
ကောင်းကင်၌ ပေါလောမျောနေသော တိမ်သားတို့သည် လပြည့်ည၏ အလင်းရောင်တွင် မရွေ့မရှား
အလောင်းကောင်များသဖွယ် ငြိမ်သက်နေသယောင်ပင်။
လေပြင်းတစ်ချက်အဝှေ့မှာ..တဖျတ်ဖျတ် တရှပ်ရှပ်အသံပေး၍ ထခုန်လိုက်ကြသော သစ်ရွက်ခြောက်များသည် ညာသံပေး၍ ပြေးသွားသော ဝိညာဉ်ဆိုးများသဖွယ်။
ညောင်ပင်ကြီးများနှင့်ကုက္ကိုပင်ကြီးများ၏ လက်တံအရိုးများမှာ ကွေ့ကောက်ဖြာကျနေသည်မှာ တစ္ဆေတစ်ကောင် အစာလုဖို့ စောင့်မျှော်နေသည့်ပမာ။
သစ်ရွက်အချင်းချင်း ပွတ်တိုက်ကျီစယ်သံကလည်း ဝိညာဉ်တို့၏လှောင်ရယ်သံသဖွယ်ဖြစ်နေသည်။
တောသဘာဝ၊ လယ်ကွင်းအချို့၏ ကန်သင်းရိုးမှာ သေနေသော ကြွက်သေပုပ်တို့၏ ညှီစို့စို့ ပုပ်အဲ့အဲ့အနံ့သည် လေသယ်ဆောင်ရာ လွင့်ပျံ့ နုတ်ဆက်နေသည်ကား...အလည်လွန်၍ ညဥ့်နက်မှ ပြန်လာကြသော ဆက်
အောင်နှင့်ကိုထွေးတို့ သူငယ်ချင်းနှစ်ယောက်ကို ပို၍ခြောက်ခြားစေနေ၏။
ဆက်အောင်က ရုတ်တရက်ကြီး ...
" ငါတို့ ကြာအင်းဖက်က မသွားတာ
ကောင်းမယ်ထင်တယ်နော်.."
ဆက်အောင် စကားကြောင့် ကိုထွေး လျှောက်လက်စ ခြေလှမ်းတို့တုန့်သွားသည်။
ကိုထွေး... ဆက်အောင်ကို လှည့်ကြည့်လိုက်တော့ ဆက်အောင်က တွန့်ဆုတ်တွန့်ဆုတ်နဲ့ သူနဲ့ ဆက်မလိုက်ချင်သလို ဖြစ်နေရှာ၏။
လက်ထဲတွင် ဆီးကိုင်းခြောက်တစ်ခု
ကိုင်ထားသော ကိုထွေးက ခေါက်ဆွဲကြော်နှင့်ဝက်နံကင်သုပ်ပါဆယ်ထုပ်ကိုင်ထားသော ဆက်အောင်အား...
" မင်းကွာ..အစကတည်းက မသွားရင် မသွားဘူးလို့မပြောဘူး၊ အခု လမ်းတဝက်ကျိုးနေပြီဟ ၊ ရှေ့ဆို ကြာအင်း
ရောက်တောင်နေပေါ့ ငဆက်ရ "
ဟုတ်သည်လေ။ ရွာကို ရောက်ဖို့ဆိုတာက ကြာအင်းဘက်ကဖြတ်လျှင် ပို၍ နီးသဖြင့် သူတို့သူငယ်ချင်းနှစ်ဦး ညနေ နေမစောင်းခင် တဖက်ရွာ ကျူခုံမှ ကျူထိုးပြီး ခပ်သုတ်သုတ်ပြန်လာခြင်း ဖြစ်သည်။
ဆက်အောင်က မျက်နှာငယ်နေပြီ။ဒီအကောင်က တစ္ဆေသရဲ အလွန်ကြောက်တတ်သူ။ ကြာအင်းလမ်းကို စတင်ရွေးချယ်သူက ကိုထွေးဖြစ်သည်။ ကြာအင်းက သရဲခြောက်
သည်ဟု နာမည်ကြီးပေမယ့် ရွာပြန်ရန်
အနီးဆုံးလမ်းဖြစ်သည်။ ကြာအင်းက မဖြတ်ချင်ရင် လှည်းလမ်းကြောင်းအတိုင်း တောင်နီကုန်းမြင့်ကို ဖြတ်သွားရမည်။ ပို၍ဝေး၏။
ဆီးရွက်လောက်သာရှိတော့သော မျက်နှာငယ်လေးနှင့် ဆက်အောင်က...
