ထိတ်လန့်ဖွယ်ရာ မရဏနတ်သမီး ..
lotaya.mpt.com.mm
|
2021-08-03

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ခန့်လောက်က အင်္ဂလန်နိုင်ငံမှာ အလွန်ထိတ်လန့်စရာကောင်းတဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ဖြစ်ရပ်ဖြစ်ခဲ့ဖူးတယ်။ အဲဒီရာဇဝတ်မှုဟာ နာမည်ကြီးသလို စိတ်ဝင်စားဖို့လည်းကောင်းတယ်။ ဒီရာဇဝတ်မှုမှာ ကျူးလွန်သူအမျိုးသမီးကို မရဏနတ်သမီး လို့ နာမည်ပြောင်ပေးခဲ့ကြသလို အချို့ကလည်း သေမင်းရဲ့ကောင်းကင်နတ်ဆိုးလို့ ဆိုကြတယ်။

သူ့နာမည်က ဘီဘလေအဲလစ်။ သူ့ကို အင်္ဂလန်နိုင်ငံ၊ Grantham မြို့အနီး၊ ၁၉၆၈ခုနှစ်၊ အောက်တိုဘာလ၊ ၄ရက်နေ့ မှာမွေးဖွားခဲ့တယ်။

မွေးချင်းလေးယောက်ရှိပြီး သူက အကြီးဆုံး။ သူဟာ ရာဇဝတ်မှုကို မကျူးလွန်ခင်အချိန်ထိ လူတွေရဲ့အမြင်မှာတော့အေးဆေးနေတဲ့ သာမန်သူနာပြုအမျိုးသမီးလေး တစ်ယောက်အဖြစ်သာ လူတွေက မြင်ထားတာ ဖြစ်တယ်။ ဒါပေမဲ့တကယ်တမ်းမှာတော့ အဲလစ် ဟာ စိတ်ရောဂါဝေဒနာသည်တစ်ယောက်ပါ။

သူဟာ ဆယ်ကျော်သက်အရွယ်မှာတင် အဝလွန်နေတာဖြစ်ပြီး လူတွေရဲ့ဂရုစိုက်မှု၊ အရေးပေးမှုတွေကို မရရှိဘူးလို့တစ်ကိုယ်တည်းခံစားနေသူတစ်ယောက်။ ဒီလို ရောဂါဝေဒနာရှင်မျိုးဟာ ကြောက်စရာလည်းကောင်းသလို သနားစရာလည်းကောင်းတယ်။ သူဟာ သူနာပြုတစ်ယောက်အဖြစ် လေ့ကျင့်သင်ကြားခဲ့တဲ့စာမျက်နှာက တစ်ဖက်၊ လူတွေက သူ့အပေါ်ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ခံစားချက်စာမျက်နှာက တစ်ဖက်နဲ့ ရှင်သန်နေထိုင်နေနရသလိုပါပဲ။

သူ့ရဲ့ အဝလွန်မှုပြဿနာကို ဆရာဝန်တွေက ခွဲစိတ်ကုသဖို့တိုက်တွန်းကြသလို သူကိုယ်တိုင်ကလည်း လက်ခံလိုက်တယ်။အဲဒီအချိန်မှာ သူဟာ အသည်းကွဲဝေဒနာကိုလည်း ခံစားနေရပြန်သေးတယ်။ ခွဲစိတ်ကုသမှုတွေကို စတင်ပြုလုပ်ပေမဲ့ သူဟာ ဘယ်တော့မှ ဆုံးခန်းတိုင်အောင်ပြုလုပ်လေ့မရှိဘူး။ ဒါ့အပြင်သူဟာ ဆရာဝန်တွေရဲ့ ဂရုစိုက်မှုတွေကို လိုချင်တာကြောင့် မကြာခဏသူ့ကိုယ်သူအနာတရ ရ အောင်လည်း လုပ်တတ်သေးတယ်။ ဒါက နောက်ပိုင်းမှ စုံစမ်းဖော်ထုတ်မှုအရသိရတာ။ နောက်ပြီး သူ့ရည်းစားနဲ့ဖြစ်တဲ့ပြဿနာအချို့ကလည်း တခါတလေရီစရာကောင်းတယ်။ လိင်ဆက်ဆံနေရင်းကနေ သူ့ဘက်ကနေရုတ်တရက်ကြီး ရပ်တန့်ပစ်လိုက်တာမျိုး၊ နင်ဟာငါ့ကိုမုဒိန်းကျင့်သလိုဆက်ဆံနေတာပဲလို့ စွပ်စွဲပြောဆိုတာမျိုး၊ တကယ်ကိုယ်ဝန်မရှိဘဲနဲ့ ကိုယ်ဝန်ရှိနေပါတယ်လို့ မကြာခဏပြောဆိုတာမျိုးတွေပေါ့။ ကြာတော့ သူ့ရည်းစားလည်းသည်းမခံနိုင်တော့ဘဲ သူ့ကို ထားသွားခဲ့တယ်။ လူတွေရဲ့ ဂရုစိုက်မှုအရေးပေးမှုကို ခံလိုပေမဲ့ တကယ့်လက်တွေ့မှာ ထင်သလိုဖြစ်မလာတဲ့အခါမှာ သူ့ရဲ့ စိတ်ဒဏ်ရာက ပိုမိုနက်ရှိုင်းလာခဲ့တယ်။

