
၁၉၉၅ ခုနှစ်။
ဂနိုင်ဝံရွာလို့ဆိုလိုက်ရင် ဖိုးတေကိုမသိသူမရှိဘူး။ ဂုဏ်
သတင်းကြီးချက်က သူကြီးနာမည်တောင်မသိကြတဲ့သူ
အများသား။ ဒါပေသိ ဖိုးတေမှာတော့ နာမည်နှစ်လုံးတည်းနဲ့ ကလေးအစ၊ခွေးအဆုံး သိကြသပေါ့ဗျာ။
အသားညိုညို၊ အရပ်မနိမ့်မမြင့်၊ မျက်နှာလေးထောင့်
စပ်ကျကျပုံရှိပြီး ဗလကလည်းခပ်တောင့်တောင့်ကိုးဗျ။
စကားပြောရင်လည်း အသံပြတ်ကြီးနဲ့ပြောတတ်သေး
တယ်။ ဖိုးတေမှာအရယ်အပြုံးမရှိဘူး။ အမြဲတမ်းမှုန်
သုန်သုန်မျက်နှာပေးနဲ့ တဇွတ်ထိုး၊ တစောက်ကန်း လုပ်
တတ်တဲ့အမူအကျင့်ရယ်ကြောင့် ငယ်ကတည်းကလူ
တွေရှိန်နေကြရာကနေ လယ်မြေခိုးမှုဖြစ်တဲ့ကိစ္စကစပြီး
ပွဲတိုင်းကျော်ဖြစ်လာတော့တာပဲ။
ဖိုးတေမိဘတွေက လယ်လုပ်တယ်။ အတန်းပညာ( ၆ ) တန်းနဲ့ကျောင်းထွက်ခဲ့တဲ့ဖိုးတေက မိဘအမွေလယ်ဆက်
လုပ်တာမဆန်းဘူးပေါ့ဗျာ။ သူတို့လယ်မှာအဓိကစိုက်တာ
က ကြက်သွန်နီ။ ကြက်သွန်ပေါ်ချိန်ဆို လက်ထဲငွေစလေး
ရွှင်တော့ ဖိုးတေထန်းတောထဲရောက်ပြီပေါ့။
ဒါပေမယ့်ဖိုးတေကအမြဲတမ်းသောက်စားမူးရစ်နေတဲ့သူ
တော့မဟုတ်ဘူး။ ငွေရွှင်မှသာ ထန်းတောဖက်သွားတတ်
တာ။ ဖိုးတေလူမိုက်စဖြစ်ပုံကဒီလို။
ကြက်သွန်မျိုးရင်းတခါထပ်ချဖို့ မြေထယ်ပြီးချိန်မှာပဲ
ဘေးခြံကလယ်ရှင် ကိုအံ့မောင်ဆိုတဲ့ဘိုးတော်ကပြဿ
နာမီးမွှေး လိုက်တာရယ်။ သူ့လယ်မြေထဲက မြေ ၁၀ ပေလောက်ကို ဖိုးတေအဖေကခိုးပါတယ်လို့ဆိုပြီး သူကြီး
ဆီတိုင်ရာကစတာပဲ။
သူကြီးဆီရောက်တော့ ရှင်းကြလင်းကြရင်းနဲ့ ဘိုးဘွားပိုင်
မြေလည်းဖြစ်ပြန်၊ အရင်ခေတ်ကမြေတိုင်းရင် ဘယ်အပင်အထိ ဆိုတာနဲ့တွက်ကြလေတော့ စာရင်းဇယားက
မရှိလေဘူး။ နေရာသတ်မှတ်ထားတဲ့အပင်ကလည်း နှစ်ကြာလာတဲ့အခါ အပင်အိုကြီးလည်းလဲကျသွားတာကြာပေါ့။
ဒီတော့ ဦးအံ့မောင်ပြောစကားကပဲအတည်လား၊ ဖိုးတေ
အဖေ ဦးခေါင် ပြောစကားကအတည်လားဝေခွဲမရကြ
တော့ဘူး။ ဟိုလူမှန်နိုးနိုး၊ ဒီလူမှန်နိုးနိုးနဲ့ ကြားထဲကသူ
ကြီးက ညှိနှိုင်းစေ့စပ်ပေးလိုက်တယ်။
ဦးအံ့မောင်လည်းကျေနပ်သွားအောင် ဦးခေါင်လယ်မြေ
ထဲက ( ၅ ) ပေကိုပေးလိုက်ဖို့ပဲ။ ဦးခေါင်ကလည်း ခေါင်း
မာတဲ့သူ။ မပေးနိုင်ဘူးဆိုပြီး စေ့စပ်ပေးလို့မရခဲ့ဘူး။
ဒါကိုမကျေနပ်တဲ့ဦးအံ့မောင်က ဦးခေါင်လယ်မြေဘက်
( ၁၀ ) ပေလုံးစည်းကျော်ပြီး ခြံခတ်ပါလေရော။
အဲ့ကိစ္စနဲ့ ဦးအံ့မောင်သားတွေရယ် ဖိုးတေရယ် ရိုက်ပွဲ
ဖြစ်ကြတော့တာ။ ဦးအံ့မောင်သားနှစ်ယောက်ရယ် သူ့
တူတွေရယ်ကတုတ်ဆွဲ ဓါးဆွဲပြီးချကြတယ်။ ဖိုးတေက
လည်းခေတဲ့သူမဟုတ်ဘူး။ နဂိုကတည်းကကိုယ်ကာယ
ကြံ့ခိုင်ပြီးအားကောင်းမောင်းသန်ရယ်။
ဖိုးတေနဲ့သူ့အစ်ကို လှစံ ကတစ်ဖက်၊ ဖိုးတေသူငယ်ချင်း
သုံး လေးယောက်လည်းပါတယ်။ ရွာလမ်းဆုံမှာရိုက်ကြ
တာ။ ဖိုးတေလက်ချက်နဲ့ ဦးအံ့မောင်သားအကြီးကောင်
လက်ကျိုးတယ်။ သူ့သားအငယ်ကောင် ရင်ညွှန့်မှာ ညို
မည်းပြီး အရိုးအက်သွားတယ်ဆိုလား။ ဖိုးတေတို့ဖက်လည်းအထိနာကြလေရဲ့။ဖိုးတေကတော့ ခေါင်းကွဲသွား