" မင်းပြောတော့.. လူမပြတ်ဘူးဆို
အဲ့သာကြောင့် ငါလည်း ဖြတ်မယ်ပြောသာ၊ခုတော့.. လခွီး "
ကိုထွေးက သူ့အား အပြစ်တင်လာသော ဆက်အောင်အား တဟားဟားရယ်မောရင်း မျက်နှာချိုသွေးလိုက်သည်။
" ဟားဟား... ငဆက်ရာ၊ မင်းတစ်ယောက်ထဲ အသည်းငယ်နေသာ၊ငါတစ်ယောက်လုံးပါနေသာပဲ။ သရဲ..ခြောက်လည်း ပြေးကြသာပ ၊ခြေထောက်တွေ ဘာလုပ်ဖို့ ထားလဲကွ။ ဟား...ဟား...ဟား "
ကိုထွေးက ဆက်အောင် အကြောက်ပြေသွားအောင် အရွှန်းဖောက်လိုက်သည်။
ကြာအင်းဆိုသည်က ရွာနှစ်ရွာအကြားက...အင်းကြီးတစ်ခုကို ပြောခြင်းဖြစ်သည်။ကြာအင်းသည် ကိုထွေးတို့ရွာနှင့် ပို၍ နီးလေ၏။
မိုးအခါတွင် ကြာပန်းအလွန်ပေါသည်။လွန်ခဲ့သောနှစ်များက ရေကစားသူ ကြာပန်း လာချိုးသူများနှင့် စည်ကားခဲ့သော ကြာအင်းသည် သူတို့ရွာက မအေးခင်ဆိုသော အပျိုချောကြောင့် ရုပ်ဆိုးအကျည်းတန်ခဲ့ရသည်။
ရွာက ကွမ်းတောင်ကိုင် ညိုချောလေး မအေးခင်မှာ ရည်းစားသက်တမ်း ၂နှစ်ကျော်ကာမှ ချစ်သူက သူမအားပစ်ကာ တစ်ရွာသူကိုခိုးပြေး၍ အရှက်သည်းစွာရေထဲခုန်ချသေခဲ့၏။
အရှက်ကို အသက်နှင့်လဲခဲ့သူ မအေးခင်မှာ မကျွတ်မလွတ်ပဲ..ထိုကတည်းက ကြာအင်း အနီးဖြတ်သွားသူများကို အမျိုးမျိုး ခြောက်လန့်လေ့ရှိသည်။
ရွာသားများမှာ ခြောက်လှန့်ခံရပေါင်းများလာသော်အခါ ထိုအင်းအနီးမှ ညနေဝင်ရီတရော် အချိန်တွင် မည်သူမျှ ဖြတ်သွားရဲခြင်း မရှိတော့ပေ။
ကိုထွေးသည် မအေးခင် အသက်ရှိစဉ်က၊ မအေးခင်တို့အိမ်ကို ဝင်ထွက်စားသောက်နေကျဖြစ်သည်။မအေးခင်၏အမေ အရီးမြရင်သည် ကိုထွေးငယ်စဉ်ကတည်းက ခေါ်ယူမွေးစားခဲ့သည်ဟု သိရသည်။
ကိုထွေးက...ရွံတွန့်တွန့် ဖြစ်နေသော
ဆက်အောင်၏ ပခုန်းကို ဖက်ကာ...
" မင်း... မင်းကလည်း ...သရဲဆိုတာ
မင်းလည်းမြင်ဘူးတာ...မဟုတ်သလို၊
ငါလည်း တစ်ခါမှ မြင်ဘူးတာမဟုတ်ဘူး ၊ လူများပြောတိုင်း တွေး...
