
အခန်း(၄)
သဲနုရောမာမီသိန်း(သိန်းထွန်းညွန့်)ပါတအံတဩနှင့်ခရီးဆောင်အိတ်ထဲကလူကြီးကိုကြည့်နေကြသည်။
လူကြီးကထိုနှစ်ယောက်ကိုမြင်တော့နေဇော်အားမကျေမနပ်ဖြင့်လှမ်းပြော၏။
"ငတုံး...မင်းငါ့ကိုမျောက်ပွဲပြစားမလို့လူတွေခေါ်လာတာလား၊မင်းလူတွေပြန်ခေါ်သွားစမ်း၊သူတို့ကြည့်ရတာကျက်သရေတုန်းလိုက်တာကွာ၊တယောက်ကလည်းလူလေးလှသလောက်စိတ်ထားကကောက်ကျစ်မယ့်ရုပ်၊ဟိုတယောက်ကတော့အမြဲတန်းတနှာခိုးတွေဝေပြီး၊လောဘသက္ကာယကြီးမယ့်ရုပ်၊ပလီတိချောက်ချက်ဗရမ်းဗတာပြောမယ့်ရုပ်"
မာမီသိန်းကသူမအားတနှာခိုးဝေနေသည်ဟုအပြောခံရသောအခါဒေါသတကြီးနဲ့ထိုလူကြီးလည်ပင်းအားအတင်းဖျစ်ညှစ်တော့လေ၏။
သဲနုကသူမလူကိုမဆွဲ။အခြေအနေကိုစောင့်ကြည့်နေ၏။နေဇော်မှာမနေနိုင်၍မာမီသိန်းကိုဆွဲရသည်။မာမီသိန်းမှာလည်ပင်းမညှစ်ရသည့်အခါ၊ထိုလူကြီးရင်ဝအားသူမ၏ခုံထူဖိနပ်ဖြင့်ပိတ်ကန်လိုက်၏။
အလှဖန်တီးရှင်ဟူငြားလည်းတကယ်တော့ယောက်ကျားအားဖြစ်သဖြင့်၊အိတ်ထဲကလူကြီးမှာအတော်နာသွားဟန်တူ၏။
"အား..."
" ချွမ် ချလွမ်"
ထုံးစံအတိုင်းထိုလူကြီးနာကျင်သည့်အခါရွှေပြားတပြားကထွက်ကျလာပြန်၏။သဲနုသည်သူမစောင့်ဆိုင်းနေသောအချိန်ကိုရောက်ဟန်တူသည်။
အားရဝမ်းသာထိုရွှေဒင်္ဂါးပြားကိုကောက်ယူ၍ကြည့်လိုက်သည်။သူမမျက်လုံးတွေကလောဘအရိပ်အယောင်တွေတောက်ပလာသည်။ရက်စက်မည့်အငွေ့အသက်များလည်းသူမထံမှရလာသည်ဟုထင်သည်။
မာမီသိန်းကအံဩနေသည်။သဲနုကဘယ်သူ့မှဂရုမစိုက်၊အသင့်တွေ့ရသောဘေ့စ်ဘောတုတ်တံကိုယူ၍ထိုလူကြီးအားအပေါ်မှစီးမိုးရိုက်ချလိုက်သည်။
တချက်...
"ဘုတ်"... "ချွမ်"...
နောက်တချက်...
နောက်တချက်...
နောက်အချက်ပေါင်းများစွာ...
" အား အား အား "
" ချွမ် ချလွမ် ချလွမ်"
ထိုလူကြီးပါးစပ်မှရွှေဒင်္ဂါးများတပြားပြီးတပြားထွက်ကျလာသည်။မာမီသိန်းသည်ထိုအခါမှသဘောပေါက်သွားဟန်တူသည်။ကြမ်းပြင်ပေါ်ပြန့်ကျဲနေသောရွှေဒင်္ဂါးများကိုလိုက်ကောက်လေ၏။
"ဟားဟားဟား ငါတို့ချမ်းသာပြီနေဇော်၊ငါတို့ ဖြစ်ချင်တာအကုန်လုပ်လို့ရပြီဟ"
သဲနုထံမှရယ်သံနဲ့အတူကျေနပ်နှစ်ထောင်းအားရသောအသံကြီးထွက်ပေါ်လာသည်။နေဇော်မှာသဲနုအားမမြင်ဖူးသူတယောက်ပမာငေးစိုက်ကြည့်နေမိသည်။ဘာပြန်ပြောရမှန်းမသိ။
သဲနုကသူမလက်ထဲကဘေ့စ်ဘောတုတ်တံကိုမာမီသိန်းထံပစ်ပေးလိုက်သည်။မာမီသိန်းနုတ်ခမ်းပေါ်၌ရက်စက်သောအပြုံးတခုပွင့်လာပြီးခရီးဆောင်အိတ်အနီးတဒေါက်ဒေါက်နဲ့လျှောက်သွားသည်။
ပြီးလျင်ဘေ့စ်ဘောတုတ်တံဖြင့်အိတ်ထဲကလူကြီးကိုအချက်ပေါင်းများစွာရိုက်ပြန်သည်။လူကြီးခမျာနာကျင်လွန်း၍ အော်ဟစ်ရပြန်လေ၏။
နာကျင်လေတိုင်းထိုလူကြီးပါးစပ်မှရွှေဒင်္ဂါးတို့မှာသွန်ချနေသည့်အလားတချွမ်ချွမ်နှင့်ကြမ်းပေါ်သို့ထွက်ကျလာလေ၏။
သဲနုက နေဇော့်အနီးတိုးကပ်လာပြီးအရှက်နည်းစွာပွေ့ဖက်နမ်းရှုံ့လိုက်သည်။နေဇော် အိပ်မက်မက်နေသလားပင်။သူအနှစ်နှစ်အလလကအနမ်းချင်ဆုံးနုတ်ခမ်းဖူးဖူးလေးကအခုတော့သူ့အားလိုလိုချင်ချင်လာနမ်းနေသည်မဟုတ်လား။
အမှန်တော့သဲနုသည်အလွန်ပါးနပ်၍မာယာများသူကောက်ကျစ်စဉ်းလဲသူဖြစ်ပါ၏။သူမနေဇော်၏သနားစိတ်၊အားနာစိတ်ကိုခဏတာအာရုံလွှဲလိုက်ခြင်းသာဖြစ်သည်။သို့သော်လူကြီး၏နာကျင်စွာအော်ဟစ်ငြီးတွားသံကနေဇော်၏အာရုံထဲစူးနစ်ဝင်လာသောအခါ...
