
ထိုနေ့က ဝင်းမင်းထွန်းတို့အိမ်၌ လူအများ တိတ်တိတ်
ဆိတ်ဆိတ်နှင့် စည်ကားနေသည်။ ဧည့်သည်အသစ်ဝင်
လာတိုင်း မိခင်ဖြစ်သူ မကြည်နွဲ့၏ ငိုသံသဲ့သဲ့ကိုကြား
နေရသည်။
" သူ့အကြောင်းကံဖန်လာပြီပဲ မနွဲ့ရေ ... စိတ်ထားကောင်း
တဲ့ ကိုတိုးကြီးတစ်ယောက် ကောင်းရာမွန်ရာ ရောက်မှာ
ပါ "
ဘေးတစ်အိမ်ကျော်မှ အပျိုကြီး မမြတ်အေး က မကြည်
နွဲ့၏ ပုခုံးကိုခပ်ဖွဖွသပ်ချရင်းပြောနေလေ၏။ မကြည်နွဲ့မှာမူ ညာဖက်ပုခုံးပေါ် လွှားတင်ထားသည့်တဘက်အနားစလေးဖြင့် စီးကျလာသောမျက်ရည်များအား သုတ်မနိုင်နေပေ။
ထိုနေ့သည် ဝင်းမင်းထွန်း အဖေ ကိုတိုးကြီးရက်လည်
သောနေ့။ နာရေးလုပ်ပေးရန် အလောင်းမရှိခဲ့။ ကိုတိုး
ကြီးဆုံးပါးသွားရာနေရာသည် ရွှေတွင်းလုပ်ငန်းရှိရာ
မြိုင်ကလေးရွာအနီး၌ဖြစ်သည်။ ရွှေတွင်း၌ ဝန်ချီကြိုး
ပြတ်ကျပြီး ဆုံးပါးသွားသဖြင့် မြိုင်ကလေးသုဿာန်မှာပင် သဂြိုလ်ပေးခဲ့ကြောင်းအလုပ်ရှင်မှ အကြောင်းကြားလာေလသည်။
မြိုင်ကလေးသို့သွားဖို့ရာ မကြည်နွဲ့တို့မိသားစုအတွက်
ခရီးဝေးလွန်းလှ၏။ ကားတစ်တန်၊ လှည်းတစ်တန်ဖြင့်
နှစ်ညအိပ် သုံးရက်ခရီးခန့် သွားရပေမည်။ လတ်တလော
တွင်မူ ရက်လည်ဆွမ်းသွတ် ကနဦး ပြုလုပ်ပေးပြီးမှ မိသားစုအကုန် သွားကြည့်ကြရန်တိုင်ပင်ထားကြတော့
သည်။
ကိုတိုးကြီးဆိုသည်မှာ အရပ်မြင့်မြင့်၊ အသားညိုညို၊ လူကောင်ထွားကြီးနှင့် ရွက်ကြမ်းရေကျိုရုပ်ရည်ရှိသည့်
လူတစ်ယောက်ပင်။ ရပ်ထဲရွာထဲ၌ စိတ်မဘောကောင်းသူဟု လူသိများသည်။
မကြည်နွဲ့မှာ အသက် ( ၂၃ ) နှစ်အရွယ်တွင် ကိုတိုးကြီး
နှင့်အကြောင်းပါပြီး သားသမီး လေးယောက်ထွန်းကား
ခဲ့သည်။ သမီးတစ်ယောက်၊ သားသုံးယောက် မွေးဖွားခဲ့
သော်လည်း သားအကြီးမှာ အသက် ( ၁၃ ) နှစ်အရွယ်
တွင် ရေချောင်းထဲ ရေသွားကူးရာမှ ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် သမီး တစ်ယောက်နှင့် သားနှစ်ယောက်သာ
ကျန်ရှိလေတော့၏။ စီးပွားရေးခက်ခဲလှသဖြင့် ဒုက္ခ
ရောက်နေစဉ် ကိုတိုးကြီးသူငယ်ချင်း၏အကူအညီဖြင့်
ရွှေတွင်းလုပ်ငန်း၌ အလုပ်ရရှိခဲ့သည်။ ကိုတိုးကြီးအလုပ်
စလုပ်သည့်အချိန်မှစ၍ တစ်နှစ်တစ်ခါ အိမ်မပြန်နိုင်ခဲ့
ပေ။
မြိုင်ကလေးရွာဖက်မှ မြို့ပေါ်တက်ပြီး ရသမျှပိုက်ဆံ
တော့လွှဲပေးတတ်သည်။ ထိုငွေလေးဖြင့် မကြည်နွဲ့တို့
သားအမိလေးယောက်ရပ်တည်ခဲ့ရသည်။ မကြည်နွဲ့
မှာတော့ အပိုဝင်ငွေလေးရရန် အိမ်တွင်းမှုလုပ်ငန်းတစ်
ခု၌ မုန့်ထုပ်များ ထုပ်ပိုးရသည့်အလုပ်ကို လုပ်ခဲ့သည်။
သမီးကြီးမြနှင်းမှာမူ အသက် ( ၁၆ ) နှစ်ထဲရောက်လာသည့်အခါ စက်ချုပ်သင်ခဲ့ပြီး ယခုအသက် ( ၁၈ ) နှစ်
တွင်တော့ စက်တစ်လုံးဝယ်ကာ စက်ချုပ်ဆိုင်လေးစတင်
နိုင်ခဲ့လေသည်။
စက်ချုပ်ခြင်းအလုပ်မှ ပိုက်ဆံအနည်းငယ်ရလာပြီး
သုံးယောက်ရှာစာဖြင့် ယခင်ထက်တော့ ချောင်လည်
သည်ဟုဆိုရပေမည်။ လွန်ခဲ့သော တစ်ပတ်က ကိုတိုး
ကြီးထံမှ ဖုန်းလာခဲ့သည်။ မကြာခင် ပိုက်ဆံများများရ
ရှိတော့မည့်အကြောင်းနှင့် ရလာပါက ရွှေတွင်းမှအပြီး
ပြန်လာပြီး မိသားစုနှင့်သာနေထိုင်တော့မည့်အကြောင်း
ပြောခဲ့သည်။
ထိုစကားကြောင့် တစ်မိသားစုလုံးပျော်ရွှင်ခဲ့ရာမှ ယခု
