'ဆုတောင်းပြည့်လက်ချောင်း၃ချောင်း' (ဇာတ်သိမ်း)
lotaya.mpt.com.mm
|
2021-11-23

(၄)

" ဟင် ! အဲ့ဒါဆို ဒေါ်သီတာက အဲ့ဒီနေ့ညက သေဆုံးသွားခဲ့တာပေါ့ ၊ ရက်စက်လိုက်တာကွယ် "

" ဟုတ်ပါတယ် မမ၊ အဲ့ဒီညမှာပဲ မမသီတာဟာ ရောဂါဖောက်ပြီး သေဆုံးသွားခဲ့ပါတယ် "

မမြမြမူက စုပ်သပ်ရင်း မမြင်ဖူးသော ဒေါ်သီတာအတွက် စိတ်မကောင်း ဖြစ်နေရှာ၏။

" အဲ့ဒီနောက်ပိုင်း ကျွန်မ အလုပ်ထွက်ချင်ကြောင်း ဦးကျော်ဇေယျကို မကြာခဏ ခွင့်တောင်းခဲ့ပါတယ် မမ။ ဒါပေမဲ့ ဦးကျော်ဇေယျဟာ ဟိုအကြောင်းပြ ၊ ဒီအကြောင်းပြနဲ့ ကျွန်မကို အလုပ်က ထွက်ခွင့်မပြုခဲ့ဘူး။ ကျွန်မကလည်း ဒေါ်သီတာရှိစဉ်က အနည်းဆုံး တနှစ် တာဝန်ထမ်းဆောင်ပါ့မယ်လို့ စာချုပ်မှာ လက်မှတ်ထိုးထားတော့ ထွက်ပြေးဖို့လည်း မဖြစ်ဘူးပေါ့ မမရယ်။

နောက်ဆုံးတော့ တနှစ်ပြည့်အောင် ကြိတ်မှိတ်သည်းခံ နေတော့မယ်လို့ ဆုံးဖြတ်ခဲ့လိုက်တယ်။ အဲ့ဒီလို နေစဉ်ကာလမှာလည်း တတ်နိုင်သမျှ ဦးကျော်ဇေယျနဲ့ မျက်နှာချင်းဆိုင် မတွေ့ဖြစ်အောင် ထိမ်းသိမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ မမရယ်။ တအိမ်တည်း အတူနေရတော့ ဘယ်ရှောင်သာတိမ်းသာပါ့မလဲ။ မြင်နေတွေ့နေရတာပဲပေါ့ရှင်။

ဦးကျော်ဇေယျဟာ ကျွန်မကို နှစ်ယောက်တည်း တွေ့ရတိုင်း၊ သူ့ကို လက်ထပ်ဖို့ အမြဲတိုက်တွန်းတယ်။ထူးခြားတာက ဦးကျော်ဇေယျဟာ ကျွန်မကို လက်ထပ်ခွင့်သာ တပူပူ တကျီကျီ ပြောဆိုတောင်းခံခဲ့ပေမယ့် ၊ လူကို အတင်းအဓမ္မ သိမ်းပိုက်ရယူဖို့ မလုပ်ခဲ့ပါဘူး မမ။ ကျွန်မ ဆန္ဒမပါပဲ သူ အတင်းအကြပ် မလုပ်ပါဘူးလို့လည်း ကတိပေးထားတယ်။

သူက ပြောတယ်။ ကျွန်မသာ သူ့ကို လက်ထပ်မယ်ဆိုရင် ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို အပိုင်ပေးမယ်လို့ ပြောတယ်။

ဒါပေမဲ့ ပထမဆုံး သူ့အတွက် တောင်းဆု တစ်ခု အရင်ပြုပေးရမယ်တဲ့။

အဲ့ဒါကတော့ ကျွန်မက သူ့ကို သေတပန်သက်တဆုံး သစ္စာရှိစွာ ပေါင်းသင်းပါ့မယ်ဆိုတဲ့ ဆုတောင်းပေါ့ ။ဦးကျော်ဇေယျဟာ ဘယ်လောက် လည်သလဲ အဲ့တာသာ ကြည့်ပါတော့ မမရယ်။ သူကျ သူ့မိန်းမကိုဆုတောင်းနဲ့ သတ်ပစ်ခဲ့တယ်မဟုတ်လား။သူ့ကိုလဲ ကျွန်မက အဲ့သလို ဆုတောင်းနဲ့ ပြန်သတ်မှာ စိုးရိမ်လို့ ကြိုပြီး စီမံခဲ့တာပေါ့ "

မမြမြမူက ခေါင်းငြိမ့်လိုက်ရင်း ၊

" အင်းပေါ့ကွယ်၊ ဒါက သူ့အတွက် အင်မတန် အရေးကြီးတဲ့ ဆုတောင်း ဖြစ်မှာပဲလေ ၊ ဒါနဲ့ ... သဇင်က သဘောတူလိုက်ရောလားကွဲ့"

" ဟင့်အင်း မမ။ ကျွန်မ သဘောမတူခဲ့ပါဘူး။ သူ့ကိုမှ မချစ်တာ။ ပြီးတော့ ကိုယ့်မျက်စိရှေ့တင် သူ့မယား သေစေကြောင်း ရက်ရက်စက်စက် တောင်းဆုခြွေထားတဲ့သူကို ကျွန်မ ဘယ်လိုနည်းနဲ့ ယုံကြည်ပေးလို့ရမှာလဲ။

ဦးကျော်ဇေယျ စိတ်ဟာ ခန့်မှန်းရခက်တယ် မမ။ ဒေါ်သီတာရဲ့အပေါ် 'သူ' ချစ်မြတ်နိုးခဲ့တုန်းကလည်း သဲသဲလှုပ် ချစ်ခဲ့ မြတ်နိုးခဲ့တာ။ ကျွန်မ ရောက်ပြီး တလလောက်အကြာမှ သူ့မယားအပေါ် အချစ်စိတ်တွေ လျော့ပါးလာခဲ့တာဆိုတော့ ၊ သူ့ရဲ့ အတွင်းစိတ်သန္တာန်ဟာ မတည်ငြိမ်ဘူး မမ။ ငါးစိမ်းမြင် ငါးကင် ပစ်ချင်ချင်တဲ့သဘော။

တနေ့နေ့ကျရင် သူ ကျွန်မအပေါ်လည်း ရက်စက်လိမ့်မယ်လို့ပဲ ယုံကြည်တယ်။ ဒါကြောင့် ကျွန်မ သူ့ကို အတတ်နိုင်ဆုံး ရှောင်နေခဲ့တယ်။ ဒါကို ဒေါ်ဆရီနာက သိပုံရတယ်။ ကျွန်မကို အစပိုင်းမှာ ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်ဆရီနာရော ခြံစောင့်ကြီး ဦးကစ္စနားရောက ဦးကျော်ဇေယျရဲ့ အတွင်းလူတွေမှန်း ကျွန်မ နောက်တော့မှ သိခဲ့ရတယ် ။

ဒေါ်ဆရီနာက ကျွန်မကို အစောပိုင်းမှာ ဦးကျော်ဇေယျက ဘယ်လောက်ချမ်းသာကြောင်း ၊ ဘယ်လို ကြင်နာတတ်ကြောင်း တဖွဖွ ပြောခဲ့တာဟာ အကြောင်းမဲ့မဟုတ်ဘူး။

သူတို့ သခင် ဦးကျော်ဇေယျ အလိုကျ ကျွန်မက လက်ထပ်ချင်လာအောင် ဘေးတီးပေးတဲ့သဘောပဲပေါ့ ။ ခြံစောင့်ကြီး ဦးကစ္စနားလဲ ဘာထူးလဲ မမရယ်။ ကျွန်မ အပြင်ထွက်လို့မရအောင် အမြဲ စောင့်ကြပ်ကြည့်နေတာပဲပေါ့ ။ သူ့ကြည့်ရတာ ဦးကျော်ဇေယျက ခိုင်းရင် လူတောင် သတ်ဝန့်တဲ့ ပုံစံ။ ခါးမှာ အမြဲတန်း ကွတ်ရကီး ဓားကောက်ကြီးကို ချိတ်ထားတယ်လေ။ အံမယ်လေး အခုလို ပြန်ပြီး တွေးကြည့်ရင်တောင် ကြောက်စရာကြီးပါ မမရယ် ၊ ကျွန်မ တခါ ထွက်ပြေးဖူးတယ် မမ၊ အဲ့တုန်းက အိမ်ကြီးနဲ့ ကိုက်၁၀၀လောက် ဝေးတဲ့ တောထဲအထိ ရောက်သွားပြီ၊ ကျွန်မ မျက်စိလည်နေတုန်း ဦးကစ္စနားက ကွတ်ရကီးဓားကောက်ကြီးနဲ့ ကျွန်မ ရှေ့ကနေ ဘွားခနဲ ပေါ်လာတော့ ..."

