လှည်းတန်းရှိ အမျိုးသားဘော်ဒါဆောင်တစ်ဆောင်၏ အခန်းကျဥ်းလေးထဲတွင် ကျောင်းဆရာလေး ဇော်မိုးသည် မနက်အလုပ်သွားရန် ပြင်ဆင်လျက်ရှိသည်။ သူ လွယ်အိတ်အဟောင်းလေးကို လွယ်ရင်း အဆောင်ခန်းထဲမှ ထွက်လာလျှင် -
‘ဆရာ - ဆရာ့အတွက် ပါဆယ်တစ်ထုပ်ရောက်နေတယ်’
ဘော်ဒါဆောင်၀န်ထမ်း ကောင်လေးက သူ့ကို လက်ဆွဲအိတ်ကြီးတစ်လုံး ကမ်းပေးလိုက်သည်။
‘ဘယ်ကလဲကွ’
‘အစ်ကိုကြီးတစ်ယောက်လာပေးသွားတာဗျ။ ဒီမှာ စာတစ်စောင်လည်း ပါတယ်’
ကောင်လေး လှမ်းပေးသော စာကို သူဖောက်ဖတ်လိုက်သည်။ မနက် ကျောင်းတက်ချိန်နီးနေပြီဖြစ်သဖြင့် သူ နည်းနည်းအလျင်လိုနေသည်။ စာထဲတွင် မိန်းမ လက်ရေးနှင့် ရေးထားသည်မှာ -
‘အတိတ်က ကျေးဇူးတွေအတွက် ပြန်လည်ပေးဆပ်ပါရစေ။ ကိုဇော်မိုး သုံးလိုရာ သုံးနိုင်ပါတယ်။’
ဟုရေးထားပြီး အောက်တွင် -
‘အတိတ်ဘ၀က ချစ်သူ - စိမ်းလဲ့ခင်’
ဟု လက်မှတ်ရေးထိုးထားသည်ကို တွေ့လိုက်ရလေသည်။
ဇော်မိုး အူကြောင်ကြောင် ဖြစ်သွားသည်။ သူ့ကို တစ်ယောက်ယောက်က နောက်နေသလား။ သူ့တပည့်တွေများလား - ဒါမှမဟုတ် သူ့သူငယ်ချင်းတစ်ယောက်ယောက်လား - ဒါမှမဟုတ် နန်းထက်လား။
အတွေးတွေ များနေသည့် သူ့ကို ကောင်လေးက ပြူးကြည့်နေသည်။
‘ဆရာ - ဘာတွေ ရေးထားလို့လဲ’
သူခပ်သုတ်သုတ်နှင့် ထွက်လာပြီးမှ လက်ထဲတွင် သားရေလက်ဆွဲအိတ်ကြီး ပါလာသည်ကို သတိရလိုက်သည်။ - ငါကျောင်းရောက်မှပဲ ဖွင့်ကြည့်တော့မယ် - ဟု စဥ်းစားရင်း ဘတ်စ်ကားတက်စီးကာ ကျောင်းသို့ ရောက်လာသည်။ သူသင်ရသည်မှာ အလယ်တန်း။ အတိအကျဆိုလျှင် ခုနစ်တန်းဖြစ်သည်။ သူ့ကို ကျောင်းအုပ်ကြီးက ဆိုးပေ့မိုက်ပေ့ဆိုသည် ကျောင်းသားတွေ စုနေသည့် အတန်းတွေကိုပဲ အမြဲသင်ခိုင်းသည်။ ဇော်မိုးသည် ကျောင်းသားဆိုးတွေနှင့် အမြဲ ပလဲနံပသင့်သူ။ သူ စာသင်ချိန်တွေ တလျှောက်လုံး အခန်းထောင့်ရှိ သားရေအိတ်ကြီးဆီသာ အာရုံရောက်နေသည်။ အိတ်ကြီးသည် အတော်လေးသည်။
- အတွင်းခံ အစုတ်တွေ ဖြစ်နေမှ ငါတော့ အရှက်ကွဲတော့မှာပဲ -
သူ့စိတ်ထဲတွင် တစ်ယောက်ယောက်က ချောက်ချခြင်းသာဖြစ်မည်ဟု ထင်နေဆဲပင်။
‘ဆရာ အိတ်ကြီးထဲမှာ ဘာတွေလဲ။ ရတနာတွေလား’
ကျောင်းသူတစ်ယောက်က သူ့ကို လာနောက်သည်။ မိန်းကလေးသည် ဆံပင်ကို တိုတိုညှပ်ထားသည်။ ယောကျ်ားလျှာ ဖြစ်ပုံရ၏။
‘မိတ်ဆွေတစ်ယောက်လာအပ်ထားတာ။ အထဲမှာ ဘာပါလဲတော့ ဆရာလည်း မသိဘူး’
သူ စကားမရှည်ချင်၍ ဖြတ်ပြောလိုက်သည်။ မိန်းကလေးက နှုတ်ခမ်းစူပြီး ထွက်သွားသည်။
‘ကလင် ကလင် ကလင်’
မုန့်စားကျောင်းဆင်းလေပြီ။ ဇော်မိုးလက်က သားရေအိတ်ကြီးဆီ ရောက်သွား၏။ သူ့ရင်တွေ ခုန်နေသည်။ နန်းထက်နှင့် ပထမဆုံး ချိန်းတွေ့စဥ်ကလို ဖြစ်နေသဖြင့် ပြုံးမိသေးသည်။ အသက်သုံးဆယ်နီးမှ ဆယ်ကျော်သက် ခံစားမှုကို ပြန်ခံစားရခြင်းပင်။ ကျောင်းသားအတော်များများ အခန်းထဲမှ ထွက်သွားလျှင် သူ သားရေအိတ်ကြီးကို စားပွဲပေါ်တင်ပြီး ဇစ်ကို ဖွင့်လိုက်သည်။