လို အဖြစ်ဆိုးကြီးအား ကြုံလိုက်ရသည့်အခါ ဖြည်မ
ဆည်နိုင်ကြတော့ပေ။ သမီးကြီး မြနှင်းနှင့် သားအငယ်
ဆုံး မျိုးမင်းထွန်းမှာမူ ဖခင်ဆုံးရှုံးရသဖြင့် ကြီးစွာငို
ကြွေးကြသော်လည်း သားအလတ် ဝင်းမင်းထွန်းမှာမူ
အိမ်ထောင့်လေး၌ မှီကာ ငူငူကြီးထိုင်နေခဲ့သည်။
သူ၏မျက်လုံးထဲတွင် ဖော်ပြရခက်သောတစုံတခုက
လွှမ်းမိုးလျက်ရှိနေ၏။ ထိုသို့ဖြစ်ရသည်မှာလည်း ယမန်
ညက သူ၏ဖခင်ကို အိပ်မက်မက်ခဲ့ခြင်းကြောင့်ဖြစ်
သည်။
" အဖေ့ကိုကယ်ပါဦးသားရယ် ... အဖေမသေသေးပါ
ဘူးကှ "
ပိန်းပိတ်အောင်မှောင်မည်းနေသော နေရာတစ်ခု၌ လဲကျ
ရင်း သူ့ကို အားကိုးတကြီးပြောနေရှာသည့် ဖခင်ကိုမြင်
မက်ပြီးနောက်ပိုင်း ဝင်းမင်းထွန်းစိတ်ထဲ ထိုအိပ်မက်သာ
ကြီးစိုးနေတော့သည်။ ရက်လည်ပြီးပါက မြိုင်ကလေး
သို့ အမြန်သွားချင်စိတ်သာပေါ်ပေါက်နေမိ၏။
သို့သော်လည်း မိခင်မကြည်နွဲ့က မြိုင်ကလေးသို့နောက်
လမှ သွားမည်ဟု အသိမိတ်ဆွေများကိုပြောနေသံကြား
မိလိုက်သည်။ ထို့ကြောင့်ဝင်းမင်းထွန်းမှာ အလိုမကျသ
ကဲ့သို့ဖြစ်နေပြီး အိပ်မက်အားတွေးတောလိုက်၊ မြိုင်က
လေးသို့ မည်သည့်နည်းဖြင့် သွားလျှင်ရမည်နည်းဟု စဉ်း
စားလိုက်ဖြင့် အခန်းထောင့်တွင် ငူငူငိုင်ငိုင်ဖြစ်နေရခြင်း
သာ။
ဧည့်သည်အနည်းငယ်ကျဲပါးချိန်ရောက်သည်နှင့် မိခင်
ထံ အိပ်မက်ကိုပြောပြပြီး မြိုင်ကလေးသို့ ချက်ချင်း
သွားလိုကြောင်း ပူဆာခဲ့သည်။ မကြည်နွဲ့မှာမူ စိတ်စွဲ
၍ မြင်မက်ခြင်းသာဖြစ်ကြောင်း၊ အလုပ်ရှင်မှာ သမာ
သမတ်ကျသူဖြစ်ပြီး နှစ်ပေါင်းများစွာပြောဆိုဆက်ဆံ
ဖူး၍ အကြောင်းသိဖြစ်နေပြီဖြစ်ကြောင်း၊ အိပ်မက်ထဲ
ကအတိုင်း မဖြစ်နိုင်ကြောင်းသာ ငြင်းဆိုနေလေ၏။
မိခင်အားပြောမရသည့်အခါ အစ်မဖြစ်သူထံ ထပ်မံ
ပြောပြပြန်သည်။ အစ်မဖြစ်သူကပို၍ပင်ဆိုးသေး၏။
မဟုတ်မဟတ်လျှောက်မက်နေသည်ဟုပင်ဆိုလိုက်
သေးသည်။ ဝင်းမင်းထွန်းအတွက် အကူအညီရရန်မဖြစ်
နိုင်တော့ပေ။ ထို့ကြောင့် ဖခင်၏ အစ်ကိုဖြစ်သူ ဘကြီး
စိုး ကိုပူဆာရတော့သည်။
ဘကြီးစိုးကတော့ အနည်းငယ်ယုံကြည်ဟန်ရ၏။ သူ
သည်လည်း စိတ်ထဲထင့်နေသည်ဟုပြောလေသည်။
ထို့ကြောင့် ဘကြီးစိုးနှင့် ဝင်းမင်းထွန်း တို့နှစ်ယောက်
သာ မြိုင်ကလေးသို့ အရင်ဦးဆုံးသွားဖို့ စီစဉ်လိုက်ကြ
လေသည်။
ရက်လည်ပြီးညတွင် မိသားစုများတိုင်ပင်ပြီးသည်နှင့်
ခရီးထွက်ဖို့ တခါတည်းပြင်ဆင်လိုက်ကြ၏။ မနက်
စောနိုင်သမျှစောစောသွားရန်သာ ဝင်းမင်းထွန်းစိတ်
လောနေခဲ့သည်။ တစ်ညလုံးလည်းအိပ်လိုက် လန့်နိုး
လိုက်ဖြစ်နေမိတော့၏။
သူ၏အသက် ( ၁၆ ) နှစ်ထဲမှာပင် စွန့်စားခန်းကြီးတစ်
ရပ်ကို လုပ်ဆောင်ရတော့မည့်အလား စိတ်လှုပ်ရှားနေ
ရသည်။ ဖြစ်နိုင်လျှင် အိပ်မက်ထဲကအတိုင်း ဖခင်ဖြစ်
သူအား အသက်ရှင်လျက် ပြန်တွေ့ရန်သာ အကြိမ်ကြိမ်
ဆုတောင်းမိနေပြီး မျှော်လင့်မိနေသည်။
နောက်တနေ့နံနက် မနက် ၄ နာရီတွင် ဘကြီးစိုးနှင့် ဝင်း
မင်းထွန်း တို့အိမ်မှထွက်ရန်ပြင်ကြ၏။ မကြည်နွဲ့မှာမူ
ရေပက်မဝင်အောင်လိုက်မှာနေရှာသည်။ လမ်းခရီး၌
ဂရုစိုက်ကြရန်၊ မျက်စိရှင်ရှင်ထားရန်၊ လူစိမ်းများအား