လို့ ၄ချက်ချုပ်ရတယ်။
အဲ့ကစတဲ့မီးဟာမငြိမ်းတော့ဘဲ သတ်မယ်၊ ဖြတ်မယ်တွေ
အထိဖြစ်လာတဲ့အခါ သူကြီးတို့လည်းအစည်းအဝေးလုပ်
ပြီးနောက်တစ်ခါထပ်ညှိနှိုင်းပေးရတယ်။ နောက်ဆုံးတော့
စာရွက်စာတမ်းမရှိတဲ့အတွက် ဦးခေါင်ဖက်က မြေ ( ၅ )
ပေပေးလိုက်ရတာပေါ့။
အဲ့ကစပြီးဖိုးတေတစ်ယောက်ဘယ်လိုအတွေးပေါက်
သွားတယ်မသိဘူး၊ လူမိုက်တစ်ယောက်ဖြစ်ချင်သတဲ့။
ငွေမရှိ၊ အာဏာမရှိရင်လူမလေးဘူးဆိုပဲ။ သူသာလူ
မိုက်ကြီးဖြစ်ရင် ခုလိုနိုင်ထက်စီးနင်းလုပ်ရဲကြမှာမဟုတ်
ဘူးဆိုပြီး သူ့သူလူမိုက်ဘွဲ့ခံယူလိုက်တော့တယ်။
အရင်က တေမိလိုစကားနည်းလွန်းလို့ဖိုးတေလို့ခေါ်ရာ
ကနေ ပေပေတေတေလူမိုက်ကြီး ဖိုးတေလို့ဖြစ်လာပါ
ရောလား။ ဖိုးတေကတော့ လက်ရဲဇက်ရဲနဲ့ စကားတစ်
ခွန်းမှအတင်စီးမခံ၊ အကျောမခံတော့ဘူး။မကျေနပ်ရင် သူကအရင် ဦးအောင်ဆော်ပစ်တာပဲ။
ဖိုးတေ တေးထားတာရှိတယ်။ ဦးအံ့မောင်ယူသွားတဲ့
သူတို့လယ်မြေ ( ၅ ) ပေကိုပြန်ယူမယ်လို့အမြဲကြိမ်းဝါး
နေခဲ့တာ။ ဖိုးတေလူမိုက်ဖြစ်နေပြီဆိုတာနဲ့ ရန်ငြိုးရှိတဲ့
ဦးအံ့မောင်တို့က တရှောင်ရှောင်လုပ်လာတယ်။ ဒါကို
ဖိုးတေကလည်းသိတယ်။
ဒီတစ်ခါရန်ပွဲဖြစ်ရင် ဦးအံ့မောင်တို့မချောင်လှဘူး။
ဖိုးတေမှာ တပည့်တပန်းလူမိုက်တွေကလည်း အတော်
အသင့်ရှိနေပြီကိုး။ တစ်ရက်ကြတော့ ဖိုးတေအကြံရ
သွားတယ်။
သူ့ခြံကနေ ဦးအံ့မောင်တို့ခြံဖက်လှမ်းကြည့်လိုက်တာ
နွားစားပြောင်းခင်းကြီး အပင်တွေညိုးလို့ ပြောင်းယူ
ရမယ့်အချိန်ရောက်နေပြီ။ ညရောက်တဲ့အခါ ဦးအံ့မောင်
တို့ပြောင်းခြံကြီးမီးလောင်ပါရော။
မီးရှို့တဲ့သူကဖိုးတေမှန်းတစ်ရွာလုံးသိကြပေမယ့် နှုတ်
ကနေထုတ်မပြောရဲကြဘူး။ ပြောင်းတစ်ခင်းလုံး ပြာကျ
ရတဲ့အဖြစ်။ ဖိုးတေတို့ခြံကိုမီးကူးပေမယ့် အများကြီး
မပါသွားဘူး။ သူတို့စိုက်တာကကြက်သွန်နီကိုးဗျ။ ကြက်
သွန်ကမြေထဲဥတော့ ဆုံးရှုံးမှုသိပ်ကြီးကြီးမားမားမရှိခဲ့
ဘူး။
ဦးအံ့မောင်တို့မှာ အံတကြိတ်ကြိတ်နဲ့ တောမီးလောင်
တယ်ရယ်ပဲသဘောပိုက်လိုက်ရတော့တယ်။ ဖိုးတေက
တော့တေးထားမြဲပဲ။ သူတို့ဘာစိုက်စိုက်ရှို့မှာဆိုပြီး။
နောက်တစ်ရာသီရောက်တော့ ဦးအံ့မောင်တို့က မြေပဲ
စိုက်ပြန်ရော။
ဒီတစ်ခါတော့ ဖိုးတေ မီးမရှို့တော့ဘူး။ ညရောက်
တဲ့အခါ ဦးအံ့မောင်ခြံဖက်သွားပြီး ဘယ်ကဖမ်းလာ
တယ်မသိ၊ မြေခွေးပုရစ်အကောင် ရာနဲ့ချီကို လွှတ်
ပေးလိုက်တယ်။ မြေခွေးပုရစ်တွေကြောင့် မြေပဲပင်တွေ
ပျက်စီးကုန်ကြတယ်။
နှစ်ခါဆက်တိုက်ဆိုတဲ့အခါ ဦးအံ့မောင်တို့သည်းမခံနိုင်
တော့ဘူး။ သူကြီးကိုတိုင်ပါရော။ သူကြီးကနာမည်သာ
ရှိတော့တာ၊ ဖိုးတေကိုမနိုင်ဘူး။ ဦးအံ့မောင်တို့ကိုပဲချော့
မော့ပြောရတော့တယ်။ ဦးအံ့မောင်သားတွေကလည်း
ဒီတစ်ခါတော့သည်းမခံဘူး၊ သူသေကိုယ်သေချမှာလို့
ပြောသွားလေရဲ့။
နောက်တစ်ရာသီရောက်လို့ စိုက်တော့မယ့်အခါ ဦးအံ့
မောင်တို့က ခြံထဲစောင့်အိပ်ဖို့ တဲအိမ်ပုလေးတစ်လုံး
အရင်ဆောက်လိုက်ကြတယ်။ တစ်မိသားစုလုံးစောင့်
