ချီကာဂိုရဲ့ ဩဇာကြီးမားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် အယ်လ်ကာပုန်း
lotaya.mpt.com.mm
|
2021-09-13

အယ်လ်ကာပုန်း (၁၈၉၉-၁၉၄၇)


အယ်လ်ကာပုန်း ဟာ ၁၉၂၅ ခုနှစ်ကနေ ၁၉၃၁ ခုနှစ်အကြား ချီကာဂိုမှာ ဩဇာကြီးမားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။

အယ်လ်ကာပုန်းကို ၁၈၉၉ ခုနှစ် နယူးယောက်၊ ဘရွတ်ကလင်မှာ မွေးဖွားခဲ့တယ်။ ၂၀ရာစုအစောပိုင်းရဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တော်တော်များများဟာ ဆင်းရဲတဲ့ မိသားစုတွေက ဆင်းသက်လာလေ့ရှိပေမဲ့ အယ်လ်ကာပုန်းကတော့ကွဲပြားခြားနားပါတယ်။ သူက သာမန်ဂုဏ်သိက္ခာရှိမိသားစုတစ်ခုက မွေးဖွားလာခဲ့တာဖြစ်ပြီး သူ့အဖေက အီတလီလူမျိုးဖြစ်တယ်။

ဥပဓိရုပ်တည်တည်ကြည်ကြည်နဲ့ အပြုံးချိုချိုပိုင်ဆိုင်ထားတဲ့ အယ်လ်ကာပုန်းဟာ ရုပ်ရည်သွင်ပြင်အနေအထားအရလူဆိုးဂိုဏ်းခေါင်းဆောင်လို့တောင် ထင်စရာမရှိပါဘူး။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ ဇ ကို အသက် ၁၄ နှစ်သားအရွယ်ကတည်းက ပြသခဲ့တာပါ။ ငယ်စဉ်ပတ်ဝန်းကျင်မှာ အရက်ဆိုင်တွေ၊ လောင်းကစားခန်းတွေ၊ ပြည့်တန်ဆာခန်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာမျိုးမှာ နေရပေမဲ့ အယ်လ်ကာပုန်းရဲ့ မိသားစုကတော့ အေးဆေးနေထိုင်ပြီး ဥပဒေကိုလေးစားလိုက်နာတဲ့သာမန်မိသားစုလေးအဖြစ်သာ။ အယ်လ်ကာပုန်းကိုလည်း တစ်ချိန်မှာ အန္တရာယ်ကြီးမားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မြင်မိမှာမဟုတ်ဘူး။

အယ်လ်ကာပုန်းဟာ သူ့အသက် ၁၄ နှစ်အရွယ်မှာ ကက်သလစ်ကျောင်းက ဆရာမတစ်ဦးကို ပြန်လည်ရိုက်နှက်မှုနဲ့ကျောင်းထုတ်ခံလိုက်ရတယ်။ နောက်ပိုင်း ကျောင်းပြန်တက်ခွင့်ရခဲ့ပေမဲ့လည်း သူက သွားမတက်တော့ဘူး။

နောက်တပွဲကတော့ အယ်လ်ကာပုန်း နာမည်ပြောင်ရသွားခဲ့တဲ့ပွဲဖြစ်ပြီး ဆလွန်းကားပေါ်မှာတင် လုံးထွေးသတ်ပုတ်ရင်းတဖက်လူက အယ်လ်ကာပုန်းရဲ့ မျက်နှာကို ဘလိတ်ဓားနဲ့ မွှန်းလိုက်တာကြောင့်ပါ။ အဲဒီနောက်ပိုင်းမှာ Scarface ဆိုတဲ့နာမည်ပြောင်ကို ရရှိသွားခဲ့တယ်။

အယ်လ်ကာပုန်းရဲ့ အမှောင်လမ်းထဲကို လျှောက်လှမ်းဖို့အတွက် စတင် ဆွဲခေါ်ခဲ့သူက ဂျွန်နီတော်ရီရို။ သူက Rocketeering လုပ်ကိုင်သူဖြစ်ပြီး Torrio’s James Street Boys ဂိုဏ်းသားတစ်ဦးလည်း ဖြစ်တယ်။ အယ်လ်ကာပုန်းဟာ Torrio’s James Street Boys ဂိုဏ်းနဲ့ပူးပေါင်းပြီး နောက်ပိုင်းမှာ ပိုကြမ်းသွားခဲ့တယ်ဆိုရမယ်။ တော်ရီရိုက ၁၉၂၀ မှာ ချီကာဂိုမှာရှိတဲ့ ပြည့်တန်ဆာလုပ်ငန်းကို ကူညီရန် အယ်လ်ကာပုန်းကို စေလွှတ်ခဲ့တယ်။

