ကျိန်စာသင့် အချစ်ပုံပြင် (အပိုင်း - ၃)
lotaya.mpt.com.mm
|
2021-09-24

 ‘ကျွန်တော်တို့ အခု ဘယ်ကို သွားနေကြတာလဲဟင်’



ဇော်မိုး၏ အမေးကို ဖြေရန် စိမ်းလဲ့ခင်သည် ကားမောင်းနေရာမှ ဘေးသို့ လှည့်ကြည့်လိုက်သည်။



‘ကျွန်မတို့ရဲ့ အတိတ်ဘ၀ကို ပြန်လည်တူးဖော်နိုင်မယ့် တစ်နေရာရာကိုပေါ့’



 



‘ဘယ်နေရာလဲဗျ’



‘ဟိုရောက်ရင် တွေ့ပါလိမ့်မယ်ရှင်’



ဇော်မိုးသည် အမျိုးသမီးကို ကြည့်မိသည်။ သူမ၏ အသားအရေသည် ဖြူ၀င်းပြီးလှပနေသည်။ ပါးပြင်များသည် တင်းရင်းပြီး --- အလို…



သူ့မျက်စိကို သူမယုံနိုင်အောင် ဖြစ်သွားရ၏။ အဆိုပါ လှပသော အမျိုးသမီး စိမ်းလဲ့ခင်၏ ပါးပြင်နှင့် နားရွက်ထိစပ်သောနေရာတွင် အရေပြားတချို့သည် တွန့်လိမ်၍ နေလေသည်။ တစုံတယောက်က မျက်နှာဖုံးစွပ်တစ်ခုကို ကောက်စွပ်ထားသလို။



‘ဟင် ဘာဖြစ်လို့လဲ ကိုဇော်မိုး’



သူမ ရုတ်တရက်လှည့်ကြည့်လျှင် သူမ၏ ထိုနေရာကို စိုက်ကြည့်နေသော ဇော်မိုးကို တွေ့သွားသည်။



‘ဟို.. ဘာမှမဖြစ်ပါဘူး အစ်မ..’



ဇော်မိုး မျက်နှာကို ကပြာကရာလွှဲလိုက်ရသည်။ သူမ အရှေ့ကို ပြန်ကြည့်ပြီး ကားကို ဆက်မောင်းနေသည်။ ဇော်မိုး သူမ၏ မျက်နှာကို ဖျတ်ကနဲ တချက်ခိုးကာပြန်ကြည့်လိုက်သည်။



သူမ၏ မျက်နှာသည် ချောမွတ်နေလေသည်။ အရေတွန့်နေသောနေရာ တစ်ခုမျှ မရှိတော့ချေ။



………………………………….



‘ငါ ဘာလုပ်ရမလဲ’



သူ့ရှေ့ရှိ စားပွဲပေါ်တွင် ပြန့်ကျဲနေသော စာချုပ်များကို ကြည့်ရင်း တိုင်းကျော် တစ်ကိုယ်တည်း ရေရွတ်မိသည်။ သူ့တစ်ကိုယ်လုံးသည် နတ်၀င်သည်တစ်ယောက်လို တုန်ရီနေသည်။ လက်ဖျားခြေဖျားများ အေးစက်ပြီး နဖူးတွင် ချွေးသီးချွေးပေါက်များ ပြန်နေသည်။



‘တိုင်းကျော် မင်းစိတ်ထိန်းစမ်း’



သူ့လက်က ချဲထီဒိုင်၏ ဖုန်းနံပါတ်များကို မနှိပ်မိစေရန် မနည်းထိန်းနေရသည်။ သူ့ရှေ့တွင် သိန်းဂဏန်း သောင်းနှင့်ချီသော ပိုင်ဆိုင်မှုများ။ အားလုံးကို သူပိုင်သွားပြီ။ ထို ပိုင်ဆိုင်မှုများကို သူ ယခုချက်ချင်းပင် နှစ်ဆ သုံးဆ ပွားပစ်လိုက်နိုင်သည်။ သူ၏ ဖခင်ကြီး တစ်သက်လုံး ကြိုးစားရှာဖွေခဲ့ရသည့် ပမာဏထက် နှစ်ဆ သုံးဆကို ညတွင်းချင်း ရှာနိုင်သည့် အခြေအနေ တိုင်းကျော်တွင် ရှိနေလေပြီ။



သို့သော် - တခြားတဘက်တွင်မူ -



သူ့ဖခင်ကြီး ဦးခင်ကျော် နဖူးကချွေး ခြေမကျသည်အထိ တစ်သက်လုံး ရိုးရိုးသားသား သမ္မာအာဇီ၀နည်းဖြင့် ရှာခဲ့သော ငွေကြေးဥစ္စာအားလုံးသည် - သူရှုံးခဲ့ပါက – ညတွင်းချင်း ကုန်းကောက်စရာမရှိ ဖြစ်သွားပေတော့မည်။



သူ နိုင်မလား - ရှုံးမလား။



တိုင်းကျော်အတွက် ထိုခံစားမှုသည် မူးယစ်ဆေးထက် ပိုပြင်းထန်သည်။ အမှန်တော့ သူလောင်းကစားလုပ်ရာတွင်  အနိုင်ရသော ငွေထက် ထိုအနိုင်အရှုံးမသိသော ခံစားချက်ကို စွဲလန်းခြင်း ဖြစ်လေသည်။ သူ့ဘ၀တစ်ခုလုံးနှင့် ရင်းနှီးရသော ထိုစိတ်လှုပ်ရှားမှု။ သူ့ဘ၀ကို စက္ကန့်ပိုင်းအတွင်း ကပြောင်းကပြန်ဖြစ်သွားစေနိုင်သော ထို ဆုံးဖြတ်ချက်။ ထိုအရင်းအနှီး။ ထို လောင်းကြေး။ ဘုရား ဘုရား။



