
" ယွန်း ... ယွန်း ... ဘာဖြစ်သွားတာလဲ "
ကျွန်မအလန့်တကြားနဲ့ ယွန်းကို ပွေ့ထူလိုက်တယ်။ ဒါ
ပေမယ့် ယွန်းက မျက်နှာသေကြီးနဲ့ ကျွန်မကိုကြည့်နေ
တယ်လေ။
" ဟဲ့ ... ဘာဖြစ်သွားသေးလဲလို့ ... "
ယွန်းရဲ့မျက်လုံးတွေက သေနေသလိုပဲ။ ပြီးတော့အသံ
ဩဩကြီးနဲ့ပြောလာတယ်။
" နင်တို့ငါ့ကိုသတ်သွားတာ ... "
ကျွန်မအရမ်းလန့်ပြီး ယွန်းကိုပွေ့ထားရာကနေ လွှတ်ချ
လိုက်မိတယ်။ အဲ့ဒီအခါ ယွန်းဆီက နာကျင်လို့ညည်းသံ
ကထွက်လာတာပေါ့။
" အ့ ... ငါထလို့မရဘူး ... "
ကျွန်မသေချာပြန်ကြည့်လိုက်တော့ ယွန်းကပုံမှန်ပြန်
ဖြစ်နေပါပြီ။
" ယွန်း ... နင် ... နင်အစစ်ပါနော် "
" ငါအစစ်ပါဟ ... ငါ့ကိုထူဦး.. မိုး ... မြန်မြန် "
ယွန်းကိုမဝံ့မရဲနဲ့ထူပေးလိုက်တာနဲ့ ယွန်းက ကျွန်မကိုဆွဲ
ပြီး အခန်းထဲကနေ အမြန်ထွက်တော့တယ်။
" နင်ဘာဖြစ်တယ်ဆိုတာသိရဲ့လား "
ကျွန်မလည်းလန့်လန့်နဲ့ယွန်းကိုတွဲထားရင်းပြောနေမိ
တယ်။ ယွန်းကဘာမှပြန်မဖြေဘဲတကိုယ်လုံးချွေးစေး
တွေပျံနေတယ်လေ။
တစ်ဖက်အခန်းဆီရောက်မှ ယွန်းကကျွန်မလက်ကို
အတင်းဆုပ်ကိုင်ထားရင်းပြောလာတော့တယ်။
" ငါခေါင်းအုံးယူနေတုန်း ငါ့နောက်ကခြေသံကြားလို့
နင်ထင်ပြီးလှည့်ကြည့်လိုက်တာ ကုမုဒြာကငါ့ဘေးရပ်
နေတယ် ... ငါလန့်ပြီးအော်ပေမယ့်အော်မရဘူး ... သူက
ငါ့ဆီတိုးလာပြီးတော့ ငါ့ကိုယ်ထဲဝင်သွားတဲ့အချိန်မှာ
ငါ့ကိုယ်ငါမထိန်းနိုင်ဘဲ မေ့လဲကျသွားတာပဲမိုး ... ကုမု
ဒြာက ငါ့ကိုလိုက်ခြောက်နေပြီ ... သူ့ကိုသတ်မိတာ...
ငါ့ကိုကျေနပ်မှာမဟုတ်ဘူး ... ငါဘာလုပ်ရမလဲမိုးရယ်..
အီး ... ဟီး ... အီး "
မိုးကပြောပြရင်းငိုချလာတော့ ကျွန်မဘာပြောရမယ်
မသိတော့ဘူး။
" ငါ့ကိုသူဘာပြောသွားလဲဆိုတာရော နင်သိနေလား "
ယွန်းကခေါင်းခါပြတယ်။
" ငါသတိမေ့သွားသလိုဖြစ်သွားတယ် ... ဘာမှမမှတ်မိ
ဘူး ... ဘာပြောသွားလဲ ... ပြောပြစမ်းပါ "
" နင်တို့ငါ့ကိုသတ်သွားတာတဲ့ "
ကျွန်မလေသံကတကယ်တိုးတိုးလေးပါ၊ ဒါပေမယ့်
ယွန်းကအရမ်းထိတ်လန့်သွားပြီး မျက်နှာပျက်နေပြီ။
" ငါတို့ကိုကလဲ့စားချေမှာလားမသိဘူး... ငါ့ကိုပြန်သတ်
မှာလား "
" ဟာနင်ကလဲ ... သရဲကလူကိုသတ်နိုင်ပါ့မလားဟ "
" ကိုယ်ထိလက်ရောက်မသတ်နိုင်ပေမယ့် သူ့ကိုမြင်ရ
တာ နှလုံးရပ်တော့မယ့်အတိုင်းပဲ ... ဒီပုံအတိုင်းဆို ငါ
သေလိမ့်မယ် မိုး "
" ကိုဘုန်းနဲ့ပြောမှဖြစ်မှာ ... ဖုန်းဆက်ကြည့်ပါဦး "
ကျွန်မယွန်းအိမ်မှာဆက်မနေရဲတော့ဘူး။ ဖြစ်နိုင်ရင်
ဒီအိမ်ကနေမြန်မြန်ပြန်ထွက်ချင်နေပြီ။ ဒါပေမယ့် ဒီ
ပြဿနာကြီးကို ယွန်းတစ်ယောက်တည်းချန်ထားခဲ့ပြီး
မသွားရက်ဘူးလေ။
စခဲ့တုန်းက ကျွန်မလည်းပါတယ်မဟုတ်လား။ အဆုံးထိ
အတူရင်ဆိုင်ရတော့မှာပေါ့။ ရဲဘော်ရဲဘက်စိတ်ဆိုတာ
ဒါကိုပြောတယ်ထင်ပါတယ်။ ယွန်းက ကိုဘုန်းကိုဖုန်းဆက်ပေမယ့် ဆက်မရခဲ့ဘူး။
" ဖုန်းမရဘူး ... ငါတို့အပြင်မှာလိုက်ရှာကြမလား ...