သဇင်ပွင့်ဖြူက ပြောရင်းနဲ့ အမှန်တကယ် ကြောက်ရွံနေဆဲပင်။ သူမ ကြုံတွေ့ခဲ့ရသည်ကလည်း တကယ်ပဲ ထိတ်လန့်စဖွယ်ကိုး။ သူမ၏ ဇာတ်ကြောင်းကိုနားထောင်နေသည့် မမြမြမူပင် ရင်တဖိုဖိုနှင့် အသက်ရှုမှားမတတ် ရှိနေပါသည်။ မမြမြမူ မျက်လုံးထဲ ကွတ်ရကီးဓားကောက်ကြီးကို ကိုင်ထားသော အသားမည်းမည်း လူသန်ကြီးတယောက်ကို မြင်ယောင်နေမိသည်။

ထိုအခိုက် သူမတို့နှစ်ဦး ကားရပ်၍ စကားကောင်းနေကြစဉ်၊ သူတို့ကားအနီးမှ ဝူးခနဲ ကားကို တလကြမ်း မောင်းသွားသံကို ကြားလိုက်ကြရသည်။ နှစ်ဦးသား အထိတ်တလန့်ဖြင့် ကြည့်လိုက်ရာ၊ Vigo ပစ်ကပ် ကားနက်ကြီး တစ်စီး ဖြစ်နေ၏။ ကားနက်ကြီးကို မောင်းသောသူသည် သူမတို့ ကားရပ်ထားသော နေရာကို ယောင်လို့တောင် လှည့်မကြည့်သွား။ မှန်ကို ချထားသဖြင့် သူမတို့နှစ်ယောက်စလုံး ကားမောင်းသူကို အသေအချာ မြင်လိုက်ကြရသည်။ထိုလူသည် ရေကြီးသုတ်ပြာနိုင်စွာ သူတို့အနီးမှ ကားကို အပြင်းမောင်းနှင်သွားလေ၏။

သဇင်ပွင့်ဖြူက ထိုကားနက်ကြီးနဲ့ လူကို မြင်တွေ့လိုက်ရသည့်အခါ အသံများ တုန်ရင်စွာဖြင့် ၊

" မမ ... မမ ... အဲ့ဒါ ... ဦးကျော်ဇေယျရဲ့ကားပဲ ၊ သူ ... သူ ... ကျွန်မနောက်ကို လိုက်လာပြီ ... ကျွန်မ ဘာလုပ်ရမလဲ ဟင် ... "

မမြမြမူသည် သဇင်ပွင့်ဖြူ စကားကြောင့် ရောယောင် တုန်လှုပ်သွား၏။ ပြီးလေမှ သူမသည် သဇင်ပွင့်ဖြူ ပြောသမျှ စကားများကို ပြန်လည် စဉ်းစား ချင့်ချိန်ဟန်ဖြင့် ...

" မင်းပြောတော့ ဒီ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်က ဆုတောင်းပြည့်တယ်ဆို ... "

ထိုစကားသည် သဇင်ပွင့်ဖြူအတွက် အတော် တာသွား၏။ သဇင်ပွင့်ဖြူသည် သူမ၏ ဟာကွက်ကို မမြမြမူက ဖြည့်ဆည်းပေးလိုက်သည့်အလား မျက်နှာပေါ်၌ သဘောကျ နှစ်ခြိုက်စွာ ပြုံးယောင်သန်းသွားလေသည်။ သူမ မျက်နှာပေါ်၌ ကြောက်ရွံစိတ်များ မရှိတော့ချေ။

" ဟုတ်သား ... မမ ပြောမှ ကျွန်မသတိရသွားပြီ မမရေ "

မြမြမူက နားမလည်စွာ...

" ဘာကို သတိရသွားတာလဲ သဇင်၊ မင်း ဘာကို ဆိုလိုတာလဲ မမ နားမလည်ဘူး "

သဇင်ပွင့်ဖြူက သူမကိုယ် သူမ ယုံကြည်ဟန်ဖြင့် ...

" ကျွန်မရဲ့ ဆုတောင်းပြည့်တယ် မမ၊ ကျွန်မ ဆုတောင်းကို ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်က ဖြည့်ဆည်းပေးလိုက်ပြီ "

" ဟင် ! ဘယ်လိုလဲ "

သဇင်ပွင့်ဖြူက ကားဘက်မှန်မှ ဘော်ဒီလိုက်(မီးသီး) ထွန်းလင်းထားသည်ကို လက်ညှိုး ထိုးပြရင်း ...

" မမ စဉ်းစားကြည့်လေ၊ ကျွန်မတို့ နှစ်ယောက်စလုံး ကားဘေးမှန်တွေ ချထားကြတယ် ၊ ပြီးတော့ ဘော်ဒီလိုက်လည်း ထွန်းထားတယ် ။

ဦးကျော်ဇေယျက အင်မတန် မျက်စိလျင်ပြီး ပါးနပ်တာ ၊ ကျွန်မတို့ကား ရပ်ထားတာသာ သူ တွေ့ခဲ့ရင် သူ့ကားကို ရပ်ပြီး ဆင်းဖမ်းတော့မှာပေါ့ မမရဲ့ ။

အခုက ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ဆီက ကျွန်မ ဆုတောင်းကြောင့် ... ဦးကျော်ဇေယျဟာ

ကျွန်မတို့ကို လုံးဝ မြင်တွေ့ မသွားဘူးဆိုတာ သေချာနေပြီ ။ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ဟာ ကျွန်မတို့ကို ကာကွယ်ပေးထားတယ်လေ မမရဲ့။

မယုံရင် မမ စောင့်ကြည့်နေ။ မကြာခင် ဦးကျော်ဇေယျဟာ ပြန်လှည့်လာလိမ့်မယ်။ အဲ့ဒီအခါလည်း သူ ကျွန်မတို့ကို မြင်တွေ့ရမှာ မဟုတ်ဘူး မမ "

" ဟင် တကယ်ပဲလား သဇင်ရယ်၊ အဲ့တာဆို မမရဲ့ အမေအတွက် ဆုတောင်းကြတော့ ဘာလို့ လက်ချောင်းလေးက ကွေးညွှတ် မသွားရတာလဲ ၊ တမျိုးပဲနော် ... "

ဒီတခါ သဇင်ပွင့်ဖြူသည် ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ် အကြောင်း တခုခုကို သိရှိ သွားဟန်ဖြင့် ရယ်မောလိုက်သည်။

" ဟင်းဟင်း ဟင်း ... "

" ဘာဖြစ်လို့ ရယ်နေတာလဲ သဇင် "

" မမကို ပြောခဲ့သားလေ ၊ ဒီ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ဟာ ဘုရား ရုပ်ပုံကားချပ်တို့ ရုပ်ပွားတော်တို့ ရှိတဲ့နေရာမှာ အစွမ်း မပြနိုင်ဘူး ဆိုတာလေ "

" ဟင် ... ဒါဆိုရင် မမကားထဲမှာ "

" ဟုတ်တယ် ... မမ ၊ ကျွန်မ စိတ်အထင် ပြောရမယ်ဆိုရင် မမရဲ့ ခေါင်းပေါ်က နေကာကို လှန်ကြည့်လိုက်ပါလား "