‘ငါ အချိန်ဆွဲနေရင် စိတ်ပြောင်းသွားလိမ့်မယ်။ တစ်ခုခုကို အမြန်ဆုံး ဆုံးဖြတ်မှပဲ’



သူ စိတ်ပိုင်းဖြတ်ပြီး ဖုန်းထဲမှ နံပါတ်တစ်ခုကို ရှာလိုက်သည်။



‘တီ … တီ … တီ’



‘ဟဲလို’



တစ်ဘက်မှ မိန်းကလေးအသံတစ်သံက ပြန်ထူးလေသည်။



‘ဟဲလို။ ကျွန်တော် တိုင်းကျော်ပါ။ အခုပြောနေတာ မနန်းထက်လားခင်ဗျ’



တိုင်းကျော်သည် နန်းထက်၏ ဖုန်းနံပါတ်ကို လွန်ခဲ့သော ရက်ပိုင်းက စုံစမ်းရှာဖွေထားခဲ့သည်။ သူသည် ဇော်မိုး၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရင်း ဇော်မိုးထံတွင် နန်းထက်ဟူသော ချစ်သူမိန်းကလေး ရှိမှန်းသိသွားသည်။ ထို့နောက် နန်းထက် အလုပ်လုပ်သော စတိုးဆိုင်သို့သွားကာ နန်းထက်၏ ဖုန်းနံပါတ်ကို သူ့လုပ်ဖော်ကိုင်ဖက် ကောင်လေးတစ်ယောက်ဆီမှ ပိုက်ဆံပေးကာ ရယူခဲ့ခြင်းဖြစ်လေသည်။ သူသည် ဇော်မိုးကို မယုံကြည်သဖြင့် တစ်ခုခုဆိုလျှင် အရေးအကြောင်း ဆက်သွယ်ရန်ပင်။



‘ဟုတ်ကဲ့။ ကျွန်မ နန်းထက်ပါ။ ဘယ်က ကိုတိုင်းကျော်လဲရှင့်’



‘ကျွန်တော် မစိမ်းလဲ့ခင်ရဲ့ မောင်ပါ’



တဘက်မှ မိန်းကလေး အသံတိတ်သွားသည်။ သူမ တိုင်းကျော် ဆက်ပြောမည့်စကားများကို နားမထောင်ရဲတော့။



‘မနန်းထက်။ ကျွန်တော့်ဆီ အမြန်လာခဲ့ပါ။ ကျွန်တော် လာရမဲ့ နေရာအတိအကျ ပြောပြပါ့မယ်။ အခုပဲ လာခဲ့ပါ။ အရေးကြီးလို့ပါ’



နောက် နာရီ၀က်အတွင်းတွင် တိုင်းကျော်နှင့် နန်းထက်တို့သည် စားသောက်ဆိုင် တစ်နေရာတွင် တွေ့ဆုံကြလေသည်။ မိန်းကလေးသည် အလွန်ပင် စိတ်ပူပြီး စိတ်လှုပ်ရှားနေသည်။



‘ကိုတိုင်းကျော်။ ဇော်မိုး ဘယ်မှာလဲ။ သူ ဘာဖြစ်လို့လဲဟင်’



‘မနန်းထက်။ စိတ်အေးအေးထားပါ။ ကျွန်တော်တို့ အခုပဲ ပုဂံကို လိုက်သွားမှဖြစ်မယ်’



‘ရှင်။ ပုဂံ ဟုတ်လား။ ဘာများလဲရှင်။ ပြောပါ။ ကျွန်မ စိတ်ပူလွန်းလို့ပါ’



‘တိုတိုနဲ့ လိုရင်းပြောရရင်တော့ ကျွန်တော်အစ်မ မစိမ်းလဲ့ခင်ရဲ့ စိတ်အခြေအနေဟာ တော်တော်ဆိုးနေပြီ။ ဒီနေ့ မနက်အစောကြီး သူနဲ့ ကိုဇော်မိုးနဲ့ ပုဂံကို ထွက်သွားကြတယ်။’



‘ဟင်။ သူတို့ ဘာသွားလုပ်ကြတာလဲ။ ဇော်မိုးက ကျွန်မ ချစ်သူလေ။ သူကျွန်မကို သစ္စာဖောက်သွားတာလား’



နန်းထက်၏ မျက်နှာလေး နီရဲတက်လာသည်။ သူမ စိတ်ပူနေရာမှ ဒေါသများထွက်လာလေသည်။ ရည်းစားတစ်ယောက်လုံးကိုတောင် မပြောဘဲ တခြားမိန်းမနဲ့ ပုဂံသွားချင်တဲ့ကောင်...။



‘ကိုဇော်မိုး ဘာအကြံရှိသလဲတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်အစ်မ စိတ်မမှန်တော့တာကတော့ သေချာတယ်။ သူဘယ်တုန်းကမှ မယုံကြည်ခဲ့တဲ့ ကျွန်တော့်ကို အမွေတွေအားလုံး လွှဲပေးခဲ့တာပဲ ကြည့်လေ’



‘ဒါဆို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ’



‘သူတို့ သွားတဲ့နောက်ကို လိုက်ကြတာပေါ့။ အခုလေးတင် မစိမ်းလဲ့ အမြဲ ဆက်သွယ်နေတဲ့ စစ်ကိုင်းက သမိုင်း ပါမောက္ခကြီးဆီ ကျွန်တော် ဖုန်းဆက်လိုက်တယ်။ သူ့ဆီကနေ ဘယ်သွားရမလဲဆိုတဲ့ နေရာအတိအကျကို ရပြီဗျ။ ပြောနေကြာတယ်။ အခုပဲ သွားကြရအောင်ဗျာ’



‘ကောင်းတယ်။ ကျွန်မလည်း ဇော်မိုးကို အကြောင်းသိအောင် လုပ်ပစ်ချင်နေပြီ’



သူတို့နှစ်ဦးသည် တိုင်းကျော်၏ လင်ခရူဆာကားပေါ်တက်ပြီး ပုဂံမြို့ဟောင်းဆီသို့ ခရီးပြင်းနှင်ကြလေတော့သည်။



…………………………….