ထိုင်စောင့်နေရတာငရဲကျနေသလိုပဲ ... "
" သူသွားတတ်တဲ့နေရာနင်သိလား "
" သိလည်း ကုမုဒြာနဲ့ပတ်သက်တဲ့နေရာတော့မသိဘူး
လေ ... သူ့အိမ်ကလွဲလို့ဘယ်သိမှာလဲ "
" ယွန်း ... သူကဒီအိမ်မှာခြောက်နေတာဆို ငါတို့ဟိုအိမ်
ပြန်သွားကြည့်မလား ... ကိုဘုန်းကအဲ့မှာရှိရင်ရှိနေမှာ
ပေါ့ "
" နင်သွားရဲလို့လား "
" သွား ... "
ကျွန်မစကားစနေတုန်းမှာပဲ တစ်ဖက်အခန်းကနေလူသံ
ကြားလိုက်ရပြန်တယ်။
" ကြားလား ... "
" အေ ... သွားကြည့်ရအောင် ''
ကျွန်မတို့မှာကြောက်ကြောက်နဲ့ နှစ်ယောက်သားပူးကပ်
ပြီး ဖြည်းဖြည်းလေးလျှောက်သွားကြည့်လိုက်တယ်။
အခန်းတံခါးက ကျွန်မတို့ထွက်လာတုန်းကလို အပွင့်
လိုက်ပဲ။ အခန်းရှေ့ကိုရောက်လို့ အထဲကိုကြည့်ပေမယ့် ဘယ်သူ့မှရှိမနေဘူး။
" နင့်အခန်းထဲကို ငါမဝင်ရဲနေတာ "
" ငါလည်းမဝင်ရဲဘူး ... အပြင်ကဘဲကြည့်ကြတာပေါ့ "
အပြင်ကနေအထဲကိုချောင်းကြည့်ကြတယ်။ ဘာမှမပြောင်းလဲနေဘူး။ လူသံကြားလိုက်တာသေချာပါတယ်။
ကျွန်မလည်းသတိရသွားပြီး ယွန်းကိုလက်လှမ်းပုတ်လိုက်
တယ်။
" နင်မနေ့ကဝတ်ထားတဲ့ အဝတ်တွေဘယ်မှာလဲ "
ယွန်းကငိုမဲ့မဲ့နဲ့အခန်းထဲလက်ညိုးထိုးပြတယ်။
" အဲ့မှာသူ့သွေးပေနေတာနေမှာပေါ့ ... သွားယူပြီး လွှင့်
ပစ်လိုက်တော့ "
ကျွန်မတို့နှစ်ယောက်သား ကြောက်ကြောက်နဲ့အခန်းထဲ
ပြန်ဝင်လာခဲ့ကြတယ်။ ယွန်းကအခန်းထောင့်မှာချထား
တဲ့ အဝတ်ခြင်းကိုကောက်ယူပြီး ကျွန်မကိုလိုက်ခဲ့လို့
ခပ်တိုးတိုးပြောလိုက်တဲ့အချိန်မှာပဲ တစ်ဖက်အခန်း
မှာကျန်ခဲ့တဲ့ယွန်းရဲ့ဖုန်းကမြည်လာပါလေရော။ ဟိုဖက်အခန်းဆီတစ်ခါပြန်သွားပြီး အဝတ်ခြင်းကိုချလို့ ယွန်း
ကဖုန်းကိုင်လိုက်တယ်။
" ဟုတ်ပါတယ်ရှင့် ...
ရှင် ... ဘယ်လို ...
ဘယ်နေရာလဲမသိဘူးနော် ...
အော် ... ဟုတ် ... ဟုတ် ...
ရုံးကို အခုလာခဲ့ပါ့မယ် ...
ကျေးဇူးပါနော်ဆရာ ... "
ယွန်းကဖုန်းချပြီးတာနဲ့ ထိတ်လန့်တကြားကျွန်မကို
ပြောလာတယ်။
" ကိုဘုန်းရဲ့ကားက မြို့ရှောင်လမ်းဘက်မှာရပ်ထား
တာ ၂ရက်ရှိပြီတဲ့ ... အဲ့နားကရပ်ကွက်လူကြီးက လမ်း
ပိတ်နေလို့ မော်တော်ပီကယ်ကိုဖုန်းဆက်ခေါ်လိုက်တာ
ကားကရုံးကိုဆွဲသွားပြီတဲ့မိုးရယ် ... "
" ဟယ် ... ဘယ်သူဆက်လာတာလဲ "
" အဲ့ဒီရုံးက ငါတို့အသိမော်တော်ပီကယ်ဆက်လာတာ...
သူက ကိုဘုန်းရဲ့ကားကိုသိတယ်လေ ... "
" ရပ်ထားတာ ၂ရက်ရှိပြီဆို ဟုတ်ပါ့မလား "
" အေးနော် ... မနေ့ကတောင်ပြန်လာသေးတာပဲ ...
ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်မယ် ... ကိုဘုန်းရဲ့ကား
သော့နောက်တစ်ချောင်းအရင်ရှာရဉီးမယ် ... ခဏလေး"
ယွန်းကဗီဒိုအံဆွဲတွေထဲမွှေကြည့်နေတယ်။ မတွေ့တော့
အဝတ်ဗီဒိုထဲထပ်ရှာတယ်။ ကိုဘုန်းအဝတ်တွေကြားထဲ
က ဖိုင်အကြည်တစ်ခုထဲ ပလက်စတစ်အိတ်လေးနဲ့ထည့်
ထားတဲ့ ကားသော့အပိုတစ်ချောင်းကိုတွေ့တော့ ယွန်း
ကသူ့ပိုက်ဆံအိတ်ထဲထည့်ယူလိုက်တော့တယ်လေ။
ကျွန်မနဲ့ယွန်းနဲ့ သွားဖို့အခန်းကနေအထွက် အခန်းတံခါး
ကြီးက ' ဝုန်းခနဲ ' ပိတ်သွားလို့ လန့်ပြီးအော်လိုက်မိ
တော့တယ်။
" ဘာ ... ဘာ ကြီးလဲ "
" ဟိုကောင်မလေးနေမှာပေါ့ ... နေဦး အဝတ်ခြင်းထဲက