‘ဟာ’
ဇော်မိုး ပါးစပ်အဟောင်းသားဖြစ်သွား၏။ သားရေအိတ်ထဲတွင် အမေရိကန် ဒေါ်လာ ရာတန်များ အထပ်လိုက်။ သူ ဇစ်ကို ရုတ်တရက် ပြန်ပိတ်လိုက်သည်။ တစ်ခုခုတော့မှားနေပြီ။ စိမ်းလဲ့ခင် - ထိုနာမည်ကို သူတခါမှ မကြားဖူး။ သူ့တပည့်တွေထဲကလား။ ကျောင်းသားမိဘများလား။ မဟုတ်သေးပါဘူး။ အတိတ်ဘ၀က ချစ်သူတဲ့။ သူ့ဘ၀တွင် ချစ်သူဆိုလို့ နန်းထက်တစ်ဦးသာ ရှိခဲ့ဖူးသည်။ တကယ်ပါပဲ။ တစ်ခုခုတော့ မှားနေပါပြီ။
သို့သော် လူမှားခြင်းတော့လည်း မဟုတ်။ ကိုဇော်မိုးဆိုပြီး သူ့နာမည်ကို တပ်ထားသည်။ တခြား ဇော်မိုး တစ်ယောက်ယောက်လား။ မဟုတ်သေး။ အဆောင်မှာ ဇော်မိုးဆိုသည့် နာမည်နှင့် သူတစ်ယောက်သာ ရှိသည်။ လိပ်စာများမှားသလား။ မဖြစ်နိုင်ပါ။ နာမည် လိပ်စာ အတိအကျနှင့် ရောက်လာခြင်းကြောင့် ဤ အိတ်သည် သူ့အတွက်သာဖြစ်ရပေမည်။ ကျန်သည့်တစ်ရက်လုံး ဇော်မိုး စာသင်သည့်ထဲတွင် စိတ်မပါတော့။ ကျောင်းသားတွေက အံ့သြနေသည်။ ဆရာဇော်မိုးသည် စာသင်လျှင် အမြဲလိုလို စိတ်ရောကိုယ်ပါ နှစ်ပြီး သင်လေ့ရှိသည်ကို အားလုံး သိထားကြသောကြောင့်ပင်။
‘ဆရာ့ကို သူ့ရည်းစားပစ်သွားတာဖြစ်ရမယ်’
နောက်ဆုံးတန်းတွင် ထိုင်နေသော ယောကျ်ားလျှာ မိန်းကလေးက သူ့ဘေးမှ ကောင်မလေးကို တိုးတိုးကပ်ပြောလိုက်သည်။
ကျောင်းဆင်းသည်နှင့် ဇော်မိုးသည် ဘတ်စ်ကားပေါ် အမြန်ပြေးတက်ပြီး အနော်ရထာလမ်းပေါ်ရှိ သူ့ ချစ်သူ နန်းထက် အလုပ်လုပ်သော စတိုးဆိုင်ဆီသို့ အမြန်သွားခဲ့သည်။ ဘတ်စ်ကားပေါ်ရောက်ပြီးမှ လက်ထဲရှိ သားရေအိတ်ကြီးကို သတိရပြီး နောင်တရမိ၏။ – ငါ တက်စီ ငှားစီးခဲ့ရမှာ။ ခါးပိုက်နှိုက်လို့ကတော့ ဒုက္ခ –
သို့သော် သူ့ထံတွင် တက်စီဖိုး ပိုက်ဆံမရှိချေ။ တက်စီဖိုး ပေးစရာမရှိသော်လည်း လက်ထဲရှိ အိတ်ကြီးထဲတွင်တော့ ဒေါ်လာရာတန်တွေက အထပ်လိုက် --- အစစ်ရော ဟုတ်ရဲ့လား။ မိုနိုပိုလီ ပိုက်ဆံတွေများလား။
‘နန်းထက်’
ကောင်တာတွင် ဖုန်းပွတ်နေသော သေးသေးညှက်ညှက် ကောင်မလေးက ဇော်မိုးကို မော့ကြည့်လိုက်သည်။
‘ဟဲ့ ဇော်မိုး။ ဘာလာလုပ်တာလဲ။ အစောကြီးရှိသေးတယ်။’
‘ငါနင့်ကို အရေးကြီး ပြောစရာ ပြစရာရှိလို့’
မိန်းကလေး စိတ်လှုပ်ရှားသွားသည်။
‘ဘာများလဲဟယ် အလန့်တကြား’
‘နင်ဒီနေ့ အလုပ်စောဆင်းလို့ရလား။ အန်တီ့ကို ပြောကြည့်ပါလားဟ။ လုပ်ပါ။’
‘အေးပါ အေးပါ။ ငါမေးကြည့်မယ်’
နန်းထက် ဆိုင်ရှင် အန်တီကြီးကို ခွင့်တောင်းပြီး ဇော်မိုးနှင့်လိုက်လာခဲ့သည်။
‘ငါတို့ ဟိုတယ်တစ်ခုခု သွားရအောင်’
‘ဟဲ့...’
