်ရှာကြည့်နေသည်။ တစ်လမ်းလုံးလူလူသူသူတစ်ယောက်
မျှမရှိချေ။
ကားရပ်ရာနှင့် မလှမ်းမကမ်းရှိလမ်းဆုံမှ ခွေးဝါကြီး
နှစ်ကောင်မှာ သူ၏ကားကိုကြည့်ကာ ရုတ်တရက်ထ
အူလာသည်။ ခေါင်းပေါ်ရှိဆံပင်များ အချောင်းလိုက်
ထောင်လာသကဲ့သို့ခံစားလိုက်ရပြီး သူ၏လည်ပင်း
အား ရုတ်တရက်ညှစ်လိုက်သလိုခံစားလိုက်ရတော့
သည်။
လည်ပင်းညှစ်ထားသည်ကအားကောင်းလွန်းသော
ကြောင့် အတင်းရုန်းသော်လည်းမရပေ။ ရှိသလောက်
ခွန်အားဖြင့် ဘေးကိုစောင်းငဲ့ကြည့်လိုက်၏။
သူတွေ့နေရသည်။ အသားညိုညိုနှင့် လူတစ်ယောက်။
မျက်နှာပေါ်၌ ဆေးမှင်ထိုးထားသည်။ ထိုသူ၏မျက်လုံး
များက အလွန်အေးစက်နိုင်လွန်းပြီး ပြူးကျယ်လျက်ရှိ
၏။ ရန်ငြိုးရန်စရှိဖို့မဆိုဘိ၊ ထိုသူကို တခါမျှမတွေ့မြင်
ဖူးခဲ့ပေ။
ကြောက်လန့်တကြားဖြင့်လီဗာကိုနင်းမိပြီး ကားကရုတ်
တရက်အရှိန်ဖြင့်ထွက်သွားလေသည်။ ' ဝုန်းခနဲ ' အသံ
နှင့်အတူ ကား၏ခေါင်းပိုင်းက အများအခေါ်အုန်းမွှေး
လုံးကားဟုခေါ်သော ဘိလပ်မြေမွှေ သည့်ကားအားဝင်
တိုက်လိုက်ချေပြီ။
ကားပေါ်မှဆင်းရန်ကြိုးစား၍မရချေ။ အမည်မသိလူ
ညိုကြီး၏လက်တွင်းကျဆင်းကာ ထိုနေရာ၌ပင်အသက်
ပေးလိုက်ရတော့လေသည်။
" ချလွင် ... ချလွင် ''
အိမ်ရှေ့မှလူခေါ်ခေါင်းလောင်းသံကြားရသဖြင့် မင်းမြတ်
သူ မှန်ပြူတင်းပေါက်မှတဆင့် ခြံတံခါးကိုလှမ်းကြည့်လိုက်သည်။ ခြံရှေ့၌ ခပ်ဝဝ အမျိုးသမီးကြီးတစ်ယောက်ကိုတွေ့သည့်အခါတံခါးဆင်းဖွင့်ပေးရန် အိမ်ထဲမှထွက်လာခဲ့၏။
" သတင်းကောင်းပဲသားရေ "
ထိုအမျိုးသမီးသည် ပြုံးရွှင်စွာနှုတ်ဆက်နေသည်။
" အထဲကြွပါဗျ "
အမျိုးသမီးကြီး၏ခပ်ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို ဒူးကနိုင်ဟန်
မရချေ။ ဒူးကိုလက်တစ်ဖက်ဖြင့်ဆုပ်နယ်ရင်းအိမ်ရှေ့လှေကားထစ်လေးကိုအားယူတက်လာနေရသည်။
မင်းမြတ်သူက ဆိုဖာခုံကိုညွှန်ပြပြီး
" ခဏထိုင်ပါဦးအန်တီ ... အအေးသွားယူလိုက်ဦးမယ် "
" နေ ... နေ သား ... မသောက်တော့ဘူး ... အရေးကြီး
သတင်းလေးလာပြောရင်း လာခဲ့တာ "
အမျိုးသမီး၏အခြေအနေကိုကြည့်ပြီး မင်းမြတ်သူ
သဘောပေါက်လိုက်ချေပြီ။ သူတို့ကြံဆောင်ထားသမျှ
အောင်မြင်ပြီဖြစ်မည်။
" ဟုတ်ကဲ့ "
အမျိုးသမီးကြီးက လက်ပွေ့အိတ်ထဲမှ တစ်သောင်းတန်
ငါးအုပ်ကို ထုတ်လာပြီး စားပွဲပေါ်တင်လိုက်သည်။
" ဒါကကျန်ငွေ ၅၀ နော်သား ... "
မင်းမြတ်သူလည်းနှုတ်ခမ်းကွေးညွတ်ကာ ပြုံးလိုက်၏။
" အောင်မြင်သွားပြီပေါ့ အန်တီ "
" မနေ့ညကပဲ ကားအက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားပြီ...
