
ကျွန်တော့်ကိုအိမ်ကသဘောတူတဲ့သူနဲ့လက်ထပ်ပေး
ကြတော့မယ်။ကျွန်တော်လက်မခံချင်ပေမယ့်မိဘတွေစိတ်တိုင်းကျလက်ခံပေးရတော့မယ်ဗျ။
ကျွန်တော်ငြင်းဆန်နေတာကျွန်တော့်မှာသိပ်ချစ်ရတဲ့ချစ်သူရှိလို့ပါ။ကျွန်တော့်ချစ်သူနာမည်ကရတုတဲ့။
သူ့ကိုကျွန်တော်မြတ်နိုးတန်ဖိုးထားတယ်၊ချစ်တယ်။
ဒါပေမယ့်လူဆိုတာဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးတာပိုပြီးကောင်းမွန်တယ်လို့မိဘတွေက
တိုက်တွန်းတာတစ်ကြောင်း၊ကျွန်တော့်အမေဒေါ်ခင်
သန်းမေကလည်းသူဖြစ်စေချင်တာလေးကိုဖြည့်ဆည်း
ပေးပါလို့တောင်းဆိုနေတာကတစ်ကြောင်း၊အမေရဲ့
ကျန်းမာရေးကသိပ်မကောင်းတဲ့ကြားထဲကျွန်တော့်အတွက်နဲ့စိတ်ဆင်းရဲရမှာမဖြစ်ချင်တာရယ်ကအဓိက
ပေါ့ဗျာ။အဲ့လိုနဲ့ကျွန်တော်ရင်နာနာနဲ့ခေါင်းညိမ့်ခဲ့မိ
တော့တယ်။
အမေကမိုးသံစဉ်ဆိုတဲ့ကောင်မလေးကိုတော်တော်
လေးသဘောကျတယ်လို့ကျွန်တော့်ကိုပြောလာတယ်။
မိုးသံစဉ်ကလည်းသဘောကျချင်စရာကောင်းလောက်အောင်အဆင်းရောအချင်းပါပြည့်စုံတယ်ဆိုတာတော့
ကျွန်တော်၀န်ခံပါတယ်။သူကအမြဲတမ်းမြန်မာ၀တ်စုံလေးပဲ၀တ်တာဗျ။နောက်ပြီးမိုးသံစဉ်ကမိန်းမတစ်ယောက်ရှိသင့်တဲ့အရည်အချင်းထက်ကျော်လွန်နေတဲ့သူ။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တယ်၊မီးဖိုချောင်
အိမ်မှုကိစ္စလည်းနိုင်နင်းတယ်။
စကားအပြောအဆိုသိမ်မွေ့ပြီးမြန်မာ၀တ်စုံအရောင်း
ဆိုင်လည်းဖွင့်ထားတယ်။အင်္ကျီ၊ထမိန်၊၀မ်းဆက်တွေဒီဇိုင်းလည်းဆွဲ၊ချုပ်ချင်တယ်ဆိုရင်လည်းချုပ်ပေးတော့သူ့ဆိုင်လေးကအောင်မြင်လာတာပေါ့။ရုပ်ရည်လေးကအလှကြီးမဟုတ်ပေမယ့်၊ချစ်မွှေးရှိတယ်ပေါ့ဗျာ။ချစ်စရာလေးပါပဲ။
ဒါပေမယ့်ချစ်တယ်ဆိုတာအတင်းလုပ်ယူလို့ရတဲ့ကိစ္စတော့မဟုတ်ဘူးဗျ။သူ့ကိုကျွန်တော်မောင်နှမသံယောဇဉ်
နဲ့ပဲချစ်လို့ရတယ်။အဲ့ထက်ပိုပြီးဘ၀ရဲ့လက်တွဲဖော်အနေနဲ့မတွေးခဲ့ဖူးဘူး။
ကျွန်တော့်ချစ်သူရတုလေးကတော့ကျောင်းမပြီးသေး
ပါဘူး။ကျွန်တော့်ထက်လည်းအများကြီးအသက်ငယ်တယ်။ငယ်တဲ့သူဆိုတော့ဆိုးချင်နွဲ့ချင်တာလည်းသဘာ၀ပါပဲ။တက္ကသိုလ်ကျောင်းသူလည်းဖြစ်၊ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်၊ခေတ်လည်းမီနောက်ပြီးတစ်ဦးတည်းသောသမီးဆိုတော့သူကနဲနဲလည်းဆိုး
တာသဘာဝတော့ကျပါတယ်ဗျာ။
ရတုကလှလည်းလှတယ်။သူ့ကိုစတွေ့ကတည်းက
ကျွန်တော့်စိတ်ကိုချုပ်ကိုင်နိုင်တဲ့သူလို့ပြောရမယ်ဗျ။
သူ့ကိုကျွန်တော်ရင်ထဲအသည်းထဲကနေလှိုက်လှိုက်လှဲ
လှဲချစ်တာကျွန်တော်သာအသိဆုံးပါ။ဒါကြောင့်လည်းမိဘတွေနဲ့တွေ့ပေးဖို့စီစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော့်မိဘတွေနဲ့ပေးတွေ့တဲ့နေ့၊စစချင်းမှာပဲအ
ဆင်မပြေမှုတွေဖြစ်ခဲ့ရတယ်။ရတုနဲ့ကျွန်တော့်ကိုသဘောမတူခဲ့ဘူးလေ။အဲ့ဒါနဲ့မိုးသံစဉ်နဲ့အမြန်ဆုံးစေ့စပ်ကြောင်းလမ်းကြဖို့ တိုက်တွန်းကြတော့တယ်။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ရတုကိုကျွန်တော်မခွဲနိုင်ဘူး။မိုးသံစဉ်နဲ့လည်းလက်မထပ်ချင်ဘူး။မိဘတွေနဲ့လည်းညှိနှိုင်းလို့မရတဲ့ကျွန်တော်၊စိတ်ဓါတ်တွေတော်
တော်လေးကျမိတယ်။ဘယ်လိုပဲဝေခွဲမရဖြစ်နေပါစေ၊
ဆုံးဖြတ်ချက်တစ်ခုတော့သေချာပေါက်ချရတော့မယ်မဟုတ်လား။
နောက်ဆုံးကျွန်တော့်မိဘတွေဖြစ်စေချင်တဲ့အတိုင်းမိုးသံစဉ်ကိုစေ့စပ်ကြောင်းလမ်းဖို့သဘောတူခဲ့လိုက်ရတော့တယ်။ကျွန်တော်လည်းကျွန်တော့်အတွေးနဲ့ကျွန်တော်လောလောဆည်အိမ်ကစိတ်ချသွားအောင်လက်ခံပေး
လိုက်ပြီးမိုးသံစဉ်ကိုအမှန်အတိုင်းဖွင့်ပြောပြမယ်ပေါ့။ပြီးတော့တောင်းပန်မယ်ဗျာ။သူနားလည်ပေးမယ်ဆိုကျွန်တော်ကျေးဇူးအမြဲတင်နေမှာပါ။
ရတုကိုတော့သေချာနားလည်အောင်ပြောပြလို့လည်း
မထူးလာနိုင်ဘူးလေ။မတော်တဆလွဲချော်ခဲ့ရင်ကျွန်တော့်ချစ်သူပိုပြီးစိတ်ထိခိုက်သွားရမှာကိုကျွန်တော်မလိုလားဘူး။
ကျွန်တော်ရင်နာနာနဲ့ပဲလမ်းခွဲစကားပြောခဲ့ရတော့တယ်။
'''ကိုကိုရောက်နေပြီလား...ရတုနဲနဲနောက်ကျသွားတယ်...စိတ်ဆိုးဘူးနော်ကိုကို...နော်...'''
