ကျိန်စာသင့် အချစ်ပုံပြင် (အပိုင်း - ၂)
lotaya.mpt.com.mm
|
2021-09-18



သူမတို့နှစ်ဦးသည် အခါအခွင့်ရလျှင် ရသလို နန်းဆောင်၏ ဆိတ်ကွယ်ရာနေရာများတွင် ချိန်းတွေ့ခဲ့ကြသည်များကို စိမ်းလဲ့ခင် အိပ်မက်များထဲတွင် အကြိမ်ကြိမ်မက်ခဲ့သည်။ သို့သော် စိမ်းလဲ့ခင်၏ အိပ်မက်များသည် အမြဲလိုလို စိတ်ချမ်းသာစရာ ပျော်စရာကောင်းသည်မဟုတ်ချေ။ အချို့အိပ်မက်များထဲတွင် သူမတို့ နိုင်ငံကို ရန်ပြုလိုသည့် အခြားနိုင်ငံမှ ရာဇဒဿဆိုသည့် ဘုရင်ကြီးတစ်ပါးကိုပါ သိခဲ့ရသည်။ ထို မိစ္ဆာဘုရင်ကြီးသည် တစ်ကြိမ်တွင် သီရိနန္ဒာဒေ၀ီကို သူလျှိုများ၏ အကူအညီနှင့် သူ၏ ရဲတိုက်နန်းတော်ကြီးဆီသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မင်းသမီးကို သတ်မည်ဟု အကြပ်ကိုင်ပြီး နိုင်ငံကို အပ်ရန် တောင်းဆိုသည်။ သို့သော် မင်းအဂ္ဂဦးဆောင်သော အသေခံ စစ်သည်တစ်ကျိပ်သည် ရန်သူ့နန်းတော်ထဲသို့ ၀င်ကာ မင်းသမီးကို ကယ်တင်ခဲ့လေသည်။



ထိုသို့၀င်ရောက်ကယ်တင်စဥ် မင်းအဂ္ဂသည် ဘုရင်ကြီး ရာဇဒဿနှင့် ထိပ်တိုက်တွေ့ကာ ဓားချင်းယှဥ်ခုတ်ခဲ့သည်။ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ကြပြီးလျှင်မူ မင်းအဂ္ဂ၏ ဓားသွားအောက်တွင် ရာဇဒဿ သေဆုံးသွားလေတော့သည်။ ဤသည်ကို ရာဇဒဿ၏ မိဘုရားခေါင်ကြီးသည် မြင်တွေ့သွားခဲ့သည်။



‘အရိုင်းအစိုင်းကောင် မင်းအဂ္ဂ။ ငါ့လင်ကို သတ်ပြီး ငါတို့ကို သေကွဲကွဲအောင် လုပ်တဲ့ အရိုင်းအစိုင်း မင်းအဂ္ဂ။’



မိဘုရားကြီးသည် သူမ၏ ရှည်လျားသော လက်သည်းချွန်ကြီးများနှင့် မင်းအဂ္ဂကို ထိုးကာ ကြိမ်း၀ါးလေသည်။ သူမသည် မင်းအဂ္ဂကိုတလှည့် မင်းသမီး သီရိနန္ဒာဒေ၀ီကို တလှည့်ကြည့်ရင်း မင်းသမီးကို စစ်ကဲမင်းက လာကယ်သည်ကို သိရှိသွားသည်။



‘ငါတို့ကို သေကွဲကွဲအောင်လုပ်တဲ့ နင်တို့ နှစ်ယောက်လည်း အခုဘ၀မှာတင်မဟုတ်ဘူး။ နောင် ဘ၀အဆက်ဆက် ဘယ်တော့မှ မပေါင်းရပါစေနဲ့’



ဟု အသံနက်ကြီးနှင့် သူမ၏ လက်ကိုင်တောင်‌ဝှေးကြီးကို ဆောင့်ချကာ ကျိန်စာတိုက်လိုက်လေတော့သည်။ ထို မိဘုရားကြီးကို ကြည့်ရသည်မှာ စုန်းမကြီးတစ်ယောက်နှင့် တူနေလေသည်။ စိမ်းလဲ့ခင်သည် ထိုနေရာတွင် အမြဲလိုလို လန့်နိုးလာခဲ့သည်။



ထိုအိပ်မက်ကို သူမငယ်စဥ်က အမြဲလိုလိုမက်သဖြင့် စိမ်းလဲ့ခင်သည် ထိုအိပ်မက်အကြောင်းကို သူမ၏ ဖခင် ဦးခင်ကျော်ကို ပြောပြခဲ့သည်။ သူမတို့ မောင်နှမနှစ်ယောက်၏ မိခင်မှာ တိုင်းကျော်ကို မွေးဖွားစဥ် မီးတွင်းထဲမှာပင် ကွယ်လွန်သွားခဲ့သဖြင့် ဖခင်ကြီး ဦးခင်ကျော်ကသာ သူတို့နှစ်ဦးကို ဖခင်လိုတစ်မျိုး မိခင်လိုတစ်သွယ် ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ဦးခင်ကျော်သည် ရန်ကုန်မြို့တွင် အအောင်မြင်ဆုံး သစ်သီးကုန်သည်ဒိုင်ကြီးတစ်ဦးဖြစ်သဖြင့် ငွေကြေးအလွန်ကြွယ်၀သော သူဌေးကြီးတစ်ဦးလည်း ဖြစ်လေသည်။ ဦးခင်ကျော်သည် သမီးလေး စိမ်းလဲ့ခင်မက်သော အိပ်မက်များကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ အလေးအနက် နားထောင်ပေးခဲ့သည်။ စိမ်းလဲ့ခင်သည် အိပ်မက်များ၏ လွှမ်းမိုးမှုကို အကြီးအကျယ်ခံခဲ့ရသည်။ သူမသည် အိပ်မက်ထဲမှ မင်းအဂ္ဂကို စွဲလန်းခဲ့သလို ကြောက်မက်ဖွယ် မိဖုရားခေါင်ကြီး၏ ကျိန်စာဆိုးကြီးကိုလည်း ကြောက်လန့်ခဲ့သည်။ တချို့ညများတွင် စိမ်းလဲ့ခင်သည် အိပ်ရာထဲတွင် ချွေးစေးများပြန်ပြီး လန့်လန့်နိုးလာတတ်လေသည်။