သဇင်ပွင့်ဖြူ ပြောသည့်အတိုင်း မမြမြမူသည် နေကာပြားကို လှန်ကြည့်လိုက်သည်။ နေကာပြားထဲတွင် မဟာမုနိရုပ်ရှင်တော်မြတ် ဓာတ်ပုံ တပုံ ကိန်းဝပ်စံပ္ပါယ်လျက် ရှိသည်ကို တွေ့ရသည်။

" ကဲ ... မမ ၊ ကျွန်မ ဟောဒီ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို အပြင်ထုတ်ယူ ပြမယ် ၊ ဘာ ထူးခြားလဲဆိုတာ မမ ကြည့်ပေါ့ "

သဇင်ပွင့်ဖြူက ပြောပြောဆိုဆိုနှင့် ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို ယူ၍ ကားတံခါးဖွင့် ဆင်းသွားသည်။ ကောင်းကင်သည် ချက်ချင်းပင် ပြိုတော့မည့်အလား အုံ့ဆိုင်း မှိုင်းသွားလေတော့သည်။

" ဂျိန်း ! ... "

လျပ်စီးကြောင်းကြီးက ကောင်းကင်၌ ဝင်းလက် ပြိုးပြက်သွား၏။ ထို့အတူ သူမတို့ ကားရပ်နေသော မြေနေရာသည် ရွေ့ရှားသွားသည့်အလား သိမ့်ခနဲ ခံစားလိုက်ကြရသည်။

ကားထဲမှ မမြမြမူအား သဇင်ပွင့်ဖြူမှ

" မမရေ ... ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်က ထပ်ပြီး ဆုတောင်းစရာမလိုဘူး ၊ သူ အစွမ်းပြနိုင်တဲ့နေရာ ရောက်တာနဲ့ ချက်ချင်း အစွမ်းပြတယ် ။ ဒီမှာ ကြည့်လိုက် မမ "

" ဟင် ! ဒါ တကယ်ပဲလား "

ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်မှ လက်ချောင်းလေး တချောင်းသည် ထပ်မံ၍ ကွေးညွှတ်နေသည်ကို မမြမြမူ တအံတဩ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ ဒါဆိုရင် ... မေမေ အခု နေကောင်းသက်သာပြီလားဟု မမြမြမူ သိချင်သွားခဲ့သည်။

မကြာပါ ။ မမြမြမူထံသို့ ဖုန်းဝင်လာပါ၏။ မမြမြမူ၏ ဒေါ်လေးထံမှ ဖြစ်သည်။ မမြမြမူ ရင်ဖိုစိတ်လှုပ်ရှားစွာ ဖုန်းကို ကောက်ကိုင်လိုက်သည်။

" သမီးရေ မြမြမူ ၊ ဘုရားတန်ခိုးပဲဟေ့ ။ မမ သတိ ပြန်ရလာပြီ။ ဆရာဝန်ကြီးတွေ စမ်းသပ်တာ နှလုံးက ပုံမှန် ပြန်အလုပ်လုပ်နေတယ်တဲ့။ သူတို့လည်း အံဩနေကြတယ်။ မနက်မှ ဓာတ်မှန် ပြန်ရိုက်ကြည့်ရအုံးမယ်တဲ့။ ဒီလို လူနာမျိုး သူတို့ဘဝမှာ တခါမှ မကြုံဖူးလို့ဆိုလားပဲကွယ်။

အိုအေ ဘာပဲ ဖြစ်ဖြစ် ၊ ဒေါ်လေးတော့ ဝမ်းသာလိုက်တာ ပြောမနေပါနဲ့တော့။ မမကြည့်ရတာ လူကောင်းပကတိအတိုင်းပဲ သမီးရေ။ သမီးလဲ ကားကို ဖြေးဖြေးသာ မောင်းခဲ့တော့နော် ။ မမနဲ့ စကားပြောလို့ ရပြီဆိုရင် ဒေါ်လေး ဖုန်းထပ်ဆက်လိုက်မယ်နော်။ အခုတော့ ဆရာဝန်တွေ စမ်းသပ်စစ်ဆေးနေကြတယ် "

ဖုန်းချသွားသည့်အခါ မမြမြမူသည် သဇင်ပွင့်ဖြူအား အံဩဟန်ဖြင့် ငေးကြည့်နေမိသည်။ ဒါဟာ ဘယ်လိုနည်းနဲ့မှ တိုက်ဆိုင်မှု မဖြစ်နိုင်တော့ဘူးမဟုတ်လား ။ သေခါနီး လူနာကိုတောင် အသက်ရှင်နိုင်စေအောင် အစွမ်းထက်သည့် ဆုတောင်းပြည့် လက်ပြတ်ပါလား။

သဇင်ပွင့်ဖြူက မမြမြမူအား ပြုံးပြုံးကြီး ကြည့်ရင်း ...

" မမ ယုံပြီ မဟုတ်လား "

မမြမြမူ ခေါင်းကိုသာ ငြိမ့်ပြလိုက်မိတော့လေသည်။

ထိုအခိုက်တွင် မမြမြမူတို့ ယာဉ်ကြောဘက်နှင့် ဆန့်ကျင်ဘက် ယာဉ်ကြောမှာ ကားတစ်စီး တုန့်ခနဲ ရပ်သွားသည်ကို သူမတို့နှစ်ယောက်စလုံး သတိထားမိသွားကြသည်။

ထိုကားသည် ရပ်သည်နှင့် ကားပေါ်မှ လူနှစ်ယောက်သည် အလျင်လိုစွာ ပြေးဆင်းလာကြ၏။ တစ်ဦးမှာ အရပ်အလွန်မြင့်မားပြီး ၊ ဟူဒီခေါင်းစွပ်အနွေးထည်ကို ဝတ်ထားပြီး၊ ၎င်း၏လက်ထဲတွင် မည်းနက်နေသော သေမင်းတမန် သေနတ်ကို ကိုင်ဆိုင်ထား၏။ ကျန်တယောက်မှာ ကွတ်ရကီး ဓားကောက်ကြီးကို ကိုင်ဆောင်လာ၏။

" ဒိုင်း ... "

ရှေ့မှ သေနတ်ကိုင်လူသည် မမြမြမူ၏ ကားရှေ့ဘီးကို ပစ်ဖောက်လိုက်ခြင်းပင်။

မမြမြမူရော သဇင်ပွင့်ဖြူပါ ထွက်မပြေးသာတော့ချေ။ ဦးကျော်ဇေယျနှင့်

၎င်း၏တပည့်ကျော် ကစ္စနားတို့သည် မမြမြမူနှင့်သဇင်ပွင့်ဖြူတို့ထံ ရောက်လာကြပြီ ဖြစ်လေ၏။

ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်သည် သူ၏ ဆုတောင်းပြည့်ခြင်းကို သွေဖီခဲ့လေပြီလား။

_______

(၅)

လူသူပြတ်သည့် နေရာ ဖြစ်တာက တကြောင်း၊ ဒါ့အပြင် ညဉ့်နက်ချိန်ကလည်း ဖြစ်နေလေတော့ မမြမြမူနှင့် သဇင်ပွင့်ဖြူတို့အဖို့ ကူမယ့်ကယ်မယ့်သူမဲ့နေရှာသည်။

ရဲကင်းမှာ ထိုနေရာနှင့် ၁၂မိုင်ခန့် ကွာဝေး၏။ မိုးရွာထား၍ မိုးအေးအေးနှင့် ရဲများ အိပ်ပျော်နေပြီဟု မှတ်ယူမိသည်။

ဦးကျော်ဇေယျသည် နုတ်ခမ်းကို ကွေးညွတ်ပြီး ပြုံးလိုက်လေ၏။ ထိုအပြုံးနောက်ကွယ်၌ မည်မျှ ရက်စက်ကြမ်းကြုတ်မည်လဲဟု တွေးကြည့်စရာမလိုပေ။

သူ၏ မျက်နှာမှာ လွန်စွာမှ သွေးအေးပြီး ရက်စက်မည့်လက္ခဏာများ အထင်အရှား ပေါ်လွင်နေသည်ဟု မမြမြမူ တွေးထင်လိုက်မိသည်။

ဦးကျော်ဇေယျက အချက်ပြလိုက်သည်နှင့် လူမိုက်ကစ္စနားသည် မမြမြမူအနီး တိုးကပ်သွားပြီး သူ၏ ဓားကြီးဖြင့် ချိန်ရွယ်ထားလိုက်သည်။

ဦးကျော်ဇေယျကိုယ်တိုင်ကတော့ သဇင်ပွင့်ဖြူထံသို့ နီးကပ်စွာ လျှောက်သွားပြီး ...

