ရွှေကုက္ကို ရုက္ခစိုးနဲ့ ညားမွေးတဲ့သား
lotaya.mpt.com.mm
|
2021-10-05

၁။



ပုသိမ်ကြီးမြို့နယ် ရွှေပန်းတော ရွာသား ဖိုးချို နဲ့ မခင်စန်းတို့ လင်မယားဟာ အိမ်ထောင်ဦးကတည်းက မြစ်ငယ်မြစ်နံဘေးက ကုက္ကိုပင်ကြီးအောက်မှာ အရက်ရောင်းပြီး စီးပွားရှာခဲ့ကြတာ ဖြစ်တယ်။







သူတို့ အရက်ဆိုင်နဲ့ ရွှေပန်းတောရွာနဲ့ဆို တစ်မိုင်အေးအေးလောက် ဝေးတယ်။ ရွှေပန်းတောနဲ့ တသီးတခြားဆီ ဖြစ်နေတဲ့ သူတို့ဆိုင်ကို ဘယ်သူတွေ လာသောက်ကြလဲဆိုရင်၊ ထင်းလှေသမားတွေ ၊ သစ်မျောသမားတွေ လာပြီး သောက်ကြတာများတယ်။ ရွာထဲကနေတော့ တကူးတက လာမသောက်ကြဘူး။ တခါတလေ ကြွက်နဖားတောင်ပေါ် ထင်းချိုး မျှစ်ရှာ ရွှေပန်းတောက တောတက်သမားတွေကတော့ ရွာအပြန် မခင်စန်း အလှကို အလွမ်းပြေ လာ ကြည့်ရင်း လမ်းကြုံ ဝင်မော့လေ့ရှိတယ်။







သူတို့ဆိုင်က ရေဆိပ်နဲ့နီးတော့ သစ်ဖောင်၊ ဝါးဖောင်တွေ လာကပ်တဲ့အခါ ပိုပြီး ရောင်းကောင်းတယ်။လင်မယားနှစ်ယောက်လုံးက အရွယ်ကောင်းတွေ။ အလွန်ဆုံးရှိလှ ၂၅... ၂၆ နှစ်ပေါ့။ ညားတာလည်း မကြာသေးတော့ ကလေးမရှိကြသေးဘူး။ သူတို့လင်မယား ဒီလို ရွာနဲ့ လှမ်းတဲ့ ဆိပ်ကမ်းမှာ နေဖြစ်ခဲ့ပုံကို ပြောရဦးမယ်။







အသားမည်းမည်း ဂျွတ်ဆတ်ဆတ်နဲ့ ဖိုးချို ၊ မယ်ဗမာလို ကိုယ်လုံးနဲ့ ညိုစိုစို လှတဲ့ ရွှေပန်းတော ကွမ်းတောင်ကိုင် မခင်စန်းဟာ ဖူးစာဖက်တော့ ညားတယ်။







မခင်စန်းမိဘတွေက အလုပ်လက်မဲ့တကောင်ကြွက် ဖိုးချိုနဲ့ သဘောမတူတော့ ပစ်ထားလိုက်ကြတယ်ပေါ့။ ဖိုးချိုဆိုတာ လူပျိုဘဝတုန်းက ခပ်ပေပေဆိုတဲ့ အစားထဲက။လူက ဂျစ်ကပ်ကပ် ၊ မိုက်သွေးလေးက ကြွချင်သေးတယ်။အလုပ်က သစ်စက်မှာ လွှဝိုင်းဆရာ။ဒါပေမဲ့ ဂျစ်ကပ်ကပ်နဲ့ ညစ်တတ်တော့ အလုပ်မရှိတာက ခပ်များများ။







ရွှေစာရံဘုရားပွဲလိုမျိုး ပွဲကြီးရက်တွေမှာတော့ ဖိုးချိုက လှေသမ္မာန်ခတ်တယ်။ အဲ့ဒီအချိန်ဆို ဖိုးချိုလက်ထဲ ငွေစကရွှင်တယ်။ ကျန်တဲ့ရက်တွေမှာတော့ လွှဝိုင်းဆရာလို့သာပြောတယ်။ ဘယ်သစ်စက်ကမှ သူ့ကို ကြာကြာမခိုင်းကြဘူး။ ဘာလို့လဲဆိုတော့ ဖိုးချိုက ညစ်တဲ့စိတ် ရှိလို့ပဲ။







စက်ပိုင်ဆီက ငွေကြိုထုတ်မရရင်၊ သူက သစ်တွေကို ခွဲသား အရနည်းအောင် ပညာပြ ခွဲစိတ်တတ်တယ်လို့ နာမည်ကြီးတယ်။ဒါကြောင့် သစ်စက် တော်တော်များများက ဖိုးချိုကို လူမရှိမှပဲ ခေါ်သုံးတယ်။ ပင်တိုင်လွှဆရာအဖြစ် ဘယ်သူကမှ ရေရှည် လက်မတွဲကြဘူး။







ဒါကြောင့် တစ်လ ရက်၃၀ ရှိရင် ဖိုးချိုက ၁၀ရက်ပြည့်အောင် အလုပ် မလုပ်ရဘူး။အားတဲ့အချိန် ရွာထဲက လက်တောက်ခုံမှာ ဇယ်တောက်ရင်း ငြင်းခုံ စကားများ ရန်ဖြစ်၊ ဒါမှမဟုတ်ရင် ရွာဖျားက မနီ ချက်အရက်ဆိုင်မှာ အကြွေးသောက်ပြီး ရွာထဲ ဆူပူရမ်းကား။ ဒီလို အကြောင်းကြောင်းတွေကြောင့် မခင်စန်း မိဘများက ဖိုးချိုနဲ့ သူတို့သမီးကို သဘော မတူကြဘူးပေါ့။ မကြည်ဖြူနိုင်ကြဘူးပေါ့။







ဂျစ်ကပ်ကပ် ဖိုးချိုကလည်း မခင်စန်းမိဘတွေကို တယ်လဲ ဂရုမစိုက်ပါဘူး။ မိဘတွေက သဘောမတူလို့ဆိုပြီး မခင်စန်းက နောက်ဆုတ်ဖို့ လမ်းခွဲဖို့ စဉ်းစားနေချိန် ဖိုးချိုက အမိအရ ခိုးပြေးခဲ့တယ်။မခင်စန်းက ငြင်းပေမယ့် ဖိုးချိုက အတင်းအကြပ်ခေါ်သွားတာလို့လည်း ပြောကြတယ်။ နောက်ဆုံး ဖိုးချို နဲ့ မခင်စန်းတို့ ညားကြလေသတည်းပေါ့။







မခင်စန်းက ဖိုးချိုထက် ၃နှစ်ကြီးတယ်တယ်။ ဒါပေမဲ့ အလုပ်ကြမ်း လုပ်ရတဲ့ အသားမည်းမည်း ဖိုးချိုနဲ့စာရင် မခင်စန်းက နုတယ်။ သူကတောင် ငယ်သယောင် ထင်ရသေး။ မခင်စန်းက မျက်နှာလေးတင် လှတာမဟုတ်ဘူး။ ကိုယ်လုံးကိုယ်ထည်ကလည်း မယ်ရွေးပွဲ ဝင်ပြိုင်တဲ့ မိန်းမတွေအတိုင်းပဲ၊ သိပ်ကို လှတယ်။ အသားအရေကလည်း မဖြူပေမယ့် ညိုစိုစို ။







ဖိုးချို နဲ့ ညားပြီး မခင်စန်းက ဒီလိုတွက်လိုက်တယ်။ ရွာထဲမှာနေရင် အဘတို့ အမေတို့ မောင်ဘွားတွေတို့နဲ့ မကြာခဏ ဆုံတွေ့နေရလိမ့်မယ်။ ဆုံရင် မခင်စန်းအတွက်က အကြောင်းမဟုတ်ပေမယ့် ၊ ဖိုးချိုနဲ့ကျ တဂျိန်းဂျိန်း ရန်ဖြစ်နေကြမယ်မဟုတ်လား။







ယောက်ကျားချင်းဆိုတော့ ဒုတ်တပြက်ဓားတပြက် ဖြစ်ကုန်ကြရင် မကောင်းဘူးလေ။







အဲ့ဒီတော့ မခင်စန်းဟာ ရွာဦးကျောင်းမှာ မင်္ဂလာ ဆွမ်းကပ်ပြီးတာနဲ့ မြစ်ဆိပ်က နေရာလွတ်မှာ တဲထိုးပြီး နေကြဖို့ ဖိုးချိုကို အကြံပြုတယ်။ ညားခါစဆိုတော့ မယားစကားက ညမကူးပဲ အောင်တယ်။ ဖိုးချိုနဲ့ သူငယ်ချင်းအချို့ဟာ သစ်ဝါး ပေါရာဒေသမို့ မြစ်ဆိပ်နဲ့ မလှမ်းမကမ်းက ကုန်းအတက်မှာ ရှိတဲ့ ကုက္ကိုပင်ကြီး အရိပ်အောက် ရှင်းလင်းပြီး၊ တဲအိမ် တစ်လုံး ထိုးလိုက်ကြတယ်။သက်ကယ်မိုး ထရံကာ မြေစိုက်တဲပေါ့။ရှေ့မှာ အဖီလေး ချလို့ ၊ နေချင်စဖွယ်လေးပါ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ ဆိုစကား ရှိပေမယ့် ဖိုးချိုနဲ့မခင်စန်းတို့အဖို့ကတော့ တဲအိမ်အသစ်နဲ့။