မိန်းကလေး၏ ဖြူလျော်လျော်မျက်နှာလေး နီမြန်းသွား၏။ ထိုအခါမှ ဇော်မိုး သူ့စကားကို သူ ပြန်သတိထားမိသွားသည်။ သို့သော် သူမရယ်နိုင်။
‘ဟာ ဆောရီး။ ငါပြောချင်တာ အဲဒါမဟုတ်ဘူး။ နင့်ကို ပြစရာရှိတဲ့ဟာက လုံခြုံတဲ့ နေရာမှာ ပြမှရမှာ။ ငါ့အဆောင်ကလည်း နင်၀င်လို့မရ။ နင့်အိမ်မှာလည်း လူတွေက များ။ အေးဆေးတာ ဟိုတယ်ပဲ ရှိတယ်’
‘ဇော်မိုး နင်ဘာတွေဖြစ်နေတာလဲ’
‘ဟိုတယ်ရောက်မှ ငါပြောပြမယ်ဟာ’
‘အေးပါ။ ဟဲ့ ငါ့မှာ ပိုက်ဆံမရှိဘူးနော်။ နင့်မှာရော ဟိုတယ်ဖိုး ရှိလို့လား’
‘ရှိတယ်။ ရှိတယ်။’ ဇော်မိုး လမ်းတွင် ဒေါ်လာတစ်ရာတန်တစ်ရွက် ၀င်လဲလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူ့အိတ်ထဲရှိဒေါ်လာများ အစစ်ဖြစ်မှန်း သေချာသွားလေပြီ။ သူတို့ အနီးဆုံး ဟိုတယ်တစ်ခုကို ၀င်ပြီး အခန်းတစ်ခန်းငှားလိုက်သည်။ နန်းထက် တစ်ခါမှ ဇော်မိုးနှင့် ဟိုတယ်မလိုက်ဖူးသဖြင့် မျက်နှာကို ဘယ်ထားရမှန်းမသိဖြစ်နေ၏။ သို့သော် ဇော်မိုးကို သူ့အသက်ထက် ယုံကြည်သဖြင့် သိပ်ပြီး မေးခွန်းတွေ ထုတ်မနေတော့။
ဟိုတယ်ခန်းထဲရောက်သည်နှင့် ဇော်မိုးသည် ဟိုတယ်တံခါးကို အမြန်ပိတ်ကာ ရှိသမျှ သော့ခလောက်အားလုံးကို ခတ်ချလိုက်သည်။
‘ဇော်မိုးရယ် နင့်ကြည့်ရတာလည်း အလန့်တကြားရှိလိုက်တာ။’
‘နန်းထက်၊ ဒီမှာကြည့်ဟာ’
သူ ဘာမှ ပြောမနေတော့ဘဲ သားရေအိတ်ကြီးကို ဖွင့်ကာ အထဲမှ ဒေါ်လာများကို အိပ်ရာပေါ်သို့ သွန်ချလိုက်သည်။
‘အလိုလေး ဘုရားဘုရား။ နင်ဒီပိုက်ဆံတွေ ဘယ်ကရလာတာလဲ ဇော်မိုး။ ဓားပြတိုက်လာတာတော့ မဟုတ်ပါဘူးနော်။’
‘ဘယ်က ဓားပြတိုက်ရမလဲဟ။ ငါ အဲလောက် အဖြစ်ရှိမယ်လို့ နင်က ထင်နေတာလား။ မနက်က အဆောင်ကို လူတစ်ယောက်လာပို့သွားတာတဲ့။ ဒီမှာ ဒီစာကိုလည်း ပေးသွားတယ်။’
ဇော်မိုး သူ့လွယ်အိတ်ထဲမှ စာကို ထုတ်ပြီး နန်းထက်ကို ပြလိုက်သည်။ မိန်းကလေး၏ မျက်နှာ စူပုတ်သွားသည်။
‘စိမ်းလဲ့ခင်ဆိုတာ ဘယ်သူလဲ ဇော်မိုး။ နင့်အဆက်ဟောင်းလား’
သူမစိတ်ထဲတွင် ဒေါ်လာ အပုံလိုက်ကြီးထက် စိမ်းလဲ့ခင်က ပိုအရေးကြီးသွားလေသည်။
‘ငါလည်း မသိဘူး။ အဲဒါကြောင့် ပိုရှုပ်နေတာ’
‘နင်တကယ်မသိတာလား။ ငါ့ကို မလိမ်နဲ့နော်’
‘ဟာ နန်းထက်၊ အရေးထဲမှာ စိတ်မကောက်ပါနဲ့ဦး။ ငါတကယ်မသိတာ။ ငါ့ဘ၀မှာ ချစ်သူဆိုလို့ နင်တစ်ယောက်ပဲ ရှိဖူးတယ်’
‘အဲဒါဆိုလည်း ပြီးတာပဲ။ … အင်း ဒီစာထဲမှာလည်း ရေးတော့ ရေးထားတယ်.. အတိတ်ဘ၀က ချစ်သူတဲ့...’
သူမ မျက်မှောင်လေးကြုတ်ပြီး ဆက်စဥ်းစားနေသည်။
‘နေဦး ဒီပိုက်ဆံတွေ ဘယ်လောက်ရှိလဲ ငါရေကြည့်ဦးမယ်’
ထို့နောက် သူတို့နှစ်ယောက်ကုတင်ပေါ်တွင် ထိုင်ပြီး ဒေါ်လာထုပ်များကို ရေကြည့်ကြသည်။ နှစ်ယောက်လုံး စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် မပြောနိုင်ကြ။
‘ဒေါ်လာငါးသိန်း’
နောက်ဆုံး ရာတန်ထုပ်ကို ရေပြီးလျှင် ခြောက်သွေ့သော အသံကြီးနှင့် ဇော်မိုး ရေရွတ်လိုက်သည်။
‘မြန်မာငွေနဲ့ဆို သိန်း ဘယ်နှထောင်တောင်များ...’
