တစ္ဆေ
lotaya.mpt.com.mm
|
2021-07-26

အခန်း ၁။

မြင့်မောင်ခမျာ ကားနောက်ခန်းကနေ တယောက်တည်း အဖျားတက် နေပါသည်။ ကားဒရိုင်ဘာသည် သူ့ကို ကူညီချင်သော်ငြားလည်း မိုးသည်းထဲ ကားကို ဂရုစိုက် မောင်းနှင်နေရသဖြင့် ဘာမှ မတတ်နိုင်။ မိုးကလည်း မြို့ဝင်မှ ပို၍ သည်းသည်းမည်းမည်း ရွာနေ၏။

ကားရှေ့ခန်းတွင် ဒရိုင်ဘာနှင့်အတူ ပါလာသည့် အမျိုးသမီးမှာလည်း ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေ၏။ ထို့ကြောင့် အနောက်ခန်းက မြင့်မောင်၏ ငြီးငြူသံကြားရသော်လည်း လည်ပြန်ကြည့်ရုံမျှသာ တတ်နိုင်လေ၏။

" ကိုယ့်လူရေ ခဏတော့ သည်းခံပါအုံး ၊ ကျုပ် ခင်ဗျားကို ဆေးခန်း အရင်ပို့ပေးပါ့မယ် ၊ တောက် ! မိုးကလည်း ခုမှ ကောင်းချက် ၊သိကြားမင်းက အောင့်ထားတဲ့ ဆီးတွေများ သွန်ချလိုက်သလားပဲ ၊ တဗြောဗြောနဲ့ "

အဖျားတက်နေသည့်ကြားက မြင့်မောင်မှာ ဒရိုင်ဘာ၏ ဥပမာပေး ခိုင်းနှိုင်းသည့် စကားကြောင့် ပြုံးချင်ချင် ဖြစ်သွားသည်။

" ရပါတယ် အစ်ကိုရာ၊ ဆေးခန်း မပို့ပါနဲ့ ။ ကျနော့်ကို အိမ်ကိုသာ ပို့ပေးပါ။ အိမ်ရောက်လို့ နွေးနွေးထွေးထွေးလေး နေလိုက်ရင် အဖျားက ကျသွားမှာပါ ၊ အိမ်ကိုပဲ ပို့ပေးပါ အစ်ကို "

ကားက Ad ဘင် အမျိုးအစား ဖြစ်၍ နောက်ခုံတန်းကျယ်၏။ အစောက မြင့်မောင်နှင့်အတူ နောက်ခန်းခရီးသည် တစ်ဦးအဖော် ပါ၏။ အသက်၄၀ အရွယ် ဦးလေးတစ်ဦးဖြစ်ပြီး ၊မန္တလေးမြို့အဝင် လမ်းခုလပ်တွင် ဆင်းသွားခဲ့ပြီ ဖြစ်သည်။

ထိုဦးလေးသည် တိုင်းရင်းသားတစ်ဦး ဖြစ်ဟန်တူပြီး သူနှင့်အတူ ဖားကန့်မြို့ ကားလေးဂိတ်ကနေ အတူတူ စီးလာခဲ့ခြင်း ဖြစ်သည်။ တလမ်းလုံး စကားသံဝဲဝဲဖြင့် သူ့ အကြောင်းကို မေးမြန်း စပ်စုနေ၏။ မရယ်မပြုံးသော ခပ်တည်တည် ခပ်တင်းတင်း မျက်နှာပေးနဲ့ ထိုဦးလေးကို ကြည့်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က တယောက်ဟုပင် သူ ထင်မြင်မိခဲ့သည်။

ထိုဦးလေးသည် ဆင်းခါနီးတွင် သူ၏ ဘေးလွယ်အိတ်ထဲမှ တစ်ထွာခန့် ပုလင်းတစ်လုံးကို သူ့အား ပေး၍...

" ဒီပုလင်းထဲက ဆေးမှုန့် မန်းကျည်းစေ့ ၃စေ့စာကို တနေ့ သုံးကြိမ် ရေနွေးပူ မတ်ခွက်တစ်ခွက် အပြည့်နဲ့ ရောသောက်။ ၅ရက် တပတ်ဆို နင့် ငှက်ဖျား ယူပစ်သလို ပျောက်သွားလိမ့်မယ် ၊ နင်တို့ ဗမာတွေဟာ ချမ်းတော့ ချမ်းသာချင်တယ်၊ အပင်ပန်း မခံနိုင်ဘူးပဲ ၊ နောက်ကို ဖားကန့် မလာနဲ့ ၊ ကိုယ့်ပြည်မမှာပဲ ချမ်းသာအောင်လုပ် ၊ လောဘ မကြီးနဲ့ ချမ်းသာလာလိမ့်မယ်"

ဟု ခပ်ငေါက်ငေါက် ပြောကာ ကားပေါ်မှ ဆင်းသွား၏။မြင့်မောင်ခမျာ ကျေးဇူးတင်စကားပင် မပြောလိုက်ရ။နာမည်လည်း မမေးလိုက်ရချေ။ ထိုလူကြီးသည် ကားနောက်ဖုံးကို ဒရိုင်ဘာအား ဖွင့်ခိုင်း၍ သူ၏ ခရီးဆောင်အိတ်ကို ယူပြီး ထွက်သွားလေ၏။ သူ မှတ်မိလိုက်တာဆိုလို့ သူ့အား ဆေးပုလင်း ပေးစဉ်က ညာဘက်လက်မှာ နဂါးရုပ်တက်တူး ထိုးထားသည်ကိုပင်။

မြင့်မောင်သည် မန္တလေးမြို့ ဇာတိဖြစ်သည်။ ဘွဲ့ရပြီးသော်လည်း အလုပ်အကိုင် ရှာရခက်၍ စီးပွားရေး ကောင်းမည်ဟု ထင်သော ရတနာမြေဖားကန့်သို့ သူငယ်ချင်း ကျော်စွာနဲ့အတူ လာရောက် အလုပ်လုပ်ခြင်း ဖြစ်၏။

ရည်းစားဖြစ်သူ စုစုလှိုင်ကလည်း လက်ထပ်ကြဖို့ ပူဆာနေသဖြင့် ချမ်းသာဖို့ လွယ်မည့်ဟု ထင်ရသော ကျောက်စိမ်းနယ်မြေသို့ ထွက်လာခဲ့ခြင်းပင်။မိဘများက မသွားစေလို။ သူ ဇွတ်ထွက်ခဲ့ခြင်း ဖြစ်၏။ စုလှိုင်ကတော့ ပိုက်ဆံ စုမိသည်နှင့် ပြန်လာခဲ့ဟု မှာလိုက်သည်။

ရတနာမြေ ရောက်ခါစတော့ သူ၏ စိတ်ကူးက လောပန်းလောင်း ၊ တကယ်တန်းကျတော့ ရရစားစား ဝါးဝါးမြိုမြိုနဲ့ ဘာမှ စုမိဆောင်းမိသည်မရှိ။ ပင်ပန်းသည့်ဒဏ်အပြင် ၊ အနေဆင်းရဲ အစားဆင်းရဲနှင့် ငှက်ဖျားသာ အဖတ်တင် ကျန်ခဲ့သည်။

နောက်ဆုံးတွင် ရှည်ကြာလာသော အဖျားဒဏ်ကြောင့် သူ၏ ပင်ကိုယ်ရုပ်ရည်ပင် မရှိတော့။ ပိန်လှီဖျော့တော့လာ၏။ အရင်က ဆံပင် တသသနေခဲ့သော သူသည် ယခု ဂတုံးဆံတောက်နှင့်။ ယခင်က ပြည့်ဖြိုးသော ကိုယ်လုံးသည် ယခုအခါ ဝါးခြမ်းပြား အဝတ်ပတ်ထားသည့်နှယ်။

နောက်ဆုံးတွင် အတူလာခဲ့သော ကျော်စွာအား ထားရစ်ခဲ့ပြီး သူ မြို့ပြန်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ဆေးဝါး မစုံမလင်နှင့် သူများမြို့ရွာမှာတော့ မသေလို။ သေရင်တောင် မိဘများ ရှိရာ ကိုယ့်ဇာတိမြို့၌သာ ခေါင်းချတော့မည်၊ ပြန်တော့မည်ဟု ဆုံးဖြတ်ခဲ့ပြီး ပြန်လာခဲ့ခြင်း ဖြစ်သည်။

မိုးအေးလျင် သူ့အဖျားက တက်လာတတ်၏။ ယခု မန္တလေးမြို့ မဝင်ခင် မတ္တရာမြို့ အကျော်ကတည်းက မိုးက မပြတ် ရွာချနေသဖြင့် သူ အဖျားက တောက်လျောက် တက်နေခြင်း ဖြစ်သည်။

" ကိုယ့်လူရေ ၁၉လမ်းတော့ ရောက်ပြီ ၊ ဘယ်ဘက် သွားရမလဲ "

