ဆယ်‌ကျော်သက်လူငယ်များ သတိထားသင့်သည့် လိမ်လည်မှုများ ...
lotaya.mpt.com.mm
|
2021-10-25

ကျနော်တို့ကမ္ဘာကြီးကားရိုးသားသူတွေအများအပြားရှိသလိုလိမ်လည်သူတွေလည်းအများအပြားရှိကြတယ်။ဒါကြောင့်ကျနော်တို့ဟာရိုးသားသူတွေနဲ့ဆုံတွေ့ရတဲ့အခါပြဿနာမရှိပေမဲ့လိမ်လည်လှည့်ဖျားသူတွေနဲ့ဆုံတွေ့ရတဲ့အခါဘဝမှာဆုံးရှုံးနစ်နာစရာတွေကြုံတွေ့လာရတတ်တယ်။ဒါကိုကာကွယ်နိုင်ဖို့ဆိုရင်ကျနော်တို့ဟာလူတွေရဲ့လိမ်လည်လှည့်ဖျားမှုပုံစံတွေကိုသိရှိထားဖို့လိုအပ်တယ်။အထူးသဖြင့်ဘဝအတွေ့အကြုံမကြွယ်ဝ‌သေးတဲ့ဆယ်ကျော်သက်လူငယ်တွေအတွက်ပိုလို့တောင်လိုအပ်တယ်။ဘာဖြစ်လို့လည်းဆိုတော့ကျနော့်မျက်မြင်မှာတင်အချို့လူငယ်လေးတွေဟာဘဝအနာဂတ်တွေရိုက်ချိုးခံလိုက်ရတဲ့အထိအလိမ်ခံရပြီးဆုံးရှုံးသွားတာတွေမြင်တွေ့ရတာကြောင့်ပါပဲ။လူငယ်တွေဆိုတာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတတ်ကြသလိုအရာရာကိုမြန်မြန်ဆုံးဖြတ်လေ့ရှိတာကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်တွေမှန်သွားခဲ့ရင်လည်းတိုးတက်မှုကတဟုန်ထိုးဖြစ်ပြီးဆုံးဖြတ်ချက်တွေမှားသွားခဲ့ရင်အနာဂတ်တွေပျောက်တဲ့အထိတောင်ဆုံးရှုံးနစ်နာသွားတတ်တာကြောင့်ပါ။

လူလိမ်တွေကလည်းများသောအားဖြင့်ဆယ်ကျော်သက်လူငယ်တွေကိုပစ်မှတ်ထားလေ့ရှိတယ်။အထူးသဖြင့်ဒီဘက်ခေတ်မှာဆိုရင်အဖွဲ့အစည်းကြီးတွေနဲ့ကိုယုတ္တိရှိရှိလိမ်လည်တာမျိုးတွေတွေ့လာရတယ်။ဒါတွေကိုရှောင်ရှားနိုင်ဖို့ဆိုရင်ကျနော်တို့ဟာလိမ်လည်လှည့်ဖျားတွေကိုသိရှိထားဖို့လိုအပ်ပါတယ်။ဒီဆောင်းပါးမှာလိမ်လည်လှည့်ဖျားနည်းတွေကိုဗဟုသုတအနေနဲ့ဖော်ပြပေးသွားမှာဖြစ်ပြီးအပြည့်စုံဆုံးမဟုတ်တောင်သိသင့်သိထိုက်တာတွေတော့ပါဝင်နေမှာပါ။