စိမ်းလဲ့ခင် ကျောက်ဖျာကြီးပေါ်တွင် လှဲအိပ်နေရာမှ နိုးလာသည်။ သူမ၏ ပတ်၀န်းကျင်တွင် မှောင်မည်းနေသည်။ သူမဤနေရာသို့ ရောက်နေခဲ့သည်မှာ ဘယ်နှရက်တောင် ရှိသွားပြီလဲ။ သူမ လက်ကိုင်ဖုန်းကို ဖျတ်ကနဲ ဖွင့်လိုက်သည်။ ရက်စွဲကို ကြည့်မိ၏။



...ဘုရား ဘုရား…. လေးရက်တောင် ရှိသွားပြီ။



သူ့ဖုန်း ဆက်အလုပ်လုပ်သေးသည်ကို ကျေးဇူးတင်မိသည်။ သို့သော် ဤတစ်ကြိမ်အားကုန်လျှင် ပါ၀ါဘန့်ခ်နှင့်လည်း ပြန်သွင်းလို့ရတော့မည်မဟုတ်။ ဖုန်းအားသည် ၂၀ ရာနှုန်းသာ ကျန်တော့သည်။ သူမ ဖုန်းကို ပြန်ပိတ်လိုက်သည်။ ဖုန်းက ကော်နက်ရှင်လည်း မမိသဖြင့် ဘယ်ကိုမှလည်း မခေါ်နိုင်။



‘ကယ်ကြပါရှင့်။ ကယ်ကြပါရှင့်။ ကျွန်မ ဒီအောက်မှာ ပိတ်မိနေပါတယ်ရှင့်….’



သူမ အသံကုန်ခြစ်ကာ အော်ဟစ်လေသည်။ သို့သော် ထို စုန်းမကြီးသည် လှေကားတံခါး၀ှက်ကို အဆုံးထိ ပြန်ပိတ်သွားခဲ့သဖြင့် မည်မျှအော်အော် အပြင်မှ ကြားနိုင်မည်မဟုတ်ချေ။ လွန်ခဲ့သော လေးရက်က စိမ်းလဲ့ခင်သည် သူမ၏ အတိတ်ဘ၀ဇာတ်ကြောင်းကို သိလိုသဖြင့် ဤစေတီပျက်ကြီးအောက်သို့ လာရောက်ခဲ့ရာမှ ယခင်ဘ၀တုန်းက မိဖုရားခေါင်ကြီးတဖြစ်လဲ စုန်းမကြီးက သူမကို ချုပ်နှောင်ထားပစ်ခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုမိန်းမကြီးကို အမှောင်ထဲတွင် တွေ့လိုက်ပြီး အလွန်ပင် ထိတ်လန့်ကြောက်ရွံ့ကာ တစ်ကိုယ်လုံး မလှုပ်နိုင်ဘဲ ဖြစ်သွားရသည်။ သို့မဟုတ် ထို စုန်းမကြီးကပဲ သူ့ ကဝေအစွမ်းတွေ သုံးပြီး သူမကို လှုပ်မရအောင် ပြုစားလိုက်သည်လား။ စိမ်းလဲ့ခင် လှုပ်ရှားမရတော့လျှင် ထို ရှေးဟောင်း၀တ်စုံနှင့် အမျိုးသမီးကြီးသည် သဘောကျစွာ ရယ်မောခဲ့လေသည်။



‘ဟင်း ဟင်း ဟင်း….။ နင်တို့ အတိတ်ဘ၀က စုံတွဲ ငါ့ရဲ့ လင်တော်ကြီး ရာဇဒဿကို သတ်သွားခဲ့တာလေ။ နင် မမှတ်မိဘူးလားဟဲ့’



‘ကျွန်… ကျွန်မ ဘယ်သိပါ့မလဲရှင်။ ပြီးတော့ ကျွန်မ သတ်တာလဲ မဟုတ်ဘူး။ ရှင်ပြောသလိုပဲ အတိတ်ဘ၀လေ။ ဒီလောက်ကြာပြီဟာကို ကျွန်မက ဘယ်လိုလုပ်သိမှာလဲ’



‘နင် တော်တော် စကားကို ဗလောင်းဗလဲ ပြောတတ်တာပဲ။ အဲဒီတုန်းကတော့ နင့်ရဲ့ စစ်ကဲမင်းက ကယ်တင်ရှင်ကြီးဆို၊ သူတော်ကောင်းကြီးဆို။ ငါ့ကို နင်တို့ နှစ်ယောက်ပေါင်းပြီး နန်းတော်ကြီးရဲ့ အဆောင်အိုကြီးထဲမှာ ဖမ်းထားခဲ့ကြတာ။ ဒါပေမဲ့ ဘယ်ရမလဲ။ ငါက ငါ့ ပဥ္စလက် အစွမ်းတွေသုံးပြီး လွတ်အောင် ပြေးခဲ့တာပေါ့။ ပြီးတော့ နင်တို့ကို လက်စားချေချင်တာနဲ့ မအိုဆေး မသေဆေးကို စားပြီး ဒီ စေတီပျက်ကြီးအောက်မှာ နှစ်ပေါင်း ရာနဲ့ချီအောင် စောင့်နေခဲ့တာ။ ငါ့တစ်ကိုယ်လုံး တောင့်တင်းနေပြီ။ ဒီမှာကြည့်စမ်း’



