မဆုံနိုင်သော မျဥ်းပြိုင်နှစ်ကြောင်း အပိုင်း (၁)
lotaya.mpt.com.mm
|
2021-11-05

‘ဒေါက်‌ဒေါက်ဒေါက်’

ကောင်းမြတ်သစ်သားတံခါးကိုခေါက်လိုက်သည်။

‘တွန်းဖွင့်လိုက်ကောင်းမြတ်’

သံဗန်းတံခါးကြားမှလက်လျှိုပြီးသစ်သားတံခါးကိုတွန်းဖွင့်လိုက်သည်။သစ်သားတံခါးဖွင့်ထားသော်လည်းသံဗန်းတံခါးကိုတော့သော့ခတ်ထားလေသည်။

‘ဆရာကြီးတံခါးသော့...’

သူစကားမဆုံးမီ‘ဂျလောက်’ကနဲအသံနှင့်အတူကြိုးတန်းလန်းချည်ထားသောသော့တံလေးတစ်ချောင်းကတံခါးပေါက်၀သို့ကျလာသည်။သူ၏အင်္ဂလိပ်စာဆရာကြီးဦးဒေးဗစ်သည်ပါကင်ဆန်ရောဂါစွဲကပ်နေသဖြင့်လမ်းကောင်းကောင်းမလျှောက်နိုင်။ထို့ကြောင့်ကြိုးချည်ထားသောသော့တံကိုပစ်ပေးရခြင်းပင်။ကောင်းမြတ်သော့ကိုကောက်ရန်ကြိုးစားသော်လည်းလက်ကမမီ။တိုက်ခန်းတွင်းထိုင်ခုံတစ်လုံးတွင်ထိုင်နေပုံရသောဦးဒေးဗစ်သည်ကြိုးစကိုပြန်ဆွဲယူပြီးနောက်တစ်ကြိမ်ထပ်ပစ်ပေးပြန်သည်။ထိုသို့သုံးလေးကြိမ်လောက်ပစ်ပြီးမှသော့တံသည်ကောင်းမြတ်လက်လှမ်းမီရာသို့ရောက်လာသည်။

‘ရပြီဆရာကြီး’

သူရွှေအိုးကောက်ရသည့်ပမာသော့တံကို၀မ်းသာအားရကောက်ပြီးသံဗန်းတံခါးကိုဖွင့်လိုက်သည်။အထဲ၀င်လိုက်သည်နှင့်အောက်သိုးသိုးအနံ့ဆိုးကြီးကသူ့နှာခေါင်းထဲ၀င်လာသည်။ဆရာကြီးကိုတိုက်ခန်းအလယ်ရှိစာကြည့်စားပွဲတွင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ကောင်းမြတ်တိုက်ခန်းခေါင်းရင်းပိုင်းသို့သွားပြီးပြတင်းပေါက်များကိုဖွင့်လိုက်သည်။ဗိုလ်အောင်ကျော်လမ်းအပြင်ဘက်မှကားသံများကိုကြားရသည်။လေပြေကအခန်းတွင်း၀င်လာသဖြင့်အနံ့နည်းနည်းသက်သာသွားသည်။

ကောင်းမြတ်လက်ထဲမှစာအုပ်များကိုစားပွဲပေါ်တင်လိုက်သည်။သူသည်တတိယနှစ်ဆေးကျောင်းသားတစ်ဦး။အားလပ်ချိန်တွင်ဆရာကြီးဒေးဗစ်ကျော်ထံအင်္ဂလိပ်စာလာသင်ခြင်းဖြစ်သည်။ဆေးကျောင်းမှသူ့ဆရာတစ်ယောက်ကမိတ်ဆက်ပေးသဖြင့်ဆရာကြီးနှင့်သိခဲ့ရသည်။ဦးဒေးဗစ်သည်ကျောင်းသားအများအပြားလက်မခံ။သူ၏စာသင်ပုံမှာလည်းသမားရိုးကျမဟုတ်။ကျောင်းသားများကိုအင်္ဂလိပ်စာအုပ်များဖတ်ခိုင်းပြီးသူနှင့်ပြန်ဆွေးနွေးခြင်း၊‌ဝေဖန်ချက်ရေးခိုင်းခြင်းများဖြစ်သည်။ကောင်းမြတ်အတွက်အထူးဆန်းဆုံးမှာဦးဒေးဗစ်သည်စတီဖင်ကင်းရေးထားသော၀တ္ထုစာအုပ်ကြီးများကိုသူ့တပည့်များအားလက်နှိပ်စက်စာမူအဖြစ်ပြန်လည်ရိုက်နှိပ်ခိုင်းခြင်းပင်။သူသည်ကမ္ဘာကျော်ထိတ်လန့်သည်းဖိုစာရေးဆရာကြီးစတီဖင်ကင်း၏စာအရေးအသားကိုတပည့်များနှင့်ရင်းနှီးစေချင်၍လား၊သို့မဟုတ်တပည့်များ၏စာရိုက်စွမ်းရည်တိုးတက်စေလို၍လားတော့မသိ။စာသင်ချိန်၏တ၀က်ကျော်သည်စတီဖင်ကင်းစာအုပ်များကိုစာမူအဖြစ်ပြောင်းလဲခြင်းနှင့်အချိန်ကုန်လေသည်။ကောင်းမြတ်သည်သူဆရာကြီးဆီမှငှားလာခဲ့သောစတီဖင်ကင်း၏အချိန်ခရီးသွားအကြောင်းရေးထားသော၁၁/၂၂/၆၃စာအုပ်ထူကြီးကိုဦးဒေးဗစ်ရှေ့ရှိစာကြည့်စားပွဲပေါ်သို့ချပေးလိုက်သည်။

‘ကောင်းတယ်ဆရာကြီး။ကျွန်တော်တော့တော်တော်ကြိုက်တယ်’

ဦးဒေးဗစ်ကျော်ဘာမှပြန်မပြော။သူသည်ထိုင်ခုံတွင်မလှုပ်မယှက်ထိုင်နေသည်။အသက်ခုနစ်ဆယ်ကျော်သူ၏မျက်နှာတွင်အရေးအကြောင်းများတွန့်နေသည်။သူသည်အိန္ဒိယနှင့်အင်္ဂလိပ်ကပြားလူမျိုးဖြစ်ပြီးကိုလိုနီခေတ်ကသူ့မိဘများသည်မြန်မာပြည်သို့ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။သူသည်ပါကင်ဆန်ရောဂါကြောင့်လှုပ်ရှားမှုနှေးကွေးလှသော်လည်းယခုပုံမှန်ထက်ပိုပြီးမလှုပ်မယှက်ရှိနေလေသည်။

‘ဆရာကြီးနေကောင်းရဲ့လား’ဟုမေးကြည့်ပြီးမှကောင်းမြတ်ယခင်ကရခဲ့သောအနံ့အသက်သည်သူ့ထံမှထွက်နေခြင်းဖြစ်ကြောင်းသတိထားမိလိုက်သည်။

‘ငါ..အိမ်သာသွားဖို့ဟာအချိန်မမီလိုက်လို့ကွာ..’

ဆရာကြီးသည်ကောင်းမြတ်ကိုမကြည့်ဘဲဖြေလိုက်သည်။သူ့အသံတွင်အရှက်တရားကထင်ရှားနေ၏။သူသည်ဘောင်းဘီ၀တ်ထားသည်။သူ့ဘောင်းဘီအောက်ပိုင်းတွင်ရေစိမ့်ထွက်နေသည်ကိုယခုမှကောင်းမြတ်သတိထားမိလိုက်သည်။

‘ရတယ်ဆရာကြီးကျွန်တော်လုပ်ပေးမယ်’

ထို့နောက်တွင်မူကောင်းမြတ်သည်သူ့တစ်သက်နှင့်တစ်ကိုယ်တစ်ခါမှမလုပ်ဖူးသောအခြားလူတစ်ဦးအားအညစ်အကြေးသန့်ရှင်းပေးခြင်းကိုလုပ်ရလေသည်။

‘ကျွန်တော်အ၀တ်အစားအသစ်တွေသွားယူလိုက်ဦးမယ်။အိပ်ခန်းထဲမှာလားဆရာကြီး’

အတန်ငယ်ကျယ်သောတိုက်ခန်းတွင်အိပ်ခန်းတစ်ခန်းရှိသည်။ထိုအိပ်ခန်းနှင့်ကပ်လျက်တွင်မူစတိုခန်းတစ်ခန်းရှိ၏။

‘အိပ်ခန်းဘေးကအခန်းထဲကိုမ၀င်နဲ့နော်ကောင်းမြတ်’

ဆရာကြီးကသူ့နောက်မှလှမ်းအော်လိုက်သည်။သူသတိထားမိသလောက်ထိုအခန်းသည်အမြဲသော့ပိတ်ထား၏။သူဆရာကြီးထံစာလာသင်ခဲ့သည့်ခြောက်လအတွင်းထိုအခန်းကိုအမြဲတမ်းသော့ခလောက်နှင့်ပိတ်ထားသည်ကိုသာတွေ့ခဲ့ရသည်။အခန်းထဲမှာဘာတွေများရှိလို့လဲ။

ဦးဒေးဗစ်အတွက်အ၀တ်အစားအသစ်များကိုယူပြီး၀တ်ပေးလိုက်သည်။ညစ်ပေနေသောအင်္ကျီနှင့်ဘောင်းဘီတို့ကိုရေချိုးခန်းကြမ်းပြင်တွင်ပုံကာရေများများလောင်းချပေးလိုက်သည်။

‘ကျွန်တော်အ၀တ်လျှော်မဲ့မိန်းမတစ်ယောက်လွှတ်ပေးလိုက်မယ်’

‘မလွှတ်နဲ့’

ကမန်းကတန်းပြောလိုက်သောသူ့အသံတွင်စိုးရိမ်သံပါနေခဲ့သည်။ကောင်းမြတ်နားမလည်နိုင်။ဦးဒေးဗစ်သည်ဤမျှရောဂါအခြေအနေဆိုးနေသော်လည်းကူဖော်လောင်ဖက်တစ်ယောက်မျှမရှိခြင်းကိုလည်းကောင်းမြတ်နားမလည်နိုင်ခဲ့။ကပ်စေးနဲ၍လား။လူသိမခံစေချင်သည့်လျှို့၀ှက်ချက်တစ်ခုခုရှိ၍လား။ထိုသော့ခတ်ထားသောအခန်းထဲတွင်များတစ်ခုခုရှိနေလား။လူတစ်ယောက်ယောက်ကိုများဖမ်းထားလို့လား။

...အင်း…ငါစတီဖင်ကင်း၀တ္ထုတွေဖတ်တာများနေပြီ။ဆရာကြီးကလူတွေနဲ့မပတ်သက်ချင်လို့ပဲနေမှာပါ…

‘ရတယ်ကောင်းမြတ်။မင်းပြန်သွားရင်ငါ့ညီ၀မ်းကွဲတစ်ယောက်ဆီဖုန်းလှမ်းဆက်လိုက်မယ်။ငါ့ကိုကူညီပေးတဲ့အတွက်မင်းကိုကျေးဇူးမမေ့ပါဘူး။မင်းကတကယ့်ကိုစိတ်ကောင်းရှိတဲ့လူကောင်းတစ်ယောက်ပါ’

ကောင်းမြတ်သည်မောမောနှင့်ထိုင်ခုံတွင်၀င်ထိုင်လိုက်သည်။သူ့စာသင်ချိန်တစ်၀က်လောက်ပင်ရှိသွားပြီ။မလှုပ်မရှားနိုင်သောအဘိုးအိုတစ်ဦးကိုတစ်ယောက်တည်းသန့်ရှင်းရေးလုပ်ပေးရသည်မှာမလွယ်ကူချေ။

‘ဆရာကြီးဒီညတစ်ယောက်တည်းဖြစ်ပါ့မလား။ကျွန်တော်ပြန်ရင်တော့အိပ်ခန်းဆီတွဲပို့ပေးခဲ့မယ်’

ဦးဒေးဗစ်သည်ကောင်းမြတ်ကိုလှမ်းကြည့်လိုက်သည်။သူ့အကြည့်ထဲတွင်စူးစမ်းလိုစိတ်ပါနေသည်။

‘မင်းကြည့်ရတာရုပ်ရည်လည်းမဆိုးလှပါဘူး။ဆေးကျောင်းလည်းတက်နေတယ်ဆိုတော့။ဒါပေမဲ့အခုလိုသောကြာနေ့ညမျိုးမှာသူငယ်ချင်းတွေနဲ့အတူမရှိ၊ရည်းစားနဲ့အတူမရှိဘဲဘာလို့များငါလိုအဘိုးအိုတစ်ယောက်နဲ့လာပြီးစာသင်နေတာလဲ။ငါစိတ်၀င်စားမိလို့ပါ’

ကောင်းမြတ်မသက်မသာနှင့်ဟက်ကနဲရယ်လိုက်သည်။

‘ကျွန်တော်စိတ်၀င်စားနေတဲ့ကောင်မလေးတစ်ယောက်တော့ရှိတယ်ဆရာကြီး’

ဦးဒေးဗစ်သည်ခေါင်းညိတ်ပြီးဆက်နားထောင်နေသည်။လူငယ်ကရှက်ကိုးရှက်ကန်းနှင့်ဆက်ပြောသည်။သူ့လက်နှစ်ဘက်လုံးမစင်နံ့များနံနေသေးသလိုခံစားနေရသည်။

‘ဟို…သူကပြန်မကြိုက်ဘူး...။သူတို့ကချမ်းသာတယ်ဆရာကြီး’

‘မင်းကသူ့ကိုဘာလို့ကြိုက်တာလဲ။’

ကောင်းမြတ်ခေါင်းကုတ်မိသည်။ပြီးမှအခုလေးတင်ထိုလက်နှင့်မစင်များကိုင်ထားမိကြောင်းသတိရသွား၏။

‘သူကလှတယ်ဆရာကြီး။’

‘မိန်းကလေးနာမည်ကဘယ်သူလဲ’

‘နွဲ့ယမင်းခင်တဲ့။သူ့သူငယ်ချင်းတွေကတော့ယမင်းလို့ပဲခေါ်ကြတယ်။’

‘မင်းကသူ့ကိုဖွင့်ပြောပြီးပြီလား’

‘ကျွန်တော်မပြောရဲဘူး’

ဦးဒေးဗစ်ဘာမှဆက်မပြောတော့။ကောင်းမြတ်စကားလမ်းကြောင်းပြောင်းလိုသဖြင့်-

‘ဒီစာအုပ်တော်တော်ကောင်းတယ်ဆရာကြီး။အချိန်ခရီးသွားစာအုပ်ပဲ။’

‘အေးဟုတ်တယ်။ဒီတစ်ခေါက်ဒီစာအုပ်ကိုလက်နှိပ်စက်ရိုက်ရမယ်’

ဆရာကြီးသည်သူစိတ်၀င်စားသောလက်နှိပ်စာမူအဖြစ်ပြောင်းရန်ကိုသာတွင်တွင်ပြောနေသည်။

‘ဆရာကြီးအချိန်ခရီးသွားဆိုတာယုံလား’

ဦးဒေးဗစ်တစုံတခုကိုအလေးအနက်စဥ်းစားရင်းပြန်ဖြေသည်။

‘အချိန်ခရီးသွားဆိုတာကိုမစဥ်းစားခင်ငါတို့အချိန်ဆိုတာကိုနားလည်ရဲ့လားဆိုတာပြန်မေးသင့်တယ်။’

‘ဘယ်လိုများလဲဆရာကြီး’

‘ငါတို့အားလုံးဟာအချိန်ဆိုတာကိုမျဥ်းဖြောင့်တစ်ကြောင်းလိုထင်နေကြတယ်။တကယ်တော့အချိန်ဟာမျဥ်းဖြောင့်တစ်ကြောင်းဖြစ်တယ်ဆိုရင်တောင်အဲဒီမျဥ်းဖြောင့်ဟာတစ်ကြောင်းတည်းမဖြစ်နိုင်ဘူး။’

‘ကျွန်တော်နားမလည်ဘူးဆရာကြီး’

‘ငါရှင်းပြမယ်။ထားပါတော့ဒီစာအုပ်ထဲကမင်းသားဟာကနေဒီကိုကယ်ဖို့အတိတ်ကိုပြန်သွားတယ်။အတိတ်ကအဖြစ်အပျက်တွေကိုသူအမျိုးမျိုးပြောင်းပစ်ခဲ့တယ်။ပစ္စုပ္ပါန်ကိုပြန်လာတဲ့အခါမှာသူ့လုပ်ရပ်တွေကြောင့်အခုလက်ရှိအချိန်ကအခြေအနေတွေဟာပြောင်းပြောင်းသွားတယ်။တကယ်တော့သူဟာအချိန်မျဥ်းဖြောင့်အဟောင်းကိုပြောင်းပစ်တာမဟုတ်ဘူး။သူဟာအချိန်မျဥ်းဖြောင့်အသစ်တွေကိုသာဖန်တီးတာပဲ။

ဒါကြောင့်ပိုပြီးစိတ်၀င်စားစရာကောင်းတာကအချိန်ခရီးသွားမဟုတ်ဘူး။အချိန်မျဥ်းဖြောင့်တွေဘယ်နှကြောင်းတောင်ရှိနေသလဲဆိုတာပဲကွ’

‘ParallelUniverseတခြားဘ၀တွေရှိတာကိုပြောတာလားဆရာကြီး။ဥပမာအခုအချိန်မှာကျွန်တော်နဲ့ဆရာကြီးတို့ရှိနေမဲ့တခြားကမ္ဘာတစ်ခုခုရှိနေမယ်လို့ဆိုလိုတာလား။’

‘အေး။အဲလိုပြောလို့လည်းရပါတယ်’

‘ဒါဆိုအဲဒီကမ္ဘာမှာရှိမဲ့ကျွန်တော်ကခုချိန်မှာဘာလုပ်နေမလဲ။အခုလိုပဲဆရာကြီးနဲ့အင်္ဂလိပ်စာသင်နေမလား’

ဦးဒေးဗစ်ရယ်လိုက်သည်။

‘တခြားကမ္ဘာကမင်းသာအခုထက်ပိုပြီးနည်းနည်းလေးသတ္တိရှိမယ်ဆိုအဲဒီမင်းရဲ့ကိုယ်ပွားဟာငါနဲ့စာသင်နေမဲ့အစားနွဲ့ယမင်းခင်နဲ့အပြင်မှာချိန်းတွေ့ပြီးမုန့်စားနေလောက်ပြီ’

ဤတစ်ခါတော့ကောင်းမြတ်ပါသဘောကျစွာရယ်မောမိလေသည်။ထို့နောက်တွင်စတီဖင်ကင်း၏စာအုပ်အကြောင်းကိုအင်္ဂလိပ်လိုဆွေးနွေးပြီးထို၀တ္ထု၏စာမျက်နှာအတော်များများကိုစာကြည့်စားပွဲတွင်ထိုင်ကာလက်နှိပ်စာမူအဖြစ်သို့ပြောင်းလဲပေးခဲ့လိုက်သည်။ကောင်းမြတ်ထိုနေ့ညအိမ်ပြန်လျှင်သူ့စိတ်ထဲတွင်ဆရာကြီးဦးဒေးဗစ်ကျော်ကိုကူညီပေးနိုင်လိုက်သဖြင့်ကျေနပ်ပီတိဖြစ်နေမိခဲ့သည်။သူနှစ်ခြိုက်စွာအိပ်ပျော်သွား၏။

အိပ်မက်ထဲတွင်သူနွဲ့ယမင်းခင်နှင့်ပန်းခြံထဲတွင်ရှေးခေတ်မြန်မာရုပ်ရှင်ကားများထဲကလိုအတူတူလိုက်တမ်းပြေးတမ်းကစားနေခဲ့မိလေသည်။

…………………………………………………..

‘တီတီတီ’

ဖုန်းသံကြောင့်ကောင်းမြတ်အိပ်မက်မှလန့်နိုးသွားသည်။အချိန်ကမနက်၃နာရီ။ဖုန်းခေါ်သူမှာဆရာကြီးဦးဒေးဗစ်။

‘ကောင်းမြတ်။ငါ့တိုက်ခန်းကိုခဏလာပေးလို့ရမလား။’

‘ဘာဖြစ်လို့လဲဆရာကြီး’

‘ငါ…ငါ..အိမ်သာထသွားရင်းလဲသွားလို့ကွာ။အခုပြန်ထလို့မရဘူး’

‘ကျွန်တော်အခုပဲလာခဲ့မယ်ဆရာကြီး’

အထပ်ခိုးတွင်အိပ်နေကြသောသူ့အဖေနှင့်အမေကိုအသာလှုပ်နှိုးကာသူဘယ်သွားမည်ကိုပြောသွားခဲ့၏။အိမ်နောက်ဖေးအတွင်းခန်းတွင်သူ့ညီမငယ်အိပ်နေသည်။ သူမကိုတော့ပြောမနေတော့ဘဲထွက်လာခဲ့သည်။တရုတ်တန်းမှဗိုလ်အောင်ကျော်လမ်းသို့တက်စီငှားသွားလိုက်သည်။ဆရာကြီးအိမ်ရှိသံဗန်းတံခါးသော့ခတ်မထားပါစေနှင့်ဟုဆုတောင်းမိသည်။သူညနေအပြန်တုန်းကခတ်ခဲ့မိသလား။မခတ်ခဲ့ဘူးလား။သတိမရတော့။

သူဆရာကြီးအခန်းသို့ရောက်လျှင်စိတ်သက်သာသွားသည်။သူသံဗန်းတံခါးသော့ခတ်ဖို့သတိမေ့ခဲ့သည်ကပင်ကံကောင်းသွားလေသည်။တိုက်ခန်းထဲ၀င်မိလျှင်အခန်းအလယ်ကြမ်းပြင်တွင်မှောက်လျက်ကြီးလဲကျနေသောဦးဒေးဗစ်ကိုတွေ့လိုက်ရသည်။ကောင်းမြတ်အပြေးသွားပြီးထူမရန်ကြိုးစားသည်။သို့သော်မရ။

‘အား…ညာဘက်ခြေထောက်ကနာလိုက်တာ။ထောက်မရဘူး’

ဦးဒေးဗစ်ကိုကြမ်းပေါ်သို့ပြန်ချရင်းကောင်းမြတ်ခြေနှစ်ဘက်ကိုကြည့်မိသည်။သေချာသည်။ဆရာကြီး၏ညာဘက်ပေါင်ရိုးထိပ်ပိုင်းကျိုးသွားလေပြီ။

‘ဆရာကြီးပေါင်ရိုးကျိုးတာပဲ။ဆေးရုံသွားမှဖြစ်မယ်။’

‘နိုးနိုး။ငါဆေးရုံသွားလို့မဖြစ်ဘူး။ငါ့ကိုဘီးတပ်ကုလားထိုင်ပေါ်တင်ပြီး...’

‘မဖြစ်ဘူးဆရာကြီး…ကျွန်တော်ဆေးရုံကားအခုပဲသွားခေါ်လိုက်မယ်’

ကောင်းမြတ်သူ့ဆရာ၏စကားကိုဆုံးအောင်နားမထောင်တော့ဘဲတိုက်ခန်းအောက်သို့ဆင်းလာခဲ့သည်။သူစိတ်ထဲတွင်သူ့ကိုယ်သူဒေါသထွက်မိသည်။ဦးဒေးဗစ်ကိုတစ်ယောက်တည်းထားပစ်ခဲ့မိသည့်အတွက်နောင်တရမိ၏။

‘ကောင်းမြတ်…အခုပြန်လာခဲ့…ကောင်းမြတ်...’

ဦးဒေးဗစ်၏အော်သံကတိုက်ပေါ်တွင်ကျန်ခဲ့သည်။ကောင်းမြတ်လူနာတင်ကားကိုဖုန်းဆက်ခေါ်ပြီးလိပ်စာပေးလိုက်သည်။ထို့နောက်သူတိုက်ပေါ်ပြန်တက်သွားသည်။

‘ကောင်းမြတ်၊ငါဆေးရုံသွားလို့မဖြစ်ဘူး။ငါ့ကိုဘီးတပ်ကုလားထိုင်ပေါ်တင်ပေးပါ။’

‘ဆရာကြီး။ဒီတိုက်ခန်းထဲမှာဘီးတပ်ကုလားထိုင်မရှိဘူးလေ’

ဦးဒေးဗစ်ခဏအသံတိတ်သွားသည်။

‘ဒါဆိုလည်းငါ့ကိုတွဲပြီး…ဟို..ဟိုကစတိုခန်းထဲပို့ပေးစမ်းပါ။ရေခဲသေတ္တာနောက်မှာသော့တွဲချိတ်ထားတယ်။လူနာတင်ကားမလာခင်ငါ့ကိုအဲဒီစတိုခန်းထဲမြန်မြန်ပို့ပေးပါ။’

ကောင်းမြတ်စိတ်ရှုပ်သွားသည်။ဦးဒေးဗစ်ကိုမယုံနိုင်စွာကြည့်မိ၏။

‘ဆရာကြီး။ခြေထောက်ကျိုးတာအဲဒီ့အခန်းထဲ၀င်ပြီးဘာလုပ်မလို့လဲဗျ။စိတ်ကိုအေးအေးထားပါဆရာကြီး။ဆေးရုံရောက်ရင်အားလုံးကောင်းသွားလိမ့်မယ်’

‘မင်းနားမလည်ဘူးကောင်းမြတ်။ငါတောင်းပန်ပါတယ်။ငါ့ကိုပို့ပေးပါ။’

‘ကျွန်တော်ပို့ပေးချင်ရင်တောင်ပို့လို့မရဘူး။ကျွန်တော်တစ်ယောက်တည်းဆရာကြီးကိုယ်လုံးကိုဘယ်လိုမှမနိုင်ဘူးဗျ’

ဦးဒေးဗစ်စိတ်အကြီးအကျယ်ပျက်သွားသည်။

‘ငါ့ကိုဒရွတ်ဆွဲပြီးပို့ပေးပါ’

သူ့ဆရာစိတ်မမှန်တော့ကြောင်းသေချာသွားလေပြီ။ထို့ကြောင့်လူနာတင်ကားစောင့်နေစဥ်စိတ်အနည်းငယ်အေးသွားစေရန်အလိုက်အထိုက်ပြောမည်ဟုကောင်းမြတ်ဆုံးဖြတ်လိုက်သည်။

‘ဆရာကြီးအဲ့ဒီ့အခန်းထဲကိုဘာလို့သွားချင်ရတာလဲ’

‘ငါပြောလို့မဖြစ်ဘူး’

‘ဆရာကြီးမပြောပြရင်ကျွန်တော်လည်းမပို့ပေးနိုင်ဘူးဗျာ’

ဦးဒေးဗစ်ချောင်ပိတ်သွားသည်။သူမပြော၍မဖြစ်တော့။

‘အဲ..အဲဒီအခန်းထဲမှာ...’

‘ဒီအိမ်ကဦးဒေးဗစ်ကျော်အိမ်လား’

တံခါး၀ကလူသံကြားသဖြင့်ဦးဒေးဗစ်စကားပြတ်သွားသည်။လူနာတင်ကားပေါ်မှကျန်းမာရေး၀န်ထမ်းများခေါက်ထမ်းစင်ကိုကိုင်ကာအိမ်ထဲ၀င်လာကြ၏။

‘နိုးနိုး။ငါ့ကိုဟိုအခန်းထဲပို့’

‘အန်ကယ်၊စိတ်အေးအေးထား။ကျွန်တော်တို့အန်ကယ့်ကိုအခုပဲဆေးရုံပို့ပေးမယ်’

ဆရာကြီးသည်ပါကင်ဆန်ရောဂါကြောင့်ရုန်းကန်ရန်လည်းမတတ်နိုင်ဘဲကြက်ခြေနီ၀န်ထမ်းများ၏အကြားတွင်ပါးစပ်မှအော်ဟစ်ငြင်းဆန်ရင်းပါသွားလေသည်။ကျန်းမာရေး၀န်ထမ်းများသည်သူတို့၏အတွေ့အကြုံအရ၊နာကျင်မှုကြောင့်သော်လည်းကောင်း၊သို့မဟုတ်ရောဂါပြင်းထန်၍သော်လည်းကောင်းဦးဒေးဗစ်ကျော်၏စိတ်အခြေအနေသည်ပုံမှန်မဟုတ်ဟုခန့်မှန်းပြီးသူ့ဆန္ဒနှင့်ဆန့်ကျင်ကာအသက်ကယ်ရန်ဆေးရုံသို့သယ်သွားကြခြင်းဖြစ်သည်။ကြက်ခြေနီ၀န်ထမ်းခေါင်းဆောင်ကကောင်းမြတ်ကိုကြည့်ကာ-

‘အစ်ကိုရေ။ကျွန်တော်တို့လူနာခေါ်သွားလိုက်မယ်။အစ်ကိုတခါတည်းလိုက်ခဲ့မလား’

‘ဟို..ကျွန်တော်ကလူနာရှင်မဟုတ်ဘူး။အိမ်နီးချင်း၊တပည့်ပါ။ကျွန်တော်သူ့ညီကိုလွှတ်ပေးလိုက်ပါမယ်’

‘ဒါဆိုရင်လည်းဒီဖောင်မှာဖြည့်ပြီးလူနာရှင်မြန်မြန်လွှတ်ပေးပါ’

ဟုပြောပြီးကောင်းမြတ်ကိုလူနာအချက်အလက်များကိုရေးမှတ်စေသည်။သူတို့အားလုံးထွက်သွားကြလျှင်ကောင်းမြတ်သည်အိမ်ထဲတွင်တစ်ယောက်တည်းကျန်ရစ်လေသည်။ဦးဒေးဗစ်ကျော်သည်သူနှင့်သက်ဆိုင်သောအရေးပေါ်ဖုန်းနံပါတ်များကိုနံရံပေါ်ရှိ၀ှိုက်ဘုတ်ပေါ်တွင်အသင့်ရေးထားပြီးသားဖြစ်သည်။သူ့ညီ၀မ်းကွဲ၏ဖုန်းနံပါတ်ကိုဆက်ရန်ကောင်းမြတ်လက်ကိုင်ဖုန်းကိုထုတ်လိုက်၏။သို့သော်သူ့စိတ်ထဲတွင်တစုံတခုကိုတွေးမိလေသည်။

….ဟိုအခန်းထဲမှာဘာများရှိပါလိမ့်…..

ထိုအခန်းကိုဖွင့်သောသော့သည်ရေခဲသေတ္တာနောက်တွင်ရှိကြောင်းသူသိနေလေပြီ။သိလိုသောစိတ်ကစဥ်းစားဆင်ခြင်နိုင်စွမ်းကိုလွှမ်းမိုးသွားသည်။ဆရာကြီးသည်ဆေးရုံသွားရမည်ထက်ထိုအခန်းထဲသို့ပိုပြီး၀င်လိုနေသည်မှာအကြောင်းတစ်ခုခုတော့ရှိရမည်။ဘာပဲဖြစ်ဖြစ်ယခုဆရာကြီးအတွက်စိတ်ချရလေပြီ။သူဆေးရုံပေါ်တွင်ရက်အနည်းငယ်မျှနေပြီးလျှင်ခွဲစိတ်မှုအောင်မြင်ပါကလမ်းပြန်လျှောက်နိုင်မည်ဖြစ်သည်။ထို့ကြောင့်အသက်အန္တရာယ်လည်းပူစရာမလို၊နေမကောင်းမှာလည်းပူစရာမလို။ဆေးရုံမှာသူ့အတွက်ပို၍ပင်စိတ်ချရသေးသည်။

….တစ်ချက်လောက်လေး၀င်ကြည့်ရုံနဲ့ဘာမှဖြစ်မသွားပါဘူး။အခန်းထဲမှာသူ့အတွက်အရေးကြီးတာတစ်ခုခုရှိရင်လည်းငါကြည့်လုပ်ထားလို့ရတာပေါ့…

ကောင်းမြတ်ရေခဲသေတ္တာနောက်သို့လက်ထည့်ကာစမ်းလိုက်လျှင်ရေခဲသေတ္တာနောက်နံရံတွင်ချိတ်ဆွဲထားသောသော့တွဲတစ်တွဲကိုစမ်းမိသွားသည်။…ရပြီ…

သူသော့တွဲကိုယူပြီးစတိုခန်းဆီသို့သွားကာတံခါးကိုဖွင့်လိုက်ရန်ကြိုးစားသည်။သော့တွဲထဲတွင်သော့ငါးချောင်းမျှရှိမည်။သော့တံတစ်ချောင်းနှင့်တံခါးပွင့်သွား၏။အခန်းထဲတွင်မှောင်မဲနေလေသည်။အခန်းအပြင်တွင်မီးခလုတ်ရှိမလားဟုရှာကြည့်မိသည်။မတွေ့။…မီးခလုတ်ကအခန်းထဲမှာထင်တယ်…။သူအခန်းထဲ၀င်လိုက်သည်။နံရံကိုစမ်းပြီးမီးခလုတ်ကိုရှာစဥ်….

သူ့အရှေ့ခပ်လှမ်းလှမ်းမှမီးရောင်တချို့ကိုမြင်လိုက်ရသည်။စတိုခန်းသည်ထင်ထားသည်ထက်ပိုကျယ်နေသည်။..ဘယ်လိုမှမဖြစ်နိုင်…။ယခုအခါသူသည်ခန်းမကျယ်ကြီးတစ်ခုထဲသို့ရောက်နေလေသည်။ထို့ပြင်ထိုခန်းမကြီး၏ပြတင်းပေါက်များဆီမှအပြင်သို့လှမ်းမြင်နေရသည်။သူပြတင်းပေါက်တစ်ပေါက်ဆီသို့အပြေးသွားကာအပြင်သို့ကြည့်လိုက်သည်။

…ဟာ…ဒါဘယ်လိုဖြစ်နိုင်မှာလဲ…

အခန်းအပြင်တွင်လမ်းမကြီး။လမ်းမပေါ်တွင်ကားများကဟိုမှသည်မှဖြတ်သွားနေကြသည်။သူမျက်စိမမှား။ထိုလမ်းသည်ဗိုလ်အောင်ကျော်လမ်းမကြီးပင်။နှစ်ထပ်တိုက်တိုက်ခန်း၏စတိုခန်းထဲမှယခုလိုမြေညီထပ်လူမနေသည့်ဂိုဒေါင်ကြီးထဲသို့သူမည်သို့မည်ပုံရောက်လာရသနည်း။အပြင်တွင်မိုးများသည်းထန်စွာရွာနေသည်။ကောင်းမြတ်-နောက်သို့လှည့်ကြည့်လိုက်လျှင်သူထွက်လာသောတံခါးပေါက်ကိုတွေ့လိုက်ရသည်။ထိုတံခါးပေါက်သည်ယခုအခါဤဂိုဒေါင်ခန်းမကြီးထဲမှအနောက်ဘက်သို့ထွက်သောအပေါက်တစ်ပေါက်သဖွယ်ဖြစ်နေ၏။

…ငါပြန်ပြေးမှပဲ…

သူစိတ်ကူးပြီးနောက်ကြောင်းပြန်လှည့်ရန်ပြင်လိုက်စဥ်…

…အား…ကယ်ကြပါ….

လမ်းပေါ်မှမိန်းကလေးတစ်ယောက်၏အော်လိုက်သံ။ဗိုလ်အောင်ကျော်လမ်းသည်မိုးသည်းချိန်ဖြစ်သဖြင့်လူရှင်းနေပြီးလမ်းမီးများမှာလည်းထိုနားတ၀ိုက်တွင်ကျွမ်းနေကြသည်။ကောင်းမြတ်ပြတင်းပေါက်မှပြန်ကြည့်လိုက်လျှင်သူ့အဆောက်အအုံ၏ရှေ့မလှမ်းမကမ်းတွင်ယောကျ်ားနှစ်ဦးသည်မိန်းကလေးတစ်ယောက်ကို၀ိုင်းကာသူမ၏လက်ထဲမှလက်ကိုင်အိတ်ကိုအတင်းဆွဲလုနေလေသည်။

‘ဟေ့လူတွေ...’

ကောင်းမြတ်နောက်ကြောင်းပြန်ပြေးရန်မေ့သွားပြီးထိုဂိုဒေါင်ထဲမှထွက်ရန်တံခါးမကြီးကိုဖွင့်လိုက်သည်။တံခါးသည်အထဲမှဖြစ်သဖြင့်အလွယ်တကူပွင့်သွားသည်။သူ့လက်ထဲရှိသော့တွဲကိုဘောင်းဘီအိတ်ထဲထိုးထည့်လိုက်၏။ကောင်းမြတ်မိုးရေများကြားမှမိန်းကလေးနှင့်ထိုလူနှစ်ယောက်ရှိရာဆီသို့ပြေးထွက်သွားသည်။

‘ဟေ့ကောင်တွေမလုပ်နဲ့...’

မိုးရေကြား၊ကားမီးရောင်များကြားတွင်တလက်လက်အရောင်တောက်နေသောအရာတစ်ခုကိုတွေ့လိုက်ရသည်။ထိုလူနှစ်ယောက်ထဲမှတစ်ယောက်ကိုင်ထားသောမောင်းပြန်ဓား။ကောင်းမြတ်လမ်းဘေးရှိအုတ်နီခဲတစ်လုံးကိုကောက်ပြီးထိုလူထံပစ်ထည့်လိုက်၏။

‘ခွပ်’

...အား….

အုတ်နီခဲကလူဆိုး၏နဖူးစောင်းကိုတည့်တည့်ထိမှန်သဖြင့်သွေးများဖြာကနဲထွက်သွားသည်။ထိုလူယိုင်ကျသွားလျှင်သူ့ဘေးမှလူကလည်းနောက်ဆုတ်သွား၏။ကောင်းမြတ်ဘေးပတ်၀န်းကျင်ကိုကြည့်ပြီးအော်ဟစ်အကူအညီတောင်းလိုက်သည်။

‘လာကြပါဗျို့။ဒီမှာမိန်းကလေးတစ်ယောက်ကို၀ိုင်းလုနေကြလို့’

ကျန်သောလူသည်ဘေးဘီကိုကြည့်လိုက်လျှင်လမ်းတဘက်ခြမ်းတွင်ရပ်ထားသောကားအနက်ကြီးတစ်စီးထဲမှထောင်ထောင်မောင်းမောင်းနှင့်အနောက်တိုင်း၀တ်စုံ၀တ်လူကြီးတစ်ဦးထွက်လာသည်ကိုတွေ့လိုက်ရသည်။

‘ဟျောင့်သားကြီး။အခြေအနေမကောင်းဘူး။ဒိုးမယ်’ဟုဆိုကာခေါင်းပေါက်သွားသောသူ့လူကိုတွဲပြီးထွက်ပြေးလေသည်။

ကောင်းမြတ်မိန်းကလေးဆီသို့အပြေးသွားကာ‘ညီမဘာဖြစ်သွားသေးလဲ’ဟုမေးလိုက်ပြီးမှမိန်းကလေးသည်သူနှင့်ရွယ်တူနီးပါးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

‘ဟုတ်..ညီမဘာမှမဖြစ်ဘူးအစ်ကိုကျေးဇူးတင်လိုက်တာရှင်’

‘၀ူး...’

လမ်းတဘက်ရှိကားအနက်ကြီး၀ူးကနဲမောင်းထွက်သွားသည်ကိုကောင်းမြတ်တွေ့လိုက်သည်။လူထွားကြီးသည်သူတို့ကိုမကူညီဘဲဘာကြောင့်ကားမောင်းထွက်သွားရသနည်း။မိုးကသည်းထန်နေဆဲ။အချိန်ကမနက်လေးနာရီပင်ထိုးတော့မည်။နေကမထွက်သေး။မှောင်မဲနေတုန်း။

‘ညီမရယ်၊အိတ်လုတာပေးလိုက်ရောပေါ့။ကိုယ့်အသက်ထက်ဘာကတန်ဖိုးရှိမှာလဲ’

ကောင်းမြတ်စကားကိုကြားလျှင်မိန်းကလေးသည်ရှိုက်ကြီးတငင်ငိုလေသည်။ထိုအခါမှသူ့စကားမှားသွားပြီဟုသိလိုက်သည်။

‘ဆော..ဆောရီးညီမ။ကျွန်တော်ကပြောလိုက်ရင်အဲလိုအမြဲတလွဲကြီးပဲ။သေပါတော့ကွာ..’ဟုကိုယ့်နဖူးပင်ကိုယ်ရိုက်မိ၏။

‘ရပါတယ်အစ်ကို၊အစ်ကိုကညီမအသက်ကိုကယ်လိုက်တာ။’

‘အဲ…အစ်ကိုအစ်ကိုနဲ့။ကျွန်တော့်အသက်ကနှစ်ဆယ်ပဲရှိသေးတယ်...’

‘ဟုတ်,,ညီမကဆယ့်ကိုး...’

‘ကောင်းမြတ်လို့ပဲခေါ်ပါ’

‘ဟုတ်…ညီမနာမည်ကယွန်းပါ’

‘ယွန်း။ဒီအချိန်ကြီးအပြင်မှာဘာလုပ်မလို့တုန်း။လာ-ကျွန်တော်အိမ်ပြန်ပို့ပေးမယ်’

‘ဟုတ်ဘူးကိုကောင်းမြတ်။ယွန်းပြန်လို့မရသေးဘူး’

ထိုအခါမှကောင်းမြတ်သည်မိန်းကလေးကိုသေချာကြည့်မိသည်။မိုးရေစိုရွှဲပြီးကြွက်စုတ်ကလေးလိုဖြစ်နေသောကောင်မလေးသည်အသားဖြူဖြူဖွေးဖွေးနှင့်မပြင်မဆင်သော်လည်းအတော်ကိုချစ်စရာကောင်းလေသည်။သူမ၏ကိုယ်လုံးသည်သေးသွယ်ပြီးအရပ်မှာလည်းငါးပေနှစ်လက်မလောက်သာရှိလိမ့်မည်။ကောင်းမြတ်သည်သူမထက်ခေါင်းတစ်လုံးမျှပိုမြင့်နေသည်။လူငယ်သည်မိန်းကလေးကိုနီးနီးကပ်ကပ်ကြည့်ရင်းနှင့်သူကြုံတွေ့ခဲ့ရသောထူးဆန်းသည့်အဖြစ်အပျက်များကိုတခဏမေ့လျော့သွားသည်။

‘ဘယ်သွားစရာရှိလို့လဲ။ဒီအချိန်ကြီး’

‘ယွန်းမောင်လေးအတွက်ဆေး၀ယ်မလို့လိုက်ရှာနေတာကိုကောင်းမြတ်။ဒီလမ်းထဲမှာ၂၄နာရီဆေးဆိုင်ရှိတယ်ဆိုလို့။ယွန်းအလုပ်ကပြန်လာပြီးတာနဲ့ရှာနေတာ။ရန်ကုန်တစ်မြို့လုံးဘယ်ဆိုင်မှမတွေ့ဘူး’

‘ဘာဆေးမို့လို့လဲ’

မိန်းကလေးပြောပြသောဆေးကိုကောင်းမြတ်သိလိုက်သည်။ထိုဆေးသည်ကင်ဆာ‌ဝေဒနာရှင်များခီမိုဆေးသွင်း၍သွေးဖြူဥများကျဆင်းလျှင်ထိုးရသောဆေး။ကောင်းမြတ်စိတ်မကောင်းဖြစ်သွားရသည်။

‘မောင်လေးကဘယ်အရွယ်လဲ’

‘ခုနစ်နှစ်ပါ..’မိန်းကလေးအသံလေးတိမ်၀င်သွား၏။

‘ကျွန်တော်သိတယ်။ကျွန်တော်စာသင်ရတဲ့ဆေးရုံမှာရောင်းတာတွေ့ဖူးတယ်။ကျွန်တော်ကဆေးကျောင်းသာ့ဒ်ရီးယား’

‘အို..ယွန်းကသူနာပြုအကူသင်တန်းတက်ပြီးလူနာတွေလိုက်ကြည့်ပေးတဲ့အလုပ်လုပ်ရတာပါ’

သူတို့အပြန်အလှန်စကားပြောရင်းတက်စီတစီးကိုတားကာကောင်းမြတ်စာသင်ရသောဆေးရုံဆီသို့သွားလိုက်ကြသည်။ကံကောင်းချင်တော့ထိုဆေးကို၀ယ်လို့ရသွား၏။အိတ်ထဲတွင်ထိုဆေး၀ယ်မည့်ပိုက်ဆံထည့်ထားသဖြင့်ထိုအိတ်ကိုယွန်းအသက်နှင့်လဲပြီးကာကွယ်ခဲ့ခြင်းဖြစ်ကြောင်းထိုအခါမှကောင်းမြတ်နားလည်သွားခဲ့သည်။ယွန်း၏မောင်လေးသည်ဆေးရုံမတက်နိုင်သဖြင့်အိမ်မှာပင်ထားပြီးယွန်းကကုပေးနေရသည်။ခီမိုသွင်းသည့်ရက်မှဆေးခန်းသို့သွားသည်။ယနေ့သွေးစစ်ရာသွေးဖြူဥများဆိုး၀ါးစွာကျဆင်းနေ၍ယွန်းကညလုံးပေါက်ဆေးလိုက်ရှာနေရခြင်းပင်။မိန်းကလေးကိုသူအိမ်တိုင်ယာရောက်လိုက်ပို့ပေးလိုက်သည်။ယွန်းကသူ့ကိုထိုင်ရှိခိုးမတတ်ကျေးဇူးတင်ရှာသည်။တက်စီဖိုးများကြောင့်အိတ်ကပ်အတော်ပါးသွားသော်လည်းယွန်းကိုကူညီနိုင်လိုက်သဖြင့်ကောင်းမြတ်အလွန်စိတ်ချမ်းသာမိသည်။

‘ဟာ..ငါဆရာကြီးရဲ့ညီဆီတောင်ဖုန်းမဆက်ရသေးဘူး’

သူကမန်းကတန်းဖုန်းကိုထုတ်ကာညီဖြစ်သူဆီဆက်ရ၏။ဖုန်းကဆက်သွယ်မှုဧရိယာပြင်ပတွင်ရောက်ရှိနေသည်။…ငါယွန်းနဲ့တွေ့တာနဲ့အားလုံးကိုမေ့သွားလိုက်တာ...။နေပါဦးဆရာကြီးရဲ့တိုက်ခန်းထဲကနေဘယ်လိုလုပ်ပြီး-

‘ဗိုလ်အောင်ကျော်လမ်းကိုမောင်းဗျာ’

ကောင်းမြတ်လမ်းညွှန်ရာဆီသို့တက်စီဒရိုင်ဘာမောင်းပို့ပေးလိုက်၏။ကောင်းမြတ်သည်ယွန်းနှင့်စတင်တွေ့ဆုံခဲ့ရာသို့ပြန်ရောက်လာသည်။ထိုအခါမှသူသည်ပတ်၀န်းကျင်ကိုသတိထားကြည့်မိလေသည်။သူ့ဆရာကြီးဦးဒေးဗစ်ကျော်တိုက်ခန်းရှိရာလေးထပ်တိုက်ကြီးသည်ထိုနေရာတွင်မရှိတော့ဘဲ-စောစောကသူထွက်လာခဲ့သောဂိုဒေါင်ပျက်ကြီးသာရှိနေတော့သည်။ကောင်းမြတ်ကားပေါ်မှဆင်းပြီးပတ်၀န်းကျင်ကိုထူးဆန်းစွာကြည့်နေမိသည်။သူနေရာမှားခြင်းမဟုတ်။သူ့ခေါင်းတွေချာချာလည်လာသည်။သူမိုးမိပြီးများဖျားနေပြီလား...။နောက်လှည့်ကြည့်လိုက်တော့တက်စီကရပ်နေသေးသည်။လမ်းတဘက်ခြမ်းတွင်စောစောကတွေ့ခဲ့ရသောကားအနက်ကြီးကိုတွေ့လိုက်ရပြန်သည်။ဒီဂိုဒေါင်ကြီးထဲအခုလိုအချိန်မတော်ကြီးပြန်၀င်လို့ဖြစ်ပါ့မလား။သူအနည်းငယ်လန့်လာပြီးတက်စီပေါ်ပြန်ပြေးတက်လိုက်၏။ကားဆရာကိုတရုတ်တန်းရှိသူ့အိမ်သို့ပြန်မောင်းခိုင်းလိုက်သည်။သူတို့တိုက်ခန်းရှိရာသို့ကောင်းမြတ်အပြေးတက်သွားလိုက်သည်။သူ့ညီမလေးကအိပ်ချင်မူးတူးနှင့်တံခါးထဖွင့်ပေးသည်။

‘ကိုကိုအချိန်မတော်ကြီးဘယ်ကပြန်လာတာလဲ။တစ်ကိုယ်လုံးလည်းမိုးတွေရွှဲလို့...’

‘ဟို…ငါအမေတို့ကိုပြောသွားပါတယ်ဟ။ဆရာကြီးကိုသွားကြည့်ပေးတာ’

ညီမလေးနှင်းနှင်းသည်သူပြောသည်များကိုစိတ်မ၀င်စားဘဲသူ့အခန်းဆီသို့ပြန်လျှောက်သွားရင်းမှ-

‘ကိုကို့ဘာသာဘယ်သွားသွားကိစ္စမရှိဘူး။မယမင်းသိသွားလို့ကတော့ကိုယ့်ကိစ္စကိုယ်ရှင်းနော်။ဒီတစ်ခေါက်ညီမလေးလိုက်မရှင်းနိုင်ဘူး’

‘ဟင်…ဘာ...’

သူမမေးနိုင်မီနှင်းနှင်းသည်သူ့အိပ်ခန်းတွင်းပြန်ရောက်သွားလေပြီ။ကောင်းမြတ်သည်ခေါင်းကိုခါပြီးနှင်းနှင်းအခန်းနှင့်ကပ်လျက်ရှိသူ့အခန်းထဲသို့၀င်လိုက်သည်။

‘ဟ..ဘာဖြစ်တာ...’

သူလန့်ပြီးမအော်နိုင်အောင်ကိုယ့်ပါးစပ်ကိုပြန်ပိတ်လိုက်ရသည်။ကျဥ်းမြောင်းလှသောသူ့အခန်းလေးထဲရှိတစ်ယောက်အိပ်ကုတင်ပေါ်တွင်စောင်ကိုတ၀က်တပျက်ခြုံပြီးပါးစပ်အဟောင်းသားနှင့်အိပ်မောကျနေသူမှာကား-

ကောင်းမြတ်ကိုယ်တိုင်ပင်ဖြစ်နေလေတော့သည်။

………………………………………………..

(ရှေ့အပတ်ဆက်လက်ဖတ်ရှုပါရန်။)

ကိုချမ်း။

#lotaya_shortstory




Some text some message..