တွေးကြောက်...ကြောက်...မနေစမ်းပါနဲ့.. .. "
ဆက်အောင်အား..ပခုန်းဖက်ကာ အားပေးသူ ကိုထွေး၏စကားသည်လည်း ကတုန်ကရင်နှင့်ပင်။
ဘာလို့လဲဆို မအေးခင်သည် သူ့အား ငယ်နိုင်မဟုတ်လား။
ဆက်အောင်က ခေါက်ဆွဲကြော်နှင့်
ဝက်နံကင်ထုပ်များကို ကိုင်မြှောက်ကာ...
" ဒါတွေ ပါဆယ်ဝယ်နေရလို့၊ ငါတို့ အိမ်အပြန် နောက်ကျတာကွ...၊
အဖောင်ရဲ့ခေါက်ဆွဲကြော်ဆိုင်ကလည်း ဒီနေ့ညနေမှ လူကျချက်ကွာ..."
" ဟုတ်ပါ့... တစ်နာရီအေးအေးလောက်ထိုင်စောင့်နေရတယ်။ ကဲပါ...ရွာရောက်မှ ငါ့ခါးကြားက မန္တလေးရမ်လေးနဲ့ အတူဆွဲလိုက်ကြတာပေါ့...၊ ခပ်သွက်သွက်လေးလျှောက်ကွာ...ငဆက် "
သို့နှင့် သူတို့နှစ်ယောက်သည် ကုက္ကိုပင်တန်းလေးကျော်ကာ ကြာအင်းအနီးသို့ ရောက်လာသည်။
ဆက်နိုင်က ကတုန်ကရင်လေသံဖြင့်...
" တောက်! ဒီနေ့မှ လက်နှိပ်ဓာတ်မီးက ခါးမထိုးခဲ့ရဘူး...၊ ဒီလို မိုးချုပ်မယ်မှန်းလည်း မသိဘူးလေ "
ကိုထွေးကတော့...
" ငဆက်ရာ...ဒီလောက် လရောင်သာနေတာ လက်နှိပ်ဓာတ်မီး မလိုပါဘူးဟ "
ဟုတ်တော့ ဟုတ်သားဟု ဆက်အောင်တွေးလိုက်သည်။ လပြည့်ကျော်တစ်ရက်မို့ လ,က ထိန်ထိန်သာဆဲပင်။
သူ အမှတ်တမဲ့ ကြာအင်းကြီးထဲ လှမ်းကြည့်လိုက်သည်။
ကြာအင်း ကန်ရေပြင်၌ လရိပ်က ဝင်းထိန်စွာ ပေါ်လောပေါ်နေ၏။ဆက်အောင်၏အကြည့်က ကြာအင်းအစပ်သို့ ရောက်ကာတန့်သွားပြီး ...
" ဟင်! ကို...ကို...ကိုထွေး
ဟို..ဟို..ဟိုမယ်...ကြာအင်းစပ်မှာ..."
ဆက်အောင်၏ ထစ်ထစ်ငေါ့ငေါ့ အသံကြောင့် ကိုထွေး ကြာအင်းစပ်ကို လှမ်းကြည့်လိုက်သည်။
ထိုအချိန် ၎င်းတို့ခေါင်းပေါ်မှ ငှက်ဆိုး ထိုးသံ ကြားလိုက်ရသည်။
" ဂီးးး ဂီးးး "
ဆက်အောင် လန့်အော်လိုက်ပြန်သည်။
" အောင်မယ်လေး... ဘုရား..ဘုရား "
ကိုထွေးက ဆက်အောင်၏လက်ကို
မြဲမြံစွာ ဆုပ်ကိုင်ထားရင်း...
