မဆုံနိုင်သော မျဥ်းပြိုင်နှစ်ကြောင်း (ဇာတ်သိမ်းပိုင်း)
lotaya.mpt.com.mm
|
2021-11-16

‘မင်း..မင်းဘယ်သူလဲ’

ကောင်းမြတ်၏ကိုယ်ပွားသည်တုန်လှုပ်စွာမေးလိုက်သည်။

‘ငါ့နာမည်ကောင်းမြတ်ပဲ။ငါဟာမင်းပဲ။ဒါပေမဲ့တခြားကမ္ဘာကမင်းရဲ့ကိုယ်ပွား’

‘ဘာ...’

သူမျှော်လင့်ထားသင့်အတိုင်းပင်သူ့ကိုယ်ပွားသည်ရုတ်တရက်နားမလည်နိုင်အောင်ရှိနေသည်။

‘မင်းParallelUniverseဆိုတာသိတယ်မဟုတ်လား။’

‘အင်း...’

ကောင်းမြတ်ကိုယ်ပွားကသူ့ပုံရိပ်ကိုမယုံနိင်စွာစိုက်ကြည့်နေလျက်ကပြန်ပြောလိုက်သည်။အရက်ဘားထဲရှိအခြားသူများကတော့သတိမပြုမိကြ။သူတို့နှစ်ဦးလုံးမှာအမှောင်ရိပ်ကျသောထောင့်ထဲတွင်ထိုင်နေ၍လည်းဖြစ်သည်။သူသည်အတတ်နိုင်ဆုံးအကျဥ်းခြုံးကာဖြစ်သမျှအကြောင်းစုံကိုသူ၏ကိုယ်ပွားအားရှင်းပြလိုက်လေသည်။

ကိုယ်ပွားဖြစ်သူသည်သူ့ရှေ့တွင်လာချသွားသောဘီယာခွက်ကိုထိပင်မထိနိုင်ပဲအကြောင်သားနှင့်ကောင်းမြတ်ကိုငေးကြည့်နေသည်။

‘မင်းအချိန်ယူရမယ်ဆိုတာငါနားလည်ပါတယ်။ချက်ချင်းတော့လက်ခံနိုင်မှာမဟုတ်ဘူး’

သူ့ကိုယ်ပွားသည်ထိုအခါမှဘီယာကိုကောက်မော့လိုက်သည်။

‘ငါမယုံနိုင်စရာမရှိပါဘူး။ခုကိုမျက်စိရှေ့မှာတင်မြင်နေရတာပဲ။ငါ့မှာလည်းအမြွာညီအစ်ကိုမှမရှိတာ’

‘အမှန်ပဲ’

‘မင်းပြောတာတွေအကုန်လုံးဟုတ်တယ်ပဲထားပါတော့။ငါကဘာဆက်လုပ်ရမလဲ’

ကောင်းမြတ်သည်နောက်သို့မှီထိုင်လိုက်သည်။သူသည်ကိုယ်ပွားဖြစ်သူကိုလေးနက်စွာကြည့်ရင်းပြောလိုက်၏-

‘ငါမင်းကိုအရေးကြီးတာတွေပြောဖို့ရှိတယ်။မင်းသေသေချာချာနားထောင်ပါ’

‘အေးပြောစမ်းပါ။ဘာများတုန်း’

‘မင်းနွဲ့ယမင်းခင်ကိုဖြတ်ရလိမ့်မယ်’

‘ဟင်..ဘာလို့...’

သူ့ကိုယ်ပွားသည်စကားကိုပင်ဆုံးအောင်မပြောနိုင်လိုက်။သူ့ဘာသာသူနားလည်သွားလေသည်။

‘ငါသူ့ကိုဖြတ်ဖို့မဖြစ်နိုင်ဘူး’

‘ဘာလို့လဲ။သူကမင်းအပေါ်ဒီလောက်အနိုင်ကျင့်ပြီးစော်ကားနေတာ။ဘာတွေများသံယောဇဥ်ရှိနေသေးတာလဲဟ’

‘မဟုတ်ဘူး...။အင်း..အမှန်ကငါမပြောရဲတာ။သူ့ကိုရင်ဆိုင်ရဲတဲ့သတ္တိမရှိဘူးဖြစ်နေတယ်’