ဦးခင်ကျော်သည် သမီးဖြစ်သူကို စိတ်ရောဂါဆရာ၀န်များနှင့် ပြသရန် စဥ်းစားခဲ့သော်လည်း ထိုဆရာ၀န်များက သမီးငယ်ကို စိတ်ရောဂါဆေးများတိုက်ကျွေးမည်ကို မလိုလားသဖြင့် သူ့နည်းသူဟန်နှင့် ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ဦးခင်ကျော်သည် သမီးငယ်ပြောပြသော အချက်အလက်များကို မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ခဲ့သည်။ လူပုဂ္ဂိုလ် အမည်များ။ နိုင်ငံများ။ နေရာ‌ေဒသများကို အသေအချာ မှတ်တမ်းပြုစုခဲ့သည်။ အချက်အလက်များ အတော်များများ စုဆောင်းမိလျှင် ဦးခင်ကျော်သည် စစ်ကိုင်းတိုင်းဘက်ရှိ ရှေးဟောင်းသုတေသနကျွမ်းကျင်သော သူ့မိတ်ဆွေ သမိုင်းပညာရှင်ကြီးတစ်ဦးထံသွားကာ စိမ်းလဲ့ခင်၏ အိပ်မက်များထဲမှ အကြောင်းများကို စုံစမ်းခဲ့လေသည်။



တဖြည်းဖြည်းနှင့် သိလာရသည်မှာ စိမ်းလဲ့ခင်၏ အိပ်မက်ထဲမှ လူများ အဖြစ်အပျက်များသည် အိပ်မက်ချည်းသက်သက်သာမဟုတ်ဘဲ အပြင်လက်တွေ့တွင် တကယ်ဖြစ်ခဲ့သည် ဟူ၍ပင်။ မြန်မာပြည်တွင် သမိုင်းပင် မတွင်သေးမီ ဟိုး ပျူခေတ်၏ အစောပိုင်းကတည်းက ဖြစ်ပျက်ခဲ့သော ယုံတမ်းပုံပြင်များ ဒဏ္ဍာရီ ကျမ်းဂန်များထဲတွင် စိမ်းလဲ့ခင် အိပ်မက်ထဲမှ အကြောင်းအရာများ ပါ၀င်နေခဲ့သည်။ ထိုအကြောင်းကို ဦးခင်ကျော်သည် သူမ၏ သမီးကို ပြန်ပြောပြခဲ့သည်။



‘ဖေဖေ။ အဲဒါဆို သမီးဘာလုပ်ရမလဲ’



ထိုစဥ်က အသက်နှစ်ဆယ်ကျော်ခါစ စိမ်းလဲ့ခင်သည် မျှော်လင့်ချက်ကြီးစွာဖြင့် သူမ ဖခင်ကို မေးခဲ့သည်။



‘ဖေဖေလည်း မပြောတတ်ဘူးသမီး။ ဒါပေမဲ့ ဒီအိပ်မက်တွေဟာ တကယ်ဖြစ်ခဲ့တာကြောင့် သမီးဟာ စိတ်ရောဂါကြောင့် ဒီအိပ်မက်တွေကို မက်နေတာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ။ ဒီတော့ သမီးကိုယ့်ကိုယ်ကို သံသယမ၀င်နဲ့တော့။ ကိုယ့်ကိုယ်ကို စိတ်ကျန်းမာရေး မကောင်းတဲ့လူလို့ မသတ်မှတ်နဲ့တော့’



အကြောင်းမှာ စိမ်းလဲ့ခင်ကို သူတို့ ဆွေမျိုးအသိုင်းအ၀ိုင်း တစ်ခုလုံးက စိတ်မမှန်သော မိန်းကလေးတစ်ဦးဟု သတ်မှတ်ခဲ့ကြသောကြောင့်ဖြစ်သည်။ သူမ၏ အဒေါ်များ။ မိခင်ဘက်မှ အမျိုးများက စိမ်းလဲ့ခင်သည် အမေမရှိသောကြောင့် ထိုအိပ်မက်များကို အစွဲကြီးပြီး စိတ်ဖောက်ပြန်နေသည်ဟု ယူဆထားသည်။ သူတို့သည် ဦးခင်ကျော်ကို ကြောက်၍သာ မပြောရဲကြသော်လည်း စိမ်းလဲ့ခင်ကို ဆေးရုံတင်ကာ ကုစေချင်ကြသည်။ စိမ်းလဲ့ခင်သည် အပေါင်းအသင်း သူငယ်ချင်းမရှိဘဲ အိမ်ထဲတွင်သာ တချိန်လုံး တစ်ယောက်တည်း နေတတ်သောကြောင့်ပင်။ သူမသည် ဖခင်နှင့်သာ စကားများပြောတတ်ပြီး ထိုပြောသော စကားများမှာလည်း သူမ၏ အတိတ်ဘ၀အကြောင်းများပင် ဖြစ်နေသည်။ ထို့ကြောင့် တိုင်းကျော် အပါအ၀င် ဆွေမျိုးအားလုံးက သူမကို အရူးတစ်ယောက်လို သတ်မှတ်ခဲ့ကြခြင်းပင်။