နေဇော် သဲနုအားအတင်းခွာထုတ်လိုက်သည်။ပြီးလျင် မာမီသိန်းလက်ထဲမှဘေ့စ်ဘောတုတ်တံကိုလုယူလိုက်သည်။
"ခင်များ ဒါဘာလုပ်တာလဲ၊ဟိုမယ်အိတ်ထဲကလူကြီးကသေတော့မယ်"
ဟုတ်လည်းဟုတ်၏။ဘေ့စ်ဘောတုတ်ဖြင့်အချက်ပေါင်းများစွာရိုက်နှက်ခံရမှုကြောင့်အိတ်ထဲကလူကြီးမျက်နှာမှာဖူးယောင်ကာသွေးများယိုစီးလျက်ရှိသည်။
အိတ်ထဲကလူကြီးကိုကြည့်၍နေဇော်သည်သဲနုနှင့်မာမီသိန်းတို့အားဝမ်းနည်းဒေါသထွက်သွားသည်။သူငိုသံပါကြီးနဲ့...
"ခင်များတို့ လူသတ်ကြတော့မလို့လား၊ဒီအတိုင်းအိတ်ထဲမှာလိန်ပိန်နေရတဲ့သူကိုသနားညှာတာစိတ်လေးနည်းနည်းတောင်မထားနိုင်ကြတော့ဘူးလား၊ခင်များတို့တအားရက်စက်တာပဲဗျာ"
ဤတွင်သဲနုကနေဇော်ထံတိုးကပ်လာပြီး...
"နေဇော် နင်ဘာဖြစ်နေတာလဲ၊နင် ငါ့ကိုအသေအချာကြည့်စမ်း၊နင်ငါ့ကိုချစ်တယ်ဆို၊နင်ငါ့ကိုရချင်တယ်ဆို....
အေး...အခု နင်လိုချင်တဲ့ငါ့ကိုလည်းရမယ်။ပိုက်ဆံတွေလည်းအများကြီးချမ်းသာတော့မယ်လေ။
နင်ဘာကိုတလွဲလုပ်ဦးမှာလဲ။ဒီလိုအခွင့်အရေးမျိုးကနင့်အတွက်နှစ်ခါမရနိုင်ဘူးဟ။အဲ့ဒီအိတ်ထဲကဟာက 'လူ'မဟုတ်ဘူး။အဲ့ဒါမှင်စာဟ၊ကျိန်စာသင့်နေတဲ့မှင်စာ။
ငါတို့ဘယ်လောက်ရိုက်ရိုက်သူမသေဘူး။သူ နာကျင်တာပဲရှိမယ်။သူနာကျင်လေငါတို့ချမ်းသာပဲလေ။နင်သူ့ကိုသနားစရာမလိုဘူး၊ဒါသူဝဋ်ဆင်းရဲခံနေရတာ၊ပြန်ပေးဆပ်နေရတာဟ"
"ဟင် ...နင် ဒါတွေဘယ်လိုသိနေတာလဲသဲနု"
" အဲ့ဒါတွေအကုန်လုံးငါ့အမေကပြောပြထားတာ၊ငါငယ်ငယ်တုန်းကငါ့အဖေလည်းဒီလိုမှင်စာတကောင်တွေ့ဖူးသတဲ့။
မှင်စာတွေမှာကျိန်စာသင့်နေတဲ့မှင်စာတွေရှိတယ်။သူတို့ လွတ်မြောက်ချင်ရင်ကြင်နာတတ်တဲ့လူသားတယောက်ကိုစားနိုင်မှ၊အဲ့ဒီကျိန်စာပျက်ပြယ်တာတဲ့။
ငါ့အဖေကမသိနားမလည်လို့မှင်စာရဲ့အစားခံရပြီး၊လူ့လောကကြီးကပျောက်ကွယ်သွားတာ။အေး အခုလည်း နင်အဲ့ဒီမှင်စာကိုသနားကြင်နာနေ၊နင့်ကိုမှင်စာကစားသွားလိမ့်မယ်၊သိရဲ့လား"
နေဇော် သဲနုရဲ့စကားဆုံးတော့အိတ်ထဲကလူကြီးကိုငုံ့ကြည့်လိုက်သည်။လူကြီးမှာဒဏ်ရာများကြောင့်အသက်ပင်ဝအောင်မရှုနိုင်သကဲ့သို့ရှိ၏။အိတ်ထဲတွင်လက်တွေခြေတွေကလည်းခုထိလိမ်ခွေလျက်ရှိနေ၏။
သဲနု ပြောတာမဖြစ်နိုင်ဟုနေဇော်တွေးလိုက်မိသည်။သူ့လက်တောင်သူမထုတ်နိုင်သောလူကြီးကလူကိုစားမည်ဆိုတာဘယ်လိုမှမဖြစ်နိုင်။
"တော်ပြီသဲနု၊နင်ဘာမှဆက်ပြောမနေနဲ့တော့၊အခုဒီလူကြီးပါးစပ်ထဲကထွက်ကျလာတဲ့ရွှေဒင်္ဂါးတွေလည်းနည်းမှမနည်းပဲ၊