ကားဆရာက သူ့အား အိမ်လိပ်စာ လှမ်းမေးမှ သူ စိတ်ကူးက ပြန်နိုးလာပြီး၊

" ညောင်ပင်ဈေး အနောက် ၈၉လမ်းအထိ မောင်းပေးပါ အစ်ကို၊ ၈၉လမ်းကျရင် ညာဘက်ချိုးပါ ။ နှစ်ပြလောက်ဆက်ပြီး မောင်းရင် ကျနော်တို့အိမ် ရောက်ပါပြီ "

မကြာမီ ကားလေးသည် မြင့်မောင်တို့အိမ်ရှေ့သို့ ဆိုက်ရောက်လာခဲ့၏။ မိုးကရွာနေသဖြင့် အိမ်ထဲက လူတွေက ကား အိမ်ရှေ့ ရပ်တာကို မသိကြပေ။ ဝတ်ထားသော မိုးကာ ခေါင်းစွပ်ကို ဇစ်ဆွဲစေ့လိုက်ပြီး ၊ သူ ကားပေါ်က ဆင်းလိုက်သည်။ ခြံတခါး ပိတ်ထားသဖြင့် သူ အော်ခေါ်လိုက်သည်။

" အမေ ... အမေ ၊ တံခါး ဖွင့်ပေးပါဦး ၊ သား ပြန်လာပြီ "

သူက အိမ်ထဲက အမေ့ကို ခေါ်နေစဉ် ကားဆရာက၊ နောက်ဖုံးကို ဖွင့်၍ သူ၏ ခရီးဆောင်အိတ်ကို ယူလာပေးသည်။

" ကိုယ့်လူ ဒီ တစ်အိတ်တည်းပဲ မဟုတ်လား ၊ ဘာပစ္စည်း ကျန်သေးလဲ "

" မကျန်တော့ပါဘူး ၊ ဒီ အိတ် တစ်အိတ်တည်းပါ ၊ ကျေးဇူးပဲ အစ်ကိုရေ "

ကားဆရာက နုတ်ဆက်ပြီး ထွက်သွားလ၏။ သူ့အား ကားဆရာက တလမ်းလုံ အကူအညီ ပေးခဲ့သူမို့ ထွက်သွားသည့် ကားနံပတ်ကို အလွတ် မှတ်မိအောင် လှမ်းကြည့်လိုက်သည်။

နံပတ်အနီ FF/1224 (Mdy) ဖြစ်၏။ 'အင်း ကားကတော့ မန္တလေး လိပ်စာပေါက်ပဲ။ ကားဆရာလည်း မန္တလေးသား နေလိမ့်မယ်။ မြို့ထဲလမ်းတွေ ကျွမ်းကျွမ်းကျင်ကျင် မောင်းလာတော့ မန္တလေးသား ကားဆရာဟု ' သူ ယူဆလိုက်သည်။

အမေက ထီးတစ်လက်ဖြင့် ထွက်လာပြီး ၊ သူ့အား အသေအချာကြည့်သည်။ ပိန်လှီပြီး အားနည်း ဖျော့တော့နေသော သူ့ရုပ်ရည်အား မြင်သောအခါ ...

" အောင်မယ်လေး! အောင်မယ်လေး! ငါ့သားလေး မြင့်မောင်ပါလား ၊ ဘယ်လိုတွေများ ဖြစ်လာတာလဲ သားရယ် ၊ လူရုပ်တောင် မပီတော့ပါလား ၊ အရိုးပေါ်အရေတင်လို့ ၊ ဟဲ့ အိမ်ထဲက မြင့်ကြည်တို့ မြင့်သီတို့ နင့်တို့ မောင် ပြန်လာတာဟဲ့၊လာ ထွက်ကြိုကြဦး"

အမေ့အော်ခေါ်သံကြောင့် တီဗွီ ကြည့်နေကြဟန်တူသော အစ်မနှစ်ယောက်ပါ အပြေးထွက်လာကြသည်။ သူ့ကို မြင်တော့ ပထမ အံဩကြ၏။ ပြီးနောက် သူ့ကိုယ်အား လာရောက် ထိတွေ့ကြကာ သူတို့၏ တဦးတည်းသော မောင်ငယ်လေး၏ အဖြစ်သနစ်ကို မကြည့်ရက် မမြင်ရက်သလို ငိုကြွေးကြလေ၏။

မြင့်မောင်လည်း အစ်မတွေနဲ့ အမေကို မငိုကြရန် တောင်းပန်၍ အိမ်ထဲသို့ ခေါ်ခဲ့ရသည်။ ဧည့်ခန်းထဲက အဖေက သူ့အား မျက်ရည် အလည်သား ငေးကြည့်နေသည်။ သူ အခုမှ သေချာ ကြည့်မိလေ၏။ အဖေ ထိုင်နေတာ ရိုးရိုး ဧည့်ခန်းက ထိုင်ခုံပေါ်မဟုတ်။ ဝှီးချဲပေါ်မှာ ဖြစ်လေ၏။

မမကြီး မမြင့်ကြည်က သူ့လက်ကို ဖွဖွဆုပ်ကိုင်ရင်း ...

" အဖေက သူ လေဖြတ်နေတာကို မင်း ဖုန်းဆက်ရင် မပြောပါနဲ့လို့ အစ်မတို့ကို မှာထားတယ် မောင်လေး "

မြင့်မောင် ပါးပေါ်သို့ မျက်ရည်စတွေ အလိုလို စီးကျလာသည်။ ခုနက အစ်မတွေကို မငိုပါနဲ့ဟု သူ တားမြစ်ခဲ့သည်။ ယခု သူကိုယ်တိုင် ငိုကြွေးနေမိတော့သည်။

မိုးရွာ၍ ပိတ်ထားသော ပြတင်းပေါက်နှစ်ခုတွင် အပ်ချုပ်စက်ခေါင်းကလေး နှစ်လုံးသာ တွေ့ရတော့သည်။ယခင်က စက်ချုပ်လုပ်သား ခုနှစ်ယောက် ရှစ်ယောက်လောက်နဲ့ စက်ချုပ်ခုံ ဆယ်လုံးခန့် လည်ပတ်ခဲ့သော အဖေ၏ စက်ချုပ်လုပ်ငန်းသည် ယခုအခါ အစ်မနှစ်ယောက်တည်းနှင့် ယိုင်လဲ ပြိုကျ မသွားရလေအောင် မနည်း ရုန်းကန်နေကြရပုံပင်။

အမေက သူ့အနားကပ်လာပြီး ၊

" ငါ့သားလေး ပြန်ရောက်လာပြီဆိုတော့ ၊ အမေတို့ အားရှိသွားပြီ၊ ကျန်တာတွေ ဘာမှ တွေးမနေနဲ့နော်။ အမေ့သားလေး ကျန်းမာရေး ပြန်ကောင်းဖို့ အဓိကပဲ ၊ အမေတို့ ဒီနေရာကို ရောင်းပြီး မြို့သစ်ကို ပြောင်းကြတာပေါ့ "

အမေက ဈေးကောင်း ရမည့် သူမ၏ ဇာတိမြေကို ရောင်းချ၍ ဈေးချိုသော မြို့သစ်မြေကွက်သို့ ပြောင်းရွေ့မည်ဟု ပြောခြင်း ဖြစ်သည်။ ဒီနေရာသည် အမေ့ရဲ့ ချက်မြုပ်ရာ နေရပ်ဖြစ်သည်။ ဆွေမျိုးတွေ ၊ ငယ်ပေါင်းတွေ အများကြီး ရှိသော ဤအရပ်က အိမ်နဲ့ခြံကို အဖော်မက်သော အမေက ရောင်း၍ ပြောင်းမည်ဟု ဆိုလေတော့ မြင့်မောင် ရင်ထဲ ဆို့နစ်သွားတော့လေသည်။

______________

အခန်း ၂။

မြင့်မောင်သည် သူ၏ အခန်းထဲ၌ အိပ်ယာ မဝင်ခင် ကားအတူ စီးခဲ့သော ဦးလေး ပေးထားခဲ့သည့် ဆေးပုလင်းထဲမှ ဆေးမှုန့် မန်းကျည်းစေ့ ၃စေ့စာလောက်ကို လက်ဖဝါးထဲ ထည့်၍ ၊ ရေနွေးကြမ်း ပူပူနှင့် လည်ချောင်းတွင်းသို့ မျောချလိုက်၏။

" အားဝူး ... ခါးလိုကျတာ "

အင်မတန် ခါးသက်သည့် အရသာဆိုးကြီးတစ်ခုက လျှာပေါ် စွဲကျန်ရစ်ခဲ့သည်။ စပါးကြီးသည်းခြေနှင့်များ ဖော်စပ်ထားလေသလား မပြောတတ်။ အတော်ပင် ခါးသက်သက် နိုင်လှသည်။ တော်သေးသည်။ အမေက သူ့အတွက် နွားနို့ကို သကြားကဲကဲနှင့် ဖျော်ပေးထားခဲ့လို့ပေါ့။ ဆေးသောက်ပြီး သူ နွားနို့ကို အကုန်မော့ချလိုက်သည်။