အဝတ်တွေတခါတည်းပစ်ဖို့ယူလိုက်ဦးမယ် "
ယွန်းကအထိတ်ထိတ်အလန့်လန့်နဲ့ မနေ့ကဝတ်ထားတဲ့
သူ့အဝတ်တွေကို ကျွပ်ကျွပ်အိတ်အမည်းထဲယူထည့်
နေတယ်။ ပြီးတာနဲ့ အိမ်ကနေထွက်လာလိုက်ကြတယ်
လေ။
ရုံးကိုရောက်တဲ့အခါ ကိုဘုန်းစီးနေကြ ခဲရောင်ကား
လေးကို တွေ့လိုက်ရတယ်။ ယွန်းက ဒဏ်ကြေးတွေ
ဆောင်ရတာပေါ့။ သူတို့ပြောတာကတော့ ခုနကအတိုင်း
ပဲ၊ ကားကလမ်းဘေးချမရပ်ဘဲ လမ်းပေါ်ရပ်ထားလို့
တခြားကားတွေသွားရခက်တဲ့အတွက် ရပ်ကွက်လူကြီး
က ဖုန်းဆက်တိုင်လာတာ။ ရပ်ထားတာ ၂ ရက်ရှိပြီ ဆို
တာလည်း အမှန်ပဲတဲ့။
ကျွန်မတို့ခေါင်းတစ်ခုလုံးချာချာလည်သွားရတော့တယ်။
ယွန်းက မနေ့ည ကိုဘုန်းပြန်လာသေးတာ်ဆိုပြီးပြောနေတော့ ကားကိုပြန်သွားမယူဘဲ တက္ကစီများငှားပြန်လာ
သလားမပြောနိုင်ဘူး။ ဒါဆိုလည်း ဒီမနက်တော့ပြန်ယူ
ရမယ်မဟုတ်လား။
အဆက်အသွယ်လည်းမရ၊ ဘာတွေဖြစ်ကုန်ပြီမှန်းမသိနဲ့
ခုဆို အလောင်းလည်းပျောက်၊ ကိုဘုန်းလည်းပျောက်နေ
ပြီလေ။ ကိုယ့်အပူနဲ့ကိုယ်မလို့ ယွန်းနဲ့ကျွန်မဟာ ရုံးမှာ
စကားကောင်းကောင်းမပြောနိုင်ခဲ့ဘူး၊ ဒဏ်ကြေးဆောင်
ပြီးတာနဲ့ ယွန်းရဲ့ကားကိုကျွန်မကမောင်းပြီး ၊ ကိုဘုန်းရဲ့
ကားကို ယွန်းကမောင်းပြန်လာရတယ်။
အိမ်မှာကားပြန်ထားတဲ့အခါ ဒေါ်ကြီးတင်အေးနဲ့စုထွေး
ကအိမ်အပြင်ဘက်မှာ ထိုင်စောင့်နေတာကို တွေ့လိုက်
ရတော့တယ်။
" သမီးပြန်လာလို့တော်သေးတယ် ...အိမ်မှာသရဲခြောက်
နေတယ်သမီးရယ် ... အရမ်းကြောက်ဖို့ကောင်းတာပဲ "
" ဘယ်လိုတွေခြောက်လို့လဲ "
" အိမ်အပေါ်ထပ်မှာလူသံကြားလို့ တက်ကြည့်မလို့ မီး
ဖိုကနေထွက်လာတာ လှေကားကနေ အိမ်အပေါ်ကို မိန်း
ကလေးတစ်ယောက်တက်သွားတာတွေ့လိုက်တယ် ...
ဒေါ်ကြီးကမျက်စိကမှုံတော့ ဝါးတားတားနဲ့မလို့ ဘယ်သူ
မှန်းမသိဘူးလေ ... ဟဲ့ကလေးမလေး ... ဘယ်သူလဲလို့
မေးတော့ လှေကားဆက်မတက်တော့ဘဲ ရပ်နေတယ် ...
ဒေါ်ကြီးလဲစုထွေးကိုလှမ်းခေါ်တာပေါ့ ... စုထွေး ... စုထွေး
ဆိုတော့ စုထွေးရောက်လာတယ် ... ဟိုမှာဘယ်သူလဲမသိ
ဘူးဆိုတဲ့အခါ စုထွေးကဘယ်သူ့မှမရှိဘူးပြောတယ် ...
ဒေါ်ကြီးရှေ့မှာတင် ရပ်နေတာကို စုထွေးကမရှိဘူးပြော
နေတော့ အရမ်းလန့်သွားတာပဲသမီးရေ ... ဟိုမှာလေ မမြင်ဘူးလား ဆိုပြီး လက်ညိုးထိုးပြလိုက်တာကို ... အဲ့
ဒီကောင်မလေးက လှေကားပေါ်ကနေကျောပေးရက်
ကြီးနဲ့ ခုန်ချလာတာပဲ ... ဒေါ်ကြီးလန့်ပြီးအော်ပစ်လိုက်
တာ ... သေချာကြည့်တော့မရှိတော့ဘူး ... ဒေါ်ကြီး
ကြောက်လို့ အပြင်မှာထွက်ထိုင်နေတာပဲကွယ် "
" ယွန်းတို့အပြင်ခဏသွားရဦးမှာ ... ဒေါ်ကြီးတို့ ခြံထဲမှာ
ပဲထိုင်စောင့်နေ ... အထဲမှာနေမနေနဲ့ ... ဗိုက်ဆာရင်
လမ်းထိပ်ကဆိုင်မှာ မှာစားထားလိုက်ကြနော် ... ကိုဘုန်း
ပြန်လာရင် သမီးကိုချက်ချင်းဖုန်းဆက်ပေး "
" ဒေါ်ကြီးဒီမှာကိုမနေရဲဘူး ... သမီးမသွားပါနဲ့လား "
" မသွားလို့မရဘူးလေ ... မကြောက်နဲ့ ... တစ်ခုခုဆို
ဘုရားရှေ့မှာရေမန်းရှိတယ် အဲ့ဒါနဲ့ပက် "
" အိုး ... အိမ်ထဲတောင်မဝင်ရဲတာ အပေါ်ထပ်ဘယ်လို
တက်ရမတုန်း "
" သမီးပြောသလိုစောင့်နေပါဒေါ်ကြီးကလဲ ... ဘာမှ
ကြောက်နဲ့ "
" ဟုတ်သားပဲ ... အပြင်မှာပဲစောင့်နေနော် ဒေါ်ကြီး...