မခင်စန်းက မိဘများ လက်ထက်ကတည်းက အိမ်ဆိုင်တည် ရောင်းလာတာဆိုတော့ အကွက်မြင်တယ်။ မြစ်ဆိပ်မှာ လာဆိုက်ကပ်ကြတဲ့ သစ်သမား ဖောင်သမားတွေ အကြိုက် အရက်ပုလင်း နဲ့ ဆန်ဆီဆား ကုန်ခြောက်လေးတွေ တွဲရောင်းတယ်။







အကျိုးပေး ထူးချင်တော့ ကုန်ခြောက်ထက် အရက်က ပိုရောင်းကောင်းနေတယ်။ ပထမတော့ လင်မယားနှစ်ယောက်ဟာ အရက်ကို ပါဆယ်ပဲ ရောင်းပြီး ၊ လေးငါးလလောက် ကြာတော့ အရက်သမား မိတ်ဖက်တွေ တိုးပွားလာတာက တကြောင်း ၊ အကြော်အလှော်လေးပါ တွဲဖက် ရောင်းချင်တာက တကြောင်း ဆိုတော့ ၊ သူတို့ ကုန်ခြောက်ဆိုင်က အရက်ဆိုင် ဖြစ်မှန်းမသိ ဖြစ်သွားပါလေရော။







ဖိုးချိုက သစ်စက် လွှဝိုင်းဆရာဆိုတော့ သစ်စက်တွေနဲ့ ရင်းနှီးတယ်လေ။ စက်ကနေ သစ်တိုသစ်စတွေ အလကားတောင်းယူပြီး၊ ထိုင်ခုံလေးတွေ ၊ စားပွဲပုလေးတွေ သူ့ဖာသာ ရိုက်၊ တဲကို တဖက်ရပ် ကဲလားထိုး၊ အောက်မှာ ဆိုင်ကို ကျကျနန ခင်းကျင်းလိုက်တယ်။ အစတော့ စားပွဲ ၂ခုလောက်ပါပဲ ၊ အခု အဆင်ပြေလာတော့ စားပွဲ လေးငါးခုတောင် မကတော့ဘူး။







ဈေးကျိုးပေးတော့ တစ်နှစ်အတွင်းမှာ မြေစိုက်တဲကနေ သွပ်မိုး၊ထရံကာ ၊ ပျဉ်ခင်း နဲ့ အိမ်လေး တစ်လုံး ပိုလာတယ်။ တရုတ်လုပ် စူပါကပ်ဆိုင်ကယ်လေး တစ်စင်းလဲ ဝယ်နိုင်လာခဲ့တယ်။ဆိုင်ကယ်က သူတို့အတွက် မဖြစ်မနေ လိုအပ်တယ်မဟုတ်လား။ အရက်ဆီ သွားဝယ်တာတို့ ၊ အုန်းချောဈေးသွားတာတို့ကျ ဆိုင်ကယ်ရှိမှ ဖြစ်မှာလေ။







လူဆိုတာကလည်း သူ့အကျိုးပေးနဲ့သူကိုး ။ အရက်ရောင်းတာ အကုသိုလ် အလုပ်လို့ ဘာသာတရားက တားမြစ်ထားပေမယ့် သောက်သုံးသူ ရှိတော့ ရောင်းကောင်းတဲ့သဘော။







ကိုယ်မရောင်းလဲ တခြားသူတွေ ရောင်းနေကြတာပဲ မဟုတ်လား။ ဒါက မခင်စန်း အကွက်မြင်လို့ ပြိုင်ဘက်မရှိ သူတို့ အရက်ဆိုင်တစ်ဆိုင်တည်း ဆိပ်ကမ်းမှာ ရောင်းကောင်းနေတာ။ရွာဆိုတော့ ယစ်မျိုးလိုင်စင် ခံစရာလည်း မလိုဘူးလေ။ အခွန်အခလည်း ပေးစရာမလိုဘူးပေါ့။







စီးပွားလေး အဆင်ပြေစပြုလာတော့ ထုံးစံအတိုင်း ဇာတ်လမ်းက စပြီ။မခင်စန်းဟာ အပျိုဘဝကတည်းက နတ်ကိုးလာခဲ့တာဆိုလေတော့ ၊ နတ်တို့ ဗေဒင်တို့ကိုလည်း ယုံကြည်တယ်။အဲ့သလို ယုံကြည်လို့ ဘာသာတရားကို ပစ်ပယ်ထားလားဆိုလည်း မဟုတ်ပြန်ဘူး။ မခင်စန်းဟာ ဒီနေရာကို ရောက်ကတည်းက နတ်ချစ်ဂါထာလို့ ခေါ်တဲ့ မဟာသမယသုတ်ကို ညတိုင်း ရွတ်ဖတ် ပူဇော်လေ့ရှိတယ်။ဒါပေမယ့် မိန်းမဆိုတာက သိတဲ့အတိုင်း နတ်မေးတာ ၊ဗေဒင်မေးတာ လုပ်ချင်ကြတယ်လေ။ သူတို့ရဲ့ စိတ်တွေကလည်း အခက်သား။ အဲ့ဒီဗေဒင်တို့ နတ်တို့ မေးလိုက်ရမှ စိတ်ခွန်အား တိုးပွားတယ်ဆိုကြသကိုး။







မကြာသေးခင်ကပဲ မခင်စန်းကို ဗေဒင်က ဈေးကျိုးပေးလိမ့်မယ်၊ ကြီးကြီးမားမား အစောင့်အရှောက် ခံရလိမ့်မယ်၊ ငွေ အစုလိုက်အပြုံလိုက် ဝင်ကိန်း ရှိတယ် ဟောထားသေးတယ်။







နောက် တခါ နတ်မေးတော့လည်း အဟောက အဲ့ဒီအတိုင်း ထွက်တာပဲ။ တိုက်ဆိုင်နေတော့ မခင်စန်းဟာ ကြီးကြီးမားမား အစောင့်အရှောက် ခံရလိမ့်မယ်ဆိုတဲ့ ကိစ္စကို နက်နက်နဲနဲ တွေးပြီလေ။







သူမကို ဘယ်သူက စောင့်ရှောက်မလဲပေါ့။ မိဘတွေကတော့ မဖြစ်နိုင်။ အခုထက်ထိ မခင်စန်းကို လမ်းတွေ့တောင် မျက်နှာလွှဲပြီး ထွီထွမ် လုပ်နေတုန်း။ မကျေမချမ်း ဖြစ်နေကြတုန်း။







အဲ့ဒီတော့ နတ်ကိုးသူ မခင်စန်းဟာ သူ့အိမ် နံဘေးက သက်တမ်းရင့် ကုက္ကိုပင်ကြီးကို ပြေးမြင်လိုက်တယ်။ အပင်ကြီးရင် အစောင့်အရှောက် ရှိရမယ်ပေါ့ ။ မခင်စန်း ရှည်ရှည်ဝေးဝေး တွေး မနေတော့ဘူး။ ကုက္ကိုပင်ကြီးရဲ ပင်စည်မှာ ကျွန်းသစ်ကောင်းကောင်းနဲ့ ရုက္ခစိုးစင် ကပ်ဆောက်စေလိုက်တယ်။ကုန်ချင်သလောက် ကုန်ပလေ့စေ။ လက်သမားခရော ၊ သစ်ဖိုးရော သူပဲ အကုန်ခံတယ်။ မခင်စန်း လုပ်သမျှကို ဖိုးချိုက ဘာမှ မပြောရှာဘူး။ သူကြိုက်တာ သူ လုပ်ပါစေဆိုတဲ့သဘောနဲ့ ငွေနဂါး ဆေးပေါ့လိပ်ကို ဖွာရင်း တန်းလျားခုံပေါ်ကနေ မိန့်မိန့်ကြီး ကြည့်နေတယ်။







မခင်စန်းဆိုတာကလည်း သူ လုပ်ချင်တာကို လုပ်ရမှ ။ နို့မို့များဆို ညဘက် အိပ်ယာအဝင်မှာ ဟိုဟာပူးသလိုလို ဒီဟာ ပူးသလိုလိုနဲ့မဟုတ်လား။အဲ့ဒီတော့ဖိုးချိုခမျာ မခင်စန်း လိုအပ်တာကိုတောင် ပြေးဝယ်ပေးလိုက်သေးတယ်။ မန္တလေး မဟာမြတ်မုနိဘုရားကြီး အနောက်ဘက်စောင်းတန်းက မြင်းဖြူရုပ် သွားဝယ်ပေးပါလို့ မခင်စန်းက ခိုင်းသကိုးဗျ။