အိပ်မတဲ့။ ဖိုးတေက ' ဟက်ခနဲ ' ရယ်လိုက်တယ်။
ဒီတစ်ခါ ဦးအံ့မောင်တို့ လယ်စိုက်မယ်လို့ဖိုးတေကြားထား
တယ်။ ရေစီးရေလာကောင်းအောင် ရေမြောင်းလေးတွေ
လည်းဖော်နေကြလေရဲ့။ ဦးအံ့မောင်တို့ လယ်စိုက်ဖို့ပြင်
ဆင်နေကြသလို ဖိုးတေကလည်း လယ်ကြွက်တွေဖမ်း
ပြီးမွေးထားတာ။ ဒါကိုဘယ်သူမှမသိကြဘူး။
စပါးပင်သန်ပြီး စပါးမှည့်လာတဲ့အခါ ဖိုးတေတို့အုပ်စုက
လယ်ကြွက်တွေလွှတ်ပေးလိုက်ပြန်တယ်။ ဦးအံ့မောင်တို့
မှာဘာလုပ်လုပ် အရှုံးပေါ်လာတော့ မရပ်တည်နိုင်ကြ
တော့ဘူး။ ဖိုးတေနဲ့ထိပ်တိုက်တွေ့ကြတော့တယ်။
ရိုက်ကြ၊ ပြုကြနဲ့ ရန်ပွဲတစ်ပွဲထပ်ဖြစ်ပြန်ပါရော။ ဒီတစ်
ခါတော့ဦးအံ့မောင်တို့အခြေမလှတော့ဘူး။ ဖိုးတေက
လည်း သူတို့မြေ ပြန်မပေးရင် ဘာစိုက်စိုက် ဖျက်မယ်
လို့ ကြွေးကြော်တယ်။ ဦးအံ့မောင်တို့လည်း ဒီအတိုင်း
ဆက်လုပ်နေရင် ငတ်ကြရတော့မှာဆိုပြီး ဦးခေါင်ရဲ့
မြေ ( ၅ ) ပေကိုပြန်ပေးလိုက်ကြတော့တယ်။
မြေပြန်ရပြီးလည်း ဖိုးတေအချိုးကမပြောင်းသွားဘူး။
လူမိုက်ဆက်လုပ်နေတုန်းပဲ။ ဦးအံ့မောင်နဲ့ပွဲဖြစ်ပြီး
တခြားရွာသားတွေနဲ့ဆက်ဖြစ်တယ်။ ရိုက်လိုက်ပြန်ပြီ
ဆို ဖိုးတေလက်ချက်၊ တဖြည်းဖြည်းနဲ့ဖိုးတေဟာ သူ့
ကိုလှန်နိုင်တဲ့သူမရှိလာတဲ့အခါ မာန်တက်လာပြီး သွေး
နားထင်ရောက်လာတော့တယ်။
ရွာမှာဆိုလည်း သူလိုချင်တာတွေ့ရင် တခါတည်းယူ
လာတယ်။ တချို့လူတွေဆို ဆက်ကြေးလိုလိုသဘော
သက်ရောက်တဲ့ ပိုက်ဆံမျိုး ဖိုးတေကိုပေးကြရတယ်။
ပိုက်ဆံပေးထားတဲ့သူတွေဆို သူကပြန်စောင့်ရှောက်
သတဲ့။ ဖိုးတေကို လစဉ်ပိုက်ဆံပေးတဲ့သူကတစ်ဖွဲ့၊
သီးနှံပေါ်မှပေးတဲ့သူတစ်ဖွဲ့နဲ့ ဖိုးတေကတော့ အဲ့ဒီနယ်
တဝိုက်မှာ ကြီးစိုးမင်းမူနေတာကြာလှပေါ့။
လူမိုက်ကြီးဖိုတေ အတွက်ဆိုပြီး ထန်းရည်စိတ်ကြိုက်သောက်ခွင့်ရခဲ့တယ်။ ' ငါ့ကိုဘယ်သူ့မှ မတားဆီးရဲဘူး၊ ငါသာလျှင် ဒီရွာရဲ့ခေါင်းဆောင် ' ဆိုတာမျိုး သူ့ကိုယ်သူ
ခံယူပစ်တယ်။ ရွာခံတွေက ရွံကြောက်ကြောက်နေတာသူ
မသိဘူး။
တစ်နေ့တော့ဖိုးတေ မိန်းမရမယ့်အချိန်ရောက်လာတော့
တယ်။ သူယူမယ့်မိန်းမကို ကနွဲ့ကလျထဲရွေးမယ်မထင်
နဲ့။ လက်ရဲဇက်ရဲ ရှိပြီး ဟော့ဟော့ဒိုင်းဒိုင်းပြောဆိုတတ်
တဲ့ တစ်ဖက်ရွာက မကြည်မြင့် ဆိုတာနဲ့ယူတာ။ မကြည်
မြင့်ကလည်း နာမည်ကြီးပဲ။
မိန်းမချင်းနဘမ်းသတ်ရင် သူ့ကိုဘယ်သူမှမနိုင်ဘူး။
ဖိုးတေကလည်းအဲ့လိုမှကြိုက်သတဲ့။ သူတို့နှစ်ယောက်
ညားမှတော့ ပြောမနေနဲ့တော့။ ရွာနှစ်ရွာစလုံး မီးကိုရေ
နဲ့ငြိမ်းသလို ရှဲခနဲ၊ တစ်ယောက်မှ ခေါင်းမထောင်ရဲကြ
ဘူး။
မကြည်မြင့်နဲ့ ကလေး ၃ ယောက်ရတယ်။ သမီးတစ်
ယောက်၊ သားနှစ်ယောက်။ သားသမီးရလာပေမယ့်
ဖိုးတေ လူမိုက်အလုပ်မစွန့်လွှတ်တဲ့အပြင် ပိုလို့တောင်
ဆိုးလာသေးတယ်။ ဒါပေမယ့် အသက် ( ၄၅ ) လောက်ရောက်လာတော့ အရင်လိုအားမာန်အပြည့်တော့သိပ်မရှိတော့ဘူး။ မိဘနှစ်ပါးကလည်း ရှေ့ဆင့်နောက်ဆင့်
ကွယ်လွန်ကုန်ပြီ။
ဖိုးတေအစ်ကိုလှစံလည်း တစ်ရွာမပြောင်းသူကောင်း
