
ပြင်ထားသော ခေါင်းတလားအတွင်းမှ ရုပ်အလောင်းကို မမှိတ်မသုန် ကြည့်ရင်း ၊ ဒါ တကယ်လား ၊ အိမ်မက်လား မဝေခွဲနိုင်လောက်အောင် ဖြစ်နေမိသည်။
ခေါင်းတလားအတွင်းမှာတော့ ငြိမ်သက်စွာ လှဲလျောင်းလျက် မနိုးထသော အိပ်စက်ခြင်းဖြင့် ထာဝရအိပ်ပျော်သွားပြီ ဖြစ်သည့် မယားညီအစ်ကို ' ကိုကိုလတ် ' ၏ ရုပ်အလောင်းသည် ဆန့်ဆန့်ကြီးပင်။
မျက်နှာသည် မနေ့ကနဲ့မတူ ၊ ညိုပုပ်ပုပ် အရောင်အဆင်း ရှိသည်။ ပါးစပ်မှာ စေ့စေ့ပိတ်ထား၏။ သူ လာလျင် အားရဝမ်းသာ ကြိုဆိုတတ်သော ကိုလတ်ခမျာ ၊ အခုတော့ သူ့အား အရေးတယူ မလုပ်နိုင်အားတော့ချေ။
တကယ်တော့ သူနဲ့ကိုလတ်သည် မယားညီအစ်ကို ဆိုတာထက် သူငယ်ချင်းအရင်းအချာသဖွယ် ဆိုးတိုင်ပင်ကောင်းတိုင်ပင် ပေါင်းလာခဲ့ကြသူများ ဖြစ်ကြသည်။ ကိုလတ်က သူ့ထက် ၅နှစ်ကျော် ငယ်သူ ဖြစ်သဖြင့်
သူ့အား အမည်ရင်း ကိုလွင်ဦးဟု မခေါ်ပဲ ၊ သူ့မိန်းမ ခေါ်သလို ကိုကြီးဟုသာ ခေါ်လေ့ရှိသည်။ နှစ်ဦးစလုံးမှာ သောက်တတ်စားတတ်ကြသည်မို့ မိန်းမတွေ အလစ်မှာ စားသောက်ဆိုင်သို့ ချိန်း၍ အတူတူ ချီတက် သောက်စားလေ့ရှိကြသည်။ ထိုအခါ ကိုယ့်အိမ်တွင်းရေး မပြေလည်မှုလေးများ ၊ အိမ်ထောင်ရေး အဖုအထုံးလေးများကို ကိုယ်စီကိုယ်ငှ ရင်ဖွင့်တတ်ကြသည်။ ထုံးစံအတိုင်း ရင်ဖွင့်လို့ ပေါ့ပါးသွားကြရင် ဟိုဟိုသည်သည် ရောက်တတ်ရာရာတွေ ပြောဆိုကြရင်း အတူ ရယ်မောခဲ့ကြ၏။
အရက်သမားတွေမှာ တွဲဖက်ကောင်း လို၏။ မူးလာရင် ရစ်တတ်ကြသည်ဆိုပေမယ့် ၊ အတိုင်းအတာတစ်ခုထက် ပိုပြီး မရစ်တတ်သော သောက်ဖော်စားဖက်နှင့် စွဲမြဲစွာ ထိုင်လေ့ရှိကြသည်။ နောက်တစ်ခုက အရက်ဖိုးကို သူတပြန် ကိုယ်တစ်လှည့် နိုင်သလောက် ရှင်းတတ်သည့် သောက်ဖော်စားဖက်များမှာ ပို၍ စွဲမြဲစွာ တွဲလေ့ ရှိကြသည်။ ယခု သေဆုံးသူ ကိုလတ် နှင့် စွဲမြဲစွာ တွဲသည်မှာ ယင်းအချက်များ ပြည့်စုံသောကြောင့် ဖြစ်၏။ရုတ်တရက်ကြီး ကိုလတ် ကွယ်လွန်သွားပြီဆိုတော့ ၊ ကိုလွင်ဦး တအံတဩနဲ့ ရောက်လာခြင်း ဖြစ်သည်။ မနေ့ကပင် သူနဲ့အတူ အရက်ဆိုင် အတူ ထိုင်ခဲ့ကြသေးသည်မဟုတ်လား။ ချက်ချင်းကြီးဆိုတော့ သူ့နားကို သူပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
" ရေချိုးပြီး ... မူးတယ် မူးတယ်ဆိုပြီး အရုပ်ကြိုးပြတ် လဲကျသွားတာ ကိုကြီး၊ ဆရာဝန် ချက်ချင်းပင့်ပေးတယ် ။ ဆရာဝန်ရောက်တော့ အသက်မရှိတော့ဘူးတဲ့ ၊ အောင်မယ်လေး ! ကိုလတ်ရဲ့ တော့်သမီးလေးကို စိတ်ချပြီး ထားခဲ့ပြီပေါ့၊ ငါ့သမီးကို ငါကိုယ်တိုင် ကျောင်းလိုက်ပို့ပေးအုံးမှာဆို ၊ ဘယ်စိတ်နဲ့ ကျုပ်တို့သားအမိကို စိတ်ချလက်ချ ထားသွားခဲ့တာလဲ လူစိမ်းကားကြီးရဲ့ ၊ သမီးလေးကို ချစ်လို့ မဝသေးဘူးဆို ၊ ထကြည့်ပါအုံးလား ကိုလတ်ရဲ့ အင်းဟီးဟီး ... "
ကိုလတ်ရဲ့ဇနီး မချိုဝင်းက ရင်ဘတ်ကို စည်တီးပြီး ချုံးပွဲချ ငိုကြွေးနေရှာသည်။ ကိုလွင်ဦးခမျာ ဘယ်လို ဖြေသိမ့်ပေးရမလဲ မစဉ်းစားတတ်။ ဝမ်းနည်းပူဆွေးကာ ရှိုက်ကြီးတငင် ငိုကြွေးနေသော ခယ်မဖြစ်သူ မချိုဝင်းအား ကြည့်၍ သူပင် မျက်ရည်များ ဝဲလာ၏။
လွန်ခဲ့သော တပတ်က ညနေခင်း၌ သူနဲ့ ကိုလတ် အရက်အတူ သောက်ကြသည်ကို ပြန်လည် မြင်ယောင်လာမိသည်။ထိုစဉ်က ကိုလတ်သည် မျက်ခုံးနှစ်ဖက်ကို လက်ညှိုး လက်မဖြင့် ဖိနှိပ်၍ ...
" ခုတလော ဘာဖြစ်တယ် မသိပါဘူး အစ်ကိုကြီးရာ ၊ မျက်ရိုးတွေကိုက်ပြီး ဇက်ကြောတွေ တက်တယ် ၊ ပြီးတော့ ခေါင်းထဲ ခပ်အုံအုံကြီး ... "
အရက်ခွက်ထဲ ရေခဲတစ်တုံးကို ညှပ်ဖြင့် ယူထည့်ရင်း ကိုလွင်ဦးက ...