သူမ၏ မောင်ဖြစ်သူ တိုင်းကျော်သည် အစ်မဖြစ်သူကို ငယ်စဥ်ကတည်းက မနာလိုဖြစ်ခဲ့သည်။ သူမ၏ ထိုအိပ်မက်များကို မုန်းတီးခဲ့သည်။ ထိုအိပ်မက်များကြောင့် စိမ်းလဲ့ခင်သည် ဖခင်နှင့် အချိန်ပြည့် စကားပြောခွင့်ရသည်ဟု သူထင်ခဲ့သည်။ သူ့ထံတွင် ဦးခင်ကျော်ကို ပြောစရာ စကားမရှိခဲ့။ စိမ်းလဲ့ခင်နှင့် ဦးခင်ကျော်တို့ သားအဖနှစ်ယောက်သည် အမြဲလိုလို ထိုအိပ်မက်များအကြောင်းသာ ဆွေးနွေးနေခဲ့သည်။ ဖခင်ကြီးသည် ထိုအိပ်မက်များနှင့် စိမ်းလဲ့ခင်ကို တိုင်းကျော်ထက် ပိုပြီး အလေးပေးသည် ချစ်ခင်သည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့်လည်း လူငယ်သည် ဆယ်ကျော်သက်အရွယ်ရောက်သည်နှင့် အပေါင်းအသင်းမှားကာ အကျင့်စာရိတ္တ ပျက်စီးယိုယွင်းလာလေတော့သည်။



အဆိုးဆုံးမှာ တိုင်းကျော်သည် လောင်းကစားကို စွဲလန်းသွားခဲ့ခြင်းပင်။ သူသည် လောင်းလို့ရသမျှ အကုန်လောင်းသည်။ ဘောလုံးပွဲ၊ ချဲထီ၊ ဖဲ၊ ဂျင် စသဖြင့် ရှိသမျှ အကုန်လုပ်ခဲ့သည်။ ဦးခင်ကျော်က သူတောင်းသမျှ မုန့်ဖိုးကို မပေးတော့သောအခါ အိမ်ရှိပစ္စည်းများကိုပါ ခိုးလာသည်။ အဖက်ဖက်မှ ဖိအားများ များခဲ့သော ဦးခင်ကျော်သည် တိုင်းကျော်ကို ရိုက်နှက်ဆုံးမ မိခဲ့လေသည်။ ထိုသို့ မှားယွင်းစွာ ဆုံးမခဲ့သဖြင့် တိုင်းကျော်သည် လိမ္မာမသွားဘဲ ပို၍သာ ဆိုးလာခဲ့သည်။ ထို့ကြောင့်လည်း ဦးခင်ကျော်သည် သူသေဆုံးသွားသောအခါ ပိုင်ဆိုင်သမျှ ပစ္စည်းများအားလုံးကို သမီးဖြစ်သူ စိမ်းလဲ့ခင်ကိုသာ လွှဲအပ်သွားခြင်းဖြစ်သည်။ သူ့သားကိုသာ အပ်နှံခဲ့ပါက ထို ပစ္စည်းများသည် တစ်ပတ်ပင် ခံမည်မဟုတ်သောကြောင့်ပင်။



စိမ်းလဲ့ခင်ထံတွင် ဦးခင်ကျော် မကွယ်လွန်မီက သုတေသနပြုကာ စုဆောင်းခဲ့သော စာရွက်စာတမ်းများ ရှိနေသည်။ သူမ၏ အတိတ်ဘ၀နှင့် ပတ်သက်သည့် အကြောင်းများ။ ထို စာရွက်စာတမ်းများထဲတွင် အိပ်မက်ထဲရှိ လူပုဂ္ဂိုလ် အတော်များများအကြောင်း ပါရှိသော်လည်း သူမတို့ကို ကျိန်စာတိုက်ခဲ့သည့် မိဖုရားခေါင်ကြီးအကြောင်းမူ မပါခဲ့ပေ။ စိမ်းလဲ့ခင်သည် ထိုအမျိုးသမီးကြီးအကြောင်းကို သိချင်ခဲ့သည်။ ထို့ကြောင့်လည်း သူမ၏ ဖခင် ဆုံးပါးသွားသောအခါ ထိုမိဖုရားကြီး၏ အကြောင်းကို သိရှိရန် သူမ မြန်မာပြည်အနှံ့ခရီးများ ထွက်ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူမ သဲလွန်စတစ်ခုရသွားသည်။ သူမကို ထိုသဲလွန်စပေးသူမှာ ဖခင်ကြီး၏ မိတ်ဆွေ သမိုင်းပညာရှင်ကြီးပင်ဖြစ်သည်။ ထို ပုဂ္ဂိုလ်ကြီးက ပုဂံမြို့ဟောင်း တစ်နေရာရှိ အမည်မသိ ဂူပုထိုးကြီးတစ်ခုကို လမ်းညွှန်ပြခဲ့သည်။