နင်ကြိုက်သလောက်ယူသွား။ယူလို့ပြီးရင်နင်နဲ့မာမီသိန်းငါ့အိမ်ကထွက်သွားကြတော့၊
ငါတောင်းပန်ပါတယ်သဲနု၊ဒီလူကြီးရှေ့ဆက်နာကျင်တာကိုငါမကြည့်ရက်လို့ပါဟာ"
နေဇော်ကသဲနုကိုတောင်းပန်လိုက်သည်။သဲနုကခေါင်းကိုရမ်းခါရင်း
"မဟုတ်သေးနော်နေဇော်၊နင်မှားနေပြီဟ၊မှင်စာတကောင်ကိုနင်သနားနေတာကိုကမှားနေတာ"
နေဇော်နဲ့သဲနုအချီအချစကားပြောနေစဉ်မှာမာမီသိန်းသည်နေဇော့်အနောက်ကနေတဖြေးဖြေးတိုးကပ်လာ၏။
အိတ်ထဲကလူကြီးသည်ဒါကိုမြင်နေရပေမယ့်နေဇော့်ကိုသတိလှမ်းပေးခြင်းမပြု။မထီတရီအပြုံးနဲ့တောင်လှမ်းကြည့်နေသေး၏။
သဲနုကလည်းမြင်၏။သို့သော်နေဇော်အားသတိမပေး။တမင်သူမထံအာရုံရောက်အောင်လုပ်နေ၏။
မာမီသိန်းသည်စားပွဲပေါ်ကအလှတင်ထားသောဖန်ပန်းအိုးကိုကိုင်၍နေဇော်၏ဦးခေါင်းကိုရိုက်ခွဲပစ်လိုက်သည်။
"ဒုန်း ချွမ်း ခလွမ်း"
နေဇော်ထင်မှတ်မထား၍ခံလိုက်ရသည်။သူ၏ခေါင်းမှသွေးများယိုစီးကျလာသည်။နေဇော်သွေးများကျလာသောနဖူးကိုလက်ဖြင့်ပွတ်လိုက်မိသည်။ပြီးနောက်သူလက်ထဲကသွေးများကိုကြည့်ပြီးလက်ကိုကြောက်လန့်တကြီးခါရမ်းလိုက်မိသည်။
လက်မှသွေးစက်တို့သည်အနီးနားကအိတ်ပေါ်သို့ပြန့်ကျဲကျသွားသည်။နေဇော်လဲကျသွားသည်။
"ဟယ်...မာမီ၊သူ သေများသွားပြီလားမသိဘူး"
"အံမယ်လေး မိန်းမရယ်၊ခုမှသနားပြမနေစမ်းပါနဲ့၊နင့်လင်ငတုံးကဘယ်လောက်တရားပြပြကျွတ်မယ့်သူမဟုတ်ဘူးအေ့၊
ပူမနေပါနဲ့အေ၊မာမီ့လက်ဆကိုမာမီသိပါတယ်။ညည်းလူမသေပါဘူး။ကဲမာမီတို့အလုပ်ဆက်လုပ်ရအောင်။ရွှေထုတ်စက်ကြီးကနေရွှေတွေထုတ်ကြရအောင်ဟေ့"
မာမီသိန်းသည်အိတ်ထဲကလူကြီးအားရိုက်နှက်ရန်တုတ်ကိုကိုင်မြှောက်လိုက်သည်။
ထိုအခိုက်အိတ်ထဲကလူကြီးသည်မာမီသိန်းနှင့်သဲနုတို့၏လောဘကိုပျက်ရယ်ပြုဟန်ဖြင့်ဟားတိုက်ရယ်မောလိုက်လေ၏။
"ဟားဟားဟား "
"ဟားဟားဟား "
ရယ်သံကြီးကချောက်ချားစဖွယ်ထွက်ပေါ်လာသည်။မာမီသိန်းလက်ထဲကရိုက်မည့်တုတ်မှာအောက်သို့မရိုက်နိုင်သေးပဲတအံတဩဖြင့်ငုံ့ကြည့်လိုက်သည်။ဒီလောက်ရိုက်နေတာတောင်ရယ်နိုင်သေးပါလား။
အိတ်ထဲကလူကြီးကတော့သူ့နုတ်ခမ်းထောင့်ကိုလျှာဖြင့်သပ်ရင်းမာမီသိန်းအားမထီတရီကြည့်နေပြန်သည်။
မာမီသိန်းက...
"နင်က ဘာရယ်တာလဲ"
ထိုလူကြီးက...
"နင်တို့နှစ်ယောက်ရဲ့အတောမသတ်နိုင်တဲ့လောဘကိုသဘောကျလို့ပါဟာ၊နင်တို့ ရိုးသားတဲ့ငတုံးလေးကိုသတ်ပစ်လိုက်ပြီလား"
မာမီသိန်းကမခိုးမခန့်ရယ်သည်။ပြီးတော့ခေါင်းခါပြ၏။အိတ်ထဲကလူကြီးက...