" မင်း ... နေ့ခင်းဘက် သောက်မိလား ကိုလတ် ၊ မနက်ရေ သောက်ရင် ခုလို ဖြစ်တတ်တယ်ကွ "
ကိုလတ်က မဟုတ်ကြောင်း ငြင်းသည်။
" ဟာ ... အစ်ကိုကြီးကလည်း ၊ မသောက်ပါဘူး ။ နေ့ခင်းဆို အစ်ကိုကြီး သိတဲ့အတိုင်း ၊ ဈေးရောင်းနေရတာနဲ အားချိန် မရှိပါဘူး ၊ နောက်ပြီး နေ့လယ်ဆို ရာသီဥတုက ပူကပူနဲ့ အစ်ကိုကြီးရာ ၊ မသောက်ပါဘူးဗျ "
အကြောင်းသိချင်းမို့ ကိုလွင်ဦးက ရယ်သွမ်းသွေးလိုက်ရင်း ...
" ဟားဟား ... မင်းက ပြောရတာမဟုတ်ဘူးလေ ၊ နေ့လယ်နေ့ခင်း ပူတယ်ဆိုပြီး ဈေး ဝယ်ထွက်ရင်း ၊ အပူခံ ဘီယာအေးအေးလေး တစ်ခွက် နှစ်ခွက်များ ဝင်ကစ်နေမလားလို့ပါ ၊ မင်းအကြောင်း မသိတာကျလို့ ... "
ကိုလတ်က ရယ်ကျဲကျဲဖြင့် ...
" ဟာဗျာ ... ခု အဲ့ဒါတွေ မလုပ်ဖြစ်တော့ပါဘူး "
ကိုလတ်က တစ်ခါတရံ သူ၏ လျှပ်စစ်ပစ္စည်းဆိုင်အတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ဈေးဝယ် ထွက်ရ၏။ ထိုအခါ သူ့မိန်းမ မချိုဝင်းက ဆိုင်စောင့်ကျန်ရစ်ခဲ့သည်။ မိန်းမ လစ်သည်နှင့် ကိုလတ်သည် ဈေးဖိုးထဲမှ ၂ထောင် ၃ထောင်ခန့်ကို ဘုံးပြီး ဘီယာသောက်တတ်၏။ ဒါကို ကိုလွင်ဦးက အကြောင်း သိနေ၍ ပြောခြင်း ဖြစ်သည်။
" ဒါဆိုလည်း ဂရုစိုက်ဦး ၊ ပေါ့မနေနဲ့ဟ ၊ အရက်လေး ဘာလေး နားပြီး ဆေးခန်းသွားပြ ၊ သွေးတိုး ရှိ၊ မရှိ စစ်ပေါ့ ။ သွေးတိုးနေရင်တော့ အရက်ကို ကြာကြာ နားမှ ဖြစ်မှာ ... "
အရက်ကို ကြာကြာနားမှဆိုလိုက်တော့ ကိုလတ်က သူ့ရှေ့က ရွှေအိုရောင် ယစ်ရွှေထည့်ထားသော ဖန်ခွက်ကို ခွဲခွာရတော့မည့် ချစ်သူအလား မြတ်မြတ်နိုးနိုး ဆုပ်ကိုင်လိုက်ရင်း ... ၊
" အိုဗျာ ...ဆေးခန်းတော့ သွားမပြတော့ပါဘူး။ သွေးတိုးလည်း မရှိလောက်ပါဘူး ။ ကျနော့်အသက်က အခု ဝါခေါင်လမှ ၂၈နှစ် ပြည့်မှာ ၊ ငယ်ပါသေးတယ် ၊ အိပ်ရေးပျက်တာများလို့ ခေါင်းအုံတာ နေမှာပါ ၊ ဆေးဆိုင်ကနေ ဘိုင်အိုဂျက်ဆစ်လေး တစ်ပြားလောက် ဝယ်သောက်လိုက်တော့မယ် "
ကိုလတ်သည် အရက်ကို နှစ်ခြိုက်စွာ သောက်သုံးသူ ဖြစ်ပြီး ၊ မသောက်ပဲ နေနိုင်သူမဟုတ်။ ထို့ကြောင့် ကိုလွင်ဦး ပြောသလို ဆေးစစ်လိုက်ပါက သွေးတိုး သို့မဟုတ် ဆီးချို စသော အရက်နှင့်မတည့်သည့် ရောဂါများ ပေါ်လာမှာကို အရမ်း ကြောက်ရွံ့လေ၏။ ထိုရောဂါများမှာ မျိုးရိုးလိုက်တတ်သည်ဟု ကြားဖူးနားဝ ရှိသည်မို့ ပို၍ စိုးရိမ်သွားသည်။ ကိုလတ်၏ ဖခင်မှာ သွေးတိုးရောဂါဖြင့် မကြာခင်ကမှ ကွယ်လွန်သွားခဲ့သည်မဟုတ်လား။သေချာသည်ကတော့ ကိုလတ်သည် မယ်ဒီကယ် ချက်ကပ်ခေါ် ခန္ဓာကိုယ်တစ်ခုလုံး ဆေးစစ် သွေးစစ်ခြင်းကို လုပ်မည်မဟုတ်ချေ။ ခေါင်းကလည်း ခပ်မာမာ ၊ လူက ပေ၏။
ဆရာဝန်က ကိုလတ်၏ အလောင်းကို လာစစ်ဆေးတော့ ' ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးတာ ' ဟု ပြောသွားခဲ့သည်။ ကိုလွင်ဦး အနေဖြင့် ကိုလတ်သည် သွေးတိုးရောဂါ ဖြစ်ပေါ် ခံစားနေရသည်ကို မသိပဲ ၊ သွေး ဆောင့်တိုးခြင်းကြောင့် မသေသင့်ပဲ သေရသည်ဟု ကောက်ချက်ချမိသည်။
အကယ်၍သာ ကိုလတ်သည် ၎င်း၌ သွေးတိုးရောဂါ ရှိနေတာ သိခဲ့ပါက ၊ သွေးကျဆေး ပုံမှန်သောက်သုံးခြင်း နှင့်၊ သွေးချိန်ခြင်း၊ အစားအသောက် အနေအထိုင်ကို သာမန်ထက် ပို၍ ဂရုစိုက်ခြင်း တို့ကို ပြုခဲ့ပါက ယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံရမည်မဟုတ်ချေ။
အခုတော့ ပေတေ ခေါင်းမာခဲ့သည့် ကိုလတ်သည် ၎င်း၏ပေါ့ဆမှုကို အသက်ဖြင့် ပေးလျော်သွားခဲ့ရလေပြီ။အရင်းနှီးဆုံး သောက်ဖော်စားဖက် ဖြစ်သည့်အပြင် ၊ မယားညီအစ်ကိုပါ တော်စပ်နေခြင်းကြောင့် ၊ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းနေမိသည်။