သတိထားရန်၊ ဘုရားတရားမမေ့ရန် စသဖြင့် စုံနေ
အောင် မှာတမ်းခြွေနေသည်။
" ငါနင့်ထက် အကြီးပါဟ " ဟူ၍ ဘကြီးစိုးက ငေါက်
လိုက်မှ ပါးစပ်ပိတ်သွားတော့သည်။ အိမ်မှာထွက်လာ
ကတည်းက ဝင်းမင်းထွန်း အတွေးထဲ ဖခင်ကိုပြန်ရှာ
တွေ့မည်ဟုသာ ယုံကြည်ခဲ့၏။ ထို့ကြောင့် တက်ကြွ
နေရှာလေသည်။
မြိုင်ကလေးသို့သွားရန် ကားနှစ်ဆင့်စီးရသည်။ မြိုင်
ကလေးမရောက်ခင် ရွှေသာယာမြို့သစ်သို့အရင်သွား
ရပေမည်။ ထိုမှတစ်ဆင့် မြိုင်ကလေးသို့ဆက်ရပြီး
ကားတိုက်ရိုက်မရှိပေ။ ဘကြီးစိုးနှင့် ဝင်းမင်းထွန်းမှာ
ရွှေသာယာမြို့သစ်ဆီသို့ချောချောမောမောရောက်ရှိ
သွားခဲ့သည်။
သို့သော် မြိုင်ကလေးသို့ဆက်သွားရန်မှာ အဆင်မပြေ
ခဲ့ချေ။ ထိုရွာသို့သွားရန်ကားမရှိသေး၍ဖြစ်သည်။ တစ်
ရက်ခြားမှတစ်ခါကားထွက်လေ့ရှိသည်ဟုသိခဲ့ရသည်။ ကျန်သည့်ကားများမှာ ကုမ္ပဏီမှကားများသာဖြစ်၏။ အပြင်လူမတင်ပေ။
ထို့ကြောင့် ရွှေသာယာမြို့သစ်၌ တစ်ညထပ်အိပ်ကြဖို့
အကြောင်းဖန်လာပြန်သည်။ ခရီးကလည်းပန်း၊ ရာသီဥတုမှာပူအိုက်လှသဖြင့် တည်းခိုဖို့နေရာအရင်ရှာကြရသည်။
စရိတ်စကကြီးလှမည်စိုးသဖြင့် ဘုန်းကြီးကျောင်းတွင်
သာ တည်းကြမည်ဟုဆိုကာ မေးမြန်းရင်း အပင်အုံ့ဆိုင်း
ဆိုင်းဖြင့် အေးချမ်းလှသော ကျောင်းတစ်ကျောင်းသို့
ဆိုက်ရောက်လာကြတော့သည်။
ကျောင်းထိုင်ထံ ခွင့်ပန်လျှောက်ထားပြီး နေရာထိုင်ခင်း
ရသဖြင့် ရေမိုးချိုးကာ တရေးတမော အိပ်စက်လိုက်ကြ
သည်။ ဗိုက်ထဲမှတဂွီဂွီအသံမြည်လာသဖြင့် နိုးလာပြီး
အချိန်ကြည့်လိုက်ရာ ည ( ၇ ) နာရီထိုးပြီဖြစ်သည်။ ထို့
ကြောင့် ညစာစားရန် ကျောင်းအပြင်သို့ထွက်လာကြလေသည်။
ဘုန်းကြီးကျောင်းမှ အတော်အတန်ဆက်သွားခဲ့ကြ
သောအခါ ညဈေးလေးတစ်ခုထဲသို့ ရောက်သွားတော့
သည်။ ထိုဈေးမှာပင် စားသောက်ဖွယ်ရာမျိုးစုံ၊ လူပေါင်း
စုံ စားသောက်နေကြသဖြင့် ဘကြီးစိုးတို့လည်း ဆိုင်
တစ်ဆိုင်ရွေးကာ ဝင်ထိုင်ဖြစ်လိုက်သည်။
" ခေါက်ဆွဲကြော် နှစ်ပွဲ "
" ဝကျသားလား ... ကွကျသားလား အဈကို "
" ကွကျသားနဲ့ "
စားပွဲထိုးပြန်ထွက်သွားသည်နှင့် ဝင်းမင်းထွန်းက မေး
လေသည်။
" ဘာလို့ကြက်သားမှာတာလဲ ... ဝက်သားကပိုကောင်း
တာ..ဘကြီးကလဲ ... "
" ဘကြီးက တခြားမြို့ရွာသွားရင် အသားကြီး... ငါး
ကြီး ရှောင်တယ်သားရ ... လမ်းခရီးမှာသတိထားတာ
မမှားပါဘူးကွာ "
ဝင်းမင်းထွန်းမှာ စောဒကတက်မနေတော့ပေ။ သူ၏
ရည်ရည်ချက်သည် ဖခင်ကိုပြန်ရှာတွေ့ဖို့သာဖြစ်သည်။
ဘကြီးစိုးလိုက်ပါလာပေးခြင်းပင် သူ့အတွက် အတော်
ကံကောင်းနေချပြီ။
မကြာခင်မှာပင် မှာထားသည့် ခေါက်ဆွဲကြော်နှစ်ပွဲလာ
ချပေးလေသည်။ ဟင်းရည်နှစ်ခွက်နှင့် ကြက်သွန်နီအကွင်းပေါ် ငရုတ်ဆီအနည်းငယ်ဆမ်းထားသည့် အချဉ်
ပန်းကန်ပါလာချသည်။ ဗိုက်ကလည်း အတော်ဆာနေကြ
သည်မို့ အားရပါးရစားလိုက်ကြ၏။
ဗိုက်ထဲ ခေါက်ဆွဲကြော်တစ်ဝက်ခန့်ဝင်သွားမှ ဟင်းရည်
ပူပူကိုမှုတ်သောက်လိုက်ကြသည်။ ထိုအခါမှပင် နေသာ
ထိုင်သာရှိသွားသလိုစိတ်ကျေနပ်သွားလေတော့သည်။
ခေါက်ဆွဲကြော်ငုံ့စားနေသည့် ဘကြီးစိုးကို တစ်ချက်
လှမ်းကြည့်လိုက်ပြီး ဝင်းမင်းထွန်း စကားစလိုက်၏။