" မင်းကို ငါက ဟောဒီ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ရဲ့ အကြောင်း အပြည့်အစုံ ပြောမပြခဲ့တာ ငါ ကံကောင်းသွားခဲ့တာပဲ သဇင်။ ငါတို့ မိုင်တိုင်အမှတ် ၂၀၀ကနေ ပြန်လှည့်လာခဲ့တာ သိပ်မှန်သွားပြီ။

မင်းတို့ကို ရှာမတွေ့လို့ ငါ လက်လျော့ပြီး ပြန်လာခဲ့တာကွဲ့ ။ အသွားတုန်းက မင်းတို့ကို ဒီနားမှာ ငါ မတွေ့ခဲ့ဘူး ။ ငါထင်ထားခဲ့သလိုပဲ မင်း ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ဆီမှာ ဆုတောင်းခဲ့ပုံရတယ် ။ ဒါကြောင့် အသွားတုန်းက ငါ မင်းတို့ကို မမြင်ခဲ့တာ ဖြစ်မယ်။ ဟုတ်တယ်မို့လား သဇင် "

ထိုသို့ပြောလိုက်ပြီး ၊ ဦးကျော်ဇေယျသည် သဇင်ပွင့်ဖြူ လက်ထဲက ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို လုယူလိုက်သည်။ လက်ပြတ် သူ့လက်ထဲ ရောက်သည့်အခါ ဦးကျော်ဇေယျသည် လက်ချောင်းလေး ၂ချောင်း ကွေးညွှတ်နေသည်ကို မြင်တွေ့သွားပြီး ...

" ဟားဟားဟား ငါထင်တဲ့အတိုင်းပါလား ၊ မင်းက ဆုတောင်း ၂ခုတောင် တောင်းပြီးသွားခဲ့ပြီကိုး၊

ပထမဆုတောင်းက ... ငါ့လက်မှ လွတ်မြောက်ပါစေဆိုတဲ့ ဆုတောင်းပဲ ဖြစ်မယ် ။ ဒါကြောင့်သာ ငါ မင်းတို့ကို အသွားတုန်းက မမြင်ခဲ့တာ ဖြစ်လိမ့်မယ်။

အိုး ... ကျွတ် ကျွတ် သနားစရာ ကောင်းလိုက်တဲ့ မိန်းကလေးရယ်။ မင်း ပရာသာန်နာ ဆီ ဗာရီဟာသ် ဆီမှာ ဘယ်လို ဆုတောင်းမျိုး ၊ မတောင်းရဘူးဆိုတာ သိမထားဘဲကိုး။

အခုတော့ မင်းသိအောင် ငါပြောပြရအုံးမှာပေါ့ သဇင်။

ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်မှာ ဘယ်တော့မှ တပါးသူအတွက် ဆုမတောင်းရဘူးကွဲ့ ။ အကယ်၍ ဆုတောင်းခဲ့မိရင် ပထမဆုတောင်းဟာ ပျက်ပြယ်တတ်တယ်။

မင်းရဲ့ ဒုတိယ ဆုတောင်းဟာ တပါးသူအတွက် ဖြစ်လိမ့်မယ်။ ဒါကြောင့်သာ အပြန်လမ်းမှာ မင်းရဲ့ ပထမဆုတောင်းဟာ ပျက်ပြယ်သွားပြီး၊ မင်းကို ငါ ပြန်ဖမ်းမိတာပဲ "

ထိုသို့ပြောပြီး လက်ပြတ်ကလေးကို သူ၏ အင်္ကျီအိပ်ကပ်ထဲသို့ ထည့်ထားလိုက်လေ၏။

သဇင်ပွင့်ဖြူခမျာ အံကို ကြိတ်ထားရင်း၊ မမြမြမူဘက်သို့ လှည့်ကာ ...

" ရှင်တို့ ကျွန်မကို ကြိုက်သလို လုပ်ပါ။ ဟိုအစ်မက ကျွန်မနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်မကို ကားကြုံ ခေါ်တင်လာရုံသက်သက်ပဲ။ အဲ့ဒီ အစ်မကို လွှတ်ပေးလိုက်ပါ။ ဘာဒုက္ခမှ မပေးကြပါနဲ့ "

" ဈေးဆစ်နေတာလား သဇင်။ အခုမှတော့ အဲ့ဒီမိန်းမကိုလဲ ငါ လွှတ်ပေးလို့ မရတော့ဘူးလေ။

ငါတွေးမိသလောက်ဆိုရင်၊ မင်းဟာ ဒီအမျိုးသမီးအတွက် ကိုယ်စားဆုတောင်းခဲ့တာပဲ ဖြစ်လိမ့်မယ်။အဲ့ဒီတော့ သူက ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်အကြောင်းတင်မကဘူး၊ ငါတို့အကြောင်းတွေပါ အကုန်သိနေလောက်ရောပေါ့။ဟင်းဟင်း စိတ်တော့ မကောင်းပါဘူးကွယ်။ သူ့ကိုလဲ ငါတို့နဲ့အတူ ခေါ်သွားရလိမ့်မယ်။ အကယ်၍ သူက ငြင်းဆန်မယ်ဆိုရင်တော့ ဒီနေရာမှာပဲ ... "

ဦးကျော်ဇေယျက သူ၏စကား အဆုံးသတ်၌ လက်ထဲက သေနတ်ကို ထောင်ပြရင်း ကောက်ကျစ်သည့်အပြုံးကို ပြုံးပြလေ၏။ မမြမြမူသာ ကလန်ကဆန် ပြုပါက ဒီနေရာမှာပင် အစဖျောက် လက်စတုံးမည့်သဘောပင်။ မမြမြမူသည် ယခုအခါ၌ အမှန်တကယ် ဆိုးသွမ်းယုတ်မာသူများနှင့် ပက်ပင်းကြုံတွေ့နေရပြီ ဖြစ်ရာ လွန်စွာ ထိတ်လန့်ကြောက်ရွံနေမိသည်။ သူမအနီးက ကွတ်ရကီးဓားကောက်ကြီးနှင့် မသတီစရာ မျက်နှာထားပိုင်ရှင် ကစ္စနားကို၎င်း၊ သဇင့်အနီးက သေနတ်ကိုင်ထားသော သွေးအေးလူသတ်သမား ဦးကျော်ဇေယျကို၎င်း ရဲဝံ့စွာ မကြည်ရဲရှာပေ။

ဦးကျော်ဇေယျသည် မမြမြမူနှင့်သဇင်ပွင့်ဖြူတို့ကို တလှည့်စီ ပြီတီတီမျက်နှာပေးနှင့်ကြည့်ရင်း ...