အလုပ်အကိုင်ဗန်းပြပြီးလိမ်လည်ခြင်း

လူငယ်တွေအတွက်ဝါသနာပါရာအလုပ်အကိုင်နဲ့ဝင်ငွေရရှိမှုဟာသိပ်ကိုမက်မောစရာကောင်းတဲ့အခြေအနေတစ်ခုပါ။ဒီလိုအခြေအနေကိုအသုံးချပြီးလိမ်လည်သူတွေဟာဆယ်ကျော်သက်လူငယ်တွေကိုပစ်မှတ်ထားလေ့ရှိပါတယ်။အထူးသဖြင့်ဒါတွေကအွန်လိုင်းပေါ်မှာအများဆုံးတွေ့ရတဲ့လိမ်လည်မှုမျိုးပါ။သူတို့ကလစာကောင်းကောင်းနဲ့ကုမ္မဏီကြီးကြီးတွေနဲ့ဗန်းပြပြီးလူငယ်တွေကိုဆွဲဆောင်တယ်။ပြီးရင်အလုပ်အတွက်လိုအပ်တာတွေဝယ်ဖို့၊သင်တန်းတွေတက်ဖို့ပိုက်ဆံတွေကြိုတောင်းလေ့ရှိတယ်။တစ်ဖက်မှာကလည်းမက်မောလောက်စရာအလုပ်အကိုင်ကရှိနေတာကြောင့်လူငယ်တွေဟာအဲဒီအတွက်ငွေတွေကြိုလွှဲတာမျိုးလုပ်လေ့ရှိတယ်။အဲဒါဟာအထူးသတိပြုရမယ့်အချက်ပါပဲ။ဘာဖြစ်လို့လည်းဆိုတော့သူတို့ရဲ့လိမ်လည်နည်းကယုတ္တိရှိလွန်းတာကြောင့်ပါ။ကျနော်တို့ကိုယ်တိုင်လည်းအလုပ်တစ်ခုသွားလျှောက်တဲ့အခါအလုပ်ကလိုအပ်တဲ့သင်တန်းတွေ၊ပစ္စည်းတွေကိုကိုယ့်ပိုက်ဆံနဲ့ကိုယ်စိုက်ဝယ်ရတာမျိုးတွေရှိတတ်ပါတယ်။ဒါပေမဲ့အွန်လိုင်းပေါ်မှာတော့အဲဒါတွေကသတိထားရပါတယ်။တစ်ဖက်ကဘယ်လောက်ထိယုံကြည်ရသလဲ၊ဘယ်လောက်ထိခိုင်မာလဲဆိုတာကိုဆန်းစစ်ကြည့်ဖို့လိုပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်ကကျနော့်သူငယ်ချင်းတစ်ယောက်ဟာအွန်လိုင်းကနေအလုပ်တစ်ခုတွေ့လို့အီးမေးလ်ပို့ပြီးအလုပ်လျှောက်လိုက်တယ်။လစာကလည်းကောင်း၊ဝါသနာပါတဲ့အလုပ်လည်းဖြစ်လို့သူ့ဘက်ကဒီအလုပ်ကိုတော်တော်လေးလိုချင်တယ်။အဲဒီအချိန်မှာတစ်ဖက်ကအကြောင်းပြန်လိုက်တာက...ဒီအလုပ်ကိုမင်းလိုချင်ရင်ပိုက်ဆံဆယ်သိန်းအရင်သွင်းရမယ်လို့ပြောတယ်။အဲဒီဆယ်သိန်းသွင်းပြီးရင်မင်းအတွက်ကုမ္မဏီဝတ်စုံ၅စုံ၊လက်တော့တစ်လုံးပေးမယ့်အပြင်ကုမ္မဏီအတွက်လိုအပ်တဲ့သင်တန်းကိုတက်ရောက်ခွင့်ရမယ်လို့ပြောတယ်။အဲဒါတွေပြည့်စုံပြီးရင်တော့ကုမ္မဏီက၂နှစ်စာချုပ်နဲ့အလုပ်ခန့်မယ်လို့ ပြောတယ်။ပထမတော့ကျနော့်သူငယ်ချင်းကသိပ်မယုံရဲတာကြောင့်လူချင်းတွေ့ပြီးစကားပြောပြီးမှပိုက်ဆံလွှဲပေးမယ်ဘာညာပြောတော့တစ်ဖက်ကကုမ္မဏီရုံးခန်းတစ်ခုမှာချိန်းလိုက်တယ်။လူချင်းတွေ့တာရယ်၊ကုမ္မဏီရုံးခန်းထဲအထိတောင်ရောက်ခဲ့တာရယ်ကြောင့်ကျနော့်သူငယ်ချင်းကယုံကြည်ပြီးပိုက်ဆံကိုသူတို့ပြောတဲ့ဆီလွှဲလိုက်တယ်။ပိုက်ဆံလွှဲပြီးတော့တောင်မှသင်တန်းကိစ္စဆွေးနွေးမယ်ဆိုပြီးရုံးခန်းကိုနောက်တစ်ခါထပ်ခေါ်လိုက်သေးတယ်။အဲဒီအချိန်မှာကုမ္မဏီကဝတ်စုံငါးစုံနဲ့၃သိန်းတန်လက်တော့တစ်လုံးပြန်ပေးလိုက်တယ်။အဲဒီတော့ကျနော့်သူငယ်ချင်းကအပြည့်အဝကိုယုံကြည်သွားတယ်။ဒါပေမဲ့အဲဒီနောက်ပိုင်းမှာတော့တစ်ဖက်ကသူ့ကိုလုံးဝမဆက်သွယ်တော့ဘူး။ဖုန်းဆက်တော့လည်းဖုန်းပိတ်ထားတယ်။အဲဒါနဲ့ရုံးခန်းကိုသွားကြည့်တဲ့အခါရုံးခန်းကပိတ်ထားတယ်။အနီးအနားမှာစုံစမ်းကြည့်တော့အခန်းကိုပြန်အပ်သွားတာမကြာသေးဘူးလို့ဆိုတယ်။ဆိုရရင်ဝတ်စုံ၅စုံနဲ့လက်တော့တလုံးပြန်ပေးခဲ့တာ‌တောင်ကျေးဇူးတင်ရမလိုပါပဲ။ကျနော့်သူငယ်ချင်းလည်းတော်တော်လေးစိတ်ဓာတ်ကျသွားတယ်။အကွက်ကျကျကိုအလိမ်ခံလိုက်ရတာဆိုရမယ်။ဆိုရရင်တစ်ချိန်တုန်းကနိုင်ငံခြားပို့ပေးမယ်ဆိုပြီးလိမ်တဲ့အေးဂျင့်တွေလိုပါပဲ။သူတို့ကတော့ဒီဘက်ခေတ်မှာအွန်လိုင်းပေါ်တက်ပြီးလိမ်တဲ့သဘောမျိုးပေါ့။

ဒါကြောင့်လူငယ်တွေအနေနဲ့အွန်လိုင်းပေါ်ကမက်မောလောက်ဖွယ်ရာအလုပ်ကိုင်တွေကိုတွေ့ရင်သတိလေးထားပြီးချဉ်းကပ်ကြဖို့လိုပါတယ်။မလိုအပ်ဘဲငွေကြိုလွှဲတာမျိုးတွေကိုရှောင်ရှားဖို့လိုပြီးတစ်ယောက်တည်းဖြေရှင်းတာမျိုးတွေကိုလည်းမလုပ်သင့်ပါဘူး။ကုမ္မဏီနဲ့ပတ်သက်တဲ့အထောက်အထားတွေကိုနားလည်တတ်ကျွမ်းသူတွေဆီမှာပြောပြအကြံဉာဏ်တောင်းသင့်ပါတယ်။နောက်ပြီးတော့လူလိမ်တွေဟာဇာတ်လမ်းအမျိုးမျိုးဆင်ပြီးလိမ်တတ်တာကြောင့်အခုကျနော်ပြောပြပေးခဲ့တဲ့ပုံစံနဲ့ထပ်တူကျတဲ့လိမ်နည်းမျိုးမဟုတ်တောင်အလားတူပုံစံမျိုးလေးတွေဆိုရင်သတိထားမိလို့ရအောင်လို့ပါ။