ဒီကိစ္စကို မရှိခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်တော့မယ် "
" ဟုတ်ကဲ့ပါဗျ ... နောက်လိုလည်း အချိန်မရွေးပြောပါ
အန်တီ "
" အေးကွဲ့ ... လိုရင်တော့ချက်ချင်းလာမှာ စိတ်ချ "
ဤသို့ဖြင့် စကားအနည်းငယ်ပြောဆိုပြီး အမျိုးသမီးကြီး
ပြန်သွားလေသည်။
ထိုအမျိုးသမီးကြီးတွင်အစ်ကိုတစ်ယောက်ရှိပြီး မောင်
နှမအရင်းဟူ၍ နှစ်ယောက်တည်းရှိသည်။ အစ်ကိုဖြစ်သူ
တို့ဇနီးမောင်နှံမှာ သားသမီးမထွန်းကားသဖြင့် အမျိုး
မတော် အဆွေမတော် ကလေးတစ်ယောက်ကိုမွေးစား
ခဲ့၏။
လင်မယားနှစ်ယောက်လုံးဆုံးပါးပြီးချိန် မွေးစားခံသား
ဖြစ်သူမှာဆိုးသွမ်းလာကာ ပိုင်ဆိုင်သမျှ ဖြုန်းတီးခြင်း၊
သူတပါးသမီးပျိုများအားဖျက်ဆီးခြင်းစသဖြင့်ပြုလုပ်
လာတော့သည်။ ထိုကြောင့် ညီမဖြစ်သူကတစ်ချက်ခုတ်
နှစ်ချက်ပြတ် မွေးစားခံသားကိုသတ်ပြီး အစ်ကိုဖြစ်သူ
ပိုင်ဆိုင်မှုအား ပြန်လည်ရယူရန် ကြံစည်ခြင်းပင်။
မွေးစားသားကိုသတ်ရန်ကြေးစားငှားဖို့ စုံစမ်းရာမှ မင်း
မြတ်သူ နှင့်ဆက်သွယ်မိခြင်းဖြစ်လေသည်။ အလုပ်
ကိစ္စအတွက် သိန်း ( ၁၀၀ ) နှင့်ဈေးတည့်ပြီး စရံငွေ
သိန်း ( ၅၀ ) အရင်ပေးရသည်။ ထိုသို့ဖြင့် အလုပ်ကိစ္စ
သဘောတူခဲ့ခြင်းဖြစ်တော့သည်။
မင်းမြတ်သူဆိုသည်က ကြေးစားလောက၌ နာမည်ကြီး
သူတစ်ယောက်။ ကြေးစားလူသတ်သမားဟူ၍ နာမည်ထွက်နေပြီးရဲကအနောက်မှလိုက်နေသော်လည်း မင်း
မြတ်သူသတ်သည်ဟူ၍ လက်စလက်န သက်သေ တစုံ
တရာ ရှာမတွေ့ဖူးချေ။ ထို့ကြောင့်မည်သို့မျှဖမ်းဆီးမရ
ဘဲ ဖြစ်ေနကြရသည်။
မင်းမြတ်သူနှင့်အလုပ်ကိစ္စပြောမည်ဆိုလျှင် လိုက်နာရမည့်စည်းကမ်းချက်များထုတ်ထားသည်။
(၁)အသတ်ခံရမည့်သူသည်ဆိုးသွမ်းနေသူ( သို့မဟုတ် ) လူ့ပြည်၌မရှိသင့်သောသူဖြစ်ရမည်။
(၂)လူသတ်ရန်ငှားရမ်းလျှင် သတ်ရမည့်သူ၏ အခြေ
အနေပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိတတ်၏။
(၃)ကြေးစားလူသတ်ရန်လာငှားပြီး ရဲကိုသတင်းပေး
ခြင်း၊ မိမိအားတရားခံဟူ၍ပြန်လည်စွဲချက်တင်ရန်ကြံ
ဆောင်ခြင်းမျိုး(လုံးဝ)မပြုလုပ်ရ။ အကယ်၍လုပ်မိပါ
က ပြုလုပ်သောသူပါအသတ်ခံရမည်။
ဟူ၍ စည်းကမ်းချက် ( ၃ ) ချက်သတ်မှတ်ထားလေသည်။
သူ့ထံအလုပ်အပ်ဖူးသူတိုင်း တရားခံရှာမရအောင်လက်
စပျောက်ကုန်သဖြင့် ကြေးစားလူသတ်ဟူ၍နာမည်ကျော်
ပြီး၊ လက်စလက်နကိုသိရှိကြသောကြောင့် ထုတ်ဖော်ခြင်း
မပြုရဲကြချေ။
မင်းမြတ်သူအတွက်မူကား လူသတ်ရန် သူ၏လက်ကို