‘ဒီ ဂူကြီးကို ဘယ်သူမှ အသေအချာမသိကြဘူး။ သက်တမ်းအရရော၊ တည်ဆောက်သူရော။ အခုထက်ထိ လေ့လာနေကြတုန်းပဲ။ ဒါပေမဲ့ ဒီဂူထဲက တချို့နေရာတွေမှာ ရေးထားတဲ့ စာသားတွေအရ၊ ဒီဂူကြီးထဲမှာ သမီးရှာနေတဲ့ အချက်အလက်တွေကို တွေ့နိုင်တယ်။’



ထို့ကြောင့် သူမသည် တိုင်းကျော်ကို စိတ်မပူရန် စာရေးခဲ့ပြီး ပုဂံမြို့ဟောင်းသို့ ထွက်လာခဲ့သည်။ ပုဂံသို့ရောက်လျှင် ဟိုတယ်တစ်ခုတွင်တည်းပြီး နေမ၀င်ခင် သမိုင်းဆရာကြီး ညွှန်ပြသော ထို အမည်မသိ ဂူပုထိုးကြီးဆီသို့ သွားရောက်ခဲ့လေသည်။ ထိုဂူကြီးသည် ကားလမ်းမပေါက်အောင် ခြုံများထူသည့် နေရာတွင် ရှိနေခဲ့သည်။ စိမ်းလဲ့ခင်သည် သူမစီးနင်းလာသော လျှပ်စစ် ဆိုင်ကယ်လေးကို တစ်နေရာတွင် ရပ်ထားခဲ့ပြီး ထိုဂူကြီးရှိရာဆီသို့ လျှောက်လာခဲ့သည်။ သူမထံတွင် လက်နှိပ်ဓာတ်မီးတစ်လုံး၊ လက်ကိုင်ဖုန်းနှင့် ကျောပိုးအိတ်တစ်လုံးသာပါခဲ့သည်။ ဂူကြီး၏ အ၀င်ပေါက်မှာ လူတစ်ရပ်သာသာ ရှိပြီး အထဲတွင် ပင့်ကူအိမ်များ ခြုံပုတ်များနှင့် ပြည့်နှက်နေသည်။ ဂူအထဲတွင် ဘာမှ မရှိချေ။ သို့သော် သူမသည် လက်မလျှော့ဘဲ ဂူအတွင်း နံရံများကို အသေအချာ စေ့စေ့စပ်စပ် ကြည့်ရှုလျှင် နံရံတစ်နေရာတွင် တံခါးတစ်ချပ်လို ချိုင့်၀င်နေသည်ကို တွေ့လိုက်ရသည်။



‘အလို ဒါက ဘာပါလိမ့်’



သူမ ထိုနေရာကို အားသုံးပြီး တွန်းလိုက်လျှင် ထို နံရံသည် အတွင်းသို့ ချိုင့်၀င်သွားလေသည်။



‘ဟင်...’



နံရံရွေ့သွားသဖြင့် သူမ လဲကျလုမတတ်ဖြစ်သွားရသည်။ သူမ ဂူကြီး ပြိုကျမည်ကို ရုတ်တရက် ထိတ်လန့်သွားသည်။ ချိုင့်၀င်သွားသော နံရံ၏ အောက်ပိုင်းကို သူမကြည့်လိုက်သည်။ မြေအောက်သို့ ဆင်းသွားသော လှေကားများ။ သို့သော် သူမတစ်ကိုယ်စာ ၀င်နိုင်ဖို့ မကျယ်သေးပေ။ စိမ်းလဲ့ခင် ထိုအုတ်နံရံကို ပုခုံးစောင်းနှင့် အားကုန်တွန်းလိုက်လျှင် နံရံသည် အနည်းငယ်ချိုင့်၀င်သွားပြန်သည်။ ယခုအခါ ကြမ်းပြင်ရှိ အပေါက်ငယ်ထဲသို့ သူမတစ်ကိုယ်စာ၀င်လို့ရပြီဖြစ်သည်။ သူမ ၀င်သင့်သလား။



ငယ်စဥ်ကတည်းက သိချင်စိတ်ပြင်းပြ‌နေခဲ့သော စိမ်းလဲ့ခင်သည် သိပ်မစဥ်းစားနေတော့ဘဲ ကြပ်ကြပ်တည်းတည်းရှိလှသော လှေကားထစ်များရှိရာ ကြမ်းခင်းအပေါက်ထဲသို့ တဖြည်းဖြည်း လျှောဆင်းသွားလိုက်သည်။ လှေကားထစ်များပေါ်ရောက်လျှင် သူမသည် လက်ထဲရှိ လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သည်။ သူမ ဘေးတဘက်တချက်တွင် နံရံများသာ ရှိလေသည်။ သူမ လှေကားထစ်အနည်းငယ် ဆင်းမိလျှင် အနည်းငယ်ကျယ်သော အခန်းဆောင်တစ်ခုတွင်းသို့ ရောက်လာသည်။ အခန်းဆောင်သည် ဆယ်ပေပတ်လည်မျှသာ ကျယ်လိမ့်မည်။ သူမ အခန်းပတ်ပတ်လည်ကို ဓာတ်မီးနှင့် ထိုးကြည့်လိုက်သည်။



အခန်းဆောင်၏ ထောင့်တစ်နေရာတွင် ကျောက်ဖျာကြီးတစ်ချပ်ကို တွေ့ရသည်။ ထိုကျောက်ဖျာကြီး၏ အပေါ်တွင်မူ ---



‘အလို ဘုရား ဘုရား’