" ဘကြီးစိုး ... မနက်ကြရင် သားတို့ ဘယ်ကိုအရင်ဆုံး
သွားကြမှာလဲ "
" မြိုင်ကလေးကား အရင်စုံစမ်းရမှာပေါ့ ... ကားဘယ်
အချိန်ဆိုက်လဲမေးမြန်းပြီး အချိန်ပိုနေလဲ ထိုင်စောင့်ရုံ
ပေါ့ကွာ "
" အဖေ့အလုပ်ရှင်နဲ့ ဘကြီးစိုးသိလား ... စကားပြော
ဖူးလား "
" မပြောဖူးဘူး ... နာမည်ပဲကြားဖူးတာသားရ ... "
" သားတို့ဝင်တွေ့ရင် အတွေ့ခံပါ့မလားမသိဘူးနော် "
ဝင်းမင်းထွန်းက စိတ်ပူကာ မေးကြည့်မိသည်။
" မပြောတတ်ဘူးလေ ... တာဝန်ခံမှူးလောက်တော့
တွေ့လို့ရမှာပါသားရယ် "
ဝင်မင်းထွန်းက တိတ်ဆိတ်သွားပြီး ခေါက်ဆွဲဆက်စား
နေသည်။ ပြီးနောက် မဝံ့မရဲဖြင့် ပြောသည်။
" ဘကြီးစိုး "
" ဟေ ... စားမကောင်းဘူးလား ... ဝင်သလောက်စား
စမျးပါသားရ ... "
" ဟိုဟာ ... သားတစ်ခု လုပ်ချင်လို့ "
" အင်း ... ဘာလုပ်မှာလဲ "
" ဟို ... အဖေ့အလောင်းကိုပြန်တူးကြည့်ချင်တယ် "
ဝင်းမင်းထွန်းစကားကြောင့် ဘကြီးစိုး နှုတ်ဆိတ်သွား
လေသည်။ ထိုကလေးမှာ သူ၏အိပ်မက်ကို ယုံကြည်
နေဟန်ရသည်။ ဖခင်မှာ မြေကျင်းကြီးထဲ အသက်ရှိ
ဦးမည်ဟု ထင်မှတ်နေရှာ၏။
" သား ... ဘကြီးပြောပြမယ် ... သားအခု အသက်အောင့်
ထားကြည့် ... "
ဝင်းမင်းထွန်းမှာ နားမလည်စွာကြည့်လိုက်၏။
" ဘယ်လောက်ကြာကြာအသက်အောင့်နိုင်လဲ "
" အကြာကြီးဘယ်ရမှာလဲဘကြီးရဲ့ ... အလွန်ဆုံး၁မိနစ်
၂ မိနစ်ပေါ့ "
" အေး ... သားအဖေတိုးကြီးက မြေမြုပ်သဂြိုလ်ထား
တာ ... အဲ့အောက်မှာလေမရဘူး ... သားသူ့ကို အသက်
ရှင်နေမယ်ထင်သေးသလား "
ဝင်းမင်းထွန်းမှာ ဝါးလက်စခေါက်ဆွဲကို ဆက်မဝါးဘဲ
မြိုချပစ်သည်။
" ဘကြီးစိုး..သားကိုမယုံရင် ဘာလို့လိုက်ပို့တာလဲ "
" သားကိုမယုံတာမဟုတ်ဘူး ... တိုးကြီးဘာဖြစ်ခဲ့လဲ
ဆိုတာသိချင်လို့ လာစုံစမ်းတာ ... သားအိပ်မက်ထဲက
လိုဆို ... တိုးကြီးတခုခုကြုံခဲ့ရသလားလို့ စိတ်ထင့်မိ
တယ်... ဒါပေမယ့် အိပ်မက်ထဲကလိုမျိုး မြေကြီးအောက်
မှာ အသက်ရှင်လျက် ပြန်တွေ့ရမယ်လို့ တထစ်ချမမှတ်
စေချင်ဘူး ... လက်တွေ့ကိုပဲစဉ်းစားရမယ် ... ဘကြီး
ပြောတာ နားလည်လား "
" ဒါဆို အဖေ့ကိုမြုပ်ထားတာပြန်မတူးဘူးပေါ့ "
ဘကြီးစိုးမှာ ဝင်းမင်းထွန်း၏ ပုခုံးကို လှမ်းဆုပ်ကိုင်လိုက်
သည်။
" သားရာ ... ပြန်တူးဖို့ မလွယ်ပါဘူးကွာ ... "
" ဘကြီးစိုးက ပြန်မတူးဘူးဆို ... ဘာကိုလာစုံစမ်းတာ
လဲ ... ဘယ်သူ့ကိုစုံစမ်းမှာလဲ "
ဝင်းမင်းထွန်းက နားမလည်နိုင်စွာမေးတော့သည်။
ဘကြီးစိုးက ပါးစပ်လေးဟ ကာပြောပြရန်ပြင်လိုက်ချိန်
တွင် တဘက်ဆိုင်မှ လူနှစ်ယောက်မူးပြီး ရန်ဖြစ်နေကြ
သဖြင့် စကားစပြတ်သွားရတော့သည်။ ခေါက်ဆွဲကြော်လက်ကျန်ကို အမြန်စားပြီး ပိုက်ဆံရှင်းကာ ထိုဆိုင်မှ
ထွက်လာခဲ့ကြသည်။
" ဘကြီးစိုး ... ဖြေဦးလေဗျာ ... ဘကြီးကလဲ "
ဘကြီးစိုးက လမ်းလျှောက်ရင်း သက်ပြင်းချနေ၏။
ထို့နောက် လေးပင်လှသောအသံဖြင့် ခပ်ဖြည်းဖြည်း
ပြောပြလာခဲ့သည်။
" အရင်တစ်ပတ်က သားအဖေ ဘကြီးဆီဖုန်းဆက်လာ
တယ် ... သူနဲ့ ဖိုးထူး ဆိုတဲ့တစ်ယောက်နဲ့ အလုပ်တစ်ခု
လုပ်ကြမယ်တဲ့... ငွေမြောက်မြောက်များများရမယ်လို့
ပြောတယ် ... ဘာအလုပ်လဲမေးတော့ မပြောပြဘူး ...