ကိုလတ်၏ အိမ်သို့ ကျန်ရစ်သူ မိသားစုအား နာရေး လာမေးသူများ နှင့် ကူပံ့ငွေ လာရောက် လှူဒါန်းကြသူများ တဖွဲဖွဲ ရောက်လာကြသည်။
ကိုလတ်ကား လူပျော်လူနောက် တစ်ယောက် ဖြစ်ပြီး ၊ ဈေးသည်ပီသစွာ ဖော်ရွေခင်မင်တတ်သူလည်း ဖြစ်၏။ ထို့ကြောင့် အပေါင်းအသင်း ဘော်ဒါ ပေါသည်။ အချို့မှာ ယုံတောင် မယုံနိုင်ကြ။ ရုတ်တရက်ကြီး ကွယ်လွန်သွားတော့ အံဩနေကြသည်။
" ဟာဗျာ ... မနေ့ နေ့လယ်ကမှ ကျုပ် သူ့ဆီလာပြီး လျှပ်စစ်ပေါင်းအိုး လာပြင်သေးတယ် ။ သူက ကျုပ်ကိုတောင် စနောက်နေတာ ၊ မယားကြောက် ကိုလှသန်း ၊ မိန်းမက ထမင်းပေါင်းအိုး အပြင်ခိုင်းလိုက်တာလားတဲ့ ။
ပြင်ပြီးရင် ပစ္စည်းဖိုးနဲ့ လက်ခ မယူဘူး။ သူ့ကို ဘီယာ နှစ်ခွက်လိုက်တိုက်ပါတဲ့ ။ ကျုပ်ကတောင် သူ့ ပြန်နောက်နေသေးတယ် ။မယားကြောက်ချင်းအတူတူ ခင်များ ... အိမ်မှာသောက်ရဲရင် နှစ်ခွက်မဟုတ်ဘူး ။ လေးခွက်တောင် ပါဆယ်ဆွဲပေးမယ်လို့ စနေတာ ။ စိတ်မကောင်းလိုက်တာဗျာ ။ ဒီလူက အစအနောက်သန်ပေမယ့် သူများကို တကယ် ကူတတ်တဲ့သူ "
မှန်၏။ ထိုလူပြောသလိုပင် ကိုလတ်သည် စစနောက်နောက် ရှိတတ်ပေမယ့် ၊ လူတစ်ဖက်သားကို ကူညီတတ်သူ ဖြစ်သည်။ထမင်းပေါင်းအိုး၊ မီးကြွေ ၊ ပန်ကာ စသည့် လျှပ်စစ် အသုံးအဆောင် ပစ္စည်းများကိုလည်း ပြင်တတ်၏။ သူ အားနေသည့်အချိန် လာခိုင်းပါက မဆိုင်းမတွ ချက်ချင်း ပြင်ပေးတတ်သည်။ အပိုပစ္စည်း မထည့်ရပဲ သူ့ဟာနဲ့သူ သိပ်မနှိုက်ရပဲ ကောင်းသွားသည့် ပစ္စည်းဆို လက်ခ မယူတာက များ၏။ ဒါကြောင့် ကိုလတ်အား ရပ်ကွက်ထဲက လူတွေက ခင်မင်ကြ၏။
ကိုလတ် တစ်ယောက် ထိုသို့ မိတ်ဆွေ ဘော်ဒါ ပေါမှုကြောင့်လည်း မချိုဝင်းနှင့် မကြာခဏ စကားများရသည်။ ကိုလတ်တို့ အိမ်နှင့် တစ်လမ်းတည်း ၃အိမ်ကျော်လောက်တွင် အသွင်သစ် လ္ဘက်ရည်ဆိုင် ရှိ၏။ ကိုလတ် ဆိုင်ထိုင်သည့်အခါတိုင်း ဘော်ဒါ တစ်ယောက်မဟုတ် တစ်ယောက်က လ္ဘက်ရည်သောက် လာခေါ်တတ်သည်။ ထိုအခါ မချိုဝင်းက ဆိုင်ကို စောင့်ပေးရ၏။ သမီးကလေးမှာ ၃နှစ်ခန့် ရှိပြီဖြစ်၍ ဟိုဟိုဒီဒီ ပြေးလွှားတတ် ၊ ဆော့ကစားတတ်စ အရွယ်။ ထိမ်းရခက်အရွယ် ။ တဟဲ့ဟဲ့နဲ့ အော်ဟစ် လိုက်ကြည့်ပေးနေရ၏။ လျှပ်စစ်ပစ္စည်းဆိုင်ဆိုတော့ ကွဲစရာတွေက အများသား။
ထို့ကြောင့် မချိုဝင်းခမျာ အိမ်မှုကိစ္စများမြောင်လှသည့်အကြား ဆိုင်မှာ ကြာကြာမထိုင်လို ။ ကိုလတ်ကြီး လ္ဘက်ရည်ဆိုင်မှာ လေကြောရှည်နေလို့ကတော့ မချိုဝင်းသည် သမီးလေးကို ချီ၍ ကိုလတ်ဆီ သွားပို့ရင်း ဧည့်သည်မမြင်အောင် မျက်စောင်းထိုးတော့၏။ ဒါကို မြင်တဲ့ ကိုလတ် ၊ ချက်ချင်း လိုက်မလာလို့ကတော့ ၊ ဧည့်သည်ပြန်သည်နှင့် မချိုဝင်း၏ ဆူဆူပူပူ အသံကို ကြားရတော့မည် ဖြစ်သည်။
ကိုလတ်က တစ်ခုတော့ ကောင်း၏။ သူ့မိန်းမ မချိုဝင်းက ဘယ်လောက်ပဲ ဆူဆူပူပူ လုပ်ပလေ့စေ ၊ ခပ်ပြုံးပြုံးနှင့် တုံဏိဘာဝေ လုပ်နေတတ်သည်။' အေးပါကွာ ၊ နောက် မဖြစ်စေရပါဘူး ' ဆိုတာက ကိုလတ်၏ လက်သုံးစကားပင်။ ထိုစကားအတိုင်း တည်လား မေးကြည့် ၊ တစ်ခါဖူးမျှ သူ မပြောမိသလိုနဲ့ မချိုဝင်း မကြိုက်တာကို ဆက်၍ လုပ်တတ်သူ ဖြစ်သည်။ လ္ဘက်ရည်ဆိုင်ထိုင်၏။ ညနေတိုင်း လှစ်ကနဲ ပျောက်သွားတတ်ပြီး အရက်ဆိုင် ထိုင်မြဲ ဖြစ်၏။ ကြာတော့ မချိုဝင်းခမျာပဲ အလျော့ပေးရတော့သည်။ အလွန်အကျွံ မူးမလာတာကိုပဲ တော်သေး၏ဟု ဖြေသိမ့်ရှာ၏။