ကျွန်တော့်ချစ်သူရဲ့စကားသံကကျွန်တော့်အတွက်ရင်
ထဲနင့်နေအောင်ခံစားလိုက်ရတယ်။ဒီလိုအသံလေးကိုနောက်ထပ်ကြားရပါဦးမလား။
'''အင်း...ရတု...ကိုယ်အရေးကြီးပြောစရာလေးရှိ
တယ်...''''
'''ဟွန်း...ကိုကို့အသံကဘာဖြစ်နေတာလဲ...စိတ်မကောက်နဲ့ပါဆို'''
ကျွန်တော်သူ့ကိုအားတင်းပြီးပြောရတော့မှာပဲ။
'''ကိုကို...ကိုကိုလေ...စေ့စပ်ရတော့မယ်ရတုရယ်...'''
'''ဘယ်လို...ကိုကို...'''
'''ကိုကို့အိမ်က..မိုးသံစဉ်ဆိုတဲ့တစ်ယောက်နဲ့စေ့စပ်ပေးချင်တယ်ဆိုတော့..ငြင်းလို့မရလို့..ကိုကိုလက်ခံခဲ့မိပြီကွာ...'''
'''ကိုကိုကလက်ခံလိုက်တယ်...ဘာဖြစ်လို့လက်ခံရ
တာလဲကိုကို...အဲ့ဒါဆို..ရတုကရော...ရတုက...ကိုကို့အတွက်ဘာလဲ...'''
'''ရတုကကိုကို့အတွက်...အချစ်ရဆုံးချစ်သူပါကွာ...'''
ကျွန်တော်ပြောသာပြောနေရတယ်...ကျွန်တော့်ရင်ထဲဆို့နစ်နစ်ကြီးခံစားလာရပြီး၊မျက်ရည်ကျလာခဲ့တယ်ဆိုတာ၊မလိမ်ပါဘူးဗျာ။
'''ပြောတတ်လိုက်တာကိုကိုရာ...တခြားတစ်ယောက်နဲ့စေ့စပ်တော့မယ့်သူက...သူ့ချစ်သူကို..အချစ်ရဆုံး
ချစ်သူပါတဲ့..ဟင်း..ဟင်း..ရယ်စရာတော့ကောင်းနေ
ပြီ...'''
တုန်ယင်နေတဲ့အသံနဲ့ရတုကခြောက်ကပ်ကပ်ရယ်မောရင်းသူ့ပါးပြင်မှာလည်းမျက်ရည်စတွေနဲ့။
'''ကိုကို..ညာမပြောပါဘူးရတုရာ...ရတုကကိုကို့ရဲ့ဘ၀ပါ..မတတ်သာတဲ့အခြေအနေကြောင့်...ကိုကို..
သူနဲ့စေ့စပ်လိုက်ရတာပါရတုရယ်...'''
'''အဲ့မိန်းမကဘယ်သူလဲကိုကို...ရတုကိုပြပါလား..
တွေ့ဖူးချင်လို့..'''
'''တွေ့တော့ကောဘာထူးလာမှာလဲရတုရာ..မိဘစကားကို..ကိုကို..မဖယ်ရှားချင်ဘူး...ကိုကို့ကိုနားလည်ပေးပါနော်ရတု...တကယ်လို့များအခွင့်အရေးတစ်ခုခုရခဲ့ရင်
ရတုဆီပဲရောက်အောင်ပြန်လာမှာပါ"
'''ဟင့်အင်း...ရတုသူ့ကိုတွေ့ဖူးချင်တယ်ကိုကို...'''
မတွေ့ရမချင်းနောက်ဆုတ်မှာမဟုတ်တဲ့ရတုကိုကျွန်တော့်facebookလေးဖွင့်ပြီးမေမေ့accountကိုဖွင့်ပြလိုက်ရတော့တယ်။မေမေနဲ့မိုးသံစဉ်နဲ့ကတော်တော်ရင်းနှီးတော့မိုးသံစဉ်နဲ့ဆုံဖြစ်တဲ့အခါဓါတ်ပုံတူတူတွဲရိုက်ပြီးမေမေကfacebookပေါ်တင်တတ်တယ်ကိုး။
'''ဒီတစ်ယောက်ပဲ...'''
ရတုကကျွန်တော့်ဖုန်းကိုဆတ်ကနဲလှမ်းယူကြည့်လိုက်
တယ်။
''''အဲ့ဘွားတော်ကို...ကိုကိုချစ်လား...''''
သူမအမေးကိုကျွန်တော်ခေါင်းခါပြီးငြင်းဆိုခဲ့ပါတယ်။
'''ကိုကို...မချစ်ရင်ဘာလို့လက်ခံမှာလဲ...နောက်ပြီးရတုကရော...ဟင်...ကိုကို...ရတုကကိုကို့ကိုပဲချစ်တာလေ...ရတုအတွက်မစဉ်းစားပေးတော့ဘူးလားဟင်...'''
'''ရတုလေး...ကိုကိုတောင်းပန်ပါတယ်ကွာ...ကိုကိုလည်းအိမ်ကအဖေနဲ့အမေကိုမလွန်ဆန်နိုင်ခဲ့ဘူး...'''