စုထွေးလည်းရှိသားပဲ ... ကျွန်မတို့မကြာဘူး ... ခဏပဲ
သွားတာ "
ဒေါ်ကြီးတင်အေးက အင်တင်တင်နဲ့ မျက်နှာကြီးရှုံ့မဲ့
နေတယ်။ ကျွန်မတို့မှာလည်း ကိုဘုန်းဘာကြောင့်ကား
ရပ်ထားတယ်ဆိုတာ သိရဖို့ သွားကိုသွားကြည့်မှဖြစ်
မယ်မဟုတ်လား။ အဲ့ဒါနဲ့ ယွန်းရဲ့ကားနဲ့ ကိုဘုန်း
ကားရပ်ခဲ့တယ်ဆိုတဲ့နေရာကို ထပ်သွားကြည့်ကြ
တော့တာပေါ့။
" ကားတွေ့တဲ့နေရာတဝိုက်မှာအလောင်းဖွက်ထား
တာများလား "
" ငါတွေးနေတာလေ ... ကိုဘုန်းကထွက်ပြေးသွားတာ
လားလို့ ... ခုထိအဆက်အသွယ်မရတာဆိုတော့ "
ကျွန်မပြောလို့မဆုံးသေးခင်မှာပဲ ယွန်းဆီဖုန်းဝင်လာ
တယ်။ အဆောင်မှာနေတဲ့ယွန်းရဲ့သမီးလေးကဆက်
တာ။ ဖုန်းအသံဖွင့်ပြောလို့သူပြောတာတွေသိခဲ့ရတယ်။
" ဖေဖေကစာသင်တဲ့အဆောင်နားလာတယ် မေမေ ... အဆောင်အပြင်အထိရောက်လာတာ "
" ဟယ် ... ဆရာမတွေက ပေးဝင်လိုက်တာလား "
" ပေးမဝင်ဘူးမေမေ ... ဘယ်လိုဝင်လာလဲမသိဘူး "
" သမီးကမမေးကြည့်ဘူးလား "
" သမီးစကားမပြောလိုက်ရဘူး ... စာသင်နေတာကို
အပြင်ကရပ်ကြည့်နေတယ် ... စာသင်ပြီးလို့ထွက်ကြည့်
တော့မတွေ့တော့ဘူး ... အဲ့ဒါကြောင့်ဖေဖေ့ဖုန်းကိုဆက်
တာဆက်မရလို့ မေမေ့ကိုခေါ်လိုက်တာ "
" အေ အေ သမီး ... ဆရာမတွေကိုမေးကြည့်သေးလား"
" မေးတယ် ... သူတို့လည်းမသိကြဘူးတဲ့ ... အဆောင်
တံခါးကပိတ်ထားတာ ဘယ်သူ့ကိုပြောပြီးဝင်လာလဲ
မသိဘူး ... မေမေမေးပေးဦး "
" မေမေမေးထားလိုက်မယ် ... သမီးစာလိုက်နိုင်ရဲ့လား"
" ဟုတ်မေမေ .. ဒီနေ့စာနည်းနည်းပိုရတယ် "
" ရအောင်လုပ်နော်သမီး ... မောင်လေးကိုလည်းကြည့်
ထားဦး ... မေမေ မနက်ဖြန်လာခဲ့မယ် "
သူတို့သားအမိပြောနေတာကိုကြားပြီး ကျွန်မထင်တာ
ပိုပြီးခိုင်မာလာတော့တယ်။
" ယွန်း ... ကိုဘုန်းထွက်ပြေးသွားတာသေချာနေပြီ ..
မပြေးခင်ကလေးတွေကို သွားကြည့်တာနေမှာ "
" ဘယ်လိုလုပ်ကြမလဲမိုးရယ် ... ကိုဘုန်းကလူသတ်မှု
နဲ့ ဝရမ်းပြေးဖြစ်တော့မှာလား ... ငါပဲဝန်ခံလိုက်ရမလား
ဟင် "
" ဝန်ခံရအောင် နင့်မှာအလောင်းရှိလို့လားဟ ... နောက်
ပြီး ကိုဘုန်းက နင့်အစားသူခေါင်းခံလိုက်တာလားမသိ
ဘူး ... ပြေးတာမဟုတ်ရင် ရဲစခန်းသွားပြီထင်တယ် "
" ဟုတ်လောက်တယ် ... ကလေးတွေကြောင့် ငါရှိမှ
ရမယ်ဆိုပြီး သူခေါင်းခံသွားတာဖြစ်မယ် ... ကိုဘုန်းကို
တွေ့ချင်လိုက်တာဟာ ... အဟင့် ဟီး "
" နေပါဦးဟာ ... ခုက တွေးကြည့်ရုံအဆင့်ရှိသေးတာ
ဟုတ်ချင်မှလည်းဟုတ်မှာပါ ... "
ယွန်းကိုသာနှစ်သိမ့်ပေးနေရတယ် ကျွန်မကရော ၊ ဘာ
ဆက်လုပ်ရမလဲ။ ထောင်ထဲဝင်ဖို့မဖြစ်နိုင်ဘူး၊ သား
လေးမျက်နှာပဲမြင်ယောင်နေမိတော့တယ်လေ။
ကားတွေ့တယ်ဆိုတဲ့နေရာရောက်တော့ ကျွန်မတို့ဆင်း
ကြည့်လိုက်တယ်။ လမ်းဘေးမှာအိမ်တွေတော့မရှိဘူး။
ဒါပေမယ့် မြေကွက်တွေအကွက်ရိုက်ထားတာအများ
ကြီးပဲ။ တချို့အကွက်တွေဆို အုတ်တံတိုင်းခတ်ထား
ကြတယ်။ အိမ်တော့မဆောက်ကြသေးဘူး။
ခြုံတွေနဲ့ လူလည်းမရှိ၊ တိတ်ဆိတ်နေတာပဲ။ ညမှောင်
လာရင် ချောက်ချားစရာကောင်းတဲ့နေရာမျိုးကြီး။ ကျွန်
မကတော့ ခပ်လန့်လန့်ဖြစ်နေလို့ ယွန်းနားကပ်နေလိုက်
ရတယ်။ ကားရပ်ခဲ့တယ်ဆိုတဲ့နေရာအတိအကျမသိပေမယ့်အဲ့နားတဝိုက်ကိုရှာကြည့်ကြတာပေါ့လေ။
" ကိုဘုန်းကဒီလောက်အဝေးကြီးကို ဘာလို့လာတာဖြစ်
နိုင်တယ်ထင်လဲ ... နင်ပြောသလို ဟိုကိစ္စဖြစ်ဖို့အနီးစပ်
ဆုံးပဲ "
ယွန်းကကျွန်မနားကပ်ပြီးပြောလာတယ်။
" ဒီနေရာမှာဘာရှိလို့လဲ ... လူတောင်မရှိတာ ...
ငါထင်တာသေချာလောက်တယ်ယွန်း "
ဘယ်လိုရှာကြည့်ပေမယ့်ဘာမှထူးခြားတာမတွေ့သလို၊
မသင်္ကာစရာလည်းဘာမှမတွေ့ခဲ့ဘူး။ ညနေစောင်းလေ
လူပြတ်လေမလို့ ခုနေရာမှာကြာကြာမနေရဲနေဘူးလေ။
" မတွေ့လည်းပြန်ရအောင်ဟာ ... ဟိုမိန်းမအိမ်ဖက်
ပတ်ကြည့်ကြတာပေါ့ ... အထဲတော့မဝင်ဘူးလေ ..."