ကောင်းမြတ်၏ကိုယ်ပွားသည်နွဲ့ယမင်းခင်ကိုငယ်ကြောက်သဖွယ်ဖြစ်နေကြောင်းကောင်းမြတ်ရိပ်စားမိလိုက်သည်။

‘ဒီအတွက်တော့မပူနဲ့ငါ့လူ။မင်းသူနဲ့ဒီနေ့ဘယ်အချိန်ချိန်းထားသလဲ’

‘ဒီညတော့မချိန်းထားဘူး’

‘ကိစ္စမရှိဘူး။မင်းဖုန်းငါ့ကိုပေး’

ကောင်းမြတ်သည်နွဲ့ယမင်းခင်ထံဖုန်းဆက်ပြီးထိုမြေအောက်ဘားသို့ပင်လာရန်ခေါ်လိုက်သည်။တဘက်မှမိန်းကလေးသည်ကောင်းမြတ်ကိုကျယ်လောင်စွာအပြစ်တင်နေလျှင်သူသည်ဖုန်းကိုပိတ်ချလိုက်လေသည်။

‘မင်းပွဲကြည့်ချင်ရင်ဟိုဘက်စားပွဲကနေမျက်နှာကိုကွယ်ပြီးထိုင်ကြည့်နေ’

ထို့နောက်ကောင်းမြတ်သည်ခေါင်းစွပ်ကိုချွတ်ကာမီးအလင်းရောင်ရသောစားပွဲခုံတွင်ပြောင်းထိုင်ကာနွဲ့ယမင်းခင်ကိုစောင့်နေလိုက်သည်။နာရီ၀က်ခန့်ကြာလျှင်သူ့ကိုယ်ပွား၏ရည်းစားဖြစ်သူသည်ဘားအတွင်းသို့ဒေါသတကြီး၀င်ချလာသည်။

‘ဟဲ့ကောင်၊နင်ငါ့ကိုဘာလို့စကားဖြတ်ပြီးဖုန်းပိတ်သွားတာလဲ။နင်တော်တော်မိုက်ရိုင်းပါလား’

ကောင်းမြတ်ဘာမှမပြောဘဲသူမကိုခပ်တည်တည်နှင့်ပြန်ကြည့်နေလိုက်သည်။မိန်းကလေးပိုပြီးစိတ်ဆိုးဒေါသထွက်လာ၏။

‘ဟဲ့စောက်ကောင်။ငါပြောနေတယ်လေမကြားဘူးလား’

‘နင်စကားပြောမရိုင်းပါနဲ့’

‘ဟင်…နင်ကများငါ့ကိုပြန်ပြောတယ်။ပြီးတော့နင်လို့ခေါ်တယ်ဟုတ်လား’

ကောင်းမြတ်ထိုင်ရာမှပင်မထဘဲ-‘အေးဟုတ်တယ်၊ခေါ်တယ်။နင်တောင်မှနင်နဲ့ငါပြောနေသေးတာ။ငါပြောတော့ဘာဖြစ်လဲ။နင်မကျေနပ်ရင်လုပ်ချင်တာလုပ်လို့ရတယ်’

‘ဘာ…ဘာပြောတယ်။နင်အခုချက်ချင်းတောင်းပန်၊မတောင်းပန်လို့ကတော့နင်နဲ့ငါအပြတ်ပဲနော်’

‘မတောင်းပန်နိုင်ဘူး။ငါ့ဘက်ကလည်းပြတ်ချင်နေတာကြာပြီ’

နွဲ့ယမင်းခင်ဆတ်ကနဲတုန်သွား၏။

‘နင်..နင်တော်တော်မိုက်ရိုင်းပါလား။အောက်တန်းစား’

‘မိုက်ရိုင်းနေတာကဘယ်သူလဲ’

‘နင်ငါ့ကိုဘယ်တော့မှပြန်လာမခေါ်နဲ့။နင့်လိုဆင်းရဲသားအဆင့်အတန်းမရှိတဲ့ကောင်ကများ-ထွီ’