မဖြစ်ဆိုသလို ပြောင်းသွားလိုက်တာ သတင်းအစအန
တောင်မရတော့ဘူး။ ရွာမှာကျန်ခဲ့တာဆိုလို့ ဖိုးတေရယ်၊
ဖိုးတေညီမ ၂ယောက်ရယ်ပဲရှိတော့တယ်။ ညီမတွေက
လည်း သူ့အိမ်ထောင်နဲ့သူ၊ ဖိုးတေနဲ့အတူမနေကြတော့
ဘူး။
အဲ့ဒီအချိန်မှာပဲ ဖိုးတေဘဝ တစ်ဆစ်ချိုးပြောင်းသွား
ရမယ့်အချိန်ရောက်လာခဲ့တာပေါ့။ နေမကောင်းဘဲ
တရှောင်ရှောင်ဖြစ်လာတယ်။ ရွာဆေးပေးခန်းပြတော့
လည်း ရောဂါအစရှာမရခဲ့ဘူး။ အင်္ဂလိပ်ဆေးလိုလို၊
ဗမာဆေးလိုလိုနဲ့ ဟိုစမ်းသောက်၊ ဒီစမ်းသောက်ရင်း
အိပ်ရာထဲလဲပါလေရော။
လူကသာကျန်းမာရေးချို့ယွင်းလာတာ၊ လူမိုက်ကြီးအဖြစ်ဩဇာပေးကောင်းတုန်းပဲ။ " ငါသေတဲ့အထိ လူမိုက်ကြီးလုပ်မှာ " ဒါကဖိုးတေအမြဲပြောနေကြစကား။ ဒါပေ
မယ့် ကံတရားကိုဘယ်သူမှကြိုမမြင်နိုင်ဘူးမဟုတ်လား။
အဲ့ဒီနေ့က ဖိုးတေတစ်ယောက် ရေချိုးပြီး အိမ်ရှေ့က
ကွပ်ပျစ်မှာထိုင်နေတုန်း ဘိုင်းခနဲ လဲကျသွားလေရဲ့။
သူ့မိန်းမ မကြည်မြင့်ကတော့ အရပ်ကူပါလူဝိုင်းပါ
တစာစာအော်ပြီး ငိုနေတာပေါ့။ ဖိုးတေကို ရွာဆေးပေး
ခန်းခေါ်သွားကြတယ်။ ရွာဆေးခန်းဆိုတဲ့အတိုင်း ဘာ
မှပြည့်ပြည့်စုံစုံမရှိဘူး။
ဆရာဝန်တောင်မရှိဘူး။ ကျန်းမာရေးမှူးတစ်ယောက်နဲ့
အကူသူနာပြုဆရာမ တစ်ယောက်ပဲရှိတာ။ ဖိုးတေကိုစမ်း
သပ်စစ်ဆေးပြီး မရတော့ဘူးလို့ဆိုတယ်။ အဲ့ဒါနဲ့ပဲ အိမ်
ပြန်သယ်လာကြတာရယ်။ အိမ်ရောက်တဲ့အထိ ဖိုးတေ
သတိမရလာသေးဘူး။ အသက်တော့ရှုနေသေးတယ်။
ညရောက်တဲ့အခါ ဖိုးတေငြိမ်ကျသွားတယ်။ မကြည်မြင့်
မှာတော့ အားကိုးအားထားရတဲ့လင်ယောကျာ်းမရှိတော့
ဘူးဆိုပြီး ရင်ဘတ်ထုထုရင်းငိုနေတယ်။ ဖိုးတေ ဆုံးပြီ
ဆိုတာနဲ့ ကြိတ်ပျော်ကြတဲ့သူမနည်းဘူး။ ဒါပေမယ့် ဖိုး
တေ တပည့်လူမိုက်တချို့နဲ့ မကြည်မြင့်ကျန်နေသေး
တော့ အသုဘကိုမသွားချင်ဘဲ သွားကြရတယ်။
ဖိုးတေ နာရေးက အရမ်းမစည်ပေမယ့် သူ့လူနဲ့သူတော့
ရှိတာပေါ့။ ရွာထုံးစံအတိုင်းအလောင်းကို ( ၃ ) ရက်
ထားတယ်။ ဒီနေရာမှာဖြည့်စွက်ပြောချင်တာက ရွာ
သင်္ချိုင်းကိစ္စ။ ဖိုးတေတို့ရွာက ဂနိုင်ဝံရွာ၊ ဘေးချင်းကပ်
ရက် မကြည်မြင့်တို့ရွာက ပင်ကြီးတစ်ထောင်ရွာ၊ ရွာနှစ်
ရွာလုံးကမဝေးဘူး။
ဒီတော့ ရွာသင်္ချိုင်းနှစ်ခုကလည်းကပ်ရက်ပဲ။ လူသေလိုက်၊ မြုပ်လိုက်နဲ့ သင်္ချိုင်းနှစ်ခုကလည်း တဖြည်းဖြည်း
ဆက်သွားတာကြာပြီ။ " လူဆိုတာသေမျိုးချည်းပဲ၊ အကုန်
မြေကြီးအောက်ရောက်မှာ " ဆိုပြီး သင်္ချိုင်းနှစ်ခုဆက်
သွားတာကို အငြင်းပွားမနေကြဘူး။ ဘယ်ရွာကသေသေ၊ လွတ်တဲ့နေရာမြုပ်လိုက်ကြတယ်။
အဲ့ဒီသင်္ချိုင်းမှာ သုဘရာဇာနှစ်ယောက်ရှိတယ်။ သူတို့က
သုဘရာဇာသာပြောတာ သင်္ချိုင်းထဲမနေကြဘူး။ ရွာ
အပြင်နားမှာ တဲထိုးပြီးနေကြတာ။ ဆွေမတော်၊ မျိုးမတော် သုဘရာဇာနှစ်ယောက်က တစ်ယောက်တစ်တဲ
ဆောက်ပြီး ကပ်ရက်နေကြတယ်။နှစ်ရွာလုံးကလူသေရင် သူတို့ပဲမြုပ်ပေးကြတာ။
သင်္ချိုင်းမှာ ဇရပ်ကြီးတစ်ဆောင်ရှိတယ်။ ခြေတံရှည်ကြီး