၁၉၂၀ ကနေ ၁၉၂၅ နှစ်တွေအတွင်းမှာ အယ်လ်ကာပုန်းဟာ သူ့ရဲ့ ဩဇာကိုတဖြည်းဖြည်းချင်းတည်ဆောက်ယူခဲ့သလိုလူသတ်မှုတွေကိုလည်း ကျူးလွန်ခဲ့တယ်။ ၁၉၂၅ မှာတော့ တော်ရီရိုရဲ့ ဩဇာအာဏာတွေအကုန်လုံးဟာ အယ်လ်ကာပုန်းဆီ ရောက်ရှိသွားတော့တယ်။ ပါးနပ်ပြီးလက်ရဲဇက်ရဲရှိတဲ့ အယ်လ်ကာပုန်းလက်အောက်မှာ အင်အားကြီးလူမိုက်တွေများစွာရှိသလို အခွင့်ရေးပေးတာနဲ့ အယ်လ်ကာပုန်းကို ရှင်းပစ်ဖို့ကြံစည်နေသူတွေကလည်း ဒုနဲ့ဒေး။


အယ်လ်ကာပုန်းဟာ သူ့ရဲ့ဩဇာအာဏာအထွဋ်အထိပ်ရောက်လာတဲ့အခါ နိုင်ငံရေးရွေးကောက်ပွဲတွေအထိတောင် ဝင်ရှုပ်လာခဲ့တယ်။ သူဟာ ဘယ်နေရာသွားသွား သက်တော်စောင့် နှစ်ယောက်အမြဲပါလေ့ရှိပြီး များသောအားဖြင့် ညဘက်တွေမှာပဲ အသွားအလာလုပ်လေ့ရှိတယ်။ သူဟာ အစိုးရထိပ်ပိုင်းအရာရှိတွေအတွက် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုကအစပြိုင်ဘက်ပါတီဝင်တွေကို ပြန်ပေးဆွဲရှင်းပစ်ပေးတဲ့အထိကို နိုင်ငံရေးထဲ ဝင်ရှုပ်ခဲ့တယ်။ နောက်ဆုံး သူ့တပည့်တွေနဲ့ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်တဲ့အခြေအနေထိတောင် အယ်လ်ကာပုန်းက ကြမ်းလာခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာကံကောင်းခဲ့တာက အယ်လ်ကာပုန်းကို တရားခွင်မှာ စစ်ဆေးမေးမြန်းခဲ့ပေမဲ့ အယ်လ်ကာပုန်းရဲ့ အစ်ကိုက အယ်လ်ကာပုန်းအစား ဝန်ခံသွားသလို သူကလည်း မကြာခင်သေဆုံးသွားခဲ့တယ်။ နောက်ထပ် အယ်လ်ကာပုန်းရဲ့ ပြစ်မှုတစ်ခုကတော့ချီကာဂိုက လူတွေအတွက် သတိထားမိစရာဖြစ်ခဲ့တယ်။ အယ်လ်ကာပုန်းရဲ့ သူငယ်ချင်းကို ရိုက်နှက်ခဲ့တဲ့သူကို အယ်လ်ကာပုန်းက ဘားတစ်ခုမှာပစ်သတ်ခဲ့တာပါ။ အဲဒီအမှုအတွက် ရဲတွေက အယ်လ်ကာပုန်းကို မေးမြန်းစစ်ဆေးခဲ့ပေမဲ့တရားစွဲဆိုနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

အထူးသဖြင့် အယ်လ်ကာပုန်းကို ဖမ်းဆီးဖို့လုံလောက်တဲ့ သက်သေတွေမရှိခဲ့သလို သူ့ရဲ့ ဩဇာကြောင့်လည်း အချို့မျက်မြင်သက်သေတွေက အမှန်တရားကို မထွက်ဆိုခဲ့ကြဘူး။