မိန်းမကြီးသည် သူ့ ခြေလက်များကို ဆန့်လိုက်လျှင် တဂျွတ်ဂျွတ် အသံကြီးများ မြည်သွားပြန်သည်။



‘ကဲ အခုတော့ နင့်အလှည့်။ နင်ဒီမှာ စောင့်နေလိုက်ဦး။ ငါ နင့်လင်ကို သွားခေါ်လိုက်ဦးမယ်။ ပြီးမှ ဒီမြေအောက်ခန်းကြီးထဲမှာ ပြန်ပေါင်းထုပ်ကြတာပေါ့။ အင်း နေပါဦး -’



စုန်းမကြီးသည် စိမ်းလဲ့ခင် ကျောပေါ်မှ ကျောပိုးအိတ်ကို ဖွင့်ကြည့်လိုက်သည်။ စိမ်းလဲ့ခင်သည် ကျောက်ရုပ်တစ်ရုပ်လို လှုပ်မရဘဲ ရှိနေသည်။



‘အင်း.. ဒီအိတ်ထဲမှာတော့ ရေဘူးနဲ့ မုန့်ထုပ်နည်းနည်း ပါသားပဲ။ နင် မသေလောက်ပါဘူး။ ငါဒီအောက်မှာ နှစ်ပေါင်းများစွာ ဘယ်လို နေခဲ့ရသလဲဆိုတာ နင်နည်းနည်းလောက် ကိုယ်ချင်းစာတတ်လောက်ရုံလေးပဲ။ ကဲ သွားပြီဟေ့’



မိဖုရားခေါင်ကြီးသည် သူမ၏ လက်ကြီးနှစ်ဘက်ကို မြှောက်လိုက်လျှင် သူမ၏ တစ်ကိုယ်လုံးသည် စိမ်းလဲ့ခင်နှင့် ပုံစံတူ ပြောင်းလဲသွားလေသည်။ စိမ်းလဲ့ခင် မြင်ကွင်းကို မယုံနိုင်စွာ ငေးကြည့်နေမိသည်။



‘ရှင် … ရှင်… ကျွန်မယောင်ဆောင်ပြီး ဘာ  ဘာလုပ်မလို့လဲရှင်..’



‘သြော် … ဟင်း ဟင်း ဟင်း.. ဘာမှ မလုပ်ပါဘူး။ စိတ်မပူပါနဲ့။ ငါ့ဘ၀ကို ပျက်အောင်လုပ်သလို နင်တို့ လင်မယားနှစ်ယောက်ဘ၀ကိုလည်း ရစရာမရှိအောင် ပြန်ဖျက်ပစ်ရုံလေးပါပဲ… ဟဲ ဟဲ ဟဲ… ဟီး ဟီး ဟီး… ဟား ဟား ဟား ဟားးးးးး’



စုန်းမကြီးသည် ကြောက်စရာ ထိတ်လန့်စရာ အော်ဟစ်ရယ်မောပြီး လှေကားထစ်များအတိုင်း တက်ကာ မြင်ကွင်းမှ ပျောက်သွားလေသည်။ စိမ်းလဲ့ခင်လည်း ထိုအခါမှ လှုပ်ရှားနိုင်ကာ လှေကားထစ်များအတိုင်း အမြန် လိုက်ပြေးတက်သော်လည်း နောက်ကျသွားခဲ့လေပြီ။



…………………………..



ဇော်မိုးတို့ စီးလာသော ရိုးရွိုက်စ်ကားကြီးသည် စေတီပျက်ကြီးနှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားသည်။ စိမ်းလဲ့ခင် အယောင်ဆောင်ထားသော စုန်းမကြီးသည် အရှေ့မှ ဦးဆောင်ကာ ဇော်မိုးကို စေတီကြီးဆီသို့ ခေါ်ဆောင်သွားလေသည်။



‘ဒီစေတီကြီးရဲ့ အောက်မှာ ရှင်သိချင်နေတဲ့ လျှို့၀ှက်ချက်တွေ အကုန်ရှိနေတယ် ကိုဇော်မိုး’



အမျိုးသမီးသည် လျှို့၀ှက်တံခါးကို တွန်းဖွင့်လိုက်လျှင် လှေကားထစ်များ ပေါ်ထွက်လာခဲ့သည်။



‘ဒီမှာ လက်နှိပ်ဓာတ်မီး။ ကိုဇော်မိုး အရှေ့က ဆင်းသွားလိုက်ပါ။ မကြာမီမှာပဲ အတိတ်ဘ၀အကြောင်းတွေ အားလုံးကို သိသွားရပါလိမ့်မယ်’



ဇော်မိုးသည် အောက်သို့ မဆင်းမီ တွေ‌ဝေနေမိသေးသည်။ သူကားပေါ်တွင် တွေ့ခဲ့ရသော စိမ်းလဲ့ခင်၏ မျက်နှာပေါ်မှ အရေခွံအတွန့်ကြောင်းကြီးကို ပြန်သတိရလာသည်။ သို့သော် သူသည် သရဲဘောကြောင် တတ်သူမဟုတ်။ ဤနေရာရောက်မှ ပြန်လှည့်ပြေးမည့် လူစားမျိုးလည်း မဟုတ်ချေ။ ထို့ကြောင့် ဇော်မိုးသည် စေတီပျက်ကြီး၏ လှေကားထစ်များအတိုင်း မြေတိုက်ခန်းထဲသို့ တဖြည်းဖြည်း ဆင်းသွားလေသည်။