ဆောက်ထားတာ။ ဇရပ်အောက်မှာတော့ ဖျာစုတ်တွေရှိ
တယ်။ တခါတလေ အလောင်းတွေများရင် ဇရပ်အောက်
ထဲ ထည့်ထားပြီး မြေကျင်းတူးပြီးမှ မြုပ်ကြတယ်။
ဖိုးတေ မြေချမယ့်ရက်ရောက်လာပါရော။ အိမ်ရှေ့မှာ
ကြေစည်သံနဲ့အတူ ခွမ်းခနဲ ရေအိုးခွဲသံအဆုံး မကြည်
မြင့်ရဲ့ ရင်ဘတ်စည်တီးပြီးအော်ငိုနေသံကြီးထွက်လာ
တယ်။ အခေါင်းကို ဖိုးတေ တပည့်တွေကထမ်းပေးပြီး၊
အသုဘလိုက်ပို့ကြတဲ့ရွာနှစ်ရွာကလူတွေက အခေါင်း
နောက်ကတန်းစီပြီလိုက်ကြတာပေါ့။
မကြည်မြင့်တို့ရွာဖက်အမျိုးတချို့သတင်းလာပေး
ကြတာက သူတို့ရွာမှာ လေးလောင်းပြိုင်လည်းနေ့ချင်း
မြေချမယ့်အကြောင်းတီးတိုးပြောနေကြတယ်။ ရွာက
ထွက်တဲ့ ကြက်သွန်တွေကို လှည်းနဲ့သွားအပို့မှာ ကားနဲ့တိုက်မိလို့ လှည်းပေါ်ကလူ ၄ ယောက်စလုံးပွဲချင်းပြီး
သွားသတဲ့။
သေတဲ့သူတွေမှာပုံပျက်ပန်းပျက်ဖြစ်နေတာမလို့ နေ့ချင်း
မြေချမယ့်အကြောင်း လာပြောကြတယ်။ မကြည်မြင့်က
တော့ ဖိုးတေအတွက်ကြိုပြောထားပြီးတာမလို့ စိတ်မပူ
ဖို့ ပြန်ပြောနေလေရဲ့။
သင်္ချိုင်းရောက်တဲ့အခါ မကြည်မြင့်တို့ရွာကအသုဘနဲ့
တိုးလို့ သင်္ချိုင်းမှာကြက်ပျံမကစည်ကားနေတာပေါ့။
ဖိုးတေအတွက်တူးထားတဲ့မြေကျင်းကအခန့်သားပဲ။
ဒါကိုမကြည်မြင့်ရွာကသူကြီးက မကြည်မြင့်ကိုခေါ်ပြော
တယ်။
သူတို့ရွာက မောင်စိန်ဆိုတဲ့တစ်ယောက်က ခါးကနေပြတ်
သွားလို့ ဘယ်လိုမှကြည့်မကောင်းတဲ့အကြောင်း၊ ကြာ
ကြာထားရင် ယင်တလောင်းလောင်းနဲ့ အခြေအနေဆိုး
မှာဖြစ်ကြောင်း၊ ဒါကြောင့် တစ်ရွာတည်းသားဖြစ်တဲ့
မကြည်မြင့်က စာနာကူညီပြီး ဖိုးတေမြေကျင်းမှာ မောင်စိန်ကို ပေးမြုပ်စေလိုကြောင်း အကူအညီတောင်းလာ
တယ်။
မကြည်မြင့်ကလည်း မောင်စိန်အလောင်းသွားကြည့်
ပြီး ဗိုက်ထဲကအူအခွေတွေမြင်တော့ သူကြီးပြောတဲ့
အတိုင်း အရင်ပေးမြုပ်ဖို့ သဘောတူလိုက်တော့တယ်။
မြေကျင်းနောက်တစ်ကျင်းတူးဖို့ကအချိန်ကြာဦးမှာ၊
သုဘရာဇာနှစ်ယောက်ကတော့ စောင့်နိုင်လည်းစောင့်
ကြလို့ပြောတဲ့အခါ ဘယ်သူ့မှ သင်္ချိုင်းမှာကြာကြာမနေ
ချင်ကြဘူးလေ။ မောင်စိန်အလောင်းမြေချပြီးတာနဲ့
ထားခဲ့ပြီးအလျှိုလျှိုပြန်ကုန်ကြတာပဲ။
လူကုန်သွားတဲ့အခါ လေးလောင်းပြိုင်သေသွားတဲ့ရွာ
ဖက်က သုဘရာဇာကိုပိုက်ဆံနည်းနည်းထိုးပေးပြီး သူ
တို့ရွာအလောင်းကိုအရင်မြုပ်ပေးဖို့ခပ်တိုးတိုးမှာခဲ့တယ်။
သုဘရာဇာနှစ်ယောက်ကလည်း ပိုက်ဆံလေးရတော့
စိတ်ချပါ အရင်မြုပ်ပေးပါ့မယ်လို့ ကတိပေးလိုက်ကြ
တယ်။
သင်္ချိုင်းမှာလူလည်းကုန်ပြီ၊ ဖိုးတေအလောင်းနဲ့ လှည်း
မှောက်သေတဲ့ အလောင်းသုံးလောင်းရယ်၊ သုဘရာဇာ
နှစ်ယောက်ရယ်ပဲကျန်တော့တယ်။ အလောင်းတွေအကုန်
ဇရပ်အောက်ထဲထည့်ပြီး သူတို့လည်း မြေကျင်းဆက်တူးနေကြတာပေါ့။
မြေကျင်းတစ်ကျင်းရတော့ နောက်တစ်လောင်းထပ်
မြုပ်လိုက်ကြတယ်။ ဇရပ်ထဲမှာ လှည်းနဲ့ကားတိုက်ပြီး
သေတဲ့အလောင်းနှစ်လောင်းရယ်၊ ဖိုးတေအလောင်း
ရယ်ပဲကျန်တော့တာ။ ညနေနေဝင်လာပြီဆိုတော့ သုဘ
ရာဇာနှစ်ယောက်လည်း ခဏနားချင်ကြတာပေါ့။