" သူက ဘယ်သူလဲ ၊ မင်းနဲ ဘယ်လိုပတ်သက်နေလဲ သဇင် "

" ဘာမှ မပတ်သက်ဘူး ၊ ကျွန်မ အကူအညီတောင်းလို့ လမ်းကြုံခေါ်တင်လာတာ ၊ အဲ့ဒီ အစ်မနာမည်တောင် ကျွန်မ မသိဘူး "

" အော် ... ဟုတ်သလား ၊ နာမည်သာ မင်းက မသိတာ၊ သူ့အတွက်တော့ ဆုတောင်းပေးတယ်ဆိုတော့ ... "

" အဲ့ဒါက ပရာသာန်နာ ဆီ ဗာရီဟာသ်ရဲ့ အစွမ်းကို သက်သေပြချင်လို့ ဆုတောင်းပေးလိုက်တာ ၊ သူနဲ့ ကျွန်မ ဘာမှ မပတ်သက်ဘူးလို့ ကျွန်မ ကျိန်ပြောရဲပါတယ်ရှင်။ သူ့ကို လွှတ်ပေးလိုက်ပါ "

ဦးကျော်ဇေယျ၏ စူးရှသောမျက်လုံးများက မမြမြမူ၏ လှပအချိုးကျသော ကိုယ်လုံးပေါ် အကြည့်ရောက်သွားသည်။ အသက်၃၀အရွယ် မမြမြမူသည် ကိုယ်လုံးကိုယ်ထည် လှပအချိုးကျသူ ဖြစ်သည်။ အထူးသဖြင့် မမြမြမူ၏ တောက်ပရွှန်းလဲ့သော မျက်လုံး၊ စင်ရော်တောင်ပံကဲ့သို့ ကော့ရွှန်းသော မျက်တောင်၊ ထူထဲတန်းတန်းလေးနှင့် လှပသော မျက်ခုံးများက သဘာဝအတိုင်း မပြုမပြင် လှပနေ၏။ တဖက်သော သူအား စွဲဆောင်မှု အပြည့်ရှိသည်ဟုဆိုရမည်။ ဦးကျော်ဇေယျသည် သူ့အင်္ကျီအိပ်ကတ်ထဲက လက်ချောင်းလေး ၂ချောင်း ကွေးညွှတ်နေသော လက်ပြတ်ကို ပြေးမြင်ယောင်လိုက်သည်။

သဇင်ပွင့်ဖြူအတွက် ဆုတောင်းက တခုပဲ ကျန်တော့တယ်မဟုတ်လား။

ဆုတောင်းတခုတည်းနဲ့တော့ သဇင်ပွင့်ဖြူသည် သူ့အတွက် အရေးပါလိမ့်မည်မဟုတ်ချေ။ အဲ့ဒီလိုဆိုတော့ ပရီသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ် ပိုင်ရှင်အသစ်တယောက် သူ့အတွက် အမှန်တကယ် လိုအပ်လာတော့မည်။ သို့မှသာ ဆုတောင်း ၃ခု ထပ်မံပြုနိုင်လိမ့်မည်။

ဦးကျော်ဇေယျသည် သဇင်ပွင့်ဖြူ၏ လက်တစ်ဖက်ကို ဆွဲ၍ မမြမြမူ ရှိရာသို့ လျှောက်လှမ်းလာပြီး ၊ မမြမြမူ၏ မျက်နှာကို မော့ယူ သေချာ ကြည့်လိုက်သည်။

ကြောက်ရွံနေသော မမြမြမူ၏ မျက်လုံးများက သားသတ်သမားလက်က ယုန်သူငယ်သဖွယ် ရှိချေ၏။

ဦးကျော်ဇေယျ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ သူလိုချင်တာက ဒီလို မိန်းကလေးပဲ မဟုတ်လား။ သူ့အား ကြောက်ရွံပြီး သူပြောသမျှ ပြီးမည့် မိန်းမကသာ သူ့လိုအင်ဆန္ဒများ ပြည့်ဝစေလိမ့်မည်။

" မင်း နာမည် ဘယ်လို ခေါ်လဲ "

" မြမြမူပါရှင် ... ကျွန်မကို လွှတ်ပေးပါနော်၊ ကျွန်မ အမေက မန္တလေး ဆေးရုံကြီးမှာ တက်နေရလို့ ၊ ဒီမနက် အရောက်ပြန်ရမှာမို့ပါ "

" အိုးဟိုး ... မင်းရဲ့ အမေက ဆေးရုံမှာလား ၊ လွှတ်ပေးရမှာပေါ့ မိန်းကလေးရယ် ၊ ဒါပေမဲ့ မင်းတယောက်တည်းဆို ငါ စိတ်မချနိုင်ပါဘူး ၊

ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်လေ။ ဟင်းဟင်း ... ဒါပေမဲ့ မင်းက ငါခိုင်းတာလေး တခုတော့ လုပ်ပေးရမယ်ပေါ့ကွယ် "

မမြမြမူ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ သူမ ကြောက်ရွံစွာ ...

" ရှင် ! ကျွန်မက ဘာလုပ်ပေးရမှာလဲ "

ဦးကျော်ဇေယျသည် အကျႌအိတ်ထဲက ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို ထုတ်ယူလိုက်ပြီး မမြမြမူ၏ မျက်လုံးများနှင့် ဆုံအောင်ကြည့်၍ ...

" လုပ်ပေးရမှာက အလွန်လွယ်ကူပါတယ် မြမြမူ။ ဟောဒီ ဆုတောင်းပြည့် လက်ချောင်းများကို ပိုင်ရှင်အသစ်အဖြစ် မင်းက လက်ခံပေးပြီး ၊ ငါ့ကို ရာသက်ပန် ရိုးမြေကျ ချစ်ခင်စွာ ပေါင်းသင်းပါ့မယ်လို့ ပထမဆုံး ဆုတောင်းပေးရုံပါပဲ "

" ရှင် ... "

မမြမြမူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဦးကျော်ဇေယျကိုလည်း ပို၍ ကြောက်ရွံသွားလေတော့သည်။ သဇင်ပွင့်ဖြူကတော့ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပဲ တုန့်ပြန် ပြောဆိုလိုက်သည်။

" ရှင် ရှင် ယုတ်မာလွန်းလှပါလား ၊ အခုမှ တွေ့ရတဲ့ မိန်းမတယောက်ကို ဘယ်လိုတောင် ပြောထွက်ရက်တာလဲ ၊ ရှင် မရှက်ဘူးလား ဦးကျော်ဇေယျ "

" အိုး ... ငါက ဘာကို ရှက်ရမှာလဲ သဇင် ၊ ငါ သူ့ကို နှစ်သက်လို့ ငါ့ဆန္ဒကို ဖွင့်ပြောတာလေ ၊

ဟင်းဟင်း သူ့မှာ ရွေးခြယ်ပိုင်ခွင့် ရှိပါတယ် ။ ငါ့ဇနီးမယားအဖြစ် သေတပန်သက်တဆုံး နေသွားမလား ဒါမှမဟုတ် ဒီနေရာမှာပဲ သူ့အသက်ကို အဆုံးအရှုံး ခံမလား ။

ကြိုက်ရာရွေးလေ ။ ငါ ခွင့်ပြုမှာပေါ့ ။ ငါက ဒီလိုမှ မလုပ်ဘဲ သူ့ကို လွှတ်ပေးလိုက်ရင် ငါ့လည်ပင်း ငါကြိုးကွင်း စွပ်သလို ဖြစ်နေတော့မှာပေါ့ သဇင်ရဲ့ ။ သူက ငါ့အကြောင်း အကုန်သိနေပြီလေကွယ်၊ သူ့ကို ဒီအတိုင်း လွှတ်ပေးလို့ မဖြစ်တော့ဘူး သဇင် "

သဇင်ပွင့်ဖြူသည် ဦးကျော်ဇေယျအား ဒီအတိုင်း စကားစစ်ထိုးနေလို့ မမြမြမူအား လွှတ်ပေးလိမ့်မည်မဟုတ်ဟု သိသွားသည့်အခါ သူမ သက်ပြင်းကို လေးကန်စွာ ချလိုက်၏။ နောက်ဆုံးတွင် သူမသည် မမြမြမူအား ဦးကျော်ဇေယျ ဒုက္ခမပေးစေရန်အတွက် သူမသာ အနစ်နာခံလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ဟန်တူသည်။

" ဒီမှာ ဦးကျော်ဇေယျ ... ကျွန်မ ရှင်ပြောတဲ့အတိုင်း ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ဆီမှာ ဆုတောင်းပေးမယ်။