နောက်ပိုင်းမှာ အယ်လ်ကာပုန်းရဲ့ အနေအထိုင်တွေ၊ အပြုအမူတွေက ပိုပြီးပိရိလာတယ်။ သူက လူကြားကို ပိုပြီးတိုးဝင်လာတယ်။ ရုပ်ရည်သန့်သန့်နဲ့ စမတ်ကျကျဝတ်စားတတ်တာကြောင့် လူကုံတန်တွေကြားထဲမှာလည်း ဝင်ဆန့်လာတယ်။အချို့က သူ့ကို စီးပွါးရေးသမားတစ်ဦးလို့ပဲ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အယ်လ်ကာပုန်းတို့ရဲ့ပြိုင်ဘက်ဂိုဏ်းနဲ့ ယှဉ်ပြိုင်မှုတွေကလည်း ပိုပြီးပြင်းထန်လာတယ်။ အထူးသဖြင့် မှောင်ခိုဝီစကီကုန်သွယ်တဲ့အမှုမှာ အယ်လ်ကာပုန်းနဲ့ ပြိုင်ဘက်ဂိုဏ်းတို့ဟာ ပြင်းပြင်းထန်ထန်ထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်။

အယ်လ်ကာပုန်းက နယူးယော့ခ်က သူ့ရဲ့သူငယ်ချင်း ရယ်လီရဲ့ အကူညီနဲ့ ဝီစကီတွေတွေ အများအပြားကို ချီကာဂိုကို ခိုးသယ်ဖို့ မစ်ရှင်တစ်ခုကို အစီအစဉ်ဆွဲခဲ့တယ်။ ဒီမစ်ရှင်အောင်ရင် အယ်လ်ကာပုန်းအတွက် အကျိုးအမြတ်ကလည်းတော်တော်လေးကြီးမားတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီလမ်းကြောင်းကို အစိုးရဘက်က အနံ့ခံမိသွားတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးဘက်က စုံစမ်းစစ်ဆေးတဲ့ မက်ဆွစ်ဂျန်တို့အဖွဲ့နဲ့ အယ်လ်ကာဖုန်းရဲ့ တပည့်တွေနဲ့ ဘားတစ်ခုမှာအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ လူတွေက မက်ဆွစ်ဂျန်ကို အပြတ်ရှင်းဖို့ အယ်လ်ကာပုန်းက သူ့တပည့်တွေကိုစေခိုင်းလိုက်တာလို့လည်း ဝေဖန်ပြောဆိုကြတယ်။ တကယ်တမ်း အဲဒီပစ်ခတ်မှုမှာ အယ်လ်ကာပုန်းဘက်တော်သားတွေသေဆုံးခဲ့ကြပြီး အယ််လ်ကာပုန်းကိုလည်း အပြစ်ရှိသူလို့ ယူဆခဲ့ကြတယ်။ ဒါကြောင့် အယ်လ်ကာပုန်းကို ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းပြန်တယ်။ ချီကာဂိုရဲတွေကို အိတ်ကပ်ထဲထည့်ထားနိုင်လောက်တဲ့အထိ ပိုင်တဲ့ အယ်လ်ကာပုန်းကတော့သက်သေမခိုင်လုံလို့ ပြန်လည်လွတ်မြောက်လာတယ်။ ဒါပေမဲ့ လမ်းကြောင်းကတော့ တော်တော်လေးကြပ်တည်းသွားတယ်။ နောက်ပြီးတော့ ဒီလောက်သိုသိပ်လျှို့ဝှက်တဲ့ ကိစ္စကို ရဲတွေ အနံ့ခံမိသွားတယ်ဆိုတာ အတွင်းစည်းထဲကသစ်စာဖောက်တော့ရှိနေမှာပဲလို့ အယ်လ်ကာဖုန်းတွေးမိသွားတယ်။

အစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးတွေကလည်း အဲဒီနောက်ပိုင်းမှာ အယ်လ်ကာပုန်းကို စောင့်ကြည့်လာခဲ့ကြတယ်။အထက်ပါပြဿနာတွေရဲ့ နောက်ဆက်တွဲတွေက ချီကာဂိုက ပြည်သူတွေအပေါ်လည်း သက်ရောက်မှုရှိခဲ့တယ်။မကြာခဏပစ်ခတ်မှုတွေစိပ်လာသလို ဖြစ်လိုက်တိုင်းလည်း အယ်လ်ကာပုန်းရဲ့ အဖွဲ့တွေပဲ ဖြစ်နေတာကြောင့် လူတွေကအယ်လ်ကာပုန်းတို့အဖွဲ့ကို သတိထားမိလာကြတယ်။ အယ်လ်ကာပုန်းကတော့ လက်တလုံးခြားလွတ်မြောက်နေဆဲပါ။အထူးစုံစမ်းစစ်ဆေးရေးဘက်ကလည်း သူ့ရဲ့ နေအိမ်နဲ့လောင်းကစားရုံများကို မကြာခဏ စီးနင်းရှာဖွေလေ့ရှိတယ်။နောက်ပိုင်းမှာ အယ်လ်ကာပုန်းက သုံးလ လောက် ရှောင်နေလိုက်တယ်။ အဲဒီကာလတွေအတွင်းမှာလည်း အမှုအခင်းတွေက ကျဆင်းသွားမှုမရှိခဲ့ပြန်ဘူး။ အယ်လ်ကာပုန်းက ရဲတွေကိုတောင် မထီမဲ့မြင်ပြုလိုက်သေးတယ်။ သူက ရှောင်နေရာကနေပြန်လာလာချင်း ရဲစခန်းသွားပြီးအဖမ်းခံလိုက်တယ်။ ဒါပေမဲ့ သူ့ကို စွဲချက်တင်ဖို့အတွက် လုံလောက်တဲ့သက်သေမရှာဖွေနိုင်တာကြောင့် အောင့်သက်သက်နဲ့ ပြန်လွှတ်ပေးလိုက်ပြန်တယ်။

သုံးလလောက်ရှောင်နေရာကနေ ပြန်ရောက်လာပြီးနောက်ပိုင်း အယ်လ်ကာပုန်းက တော်တော်လေးငြိမ်ချက်သားကောင်းသွားတယ်။ ပိုပြီးရယ်စရာကောင်းတာက သူက အများပြည်သူတွေရဲ့ ငြိမ်းချမ်းမှုတွေကို နှောင့်ယှက်နေတဲ့ လူဆိုးဂိုဏ်းတွေကို ဖမ်းဆီးဖို့ သူကတောင် တိုင်ချက်ဖွင့်လိုက်သေးတယ်။ သူတိုင်လိုက်တဲ့ ဂိုဏ်းတွေကတော့ သူ့ပြိုင်ဘက်ဂိုဏ်းတွေပါ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ အယ်လ်ကာပုန်းအနေနဲ့ အစိုးရရဲအရာရှိတွေကို သရော်တဲ့သဘောပါပဲ။ နောက်တစ်ဖက်မှာတော့ သူဟာ ကြီးကြီးမားမားအကြံအစည်တစ်ခုကို အကောင်အထည်ဖော်နေတာကြောင့်ပါ။ သူက ချီကာဂိုမှာ လူဆိုးဂိုဏ်းတွေများပြားနေတာကို သဘောမကျပါဘူး။ သူ့တစ်ဂိုဏ်းပဲ အုပ်စိုးခြယ်လှယ်လိုစိတ်ရှိတယ်။ နောက်ပြီးတော့ သူ့ရဲ့ဝီစကီတင်ပို့တဲ့မစ်ရှင်ကိုလည်း ပြန်လည်အသက်သွင်းဖို့ လိုတာကိုး။ အဲဒီတော့ သူဟာ အခြားလူဆိုးဂိုဏ်းတွေကို နှစ်လအတွင်းရှင်းပစ်ဖို့ ကြံစည်နေတာပါပဲ။ ဒါပေမဲ့ ချီကာဂိုမှာရှိတဲ့ လူဆိုးဂိုဏ်းတွေက များသောအားဖြင့် တောင့်တင်းမှုရှိတာကြောင့် အယ်လ်ကာပုန်းအတွက် ရှင်းပစ်ဖို့ အခက်အခဲရှိနေတယ်။ နောက်ပြီး သူတို့လူဆိုးဂိုဏ်းတွေဟာ ဥပဒေအရလည်းလက်လှမ်းမှီဖို့ခက်ခဲနေတယ်။ ဂိုဏ်းအချင်းချင်းထိပ်တိုက်တွေ့ဆုံနေရင်တောင် ရဲ တွေက မမြင်ဟန်ဆောင်နေတာမျိုးတွေတောင် ရှိခဲ့တယ်။ ဒါပေမဲ့ အယ်လ်ကာပုန်းရဲ့ မစ်ရှင်ကို အရှိန်မြှင့်လာမှုတွေကြောင့် ဂိုဏ်အချင်းချင်း သတ်ပွဲတွေ၊ ရန်ပွဲတွေဟာ လမ်းမပေါ်တွေထိ ရောက်လာခဲ့တယ်။