"နင်တို့အပေါ်ဒီလောက်ကောင်းတဲ့ကောင်လေးကိုနင်တို့လှည့်ဖြားရက်ကြတယ်နော်၊ကဲပါလေနင်တို့ ငါ့ဆီကရွှေဒင်္ဂါးတွေလိုချင်တယ်မဟုတ်လား၊
အဲ့ဒါဆိုအလွယ်လေး၊ငါ့ကိုနင်တို့အိမ်ခေါ်သွားပေါ့။ဒါမှနင်တို့လိုတိုင်းငါ့ကိုရိုက်နှက်နေနိုင်မှာ၊နင်တို့ကြည့်ရတာကောင်လေးလိုငတုံးမဟုတ်လောက်ပါဘူးဟဲဟဲ"
သဲနုသည်ထိုလူကြီးအပြောကိုသဘောကျသွား၏။သူတို့၂ယောက်လောဘကြောင့်ထိုအချက်ကိုမစဉ်းစားမိနိုင်ကြဘူးမဟုတ်လား။
သဲနုကပဲစကားစလိုက်သည်။
"မာမီ သူပြောသလိုလုပ်ရအောင်၊ကျမတို့ အဲ့ဒီခရီးဆောင်အိတ်ကြီးကိုအိမ်သယ်သွားကြမယ်လေ"
မာမီသိန်းကသဲနုဘက်သို့လှည့်လာပြီး၊မေးလိုက်သည်။
"ဘယ်သူ့အိမ်ကိုသယ်သွားမယ်ပြောတာလဲသဲနု"
မာမီသိန်းသည်ထိုစကားကိုအေးစက်စက်အမူအယာဖြင့်မေးလိုက်ခြင်းဖြစ်သည်။သူ၏မျက်လုံးထဲတွင်လောဘအခိုးအလျံများအရှိန်တညီးညီးတောက်လောက်နေ၏။
သဲနု အလိမ်မာသုံးမှဖြစ်တော့မည်ကိုနားလည်လိုက်သည်။မာမီသိန်းသည်လောဘတက်နေပြီမဟုတ်လား။မှင်စာပါသောအိတ်ကိုသဲနုအိမ်သို့သယ်ဆောင်သွားမည်ဆိုလျင်မာမီသိန်းအလွယ်နှင့်သဘောတူမည့်ဟန်မရှိ။အိတ်ကိုမာမီသိန်းသည်သူ၏အိမ်သို့သာသယ်ယူသွားလိုဟန်ရှိသည်။
ထို့ကြောင့် သဲနုလည်း ပြသနာမဖြစ်လို၍အလိမ်မာသုံးကာ...၊
"မာမီသိန်းသဘောပဲ၊သဲနုအိမ်သယ်မလား၊မာမီသိန်းတိုက်ခန်းကိုသယ်သွားမလား၊မာမီသိန်းတို့တိုက်ခန်းဆိုဘေးတိုက်ခန်းတွေကအော်ဟစ်သံတွေကြောင့်ပြသနာဖြစ်နိုင်တယ်"
ထိုအချက်ကမှန်နေ၍မာမီသိန်း၊တချက်တွေဝေသွားသည်။နောက်တော့မာမီသိန်းသည်အကြံတခုရသွားဟန်ဖြင့်၊
"ပွင့်ပွင့်လင်းလင်းပဲပြောမယ်အေ၊ငါ ဒီအိတ်ကြီးကိုညီးတို့အိမ်ကိုလည်းသယ်မသွားစေချင်ဘူး၊ငါတို့တိုက်ခန်းကိုသယ်သွားရင်လည်းအဆင်မပြေဘူးဆိုတော့ဒီလိုလုပ်ပါလားသဲနု"
"အင်း ပြောလေမာမီ"
"ညီးလူ အာကာရဲ့မြို့ပြင်ကဓာတ်ပုံစတူဒီယိုလုပ်မယ့်ခြံကြီးကိုသယ်သွားကြရအောင်လား၊အဲ့ဒီခြံကြီးကလူမှမနေတာ၊ခြံသော့ကိုအာကာကညီးပေးထားတယ်မဟုတ်လား"
မာမီသိန်းကအကွက်စေ့၏။အာကာဆိုတာဘောစိ။မြို့ပြင်မှာခြံကြီးတခြံဝယ်ထားပြီး၊ထိုခြံကြီးမှာသဲနုနှင့်ချိန်းတွေ့ပျော်ပါးလေ့ရှိသည်။သဲနုအတွက်ဓာတ်ပုံစတူဒီယိုဆောက်ပေးမည်ဟုမက်လုံးပေးထားသည်။ခြံနှင့်အိမ်သော့အပိုကိုသဲနုအားပေးထားသည်ကိုမာမီသိန်းကသိနေသည်။
သဲနု ပြတင်းပေါက်မှအပြင်ကိုလှမ်းကြည့်လိုက်သည်။အပြင်ဘက်တွင်မှောင်စပျိုးနေပြီဖြစ်သည်။သဲနုသဘောတူလိုက်သည်။
သဲနု ကြမ်းပြင်ပေါ်လဲကျနေသောနေဇော်အားတချက်ကြည့်၍...
"သူ့ကိုဘယ်လိုလုပ်မလဲမာမီ၊တခါတည်းအပြတ်ရှင်းခဲ့မလား"
ဒီတခါမာမီသိန်း သဲနုကိုကြည့်၍သူ၏ရင်ဘတ်ကိုလက်နှင့်ဖိရင်း...