" ဘာလဲ..ဘာတွေ့လို့လဲ ငဆက် "
" အာ...ကြာအင်းစပ်က စိန်နပံခြုံနားမှာလေ... "
ကိုထွေး အသေချာကြည့်လိုက်သည်။တွေ့ပါပြီ။ အမျိုးသမီးစီး အဖြူရောင်
ခြေညှပ်ဖိနပ်ပါးလေး တစ်ရံ ဖြစ်သည်။
ဖိနပ်လေးမှာ လရောင်အောက်တွင် ထင်းကနဲ ပေါ်လွင်နေ၏။
ကိုထွေး..ရင်ထိတ်သွားသည်။အချိန်မတော်ကြီး ဘယ်သူများ ကြာအင်းထဲရေခပ် ဆင်းနေလဲပေါ့။
ဆက်အောင်က...ကြောက်လန့်တုန်ရင်စွာဖြင့် ...
" ရွာ..ရွာ.လူကြီးတွေ..မအေးခင်ရဲ့အလောင်း ဆယ်တော့..ဖိနပ်က အင်းစပ်မှာ တွေ့တာတဲ့၊
ကိုထွေး..ငါ..ငါ..ငါတို့ နောက်ပြန်လှည့်ကြရင် ကောင်း..ကောင်း..မယ်ထင်တယ်နော် "
ဆက်အောင်သတိပေးကာမှပဲ... ကိုထွေးလည်း အလောင်းဆယ်တုန်းက မြင်ကွင်းကို ပြန်မြင်ယောင်သွားလေတော့တာပါ့။ အလောင်းဆယ်တုန်းက... ရွာက ကာလသားတွေနဲ့အတူ
သူပါ လိုက်သွားခဲ့တာကိုး။
ကိုထွေး ... ဆက်အောင်၏ လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားရင်း...
" မ...မ..မအေးခင်..ရဲ့ ဖိနပ်က..လည်း အ... အ... အဖြူရောင်...ခြေညှပ်ဖိနပ်ပါးပဲ၊ ငါ...ငါ...တို့ကို မ...အေး...အေး... ခင် ...ခြောက်ပြီနဲ့တူတယ်ဟ..."
"ဟင်!... .. "
ပင်ကိုယ်ကမှ ကြောက်တတ်သူ ဆက်အောင်သည် ကိုထွေးစကားကြောင့် နေစရာမရှိတော့။
ပတ်ဝန်းကျင်သည် ယ္ခုမှ ပို၍ခြောက်ခြားလာသလိုပင်။
လရောင်ဖြန်းပက်ထားသော ကြာအင်းကြီးသည် သူတို့နှစ်ယောက်အထင်၌ ပို၍ပဲ ကျယ်ပြန့်လာလေသလား။
လရောင်၏အောက်က ဘောစကိုင်းပင်ရိုးတံတို့သည်... တစ္ဆေတစ်ကောင်၏ လက်များသဖွယ် ဖြန့်ကားယိမ်းထိုးနေသယောင်။
လူ့ခါးတဝက်ခန့် ခပ်အုပ်အုပ်ရှိသော စိန်နပံခြုံဘုတ်များသည် ခုပဲ ကုန်းထလာမည့် ခေါင်းမြီးခြုံ စုန်းမအိုကြီးများသဖွယ်။
" ဂီး...ဂီး....ကွစ်.. "
" အောင်မလေးဗျ..."
ဆက်အောင်သည် လက်ပံပင်ပေါ်မှ ရုတ်တရက်ထပျံသွားသော ညဥ့်ငှက်ဆိုးတစ်ကောင်၏အော်မြည်သံကြောင့် ကြောက်လန့်တကြား
အော်လိုက်ခြင်းဖြစ်သည်။
ကိုထွေးက..
" တောက်!...လူမှ ကြောက်ပါတယ်ဆို
သောက်ရေးထဲ...ဒီငှက်စုတ်က တမှောင့်.."