မူးလာလျင်လည်း ကိုလတ်ကြီးက အင်မတန် သဘောကောင်း၏။ မိန်းမက မခိုင်းပဲ ဇက်ကြောဆွဲပေးရတာနဲ့ ၊ မချိုဝင်း ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်ချိန်တွင် သမီးလေးကို ထိမ်းပေးရတာနဲ့ဆိုတော့ မချိုဝင်းခမျာ ကြာကြာ တင်းမနေနိုင်။တခါတလေ တီဗွီ မကြည့်သည့် အခါမျိုးမှာ ကိုလတ်ကြီးက ဟာသတွေ ပြောတတ်တော့ မချိုဝင်းသည် သမီးနဲ့အတူ ရယ်မောနေရတတ်သေး၏။ ပျော်ရွှင်စရာ မိသားစုလေးသည် အခုတော့ တကယ် ကြေကွဲဝမ်းနည်းစရာပင် ။
မချိုဝင်းက သမီးလေးကို ဖက်၍ တသိမ့်သိမ့် ရှိုက်ငိုနေရှာပြီး ၊ အမြဲတန်း ပျော်စရာ ရွှင်စရာ စနောက်တတ်သည့် ကိုလတ်ကြီးကတော့ အားလုံးကို မသိကျိုးကျွံပြုလျက် ခေါင်းတလားထဲမှာ အိပ်ပျော်နေပြီ မဟုတ်လား ။
ကိုလတ်တို့ အိမ်၌ ၎င်းတို့ မိသားစု ၃ဦးတည်းသာ နေထိုင်ကြတာမို့ ၊ ညဘက် နာရေး လူ စောင့်ရရန်အတွက် ကိုလွင်ဦးနှင့်မခင်မမတို့ ဇနီးမောင်နှံသည် ညအိပ် ရောက်နေကြသည်။ မခင်မမသည် မချိုဝင်းအား နှစ်သိမ့်စကား ဆိုနေပြီး ၊ ယနေ့ည မသောက်ဖြစ်၍ ယောင်လည်လည် ဖြစ်နေသော ကိုလွင်ဦးကတော့ ကိုလတ်၏ ရုပ်အလောင်း ပြင်ထားသော ခေါင်းတလားအနီးမှာ ထိုင်လျက် ငိုင်နေရှာ၏။ သူ၏ ပါးစပ်ဖျားမှ ခပ်တိုးတိုး လေသံလေးဖြင့် ... ၊
" ကိုလတ်ရေ ... ဒီညတော့ မင်းမရှိတော့လို့ ငါ အရက်မသောက်ဖြစ်တော့ဘူး ။ မင်းက အသက်ရှိစဉ်က စစနောက်နောက်နဲ့ လူပျော်လူနှောက် ဆိုတော့ ၊ ဒီည ငါ့ကို လာမနောက်ပါနဲ့နော် ၊ အဲ ... လာမခြောက်ပါနဲ့နော်။
ငါ တစ္ဆေကြောက်တတ်တာ မင်းလည်း အသိသား ညီလေးရေ ။ မင်းမိန်းမနဲ့ ကလေးကို လာစောင့်ရှောက်ပေးတဲ့ ငါတို့လင်မယားကိုတော့ မခြောက်ပါနဲ့နော် ။
ငါ မင်းအတွက်ဆိုပြီး မင်းသိပ်ကြိုက်တတ်တဲ့ ဘီယာကို ပါဆယ်ဝယ်လာခဲ့တယ် ။ ပြီးတော့ မင်းအကြိုက် အူမကြီးသုပ်ပါ ပါတယ်။ စိတ်တိုင်းကျ သောက်ပါ စားပါ ညီလေးရေ ... "
ကြောက်တတ်သော ကိုလွင်ဦးသည် နောက်သို့ လည်ပြန် ကြည့်လိုက်သည်။ သူ့ဇနီး မခင်မမ နှင့် မချိုဝင်းတို့သားအမိသည် ဘယ်အချိန်က အိပ်ခန်းထဲကို ဝင်သွားသည်မသိ။ မရှိကြတော့ချေ။ တနေကုန် ငိုရှိုက်နေရသောကြောင့် မိန်းမသူတွေမှာ ပင်းပမ်းနွမ်းနယ်စွာ အိပ်ကြပြီ ဖြစ်လိမ့်မည်။
ယခုညတွင် သူနဲ့အတူ စောင့်ပေးမည့်သူမှာ ရပ်ကွက်သာရေးနာရေးအသင်းမှ လူငယ်နှစ်ဦးသာ ဖြစ်သည်။ နာရေး ပိုင်ရှင် မချိုဝင်းက သူ့ယောက်ျား ၏ နာရေးတွင် ဖဲဝိုင်း မလုပ်ရန် မေတ္တာ ရပ်ခံထားသောကြောင့် တခြားနာရေးကိစ္စများလို ညပိုင်း၌ လူစည်ကားခြင်း မရှိ။ မချိုဝင်းက နာရေး၌ ဖဲဝိုင်း မလုပ်စေခြင်းမှာ လူဘောက်သောက် မလာစေလိုသောကြောင့် ဖြစ်သည်။ ၎င်းအိမ်ထဲ၌ ... လျှပ်စစ်မီးကြိုးခွေများ ၊ မီးသီး မီးချောင်းများမှာ လွယ်လင့်တကူ အသာလေး မ, ယူသွားနိုင်သောကြောင့် ဖြစ်လိမ့်မည်။ အချို့ မီးကြိုးခွေများမှာ တစ်ခွေလျင် ၇သောင်း၊ ၈သောင်း တန်ကြေးရှိ၏။ နာရေး ဖဲဝိုင်းလာသောသူ အချို့မှာ အရချောင်လျင် ခိုးဖွက်တတ်သည်မဟုတ်လား။
ထို့ကြောင့် ယခုညတွင် ကွယ်လွန်ပြီး ဖြစ်သော ကိုလတ်၏ ခေါင်းတလားအနီးတွင် ကိုလွင်ဦး အပါအဝင် လူသား ၃ဦးသာ အစောင့်သဘောမျိုး ငုတ်တုတ် ထိုင်လျက်သား ရှိနေပါ၏။
ညသည် တဖြေးဖြေး တိတ်ဆိတ်ခြင်းကို ဆောင်ကြည်းလာသည်။ အိမ်ရှေ့ လမ်းပေါ်၌ လူသွားလူလာ မရှိတော့။ ခွေးလေခွေးလွင့် တစ်ကောင်စ နှစ်ကောင်စတော့ သူ့အစုနဲ့သူ လမ်းထိပ် အမှိုက်ပုံအား မင်းမူလျက် စားကျွင်းစားကျန်တို့ကို ထိုးဖွ ရှာဖွေစားသောက်နေကြသည်။