"ဟယ် မလုပ်ပါနဲ့သဲနုရယ်၊ကောင်လေးကိုသတ်ရင်ငါတို့အမှုပတ်နေပါ့မယ်။ထားလိုက်ပါ။
ညီးကောင်လေးကခပ်အူအူခပ်တုံးတုံးပါ။သတိရလာလည်းငါတို့ကိုပြသနာမလုပ်ရဲလောက်ပါဘူး။လုပ်လည်းဘာအရေးလဲ၊ညီးကိုသူကအဓမ္မကျင့်ဖို့ကြံလိုခုခံထွက်ပြေးခဲ့ရတာပါလို့ပြောလိုက်ရုံပေါ့အေ"
သို့ဖြင့် သဲနုသည်နေဇော်အားလက်စဖျောက်သတ်ပစ်ဖို့အစီအစဉ်ပျက်သွားခဲ့သည်။သူတို့နှစ်ဦးသည်အိတ်ကြီးမနိုင်တနိုင်သယ်မပြီး၊အောက်ထပ်သို့ချလာခဲ့သည်။နောက်ဆုံး၌အိတ်ကိုကားပေါ်သို့တင်၍သူတို့ကားမောင်းထွက်သွားကြတော့လေ၏။
_______
အခန်း(၄)
ကားကိုသဲနု ဖြေးဖြေးမောင်းလာခဲ့သည်။မြို့ထဲမှာကားများကအသွားအလာမပြတ်၊ရှုပ်ထွေးကြပ်ပိတ်နေသည်။
သဲနု တလမ်လုံးစဉ်းစားလာတာက၊မာမီသိန်းကိုဘယ်လိုပထုတ်ရင်ကောင်းမလဲဟူပင်။
မာမီသိန်းကိုသူမစခေါ်ခဲ့စဉ်ကဘာရယ်မဟုတ်၊အစောင့်အရှောက်သဘောမျိုးခေါ်ခဲ့ခြင်းသာ။နေဇော့်အားသးမမယုံသည်တော့မဟုတ်။
သို့ပေမဲ့တက်သစ်စနာမည်ရကာစမော်ဒယ်တယောက်အနေနဲ့ယောက်ကျားလေးတယောက်အိမ်ကိုလိုက်သွားရခြင်းကိုသူမစိတ်ထဲအောက်သည်ဟုခံစားမိ၍မာမီသိန်းကိုတမင်သက်သက်အဖော်ခေါ်သွားခြင်းဖြစ်သည်။
ပြီးတော့ယခင်ကမာမီသိန်းကိုသဲနုကနိုင်စား၏။မာမီသိန်းသည်သူ့ဟာနဲ့သူဆိုလျင်မိတ်ကပ်အလှပြင်ခနဲ့လုံလောက်သည့်အပြင်၊ပိုတောင်ပိုလျံပါသေး၏။သို့သော်မာမီသိန်းသည်လောင်းကစားဝါသနာကြီးသူဖြစ်သည်။
လောင်းကစားကိုသိန်းဆယ်ချီပြီးကစားတတ်သူဖြစ်သည်။ကြေးကြီးဖဲဝိုင်းများတွင်မာမီသိန်းကိုမသိသူကခပ်ရှားရှား။ဒါ့အပြင်သူဘဲငယ်ငယ်လေးကလည်းအသုံးအဖြုံးကြီး၏။ထို့ကြောင့်မာမီသိန်းမှာငွေအမြတြန်းလိုနေ၏။သဲနုထံမှလည်းငွေသိန်းဆယ်ချီချေးငှားထားသည်။သဲနုတို့မာမီသိန်းကိုနိုင်စားသည်မှာအထက်ပါအကြောင်းများကြောင့်ဖြစ်သည်။
အခုမာမီသိန်း၏မျက်နှာကလောဘတို့ဖြင့်အရောင်တလက်လက်ထနေ၏။တော်ရုံနဲ့အလျော့ပေးလိမ့်မည်မဟုတ်။ဝေစုတဝက်ပေးမှသာကျေနပ်နိုင်မည်ဟုဖွင့်ပြောလာသည်။
"သဲနု ငါ ညီးကိုတခါတည်းပြောထားမယ်နော်၊မှင်စာပါးစပ်ကထွက်ကျလာတဲ့ရွှေဒင်္ဂါးကညီးတဝက်ပိုင်သလိုငါလည်းတဝက်ဆိုင်တယ်ဆိုတာကိုမမေ့နဲ့။
ငါ ဟိုကောင်လေးခေါင်းကိုရိုက်ခွဲထားတာဘာဖြစ်မလဲမသိသေးဘူး။အကယ်၍များတခုခုဖြစ်ရင်ငါနိုင်ငံခြားထိပြေးမှာ။အဲ့ဒီအခါကျပိုက်ဆံများများလိုတယ်။
ငါအခုလိုပြောလို့ညီးစိတ်မကွက်ပါနဲ့။ညီးဝေစုကိုငါမျက်စောင်းမထိုးဘူး။စိတ်ချပါ"
"အဟင်း အခုချိန်မှတော့သဲနုကဘာပြောလို့ရမှာတုန်း၊မာမီ့သဘောပါ။ဒါပေမဲ့ မာမီပြောလို့သဲနုကလည်းပြောလိုက်ဦးမယ်။
ဒီကိစ္စမှာသဲနုကမာမီ့ကိုခေါ်လာတာပါနော်။နေရာတကာမာမီတယောက်တည်းဆုံးဖြတ်ချက်ချတာမျိုးမလုပ်ပါနဲ့။သဲနုကိုဘာလုပ်ပါဘာကိုင်ပါလို့လည်းအမိန့်ပေးတာမျိူးသဲနုမကြိုက်ဘူး။
သဲနုစခဲ့တဲ့ဇာတ်လမ်းမို့သဲနုပဲဦးဆောင်မယ်။ရတယ် မာမီပြောသလိုမှင်စာဆီကထွက်ကျလာတဲ့ရွှေဒင်္ဂါးတွေတဝက်စီဆိုတာသဲနုသဘောတူတယ်"
မာမီသိန်းကသဲနုစကားကိုမကြိုက်ပေမယ့်၊ဝေစုကိစ္စသဘောတူလိုက်သဖြင့်အသာငြိမ်နေလိုက်သည်။
သူတို့စကားပြောလာရင်းကားလေးကမြို့ပြင်လူပြတ်သည့်နေရာသို့ရောက်လာသည်။
ထိုအခါကားနောက်ခန်းထဲထည့်လာသောခရီးဆောင်အိတ်ကြီးသည်သိသာစွာလှုပ်ခါရမ်းလာသည်။
"ဘုတ် ဘုတ် ဘုမ်း"
အိတ်ထဲမှဇွတ်အတင်းရုန်းကန်လှုပ်ရှားသံများလည်းထွက်လာ၏။
သဲနုကားမောင်းရင်းနောက်ကြည့်မှန်မှတဆင့်ကားနောက်ခန်းကိုကြည့်လိုက်သည်။
" မာမီ မာမီကားနောက်ခန်းထဲကအိတ်ကိုကြည့်ဦး၊ဘာဖြစ်တာလဲ"
မာမီသိန်းသည်ကားနောက်ခန်းကိုလှည့်ကြည့်ပြီးမျက်လုံးများပြာဝေသွားသည်။အဘယ်ကြောင့်ဆိုသော်ကားနောက်ခန်းကအိတ်ကြီးအဖုံးမှာဟလျက်ရှိပြီးမျက်စိကျိန်းလောက်အောင်၊အလင်းတန်းများဖြာဝေထွက်ပေါ်လာသောကြောင့်ပင်။
"ဟားဟားဟား"
"ဟားဟားဟား"
ကားထဲတွင်လှောင်ပြောင်ရယ်မောသံကြီးထွက်ပေါ်လာသည်။အလင်းတန်းကြီးသည်လည်းကားအတွင်း၌ကင်မရာဖလက်မီးကဲ့သို့တဖျတ်ဖျတ်နဲ့ရှိလေသည်။
သဲနု လည်ပင်းကိုလူတယောက်ကနောက်ကနေသိုင်းဖက်လာသကဲ့သို့ဖျစ်ညှစ်လာသည်။သူမတစစအသက်ရှုကြပ်လာသည်။ရုန်းကန်လို့လည်းမရ။ကားစီယာတိုင်မှာသူမထိမ်းချုပ်သည့်ဘက်သို့မလိုက်၊ လမ်းနံဘေးရှိအပင်ကြီးတစ်ပင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့်ပြေးဝင်သွားသည်။
မကြာမီထိုလမ်းပေါ်မှ...