သူတို့ စိတ်တွက်နှင့် မတွက်နိုင်တော့။ နန်းထက် ဖုန်းကို ထုတ်ပြီး တွက်လိုက်ရသည်။ ပေါ်လာသော ကိန်းဂဏန်းများကို ကြည့်ပြီး မျက်လုံးများ ပြူးသွားကြသည်။ သုညတွေကို သုံးလေးခေါက်လောက် ရေကြည့်ရ၏။
‘ငါတို့ အိပ်မက်မက်နေတာလား’
နန်းထက် ဇော်မိုး၏ ဗိုက်ကြောကို လိမ်ဆွဲလိုက်၏။
‘ဟ နာလိုက်တာ။ ဘာလုပ်တာလဲ’
‘အိပ်မက်မက်နေလားလို့ ဆိတ်ဆွဲကြည့်တာ’
‘ဟင် - ဆိတ်ဆွဲရင် ကိုယ့်ဟာကိုယ် ဆိတ်ဆွဲရတာလေ။ နင့်ကျမှ သူများဗိုက်ကြော လိမ်ဆွဲရတယ်လို့’
‘အော် ဟုတ်သားပဲ ဟီးဟီး မှားလို့’
သူတို့နှစ်ယောက် ပိုက်ဆံတွေကို သားရေအိတ်ကြီးထဲ ပြန်ထည့်လိုက်ကြသည်။
‘ကဲ ငါတို့အခု ဘာလုပ်ကြမလဲ။ အရေးအကြီးဆုံးက ဒီပိုက်ဆံတွေကို ဘယ်မှာ ထားမလဲ’
ဇော်မိုး မေးလိုက်သည်။ နန်းထက် မျက်လုံးလေးများကို အပေါ်သို့ ပင့်ကာ စဥ်းစားနေသည်။
‘နင်မနက်ဖြန် ကျောင်းကနေ ခွင့်ယူလိုက်။ ပြီးရင် ဘဏ်တစ်ခုမှာ ဒီအိတ်ကြီးကို အတွင်းပစ္စည်းအဖြစ်သွားအပ်လိုက်။ နင်ဒီညတော့ ဒီဟိုတယ်မှာပဲ အိပ်လိုက်တော့ ဇော်မိုး’
‘အင်း။ ဒါဆို နင်ကရော။ ဒီည ဘယ်မှာ အိပ်မှာလဲ’
‘ဟဲ့ ငါက အိမ်ပြန်အိပ်မှာပေါ့။ နင်နဲ့ အိပ်စရာလား’
ဇော်မိုး မချိသွားဖြဲပြီး ပြုံးလိုက်ရသည်။ နန်းထက်သည် သူတို့ လက်မထပ်မချင်း လိင်ကိစ္စကို လက်မခံချေ။
‘နန်းထက် - ငါတို့ ဒီပိုက်ဆံတွေ သုံးပြီး မင်္ဂလာဆောင်လို့ ရပြီနော်။’
မိန်းကလေးသည် ထိုင်ရာမှထပြီး ဇော်မိုး၏ နဖူးကို ဖွဖွနမ်းကာ ပြန်ဖြေလိုက်သည်။
‘နင့်အတိတ်ဘ၀က စိမ်းလဲ့ခင်ဆိုတာ ဘယ်သူလဲ အရင်စုံစမ်းဦး။ အဲဒါပြီးမှ သူ့ပိုက်ဆံတွေ သုံးဖို့ စဥ်းစားဟုတ်လား။ ကဲ - ငါသွားမယ်။ အိမ်ပြန်နောက်ကျရင် အမေဆူနေလိမ့်မယ်။’
………………………….
နောက်နေ့မနက်တွင် သူ ကျောင်းအုပ်ကြီးထံ ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်သည်။ ခွင့်မတိုင်စဖူး တိုင်သဖြင့် ကျောင်းအုပ်ကြီးကပင် အံ့သြနေသည်။ ထို့နောက် သူ စိတ်ချရသော ဘဏ်တစ်ခုဆီသို့ သွားကာ ဒေါ်လာတွေ အပြည့်ပါသော သားရေအိတ်ကြီးကို အပ်နှံလိုက်သည်။ ကိစ္စများပြီးစီး၍ ဘဏ်မှ ပြန်ထွက်လာစဥ် သူ့ဘေးတွင် အဖြူရောင် ရိုးရွိုက်စ်ကားကြီးတစ်စီး ထိုးဆိုက်လာသည်။ ကားထဲမှ ရှပ်အင်္ကျီ အဖြူရောင်နှင့် စတိုင်ဘောင်းဘီကို သားနားစွာ ၀တ်ဆင်ထားသော အသက်ဆုံးဆယ်ခန့်လူရွယ်တစ်ဦး ထွက်လာ၏။
‘ကိုဇော်မိုးဟုတ်ပါတယ်နော်’
‘ဟုတ်.. ဟုတ်တယ်။ ခင်ဗျားက ဘယ်သူလဲ။’
‘ကျွန်တော့်နာမည် တိုင်းကျော်ပါ။ ကိုဇော်မိုး ကျွန်တော်နဲ့ ခဏလောက် လိုက်ခဲ့လို့ရမလား’
‘ဟင်။ ခင်ဗျားကိုမှ ကျွန်တော် မသိဘဲ။ ဘာလိုက်လုပ်ရမှာလဲ’
‘ဒီနေရာမှာ ကားရပ်လို့မရဘူးဗျ။ အခုလိုက်ခဲ့ပါ။ ကားပေါ်ရောက်ရင် ရှင်းပြပါမယ်’
‘ခင်ဗျာ့မှ ကျုပ်မသိဘဲ။ မလိုက်နိုင်ဘူး။’
တိုင်းကျော် စိတ်မရှည်သည့်ဟန်နှင့် -
‘ခင်ဗျား စိမ်းလဲ့ခင် အကြောင်း သိချင်တယ် မဟုတ်လား’
‘ဟင်-’
‘ခင်ဗျား သိချင်တာ ကျွန်တော်သိတယ်။ ကဲပါ ကားပေါ်တက်ပါဗျာ။ ပုလိပ်လာဖမ်းရင် မရှင်းချင်ဘူး’