ဟော အခုကြည့် ... သူတို့ နယ်ပယ်တကြော ပိုင်စိုးပါတဲ့ မြင်းဖြူရှင်နတ်ကိုပါ ရုက္ခစိုးစင်မှာ တွဲပြီး ကိုးကွယ်လိုက်သေးသဗျာ။ အခုဆိုရင် ကုက္ကိုပင်ကြီး ရဲ့ ပင်စည်မှာ မြင်းဖြူ အရုပ်တွေ ၊ ပုဝါဖြူ ၊ ပုဝါနီတွေ ၊ နတ်ပန်းအိုးတွေနဲ့ တကယ်ကို ဝေဝေဆာဆာ ဖြစ်သွားပြီ။နတ်စင်အောက် ၊ ကုက္ကိုအပင်ခြေကိုလည်း ဖိုးချိုက UPG ရွှေဆေးဖြင့် ပင်စည်တပတ်လည် သုတ်ပေးရတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေကုက္ကို ဖြစ်သွားပြီ။







အရင်က အရက်သမားတွေ အပင်အောက် အပေါ့စွန့်ကြလို့ ညဘက် တောင်လေလေးများ ဖြူးလို့ရှိရင် မခင်စန်းတို့လင်မယား အိပ်ယာနဲ့ တန်းလို့ တည့်လို့။ သေးနံတဟောင်ဟောင်နဲ့ ကောင်းကောင်းအိပ်မရဘူး။ အခု နတ်စင်လည်း လုပ်လိုက်ရော ဘယ်အရက်သမားမှ သစ်ပင်အောက် သေး ဝင်မပေါက်ရဲ့တော့ဘူး။ မခင်စန်း ဝါသနာက တချက်ခုတ် နှစ်ချက်ပြတ်ပဲ။







မှန်တယ်။ မခင်စန်း ကောင်းမှုကြောင့် ရွှေကုက္ကို ရုက္ခစိုးလည်း အခုမှ အသက်ဝဝရှုနိုင်တော့တယ်။ အရင်ကဆို သူ့ဗိမ္မာန် ဆီ ဘယ်ဧည့်နတ်မှ မလာချင်ကြဘူး။ ဘယ်လာမလဲ သေးနံ့တွေဟောင်နေတာကိုး ။ အခုတော့ မခင်စန်းက နတ်စင်မှာ ဆီမီးတို့ အမွှေးတိုင်တို့ မပြတ် ထွန်းညိ ပူဇော်လေတော့ သူ့ဗိမ္မာန် ဟာ မွှေးရနံ့တွေ သင်းပျံ့နေပြီလေ။ သူတို့ ရုက္ခစိုးနတ်လောကမှာလဲ အပြိုင်အဆိုင် ရှိကြတယ်ထင်ပါရဲ့။ဘစိုင်းစကား ယူသုံးရရင် ငါ့ဗိမ္မာန်က မင်းဗိမ္မာန်ထက် ပိုမိုက်တယ်ပေါ့။







အခုဆို မခင်စန်းကျေးဇူးကြောင့် သေးကုက္ကို ကနေ ရွှေကုက္ကို ဖြစ်လာခဲ့ပြီ။ ဒါကြောင့် ရွှေကုက္ကို ရုက္ခစိုး နတ်ဟာ မခင်စန်းကို အလွန်ပဲ ကျေးဇူးတင်နေရှာတယ်။ ဘယ်လို ကျေးဇူး ဆပ်ရမလဲ ၊ ဘယ်လို အကျိုးပေး တုန့်ပြန်ရမလဲ စဉ်းစားနေသတဲ့။ နတ်ကို လူက တရိုတသေ စောင့်ရှောက်တော့ နတ်ကလည်း လူကို ပြန်ပြီး ကောင်းကျိုးချမ်းသာ ပြန်ပြီး ပေးချင်တာ မဆန်းပါဘူး။လောကရဲ့ သဘာဝကိုက ဘာမှမပေးရင် ဘာမှ မရဘူးမဟုတ်လား။







ခက်တာက ရွှေကုက္ကို ရုက္ခစိုးက ရှေးက လူကြီးတွေ ပြောသလို ရွှေမန်းကျီးတောင့်လို့လည်း မရှိ၊ ပုံပြင်တွေထဲကလိုလည်း သူ့အပင်ခြေရင်းမှာ ရွှေအိုးလည်း မြုပ်ထားနိုင်လောက်အောင် ချမ်းသာတဲ့ ရုက္ခစိုးလည်း မဟုတ်ဘူး။ သာမန် လက်လုပ်လက်စား ရုက္ခစိုးလို့ ဆိုရလေမလား။ ဒါပေမဲ့လို့ ရုက္ခစိုးဆိုတဲ့ ပါဝါကြောင့် သူ့မှာ ကမ္မဇိဒ္ဓိ တန်ခိုးတော့ ရှိသတဲ့။







အဲ့ဒီတော့ ရွှေကုက္ကို ရုက္ခစိုးအနေနဲ့ မခင်စန်းကို အိမ်မက်ပေးပြီး စောင့်ရှောက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူ လုပ်နိုင်တာ လုပ်ပေးမယ်ဆိုတဲ့ သဘောပေါ့။







တရက်မှာ မခင်စန်း အိမ်မက် မက်ပါလေရော။ အိမ်မက်ထဲမှာ သူ့ကို ဝတ်ဖြူစင်ကြယ်နဲ့ အဖိုးအိုတစ်ယောက်က ...





သမီး ခင်စန်း ၊ မနက်ဖြန် ညီးယောက်ကျား အုန်းချောဘက် အရက်ဆီ သွားဝယ်ရင် ခါတိုင်းထက် ၁၀ဆ ပိုဝယ်ခိုင်းကွဲ့ ၊ မမေ့နဲ့နော် ၁၀ဆ ဝယ်ခဲ့ခိုင်







အဲ့သလို ပြောပြီး အဖိုးအိုဟာ မခင်စန်း မြင်ကွင်းကနေ ပျောက်သွားသတဲ့။ အိမ်မက်ကြီးကလည်း တိုတိုတုတ်တုတ်နဲ့ ထူးဆန်းနေလေတော့ နောက်တနေ့ နံနက်မှာ မခင်စန်း စဉ်းစားတယ်။







သူတို့က အရက်ဆီကို တရက်စာပဲ ဝယ်လေ့ရှိတာလေ။ အပို ဝယ်လေ့ မရှိကြဘူး။ အခု ဆယ်ဆဆိုတော့ ဆယ်ရက်စာ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ အရက်ဆီက ဈေးတက်မှာမို့များလားပေါ့။







'အင်း တက်စရာလည်း အကြောင်းထူး မရှိပါဘူး ။ ငါ ဘာလို့ ပိုပြီး ငွေရင်းမှာလဲ ။ နေပလေ့စေ။ ခါတိုင်းလို တရက်စာပဲ ဝယ်တော့မယ် 'လို့ စိတ်ကူးလိုက်တယ်။





ခင်စန်းရေ ငါ ဈေးသွားတော့မယ်ဟေ့ ၊ ဘာမှာဦးမှာလဲ ၊ ခါတိုင်းလိုပဲ မဟုတ်လား







ဖိုးချိုက ဆိုင်ကယ်နောက်ကယ်ရီယာပေါ် အရက်ဆီထည့်ဖို့ ပလပ်စတစ်ပုံးဖြူ အသေးကို မျော့ ကြိုးတုပ်ရင်း လှမ်းမေးတယ်။ မခင်စန်း စိတ်ထဲ ဇဝေဇဝါပေါ့။ အိမ်မက်ထဲကလို ပိုဝယ်ရင် ကောင်းမလား ၊ ခါတိုင်းလိုပဲ ဝယ်ရကောင်းမလား ချီတုံချတုံ ဖြစ်နေရှာတယ်။







နောက်တော့ ပိုက်ဆံရင်းရမှာ နှမြောပြီး ...





အေးဟေ့ ခါတိုင်းလိုပဲ ဝယ်ခဲ့။ ဈေးက အမဲသားသယ် မရင်ဆီရောက်ရင် အဆုပ်အသည်းလေး ပိုဝယ်ခဲ့ဦး၊ ညနေဘက် သစ်ဖောင်သမားတွေ ဝင်မယ် ပြောသံကြားတယ် ၊ သူတို့က အမြည်းဆို ကောင်းမှ





အေး အေး ... ဒါဆို မင်းပေးထားတဲ့ ပိုက်ဆံနဲ့ လောက်ပါတယ်။ လိုလည်း မရင်ဆီ အကြွေးမှတ်ခဲ့လိုက်မယ်။ ကဲ သွားပြီဟေ့ ...







ဖိုးချိုက အဲ့သလိုပြောပြီး ဆိုင်ကယ်ကို ဝူးခနဲ မောင်းထွက်သွားတယ်။ မခင်စန်းက သက်ပြင်းမော ချလို့ ၊ သူ လုပ်စရာ ရှိတာတွေ လုပ်နေလိုက်တယ်။ မကြာပါဘူး ။ ဖိုးချိုဟာ ဆိုင်ကယ်ဦးထုပ် မေ့ကျန်ခဲ့လို့ ဆိုပြီး အိမ်ကို တခေါက် ပြန်လာတယ်။





အေး အေး ... ဒါဆို မင်းပေးထားတဲ့ ပိုက်ဆံနဲ့ လောက်ပါတယ်။ လိုလည်း မရင်ဆီ အကြွေးမှတ်ခဲ့လိုက်မယ်။ ကဲ သွားပြီဟေ့ ...