မိန်းကလေးသည်ကောင်းမြတ်ရှိရာဆီသို့တံတွေးကိုထွီကနဲထွေးပြီးမျက်ရည်များကျကာလှည့်ထွက်ပြေးသွားလေသည်။အရက်ဘားထဲမှလူများအားလုံးကြောင်နေကြရာမှသူမထွက်သွားလျှင်-အချို့၀ိုင်းများမှမိန်းကလေးရောယောကျ်ားလေးများပါလက်ခုပ်အနီးငယ်တီးပြီးကောင်းမြတ်ကိုအားပေးကြသည်။‘ဖိုက်တင်းဘရို’ဟုအချို့ကလှမ်းအားပေးကြ၏။ကောင်းမြတ်သူ့ကိုယ်ပွားရှိရာခုံဆီသို့ပြန်လာခဲ့သည်။

‘မင်းဖုန်းငါ့ကိုပေး’

သူ့ကိုယ်ပွားဖုန်းထဲရှိနွဲ့ယမင်းခင်၏နံပါတ်များ၊မက်ဆင်ဂျာအကောင့်များအားလုံးကိုဘလော့လုပ်ပစ်လိုက်သည်။

‘ကျေးဇူးတင်တယ်။ငါ့ဘာသာဆိုဒီလောက်သတ္တိရှိမှာမဟုတ်ဘူး။ဒါပေမဲ့အခုဘေးကထိုင်ကြည့်လိုက်ရတော့ဒီမိန်းမကိုတော်တော်ရွံကြောက်ကြီးဖြစ်သွားပြီကွာ’

‘ဒီကိစ္စကပြတ်ပြီပဲထားပါတော့။ငါမင်းကိုအကူအညီတောင်းစရာရှိသေးတယ်’

ကောင်းမြတ်စကားကိုသတိထားပြီးပြောနေမိသည်။သူချီတုံချတုံဖြစ်နေ၏။

‘ဘာများလဲ။ငါကူညီလို့ရပါတယ်။မင်းနဲ့ငါနဲ့ကအတူတူပဲလေ’

သူအိတ်ထဲမှစာမူခရသောငွေတစ်၀က်ကိုထုတ်ပြီးသူ့ကိုယ်ပွားကိုပေးလိုက်သည်။

‘ဒီပိုက်ဆံတွေကိုအမေနဲ့အဖေ့အတွက်ကွန်ဒိုကောင်းကောင်းလေးတစ်ခန်း၀ယ်ပေးလိုက်ပါ။ကျန်တာကိုတော့မင်းစိတ်ကြိုက်ပေါ့။ငါတောင်းဆိုချင်တာကဒီထဲကသင့်တော်သလောက်ကိုယွန်းရဲ့မောင်လေးဆေးဖိုး၀ါးခအတွက်သုံးပေးပါ။ဒါပဲငါတောင်းဆိုချင်တယ်’

‘ရပါတယ်’

‘နောက်ပြီးတော့...’

ကောင်းမြတ်အသံများဆို့နင့်သွားသည်။

‘နောက်ပြီးတော့ယွန်းကိုငါချစ်မိနေပြီ။မင်းလည်းသူ့ကိုမတွေ့သေးလို့ပါ။မင်းနဲ့ငါကအတူတူပဲဆိုတော့မင်းလည်းသူ့ကိုချစ်သွားမှာပဲ။ငါတွက်ပြီးသားပါ’

‘မင်းကသူနဲ့ထပ်မတွေ့တော့ဘူးလား’

‘ငါတွေ့စရာမလိုတော့ဘူး။မင်းပဲသွားတွေ့လိုက်ပါတော့။ငါနဲ့တွေ့ပြီးပြောခဲ့သမျှဖြစ်ခဲ့သမျှအသေးစိတ်တွေမင်းကိုငါပြောပြလိုက်ပါ့မယ်။သူ့ကိုငါ့အကြောင်းရော၊တခြားကမ္ဘာအကြောင်းရောမင်းပြောပြဖို့မလိုတော့ပါဘူး’

သူ့ကိုယ်ပွားသည်ကောင်းမြတ်ကိုစိတ်မကောင်းစွာနှင့်ကြည့်နေသည်။

‘မင်းယွန်းကိုသတိရတဲ့အချိန်အချိန်မရွေးပြန်လာတွေ့လို့ရတာပဲ’

‘အဲလိုမျိုးကအဆင်မပြေမှန်းမင်းလည်းသိပါတယ်ကွာ’

သူတို့နှစ်ယောက်ဘာမှဆက်မပြောဖြစ်ကြတော့။ခဏနေမှကောင်းမြတ်သူနှင့်ယွန်းတို့စတင်တွေ့ခဲ့ပုံ၊ပြောဖြစ်ခဲ့သောစကားများကိုသူ့ကိုယ်ပွားအားအသေးစိတ်ပြောပြလိုက်သည်။