သူ့အတွက်ကံကောင်းတယ်လို့ဆိုရမလား ကံဆိုးတယ်လို့ဆိုရမလား။ ဒါမှမဟုတ် ဒီရာဇဝတ်မှုတွေကျူးလွန်မှုတွေရဲ့မြစ်ဖျားခံရာဒေသလို့ ဆိုရမလား။ သူဟာ သူနာပြုသင်တန်းကို မကြာခဏပျက်ကွက်ခဲ့ပေမဲ့ သူနာပြုစာမေးပွဲကိုတော့အောင်မြင်ခဲ့တယ်။ သူစာမေးပွဲဖြေချိန်မှာ လာရောက်ဖြေဆိုသူနည်းပါးတာကလည်း သူ့အတွက် သူနာပြုအလုပ်ကိုရရှိဖို့အကြောင်းဖန်လာခဲ့တယ်ဆိုရမယ်။ သူနာပြုစာမေးပွဲအောင်မြင်သွားပြီးနောက်မှာ ကတ်တ်အဲဗင်း ဆေးရုံမှာ ယာယီခြောက်လစာချုပ်ချုပ်ခဲ့တယ်။ စာချုပ်ပါသက်တမ်းအတွင်း သူ့ရဲ့အဓိက တာဝန်ကတော့ လူနာတွေကိုပြုစုဖို့ရယ်၊ လိုအပ်ရင် အိမ်ထိပါ လိုက်ပြုစုဖို့ရယ်ဆိုပြီး ပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ခုနှစ်မှာတော့ … ဝမ်းနည်းစရာအဖြစ်အပျက်တွေက စတင်ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီနေ့ ဆောင်းရာသီရဲ့ နေ့ရက်တစ်ရက်ဖြစ်တာကြောင့် ရာသီဥတုက အေးစိမ့်နေတယ်။ ဒါပေမဲ့ ရင်ထဲမှာပူလောင်မှုတွေနဲ့ပြည့်နှက်နေတဲ့ လင်မယားနှစ်ယောက်ကတော့ သူတို့ရဲ့ ၇ပတ်အရွယ် ကလေးလေးကို ပွေ့ပြီး ဆေးရုံကို အပြေးရောက်လာခဲ့ကြတယ်။ ကလေးလေးက အသက်ရှုလမ်းကြောင်းနဲ့ အဆုတ်ပိုင်းဆိုင်ရာရောဂါကြောင့် အသက်ရှုရတာ အဆင်မပြေဘူး။ ကလေးဟာ ဆေးရုံရောက်ပြီးနောက် ဆရာဝန်တွေရဲ့ ကုသမှုကြောင့် အနည်းငယ်သက်သာရာရခဲ့တယ်။ ဆေးရုံမှာ ဒီကလေးကို ပြုစုဖို့အတွက် တာဝန်အပေးခံရတဲ့သူက ဘီဘလေအဲလစ်။

ဘီဘလေအဲလစ်က အချိုသာဆုံးပြုံးလိုက်ပြီး ကလေးရဲ့ အဖေနဲ့အမေကို ဒီည အိမ်မှာအေးဆေးပြန်နားလိုက်ပါ။ စိတ်ချလက်ချသာပြန်နားလိုက်ပါ။ သူကြည့်ရှုစောင့်ရှောက်ပေးမယ်ဆိုတဲ့အကြောင်း ပြောဆိုလိုက်တယ်။ ကလေးရဲ့ အဖေနဲ့အမေလည်း လက်ရှိမှာ ကလေးကသက်သာသွားတာကတကြောင်း၊ သူတို့လည်းအရမ်းပင်ပန်းနေတာက တကြောင်းကြောင့်အဲလစ်ရဲ့ ပြောစကားကို သဘောတူလိုက်တယ်။ ကလေးလေးရဲ့ မိဘတွေ ပြန်သွားချိန်မှာ အဲလစ်နဲ့ ကလေးလေးနဲ့ နှစ်ယောက်တည်းအခန်းထဲမှာ ကျန်ရစ်ခဲ့တယ်။ ကလေးလေးကတော့ ငြိမ်သက်စွာ အိပ်မောကျလို့ပေါ့။ နောက်တော့ ညဦးပိုင်းလောက်မှာ ကလေးလေးနိုးလာခဲ့တယ်။ အဲဒီအချိန်မှာ အဲလစ် က ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို တိုက်ပြီးတော့ ချော့မြှူလိုက်သေးတယ်။ နောက်ခဏကြာတော့ ကလေးလေးက စူးစူးဝါးဝါးထငိုတယ်။ အသက်ရှုသံတွေပြင်းလာတယ်။ အဲဒီအချိန်မှာ အဲလစ်လည်း ဆရာဝန်ကိုပြေးခေါ်တာပေါ့။ ဆရာဝန်က သူ့အဖေနဲ့အမေကိုပါ ဖုန်းလှမ်းဆက်ပြီးခေါ်ဖို့ပြောတော့ အဲလစ်က မကြည်ဖြူဘူး။ ဒါပေမဲ့ ဆရာဝန်ညွှန်ကြားတာဖြစ်တာကြောင့် ငြင်းပယ်လို့မရခဲ့ဘူး။ ကလေးလေးရဲ့ အဖေနဲ့အမေဟာလည်း အမောတကောပြန်ရောက်လာခဲ့တယ်။ ကလေးလေး က ဆရာဝန်ရဲ့ ကျွမ်းကျင်တဲ့ကုသမှုကြောင့် ပြန်သက်သာသွားခဲ့တယ်။ ကလေးလေးရဲ့ အဖေနဲ့အမေကလည်း အိမ်မပြန်တော့ဘဲ ဆေးရုံမှာပဲ ညအိပ်ဖို့ဆုံးဖြတ်လိုက်တယ်။