ဆက်အောင်နှင့်ကိုထွေးသည် ရှေ့ဆက်သွားရကောင်းနိူးနိူး၊ ပြန်လှည့်ရကောင်းနိူးနိူးနှင့် တုံဏှိဘာဝေ ဖြစ်နေကြသည်။
ညသည် မှုန်ရီအေးစက်လျှက်။အလည်လွန်နေသော ခွေးတစ်ကောင်သည် ဤအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ထအူလိုက်သည်က သူတို့နှစ်ယောက်ကို ပို၍ ကြောက်လန့်သွားစေသလို၊ ကြာအင်းကြီးသည် ချောက်ချား အသက်ဝင်လာသည်ဟုထင်ရသည်။
" ဝူး...အူး..အူး............အု "
ညသည် ကြာအင်းကို ပို၍ သက်ဝင် လှုပ်ရှားစေသလို ။ခွေးအူသံသည် ရုတ်ခြည်းပြတ်တောက်မသွားပဲ၊ သံရှည်ဆွဲအူနေရာမှ တဖြေးဖြေး တိုးတိမ်၊ တဖြေးဖြေးတိုးတိမ်ရာမှ ကျယ်လောင်လာပြီး ရုတ်တရက်ပြတ်တောက်
သွားသော နိမ့်မြင့်သံစဉ် အသံဖြစ်သည်။
ညှပ်ဖိနပ်ပါးလေးရှိသောအင်းစပ်အနီးက စိန်နပန်ခြုံသည် ခပ်လှုပ်လှုပ်ဖြစ်လာသည်ကို သူတို့နှစ်ဦး မြင်တွေ့လိုက်ရလေ၏။
" ဟာ... ကို ...ထွေး ...
ဟို.. .ဟို. ..စိန်နပန်ခြုံဘုတ်ကြီးက ..."
ကိုထွေးနဲ့ဆက်အောင် စိန်နပန်ခြုံဘုတ် လှုပ်ရှားလာသည်ကို တစ်ယောက်လက် တစ်ယောက်မြဲမြဲ ဆုပ်ကိုင်ကာ ကြောက်အား ပိုစွာဖြင့်ကြည့်နေရာမှ...
" ဟင်! ဘာ...ဘာ...ဘာကြီးလဲ ငဆက်ရေ "
" သ...သ...သ...သရဲမဟ
ပြေး...ပြေး...ကိုထွေး...ပြေးစို့ "
ပြေးဟုသာပြောနေသည် သူတို့နှစ်ဦးအား တစ်စုံတစ်ယောက်က..ဆွဲထားသလို... ထိုနေရာမှ ရှေ့သို့လှမ်းမရဖြစ်နေ၏။
သူတို့နှစ်ဦးသား မြင်လိုက်ရသည်က မျက်နှာမမြင်ရအောင် ရေစိုဆံပင်များ ဖုံးလွှမ်းနေသော အမျိုးသမီးတစ်ဦးပုံသဏ္ဍာန် ဖြစ်သည်။
ခြုံအကွယ်နှင့်မို့ သူမ၏ခါးတပိုင်းသာ
မြင်တွေ့နေရခြင်းဖြစ်သည်။
ဟော...တဖြေးဖြေးနဲ့ သူမသည် ကိုထွေးတို့ထံ ရွေ့လျားလာပြီ။
ကိုထွေး...ဆက်အောင်၏လက်ကို ဆွဲကာ ဇွတ်အတင်း ပြေးပါလေတော့သည်။
ကိုထွေး ခပ်လှမ်းလှမ်းအထိပြေးလာရင်း...သူကိုင်လာသော ဆက်အောင်၏လက်မှာ ပေါ့ရွှတ်ရွှတ် နိုင်လှသည်ဟု အောက်မေ့ကာ လှည့်ကြည့် လိုက်တော့....