"ဝုန်း ဒိုင်း ဂျိန်း"ဟူသောတိုက်သံအကျယ်ကြီးထွက်ပေါ်လာတော့သည်။
ကားသည်ကုက္ကိုပင်ကြီးကိုဝင်တိုက်လိုက်ခြင်းဖြစ်သည်။ကားရှေ့ခန်းမှာတွန့်လိမ်ကြေမွသွားသည်။
သဲနုတယောက်ကတော့စီယာတိုင်နှင့်ရင့်ဝဆောင့်မိပြီးပွဲချင်းပြီးသေဆုံးသွားသည်။
မာမီသိန်းမှာကံကောင်းသည်ဟုဆိုရမလားမသိနိုင်။နဖူးကွဲ၊ဒူးပြဲဒဏ်ရာလောက်သာရသည်။မာမီသိန်းကားတံခါးကိုဖွင့်၍လေးဘက်တွားဆင်းသွားသည်။
တရွေ့ရွေ့ လေးဘက်တွားသည်မှာခပ်လှမ်းလှမ်းသို့ရောက်သွား၏။မာမီသိန်းခဏအမောဖြေနေသည်။ရင်တွေလည်းတလှပ်လှပ်တုန်ရင်နေသည်။
ထိုအခိုက်သူ့အနီးသို့ အရိပ်တခုစီးမိုးလာသဖြင့်သူမော့ကြည့်လိုက်သည်။
သူ့အား ပြုံးပြုံးကြီးစိုက်ကြည့်နေသော
အိတ်ထဲမှလူကြီးကိုမြင်တွေ့လိုက်ရသည့်အခါ...
"ဟင်...နင် နင်"
လူကြီးလက်ထဲတွင်လက်ဆွဲအိတ်ကြီးကအကောင်းပကတိပါလာ၏။ထိုလူကြီးသည်အိတ်ကိုဇစ်ဆွဲဖွင့်လိုက်ပြီးနောက်...
"လာခဲ့ ဒီတခါ နင့်အလှည့်"
"ဂျွတ် ဂျလွတ် ဂျွတ် ဂျွတ်"
"အား အံမယ်လေးသေပါပြီတော့၊အံမယ်လေးလေး နာလိုက်တာကယ်ကြပါဦး "
အရိုးများကိုသွင်သွင်ချိုးနေခြင်းကိုခံရသောကြောင့်မာမီသိန်းခမျာကယ်ပါယူပါတစာစာနဲ့အော်ဟစ်နေရသည်။
မှင်စာလူကြီးသည်သူစိတ်ကျေနပ်လောက်သည်အထိမာမီသိန်း၏ခန္ဓာကိုယ်အားခွေခေါက်လိမ်ကျစ်ချိုးဖဲ့ပြီးနောက်ခရီးဆောင်အိတ်ကြီးထဲပစ်ထည့်လိုက်သည်။
မာမီသိန်းသည်မှင်စာလူကြီးကဲ့သို့အိတ်ထဲရောက်သွားခြင်းဖြစ်သည်။
မှင်စာလူကြီးသည်အိတ်အဖုံးကိုပြန်ဖုံးပြီးဇစ်ဆွဲပိတ်လိုက်သည်။တခဏအကြာထိုအိတ်ကြီးကိုမြေပေါ်တရွတ်တိုက်ဆွဲ၍ကားလမ်းမရှိရာသို့တရွေ့ရွေ့ထွက်ခွာသွားတော့သည်။
__________
အခန်း(၅)
နေဇော် သတိရလာတော့ဆေးရုံတခုပေါ်ရောက်နေ၏။သူဆိုင်ကယ်ပေးလိုက်သောသူငယ်ချင်းမင်းခန့်ကသူ့အိမ်ဆိုင်ကယ်ပြန်လာပေးသည့်အခါည၇နာရီခန့်ရှိပြီဟုဆို၏။ယခုနံနက်၅နာရီဆိုတော့သူဆယ်နာရီနီးပါးသတိလစ်မေ့မြောနေခဲ့သည်ပဲ။
သူ့အား အပေါ်ထပ်ကြမ်းပြင်ပေါ်မှာမှောက်လျက်လဲနေသည်ကိုတွေ့ရ၍မင်းခန့်ကပဲဆေးရုံပို့ပေးခဲ့သည်။
အပေါ်ထပ်တထပ်လုံး ရှုပ်ပွနေသည်ဟုမင်းခန့်ကဆို၏။သတိလစ်နေသောနေဇော်အားပွေ့ချီလိုက်သည့်အခါနေဇော်၏ရင်ဘတ်အောက်မှရွှေဒင်္ဂါးပြား၃ပြားတွေ့ရ၍သူသိမ်းဆည်းထားကြောင်းမင်းခန့်ကဆိုသည်။ထိုဒင်္ဂါးပြားများကိုသူ့အားပြန်ပေးသည်။နေဇော် ရွှေဒင်္ဂါးများကိုကြည့်၍တောက်ခေါက်လိုက်သည်။သဲနု သူ့အပေါ်အင်မတန်ရက်စက်ပါလားလို့ဒေါသထွက်သွားခြင်းဖြစ်သည်။
"မင်းခန့် ငါ့အခန်းထဲမှာခရီးဆောင်အိတ်တလုံးတွေ့ခဲ့သေးလား"
"မတွေ့ဘူးသူငယ်ချင်း၊ကြမ်းပြင်ပေါ်မှာဘေ့စ်ဘောတုတ်တချောင်းတော့တွေ့ခဲ့တယ်"
နေဇော်သဘောပေါက်သွားပြီ၊သဲနုနှင့်မာမီသိန်းတို့သည်မှင်စာပါသောအိတ်ကြီးကိုယူသွားကြလေပြီ။နေဇော့်စိတ်ထဲမှာရွှေဒင်္ဂါးတွေကိုမနှမြော၊အိတ်ထဲကမှင်စာလူကြီးနာကျင်စွာအရိုက်အနှက်ခံနေရမှာကိုစိတ်မကောင်းဖြစ်နေရှာသည်။သူ့ကြောင့်မှင်စာလူကြီးဒုက္ခရောက်ရပြီဟုလည်းတနုံနုံတွေး၍စိတ်သောကဖြစ်နေရရှာသည်။