ဒါလည်း အခါးက လျော့မသွား။

နွားနို့ခွက်အခြေမှာ အရည်မပျော်ပဲ ကျန်ရစ်သော သကြားအနည်းငယ် တွေ့ရသဖြင့် လက်ညှိုးဖြင့် ကလော်ယူကာ လျက်လိုက်မှ အခါး သက်သာသွား၏။

ဆေးသောက်ပြီး သူ အိပ်ယာထက်ဝယ် စောင်နှစ်ထပ်ခြုံ၍ ကွေးနေမိသည်။ ၁၀မိနစ်ခန့်အကြာတွင် သူ့ တကိုယ်လုံးက ချွေးပေါက်ပေါက် ထွက်ကျလာ၏။ ငှက်ဖျား စဖြစ်ကတည်းက ချွေးမစို့ခဲ့သည်မှာ ကြာမြင့်လေပြီ။ အခုမှ ချွေးကို မြင်ဖူးတော့၏။ အခု စို့ရုံမျှမဟုတ် ချွေးသီးများပင် သီးလျက်။

ချွေးထွက်ပြီး မကြာပါ။ လူတကိုယ်လုံး ပေါ့ပါးလာသလို ခံစားရလေ၏။ကိုက်ခဲနေသော အကြောအချဉ်များ ပြေကျသွားသကဲ့သို့ပင်။လူက တော်တော်လေး နေထိုင်လို့ ကောင်းသွား၏။

" ဟိုဦးလေး ပေးသွားတဲ့ ဆေးက အတော်လေး စွမ်းတာပါလား ၊ တခွက်စာ သောက်ရုံနဲ့ ဒီလောက် သက်သာတယ်ဆိုတော့ သူ ပြောသလိုသာ ဆေးမှန်မှန်သောက်ရင် ဒီငှက်ဖျား အမြစ်ပြတ်လောက်တယ် ထင်တယ် "

ခန္ဓာကိုယ် ကျန်းမာကြံခိုင်အောင် သူ အစာများများ စားမှ ဖြစ်မည်။ မြန်မြန်ကျန်းမာမှ တမိသားစုလုံးရဲ့ အိမ့်တာဝန်ကို သူ ပခုန်းလွှဲ ထမ်းနိုင်မည်ဖြစ်သည်။ တကယ်တော့ မြင့်မောင်သည် ဖခင်ကြီးထံမှာ ယောက်ကျားရှပ်နှင့်တိုက်ပုံအကျႌ ချုပ်လုပ်နိုင်သည့် ပညာအမွေ ရထားသူ ဖြစ်သည်။

ဖခင်ကြီးအလုပ်က ချမ်းသာလွယ်တဲ့ လုပ်ငန်း မဟုတ်ပေမယ့် ၊ မိသားစု ၅ယောက်၏ စားအိုးကြီးကို ကောင်းကောင်း ထိမ်းထားနိုင်သည့်အပြင် ၊ ရပ်ရွာ အလှူဒါနပွဲများတွင် သမီးနှစ်ယောက်ကို အများတန်းတူ ဆင်ယဉ်နိုင်၏။ ရွှေမရှား၊ ငွေမရှား တန်းတူ မော်ကြွားနိုင်ခဲ့ကြသည်။

သူ ပြန်ရောက်စဉ်က အစ်မနှစ်ယောက်ကို သတိထားကြည့်မိသည်။ ယခင်က ဝတ်စားထားနေကျ ရွှေလက်ကောက်တို့ကို လက်မှာ မမြင်၊ လည်တိုင်မှာလည်း ရွှေဆွဲကြိုးတို့ မတွေ့ရ။ အိမ်၏ စီးပွားရေးသည် အတော်လေးပင် ယိမ်းယိုင်နေဟန်တူ၏။ အစ်မများမှာ ယောက်ကျား ရှပ်အကျႌကိုတော့ ပိုင်နိုင်စွာ ချုပ်လုပ်နိုင်ပြီး ၊ မြန်မာတိုက်ပုံကိုတော့ မြင့်မောင်လောက် ကျွမ်းကျင်မှု မရှိ။ ထို့ကြောင့် အဖေဖြစ်သူ လေဖြတ်ပြီးနောက် ၊ ဈေးကွက် ပျက်စီးသွားခြင်း ဖြစ်နိုင်သည်။ အဖေ၏ ကျန်းမာရေးစရိတ်မှာလည်း နည်းမည်မဟုတ်။ ရှိတာလေးတွေ ထုခွဲရောင်းချရင်း အဖေ့ကို ကုသပေးနေကြဟန်တူသည်။

မြင့်မောင် အတွေးလွန်တော့ အိပ်မပျော်။ သို့ဖြင့် သူသည် အပေါ့အပါး သွားရန် ထခဲ့၏။ အမေက သူ့အခန်းထဲမှာ အလွယ်တကူ ဆီးသွားနိုင်ရန် ဆီးအိုး လာထားသွားပေမယ့် ၊ သူ နောက်ဖေး အိမ်သာကိုသာ အသုံးပြုခဲ့သည်။

အိမ်သာက ပြန်လာတော့ သူ့မျက်လုံးတွေက ခရီးဆောင်အိတ်ဆီသို့ ရောက်သွားသည်။ အဝတ်အစားတွေကို ဘီရိုထဲ ပြောင်းထည့်ရန် ဆုံးဖြတ်လိုက်ပြီး ခရီးဆောင် အိတ်ဆီသို့ လျှောက်သွားလိုက်သည်။

အညိုရောင် ရှိသော သူ၏ ခရီးဆောင်အိတ်မှာ အခြေတွင် ဘီးလုံးလေးတွေပါသလို ၊ အရှည်ဆွဲထုတ်နိုင်သော လက်ကိုင်ကိုင်းလည်းပါရှိသည်။

အိတ်ကို ကြမ်းပေါ်ချ၍ ဘေးဇစ်ကို တဇွိဇွိ အသံမြည်အောင် ဖွင့်လိုက်ပြီး အဖုံးကို လှန်လိုက်သည်။

" ဟင် ! ဘာတွေတုန်း ၊ ဒါ ငါ့ရဲ့ပစ္စည်းတွေ မဟုတ်ပါလား "

အိတ်အဖုံးကို လှန်လိုက်သောအခါ အိတ်အတွင်း၌ သူ၏ အဝတ်များ မတွေ့ရပဲ ၊ တခြား အဝတ်များကို တွေ့လိုက်ရသည်။ သူ အိတ်မှားလာခြင်း ဖြစ်လိမ့်မည်။ ဘယ်သူ့အိတ်လဲ စဉ်းစားစရာမလို ၊ အထဲ၌ ယောက်ကျားကြီး တဦး၏ အဝတ်များ တွေ့ရသဖြင့် သူနှင့်အတူ ကားစီးဖော် ဦးလေး၏ အိတ်နှင့် မှားလာခြင်းပင်။

ထိုဦးလေးသည် မန္တလေးမြို့ အဝင် မန်းတောင်ဂေါက်ကွင်း အနောက်က နွားခြံကုန်း၌ ဆင်းသွားခြင်း ဖြစ်သည်။

ခက်တာက ထိုဦးလေးကို ကားဆရာက အိမ်တိုင်ရာရောက် လိုက်ပို့ခြင်းမဟုတ်။ လမ်းပေါ်မှာ ဆင်းသွားခဲ့ခြင်းသာ။ သူ့ လိပ်စာကို မသိပဲ၊ အိတ်သွား လဲရန် မလွယ်ကူချေ။

"ဟူး ... ဒုက္ခပဲ ။ ငါ့ အဝတ်တွေနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ နှမြောလိုက်တာ ၊ ပြန်ရပါဦးမလား "

လိပ်စာကတ် သို့မဟုတ် ထိုဦးလေး တည်းခိုမည့် နေရပ်လိပ်စာ သိရရန် ၊ အဝတ်များကို ကြမ်းပေါ် ပုဆိုးတစ်ထည်ခင်း၍ သေချာစွာ စီချလိုက်သည်။

အဝတ်တွေ ကုန်သွားတော့ ၊ အိတ်၏ အောက်ခြေ အတွင်းဇစ်ပါသော လျို့ဝှက် အိတ်သည် လေးထောင့်သဏ္ဍာန် ဖုထစ်နေသည်ကို တွေ့လိုက်ရသည်။ ဘာများလဲဟု သိချင်စိတ်ဖြင့် ထို အတွင်းအိတ်ဇစ်ကို ဖွင့်၍ နှိုက်ယူလိုက်သည်။ သူ့လက်ထဲမှာ 'တာ' ဟု ကျောက်သမားများ ခေါ်ကြသော စက္ကူအဖြူ ခေါက် တစ်ခု ပါလာ၏။

စက္ကူခေါက်ကို သူ ဖြည်ကြည့်လိုက်သည်။ အထဲတွင် အရည်ကောင်း ကျောက်အပွင့်များ ထွက်ကျလာ၏။ သူ အရမ်း အံဩသွားသည်။