သွေးစွန်းရန်မလိုအပ်လှချေ။သူ့တွင် ကိုယ်စားပြုလုပ်
ပေးမည့်သူရှိလေသည်။ ထိုအရာကား သူနေသည့်အိမ်အောက်မြေတိုက်ခန်း၌ရှိသည်။
မင်းမြတ်သူလည်းစားပွဲပေါ်မှ ပိုက်ဆံများကို ယူပြီး
အခန်းထဲရှိ မီးခံသေတ္တာထဲသိမ်းဆည်းလိုက်သည်။
ည ( ၁၂ ) ထိုးခါနီးအချိန်တွင် မင်းမြတ်သူမှာ မီးဖိုထဲ အလုပ်ရှုပ်လျက်ရှိသည်။ ငှက်ပျောဖက်ပေါ် ငါးကြင်းကြီး
တစ်ကောင်ဗိုက်ခွဲပြီးတင်ထားသည်။ ထို့နောက် ထိုငှက်
ပျောဖက်ကို ယူကာ မြေအောက်ခန်းသို့ဆင်းလာခဲ့လေ
သည်။
" ဒါရုဏ... "
မီးခလုတ်ေလးလှမ်းဖွင့်လိုက်သည့်အခါမြေအောက်ခန်းက မီးလုံးအဝါရောင်လင်းလာသည်။ အခန်းအလယ်၌တိုင်လုံးကြီးတစ်တိုင်ရှိပြီး ထိုတိုင်ပတ်ပတ်လည်သစ်သားဖြင့်
ဝန်းရံထားသည့်အခါ ရုတ်တရက်ကြည့်လိုက်လျှင် စားပွဲ
ဝိုင်းအလယ်တည့်တည့်တွင် တိုင်လုံးကြီးပေါက်ထွက်နေ
ဟန်နှင့်တူလှ၏။
မင်းမြတ်သူလည်း ထိုစားပွဲပေါ်သို့ ငါးအစိမ်းထည့်ထား
သည့် ငှက်ပျောဖက်ကိုချလိုက်သည်တွင် တိုင်လုံးကြီး
အပေါ်မှ အရိပ်မည်းကြီးပေါ်လာကာ တိုင်ကိုလျှောဆင်း
ကျလာလေသည်။ ထိုအရိပ်သည်တဖြည်းဖြည်းရုပ်လုံး
ကြွလာပြီး လူပုံသဏ္ဍာန်ရုပ်လုံးပေါ်လာတော့သည်။
အသားညိုညို၊ ခန္ဓာကိုယ်ထွားကြိုင်းပြီး တကိုယ်လုံး
ဆေးမှင်စုတ်ထိုးထားသော မကောင်းဆိုးရွားတစ်ကောင်
သာဖြစ်သည်။
" စားလိုက်ဦး ... ငါလည်းပြန်အိပ်တော့မယ် "
ဒါရုဏဟုခေါ်သော ထိုမကောင်းဆိုးရွားမှာ မင်းမြတ်သူ
ကို စောင်းငဲ့ကြည့်ပြီး ငါးအစိမ်းအားယူငင်၍ခေါင်းငုံ့ကာကိုက်စားလိုက်သည်။ သူခေါင်းမော့လိုက်သည့်အခါ
မီးလုံးဝါလည်းပိတ်သွားကာ မြေအောက်ခန်းတံခါးဂျိန်း
ခနဲ ပိတ်လိုက်သံပါကြားလိုက်ရ၏။
သို့သော် အမှောင်ထုထဲပျော်မွေ့နေသူဖြစ်သည့် အ
လျောက် မှောင်မည်းနေခြင်းကသူ့အတွက် ပို၍နေသာ
ထိုင်သာ ရှိနေပေသည်။ စားသောက်ပြီးသည့်အခါတိုင်
လုံးကြီးပေါ်တွားတက်သွားတော့သည်။
သူ၏နေစရာနေရာကား ထိုတိုင်လုံးထိပ်တွင်ဖြစ်ပြီး
ဒါရုဏ၏ဘုံဗိမ္မာန်လည်းဖြစ်လေသည်။ မင်းမြတ်သူ
ခိုင်းစေခြင်းမရှိသည့်အချိန်များတွင် မြေအောက်ခန်းအမှောင်ထုထဲ၌ ဒါရုဏပျင်းရိနေရ၏။
တချက်ချက်တွင် သူ၏မျက်လုံးများထဲ၌ ကြောက်မက်
ဖွယ်ကောင်းလောက်အောင် အေးစက်စက်အကြည့်များ
ရှိနေတတ်သေးသည်။ မင်းမြတ်သူလူပျိုပေါက်အရွယ်တွင်အဘိုးဖြစ်သူက ဒါရုဏကိုလက်ဆောင်ပေးခဲ့ခြင်း
ဖြစ်လေသည်။
