သွေးနှောချစ်သူ (၃)
lotaya.mpt.com.mm
|
2021-08-05

နွေဦးနှင့် ရဲရင့်တို့ စီးနင်းလိုက်ပါလာသော လေယာဉ်ကြီးသည် မဲဆောက်မြို့လေဆိပ်တွင် ချောမောစွာ ဆိုက်ရောက်သွားသည်။ သူတို့နှစ်ဦးသည် တစ်နေရာမှ တစ်နေရာသို့ ပုံမှန်ရွှေ့ပြောင်းနေရမည့် ခရီးဖြစ်၍ ခရီးဆောင်အိတ်ကြီးများကို သယ်မလာဘဲ တစ်ယောက်ကို ကျောပိုးအိတ်ငယ်တစ်လုံးစီသာ ပါခဲ့လေသည်။ နွေဦးသည် နှနယ်ချောမောသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း အရေးကြုံလျှင် အကြမ်းပတန်းခံနိုင်ရမည်ကို နားလည်ထားခဲ့သည်။ ထို့ကြောင့်လည်း အရေးပေါ်လိုအပ်သော ပစ္စည်းများကိုသာလျှင် ထုပ်ပိုးလာခဲ့သည်။

‘ရဲရင့် ငါတို့ သွားမဲ့ ခရီးကို အရင်တိုင်ပင်ရအောင်’

ထက်မြက်သော မိန်းကလေးပီပီ နွေဦးသည် သူတို့သွားရမည့် ခရီးစဉ်ကို ကြိုတင်ရေးဆွဲခဲ့ပြီးဖြစ်သည်။ သူမသည် လက်ကိုင်အိတ်ထဲမှ နောက်ဆုံးပေါ်အိုင်ဖုန်းကို ထုတ်ပြီး ဂူးဂဲလ်မြေပုံကို ဖွင့်လိုက်သည်။

‘နင်ပြောတဲ့အတိုင်းဆို ငါတို့ အရင်ဆုံးသွားရမှာက မြန်မာပြည် မြဝတီနဲ့ အနီးစပ်ဆုံး ရွာလေးတွေဆီ သွားရမယ်။ မြန်မာပြည် ကရင်ဘက်နဲ့ ဒီဘက် မဲဆောက် ကြားထဲက နယ်စပ်မှာ မြူဆာ လို့ခေါ်တဲ့ လူမျိုးစုတွေနေတဲ့ ရွာလေးတစ်ရွာရှိတယ်။ အဲဒီ မြူဆာရွာလေးကို အရင်ဆုံးသွားရမှာ’

‘ဒါဆို ငါတို့ ဆိုင်ကယ်လိုမယ်နော်။ လေဆိပ်မှာ ငှားလို့ရမလားမသိဘူး’

သူတို့နှစ်ဦးသည် မေးမြန်းစုံစမ်းရင်း လေဆိပ်အနီးရှိ ဆိုင်ကယ်အငှားဌာနတစ်ခုကို ရှာတွေ့သွားသည်။ အပေါစားတရုတ်ဆိုင်ကယ်တစ်စီးကို စရန်ငွေချေပေးရင်း ငှားယူလာခဲ့၏။ နွေဦးသည် ဂူဂဲလ်မြေပုံကို ကြည့်ရင်း ပြောလိုက်သည်။

‘ဒီရွာလေးက လေဆိပ်ကနေသွားရင် ဆယ့်ငါးမိုင်လောက်တော့ မောင်းရမယ်။ နင်ဖြစ်ရဲ့လား ရဲရင့်’

‘ရပါတယ်’

သူတို့နှစ်ဦးသည် ဆိုင်ကယ်ဦးထုပ်များကို ကိုယ်စီဆောင်းရင်း မြူဆာရွာကလေးဆီသို့ မောင်းထွက်လာခဲ့ကြသည်။ ရဲရင့်ရော နွေဦးပါ နှစ်ဦးစလုံး စိတ်များလှုပ်ရှားနေကြ၏။ နွေဦးသည် ရဲရင့်အတွက် စိတ်လှုပ်ရှားမိသလို မမြင်ရသော အန္တရာယ်များအတွက်လည်း စိတ်ပူမိလေသည်။ ဤနယ်စပ်နေရာများသည် မြို့ပြဒေသနှင့် အလှမ်းေဝးလှသည်။ အထူးသဖြင့် သူမတို့ သွားမည့် ရွာကလေးသည် တောချိုအုံကြား လူအရောက်အပေါက်နည်းလှသော နေရာဖြစ်လေသည်။ မြူဆာလူမျိုးများသည် ထိုင်းလည်းမဟုတ်၊ မြန်မာလည်းမဟုတ်၊ ကရင်လည်းမဟုတ်ကြ။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တရုတ်ပြည်မကြီးမှသော်လည်းကောင်း၊ မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်မှသော်လည်းကောင်း၊ ထိုင်းနိုင်ငံ တက်ခ် ဒေသကြီးမှသော်လည်းကောင်း အသီးသီး ပြောင်းရွှေ့လာခဲ့ကြသော လူမျိုးနှောတစ်စုပင် ဖြစ်ကြသည်။ ထိုလူမျိုးစုကို ထိုင်းအစိုးရက အသိအမှတ်ပြုခြင်းမရှိသေးဟုလည်း နွေဦး သတင်းတစ်ပုဒ်ထဲတွင် ဖတ်ခဲ့ရသည်။ သို့ဖြစ်၍ မြူဆာရွာကလေးသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြားရှိ အပယ်ခံရွာကလေးတစ်ရွာနှယ် ဖြစ်နေလေတော့သည်။

တစ်နာရီနီးပါးခန့် စမ်းတဝါးဝါး ဆိုင်ကယ်မောင်းသွားပြီးလျှင် လမ်းမကြီးဘေးတစ်နေရာ၌ ထိုင်းဘာသာနှင့် ရေးထားသော လမ်းညွှန်မှတ်တိုင်တစ်ခုကို တွေ့လိုက်ရသည်။

‘ရဲရင့် - ဒီနေရာထင်တယ်။ လမ်းကြားထဲချိုးဝင်ရမှာ’