ညဘက်တွင် မြင်ရသော ခွေးများ၏ မျက်လုံးများမှာ အရောင် တောက်ပနေကြ၏။ ခါတိုင်လည်း ဤသို့ပင် နေမည် ဖြစ်သော်လည်း ကိုလွင်ဦးအတွက် ယနေ့ညသည် ခံစားချက် မကောင်း ။ သူ၏ ဘေးနားက ခေါင်းတလားအတွင်းက ကွယ်လွန်သူ အသက်မဲ့နေသော ကိုလတ်အား ကြောက်အားပိုနေသည်လား ၊ ဒါမှမဟုတ် ခါတိုင်းလို အရက်မသောက်ရသဖြင့် ငူငူငိုင်ငိုင် ဖြစ်နေသည်လား မပြောတတ်ချေ။
ခေါင်းတလား နံဘေးကို ကိုလွင်ဦးသည် အမှတ်တမဲ့ အကဲခတ်လိုက်သည်။ ကြွေပန်းကန် တစ်ချပ်ပေါ်တွင် ထမင်းနဲ့ဟင်းကို ပုံပေးထားသည်။ ထိုဘေးတွင် ကိုလွင်ဦး ပါဆယ်ဝယ်၍ ထည့်ထားပေးသော ဘီယာဖန်ခွက် တစ်ခွက် ရှိနေသည်။ ဖော့ဘူးဖြင့် ထည့်ထားသည် ဝက်အူမကြီးသုပ်မှာ အညှီကြောင့် ထင်သည်၊ ယင်ကောင်များ တဝီဝီ အုံနေသည်။
အနံ့အသက် မနံစေရန် ခေါင်းတလား ခြေရင်းတွင် ကျောက်ဖရုံသီးတစ်လုံး ထားပေးသည်။ သို့သော်လည်း သေလွန်ပြီးလူ၏ ဝမ်းတွင်းသည် မည့်သည့်အချိန်ကတည်း ရောဂါအခံကြောင့် ပုပ်ပွနေသည်မသိ။ ပုပ်အဲ့အဲ့ အနံ့ကတော့ ထွက်စပြုနေပြီ ဖြစ်သည်။
ကိုလတ်၏ အစ်မကြီးသည် နယ်မှာ အိမ်ထောင်ကျသူ ဖြစ်၏။ ထို့ကြောင့် ယင်းအစ်မကြီး မန္တလေးသို့ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းပေးရင်း မနက်ဖြန် နေ့လယ် ၁နာရီထိုးတွင် အေးရိပ်ငြိမ် သုသာန်သို့ ပို့ဆောင် သင်္ဂြိုလ်မည် ဖြစ်၏။
" ဦးလေး ... ဦးလေး ... "
ကိုလွင်ဦးက ဟိုတွေးဒီတွေး ငေးငူနေစဉ် ၊ အတူ နာရေးစောင့်ပေးသည့် လူငယ်နှစ်ဦးက အသံ လှမ်းပြု၍ ...
" ဟင် ... ဘာလဲ "
ကောင်လေး နှစ်ယောက်က သူ့အား ခင်မင်နှစ်လိုဖွယ် ပြုံးပြရင်း ... ၊
" အော် ... ဒီလိုပါ ဦးလေး ။ ကျနော်တို့ နာရေး စောင့်ပေးရင်း ပျင်းလာလို့ ၊ ပြီးတော့ ညလယ်လောက်ဆို ဆာမှာမဟုတ်လား ၊ အဲ့ဒါ လမ်းထိပ်က အလင်းဖွင့်တဲ့ စတိုးဆိုင်မှာ စားစရာ တစ်ခုခု သွားဝယ်မလို့ ၊ ဦးလေး ဘာများ မှာဦးမလဲဗျ ... "
" မင်းတို့ သောက်ကြမလို့လား "
" ဟုတ် ဦးလေး ၊ အများကြီး မဟုတ်ပါဘူး ၊ နည်းနည်းပါးပါးပေါ့ ဦးလေးရာ "
သူတို့ပြောမှ ကိုလွင်ဦးလည်း လေချဉ်တောင် တက်သွားမိလေ၏။ သူလည်း အိပ်မရတဲ့အတူတူ ကောင်လေးတွေနဲ့ စကားပြော ဝိုင်းဖွဲ့ရရင် ကောင်းမည်ဟု တွေးကာ ၊ အိမ်ထောင်ထဲက ပိုက်ဆံကို ထုတ်၍ ...
" ဒါဆိုရင် ... မင်းတို့ စိတ်ကြိုက် သွားဝယ်ကွာ ၊ ဦးလေးဖို့ ဂရမ်း ရွှေပတ် ၈ပက်ပြား တစ်ပြားလောက် ပိုဝယ်ခဲ့ပေး ။ ကျသလောက် အားလုံးကို ဦးလေး ဒကာခံမယ် ၊ ဟုတ်ပြီလား "
ကိုလွင်ဦးက ဒကာခံမည်ဆိုတော့ ကောင်လေး နှစ်ယောက်မျက်နှာက ဝင်းပသွားသည်။ ကိုလွင်ဦး ပေးသည့် ပိုက်ဆံကို ယူ၍ ကျေးဇူးတင်စကား ဆိုကြသည်။ သူတို့ စတိုးဆိုင်သွားမည်ဆိုတော့မှ ကိုလွင်ဦး သတိရသွားဟန်တူသည်။ ကောင်လေး နှစ်ယောက်သွားရင် အခေါင်းနံဘေးမှာ သူ တစာယောက်တည်း ကျန်ခဲ့မည်မဟုတ်လား။ ကိုလွင်ဦး တစ်ယောက်တည်း ကျစ်ရစ်ခဲ့ရမည့် အရေး ကြိုတွေးကာ ကျောထဲက စိမ့်သွားပြီး ...
" ဟိုလေ ... ဒီမှာက ဦးလေး တစ်ယောက်တည်း ကျန်ခဲ့မှာဆိုတော့ ၊ ငါ့တူတို့ နှစ်ယောက် မြန်မြန်လေး ဝယ်ပြီး မြန်မြန်လေး ပြန်ခဲ့ကြပါနော် ... "
တစ်ယောက်သော လူငယ်က ...
" ဘာလဲ ... ဦးလေးက သရဲ ကြောက်တတ်တာလား ..."
ကိုယ့်တူ ကိုယ့်သားအရွယ် လူငယ်လေးက ထိုသို့ မေးလာတော့ ကိုလွင်ဦးခမျာ မခံချင်ရှာ ။ သက်ပြင်းကို ချလိုက်ပြီး အသက်ကို ဝအောင် ရှုသွင်းကာ ...
" ဟေ့အေး ...မင်းတို့ကလည်း ငါ့အရွယ်က သရဲ ကြောက်ရမယ့် အရွယ်လား ၊ မကြောက်ပါဘူးကွ ၊ တစ်ယောက်တည်းဆို ပျင်းပြီး အိပ်ငိုက်လာမှာစိုးလို့ပါ "
လူငယ်ကောင်လေးက ရယ်ကျဲကျဲဖြင့် ...