‘ဒါငါတို့နှစ်ယောက်သူ့ကိုလိမ်တာတော့မဟုတ်ဘူး။တကယ်တော့မင်းနဲ့ငါနဲ့ကအတူတူပါပဲ။ငါတို့သူ့ကိုလိမ်တယ်လို့စိတ်ထဲမှာမထားပါနဲ့’

ထိုစကားများကားသူ့ကိုယ်ပွားကိုနောက်ဆုံးကောင်းမြတ်ပြောခဲ့သောစကားများဖြစ်လေသည်။ထိုနောက်သူတို့တစ်ယောက်ကိုတစ်ယောက်လက်ဆွဲနှုတ်ဆက်ပြီးလမ်းခွဲခဲ့သည်။သူ့ကိုယ်ပွားကိုစိတ်မရှုပ်ထွေးစေရန်ဗိုလ်အောင်ကျော်လမ်းရှိတံခါးတည်နေရာအတိအကျကိုသူမပြောပြခဲ့။နေရာသိနေလျှင်စူးစမ်းလိုစိတ်ကြောင့်ထိုကိုယ်ပွားသည်သူတို့ကမ္ဘာဘက်သို့ရောက်ရှိလာဦးပေမည်။

ကောင်းမြတ်သည်သူ၏မူလကမ္ဘာသို့ပြန်လာရင်းသူလုပ်ခဲ့သည်များကိုပြန်လည်စဥ်းစားမိသည်။သူ့လုပ်ရပ်များအတွက်နောင်တမရမိချေ။အချိန်တန်လျှင်သူ့ကိုယ်ပွားကောင်းမြတ်နှင့်ယွန်းတို့ချစ်ကောင်းချစ်သွားကြပေလိမ့်မည်။ယွန်းမောင်လေးကိုသူ့ကိုယ်ပွားကကူညီပေးလိမ့်မည်။ထိုကမ္ဘာအခြမ်းတွင်အားလုံးသည်အဆင်ပြေသွားပေလိမ့်မည်။သို့သော်ဤကမ္ဘာခြမ်းတွင်မူကား-

ဤကမ္ဘာခြမ်းရှိယွန်းသည်သေဆုံးသွားလေပြီ။သို့သော်ယွန်း၏မောင်လေးမှာကျန်ရှိနေသေးသည်။ကောင်းမြတ်ငွေထုပ်ကြီးကိုပိုက်ကာသူ့မောင်လေးရှိရာအိမ်ခန်းဆီသို့သွားခဲ့မိပြန်သည်။ယွန်း၏အဒေါ်ကြီးကသူ့ကိုမှတ်မိနေ၏။သူယွန်းမောင်လေးဆေးကုရန်လုံလောက်သောငွေကြေးပမာဏကိုသူ့အဒေါ်အားထုတ်ပေးလိုက်သည်။

‘ငွေကြေးအရတော့ငါ့တူလေးကူညီလို့ပြည့်စုံပါပြီ။ဒါပေမဲ့သမီးလေးယွန်းမရှိတော့သားလေးခမျာ..အီးဟီးဟီး...’

အဒေါ်ကြီးသည်ချုံးပွဲချငိုကြွေးပြန်လေသည်။ထိုနေ့ညကကောင်းမြတ်အိပ်မပျော်ခဲ့ချေ။နောက်နှစ်လကြာသည်အထိကောင်းမြတ်သည်ယွန်းကိုသတိရသောစိတ်များနှင့်တခွေခွေဖြစ်နေခဲ့သည်။ဗိုလ်အောင်ကျော်လမ်းတိုက်ခန်းမှသော့ကိုဆရာကြီးအားပြန်ပေးခဲ့၏။

ထိုရက်ပိုင်းများအတွင်းတွင်ဆရာကြီးဦးဒေးဗစ်သည်ခွဲစိတ်မှုအောင်မြင်ပြီးခြေထောက်ပြန်ကောင်းလာသဖြင့်သူ့တိုက်ခန်းသို့ပြန်ရောက်လာခဲ့သည်။ထို့ပြင်ပါကင်ဆန်ရောဂါအတွက်ဆရာ၀န်များကသင့်လျော်သောဆေးများတိုက်ကျွေးရာလှုပ်ရှားမှုများမှာအရင်ကထက်ပိုကောင်းလာခဲ့လေသည်။နှစ်လကြာပြီးနောက်ထိုတိုက်ခန်းသို့ကောင်းမြတ်ပြန်ရောက်သွားလျှင်ဦးဒေးဗစ်သည်ထုံးစံအတိုင်းစာကြည့်စားပွဲတွင်ထိုင်လျက်ရှိသည်။