နွေဦးက သူ့ဖုန်းကို ထုတ်ကြည့်ရင်း ပြောပြသည်။ ရဲရင့် လမ်းမကြီးမှ ဆင်းပြီး မညီညာသော မြေလမ်းတလျှောက် ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်း မောင်းသွားသည်။ ကြမ်းတမ်းသော မြေလမ်းအတိုင်း ဆယ့်ငါးမိနစ်လောက် ဆက်သွားလျှင် လမ်းသည် တဖြည်းဖြည်း ကျဉ်းသထက်ကျဉ်းလာ၏။ လမ်းဘေးတွင် အလေ့ကျပေါက်သော အပင်ငယ်များသည် တဖြည်းဖြည်း သိပ်သည်းလာပြီး တောရိုင်းပင်များ - ထိုမှ လွန်လျှင် သစ်ပင်ကြီးများဖြစ်လာကြသည်။

‘ဆက်သွားလို့မှ ရပါ့မလားမသိဘူး’

နွေဦးက စိတ်ပူစွာနှင့် ပြောလိုက်သည်။

‘လမ်းတော့ ရှိသေးတယ်။ ရသလောက်တော့ သွားကြည့်မယ်။ ငါ့ကို သေချာဖက်ထား’

ရဲရင့်သည် သတိကြီးစွာထားပြီး ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်း ဆက်မောင်းသည်။ တောက နက်သထက် နက်လာသည်။ ခဏနေလျှင် သူတို့၏ ဆိုင်ကယ်လမ်းသည် ရုတ်တရက် ကျယ်သွားပြီး မြေပြန့်တစ်နေရာသို့ ရောက်သွားသည်။ ရှေ့သို့မျှော်ကြည့်လိုက်လျှင် မြေပြန့်၏ အလွန်၌ နိမ့်ဆင်းသွားသော ချိုင့်ဝှမ်းသဖွယ် မြေနေရာများတွင် ဟိုတစ်စု ဒီတစ်စု တဲအိမ်လေးများကို တွေ့လိုက်ရလေသည်။ ရဲရင့်တို့၏ ဘယ်ညာ တစ်ဘက်စီတွင် တောအုပ်များကို မီးရှို့ပြီး စိုက်ခင်းအဖြစ်ပြောင်းထားသော လယ်မြေများကို တွေ့လိုက်ရသည်။ မြူဆာရွာကလေးသို့ ရောက်ရှိခဲ့လေပြီ။

‘ဝုတ် ဝုတ် ဝုတ် ဝုတ်’

ဘယ်က ထွက်လာမှန်းမသိသော ခွေးအုပ်လိုက်ကြီးသည် ရဲရင့်တို့ ဆိုင်ကယ်ရှိရာဆီသို့ ပြေးထွက်လာပြီး သူတို့နှစ်ဦးကို တဝုတ်ဝုတ်နှင့် ထိုးဟောင်ကြလေတော့သည်။ နွေဦးသည် ကြောက်သဖြင့် ရဲရင့်၏ ခါးကို ပိုပြီး တင်းတင်းဖက်ထားမိ၏။ မလှမ်းမကမ်းရှိ တဲအိမ်လေးတစ်လုံးဆီမှ အပေါ်ပိုင်းကိုယ်ဗလာနှင့် လူရွယ်တစ်ဦးထွက်လာသည်။ သူ့လက်ထဲတွင် တောင်ဝှေးတစ်ချောင်းကို ကိုင်ထား၏။ ထိုလူငယ်သည် လူအရောက်နည်းလှသော နေရာသို့ ရောက်လာကြသည့် ခရီးသည်နှစ်ဦးကို အထူးအဆန်းသဖွယ်ကြည့်နေသည်။

‘ဟေး ပိုင်း ဂလိုင်း ဂလိုင်း’

လူငယ်သည် ထိုင်းဘာသာနှင့် ခွေးအုပ်ကို မောင်းထုတ်သဖြင့် သူသည် ထိုင်းလူမျိုးဖြစ်မည်ဟု ရဲရင့် တွက်လိုက်သည်။ ရဲရင့်သည် ထိုင်းဘာသာကို ထမင်းစားရေသောက် နားလည်လေသည်။ သူကြိုးစားပြီး ထိုင်းလို ပြောလိုက်၏။

‘ကျွန်တော်တို့က ဧည့်သည်တွေပါ’

‘ဒီကို ဘာလာလုပျကွတာလဲ’

ဆိုင်ကယ်နားသို့ ချဉ်းကပ်လာရင်း ထိုင်းလူငယ်က မေးလိုက်၏။

‘ကိစ္စလေးတစ်ခုရှိလို့ပါ’

‘ခင်ဗျားတို့က မြန်မာလူမျိုးတွေလား’

အင်္ကျီဗလာနှင့်လူငယ်က ရဲရင့်တို့၏ အသံထွက် ပုံပန်းသွင်ပြင်ကို ကြည့်ရင်း မေးလိုက်သည်။ သူတို့နှစ်ဦးလုံး ခေါင်းညိတ်ပြကြ၏။

‘ဟောဟိုက ကျုပ်ရဲ့တဲပဲ။ ကျုပ်နာမည်က ဆွမ်ချိုင်း။ လာကြ လာကြ။ လက်ဖက်ရည်သောက်ရင်း စကားပြောကြတာပေါ့’

နွေဦး ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။ ရဲရင့်က ဆိုင်ကယ်ကို တွန်းပြီး လူငယ်နောက်မှ လိုက်သွား၏။ တဲအိမ်နှင့် ခပ်လှမ်းလှမ်းတွင် ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး ရပ်လိုက်သည်။ သူတို့ လူငယ်၏ တဲထဲရှိ ကွပ်ပျစ်ငယ်ပေါ်တွင် ဝင်ထိုင်ကြသည်။ တဲအိမ်မှာ သိပ်မကြီးလှ။ သို့သော် လူတစ်ကိုယ်နေဖို့တော့ လုံလောက်သည်။ လူငယ်က သူတို့ရှေ့တွင် ရေနွေးကြမ်းအိုး ချပေး၏။ သူတို့နှင့် မလှမ်းမကမ်း တဲအိမ် တစ်လုံးမှ အဘိုးအိုတစ်ဦး၊ ကလေးငယ်ချီထားသော အမျိုးသမီးတစ်ဦး ထွက်လာပြီး ရဲရင့်တို့ကို လာစူးစမ်းကြသည်။

‘ကျုပ်တို့ရွာကို လာလည်တဲ့ ဧည့်သည်တွေတဲ့။ ကျုပ်ဧည့်ခံလိုက်ဦးမယ်’