‘ဘယ်သူလဲ….။ တိုင်းကျော်လား….။ ကယ်ကြပါရှင့်။ ကယ်ကြပါရှင့်။ ကျွန်မကို ဒီအောက်မှာ ဖမ်းချုပ်ထားပါတယ်’



အမှောင်ထဲမှ ပြေးလာသော ခြေသံများကို ကြားသဖြင့် ဇော်မိုးသည် လက်နှိပ်ဓာတ်မီးကို ထိုးကာ ကြည့်လိုက်သည်။



… ဟင်… မစိမ်းလဲ့ခင်.. ဘယ်လို.. ဘယ်လို…



‘ဂျိမ်း’



သူတို့နှစ်ဦးလုံး လှေကားထိပ်ပိုင်းမှ တံခါးကြီး ပိတ်သွားသည်ကို လှည့်ကြည့်မိကြသည်။ ဇော်မိုး၏ နောက်တွင် မည်သူမှ ပါမလာချေ။



‘ရှင်ဘယ်သူလဲ။ ဒီကို ဘယ်လို ရောက်လာတာလဲ’



စိမ်းလဲ့ခင် လက်နှိပ်ဓာတ်မီးကို လုယူကာ ဇော်မိုး၏ မျက်နှာကို ထိုးကြည့်လိုက်သည်။ သူမ ပါးစပ်များ အ‌ဟောင်းသား ပွင့်ထွက်သွားသည်။



‘မောင်.. မောင်တော်ဘုရား’



‘မစိမ်းလဲ့… မစိမ်းလဲ့။ ဘာတွေ ဖြစ်ကုန်တာလဲဗျာ။ မစိမ်းလဲ့က ဘယ်တုန်းက ဒီအ၀တ်အစားတွေ လဲလိုက်တာလဲ။ ကျွန်တော်နဲ့လာတုန်းက ၀တ်ထားတာကတစ်မျိုး’



တီရှပ်အင်္ကျီ ဂျင်းဘောင်းဘီကို ဖြစ်သလို ၀တ်ကာ ဖုန်အလိမ်းလိမ်းနှင့် မျက်တွင်းဟောက်ပက် ဖြစ်နေသော စိမ်းလဲ့ခင်သည် သူနှင့် ယခု ကားအတူတူစီးလာသော စိမ်းလဲ့ခင်နှင့် တခြားစီ ဖြစ်နေလေသည်။ ဇော်မိုး၏ စကားကို ကြားမှ စိမ်းလဲ့ခင် သတိပြန်၀င်လာသည်။



‘ဟို… ဟို မိဖုရားကြီး။ ဟုတ် ဟုတ်တယ်။ သူ သူ ရှင့်ကို ခေါ်လာတာလား။ ရှင့်နာမည်ဘယ်သူလဲ’



‘ဗျာ.. ။ ဘယ်က မိဖုရားကြီးလဲ။ ကျွန်တော် ခင်ဗျားနဲ့အတူလာတာလေ။ မနောက်ပါနဲ့ဗျာ။ ကျွန်တော် ဇော်မိုးလေဗျာ’



‘ရှင်.. ရှင့်နာမည် ဇော်မိုးဟုတ်လား။ မောင်တော်.. မောင်တော် ဒီဘ၀မှာ တကယ်ရှိတယ်နော်...’



စိမ်းလဲ့ခင်သည် ဇော်မိုး၏ မျက်နှာကို မယုံနိုင်စွာ ကိုင်ကြည့်လိုက်သည်။ ဇော်မိုး အနေရအထိုင်ရ ခက်သွား၏။ သူမ ဇော်မိုးကို တင်းကျပ်စွာ ဖက်လိုက်သည်။



‘မောင်တော် နှမတော်ကို ပစ်မသွားရတော့ဘူးနော်။ မောင်တော်နဲ့ နှမတော် ဘယ်တော့မှ မခွဲတော့ဘူးနော်’



‘ဟို.. ဟို.. မစိမ်းလဲ့… နေ.. နေပါဦးဗျ’



ဇော်မိုး သူမကို တွန်းဖယ်ရန် ကြိုးစားသော်လည်း သူမသည် သတိရတချက် မရတချက် ဖြစ်နေသည်ကို သတိထားမိသွားသည်။ ဤ မြေအောက်ခန်းတွင် လေးရက်တိတိပိတ်မိနေခဲ့သဖြင့် စိမ်းလဲ့ခင်သည် အားအင်ကုန်ခန်း ချိနဲ့နေလေပြီ။ သို့သော် ဇော်မိုးသည် အဖြစ်မှန်များကို နားမလည်နိုင်ဘဲ ရှိနေသေးသည်။ သို့သော် စိမ်းလဲ့ခင် အစစ်သည် တကယ်ပင် နေမကောင်းမှန်း သူသိသွားသည်။



သူသည် စိမ်းလဲ့ခင်ကို ညင်သာစွာ ပွေ့ဖက်ကာ ကြမ်းပေါ်သို့ လှဲချပေးလိုက်သည်။ လက်နှိပ်ဓာတ်မီးနှင့် အခန်းပတ်ပတ်လည်ကို လိုက်ကြည့်သည်။ အခန်းထဲတွင် ကျောက်ဖျာကြီးတစ်ချပ်ကိုသာ တွေ့ရလေသည်။ ဇော်မိုးသည် ထိုကျောက်ဖျာကြီးကို အားနှင့် တွန်းဖယ်ကြည့်သည်။ တော်တော်နှင့် မရွေ့။ သူ အားကုန်တွန်းပြီး ရွှေ့လိုက်လျှင်မူ ကျောက်ဖျာကြီးသည် လက်မအနည်းငယ်မျှ ဘေးသို့ ရွေ့သွားသည်။ … ဒီအောက်မှာ ထွက်ပေါက် ရှိချင်ရှိနိုင်တယ်….။ ဇော်မိုး ခဏလောက်နားပြီး ခါးကို ဒူးပြန်ထောက်ကာ ကျောက်ဖျာကြီးကို ပြန်တွန်းဖယ်လိုက်သည်။



… အလို….