ရတုကဆတ်ခနဲမတ်တပ်ထရပ်လိုက်တယ်။
'''ကိုကို့ကို...နောက်ဆုံးမေးမယ်...အဲ့ဘွားတော်ကို..ကိုကို..ချစ်လား...မချစ်ဘူးလား...အဲ့ဒါပဲဖြေ...'''
ရတုရဲ့မျက်၀န်းမှာဒေါသနဲ့၀မ်းနည်းမှုနှစ်ခုရောထွေး
နေတာကိုကျွန်တော်တွေ့နေရတာပေါ့။ကျွန်တော်အမှန်အတိုင်းပဲဖြေလိုက်ပါတယ်။
'''ကိုကို...မချစ်ဘူး...'''
အဖြေကိုကြားတော့ရတုကပါးပြင်ပေါ်ကမျက်ရည်စ
တွေကိုသုတ်ရင်းနှုတ်ခမ်းလေးတစ်ချက်မဲ့ပြုံးပြုံးလိုက်ပြီးတစ်ခွန်းတည်းခပ်ပြတ်ပြတ်ပြောလာတယ်။
'''ကိုကို...စိတ်ချမ်းသာရစေ့မယ်...'''
အဲလိုပြောပြီးချာကနဲလှည့်ထွက်သွားတာဘာကြောင့်မှန်းမသိဘူး၊ကျွန်တော်တစ်ခုခုကိုစိုးရိမ်နေမိတယ်ဗျ။သက်
ပြင်းကိုသာချနေမိတော့တယ်။ရင်နှစ်ခြမ်းဗျန်းခနဲကွဲ
သွားရသလိုပါပဲ။
ရတုနဲ့ကျွန်တော်လမ်းခွဲပြီးကျွန်တော်သေမလောက်နာကျင်နေရတယ်။ကိုယ့်ကိုကိုယ်လည်းဒေါသထွက်မိ
တယ်။ဘာလို့မပြတ်သားနိုင်တာလဲ၊ကိုယ်ချစ်တဲ့သူရဲ့
လက်ကိုမဆွဲထားနိုင်တာလဲ၊ကိုယ့်ကိုကိုယ်အသုံးမကျ
တာပိုပြီးသိလာလေ၊စိတ်ဓာတ်ကျလေပါပဲ။
သူ့ကိုတွေ့ချင်တာလည်းအရမ်းပဲဗျ။ဒါပေမယ့်ကျွန်
တော်အားတင်းထားပါတယ်။သူ့ကိုလွမ်းတဲ့စိတ်ကသေလုမျောပါးခံစားရတာ
ကျွန်တော့်အတွက်တော့၊အိပ်မက်ဆိုးတစ်ခုလိုဖြစ်နေတယ်။
ဒီအတိုင်းဆိုမိုးသံစဉ်နားလည်အောင်အမြန်ရှင်းပြ၊
ပြောပြမှဖြစ်တော့မှာပဲလေ။မိုးသံစဉ်နဲ့ဆုံဖြစ်ပေမယ့်
အကြောင်းမတိုက်ဆိုင်လို့စကားမဟဖြစ်ဘူး။ပြော
မယ်ပြင်လိုက်အနှောင့်အယှက်တစ်ခုခုကြုံလိုက်နဲ့၊
အခွင့်မသာခဲ့ပါဘူး။
Messengerကနေသွားပြောတော့လည်းမိုးသံစဉ်က
အလုပ်များနေတော့စကားစကပြတ်ပြတ်သွားရတယ်။
ဒီလိုနဲ့အချိန်ဆွဲတာမဟုတ်ပေမယ့်အချိန်ကုန်သွားခဲ့
ပါရော။
ဒီနေ့မိုးသံစဉ်နဲ့ကျွန်တော်စေ့စပ်ကြောင်းလမ်းတဲ့နေ့။
မိုးသံစဉ်အိမ်ရောက်တော့၊မိုးသံစဉ်ကအပန်းရောင်
၀တ်စုံလေးနဲ့လှလှပပပြင်ဆင်ထားတယ်ဗျ။ဒါပေမယ့်ကျွန်တော့်ရင်ထဲမှာတော့ရတုကိုပဲတမ်းတနေမိခဲ့တယ်
ဆိုတာမလိမ်ပါဘူး။
လူကြီးချင်းစကားစမြည်ပြောကြပြီးစေ့စပ်လက်စွပ်
၀တ်ပေးတဲ့အချိန်ရောက်တော့၊ကျွန်တော်သူ့လက်မှာလက်စွပ်လေးကို၀တ်ပေးလိုက်တယ်။သူကလည်းကျွန်တော့်လက်မှာ၀တ်ပေးပြီး...
'''မောင့်ကို...မိုး..အရမ်းချစ်တယ်...'''
လို့တိုးတိုးလေးကပ်ပြောသွားတော့ကျွန်တော်ကြောင်
အမ်းအမ်းဖြစ်သွားခဲ့မိတော့တာပဲ။
ကျွန်တော်သူ့ကိုပြောမယ့်စကားတွေဆွံ့အခဲ့ရတယ်။အခုမှကျွန်တော်၀န်ထုပ်၀န်ပိုးကြီးတစ်ခုကိုထမ်းနေရ
သလိုဖြစ်နေပြီ။ဒါကျွန်တော်မပြတ်သားခဲ့လိုဖြစ်လာရ
တဲ့အကျိုးဆက်တွေပဲ။'ငါ..နင့်ကိုမချစ်ဘူးမိုးသံစဉ်..'လို့ဘယ်လိုများပြောရပါတော့မလဲ။
လူကြီးတွေကကျွန်တော်တို့ချင်းစကားပြောရအောင်လမ်းကြောင်းပေးကြတော့မိုးသံစဉ်နဲ့ကျွန်တော်ပဲဧည့်ခန်းမှာကျန်ခဲ့တော့တယ်။ကျွန်တော်ကတော့အဲ့ဒီအချိန်မှာစကားလုံးတွေအမြန်ရွေးနေမိတယ်။ဘယ်ကစပြော
ရင်အဆင်ပြေမလဲလို့ခေါင်းခြောက်မတတ်စဉ်းစားနေ
တုန်းမှာ။
'''မိုးကိုပြောစရာစကားတွေမရှိဘူးလားဟင်...'''