အမျိုးသမီးတစ်ဦးသည် စိမ်းလဲ့ခင်ရှိရာဘက်ကို ကျောပေးကာ တစ်စောင်းအိပ်နေလေသည်။ ဤနေရာတွင် လူသားတစ်ဦး ရှိနေသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထိုအမျိုးသမီးသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ အ၀တ်အစားမှာ ရှေးခေတ်အ၀တ်အစားမျိုးဖြစ်သည်။ မည်သည့်ခေတ်ကဆိုသည်ကိုမူ ပညာရှင်မဟုတ်သော စိမ်းလဲ့ခင် အတတ်မပြောနိုင်။ သူမ၏ ဆံပင်များသည် ကျောက်ဖျာပေါ်တွင် ဖားလျားကြီး ပြန့်ကျနေသည်။ စိမ်းလဲ့ခင် လှေကားမှ ပြန်တက်ပြေးရန် စဥ်းစားမိသေးသည်။ သို့သော် သူမ၏ စူးစမ်းလိုစိတ်က အနိုင်ရသွားလေသည်။ စိမ်းလဲ့ခင် မပြေးတော့ဘဲ အမျိုးသမီးကို စိုက်ကြည့်နေမိသည်။ တစောင်းအိပ်နေသော အမျိုးသမီးသည် စိမ်းလဲ့ခင် ဓာတ်မီးနှင့် ထိုးလိုက်သဖြင့် တဖြည်းဖြည်း လှုပ်ရှားလာသည်။



သူမကိုကြည့်ရသည်မှာ ထိုနေရာတွင် နှစ်ပေါင်းများစွာ လဲလျောင်းအိပ်စက်နေပုံရလေသည်။ သူမ၏ တစ်ကိုယ်လုံးပေါ်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသောကြောင့်ပင်။ သူမ၏ အဆစ်အမြစ်များသည်လည်း မလှုပ်ရှားသည်မှာ ကြာသောကြောင့် တောင့်တင်းနေပုံရသည်။ လက်နှစ်ဘက်ကို အားယူပြီး ထလိုက်လျှင် သူမ ခန္ဓာကိုယ်မှ တဂျိုးဂျိုး တဂျွတ်ဂျွတ် အသံများ ထွက်လာကြသည်။



‘အင်း.. ဟင်း ဟင်း…။ ငါအိပ်နေတာ ဘယ်လောက်တောင်ကြာသွားပြီလဲ။’



သူမ၏ အသံကြီးသည် ခြောက်ခြားဖွယ်ရာ ပေါ်ထွက်လာလေသည်။ စိမ်းလဲ့ခင် ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ သူမ၏ အစာအိမ်ထဲကို ရေခဲရေတွေ လောင်းထည့်လိုက်သလို ခံစားလိုက်ရသည်။ ကျောက်ဖျာပေါ်ရှိ မိန်းမသည် ယခုအခါ ငုတ်တုတ်ထိုင်လျက်ရှိပြီ။ တဖြည်းဖြည်းနှင့် မျက်နှာက စိမ်းလဲ့ခင်ဘက်သို့ လှည့်လာသည်။



‘ဟဲ့ ငါ ဘာ ဘာသာတွေ ပြောနေပါလိမ့်။ အံမယ် တခါမှ မကြားဖူးတဲ့ စကားပါလား’



ထိုအမျိုးသမီးသည် သူမ ပြောနေသော စကားသံများကို ပြန်ကြားကာ အံ့သြနေပုံရလေသည်။



‘ရှင်.. ရှင် ဘယ်သူလဲ...’



စိမ်းလဲ့ခင် မေးလိုက်လျှင် ထို ရှေးဟောင်း၀တ်စုံနှင့် အမျိုးသမီးသည် စိမ်းလဲ့ခင်ရှိရာဆီသို့ ဖျတ်ကနဲလှည့်ကာ ကြည့်လိုက်သည်။



‘အမလေး’



‘ခွမ်း’



စိမ်းလဲ့ခင် လက်ထဲမှ လက်နှိပ်ဓာတ်မီး လွတ်ကျကာ ကွဲသွားသည်။ ခန်းမဆောင်တစ်ခုလုံး မှောင်မဲသွား၏။ စိမ်းလဲ့ခင် ထို မိန်းမ၏ ဖုန်မှုန့်တွေ ဖုံးနေသော မျက်နှာ ဖြူဖြူကြီးကို တွေ့လိုက်ရသည်။ ထိုမျက်နှာကြီးသည် သူမ အိပ်မက်များထဲမှ မိဖုရားခေါင်ကြီး၏ မျက်နှာကြီးပင်။



‘ရှင် ရှင်,, ဒီနေရာမှာ ဘာလုပ်နေတာလဲ’



သူမ အတုန်တုန်အရီရီနှင့် ကျောပိုးအိတ်ထဲမှ လက်ကိုင်ဖုန်းကို အသာစမ်းသည်။ တော်သေးတာပေါ့။ လက်ကိုင်ဖုန်းကို ထုတ်ကာ မီးကို ဖွင့်လိုက်၏။ သို့သော် ခန်းမဆောင်ထဲတွင် မည်သူမျှ မရှိတော့။ ထိုအမျိုးသမီး အိပ်နေခဲ့သော ကျောက်ဖျာကြီးကတော့ ရှိသေးသည်။ စိမ်းလဲ့ခင် ကျောက်ဖျာကြီးဆီသို့ တဖြည်းဖြည်း ချဥ်းကပ်သွား၏။ ယခင်က ထိုအမျိုးသမီး အိပ်နေခဲ့သော နေရာတွင် ဖုန်မှုန့်များ ကွက်ပြီး ရှင်းနေသည်ကို တွေ့ရသည်။ သူမ အမြင်မှားခဲ့ခြင်းမဟုတ်။ ဤနေရာတွင် အိပ်နေသော အမျိုးသမီးတစ်ယောက်ရှိခဲ့သည်မှာ အမှန်ပင်။ ယခု ဘယ်ရောက်သွားသနည်း။