ကျောက်ဖျာကြီး၏ အောက်တွင် လူတစ်ကိုယ်၀င်အိပ်လို့ ရလောက်အောင် ကြမ်းပြင်သည် ချိုင့်၀င်နေသည်။ ထို ကြမ်းခင်းအချိုင့်ထဲတွင် မဲနက်ကာ ခြောက်ကပ်နေသော အလောင်းကြီးတစ်လောင်းကို တွေ့လိုက်ရလေသည်။ ထိုအလောင်းကြီး၏ ခေါင်းပေါ်တွင် သဲမှုန်များဖုံးနေသော ရွှေမကိုဋ်ကြီး တစ်လုံးကို ဆောင်းထား၏။ အလောင်းကြီး၏ လက်နှစ်ဘက်ကို ရင်ဘက်ပေါ်တွင် ယှက်တင်ထားသည်။ ထိုလက်နှစ်ဘက်အောက်တွင် အသွားနှစ်တောင်မျှ ရှည်သည့် ငွေဓားကြီးတစ်လက်။ ရှေးခေတ်က ဘုရင်ကြီးတစ်ပါး၏ ရုပ်အလောင်းပင်။ ကြာရှည်ခံအောင် မံမီများကဲ့သို့ ဆေးစီမံထားဟန်တူသည်။ ဇော်မိုး၏ ကျောရိုးထဲတွင် စိမ့်တက်သွားသည်။



‘ဒါ ဘယ်သူလို့ နင်ထင်သလဲ… ဟင်းး ဟင်း ဟင်း….’



အမှောင်ထဲမှ ထွက်ပေါ်လာသော အသံကြီး။ စုန်းမကြီး၏ ခြောက်ခြားဖွယ် အက်ကွဲကွဲအသံကြီး။



ဇော်မိုး အသံထွက်ပေါ်လာရာ အမှောင်ထုထဲသို့ လက်နှိပ်ဓာတ်မီးကို ချိန်ထိုးလိုက်သည်။ အခန်းထောင့်ဆီတွင် ရပ်နေသော စုန်းမကြီး၏ ခြေထောက်ကြီးနှစ်ဘက်ကို လှမ်းမြင်လိုက်ရသည်။ ၀တ်စုံဖြူအောက်မှ ခြေထောက်ကြီးနှစ်ဘက်သည် ရှေ့သို့ တဖြည်းဖြည်းလှမ်းလာသည်။ ဇော်မိုး ဘေးကို လှည့်ကြည့်လိုက်ရာ စိမ်းလဲ့ခင်သည် သတိရတချက် မရတချက်ဖြစ်နေလေသည်။



‘နင်တို့ ငါ့လင်ကြီးကို သတ်ပြီးတာနဲ့ နင်တို့ မသိအောင် ငါသူ့အလောင်းကို အစားထိုးပြီး ၀ှက်ထားခဲ့တာ။ ငါ သူ့အလောင်းကို နှစ်ပေါင်းများစွာ ဆေးစိမ်ထားခဲ့တယ်။ တကယ်တော့ ဒါဟာ သူ့အလောင်းမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူမသေသေးဘူး။ ဒီကိုယ်လုံးကြီးထဲမှာ သူ့၀ိညာဥ်ဟာ ရှိနေသေးတယ်။ နင်ကတော့ အသေသတ်ခဲ့တာ။ ဒါပေမဲ့ သူ့နှလုံးသားက ရပ်မသွားဘူး။ ငါ မှော်ပညာနဲ့ ဆေးထိုးပြီး သူ့နှလုံးသားကို နှစ်‌ပေါင်းများစွာ ဆက်ခုန်စရာမလိုအောင် စီမံထားခဲ့တယ်။ ပြီးတော့ ငါနင်တို့ နှစ်ယောက်ကို ကျိန်စာတိုက်ခဲ့တယ်။



အဲဒီကျိန်စာက ဘာလဲသိလား။ နင်တို့နှစ်ယောက် ဖြစ်လေရာဘ၀မှာ မပေါင်းရဘဲ ကွဲဖို့ နောက်ပြီးတော့ နင်ရဲ့ နှလုံးသွေးနဲ့ ငါ့ရဲ့ လင်တော်ကြီးကို အသက်ပြန်သွင်းဖို့’



‘ခင်… ခင်ဗျားက ဘယ်သူလဲ။ ခုနက စိမ်းလဲ့ခင် ဟန်ဆောင်ထားတာ ခင်ဗျားလား’



‘ငါ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြဘူးလေ။ ငါ့အကြောင်းက သမိုင်းစာအုပ်တွေထဲမှာတောင် မပါဘူး မဟုတ်လား။ ဘယ်ပါမလဲကွဲ့။ အဲဒီ သမိုင်းစာအုပ်တွေ ရေးတဲ့လူတွေက ငါခိုင်းသလို ရေးကြရတာကိုး.. ဟား ဟား ဟား...’