ယွန်းက ဟိုအိမ်ကိုထပ်သွားကြည့်ချင်နေသေးတယ်။
" နင်သွားချင်သွားလေ ... ငါတော့ ကိုဘုန်း ရှိမယ်မထင်
ဘူး ...ခုနကအဆောင်ကိုသွားတယ်ဆို အဆောင်ကနေ
ဘယ်ထပ်သွားနိုင်သေးလဲ... နေဦး ... သူ့ဆိုင်ကိုတစ်
ချက်သွားကြည့်မလား ... ပိုက်ဆံတွေဝင်ယူရင်ယူမှာ
လေ ... "
" ဆိုင်ကိုသွားမှာမဟုတ်ဘူး ... ခုနကငါကြည့်ခဲ့တယ်...
ဆိုင်မှာပိုက်ဆံများများမရိဘူး ... ရဲစခန်းသွားမှာတော့
မဟုတ်လောက်ပါဘူးနော် "
" မသွားလောက်ပါဘူး ... သွားရင်နင့်ဆီရဲတွေလာ
နေလောက်ပြီ "
" အေး ... ဒါဆို ... "
ယွန်းလည်း တွေးရကြပ်နေရတာပေါ့။ ကျွန်မတို့မှာ
ပဟေဠိဖြေနေရသလိုကိုဖြစ်နေကြတာ။ စိတ်ကလည်း
ပူ၊ ရင်လည်းပူနဲ့ အဲ့ဒီကိစ္စကလွဲပြီး ဘာကိုမှစိတ်မဝင်
စားနိုင်တော့ဘူး။
" လောလောဆည် အိမ်ပြန်ကြရအောင်ဟာ ... အိမ်
ရောက်မှဘာလုပ်ကြမလဲ အကြံထုတ်တာပေါ့ "
ကျွန်မတို့လည်း အိမ်ကိုပဲလှည့်ပြန်လာခဲ့ပြီး လမ်းမှာ
ယွန်းရဲ့အဝတ်ထုပ်ကြီးပါတစ်ခါတည်းပစ်ခဲ့လိုက်ကြ
တယ်။ ခြံရှေ့ရောက်တော့ အိမ်ရှေ့မှာငုတ်တုတ်လေး
ထိုင်နေကြတဲ့ ဒေါ်ကြီးတင်အေးနဲ့ စုထွေးကို လှမ်းမြင်
နေရတယ်လေ။ ကျွန်မတို့ကားဝင်လာတာမြင်တာနဲ့ သူ
တို့ခမျာတော်တော်ဝမ်းသာသွားပုံရတယ်။
" သမီးတို့ကိုမျှော်နေတာ ... အိမ်ထဲမဝင်ရဲလို့ "
ကျွန်မတို့လည်း အိမ်ထဲဝင်ရမှာကြောက်ပေမယ့် ဟန်
ကိုယ်ဖို့လိုက်ရသေးတယ်။
" ဘာမှမရှိပါဘူး ... လာ တူတူဝင်မယ် "
" ဒေါ်ကြီးရေ ညနေစာကိုအထူးတလည်လုပ်မနေနဲ့တော့
... ကြက်ဥပဲကြော်ပြီး ရှိတဲ့အရွက်တစ်ခွက်ကြော်လိုက်..
ရပြီ "
" ဒေါ်ကြီးလုပ်လိုက်မယ်သမီး ... ထမင်းတွေကအများ
ကြီးကျန်နေတာ မချက်တော့ဘူး နွေးလိုက်မယ်နော် "
" ဟုတ် "
ဒေါ်ကြီးတင်အေးနဲ့ စုထွေးက မီးဖိုထဲခပ်သုတ်သုတ်ဝင်
သွားကြတယ်။ ကျွန်မတို့မှာ အိမ်ပေါ်တက်ရမှာခပ်လန့်
လန့်ရယ်၊ ကြောက်ကြောက်နဲ့ တက်လာခဲ့တော့တာပေါ့။
ယွန်းရဲ့အခန်းရှေ့ကိုဖြတ်တော့ ကျောချမ်းမိသေးတယ်။
ယွန်းကလည်း လန့်နေတယ်ထင်တယ်၊ ကျွန်မတို့အိပ်
မယ့်အခန်းထဲတန်းနေအောင်ပြေးတော့တာပဲ။ အချိန်
ထဲရောက်တော့ စိတ်နွေးအောင် တံခါးလော့ချထားလိုက်
ကြတယ်။
" ယွန်း ... ဟိုဖက်အခန်းမှာ သွားရှာကြည့်ဦး "
" ဘာရှာရမှာလဲ "
" ကိုဘုန်းမှတ်ပုံတင်တို့ ကားလိုင်စင်တို့ပေါ့ "
" အဲ့ဒါကသူကိုယ်နဲ့မကွာဆောင်ထားတာ သူ့အိတ်ထဲ
ပါတယ် "
" အဲ့လိုဆို ဘာကျန်သေးလဲ "
" ဘာမှကိုမကျန်ဘူး ... လူမတွေ့တာပဲကျန်တယ် "
" ဖုန်းထပ်ဆက်ကြည့်ပါဦးဟာ "
ယွန်းက ကိုဘုန်းကို ဖုန်းထပ်ခေါ်တယ်၊ ဖုန်းမဝင်ဘူး။
" မရဘူးဟ ... ငါတော့တစ်ပူပေါ်နှစ်ပူဆင့်တာပဲ ...