လက်မ လက်သည်းခွံလောက် ရှိမည့် ထိုအရည်ကျောက်များမှာ တစ်ပွင့်လျင် သိန်း ဆယ်ကြီးဂဏန်း ဈေးပေါက်မှန်း သူ သိသောကြောင့်ပင်။အပွင့် အရေအတွက် ရေကြည့်လိုက်သည်။ စုစုပေါင်း ၁၇ပွင့် ရှိလေ၏။

အပွင့်ငယ် တစ်ပွင့်ကို အနည်းဆုံး သိန်း ၅၀နှင့် တန်ဖိုးဖြတ် ရောင်းလျင်ပင် အပွင့်ကြီး အပွင့်ငယ် ရောလျက် အနည်းဆုံး သိန်းတစ်ထောင်ခန့် တန်ဘိုးရှိလေ၏။ သူ့လက်ထဲတွင် သိန်းတစ်ထောင် ရောက်လာသည်ဟုဆိုရလျင် မမှားပေ ။ ဒီငွေပမာဏနဲ့ဆိုလျင် သူ့ မိသားစု အရေး ကောင်းစွာ ဖြေရှင်းနိုင်မည့်အပြင် ၊ ပိုလျံ လိမ့်ဦးမည်။ လောဘစိတ်သည် ချက်ချင်း မြင့်မောင်၌ ဖြစ်ပေါ်လာလေ၏။

' ငါနဲ့ ထိုက်လို့ ငါ ရတာပဲ ၊ ပြန်ပေးစရာ မလိုပါဘူး ၊ ငါ ပြန်မပေးလည်း သူ ရဲတိုင်လို့ ရတာမှ မဟုတ်တာ။ သူလည်း ငါ့ကို ရှာတွေ့မယ် မထင်ပါဘူး ၊ ဟုတ်ပြီ ဒီကျောက်တွေ ရောင်းပြီးရင် အိမ်က အဖေတို့ အမေတို့ရဲ့ အကြပ်အတည်းတွေလည်း ငါ ဖြေရှင်းနိုင်မယ်။ ပြီးရင် ငါ့ချစ်သူနဲ့လည်း လက်ထပ်လို့ ရပြီပဲ ၊ ရေကန်အသင့် ကြာအသင့် ပါလား ဟားဟားဟား '

မြင့်မောင် ထိုအတွေးကို တွေးလိုက်မိတော့ သူ့တကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားသည်။ ငှက်ဖျား ပြန်ထချင်လာ၏။ စောစောက သက်သာပျောက်ကင်းနေသော ငှက်ဖျားက ချက်ချင်း ပြန်ထချင်လာသည်။ ထိုအခါ မြင့်မောင်၏ စိတ်က ပြောင်းလဲ သွားပြန်၏။

" အို ! ငါ ကျေးဇူးရှင်တစ်ယောက်အပေါ် စိတ်နဲ့ ပြစ်မှားမိနေပါပေါ့လား။ ငါ့ ရောဂါအတွက် သူက တပြားတချပ်မှ မယူပဲ ဆေးကောင်းဝါးကောင်းကို စေတနာနဲ့ ပေးခဲ့တာကို ငါ ကျေးဇူး မသိတတ်ရာ ကျနေပါပေါ့လား၊

မဖြစ်ဘူး မဖြစ်ဘူး ။ ငါ့ရဲ့ လောဘစိတ်ကို အမြန် နှင်ထုတ်လေမှ၊ နို့မို့ရင် ငါဟာ ကျေးဇူးကန်းသူ ဖြစ်တော့မယ်။

မနက်ဖြန် ငါ အဖျားသက်သာရင် အဲ့ဒီ ဦးလေး ဆင်းသွားတဲ့ နွားခြံကုန်း ဘက်ကို သွားရှာရမယ်။ တွေ့ရင် သူ့ ပစ္စည်းတွေ ပြန်ပေးရမယ်။

ဦးလေးက သူ ဆင်းခါနီးမှာ ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လောဘ မတက်ဖို့ အသေအချာ မှာသွားတာပဲ။ မတော်လောဘ တက်ရင် ငါ ဒုက္ခ ရောက်မယ်လို့ သတိပေးသွားခဲ့သေးတယ်မဟုတ်လား ။

ဒီ ငှက်ဖျားနဲ့ သေမတတ် ဖြစ်နေတဲ့ ငါက ၊ ဘာလို့ သူတပါးပိုင် ဥစ္စာပစ္စည်းတွေကို မက်မောနေရဦးမလဲ ။ငါ သေသွားရင် ဒီပစ္စည်းတွေ ငါ့နောက် ပါလာမှာလည်း မဟုတ်ဘူး။ အကုသိုလ်တွေပဲ ပါလာမှာ။ သူ့ဆေးတစ်ခွက် သောက်တာတောင် ငါ့မှာ ဘယ်လောက် နေလို့ထိုင်လို့ ကောင်းလိုက်သလဲ။အသက်ထက်များ ဘာက တန်ဖိုးကြီးပါဦးမလဲ ။ လူဆိုတာ မသေမချင်း ဥစ္စာဓန ရှာဖွေလို့ ရတာပဲလေ ၊ ဒီပစ္စည်တွေ ငါ့လက်ထဲ ရောက်လာတာက၊ ထိုက်တန်လို့မှ မဟုတ်ပဲ ၊ မှားယွင်း ရောက်လာတာပဲ။ ဦးလေးကို ပြန်ပေးလေမှ "

ထိုကဲ့သို့ ကောင်းသော အတွေးကို တွးမိပြန်တော့ သူ့နှလုံးသွေးတွေ နွေးလာပြန်သည်။ ခုနကလို ချမ်းစိမ့်စိမ့် မဖြစ်တော့ ။

နောက်ဆုံးတွင် သူ စိတ်ကို ဒုံးဒုံးချလိုက်သည်။ ကျောက်ထုပ်ကို သူ့နေရာ သူ ပြန်ထားလိုက်ပြီး ၊ အဝတ်များကို နေရာတကျ ပြန်စီထည့်လိုက်သည်။

" ငါ အဆင်ပြေဖို့အတွက်တော့ အကုသိုလ်အမှုတွေ မပြုတော့ပါဘူး ၊ ကျေးဇူးရှင် ဦးလေးကို ဒီအိတ် ပြန်ပေးနိုင်အောင်ပဲ ရှာတော့မယ် "

ထိုဆုံးဖြတ်ချက်သည် သူ၏ စိတ်ကို ပေါ့ပါးသွားစေသည်။ ထို့ကြောင့် အိတ်ကို ကုတင်ခေါင်းရင်းအထိ ယူလာပြီး၊ သူ ကုတင်ပေါ် တက် အိပ်လိုက်သည်။ သိပ်မကြာပါ သူ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေ၏။

အကုသိုလ်ကင်းသော သူ၏ စိတ်သည် ကောင်းစွာ အိပ်ပျော်နိုင်စေရန် အထောက်အပံ့ပေးလေ၏။ တညလုံး အဖျားလည်းမတက် ၊ နှစ်ခြိုက်စွာဖြင့် အိပ်မောကျသွားခဲ့လေသည်။

_____________

အခန်း ၃။

မြင့်မောင် မျက်လုံးများက မှိတ်ထားပေမယ့် ၊ သူ၏ ကုတင်ဘေးတွင် လူတစ်ယောက် လာပြီး မတ်တတ်ရပ်ပြီး သူ့အား စိုက်ကြည့်နေသည်ဟု သိနေပါ၏။ ဘာလို့လဲဆိုတော့ သူ အိပ်ပျော်နေရာမှ ဆတ်ကနဲ လန့် နိုးလာ၍ ဖြစ်သည်။

သူ မျက်လုံးတွေကို အသာ ဖွင့်ကြည့်လိုက်သည်။ သူ ထင်ထားသကဲ့သို့ပင် သူ့ကုတင်၏ ညာဘက်ဘေးတွင် လူတစ်ယောက် နီးကပ်စွာ မတ်မတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အိမ်သားများထဲက တယောက်ယောက်လားဟု အသေအချာ ကြည့်သည်။ သို့သော် မဟုတ်ပေ။ လူစိမ်း ဖြစ်နေ၏။

ရုတ်တရက် ထိတ်လန့်သွားပြီး သူ လက်ထောက်အားယူ ထရန် ပြင်လိုက်သည်။ အံဩစရာပင်။ သူ ထ၍ မရပေ။ သူ၏ ရင်ဘတ်ပေါ်ကို လူတစ်ယောက်က တက်ခွစီးကာ ဖိထားသလို ခံစားနေရလေ၏။ အတင်းရုန်းကန် ထကြည့်သည်။ မလွတ်မြောက်နိုင်။ သူ လက်လျော့လိုက်ရသည်။

သူ၏ မျက်နက်အိမ်လေးကို လူရိပ်ရှိရာသို့ ရွေ့လျားလိုက်သည်။ အခန်းမီးသီးက ဖွင့်ထားလျက်ရှိရာ ၊ ဝါကျင့်ကျင့် မီးရောင်အောက်တွင် သူ့အနီးက မတ်တတ်ရပ်နေသောသူကို မြင်တွေ့လိုက်ရပါသည်။

သူ အံဩခြင်းကြီးစွာ...