ရတာနဲ့ပြန်လာမယ် ... အိမ်အသစ်ဆောက်မယ်တဲ့ ...
အဲ့ကြရင် အိမ်ဆောက်ဖို့ ကူညီပေးဦးလို့ပြောတယ် ...
ဘကြီးစဉ်းစားေနတာက... ဖိုးထူးနဲ့သွားတွေ့ရမယ်...
အဲ့အလုပ်နဲ့ပတ်သက်ပြီးတခုခုများဖြစ်ခဲ့သလား စိတ်
ထင့်မိလို့ပါသားရယ် ... "
" အဲ့ဒါတော့ဟုတ်တယ်ဘကြီးရ ... အဖေလည်းအိမ်ကို
ဖုန်းဆက်လာတော့ အဲ့လိုပဲပြောခဲ့တာ ... သားတို့အကုန်
ပျော်လွန်းလို့ အဖေပြန်လာမှာကိုပဲ မျှော်နေကြတာလေ "
ဝင်းမင်းထွန်းမှာ ပြောရင်း ရင်ထဲပြည့်ကြပ်လာခဲ့သည်။
" ကဲ ... မြိုင်ကလေးရောက်ရင် အလုပ်ရှင်နဲ့တွေ့ ...
တိုးကြီးမြုပ်ထားတဲ့နေရာသွားကြည့်ပြီး ဖိုးထူးနဲ့ တွေ့
ကြည့်ရမယ် ... ဘာမှမထူးလည်း ပြန်ရုံပေါ့ကွာ ... တ
ကယ်လို့ တိုးကြီးပြောသလို သူ့အလုပ်အသစ်က ပိုက်
ဆံလေးရခဲ့တာဆိုရင် သားတို့အတွက် ပြန်ယူပေးချင်လို့
ဘကြီးလိုက်လာခဲ့တာပဲ ... သားအမေမနွဲ့က ဘာမှသိတာမဟုတ်ဘူး ... ထုံအအနဲ့ကွ .. "
ဘကြီးစိုးပြောတာလည်းဟုတ်သည်။ မကြည်နွဲ့က လူ
ယုံလွယ်၏။ ဘယ်သူဘာပြောပြော အဟုတ်ကြီးသာ
ထင်တတ်သည်။ သူ၏အရိုးခံစိတ်ကြောင့် လူတိုင်းရိုး
မည်ဟု မှတ်ယူနေသူလည်းဖြစ်လေသည်။
နားခိုရာဘုန်းကြီးကျောင်းသို့ရောက်သော် ဗိုက်လည်း
တင်း၊ ညောင်းလည်းညောင်းလှသဖြင့် တခါတည်း အိပ်
စက်လိုက်ကြတော့သည်။ ဝင်းမင်းထွန်း၏မျက်ဝန်းထဲ
အလွန်မှောင်မိုက်နေသော ချောက်ကမ်းပါးကြီးတစ်ခု
ကိုမြင်နေရသည်။ ထိုချောက်ကမ်းပါးအစွန်းတွင် ဖခင်
ဖြစ်သူက လဲကျနေသည်။
ဝင်းမင်းထွန်းမှာ ဖခင်အနားသို့ အမြန်ပြေးသွားပြီး
အနားရောက်သွားသည့်အခါ
" သား... ဖိုးထူးကိုမယုံနဲ့... သူတို့ပေါင်းကြံကြတာ ...
အဖေ့ကိုလုပ်ကြံသွားတာ ... "
" အဖေ "
ဝင်းမင်းထွန်းမှာ ကိုတိုးကြီးကို မြင်ပြီး အော်ပစ်မိသည်။
" အဖေ့လည်ချောင်းထဲမှာ တစ်ပွင့်စိန်လေး တစ်လုံးရှိ
တယ် ... အဲ့ဒါကိုထုတ်လိုက် ... ဘယ်သူ့မှမမြင်စေနဲ့"
" အဖေ ... အဖေဘယ်မှာလဲ ... အဖေမသေဘူးဆို ...