" ဟဲဟဲ ... ကျနော်က စတာပါ ဦးလေးရယ် ၊ ဒါဆိုလည်း ကျနော်တို့ သွားလိုက်ဦးမယ် ၊ မြန်မြန် ပြန်လာခဲ့မယ် ဦးလေးရေ ... သွားပြီဗျို့ "
သို့ဖြင့် ကိုလွင်ဦးမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ ကိုလွင်ဦးသည် လူငယ်များ ထွက်သွားသည်နှင့် ခေါင်းတလားအနီးမှ ထလာခဲ့သည်။ သူ ကိုလတ်၏ အလောင်းအနီးတွင် ထိုင်မနေရဲဟန် ထင်ရှား၏။
ခြံရှေ့တွင် တောင်လျှောက်လိုက် ၊ မြောက်လျှောက်လိုက် လမ်းလျှောက်နေသည်။ ခေါင်းတလားမှာ အိမ်ရှေ့ ကွက်လပ် တွင် ပြင်ထားခြင်း ဖြစ်သည်။
ခြံတံခါးမှာ ရပ်ကွက်ထုံးစံအတိုင်း ဖွင့်ထားရသည်။ ရက်မလည်မချင်း ခြံတံခါး နှင့် အိမ်မကြီးတံခါးကို မပိတ်ရပေ။ သဘောကတော့ သေသူ၏ ဝိဉာဉ်အား ရက်လည် ဆွမ်းကပ် အမျှမဝေမချင်း အိမ်ထဲသို့ တံခါးမရှိ၊ ဓားမရှိ ဝင်နိုင်ထွက်နိုင်ရန် ရည်ရွယ်သည်။
အချို့မှာ ရက်တစ်ပါတ် ကြာမှ ရက်လည်ဆွမ်းကပ်သည်။ အချို့လည်း ၃ရက် ၊ ၅ရက် စသည်ဖြင့် ရက်လည်သည်လည်း ရှိ၏။
ကွယ်လွန်သူ ကိုလတ်သည် သူ၏ မျက်နှာစာ ခြံစည်ရိုးကို ၁၅ပေခန့် ဖွင့်ချပြီး လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ကို ဆောက်လုပ်ထားခြင်း ဖြစ်သည်။
၎င်း၏ မြေကွက်မျက်နှာဖွင့်ဧရိယာမှာ ပေ၃၀ ရှိသောကြောင့် ကျန် ၁၅ပေမှာ အိမ် အဝင်အထွက် လုပ်၍ ရ၏။
ယခု ကိုလွင်ဦးသည် ထိုဆိုင်ခန်း၏ မျက်နှာစာ လမ်းမပေါ် လျှောက်နေခြင်း ဖြစ်သည်။ ထိုအခိုက် လမ်းထိပ် အမှိုက်ကန် အနီးက လေလွင့်ခွေးအချို့သည် ...
" ဝု ... အူ ... အူး ... "
စွဲစွဲငင်ငင်ကြီး ရုတ်တရက် ထအူလိုက်ကြသည်။ ခြံရှေ့ လမ်းလျှောက်နေသော ကိုလွင်ဦးသည် ရုတ်တရက် ထွက်ပေါ်လာသော ခွေးအူသံကြောင့် ခြေလှမ်းများ တုန့်ကနဲ ရပ်တန့်သွားလေ၏။ သူ ခွေးအူသံ အစပြုရာ အမှိုက်ကန်သို့ မရဲတရဲ လှမ်းကြည့်လိုက်မိသည်။
အလင်းရောင်မရှိ မိုးမိုးမှောင်မှောင်နဲ့ အမှိုက်ကန်အနီးတွင် လှုပ်လှုပ်ရွရွ ကုန်းကုန်းကွကွဖြင့် လှုပ်ရှားနေသော အရာတစ်ခုကို သူ လှမ်းမြင်လိုက်ရသည်။ ရုတ်တရက်ဆိုတော့ အမြင်အာရုံ သဲကွဲခြင်းမရှိ ။ သူ ထိတ်လန့်သွားသည်။ သူ ကြည့်နေစဉ်မှာပဲ ထိုကုန်းကွနေသော အရာသည် ရုတ်ခြည်း မတ်တတ် ထရပ်လာ၏။ထိုအရာကြီးသည် အရပ်မှာ ၆ပေမက ၇ပေနီးပါးခန့် မြင့်မားမည်ဟု ထင်မှတ်ရသည်။ မည်းမည်း ပိန်ပိန် ရှည်ရှည်ကြီး မြင်နေခြင်း ဖြစ်သည်။ခေါင်းမှာ လေးထောင်သဏ္ဍာန် တလှုပ်လှုပ် လှုပ်ခတ်နေ၏။
" ဘုရား ... ဘုရား ... ဘာကြီးလဲ ။ ဟော ... ငါ့ကို မြင်သွားပြီ ။ ငါ့ကို စူးစိုက်ကြည့်နေတာပါလား ။ တ... တ... တစ္ဆေများလား ၊ ဟင်! အဲ့... အဲ့ ...အဲ့ဒါကြီးက ငါ့ဆီကို တည့်တည့် လာနေပြီ။ မြတ်စွာဘုရား ကယ်တော်မူပါ ။ ငါ့ကို ခြောက်လှန့်မလို့များလား ... "
မည်းမည်း ပိန်ပိန် ရှည်ရှည်ကြီးသည် ကိုလွင်ဦး အနီးသို့ ရောက်လာသည်။ ကိုလွင်ဦးမှာ ကြောက်လွန်းလို့ အသံပင် မထွက်ရဲ ။ ဖြစ်လိုရာ ဖြစ်စေတော့ဟုသဘောဖြင့် မျက်စိကို စုံမှိတ်ထားလိုက်သည်။
ထို မည်းပိန်ရှည်ကြီးသည် သူ့အနား ရောက်သည့်အခါ တခဏ ရပ်သွားသေးသည်။ ကိုလွင်ဦး ကိုယ်အနီးသို့ ကပ်ကာ အနံ့ခံသည့်သဘောဖြင့် နှာခေါင်းကို တရှုံ့ရှုံ့ လုပ်လေသည်။ ကိုလွင်ဦးဆီက ဘာအနံ့ရသလဲတော့ မသိ။ ကိုလွင်ဦး ခမျာ ထိုမည်းပိန်ရှည်ကြီးထံမှ ညှိစို့စို့ ပုပ်အဲ့အဲ့ အနံ့ကြီးကို ရလိုက်သဖြင့် အသက်ကို မရှုမိအောင် မနည်း အောင့်ထားရလေ၏။
တခဏအကြာ ထိုအရာကြီးသည် ကိုလွင်ဦး အနီးမှ ထွက်ခွာ၍ အလောင်းပြင်ဆင်ထားသော ခေါင်းတလားအနီးသို့ ချည်းကပ်သွားလေ၏။ ကိုလွင်ဦး မရဲတရဲဖြင့် မျက်စိကို အနည်းငယ်မျှ ဖွင့်၍ ခိုးကြည့်လိုက်သည်။
မည်းမည်း ပိန်ရှည်ကြီးသည် ၊ ကွယ်လွန်သူအား ကျွေးမွေးထားသော ထမင်းနှင့်ဟင်းများသာမက ၊ ဝက်အူမကြီးသုပ်နှင့် ဘီယာခွက်ပါမကျန် အငမ်းမရ စားသောက်နေသည်ကို မြင်တွေ့လိုက်ရသည်။