" ဟင်! ဦးလေး ... ဖားကန့်ကနေ ကျနော်နဲ့ ကားအတူ စီးလာတဲ့ ဦးလေး မဟုတ်လား ၊ ဘယ်လိုလုပ် ကျနော့်အခန်းထဲ ရောက်လာတာလဲ "

ထိုစကားစုများကို မြင့်မောင် ဦးလေးထံ မေးခွန်းထုတ်ရန် ကြံရွယ်လိုက်သည်။ သို့ပေမယ့် အသံက ထွက်မလာခဲ့ဘူး။ သူ၏ လည်ချောင်းဝမှာ စကားစုတွေက တစ်ဆို့နေ၏။ ကြိုးစားပေမယ့် အသံက လုံးဝ မထွက်။ ဦးလေးက သူ့အား စကားပြောမလားလို့ မော့ကြည့်သည်။

ဒါပေမယ့် အဲ့ဒီဦးလေးကလည်း သူ့ကိုသာ ကြည့်နေပြီး စကားမဆိုဘူး။ ကားပေါ်ကလိုလည်း မျက်နှာထား ခပ်တင်းတင်း မဟုတ်တော့ဘူး။ မျက်နှာက သိသာစွာ ညှိုးလျော်နေ၏။ လူတစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါ ပျောက်နေသလိုလားပဲ။ သူ့ကြည့်ရတာ မှေးမှိန်ဖျော့တော့လို့ ။ ကားပေါ်တုန်းက အဝတ်အစားနဲ့ပဲ ဖြစ်သည်ကို တွေ့ရသည်။

မြင့်မောင် ကြည့်နေစဉ်မှာ ထိုဦးလေးသည် ကုတင်ခေါင်းရင်းက သူ့ရဲ့ ခရီးဆောင်အိတ်ဆီ မျက်လုံး ရောက်သွားသည်။ထိုဦးလေးသည် ခရီးဆောင်အိတ်ဆီကို တဖြေးဖြေး ရွေ့လျားသွားတာ မြင်လိုက်ရသည်။ ရွေ့လျားသည်ဟု ဆိုရခြင်းမှာ လူတွေကဲ့သို့ လမ်းလျှောက်သွားဟန် မတွေ့ရသောကြောင့် ဖြစ်သည်။

မြင့်မောင် ခေါင်းရင်းဘက်ကို မျက်လုံးများ လှန်ကြည့်သည်။ ထိုဦးလေးသည် ခရီးဆောင်အိတ်ကို သူ၏ လက်ဖြင့် ထိတွေ့ ပွတ်သပ်နေသည်။ သူ ပွတ်သပ်ကိုင်တွယ်နေတာက တယုတယရှိလှသည်။တခဏနေတော့ ဦးလေး၏ လက်က ဇစ်ခေါင်းဆီသို့ ရောက်သွား၏။

အိတ် ဇစ်ကို ဖွင့်ချင်နေသလား မဆိုတတ်။ သို့သော် သူ၏ လက်သည် အိတ်ဇစ်ကို ဖွင့်ခြင်းငှာ မစွမ်းသာချေ။ ဇစ်ခေါင်းသည် ထိုဦးလေး၏ လက်ဖြင့် ထိနေသည်ကို မြင်ရပေမယ့် လှုပ်ရှားမှု မရှိချေ။

မြင့်မောင်၏ စိတ်ထဲဝယ် ထိုဦးလေးသည် သူ၏ ကျောက်ထုပ်ကို ဖွင့်ကြည့်လိုဟန်တူသည်ဟု ထင်လိုက်မိသည်။ သူ ကူညီချင်သော်လည်း ထ၍ မရ။ ခက်နေ၏။

အိတ်ဆီမှနေ ထိုဦးလေးသည် သူထံ ပြန်ရွေ့လျားလာပြန်သည်။ ဒီတစ်ခါ ကုတင်ဘေးမှာ ခုနကလို မတ်တတ် ရပ်နေရုံမဟုတ်တော့ ။ သူ၏ ရင်ဘတ်ပေါ်အထိ တက်ခွ စီးလာလေ၏။ မြင့်မောင် ရင်ဘတ်သည် ပိုမို လေးလံလာ၏။ထိုသို့ တက်ခွပြီးသော် ဦးလေးသည် သူ၏မျက်နှာကို မြင့်မောင်၏အရှေ့တည့်တည့်သို့ ငုံ့ကိုင်းလာလေ၏။

ထိုအခါ မြင့်မောင် အလွန်အမင်း ထိတ်လန့်ခြင်း ဖြစ်သွားလေတော့သည်။ ထိုဦးလေး၏ မျက်နှာသည် ပိန်လိန်ရှုံ့တွလျက် သွေးများ ပေကျံနေသောကြောင့်ပင်။

" အား! အမေရေ ကယ်ပါအုံး "

မြင့်မောင် ဇွတ်အတင်း အော်ဟစ်လိုက်သည်။ အသံသည် အစ်အစ်ဂစ်ဂစ်နဲ့ ဗလုံးဗထွေး ထွက်ပေါ်လာ၏။

အခန်းတံခါးကို ဖွင့်၍ မြင့်မောင် အမေ ဝင်လာသည်။ ဝူးဝူးဝါးဝါးနဲ့ သောင်စဉ်ရေမရ အော်ဟစ်နေသော မြင့်မောင်ကို အသာ လှုပ်နှိုးလိုက်သည်။

မြင့်မောင် နိုးနိုးလာချင်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ မထင်မရှားသော အရိပ်တစ်ခုသည် သူ့ကိုယ်ပေါ်မှ ဖယ်ရှား ခွာထွက်လိုက်ပြီး ပြတင်းပေါက်မှတဆင့် အပြင်သို့ ထွက်သွားသည်ဟု မြင်လိုက်ရသည်။

" အမေ ... အမေ ... မြင်လိုက်သလား ၊ ခုနက သားကိုယ်ပေါ် တက်ခွစီးနေတဲ့ သရဲကို "

မြင့်မောင်၏ အမေ ဒေါ်တင်လှသည် မြင့်မောင်၏ စကားကြောင့် အူကြောင်ကြောင် ဖြစ်သွားသည်။ခေါင်းကို ခါရမ်းပြ၏။

ချက်ချင်းပဲ သမီးဖြစ်သူ မမြင့်ကြည်အား ဘုရားကျောင်းဆောင်မှ သောက်တော်ရေ ယူခဲ့ရန် လှမ်းအော်လိုက်သည်။

ပြီးသော် မမြင့်ကြည် ယူလာသော သောက်တော်ရေခွက်က ရေဖြင့် မြင့်မောင်၏ ဆံပင်ပေါ်သို့၎င်း ၊ မျက်နှာပေါ်သို့၎င်း ပက်ဖျန်းလေ၏။

ဒေါ်တင်လှ စိတ်ထဲတွင်တော့ သူ့သား မြင့်မောင် အဖျားတက်၍ ကယောင်ကတမ်း ပြောသည်ဟုသာ အောက်မေ့လိုက်လေ၏။

_____________

အခန်း ၄။

" မင်းကွာ ငါခေါ်ထားတာ မနက် ၁၀နာရီခွဲကတည်းက ၊ ည ဆယ်နာရီခွဲနဲ့များ မှားနေသလား နိုင်မင်း "

မြင့်မောင်ရဲ့ ခပ်ရွဲ့ရွဲ့ အမေးကို နိုင်မင်းက ရယ်ကျဲကျဲ လုပ်ကာ ...