အွန်လိုင်းရောင်းချသူလိမ်လည်မှုများ

ဒါကတော့ကျနော်တို့မြန်မာပြည်သူတွေနဲ့သိပ်မစိမ်းတဲ့လိမ်လည်မှုမျိုးပါ။လိုင်းပေါ်မှာပြထားတာတစ်မျိူး၊ရောက်လာတော့တစ်မျိုးဖြစ်တတ်ကြတယ်။အဲဒါကြောင့်အခုနောက်ပိုင်းအွန်လိုင်းပေါ်မှာအရောင်းအဝယ်ပြုလုပ်သူအများစုတွေဟာငွေကြိုတင်ချေတာမျိုးမလုပ်ကြတော့ဘဲပစ္စည်းရောက်ငွေချေတဲ့ပုံစံမျိုးတွေလုပ်လာကြတယ်။နောက်ပြီးတော့အခုနောက်ပိုင်းမှာလူတွေကသတိထားမိသွားတာကြောင့်ပေ့ချ်အတုတွေကရောင်းတာတွေကိုသတိထားရှောင်ရှားနိုင်လာကြတယ်။ဒါတွေကရောင်းချသူဘက်ကလိမ်လည်မှုမျိုးတွေပေါ့။အခုဆိုရင်ရောင်းတဲ့သူတွေဘက်ကတော်တော်လေးမှန်ကန်လာတာကိုတွေ့လာရပြီးနောက်မှာနောက်ထပ်သတိမထားမိတဲ့လိမ်နည်းတစ်မျိုးရှိပါသေးတယ်။အဲဒါကတော့ပစ္စည်းရောက်ငွေချေဆိုတဲ့အတိုင်းပစ္စည်းတွေမှာယူပြီးငွေမချေတာမျိုးနဲ့ပြန်အမ်းငွေမျိုးတွေကြိုတင်တောင်းတာမျိုးတွေရှိလာတတ်ပါတယ်။အဲဒါကရောင်းချသူတွေအတွက်နစ်နာမှုတွေပေါ့။ကိုယ့်ဘက်ကတော့ပစ္စည်းကိုပေးလိုက်ပြီးဟိုဘက်ကိုပစ္စည်းရောက်တဲ့အခါမျိုးမှာငွေမလွှဲတာမျိုးပေါ့။နောက်ပြီးတော့အဲဒီလိုလိမ်လည်မှုမျိုးတွေမှာများသောအားဖြင့်ပစ္စည်းကိုကြားခံတစ်နေရာရာမျိုးမှာချိန်းဆိုပြီးနောက်ထပ်ကြားခံလူတစ်ယောက်ကိုအသုံးပြုတတ်ကြတယ်။ဥပမာ-မောင်ဖြူကငါးသိန်းတန်ပစ္စည်းတစ်ခုကိုမှာယူပြီးကော်ဖီဆိုင်တစ်ဆိုင်ဖြစ်ဖြစ်၊ကုန်တိုက်တစ်ခုမှာဖြစ်ဖြစ်ချိန်းဆိုလိုက်ပြီးသူလာယူခိုင်းတဲ့မောင်နီကိုပစ္စည်းပေးလိုက်ပါသူအခုပဲငွေလွှဲပေးလိုက်မယ်ဆိုပြီးမောင်နီဆီပစ္စည်းရောက်သွားချိန်မှာငွေမလွှဲတော့တာမျိုးပေါ့။ဒါတွေကသတိမထားရင်ခံလိုက်ရမယ့်အကွက်မျိုးပါ။အွန်လိုင်းပေါ်ကဖြစ်တဲ့အတွက်လိမ်လည်သွားသူကိုရှာဖွေရခက်သလိုရောင်းချတဲ့ဘက်ကဝန်ထမ်းဖြစ်နေမယ်ဆိုရင်ကိုယ့်ရဲ့လစာလေးတွေထိခိုက်နစ်နာသွားနိုင်ပါတယ်။ဒါကြောင့်ဒီလိုကိစ္စမျိုးတွေမှာအားနာလို့မရသလိုတိတိကျကျလုပ်ဆောင်ဖို့လိုပါတယ်။အကောင်းဆုံးကတော့ပစ္စည်းမှာယူသူရဲ့အိမ်ဖြစ်ဖြစ်၊ဆိုင်ဖြစ်ဖြစ်ကိုပဲသွားပို့ပြီးပစ္စည်းရောက်ပြီးချက်ချင်းငွေတစ်ခါထဲလွှဲခိုင်းတာမျိုးကစိတ်အချရဆုံးပါ။အွန်လိုင်းပေါ်မှာဘယ်သူ့ကိုမှအပြည့်အဝယုံကြည်လို့မရပါဘူး။