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့စကားကြောင့်ကျွန်တော့်ပုံစံကကျောက်ရုပ်ကြီးအသက်၀င်လာသလိုပုံစံမျိုးဖြစ်
နေမယ်ထင်တယ်ဗျ။
'''ဗျာ...မရှိ...ပါဘူး...မိုး'''
အယောင်ယောင်အမှားမှားနဲ့လန့်ပြီးစကားမှားသွားခဲ့
တယ်။
မိုးသံစဉ်ကပြုံးလိုက်ပြီးရုတ်တရက်တည်သွားပြန်တယ်။
'''မိုးဘက်ကပြောစရာစကားတွေရှိတယ်...မောင်...
အော်..မောင်လို့ပဲခေါ်မယ်နော်...'''
ကျွန်တော်သူ့ကိုပြန်မငြင်းလိုက်မိဘူး။မိုးသံစဉ်ရှေ့မှာ
ဘာလို့များအာစေးမိနေသလိုဖြစ်နေလဲမသိတော့ဘူးဗျာ။
'''ရပါတယ်...မိုး...'''
မိုးသံစဉ်ကကျွန်တော့်ကိုစိုက်ကြည့်ပြီး....
'''မောင့်မှာချစ်သူရှိတာ..မိုးသိတယ်...'''
လေးလေးနက်နက်နဲ့တည်ငြိမ်ပြီးပြောလာတဲ့သူ့စကားကြောင့်ကျွန်တော်ရုတ်တရက်လန့်သွားမိတယ်။သူကဆက်ပြီးတော့။
'''အံ့ဩသွားလားမောင်...မိုးအစကမောင့်မှာချစ်သူရှိတယ်ဆိုတာသိတော့စေ့စပ်ဖို့ကိုလက်မခံခဲ့ပါဘူး...ဒါ
ပေမယ့်မောင့်ချစ်သူက...ရတုနွေဆိုတာနဲ့စိတ်၀င်စားသွားမိတာပါ...'''
'''ရတုနဲ့သိနေတာလား...'''
'''အင်း...ဘယ်လိုပြောရမလဲ...သိတယ်ဆိုရုံပါပဲ...
မရင်းနှီးပါဘူး..''
'''အော်...ဒါနဲ့...ဘာလို့လက်ခံလိုက်ရတာလဲ...ဆိုတာ
ပြောပြပါလား...မမိုးသံစဉ်"
ဘယ်လိုခေါ်ရမယ်မှန်းမသိတော့လို့နာမည်အပြည့်အစုံ
ခေါ်လိုက်တဲ့အခါမိုးသံစဉ်ကမျက်မှောင်တစ်ချက်ကျုံ့
ပြတယ်။
"မိုးလို့ပဲခေါ်ပါ...မောင်ရယ်"
"ဟုတ်...ဟုတ်ကဲ့"
ခပ်မြန်မြန်ပြန်ဖြေလိုက်ပြီးမိုးသံစဉ်ပြောလာမယ့်စကား
ကိုအာရုံစိုက်နေမိတယ်။ကျွန်တော်စိတ်၀င်စားသွားမိတယ်လေ။သူ့လိုအရာရာအလေးအနက်ထားတတ်တဲ့မိန်းမတစ်ယောက်ကချစ်သူရှိနေပါတယ်ဆိုတဲ့ယော
ကျာ်းတစ်ယောက်ကိုစေ့စပ်ကြောင်းလမ်းတာလက်ခံပြီး
မောင်တွေဘာတွေခေါ်တယ်ဆိုတော့စိတ်၀င်စားစရာ
ကောင်းနေတယ်။
'''မိုး...အရင်ကတည်းကမောင့်ကိုချစ်ခဲ့တယ်...မောင့်
မှာချစ်သူရှိတယ်ဆိုတာသိရတော့...မိုးနောက်ဆုတ်လိုက်ပါတယ်...ဒါပေမယ့်မောင့်ချစ်သူဘယ်သူဆိုတာ
သိလိုက်ရတော့...မိုး...မောင့်ကိုကာကွယ်ပေးချင်လာတယ်...အဲ့ဒါပါပဲ...'''
'''နေပါဦး...မိုးရဲ့...ရတုနဲ့ချစ်သူဖြစ်တာနဲ့...ဘာကိုကာကွယ်...ပေးချင်တာလဲ..ပွင့်ပွင့်လင်းလင်းပြောပါ...''''
ကျွန်တော့်စိတ်ထဲမတင်မကျကြီးဖြစ်နေမိတော့တယ်ဗျ။သူကကျွန်တော့်ချစ်သူထက်ပိုပြီးဘာလို့ကျွန်တော့်ကိုကာကွယ်ပေးချင်နေရတာလဲ။
'''ဒီနေ့တော့..ဒီလောက်နဲ့ပဲရပ်လိုက်တာပေါ့...မောင်သိချင်ရင်...မနက်ဖြန်...မိုးဆီလာခဲ့လေ...'''
မိုးသံစဉ်ကိုဆက်မေးကြည့်ပေမယ့်မနက်ဖြန်မှသေချာ
ပြောပါရစေဆိုလာတော့လည်းကျွန်တော်ခေါင်းငြိမ့်
ပေးလိုက်ရတာပေါ့။နောက်ပြီးမျှော်လင့်ချက်မရှိတော့
သလိုလည်းခံစားလိုက်ရတယ်။ကျွန်တော်ဘာဆက်လုပ်
ရမယ်မှန်းမသိတော့ဘူး။
'''အိုကေပါ...မနက်ဖြန်တော့သေချာလေးပြောပြပါ
ဗျာ...'''
ကျွန်တော့်မိဘတွေလည်းရောက်လာကြတော့နှုတ်ဆက်ပြီးအိမ်ကိုပြန်လာကြတယ်။ကျွန်တော့်စိတ်ထဲမှာမတင်
မကျကြီးခံစားနေရတုန်းပါပဲ။မနက်ဖြန်ကိုကျွန်တော်ရောက်ချင်နေပြီ။သေချာသိရမှဖြစ်မယ်။
မနက်လင်းတာနဲ့မိုးသံစဉ်ဆီသွားဖို့ပဲစိတ်ကစောနေမိတယ်။မလွယ်ကူနိုင်မှန်းသိပေမယ့်တကယ်လို့များအဆင်ပြေရင်မိုးသံစဉ်နဲ့ညှိနှိုင်းပြီး၊စေ့စပ်ပွဲကိုဖျက်
သိမ်းချင်တာဗျ။မိုးသံစဉ်ဆီဖုန်းဆက်ပြီးဘယ်အချိန်တွေ့မလဲချိန်းတော့၊ညနေသုံးနာရီတဲ့။ဒီနေ့မှစောင့်ရတာဘာလို့များကြာနေရတာလဲမသိတော့ဘူး။
ချိန်းထားတဲ့အချိန်ရောက်တော့၊မိုးသံစဉ်ဆီပြောဖို့စကားလုံးတွေစီပြီးသွားတွေ့ခဲ့တယ်။
'''မောင်ရောက်လာပြီပေါ့...လာ...အထဲ၀င်ထိုင်...'''