ထိုစကားကို ကြားလျှင် ဇော်မိုးသည် အလွန်ထိတ်လန့်သွားလေသည်။ ထိုစုန်းမကြီးသည် သူထင်ထားသည်ထက် တန်ခိုးရှိနေသည်။



‘မကြောက်ပါနဲ့။ ငါ့မှာ တန်ခိုးတွေ အများကြီးရှိပေမဲ့ အဲဒီ့တန်ခိုးတွေကို ရည်ရွယ်ချက်တစ်ခုထဲအတွက် သုံးမှာ - ငါ့လင်ကြီးကို နင့်နှလုံးသွေးနဲ့ အသက်ပြန်သွင်းဖို့ဟေ့’



စုန်းမကြီးသည် သူ့လက်ထဲတွင် ကိုင်ထားသော ဓားမြှောင်ကြီးကို မြှောက်ပြလိုက်သည်။ သူမ၏ သွားကြီးများသည် ဖြူဖွေးပြီး ‌ပေါ်လာလေသည်။



‘ဟီး ဟီး ဟီး….။ ငါ့လင်ကြီး ပြန်ရှင်လာတော့မယ်။ ငါ့လင်ကြီး ရာဇဒဿနဲ့ ပြန်ပေါင်းရတော့မယ်။ အမလေး ပျော်လိုက်တာဟယ်… ဟီး ဟီး ဟီး….’



‘အစက ခင်ဗျားကို စုန်းမကြီးလို့ ထင်နေတာ။ လက်စသတ်တော့ လင်တရူးမကြီးပါလားဗျ’



ဇော်မိုး၏ စကားကို ကြားလျှင် စုန်းမကြီး၏ မျက်လုံးကြီးများ ဒေါသကြောင့် ပြူးကျယ်သွား၏။ သူသည် အော်ဟစ် ရယ်မောနေရာမှ မျက်နှာကြီး ရှုံ့မဲ့ပြီး ဓားမြှောင်ကြီးကို ကောက်ကိုင်ကာ ဇော်မိုးရှိရာဆီသို့ ပြေးလာလေတော့သည်။ ဇော်မိုးသည် အလောင်းကြီး၏ လက်နှစ်ဘက်အောက်မှ ရှေးဟောင်း ငွေဓားကြီးကို လျင်မြန်စွာဆွဲယူကာ သူ့ကို ထိုးချလိုက်သော ဓားမြှောင်ကြီးကို ခုတ်ထုတ်ကာကွယ်လိုက်သည်။



‘ချွင်...’



ရှေးဟောင်း ငွေဓားကြီးသည် သူ့ လက်နှစ်ဘက်ထဲတွင် ကျင်လည်စွာ လှုပ်ရှားနေလေသည်။



‘မင်းအဂ္ဂ’



သူ့နားထဲတွင် မင်းအဂ္ဂ ဆိုသော နာမည်ခေါ်သံက ပဲ့တင်ထပ်လာသည်။ သူ့အတိတ် စစ်ကဲမင်းဘ၀က ဓားစွမ်းရည်များကို သူပြန်လည် မှတ်မိလာခြင်းပင်။ သူသည် ဓားရှည်ကြီးကို မတ်မတ်ထောင်ကိုင်ရင်း အသင့်အနေအထားနှင့် စုန်းမကြီးကို မေးလိုက်ပြန်သည်။



‘ခင်ဗျားနာမည်ဘယ်သူလဲ’



‘ငါ့နာမည်ကို ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ နင့်ကိုတော့ သေလူမို့လို့ ပြောလိုက်မယ်။ ငါ့နာမည် ... သြိရဏံဂိ’



‘သြိရဏံဂိ။ ကျွန်တော်ပြောတာကို နားထောင်ပါ။ ဖြစ်ပြီးခဲ့တာတွေလည်း ပြီးပါပြီ။ ဘ၀ပေါင်းများစွာလည်း ကြာခဲ့ပြီ။ ကျွန်တော်တို့ နှစ်ယောက်ကို သွားခွင့်ပေးပါ။ ခင်ဗျားရဲ့ ခင်ပွန်းတော် ဘုရင်ကြီးကို အရင်ဘ၀တုန်းက သတ်ခဲ့တာကိုလည်း တောင်းပန်ပါတယ်’



‘ဟား ဟား ဟား.. မင်းအဂ္ဂရယ်။ နင်ဒီလို လွယ်လွယ်နဲ့တောင်းပန်လို့ ရမလား။ ဒီအချိန်ရောက်အောင် ငါဘယ်လောက် စောင့်ခဲ့ရတယ်မှတ်သလဲ။ ငါ့ လင်ကြီးရဲ့ ရုပ်ခန္ဓာကို မြှုပ်ပြီး ငါလည်း ဒီလို စောင့်လို့ရအောင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က ဒီနေရာမှာ ဒီစေတီတည်အောင် ငါဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရတယ်မှတ်လဲဟဲ့။ အဲဒါကို နင့်ရဲ့ ဒီစကားလေးတစ်ခွန်းနဲ့ ငါက မေ့ပစ်လိုက်ရမလား’



သြိရဏံဂိသည် ဇော်မိုးကို မှော်ပညာသုံး၍ လွှမ်းမိုးရန် မစွမ်းနိုင်ဘဲ ရှိနေသည်။ အကြောင်းမှာ ဇော်မိုးလက်ထဲတွင် ကိုင်ထားသည့် ဘုရင်ကြီး ရာဇဒဿ၏ ငွေဓားကြီးကြောင့်ပင်။ ထိုငွေဓားကြီးသည် သူမ၏ ကျိန်စာ တန်ခိုးများကို ကာကွယ်နိုင်စွမ်းရှိလေသည်။ ရာဇဒဿသည် ပဥ္စလက်တန်ခိုးထက်သော မိဖုရားသြဇာအောက် မရောက်သွားစေရန် သူမကိုယ်တိုင်ကိုပင် ထိုငွေဓားကြီးအား ဖန်တီးစေခဲ့ခြင်းဖြစ်သည်။ ယခုမူ ထိုဓားကြီးသည် ဇော်မိုး၏ လက်ထဲသို့ ရောက်သွားသဖြင့် သူမ အကြပ်ရိုက်နေရခြင်းပင်။ သူမသည် တန်ခိုးများ ကျိန်စာများကို မသုံးဘဲ ဇော်မိုးကို ဤအတိုင်း တိုက်ခိုက်ရန်ပင် ရှိတော့သည်။



‘သေစမ်း။ လူယုတ်မာ...’