ပညာသင်ဆုနဲ့ပတ်သက်သောလိမ်လည်မှုများ

ဒါကိုတော့ကျနော်ကိုယ်တွေ့ကြုံဖူးခြင်းမရှိသေးသလိုတဆင့်စကားဖြင့်လည်းကြားဖူးခြင်းမရှိသေးပါ။ဒါပေမဲ့အခြားနိုင်ငံတွေမှာတော့ဖြစ်လေ့ရှိပုံရပါတယ်။သူကလည်းခုနကအလုပ်အကိုင်နဲ့ပတ်သက်တဲ့လိမ်လည်မှုလိုမျိုးပါပဲ။ပေ့ချ်အတုတွေကနေပညာတော်သင်ဆုနဲ့ပတ်သက်တဲ့ကံစမ်းမှုတွေနဲ့လူတွေကိုဆွဲဆောင်လိမ့်မယ်။အချို့ကလည်းအပျော်သဘောမျိုးကံစမ်းရာကနေအလိမ်ခံရတာရှိသလိုအချို့ကလည်းတကယ်ကိုယုံကြည်ပြီးကံစမ်းတာမျိုးတွေလည်းရှိကြတယ်။ပြီးရင်တော့အောက်ပါစာသားပုံစံမျိုးတွေနဲ့သင့်ကိုဆက်သွယ်လာနိုင်ပါတယ်။

“ဂုဏ်ယူပါတယ်သင်ပညာတော်သင်ဆုအတွက်ကံထူးပါပြီသင်လုပ်ရမှာကမင်းရဲ့ကိုယ်ရေးကိုယ်တာနဲ့ငွေကြေးဆိုင်ရာအချက်အလက်တွေကိုပေးပါ”ဆိုပြီးဆက်သွယ်လာနိုင်ပါတယ်။အဲဒီအါမျိုးမှာကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ငွေကြေးဆိုင်ရာအချက်အလက်တွေကိုအလွယ်တကူမ‌ပေးလိုက်ဖို့လိုပါတယ်။ဒါဟာလိမ်လည်မှုဖြစ်နိုင်ခြေရှိပါတယ်။သတိထားဖို့လိုပါတယ်။နောက်ပိုင်းမှာဘာဖိုးညာဖိုးဆိုပြီးပိုက်ဆံတွေတောင်းလာနိုင်ပါတယ်။

ကျနော်တို့ဆီမှာတော့ပညာတော်သင်ဆုနဲ့လိမ်ညာတာမျိုးမဟုတ်ဘဲအဲဒီလိုအလားတူပုံစံမျိုးဖုန်းဆက်ပြီးလိမ်ညာတာမျိုးတွေခဏခဏကြားခဲ့ဖူးမှာပါ။ကျနော်ကိုယ်တိုင်လည်းကိုယ်တွေ့ကြုံခဲ့ဖူးလို့ပါ။တစ်ခါကကျနော့်ဆီကိုဖုန်းနံပတ်အစိမ်းတစ်ခုဝင်လာပြီးဘယ်ဆရာတော်ကြီးရဲ့အိပ်မက်အရသူဟာကြုံရာဖုန်းနံပတ်တစ်ခုကိုနှိပ်ပြီးကံထူးရှင်ရှာဖွေတဲ့အကြောင်း၊အခုသားဟာကံထူးရှင်ဖြစ်သွားတဲ့အကြောင်း၊ရှေးရေစက်အရသားနဲ့အဘဟာသာဿနာအကျိုးတွေအတူတူဆောင်ရွက်လို့ရကြောင်း၊အစရှိသဖြင့်ဘာသာရေးတွေ၊ဂမ္ဘီရတွေနဲ့ပတ်သက်ပြီးရွှန်းရွှန်းဝေအောင်ပြောဆိုပြီးသားအတွက်အဘကသိန်း၂၀တိတိကိုပေးမှာဘာညာပြောတာပေါ့။ဒါပေမဲ့အဲဒီသိန်း၂၀ကို‌‌ပေးဖို့အတွက်သားဘက်ကနေအရင်ဆုံးငွေ၁သိန်းတော့ပြန်လွှဲပေးရလိမ့်မယ်။အဲဒီငွေ၁သိန်းဟာလည်းသားရဲ့ပိုက်ဆံဖြစ်ဖို့လိုတယ်။အဘကအဲဒီ၁သိန်းနဲ့အဘပိုက်ဆံနဲ့ပေါင်းပြီးဘယ်ဘုရားမှာတော့အဓိဌာန်ပြီးလှုမှာဖြစ်ကြောင်း၊အဘကအဓိဌာန်ပြီးတာနဲ့သားဆီကိုသိန်း၂၀လွှဲပေးမှာဖြစ်ကြောင်းပြောဆိုတယ်။ပြောရရင်ချိုချိုသာသာနဲ့ထောင့်စေ့အောင်ကိုပြောတာ။အချို့တွေယုံပြီး၁သိန်းလွှဲလိုက်လို့ကတော့ပလုံပြီသာမှတ်ပေတော့။ဒါကကျနော်ဆီကိုလာတဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့။အဲဒီလိုဇာတ်လမ်းပေါင်းမြောက်များစွာနဲ့လိမ်လည်မှုတွေအများအပြားရှိကြတယ်။အချို့တွေလည်းအယုံလွယ်ပြီးပါသွားတဲ့သူတွေရှိတယ်။ပါတဲ့သူတွေကိုပါသွားရကောင်းလားလို့အပြစ်မတင်ချင်ပါဘူး။အချို့ကဒါမျိုးကြုံမှမကြုံဖူးဘဲကိုး။နောက်ပြီးတော့ကျနော်တို့ဆီမှာနည်းပညာကလည်းရောက်တာနောက်ကျပြီးအကျွမ်းဝင်မှုသိပ်မရှိ‌တာကြောင့်ဒီလိုလိမ်လည်မှုတွေရဲ့သားကောင်တွေထဲမှာရိုးသားတဲ့အသက်ကြီးပိုင်းတွေအများစုပါဝင်လေ့ရှိတယ်။ဘယ်လိုကံထူးမှုမျိုးကမှပိုက်ဆံကြိုလွှဲစရာမလိုပါဘူး။ဒါလေးကိုမှတ်ထားဖို့လိုပါတယ်။အခုနောက်ပိုင်းတော့အဲဒီအသံတွေသိပ်မကြားရတော့ပါဘူး။အလိမ်ခံရတဲ့သူတော်တော်များများကလည်းသူတို့ရဲ့အတွေ့အကြုံတွေကိုပြောပြဝေမျှဖို့သင့်ပါတယ်။