ရှင့်ကို လက်ထပ်မယ်။ မမြမြမူကိုတော့ ဆက်ပြီး ဒုက္ခ မပေးပါနဲ့ရှင်။ သူ့ကိုတော့ လွှတ်ပေးလိုက်ပါ။ သူ့အမေက မန္တလေးဆေးရုံကြီးပေါ်မှာ တကယ်ကို အသည်းအသန် မမာမကျန်း ဖြစ်နေတာပါ။ သူ့အမေရဲ့ နောက်ဆုံးအချိန်ကို သွားတွေ့ခွင့်ပြုလိုက်ပါ "

" ဟားဟားဟား ... သဇင်ပွင့်ဖြူ ... သဇင်ပွင့်ဖြူ ။ မင်းက အခုထိ မင်းကိုယ်မင်း အထင်ကြီးနေတုန်းကိုး

မင်းက ငါ့ကို လက်ထပ်ပါရစေလို့ ခွင့်တောင်းမယ်ဆိုရင်တောင် အခု မဖြစ်နိုင်တော့ဘူး သဇင်။

မင်းဟာ ငါ့အတွက် အသုံးမဝင်တော့ဘူး သဇင်။ အဲ့ဒီဆုတောင်းသာ မင်း တောင်းပြီးသွားရင် ၊ နောက်ထပ် မင်း ပရာသာန်နာ ဆီ ဗာရီဟာသ် ထံမှာ ဘာဆုကိုမှ တောင်းလို့ မရတော့ဘူးလေ။ မင်းအတွက် ဆုတောင်း ၃ခုက ပြည့်သွားပြီကွဲ့။

အဲ့ဒီတော့ မင်းက ငါ့အတွက် အသုံး မဝင်တော့ဘူးကွဲ့ ။ ဟဲဟဲ ငါ့အတွက် အသုံးမဝင်ဘူးဆိုပေမယ့် ၊ ငါ့ တပည့်ကြီး ကစ္စနားအတွက်တော့... ဟားဟားဟား "

ဦးကျော်ဇေယျက ထိုသို့ပြောပြီး သဇင်ပွင့်ဖြူအား ကစ္စနားထံ တွန်းလွှန်လိုက်သည်။ ကစ္စနားက သဇင်ပွင့်ဖြူအား ဆီးကြို၍ ပွေ့ဖက်ထားလိုက်သည်။

သဇင်ပွင့်ဖြူခမျာ သူမ၏ နောက်ကျောမှ ကစ္စနား၏ သိုင်းဖက်ထားခံလိုက်ရရှာ၏။ ရုန်းပေမဲ့ အားချင်းမမျှ။ အတင်းချုပ် အတင်းဖက်ပွေ့ထားခြင်း ခံနေရသည်။ကစ္စနားထံမှာ အရက်နံ့နှင့် ချွေးနံ့များ ဟောင်ထွက်နေ၏။

မမြမြမူ ရပ်နေရာသို့ ဦးကျော်ဇေယျသည် တိုးကပ်လာပြီး ...

" စိတ်ချပါ မြမြမူ ၊ အစ်ကိုကြီး မင်းကို တသက်လုံး ကြင်ကြင်နာနာနဲ့ ချစ်ခင်မြတ်နိုးပေးမှာပါ ၊

ငွေကြေးဥစ္စာအတွက်လည်း ပူပန်ကြောင့်ကြမှု မရှိစေရဘူး။ အစ်ကိုကြီးဆီမှာ သေသွားတဲ့ ဇနီးဟောင်း မသီတာဆီက လက်ဝတ်ရတနာတွေ အလျံအပယ် ရှိပါတယ်။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မိုးကုတ် ၊ လာရှိုး စတဲ့ မြို့တွေမှာ အစ်ကိုကြီးပိုင်တဲ့ အိမ်ခြံမြေတိုက်တာတွေ လှည့်တောင် မကြည့်အားဘူး။

မြမြမူ နေချင်တဲ့နေရာသာ ပြောလိုက်။ နန်းတော်ကြီးတမျှ လှပတဲ့ စံအိမ်ကြီးတွေ ချက်ချင်း ဆောက်ပေးလိုက်မယ်။ မြမြမူ ဘာအလုပ်မှ လုပ်စရာမလိုဘူး။ အစ်ကိုကြီး မင်းကို မိဖုရားတစ်ပါးလို ထားပါ့မယ်လို့ ကတိပေးပါတယ်။ "

မမြမြမူမှာ ထိုစကားများ ကြားရစည့်အခါ နားထဲ ချော်ရည်ပူတွေ လောင်ထည့်နေသလို ပူလောင်လွန်းလှသည်။ ယခုအချိန်၌ သူမ အဖြစ်ချင်ဆုံး ဆန္ဒသည် ဆေးရုံပေါ်က မေမေ့ ရင်ခွင်ထဲ တိုးဝင်၍ အားပါးတရ ငိုရှိုက်လိုခြင်းသာ ဖြစ်တော့၏။

"ဟင့်အင်း ... ဟင့်အင်း ၊ ကျွန်မ ရှိခိုးတောင်းပန်ပါတယ်ရှင် ၊ ကျွန်မကို အဲ့သလို အတင်းအကြပ် မတောင်းဆိုပါနဲ့ ။ ကျွန်မကို သွားခွင့်ပြုပါရှင်"

ဦးကျော်ဇေယျမျက်နှာသည် အပြောင်းအလဲ မရှိ။ မမြမြမူကိုလည်း သနားဂရုဏာ သက်ဟန်မရှိချေ။ သူလိုရာကိုသာ ဇွတ်အတင်း ဖန်တီးယူမည့်သဘောကို ဆောင်နေ၏။

ဦးကျော်ဇေယျ သူ၏ အိတ်ကပ်ထဲမှာ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို ထုတ်ယူလိုက်ပြီး ...

" ဒီ လက်ပြတ်ဟာ လိုရာဆု ၃ကြိမ် တောင်းခွင့် ရှိတယ် မြမြမူ ။

မင်း ငါပြောသလိုသာ ဆုတောင်းလိုက်ပါ။ ငါ မင်းနဲ့အတူ မန္တလေးကို လိုက်ခဲ့ပါမယ်။ မင်း အမေဆီမှာ ငါ မင်းကို မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ပါ့မယ်။

မင်္ဂလာပွဲကိုလည်း ခြိမ့်ခြိမ့်သဲကြီး ကျင်းပပေးမယ်။ ကုန်ချင်သလောက် ကုန်ပါစေ။ မင်းကို ငါ တသက်လုံး စိတ်ချမ်းချမ်းသာသာနဲ့ ထားပါ့မယ် မြမြမူ ၊ ဒီ ပရာသာန်နာ ဆီ ဗာရီဟာသ် ဆုတောင်းပြည့်လက်ပြတ်ဟာ သခင်မအသစ်ရဲ့ ဆုတောင်းကို ဖြည့်ဆည်းပေးဖို့ စောင့်နေတယ်ကွဲ့၊ ရော့ ယူကြည့်လိုက်စမ်း "

ဦးကျော်ဇေယျသည် သဇင်ပွင့်ဖြူအား ကစ္စနားနှင့် စိတ်ချလက်ချ လွှဲထားပြီး ကျောခိုင်းထားရင်း မမြမြမူကို သူ့ဘက်ပါအောင် စည်းရုံးနေ၏။

ဤနေရာ၌ ဦးကျော်ဇေယျသည် ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို မမြမြမူအား စိတ်ချယုံကြည်စွာ ပေးအပ်နေခြင်းမှာ အကြောင်းရှိလေ၏ ။ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်သည် ဆုတောင်း ၃ခု မပြည့်မချင်း ၊ နောက်တဦး၏ ဆုတောင်းကို ဖြည့်ဆည်းမပေးခြင်းပင် ဖြစ်လေ၏။ မမြမြမူသည် ယခုအချိန်၌ မည်သည့်ဆုတောင်းကိုမျှ တောင်းခွင့်မရသေးပေ။ သဇင်ပွင့်ဖြူ၏ နောက်ဆုံး တတိယမြောက် ဆုတောင်း တခု ပြည့်ပြီးမှသာ တောင်းဆိုခွင့် ရှိမည်ဖြစ်သည်။ မမြမြမူခမျာ ဦးကျော်ဇေယျ ပေးသော လက်ပြတ်ကို ကိုင်၍ ဘာလုပ်ရမှန်းမသိ။ ဦးကျော်ဇေယျကိုသာ ကြောက်ရွံစွာ ကြည့်နေမိသည်။