" မင်း ပြောလည်း ခံရုံပဲ သူငယ်ချင်းရေ၊ မင်း ဖုန်းဆက်ပြီးကတည်းက ငါ့ဆိုင်မှာ အဝယ်တွေ ကျလာလို့ ၊ အခုမှ အားတယ် ။

နေ့လယ်စာတောင် ခုနကမှ စားပြီးတယ် မြင့်မောင်ရေ ။ အခု ညနေ ၅နာရီပဲ ရှိပါသေးတယ် ။ ကဲပါ ထ ထ ငါ မင်းသွားချင်တဲ့နေရာ လိုက်ပို့ပေးမယ် ။ ည ၈နာရီအထိ အချိန်ရတယ်။

သွားကြရအောင် သူငယ်ချင်း "

မနက်က မြင့်မောင်သည် မှားပါလာသည့်အိတ်ပိုင်ရှင် ဦးလေးကို ရှာဖွေရန် ၊ ကိုယ်ပိုင်ကားရှိသော သူငယ်ချင်း နိုင်မင်းထံ ဖုန်းဆက် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်၏။

ထိုစဉ်က နိုင်မင်းက ၁၁နာရီခွဲလောက်ဆို အားပြီဟု ဖြေခဲ့ပြီးမှ ၊ အလုပ်များပြီး ယခုလို နောက်ကျစွာ ရောက်လာခြင်း ဖြစ်သည်။

မြင့်မောင်၏ ငယ်သူငယ်ချင်းဖြစ်သော နိုင်မင်းသည် အလွန်သဘောကောင်းသူ ဖြစ်ပြီး ၊ ပင်လယ်စာ အရောင်းဆိုင်ခွဲ လေးငါးခု ဖွင့်လှစ်ထားသော စီးပွားရေး လုပ်ငန်းရှင်ပေါက်စ ဖြစ်လေ၏။ မြင့်မောင် ဖားကန့်သို့ မသွားခင်က သူ့ဆိုင်ခွဲတစ်ခုကို ကြီးကြပ်ပေးပါ၊ လစာကောင်းကောင်း ပေးပါမည်ဟု ကမ်းလှမ်းခဲ့ဖူး၏။သို့သော် မြင့်မောင်သည် သူ၏ စိတ်ကူးယဉ်အိမ်မက်ကို အကောင်အထည်ဖော်လိုသဖြင့် ငြင်းဆန်ခဲ့သည်။

သို့ဖြင့် မြင့်မောင်သည် နိုင်မင်းနှင့်အတူ ကားဖြင့် မန်းတောင်ဂေါက်ကွင်း အနောက်က နွားခြံကုန်း ရပ်ကွက်သို့ ထွက်လာခဲ့သည်။ လမ်းတွင် မြင့်မောင်က အကျိုးအကြောင်း ရှင်းပြလာခဲ့သည်။

နွားခြံကုန်း ရပ်ကွက်သည် လူနေစိပ်ပြီး ၊ အိမ်ခြေထူထပ်သည်။ လမ်းသွယ်လေးများ အထိ နိုင်မင်းက ကားကို မောင်းဝင်ပေးပြီး မြင့်မောင်၏ အိတ်ပိုင်ရှင် ဦးလေးကို ရှာဖွေခြင်းကိစ္စ၌ အားတက်သရော ကူညီပေးရှာသည်။

သို့သော် ကာယကံရှင် မြင့်မောင်ကိုယ်၌က အိမ်လိပ်စာ အတိအကျ သိပြီး လာရှာခြင်း မဟုတ်။ တွေ့နိုးနိုး မျှော်လင့်ချက်ဖြင့် လိုက်ရှာနေခြင်း ဖြစ်ရာ အချိန်သာ အကုန်မြန်သွား၏။ အိတ်ပိုင်ရှင် ဦးလေးကို ရှာမတွေ့ချေ။

နိုင်မင်းက ကားမောင်းရင်း ၊

" မြင့်မောင် မင်းဟာက နာမည်လည်း မသိ၊ လိပ်စာလည်း မသိနဲ့ ၊ ဒီ ရပ်ကွက်ထဲ နေတယ်ဆိုတာ သေချာလို့လား သူငယ်ချင်းရာ "

" သေတော့ မသေချာဘူးပေါ့ ၊ အဲ့ဒီ ဦးလေးက ဂေါက်ကွင်း အနောက်ဘက် ဆင်းသွားတာလေ ၊ အဝေးကြီးဆိုရင် သူ ကားဆရာကို ထပ်ပြီး လိုက်ပို့ခိုင်းမှာပေါ့ ။ နီးနီးနားနားမို့ ကားလမ်းပေါ်ပဲ ရပ်ခိုင်းပြီး ဆင်းသွားတာကွ ၊

ဒီအနီး တဝိုက်မှာ နေတာ သေချာပါတယ် ။ ဒီကနေ့ မတွေ့လည်း နောက်နေ့ တွေ့မှာပါ ။ "

" ဟင်! မင်းက နောက်နေ့ လာရှာဦးမှာလား မြင့်မောင် "

" အေး ရှာရမှာပေါ့ ။ သူ့ကို မတွေ့မချင်း ငါ ရှာရမှာ ၊ သူ့ အိတ်က ငါ့ဆီ မှားပါလာတာဥစ္စာ "

ထိုသို့ သူငယ်ချင်း နှစ်ယောက် စကားပြောနေရင်း လမ်းတစ်နေရာတွင် ဆိုက္ကား နှင့် ဆိုင်ကယ် တက္ကစီဂိတ်တစ်ခုကို မြင့်မောင်က တွေ့လိုက်တော့၊

" နိုင်မင်းရေ ... ရှေ့နားက ဂိတ်မှာ ခဏ ရပ်ပေးကွာ ၊ ငါ ဆင်းပြီး နည်းနည်း မေးကြည့်စမ်းမယ် "

ကားရပ်ပေးတော့ မြင့်မောင်က ဆိုင်ကယ် တက္ကစီသမား တစ်ဦးထံ သွား၍ မေးမြန်းလေ၏။ မြင့်မောင်က ဒီရပ်ကွက်ထဲသို့ မနေ့ညနေက တိုင်းရင်းသား ဧည့်သည်တစ်ဦး လာရောက်တည်းခိုတာ မမြင်တွေ့မိကြဘူးလားလို့ မေးမြန်းခြင်း ဖြစ်သည်။ တဆက်တည်း မြင့်မောင်က ထိုဦးလေး၏ သွင်ပြင်လက္ခဏာကို မှတ်မိသလောက် ပုံဖမ်း ပြောပြလိုက်သည်။

ဆိုင်ကယ်တက္ကစီသမားက လည်လည်ဝယ်ဝယ် ရှိပုံပင်။ စကားပြော သွက်လက်၏။

" ဒီရပ်ကွက်ထဲ ဧည့်သည် ရောက်ရင် အစ်ကို မသိတာ မရှိဘူး ငါ့ညီ။ မင်းပြောသလို တိုင်းရင်းသား ဧည့်သည်ဆိုရင် ပိုတောင် သိလိမ့်ဦးမယ် ၊ ဒီရပ်ကွက်က ဗမာ ရပ်ကွက်ကွ ၊

သူစိမ်း ဧည့်သည်လို့တော့ အစ်ကိုတို့ မတွေ့မိသေးပါဘူး ။ ဘာဖြစ်လို့လဲ ငါ့ညီ ၊ ရာဇဝတ်မှုတွေ ဘာတွေများ ကျုးလွန်ထားလို့လား "

" အာ ... မဟုတ်ပါဘူး အစ်ကို ၊ မနေ့က ကျနော်နဲ့ ကားအတူတူ စီးလာရင်း ခရီးဆောင်အိတ်က အရောင်တူ ၊ အမျိုးအစားတူဆိုတော့ အိတ်ချင်း မှားပါသွားလို့ပါ "

" ေဩာ် ... အဲ့သလိုဆိုတော့ အခက်သား ၊ ငါ့ညီကလည်း အဲ့ဒီလူ နာမည်ကို မသိဆိုတော့ ရှာရခက်မယ်။

ဒီလိုလုပ်ကွာ ၊ အစ်ကိုတို့က ဂိတ်မှာ အမြဲရှိတာဆိုတော့ ၊ မင်း ပြောပြတဲ့ ပုံသဏ္ဍာန်နဲ့ လူကို တွေ့ခဲ့ရင် အကြောင်းကြားပေးမယ်။

ငါ့ညီရဲ့ ဖုန်းနံပတ်တော့ ပေးသွားခဲ့ပေါ့ ။ ဒါမှ ဆက်သွယ်လို့ ရမှာလေ။"

ထိုလူက သူ့နာမည်နဲ့ဖုန်းနံပတ်ကို အရင်ပေးသည်။ သူပြောတာက ပိုမို ဆီလျော် အကြောင်းသင့်လေသောကြောင့် မြင့်မောင်သည် သူ၏ ဖုန်းနံပတ်ကို ထိုလူအား ပေးခဲ့လေ၏။ ထိုလူ၏ နာမည်မှာ ကိုဝင်းမိုးဟု သိခဲ့ရသည်။

ထို့နောက် သူငယ်ချင်း နှစ်ယောက်သည် အိမ်သို့ ပြန်ကြရန် ကားကို ပြန်လှည့်ခဲ့ကြသည်။ ည ၇နာရီခွဲပြီ ဖြစ်၏။ မိုးက တဖွဲဖွဲလေး စွေနေသည်။ ကားလမ်းဘေးရှိ လမ်းမီးတိုင်များပင် ထွန်းလင်းနေကြပြီ။

ည ၇နာရီခွဲသာ ရှိသေးသော်လည်း ယခင်က မြင်းပြိုင်ကွင်းဟောင်း ရှိသော မန္တလေး - မတ္တရာ လမ်းသည် လူအသွားအလာ ပြတ်နေ၏။ မိုးကြောင့်လည်း ဖြစ်နိုင်၏။ မိုးအေးအေးနဲ့ဆိုတော့ လူတွေ အပြင်မထွက်ပဲ အိမ်ထဲ နှပ်နေကြသည်လား မပြောနိုင်။