မိဘနှစ်ပါးလုံးမရှိတော့ဘဲအဘိုးဖြစ်သူ ဦးဘငြိမ်းသာ
တွယ်တာရာဖြစ်ခဲ့ရသော မင်းမြတ်သူသည် သူငယ်ချင်း
အပေါင်းအသင်းလည်း အတော်နည်းပါးခဲ့ရသူဖြစ်သည်။
ရွယ်တူကလေးများ၏အနိုင်ကျင့်မှုကိုခံရရုံမျှမက
ပတ်ဝန်းကျင်ရှိ လူများကလည်း မသိတတ်သေးသည့်အရွယ်
မင်းမြတ်သူ ကို စကားဖြင့်အနိုင်ယူတတ်သေးသည်။
' နင့်အဖေက လူလိမ်၊ အကြွေးတွေဝိုင်းဝိုင်းလည်နေတာ၊
နင့်အမေကလည်း အကြွေးရှင်ကို ရန်ပြန်လုပ်တာ ' စသ
ဖြင့် နှိမ်တတ်ကြသည်။ မိဘမရှိ၊ ဆင်းရဲချို့တဲ့စွာနေရသည့်ကြားထဲ လူအချို့၏ စာနာခြင်းကင်းမဲ့သော စကား
များကိုသာ နေ့စဉ်လိုလိုကြားနေရသည့်အခါ အဘိုးဖြစ်
သူရင်ခွင်ထဲ ငိုရသည်ကအခါခါ။
" ယောကျာ်းဆိုတာ မျက်ရည်ကို အားအဖြစ်ပြောင်းနိုင်
ရတယ် ငါ့မြေးရ "
အဘိုးဦးဘငြိမ်းက အမြဲတစေအားပေးရှာသည်။ မိုးပျံ
ပူဖောင်းများကို နေရာအနှံ့သယ်ယူပြီးရောင်းချရသည့်
ဝမ်းစာမှာ အူစိုရုံသာတတ်နိုင်ခဲ့၏။ ဦးဘငြိမ်းတို့မြေး
အဖိုးအတွက် နေစရာအိမ်ဝိုင်းလေးနှင့် ခနော်ခနဲ့ တဲလေး
တစ်လုံးရှိ၍ တော်တော့သည်။
ငွေကြေးခက်ခဲသော်လည်း မင်းမြတ်သူ ကို ကျောင်းမထုတ်ခဲ့ချေ။ ထမင်းကြမ်းခဲနှင့် ဖြစ်သလိုစားသောက်ပြီး ကျောင်းတက်စေခဲ့သည်။
" ငါ့မြေးသာ ပညာတတ်ကြီးဖြစ်အောင်လုပ် "
ဦးဘငြိမ်းအမြဲပြောတတ်သည့်စကားဖြစ်၏။
ကံကြမ္မာက၎င်းတို့မြေးအဘိုးအားမျက်နှာသာမပေးခဲ့ချေ။
ဦးဘငြိမ်းတို့ဘေးပတ်လည်တွင် ဟိုတယ်ကြီးတစ်ခုတည်ဆောက်ရန် စီမံကိန်းရှိသောအခါ မစိုမပို့ငွေလေး
ဖြင့် ခြံဝိုင်းကိုတောင်းဝယ်ခဲ့လေသည်။
ငယ်စဉ်ကတည်းကနေလာသည့်နေရာဖြစ်၍ ခေါင်းချ
လျှင်လည်းထိုနေရာ၌သာချမည်ဟုဆုံးဖြတ်ထားသော
ဦးဘငြိမ်းမှာ ရောင်းရန်ငြင်းဆန်လိုက်သည်။ ထိုအချင်း
အရာကို ဟိုတယ်ပိုင်ရှင်သူဌေးက အစာမကြေဖြစ်ပြီး
အကောက်ကြံလေတော့သည်။
သူ၏တပည့်ကိုစေခိုင်းပြီး အိမ်ကိုမီးရှို့ခိုင်းခဲ့သည်။
ယိုင်နဲ့နဲ့ တဲလေးမှာ ပြာပုံအတိဖုံးလွှမ်းသွားချေပြီ။
ဦးဘငြိမ်းတို့မှာ ဒုက္ခကို ခါးသီးစွာခံရင်း ဝါးလုံး ေလးချောင်းထောက်ကာ ပလက်စတစ်များ၊ သံပြားသွပ်ပြားအစုတ်များရှာဖွေ ကာရံပြီး ရသလောက်နေကြသည်။
ရပ်ကွက်ထဲမှကူညီတတ်သူအချို့လည်း မကြည့်ရက်
သည့်အခါ မရှိကြသည့်ကြားက တတ်နိုင်သလောက်
ကူညီကြရှာ၏။ သို့သော်လည်း အိမ်တစ်လုံးပြန်ဆောက်
ဖို့က အလွန်တရာမှ အလှမ်းဝေးလွန်းချေပြီ။
မြေးအဖိုးနှစ်ယောက်တည်းရှိပြီး ပညာရေးနိမ့်ကျကာ အသိမိတ်ဆွေနည်းပါးသော ဦးဘငြိမ်းကို ဓနအင်အား