စိမ်းလဲ့ခင် လက်ထဲမှ ဖုန်းကို မြှောက်ကိုင်ရင်း အခန်း‌ဆောင် ပတ်ပတ်လည်ကို မီးပြကြည့်သည်။ အခန်းဆောင်သည် မှောင်မည်းနေသဖြင့် ဖုန်းမီးရောင်က အချို့နေရာများကိုသာ ကွက်ကျားမြင်နိုင်လေသည်။ ဖုန်းမီးရောင်မမှီသည့် အခန်းထောင့်နေရာများတွင် ထိုအမျိုးသမီး ရှိနေနိုင်သည်။ စိမ်းလဲ့ခင် တဖြည်းဖြည်း သူမနှင့် အ‌ဝေးဆုံး အခန်းထောင့်ဆီသို့ ဖုန်းမီးကို ကိုင်ကာ အထိတ်ထိတ်အလန့်လန့် လျှောက်သွားလိုက်သည်။ ဖုန်မှုန့်များ လွှမ်းနေသော ကြမ်းပြင်ပေါ်တွင် ခြေရာများကို ရုတ်တရက် တွေ့လိုက်ရသည်။ လူခြေရာများသည် အမှောင်အတိကျနေသော ထိုအခန်းထောင့်ဆီသို့ ဦးတည်သွားနေလေသည်။



‘ဒီမှာရှင့် အခန်းထောင့်မှာ ဘယ်သူရှိလဲရှင့်’



စိမ်းလဲ့ခင် အော်ခေါ်မိသည်။ သူမ ဖုန်းမီးကို အမြင့်ဆုံးအထိ မြှောက်ကိုင်လိုက်သည်။ အဆောင်ခန်း ထောင့်သည် မီးရောင်အောက်တွင် လင်းသွားသည်။



အခန်းထောင့်တွင် ဘယ်သူမှ မရှိချေ။



စိမ်းလဲ့ခင် သက်ပြင်းချပြီး အနောက်သို့ ပြန်လှည့်လိုက်သည်။



‘အမလေး’



သူမနောက်တည့်တည့်တွင် ရှေးဟောင်း၀တ်စုံအဖြူနှင့် အမျိုးသမီးသည် မတ်တတ်ကြီးရပ်ကာ စိမ်းလဲ့ခင်ကို ပြူးကျယ်သော မျက်လုံးကြီးများနှင့် စိုက်ကြည့်နေလေတော့သည်။



…………………………………..



‘အား...’



ဇော်မိုး တစ်ကိုယ်လုံး ချွေးတွေ ရွှဲပြီး လန့်နိုးလာသည်။ သူ့အဆောင်အခန်းသည် ပိတ်လှောင်နေသည်။ သူ စွပ်ကျယ်ကို ကောက်စွပ်ပြီး အဆောင်အပြင်သို့ ထွက်လာလိုက်သည်။



သူ့အိပ်မက်ထဲတွင် စိမ်းလဲ့ခင်ကို တွေ့ခဲ့သည်။ သူမသည် ရှေးဟောင်းပျူအ၀တ်အစားများနှင့်။ ထို့ပြင် သူတို့နှစ်ဦးကို ကျိန်စာတိုက်နေသော စုန်းမကြီးတစ်ဦးကိုလည်း တွေ့ခဲ့သည်။ ထိုစုန်းမကြီး၏ မျက်နှာကို မြင်သဖြင့် ဇော်မိုး လန့်နိုးလာခဲ့ခြင်းပင်။ သူနာရီကို ကြည့်လိုက်သည်။ မနက် နှစ်နာရီရှိပြီ။ နေ့လယ်က စိမ်းလဲ့ခင်နှင့်တွေ့ဆုံပြီး ဇော်မိုးသည် နန်းထက်ဆီသို့ ပြန်သွားခဲ့သည်။ ဖြစ်ကြောင်းကုန်စင်ကို သူ နန်းထက်ကို ပြောပြခဲ့သည်။



‘နင့်မမက စိတ်ဖောက်ပြန်နေတာဖြစ်ရမယ်’



‘ငါ့ မမ မဟုတ်ပါဘူးဟာ။ ငါသူ့ကို သိတောင်မသိဘူး’



ဇော်မိုး သူ့စကားများကို ပြန်သတိရမိသည်။ … ငါသူ့ကို တကယ်မသိတာလား...။ ဒါဆို အခု အိပ်မက်က ဘာလို့မက်တာလဲ။



‘ငါတို့ ဒီပိုက်ဆံတွေကို ဘယ်လိုလုပ်ရမလဲ’



သူနန်းထက်ကို ဒေါ်လာငါးသိန်းကို ဘာလုပ်ရမလဲဟု မေးခဲ့သည်။



‘နင့်ကို အဲ့ပိုက်ဆံ သူပေးတာမဟုတ်လား’



‘ဟုတ်တယ်’