အဲလစ်ကတော့ ကလေးလေး အဖေနဲ့အမေကို ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်း၊ အခုစိတ်ပူစရာမလိုတော့ကြောင်း၊ မနက်ကျရင်ပြန်ကောင်းသွားမှာဆိုပြီး အားပေးစကားတွေ ရွှန်းရွှန်းဝေအောင်ပြောပေးနေတယ်။ ကလေးလေးရဲ့ အခန်းက ကျဉ်းတာကြောင့် သူ့အဖေနဲ့အမေဟာ အခန်းပြင်က ခုံတန်းပေါ်မှာပဲ အိပ်စက်ခဲ့ပြီး အဲလစ်ကတော့ အခန်းထဲမှာ ကလေးလေးနဲ့အတူတူ အိပ်စက်ခဲ့တယ်။ ညသန်းခေါင်ကျော်အချိန်မှာ ကလေးလေးဆီက ငိုသံသဲ့သဲ့ကြားရပေမဲ့ ခဏလေးဖြစ်တာကြောင့် ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ မနက် ၄ နာရီလောက်မှာတော့ တာဝန်ကျဆရာဝန်ရောက်လာပြီး ကလေးလေးကို ဝင်ကြည့်တယ်။ အဲဒီအချိန်မှာ အဲလစ်က ကလေးလေးရဲ့ နဖူးလေးကို လက်ဝါးလေးနဲ့အုပ်ပြီးအိပ်ပျော်နေတယ်။ ဆရာဝန်ဝင်လာတော့ အဲလစ်က ကပျာကယာထပြီး.. ဖယ်ပေးလိုက်တယ်။ ဆရာဝန်က ကလေးလေးကို စမ်းသပ်ပြီး အလွန်အမင်းစိုးရိမ်သွားတဲ့လေသံနဲ့ ဆေးရုံဝန်ထမ်းတွေကို အရေးပေါ်ဌာနကို ချက်ချင်းခေါ်သွားဖို့ ညွှန်ကြားလိုက်တယ်။ ဆရာဝန်က အဲလစ်ကို မေးတယ်။ ဘာဖြစ်လို့ ကလေးရဲ့ ပြောင်းလဲတဲ့ လက္ခဏာကို မသိရတာလဲဘာညာဆိုပြီး ပြောရော။ အဲလစ်ကလည်း ညသန်းခေါင်အချိန်ကြီးဖြစ်နေတာရယ်၊ ဒီအခန်းထဲမှာ ဆရာဝန်ကိုအလွယ်တကူခေါ်လို့ရမယ့် ဆက်သွယ်မှုမရှိတာရယ်ကြောင့် ဆေးတိုက်ပြီးတော့ပဲ ပြန်သိပ်ထားလိုက်တာပါဆိုပြီး ပြန်ဖြေရှင်းတာပေါ့။

စိတ်မကောင်းစရာကတော့ ကလေးလေးဟာ ဦးနှောက်တွေ ပျက်စီးသွားခဲ့သလို အဆုတ်ကလည်းမကောင်းတော့ပါဘူး။ထောက်ကူပစ္စည်းတွေကြောင့်သာ အသက်ရှုနေတာဖြစ်ပြီး အသက်ရှင်ဖို့လမ်းစက ပျောက်ဆုံးသွားခဲ့တယ်။ ကလေးလေးရဲ့ အဖေနဲ့အမေလည်း မကြည့်ရက်တော့တာကြောင့် ထောက်ကူပစ္စည်းတွေကို ဖြုတ်ဖို့သဘောတူလိုက်ချိန်မှာတော့ကလေးလေးဟာ သေဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်မှာတော့ ဘီဘလေအဲလစ်ကို ဘယ်သူမှ သံသယမဝင်ခဲ့ကြပါဘူး။အဆိုပါ ကလေးလေးနာမည်က တေလာ ဖြစ်ပြီး သူဟာ လူ့လောကထဲမှ ခြေတောင်ချခွင့်မရလိုက်ဘဲ ပြန်လည်ထွက်ခွါသွားခဲ့ရတာပါ။ တေလာ ရဲ့ သေဆုံးခြင်းမှတ်တမ်းမှာတော့ နှလုံးရောဂါဖြင့် သေဆုံးသွားတယ်လို့သာ ဖြည့်သွင်းထားလိုက်တယ်။