စုန်းမကြီးသည် လေထဲတွင် ပျံလာပြီး ဇော်မိုး၏ ဦးခေါင်းတည့်တည့်ကို ဓားကြီးနှင့် စိုက်ချလိုက်သည်။ သို့သော် ဓားရေးကျွမ်းကျင်လှသည့် မင်းအဂ္ဂ၀င်စားသော လူငယ်သည် တိမ်းရှောင်လိုက်ပြီး စုန်းမကြီး၏ နံစောင်းကို ဓားပြားကြီးနှင့် ဖျောင်းကနဲ ရိုက်ချလိုက်လေသည်။



‘အား...’



သြိရဏံဂိသည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ပြုတ်ကျသွားသည်။ သူမသည် အမျက်ချောင်းချောင်း ထွက်လာပြီး မျက်ရည်များ ဖြိုင်ဖြိုင်ကျလာသည်။



‘မင်းအဂ္ဂ ,,, မင်းအဂ္ဂ,,, နင် ငါ့ဘ၀ကို ပျက်အောင် ဖျက်ခဲ့တဲ့ကောင်….. အခုထိလည်း ငါ့ကို ဒုက္ခပေးနေတုန်းပါလား...’



သူမ၏ မျက်လုံးများသည် ကြမ်းပေါ်တွင် ကျနေသော လက်နှိပ်ဓာတ်မီးကို မြင်တွေ့သွားသည်။ မြေတိုက်ခန်းထဲတွင် ထိုဓာတ်မီးမှ အလင်းရောင်သာ ရှိလေသည်။ သူမသည် လက်နှိပ်ဓာတ်မီးရှိရာဆီသို့ အပြေးသွားကာ ဓာတ်မီးကို ပေါက်ခွဲပစ်လိုက်သည်။



‘ခလွမ်း’



မြေတိုက်ခန်းတစ်ခုလုံး အမှောင်အတိကျသွားတော့၏။ ဇော်မိုးသည် အသက်ကို ပြင်းပြင်းမရှူရဲဘဲ သူ့လက်ထဲမှ ငွေဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် သတိကြီးစွာထားပြီး အရပ်လေးမျက်နှာကို နားစွင့်နေရသည်။ စုန်းမကြီး၏ ခြေသံတရှပ်ရှပ်က သူ့ကို ပတ်ပြီး အခန်းအနှံ့ ထွက်ပေါ်နေသည်။



‘ဟီး ဟီး ဟီး …. မင်းအဂ္ဂ။ နင်က ဓားရေးကျွမ်းပေမဲ့ အမှောင်ထဲမှာ မြင်ရတဲ့ အစွမ်းရှိလားဟင်။ ငါ့မှာတော့ အဲဒီ့အစွမ်းရှိတယ်ဟဲ့…. ဟီး ဟီး ဟီး ဟီး…..’



သြိရဏံဂိသည် ဇော်မိုး၏ ပတ်ပတ်လည်မှ လှည့်ပတ်လျှောက်ရင်း ဇော်မိုးကို မျက်စိလည်အောင် လုပ်နေသည်။ သူကမူ မှော်အစွမ်းနှင့် လူငယ်ကို အမှောင်ထဲတွင် အတိုင်းသား မြင်နိုင်လေသည်။ သူသည် တဖြည်းဖြည်းနှင့် ဇော်မိုး၏ နောက်ကျောတည့်တည့်ကို ရောက်အောင် နေရာယူပြီး ဓားမြှောင်ကြီးကို ဇော်မိုးဆီသို့ ချိန်ရွယ်ကာ တဟုန်တိုး ပြေး၀င်သွားလိုက်သည်။



‘မောင်တော် သတိထားပါဘုရား...’



စိမ်းလဲ့ခင်သည် မေ့မျောနေရာမှ သတိပြန်လည်လာကာ သူမလက်ကိုင်ဖုန်းမှ မီးကို ဖွင့်ပြီး ဇော်မိုးရှေ့မှ အချိန်မီ ၀င်ကာပေးလိုက်လေသည်။ ဓားမြှောင်သွားသည် စိမ်းလဲ့ခင်၏ ၀မ်းဗိုက်တွင်းသို့ နက်ရှိုင်းစွာ ဖောက်၀င်သွားသည်။



‘ဟာ မစိမ်းလဲ့….’



သူမ လက်ထဲမှ ဖုန်းလွတ်ကျသွားသည်။ ဇော်မိုးသည် စိမ်းလဲ့ခင်၏ ကိုယ်လုံးလေးကို လဲမကျသွားအောင် ပွေ့ဖက်လိုက်သည်။ သူမ ၀မ်းဗိုက်ဒဏ်ရာဆီမှ သွေးများက တပွက်ပွက်ထွက်ကျလာလေတော့သည်။



‘မောင်.. မောင်တော်.. ဘာမှ မဖြစ်ဘူးနော်….။ တော်သေးတာပေါ့ မောင်တော်ရယ်...’



သူမသည် ဇော်မိုးကို မော့ကြည့်ရင်း နှုတ်မှ အသာအယာ ရေရွတ်နေလေတော့သည်။



……………………………….



(ဇာတ်သိမ်းပိုင်းကို ရှေ့အပတ်တွင် ဆက်လက်ဖတ်ရှုပါရန်)



ကိုချမ်း။



#lotaya_shortstory



MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..