နေ့လယ်ဆယ်နာရီထိုးလောက်တွင်၊မင်းခန့်ဖုန်းဆက်ထား၍၊ကျန်သူငယ်ချင်းများပါနေဇော်ရှိရာဆေးရုံသို့ရောက်လာကြသည်။ထိုအထဲတွင်စုစုဆိုသောမိန်းကလေးလည်းပါ၏။
စုစုကနေဇော်အားတဖက်သတ်ကြိုက်နေသူလေးဖြစ်သည်။သဲနုကိုအလွန်သောက်မြင်ကပ်သူလည်းဖြစ်၏။
"ကဲ နေဇော်၊နင့်ကိုပြောရမှာတော့အားနာတယ်၊နင့်ချစ်ချစ်ကြီးသဲနုတော့မနေ့ည၁၁နာရီလောက်ကမြို့ပြင်၇မိုင်မှာကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားပြီ။ရော့ နင်မယုံမှာစိုးလို့ငါသတင်းကိုsaveလာခဲ့တယ်"
"ဟာ...တကယ်လား"
နေဇော် စုစုရဲ့ဖုန်းကိုကမန်းကတန်းယူကြည့်လိုက်သည်။တိမ်းမှောက်နေသောကားနံပတ်နှင့်ကားအမျိုးအစားမှာသဲနု၏ကားမှန်နေ၏။
သတင်းအပြည့်အစုံကိုနေဇော်ဖတ်လိုက်သည်။သူသိလိုသောအကြောင်းအရာမပါ။ကားထဲမှာသူ့အိမ်ကြမ်းပြင်ပေါ်ကသယ်ယူသွားသောရွှေဒင်္ဂါးတွေအကြောင်းလည်းမပါ။သူ၏ခရီးဆောင်အိတ်အကြောင်းလည်းမပါ။သာမန်ကားအက်ဆီးဒင့်တခုသဖွယ်ရေးသားထားသည်။သေဆုံးတာကလည်း သဲနုတစ်ဦးတည်းဆိုတော့ဟိုမာမီသိန်းကဘယ်မှာလဲ။မာမီသိန်းကပဲအိတ်ကိုယူသွားတာလား။မာမီသိန်းကသဲနုကိုလုပ်ကြံခဲ့သလား။
သူ ခေါင်းခြောက်သွားသည်။စဉ်းစားလို့မရတော့။ဘာတွေဖြစ်ကုန်ပြီလဲ။
နေဇော်သတိမလစ်ခင်ကနောက်ဆုံးအခြေအနေကိုပြန်စဉ်းစားကြည့်လိုက်သည်။
သူ့အားမာမီသိန်းကရိုက်လိုက်တော့သူ့ခေါင်းကသွေးတွေထွက်လာသည်။ထိုသွေးတွေကလက်နဲ့သုတ်ပစ်ပြီးခါလိုက်မိသည်။သူလက်ကိုခါလိုက်စဉ်ကလက်မှသွေးစက်တို့သည်...
"ဟာ...သွေးစက်တွေကမှင်စာလူကြီးမျက်နှာပေါ်ကျသွားတာပဲ၊သူ သူငါ့သွေးကိုလျှာနဲ့လျက်ပြီး၊မြိုချလိုက်တယ်နဲ့တူတယ်"
ထိုအချက်ကိုသူစဉ်းစားမိတော့ဘဝင်မကျချင်။မှင်စာလူကြီးလွတ်မြောက်သွားပြီလားဟုသံသယဖြစ်သွားမိသည်။မှင်စာလူကြီးသည်လူ့သွေးကိုသောက်မြိုလျင်လွတ်မြောက်သွားနိုင်သလားဆိုတာသူမသိ။
ဒီလိုနဲ့ သူငယ်ချင်းတွေပြောသမျှကိုသူနားထောင်နေမိသည်။အများအားဖြင့်တော့ကားအက်ဆီးဒင့်ကြောင့်သေသွားသောသဲနုအကြောင်းအရာများသာ။ထင်ကြေးအမျိုးမျိုးပေးကြသည်။ပြစာတင်ဝေဘန်ကြသည်။ညဥ့်နက်သန်းခေါင်ကြီးမြို့ပြင်ကိုသဲနုတယောက်တည်းကားမောင်းထွက်သွားသည်ဆိုတာကိုဝေဘန်စစ်ကြောကြသည်။
ထို့နေ့ညနေတွင်သူဆေးရုံကဆင်းခွင့်ရသည်။မင်းခန့်ကသူ့အဖေကားယူလာပြီးဆေးရုံကိုလာကြိုသည်။
သူ အိမ်တန်းမပြန်ချင်သေး။ထို့ကြောင့်စိတ်ပြေလက်ပျောက်သဘော၊မင်းခန့်ကိုကားရှောက်မောင်းစေသည်။
မင်းခန့် မောင်းရင်းဖြင့်လေဆိပ်ဘက်သို့ရောက်လာ၏။လေဆိပ်ရှေ့ရောက်သည့်အခါ၊သူကဖြေးဖြေးမောင်းခိုင်းသည်။လေဆိပ်ရှေ့ကလမ်းဘေးတနေရာတွင်တက္ကစီကားတစ်စီးရပ်ထားပြီး၊ဘေးနားတွင်လူတယောက်ရပ်နေသည်။တက္ကစီကားခရှင်းနေခြင်းဖြစ်သည်။ကားခရှင်းပေးလိုက်တော့ကားကထွက်သွား၏။ထိုအခါမှကားဘေးနားရပ်နေသူမှာခရီးဆောင်လက်ဆွဲအိတ်တလုံးပါရှိမှန်းမြင်ရသည်။
နေဇော် ထိုလူအားအသေအချာမြင်ရသည့်အခါအလွန်အံဩသွားသည်။
မှင်စာလူကြီး။ထိုအိတ်နဲ့လူသည်မှင်စာလူကြီးမှန်းသိလိုရ၍ဖြစ်သည်။
နေဇော်က...