မြေကျင်းအရင်တူးခဲ့ပြီး ညစာစားသောက်ပြီးမှ ဆက်
မြုပ်မယ်လို့တိုင်ပင်ကြတယ်။ မြေကျင်းတစ်ကျင်းတူး
လက်စပြီးတဲ့အချိန် ည ၇ နာရီလောက်ရောက်နေပြီ။ ||သုဘရာဇာနှစ်ယောက်လည်း ထားခဲ့ပြီး ညစာစားဖို့နဲ့
အပြန်ကြရင် အရက်လေးပါဝယ်ပြန်လာဖို့စကားတပြော
ပြောနဲ့ ထွက်လာကြတာပေါ့။
လတခြမ်းပဲ့ကလည်း မလင်းတလင်း၊ လေလေးတစ်
ချက်ဝေ့ဝေ့သွားတိုင်း သင်္ချိုင်းနားကအပင်တွေက လှုပ်
လှုပ်ယမ်းယမ်းနဲ့ ပုစဉ်းအော်သံကလွဲရင် သင်္ချိုင်းထဲမှာ
တိတ်ဆိတ်ခြောက်ကပ်နေတယ်။ အဲ့ဒီအချိန်မှာပဲ ဒုတ်၊
ဒုတ်ဆိုတဲ့မြည်သံကြီးက ပဲ့တင်ထွက်ပေါ်လာနေတာ။
စည်းချက်၊ ဝါးချက်ညီညီထွက်လာနေတဲ့ အသံကြောင့်
ဖိုးတေ မျက်လုံးပွင့်လာတယ်။ သူ့လက်မနှစ်ဖက်ကို ချည်
မန်းကြိုးနဲ့ပူးချည်ထားတာသိလိုက်တယ်။ ခြေမနှစ်ချောင်းကိုလည်း ပူးချည်ထားလေရဲ့။
လက်ကတောင်နှစ်ဖက်အားပြုပြီး ငုတ်တုတ်ထထိုင်လိုက်
တော့ သူရောက်နေတာ သင်္ချိုင်းထဲကဇရပ်မှန်း သိသွား
တော့တာပေါ့။ ဘေးဘီကိုကြည့်လိုက်တဲ့အခါ သူ့ဘေး
မှာ ဖျာနဲ့လိပ်ထားတဲ့အလောင်းတစ်လောင်း၊ ရုတ်တရက်
ဆိုတော့ နည်းနည်းလန့်သွားမိတယ်။
သူ့ကိုယ်ပေါ်မှာလည်း ပွဲနေပွဲထိုင်ဝတ်နေကြ ရှပ်အင်္ကျီ
အဖြူတထည်ကို ပြောင်းပြန်ဝတ်ပေးထားတာတွေ့လိုက်
ရတယ်။ ' ငါသေသွားပြီလား ' သူ့ကိုယ်သူပြန်မေးနေမိ
နေတယ်။ ' မဟုတ်ဘူး ငါမသေဘူး ' သတိကြီးကြီးထား
ပြီး ချည်မန်းကြိုးအဖြူတွေကိုဆွဲချွတ်ပစ်လိုက်တယ်။
" ငါမသေသေးလို့ ဒါတွေဖြုတ်လို့ရတာ " ဖိုးတေ တစ်
ယောက်တည်းတီးတိုးပြောနေရင်း ဇရပ်အပြင်ဖက်ကို
လှည်းကြည့်လိုက်တော့ သူ့ကိုကျောပေးလို့ မြေကျင်း
တူးနေတဲ့ လူတစ်ယောက်ရဲ့နောက်ကျောကို ခပ်လှမ်း
လှမ်းကနေ လှမ်းမြင်လိုက်ရတယ်။
အဲ့ဒီလူက ကုန်းကုန်း ၊ ကုန်းကုန်းနဲ့ မြေကျင်းတူးနေတာ။
ဒုတ် ဒုတ်မြည်သံက အဲ့နေရာကလာနေတာရယ်။ လူကို
မြင်လိုက်တော့ဖိုးတေအားတက်သွားမိတယ်။ မတ်တပ်
ထရပ်လိုက်ပြီး ပုဆိုးပြင်ဝတ်လိုက်တော့တယ်။ ပြောင်း
ပြန်ဖြစ်နေတဲ့အင်္ကျီကိုလည်း အတည့်ပြန်ဝတ်လိုက်
တယ်။
ပြီးတော့ဇရပ်အောက်ကနေခေါင်းငုံ့ထွက်လာပြီး မြေ
ကျင်းတူးနေတဲ့သုဘရာဇာဆီလျှောက်လှမ်းသွားလိုက်
တော့တယ်။
" ဗျို့ ... သုဘရာဇာကြီး ... ကျုပ်ကိုမလန့်နဲ့ဗျ ... ကျုပ်
လူအစစ်... သေပြီဆိုပြီး လာပို့ထားတာ... ကျုပ်မသေ
သေးဘူး "
ဖိုးတေက လှမ်းပြောရင်း မြေကျင်းတူးနေတဲ့လူနား||ခပ်မြန်မြန်လျှောက်လာလေရဲ့။ မြေကျင်းတူးနေတဲ့လူ
က တစ်ချက်မှလှည့်မကြည့်ဘူး။
" ဟုတ်လား ... ကောင်းတာပေါ့ "
အေးစက်စက်အသံနဲ့ပြန်ဖြေတယ်။ ဖိုးတေ မသေဘူး
ဆိုတာကို အံ့ဩပုံမရဘူး။ အဲ့လူနားတဖြည်းဖြည်းနီး
ကပ်လာတော့ လူပုံစံကို လရောင်နဲ့ ဝိုးတဝါးမြင်လာရ
တော့တယ်။
" ခင်ဗျားကို ကျုပ်မြင်ဖူးနေသလိုပဲ "
ဖိုးတေက ဇဝေဇဝါနဲ့ တွေးမရနေဘူး။ အနီးကပ်တိုးကပ်
သွားလိုက်တယ်။
" ဟင် ... ခင်ဗျား ကြည်မြင့်ရွာက ကိုကြွက် မဟုတ်လား...