ဖြင့် မောင်းထုတ်တော့သည်။ ညသန်းခေါင်အချိန်တွင်
လူလေးငါးယောက်ခန့်ရောက်လာကာ စာချုပ်တစ်ခု၌
လက်မှတ်အတင်းထိုးခိုင်းကြ၏။
မထိုးပေးသဖြင့် ရိုက်နှက်ကြသည်။ မင်းမြတ်သူကိုပါ
ရိုက်နှက်လာသဖြင့် အားမတန်မာန်လျော့ကာ လက်
မှတ်ထိုးပေးလိုက်ရတော့သည်။ ထိုသူတို့ကချက်ချင်း
ပင် ကားပေါ်ဆွဲခေါ်သွားကြသည်။
ထို့နောက် ထိုကားဖြင့် အခြားမြို့သို့ပို့ကာ လမ်းလယ်
ခေါင်၌ အထုတ်အပိုးများပစ်ချလိုက်သည်။ မြေးအဘိုးနှစ်ယောက်ကိုပါဆင်းခိုင်းကာ ပိုက်ဆံ ၃၀၀၀၀ ပေးပြီး
ထိုကားလည်းပျောက်ကွယ်သွားလေတော့သည်။
လမ်းလယ်ခေါင်၌ ယောင်လည်လည် ဖြစ်နေရှာသော
မြေးအဘိုးနှစ်ယောက်မှာ ခိုကိုးရာမဲ့စွာဖြင့် မျက်ရည်
များကျဆင်းခဲ့ရလေသည်။ ထိုအဖြစ်အပျက်ကို ငယ်
ရွယ်သေးသော်လည်း မင်းမြတ်သူ၏ မျက်လုံးထဲ၊ နှလုံး
သားထဲ ဖျောက်ဖျက်မရအောင်စွဲထင်ကျန်ရစ်နေတော့
၏။
စမ်းတဝါးဝါးလျှောက်လာကြရင်းဘုန်းကြီးကျောင်းတစ်
ကျောင်းတွေ့၍ ကျောင်းထိုင်ထံအကူအညီတောင်း
ရသည်။ ထိုကျောင်း၌ အချိန်တစ်ခုအထိ ခိုနားခွင့်ရခဲ့သဖြင့်သာ များစွာဒုက္ခမရောက်ခဲ့ရခြင်းဖြစ်၏။ ဦးဘငြိမ်းလည်း ရရာအလုပ်ရှာဖွေသည့်အခါ ကျောင်းထိုင်
ဆရာတော်၏ ကူညီပေးမှုဖြင့် ပန်းပုဆိုင်တစ်ဆိုင်၌ အလုပ်ရခဲ့လေသည်။
ဦးဘငြိမ်းက ပန်းပုထုတတ်သူတော့မဟုတ်၊ ပန်းပု
ဆိုင်၏တောက်တိုမည်ရ လုပ်ရသည့်အလုပ်ကို လုပ်ရ
သည်။ မင်းမြတ်သူမှာကျောင်းဆက်တက်ရန် မည်သည့်
စာရွက်စာတမ်းမှ မရှိသည့်အတွက် ဘုန်းကြီးကျောင်း၌
ပင် ပညာသင်ကြားခဲ့ရလေသည်။
တနေ့တွင် ပန်းပုဆိုင်သို့ အမြင့်ပေ ၃ ပေခန့်ရှိသည့်လော
ကနတ်ရုပ်ကြီး လာအပ်သည်။ ထိုသူက မြို့မျက်နှာဖုံး
တစ်ယောက်ဖြစ်ပြီး ဦးတင် ဟုဆိုလျှင် မသိသူမရှိပေ။
ဦးတင်မှာ နေ့စဉ်လိုလို ဆိုင်လာပြီး လောကနတ်ရုပ်အား
မည်မျှထုပြီးနေပြီ လာလာကြည့်တတ်သည်။
ထိုသို့လာကြည့်တိုင်းလည်း ဦးဘငြိမ်းနှင့်စကားစမြည်
ပြောတတ်လေသည်။ ရုပ်ထုမှာ တစ်လခန့်ကြာအောင်
ထုရသည့်အခါ ဦးတင်နှင့် ဦးဘငြိမ်းတို့သည် အတော်ပင်
ခင်မင်ရင်းနှီးသွားကြလေပြီ။
" ကျွန်တော်လူရွယ်လောက်တုန်းက ပင်စည်ချောင်းဘေး
မှာ သုဿာန်ဟောင်းတစ်ခုရှိဖူးတယ်...အဲ့ဒီသုဿာန်ထဲ
ဘယ်သူမှမဖြတ်ရဲကြဘူး... မြေကြမ်းလို့ ကွေ့ပတ်ပြီး
သွားကြရတာပေါ့ဗျာ... တစ်ရက်ကြတော့ ကျွန်တော့်
သူငယ်ချင်းပေါ့.. ကိုသာဒိုး လို့ခေါ်တယ်ဗျ... သူနဲ့နှစ်