တေလာ ဆုံးပြီး နောက်နှစ်ပတ်အကြာမှာတော့ ဝက်ရူးပြန်ရောဂါဝေဒနာနဲ့အတူ ဦးနှောက်သွပ်ချာပါဒဖြစ်နေတဲ့ ကလေးတစ်ယောက်ကို နှစ်ယောက်တည်းကြည့်ရှုခွင့်ပြန်တယ်။ ဒီတစ်ခါမှာလည်း တေလာတုန်းကအတိုင်းပဲ ကလေးလေးဟာအရေးပေါ်အခြေအနေဖြစ်သွားခဲ့ပြီး ကလေးအထူးကုဆရာဝန်ကြီးတွေ ကြိုးစားပမ်းစား ကုသခဲ့ပေမဲ့လည်း အသက်ကိုကယ်တင်နိုင်ခဲ့ခြင်းမရှိခဲ့ဘူး။

တတိယမြောက်ကလေးကတော့ ၁နှစ်သားလေး ကေလေဒတ်စ်မွန် ဆိုတဲ့ ကလေးလေး။ သူက အဆုတ်ပိုင်းဆိုင်ရာရောဂါနဲ့ပဲ ဆေးရုံကိုရောက်ရှိလာခဲ့တာ။ ဒီကလေးလေးက တိုက်ဆိုင်ပဲလားတော့မသိဘူး။ သူကုသရတဲ့ ကုတင်က တေလာလေး ဆုံးသွားတဲ့ ကုတင်မှာပါ။ ဒီတစ်ကြိမ်မှာတော့ ကလေးလေး ကေလေဒတ်စ်မွန် ကံကောင်းခဲ့ပါတယ်။ ဆရာဝန်တွေအချိန်မီ သိရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တာကြောင့် ကလေးလေးဟာ အသက်ဘေးက လွတ်မြောက်ခဲ့တယ်။

အထက်ပါ ဖြစ်ရပ် သုံးခုအပြီးမှာ ဘီဘလေအဲလစ် ကို ဆေးရုံပြောင်းရွှေ့လိုက်တယ်။ ဘာဖြစ်လို့ ပြောင်းရွှေ့လိုက်တာလည်းဆိုတော့ ကေလေဒတ်စ်မွန် ကို ဆေးထိုးထားတဲ့နေရာမှာ သံသယဖြစ်ဖွယ်ရာဒဏ်ရာအချို့ကို တွေ့မြင်ခဲ့တာကြောင့်ပါပဲ။ ဒါပေမဲ့ ဆေးရုံကတော့ ဒါဟာ ဘီဘလေအဲလစ်အနေနဲ့ အလုပ်ပေါ်အာရုံစူးစိုက်မှုမရှိလို့ဆိုတဲ့ ကောက်ချက်ကိုသာချခဲ့ပြီး ထပ်မံစုံစမ်းစစ်ဆေးတာမျိုးတွေ ပြုလုပ်ခြင်းမရှိခဲ့ဘူး။ ဒါကပဲ ဘီဘလေအဲလစ်အတွက် နောက်ထပ်ပြစ်မှုတွေကိုကျူးလွန်ဖို့အခွင့်ပေးလိုက်သလိုပါပဲ။

အဲလစ်ရဲ့ နောက်ထပ်သားကောင်ဖြစ်လာတဲ့ ကလေးလေးကတော့ ငါးလသားအရွယ် ပေါလ်ခရက်တန်ပါ။ တာဝန်ကျဆရာဝန်ဟာ ပေါလ်ခရက်တန် ကို စမ်းသပ်ပြီးနောက် အလွန်အမင်းထိတ်လန့်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ကလေးရဲ့ သွေးတွင်းမှာ အင်ဆူလင်ဓာတ်တွေ များပြားနေတာကြောင့်ပါပဲ။ အဲဒါနဲ့ ဆရာဝန်တွေအနေနဲ့ ကလေး ကိုအရေးပေါ်ကာကွယ်ဆေးတွေ ထိုးပေးပြီး သူတို့ဆေးရုံထက် ပိုမိုပြည့်စုံတဲ့ဆေးရုံကို လွှဲပေးလိုက်တယ်။ အဲဒီဆေးရုံကိုလွှဲပေးလိုက်ချိန်မှာလည်း အဲလစ် ဟာ လိုက်ပါသွားခဲ့ပြီး အတူရှိနေခဲ့ပြန်တယ်။ ထိုဆေးရုံမှာလည်း ကလေးလေးရဲ့ အင်ဆူလင်များပြားနေမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ ဒါပေမဲ့ ဆရာဝန်တွေရဲ့ အနီးကပ်ဂရုတစိုက်စောင့်ရှောက်မှုကြောင့်သာ ကလေးလေးဟာ အသက်ဘေးကသီသီလေး လွတ်မြောက်ခဲ့တာပါ။