ခရီးဦးကြိုနေတဲ့မိုးသံစဉ်ကိုတွေ့တွေ့ချင်းပဲမေးလိုက်တော့တယ်။လူကသိချင်နေပြီလေ။
'''မိုး...မနေ့ကပြောတာလေး...ဆက်ပြောပြပေးပါဦး...'''
ကျွန်တော့်ကိုကြည့်ပြီးမိုးသံစဉ်ကဟက်ခနဲတစ်ချက်
ရယ်နေတယ်။
'''မောင်ကလောနေတာပဲ...ကဲပြောပြပါ့မယ်...သေချာနားထောင်...ဟုတ်လား"
'''အင်း...'''
ကျွန်တော်ဆိုဖာပေါ်ထိုင်လိုက်ပြီး၊နားစွင့်နေလိုက်တော့တယ်။
'''ဒီလိုပါ..မိုးအမေကအညာဖက်ကကျေးတောရွာဇာတိလေ...အမေ့မှာချစ်ရတဲ့သူငယ်ချင်းဒေါ်နှင်းဆီ
ဆိုတာရှိတယ်...အမေတို့နှစ်ယောက်ကအရမ်းချစ်ကြ
တာပေါ့မောင်ရယ်...ဒေါ်နှင်းဆီရဲ့ညီမ၀မ်းကွဲကဒေါ်လှလွန်းယဉ်တဲ့...အဲ့ဒီဒေါ်လှလွန်းယဉ်ဆိုတာမောင့်ချစ်သူရတုနွေရဲ့အမေပဲ...'''
'''ရတုရဲ့အမေကဒေါ်လှလွန်းယဉ်လား...တခါမှပြော
တာမကြားမိဖူးဘူး...ဆုံးသွားတာကြာပြီလို့တော့ပြောတယ်...'''
'''ဟုတ်တယ်မောင်...ဆုံသွားတာဆယ်နှစ်ကျော်...
ဆယ့်ငါးနှစ်လောက်ရှိရော့မယ်ထင်တယ်...'''
'''အော်...အဲ့ဒါနဲ့ဘယ်လိုပါတ်သက်သွားတာလဲ...'''
'''ဟင်း..ဟင်း...ပြောပြနေတယ်လေမောင်ရဲ့...ဒေါ်လှ
လွန်းယဉ်ကအသက်ဆယ့်ခြောက်နှစ်လောက်ပဲရှိသေး
တဲ့အရွယ်မှာ..ခိုးရာလိုက်ပြေးသွားတယ်...သူ့မိဘတွေကငယ်သေးတော့သဘောမတူကြဘူးလေ..ဒါပေမယ့်မိန်းကလေးရှင်ဆိုတော့လည်းသဘောမတူပေမယ့်ပေးစားလိုက်ရတော့တယ်...ရတုနွေရဲ့ အဖေပေါ့...
သူ့နာမည်က....'''
'''ဦးသန်းမြင့်၀င်း...ဆိုတာလား..'''
ကျွန်တော်သိတာလေး၀င်ပြောလိုက်တော့၊မိုးသံစဉ်က
ခေါင်းညိမ့်ပြလာတယ်။
'''ဟုတ်တယ်မောင်...ဒေါ်လှလွန်းယဉ်ကရတုနွေလေး
မွေးပြီး...နောက်ထပ်ကလေးထပ်မယူတော့ဘူး...နောက်တော့သူတို့...ရွာကပြောင်းသွားကြတယ်...မိုးမေမေ
လည်းဖေဖေက၀န်ထမ်းဆိုတော့တာ၀န်ကျတဲ့နေရာ
လိုက်နေရလို့သူတို့သတင်းတွေမကြားရတော့ဘူးပေါ့...
ဖေဖေအလုပ်ကပင်စင်ယူပြီးဒီမြို့လေးမှာပဲအခြေ
ကျနေတာကြာပြီ...မေမေကလည်းရွာမပြန်တာကြာသွားပြီလေ..သူ့သူငယ်ချင်းဒေါ်နှင်းဆီနဲ့တွေ့ချင်တယ်..ရွာ
မှာလည်းအလှူလုပ်ချင်တယ်ဆိုတော့...မနှစ်ရှေ့တစ်နှစ်ကပေါ့...ရွာသွားလည်ကြတာ...အဲ့မှာမှရတုနွေတို့အကြောင်းကိုပြန်သိခဲ့ရတာပါ...'''
မိုးသံစဉ်ကပြောနေရင်းကျွန်တော့်မျက်နှာကိုအကဲခတ်နေတာကျွန်တော်သတိထားမိတယ်။သူလည်းကော်ဖီကိုတစ်ငုံသောက်လိုက်ပြီး၊ပြောလက်စကိုခဏရပ်ထားတယ်။
'''ဆက်ပြောလေ...မိုး...'''
ခုထိလိုရင်းမရောက်နိုင်ပဲနောက်ကြောင်းပြန်နေတဲ့သူ့ကိုကျွန်တော်စိတ်မရှည်ချင်လာတော့လို့အသံနည်းနည်း
ကျယ်သွားမိတယ်။
'''မိုးအခုပြောတာကိုမောင်ယုံချင်မှယုံမယ်...ဒါပေမယ့်...
မိုး...မောင့်ကိုသိရတဲ့အတိုင်းပဲပြောပြတာမိုးမလိမ်ပါဘူး...'''
''ဟုတ်ကဲ့ပါ...ဘာတွေသိလာခဲ့ရတာလဲပဲပြောပြပါ...'''
'''ရတုနွေရှစ်နှစ်သမီးအရွယ်လောက်မှာ...သူ့အမေအသတ်ခံခဲ့ရတယ်...'''
'''အသတ်ခံရတာ...'''
ကျွန်တော်အံ့ဩသွားရတယ်။
'''ဟုတ်တယ်မောင်...ဒေါ်လှလွန်းယဉ်နဲ့ရတုနွေနဲ့အိမ်မှာရှိနေတုန်း...အိမ်ထဲ၀င်လာပြီး...ဒေါ်လှလွန်းယဉ်ကို..