ယောက်သား ပင်စည်ချောင်းထဲ ဖားရိုက်ထွက်ကြ
ရောဗျာ... ညနေစောင်းကနေဖားရိုက်လိုက်တာ ည
မှောင်သွားပါလေရော ... လွယ်အိတ်ထဲလည်းဖားအပြည့်
ရပြီမလို့ပြန်ဖို့ပြင်တော့မှ သုဿာန်ဟောင်းကိုသတိရ
သွားကြတော့တယ်... ' ဟေ့ကောင် သာဒိုး ... တလက်စ
တည်း ဝင်ကြည့်ကြမလား ' ဆိုပြီး ကျွန်တော်ကအရင်
စပြောလိုက်တာ... သာဒိုးဆိုတဲ့ကောင်ကလည်း
အကြောက်အလန့်တစ်စက်ကလေးမှရှိတဲ့သူမဟုတ်လေ
တော့ ' ဝင်လေကွာ ' လို့ သဘောတူတာနဲ့ ဝင်ချသွားကြ
ရော "
ဦးတင်က ပြောရင်းအာခြောက်ဟန်ရသည်။ အင်္ကျီအိတ်
ကပ်တွင်းမှ ဆေးပေါ့လိပ်တစ်လိပ်ကိုထုတ်ယူလာကာ
မီးညှိရင်း တစ်ရှိုက် နှစ်ရှိုက် ဖွာလိုက်လေသည်။ ဦးဘငြိမ်း
မှာတော့ ဦးတင်ပြောလာမည့်စကားကို စိတ်ဝင်တစား
ဖြင့် နားစွင့်နေတော့သည်။
" သုဿာန်ထဲရောက်တော့ ဘာမှမည်မည်ရရ မတွေ့
ဘူး... ကျွန်တော်တို့လည်း လူတွေအကြောက်ကြီးကြ
တာကိုကြိတ်ရယ်မိကြတာပေါ့ ... သုဿာန်ထဲတစ်ပတ်
ပတ်ခဲ့ပြီး ပြန်အထွက် လွယ်အိတ်ထဲကဖားတွေဟာ
ခုန်ထွက်ကုန်ပါရောလား... နှစ်ယောက်သားခေါင်းနဘမ်း
ကြီးသွားမိပြီ... ဘယ့်နှယ့် ဖားရိုက်လာတာ ကိုယ့်လက်ဆ
ကိုယ်သိတယ်လေဗျာ... အသေရိုက်ခဲ့တာ... ဖားတွေက
သေနေတာသေချာတာကို ခုလို လတ်လတ်ဆတ်ဆတ်
ကြီး ခုန်ထွက်ကုန်ကြတော့ တခုခုတော့ မှားပြီဆိုတာ
သိလိုက်ကြပြီ... ဖားလည်းမကောက်နိုင်ဘူး ... တချိုး
တည်း ပြေးကြတာပဲဗျ ... ကျွန်တော့်ဘဝမှာ မှတ်မှတ်
ရရအဖြစ်ပေါ့ ကိုဘငြိမ်းရေ "
" ပရလောကဆိုတာ တကယ်ရှိတာပဲဗျ... ကျွန်တော်
တော့တခါမှမတွေ့ကြုံဖူးသေးဘူး "
" ဟာ ရှိတာပေါ့ဗျာ ... ဖားသေတွေခုန်ထွက်တာကို မယုံ
နိုင်သေးလို့ နောက်နေ့ နေ့ခင်းဖက် သုဿာန်ဆီသွားပြန်
ကြည့်ကြတာ... ဘာဆိုဘာမှကိုမတွေ့တော့ဘူး... ဖား
သေလည်းမတွေ့ဘူး... ဖားအရှင်လည်းမတွေ့ဘူးဗျာ..
ဒါနဲ့ပဲ သုဿာန်အကြောင်းစုံစမ်းကြည့်တဲ့အခါ ဟိုးရှေး
ခေတ်တုန်းက အဲ့ဒီနေရာဟာ လူသတ်ကုန်းဖြစ်ခဲ့တယ်လို့
ဆိုတယ်... ဘုရင်ကိုအာခံတဲ့ပြည်သူတွေဆို အဲ့ဒီပင်စည်
ချောင်းဘေးကကုန်းထိပ်မှာ စီရင်ခဲ့တယ်တဲ့ ... ရှေးတုန်း
ကနေခေတ်အဆက်ဆက် ပြောကြတာတော့ စီရင်ပေးရ
တဲ့ ဘုရင့်လက်ပါးစေဆိုတာက ဒါရုဏလို့ခေါ်တဲ့ လူ
ကောင်ထွားကြီးတဲ့ဗျာ... ဘုရင့်အမှု့တော်ထမ်းရင်း
သတ်ခိုင်းတဲ့သူကို မသတ်ဘဲလွတ်ပေးလိုက်လို့ အမျက်
တော်ရှပြီး သူ့တကိုယ်လုံးဆေးမှင်စုတ်ထိုးခံခဲ့ရတယ်...