ဘယ့်နှယ့် ဒီရောက်နေတာတုန်း "
ကိုကြွက်က ပြန်မဖြေဘဲ မြေကျင်းပဲဆက်တူးနေတယ်။
" ခင်ဗျားလည်းဘဝပျက်ပြီး သုဘရာဇာအလုပ် လုပ်
နေရပြီလား ... ကျုပ်တပည့်လုပ်မလား ... ကျုပ်တပည့်
လုပ်ရင် ဆိုးပြမိုက်ပြရင်ဖြစ်ပြီ ... နေစရာ... စားစရာ
ဘာမှမပူနဲ့ "
ဖိုးတေဘာပြောပြော ကိုကြွက်က အင်းမလုပ်၊ အဲမလုပ်။
ဖိုးတေဒေါသထွက်လာတယ်။ သူ့လို လူတွေဖိန့်ဖိန့်တုန်
ကြောက်ရလန့်ရတဲ့ လူမိုက်ကြီးကို တစက်ကလေးမှ
အရေးမလုပ်ဘဲနေတော့ မခံချင်လာတော့ဘူး။
" ဟေ့လူ ... ခင်ဗျားက ကျုပ်မေးနေတာပြန်မဖြေရ
အောင် ဘာကောင်ကြီးမလို့တုန်း... ကျုပ်ကိုမသိဘူး
လား... လူမိုက်ကြီးဖိုးတေဆိုတာမကြားဖူးဘူးလား "
ကိုကြွက်ဆိုတဲ့သူက မြေပေါက်နေရာကနေ ဖိုးတေဖက်
တစ်ချက်လှည့်ကြည့်လာတယ်။ ပြီးတော့ မြေကျင်း
ဆက်တူးနေတယ်။
" ခင်ဗျားကို သတ်ပစ်လို့ရတယ် နားလည်လား "
ဖိုးတေအသံကခက်ထန်နေပြီ။ ဒေါသသံကြောင့်အသံ
က ကျယ်လောင်နေတယ်။ ကိုကြွက်က အေးစက်စက်
လေသံနဲ့ပြန်ဖြေလာတော့တယ်။
" ကျုပ်ကိုကူညီပါလား ကိုဖိုးတေ "
ဖိုးတေ လေသံပြန်လျော့ပြီး
" ကူညီမယ်လို့ပြောနေတယ်လေကွာ ... ငါ့တပည့်လုပ်
လိုက် ... နေစရာ.. စားစရာ ဘာမှမပူနဲ့ ... "
" အဲ့လိုမဟုတ်ဘူး... "
" ဒါမဟုတ်ရင် ဘာတုန်း "
" ကျုပ်ကိုမြေဖို့ကူ "
" ဟ ... ငါ့လိုနာမည်ကျော်လူမိုက်ကြီးကို သုဘရာဇာ
လုပ်ခိုင်းနေတာလား ... ခင်ဗျားရူးသွားပြီလားကိုကြွက်...
ဇရပ်အောက်ကအလောင်း ခင်ဗျားဘာသာမြုပ်... ကျုပ်
တပည့်မလုပ်ဘူးဆိုလဲနေတော့ဗျာ ... ကျုပ်တော့ရွာပြန်
ပြီ "
ဖိုးတေက ဒေါသသံတစ်ဝက်ရောနေတဲ့အသံနဲ့အော်
ပြောလိုက်ပြီး ကျောခိုင်းထွက်လာတာ ခြေလှမ်းနှစ်လှမ်း
သုံးလှမ်းရောက်လာတော့ ကိုကြွက်က မြေပေါက်နေရာက ရပ်လိုက်ပြီး ဖိုးတေဖက်ထပ်ေပြာလာတယ်။
" ကျုပ်ကို မြေဖို့ပေးဖို့ပြောတာပါ "
ဖိုးတေကြောင်သွားတယ်။ ဒီလူဘာပြောနေတာလဲ တွေး
မရဘူး။ ကိုကြွက်ဖက်လှည့်ကြည့်ပြီး ထပ်မေးလိုက်
တယ်။
" ဘာကိုမြေဖို့မှာ ဇရပ်ထဲကအလောင်းမဟုတ်ဘူးလား "
ကိုကြွက်က ပေါက်ပြားကိုလွှတ်ချလိုက် ပြီးတော့
ဖိုးတေဖက်ကျောခိုင်းရပ်နေတဲ့ နေရာကနေ သူ့ခေါင်းတစ်
လုံးတည်း ဆွဲလှည့်လာတယ်။ ကိုကြွက်ကျောပြင်ကြီးနဲ့
မျက်နှာကြီးကဘွားခနဲ။ ကိုကြွက်ကိုသေသေချာချာ
ကြည့်လိုက်တော့မှ အင်္ကျီပြောင်းပြန်ဝတ်ထားတာတွေ့
လိုက်ရတဲ့အခါ ဖိုးတေ ပါးစပ်အဟောင်းသား၊မျက်လုံးကြီးပြူးလို့ အာစေးမိသွားသလို စကားသံမထွက်လာ
တော့ဘူး။
" ကျုပ်ကိုမြေဖို့ပေးခဲ့ပါဗျာ "
ပြောပြီးတာနဲ့ သူ့ပါးစပ်ထဲက တစ်မတ်စေ့ကို ထုတ်ပြ
ပြီး မြေကျင်းထဲ ဘိုင်းခနဲ လဲချပစ်တာနဲ့ ဘာပြော
ကောင်းမလဲ လူမိုက်ကြီးဖိုးတေတစ်ယောက် အားကုန်