သူ့ရဲ့ ဝီစကီမစ်ရှင် ကူညီခဲ့သူ ရယ်လီ နဲ့လည်း အယ်လ်ကာပုန်းဟာ ခွါပြဲလာခဲ့တယ်။ အယ်လ်ကာပုန်းဟာ တချိန်က ပါတနာဖြစ်ခဲ့ပေမဲ့ ရယ်လီအပေါ်မှာ ယုံကြည်မှုမရှိတော့ဘူး။ တစ်ရက်သော တနင်္ဂနွေနေ့လယ်မှာတော့ အယ်လ်ကာပုန်းဟာရယ်လီ ကို ရှင်းပစ်လိုက်တယ်။ အဲဒီ ရှင်းပစ်မှုဟာ ချီကာဂိုရဲတပ်ဖွဲ့ကို တုန်လှုပ်သွားစေတယ်။ ဘာဖြစ်လို့လည်းဆိုတော့အဲဒီအမှုမှာ သေဆုံးသူ ရယ်လီဟာ တော်မီဂန်းနဲ့ ပစ်ခတ်ခံရတယ်လို့ စစ်ဆေးတွေ့ရှိတာကြောင့်ပါပဲ။ ဒီလိုသေနတ်မျိုးတွေအထိ လက်ဝယ်ပိုင်ဆိုင်ထားနေတဲ့ လူဆိုးဂိုဏ်းတွေကို ဆက်လွှတ်ထားလို့မဖြစ်တော့ဘူးဆိုတာလည်း ရဲတပ်ဖွဲ့အနေနဲ့သဘောပေါက်သွားခဲ့ကြတယ်။

ခဲလုံးတစ်လုံးဟာ အမြင့်ဆုံးကိုရောက်ပြီးရင် ပြန်ကျတတ်တဲ့ ထုံးစံအတိုင်းပဲ အယ်လ်ကာပုန်းရဲ့ အမြင့်ပျံနေ့စွဲတွေကလည်း တဖြည်းဖြည်းကုန်ဆုံးဖို့ နီးကပ်လာခဲ့တယ်။ ဒါပေမဲ့ ဥာဏ်ကောင်းပါးနပ်တဲ့ အယ်လ်ကာပုန်းကတော့ အကြပ်အတည်းတွေကြားထဲက မကြာမခဏလွတ်မြောက်လေ့ရှိတာကြောင့် ဒီတစ်ခါလည်း စိတ်ဝင်စားစရာ အလှည့်အပြောင်းတစ်ခုက စောင့်ကြိုလို့နေပြန်တယ်။

အယ်လ်ကာပုန်းနဲ့ နှစ်ပေါင်းများစွာ ရင်ဘောင်တန်းပြိုင်လာတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်။ အဲဒီ ဂိုဏ်းက North Siders ဂိုဏ်းဖြစ်ပြီး ဦးဆောင်သူက ဘတ်စ်မော်ရန်။

ဘတ်စ်မော်ရန် က အယ်လ်ကာပုန်းရဲ့ လုပ်ဖော်ကိုင်ဖက် ဂျက်မက်ဂျင်းကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားဖူးတယ်။ အခုတခါကတော့ တကယ့်ကို ပွဲကြီးပွဲကောင်းလို့ဆိုရမယ်။