ထိုအချိန်၌ သဇင်ပွင့်ဖြူသည် သူမ၏ ကျောဘက်မှ အတင်းချုပ်နှောင် သိုင်းဖက်ထားသော ကစ္စနားကြောင့် မရုန်းသာ။ ထို့ကြောင့် သဇင်ပွင့်ဖြူသည် မရုန်းတော့ပဲ ခေတ္တငြိမ်သက်နေလိုက်သည်။ ထိုအခါ ကစ္စနားက သဇင်ပွင့်ဖြူအပေါ် အခွင့်အရေး ယူရန် အရက်နံ့ ဟောင်နေသော ပါးစပ်ကြီးဖြင့် ဂုတ်ပိုးသားဝင်းဝင်းလေးကို ဆံစများကို ဖယ်၍ နမ်းရှိုက်လိုက်သည်။

သဇင့်ပွင့်ဖြူခမျာ မတတ်သာသည့်အဆုံး ငြိမ်၍သာ နေရလေ၏။ထိုအခါ ကစ္စနားသည် တဆင့်တက်လာ၏။ သဇင်၏ မျက်နှာကို နမ်းရှိုက်ရန် ကြိုးစားလာ၏။ နံဟောင်လာသော အရက်နံ့ဆိုးကြီးကြောင့် သဇင်ပွင့်ဖြူသည် မျက်နှာကို ဘယ်ညာ ယိမ်းခါနေ၏။

ကစ္စနားက ဓားကို ခါးကြားက ဓားအိမ်ထဲ ထည့်ထားပြီး ၊ သဇင်ပွင့်ဖြူအား လက်နှစ်ဖက်ဖြင့် ချုပ်၍ အတင်း နမ်းရှိုက်ရန် ကြိုးစားနေသည်။

သဇင်ပွင့်ဖြူသည် ကစ္စနားလက်မှ ဘယ်လို ရုန်းထွက်မလဲ စဉ်းစား၏။

နောက်တော့ သူမ အကြံတခု ရသွားဟန်တူ၏။

ကစ္စနားသည် ရာဘာ ခြေညှပ်ဖိနပ်စီးထားသည်ကို မြင်တွေ့သွား၏။

သဇင်အား အနောက်မှ သိုင်းဖက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သဇင်သည် ကစ္စနားအား လိုက်လျောဟန်နှင့် အသာငြိမ်သက်လိုက်၏။ထိုအခါ ကစ္စနားက ၎င်း၏ ချုပ်ထားသော လက်ကို အသာဖြေလျော့ပေးလိုက်သည်။

သဇင်သည် သူမ စီးထားလေဒီရှုး နောက်ခွာကို အပေါ်သို့ အသာအယာ မြှောက်လိုက်သည်။ ပြီးလျင် တနှာရမ္မက် ငန်းငန်းတက်နေသော ကစ္စနား၏ ခြေဖမိုးပေါ်သို့ ထိုလေဒီရှုးဖိနပ်ခွာဖြင့် အားကုန် ဆောင့်နင်းချလိုက်သည်။

" အား ဘား ဘား "

နာသွားသော ခြေကို လက်ဖြင့်ကိုင်ရန်အတွက် သဇင်ပွင့်ဖြူကို ကစ္စနား လွှတ်ပေးလိုက်ရသည်။ သဇင်ပွင့်ဖြူသည် လွတ်သွားသည်နှင့် ကစ္စနား၏ ပေါင်ခွဆုံအား ဒူးဖြင့် ပြေးတိုက်လိုက်သည်။

" ခွပ် "

" အု "

ကြက်ဥတလုံး ကွဲအက်သံအလား အသံတခု ထွက်ပေါ်လာပြီး ကစ္စနားသည် ခွဆုံကို လက်ဖြင့်အုပ်၍ ခွေလဲကျသွားသည်။

ထို့နောက် သဇင်သည် သူမအား ကျောပေးထားသော ဦးကျော်ဇေယျထံသို့ ကြောင်မလေးတကောင်အလား ပြေးဝင် ကုတ်ခြစ် သတ်ပုတ်လေ၏။

ဦးကျော်ဇေယျသည် အလစ်အငိုက် တိုက်ခိုက်ခံရသည်ဖြစ်ရာ ၊ လျော့ယဲယဲ ကိုင်ထားသော ပစ္စတိုသေနတ်မှာ လက်မှ လွတ်ကျသွားလေ၏။

မမြမြမူမှာ သဇင်ပွင့်ဖြူနှင့်ဦးကျော်ဇေယျတို့ လုံးထွေးသတ်ပုတ်နေသည်ကို အကြောင်သားငေးနေမိသည်။ မည်သို့ ဝင်ကူရမှန်း မစဉ်းစားနိုင်။ သူမ၏ လက်ထဲတွင် ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို ဆုပ်ကိုင်ထား၏။

လူသန်ကြီး ဦးကျော်ဇေယျကို လုံးထွေးသတ်ပုတ်ခြင်းသည် သဇင်ပွင့်ဖြူ အတွက် အလွန်မိုက်မဲရာ ကျ၏။ နိုင်စရာ အကြောင်း မမြင်။

တကြိမ်၌ ဦးကျော်ဇေယျသည် သူ၏ ကြီးမားသော လက်ဝါးကြီးဖြင့် သဇင်အား ခပ်ပြင်းပြင်း ရိုက်ချလိုက်သည် ဖြစ်ရာ၊ သဇင်သည် လေးငါးပေ အကွာသို့ လွင့်စင် လဲကျသွားလေ၏။ ဦးကျော်ဇေယျ မျက်နှာ၌ သဇင်၏ လက်သည်းကုတ်ခြစ်ရာ အနီစင်းကြီးများ ထင်းကနဲ ပေါ်နေ၏။ သွေးပင် စို့နေ၏။

ထို့ကြောင့်လားမသိ။ နာကျင်ဒေါသထွက်ဟန်ဖြင့် ဦးကျော်ဇေယျသည် ဒေါသဖြင့် လဲကျနေသော သဇင်အား ဖွဲအိတ်တအိတ်လား တဖုန်းဖုန်းနှင့် ကန်ကျောက်နေလေ၏။

သဇင့်ခမျာ အသံပင် ကျယ်ကျယ် မထွက်နိုင်တော့၊ နာနာကျင်ကျင် ခွေခေါက်နေတော့လေ၏။ ကန်သည့် ခြေထောက်ကိုသာ လိုက်ဆွဲနေ၏။

အားရအောင် ကန်ကျောက်ပြီးသည်နှင့် ဦးကျော်ဇေယျသည် သူ လွတ်ကျသွားသော သေနတ်ကို သွားကောက်လေ၏။

ထိုအချိန်၌ သဇင်ပွင့်ဖြူသည် နာကျင်ဒဏ်ရာများနှင့် အတင်းကုန်းထလာပြီး ...

" မမ ... "

သဇင်ပွင့်ဖြူထံမှ အသံကြားရမှ မမြမြမူသည် အိမ်မက်မှ လန်နိုးလာသူပမာ သတိဝင်လာ၏။ သဇင်ပွင့်ဖြူကား ပါးစပ်မှ သွေးများ ယိုစီးကျလျက် ...