"ဟေ့ယောင် မင်းခန့် ခဏ ခဏ"
မင်းခန့်ကားကိုရပ်ပေးလိုက်သည်။နေဇော်ကားပေါ်ကအမြန်ဆင်းလိုက်သည်။သူနဲ့ မှင်စာလူကြီးသည်လမ်း၏ဟိုဘက်ဒီဘက်ပလက်ဖောင်းမှာဖြစ်သည်။ထိုမှင်စာလူကြီးကိုသူမိရန်လမ်းကိုကူးဖြတ်ရလိမ့်ဦးမည်။
" ဗျို့ လူကြီး ...ဟိတ်လူကြီး"
နေဇော်လှမ်းအော်ခေါ်လိုက်သည်။မှင်စာလူကြီး သူ့အားမြင်သွားပြီ။လမ်းမှာကူးဖြတ်လို့မရသေး။ကားတွေတဝီဝီနဲ့ဖြတ်သန်းနေကြသည်။
တဖက်ပလက်ဖောင်းပေါ်မှလူကြီးသည်သူ့အားပြုံးပြသည်။ပြီးတော့ခရီးဆောင်အိတ်ကိုပုတ်ပြသည်။ခြေဖြင့်ကန်ကျောက်ပြသည်။
"အံမယ်လေး သေပါပြီတော့"
အိတ်ထဲကအသံကိုသူကောင်းကောင်းကြားလိုက်ရသည်။ဒီအသံစူးပြာပြာကိုသူမသိစရာမရှိ။သူ၏ခေါင်းကိုရိုက်ခွဲသွားသောအလှဖန်တီးရှင်မာမီသိန်း၏အသံပင်။
လူကြီးကသူ့အားလက်ပြနုတ်ဆက်သည်။ပြီးသော်အိတ်ကိုဆွဲ၍လေဆိပ်ထဲသို့ခပ်မှန်မှန်ဝင်သွားသည်။သူကနေပါဦးဟုအော်ပေမယ့်ထိုလူကြီးသည်အရေးမလုပ်တော့ချေ။
သူ ဟိုဘက်ပလက်ဖောင်းကိုရောက်တော့မှင်စာလူကြီးသည်လေဆိပ်ထဲကိုဝင်သွားပြီဖြစ်သည်။သူ လေဆိပ်ခန်းမဆောင်ထဲဝင်ရှာသည်။သို့သော်မှင်စာလူကြီးကိုလုံးဝရှာမတွေ့တော့ချေ။သူ့ပုခုန်းကိုလာပုတ်၍လှည့်ကြည့်တော့မင်းခန့်။
"မင်း ဘာလုပ်တာလဲ၊အရူးတယောက်လိုပဲ၊ဘာလဲ ခေါင်းကိုထိသွားလို့ဂေါက်သွားတာလား"
မင်းခန့်ကဒေါသနဲ့မေးတော့သူက...
"ခုနကပလက်ဖောင်းပေါ်ကလူကြီးကိုလိုက်ရှာနေတာကွ"
"ဟေ"
မင်းခန့်ခမျာမျက်လုံးပြူးသွားရှာသည်။နေဇော် ခုနတုန်းကတဖက်ပလက်ဖောင်းကိုလှမ်းအော်နေ၍သူလည်းကြည့်မိသည်။တဖက်ပလက်ဖောင်းပေါ်တွင်ရှင်းလင်းနေပါ၏။လူတယောက်မှရှိမနေ။သူကြည့်နေတုန်းမှာနေဇော်တဖက်ပလက်ဖောင်းကိုပြေးကူးသွားသည်။ထို့ကြောင့်သူကားတံခါးကိုသော့ခတ်၍လိုက်လာခဲ့ခြင်းဖြစ်သည်။
မင်းခန့်သည်သူငယ်ချင်းဖြစ်သောနေဇော်၏ပုခုန်းကိုလက်တဖက်ဖြင့်ပွေ့ဖက်လိုက်ပြီးစိတ်မကောင်းဟန်ဖြင့်...
"လာ သူငယ်ချင်း၊ငါတို့ပြန်ကြစို့။မနက်ဖြန်ကျ မင်းကိုငါ့အသိဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ကြီးဆီခေါ်သွားမယ်၊လာသွားကြစို့"
လေဆိပ်ထဲမှလူငယ်နှစ်ဦးသည်တရွေ့ရွေ့ထွက်ခွာသွားကြသည်။သူတို့နောက်ကြောကိုတစုံတယောက်ကငေးကြည့်ရင်းပြုံးနေသည်ကိုတော့သူတို့မသိနိုင်ချေ။
ပြီးပါပြီ။
ပီပီ(မန္တလေး)
#lotaya_shortstory