သားလာခေါ်တာလေ ... သားတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ
အဖရော "
ဝင်းမင်းထွန်းမှာ ကိုတိုးကြီးလက်ကိုကိုင်ပြီး ရှိုက်ကြီး
တငင်ငိုကြွေးနေခဲ့၏။ သူ၏ငိုသံမှာ အပြင်ဖက်အထိ
လျှံကျလာလေသည်။
" သား ... မင်းထွန်း ... သား ... ဘာဖြစ်တာလဲ "
ဘကြီးစိုးလှုပ်နိုးမှ အိပ်မက်မက်နေမှန်း သတိပြုမိလိုက်
တော့သည်။ သူ၏မျက်နှာနှင့် ခေါင်းအုံးတို့မှာ မျက်ရည်
များဖြင့်စိုရွှဲနေလေသည်။ အိပ်ရာမှလူးလဲထထိုင်ပြီး
ဘကြီးစိုး၏ လက်မောင်းကို ဆွဲထားရင်း ပြောလိုက်
၏။
" သားကိုကူပါဦးဘကြီးရာ ... အဖေ့အလောင်းကိုပြန်
တူးချင်တယ်ဗျ ... ဟီး ... အီး "
ဘကြီးစိုးက ဝင်းမင်းထွန်း၏ ကျောပြင်ကို လက်ဖြင့်
သပ်ချရင်း ဆိတ်ဆိတ်နေနေတော့သည်။
နောက်တနေ့မနက်ရောက်သည့်အခါ မြိုင်ကလေးသို့
သွားမည့် ကားရှိပြီဖြစ်ကြောင်းသိရသဖြင့် ထိုကားနှင့်
လိုက်ပါရန် ကားအနီးတွင် ထိုင်စောင့်နေခဲ့ရသည်။ ကား
ဆရာက မြေးအဖိုးနှစ်ယောက်ဟုထင်မှတ်ပြီး ပိုက်ဆံ
တစ်ယောက်သုံးထောင်စီ ပိုပေးပါက ကားရှေ့ခန်းတွင်
လိုက်ပါ၍ရမည့်အကြောင်း လာပြောလေသည်။
ဘကြီးစိုးကလည်း ကားနောက်ခန်းကိုတစ်ချက်ကြည့်
မိလိုက်၏။ နောက်ခန်းမှာ သက်တောင့်သက်သာမရှိလှ
ချေ။ လူပေါင်းစုံနှင့် ကြပ်ညှပ်စွာစီးရမည်ဖြစ်သည်။
ထို့ကြောင့် ရှေ့ခန်း၌သာလိုက်ပါမည့်အကြောင်းပြောဆို
လိုက်တော့သည်။
" ဘကြီးစိုး ... အဖေပြောတော့ ဒီတဝိုက်က ရွှေထွက်
တာဆို ... ရွှေကြောကြီးတွေရှိတာဆို ... "
" အေးလေကွာ "
" အဲ့ဒါကဟုတ်ရောဟုတ်ပါ့မလားဘကြီးရ ... ဒီကလူ
တွေများ သားသားနားနား သိပ်မရှိလှဘူးရယ် ... "
" အော် ... ငါ့တူရယ် ... ရှိတဲ့ရွှေကြောတွေ ရွှေတွင်းတွေ
အကုန် ကုမ္ပဏီကြီးတွေကပိုင်တာကိုးကွဲ့ .. အပြင်လူ
တွေက အလုပ်ကြမ်းသမားတွေချည်းပဲ ... လုပ်အားခက
လွဲရင် ဘာမှပိုပိုလျှံလျှံ မရလို့ပေါ့ကွယ် "
" ဟင် ... ဒါဆို ရွှေတွင်းပိုင်တဲ့သူတွေပဲ အဲ့ဒီရွှေတွေရ
တာပေါ့ ... "
" အေးပေါ့ကွ ... အလုပ်သမားက လုပ်အားခပဲရမှာ
ပေါ့ ... ငါ့တူကဘယ်လိုထင်နေလို့တုန်း "
" အဲ့လိုဆို မမိုက်ပါဘူးဗျာ ... ကျွန်တော်က ရွှေတွေရ
တယ်ထင်နေတာ "
" သူ့ကြားပေါက်နဲ့သူတော့ရှိမှာပေါ့ကွာ ... "
ပြောရင်း ကားဆရာမှ ကားထွက်တော့မည့်အကြောင်း
အော်ပြောရင်း ကားပေါ်တက်ခိုင်းလာသည်။ ဘကြီးစိုး
တို့လည်း အရင်တက်လိုက်ကြ၏။ ဝင်းမင်းထွန်းက
အလယ်ခုံတွင်ထိုင်ပြီး ဘကြီးစိုးက ဘေးအခြမ်းဘက်
ထိုင်လိုက်သည်။
လူပြည့်သည်နှင့် ကားစထွက်တော့သည်။ ရာသီဥတုပူ
အိုက်သော်လည်း ကားမှန်ချထားရာ လေလေးတဖြူး
ဖြူးဖြင့် ပတ်ဝန်းကျင်ကိုငေးမောရင်း စီးလာကြသည်။
" ကားဆရာ ... မြိုင်ကလေးရောက်ဖို့ ဘယ်နှနာရီလောက်
မောင်းရလဲဗျ "
" အင်း ... ပုံမှန်ဆိုရင်တော့ ၈ နာရီလောက်မောင်းရတယ်
... တခါတလေလည်း ကားကထဖောက်ရင် ကြာတတ်
တာတော့ရှိတာပေါ့လေ "
" အော် ... ဒါနဲ့ မြိုင်ကလေးကို တစ်ရက်ခြားမှ ကားတစ်
စီးထွက်တာဘာလို့တုန်း "
" မြိုင်ကလေးဖက်က အသွားအလာနည်းတယ် ... အဲ့
ဖက်ကလူအကုန်နီးပါးက ရွှေတွင်းထဲရောက်နေကြတယ်
လေ ... သူတို့က ဗြုန်းတွေ့မှ ပိုက်ဆံပေါပေါသုံးရတာ...