နောက်ထပ်အွန်လိုင်းပေါ်မှာလိမ်လည်နည်းပေါင်းများစွာလည်းရှိကြပါသေးတယ်။ဆယ်ကျော်သက်မိန်းကလေးတွေကိုအလှကုန်ပစ္စည်းတွေဗန်းပြပြီးလိမ်လည်တာမျိုးကစလို့၊နှလုံးသားရေးရာကိစ္စတွေနဲ့လိမ်လည်တာမျိုးတွေလည်းရှိကြပါသေးတယ်။တစ်ခါတုန်းကဆိုရင်ကျနော့်သူငယ်ချင်းရဲ့အဒေါ်ဟာအွန်လိုင်းပေါ်ကချစ်သူတစ်ယောက်ရခဲ့တယ်။သူဟာအပြင်မှာတစ်ခါမှမမြင်ဖူးသေးတဲ့ချစ်သူကိုအယုံကြည်လွန်ပြီးသိန်း၅၀ထိလွှဲပေးမိတာမျိုးဖြစ်ခဲ့ဖူးတယ်။နောက်တော့ကောင်လေးအယောင်ဆောင်လူလိမ်ဟာအွန်လိုင်းပေါ်ကခြေရာဖျောက်ပြီးပြေးသွားတယ်။ဒီကိစ္စမှာအချို့ကတော့ဒါဟာလိမ်လည်မှုမြောက်ချင်မှမြောက်ပါလိမ့်မယ်လို့ဆိုကြလိမ့်မယ်။ဘာဖြစ်လို့လည်းဆိုတော့ကိုယ့်ချစ်သူကိုကိုယ်ကျေနပ်လို့ငွေပေးတယ်ဆိုတာလိမ်လည်မှုမြောက်ချင်မှမြောက်မှာပေါ့။ဒါပေမဲ့ကျနော့်သူငယ်ချင်းအဒေါ်ရဲ့ပြောပုံအရတော့အဲဒီသိန်း၅၀ဟာဒီအတိုင်းကျေနပ်လို့ပေးလိုက်တဲ့ပိုက်ဆံမဟုတ်ဘဲစီးပွားရေးစပ်တူလုပ်မယ်လို့ယုံကြည်လောက်အောင်ပြောပြီးချေးယူသွားခဲ့တာပါ။ဒီကိစ္စမျိုးတွေမှာနှလုံးသားရေးရာကိစ္စမျိုးတွေပါတဲ့အတွက်ခံလိုက်ရသူအများစုကမျိုသိပ်ပြီးပဲနေလိုက်ကြလေ့ရှိတယ်။ဒါလေးကိုလည်းသတိထားဖို့လိုပါတယ်။ဘယ်လောက်ချစ်ချစ်အွန်လိုင်းပေါ်မှာဆိုရင်တော့အယုံမလွယ်ဖို့လိုပါတယ်။ပထမဆုံးချိန်းတွေ့တဲ့အချိန်တွေဘာတွေမှာလည်းလူမြင်ကွင်းလိုနေရာမျိုးတွေမှာပဲချိန်းတွေ့သင့်ပါတယ်။အချို့ကကိုယ့်ကိုတကယ်ချစ်တာဖြစ်နိုင်သလိုအချို့ကတော့ကိုယ့်ဆီကတစ်ခုခုလိုချင်ပြီးလိမ်လည်ဖို့ချဉ်းကပ်လာတာမျိုးဖြစ်နိုင်ပါတယ်။ဒါကတော့ဆယ်ကျော်သက်မိန်းကလေးတွေအပြင်ယောကျ်ားလေးတွေလည်းသတိထားဖို့ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ဒီဘက်ခေတ်မှာဆယ်ကျော်သက်မိန်းကလေးတွေမှမဟုတ်ဘဲယောကျ်ားလေးတွေလည်းလိမ်လည်သူတွေအတွက်သားကောင်ဖြစ်နေလို့ပါပဲ။အဲဒါကြောင့်တစ်ခုခုကိုဆုံးဖြတ်တော့မယ်ဆိုရင်စိတ်ချယုံကြည်ရသူတွေနဲ့တိုင်ပင်ဖို့လိုပါတယ်။