ဇော်မိုး သိချင်စိတ်ကို မထိန်းနိုင်သဖြင့် ထိုလူ၏ ရိုးရွိုက်စ်ကားကြီးပေါ် တက်ထိုင်လိုက်သည်။ တန်ဖိုးကြီးလှသော ကားကြီး၏ အတွင်းပိုင်းကို ဟန်မဆောင်နိုင်ဘဲ လိုက်ကြည့်နေမိ၏။
‘ဒီကားကြီးက မစိမ်းလဲ့ခင်ရဲ့ ကားပဲ’ ကားကို မောင်းထွက်ရင်း တိုင်းကျော် ပြောလိုက်သည်။
‘စိမ်းလဲ့ခင်က ဘယ်သူလဲ’
‘ခင်ဗျား ဟိုရောက်ရင် သိပါလိမ့်မယ်။ ခင်ဗျားကို အခု သူ့ဆီခေါ်သွားမယ်။ ဒီမတိုင်ခင်တော့ ကျွန်တော် ဘာမှ ပြောခွင့်မရှိလို့ သည်းခံပါ’
ဇော်မိုးလည်း ရိုးရွိုက်စ်ကားကြီး၏ အတွင်းပိုင်းကို စူးစမ်းလေ့လာရင်း ရန်ကုန်မြို့၏ လူချမ်းသာ ရပ်ကွက်ကြီးတစ်ခုအတွင်းသို့ ရောက်မှန်းမသိ ရောက်ရှိလာခဲ့သည်။ ကားက ဧရာမခြံကြီးတစ်ခုရှေ့တွင် ရပ်လိုက်လျှင် ခြံတံခါးမကြီးသည် အလိုလျောက်ပွင့်သွားလေသည်။ သူတို့နှစ်ယောက် ကားပေါ်မှ ဆင်းပြီး ခြံကြီးအလယ်ရှိ နှစ်ထပ်တိုက် အဖြူကြီးထဲသို့ ၀င်လာခဲ့သည်။ ဧည့်ခန်းကြီးသည် ဇော်မိုးနေသော ဘော်ဒါဆောင်တစ်ခုလုံးထက်ပိုကျယ်နေသည်။
‘ဒီမှာ ခဏထိုင်စောင့်ပါ’
တိုင်းကျော်သည် ဇော်မိုးကို ဆိုဖာခုံပေါ်တွင် အစောင့်ခိုင်းထားခဲ့ပြီး တိုက်ပြင်သို့ ပြန်ထွက်သွားသည်။ နူးညံ့ဖောင်းတင်းသော ဆိုဖာတွင် ထိုင်ပြီး စောင့်နေစဥ် ဇော်မိုး၏ နှာခေါင်းထဲတွင် ချိုအီသော အမွှေးနံ့တစ်မျိုးကို ရလိုက်လေသည်။ သူ၏ ရင်တွေ ခုန်လာသည်။ ထိုအနံ့ကြောင့် စိတ်တွေ ထကြွလာသည်။ သူ ဧည့်ခန်း၏ တစ်ဘက်စွန်းရှိ လှေကားကြီးဆီသို့ ကြည့်လိုက်လျှင် အမျိုးသမီးတစ်ဦး ဆင်းလာသည်ကို တွေ့လိုက်ရသည်။
အမျိုးသမီးသည် အနီရောင် ကတ္တီပါ ည၀တ်ရုံကို ၀တ်ထား၏။ ည၀တ်ဂါ၀န်၏ ကွဲကြောင်းကြားမှ သူမ၏ ဖြူဖွေးချောမွတ်သော ပေါင်တံရှည်များသည် လှေကားတစ်ထစ်ဆင်းလိုက်တိုင်း လှစ်ကနဲ လှစ်ကနဲ ပေါ်သွားသည်။ သူမ၏ ပုခုံးသည် ကျယ်၀န်းသည်။ ရင်အစုံသည် မို့မောက်သည်။ ကျစ်လစ်သေးသိမ်သော ခါးအောက်တွင် ကျယ်ပြန့်သော တင်ပါးသည် ကြွက်သားစိုင်များနှင့် ကျစ်လျစ်နေသည်။ အထူးခြားဆုံးမှာ သူမ၏ မျက်နှာထားပင်။ ကြွေရုပ်တစ်ရုပ်လို ပြေပြစ်လှသော မျက်နှာသည် အပြစ်အနာဆာမရှိအောင် ချောမောလှပလွန်းနေသည်။ သူမ၏ စူးရှသော မျက်၀န်းအစုံသည် အဝေးမှပင် ဇော်မိုးကို ထွင်းဖောက်မတတ် စိုက်ကြည့်လျက်ရှိသည်။ ကျယ်ပြန့်သော ပုခုံးနှစ်ဘက်ပေါ်သို့ နက်မှောင်ပျော့ပြောင်းပြီး လှိုင်းတွန့်များရှိသည့် ဆံနွယ်ရှည်များက ကပိုကရို ပြန့်ကျဲကျနေသည်။ သူမကို ကြည့်ရသည်မှာ ဂရိနတ်ဘုရားမတစ်ပါးနှင့် တူနေလေတော့သည်။
‘ကိုဇော်မိုး။ စောင့်နေရတာ ကြာသွားပြီလားရှင့်’
အနည်းငယ် သြသော သူမ၏ အသံတွင် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွှမ်းမိုးနိုင်မှု အပြည့်ရှိလေသည်။
‘မကြာသေးပါဘူး။ အခုပဲ ရောက်တာပါ။ အစ်မက မစိမ်းလဲ့ခင်လား’
သူမကို အစ်မဟု ခေါ်လိုက်သဖြင့် အမျိုးသမီး၏ နှုတ်ခမ်းပါးများ ပြုံးသွားကြသည်။
‘ဟုတ်ပါတယ်ရှင်။ ကျွန်မ စိမ်းလဲ့ခင်ပါ’