ထုတ်သုံးလို့ ငယ်သံပါအောင် အော်ပြီး ဖဝါးနဲ့တင်ပါး
တစ်သားတည်းကျအောင်ပြေးပါလေရော။
ရွာရောက်တဲ့အခါ သူ့အိမ်ထဲတန်းဝင်ပြေးတာပေါ့။
သဂြိုလ်တဲ့ညမလို့ ဖိုးတေအိမ်မှာဖဲဝိုင်းနဲ့စည်ကားနေ
သေးတယ်။ ဖဲဝိုင်းကလူတွေဖိုးတေကိုလည်းမြင်ရော
တဝုန်းဝုန်းထွက်ပြေးကြတာ ဖိုးတေအိမ်တောင်ပြိုတော့
မယ့်အတိုင်း။ အော်ကြဟစ်ကြနဲ့ ဖိုးတေကလည်းအော်၊
ဖဲဝိုင်းကလူတွေလည်းအော် ကမ္ဘာပျက်နေသလိုဖြစ်ကုန်
ကြရော။
" ငါဖိုးတေအစစ်ပါဟ... ငါမသေသေးဘူး ... လူအစစ်...
လူအစစ်ဟေ့ "
ဖိုးတေကအော်အော်ပြီးပြောတယ်။ မကြည်မြင့်ကဖိုး
တေနားကပ်သွားပြီး အသားကို မဝံ့မရဲတို့ကြည့်နေတယ်။
" ဟုတ်တယ်တော့ ... ကိုဖိုးတေ မသေဘူးတော့ "
မကြည်မြင့်စကားကြားမှ လူတချို့လည်း မဝံ့မရဲနဲ့
ပြန်ရောက်လာကြတော့တယ်။
" ကိုဖိုးတေ ... ဝမ်းသာလိုက်တာတော်... ရှင်မသေဘူး
နော် "
ဖိုးတေကခေါင်းအသာငြိမ့်ပြတယ်။ ခုနကကြောက်အား
လန့်အားနဲ့အော်ဟစ်နေပေမယ့် အခုကြတော့ အကြောက်
လွန်တဲ့အရှိန်နဲ့ စကားမပြောနိုင်တော့ဘူး။
" ရေ ... ရေ "
မကြည်မြင့်က ရေအိုးစင်ကနေ ရေတစ်ခွက် မြန်မြန်ပြေး
ခပ်ပြီးတိုက်လိုက်တော့တယ်။
" ဘယ်လိုဖြစ်တာလဲ ပြောပါဉီးကိုဖိုးတေရဲ့ "
ဖိုးတေဘာမှမပြောနိုင်ဘဲ အိမ်ထရံကိုမှီပြီး မောနေတာ
ပေါ့။ သူ့ကိုဘာမှမမေးသေးနဲ့ဆိုပြီး လက်ကာပြလာတယ်။
ခဏနားပြီးတာနဲ့ ဖြစ်ကြောင်းကုန်စင်ကို မကြည်မြင့်နဲ့ သူ့တပည့်တွေကိုပြန်ပြောပြတဲ့အခါ ရွာကလူတွေလည်း
မီးတုတ်တွေကိုင်ပြီး သူကြီးကဦးဆောင်လို့ သင်္ချိုင်း
ဖက်သွားကြည့်ကြတော့တယ်။
သင်္ချိုင်းနားရောက်တဲ့အခါ အရက်ပုလင်းခါးမှာချိတ်
ပြီး လာနေကြတဲ့ သုဘရာဇာနှစ်ယောက်ကိုတွေ့တော့
တခါတည်းခေါ်သွားလိုက်တာပေါ့။ သင်္ချိုင်းထဲရောက်
လို့ မြေကျင်းထဲကြည့်လိုက်တော့ ဖိုးတေပြောတဲ့အ
တိုင်းပဲ ကိုကြွက်အလောင်းကြီးမြေကျင်းထဲတွေ့လိုက်
ကြတော့တယ်။ ဒါပေမယ့် ခေါင်းကပြောင်းပြန်တော့
မဟုတ်ဘူး။
အဲ့ဒီသတင်းနဲ့ ဖိုးတေ မသေဘူးဆိုတဲ့သတင်းက ဟိုးဟိုး
ကျော်သွားပြန်ရော။ မနက်လင်းတာနဲ့ မေးကြ၊ မြန်းကြတဲ့သူတွေ အိမ်မှာတိုးမပေါက်ဘူး။ ဖိုးတေကတော့ နှုတ်ဆိတ်လို့။ ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။
အဲ့အချိန်ကစပြီး လူမိုက်ကြီးဖိုးတေလည်း အိမ်အပြင်
သိပ်မထွက်တော့သလို လူမိုက်အလုပ်ကိုပါ တဖြည်း
ဖြည်းစွန့်လွှတ်သွားတော့တယ်။
နောက် ( ၁၀ ) အကြာ အသက် ( ၅၆ ) နှစ်မှာပဲ ဖိုးတေ
တစ်ယောက် အမှန်တကယ်သေဆုံးသွားခဲ့ပါတယ်။ ဂနိုင်ဝံရွာနဲ့ ပင်ကြီးတစ်ထောင်ရွာမှာတော့ လူမိုက်ကြီးဖိုးတေရယ်လို့ ပြောစမှတ်တွင်ကျန်နေရစ်ဆဲ။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။