အွန်လိုင်းမဟုတ်ဘဲအပြင်မှာလည်းကျနော်တို့ကြုံတွေ့ဖူးတဲ့လိမ်လည်ခြင်းတွေအများအပြားရှိတတ်ကြပါသေးတယ်။ကမ္ဘာပေါ်မှာလည်းမရိုးနိုင်တဲ့ဇာတ်လမ်းတွေနဲ့လိမ်လည်မှုတွေဟာယခုအချိန်တိုင်ရှင်သန်နေဆဲပါပဲ။ဘာဖြစ်လို့လည်းဆိုတော့လူသတ်တာ၊ဓါးပြတိုက်တာ၊ခိုးတာတွေထက်လိမ်လည်မှုဟာညင်သာပြီးအကျိုးအမြတ်အများကြီးရလို့ပါပဲ။ကျနော်တို့တွေဟာတချိန်မဟုတ်တချိန်မှာတော့လိမ်လည်သူတွေရဲ့သားကောင်ဖြစ်နိုင်ပါတယ်။အထက်မှာဆိုခဲ့သလိုလိမ်လည်သူတွေရဲ့ပစ်မှတ်ဟာဆယ်ကျော်သက်လေးတွေနဲ့လောဘကြီးသူတွေကိုအဓိကထားပြီးလိမ်လည်လေ့ရှိကြတယ်။ကျနော်တို့ခပ်ငယ်ငယ်ကကြားဖူးတဲ့လိမ်လည်မှုတစ်ခုဆိုရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။သူဟာတံဆိပ်ခေါင်းအတုတွေ၊စာရွက်စာတမ်းအတုတွေနဲ့ခြံတစ်ကွက်ကိုအကွက်ကျကျလိမ်လည်ရောင်းချသွားတာပါ။အဲဒီခြံကွက်ရဲ့တကယ့်ပိုင်ရှင်ကအဲဒီလမ်းထဲမှာတင်ရှိနေတာဖြစ်ပြီးတကယ့်ကိုလက်တစ်လုံးခြားလုပ်သွားတာပါ။

ဖြစ်ပုံက...အဲဒီခြံကိုခြံပိုင်ရှင်ကအရောင်းတင်ထားလိုက်တယ်။သုံးလေးရက်လောက်ကြာတော့လူတစ်ယောက်ရောက်လာတယ်။ဒီခြံကိုသူ့သူဌေးကကြိုက်တဲ့အကြောင်းနဲ့ဈေးနှုန်းလာစုံစမ်းတာဖြစ်ကြောင်းပြောတယ်။အဲဒါနဲ့ခြံပိုင်ရှင်ကရောင်းနိုင်တဲ့ဈေးနှုန်းကိုပြောပြလိုက်တယ်။နောက်သုံးလေးရက်လောက်နေတော့အဆိုပါလူထပ်ရောက်လာပြီးသူ့သူဌေးကဈေးနှုန်းကိုသဘောကျကြောင်း၊လောလောဆယ်ငွေမချေနိုင်သေးကြောင်းစရံငွေကိုချထားခဲ့ချင်ကြောင်း၊ဒီလကုန်တာနဲ့ငွေအကြေချေချင်ကြောင်းပြောကြားခဲ့တယ်။အဲဒါနဲ့ခြံပိုင်ရှင်ကလည်းသဘောတူလိုက်တာပေါ့။အဲဒီအထိလုပ်ငန်းစဉ်တွေကရိုးရှင်းနေဆဲပဲ။ဒါပေမဲ့နောက်တစ်ပတ်လောက်အကြာမှာတော့အဆိုပါလူထပ်ရောက်လာတယ်။သူ့သူဌေးကစာရွက်စာတမ်းစုံမစုံမေးခိုင်းလိုက်ကြောင်း၊ဖြစ်နိုင်ရင်အိမ်ဂရမ်နဲ့ပိုင်ဆိုင်မှုစာချုပ်ကိုသူ့သူဌေးကိုခဏလောက်ပြချင်ကြောင်းလာပြောတယ်။ခြံပိုင်ရှင်ကတော့အဲဒီစာရွက်စာတမ်းတွေကိုပေးလိုက်ဖို့မဖြစ်ကြောင်းပြောတော့အဆိုပါလူကဒါဆိုလည်းခင်ဗျားတို့အဲဒီစာရွက်စာတမ်းလေးယူပြီးကုမ္မဏီကိုခဏလေးလိုက်ပြီးပြပေးဖို့ထပ်တောင်းဆိုပြန်တယ်။ခြံပိုင်ရှင်ကလည်းအားနာသွားတာနဲ့စာရွက်စာတမ်းတွေကိုင်ပြီးကုမ္မဏီကိုလိုက်သွားခဲ့တယ်။ကုမ္မဏီရောက်တော့ခြံပိုင်ရှင်ရဲ့လက်ထဲကစာရွက်စာတမ်းတွေကိုသူဌေးဆိုသူကသေချာကြည့်တယ်။ဆိုရရင်လူကြီးလူကောင်းဆန်ဆန်၊ဟိတ်ဟန်အပြည့်ရှိတဲ့ကုမ္မဏီသူဌေးရဲ့ပုံစံကြောင့်ခြံပိုင်ရှင်ကလည်းယုံကြည်စိတ်ချသွားတယ်။သူဌေးဆိုသူကခြံပိုင်ရှင်ကိုသူကမကြာခင်မှာနိုင်ငံခြားခရီးစဉ်တစ်ခုရှိ‌ကြောင်း၊လတ်တလောလက်ကျန်ငွေကိုအကျေချေဖို့အတွက်ရက်နည်းနည်းလောက်‌စောင့်ပေးရမှာဖြစ်ကြောင်း၊အဲဒါကြောင့်လက်ရှိမှာအရောင်းအဝယ်စာချုပ်မှာတစ်ခုလုပ်ပြီးအရင်စာချုပ်ချုပ်ထားချင်ကြောင်း၊စာချုပ်တွေကိုလည်းခြံပိုင်ရှင်ပဲယူထားပြီးငွေချေတဲ့ Date ကိုလည်းအလွတ်လေးထားပြီးငွေချေတဲ့နေ့ကြမှထည့်လိုက်မယ်ဆိုပြီးပြောတယ်။ခြံပိုင်ရှင်လည်းအတန်ငယ်စဉ်းစားပြီးနောက်သူ့အတွက်အရှုံးမရှိဘူးလို့ယူဆလိုက်တယ်။အဲဒါနဲ့အသိသက်သေနှစ်ယောက်ခေါ်ပြီးသူဌေးရဲ့ရုံးခန်းထဲမှာအရောင်းအဝယ်စာချုပ်လုပ်လိုက်တယ်။ပြီးတော့စာချုပ်တွေအားလုံးကိုသူဌေးဆိုသူကခြံပိုင်ရှင်ကိုပေးလိုက်ပြီးသူ့တပည့်ငွေလာပေးတဲ့နေကြမှဂရမ်တွေရော၊စာချုပ်တွေရော‌ပေးလိုက်ပါပေါ့။