နာရေးအိမ်မို့ လင်းအားကောင်းသော လေးပေမီးချောင်းများ ထွန်းထားသည်ဖြစ်ရာ ၊ ကိုလွင်ဦးမှာ သူ ကြောက်လန့်ခဲ့သော မည်းပိန်ရှည်ကြီးကို ယခုမှ အထင်အရှား မြင်ရတော့သည်။
" ဟင် ! လမ်းဘေး အရူးကြီးပဲ ၊ သူ့ နောက်က အကျႋကော်လံလည်ဂုတ်ကြားမှာ ဝါးယပ်တောင်အကြီးကြီး ထိုးထားတာပါလား "
အမှန်မှာတော့ ကိုလွင်ဦးသည် မှောင်ရိပ်ကျသော အမှိုက်ကန် အနီးက ကုလားအရူးကြီးဆာမိကို တစ္ဆေဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဆာမိသည် အရပ် ၆ပေနီးပါး မြင့်မားသော အရပ်ရှိ၏။ နောက်ကျောတွင် ယပ်တောင်ကို ထိုးထားသည့်အခါ ယပ်တောင်က ခေါင်းပေါ် မိုးထားသလို ဖြစ်နေသည်။ ယင်းကို အဝေးကနေ ကြည့်သောအခါ ဦးခေါင်း လေးထောင့်ကြီးဟု ထင်မြင်မိခြင်း ဖြစ်သည်။
ဆာမိကား ဘယ်နှစ်ရက်ခန့် အစား မစားရသည်မသိ။ ခေါင်းတလားဘေးက ထမင်းဟင်းများ ကုန်စင်အောင် စားသောက်ပစ်လိုက်ပြီး ၊ ဘီယာခွက်ကို တကျိုက်တည်း မော့ချလိုက်သည်။ ပြီးနောက် ဂေ့ကနဲ လေချဉ်ပင် တက်ပြလိုက်သေး၏။
စားလို့ သောက်လို့ ဝတော့ အခေါင်းနံဘေးက ထွက်လာသည်။ ကိုလွင်ဦး အနီးရောက်သည့်အခါ သူ၏ သွားဝါဝါကြီး ပေါ်အောင် ရယ်ပြသွားသေး၏။
" ဟီးဟီး ... "
ကိုလွင်ဦးမှာ အခုမှ သက်ပြင်းကို ချနိုင်၏။ အရူးကိုပင် တစ္ဆေဟု ထင်မြင်မိခဲ့သော သူ၏ အဆင်အခြင်မဲ့ ကြောက်စိတ်ကို ကျိန်ဆဲ လိုက်မိသေးသည်။
ကိုလွင်ဦး၏ စိတ်သည် မူလအတိုင်း တည်ကြည် ငြိမ်သက်သွားပြီ ဖြစ်၏။
အရူး ဆာမိ ထွက်သွားပြီးနောက် ၅မိနစ်ခန့်အကြာ ...
" ချောက်ချောက် ... ဂျောက် ..."
" ဂျစ် ... ဂျစ် ... ဂျလစ် ... "
" ဂွပ် ... ခလွမ် ... "
အသံများက ကွယ်လွန်သူ ကိုလတ်၏ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်လေးထဲက ထွက်ပေါ်လာခြင်း ဖြစ်သည်။ပစ္စည်းတစ်ခုခုကို နှိုက်ချွတ် ပြင်ဆင်နေသည့် အသံနှင့် အလွန်ဆင်တူ၏။ အဖုံးချွတ်သံ ၊ လှည့်ဖွင့်သည့်အသံ ၊ ကျောက်လှည့်၊ ပလာယာ စသော ကရိယာတို့ဖြင့် တစ်ခုခုကို ထုရိုက်ပြင်ဆင်နေသည့်အသံမျိုး ဖြစ်လေ၏။
ကိုလွင်ဦးသည် ဒီတစ်ခါတော့ အကြောင်းမဲ့ မကြောက်လန့်တော့ရန် မိမိစိတ်ကို အားပေးရင်း ထိုဆိုင်ခန်း အနီးသို့ တိုးကပ်သွားခဲ့သည်။ ဆိုင်ခန်းမှာ သစ်ပျဉ်များဖြင့် ကာရံထားသည်ဖြစ်ရာ ဟနေသော နေရာတစ်ခုမှ အတွင်းသို့ ချောင်းကြည့်လျင် မြင်နိုင်၏ ။
ထို့ကြောင့် ကိုလွင်ဦးသည် ဟနေသော ပျဉ်ချပ်အဆက်တစ်ခုကို ရှာဖွေ၍ အထဲသို့ ချောင်းကြည့်လိုက်သည်။
" ဟာ ! ... "
ကိုလွင်ဦးထံမှ အာမေဋိတ်သံ ထွက်ပေါ်သွားသည်။ သူ အထဲကို ချောင်းကြည့်ပြီး ဘာကို မြင်လိုက်သလဲ ... ။
ထိုအခန်းထဲတွင် သူကြည့်နေသော နေရာကို ကျောပေး၍ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် စွပ်ကျယ် ဝတ်ဆင်ထားသော လူတစ်ယောက်သည် ၊ လျှပ်စစ် ထမင်းပေါင်းအိုးကို အသည်းအသန် ပြင်ဆင်နေပါသည်။ ကျောပေးထားပေမယ့် ထိုလူ၏ ကိုယ်လုံးသဏ္ဍာန်ကို ကြည့်၍ ဘယ်သူလဲဆိုတာ ကိုလွင်ဦးတစ်ယောက် မသိပဲ နေမလား။
ထိုလူသည် အမြဲ နောက်ပြောင် ပျော်ရွှင်နေတတ်သော သူ၏ မယားညီကို ကိုလတ်ကြီးပင် ဖြစ်လေ၏။ မယုံမရဲ စိတ်ဖြင့် သူ ထပ်မံ ချောင်းကြည့်လိုက်ပြန်သည်။ ထိုလူသည် လျှပ်စစ်ပေါင်းအိုးကို ပြင်ဆင်ပြီးဟန်တူသည်။ ပစ္စည်းများကို သိမ်းဆဲနေ၏ ။ ပြင်ဆင်ပြီးသော ထမင်းပေါင်းအိုးကို စားပွဲပေါ် တင်လိုက်သည်။ ပြီးလျင် ထိုသူသည် သူ့ဘက်သို့ မျက်နှာလှည့်လာလေ၏။
" အောင်မယ်လေး ! "
ကိုလွင်ဦး အလန့်တကြား ထအော်လိုက်သည်။ ဘာကြောင့်လဲဆိုတော့ သူ့ ပခုန်းတစ်ဖက်ပေါ်သို့ ဖတ်ကနဲ လက်တစ်ဖက်က လာထိသောကြောင့်ပင်။
" ဦးလေး ကျနော်တို့ပါ။ ဒီလောက် လန့်ရအောင် ... ဘာတွေ ချောင်းကြည့်နေတာလဲ "
ကိုလွင်ဦးမှာ စကား ထစ်ငေါ့စွာ ...