ရဲစခန်းမှာလူပျောက်တိုင်ရအောင်လည်းမဟုတ် "
" သူ့ကားထဲမကြည့်ရသေးဘူးလေ ... ကားထဲသွားကြည့်
ရအောင် ... သဲလွန်စတစ်ခုခုရချင်ရမှာပေါ့ "
" ဟုတ်သားပဲ မေ့နေလိုက်တာ "
ယွန်းကကားသော့ယူပြီးရှေ့ကဦးဆောင် ဆင်းတယ်၊ ကျွန်မကသူ့နောက်က။ ကိုဘုန်းရဲ့ကားထဲရောက်တော့
ဘာမှထွေထွေထူးထူးမတွေ့ဘူး။ အဲ့ဒါနဲ့ပြန်ဆင်းပြီး
ကားနောက်ဖုံးကိုဖွင့်လိုက်တော့ ကျွန်မတို့မျက်လုံးပြူး
ကျယ်သွားရတော့တယ်။
" ဒီ အင်္ကျီရှိနေတယ် "
" ဟုတ်ပါ့ ... ဟိုအိမ်ကမလား ... သေချာနေပြီပေါ့မိုးရယ်"
ယွန်းကအသံတွေတုန်ယင်လာတာသတိထားမိလိုက်
ပါတယ်။ သူခံစားနေရမှာပဲ။ အဲ့ဒီအင်္ကျီက ကုမုဒြာ
အလောင်းကြီးမျက်လုံးပွင့်နေလို့ ကြောက်ကြောက်နဲ့
ဆိုဖာပေါ်တင်ထားတာ တွေ့လို့ အုပ်ခဲ့တဲ့ အင်္ကျီလေ။
ကိုဘုန်း ကားနောက်ဖုံးထဲတွေ့တာဆိုတော့ အလောင်း
ကို ကိုဘုန်းယူသွားတာလုံးဝသေချာသွားပြီ။ ကျွန်မအ
ထင် အဲ့နေ့ ကုမုဒြာက ကိုဘုန်းကိုဖုန်းဆက်ခေါ်လိုက်
တာပဲဖြစ်မယ်။ ယွန်းက အင်္ကျီကိုအမြန်ယူပြီး ကားအဖုံး
ကိုပြန်ပိတ်လိုက်တယ်။
ကျွန်မတို့နှစ်ယောက်လည်း သွေးစွန်းနေတဲ့ အင်္ကျီကိုယူပြီး အပေါ်ပြန်တက်လာခဲ့ကြတာပေါ့။ အခန်းထဲရောက်တာ
နဲ့ ယွန်းကချုံးပွဲချငိုတော့တာပဲ။
" နင်ထင်တာမှန်နေပြီ မိုး ... ကိုဘုန်းသေချာတယ် ...
ဒီ အင်္ကျီကသက်သေပဲ "
" ဟုတ်ပါ့ဟယ် ... အစကထင်သာထင်မိတာ မသေချာ
ခဲ့ဘူး ... ခုတော့ "
" ကိုဘုန်းက အလောင်းဖျောက်ပြီး ထွက်ပြေးသွားပြီ
ပေါ့ ... အဲ့လိုဆိုလည်း ငါ့ကိုဖုန်းဆက်ဖို့ကောင်းပါတယ်
ဟာ ... ငါ့မှာ ဘာလုပ်လို့လုပ်ရမှန်းမသိ ... ရင်တွေပူ
နေရတာ ... ကိုဘုန်းကိုဘယ်လိုရှာရမလဲမသိတော့ဘူး "
" သူ နင့်ကိုဖုန်းမဆက်ရဲလို့ဖြစ်မှာပေါ့ ... သူခြေရှုပ်ထား
တာနင်သိသွားလို့ မဆက်ရဲတာပဲ "
" ငါ့ကိုမဆက်ရဲလည်း ခုလိုလုပ်တာတော့မဟုတ်သေး
ဘူးလေ ... ငါဘယ်လောက်စိတ်ပူနေမလဲသူမတွေးဘူး... အကျိုးအကြောင်းလေးတော့ ပြောသင့်တာပေါ့ မဟုတ်ဘူးလား "
ယွန်းကပြောရင်းငိုနေချိန်မှာပဲ အခန်းတံခါးခေါက်သံ
ကြားလိုက်ရတယ်။
" သမီးရေ ... ထမင်းစားလို့ရပြီနော် "
" ဟုတ် ဒေါ်ကြီး ... သမီးတို့မဆာသေးလို့ ... ဒေါ်ကြီးတို့
ဆာရင်စားနှင့်လိုက်တော့ "
" မစားသေးပါဘူးကွယ် ... ခဏမှစားမယ် ... ဘုရားစင်
ကရေမန်းနဲ့ဆန်မန်း နည်းနည်းယူသွားတယ်နော်သမီး "
" ဟုတ် ဟုတ် "
ဒေါ်ကြီးတင်အေးတို့ပြန်ထွက်သွားပြီး မကြာဘူး တံခါး
ခေါက်သံထပ်ကြားလိုက်ရတယ်။
" ဟုတ် ဒေါ်ကြီး "
ဒေါ်ကြီးကဘာမှပြန်မပြောဘူး။
" ဒေါ်ကြီးရေ ... ဘာလဲဟင် "
အပြင်ဘက်ကပြန်မထူးဘဲ တံခါးကိုသာဆက်တိုက်
ခေါက်နေတော့တယ်။
" ကိုဘုန်းများလား "
ယွန်းကလေသံတိုးတိုးလေးနဲ့ မျှော်လင့်တကြီး ပြော
လိုက်ပြီး တံခါးပြေးဖွင့်တော့တာပဲ။ တံခါးဖွင့်လိုက်
ပေမယ့် အပြင်မှာဘယ်သူမှမရှိဘူး။ နှစ်ယောက်လုံး
ကြောင်တောင်တောင်နဲ့တစ်ယောက်မျက်နှာတစ်
ယောက်ကြည့်နေမိကြတော့တယ်။
" ယွန်း ... ဟိုကောင်မလေးခြောက်နေပြန်ပြီထင်တယ် "
ယွန်းကလည်း မျက်နှာတွေပျက်လို့ တံခါးအမြန်ပြန်
ပိတ်လိုက်တယ်လေ။
" သူကငါ့နောက်လိုက်နေတာထင်တယ် ... ငါ့ကိုအဆုံး
ထိခြောက်နေမယ်ပေါ့လေ ... "
" ကိုဘုန်းကိစ္စပြီးရင် နင်ဒီအိမ်မှာမနေဘဲ တခြားပြောင်း
နေလိုက်တော့ ... အဲ့လောက်အထိတော့လိုက်မခြောက်