ပြီးတော့သူဌေးဆိုသူကလာပါကော်ဖီသွားသောက်ကြရအောင်ပွဲဖြစ်တဲ့အထိမ်းအမှတ်နဲ့ပေါ့ဆိုပြီးခြံပိုင်ရှင်ကိုကော်ဖီဆိုင်ကိုခေါ်သွားတယ်။အဲဒါနဲ့ကော်ဖီဆိုင်ကိုရောက်တော့ခြံပိုင်ရှင်ကလက်ထဲကစာရွက်စာတမ်းတွေကိုကိုင်ပြီးဆင်းလာတယ်။သူဌေးဆိုသူကခြံပိုင်ရှင်ကိုစာရွက်စာတမ်းတွေကားပေါ်မှာပဲထားခဲ့လိုက်ပါ။စိတ်ချရပါတယ်။ကျနော်တို့အေးအေးဆေးဆေးကော်ဖီသောက်ကြတာပေါ့လို့ဆိုတယ်။အဲဒါနဲ့ခြံပိုင်ရှင်ကလည်းစာရွက်စာတမ်းတွေကိုကားထဲမှာထားခဲ့ပြီးကော်ဖီဆိုင်ကိုလိုက်သွားခဲ့တယ်။ကော်ဖီဆိုင်မှာနာရီဝက်လောက်ထိုင်ပြီးတော့ခြံပိုင်ရှင်လည်းပြန်လာခဲ့လိုက်တယ်။သူ့စာရွက်စာတမ်းတွေကလည်းအိမ်ရောက်တဲ့အထိပြည့်ပြည့်စုံစုံပဲ။နောက်တစ်ပတ်လောက်ကြာတော့သူဌေးတပည့်ပြန်ရောက်လာတယ်။သူနဲ့အတူလူအချို့လည်းပါလာတယ်။သူဌေးကနိုင်ငံခြားကပြန်မ‌ရောက်သေးကြောင်း၊အခုခြံထဲကိုသူ့အမျိုးတွေကိုခဏပြဖို့ လွှတ်လိုက်တာဖြစ်ကြောင်း၊နောက်သုံးရက်လောက်နေရင်ငွေလာချေမှာဖြစ်ကြောင်း၊အခုခြံသော့လေးခဏ‌ပေးပါပါလာတဲ့သူတွေကိုခြံထဲခဏလှည့်ပြချင်လို့ပါဘာညာဆိုပြီးပြောတော့အိမ်ပိုင်ရှင်ကလည်းခြံသော့ပေးလိုက်တယ်။ခြံကအိမ်ပိုင်ရှင်ရဲ့အိမ်နဲ့ငါးအိမ်ပဲခြားတော့ခြံထဲကိုမလိုက်သွားတော့ဘူး။အဲဒါဟာခြံပိုင်ရှင်ရဲ့အကြီးမားဆုံးအမှားဖြစ်သွားခဲ့တယ်။ဘာဖြစ်လို့လည်းဆိုတော့သူဌေးတပည့်ဆိုသူနဲ့ပါလာသူတွေဟာအဲဒီခြံကိုအမှန်တကယ်ဝယ်မယ့်သူတွေဖြစ်ပြီးခြံပိုင်ရှင်သွားတွေ့ခဲ့တဲ့သူဌေးဆိုသူကတော့ဟန်ဆောင်ထားတဲ့လူတစ်‌ယောက်သာ။ တကယ်လို့ခြံပိုင်ရှင်လိုက်သွားခဲ့ရင်လည်းဘယ်လိုမျိုးလှည့်ကွက်နဲ့ထပ်ကြုံရမလဲဆိုတာတော့မပြောတတ်ဘူးပေါ့။