သူမ ဇော်မိုးအနီးသို့ရောက်လာသည်။ ဇော်မိုး မတ်တတ်ထရပ်မိသည်။ ယခင်ရခဲ့သော ချိုအီသည့် အမွှေးနံ့သည် ယခုအခါ ပိုထင်ရှားလာလေသည်။ အနားရောက်လျှင် သူမ၏ အသားသည် ပိုဖြူဖွေးနေပြီး သူမ၏ ရင်အစုံသည် ပိုပြီး မို့မောက်နေသည်ကို ဇော်မိုး သတိထားမိသွားသည်။ သူ၏ မျက်လုံးများကို အတတ်နိုင်ဆုံး အမျိုးသမီး၏ မျက်နှာပေါ်တွင် တည်ရှိနေအောင် ဇော်မိုး ကြိုးစားလိုက်ရ၏။
‘တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ - မစိမ်းလဲ့ခင် … ကျွန်တော် လိုရင်းကိုပဲ ပြော -’
‘ထိုင်ပါဦးရှင်။ အချိန်တွေ ရှိပါတယ်။ အေးအေးဆေးဆေး ပြောကြတာပေါ့။ ကိုဇော်မိုးမှာ မေးခွန်းတွေ အများကြီး ရှိမယ်ဆိုတာ ကျွန်မ သိပါတယ်’
သူတို့နှစ်ယောက် မျက်စောင်းထိုး ကပ်လျက် ဆိုဖာခုံများပေါ်တွင် အသီးသီးထိုင်လိုက်ကြသည်။ အမျိုးသမီးသည် ခြေထောက်ချိတ်ထိုင်လိုက်လျှင် သူမ၏ ဖြူဖွေးသော ပေါင်တံများသည် ကတ္တီပါ ဂါ၀န်အောက်မှ လွတ်လွတ်ကျွတ်ကျွတ် ပေါ်ထွက်လာလေတော့သည်။ သို့သော် သူမသည် အရှက်ကို လုံအောင် ပေါင်လုံးများကို ကျင်လည်စွာ ချိတ်ထားလိုက်သည်။ ဇော်မိုးသည် စက်ရုပ်ကြီးတစ်ရုပ်ပမာ တောင့်တင်းလျက်က သူမ၏ လည်ပင်းအပေါ်ပိုင်းတွင်သာ သူ၏ အမြင်အာရုံကို ထိန်းချုပ်ကန့်သတ်ထားရလေသည်။
‘ကျွန်တော်မနေ့က မစိမ်းလဲ့ခင်ဆီက ဒေါ်လာငါးသိန်းပါတဲ့ အိတ်တစ်လုံး လက်ခံရတယ်ခင်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီး မေးချင်လို့ပါ’
‘ဟုတ်ပါတယ်ရှင်။ အဲဒါ ကိုဇော်မိုးအတွက် ကျွန်မရဲ့ လက်ဆောင်ပါ’
‘မစိမ်းလဲ့ခင် လူမှားနေပြီဗျာ။ ကျွန်တော်နဲ့ မစိမ်းလဲ့ခင်က သိမှ မသိတာပဲ’
‘အဲဒါမှန်ပါတယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိပဲ မှန်တယ်။’
‘ဘယ်လို...’
‘သြော်။ ကိုဇော်မိုးနဲ့ ကျွန်မက ဒီဘ၀မှာ အချင်းချင်း မသိကြဘူး။ အဲဒါတော့ မှန်တယ်’
‘ဗျာ။ ဒီဘ၀မှာ မသိဘူးဆိုတော့ ဘယ်ဘ၀မှာ သိခဲ့လို့လဲဗျ’
‘ရှင်နဲ့ ကျွန်မက အရင်ဘ၀တုန်းက သိခဲ့ကြတယ်ရှင့်။ သိခဲ့ရုံတင်မဟုတ်ဘူး။ ရှင်နဲ့ ကျွန်မဟာ အရင်ဘ၀တုန်းက အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။’
‘ဗျာ’
ဇော်မိုး ဘာမှ ဆက်မပြောနိုင်တော့။ သူပါးစပ်အဟောင်းသားနှင့် အမျိုးသမီးကို ငေးကြည့်နေမိသည်။
‘ဟုတ်တယ်။ အဲဒါကို ကျွန်မ သိတာ သိပ်မကြာသေးဘူး။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ သိတယ်ပဲ ဆိုပါတော့’
‘ဗျာ’
သူ ‘ဗျာ’ ဆိုသော စကားလုံးမှ လွဲ၍ ဘာမှ မပြောတတ်တော့သလိုပင်။ စိမ်းလဲ့ခင် သဘောကျစွာ ရယ်မောလိုက်သည်။
‘ဒီဘ၀မတိုင်ခင် ဘ၀တစ်ခုမှာ ကျွန်မတို့နှစ်ယောက် လူသားအဖြစ်ကို အတူရခဲ့ကြတယ်။ ကျွန်မက အဲဒီ့ဘ၀မှာ ဘုရင့်သမီးတော် မင်းသမီးတစ်ပါးဖြစ်ပြီး ရှင်က စစ်သူကြီးတစ်ယောက်ရဲ့ သားတော် သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်မနာမည်က အဲ့တုန်းက သီရိနန္ဒာဒေဝီ ၊ ရှင့်နာမည်က
မင်းအဂ္ဂ’
ဇော်မိုး ‘ဗျာ’ ပင် မပြောနိုင်တော့ချေ။ ဒီအမျိုးသမီး စိတ်မနှံ့သည်မှာ သေချာလေပြီ။
‘နေပါဦးဗျာ။ မစိမ်းလဲ့ခင်က အရင်ဘ၀တုန်းက အဖြစ်တွေကို ဘယ်လို မှတ်မိရတာလဲ’
‘အဲဒါတွေ နောက်တော့ ကျွန်မ ဖြည်းဖြည်းပြောပြပါ့မယ်ရှင်’
‘နောက်တော့ ဟုတ်လား...’