" ဈေးဆိုင်ခန်းထဲမှာ ... ကို ကို ကိုလတ်ကြီး ... ... ... "
" ဟာဗျာ ... ဦးလေးကလည်း နောက်နေပြန်ပါပြီ "
" ငါ ငါ မ မနောက်ဘူး ။ မယုံရင် ဒီ ဒီ အပေါက်ကနေ ချောင်း ချောင်း ကြည့် ... "
လူငယ်က ကိုလွင်ဦး ချောင်းကြည့်သော အပေါက်မှ အထဲကို ကြည့်လိုက်သည်။ ပြီးတော့ လှည့်လာပြီး ...
" ဘာမှ မမြင်ရဘူး ၊ တစ်ခန်းလုံး မည်းမှောင်နေတာ ။ မီးမှ ထွန်းမထားပဲဟာကို ... "
ဟင် !
ကိုလွင်ဦး မယုံနိုင်၍ ချောင်းကြည့်ပေါက်မှ ကြည့်လိုက်ပြန်သည်။ ဒီတစ်ခါ အူကြောင်ကြောင် ဖြစ်သွားသူက ကိုလွင်ဦးပင် ။ ထိုလူငယ်ပြောသလို အခန်းထဲမှာ မည်းမှောင်နေသည်။ ဘာကိုမှ မမြင်ရပေ။
နောက်တော့ ကိုလွင်ဦးသည် သူ၏ ရူးချင်လာသောစိတ်ကို တားဆီးရန် လူငယ်လေးများ ဝယ်လာပေးသည့် အရက်ပုလင်းအား အကုန်သောက်ခြင်းဖြင့် ကုစားလေတော့သည်။ အရက်လည်း ကုန်ရော သူလည်း မူးပြီး မှောက်သွားလေ၏။ ထိုညက သူ ခေါင်းတလား နံဘေးက ဖျာချောပေါ်မှာ အိပ်ပျော်သွားခဲ့သည်ကို မနက်မိုးလင်းမှပဲ သိတော့လေ၏။
မနက်မိုးလင်း မျက်နှာသစ်တော့ သူ့မိန်းမနဲ့ ကိုလတ်မိန်းမတို့ ညီအစ်မချင်း တီးတိုး ကားပြောနေသံ ကြားလိုက်ရသည်။ ကိုလတ်၏ ဇနီး မချိုဝင်းက ...
" အစ်မရယ် ... ကျမဖြင့် သူ့ကို သနားလိုက်တာရှင် ။ သူက သူသေသွားတာကို မသိသေးဘူးနဲ့တူတယ်။ မနက် ၅နာရီခွဲက ဘေစင်မှာ ဆန်ဆေးနေတဲ့ ရေသံတွေကြားရတယ် ။ ပြီးတော့ ထမင်းအိုးတည်သံတွေ ၊ ပန်းကန်ဆေးသံတွေ ဆက်တိုက်ပဲ အစ်မရေ ။ ကျမ ထမကြည့်ရဲလို့ မကြည့်လိုက်ဘူး ၊ ဒါ ကိုလတ် လုပ်နေကျ အသံတွေ အစ်မရဲ့ အစ်ဟစ်ဟီး ..."
ပြောရင်း ... မချိုဝင်းက သူ့အစ်မကို ဖက်၍ ငိုပြန်သည်။ သူ ထိုစကားကို ကြားရတော့ ကြက်သီးမွှေးညင်းတွေ အဖီးဖီး ထလာ၏။ တခဏ အကြာ ကိုလွင်ဦးသည် ဤအိမ်ထဲ နေရသည်ကို မသတီသလို ဖြစ်လာ၍ လ္ဘက်ရည်ဆိုင်ဘက် ထွက်လာခဲ့သည်။
ခြံဝတွင် မိန်းမတစ်ဦးနဲ့ ဆုံနေပြီး၊ ထိုမိန်းမက မချိုဝင်း ရှိလားဟုမေးရာ ခေါင်းငြိမ့်ပြကာ ထွက်လာခဲ့သည်။
လ္ဘက်ရည်ဆိုင်မှာ မုန့်မှာစားရင်း နာရီဝက်ကျော်ကျော် ကြာသွားသည်။
ကိုလွင်ဦး ထိုင်နေသည့်ခုံမှာ ဆိုင်အပြင်ဘက် လမ်းမနှင့် နီး၏။ မကြာခင် သူ၏ ကျောဘက်မှ မိန်းမတစ်ဦး ဖြတ်ပြန်လာသည်။ ထိုမိန်းမ လက်ထဲတွင် လျှပ်စစ် ထမင်းပေါင်းအိုးကို ကိုင်ထား၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုမိန်းမသည် လ္ဘက်ရည်ဆိုင်ရှေ့မှာ အခြားသော မိန်းမတစ်ဦးနှင့် စကားပြောကြသည်။
" အမယ်လေး ... သေသွားတဲ့ ကိုလတ်ကြီးကတော့ ပြော မပြောချင်ပါဘူး အစ်မရယ် ။ ကျမရဲ့ ထမင်းပေါင်းအိုးကို ပြင်ပေးတာ ကောင်းတော့ ကောင်းပါရဲ့ ။ သူ့ ဝသီအတိုင်း စနောက်ခဲ့လိုက်သေးတယ် တော်ရေ "
" ဟေ ! ဘယ်လိုများ စနောက်ခဲ့တာလဲ ငါ့ညီမရဲ့ "
ထိုမိန်းမက ထမင်းပေါင်အိုးကို မြှောက်ပြပြီး ...
" ဒီမယ် ကြည့်လေ ခလုပ်ကို ပြောင်းပြန် တပ်ပေးထားခဲ့တယ် ..."
ကိုလွင်ဦးသည် မနေနိုင်လွန်း၍ ထိုမိန်းမ ပြသော ထမင်းပေါင်းအိုးကို လှည့်ကြည့်လိုက်မိသည်။ ပြီးလျင် ဘုရား တမိလိုက်၏။ ထိုမိန်းမလက်ထဲက ထမင်းပေါင်းအိုးသည် ကွယ်လွန်ပြီးဖြစ်သော ကိုလတ်ကြီး မနေ့ညက ဝိဉာဉ်ဘဝနဲ့ ပြင်ဆင်နေခဲ့သည့် ထမင်းပေါင်းအိုး ဖြစ်နေသောကြောင့်ပင် ။
ပြီးပါပြီ။
ပီပီ (မန္တလေး)
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။