နောက်ထပ်တယောက်က ငါးနှစ်အရွယ် ဘရက်ဒ်လေဂစ်ဆင် ဆိုတဲ့ ကလေးလေး။ သူကလည်း အဆုတ်ရောင်ရောဂါခံစားနေတဲ့ ကလေးလေးဖြစ်ပြီး အဲလစ်ရဲ့ သားကောင်ပါပဲ။ ဆရာဝန်တွေအနေနဲ့ ကြိုးစားပမ်းစားအသက်ကယ်ခဲ့ရပြီး ဆေးစစ်ချက်အရ သူလည်း အင်ဆူလင် များပြားတဲ့ ရောဂါခံစားခဲ့ရတာပါ။ ဆိုရရင် ပုံစံတူထိတ်လန့်စရာအဖြစ်အပျက်တွေခပ်စိတ်စိတ်ဖြစ်နေပေမဲ့ ဘယ်သူကမှ အဲလစ် ကို သံသယမဝင်ခဲ့ကြဘူး။ အဲလစ်ကလည်း နောက်ထပ်ရာဇဝတ်မှုတွေကျူးလွန်ဖို့ အခြေအနေကောင်းနေဆဲပါပဲ။

ဒီတခါမှာလည်း အလားတူဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြန်ပြီး ဒီတစ်ခါ အဲလစ်ရဲ့ သားကောင်ကတော့ ၂နှစ်အရွယ် ယိဟောင်ချမ်းပါ။ သူကတော့ အဆုတ်ကောင်းမွန်တဲ့အတွက်ကြောင့် အသက်ရှုရတာအဆင်ပြေပေမဲ့ အင်ဆူလင်များပြားသွားခဲ့မှုကြောင့် ဦးနှောက်အစိတ်အပိုင်းတွေ ထိခိုက်သွားခဲ့ကာ ကိုမာဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲလစ်ရဲ့ နောက်ထပ်သားကောင်ကတော့ ဒီတစ်ခါ အမွှာပူးပါ။ အမွှာထဲက အငယ်လေး ဖိလစ်ဟာ အစာအိမ်ရောင်ရမ်းမှုနဲ့အူလမ်းကြောင်းပြဿနာကြောင့် ဆေးရုံလာတက်တာဖြစ်တယ်။ နှစ်ရက်လောက်အကြာမှာတော့ အဲလစ်က သက်သာသွားပြီဆိုပြီး ဖိလစ်လေးကို အိမ်ပြန်လွှတ်လိုက်တယ်။ အဲဒီညမှာပဲ ဖိလစ်လေးဟာ မခံမရပ်နိုင်အောင်ဗိုက်တွေအောင့်ပြီးသေဆုံးသွားခဲ့တယ်။ ဖိလစ်လေးရဲ့အမေဟာ ရူးမတတ်ဖြစ်ခဲ့ရတယ်။ ဆရာဝန်တွေအနေနဲ့လည်း ဘာကြောင့်လည်းဆိုတဲ့အဖြေကို ရှာမရခဲ့ဘူး။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို နောက်ရက်အနည်းငယ်အကြာမှာ အကြီးလေး ကစ်တီ က နေမကောင်းဖြစ်တယ်။ သူ့အမေကတော့ အဲလစ်ရှိတဲ့ ဆေးရုံကိုပဲ ထပ်လာပြတယ်။ အဲလစ်နဲ့ အမွှာလေးရဲ့အမေကလည်းအတန်ငယ်ရင်းနှီးသွားတာကြောင့် အငယ်လေးကိုလည်း အဲလစ်ရဲ့ လက်ထဲပဲ အပ်လိုက်တယ်။ အရူးထနေတဲ့ အဲလစ်ကကစ်တီ လေးကိုလည်း အလွတ်မပေးခဲ့ပါဘူး။ သူဟာ ကစ်တီလေးကို နှစ်ယောက်တည်းရှိချိန်မှာ ဆေးတွေအလွန်အကျွံထိုးပြီး ဆရာဝန်ခေါ်တဲ့ အရေးပေါ်ခလုတ်ကို နှိပ်လိုက်တယ်။ ဒီတစ်ခါမှာတော့ ဆေးရုံတစ်ခုလုံးက ဆရာဝန်တွေအားလုံးပြာယာခတ်သွားတယ်။ လွန်ခဲ့တဲ့ရကိအနည်းငယ်ကမှ အမွှာထဲက အငယ်လေးကိုဆုံးရှုံးထားတဲ့ မိခင်တယောက်အတွက်အခုတခါ အကြီးကိုပါ ထပ်ဆုံးရှုံးရမယ်ဆိုရင် ဆေးရုံအနေနဲ့ ကလေးနှစ်ယောက်ရဲ့မိခင်အပေါ် အရမ်းကို မျက်နှာပူစရာကောင်းနေပြီ။ ဆရာဝန်တွေဟာ ကြိုးစားပမ်းစားကယ်ဆယ်ကုသပြီးပိုကောင်းတဲ့ဆေးရုံကို လွှဲပေးလိုက်တယ်။ ကလေးဟာ အသက်ရှင်ခဲ့တယ်။ ဒါပေမဲ့ မျက်လုံးနှစ်လုံးစလုံးကွယ်သွားခဲ့ပြီး ကိုယ်တွင်းကလီစာတွေလည်း ချို့ယွင်းသွားခဲ့တယ်။ ဒါတွေဟာ အဲလစ်ရဲ့ လက်ချက်ဆိုပေမဲ့ ကလေးရဲ့အမေကတော့ အဲလစ်ကိုတောင် ကျေးဇူးတင်နေသေးတယ်။ သူအချိန်မီ ဆရာဝန်တွေကို ခေါ်ခဲ့တာကြောင့် ကလေးအသက်ရှင်တာလို့ ယုံကြည်ခဲ့တာကြောင့်ကိုး။