သူ မထိန်းနိုင်ဘဲ ပါးစပ်မှ ထုတ်ပြောမိ၏။ ဇော်မိုးသည် လှပလွန်းသော အမျိုးသမီးကို သေချာ အနီးကပ်ကြည့်တော့မှ သူမသည် ထင်သလောက်မငယ်တော့ဘဲ အသက်သုံးဆယ်ကျော် လေးဆယ်နီးလောက်ပြီဖြစ်ကြောင်း ခန့်မှန်းမိသည်။ သို့သော် သူမ၏ အသားအရေသည် ဖြူဖွေးနုပျိုလွန်းနေသည်။ အသက်ကြီးပြီဟု ထင်ရသည်မှာ သူမ၏ ကိုယ်နေအမူအရာ မျက်နှာထားရင့်ကျက်ပုံတို့ကြောင့်သာ ဖြစ်လေသည်။
‘ဟုတ်တယ် ကိုဇော်မိုး။ အခုတွေ့တာ ကျွန်မတို့ နှစ်ယောက်အတွက် မိတ်ဆက်ရုံလေးပဲ။ ဒီနောက်မှာ ကိုဇော်မိုးနဲ့ ကျွန်မတို့ နှစ်ယောက်အကြားမှာ ပြောစရာတွေ ဖလှယ်စရာတွေ အများကြီး ရှိသေးတယ်ရှင်’
‘ဒေါ်လာငါးသိန်း’
လူငယ်၏ ပါးစပ်မှ မဆီမဆိုင် ပြောချလိုက်သည်။ သူဘာကို ပြောချင်မှန်း ကိုယ်တိုင်လည်း မသိ။ သို့သော် သူ့စိတ်ထဲတွင် ထို ဒေါ်လာငါးသိန်းက ရှိနေသဖြင့် ပါးစပ်က ထွက်သွားခြင်းပင်။
‘အဲဒီငွေပမာဏက ကျွန်မအတွက်တော့ မပြောပလောက်ပါဘူး။ ဒီငွေအားလုံးကို ရှင်ကြိုက်တဲ့နေရာမှာ သုံးလို့ရပါတယ်။’
‘ဟုတ်ပါ့မလားဗျာ။ ကျွန်တော် လက်မခံပါရစေနဲ့။ ကျွန်တော် ပြဿနာတွေ မတက်ချင်ဘူးဗျာ။ ကိုယ့်ဟာကိုယ် အေးအေးပဲ နေပါရစေ’
သူမ ကိုယ်ကို ရှေ့သို့ကိုင်းလိုက်သည်။ ကတ္တီပါ၀တ်ရုံက ရင်သားများပေါ်မှ လျော့ကျသွား၏။ ဇော်မိုး သက်ပြင်းရှိုက်လိုက်မိသည်။ သူမ အေးဆေးတည်ငြိမ်ပြီး သြဇာငြောင်းလှသည့် အသံနှင့် ဆက်ပြောလေသည်။
‘ဒီပိုက်ဆံဟာ ကျွန်မ ကိုဇော်မိုးကို ပေးတဲ့ လက်ဆောင်ပါ။ မငြင်းပါနဲ့ ကိုဇော်မိုး’
အမျိုးသမီး၏ ကိုယ်ရနံ့၊ သူမ၏ အသံ၊ သူမ၏ အလှ အားလုံးသည် ဇော်မိုးကို မြွေဟောက်တစ်ကောင်ပမာ ညှို့ယူထားလေတော့သည်။
‘ဟုတ်… ဟုတ်ကဲ့.. မစိမ်းလဲ့ခင်။ ဒါ,,, ဒါဆို ကျွန်တော် အဲဒီ့ပိုက်ဆံ..’
‘၀မ်းသာပါတယ် ကိုဇော်မိုး။ ကျွန်မ တကယ်ပဲ ၀မ်းသာပါတယ်’
သူမ၏ အစိမ်းရောင် မျက်၀န်းများတွင် မျက်ရည်များ၀ဲလာသည်ကို ဇော်မိုး အံ့သြစွာ တွေ့လိုက်ရသည်။ သို့သော် သူမ မျက်ရည်များကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်၏။
‘ကျွန်.. ကျွန်တော့်ကို ခွင့်ပြုပါဦး…’
သူ့ထံတွင် မေးစရာတွေ အပြည့်ရှိနေသော်လည်း ဇော်မိုး စိတ်ဓာတ်များ ပျက်ပြားစပြုလာသဖြင့် ထိုနေရာမှ ထပြန်ရန် ဆုံးဖြတ်လိုက်လေသည်။
‘ဟုတ်ကဲ့ပါ။ ကျွန်မကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်’
ဇော်မိုး၏ စိတ်ထဲတွင် တစုံတရာကို သတိရမိသလို ဖြစ်လာသည်။ စိမ်းလဲ့ခင်ကို သူ မှတ်မိလာသလိုလို။ သို့သော် ထိုစဥ်မှာပင် အမျိုးသမီးသည် ထိုင်ရာမှ ထကာ သူ့ကို နှုတ်ဆက်ပြီး လှေကားကြီးအတိုင်း ပြန်တက်သွားလေသည်။ သူမ၏ ကိုယ်ခန္ဓာနောက်ပိုင်းကို ငေးကြည့်နေမိစဥ် -
‘ကိုဇော်မိုး..’
သူ လန့်သွားသည်။ ဘေးတွင် တိုင်းကျော်က ရပ်စောင့်နေသည်။ ဇော်မိုး ရှက်ကိုးရှက်ကန်းနှင့် တိုင်းကျော်ကို ရယ်ပြလိုက်သည်။ ထိုသူက ပြန်ရယ်မပြ။ မျက်နှာထားတင်းတင်းနှင့် ဇော်မိုးကို ကားပေါ်သို့ ပြန်ခေါ်သွားသည်။ ကားပေါ်သို့ ပြန်ရောက်လျှင် တိုင်းကျော်သည် ကားကို ရုတ်တရက် မောင်းမထွက်သေးဘဲ တစုံတခုကို အလေးအနက် စဥ်းစားနေသည်။ ထို့နောက်တွင်မူ ဆုံးဖြတ်လိုက်သည့် လက္ခဏာနှင့် -
‘ဒီမယ် ကိုဇော်မိုး။ မစိမ်းလဲ့ခင်ဟာ ကျွန်တော့်ရဲ့ အစ်မအရင်းဆိုတာ ခင်ဗျားသိလား’
‘ဗျာ။ မသိဘူးဗျ’