အဲဒီနေ့က … ၁၉၂၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ နေ့။ ဗယ်လင်တိုင်းဒေးပေါ့။ ဘတ်စ်မော်ရန်နဲ့ သူ့နောက်လိုက်တွေဟာ ဝီစကီဝယ်ဖို့ဆိုပြီး အရက်သမားဟန်ဆောင်ကာက အယ်လ်ကာပုန်းရဲ့ ဝီစကီသိုလှောင်တဲ့ ဂိုဒေါင်ထဲကို ဝင်ရောက်လာခဲ့တယ်။ဒါပေမဲ့ အယ်လ်ကာပုန်းက တကွက်ကြိုမြင်ခဲ့တယ်။ ပြီးတော့ သူ့လုပ်ဖော်ကိုင်ဖက် ဂျက်မက်ဂျင်း ကို တာဝန်တွေ လွှဲပေးခဲ့တယ်။ ဂျက်မက်ဂျင်းက ဘတ်စ်မောရန်တို့မလာခင်ကတည်းက သူ့လူတွေကို ရဲယူနီဖောင်းအတုတွေနဲ့ ဂိုဒေါင်နားတဝိုက်မှာ နေရာချထားလိုက်တယ်။ ဘတ်စ်မော်ရန်က ဂိုဒေါင်ထဲကို ဝင်ခါနီးမှာ အခြေအနေအချို့ကို ရိပ်စားမိတာကြောင့် သူ့လူတွေကို သတိပေးဖို့ကြိုးစားခဲ့ပေမဲ့ နောက်ကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ဘတ်စ်မော်ရန်ရဲ့ လူတွေဟာ ဂိုဒေါင်ထဲကိုရောက်နေပြီး ဘတ်စ်မော်ရန်ကတော့ အခြေအနေမဟန်တော့တာကြောင့် ရှောင်ထွက်ဖို့ပဲ ကြိုးစားတော့တယ်။ ဂျက်မက်ဂျင်းရဲ့ လူတွေက ဂိုဒေါင်ထဲရောက်နေတဲ့ ဘတ်စ်မော်ရန်ရဲ့ လူတွေကို စက်သေနတ်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့တယ်။အခြေအနေကို နည်းနည်းလေးကြိုသိလိုက်တဲ့ ဘတ်စ်မော်ရန်က လွတ်မြောက်ခဲ့ပေမဲ့ သူ့လူတွေကတော့ အယ်လ်ကာပုန်းရဲ့ ဂိုဒေါင်ထဲမှာ အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့တယ်။

အဲဒီအချိန်မှာ အယ်လ်ကာပုန်းက ဖလော်ရီဒါကို ရောက်နေပြီး ဂျက်မက်ဂျင်းကလည်း ဟိုတယ်တစ်ခုမှာ ကောင်မလေးတယောက်နဲ့ ရှိနေကြောင်း အလီဘိုင်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ သတင်းစာတွေကတော့ ဒါဟာ ဘယ်သူ့လက်ချက်လည်းဆိုတာသိပေမဲ့ ဘာမှတော့ လုပ်လို့မရခဲ့ဘူး။

နောက်ပြီးတော့ အယ်လ်ကာပုန်းဟာ ဝီစကီမစ်ရှင်မှာတုန်းကဘသစ္စာဖောက်လို့ ယူဆရသူနှစ်ယောက်ကို ဘေ့စ်ဘောတုတ်နဲ့ ရက်ရက်စက်စက်ရိုက်သတ်ခဲ့ပြီး အောင်ပွဲခံလိုက်သေးတယ်။ အဲဒီအမှုလောက်ကတော့ အယ်လ်ကာပုန်းအတွက်အသွေးအမွှားပဲ။ ဗယ်လင်တိုင်းဒေး အစုအပြုံလိုက်သတ်မှုဟာ ချီကာဂိုမှာ ဟိုးလေးတကျော်ဖြစ်သွားပြီးနောက်ပိုင်းမှာ အမေရိကန်သမ္မတ ဟားဗက်ဟူးဘား နားထဲအထိ အယ်လ်ကာပုန်းရဲ့ သတင်းက ရောက်ရှိသွားခဲ့တယ်။ သမ္မတကဘဏ္ဍာရေးဝန်ကြီး မယ်လွန် ကို တောင်းဆိုတယ်။ “သူ့ကို ထောင်ချချင်တယ် သူ့ကို ထောင်ချလို့ရမယ့်နည်းလမ်းမရှိဘူးလား” ဆိုပြီး မေးမြန်းခဲ့တယ်။ မယ်လွန်ကလည်း အယ်လ်ကာပုန်းရဲ့ အခွန်နဲ့ပတ်သက်တဲ့ ရှောင်လွှဲမှုတွေ၊ ချိုးဖောက်မှုအထောက်အထားတွေကို စုံစုံလင်လင်ရှာဖွေဖို့ ကြိုးစားခဲ့တယ်။ အဲဒီကာလမှာပဲ အယ်လ်ကာပုန်းက အတ္တလန်တစ်စီးတီးရဲ့ “လူဆိုးဂိုဏ်း” ညီလာခံတစ်ခုကိုတက်ရောက်ခဲ့တယ်။ ပြီးတော့ ရုပ်ရှင်ဝင်ကြည့်တယ် ရုပ်ရှင်အပြီး ရုံထဲက ပြန်ထွက်မှာအဖမ်းခံလိုက်ရတယ်။ အခွန်တိမ်းရှောင်မှုနဲ့မဟုတ်ဘဲ တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတာ။ ဒါပေမဲ့နှစ်နည်းနည်းလေးသာကျခဲ့ပြီး ပြန်လွတ်လာတယ်။ အဲဒီအချိန်မှာပဲ မယ်လွန် ကလည်း အယ်လ်ကာပုန်းရဲ့ အခွန်နဲ့ပတ်သက်တဲ့ အထောက်အထားတွေ စုံစုံလင်လင်ရနေပြီ။