‘ယူတာမယူတာက နင့်သဘောပဲ ဇော်မိုး။ သူက နင့်ကိုပေးတာ။ ငါ့ကို ပေးတာမှမဟုတ်တာ’



‘အဲဒါဟုတ်ပါတယ်။ ငါက နင်နဲ့ တိုင်ပင်တာလေ’



‘သူ့မောင်ကလည်း နင့်ကို ယူလို့ ပြောတယ်မဟုတ်လား’



‘ဟုတ်တယ်။ ပိုက်ဆံယူပြီးရင် ဆက်မပတ်သက်နဲ့တော့တဲ့’



နန်းထက် အသေအချာစဥ်းစားနေသည်။



‘ဒီလိုလုပ်။ ငါတို့ ရှေ့နေနဲ့ တိုင်ပင်ကြမယ်’



‘အင်း။ အဲဒါလည်း ကောင်းတယ်။ ဘာပဲပြောပြော ငါတို့ လက်ထပ်ဖို့တော့ အဆင်ပြေသွားမှာ။’



နေ့လယ်က ပြောခဲ့သော စကားများကို ဇော်မိုး ပြန်စဥ်းစားနေမိသည်။ သူ့စိတ်ထဲတွင် တမျိုးကြီးဖြစ်နေ၏။ တခုခုသည် မှားယွင်းနေသလို။ သူ စိမ်းလဲ့ခင်နှင့် ပြန်သွားတွေ့ချင်လာသည်။ မမြင်နိုင်သော တွန်းအားတစ်ခုက သူ့ကို တွန်းပို့နေ၏။ သို့သော်လည်း တချိန်တည်းမှာပင် တိုင်းကျော်၏ သတိပေးစကားကို အမှတ်ရမိသည်။



‘ခင်ဗျား ကျွန်တော်ပြောတာသာ မမေ့ပါနဲ့။ ငွေထုပ်ပိုက်ပြီးသာ လစ်ပါတော့ ဟုတ်ပလား’ ဟု စိမ်းလဲ့ခင်၏ မောင်ဖြစ်သူက သူ့ကို အထပ်ထပ်အခါခါ သတိပေးခဲ့လေသည်။ သို့သော် ဇော်မိုးသည် ထိုစကားကို ဂရုမစိုက်နိုင်တော့။ သူ ရှပ်အင်္ကျီကို ကောက်၀တ်ကာ တက်စီငှားပြီး စိမ်းလဲ့ခင်၏ အိမ်ကြီးဆီသို့ မနက် နှစ်နာရီခွဲခန့်တွင် ပြန်ရောက်သွားခဲ့သည်။ ခြံကြီး၏ ရှေ့တံခါးမှ လူခေါ်ခေါင်းလောင်းကို သူတီးလိုက်လေသည်။



‘ဘယ်သူလဲ’



စိမ်းလဲ့ခင်၏ အသံက ပေါ်ထွက်လာသည်။



‘ကျွန်တော် … ဇော်မိုးပါ’



ခြံ၀င်းတံခါးကြီးသည် တအိအိ ပွင့်သွားခဲ့သည်။ နောက် နှစ်မိနစ်မျှကြာလျှင် ဇော်မိုးသည် သူ မနေ့က ရောက်ခဲ့သော ဧည့်ခန်းကြီးထဲသို့ ပြန်လည် ရောက်ရှိနေလေတော့သည်။



စိမ်းလဲ့ခင်သည် ဤတစ်ကြိမ်တွင် ည၀တ်အင်္ကျီ၀တ်ရုံ အစိမ်းရောင်ကို ၀တ်ဆင်ကာ လှေကားမှ ဆင်းလာသည်။ အိမ်ကြီးထဲတွင် မည်သူမျှ မရှိ။ ဇော်မိုးသည် သူမကို ကြည့်ကာ စိတ်တွေ လှုပ်ရှားလာသည်။ သူ၏ အိပ်မက်ထဲမှ စိမ်းလဲ့ခင်။ အိပ်မက်ထဲတွင် ဇော်မိုးသည် ထိုအမျိုးသမီးနှင့် ချစ်တင်းနှီးနှောနေခဲ့သည်။ သူသည် ထိုအိပ်မက်ကြောင့် နန်းထက်ပေါ်တွင် သစ္စာမရှိသလို ခံစားရသည်။ ယခု အချိန်မတော် ဤနေရာသို့ ရောက်ရှိနေသည့်အတွက်လည်း အပြစ်ရှိသလို ခံစားရသည်။ သို့သော် သူ့ ခံစားချက်များကို ဇော်မိုး မထိန်းနိုင်ခဲ့ချေ။ အားကောင်းလှသော စွမ်းအားကြီးတစ်ခုက သူ့ကို ညှို့ယူထားခဲ့သည်။



‘မစိမ်းလဲ့ခင်။ ကျွန်တော်ကို မနေ့က ပြောတာတွေဟာ တကယ်ပဲလားဗျာ’



သူမသည် ဇော်မိုးကို မြွေဟောက်တစ်ကောင်လို ညှို့အားပြင်းသော မျက်လုံးကြီးများနှင့် ကြည့်ပြီး မခို့တရို့ ပြုံးလိုက်လေသည်။



‘ရှင် - စိတ်ပြောင်းသွားပြီလား ကိုဇော်မိုး’



‘ဗျာ...’