နောက်ကြားထဲမှာ ကလေးလေးယောက်လောက်ဟာ အဲလစ်ရဲ့ ဒုက္ခပေးမှုတွေကိုခံခဲ့ရပေမဲ့ သူတို့ကတော့ အသက်ဘေးကလွတ်မြောက်ခဲ့တယ်။ ဝမ်းနည်းစရာကောင်းတဲ့ ကလေးလေးကတော့ ၁၅လသာရှိသေးတဲ့ ကလေရီပိခ် ဆိုတဲ့ ကလေးလေးပါပဲ။ အဲဒီကလေးလေးဟာ အဲလစ်ရဲ့ လက်ထဲမှာ ပထမတကြိမ်သေလုမျောပါးဖြစ်ခဲ့ပြီး ဆရာဝန်တွေရောက်လာကာအရေးပေါ်ကယ်ဆယ်လိုက်တာကြောင့် အသက်ရှင်ခဲ့ပေမဲ့ အဲလစ်ရဲ့ နောက်တကြိမ်ဒုက္ခပေးမှုမှာတော့ ကလေးလေးဟာအသက်ပေးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကလေးလေးကြောင့်ပဲ အဲလစ် ရဲ့ လူမဆန်မှုတွေ ပေါ်လာခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။

ကလေရီပိခ် ဆိုတဲ့ ကလေးလေး သေဆုံးသွားချိန်မှာ ဒေါက်တာနယ်ဆင်ပေါ်တာ က မသင်္ကာဖြစ်သွားမိတယ်။အကြောင်းရင်းကတော့ ဒီဆေးရုံမှာ သေဆုံးသွားတဲ့ကလေးတိုင်းဟာ တူညီတဲ့ ဝေဒနာတွေ ခံစားပြီး သေဆုံးသွားကြရတယ်။ အဲဒါနဲ့ပဲ ဒေါက်တာနယ်ဆင်ပေါ်တာဟာ ကလေရီပိခ်ရဲ့ ရုပ်အလောင်းကိုခွဲစိတ်ပြီး စစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ကလေးရဲ့ ကိုယ်တွင်းမှာ ပိုတက်ဆီယမ်ဓာတ်တွေ အလွန်အကျွံများပြားနေတာကို သွားတွေ့ရတယ်။ ဒါဟာ မသင်္ကာစရာအစလေးတစ်ခုဖြစ်ပြီး ထပ်မံစစ်ဆေးကြည့်လိုက်တဲ့အခါမှာ အဲလစ်ရဲ့ အနီးအနားမှာ နှလုံးအရေးပေါ်နှိုးဆေးတွေ အမြဲတွေ့နေရတယ်။ ဒီဆေးဟာ ဆရာဝန်တွေအနေနဲ့ ကလေးသူငယ်တွေအတွက် အသုံးပြုတဲ့ဆေးမျိုးမဟုတ်ပါဘူး။ဒေါက်တာနယ်ဆင်ပေါ်တာအနေနဲ့ အဲလစ်အပေါ် သံသယဝင်သွားခဲ့တာကြောင့် ရဲစခန်းကို ဖုန်းဆက်ပြီးတိုင်ကြားလိုက်တယ်။

ရဲမှူးဟာ အဖြစ်အပျက်တွေကို သေချာနားထောင်ပြီးနောက် တိတ်တဆိတ်စုံစမ်းစစ်ဆေးရာမှာ သံသယဖြစ်ဖွယ်ရာအချက် ၂၅ ချက်အထိ သွားတွေ့တယ်။ အင်ဆူလင်ထည့်တဲ့ရေခဲသေတ္တာသော့ပျောက်နေတာ၊ အဲလစ်ရဲ့ နေ့စဉ်ဆောင်ရွက်မှုမှတ်တမ်းပျောက်နေတာတွေက အဲလစ်အပေါ် သံသယတွေ ပိုမိုကြီးထွားလာစေတယ်။ ရဲမှူးက သေသွားပြီးတဲ့ ကလေးတွေရဲ့မိခင်တွေနဲ့ လက်ရှိကုသနေတဲ့ကလေးတွေရဲ့ မိခင်တွေနဲ့ တွေ့ဆုံပြီး အခန်းတိုင်းမှာ လျှို့ဝှက်ကင်မရာတွေတပ်ဆင်ခဲ့တယ်။

နောက်နှစ်လအကြာအထိ အဲလစ်ကို လူသတ်မှုနဲ့စွဲချက်တင်နိုင်မယ့်အထောက်အထားတွေ ပြည့်စုံခဲ့ပေမဲ့ ဒါပေမဲ့တရားဝင်တရားစွဲဆိုနိုင်ခဲ့တာက နောက်သုံးလအကြာ နိုဝင်ဘာကျမှသာ တရားစွဲဆိုနိုင်ခဲ့တယ်။ သူ့ကို ရုံးတင်စစ်ဆေးတဲ့အခါမှာ အဲလစ် ဟာ အေးဆေးတည်ငြိမ်မှုအပြည့်နဲ့ ဒါတွေကိုသူမကျူးလွန်ခဲ့ကြောင်း၊ ကလေးတွေကို ပြုစုစောင့်ရှောက်ခဲ့တာသာဖြစ်ကြောင်းတုန့်ပြန်ခဲ့တယ်။ ဒါပေမဲ့ ဆက်လက်စုံစမ်းမှုတွေအရ အဲလစ်ဟာ ပြစ်မှုကိုကျူးလွန်ခဲ့ကြောင်းထင်ရှားခဲ့တယ်။ စုံစမ်းသူတွေဟာ အဲလစ်ရဲ့အိမ်ကို မွှေနှောက်ရှာဖွေခဲ့ကြသလို အဲလစ်ကိုလည်း အမျိုးမျိုးစမ်းသပ်ခဲ့ကြတယ်။ ပြီးနောက်မှာတော့ စုံစမ်းစစ်ဆေးသူတွေရဲ့ အစီရင်ခံစာမှာ အဲလစ်ဟာ စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေရှိတယ်လို့ ဆိုလာခဲ့တယ်။

ရုပ်ပိုင်းဆိုင်ရာကတော့ သူဟာ ဝိတ်တဖြည်းဖြည်းတက်လာခဲ့ပြီး အဝလွန်ရောဂါပဲဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာကတော့ရုပ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့သဘောပါပဲ။ အဝလွန်တော့ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်လာသလို လူတွေရဲ့ဂရုစိုက်မှုတွေ၊ အရေးစိုက်မှုကိုတွေကို မရရှိမှာ ကြောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အရေးပါသူတစ်ယောက်လည်း ဖြစ်ချင်ခဲ့တယ်။ ဒီနေရာမှာ မေးစရာရှိတာက သူ့စိတ်ရောဂါနဲ့ ကလေးတွေကို သတ်တာနဲ့ ဘာဆိုင်လို့လဲပေါ့။

သူ့ရဲ့ စိတ်ရောဂါအရ သူဟာ ကလေးတွေကို ရောဂါဆိုးအောင်သူကိုယ်တိုင်ပဲ ဖန်တီးလိုက်တယ်။ ပြီးရင်သူကိုယ်တိုင်ပဲဖြေဆေးတွေ ထိုးပေးမယ်။ ဆိုရရင် ကလေးတွေဟာ သူ့ကြောင့်သက်သာသွားတယ်ဆိုတဲ့ စိတ်ခံစားမှုကို လိုချင်တာပေါ့။နောက်ပြီးတော့ သူမနိုင်တော့တဲ့အခါ အရေးပေါ်ခလုတ်ကို နှိပ်လိုက်ပြီး ဆရာဝန်တွေအသည်းအသန် သူ့အခန်းဆီပြေးလာတာကိုလည်း သူက သဘောကျတယ်။ အဲဒါကြောင့်ပဲ သူဟာ ဒီအမှုတွေကို ကျူးလွန်တဲ့သဘောမျိုးဖြစ်သွားတယ်။

နောက်ဆုံးမှာ အဲလစ်ကို လူသတ်မှုလေးခုနဲ့ လူ့ခန္ဓာကိုယ်ထိခိုက်နာကျင်စေမှု ၁၁ခု တို့နဲ့ စွဲချက်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲလစ်ကတော့ အထက်မှာဆိုခဲ့သလိုပဲဒါတွေကိုသူကျူးလွန်ပါတယ်လို့ ဝန်မခံခဲ့ဘူး။ ဒါပေမဲ့ အဲလစ် ကို ငယ်ငယ်တုန်းကတည်းက ဆေးကုပေးတဲ့ ဆရာဝန်ကတော့ အဲလစ်မှာ ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်ဆိုတာ ထွက်ဆိုပေးခဲ့တယ်။