" လက်ပြတ်ကို ပစ်လိုက် မမ "

ဟု အော်လိုက်သည့်အခါ ၊ မမြမြမူသည် သူမ ကိုင်ထားသော ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို သဇင်ပွင့်ဖြူ ရှိရာသို့ အားဖြင့် ပစ်ပေါက်ပေးလိုက်သည်။

သဇင်ထံသို့ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်သည် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွား၏။

ထိုအချိန် ဦးကျော်ဇေယျသည်လည်း သူ၏ သေနတ်ကို ကောက်ယူပြီး ဖြစ်လေ၏။

သေနတ်ကို မောင်းတင်၍ သဇင်ပွင့်ဖြူ ဘက်သို့ လှည့်လိုက်ရာ ဦးကျော်ဇေယျ မျက်နှာသည် သွေးဆုတ်သွားသည့်အလား ဖြူဖျော့သွားလေ၏။

သဇင်ပွင့်ဖြူကား ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်ကို ဆုပ်ကိုင်၍ ပါးစပ်မှ လှုပ်စိလှုပ်စိဖြင့် ဆုတောင်းနေပြီ ဖြစ်လေ၏။

" ကျွန်မ အရှေ့ကနေ ဦးကျော်ဇေယျတို့ ဆရာတပည့်နှစ်ယောက်စလုံး အမှုန်အမွှားပမာ ပျောက်ကွယ်သွားပါစေ "

" ဂျိန်း ... "

ကောင်းကင်မှ မိုးခြိမ်းသံ ထွက်ပေါ်လာ၏။ မြေပြင်သည် ငြိမ့်ခနဲ လှုပ်ရှားသွားသည်။ ဤလက္ခဏာသည် ပရာသာန်နာ ဆီ ဗာရီဟာသ်၏ ထူးခြား ဝိသေသပင်မဟုတ်လော။

ဦးကျော်ဇေယျသည် သူ၏ သေနတ်ကိုင်လက်ကို ညှစ်ကွေးလိုက်သည်။

" ဒိုင်း ... "

" ဖျော ... "

ကျည်ဆံသည် သဇင်ပွင့်ဖြူ ထံသို့ အရှိန်ဟုန် ပြင်းပြင်းနှင့် တိုးဝင်သွားသည်။ မြင်ကွင်းကို ကြည့်၍ မမြမြမူသည် အားခနဲ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ မျက်စိကိုလည်း ဆက်မကြည့်ရဲတော့ဟန်ဖြင့် စုံမှိတ်ထားလိုက်သည်။

ဦးကျော်ဇေယျနှင့်ကစ္စနားတို့နှစ်ဦးစလုံး၏ ကိုယ်ခန္ဓာသည် စက္ကူစတစ်စကို မီးပြင်းပြင်းနှင့် ရှို့လိုက်သကဲ့သို့ ချက်ချင်း လောင်ကျွမ်းကုန်လေသည်။

" အား ..."

" အံမယ်လေး ကယ်ကြပါအုံး "

စက္ကန့်ပိုင်းမျှသာ ကြာမြင့်လေမည်။ ဦးကျော်ဇေယျတို့ ဆရာတပည့်နှစ်ဦးသည် လောင်ကျွမ်းပြာကျသွားကြလေ၏။

ပြာစ အမှုန်အမွှားလေးများသည် လေ၌ ဝဲပျံ လွင့်မြောနေကြလေသည်။

မမြမြမူ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သဇင်ပွင့်ဖြူသည် ဆုတောင်းပြည့် လက်ပြတ်ကို ကိုင်လျက် မြေပြင်၌ လဲကျနေသည်ကို မြင်တွေ့လိုက်ရ၍ ပြေးသွားလိုက်သည်။

"သဇင် သဇင် ညီမလေး "

သူမ လှုပ်နှိုးသည့်အခါ သဇင်သည် မျက်လုံးကို ဖွင့်ကြည့်လာပြီး ၊ ရင်ဘတ်ကို စမ်းကြည့်လေ၏။

" ဟင် ... ကျွန်မ ဘာမှ မဖြစ်ပါလား မမ "

သဇင်သည် အနီးအနားက မြေပြင်ပေါ်ကို သင်္ကာမကင်းဟန်ဖြင့် ရှာဖွေလိုက်ရာ ...

" ဟင် ဟိုမှာ ကျည်ဆံထိပ်ဖူးလေး "

သူမ လဲကျရာနှင့် ခြေလှမ်းတလှမ်းစာ အကွာအဝေး၌ ကျည်ဆံထိပ်ဖူးသည် မြေပြင်ပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေပါ၏။

သဇင်က အားရဝမ်းသာဖြင့် ...

" ဟူး တော်ပါသေးရဲ့ ၊ ကျွန်မရဲ့ ဆုတောင်းက သူ့ကျည်ဆံထက် စောသွားပေလို့သာပေါ့ ၊ နို့မဟုတ်ရင် မတွေးရဲစရာ မမရေ "

မြမြမူက ...

" ဟိုနှစ်ယောက်ကော ညီမ "

" သူတို့ ကျွန်မတို့ကို နောက်ထပ် ဘယ်တော့မှ ဒုက္ခမပေးနိုင်တော့ဘူး မမ။ သူတို့ ပြာမှုန်တွေ ဖြစ်သွားကြပြီလေ"

ထိုအခါမှ မမြမြမူသည် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော ပြာစ အမှုန်အမွှားများကို သတိထားမိသွားလေသည်။

မမြမြမူသည် သဇင်ပွင့်ဖြူအား တွဲကူ ထပေးလိုက်သည်။ ပြီးတော့ သဇင်ပွင့်ဖြူနှင့်အတူ ကားဆီသို့ လာခဲ့ကြသည်။ ကားရှေ့ဘီး တစ်ဖက်မှာ လေမရှိတော့ ပြားကပ်နေ၏။

မမြမြမူသည် စပယ်ယာဘီးကို သဇင်ပွင့်ဖြူနှင့်အတူ လဲလှယ်တပ်ဆင်လိုက်၏။ မကြာခင် ဘီးဖြုတ်တပ်ခြင်း ပြီးမြောက်သွားသည်။

သူမတို့ တဦးကို တဦးကြည့်၍ နှစ်ခြိုက်စွာ ပြုံးပြလိုက်ကြသည်။ သူတို့ ကားပေါ်သို့ တက်လိုက်ကြသည်။မကြာမီ ကားလေးသည် ထိုနေရာမှ အဝေးဆုံးသို့ ထွက်ခွာသွားလေ၏။

ထိုကားလေးပေါ်မှာ လူတစ်ယောက်၏ ဆန္ဒဆုတောင်းကို မငြင်းဆန်ပဲ ၃ကြိမ်ပြည့်အောင် ဖြည့်ဆည်းပေးနိုင်သော ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ချောင်းလေးများပါသော လက်ပြတ်တခု ပါသွားလေ၏။

သဇင်ပွင့်ဖြူအဖို့ ဆုတောင်း ၃ခု ပြည့်သွားပြီဆိုတော့ ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်၏ သခင်အသစ်သည် ... မမြမြမူမှ လွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း ။

" ဂျိန်း ... "

ကောင်းကင်မှ မိုးခြိမ်းသံ ကျယ်လောင်စွာ မြည်ဟီးသွားသည်။ အဝေးပြေးလမ်းမသည် သိမ့်ခနဲ လှုပ်သွား၏။

ဆုတောင်းတခု တောင်းဆိုလိုက်တိုင်း ဤသို့ပင် ထူးခြားသည့် ဝိသေသတခုကို ပရာသာန်နာ ဆီ ဗာရီဟာသ် လက်ပြတ်က ပြသတတ်သည်မဟုတ်လား။

ပရာသာန်နာ ဆီ ဗာရီဟာယ် ဆုတောင်းပြည့် လက်ချောင်းငယ်လေးများသည် ကွေးညွှတ်ခါနီးတိုင်း ထိုသို့ ဖြစ်တတ်လေ၏။

အသို့ဆိုလျင် ... သခင်သစ်ဖြစ်သော မမြမြမူသည် မည်သည့်ဆုတောင်းကို တောင်းဆိုခဲ့ပါသနည်း။

ကျွန်ုပ်သာဆိုလျင် မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောပါစေဟုသာ ဆုတောင်းမိလိမ့်မည်ဖြစ်ပြီး စာချစ်သူ မိတ်ဆွေတို့လည်း ထိုနည်းတူစွာ ဆုမွန်ခြွေကြလိမ့်မည်ဟု ယုံကြည်မိပါလေတော့သည်။

ပြီးပါပြီ

ပီပီ(မန္တလေး)

#lotaya_shortstory




Some text some message..