အစိုးရထောက်လှမ်းရေးဘက်က နောက်ထပ်ခြေလှမ်းကြီးတစ်ခုကို ထပ်လှမ်းလိုက်ပြန်တယ်။ အယ်မာအိုင်ရေးဟာ အယ်လ်ကာပုန်းရဲ့ အဖွဲ့ထဲကို သူလျှိုတယောက်ထည့်လိုက်ပြီး သတင်းအချက်အလက်တွေ နှိုက်ယူဖို့ထပ်မံကြိုးစားခဲ့တယ်။ဒါပေမဲ့ အယ်လ်ကာပုန်းက သိသွားချိန်မှာတော့ သူလျှိုရဲ့ခေါင်းထဲကို ကျည်ဆံပစ်ထည့်ပြီး သတ်ပစ်လိုက်တယ်။ ဒါပေမဲ့အယ်မာအိုင်ရေးက လုံလောက်တဲ့အချက်အလက်တွေကိုတော့ ရရှိသွားခဲ့တယ်။ နောက်ပြီးတော့ အယ်လ်ကာပုန်းဆီမှာစာရေးလုပ်ခဲ့ပြီး အလုပ်ထွက်လာခဲ့တဲ့နှစ်ယောက်ကို ရဲလုံခြုံရေးအပြည့်အစုံနဲ့ စောင့်ရှောက်မှုပေးထားရသေးတယ်။ အယ်မာအိုင်ရေး ဟာ သူလွှတ်လိုက်တဲ့ သူလျှိုကို အယ်လ်ကာပုန်း က သတ်ပစ်လိုက်တာကိုလည်း မကျေနပ်ခဲ့ဘူး။ ဒါကြောင့်သူရရှိခဲ့တဲ့ အထောက်အထားတွေနဲ့ အယ်လ်ကာပုန်းပိုင်တဲ့ ဘီယာချက်စက်ရုံတွေကို သိမ်းယူဖျက်ဆီးလိုက်တယ်။ အယ်လ်ကာပုန်းအတွက်တော့ အကြပ်တည်းဆုံးကာလတွေကို ရောက်ရှိနေခဲ့တာပဲ။

၁၉၃၁ ခုနှစ်မှာတော့ အယ်လ်ကာပုန်းကို ခိုင်လုံတဲ့စွဲချက်တွေနဲ့ တရားစွဲဆိုနိုင်ခဲ့တယ်။ ဒေါ်လာ ၂သိန်းကျော် အခွန်ဆောင်မှု ၂၂ မှုနဲ့ စွဲချက် ၂၂ ခုတင်နိုင်ခဲ့တယ်။ သူ့ဂိုဏ်းဝင် ၆၈ ယောက်ကိုလည်း Volsteadvအက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်ထပ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အယ်လ်ကာပုန်းကား လွယ်လွယ်နဲ့အလျှော့မပေးခဲ့ပေ။ သူဟာ အတော်ဆုံးရှေ့နေတွေကို ငှါးရမ်းခဲ့ပြီး တရားသူကြီးတွေကို လာဘ်ထိုးဖို့အထိပါ စီစဉ်ထားခဲ့တယ်။ သူ့ကို စွဲဆိုထားတဲ့ စွဲချက်တွေထဲက ပေါ့ပါးတဲ့အမှုတွေကို ဝန်ခံခဲ့တယ်။ မီဒီယာတွေနဲ့ အင်တာဗျူးမှာတောင် သူဟာ ထောင်ငါးနှစ်ထက်ပိုမကျဘူးလို့ ယုံယုံကြည်ကြည်ပြောခဲ့သေးတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ အယ်လ်ကာပုန်း မျှော်မှန်းသလိုမဖြစ်ခဲ့ပါဘူး။ နောက်ဆုံး အဆုံးသတ်အမိန့်ချခါနီးမှာအယ်လ်ကာပုန်းတို့နဲ့ သဘောတူထားတဲ့ တရားသူကြီးကို ချိန်းလိုက်ပြီး အမှုကို ၉နာရီကြာစစ်ဆေးကာ အမိန့်ချမှတ်လိုက်တယ်။