အဲ့မှပဲ ရွှေသာယာဖက်ကို လာပြီး ဝယ်ကြခြမ်းကြတာ
ဗျ ... အစ်ကိုတို့က ဘယ်ကတုန်းဗျ ... အလုပ်လာလုပ်
တာလား "
" အလုပ်လုပ်ဖို့မဟုတ်ပါဘူးဗျာ ... ကျွန်တော်ညီ ဝန်ချီ
ကြိုးပြတ်ကျပြီး ဆုံးသွားတယ်ဆိုလို့ ရောက်လာရတာ
ကားဆရာရေ ... "
" ဟာ ... စိတ်မကောင်းပါဘူးဗျာ ... ဒီအလုပ်တွေက
လည်း အဲ့လိုတွေ မကြာမကြာဖြစ်လေ့ရှိတယ်ဗျ ... အ
သက်နဲ့ရင်းပြီး လုပ်စားရတာပဲအစ်ကိုရာ "
" အင်း ... ဒါနဲ့ကားဆရာရေ ... မြိုင်ကလေးကနေ ရွှေ
တွင်းတွေဖက် ဘယ်လောက်သွားရသေးလဲ "
" သိပ်မသွားရတော့ဘူး ... ဆိုင်ကယ်ကယ်ရီရှိတယ်
အစ်ကို ... ၂ နာရီလောက်မောင်းရင်ရောက်ပြီ ... မြိုင်
ကလေးကပဲငှားသွားလိုက် "
ထိုသို့နှင့် မြိုင်ကလေးရွာသို့ဆိုက်ရောက်လာခဲ့တော့
သည်။ ထိုရွာကလေးသည် ရွှေသာယာမြို့သစ်ထက်ပင်
စည်ကားသယောင်ဖြစ်နေ၏။ ရွှေလုပ်သားအတော်များ
များမှာ မြိုင်ကလေးတွင်နေကြသည်ကများသည်ဟုဆို
သည်။
ထိုရွာ၌ပင် ခဏအမောဖြေပြီး အဆာပြေ လက်ဖက်ရည်
နှင့် ကော်ပြန့်လိတ်ကြော်စားလိုက်ကြသည်။ စားပြီး အ
ညောင်းအညာလည်းပြေပြီဖြစ်၍ ဘကြီးစိုးနှင့် ဝင်းမင်း
ထွန်းမှာ ဆိုင်ကယ်ကယ်ရီ တစ်စီးငှားပြီး သုံးယောက်စီးကာ ခရီးဆက်ခဲ့ကြလေတော့သည်။
မြိုင်ကလေးရွာနှင့် ရွှေတွင်းလုပ်ကိုင်ကြသည့်နေရာမှာ
တဆက်တည်းကဲ့သို့ပင်ရှိနေ၏။ လမ်းဘေးတွင် အိမ်
များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ လေထိုးကျွတ်
ဖာဆိုင်များ အစရှိသဖြင့် မပြတ်နေပေ။
ဤသို့ဖြင့်ကိုတိုးကြီး အလုပ်လုပ်ရာ နေရာသို့ မေးရင်း
စမ်းရင်း ရောက်သွားကြတော့သည်။ ရောက်သွားသည့်
အခါ ဘကြီးစိုး တွက်ထားသည့်အတိုင်းပင် အလုပ်ရှင်
က ထိုနေရာ၌မရှိပေ။
မန်နေဂျာသာရှိသည်ဟုဆို၏။ ထိုသူနှင့်တွေ့ဆုံရန်
စောင့်ရဦးမည်ဆိုသဖြင့် ငှားလာသော ဆိုင်ကယ်ကယ်
ရီသမားကိုပါ တနေရာ၌စောင့်ဆိုင်းနေရန် မှာလိုက်
တော့သည်။ ကယ်ရီသမားက လုပ်ငန်းခွင်ထဲရှိ အရိပ်
ရရာအပင်ကြီးအောက်တွင် သွားစောင့်နေလေ၏။
ထို့နောက် ၁၅ မိနစ်ခန့်ကြာပြီးမှ မန်နေဂျာဖြစ်သူနှင့်
တွေ့ခွင့်ရခဲ့သည်။ ကိုတိုးကြီးအတွက် ကုမ္ပဏီမှနစ်နာ
ကြေးပေးပါမည့်အကြောင်းပါကြားသိခဲ့ရသည်။ ဘကြီးစိုးတို့ရောက်သွားမှ ကြားရခြင်းလည်းဖြစ်သည်။ ကိုတိုးကြီးဝန်ချီကြိုးပြတ်ကျသဖြင့်ဆုံးပါးသွားပြီဟုအကြောင်း
ကြားစဉ်က နစ်နာကြေးကိစ္စမပါရှိခဲ့ချေ။
ဘကြီးစိုးကတော့ လာမိတာမှန်သွားပြီဟု စိတ်ထဲတွေး
နေမိလေသည်။ နစ်နာကြေးလေးရပါက ကိုတိုးကြီး၏
ကျန်ရစ်ခဲ့သော မိသားစုဝင်များ အနည်းငယ်တော့ အ
ဆင်ပြေသွားပေလိမ့်မည်။ သို့သော် လူတစ်ယောက်၏
အသက်နှင့် တွက်လျှင် ထိုငွေမှာ မဆိုစလောက်မျှသာ
ပင်။ အဘယ်သို့ တန်မည်နည်း။
ရွှေလုပ်သားအချို့ထံ ဖိုးထူးကိုစုံစမ်းမေးမြန်းကြည့်
သည့်အခါ ဖိုးထူးမှာ ကိုတိုးကြီး အလောင်းမြေချပြီး
ကတည်းက မတွေ့ရသေးကြောင်းဖြေကြ၏။ သူ ယခု
နေထိုင်ရာ လိပ်စာကိုတော့ ရရှိလာခဲ့သည်။ ဖိုးထူးက
မြိုင်ကလေးရွာနှင့်ကပ်ရက်ရှိ ညောင်ကိုင်းရွာ၌ နေသည်
ဟုဆိုသဖြင့် ထိုရွာသို့သွားကြည့်ရပေဦးမည်။
မန်နေဂျာဖြစ်သူက ကိုတိုးကြီး မြေချထားရာ မြိုင်ကလေး
သုဿာန်သို့ လိုက်ပို့ရန် သူ့တပည့်တစ်ယောက်အား တာ
ဝန်ပေးခဲ့သည်။ ထိုမန်နေဂျာဖြစ်သူအမည်က ကိုသန်း
ဇော်ဝင်း ဟုသိရပြီး ဘကြီးစိုးတို့လာသည်ကို နှစ်မြို့ဟန်
မရချေ။
ပြောစရာဆိုစရာများပြီးစီးသည်နှင့် အလုပ်ကိစ္စရှိသေး
သည်ဟုဆိုကာ ပညာရှိနည်းဖြင့် နှင်လွှတ်နေသလိုရှိ၏။
ဘကြီးစိုးတို့မှာလည်း ကိုသန်းဇော်ဝင်း တပည့်ဖြစ်သူ
နှင့် မြိုင်ကလေးသုဿာန်သို့ သွားရန်သာရှိတော့သည်
မဟုတ်လား။
ကိုသန်းဇော်ဝင်းတပည့်ဖြစ်သူ ကိုကျော်နိုင် ဆိုသူက
လိုက်ပို့ရန်အတွက် အဝတ်အစားလဲမည်ဆိုပြီး ခေတ္တ
စောင့်ဆိုင်းခိုင်းလေသည်။ ဘကြီးစိုးနှင့် ဝင်းမင်းထွန်း
တို့မှာ သစ်ပင်ရိပ်အောက်တွင် စောင့်ဆိုင်းနေစဉ် လူရွယ်
တစ်ယောက်သည် အပြေးလေးလာနေသည်ကို တွေ့မြင်
လိုက်ရတော့သည်။
" ကိုတိုးကြီး အစ်ကိုလားဗျ "
" ဟုတ်ပါတယ် ... ကျွန်တော်ပါ ... ကိုတိုးကြီးအစ်ကို
ကိုစိုးထွန်းပါ "
ထိုလူရွယ်မှာ ကျီးကန်းတောင်းမှောက် ကြည့်ရင်း
ခပ်တိုးတိုး ပြောလာ၏။
" ကျွန်တော်က ကိုတိုးကြီးနဲ့ တစ်ခန်းထဲနေတာပါ ...