" ဟင်.! ဆီးသီးကိုင်းခြောက်ကြီး "
သူလက်ထဲတွင်ကိုင်ထားသည်က ဇီးကိုင်းခြောက်ကြီးဖြစ်နေသည်။
"ဟိုက်! ငဆက်ကျန်နေခဲ့ပြီ
ဘုရားရေ...ဒုက္ခပဲ "
ကိုထွေး...ဆက်အောင်အတွက် စိတ်ပူကာနောက်ကြောင်းပြန်လှည့်လာခဲ့သည်။
တွေ့ပါပြီ။ ဆက်အောင်ကား သတိလစ်မေ့မျောနေပြီး၊ ဆက်အောင်လဲကျရာနေရာအနီးတွင် သရဲမသည် ဆက်အောင်လက်ထဲက ခေါက်
ဆွဲကြော်ထုပ်နှင့်ဝက်နံကင်တွေကို မြိန်ယှက်စွာ ခေါင်းမဖေါ်စတမ်း စားနေလေ၏။
သရဲမသည် ဝက်နံရိုးများပါမချန် တကြွတ်ကြွတ်နဲ့ ဝါးစားနေခြင်းဖြစ်သည်။ကိုထွေး သရဲမစားနေသည်ကိုကြည့်၍ ခေါင်းကြီးသွားသည်။ သရဲမသည် ငုတ်တုတ်ထိုင်လျှက် အသံမြည်အောင်စားနေခြင်းဖြစ်သည်။
ကိုထွေး..ဘာလုပ်ရမည်လဲ။ ဆက်အောင်က သရဲမအနီးမှာ။ ဆက်အောင်ကိုထားပြီးလည်း သူတစ်ယောက်တည်း မပြန်လိုပေ။
ကိုထွေး... အသက်ကိုဝအောင်ရှူသွင်းလိုက်ပြီး ...
" ကဲ...မထူးဘူးကွာ၊ ငါ့သူငယ်ချင်းကိုတော့ ဒီအတိုင်း မထားရက်နိုင်ဘူး...
သူသေကိုယ်သေပဲ...သရဲမရေ၊
ငထွေးလာပြီဟေ့....."
ကိုထွေး ပြောပြောဆိုနှင့် သူ့လက်ထဲက ဇီးကိုင်းခြောက်နှင့် ငုတ်တုတ်ထိုင်စားနေသော သရဲမအား အပြေးဝင်ရိုက်လေသည်။
"ကဲဟာ...ကဲဟာ...သေစမ်း..သရဲမ"
" ဖုမ်း...ဖုမ်း...ဖုမ်း ..ဗြန်း..ဖောင်း.."
ဇီးကိုင်းခြောက်နှင့်အရိုက်ခံရသော သရဲမသည် အား အံမယ်လေး အော်ရင်း မြေပြင်သို့ ပြားကပ်သွားသည်။
သရဲမ ဘယ်လောက်အော်အော် ၊ ကိုထွေးကတော့ ကြောက်ကြောက်နှင့် အဆက်မပြတ်ရိုက်သည်။
ပြားကပ်သွားသော ဆံပင်ရေစိုနှင့်
သရဲမသည် ကိုထွေး ဇီးကိုင်းခြောက်နှင့် ရိုက်ဖန်များလာသော်...တဖြေးဖြေး...ကြုံ့ဝင်ကာ သေးငယ်သွားသည်။
တဖြေးဖြေး သေးငယ်သွားရာမှ သရဲမ ပျောက်ကွယ်သွားပြီး၊လူကြီးလက်သီးနှစ်ဖက်ဆုပ်ပမာဏခန့်ရှိသော ဂုံညှင်းဖားကြီး အသွင်သဏ္ဍာန် ပြောင်း
သွားလေ၏။
ထိုထူးဆန်းသော ဖြစ်ရပ်ကြောင့် ကိုထွေးအရိုက်ရပ်သွားစဉ်...ဂုံညှင်းဖားကြီးသည် ထိုနေရာမှ ခုန်စွပ်..ခုန်စွပ်ဖြင့် ထွက်ပြေးကာ ကြာအင်းထဲ...ခုန်ဆင်းသွားလေ၏။
စွပ်ကနဲ ကြာအင်းထဲ ရောက်သွားကာမှအသံနက်ကြီး တစ်ခု ခြောက်ခြားဖွယ်ထွက်လာသည်။
" သေချင်းဆိုး ငထွေး ၊ ငါ လူ့ဘဝတုန်းကတော့... ငါ့အိမ်လာပြီး.....ငတ်ကြီးကျတယ်၊ အခု သူ့ ခေါက်ဆွဲ ငါစားတော့ ငါ့ကိုသေလုအောင် ရိုက်တယ်....မသာလေး "