တရားသူကြီး ဝီကာဆန် က အယ်လ်ကာပုန်းကို ထောင်ဒဏ် ၁၁နှစ်၊ ဒဏ်ငွေ ဒေါ်လာ ၅၀၀၀၀ နဲ့ တရားရုံးစရိတ် ဒေါ်လာ၃၀၀၀၀ ချမှတ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဩဇာကြီးမားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးထောင်ချနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက ချီကာဂိုမှာ ၆နှစ်ကြာ ဩဇာအာဏာကြီးမားခဲ့တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တယောက်လည်း ပျောက်ကွယ်သွားခဲ့ပါ။ နောက်ဆက်တွဲသတင်းတွေအရ ၁၉၃၄ မှာ အယ်လ်ကာပုန်းကို အက်လန်တာကနေဆန်ဖရန်စ္စကိုမှာရှိတဲ့ အကတ်ရတ် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီထောင်ကိုရောက်တဲ့အချိန်မှာ သူ့ရဲ့ ထောင်တွင်းအထူးအခွင့်အရေးတွေ ဆုံးရှုံးသွားခဲ့တယ်။ ဒါပေမဲ့ သူထောင်တွင်းမှာ အေးအေးဆေးဆေး နေထိုင်ခဲ့တာကြောင့်၆နှစ်ခွဲသာ ကျခံခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်။ လွတ်မြောက်ချိန်မှာတော့ ရောဂါအချို့စွဲကပ်လာသလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ရှိခဲ့တယ်။ သူပြန်လည်လွတ်မြောက်လာချိန် အသက် ၄၀ ဝန်းကျင်ခန့်သာရှိသေးလို့ သူ့အနေနဲ့ဩဇာကြီးမားမှုကို ပြန်လည်ရှာဖွေပြီး အမှောင်လောကမှာ ဆက်လက်မင်းမူလို့ ရနိုင်သေးပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် ဘာမှမလုပ်နိုင်ခဲ့တော့ဘူး။ ၁၉၄၇ မှာတော့ သူ့ရဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

အယ်လ်ကာပုန်းဟာ လူဆိုးသက်တမ်းသိပ်မရှည်ကြာခဲ့ပေမဲ့ တော်တော်ထက်မြက်တဲ့အထဲမှာ ပါဝင်ခဲ့ပုံရတယ်။ သူဟာမိန်းမကိစ္စအရှုပ်ရှင်းနည်းပါးခဲ့ပြီး နောက်ဆုံးသေဆုံးသွားချိန်မှာ သူ့မိန်းမရဲ့ အိမ်မှာပါ။ ၁၉၁၈ ကတည်းက အိမ်ထောင်ကျခဲ့တဲ့ ဇနီးသည် ကိုးဂ်လင်းနဲ့အတူ ကလေး လေးယောက်ထွန်းကားခဲ့တယ်။

သူရဲ့ နာမည်ပြောင်တွေက Scarface ၊ Big Al ၊ Big Boy ၊ Snorky ၊ ပြည်သူ့ရန်သူနံပတ်၁ တို့ပဲ ဖြစ်ပါတယ်။ သူဟာအနုပညာပေါ်မှာတောင် လွှမ်းမိုးမှုရှိခဲ့တဲ့ ပြင်ပဘဝက ဂိုဏ်းစတားတစ်ယောက်ပါ။ သူ့ရဲ့ မျက်နှာတည်ဆောက်ပုံ၊အမူအရာ၊ လေယူလေသိမ်း၊ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကို ရုပ်ရှင်၊ စာပေ တို့မှာတောင် ဇာတ်ကောင်အဖြစ် မှီငြမ်းဖန်တီးခဲ့ကြရတဲ့ အမေရိကန်နိုင်ငံရဲ့ ဩဇာကြီးမားတဲ့ ဂိုဏ်းစတားတစ်ယောက်ဆိုတာ အသေအချာပါပဲ။ ။

#lotaya_shortstory

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..