ဆွမ်ချိုင်းက စူးစမ်းလိုသော ရွာသားများကို လှမ်းအော်ပြောလိုက်သည်။ သူ့ကြည့်ရသည်မှာ ဤရွာလေးတွင် အရေးပါပုံရသည်။

ရဲရင့်နှင့် နွေဦးတို့ သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြသည်။ လာရင်းကိစ္စကိုမူ မပြောရသေး။ ဘယ်ကစ ပြောရမှန်းမသိဖြစ်နေသည်။ လိမ်လည်း မလိမ်ပြောချင်။ ဖြစ်နိုင်လျှင် အမှန်အတိုင်းသာ ပြောလိုသည်။ သို့မှလည်း သူတို့ သိချင်သည်များကို သိရပေလိမ့်မည်။ သို့သော် ချက်ချင်းကြီး မပြောသေးဘဲ -

‘ဒီရွာကလေးက မြူဆာလူမျိုးတွေအကြောင်း လေ့လာချင်လို့ လာခဲ့တာပါ။’

ဟု နွေဦးက အစပျိုးလိုက်သည်။ သူမက အင်္ဂလိပ်လို ပြောလိုက်ခြင်းဖြစ်သည်။ ဆွမ်ချိုင်းက နားလည်ပုံရပြီး အနည်းငယ်လွဲမှားသော အင်္ဂလိပ်စကားဖြင့် ပြန်ဖြေလိုက်သည်။

‘အော် မြူဆာလူမျိုးတွေ ဟုတ်လား။ ဒါကတော့ သူတို့ ဖြစ်စေချင်တာပေါ့’

‘သူတို့ဆိုတာ ...’

‘သူတို့ဆိုတာ အစိုးရပါ။ ကျုပ်တို့ကတော့ ဖြစ်နိုင်ရင် ထိုင်းလူမျိုးပဲ ဖြစ်ချင်တယ်။ ဒါမှ အခွင့်အရေးတွေ ကောင်းကောင်းရမှာလေ။ အခုပဲ ကြည့်။ လမ်းတောင် ကောင်းကောင်းမဖောက်ပေးချင်ကြဘူး။ ခင်ဗျားတို့ လာခဲ့တဲ့လမ်းက ကျုပ်ကိုယ်တိုင် ရှင်းထားရတာ။ ဒီရွာမှာက ကျုပ်မရှိရင် မလွယ်ဘူး။ အားလုံးက ပညာမတတ်တဲ့လူနဲ့။ သက်ကြီးရွယ်အို အမျိုးသမီးတွေနဲ့။ ကျုပ်တောင် ကိုးတန်းအထိ စာသင်ထားလို့ ဒီလောက် ပြောတတ်ဆိုတတ်တာ’

ထိုစကားကို အင်္ဂလိပ်လိုတဝက် ထိုင်းလိုတဝက် သူပြောပြခြင်းဖြစ်သည်။ ထိုင်းစကားများကို ရဲရင့်က ဘာသာပြန်ပေးရသည်။ ဆွမ်ချိုင်းက ဆက်ပြောသည်။

‘သမိုင်းအရတော့ ကျုပ်တို့ရွာက နေရာအနှံ့က လာတဲ့ လူမျိုးပေါင်းစုံ စုမိရာကနေ မြူဆာဆိုပြီး ဖြစ်လာတာပဲ။ ကရင်လူမျိုးတချို့လည်းရှိတယ်။ တရုတ်လူမျိုးလည်းရှိတယ်။ ကျုပ်ကတော့ ထိုင်းလူမျိုး’

သမန်းကျားအကြောင်း မေးရန် အချိန်တန်ပြီဟု နွေဦးယူဆလိုက်သည်။

‘နောက်ပြီးတော့ ဒီဘက်မှာ လူကနေ ကျားဖြစ်သွားတဲ့ ယုံတမ်းစကားတွေရော ကြားဖူးလားဟင်’

ဆွမ်ချိုင်း သူတို့ရွာအကြောင်း အားကြိုးမာန်တက်ပြောနေရာမှ ရုတ်တရက် ရပ်တန့်ပြီး မျက်နှာတည်သွားသည်။

‘ဘာပြောတယ်’

‘ဟို – သမန်းကျား ဆိုတာလေ။ အဲဒါမျိုးတွေ ဒီဘက်မှာ ရှိလား’

ထိုင်းလူငယ် နွေဦးကို တလှည့် ရဲရင့်ကို တလှည့် ကြည့်လိုက်သည်။

‘ကျုပ်တို့ရွာမှာ အဲလို ခေတ်နောက်ကျတဲ့ အယူသည်းတာတွေ မရှိဘူးနော်’

ရဲရင့် အခြေအနေကို နားလည်မိသည်။ ဆွမ်ချိုင်းသည် သူတို့ရွာကို ခေတ်မီသော ရွာကလေးဖြစ်အောင် ကြိုးစားနေသူ။ ထိုသို့ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆများ သူတို့လူမျိုးတွင် ရှိနေသည်ဟု သတင်းပြန့်သွားမှာကို စိုးရိမ်နေပုံရသည်။ သူ နွေဦးကို လက်ကာပြရင်း ထိုင်းဘာသာနှင့် ဝင်ပြောရတော့သည်။

‘ဆွမ်ချိုင်း။ ခင်ဗျားဘာမှ မပူပါနဲ့။ ကျွန်တော်တို့က အွန်လိုင်းမှာလည်း မတင်ဘူး။ သတင်းလည်း မရေးဘူး။ ပုဂ္ဂိုလ်ရေးအရ သိချင်တာပါ။ ဒီနယ်ဘက်မှာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က မိသားစုနဲ့ ကွဲသွားခဲ့တဲ့ ကလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ သူ့မိဘတွေက အဲဒီလို သမန်းကျားအနွယ်တွေလို့ ယုံတမ်းစကားတွေအရ သိရတယ်။ ဒါကြောင့် ဒီကလေးရဲ့ အမေကို ပြန်ရှာပေးမလို့ စုံစမ်းနေရတာပါ။ ကျွန်တော်တို့လည်း အဲဒါမျိုးတွေကို အယုံအကြည်မရှိပါဘူး။ ဖြစ်ချင်တာက ဒီယုံတမ်းစကားတွေနဲ့ ပတ်သက်တဲ့ မိသားစုကို ကူညီချင်ရုံ သက်သက်ပါပဲ’