သတ်လိုက်တာပဲ...ဒေါ်လှလွန်းယဉ်သွေးအိုင်ထဲလဲ
နေတုန်းဦးသန်းမြင့်၀င်းအိမ်ပြန်ရောက်တာနဲ့တိုးတော့လူသတ်သမားကဦးသန်းမြင့်၀င်းကိုပါသတ်ဖို့လုပ်တာ...ယောကျာ်းချင်းချင်းဆိုတော့...ပြန်ခုခံရင်း
လူသတ်သမားကိုလိုက်ဖမ်းတာပေါ့...လူသတ်သမားကမျက်နှာတစ်ဖက်စုတ်ပြတ်သွားတယ်...ဦးသန်းမြင့်၀င်းကတော့လက်မှာဒဏ်ရာရသွားတာတဲ့...ရတုနွေရဲ့ရှေ့
မှာပဲဖြစ်ပျက်ခဲ့တာဆိုတော့ရတုနွေကစိတ်ဒဏ်ရာတော်တော်ရသွားခဲ့တယ်...တရားခံကိုဖမ်းပေမယ့်မမိခဲ့ဘူး...ဒေါ်လှလွန်းယဉ်အသုဘချပြီး..တစ်ပါတ်လောက်
နေတော့ဦးသန်းမြင့်၀င်းကိုကားတစ်စီးကလိုက်တိုက်
တာ...ဦးသန်းမြင့်၀င်းလည်းခုထိ...ဝှီးချဲပေါ်မှာထိုင်နေရတော့တာပေါ့...'''
'''စိတ်မကောင်းလိုက်တာ...ရတုရာ...'''
မိုးသံစဉ်ရှေ့မှာရတုနာမည်ထွက်သွားတဲ့အတွက်နည်း
နည်းတော့အားနာသွားမိတယ်။
'''ဟုတ်ပါတယ်မောင်...စိတ်မကောင်းစရာကြီးပါပဲ..
ဒါပေမယ့်ရတုနွေက...စိတ်ဝေဒနာခံစားနေရတယ်လို့..ပြောကြတယ်...'''
'''ဘာရယ်...မဖြစ်နိုင်တာ...ရတုကပုံမှန်ပါပဲ...မဖြစ်နိုင်ဘူး...'''
'''ဒေါ်လှလွန်းယဉ်ကသေပြီးပေမယ့်ရတုနားမှာပဲရှိနေတယ်လို့...ပြောတဲ့သူတွေရှိတယ်...ရတုတို့အိမ်ကလူစိမ်းအ၀င်မခံဘူးတဲ့..ဒေါ်လှလွန်းယဉ်ရဲ့ဝိဉာဉ်ဟာသူတို့သားအဖနားမှာပဲအမြဲရှိနေတယ်ဆိုတာ...သက်သေ
တစ်ခုပြောပြမယ်...'''
'''အင်း...ပြောကြည့်လေ...'''
မိုးသံစဉ်ပြောတာကိုဒီအပိုင်းမှာတော့ကျွန်တော်မယုံ
တော့ဘူး။သူ့ကိုဉာဏ်ရည်မြင့်မယ်လို့ထင်ခဲ့တာခုလို
အရပ်စကားတွေပြောမယ်မထင်ဘူးလေ။
'''လူသတ်သမားကကိုယ့်ကိုကိုယ်ကြိုးဆွဲချသေသွားတယ်...မသေခင်...ဒေါ်လှလွန်းယဉ်ကိုသူသတ်တာပါလို့၀န်ခံသွားတယ်တဲ့...'''
'''သက်သေကအဲ့ဒါလား...'''
'''မဟုတ်ဘူး...သက်သေက...လူသတ်သမားအိပ်ခန်းကနံရံမှာလက်ငါးချောင်းရာကြီးပေါ်နေတာ...စစ်ဆေးကြည့်လိုက်တော့...ဒေါ်လှလွန်းယဉ်ရဲ့လက်ဗွေရာနဲ့တစ်ထပ်တည်းကျနေတာပဲမောင်...'''
"'ရတုအမေကသေသွားပြီမဟုတ်ဘူးလား"'
"'အင်းလေ...အဲ့ဒါကြောင့်သူ့အမေကသူတို့နားမှာရှိ
နေတာလို့ပြောတာပေါ့..."'
"'နေပါဦးမိုးရ...အဲ့ဒါနဲ့အခုကျွန်တော့်ကိုကာကွယ်ပေး
ချင်တာနဲ့...ဘယ်လိုပတ်သက်လို့လဲ"'
မိုးသံစဉ်ကဆက်မဖြေဘဲကော်ဖီကိုတစ်ငုံမော့သောက်
နေတယ်။ပြီးမှဆက်ပြောလာတယ်။
"'ဘာဖြစ်လို့လဲဆိုရင်...ရတုနွေဟာစိတ်ဝေဒနာခံစားနေ
ရတဲ့အပြင်သူ့အမေပြန်မွေးဖွားလာဖို့မောင့်ကိုအမြန်
လက်ထပ်ချင်နေလို့ပဲ"'
"'ဘယ်လို...ကျွန်တော်နားမလည်ဘူးမိုး"'
"'ရတုနွေရဲ့စိတ်ထဲမှာမောင်နဲ့လက်ထပ်ပြီးရင်ဒေါ်လှလွန်းယဉ်သူ့ဆီပြန်ဝင်စားမယ်လို့ထင်နေလို့ပဲမောင်"'
ကျွန်တော်မိုးသံစဉ်ကိုဒေါသထွက်သွားမိတယ်။မဟုတ်
ကဟုတ်ကဇာတ်လမ်းတွေဆင်ပြီးကျွန်တော့်ကိုအပိုင်
သိမ်းဖို့ကြိုးစားနေတာပဲ။သူဒီလိုပြောလိုက်တော့ကျွန်
တော့်ဘက်ကပိုသေချာသွားတာကောင်းသွားတယ်။
မိုးသံစဉ်နဲ့လက်ထပ်ဖို့မဖြစ်နိုင်တော့ဘူး။
"'မမိုးသံစဉ်...ဘာသဘောနဲ့ခုလိုပြောမှန်းကျွန်တော်
မသိဘူး...ကျွန်တော်ဒီကိုလာတယ်ဆိုတာရတုနွေ
ဆီကနေကျွန်တော့်ကိုကာကွယ်ပေးချင်တယ်ဆိုတာ
ဘာများလဲသိချင်တာရယ်..နောက်ပြီး...ကျွန်တော်နဲ့
ရတုအကြောင်းလည်းအကုန်သိထားပြီဆိုတော့ကျွန်တော့်မိဘတွေကိုမမိုးသံစဉ်ဘက်ကနေစေ့စပ်ပွဲဖျက်
သိမ်းတဲ့အကြောင်းပြောပေးဖို့အကူအညီလာတောင်း
တာပါ...ကျွန်တော်ရတုကိုလက်လွတ်မခံနိုင်ဘူး...