‘ဆရာကြီးနေကောင်းလား’

‘အေးကောင်းတယ်။မင်းမလာတာကြာပြီ။ဟိုတစ်ခေါက်အခန်းသော့လာပြန်ပေးပြီးကတည်းကပဲ။ဘယ်တွေများပျောက်နေသလဲ’

‘ဒီလိုပါပဲဆရာကြီး။ကျောင်းနဲ့အိမ်၊အိမ်နဲ့ကျောင်း။ဒီလိုပါပဲ’

‘အင်း…မင်းရဲ့အချစ်အတွက်စွန့်လွှတ်အနစ်နာခံမှုကိုတော့ငါချီးကျူးပါတယ်ကွာ’

‘ဗျာ..အဲဒါကိုဆရာကြီးကဘယ်လိုသိလိုက်တာလဲ’

‘ငါဟိုဘက်ကမ္ဘာကိုနှစ်ခေါက်လောက်ရောက်သွားပြီးပြီ။တိုင်ရုန်းတို့နဲ့လည်းတွေ့တယ်။မင်းလုပ်ကြံထားခဲ့တဲ့အချိန်ခရီးသွားကိစ္စငါဆက်ပြီးဖြီးဖြန်းလိုက်ရသေးတယ်။’

‘သြော်ဆောရီးဆရာကြီး။နေပါဦးခုနကကျွန်တော်အနစ်နာခံတာဆရာကြီးကဘယ်လိုသိလဲ’

‘ငါဘယ်လိုသိလဲဆိုတော့မင်းဟိုဘက်ကမ္ဘာမှာကောင်မလေးတွေ့ခဲ့ပြီးပြန်မသွားတော့ကတည်းကငါတွက်ယူလို့ရပြီးသားပဲလေ။ငါအသက်ခုနစ်ဆယ်ကျော်ပြီ၊စာတွေလည်းအများကြီးဖတ်ဖူးပြီ၊ဒီလောက်တော့ငါသိပါတယ်’

‘ဟုတ်တယ်ဆရာကြီး။သူနဲ့ကျွန်တော်နဲ့ဟာမျဥ်းပြိုင်နှစ်ကြောင်းလိုပဲ။စကြ၀ဠာနှစ်ခုမှာသပ်သပ်စီရှိနေကြတယ်။ဘယ်တော့မှလည်းဆုံစည်းနိုင်တော့မှာမဟုတ်ဘူး’

‘မျဥ်းပြိုင်နှစ်ကြောင်းဟာမဆုံနိုင်ဘူးလို့မင်းကိုဘယ်သူပြောလဲ’

‘ငယ်ငယ်ကကျောင်းမှာအဲလိုသင်ရတာပဲလေ။ဒါကအရေးမကြီးပါဘူးဆရာကြီးရယ်။သင်္ကေတနိမိတ်ပုံအဖြစ်ပြောတာပါ။ကျွန်တော်နဲ့သူနဲ့ကဆုံနိုင်တော့မှာမဟုတ်ဘူး။ဆရာကြီးပြောသလိုပဲကျွန်တော်တို့တွေကမ္ဘာနှစ်ခုကွဲနေတာအကြောင်းတစ်ခုခုတော့ရှိရမယ်ဆိုမဟုတ်လားဆရာကြီး။’

‘အေး။အဲတုန်းကတော့ငါမင်းကိုတခြားကမ္ဘာကိုသိပ်ပြီးမသွားစေချင်လို့ပြောခဲ့တာပဲ။မင်းဒီလောက်ခံစားနေရမှန်းမသိခဲ့လို့။နောက်ပြီးတော့စကြ၀ဠာထဲမှာမျဥ်းတွေဟာပြိုင်နေတယ်ဆိုပေမဲ့ဆွဲငင်အားကြောင့်ကွေးသွားနိုင်တယ်။အဲဒါဆိုရင်တော့မူလပထမမှာမျဥ်းပြိုင်ပေမဲ့နောက်ပိုင်းတော့ဆုံသွားနိုင်သေးတာပဲ’