နိုင်လောက်တော့ဘူး "
အဲ့ဒီအချိန်မှာ တခန်းလုံးအပုပ်နံ့ကြီး နံလာတော့တာပဲ။
အနံ့ကသိသိသာသာကို နံစော်လာတာပါ။ ကျွန်မတို့လည်း
ဆက်မနေရဲတော့တာနဲ့ အိမ်အောက်ထပ်ပြေးဆင်းကြ
တော့တယ်။
ဒေါ်ကြီးတင်အေးတို့ကြောက်နေမှာစိုးလို့ညစာစားမလို့
ဆိုပြီး ဟန်လုပ်ရတာပေါ့။ စားသာစားနေရတာ စားချင်
စိတ်ကတစ်စက်ကလေးမှရှိမနေပါဘူး။ စိတ်က ကုမု
ဒြာဆီပဲရောက်ရောက်နေတယ်။
စားပြီးတဲ့အခါ ကျွန်မနဲ့ ယွန်းက စိတ်ပြေလက်ပျောက်
ခြံထဲဆင်းထိုင်နေကြတယ်။ ကိုဘုန်းကိုမျှော်တာလည်း
ပါတာပေါ့။ သူလာမှ ဖြစ်သမျှအကုန်သိရမယ်မဟုတ်
လား။ အဲ့ဒါမှ ဘာဆက်လုပ်သင့်လဲဆိုတာ တိုင်ပင်လို့
ရမှာ။
ခြံထဲကထိုင်ခုံလေးမှာထိုင်နေတုန်း ကျွန်မမျက်လုံးတွေ
က အိမ်အပေါ်ထပ်ဆီရောက်ရောက်သွားမိတယ်။ စိတ်
ထဲမလုံသလိုကြီးဖြစ်နေလို့ထင်ပါရဲ့၊ အိမ်ကြီးကိုကြည့်
လိုက်တိုင်းလည်း ချောက်ချားမိလာသေးတယ်။
အပြင်မှာတဖြည်းဖြည်းမှောင်လာပြီ၊ ညအိပ်ရမှာကို
တောင် ကြောက်နေသလိုဖြစ်လာတယ်။ ဒါပေမယ့်
လည်း လူသတ်တုန်းကသတ်ထားပြီး ကြောက်နေလို့
မဖြစ်သေးဘူးလေ။
ကျွန်မတို့အပြင်မှာထိုင်နေတာသိတဲ့ ဒေါ်ကြီးတို့တူဝရီး
နှစ်ယောက်ကလည်း မနီးမဝေးမှာထွက်ထိုင်နေကြတယ်။
သူတို့လည်း ဘယ်နေရဲပါ့မလဲ။ ကျွန်မက ယွန်းကိုလက်
တို့ပြီး ခပ်တိုးတိုးပြောလိုက်တာပေါ့။
" ငါတို့ခုလိုလုပ်နေရင် သူတို့ပိုကြောက်နေလိမ့်မယ် ...
အထဲဝင်ရအောင် "
ယွန်းကလည်း ကျွန်မပြောတာကို လက်ခံတယ်။ ကျွန်မ
တို့လည်း ဘယ်သရဲမှမရှိသလိုမျိုးနဲ့ အိမ်ထဲဝင်လာခဲ့
တယ်လေ။ ကျွန်မတို့ဝင်မှ ဒေါ်ကြီးတို့လည်း လိုက်ဝင်
လာကြတယ်။
" ဒေါ်ကြီးတို့ နားချင်နားကြတော့နော် ... "
" အေး အေး သမီး ... တစ်ခုခုလိုရင် လှမ်းခေါ်လိုက် "
ယွန်းနဲ့ကျွန်မလည်း အပေါ်ထပ်ကို ခပ်လန့်လန့်နဲ့ တက်
လာလိုက်တာပေါ့။ ပြီးတော့ဘုရားစင်မှာထားထားတဲ့
ရေမန်းတွေ ဆန်မန်းတွေယူပြီး အခန်းထဲပက်လိုက်ကြ
တယ်။
အဲ့လိုလုပ်လိုက်တဲ့အခါ စိတ်နည်းနည်းအေးသွားတာ
တော့အမှန်ပဲ။
" မိုး ... ဒီညမှခြောက်နေဦးမယ်ဆိုရင် မနက်ဖြန်ဆရာ
တစ်ယောက်ယောက်ပင့်ပြီး မောင်းရင်ကောင်းမယ် "
" နင့်သဘောလေ ... ငါကအဲ့ဒါတွေသိပ်နားမလည်
ဘူး ... လုပ်လို့ရရင်လုပ်ကြည့်ပေါ့ "
" ငါ့အသိကိုမေးလို့ရတယ် ... သူကပင့်နေကြပဲ ..."
" တကယ်တော့လေ သရဲတစ္ဆေဆိုတာငါတို့ထက်နိမ့်
ကျပါတယ်ဟာ ... သူတို့ကခုလိုအရိပ်ပြတာ အသံပေး
တာလောက်ပဲလုပ်နိုင်ကြတာ ... ငါတို့ကသာ မြင်ရတွေ့
ရလို့ကြောက်နေကြတာ ... ဘာမှလုပ်နိုင်တာတော့ မ
ဟုတ်ဘူး "
ကျွန်မအဲ့လိုပြောလိုက်တာနဲ့ တစ်ဖက်အခန်းကနေ
' ဒုန်းခနဲ ' အသံအကျယ်ကြီးကြားလိုက်ရတော့တယ်။
ကျွန်မတို့မှာ ချက်ချင်းပဲစကားသံတိတ်သွားကြတာ
ပေါ့။ အဲ့ဖက်အခန်းကိုနားစွင့်မိကြတယ်လေ။
အခန်းတံခါးပွင့်လာသံကြားလိုက်ရပြီး ကျွန်မတို့အခန်း
ဆီလျှောက်လာတဲ့ ခြေသံပါတခါတည်းဆက်ကြားနေ
ရတော့ ကျွန်မတို့လည်း စောင်ကိုကမန်းကတန်းကောက်
ခြုံပြီး အခန်းတံခါးကိုပဲစိုက်ကြည့်နေမိတော့တယ်။
ခြေသံကအခန်းပေါက်ဝနားတင်ရပ်သွားပြီး တိတ်ဆိတ်
သွားတယ်လေ။ ကျွန်မလည်းတစ်ချက်တောင်မလှုပ်ရဲ
တော့ဘူး။ ခုနကလေကြီးလေကျယ်ပြောထားမိသမျှ
ခုတော့ကိုယ်မဟုတ်သလိုကိုဖြစ်လို့။
တံခါးကိုစိုက်ကြည့်နေတုန်းမှာပဲ တံခါးရွက်ကိုလက်နဲ့
ကုတ်နေသံကြားလိုက်ရတာ ကျောရိုးထဲအထိစိမ့်တက်