ပြီးတော့ ပင်စည်သုဿာန်မှာ အရှင်လတ်လတ်မြေမြုပ်
သတ်ခံခဲ့ရတာလို့ပြောကြတာပဲ "
ဦးတင်စကားကြောင့် ဦးဘငြိမ်း အတော်စိတ်ဝင်စား
သွားခဲ့သည်။
" မြေကြမ်းတယ်ဆိုတာ သူ့ကြောင့်များလားဗျ "
" ဟုတ်လောက်တယ်ဗျို့ ... သူကဘုရင်အပေါ်သစ္စာ
စောင့်သိပေမယ့် ဘာလို့တရားခံကိုလွတ်ပေးပြီးစတေး
ခံသွားလဲဆိုတာမသိဘူး... အကြောင်းတစ်ခုခုကြောင့်
မကျွတ်လွတ်တာနေမှာပေါ့ ကိုဘငြိမ်းရေ ... ကျွန်တော်
သိရသလောက်ကတော့ သိုက်ဆရာတွေ နတ်ဆရာတွေ
က ဒါရုဏကို တပည့်အဖြစ်မွေးဖို့ ခေါ်ယူဖူးကြသတဲ့...
ဒါပေမယ့် မရခဲ့ဘူး ... အကြောင်းတော့ရှိမယ်ဗျနော်...
သူ့ရာဇဝင်ကတစ်ခုခုပဲ "
ဦးတင်ပြန်သွားပြီး ဦးဘငြိမ်း၏စိတ်ထဲတွင် ဒါရုဏ
အကြောင်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။
ပန်းပုဆိုင်၌ လက်တိုလက်တောင်းလုပ်ရင်း ထိုအချင်း
အရာကို သတိမရတော့ချေ။ ထိုသို့ဖြင့် ရာသီစက်ဝန်း
တစ်ပတ်ပြည့်သွားခဲ့သည်။
ပန်းပုဆိုင်လေးဖွင့်ရန် မနက် ( ၇ ) နာရီခန့် ဆိုင်ရောက်
သွားသည့်တစ်နေ့တွင် ဆိုင်ရှေ့၌ လူနှစ်ယောက် ရပ်
စောင့်နေသည်ကိုတွေ့လိုက်ရ၏။ ထိုသူနှစ်ယောက်ထဲ
မှ တစ်ယောက်သည် ဦးဘငြိမ်းနှင့် အသက်သိပ်မကွာ
လှချေ။ ( ၆၀ ) ကျော်ဝန်းကျင်အရွယ်နှင့် ကျန်တစ်
ယောက်မှာ အသက် ( ၅၀ ) ဝန်းကျင်ဖြစ်သည်။
" ပန်းပုအပ်ချင်လို့ ... အမြန်လိုချင်တယ်ဗျာ...ရနိုင်
မလား "
ဦးဘငြိမ်းက ထိုသူများကို ခြေဆုံးခေါင်းဆုံးကြည့်
လိုက်သည်။
" ကျွန်တော်ကသိပ်နားမလည်ဘူး ... ပန်းပုဆရာက
နောက် ၁နာရီလောက်မှ ရောက်မှာ... စောင့်မလား
ခင်ဗျ "
ထိုလူနှစ်ယောက်မှာ အရေးကြီးနေဟန်ရသည်။ ပန်းပု
ဆရာကိုလည်းစောင့်ချင်ဟန်မရသလို ဖြစ်နေသည်။
အခြားပန်းပုဆိုင်များလည်း ထိုကဲ့သို့ပင် ဆိုင်သာအရင်
ဖွင့်ထားပြီး ပန်းပုဆရာ မရှိကြသေး။
" ခင်ဗျားကိုပဲ မေးလိုက်တော့မယ် ... ၅လက်မအရွယ် ယောကျာ်းတစ်ယောက်ပုံထုရမှာ ... ဒီနေ့အပြီးလိုချင်တာ ရနိုင် မရနိုင်ပဲ ပြောကြည့်ဗျာ "
" ၅ လက်မအရွယ်ဆိုတော့ ရနိုင်လောက်မယ်ထင်ရဲ့...