ကိုထွေး..ထိုအသံကို ကောင်းစွာကြားလိုက်ရပြီး...ကျောထဲစိမ့်တက်သွားလေသည်။
ဤအသံသည် သူ့အား စိတ်တိုမှခေါ်လေ့ရှိသော အစ်မမအေးခင်၏အသံဖြစ်သည်။
အစ်မမအေးခင် စိတ်ကြည်နေချိန်တွင် ကိုထွေးအား မိဘများခေါ်သလို..`အထွေးလေး´ဟုသာ ခေါ်လေ့ရှိသည်မဟုတ်လား။
ကိုထွေး..ကြာကြာဆက်မနေရဲတော့။ဆက်အောင်အား အတင်းလှုပ်နိူးကာ ထိုနေရာမှ သုတ်ခြေတင်ကာ ထွက်ပြေးလာခဲ့ကြသည်။
အိမ်ရောက်တော့ ကိုထွေး အိပ်ယာဝင်ရင်း နဖူးပေါ်လက်တင်ကာ စဉ်းစားမိသည်။
~ အင်း... အမအေးခင်ဟာ...ငါ့ငယ်ငယ်က ရေချိုးပေး/သနပ်ခါးလိမ်းပေး၊ ထမင်းခွန့်ကျွေးပေးခဲ့တာပဲ။
အခု ..သူအစိမ်းသေ သေပြီး မကျွတ်မလွတ်ဖြစ်နေတော့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာနေလိမ့်မယ်...။
အမအေးခင်...သနားစရာကောင်းလိုက်တာ။ အင်းလေ..နောက်နေ့ကျမှ အစ်မ မအေးခင် ကြိုက်တတ်တဲ့ ခေါက်ဆွဲကြော်ကို...ကြာအင်းစပ်မှာ သွားကြွေးအုံးမှ...~
---------------------------
များမကြာမှီ ရက်ပိုင်းမှာ ကိုထွေးဟာ သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးသူ မအေးခင်အားရည်စူးပြီး၊ ကြာအင်းစပ်မှာ ခေါက်ဆွဲကြော်နဲ့ အချိုရည်ဗူးတစ်ဗူး ချပေးကာ....
" အစ်မရေ...ဟိုနေ့က ကျုပ် ကြောက်ကြောက်နဲ့ ဇီးကိုင်းနဲ့ ရိုက်မိ
ပါတယ်။
အဲ့ဒါကိုလည်းတောင်းပန်ပါတယ်။
ပြီးတော့ အမအကြိုက် ခေါက်ဆွဲကြော်နဲ့ အချိုရည်လည်း လာပြီး သုံးဆောင်ပါ။
မနက်ဖြန်..ရွာဦးကျောင်း ရေစက်ချပွဲကိုလည်းလာခဲ့ပါ အစ်မရေ၊
အလှူရှင်တွေကိုယ်စား ကျုပ်က ဖိတ်ပါတယ်နော်၊
အမျှဝေတဲ့အချိန်... အမှီလာခဲ့ပါ အစ်မရေ။
အစွဲအလန်းနဲ့နာကြည်းမုန်းတီးမှုတွေ
ဖယ်ရှားပြီး... အစ်မ သာဓုအနုမောဒနာရပါစေလို့ ...ဆုတောင်းပါတယ်အစ်မရယ်.."
ကိုထွေးသည် ... ရနံ့မွှေးမွှေးခေါက်ဆွဲကြော်ထုပ်ကိုဖြည်ပေးပြီး၊ အချိုရည်ဗူးကိုဖွင့်ဖောက်ပေးလိုက်ပြီး...၊ထိုနေရာမှ...ဖြေးလေးစွာ ပြန်လာခဲ့သည်။
သူ၏စိတ်ထဲတွင်..အမအေးခင်တစ်ယောက်မနက်ဖြန်မနက် ရွာဦးကျောင်းရေစက်ချအလှူပွဲကို လာ၍ တရားနာကာ အကျွတ်တရားရပြီး...အပါယ်လေးဘုံ မှ ကျွတ်ပါစေဟုဆုတောင်းခြွေမိနေသည်။
(ပြီးပါပြီ)
ပီပီ၊မန္တလေး၊
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။