ဇော်မိုး ဆွံ့အနေမိသည်။ သူတကယ်ပဲ စိတ်ပြောင်းသွားပြီလား။ သူတကယ်ပဲ နန်းထက်ကို စွန့်ခွာပြီး စိမ်းလဲ့ခင်ကို ချစ်ကြိုက်သွားပြီလား။ သူတို့နှစ်ဦးရဲ့ အတိတ်ဘ၀က အချစ်ဇာတ်လမ်းဟာ တကယ် အမှန်ပဲလား။



‘ဟေ့ကောင် ဇော်မိုး။ မင်းကို ငါ့အစ်မနဲ့ ဝေးဝေးနေပါလို့ ပြောထားတယ်မဟုတ်လားကွ’



‘တိုင်းကျော်။ မောင်လေး’



စိမ်းလဲ့ခင်သည် တိုင်းကျော်ကို လှမ်းခေါ်လိုက်သည်။ လူရွယ်သည် ရုတ်တရက် ရပ်တန့်သွားသည်။



‘မစိမ်းလဲ့။ ဒီကောင့်ကို မယုံနဲ့။ ခင်ဗျားဆီက ရသမျှယူမဲ့ကောင်နော်။ ခင်ဗျားမှားမယ်’



‘မောင်လေး ဒီလို ပြောမယ်ဆိုတာ အစ်မ တွက်ပြီးသားပါမောင်လေး’



စိမ်းလဲ့ခင်သည် လှေကားကြီးအောက်ရှိ စင်တစ်ခုဆီသို့ လျှောက်သွားပြီး အံဆွဲထဲမှ စာရွက်အထပ်လိုက်ကို ထုတ်ယူလိုက်သည်။



‘ငါ့မောင် ဘာမှ မပူနဲ့ ဒီမှာ အစ်မ အားလုံးစီစဥ်ထားတယ်’



သူမသည် စာချုပ်အထပ်လိုက်ကို တိုင်းကျော်ဆီသို့ ထိုးပေးလိုက်သည်။ တိုင်းကျော်သည် ဘေ့စ်ဘောတုတ်တံကြီးကို ကိုင်ထားရာမှ အူကြောင်ကြောင်နှင့် သူ့ကို ကမ်းပေးသော စာချုပ်များကို ငုံ့ကြည့်မိလေသည်။



‘ဟင်… လုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေ အားလုံးကို ကျွန်တော့်နာမည်နဲ့ လွှဲပေးလိုက်တာပါလား’



သူတစ်ကိုယ်လုံး အတုန်တုန်အရီရီဖြစ်လာသည်။



‘ဒါ ဒါဆို မစိမ်းလဲ့က...’



‘အစ်မနဲ့ ဒီက မောင်ဇော်မိုးတို့ ခရီးထွက်စရာရှိတယ်။ ဒါကြောင့် အစ်မတို့ မရှိတုန်း ဖေဖေ့လုပ်ငန်းတွေ မောင်လေး လက်ထဲ အပ်ထားခဲ့ချင်လို့ပါကွယ်။ ကဲ.. အစ်မ အ၀တ်အစားသွားလဲလိုက်ဦးမယ်။ အိမ်က ကားတော့ အစ်မပဲ ယူသွားလိုက်မယ်နော်’



စိမ်းလဲ့ခင် အပေါ်ထပ်သို့ ပြန်တက်သွားလျှင် တိုင်းကျော်သည် မယုံနိုင်စွာနှင့် စာချုပ်များကို တလှည့် ဇော်မိုးကို တလှည့် ကြည့်နေတော့သည်။ သူ့လက်များသည် မူးယစ်ဆေးစွဲသူတစ်ဦး ဘိန်းဖြူရသလို အေးစက်ပြီး တုန်ယင်လာသည်။ စာချုပ်များပေါ်ရှိ ပိုင်ဆိုင်မှု ကိန်းဂဏန်းများ။ မြောက်မြားလှစွာသော ငွေကြေးပမာဏ။ သူလောင်းကစားကို ဖြတ်ထားသည်မှာ အတော်ကြာပြီ။ လောင်းကစားစရာ ပိုက်ဆံမရှိသဖြင့် သူ စိတ်ကို ထိန်းနိုင်ခဲ့သည်။ သို့သော် - ယခုမူ….။



‘မင်း ငါ့အစ်မကို ဒုက္ခပေးလို့ကတော့ နာပြီသာမှတ်’



တိုင်းကျော်သည် ဇော်မိုးကို ဘေ့စ်ဘောတုတ်ကြီးနှင့် ငေါက်ငေါက်ထိုးပြီး စာချုပ်အထပ်လိုက်ကြီးကို ပိုက်ကာ သူ့အခန်းထဲသို့ ပြန်၀င်သွားတော့သည်။ ခဏနေလျှင် စိမ်းလဲ့ခင်သည် အ၀တ်အစားလဲပြီး ပြန်ဆင်းလာသည်။



‘ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ’



စိမ်းလဲ့ခင်သည် ဟက်ကနဲ ရယ်ကာ ဇော်မိုးကို ညှို့မျက်၀န်းကြီးများနှင့် ကြည့်ရင်း ပြောလိုက်သည်။



‘ပုဂံမြို့ဟောင်းတစ်နေရာကို...’



ထို့နောက်တွင်မူ ဇော်မိုးသည် စိမ်းလဲ့ခင်မောင်းသော ရိုးရွိုက်စ်ကားကြီးပေါ်တွင် ထိုင်ကာ သူမနှင့်အတူ ပုဂံမြို့ဟောင်းဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။



…………………………………...



ဆက်လက်ဖတ်ရှုပါရန်။



(ကိုချမ်း)



#lotaya_shortstory



MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..