အဲဒီလိုနဲ့ခြံထဲမှာတစ်နာရီလောက်ကြာပြီးတော့သော့ပြန်လာပေးလိုက်သေးတယ်။ဒီလိုနဲ့ခြံပိုင်ရှင်ကငွေလာချေမယ့်နေ့ကိုစောင့်ရင်းစောင့်ရင်းနဲ့ငါးရက်လောက်လွန်တဲ့အထိရောက်မလာကြဘူး။အဲဒါနဲ့ခြံပိုင်ရှင်လည်းမသင်္ကာတာနဲ့သူ့ခြံထဲကိုသွားကြည့်ဖို့ထွက်သွားချိန်မှာတော့ခြံသော့ဟာသူခတ်ထားတဲ့သော့မဟုတ်ဘဲအခြားသော့ဖြစ်နေခဲ့တယ်။အဲဒါနဲ့ခြံပိုင်ရှင်လည်းသူဌေးဆိုသူရဲ့ကုမ္မဏီကိုလိုက်သွားတော့ကုမ္မဏီကပိတ်သွားခဲ့တယ်။နောက်ငါးရက်လောက်နေတော့သူ့ခြံထဲကိုလူတွေအများကြီးရောက်လာပြီးခြံစည်းရိုးခတ်ဖို့လာလုပ်တာကိုလမ်းထဲကလူတွေလာပြောလို့ခြံပိုင်ရှင်လည်းအပြေးသွားကာမေးမြန်းတာပေါ့။ဒီလိုနဲ့ပြဿနာတွေတက်ကြ၊တရားတဘောင်တွေရင်ဆိုင်ကြနဲ့နှစ်ဦးနှစ်ဖက်စလုံးပိုက်ဆံတွေတော်တော်ကုန်သွားကြတယ်။နောက်ဆုံးအမှုနိုင်သွားတာကစာရွက်စာတမ်းတွေစုံလင်တဲ့နောက်ပိုင်ရှင်ကအနိုင်ရသွားတယ်။

လိမ်သွားပုံကတော့...ခြံပိုင်ရှင်ရဲ့စာရွက်စာတမ်းတွေသူဌေးကိုသွားပြတုန်းကကော်ဖီဆိုင်သွားချိန်မှာစာရွက်စာတမ်းတွေကားထဲမှာထားခဲ့လိုက်တာပဲ။အဲဒီစာရွက်စာတမ်းကိုသူဌေးတပည့်ဆိုသူကတစ်နာရီလောက်အတွင်းပုံတူလုပ်ကာအတုကိုကားထဲပြန်ထည့်ပြီးအစစ်ကိုသူတို့ယူသွားခဲ့တယ်။ ဂရမ်ကိုသူတို့အမည်ပေါက်ပြန်ပြောင်းပြီးရောင်းစားသွားခဲ့ကြတာပဲဖြစ်တယ်။နောက်ပြီးတော့မူလခြံပိုင်ရှင်ရဲ့နောက်ထပ်အကြီးမားဆုံးအားနည်းချက်ကအစိုးရထုတ်နေ့စဉ်သတင်းစာကိုမဖတ်တာပါပဲ။ဘာဖြစ်လို့လည်းဆိုတော့ဂရမ်အမည်ပေါက်ပြောင်းတဲ့အချိန်မှာလိမ်လည်သူတွေကသတင်းစာထဲတောင်ကန့်ကွက်သူရှိမရှိ ထည့်ပြီးမေးလိုက်သေးတာကိုး။အဲဒီအထောက်အထားတွေ၊စစ်မှန်တဲ့အမည်ပေါက်ဂရမ်တွေကြောင့်မူလအိမ်ပိုင်ရှင်အနေနဲ့လက်ထဲမှာကိုင်ထားတဲ့ဂရမ်အတုကြီးကြောင့်အမှုရှုံးသွားတာလို့ယူဆလို့ရတယ်။

ဒီလိုကိစ္စမျိုးတွေမှာတော့လိမ်လည်သူတွေကအရမ်းကိုအကွက်ကျလွန်းပြီးပိရိလွန်းတာကြောင့်ခံလိုက်ရတာလို့ပဲဆိုရမယ်။ခြံပိုင်ရှင်ကအတော်အတန်သင့်ပြေလည်တဲ့သူဖြစ်တာကြောင့်အဲဒီခြံတစ်ကွက်ဆုံးရှုံးသွားတာအရမ်းကြီးတော့ဘဝမပျက်သွားဘူးပေါ့။ဒါပေမဲ့လည်းဆုံးရှုံးနစ်နာမှုကတော့တော်တော်လေးကြီးမားတယ်လို့ဆိုရမယ်။

ဒါကြောင့်ကျနော်တို့အနေနဲ့လိမ်လည်သူတွေရဲ့သားကောင်မဖြစ်ဖို့ဆိုရင်အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင်တည်ဆဲဥပဒေတွေကိုနားလည်တတ်ကျွမ်းသူတွေ၊ရင်းနှီးသူတွေနဲ့ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ်။လူလိမ်ဆိုတာကျနော်တို့အတွက်သိသာထင်ရှင်းတဲ့ပုံသဏ္ဍန်မျိုးမှမဟုတ်တာ။ဆယ်ကျော်သက်လူငယ်တွေမှမဟုတ်ပါဘူးတကယ်တော့လူတိုင်းအနေနဲ့အလိမ်အလည်မခံရဖို့အတွက်လုံလောက်တဲ့ဗဟုသုတတွေရှိဖို့လည်းလိုပါတယ်။အဆုံးသတ်ဆိုရရင်တော့လိမ်လည်သူနဲ့အလိမ်ခံသူတို့ဟာအမြဲတမ်းရှိနေကြဦးမှာပါ။ကိုယ်ကလိမ်လည်သူမဟုတ်ရင်ဘဝတကွေ့ကွေ့မှာအလိမ်ခံရဖို့များပါတယ်။အလိမ်ခံရတဲ့အခါမှာထိခိုက်နစ်နာဆုံးရှုံးမှုတွေမရှိအောင်၊ဒါမှမဟုတ်ထိခိုက်နစ်နာဆုံးရှုံးမှုတွေနည်းပါးအောင်ကြိုးစားကြဖို့ပဲလိုအပ်တယ်။အားလုံးအလိမ်ခံရခြင်းမှကင်းဝေးကြပါစေ။      ။

#lotaya_shortstory




Some text some message..