မမိုးသံစဉ်ပြောသလိုဆိုရတုအနားမှာကျွန်တော်ပိုပြီးရှိနေသင့်နေပြီ"'
"'မိုးမလုပ်နိုင်ဘူးမောင်..."'
"'ကျွန်တော်အကူအညီတောင်းနေတာပါဗျာ...ကျွန်
တော့်ကိုနားလည်ပေးပါမမိုးသံစဉ်"'
ကျွန်တော့်စိတ်ထဲမိုးသံစဉ်ပြောသလိုရတုနွေဟာစိတ်
ဝေဒနာခံစားနေရတယ်လို့မထင်ဘဲမိုးသံစဉ်ကိုယ်တိုင်
ကPsychoဖြစ်နေတယ်လို့ပဲထင်မိတယ်။
"'အင်းပေါ့လေ...ခုချိန်မှာမောင်ကမိုးပြောတာဘယ်
ယုံပါ့မလဲ..."'
"'ခဏလေးမမိုးသံစဉ်...ကျေးဇူးပြုပြီးကျွန်တော့်ကို
မောင်လို့မခေါ်လို့ရမလား..."'
ကျွန်တော့်လေသံမာနေတာကျွန်တော်ကိုယ်တိုင်သိပါ
တယ်။ဒါပေမယ့်ရတုနဲ့ကျွန်တော့်ကိုတမင်ခွဲတယ်ယူ
ဆမိတဲ့အတွက်မိုးသံစဉ်ကိုဒေါသထွက်ခဲ့ရတယ်။
နောက်ပြီးမိုးသံစဉ်ကိုယုံမိတဲ့အတွက်လည်းနောင်တ
ရတယ်။
"'တစ်နေ့ကြရင်...မိုးရဲ့စေတနာကိုနားလည်လာမှာပါ...
မောင့်ကိုမောင်လို့ပဲဆက်ခေါ်မယ်...စေ့စပ်ထားတာ
လည်းမဖျက်ပေးနိုင်ပါဘူး...အဲ့ဒီအတွက်မိုးကိုခွင့်
လွတ်ပါ...မောင်မယုံဘူးဆိုရင်..."'
"'တော်ပါတော့...မမိုးသံစဉ်...စေ့စပ်ထားတာမဖျက်
ပေးလည်းကျွန်တော့်ဖက်ကဖျက်တယ်ဗျာ...ကျွန်
တော်မမိုးသံစဉ်နဲ့နောက်ထပ်ပတ်သက်မှာမဟုတ်တော့
ဘူး...ဒီလိုပဲသိထားပေးပါ...ခွင့်ပြုပါဦး"'
ကျွန်တော့်ဒေါသတွေကိုချုပ်ထိန်းထားနေရင်းနဲ့ပေါက်
ကွဲမိသွားတယ်။မိုးသံစဉ်ကိုကျောခိုင်းပြီးထွက်လာတာ
နဲ့ကျွန်တော့်မျက်လုံးထဲမှာရတုကိုပဲမြင်ယောင်နေမိတော့
တာပဲ။
"'ကိုကို့ကိုခွင့်လွတ်ပေးပါရတုရယ်"'
ကျွန်တော်ကားကိုအရှိန်ပြင်းပြင်းမောင်းပြီးရတုရဲ့
အိမ်ကိုထွက်လာခဲ့တယ်။ရတုနဲ့ချစ်သူဖြစ်ခဲ့တဲ့(၁)
နှစ်ကျော်ကာလမှာရတုအိမ်ကိုတခါမှမရောက်ဖူးခဲ့
ဘူး။
ဘာလို့မရောက်ခဲ့ရလဲဆိုရင်ရတုကသူ့အိမ်မလာသေး
နဲ့လို့တောင်းဆိုထားတာကြောင့်ပဲ။ဒီနေ့တော့ကျွန်တော်
မရတော့ဘူး၊ရတုနဲ့တွေ့ရမှဖြစ်မှာ။
ခြံတံခါးမှာချိတ်ထားတဲ့လူခေါ်ခေါင်းလောင်းကိုတရစပ်
လှုပ်ရင်းရတုကိုအော်ခေါ်လိုက်တော့တယ်။သိပ်မကြာ
ဘူး၊အိမ်တံခါးပွင့်လာပြီးဝှီးချဲနဲ့ထွက်လာတဲ့ရတုအဖေ
ကိုတွေ့လိုက်ရတာပေါ့။
"'ရတုမရှိဘူး...ဘာကိစ္စလဲမောင်ရင်"'
ခပ်ပြတ်ပြတ်မေးလာတဲ့ရတုအဖေကြောင့်ခုနကဒေါသ
ထွက်နေတဲ့စိတ်ဟာငုပ်လျှိုးသွားပါရော။
"'ရတုနွေဘယ်အချိန်ပြန်ရောက်မလဲအန်ကယ်လ်..."'