ဆွမ်ချိုင်းမျက်နှာ ပျော့ပျောင်းသွားသည်။ သူ လေသံတိုးတိုးဖြင့် ပြန်ဖြေ၏။

‘ခင်ဗျားက အဲလို ပြောတော့လည်း ဖြေပါ့မယ်။ တကယ်တော့ ဒီကိစ္စတွေက ခင်ဗျားထင်သလို ယုံတမ်းစကား သက်သက်မဟုတ်ဘူးဗျ’

‘ဟုတ်ကဲ့။ အဲဒါဆိုလည်း ခင်ဗျား သိသလောက် ပြောပြပါလား။ ကျွန်တော်တို့ အဲဒီ သမန်းကျား ဆိုတာနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။ ဒီနယ်ဘက်မှာ အဲလို သမန်းကျားတွေ ရှိလားဗျာ’

‘အခုနောက်ပိုင်းတော့ မရှိတော့ဘူး။ အဲ - ခင်ဗျားပြောတဲ့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကအထိတော့ ဒီရွာနဲ့ သိပ်မဝေးတဲ့ တောအုပ်တစ်နေရာမှာ သမန်းကျားတွေ ကျက်စားတယ်လို့တော့ ကြားဖူးတယ်။ ဒါပေမဲ့ ဒီဒေသကို ပိုင်တဲ့ မိုဖီကြီးက နှိမ်နင်းလိုက်လို့ သမန်းကျားတွေ မျိုးတုန်းသွားတယ်လို့ ပြောကြတာပဲ’

‘မိုဖီ.. ဟုတ်လား’

‘သြော် မိုဖီဆိုတာ ဒီဘက်မှာ တိုင်းရင်းဆေးဆရာကြီးတွေကို ခေါ်တာပါ’

မိုဖီဆိုသည်မှာ ဒေသအခေါ် ရှားမန်း၊ မှော်ဆရာကြီးတွေဖြစ်ကြောင်း သိလိုက်ရသည်။

‘အခု အဲဒီမိုဖီကြီး ရှိသေးလား’

‘ရှိတယ်ဗျ။ ဒီနားတဝိုက်က လူတွေက ကျန်းမာရေးအတွက် သူ့ကိုပဲ အားကိုးနေရတာ’

‘သူက လူတွေကို ဆေးကုပေးတာလား’

‘ဆေးကုပေးတယ်။ ပယောဂကုပေးတယ်။ အဲ.. သူ့ကိုတော့ ပုံမှန် လစဉ်ထောက်ပံ့ရတယ်’

ရဲရင့်စိတ်ထဲတွင် အဆိုပါ ဆေးဆရာကြီးများသည် ဒေသခံ ရွာသူရွာသားများကို လိမ်လည်အမြတ်ထုတ်နေပုံရကြောင်း သံသယဝင်မိသည်။ သူ့စိတ်ထဲတွင် သူ့ဖခင်ကို သတ်သွားသော၊ သူ့ကို မိခင်နှင့် ကွဲအောင် လုပ်ခဲ့သော အဆိုပါမိုဖီကြီးကို မုန်းတီးစွာနှင့် တွေ့ဆုံချင်စိတ် ပေါ်လာခဲ့သည်။ စိတ်ရိုင်းများကို ထိန်းမရတော့။

‘ကျုပ်တို့ကို အဲဒီမိုဖီကြီးဆီ လိုက်ပို့ပေးပါ’

နွေဦး နားမလည်သဖြင့် ရဲရင့်ကို တံတောင်နှင့် တွက်ကာ ဘာသာပြန်ခိုင်းရသည်။

‘ငါတို့ အဲဒီ့ဆေးဆရာကြီးကို သွားတွေ့ကြမယ်။ သူက ငါ့ အမေနဲ့ ပြန်တွေ့နိုင်ဖို့ အနီးစပ်ဆုံး လမ်းစပဲ’

သူစကားကို တဝက်သာ အမှန်ပြောလိုက်သည်။ စိတ်ရင်းအတိုင်းသာမူ သူ့စိတ်ထဲတွင် ထိုဆရာကြီးကို လက်စားချေလိုစိတ်က ကိန်းအောင်းနေလေသည်။ နွေဦးသည် ရဲရင့်၏ အကြံကို သိပ်သဘောမကျ။

‘ရဲရင့် ဖြစ်ပါ့မလား။ အဲဒီဆေးဆရာကြီးတွေက နင့်အတွက် အန္တရာယ်ရှိတယ်လေ။ နင်က အန္တရာယ်တည့်တည့်ကို သွားချင်တာလားဟာ။ သေချာစဉ်းစားပါဦး’

‘ငါစဉ်းစားပြီးပြီ နွေဦး။ သူနဲ့တွေ့ရင် အနည်းဆုံးတော့ သူ့ဆီက သဲလွန်စရမှာပဲ။ နို့မို့ဆို ငါတို့ အမေ့ကို ဘယ်က ဘယ်လို စရှာရမလဲ။ ဒီ့ထက်ကောင်းတဲ့ အကြံရှိရင် နင်ငါ့ကို ပြောဟာ။ အခုတော့ ဒီလူကြီးနဲ့ တွေ့ဖို့က အကောင်းဆုံးနည်းလမ်းပဲ။ ပြီးတော့ သူကငါ့ကို သမန်းကျားမှန်းလည်း သိချင်မှ သိမှာလေ’

နွေဦး ရဲရင့်၏ စကားကို မကြိုက်သော်လည်း ထိုထက်ကောင်းသော အကြံကို ရှာမရသဖြင့် သဘောတူလိုက်ရသည်။

ဆွမ်ချိုင်းက လက်ကိုင်တောင်ဝှေးကြီးကို ဆွဲကာ -

‘ကဲ နေမစောင်းခင်သွားကြစို့။ တောလမ်းဆိုတော့ ဆိုင်ကယ်မပေါက်ဘူး။ ခင်ဗျားတို့ ဆိုင်ကယ် ဒီမှာပဲ ထားခဲ့ပေါ့’

သူတို့နှစ်ယောက် လမ်းပြ ဆွမ်ချိုင်းနောက်မှ လိုက်ခဲ့ကြသည်။ ထိုင်းလူငယ်သည် ထူထပ်သော တောအုပ်ထဲတွင် ကျင်လည်စွာနှင့် ရှေ့မှ လျှောက်သွား၏။ ရဲရင့်နှင့် နွေဦးတို့ နောက်မှ မနည်း အမှီလိုက်ရလေသည်။ သူတို့ ကြိုတင်ပြင်ဆင်ပြီး အပြေးလေ့ကျင့်ရာတွင် သုံးသော နိုင်ကီဖိနပ်များကို စီးလာ၍ တော်သေးသည်။ ဆွမ်ချိုင်းမှာမူ ကင်းဗတ်ဖိနပ် အစုတ်တစ်ရံကိုသာ စီးထား၏။

‘အမလေး’

နွေဦး ခြေခေါက်လဲလုနီးဖြစ်သွားစဉ် ရဲရင့်က သူမလက်ကို ဖမ်းကိုင်ပေးလိုက်ရသည်။ ဆွမ်ချိုင်းက တချက်လှည့်ကြည့်ပြီး သူမ မလဲသည်ကို တွေ့လျှင် သူ့လမ်းသူဆက်သွားလေသည်။ တောသည် တဖြည်းဖြည်း နက်လာသည်။ ကောင်းကင်ကိုပင် သိပ်မမြင်ရတော့။ ရံဖန်ရံခါ သူတို့ဘေး သစ်ပင်များကြားမှ တောကောင်များ ဖြတ်ပြေးသံများကို ကြားရသည်။ ရဲရင့် စဉ်းစားမိ၏ - အင်း.. တောကောင်တွေမှ ဟုတ်ရဲ့လား။ သို့သော် သူ ထိုအတွေးကို ချက်ချင်းဖျောက်ပစ်လိုက်သည်။

‘ရောက်တော့မယ်။ ရှေ့နားလေးတင်ပဲ’

ဆွမ်ချိုင်းက လှည့်ပြောလျှင် သူတို့ အားတက်သွားသည်။ အနည်းဆုံးတော့ သူတို့ သုံးမိုင်လောက် လျှောက်ခဲ့ပြီဖြစ်သည်။ သို့သော် ရောက်တော့မည်ဟု ပြောပြီးမှ နောက် တစ်မိုင်ကျော်လောက် ထပ်လျှောက်လိုက်ရသေး၏။ သူတို့ လျှောက်ခဲ့သည်မှာ တစ်နာရီခွဲသာသာမျှ ရှိသွားလေပြီ။ ညနေ ခြောက်နာရီမျှရှိပြီ။ ခဏနေမှောင်တော့မည်။ အပြန်လမ်းတော့ နေရောင်ရမည်မထင်။ သို့သော်လည်း ရဲရင့်မှာ ပြန်ဖို့ထက် ရှေ့တွင် ကြုံရမည့် အတွေ့အကြုံကိုသာ ပိုစိတ်ဝင်စားလျက်ရှိသည်။

‘ကဲ ရောက်ပြီဗျ။ ရှေ့က တဲအိမ်ပဲ’

သူတို့ သုံးယောက်သည် တောနက်ကြီးအလယ်ရှိ မြေကွက်လပ်တစ်ခုဆီသို့ ဘွားကနဲ ရောက်ရှိသွားသည်။ မြေကွက်လပ် အလယ်တွင် တဲအိမ်ဟု ဆိုသော်လည်း သစ်လုံးများဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော သစ်လုံးအိမ်ကြီးတစ်လုံး။ အိမ်ရှေ့တွင် မီးသေနေသည့် မီးဖိုနေရာကြီးတစ်ခု။ သစ်လုံးအိမ်၏ အဝင်ဝတွင် အဆောင်အယောင်များကို အစီအရီ ချိတ်ဆွဲထားသည်။ ဆွမ်ချိုင်းက သူတို့နှစ်ဦးကို လက်ရိပ်လက်ခြေပြပြီး ရပ်စောင့်ခိုင်းကာ သစ်လုံးအိမ်ဆီသို့ ချဉ်းကပ်သွားသည်။ သူ့ပါးစပ်မှ အသံခပ်အုပ်အုပ်နှင့် လှမ်းအော်ခေါ်လိုက်၏။

‘မိုဖီကြီး - မိုဖီကြီး။ ဒီမှာ မိုဖီကြီးနဲ့ တွေ့ချင်တဲ့ ဧည့်သည်တွေ ရောက်နေလို့ပါ’

ရဲရင့် သစ်လုံးအိမ်တံခါးဝကို မမှိတ်မသုန်သော မျက်လုံးများနှင့် စိုက်ကြည့်နေမိသည်။ ထိုအိမ်ထဲမှ ထွက်လာမည့်သူသည် သူ့ဖခင်အရင်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူ။ သူ၏ လက်သီးများ ကျစ်ကျစ်ပါအောင်ဆုပ်လာကြသည်။ အသက်ရှူများ မြန်လာ၏။ ယင်းကို ရိပ်မိသော နွေဦးက သူ၏ လက်များကို အသာဆုပ်ကိုင်လိုက်သည်။ ရဲရင့်၏ စိတ်များ အနည်းငယ်ပြေလျော့သွားသည်။

‘ရဲရင့် - စိတ်ထိန်း။ ခုချိန်မှာ နင့်အမေကို ရှာတွေ့ဖို့က အဓိကဟ’

ထိုစဉ်မှာပင် သစ်လုံးအိမ်တံခါးဝ၌ ချိတ်ဆွဲထားသော အဆောင်လက်ဖွဲ့ ပုတီးကုံးများ လှုပ်ရှားသွားပြီး တဲအိမ်တွင်းမှ အရပ်ခြောက်ပေမျှမြင့်မည့် ဝတ်ဖြူစင်ကြယ်နှင့် လူကြီးတစ်ဦးထွက်လာခဲ့သည်။ ထိုလူကြီးထံတွင် ဆွတ်ဆွတ်ဖြူသော မျက်ခုံးမွေး၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးများရှိပြီး ခေါင်းပေါ်တွင် ပိတ်ဖြူစကြီးကို ပတ်ကာ စိပ်ပုတီး အညိုရောင်ကြီးကို လည်ပင်းတွင် ချိတ်ဆွဲထားသည်။ သူ၏ လက်ထဲတွင်မူ ဆေးတောင်ဝှေးကြီးတစ်ချောင်းကို ကိုင်ဆောင်ထား၏။ အသက်အရွယ်မှာ ခုနစ်ဆယ်ကျော်ပြီဖြစ်၍ အရပ်မြင့်မားသော်လည်း ခါးကြီးမှာ ရှေ့သို့ကိုင်းကျနေပြီး တောင်ဝှေးကြီးကို အားပြုထားရသည်။