လမ်းမပေါ်တွင် ကား ဆိုင်ကယ်တို့ပင် မမြင်။ ဖြတ်သွား ဖြတ်လာ မရှိသလောက်ပင်။ လမ်းမီးတိုင် အချို့သည် လင်းလိုက်မှိန်လိုက် ရှိနေ၏။

တချို့နေရာများတွင်တော့ ဗာဒံသစ်ပင်များကြောင့် မီးတိုင်မှ အလင်း မတိုး၊ မှောင်ရိပ် သဲ့သဲ့ကျနေလေ၏။

တခုသော မီးမလာသည့် ဓာတ်တိုင်အောက်ကို မြင့်မောင် အကြည့်ရောက်သွားသည်တွင် ... ထိတ်ကနဲ ဝမ်းသာသွားလေ၏။ အဘယ်ကြောင့်ဆိုသော သူ လိုက်ရှာနေသော စကားသံဝဲဝဲ ဦးလေးကို မြင်မိလိုက်သောကြောင့်ပင်။ကားက ထိုဦးလေးကို ကျော်လွန်သွားလေ၏။

" ဟာ ဟေ့ယောင် နိုင်မင်း ၊ ကားကို ခဏ ရပ်ပေးဦး ၊ ဟိုမှာ ငါ ရှာနေတဲ့ ဦးလေးကို တွေ့ပြီ "

ကားရပ်သည်နှင့် မြင့်မောင်သည် မိုးဖွဲဖွဲကျနေသည်ကိုပင် ဂရုမပြုနိုင်တာ့ချေ။ ထိုဦးလေးထံသို့ ပြေးသွားလသည်။ ဘာကြောင့်မှန်းမသိ။ ဦးလေးကြီးသည် မြင့်မောင် ဆီသို့ တူရူ လျှောက်လှမ်းနေရာမှ တုန့်ကနဲ ရပ်သွားပြီး ၊ ကျောခိုင်း နောက်ပြန်လှည့်သွားသည်။ မြင့်မောင် ပြေးလိုက်ရင်း ...

" ဦးလေး ဦးလေး ခဏလောက် နေပါဦး ။ ဦးလေးရဲ့ သေတ္တာကို ပြန်ပေးချင်လို့ပါ "

မြင့်မောင်၏ အသံသည် အတော်လေး ကျယ်၏။ သို့သော် ထိုဦးလေးမှာ မကြားသည်လား၊ မကြားယောင် ပြုလေသလား မသိနိုင်။ ရပ်တန့်မသွားပဲ တရွေ့ရွေ့ ကျောခိုင်း သွားနေ၏။

အဖျားဒဏ် သက်သာစ ပြုနေပေမယ့် ၊ မြင့်မောင်မှာ သိပ်မပြေးနိုင်။ ခန္ဓာကိုယ် အားနည်းနေသည် ဖြစ်ရာ အတော်လေး ခပ်လှမ်းလှမ်းရောက်မှ ထိုဦးလေးကို မှီလေ၏။ သူနှင့် ကားသည် အတော်လေး ဝေးသွားပြီ ဖြစ်သည်။ ကားပေါ်က ဆင်းလာသော နိုင်မင်းမှာ မြင့်မောင် ပြေးသွားသည်ကို စိုးရိမ်တကြီး ကြည့်နေရှာသည်။ ကားက တစ်လမ်းမောင်း လမ်းပေါ်တွင် ရပ်ထားခြင်းကြောင့် ပြန်လှည့်ရန်လည်း အခွင့်မသာချေ။

မြင်မောင်သည် ထိုဦးလေးကို မှီသည်နှင့် အနောက်ကနေ လက်ကို လှမ်းဆွဲရင်း ...

" ဦးလေး ဦးလေး ဟူး မောတာဗျာ ၊ ကျနော်ပါ ၊ ဦးလေးနဲ့ မနေ့က ကားအတူစီးခဲ့တဲ့ ကောင်လေးလေ "

ဦးလေးကြီးသည် ထိုအခါမှ ရပ်တန့်သွားပြီး၊ မြင့်မောင်ဘက်သို့ လှည့်လာ၏။ မြင့်မောင်မှာ မောနေသည် ဖြစ်ရာ အသက်ကို ဝလင်အောင် ရှုသွင်းနေရသည်။ သို့ပေမယ့် သူသည် ကိုင်ထားသော ဦးလေး၏ လက်ကို လွှတ်ချလိုက်မိသည်။ သူ ကိုင်ထားသော ဦးလေး၏ လက်သည် အလွန် အေးစက်နေသောကြောင့်ပင်။

" ဦးလေး ကျနော့်ဆီမှာ ဦးလေးရဲ့ ခရီးဆောင်အိတ် မှားပါတယ်။ အဲ့ဒါ ပြန်လဲရအောင် ဦးလေးကို လိုက်ရှာနေတာ ဟောဟဲ ဟောဟဲ "

တန်ဘိုးရှိသော ကျောက်စိမ်း အရည်ကောင်း အပွင့်များပါသည့်အိတ်ကို မှားပါသွားသူက ပြန်လာလဲသည်ကို ထိုဦးလေးက ဝမ်းသာဟန်မပြ။ ပကတိ တည်ငြိမ် အေးစက်စက် မျက်နှာဖြင့် မြင့်မောင်အား ကြည့်နေသည်။ မြင့်မောင် အထူးအဆန်း ဖြစ်သွားသည်။ အစက ထိုကျောက်စိမ်းများပါလာသည်ကို ဖွင့်မပြောပဲ နေတော့မည်ဟု အောက်မေ့ထားပေမယ့် ထိုလူကြီး၏ အေးစက်စက် အမူအယာကြောင့် မချင့်မရဲ ဖြစ်ကာ ...

" ဦးလေး အိတ်ထဲမှာ သိန်းတစ်ထောင်ဖိုးလောက် တန်တဲ့ ကျောက်စိမ်းတွေ ပါတယ်လေ ၊ ဘာလဲ ကျနော့်ကို မယုံဘူးလား ၊ အဲ့ဒါတွေ ကျနော် တခုမှ ယူမထားပါဘူး ၊ ပစ္စည်းကို ပိုင်ရှင်မှန်ဆီ ပြန်ပို့ပေးခွင့်ရတာပဲ ဝမ်းသာလှပါပြီ ၊ အခု အဲ့ဒီ အိတ် ကျနာ့်သူငယ်ချင်း ကားပေါ်ပါတယ်။ ဦးလေး လိုက်ယူပါ"

သူ့စကားကုန်သည်အထိလည်း လူကြီးသည် တုံဏိဘာဝေ လုပ်နေဆဲပင်။ တခွန်းမှ ဝမ်းသာစကား မပြော။ သူ့ကိုသာ တွေတွေငေးငေး စိုက်ကြည့်နေ၏။ မြင့်မောင် စိတ်မရှည်တော့ ၊ ထို့ကြောင့် ...

" ဦးလေး ဒီမှာ ခဏစောင့် ၊ ကားက ဟိုမှာ ၊ ကျနော့် သူငယ်ချင်းကို အိတ်ယူပြီး လာခဲ့ဖို့ လှမ်းခေါ်လိုက်ဦးမယ် "

ထိုသို့ပြောပြီး မြင့်မောင်သည် နိုင်မင်း ရှိရာသို့ လှမ်းကြည့်လိုက်သည်။နိုင်မင်းမှာ ဖုန်းပြောနေသည်ကို တွေ့ရလေ၏။ ထို့ကြောင့် ဦးလေးအနီးမှ ခြေလှမ်း လေးငါးလှမ်းခန့် လျှောက်သွားပြီး နိုင်မင်းကို လှမ်းအော်ပြောလိုက်သည်။

" နိုင်မင်းရေ ... အိတ်ကို ဒီယူလာပေးပါဟေ့ ၊ ငါ အိတ်ပိုင်ရှင်ကို တွေ့ပြီ "

နိုင်မင်းက သူ အော်တာ ကြား၏။ မြင့်မောင်ကို ကြည့်၍ ဇဝေဇဝါ ဖြစ်နေဟန်နှင့် ကားနောက်ဖုံးကို လှန်၍ အိတ်ကို ဆွဲယူလာပေးသည်။

နိုင်မင်း သူ့အနီး ရောက်လာသည်အထိ ကြည့်နေမိရာ ၊ အိတ်ပိုင်ရှင် ဦးလေးကို ကျောပေးထားမိသည်။

အိတ်ကို နိုင်မင်းထံမှ ယူဆွဲပြီး အနောက်သို့ ပြန်လှည့်လိုက်သည်မှာတော့

"ဟင် ! ဘယ်ရောက်သွားတာလဲ ၊ ဦးလေး ဦးလေး ..."

ခပ်ဝေးဝေးက ဓာတ်တိုင် သုံလေးငါးတိုင်အထိ သူ လှမ်းကြည့်ပေမယ့် ခုနက အိတ်ပိုင်ရှင် ဦးလေးကို မမြင်တွေ့ရတော့ပေ။ အံဩကြီးစွာ ခေါင်းနပမ်း ကြီးသွားလေ၏။ အနီးနားကိုလည်း သူ အသည်းအသန် ရှာဖွေကြည့်သည်။ သူ့အနီးတွင် သူ့အား မျက်လုံးပြူး ကြည့်နေသော နိုင်မင်းမှ လွဲ၍ လူတစ်ယောက်မှ မရှိချေ။

" ဟာ! ချက်ချင်းကြီးကွာ ၊ ဘယ်ပျောက်သွားတာလဲ ...၊ နိုင်မင်း ခုနက ငါ့နောက်ကျောက ဦးလေး ဘယ်ဘက်ထွက်သွားတာလဲ ၊ မင်း မြင်လိုက်တယ်မို့လား "

နိုင်မင်းက သူ့အမေးကို မဖြေ။ သူ့ အနီး တိုးကပ်လာပြီး ပခုန်းကို လက်တစ်ဖက်ဖြင့် ဖက်ကာ ...၊

" မြင့်မောင် ... မင်း အဖျား တက်ပြန်ပြီလား ၊ လာကွာ အိမ်ပြန်ကြရအောင် သူငယ်ချင်း "

သူ နိုင်မင်း၏ လက်ကို ပခုန်းပေါ်မှ ဖယ်ရှားလိုက်ရင်း ...

" ဟေ့ယောင် ... မင်း ခုနက ငါ့နားက ဦးလေး ကို ဘယ်ဘက်ထွက်သွားတာ မြင်လိုက်လဲလို့ မေးနေတာလေ ၊ ဘာကိစ္စ ငါက အိမ်ပြန်ရမှာလဲ "

နိုင်မင်းက ခေါင်းကို ခါရမ်းပြရင်း ...

" မင်းက ငါ့ကို ကားရပ်ပေးစမ်းဆိုလို့သာ ရပ်ပေးလိုက်ရတာ မြင့်မောင်၊ ငါ မင်းပြောတဲ့ ဦးလေးကို မပြောနဲ့ ဒီအနီးနားမှာ ခွေးတစ်ကောင်ကြောင်တမြီးတောင် မတွေ့မိဘူး ၊

ပြီးတော့ မင်း ယူလာခဲ့ဆိုလို့ ငါ ခရီးဆောင်အိတ်ကို ယူလာပေးတာ။ ခုနက ငါမြင်တာတော့ မင်းတစ်ယောက်တည်း စကားပြောနေတာ တွေ့တာပဲ။

ငါက မင်း အဖျားတက်ပြီး အမြင်မှားနေတယ်၊ ယောင်ရမ်း ပြောနေတယ်လို့ပဲ ထင်မိတာ "

မြင့်မောင် ဒေါသ အနည်းငယ်ထွက်သွားပြီး ၊ နိုင်မင်း၏ လက်တစ်ဖက်ကို ယူ၍ သူ့နဖူးပေါ် တင်ပေးလိုက်သည်။

" ရော့ စမ်းကြည့် ၊ ဒီလောက် အေးစက်နေတာ ၊ ငါက ဖျားပါ့မလား ၊ ခုနက ငါ ဒီနားလေးမှာ အိတ်ပိုင်ရှင် ဦးလေးကို သေသေချာ မြင်ခဲ့တယ်။ သူ့ လက်ကို ဆွဲပြီးတောင် ရပ်ခိုင်းပြီး စကားပြောနေခဲ့သေးတယ်။ ငါ အမြင် မမှားဘူး နိုင်မင်း "

မြင့်မောင်က ထိုသို့ တိကျရေရာစွာ ပြောလိုက်သည့်အခါ နိုင်မင်း မျက်နှာ ပျက်ယွင်းသွားသည်။ ကိုယ်ကို တုန်ခါပြရင်း ...

" ဟေ့ကောင်... ဒါဆို မင်း မြင်ခဲ့တာ၊ လူ မဖြစ်နိုင်ဘူး ၊ တစ္ဆေဖြစ်လိမ့်မယ် ။ လာပါကွာ ဒီနားက သွားကြရအောင် ငါ့စိတ်ထဲ ဒီနား ဆက်နေရမှာ မသတီတော့ဘူး ၊ ကြက်သီးတွေ ထလာတယ်နော် မြင့်မောင် ၊ သွားကြစို့ "

တိုက်ဆိုင်စွာ လမ်းအနောက်ဘက် ဘိုးဘွားရိပ်သာအရှေ့မှ ခွေးများက တစီစီနဲ့ ထအူလိုက်သည်။ တအူအူနဲ့ စွဲစွဲငင်ငင် ခွေးအူသံကြီးကို သူတို့ နှစ်ယောက် ကြားလိုက်ရတော့ ပြိုင်တူ ကြက်သီးမွှေးညင်းများ ထသွားကြလေ၏။

မြင့်မောင်၏ မျက်နှာ ညှိုးကျသွားသည်။ သူ ခုနက မြင်ခဲ့တာ အမှန်တကယ် တစ္ဆေပဲလား ။ တညလေး ဖြတ်ကျော်ရုံနဲ့ သူ့အား ငှက်ဖျား အမြစ်ပြတ် ဆေးပေးသွားသော ဦးလေးသည် ဘဝတပါးသို့ ပြောင်းသွားပါ့မလား ။ မဖြစ်နိုင်တာဟု တွေးလိုက်မိသည်။

ထိုအခိုက် သူ၏ ဖုန်းထဲသို့ ဖုန်းကောတစ်ခု ဝင်လာသည်။ သူ ဖုန်းကို ကြည့်လိုက်၏။ သူ ခုနက ဖုန်းနံပတ်ပေးထားခဲ့သော ဆိုင်ကယ်တက္ကစီဂိတ်မှ ကိုဝင်းမိုး ဖြစ်နေ၏ ။ သူ စပီကာဖွင့်၍ နားထောင်လိုက်သည်။

" အေး ညီလေးရေ ၊ အစ်ကို မင်းကို သတင်းထူး တစ်ခု ပေးစရာရှိလို့ ဖုန်းဆက်လိုက်တာ ၊

မနေ့ညက အစ်ကိုတို့ လမ်းထိပ်မှာ ကားအက်ဆီးဒင့် တစ်ခု ဖြစ်တယ်လို့ အစ်ကို့ဘော်ဒါ နယ်ထိန်းရဲက ပြောသကွ၊ အဲ့ဒီမှာ အစ်ကိုတို့ ရပ်ကွက်က မဟုတ်တဲ့ လူစိမ်းတစ်ယောက် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသတဲ့။

သူ့အိတ်ကပ်ထဲက မှတ်ပုံတင်အရဆိုရင်တော့ ကချင်ပြည်နယ် မိုးကောင်းမြို့ကလို့ ပြောတယ်။ အလောင်းကို ရဲတွေက ဆေးရုံ ပို့လိုက်တယ်။


" ဗျာ ! ..."

မြင့်မောင် အနီးနားမှာ ရှိတဲ့ နိုင်မင်းကို လှမ်းမှီထားလိုက်ရသည်။ ထို့ကြောင့်သာ သူ လဲကျ မသွားခြင်းပင်။

ဒါဆိုရင် ... ခရီးဆောင်အိတ် ပိုင်ရှင် လူကြီးသည် ကားတိုက်ခံရ၍ မနေ့ညကပင် ဆုံးပါးသွားခဲ့သည်ပေါ့။

သူ့ဆီ ညဘက်က လာသော ဦးလေးမှာ ဝိဉာဉ် သို့မဟုတ် တစ္ဆေတစ်ကောင်ပဲပေါ့ ။ ပြီးတော့ သူ ခုနက မြင်ခဲ့ စကားပြောခဲ့သူမှာလည်း တစ္ဆေပဲပေါ့။အခုမှ မြင့်မောင် ကြောက်စိတ် ဝင်လာ၏။ ဒူးတွေ မခိုင်တော့။ ညွှတ်ခွေ လဲကျချင်လာသည်။ သူ အသံ ကတုန်ကရင်ဖြင့် နိုင်မင်းကို လှမ်းပြောလိုက်သည်။

" အားလုံး ပြီးဆုံးသွားပြီ သူငယ်ချင်း၊ ငါ သူ့ကို နောက်ထပ် လိုက်ရှာစရာ မလိုတော့ပါဘူး ၊ သွားကြရအောင်ကွာ"

ယိမ်းယိုင်နေသော မြင့်မောင်ကို နိုင်မင်းက တဖက်က ကူတွဲ၍ ကျန်တဖက်က ခရီးဆောင်အိတ်ကို တရွတ်တိုက် ဆွဲ၍ ကားဆီသို့ ခေါ်လာခဲ့လေ၏။

ခရီးဆောင်အိတ်က ဘီးသံ တဂျစ်ဂျစ် သည် တိတ်ဆိတ်နေသော ညဦးယံမှာ တစ္ဆေတစ်ကောင် လက်သည်းရှည်များဖြင့် လမ်းပေါ်သို့ ကုတ်ခြစ်နေသည့်အလား ...။

ပြီးပါပြီ

ပီပီ၊မန္တလေး၊

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..