‘ထားလိုက်ပါတော့ဆရာကြီး။ကျွန်တော်ဟိုဘက်ကမ္ဘာကကိုယ်ပွားနဲ့ယွန်းနဲ့ကိုမိတ်ဆက်ပေးခဲ့ပြီ’

ဦးဒေးဗစ်သည်သက်ပြင်းချပြီးကောင်းမြတ်ကိုစောင်းငဲ့ကြည့်လိုက်သည်။ထို့နောက်သူ့ခါးကြားထဲမှသော့တွဲကိုဖြုတ်ကာကောင်းမြတ်ထံသို့ပစ်ပေးလိုက်လေသည်။

‘လက်တွေ့ဘ၀ဟာပြဇာတ်မဟုတ်ဘူးကောင်းမြတ်။သိပ်ပြီးစိတ်ကူးယဥ်မနေနဲ့။ငါပြောမယ်။အခုပဲဟိုဘက်ကမ္ဘာကိုတစ်ခါလောက်ထပ်သွားကြည့်လိုက်။ပြီးမှငါ့ကိုမင်းအနစ်နာခံတဲ့ကိစ္စတွေပြန်လာပြော၊ဟုတ်ပြီလား’

‘ကျွန်တော့်ကိုယ်ပွားကိုပြန်မလာတော့ဘူးလို့ကတိပေးခဲ့..’

‘အဲဒါကလွန်ခဲ့တဲ့နှစ်လကကိစ္စ၊ကဲသွားမှာသာသွားစမ်းပါကွာ၊ဟိုမှာခေါင်းစွပ်နဲ့အနွေးထည်၊ပြီးတော့နေကာမျက်မှန်။မင်းအတွက်တမင်၀ယ်ထားတာ’

ကောင်းမြတ်စိတ်မပါတပါနှင့်တဘက်ကမ္ဘာခြမ်းသို့ရောက်လာခဲ့ပြန်သည်။ကားအနက်ကြီးထဲမှတိုင်ရုန်းကလက်လှမ်းပြ၏။လူငယ်အသွင်နှင့်ဖြစ်နေသဖြင့်သူလာမကြိုတော့။ကောင်းမြတ်သူ့အိမ်ခန်းရှိရာသို့ခပ်သုတ်သုတ်ထွက်ခဲ့သည်။

‘ဒေါက်ဒေါက်ဒေါက်’

သူမျက်နှာကိုတဘက်သို့ခပ်စောင်းစောင်းလှည့်ပြီးတံခါး၀တွင်ရပ်စောင့်သည်။ကံကောင်းချင်တော့အထဲမှတံခါးလာဖွင့်ပေးသူမှာသူ့ကိုယ်ပွားကိုယ်တိုင်ဖြစ်နေလေသည်။

‘ဟာ..မင်းကိုး။အတော်ပဲကွာ။ငါမင်းကိုစောင့်နေတာ။ဘယ်လိုလိုက်ရှာရမှန်းလဲမသိ’

ကိုယ်ပွားသည်ကောင်းမြတ်၏လက်မောင်းကို၀မ်းသာအားရဆုပ်ကိုင်ကာသူ့အခန်းထဲသို့အမြန်ခေါ်သွင်းလိုက်သည်။

‘အခုဒီအခန်းမှာငါတစ်ယောက်တည်းနေတော့တယ်။လူကြီးတွေနဲ့ညီမလေးကိုအခန်းအသစ်ပြောင်းပေးထားလိုက်ပြီ။မင်းပြန်လာရင်ရှာရလွယ်အောင်ငါကဒီမှာပဲဆက်နေတာ’

‘မင်း..ယွန်း…နဲ့အဆင်ပြေလား’

သူခဲယဥ်းစွာမေးမိသည်။

‘အဲဒါပြောမလို့ကွာ။ငါသူ့ကိုချစ်လို့မရဘူး။မင်းပြောတော့ငါတို့ကအတူတူမို့လို့သူ့ကိုချစ်သွားမယ်ဆိုပြီး။ဒီအတိုင်းဆိုရင်တော့ငါလည်းသဘောကျချင်ကျမိမယ်။မိန်းကလေးကစိတ်ကောင်းအရမ်းရှိတာကိုး။ဒါပေမဲ့သူ့အပေါ်မှာမင်းကချစ်နေတယ်ဆိုတာသိနေတော့ခက်နေတာပေါ့ကွာ။အဲဒါနဲ့ငါလည်းရိုးရိုးသားသားပဲဆက်ခင်လိုက်တော့တယ်’

‘ဟာ..တကယ်လား’

ကောင်းမြတ်၏အသံထဲတွင်၀မ်းသာသည့်အသံကြီးကထင်ရှားနေ၏။

‘မင်းသူ့ကိုသွားတွေ့သင့်တယ်’

သူ့ကိုယ်ပွား၏စကားမဆုံးမီပင်ကောင်းမြတ်သည်အိမ်ခန်းအပြင်သို့ရောက်နှင့်ပြီးလေပြီ။

………………………………………..

‘ယွန်း..ယွန်းရှိလား’

အိမ်တံခါး၀မှသူအော်ခေါ်မိသည်။သူမ၏မောင်လေးပြေးထွက်လာ၏။

‘မမရေ၊ကိုကောင်းမြတ်လာတယ်’

ယွန်းဧည့်ခန်းသို့ထွက်လာသည်။အိမ်နေရင်းည၀တ်အင်္ကျီနှင့်ဘောင်းဘီရှည်လေးကို၀တ်ထားသောသူမသည်ချစ်စရာကောင်းလွန်းနေသည်။ယွန်းနှင့်ကောင်းမြတ်မျက်လုံးများဆုံဖြစ်သွားကြသည်။သူမမျက်နှာတစ်မျိုးဖြစ်သွား၏။ကောင်းမြတ်သည်သူမနှင့်စတွေ့စဥ်ကသူမအပေါ်ချစ်ခင်ကြင်နာမှုရှိခဲ့သလောက်နောက်ပိုင်းရက်များတွင်အနည်းငယ်သူစိမ်းဆန်သွားသဖြင့်သူမနားမလည်နိုင်အောင်ဖြစ်ခဲ့ရသော်လည်းယနေ့တွင်မူထိုချစ်ခင်မှုကိုသူမပြန်တွေ့လိုက်ရသဖြင့်အံ့သြသွားရခြင်းပင်။

‘ယွန်း။ကျွန်‌တော်ယွန်းကိုပြောစရာတွေအများကြီးရှိတယ်။’

ဟုအစချီကာကောင်းမြတ်သည်ဖြစ်ကြောင်းကုန်စင်ကိုယွန်းအားအစအဆုံးပြောပြလိုက်လေတော့သည်။သူမသည်ကောင်းမြတ်ပြောသမျှကိုမျက်လုံးကလေးအ၀ိုင်းသားနှင့်နားထောင်နေခဲ့သည်။စကားဆုံးလျှင်မိနစ်အနည်းငယ်မျှကြာအောင်ငြိမ်သက်သွား၏။

‘ဒါဆိုဟိုဘက်ကမ္ဘာကယွန်းမောင်လေးကိုယွန်းကြည့်ပေးရမှာပဲ’

အစ်မတစ်ယောက်၏မေတ္တာကိုကောင်းမြတ်လေးစားသွားမိသည်။

‘ဒါဆိုမောင်လေးကိုဒီဘက်ကမ္ဘာခေါ်ခဲ့ရမလားယွန်း’

မိန်းကလေးခေတ္တမျှနှုတ်ဆိတ်သွားသည်။

‘ကိုကောင်းမြတ်ကရော၊ဘယ်လိုလုပ်မလဲ’

‘ကျွန်တော်ကတော့ဟိုကမ္ဘာမှာမိဘတွေနဲ့ညီမလေးရှိသေးတယ်။သူတို့ကိုမပစ်ထားရက်ဘူးယွန်း’

‘ဟိုဘက်ကမ္ဘာကယွန်းအဒေါ်ခမျာသူ့တူမကိုဆုံးသွားပြီးသိပ်မကြာဘူးတူလေးကိုပါဆက်လက်လွှတ်ရမယ်ဆိုရင်တော့မတရားပါဘူး။ဒီဘက်ကယွန်းအဒေါ်ကိုတော့ယွန်းသေချာပြောပြလို့ရလိမ့်မယ်။ဒါပေမဲ့ဟိုဘက်ကမ္ဘာကိုယွန်းလိုက်ရမယ်ဆိုရင်တော့ဘ၀အသစ်စရမှာ၊မှတ်ပုံတင်ကအစအသစ်လုပ်ရမှာနော်ကိုကောင်းမြတ်။ယွန်းရော၊ဒီဘက်ကမ္ဘာကမောင်လေးရောနှစ်ယောက်စာ’