‘ဆွမ်ချိုင်း။ ဘာကိစ္စလဲ’

မိုဖီကြီးက ဆွမ်ချိုင်းကို မျက်မှောင်ကြုတ်ကာကြည့်ရင်း ပြောလိုက်သည်။ ထိုင်းလူငယ် ခါးကုန်းလက်အုပ်ချီပြီး ဆေးဆရာကြီးကို ရိုသေစွာ ပြန်ဖြေရသည်။

‘ဒီက ဧည့်သည်နှစ်ယောက်က မိုဖီကြီးနဲ့ တွေ့ချင်တယ်ဆိုလို့ပါ’

‘ငါက ဧည့်သည်တွေ တွေ့ချင်တိုင်း လက်ခံတာမဟုတ်ဘူး ဆွမ်ချိုင်း။ နောက်ဆို လူတကာကို ငါ့ဆီ ခေါ်မလာနဲ့ကွာ’

ရဲရင့် ကြည့်ရင်းကြည့်ရင်း ထိုမိုဖီကြီးကို အရေခွံဆုတ်ပစ်ချင်လာသည်။ နွေဦးက သူ့လက်ကို ဆုပ်ပြီး စိတ်လျှော့ခိုင်းနေရ၏။

‘ကျွန်မတို့ အဝေးကြီးက လာခဲ့ရတာပါ။ အရေးကြီး ကိစ္စရှိလို့ပါရှင်’

နွေဦး အင်္ဂလိပ်လို ဝင်ပြောလိုက်သည်။ မိုဖီကြီးက နွေဦးကို ဆတ်ကနဲ လှမ်းကြည့်လိုက်၏။

‘မင်းတို့ ဘယ်ကလာကြသလဲ’

သူက ပီသသော အင်္ဂလိပ်စကားနှင့် ပြန်မေးလေသည်။ ဆွမ်ချိုင်းလည်း ထိုအခါမှ သက်ပြင်းချနိုင်သည်။ နွေဦး ရဲရင့်၏ လက်ကို အသာကိုင်ရင်း ရှေ့သို့ တိုးသွားလိုက်သည်။ ရဲရင့် သူမနောက်မှ ကပ်လိုက်လာသည်။

‘ကျွန်မတို့ ရန်ကုန်ကတောင် လာခဲ့တာပါ’

‘ရန်ကုန် - ဟုတ်လား။ အင်း ငါ ရန်ကုန်မရောက်ဖူးဘူး။ တနေ့နေ့တော့ သွားမယ် စိတ်ကူးတယ်။ ဟုတ်တယ် ငါ အဲဒီ့ဘက်မရောက်ဖူးဘူး’

သူပြောရင်းမှ တစ်ခုခုကို စဉ်းစားမိသလို ဖြစ်သွားသည်။ သူ၏ မှေးစင်းသော မျက်လုံးကြီးများက ရဲရင့်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေသည်။ ပြောနေရင်းမှ စကားကို ဖြတ်ပြီး ဆွမ်ချိုင်းဘက်ကို လှည့်ကာ ပြောလိုက်သည်။ ထိုင်းလူငယ် ရုတ်တရက် ဆတ်ကနဲပင်တုန်ပြီး လန့်သွား၏။

‘ဟေ့ကောင် ဆွမ်ချိုင်း။ မင်းက ဧည့်သည်တွေကို ဒီအချိန်ကြီးခေါ်လာရသလား။ မိုးပဲ ချုပ်တော့မယ်။ ဘယ်လို ပြန်ကြမလဲ’

‘ကျွန်.. ကျွန်တော် စောင့်ပြီး ပြန်ပို့ပေးပါ့မယ် မိုဖီကြီး’

‘မှောင်မှပြန်ရင် အန္တရာယ်များတယ်။ မြွေပါးကင်းပါး ပြောမရဘူး’

မိုဖီကြီးက နွေဦးဘက်လှည့်ပြီး မေးလိုက်သည်။

‘ကဲ မင်းတို့ ဒီမှာ ညအိပ်ပြီး အေးအေးဆေးဆေးနားမလား။’

နွေဦး ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။ သူ ဒီပုဂ္ဂိုလ်ကြီးကို သိပ်မယုံချင်။ သို့သော် သူမ ပြန်မဖြေနိုင်မီမှာပင် ရဲရင့်က ဝင်ဖြေပြီးဖြစ်လေသည်။

‘ကောင်းပါတယ်။ ကျုပ်တို့ မေးစရာတွေလည်း ရှိတော့ အေးအေးဆေးဆေးပဲ ကောင်းပါတယ်။’

နွေဦး ရဲရင့်ကို လှည့်ကြည့်သည်။ ရဲရင့်က စိတ်မပူရန် သူမကို ခေါင်းညိတ်ပြသည်။

‘ဒါဆိုလည်း မနက်မှ ကျွန်တော် ပြန်လာခေါ်ပါ့မယ် မိုဖီကြီး’

ဆွမ်ချိုင်း လက်အုပ်ချီပြီး လှည့်အထွက် နွေဦးက လှမ်းခေါ်လိုက်သည်။

‘ဆွမ်ချိုင်း နေဦး’

သူ၏ လက်ထဲသို့ ဘတ်ငါးရာတန် အထပ်လိုက်ထည့်ပေးသည်။ သို့သော် ဆွမ်ချိုင်းကမယူဘဲ လက်ပြကာ ထွက်သွားတော့၏။

‘ကဲ လာကြ။ အထဲဝင်ကြ’

မိုဖီကြီးနောက်သို့ သူတို့ လိုက်ဝင်သွားသည်။ သစ်လုံးအိမ်ထဲတွင် ဖယောင်းတိုင်များကို ထွန်းထားသဖြင့် အလင်းရောင် မှိန်မှိန်ရှိနေသည်။ အိမ်ခန်းထောင့်တွင် ဟင်းချက်သော မီးဖိုတစ်လုံး ထိုမှ ထွက်သော မီးခိုးများသည် အိမ်ခေါင်မိုးပေါ်ရှိ ခေါင်းတိုင်မှ ထွက်သွားကြသည်။ မီးဖိုပေါ်တွင် ဒန်အိုးတစ်လုံးက ပွက်ပွက်ဆူနေ၏။