ဒါပေမယ့် လုံးပတ်ကဘယ်လောက်ရှိမလဲ "
" လုံးပတ်ကတော့ ၂ လက်မခွဲ ဝန်းကျင်ဆိုရပြီ... အချော
မလိုဘူး... ရုပ်လုံးပေါ်ရုံ အကြမ်းထည်ဆိုရတယ် ... ဖြစ်
မလား "
" ရနိုင်ပါတယ် ... ဒါပေမယ့် "
" ဒါပေမယ့် မလုပ်နဲ့တော့ ... ကျွန်တော်တို့ညနေလာယူ
မယ်... ရော့ ဒီမှာ စရံငွေ ၅၀၀ ... သေချာထုထားပေး
ဗျာ "
" နေ ... နေပါဦးဗျာ ... ဘာအသားနဲ့ထုမှာလဲ "
" ဘာအသားဖြစ်ဖြစ်ထုထားပေး "
ဦးဘငြိမ်းလက်ထဲ ပိုက်ဆံ ၅၀၀ ထိုးထည့်ခဲ့ပြီး စကား
ပြန်ပြောချိန်ပင်မရလိုက်၊ အဆောတလျင်ထွက်ခွာသွား
ကြတော့သည်။
ပိုက်ဆံ ၅၀၀ ကိုင်ပြီးယောင်လည်လည်ဖြင့်ရှိနေစဉ်
ပန်းပုဆရာရောက်လာသောကြောင့် အကျိုးအကြောင်း
ပြောပြသည့်အခါ ပန်းပုဆရာကလည်း ထုပေးမည်ဖြစ်
ကြောင်း၊ အကြမ်းထည်သာဆို နေ့တစ်ဝက်တည်းနှင့်
ပြီးကြောင်း ၊ နောင်အခါ အလုပ်လက်ခံနိုင်ရန် ဦးဘငြိမ်း
သည်လည်း ပန်းပုပညာအကြောင်း လေ့လာစေလို
ကြောင်း ပြောပြီး ထုလုပ်ပေးလေသည်။
ညနေရောက်လာသည့်အခါ ထိုသူနှစ်ယောက်ပြန်ရောက်
လာသည်။ ပန်းပုရုပ်ကိုကြည့်ပြီး မည်သည်မျှမပြောဘဲ
ကျသင့်ငွေကိုမေးသည်။ ပန်းပုဆရာကလည်း ငွေ ၅၀၀
နှင့်ရပါပြီကြောင်းပြန်လည်ဖြေကြားသည့်အခါ ပန်းပု
ရုပ်ယူကာ ပြန်သွားကြလေသည်။
" ထူးဆန်းပါ့ငါ့တူရာ... ဒီအရုပ်ကအလှထားလည်း
မရ ဘယ်နားထားဖို့များ ငွေ ၅၀၀ တောင်သုံးသလဲ
မစဉ်းစားတတ်ဘူး "
" ဦးလေးကဘာမှမသိသေးလို့... ဒီလူတွေ ပင်စည်
သုဿာန်ကိုသွားကြမှာ... ဒါရုဏ ကိုခေါ်ဖို့ ဒီလိုအရုပ်
တွေလာလာထုတတ်သဗျ "
" ဟေ ... ဟိုတခါ ဦးတင် ပြောပြတဲ့ဟာလား ငါ့တူကြီး"
" အဟုတ်ပဲပေါ့ဗျာ ... "
" နေစမ်းပါဦးဟ... အဲ့ဒီ ဒါရုဏ ကဘာအစွမ်းတွေရှိ
လို့တုန်း "
" မသိပါဘူး ဦးလေးရာ ... နတ်ဆရာတွေတော့ ရုပ်ထုလာ
လာထုနေတာပဲ ... ဦးလေးသိချင်ရင် စွယ်တော်ရင်း ဘုရား
က ဂေါပကဆီမေးကြည့် ... သူကတော့ ဒါရုဏအကြောင်း
တော်တော်သိတယ် ... ကျွန်တော်တော့ ကိုယ့်အလုပ်မ
ဟုတ်လို့ တခါမှမမေးဖူးဘူးဗျ "
ဦးဘငြိမ်းမှာ ယခုအခါတွင် ဒါရုဏ အကြောင်းကို
စိတ်ဝင်စားလာတော့သည်။ နောက်ရက်တွင်တော့
စွယ်တော်ရင်းဘုရားဂေါပကထံ ရောက်အောင်သွား
မေးမည်ဟု ဆုံးဖြတ်လိုက်လေ၏။
ထိုညတွင် အချိန်အခါမဟုတ် လေအတော်ကြမ်းနေ
သည်။ ဦးဘငြိမ်းတို့မြေးအဘိုးနှစ်ယောက်မှာ စောင်
ပါးလေးကို လုံအောင်ခြုံရင်း အိပ်စက်သော်လည်း
လေကမည်သည့်နေရာမှ ဝင်လာနေသည်ကို မသိနိုင်
နေချေ။
ကြမ်းတမ်းလှသည့် လေပြင်းကြောင့် ဘုန်းကြီးကျောင်း
ထဲရှိ သစ်ကိုင်းအချို့ပင် တဝုန်းဝုန်း ကျိုးကျကုန်သံ
အတိုင်းသားကြားနေရ၏။ မင်းမြတ်သူမှာတော့ ကလေး
ပီပီ အိပ်မောကျသွားသော်လည်း ဦးဘငြိမ်းက တမှေးမျှ
အိပ်မရနေချေ။
မှေးခနဲ အိပ်ပျော်သွားချိန်တွင် နားထဲ၌ အသံနက်ကြီး
ဖြင့်အော်လိုက်သံကြားမိသကဲ့သို့ဖြစ်ပြီး လန့်နိုးလာခဲ့
သည်။ အိပ်ပျော်ရာမှလန့်နိုးလာသည့်အခါအပြင်ဖက်ပတ်ဝန်းကျင်၌ လေပြင်းကျခြင်းပင် ငြိမ်သက်နေချေ
ခဲ့ပြီဖြစ်သည်။
ဘုန်းကြီးကျောင်းမှ အုန်းမောင်း ၄ချက်ခေါက်လိုက်သံ
ကြောင့် ဆက်မအိပ်တော့ဘဲ မျက်နှာသစ်ကာ ဘုရားဝတ်
ပြုလိုက်တော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။