‘ဟုတ်တယ်။ မစိမ်းလဲ့ဟာ ကျွန်တော့် အစ်မအရင်းပဲ။ ခင်ဗျားကို ရှင်းရှင်းပဲ ပြောမယ်ဗျာ။ ကျွန်တော့်အစ်မဟာ ကျွန်တော်တို့ အဖေ ဆုံးသွားပြီးကတည်းက စိတ်ရောဂါ စွဲကပ်ခဲ့တယ်။ သူ့မှာ ငယ်ငယ်ကတည်းက အစွဲတစ်ခုရှိတယ်။ ခင်ဗျားကို ပြောတဲ့ မင်းအဂ္ဂ ဆိုတာ။ ရှေးဘ၀တုန်းက ချစ်သူဆိုတာ။ သူ့ကို နားလည်တာ အဖေတစ်ယောက်ပဲ ရှိခဲ့တယ်။ သူတို့ သားအဖနှစ်ယောက်က အားတဲ့အချိန်တိုင်း ရှေးဟောင်း ဒဏ္ဍာရီအကြောင်းတွေ၊ ပရလောက စိတ်နယ်လွန်အကြောင်းတွေကို တချိန်လုံး ဆွေးနွေးခဲ့တာ။ အဲဒါကြောင့် အစ်မရဲ့ စိတ်ရောဂါကို ဒီလောက်မဆိုးဘဲ ထိန်းထားနိုင်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ် အဖေ ဆုံးသွားပြီးကတည်းက ကျွန်တော့်အစ်မဟာ ဘယ်သူနဲ့မှ စကားအပြောအဆို မလုပ်တော့ဘူး။ အိမ်ထဲက အိမ်ပြင်လည်း မထွက်တော့ဘူး။ အပြင်ထွက်ရင်လည်း တစ်ခါတလေဆို တစ်ပတ် နှစ်ပတ်လောက် ပျောက်ပျောက်သွားတတ်တယ်။ အဲလိုသွားမယ်ဆိုရင် စာရေးသွားလို့ ကျွန်တော့်မှာ ရဲလည်း တိုင်လို့မရဘူး။
အခု လွန်ခဲ့တဲ့ နှစ်ရက်က ခင်ဗျားအကြောင်းကို စပြောတာပဲ။ ဒါ အဖေဆုံးပြီးကတည်းက ကျွန်တော့်ကို စကားစပြောတာ ပထမဆုံးပဲ။’
တိုင်းကျော် စကားစဖြတ်ပြီး သူ့ဘေးတွင် ထိုင်နေသော ဇော်မိုးဘက်သို့ လှည့်ကာ ဇော်မိုးကို စေ့စေ့ကြည့်ပြီး ဆက်ပြောလေသည်။ သူ၏ လက်နှစ်ဘက်မှာ ကားစတီယာရင်ဘီးကို တင်းကျပ်စွာ ဆုပ်ထားလျက်ရှိ၏။
‘ဒီမှာ ကိုဇော်မိုး။ ခင်ဗျား အခု ဒေါ်လာငါးသိန်းကို ယူပြီး ကိုယ့်လမ်းကိုယ်သွားရင် ကောင်းမယ်ထင်တယ်ဗျာ။ ကျွန်တော့်အစ်မနဲ့ ဆက်ပြီး မပတ်သက်ဖို့ တောင်းပန်ပါရစေ။ အခု ခင်ဗျားကို ကျွန်တော်တို့က လာခေါ်တယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါကလည်း ကျွန်တော့် အစ်မ သြဇာကို ကျွန်တော် မလွန်ဆန်နိုင်လို့ပါ။ ဒါပေမဲ့ ဒီကနေ ရှေ့ဆက်ပြီးတော့ သူဘာပြောပြော ဘာပဲ တောင်းဆိုဆို ခင်ဗျား ငြင်းပေးဖို့ ကျွန်တော် တကယ်တောင်းပန်ပါတယ်။’
ဇော်မိုး စိတ်ရှုပ်ထွေးစွာနှင့် တိုင်းကျော်ကို ပြန်ကြည့်လိုက်သည်။
‘ကျွန်တော်က ဘာလုပ်မှာမို့လို့လဲဗျ’
‘ကိုဇော်မိုး။ သူပြောသလို ခင်ဗျားဟာ သူ့ရဲ့ အတိတ်ဘ၀က ချစ်သူလည်း မဟုတ်ဘူး။ သူ အတိတ်ဘ၀ကို ပြန်မြင်ရတယ်ဆိုတာလည်း မဟုတ်ဘူး။ ကျွန်တော့်အမြင်တော့ ခင်ဗျားဟာ ကြားထဲက ထီပေါက်တဲ့ ကံထူးရှင်ပဲ။ ဒါကြောင့် ဒီပိုက်ဆံကို ပိုက်ပြီး ခင်ဗျားပြေးပေတော့ဗျာ’
‘ဒီ ဒေါ်လာငါးသိန်း ကျွန်တော် တကယ်ယူလို့ရလား’
ဇော်မိုး တံတွေးမျိုချရင်း ထပ်မေးမိပြန်သည်။
‘ကျွန်တော့် အစ်မက အဖေ့ဆီကနေ အမွေတွေ အားလုံးနီးပါးရလိုက်တယ်။ အဖေက သေတမ်းစာထဲမှာ လုပ်ငန်းတွေကို သူ့ကိုပဲ လွှဲသွားခဲ့တာ။ အဖေက သေတမ်းစာရေးချင်လို့ မသေခင်မှာ ဘာသာတောင် ပြောင်းသွားခဲ့တယ်ဗျာ’
‘ခင်ဗျားက ဘာမှ မရဘူးလား’
တိုင်းကျော်၏ မျက်နှာ တင်းမာသွားပြန်သည်။
‘ဒါတွေ ထားလိုက်ပါတော့။ ကဲပါဗျာ။ ခင်ဗျား ကျွန်တော်ပြောတာသာ မမေ့ပါနဲ့။ ငွေထုပ်ပိုက်ပြီးသာ လစ်ပါတော့ ဟုတ်ပလား’
တိုင်းကျော် ရိုးရွိုက်စ်ကားကြီးကို မောင်းထွက်လိုက်လျှင် ဇော်မိုးသည် ကားပြတင်းမှနေ၍ တိုက်ကြီးပေါ်သို့ လှမ်းကြည့်မိသည်။ နှစ်ထပ်တိုက်ကြီး၏ အပေါ်ထပ် ပြတင်းပေါက်ဆီမှ သူ့ကို ငုံ့ကြည့်နေသော စိမ်းလဲ့ခင်ကို တွေ့လိုက်ရ၏။ သူမ၏ မျက်နှာသည် ယခင်ကထက် ပိုပြီး ဆွေးမြေ့နေသည်ကို ဇော်မိုး သတိထားမိလိုက်သည်။ ဇော်မိုးသည် စိတ်များရှုပ်ထွေးနေရာမှ သူ၏ ရင်ထဲတွင်ပါ ၀မ်းနည်းလာသလို ခံစားမိလိုက်လေတော့သည်။
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။