‘မင်းတို့ ရောက်လာတာ အချိန်ကောင်းပဲ။ ငါ စွပ်ပြုတ်ကျိုနေတာ’

ထိုအခါမှ သူတို့နှစ်ဦး စွပ်ပြုတ်အိုးမှ ထွက်လာသော အနံ့ကို သတိထားမိသွားသည်။ အနံ့သည် လတ်ဆတ်မွှေးကြိုင်နေသည်။ ငရုတ်နံ့လွှမ်းသဖြင့် ချဉ်စပ်အရသာ ရှိမည်ဟု ထင်ရသည်။ သူတို့ နှစ်ယောက်လုံး ဗိုက်ကလည်းဆာနေသဖြင့် တံတွေးမျိုချလိုက်ရ၏။

‘ကဲ ထိုင်ကြဦး။ စွပ်ပြုတ်သောက်ရင်း စကားပြောကြတာပေါ့’ ဟုဆိုကာ မိုဖီကြီးသည် စွပ်ပြုတ်အိုးဆီ လျှောက်သွားကာ ဒန်ခွက်ကလေး သုံးခွက်ကို ယူပြီး စွပ်ပြုတ်များကို ခွက်များထဲ ခပ်ထည့်လေသည်။ ရဲရင့်နှင့် နွေဦးတို့ အိမ်တစ်ဘက်ခြမ်းရှိ သစ်သားကွပ်ပျစ်ပေါ်တွင် ဝင်ထိုင်ကြသည်။ ကွပ်ပျစ်ခေါင်းရင်းတွင်တော့ ဘုန်းကြီးထိုင်သည့် အနေကထိုင်လို ကတ္တီပါ ထိုင်ဖုံတစ်ခုရှိသည်။ မိုဖီကြီးထိုင်သည့်နေရာဖြစ်ရမည်။

‘ငါ့နာမည်က အနူရက်ခ်လို့ ခေါ်တယ်။ နာမည်မခေါ်ပဲ မိုဖီကြီးလို့ ခေါ်လည်းရတယ်။’

‘ကျွန်မနာမည်က နွေဦး။ သူ့နာမည်က ရဲရင့်ပါ’

‘အင်း။ မင်းတို့ မြန်မာနာမည်တွေက ခေါ်ရခက်တာပဲ။ လူငယ်နဲ့ မိန်းကလေးလို့ပဲ ခေါ်မယ်ကွယ်’

‘ရပါတယ် မိုဖီကြီး’

‘ရော့ သောက်လိုက်ကြဦး။ ဒါက ပုရွက်နီဥ စွပ်ပြုတ်။ ဒီနယ်မှာတော့ နာမည်ကြီး ဟင်းအမည်ပဲ။ ပုရွက်ဆိတ်အနီတွေရဲ့ ဥတွေနဲ့၊ ပလာတူးငါးအချဉ်ကို ပင်စိမ်းရွက်တွေနဲ့ ရောကျိုထားတာ။ မင်းတို့ ကြိုက်မကြိုက်တော့မသိဘူး။ အစာအိမ်နဲ့ သွေးလေတော့ အတော်ကောင်းတာပဲ’

ဟု ပြောရင်းဆိုရင်း အငွေ့ထောင်းထောင်းထနေသော ဒန်ခွက်နှစ်ခွက်ကို ရဲရင့်နှင့် နွေဦး တို့ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် မီးဖိုရှိရာဆီသို့ ပြန်သွားပြီး သူ့ခွက်ကို ပြန်ယူကာ ကတ္တီပါ ထိုင်ဖုံပေါ်တွင် ပြန်လာထိုင်လိုက်သည်။ တစ်မိနစ်မျှကြာသည်အထိ စကားမဆက်ပဲ သုံးယောက်သား စွပ်ပြုတ်ခွက်များကို ငုံ့ကာ သစ်သားဇွန်းများနှင့် ခပ်သောက်နေကြ၏။ စွပ်ပြုတ်ဟင်းသည် ချဉ်စပ်အရသာရှိပြီး ပုရွက်ဆိတ်ဥများမှာ ဝါးလိုက်လျှင် ဖောက်ကနဲ ဖောက်ကနဲ ဖြစ်သွားသဖြင့် စားရသည်မှာ အထူးအဆန်းဖြစ်နေသည်။ အရသာမှာ ငါးသလောက်ဥကို မန်ကျည်းသီးနှင့် ရောထားသည့်နှယ် ဆိမ့်ပြီး ပူစပ်ကာ ချဉ်ပြုံးပြုံးဖြစ်လေသည်။ ပလာတူးငါးမှာလည်း နူးမြိပြီး စားကောင်းလှ၏။

‘အား.. ကောင်းသကွာ။ ငါတော့ ကုန်သွားပြီဟေ့’

မိုဖီကြီးသည် တခဏအတွင်းပင် စွပ်ပြုတ်တစ်ပန်းကန်လုံး ပြောင်သွားအောင် စားပစ်လိုက်သည်။

‘ကဲ မင်းတို့ အေးဆေးစားပြီးမှ ငါ့ကို မေးချင်တာ မေးကြပေါ့’

ရဲရင့်က သူစားနေသော ဒန်ခွက်ကို ခဏအောက်သို့ ချကိုင်ပြီး မိုဖီကြီးကို လှမ်းမေးလိုက်သည်။

‘ကျွန်တော်တို့ ဒီဒေသမှာ လူပြောများတဲ့ သမန်းကျားတွေအကြောင်း သိချင်လို့ပါ မိုဖီကြီး’

ဆေးဆရာကြီး အနူရက်ခ်သည် ရဲရင့်၏ မေးခွန်းကို မအံ့သြသလို နားထောင်ပြီး ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

‘သမန်းကျားတွေအကြောင်း ငါ့လူက ဘာသိချင်တာလဲ’

‘သမန်းကျားတွေ တကယ်ရှိသလားဆိုတာကိုပါ’

‘မင်းက ဘာလို့ သိချင်ရသလဲ’

ရဲရင့် ရုတ်တရက် ပြန်မဖြေနိုင်။ သူ့ပါးစပ်မှ လိုရင်းကို ထုတ်ပြောလိုက်ချင်ပြီ။ သို့သော် နွေဦးက စကားဖြတ်ပြီး -