သွားရတယ်။ ဂျလိ ဂျလိ နဲ့ကုတ်ခြစ်နေသံက တိတ်ဆိတ်
နေတဲ့အချိန်မှာ အကျယ်ကြီးကြားနေရတာကိုး။
ယွန်းနဲ့ကျွန်မလည်း တစ်ယောက်နဲ့တစ်ယောက်တိုးကပ်
ပြီး တံခါးဆီကနေ အကြည့်မလွဲရဲကြဘူး။ တံခါးမှာကုတ်
နေတဲ့အသံကပိုပိုကျယ်လာသလို ကုတ်နေတာကလည်း
ပိုမြန်လာတယ်။ အသံကြားလိုက်တိုင်း ကျွန်မတစ်ကိုယ်
လုံးအေးစက်လာသလိုဖြစ်လာပြီး ခေါင်းပေါ်ကဆံပင်
တွေလည်း ထောင်လာတာသတိထားမိလိုက်တာပေါ့။
နောက်ပြီးကျွန်မဘေးမှာတိုးကပ်နေတဲ့ယွန်းက ရေခဲတုံး
လိုအေးစက်နေတာပါသတိပြုမိလိုက်တော့ စိတ်ပူပြီး
လှည့်ကြည့်လိုက်တဲ့အခါ ကျွန်မမေ့လဲမတတ်လန့်သွား
ရတော့တယ်။ ကျွန်မနဲ့ယွန်းကြားမှာ ကုမုဒြာကငုတ်
တုတ်ကြီးထိုင်နေတယ်လေ။
ခေါင်းနဘန်းကြီးတယ်ဆိုတာ ခုမှလက်တွေ့ခံစားဖူး
လိုက်တာ၊ အော်ပေမယ့်အသံကထွက်မလာဘူး။ လူ
တကိုယ်လုံးလည်း လှုပ်လို့မရတော့ဘူး။ ကျွန်မလိုပဲ
ယွန်းလည်းခံစားမိပြီးလှည့်ကြည့်လာတဲ့အခါ ကုမုဒြာ
ကိုသူလည်းတွေ့သွားတယ်။
ကျွန်မရော ယွန်းရော လှုပ်လို့မရဘဲဖြစ်နေကြတဲ့အခါ
ကုမုဒြာဆီက ရယ်သံထွက်လာခဲ့တယ်။ အဲ့ဒီအချိန်ဟာ
ဘဝမှာဘယ်တော့မှ မေ့မရတော့မယ့် ချောက်ချားစရာ
အချိန်ကြီးပါပဲ။ မြန်မြန်ကုန်ဆုံးပါစေလို့ဆုတောင်းမိ
ပေမယ့် ခဏတာက အကြာကြီးလိုခံစားနေရတယ်လေ။
ကုမုဒြာက ကျွန်မမျက်နှာနားတိုးကပ်ပြီးကြည့်လာ
တယ်။ အသည်းတွေအူတွေဗြောင်းဆန်သွားသလိုဖြစ်
ပြီး သေလောက်အောင်ကြောက်မိတာတော့တကယ်ပါ။
ကျွန်မနားကခွာပြီး ယွန်းကိုတခါအနီးကပ်ကြည့်နေတယ်။
ပြီးတော့ ဘဝမှာတခါမှမတွေ့မမြင်ဖူးတဲ့ ၊ စိတ်တောင်
မကူးဖူးတဲ့ အရာကို မျက်ဝါးထင်ထင်တွေ့လိုက်ရတာ
က ကုမုဒြာဟာ ယွန်းရဲ့ကိုယ်ခန္ဓာထဲ ဝင်သွားလို့ပါပဲ။
ယွန်းနဲ့ ကုမုဒြာက တစ်ယောက်တည်းဖြစ်သွားတာကို
ကျွန်မမျက်လုံးနဲ့ မြင်နေရတာ သွေးပျက်စရာကောင်း
လွန်းပါတယ်။
ယွန်းဆီပူးကပ်သွားပြီးတဲ့အခါ ယွန်းက မျက်နက်ဆန်
မရှိတော့ဘူး၊ မျက်လုံးဖြူကြီးနဲ့ ကျွန်မဘက် ဆတ်ခနဲ
လှည့်လာတယ်လေ။ ကျွန်မလည်း အားကုန်သုံးပြီး
အော်ဟစ်ပစ်လိုက်မိတော့တာပေါ့။
အရမ်းကြောက်ပြီးလန့်သွားတဲ့အခါ အသံကအကျယ်
ကြီးထွက်လာတာသိလိုက်လို့ ကျွန်မအားတက်လာမိ
တယ်။ ကျွန်မထင်တဲ့အတိုင်းပဲ ဒေါ်ကြီးတင်အေးတို့
အခန်းတံခါးပွင့်လာပြီး အိမ်ပေါ်ပြေးတက်လာသံကို
ကြားလိုက်ရလို့ ကိုယ့်ကိုကိုယ်အားပြန်တင်းနိုင်ခဲ့တာ
ပေါ့။
" သမီးတို့ ဘာဖြစ်ကြတာလဲ "
ဒေါ်ကြီးတင်အေးက အော်မေးရင်း တံခါးကိုဝုန်းခနဲ
ဆွဲဖွင့်လိုက်မှ ကျွန်မအသက်ရှုချောင်သွားတော့တာ။
အဲ့ဒီအခါ ယွန်းကလည်း ပျော့ခွေပြီး မေ့မြောသွားတော့
တာပဲ။
ယွန်းသတိရလာဖို့ နှိပ်နယ်ပေးပြီး မျက်နှာကို ရေမန်းနဲ့
ပက်ကြတယ်။ ခဏနေတော့ယွန်း ပြန်သတိရလာလို့
ကျွန်မရင်ထဲအလုံးကြီးကျသွားရတော့တာ၊ ဒါပေမယ့်
ကျွန်မ ကုမုဒြာကို တော်တော်ကြောက်နေပါပြီ။ အဲ့ဒီအိမ်မှာ ဆက်မနေရဲတော့ဘူး။
" ယွန်း ... ဘယ်လိုနေသေးလဲ "
ယွန်းလည်း တော်တော်ချောက်ချားနေပြီး ကျွန်မကို
အတင်းဖက်ထားတော့တယ်။
" ဟိုကောင်မလေး ... ရှိသေးတယ် ... "
" ဘယ်မှာရှိတာလဲ ... နင့်ထဲမှာလား ... "
" မဟုတ်ဘူး ... ဟိုမှာ "
ယွန်းညွှန်ပြရာကြည့်လိုက်တော့ စုထွေးက မျက်လုံး
ဖြူကြီးနဲ့ ကျွန်မတို့ကိုစိုက်ကြည့်နေတယ်လေ။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။