အူငဲလို့ခေါ်ပါတယ်ဗျ... အစ်ကို့ကို ကျွန်တော်ပြောပြချင်တယ်ဗျာ ... အချိန်ကလည်းမရ ... ဘယ်လိုလုပ်ရမယ်
မသိဘူး ... "
" အခုပြောလို့ရပါတယ် "
" မဖြစ်ဘူးဗျ ... ဒီလိုလုပ်ဗျာ ... အစ်ကိုတို့မပြန်သေး
ဘူးမို့လား ... လာမယ့် ကြာသပတေးနေ့ကြရင် ရွှေသာ
ယာကို ကျွန်တော်သွားဖို့ရှိတယ် ... အဲ့ကြရင် တွေ့လို့ရ
မလား "
ဘကြီးစိုးက မျက်မှောက်ကျုတ်ရင်း ရက်တွက်ကြည့်
နေသည်။
" ဒီနေ့ဘာနေ့ ... အင်း... အင်္ဂါ ဆိုတော့ သဘက်ခါပေါ့ "
" ဟုတ်လား ... ကျွန်တော်လည်း ရက်စွဲတွေမသိတော့
ဘူး ... ကြာသပတေးနေ့ ရွှေသာယာသွားရမယ်ပဲ မှတ်
ထားတာဗျ "
" ရတယ်လေ ငါ့ညီက ဘယ်မှာတွေ့မှာတုန်း "
" ရွှေသာယာမှာပဲ တွေ့မယ်ဗျာ ... မြိုင်ကလေးမှာစိတ်
မချရဘူး ... ရွှေသာယာရောက်ရင် ဦးချစ်ဆွေဆိုင်ကို
ပို့ပေးလို့ပြောလိုက် ... အဲ့ဆိုင်မှာ နေ့ခင်း ၂ ချက်တီး
လောက်အရောက်သွားပြီး စောင့်နေအစ်ကို ... အော်
ဒါနဲ့ ... ကျွန်တော်နဲ့ချိန်းထားကြောင်း ဘယ်သူ့မှမပြော
နဲ့ဗျ ... နော် "
" အေးပါကွာ "
" အခု ကျွန်တော်တို့ကိုမြင်တဲ့သူရှိရင်လည်း ... ကိုတိုး
ကြီး အစ်ကိုမလို့ လာနှုတ်ဆက်တာသာပြော "
ဘကြီးစိုးလည်းခေါင်းညိမ့်ပြလိုက်၏။ ထိုသူက မြန်မြန်ပြောပြီး လှစ်ခနဲ ပြန်ထွက်သွားလေသည်။ ထိုလူပြန်
သွားပြီး ကိုကျော်နိုင်က ဆိုင်ကယ်ဖြင့်ရောက်လာတော့
သည်။
" သူနဲ့ သိတာလား "
ကိုကျော်နိုင်က အူငဲဆိုသူဖက် မေးငေါ့ပြရင်းမေးလာ
သည်။ ထိုသူ၏ အကြည့်ကို ဝင်းမင်းထွန်း မကြိုက်နေ
ပေ။ မိမိတို့မည်သူနှင့် ဘာပြောပြော ၎င်းနှင့်မဆိုင်ချေ။
သူတပါး၏ကိစ္စထဲ ဝင်ရောက်လွန်းသည်ဟု တွေးနေမိ
၏။
" လူကိုတော့ခုမှမြင်ဖူးတာပါကွာ ... တိုးကြီးမိတ်ဆက်
ပေးလို့ သိပါတယ် "
" အော် ... ဘယ်တုန်းကမိတ်ဆက်ပေးတာလဲ ... "
ကိုကျော်နိုင်က ပြောပြီးမှ မလုံမလဲဖြစ်သွားဟန်ရလေ
သည်။
" တမျိုးမထင်ပါနဲ့ဗျာ ... ဒီကောင်တွေက တခြားမသွား
ဖူးလို့ ... ဘယ်လိုသိကျွမ်းတာလဲ သိချင်မိလို့ပါ "
" ဖုန်းပြောဖူးတာပါ ငါ့ညီရာ ... ခုလည်း တိုးကြီး ဆုံး
သွားတာ စိတ်မကောင်းကြောင်း လာပြောနေတာ ...
လိုတာရှိရင်လည်းပြောပါတဲ့ ... သိတာေတာ့ကြာပါပြီ...
ခုမှလူချင်းတွေ့ဖူးတာရယ် "
ဘကြီးစိုး အဖြေကြားပြီးေနာက်ကိုကျော်နိုင်က ဆက်မမေးတော့ပေ။ ယုံကြည်သွားဟန်လည်းရသည်။ ထို့
နောက် ကိုကျော်နိုင်ဆိုင်ကယ်နောက်တွင် ဘကြီးစိုးက
ထိုင်လိုက်ခဲ့ပြီး ငှားလာသောကယ်ရီနောက်တွင် ဝင်း
မင်းထွန်းက လိုက်ကာ မြိုင်ကလေးသုဿာန်ဆီသို့ ဦး
တည်လိုက်ကြလေတော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။