‘ကျွန်မတို့က သမန်းကျားမိသားစု တစ်စုအကြောင်းကို ခြေရာခံလိုက်ချင်လို့ပါ မိုဖီကြီး။ အဲဒီ့မိသားစုထဲက အမေဖြစ်တဲ့လူကို ပြန်ရှာတွေ့ချင်လို့ပါ’

‘အင်း။ မင်းတို့မေးမှပဲ ဒီ သမန်းကျားတွေအကြောင်း ငါ ပြန်သတိရမိတယ်။ ဒီကောင်တွေရန်က ကင်းဝေးနေတာ ဆယ့်ငါးနှစ်လောက်တောင် ရှိပြီပဲ။ တကယ်တော့ သမန်းကျားဆိုတာ မကောင်းဆိုးဝါးတွေပဲကွဲ့ ကလေးမရဲ့’

ရဲရင့် အံကြိတ်မိသည်။ သို့သော် သူ စိတ်ကို ထိန်းထားရ၏။

‘ဘယ်လိုများ သမန်းကျားတွေက မကောင်းဆိုးဝါး ဖြစ်တာပါလိမ့်။ သူတို့က ဘယ်သူတွေကို ဘယ်လို ဒုက္ခပေးလို့လဲဗျ’

မိုဖီကြီး ရဲရင့်၏ အမေးကို သဘောကျစွာနှင့် ပြုံးပြီး ပြန်ဖြေသည်။

‘လူတွေကို သတ်တယ်။ စားတယ်။ ရွာသားတွေ မွေးထားတဲ့ ကြက် ဝက် နွား။ အကုန် သတ်စားတာပဲ။ ဒီအကောင်တွေဟာ ဘယ်တော့မှ ကောင်းကျိုးမပေးဘူး’

‘လူတွေကို သတ်တယ် ဟုတ်လား’

ရဲရင့် အံကြိတ်ပြီး မေးမိသည်။ အနူရက်ခ် စိတ်မရှည်စွာဖြင့် သက်ပြင်းချပြီး -

‘ဟုတ်တယ်။ ဒီကောင်တွေက လူသားစား မကောင်းဆိုးဝါးတွေလေ။ အဲဒါကြောင့် အားလုံးကို ငါ အမျိုးဖြုတ်ပစ်ခဲ့တာ’

ရဲရင့် သတိရသလောက်မူ သူ့ဖခင်သည် လူတစ်ယောက်မျှကို မသတ်ခဲ့။ လူတွေ မွေးထားသည့် တိရစ္ဆာန်တွေကိုလည်း မသတ်ခဲ့။ သူတို့ မိသားစုသည် ရွာထဲတွင် အခြားရွာသားများနှင့် သင့်မြတ်ခဲ့သည်ကိုသာ သူမှတ်မိသည်။ ထို ရှားမန်းဆေးဆရာကြီး ရောက်လာမှသာ သူတို့ မိသားစုဘ၀ လဲပြိုသွားရခြင်းပင်။ ရဲရင့်သည် ဤပုဂ္ဂိုလ်ကြီးလိမ်ပြောနေမှန်းသိလိုက်သည်။ ထို့ကြောင့်လည်း စကားကို မုသားသုံးပြီး သူမေးလိုက်၏။

‘ကျုပ်အခု မြူဆာရွာလေးမှာ မေးခဲ့သလောက်ကတော့ သမန်းကျားတွေဟာ လူတွေကို အန္တရာယ်မပေးဘူးလို့ ပြောကြတာပဲ။ မိုဖီကြီး ပြောသလို ဟုတ်ပါ့မလား။’

မိုဖီကြီး အနူရက်ခ်သည် ဆက်ပြီးလိမ်ချင်သော်လည်း အခက်တွေ့နေသည်။ သူသည် ရှားမန်းတစ်ဦးဖြစ်သည့်အတွက် လိမ်လည်ရမှာ ခက်နေပုံလည်းရသည်။ သို့မဟုတ် သူ့လိပ်ပြာသူမလုံခြင်းလည်း ဖြစ်နိင်သည်။

‘အို - ဒီသမန်းကျားတွေက လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီကတည်းက လူတွေကို သတ်စားခဲ့တာ။ ငါတို့ မိုဖီတွေ ဒီကောင်တွေကို သတ်နေတာ နှစ်ပေါင်းရာနဲ့ချီနေပြီ။ မင်းအဖေကိုလည်း ငါကိုယ်တိုင်ပဲ သတ်ခဲ့တာပဲ။ အခု မင်းကိုလည်း ငါပဲ သတ်ဦးမှာဟေ့’

‘ခွမ်း’

နွေဦးလက်ထဲမှ စွပ်ပြုတ်ရည်ခွက် ကြမ်းပေါ် လွတ်ကျသွားသည်။

‘နှေဦး’

ရဲရင့် မိန်းကလေးကို လှမ်းပွေ့လိုက်၏။ သူမ၏ ပါးစပ်မှ အမြှုပ်များထွက်ကာ မျက်ဖြူများလန်လာသည်။

‘နွေဦး.. နွေဦး.. သတိထားဦး...။ ခင်ဗျားကြီး.. လူယုတ်မာကြီး… စွပ်ပြုတ်ထဲမှာ ဘာတွေခပ်....’

ပြောနေရင်းမှ ရဲရင့်၏ လျှာများလေးလံလာသည်။ သူ၏ ဦးခေါင်းတစ်ခုလုံး ထုံထိုင်းလာ၏။ ဆေးဆရာကြီး အနူရက်ခ်၏ ပုံရိပ်သည် သူ့အမြင်အာရုံတွင် နှစ်ထပ်ဖြစ်လာသည်။ မိုဖီကြီး၏ အသံသည် ပါးစပ်မှ ထွက်လာသော်လည်း ရဲရင့်၏ နားထဲတွင်မူ သူ၏ အသံကြီးများမှာ ဟိုးအဝေးမှ လာသလို -

‘မင်းကို တွေ့လိုက်တာနဲ့ သမန်းကျားမှန်း ငါသိတယ်။ မင်းတို့အားလုံးကို အမျိုးတုန်းသတ်ရမှာက ငါ့တာဝန်ပဲကွ… ဟား ဟား ဟား ဟား ဟား….’

………………………….

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..