ဟုတ်တယ်။ ခါတိုင်းဆို ဖိုးချိုဟာ ဆိုင်ကယ်ဦးထုပ် ဘယ်တော့မှ မမေ့ဘူး။ ဘာလို့လဲဆိုတော့ တလောလေးကပဲ သူ့ခမျာ ဦးထုပ်မပါပဲ ဆိုင်ကယ်စီးတာ၊ ယာဉ်ထိမ်းရဲက တန်းဖမ်းလို့လေ။ ဒဏ်ငွေကို ရုံးအထိ လိုက်ဆောင်ရတော့ ငွေကုန်သည့်အပြင် အလုပ်ကပျက် အချိန်ကကုန်နဲ့ စိတ်ရောလူပါ ပန်းသွားတယ်မဟုတ်လား။ ဒါကြောင့် ဆိုင်ကယ်ဦးထုပ်ကို မမေ့မလျော့ ဆောင်းနေကျ။ ဒီကနေ့မှ မေ့သွားရတယ်လို့။







မခင်စန်းကတော့ ဘာမှ မပြောဘူး။ သူ လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေလိုက်တယ်။ ထူးဆန်းပုံကတော့ ဖိုးချိုဟာ ခုနကလိုပဲ ၅မိနစ်လောက်အကြာမှာ တခေါက် ပြန်ကွေ့လာပြန်တယ်။ ဒီတခါ ဘာမေ့ပြန်ပြီလဲလို့ မခင်စန်းက လှမ်းကြည့်တယ်။







ဒီတစ်ခါက မေ့တာမဟုတ်ဘူး။ ဖိုးချိုဟာ လမ်းရောက်မှ အလေးသွားချင်လို့ အိမ်တခေါက် ပြန်လာတာလို့ ပြောပြီး၊ အိမ်သာကို တန်းပြေးတယ်။ ဒါနဲ့ဆို အိမ်ပြန်လှည့်လာတာ ၂ခေါက် ရှိနေပြီ။ ထူးတော့ ထူးနေပြီလို့ မခင်စန်း တွေးလိုက်မိတယ်။







မခင်စန်း နတ်ပန်းလဲရင်းနဲ့ အကြံတစ်ခု ရသွားတယ်။ အဲ့ဒီအကြံအတိုင်း မခင်စန်းက ... နုတ်ကနေ တိုးဖွဖွလေး တိုင်တည်ရွတ်ဆိုလိုက်တယ်။





အဖိုး ရုက္ခစိုး... သမီးကို မနေ့ညက အိမ်မက်ပေးတယ်ဆိုတာ သေချာတယ်ဆိုရင် ၊ ဖိုးချို နောက်တခေါက် အိမ်ပြန်လာအောင် လုပ်ပြပါ ။ အဲ့ဒါဆိုရင် သမီး အဖိုးပြောတဲ့အတိုင်း လုပ်ပါ့မယ်နော်







ကြည့် ... မခင်စန်းဟာ ဘယ်လောက် လည်သလဲဆို။ နတ်ကို သူ ကိုးတာ မှန်ပေမယ့် ၊ အိမ်မက်ကို သူ မယုံဘူး။ ဘာလို့ မယုံလဲဆိုတော့ ငွေက ဆယ်ဆ ပိုရင်းရမှာ မဟုတ်လား။ မိန်းမသားပီပီ ငွေပို မထုတ်ချင်ဘူး။ ပြန်ရမှာမှန်း သိပေမယ့် တနေ့စာပဲ ရင်းချင်တယ်။ အပို မရင်းချင်ဘူး။ ဒါကြောင့် မခင်စန်းဟာ ရုက္ခစိုးနတ်ကို အကဲစမ်းလိုက်တဲ့ သဘောပဲပေါ့ ။ တန်ခိုးရှိရင် လုပ်ပြပေါ့။







ဖိုးချို အိမ်သာတက်ပြီး ပြန်ထွက်လာတယ်။ မခင်စန်းကို ရယ်ကျဲကျဲ လုပ်ပြပြီး ဆိုင်ကယ်ကို မောင်းထွက်သွားပြန်တယ်။ ဒီတခါ မခင်စန်း အသေအချာ စောင့်ကြည့်ပြီလေ။ အဖိုးပေးတဲ့ အိမ်မက်က အစစ်အမှန်လားဆိုတာကို။







ဒီတခါတော့ မခင်စန်း မျက်လုံးပြူးသွားရှာပြီ။ ဘာလို့လဲဆိုတော့ သူ့ယောက်ကျား ဖိုးချိုဟာ ဆိုင်ကယ်ကို ပြန်လှည့်မောင်းလာလို့ပဲ။ ရုက္ခစိုး အဖိုးက သူ့ရဲ့ တန်ခိုးက တကယ်ပြသပြီပဲလို့ မခင်စန်း လက်သင့်ခံသွားတယ်။







ဖိုးချို အိမ်ရှေ့မရောက်ခင် မခင်စန်းဟာ အိမ်ထဲ ပြေးဝင်ပြီး ပလပ်စတစ် ပုံးအဖြူ အကြီး၂ပုံး ထုတ်လာတယ်။



ဖိုးချို ရောက်တာနဲ့ ဆိုင်ကယ်နောက်က ပုံးအဖြူ အသေးကို ကြိုးဖြည်လိုက်တယ်။ ဖိုးချိုက နားမလည်သလိုနဲ့ မခင်စန်းကို ကြည့်နေရှာတာပေါ့ ။ မခင်စန်းက အဖြူရောင် ပုံးအကြီး နှစ်လုံးကို ဆိုင်ကယ်နောက်မှာ ကပ်ချည်ရင်း ...





ယောက်ကျား ... ဒီကနေ့ ရှင် နည်းနည်းတော့ ပင်ပန်းမယ် ။ အရက်ဆီကို ခါတိုင်းထက် ဆယ်ဆ ပိုဝယ်ခဲ့ ။ ရော့ ဒီမှာ ပိုက်ဆံ ထပ်ယူသွာ





ဟာ ဘာလို့လဲ ခင်စန်းရာ ၊ အပို ဝယ်လဲ ဝယ်ပေါ့ ၊ ဒီလောက် အများကြီး လိုလို့လား ၊ ခါတိုင်းထက် နှစ်ဆလောက် ဝယ်ရင် မဖြစ်ဘူးလား





ယောက်ကျားရေ ... ကျမကို ဘာမှ ပြန်မေးမနေနဲ့ ၊ ဝယ်သာ ဝယ်ခဲ့စမ်းပါ။ ခင်စန်းလုပ်တာ ဘယ်တုန်းက မှားဖူးတာကျလို့ ၊ ကဲ သွား သွား ၊ ရှင် ခဏခဏ ပြန်လှည့်နေတာနဲ့ နေမြင့်နေပြီ ...







ဖိုးချို ဆက်ပြီး မပြောသာ။ 'အင်းလေ ခင်စန်းမှာ တခုခု အကြောင်းရှိလို့ပဲ နေမှာပေါ့' လို့ တွေးပြီး ၊ ခုနက မေ့ကျန်ရစ်တဲ့ ပိုက်ဆံအိတ်ကို ခါးကြားထိုး၊ ဆိုင်ကယ်ကို ဝူးခနဲ မောင်းထွက်သွားတယ်။







မခင်စန်းဟာ ခါတိုင်း ညနေမှ ထွန်းတတ်တဲ့ အမွှေးတိုင်ကို အဲ့ဒီနေ့မှာတော့ တနေ့လုံး မပြတ် ထွန်းညှိထားပါသတဲ့လေ။ ရွှေကုက္ကို ရုက္ခစိုးကတော့ မခင်စန်းရဲ့ အကင်းပါးမှုကို ပြုံးပြုံးကြီး ကြည့်နေတော့တာပေါ့။







___________



၂။







မခင်စန်းမျက်နှာဟာ လပြည့်ဝန်းကြီးပမာ ကြည်လင်ဝင်းပနေတယ်။ ကျေနပ်နေဟန်လည်း သူ့မျက်နှာပေါ်မှာ အထင်းသား။ မကျေနပ်ပဲလားလေ။ အခုဆိုရင် ရွှေပန်းတောက ယမကာလုလင်မှန်သမျှ ဆိပ်ကမ်းက သူ့အရက်ဆိုင်မှာ ပါဆယ်လာဆွဲသူက ဆွဲ၊ ဆိုင်ထိုင်သောက်သူက သောက်နဲ့ စည်ကားချင်တိုင်း စည်ကားနေတာကိုး။







ရွှေပန်းတောရွာက မနီရဲ့ အရက်ဆိုင်မှာ အရက်ဖြူ မရှိတော့ဘူးလေ။ ရွာနဲ့ အနီးဆုံးက ကျောက်မီး အရက်စည် ရောင်းချတဲ့ဆိုင် မီးထဲပါသွားသတဲ့။ အဲ့ဒီတော့ အရက်ဆီ အလွယ်တကူ ဝယ်မရတော့ဘူး ။ ကျောက်မီး အရက်စည်ဆိုင်က အနည်းဆုံး လေးငါးရက်တော့ ပြန်ဖွင့်နိုင်မယ် မထင်။ ဆိုင်ခန်းငှား ပြန်ဖွင့်မယ် ကြားရပေမယ့် အနည်းဆုံးတော့ လေးငါးရက် ကြာလိမ့်ဦးမှာ အမှန်ပင်။ အဲ့ဒီတော့ ရွှေပန်းတောနှင့်အနီးဆုံး မခင်စန်း အရက်ဆိုင်က အုံးအုံးကြွက်ကြွက် ရောင်းနေရတော့တာပေါ့။







လင်မယားနှစ်ယောက် မမောနိုင် မပန်းနိုင် လက်မလည်အောင် ရောင်းနေရတော့ ပီတိဖြာဝေနေကြတယ်။ အထူးသဖြင့် မခင်စန်းဟာ ဗေဒင်နဲ့နတ်အဟော မှန်လိုက်တာလို့ ကျေနပ်နေလေရဲ့ ။ ကြီးကြီးမားမား စောင့်ရှောက်လိမ့်မယ်ဟဲ့ဆိုတဲ့ နတ်ကတော် ဒေါ်ရွှေလုံး စကားသံကို သူ့နားထဲ အဖန်ဖန် ကြားနေရတယ်။ ပြီးတော့ သူမရဲ့ အိမ်မက်ထဲက ရုက္ခစိုး အဖိုး။ ရွှေကုက္ကို နတ်က သူမကို တကယ် 'မ'ပြီလေ။ အရင်ကထက် ပိုကဲပြီး နတ်ကွန်းမှာ ပန်းတွေ ဝေဆာအောင် ထိုးတယ်။ အမွှေးနံ့သာတွေ မပြတ် ပက်ဖျန်းတယ်။ အုန်းပွဲ ငှက်ပျောပွဲ ကန်တော့ပွဲအစုံနဲ့ မုန့်ဖြူ မုန့်နီ ပူဇော်ပသတယ်။ တကယ်ကို လိုလေးသေးမရှိ ပူဇော်ကန်တော့တယ်။







လုပ်နေကျထက် ပိုလုပ်တော့ မခင်စန်းလင် ဖိုးချို မျက်စိစပါးမွှေး စူးတယ်။ ညပိုင်း ဆိုင်သိမ်းချိန်လောက်မှာ မနေနိုင်တော့ မေးပြီလေ။





မိန်းမ ... မင်း အကြားအမြင်များ ရနေသလား ၊ အရက်ဆီတွေ ပိုဝယ်တာလည်း ဂွင်ကိုတည့်လို့ ၊ ရောင်းလိုက်ရတာလည်း ငါ့မှာ ဖတ်ဖတ်ကို မော။



ပြီးတော့လည်း မင်း အခုတလော ကုက္ကို ပင် နတ်ကွန်းမှာ ကန်တော့ပွဲတောင် ထိုး ပူဇော်လိုက်သေး ။

ဘာလဲ မင်းကို ရုက္ခစိုးက အိမ်မက်တွေ ဘာတွေများ ပေးသလားဟ။ ပေးရင်လဲ ငါ့ဖို့ ချဲဂဏန်းလေး တောင်းပေးစမ်းပါ ။ ငါ စူပါကပ် မစီးချင်တော့ဘူး။ ရွာထဲက သစ်ပွဲစား အောင်ထွန်းလို ယိုဒယားဘီး ကလစ်တို့ စကိုဖီးတို့ စီးချင်သဟ







မခင်စန်းက သူ့လင်ကို မျက်စောင်းထိုးလိုက်ပြီး ၊





အံမယ် ... ဖိုးချိုရယ် နင့်ကို ငါက စူပါကပ် အဟောင်း ဝယ်ပေးထားတာ မဟုတ်ပါဘူးနော်။ အသစ်စက်စက် ပါကင်ဖောက်ပေးထားတာပါ ။ ဆားရ ငါးပိ မတက်ချင်စမ်းပါနဲ့ ။ ဆိုင်ကယ်ပဲ ရှေ့ရောက်တာချင်းအတူတူ တရုတ်ဘီးသာ စီးစမ်းပါ ။ အပိုကုန် မရှာချင်စမ်းပါနဲ့ ။ ငါတို့ သားသမီး ရလာရင် သူတို့အတွက် ကုန်ကျရဦးမှာကို တွေးထား ၊ စုရဆောင်းရဦးမဟဲ့







မခင်စန်းက သားသမီးဆိုတော့ ဖိုးချိုက သတိတရဖြစ်ကာ ...





ဟုတ်ပါ့နော် ငါတို့ ဘာဖြစ်လို့ ကလေး မရသေးတာလဲ မသိဘူး။ ယူကတည်းက ဘာဆေးမှလည်း နင် မစားပဲနဲ့။ ဘာလို့ မရတာလဲ ငါ စဉ်းစားမရဘူး။ တို့နှစ်ယောက်ထဲက တယောက်ယောက်ကများ ချို့ယွင်းနေလို့လား





ဟွင်းဟွင်း ဖိုးချို ...စကားနောက် တရားပါတော့ လုပ်မလာနဲ့ ။ ငါတို့အမျိုးက ဖိုတဲ့အမျိုးမဟုတ်ဘူး ။ ငါ့အစ်မ မတင်စန်းကိုကြည့် ယောက်ကျားရပြီး ၃နှစ်၊ ကလေးက ၂ယောက် ။ နင်သာ ဖိုချင် ဖိုနေမလား မပြောတတ်ဘူ





ဟာ ... ငါလည်း မဖိုလောက်ပါဘူး။ ငါတို့အမျိုးတွေကြည့်ပါလား ၊ အိမ်တိုင်းစေ့ ကလေးတွဲလောင်းတွေနဲ့ ။ ငါ့ဘက်တော့ အထင်မသေးနဲ့နော် ခင်စန်း







မခင်စန်းဟာ ဖိုးချို ပြောတဲ့စကားကို စိတ်မဝင်စားဘူး ။ ရောင်းကြေးငွေကိုသာ ရေတွက်နေတယ်။ ဒါနဲ့ သူတို့လင်မယားဟာ စကားလက်စ ပြတ်သွားကြတယ်။







ညလေပြေလေးက မြစ်ငယ်မြစ် ရေပြင်ကို ဖြတ်ပြီး သူတို့ အိမ်လေးထဲကို တသုန်သုန်ဖြူး တိုက်ခတ်လာတယ်။ ရေငွေ့မကင်းတဲ့ လေအေးလေးကြောင့် အနည်းငယ်ပင် ချမ်းစိမ့်စိမ့် ။







ဖိုးချိုက ဆိုင်ကဲလား တံခါးကို ပိတ်ဖို့ ထသွားတယ်။ အဲ့ဒီအချိန် ဆိပ်ကမ်းအတက် ရွှေကုက္ကိုပင် အနီးမှ လူငယ်တစ်ယောက် သူတို့ ဆိုင်ဘက်ကို ဦးတည်လာနေတာကို မြင်တွေ့လိုက်ရတယ်။ ဆိပ်ကမ်းက တက်လာတဲ့ သစ်ဖောင်သမား ဖြစ်မယ်လို့ ဖိုးချို တွေးလိုက်မိတယ်။ အချိန်က ညဆယ်နာရီ ထိုးလုပြီ။ တခုခု ဝယ်ချင်လို့ နေမှာပဲ ဆိုပြီး ဖိုးချို ကဲလားကို မပိတ်ပဲ စောင့်နေလိုက်တယ်။







လူငယ် အနားနီးလာတော့ သူ့ဆိုက်က ဘက်ထရီ မီးချောင်း အလင်းရောင်နဲ့ မျက်နှာကို မြင်လိုက်ရတယ်ဆိုရင်ပဲ ဖိုးချို မှင်သက်အံဩသွားရှာတယ်။





ဟာ ဘယ်အရပ်ဒေသကလဲ ၊ ဒီလူ အတော် ချောတာပါလား၊ အသားရေကလည်း ယောက်ကျားတန်မဲ့ ဖြူစင်ဝင်းဥလို့ ၊ သစ်ဖောင်သမားတော့ ဟုတ်ဟန်မတူဘူး ။ သူ့ကြည့်ရတာ အလုပ်ကြမ်း လုပ်ရတဲ့အမျိုးမှ မဟုတ်တာ။

မျက်တောင်ကလည်း ကော့ရွှန်းလို့၊ မျက်နက်အိမ်လေးကလည်း နက်မှောင်ဝင်းဖန့်လို့ အရည်များတောင် လဲ့နေတယ် ၊ နှာတံလေးက ချွန်သွယ်သွယ်နဲ့။ ကြည့်ပါဦး သူ့နုတ်ခမ်းက ဆေးဆိုးထားသလို နီပြေပြေလေး၊ ဘာမှ အပြစ် ပြောစရာ မရှိအောင် ချောမောတာပါကလား







လူငယ်ဟာ ပုဆိုး နက်ပြာနှစ်ရောင်စပ် အကွက်စိပ် ၊ ဆင်စွယ်ရောင် ရှပ်အကျႌလက်ရှည်ကို ဝတ်ထားတယ်။ ဂုတ်ထောက်လောက်မယ့် ထင်ရတဲ့ ဆံပင်ရှည်ကို သပ်သပ်ရပ်ရပ် စုစည်းထားတယ်။ ဖိုးချိုကို မြင်မြင်ချင်း ပြုံးပြနုတ်ဆက်ပြီး ...





နောင်ကြီးရေ ... စီးကရက်ဘူးများ တစ်ဘူးလောက် ရောင်းပေးနိုင်မလား၊ အချိန်လင့်နေလေတော့ အားနာမိပါတယ်ခင်ဗျာ







ပြုံးလိုက်မှ ကောင်လေးရဲ့ ချောမာပြေပြစ်မှုက ပိုအသက်ဝင်သွားတယ်။ သူတို့လို ကွမ်းချိုးကပ် သွားမည်းကြီးတွေမဟုတ် ၊ ပုလဲရောင် သွားတန်းလေးက မီးရောင်ဟပ်ကာ လက်ခနဲ တောက်ပသွားသလိုပင်။ ယဉ်ကျေးဟန် အပြည့်နဲ့ သူ့အသံကလည်း ချိုအေးပြီး ကြည်လင်နေတယ်။ သံလိုက်ဓာတ် တမျိုးများ ပါနေသလား မဆိုနိုင်၊ ရောင်းကြေးငွေ ရေတွက်လို့ မပြီးသေးတဲ့ မခင်စန်းပင် ခေါင်းမော့ ကြည့်လိုက်မိသည်အထိ ဖြစ်သွားရတယ်။







အဲ့ဒီအချိန် လူငယ်ကလည်း ဖိုးချိုကို ကျော်ပြီး မခင်စန်းကို လှမ်းအကြည့်နဲ့ ၊ အကြည့်ချင်း ဆုံသွားကြတယ်။







ဘာပြောကောင်းမတုန်း။ အိမ်ထောင်သည် မခင်စန်းဟာ ရင်မဖိုစဖူး ထိတ်ကနဲတောင် ဖိုသွားတယ်။နှစ်လိုဖွယ်ကောင်းတဲ့ကောင်လေးရဲ့မျက်နှာကို စေ့စေ့ကြည့်လိုက်မိပြီးမှ မျက်လွှာကို ရှက်စနိုး ချလိုက်မိသတဲ့။ သတိလက်လွတ် ဖြစ်သွားရှာတယ်။ ယောင်ကန်းကန်းနဲ့ ရေတွက်လက်စ ပိုက်ဆံကို ပစ်ချပြီး စီးကရက်ဘူး တစ်ဘူး ပြေးယူကာ လူငယ်နဲ့ ဖိုးချိုတို့ အကြား ရောက်လာတယ်။





ရပါတယ် မောင်လေးရယ် ၊ အစ်မတို့လည်း ဆိုင်မှ မပိတ်သေးပဲ ၊ ရော့ စီးကရက်ဘူး တစ်ဘူးနော် ၊ ဒါပဲလား ငါ့မောင် ၊ ဘာလိုသေးလဲ ၊ လိုတာ ရှိရင်ပြောပါ ၊ အားမနာပါနဲ့







ဖိုးချိုက သူ့မယားကို ကြည့်ပြီး အံအားသင့်နေတယ်။ မြန်လိုက်တဲ့ မိန်းမ။ ဘယ်လို ဘယ်လိုများ ရောက်လာပါလိမ့်ပေါ့။ ခါတိုင်းဆို သူပိုက်ဆံရေတွက်နေရင် ဘယ်ဈေးဝယ်လာလာ 'ထ' မရောင်းဘူး ။' ဖိုးချိုရေ ရောင်းပေးလိုက်ပါအုံးဟေ့ ' လို့ အော်ဟစ် ခိုင်းနေကျ။ အခုတော့ ကြည့်ပါအုံး ။ မျက်နှာကလည်း သကာရည်ပုံး မှောက်ချထားသလို ချိုမြလို့ ။ ကာမပိုင်ယောက်ကျားဖြစ်တဲ့ သူ ရှိနေတယ်လို့မှ သတိရှိသေးရဲ့လား မသိ။ ဒါပေသိ ဖိုးချို မခင်စန်းကို သဝန်မတိုမိဘူး။ သူကိုယ်၌က ဈေးဝယ် လူငယ်လေးအပေါ် မြင်မြင်ချင်း မေတ္တာသက်ဝင် ခင်တွယ်နေမိလို့ပဲ။ ကဲ မထူးဆန်းဘူးလား ။





သဟာများဖြင့်ရင်တော့ ၊ မောင်လေးကို ကြက်ဥများ ရောင်းပေးပါလား၊ ညစာ အခုထက်ထိ မစားရသေးလို့ပါ







ဒီတခါ ဖိုးချိုဟာ မခင်စန်းထက် ပိုသွက်သွားတယ်။ မခင်စန်းက လူငယ်လေးရှေ့မှာ အပျိုမလေးလို မခို့တယို့ ရပ်နေတုန်း ။ နောက်ပြီး လူငယ်လေး စကားပြောပုံက ဇာတ်ဟန်ပါနေသဖြင့် မခင်စန်း ခစ်ကနဲ အသံထွက် ရယ်လိုက်မိတယ်။ ဖိုးချိုက လူငယ်ကို လက်ဆွဲ ခေါ်မတတ် အိမ်ထဲကို ဖိတ်ခေါ်တယ်။





ဟာ အခုထိ ထမင်း မစားရသေးဘူးလား ။ ဆာနေမှာပေါ့ ။ လာ လာ အိမ်ထဲဝင် ငါ့ညီ ။ ထမင်းလည်း ရှိပါတယ်။ ငါ့ညီ စားချင်တဲ့ ကြက်ဥလည်း အစ်ကို ကြော်ပေးပါ့မယ် ။ အိမ်မှာ ချက်ထားတဲ့ ကြက်သားဟင်းလည်း ပြန်နွှေးပေးမယ်။ တခါတည်း စားသွားလိုက် ၊ ခဏတော့ စောင့်ပေးနော် ...







ဖိုးချိုရဲ့ ဖိတ်ခေါ်မှုကြောင့် လူငယ်ဟာ စားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။ မခင်စန်းကတော့ ညှို့ခံရတဲ့ လူပမာ အဲ့ဒီလူငယ်နဲ့ မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ ဝင်ထိုင်နေလေရဲ့။







ဖိုးချိုခမျာ ပြာယိပြာယာနဲ့ နောက်ဖေး မီးဖိုချောင်ဝင်သွားပြီး ၊ မီးပြန်မွှေး ဟင်းပြန်နွှေး ၊ ကြက်ဥကြော်နဲ့ အလုပ်များနေတာပေါ့။ မခင်စန်းကိုတော့ ဧည့်သည် လူငယ်အား ဧည့်ခံထားဖို့ အိမ်ရှေ့မှာပဲ ထားရစ်ခဲ့လိုက်တယ်။







နှစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ မခင်စန်းက လူငယ်၏ မျက်နှာကို မရဲတရဲ ခိုးကြည့်ရင်း ...





ဒီအချိန်ကြီးကျမှ စားစရာ ထွက်ဝယ်တယ်ဆိုတော့ ၊ ဘယ်က လာတာလဲ မောင်လေး၊ဘယ်ကို သွားမလို့လဲ







လူငယ်က မခင်စန်းရဲ့ ရှက်စနိုး ဖြစ်နေတဲ့ မျက်နှာကို အရည်လဲ့နေသော မျက်ဝန်းမျာဖြင့် ရွှန်းရွှန်းစားစား ကြည့်လိုက်ပြီး ...





ဒီကိုပဲ အလည်သက်သက် လာတာပါ၊ မောင်ငယ်ရဲ့ လာရပ်ဌာနီတော့ မသိချင်ပါနဲ့ အစ်မရယ် ၊ ဝေးလွန်းလှပါတယ်။(၎င်း ဆိုလိုရင်းမှာ ဘဝခြားက ဟု ဆိုချင်ပုံရသည်) တနပ်သော ထမင်းဟင်းများ မောင်ငယ် စေတနာထား ကျွေးရင်ဖြင့် အစ်မအား ကျေးဇူး ဆပ်ပါရစေ







မခင်စန်းကတော့ ကောင်လေးက သူ့နေရပ်လိပ်စာ တမင် မပြောလို၍ ရှောင်သွေသွားသည်လို့ပဲ အောင့်မေ့လိုက်တယ်။ ဒါပေမဲ့ ကျေးဇူးဆပ်ပါရစေဆိုတာကိုတော့ ...





ဟင် ! အို ... ကျေးဇူးရယ်လို့ စိတ်ထဲ မထားပါနဲ့ မောင်လေးရယ် ၊ အစ်မတို့က ဈေးရောင်းတာပဲဟာ ၊ ဝယ်သူ ရှိရင် ရောင်းပေးရမှာ ဈေးသည်သဘာဝမဟုတ်လား ၊ အဲ့သလို အစ်မက ပြောတော့ မောင်လေး စိတ်ထဲ တမျိုး မထင်ပါနဲ့ ။ ပိုက်ဆံမပါလည်း စားသွားပါ ၊ မလှုနိုင် ဈေးရောင်း ဆိုတယ်မဟုတ်လား ။ အစ်မ ကုသိုလ် ပြုတယ် အောက်မေ့နော်





အို ...







ပထမတော့ မခင်စန်း အံဩသွားတယ်။ဒါပေမဲ့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုရလေမလား။ ဗေဒင် အင်မတန် ဝါသနာပါတဲ့ မခင်စန်းဟာ ချက်ချင်းပဲ သူမရဲ့ လက်နှစ်ဖက်လုံးကို စားပွဲပေါ် တင်ပေးလိုက်တယ်။







လူငယ်လူချောလေးက မခင်စန်းရဲ့ ဘယ်ဖက်လက်ကို သူ့လက်ဖဝါးနဲ့ အသာအယာ အုပ်ကိုင်ထားလိုက်တယ်ဆိုရင်ပဲ မခင်စန်းခမျာ ။





အို ...





မခင်စန်းပါးစပ်က အို လို့တောင် အာမေဋိတ်သံ ထွက်သွားတဲ့အထိ လူငယ်ရဲ့ အထိအတွေ့ဟာ ထူးခြားလွန်းလှတယ်။ လူငယ်က မခင်စန်း မျက်နှာကို စေ့စေ့ကြည့်တယ်။ဘာကြောင့်မသိ၊ မခင်စန်းဟာ စပါးကြီးမြွေ အညှို့ခံရတဲ့ သားကောင်ပမာ တကိုယ်လုံး နှုံးချိပြီး မလှုပ်နိုင်မရှားနိုင် ဖြစ်သွားတယ်။







မျက်လုံးတွေက မှေးစင်းသွားတယ်။ ချက်ချင်းပဲ သူ့စိတ်တွေက လေထဲ ပျံဝဲနေသလို ခံစားရတယ်။ တိမ်စိုင်တိမ်လိပ်တွေပေါ် သူမဟာ လူငယ်လေးနဲ့အတူ မျောလွင့်သွားတယ်။ ရင်တဖိုဖို အသဲတလှပ်လှပ်နဲ့ ။ အနီးစပ်ဆုံး ခံစားချက်ကို ပြောရရင် ဖိုးချို သူမကို ခိုးပြေးသွားတဲ့ ညဦးလိုပဲ။ စိတ်အတက်အကျ မြန်တယ်။ ငိုချင်သလိုလို ရယ်ချင်သလိုလို ၊ ဝမ်းနည်းသလိုလို ၊ ကျေနပ်နေသလိုလို အမျိုးမျိုး အဖုံဖုံ ခံစားနေရတယ် ။ အရာအားလုံးဟာ တခဏချင်း ပြီးဆုံးသွားသလား ဒါမှမဟုတ် ဘယ်လောက် ကြာမြင့်သွားလဲ မခင်စန်း မသိချင်တော့။ သူမ စိတ်ပါလက်ပါ မျောလွင့်နေမိတယ်။







အဲ့ဒီအချိန် သူမ နားထဲကို မိုးကြိုးခြိမ်းသံပမာ နာမည်ခေါ်သံ ကြားလိုက်ရလို့ မျက်လုံးကို ဖွင့်ကြည့်လိုက်မိတယ်။





ဟဲ့ ခင်စန်း... ခင်စန်း... ဘာဖြစ်နေတာလဲ ၊ ဧည့်သည် ကောင်လေးရော







သူမ ရှေ့မှာ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပန်းကန် ဟင်းပန်းကန်တွေ ကိုင်ထားတဲ့ သူမရဲ့လင် ဖိုးချိုကို တွေ့လိုက်ရတယ်။ ခုနက ရှေ့ဖြစ် အနာဂတ် ဟောမယ်ဆိုတဲ့ လူငယ်ကို မတွေ့တော့ဘူး ။ စားပွဲပေါ်မှာတော့ အရာမပျက် စီးကရက်ဘူးလေး။





ဟင် ... ကျမ လည်း မသိလိုက်ဘူး ၊ ရှင်ရော မြင်လိုက်သေးလား





ဟာ မင်း ရူးများသွားပြီလား မိန်းမရယ် ၊ ငါက နောက်ဖေးမှာ ချက်ပြုပ်နေတာလေ ၊ ဧည့်သည်က မင်းနဲ့ အတူရှိနေတာကို







မခင်စန်း ထိုင်နေရာက ရုတ်ကနဲ ထပြီး ဆိုင်အပြင်ထွက် ရေဆိပ်ဘက် သွားရာလမ်းကို လှမ်းကြည့်လိုက်တယ်။ ဘယ်သူမှ ရှိမနေတော့ဘူး။ ရှင်းလင်းလို့ တိတ်ဆိတ်လို့ပဲ။







ဖိုးချိုလည်း အပြင်ထွက်ကြည့်တယ်။ လူရိပ်လူယောင်တောင် မတွေ့ရတော့။ လင်မယား နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံဩနေကြတယ်။







အဲ့ဒီအချိန် နတ်ကွန်းရှိတဲ့ ရွှေကုက္ကိုပင်ကြီးဟာ လေမတိုက်ပဲ အရွက်လေးတွေ တဖျတ်ဖျတ်နဲ့ လှုပ်ခတ်သွားတာ သူတို့ လင်မယား မြင်လိုက်ကြတယ်။







ပြီးတော့ အလွန်တရာ ထူးဆန်းသော အလင်းတန်းတစ်ခုဟာ ကြယ်ကြွေသည့်အလား ပင်ကုက္ကို နတ်ကွန်းကနေ ကောင်းကင်ကို ပျံတက်သွားတာ မြင်လိုက်ရပြီး မခင်စန်းဟာ ရုတ်တရက် မူးဝေ လဲကျသွားတော့တယ်။ဖိုးချိုဟာ သူ့မိန်းမကို စိုးရိမ်တကြီးနဲ့





ဟာ ခင်စန်း ခင်စန်း သတိထားဦးလေ







လဲကျသွားတဲ့ မခင်စန်းကို ဖိုးချိုက ပွေ့ချီပြီး အိမ်ထဲ အမြန် ခေါ်သွားတော့တာပေါ့။







___________







၃။







၃လခန့်အကြာ ...







မခင်စန်း နေသိပ်မကောင်းသဖြင့် အိပ်ယာပေါ် လှဲနေမိတယ်။ မခင်စန်း အခုတလော အစားပျက်တယ်။ ဆံစတွေ ခြောက်သွေ့လာတယ်။ မကြာခဏ မူးဝေပြီး အော့အံလာတယ်။ ဒါကြောင့် နီးစပ်ရာ သားဖွားဆရာမ ပြကြည့်တော့ ကိုယ်ဝန် ရနေပြီလို့ သိရတယ်။







လင်မယားနှစ်ယောက်လုံး ပျော်လိုက်သည့်ဖြစ်ခြင်း ၊ သူတို့ လိုချင်နေတဲ့ သားသမီး ရတော့မယ်မဟုတ်လား။ အခု မခင်စန်း ဗိုက်ကြီးနာစွဲပြီး အိပ်ယာပေါ် ခွေနေတယ်။ လှဲလျောင်းရင်း စဉ်းစားခန်း ဝင်နေရှာတယ်။







အဲ့ဒါကတော့ ညတည၌ တခဏမျှ ဆုံခဲ့မိလေသော လူငယ်လေးနဲ့ မတွေ့ဆုံမှီ လွန်ခဲ့သော ၃လခန့်ကပင် သူမ ရေချိုးလျင် တစုံတဦးက ချောင်းမြောင်း ကြည့်ရှု့နေသည်ဟု ခံစားခဲ့ရခြင်းပင်။







ရေချိုးနေစဉ်လားဆိုတော့မဟုတ်။ သူမ အိမ်ထဲ ပင်ကုက္ကိုနဲ့ မျက်နှာချင်းဆိုင် ပြတင်းတံခါးဝမှာ ထမိန်ရင်လျားနဲ့ သနပ်ခါးသွေးလူးနေရင်လည်း စောင့်ကြည့်ခံနေရသည်ဟု ခံစားမိနေရှာပါတယ်။ တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်။ နေ့စဉ်ရက်ဆက်ပင်။ တခါတလေ သူမအား စောင့်ကြည့်နေသူများ တွေ့ရမလားလို့ မခင်စန်း မသိလိုက်မသိဖာသာ တိတ်တခိုး ရှာဖွေမိသေးသည်။ သို့သော် အရိပ်အယောင်မျှပင် မမြင်။







ဘယ်မြင်ပါ့မလဲ။ မခင်စန်းကို စောင့်ပြီး ချောင်းမြောင်း ကြည့်နေသူက လူမှ မဟုတ်ပဲ။ ရွှေကုက္ကို ရုက္ခစိုးနတ်မင်း ဖြစ်နေတယ်လေ။ အဲ့ဒါကြောင့် မခင်စန်း ရှာမတွေ့တာ။