‘ဟုတ်။အဲဒီအတွက်မပူနဲ့ယွန်း။ကျွန်တော့်မှာဒေါ်လာတွေကျန်သေးတယ်။အားလုံးကိုစီစဥ်လိုက်လို့ရပါတယ်’

‘ဒါဆိုရင်ကိုကောင်းမြတ်နောက်ကိုလိုက်ဖို့…အဲ…ယွန်းမောင်လေးတစ်ယောက်ထဲဖြစ်နေတာကိုလိုက်စောင့်ရှောက်ဖို့ယွန်းအမြန်ဆုံးစီစဥ်လိုက်မယ်။အချိန်တော့နည်းနည်းပေးရလိမ့်မယ်နော်’

ကောင်းမြတ်၀မ်းသာလွန်းသဖြင့်စကားပင်မပြောနိုင်ဖြစ်နေတော့သည်။

‘ဟုတ်…ဟုတ်ကဲ့ယွန်း။အချိန်ယူပြီးစီစဥ်ပါ။ကျွန်တော်လည်းဟိုဘက်ကိုပြန်ပြီးအားလုံးစီစဥ်ထားလိုက်ပါမယ်’

‘တစ်ခုပဲကိုကောင်းမြတ်’

‘ဟုတ်..ဟုတ်ကဲ့..’

‘နောက်ဆိုယွန်းကိုဘာအကြောင်းပဲဖြစ်ဖြစ်မထိန်ချန်ထားပါနဲ့။အားလုံးကိုပွင့်ပွင့်လင်းလင်းပြောပါနော်’

‘ဟုတ်ကဲ့ယွန်း။ကျွန်တော်တောင်းပန်ပါတယ်’

‘ရပါတယ်။ကိုကောင်းမြတ်ကအားလုံးကိုကောင်းစေချင်တဲ့စိတ်နဲ့လုပ်ခဲ့တာဆိုတာယွန်းနားလည်ပါတယ်ရှင်’

ကောင်းမြတ်ယွန်းအိမ်မှပြန်လာလျှင်မျက်နှာတစ်ခုလုံးပြုံးရွှင်၍နေလေတော့သည်။နှစ်လလုံးလုံးစိတ်ဆင်းရဲခဲ့သမျှမေ့ပျောက်သွားလေပြီ။သူဦးဒေးဗစ်၏တိုက်ခန်းဆီသို့ပြန်ရောက်လာခဲ့သည်။သူ့ဆရာကြီးသည်ကောင်းမြတ်၏ပြုံးဖြီးနေသောမျက်နှာကိုတွေ့သွားလျှင်-

‘ဘယ့်နှယ်လဲ။အနစ်နာခံဖို့လိုသေးရဲ့လား’

‘ဆရာကြီးပြောတာအမှန်ပဲ။ဘ၀ဆိုတာကိုယ်ထင်ထားသလိုမဖြစ်တတ်ဘူးပဲ’

‘မင်းမိန်းကလေးနဲ့သူ့မောင်လေးအတွက်စီစဥ်ရမှာတွေငါ့တာ၀န်သာထားလိုက်ပါ။ငွေရေးကြေးရေးအရငါအားလုံးတာ၀န်ယူတယ်’

‘ဟုတ်,,ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါပဲ’

‘မင်းကငါ့ကိုတစ်ခုပဲပြန်လုပ်ပေး’

‘ဘာများလဲဆရာကြီး’

‘ဟောဟိုမှာစတီဖင်ကင်းရဲ့စာအုပ်အသစ်‘ဘီလီဆမ်းမား’တဲ့။အဲဒါကိုသာအမြန်ဆုံးပြီးအောင်လက်နှိပ်စက်ရိုက်ပေးစမ်းပါကွာ’

ဟုဆရာကြီးဒေးဗစ်ကျော်ကပြောလိုက်လေတော့သည်။

……………………………….

(ပြီးပါပြီ)

ကိုချမ်း။

#lotaya_shortstory




Some text some message..