အဲလစ်ဟာ ကျန်းမာရေးအကြောင်းပြပြီး ရုံးချိန်းတွေ ခဏခဏပျက်ကွက်ခဲ့တာကြောင့် အမှုဟာ တော်တော်လေးကြန့်ကြာသွားခဲ့ပြီး ၁၉၉၃ ခုနှစ်ကျမှ အမိန့်ချမှတ်နိုင်ခဲ့တယ်။ အမိန့်ချချိန်မှာ အဲလစ်ဟာ ထောင်ဒဏ် ၁၃ နှစ်ကျခံခဲ့ရတယ်။ဒါပေမဲ့ သူ့ရဲ့ စိတ်ရောဂါအခြေအနေကြောင့် စိတ်ကျန်းမာရေးဆေးရုံမှာ အကျဉ်းသားအဖြစ်ကျခံခဲ့ရတာပဲ ဖြစ်တယ်။

သူဟာ အမိန့်ချခံခဲ့ရချိန်ထိ ဒီအမှုတွေကို သူကျူးလွန်ခဲ့ပါတယ်လို့ ဝန်မခံခဲ့ဘူး။ ဒါပေမဲ့ စိတ္တဇဆေးရုံထဲ ရောက်သွားချိန်မှာတော့ သူ့ကို အမျိုးမျိုးပြစ်ဒဏ်တွေပေးပြီး မေးမြန်းခဲ့တာကြောင့် နောက်ဆုံးမှာတော့ သူဟာ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်။

အဲဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲတွေအနေနဲ့ သူနဲ့စာချုပ်ချုပ်ခဲ့တဲ့ ကတ်အဲဗင်းဆေးရုံ ပိတ်သိမ်းလိုက်ရတယ်။

ပြီးတော့ သူပထမဆုံးကျူးလွန်ခဲ့တဲ့ တေလာ လေးရဲ့ အဖေကတော့ လူသိရှင်ကြားဝေဖန်ခဲ့တယ်။ အဲလစ်ဟာ ထောင်ကျနေတယ်ဆိုပေမဲ့ အပန်းဖြေစခန်းရောက်နေသလိုပဲတဲ့။ ၂၀၀၁ခုနှစ်မှာ အဲလစ်ဟာ စိတ္တဇဆေးရုံက အကျဉ်းသားတဦးနဲ့လက်ထပ်မယ်ဆိုပြီး သတင်းတွေထွက်ခဲ့တယ်။ အဲဒါကိုလည်း တေလာလေးအဖေက မကျေနပ်ခဲ့ဘူး။

၂၀၀၆ ခုနှစ် ဩဂုတ်မှာတော့ အဲလစ်ဟာ ထောင်က ပြန်လည်လွတ်မြောက်လာခဲ့တယ်။ အဲလစ်ဟာ သူဟာပြန်လည်လွတ်မြောက်လာပြီးနောက် သူကျူးလွန်ခဲ့တဲ့ ကလေးတွေရဲ့ မိဘတွေကို ဆက်သွယ်ပြီး သူဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့အမှားတွေကို နားလည်ပေးဖို့ပဲ သူ့ရဲ့အမည်းစက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်။ (ကလေးတွေရဲ့ မိဘတွေဘက်ကတော့ ဘယ်လိုပြန်တုန့်ပြန်လည်းဆိုတာ ဖော်ပြထားခြင်းမရှိပါ)

လက်ရှိမှာသူဟာ သူ့မွေးရပ်မြို့ဖြစ်တဲ့ Grantham မြို့အနီးမှာပဲ နေထိုင်လျက်ရှိပါတယ်။

သူရဲ့ အမှုဟာ အင်္ဂလန်နိုင်ငံမှာ လူစိတ်ဝင်စားမှုတော်တော်လေးမြင့်တက်ခဲ့ပြီး ဝေဖန်မှုတွေလည်းဘတော်တော်လေးများပြားခဲ့ပါတယ်။ အထူးသဖြင့် လူမမယ်ကလေး လေးယောက်ကိုသတ်ပြီး အခြားကလေး ၁၁ယောက်ကို ဒုက္ခရောက်အောင်လုပ်ခဲ့တာတောင် ထောင်ဒဏ် ၁၃ နှစ်ပဲ ကျခံခဲ့ရသလို စိတ်ကျန်းမာရေးဆေးရုံမှာ သက်သောင့်သက်သာနေခွင့်ရခဲ့တာကြောင့်ပါပဲ။ အင်္ဂလန်မီဒီယာတွေရဲ့ ထုံးစံအတိုင်း တခုခုဆို ပုံကြီးချဲ့ရေးသားတတ်တာကြောင့် အဲလစ် ဟာ “မရဏနတ်သမီး” ဆိုတဲ့ နာမည်နဲ့ ကျော်ကြားသွားခဲ့တာတော့ အမှန်ပါပဲ။

အခုဆို အသက် ၅၃ နှစ်အရွယ် အဲလစ် တယောက် နောင်တတွေနဲ့ နေထိုင်နေပြီလို့ပဲ လူအများစုက ယုံကြည်နေခဲ့ကြပါပြီ။တကယ်နောင်တတွေနဲ့ နေထိုင်နေသလားဆိုတာတော့ အဲလစ် က လွဲပြီး ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ ။

ခြူသစ်မောင်

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..