မခင်စန်း ရေချိုးသည့် ကွန်ကရစ် ကျောက်ရေကန်က နတ်ကွန်းနဲ့ မလှမ်းမကမ်းမှာ။ အကာအရံ လုပ်ထားသည်မရှိ။ အဲ့ဒီတော့ ကိုယ်လုံး လှသည့် မခင်စန်း ရေချိုးလျင် သူမ၏ ရေစိုအလှက ရွှေကုက္ကို ရုက္ခစိုးအဖို့ မမြင်ချင်မှအဆုံး။







ညိုပြီး စိုပြေသော ကျန်းမာရေး ကောင်းမွန်သည့် မခင်စန်း အလှကို နေ့တိုင်း မြင်ရဖန်များတော့ ပင်ကုက္ကို ရုက္ခစိုး ခမျာ ရင်တဖိုဖို အသည်းတလှပ်လှပ်နဲ့ မချင့်မရဲ ဖြစ်နေရသည်။







လှပသော လူသားမိန်းမငယ်က ထမိန်ရင်လျားပြီး သနပ်ခါးသွေးလိမ်းရင် ရွှေကုက္ကို ရုက္ခစိုးခမျာ တံတွေးကို ခဏခဏ မြိုချမိလေ၏။







မခင်စန်းကလည်း သူတယောက်တည်း ရှိနေသည့်ပမာ ခြေသလုံးကအစ ရင်ညွှန့်ပါမကျန် တကိုယ်လုံး အနှံ့လိမ်းတတ်သည်မဟုတ်လား။ အဲ့ဒီတော့ ရုက္ခစိုးခမျာ မခင်စန်းကို ကြိတ်ကြွေမိတော့တာပေါ့။







ကြာလာတော့ မခင်စန်းကို သူ လိုချင်တပ်မက်လာတယ်။ တခဏမျှ ဖြစ်ဖြစ် အတူနေချင်စိတ် ဖြစ်ပေါ်လာမိတယ်။ ကာမပိုင် ရှိတဲ့မယားမို့ သူ့ခမျာ အတတ်နိုင်ဆုံး ထိမ်းချုပ်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ မြင်ရဖန် များလာတော့ သူ စိတ်မထိမ်းနိုင် တညမှာတော့ လူခြေတိတ်ချိန် တမင် ရွေးခြယ်၍ မခင်စန်းတို့ လင်မယားထံ ချည်းကပ်ခဲ့လိုက်တယ်။







သူ၏ တန်ခိုးအစွမ်းဖြင့် ချောမောလှပသော လူငယ်တစ်ဦးအသွင် ဖန်ဆင်းသွားခဲ့လေတယ်။ သူ့အကြံ အောင်မြင်တယ် ပြောရမယ်။ ဖန်ဆင်းထားတဲ့ ရုပ်သွင်အပေါ် မခင်စန်းဟာ သတိလက်လွတ် တိမ်းညွတ်ခဲ့တယ်။ ကိုဖိုးချိုကလည်း သူ၏ ပြေပြစ်သော အဆင်း ရူပါလက္ခဏာ ကြောင့် မေတ္တာသက်ဝင်ခဲ့တယ်။ ကိုယ်တိုင်တောင် ထမင်းဟင်း ချက်ကျွေးခဲ့တယ်။ အဲ့ဒီအချိန် ... သူ မခင်စန်းကို ရင်းနှီးခွင့် ရခဲ့တယ်မဟုတ်လား။ ရတဲ့ အခွင့်အရေးကို သူ အသုံးချခဲ့မိတယ်။







အခုတာ့ သူ့ခမျာ မှားမှန်းသိလေပြီ၊



သူများမယားအပေါ် သာယာမိသော စိတ်ကြောင့် ရွှေကုက္ကိုဘုံဗိမ္မာန်က ဆင်းပေးရပြီ။ ဘုန်းတန်ခိုးမဲ့ရပြီ။ အနိမ့်ဆုံး ပရလောကသားအဖြစ် လျောကျခဲ့ရလေပြီပေါ့။







အချစ်စိတ်ဆိုတာက အခက်သား။ လူသားတွေကိုတင် ဒုက္ခပေးတာမဟုတ်။ သူလို ရုက္ခစိုးတောင် ဘဝပျက်ရသေးတယ်လို့ ဆင်ခြင်မိတဲ့အခါ ...







___________







၄။







ဒီလိုနဲ့ ရက်ကို လစား ၊အချိန်ရာသီတွေ လည်ပတ်ကုန်ဆုံးလေတော့၊ မခင်စန်း သားယောက်ကျားလေး တစ်ယောက်ဖွားမြင်ခဲ့သတဲ့။







အစောက ပြောခဲ့သလိုပါပဲ။ မခင်စန်းက အသားညိုတယ်။ သူ့လင် ဖိုးချိုက အသားမည်းတယ်။ ထူးဆန်းအံဩဖွယ်ကတော့ အဲ့ဒီလင်မယား ညားမွေးတဲ့ ကလေးက ၊ ဖြူဖြူဖွေးဖွေးကြီး။







ဖိုးချို ဘာပြောရမှန်းမသိ။ သားလေးက ဖြူဖြူဖွေးဖွေး ချစ်စရာ တတုံးတခဲကြီး ။ ဒါပေမဲ့ သူ့ခမျာ ပျော်ရကောင်းနိုးနိုး ၊ ဝမ်းနည်းရ ကောင်းနိုးနိုးပေါ့။ ကလေးရဲ့ အသားအရည်က အဖေလည်း မတူ ၊ မအေလည်း မတူဘူးလေ။



တရုတ်ကလေးလို့ ပြောရအောင်လည်း သူတို့ရွာမှာ တရုတ်မရှိဘူး ။ မခင်စန်းကို အထင်လွဲရအောင်ကလည်း ရွှေပန်းတောနဲ့အိမ်ကလွဲရင် ဘယ်မှ ထွက်တတ်သူမဟုတ်ဘူး။ လာသမျှ အရက်ဆိုင်ဖောက်သည်တွေထဲလည်း ဒီကလေးလို ဖြူဖြူစင်စင် တယောက်မှ မပါ။ အကုန် မည်ညစ်ညစ် ညိုပြာပြာကြည့်ပဲလေ။







ဒါဖြင့် ဒီကလေးက ဘာလို့ သူတို့အသားအရောင်နဲ့ မတူပဲ ဖွေးဆွတ်နေရတာလဲ ။







ကိုဖိုးချိုဟာ လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ ကလေးလေးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး သကာလ ...





အို ... ငါဘာလို့ စိတ်ဆင်းရဲခံပြီး၊ ရှောက်တွေးနေရတာလဲ ။ ငါ့မိန်းမက ငါကလွဲရင် ဘယ်ယောက်ကျားကိုမှ ပရော်ပရီ လုပ်တတ်တာမဟုတ်ဘူး။



ဒါ ... ငါ့သားလေးပဲ ၊ ကလေးရဲ့ ကုသိုလ်ကံထူးလို့ အသားအရည် ဖြူစင်တာပဲ ဖြစ်မယ် ။ ငါ့လို အသား မမည်းတာတောင် ကျေးဇူးတင်ရဦးမယ်

ချစ်စရာ ကောင်းလိုက်တာ ၊ ကလေး မျက်နှာလေးက ငါ တနေရာရာမှာ မြင်ဖူးတဲ့ မင်းသားလိုပဲ ။ သိပ်လှတာပါလား







ဒီလို ဖြေသိမ့်စိတ်ဝင်လာတော့ ဖိုးချိုဟာ သူ့သားကို တရှုံ့ရှုံ့ နမ်းရှိုက်တော့တာပေါ့ ။







အဲ့ဒီချိန် မီးနေခန်းထဲက မခင်စန်းနဲ့ သူ့အမေ စကားပြောသံ သဲ့သဲ့ကြားလိုက်ရတယ် ။ မခင်စန်းအမေက ...





ညည်းသားလေး က ညည်းတို့ လင်မယားနဲ့ မတူဘူး ၊ အသားအရေက ဖြူဖွေးဆွတ်နေတာပဲ ၊ ချစ်စရာကောင်းချက်အေ ၊ ညည်း မွေးလည်း မွေးတတ်ပါ့ ၊ ဘယ်လိုများ ရလာလဲ မသိဘူး







အဲ့ဒီမှာ မခင်စန်းက ဘာပြောလိုက်သလဲဆိုတော့ ...





ဘယ်လိုမှ ရတာမဟုတ်ဘူး အမေရေ ၊ အဲ့ဒါ နတ်ပေးလို့ရတဲ့ သား ၊ နတ်ပေးလို့ ရလာတဲ့ သား တော်ရေ ၊ ကဲ သိပြီလား





အပြင်က ကိုဖိုးချိုကတော့ ဘာမှ နားမလည် ၊ သူ့သားကို မခင်စန်း ပြောသလို နတ်ပေးလို့ ရတဲ့ သား လို့ပဲ ဂုဏ်ယူ ဝင့်ကြွားနေပါတော့သတဲ့။







ပြီးပါပြီ။







ပီပီ၊မန္တလေး၊



#lotaya_shortstory




Some text some message..