"'မောင်ရင့်ကိုဘာကိစ္စလဲမေးနေတယ်လေ...ဘယ်
အချိန်ပြန်ပြန်မောင်ရင်နဲ့ဘာဆိုင်တုန်း"'
ရတုအဖေကလုဂွစာဖြစ်ပုံရတယ်လို့ကျွန်တော်နား
လည်လိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်တည့်အောင်ပေါင်း
ရမယ်လို့လည်းတွေးလိုက်မိတယ်။
"'ကျွန်တော်ရတုနဲ့အရေးကြီးကိစ္စပြောစရာရှိလို့ပါ
အန်ကယ်လ်...အန်ကယ်လ့်ကိုပြောပြလို့မရသေးလို့
ပါခင်ဗျ"'
ဘိုးတော်ကကျွန်တော့်ကိုလုံးဝမကြည်ပါဘူး။ခပ်စိမ်း
စိမ်းကြည့်လာတယ်။
"'ငါ့သမီးဘယ်အချိန်ပြန်ရောက်မလဲငါမသိဘူး...ငါ
တောင်မသိမှတော့မင်းလည်းပြန်သင့်ပြီမောင်ရင်"'
ပြောရင်းဝှီးချဲကိုပြန်ကွေ့ပြီးအထဲပြန်ဝင်သွားတယ်။
ကျွန်တော်ပြောတာတောင်ဆက်နားမထောင်သွားခဲ့ဘူး။
ကျွန်တော်လည်းခြံရှေ့ကားရပ်ပြီးကားပေါ်ကနေထိုင်
စောင့်ရုံကလွဲပြီးမတတ်နိုင်ဘူးပေါ့။
ရတုကိုစောင့်နေတာအချိန်တော်တော်ကြာနေပြီ။အရိပ်
အယောင်တောင်မမြင်ရသေးဘူး။အချိန်သေချာတွက်
ကြည့်ရင်(၃)နာရီလောက်တောင်ကြာနေပြီဗျ။
ဒီလောက်ကြာကြာအပြင်သွားတတ်တဲ့သူမဟုတ်မှန်း
ကျွန်တော်သိတယ်။ဒါဆိုရင်ရတုကအိမ်ထဲမှာပဲရှိရ
မှာကျိန်းသေနေပြီ။ကျွန်တော့်ကိုစိတ်နာပြီးထွက်မ
တွေ့တာပဲဖြစ်မယ်။
ကျွန်တော်လည်းနဂိုဒေါသကထွက်လာ၊ရတုကိုလည်း
လွမ်း၊ဒီတစ်ခါထပ်မဝေးနိုင်တော့ဘူးလေ။ဒါကြောင့်
ခြံတံခါးမှာချိတ်ထားတဲ့ခေါင်းလောင်းကိုလှုပ်ပြီးထပ်
ခေါ်ကြည့်လိုက်တယ်။
ခုနကလိုရတုအဖေထွက်မလာတော့ဘူး။ခေါင်းလောင်း
ဘယ်လောက်တီးတီး၊ဘယ်လောက်အော်အော်ထွက်
မလာတော့တာ။ဘေးအိမ်တွေကတောင်ထွက်ပြီးကွက်
ကြည့်၊ကွက်ကြည့်လုပ်နေကြတယ်။
အဲ့ဒီမှာရတုအိမ်အပေါ်ထပ်ကနေ'ဝုန်းဒိုင်း'ဆိုပြီး
တစ်ခုခုပစ်ချသံနဲ့အတူရန်ဖြစ်နေသံပါကြားလိုက်ရ
ရော။ကျွန်တော်လည်းစိတ်ပူသွားမိတယ်။ရတုကို
တွေ့ရမှစိတ်အေးရမှာ။ခနနေတော့အိမ်တံခါးပွင့်
လာပြီးရတုထွက်လာတော့ဝမ်းသာလုံးဆို့သွားမိတာ
ပေါ့ဗျာ။
"'ရတု...ကိုကို...ရတုကိုပြောစရာရှိလို့ပါ...ကိုကို့ကို
စိတ်မဆိုးပါနဲ့ကွာ...မလာလို့မဖြစ်လို့လာရတာပါ"'
ရတုကခါတိုင်းလိုပဲပြုံးပြနေတယ်။အဲ့ဒီအပြုံးကိုမြင်
မှစိတ်နည်းနည်းအေးသွားရတယ်။
"'အိမ်ထဲဝင်လေ...ကိုကို"'
ရတုမျက်နှာလေးနည်းနည်းချောင်သွားတာကိုသတိ
ထားမိလိုက်တယ်ဗျ။ကျွန်တော်ကိုယ့်ကိုကိုယ့်ဒေါသ
ထွက်လို့မဆုံးဘူး။ကျွန်တော့်ကြောင့်အားလုံးစိတ်ဆင်း
ရဲရပြီ။
"'လာ...ကိုကို...ထိုင်"'
အိမ်ထဲဝင်ဝင်ချင်းအပေါက်ဝတည့်တည့်မှာချိတ်ဆွဲ
ထားတဲ့ပန်းချီကားကြောင့်တွန့်ခနဲတစ်ချက်ဖြစ်သွား
မိတယ်။အမျိုးသမီးတစ်ယောက်ကသူ့ရင်ဘတ်ရှေ့
တည့်တည့်မှာပန်းစည်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးရပ်
နေတဲ့ပုံ။
အဝတ်အစားပုံစံကတော့ကျွန်တော်တို့အမေခေတ်က
ဆင်ယင်ထုံးဖွဲ့မှုမျိုးပဲ။အနက်ခံပေါ်အဖြူဖောက်ထား
တဲ့ချိတ်ထမိန်နဲ့အင်္ကျီအဖြူရင်စေ့ခါးတိုဝတ်ထားတယ်။
ရင်ဘတ်ပေါ်ကပန်းစည်းဟာအနီတောက်တောက်အ
ရောင်ဖြစ်နေတာကကြည့်ရတာတစ်မျိုးဆန်းနေတော့
ငေးကြည့်လိုက်မိတယ်။
အထူးခြားဆုံးကတော့ပန်းချီကားထဲကအမျိုးသမီးရဲ့
မျက်လုံးပဲ။သိပ်တော်တဲ့ပန်းချီဆရာလို့ကျွန်တော့်စိတ်
ထဲချီးကျူးလိုက်မိတဲ့အထိပေါ့။
သူ့ရဲ့မျက်လုံးတွေကအသက်ဝင်လိုက်တာဗျာ။အဲ့ဒီ
အမျိုးသမီးကျွန်တော့်ရှေ့လာရပ်နေသလိုကိုအသက်
ဝင်နေတာ။
"'ရတုမေမေရဲ့ပုံလေကိုကို"'
ကျွန်တော်သေချာစိုက်ကြည့်နေလို့ထင်ပါတယ်၊ရတု
ကပြောပြရင်းပန်းချီကားနားတိုးကပ်သွားတယ်။ပြီး
တော့အဲ့ဒီအမျိုးသမီးပန်းကိုင်ထားတဲ့လက်ကိုတို့ထိ
နေတယ်။
"'သမီးချစ်သူပါမေမေ"'
ရတုကပန်းချီကားထဲကသူ့အမေကိုသက်ရှိထင်ရှား
ရှိနေတဲ့သူလိုပြောလိုက်တာကြောင့်ကျွန်တော်တအံ့
တဩနဲ့ရတုကိုကြည့်လိုက်မိပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory