
ဦးသာဇံတို့မှာ ထိတ်လန့်သွားသောစိတ်ကို ပြန်ထိန်းပြီး
လူပြန်စုကာ နောက်ထပ်တဖန် ဖုန်းမီးထိုးရင်း ထပ်
ကြည့်လိုက်ကြသည်။ ထိုအခါ၌မူ စုထွေးကိုမတွေ့တော့
ပေ။
သေဆုံးနေသော ကိုမိုးလွင်အလောင်းကိုသာ မြင်တွေ့
ကြရသည်။ ထိုစဉ်မှာပင် တစ်အိမ်တည်းပျက်နေသော
မီးက ဖျတ်ခနဲ ပြန်လာခဲ့သည်။
" သေသွားပြီလား ... အသက်ရှုသေးလား ကြည့်ကြပါ
ဦး ... "
ကိုမိုးလွင်နှာခေါင်းနား လက်ဖြင့်စမ်းကြည့်ကြသည်။
" အသက်မရှုတော့ဘူး "
" လူနာတင်ကားဖုန်းဆက်ခေါ်ကွာ ... ငါရဲစခန်းဖုန်း
ဆက်လိုက်မယ် "
ထိုသို့ဖြင့် ဇော်နိုင်၏အိမ်မှာ ဆူညံပွက်လောရိုက်ကုန်
ကြတော့လေသည်။
ဇော်နိုင်သတိရလာသောအခါ ဆေးရုံ၌ဖြစ်သည်။ သူ့
ဘေးတွင် ရဲဝတ်စုံနှင့်လူအားအစောင့်ချခံထားရ၏။
" ဘယ်လိုနေလဲ ... သက်သာလား "
ဆရာဝန်ငယ်လေးက ဘေးသို့ရောက်လာပြီး လာမေး
သည်။
" ဟုတ်ကဲ့ ... နာတော့နာနေသေးတယ်ဆရာ "
" စစချင်းတော့ ကိုက်ခဲမှာပဲ ... သက်သာသွားမှာပါ "
ဆရာဝန်က စာရွက်ပေါ်စာရေးနေ၏။ သူနာပြုဆရာမ
က ဆေးပုလင်းချိတ်ထားသည်ကို လာကြည့်ပေးသည်။
ထို့နောက် ဆရာဝန်လည်း ပြန်ထွက်သွားလေသည်။
မကြာခင်မှာပင် စစ်ချက်ယူရန်ဆိုကာ ရဲအချို့ရောက်
လာတော့သည်။ ဇော်နိုင်သည်လည်း ဖြစ်သမျှအကြောင်း
စုံကို တစ်လုံးမကျန် ပြောပြလိုက်သည်။
လတ်တလောတော့ ဆေးစာ၊ ခံဝန်တို့ဖြင့် နေရပေဦး
မည်။ အမှုအခင်းဖြစ်သဖြင့် စစ်ဆေးခံရဦးမည်။ စိတ်
ပျက်လက်ပျက်ဖြင့် မျက်နှာကျတ်ကိုသာ ကြည့်နေမိ
တော့၏။
" ဟေ့ရောင် ... ဘယ်လိုတွေဖြစ်ရတာလဲကွာ ... မင်း
မလာတာနဲ့ မင်းအိမ်လိုက်လာတာ ... အဲ့ရောက်တော့
မှ အိမ်ဆိုင်က မိန်းမက ပြောပြလို့ ရပ်ကွက်လူကြီးဆီ
မေးပြီး လိုက်ခဲ့တာကွ "
လင်းသန့်အသံကြားမှ ဇော်နိုင်အားတက်လာရသည်။
ဖြစ်သမျှအကြောင်းစုံကို လင်းသန့်ထံ တဖန်ထပ်ပြော
ပြသည်။
" ရပ်ကွက်လူကြီးဆိုလား သူလည်းပြောပြတယ် ... မင်း
ပြောတာကြားချင်လို့ထပ်မေးတာပါကွာ ... စုထွေးကို သူတို့တွေ့တယ်ပြောတယ်နော် ...မင်းယုံပြီလား "
" ယုံပါတယ်ကွာ ... စုထွေးကိုငါတစ်ယောက်ပဲ မတွေ့ရ
တာ ... ဒေါ်ရွှေဝင်း... ရပ်ကွက်လူကြီးနဲ့ ရပ်ကွက်ထဲက
လူတွေ .. နောက်ပြီးမင်း ... ဒီလောက်လူအများကြီးက
တွေ့နေတာ ... ငါယုံပါတယ် "
" မင်းမတွေ့တာ ထူးဆန်းနေတာ "
" ငါ့ကိုစိတ်နာလို့နေမှာပေါ့ကွာ "
ဇော်နိုင်မှာ သက်ပြင်းချရင်း ဇနီးဟောင်းဖြစ်သူစုထွေး
ကို သနားဂရုဏာသက်မိနေလေသည်။ သူသာမကွာရှင်း
ခဲ့လျှင်၊ သို့မဟုတ် အလျော့ပေးခဲ့လျှင် ယခုကဲ့သို့ ဖြစ်ရပ်
ဆိုးကြီး ဖြစ်လာမည်မဟုတ်ပေ။
ကိုမိုးလွင်ပြောပြသည့် သူ့အမည်ကို ယောင်ရမ်းခေါ်
နေသည်ဆိုသည့်စကားကြောင့် ရင်ဘတ်ထဲအောင့်တက်
လာရသည်။ သူသည်လည်း ခုချိန်ထိ စုထွေးကို ချစ်နေ
ဆဲပင်။ မာနထားမိခဲ့သဖြင့် နောင်တရမိနေသည်။
ဆေးရုံမှဆင်းပြီး အမှုကိစ္စကို ရင်ဆိုင်ခဲ့ရသည်။ ထိုအခါ
မှ အမှန်တရားကိုသိရလေသည်။ ဇော်နိုင်သိရသည်များ
မှာ ကိုမိုးလွင်သည် စိတ်ဝေဒနာ ခံစားနေရသည်က ဆယ်စုနှစ်ခန့်ရှိနေသူတစ်ယောက်ဖြစ်၏။
မိဘကကြွယ်ဝချမ်းသာသဖြင့် ထိုအရာအားဖုံးဖိထား
ပေးခဲ့သည်။ စိတ်ငြိမ်ဆေးကိုအမြဲသောက်နေရသူ
ကိုမိုးလွင်မှာ မကြာသေးခင်နှစ်ပိုင်းအတွင်း အတော်
လေး စိတ်ကျန်းမာရေး ကောင်းလာခဲ့လေသည်။
မိဘနှစ်ပါးကလည်း စိတ်ပိုတည်ငြိမ်စေရန် ဆန်စက်၌ အလုပ်ပေးထားသည်။ ထိုအချိန်က ကိုမိုးလွင်မှာ အလုပ်
ကြိုးစားပြီး အခြားသူများနှင့်ရင်ဘောင်တန်းနိုင်လာ
သည်။
ကိုမိုးလွင် အခြေအနေတိုးတက်လာသဖြင့် မိဘများ
ကဝမ်းသာမဆုံးကြပေ။ တနေ့တွင် ကိုမိုးလွင်က စုထွေး
ကို လက်ထပ်ချင်ကြောင်း မိဘဆီခွင့်တောင်းလာသည်။
ကိုမိုးလွင်သာ သာမာန်သူကဲ့သို့အိမ်ထောင်ရက်သား
ကျပြီး အဆင်ပြေပျော်ရွှင်မည်ဆိုပါက စည်းစိမ်ပြုတ်
ပါစေ လိုက်လျောရန်အသင့်ပင်။ မိဘများက သဘော
တူကြည်ဖြူသည်ဆိုသောအခါ ကိုမိုးလွင် အပျော်ကြီး
ပျော်ခဲ့သည်။
သူ၏အပျော်မှာ ကြာရှည်မခံချေ။ သူချစ်သော စုထွေး
က ဇော်နိုင်နောက်လိုက်သွားလေပြီ။ ကိုမိုးလွင်အဖို့ ထို
အရာကို ခံစားနိုင်စွမ်းမရှိတော့ဘဲ ရောဂါပြန်ထလာတော့
သည်။
သို့သော် လူရည်လည်သောသူ့ကို မိဘများပင် မရိပ်မိခဲ့
ကြ။ ယခင်လို ပြန်ကောင်းနေပြီဟုသာ ထင်မှတ်နေကြ
သည်။ ကိုမိုးလွင်မှာတော့ စိတ်ရောဂါတဖြည်းဖြည်းတိုး
လာ၏။
စုထွေးနှင့် ဇော်နိုင် နေထိုင်သည့်တိုက်ခန်းဆီ မကြာမကြာ
သွားတတ်ပြီး မခံမရပ်နိုင်အောင်ဒေါသထွက်နေတတ်
သည်။ ဇော်နိုင်တို့ကွာရှင်းပြတ်စဲလိုက်ပြီကြားသည့်အခါ
လက်လွတ်မခံဘဲ စုထွေးကိုရအောင်ယူခဲ့တော့သည်။
စုထွေးမှာ ဇော်နိုင်ကိုချစ်သော်လည်း အလျော့မပေးဘဲ
မာနကြီးနေသည့်ခင်ပွန်းကို စိတ်နာသည်ကတစ်ကြောင်း၊
အရွဲ့တိုက်ချင်သည်ကတစ်ကြောင်း၊ ဇော်နိုင်ကိုမေ့ပျောက် နိုင်စေရန်တစ်ကြောင်း မိဘစီစဉ်ပေးသည့် မင်္ဂ
လာပွဲကိုလက်ခံလိုက်သည်။
ကိုမိုးလွင်မိဘများမှာမူ သားဖြစ်သူ၏ စိတ်ရောဂါအခံ
အားသိရှိထားသဖြင့် သားဆန္ဒကို မဆန့်ကျင်ရက်ပေ။
ထို့ကြောင့်တခုလပ်ဆိုစေကာမူ သဘောတူပေးခဲ့သည်။
စုထွေးနှင့်ရပြီးသည့်အခါ ပြန်ထလာသောစိတ်ရောဂါမှာ
ပုန်းလျှိုးကွယ်လျှိုးဖြင့် တဖြည်းဖြည်းပြင်းထန်လာတော့
သည်။ သံသယများဝင်လာသောစိတ်ကို ကိုမိုးလွင်မတား
နိုင်ပေ။
စုထွေးဘာလုပ်လုပ် ဇော်နိုင်နှင့်ဖောက်ပြန်နေသည်ဟု
သာထင်နေမိသည်။ စုထွေးကလည်း ကိုမိုးလွင်နှင့်ရမှ
စိတ်ပုံမှန်မဟုတ်ကြောင်း တဖြည်းဖြည်းရိပ်မိလာ၏။
အလွန်အကျွံသံသယဝင်ခြင်းခံရချိန်တွင် ကိုမိုးလွင်၏
စိတ်အခြေအနေကို စူးစမ်းလာခဲ့သည်။ ကိုမိုးလွင်က
အလွန်စိတ်ရှုပ်ထွေးချိန်ဆိုလျှင် စိတ်ငြိမ်ဆေးနှင့် အိပ်
ဆေးသောက်နေရသည်ကိုလည်းသိလာသည်။
ထိုဆေးများ၏ဘေးထွက်ဆိုးကျိုးကြောင့် ကလေးရဖို့
မလွယ်ဟုသိရသည့်အခါ စုထွေးစိတ်ဓာတ်ကျမိသည်။
မိမိဘဝကို မိမိစိတ်ပျက်လာသည်။ ဇော်နိုင်နှင့်ပြန်ပေါင်း
ရန်လည်း ယခုတစ်သက်မဖြစ်နိုင်တော့ချေ။
ကိုမိုးလွင်ကိုသာ လင်မှတ်မှတ်သားမှတ်မှတ် ပေါင်းသင်း
ဖို့ရာလည်း ကိုမိုးလွင်၏စိတ်ကပုံမှန်အခြေအနေမျိုးမရှိ၊ အချိန်နှင့်အမျှ အထင်လွဲကာ သံသယဝင်နေတတ်သူ။
စုထွေးအား မယုံသဖြင့် အခြားမြို့သို့ လိမ်ညာခေါ်ဆောင်
ပြီး နေထိုင်ခိုင်းခဲ့သည်။ စုထွေးမှာ တစ်ချက်မျှလှုပ်မရ၊
ကိုမိုးလွင်၏မျက်လုံးထောင့်ထောက်ကြည့်ခြင်းကိုခံနေ
ရသည်။ အိမ်လည်းပေးမပြန်ဘဲ ထိုမြို့၌သာ နေစေ
လေသည်။
ကိုမိုးလွင်က အလုပ်လည်းရေရေရာရာမလုပ်တော့ပေ။
သူ၏အလုပ်မှာ စုထွေးအား အချိန်ပြည့်စောင့်ကြည့်
ခြင်းဖြစ်လာသောအခါ ထိုအိမ်ထောင်ရေးကို စုထွေး
စိတ်ကုန်လာသည်။ နဂိုကမှ အချစ်မပါခဲ့သည့်အတွက်
ကြာရှည်တည်မြဲဖို့ ခက်ခဲလာတော့သည်။
စုထွေးမှာ မွန်းကြပ်လွန်းလှသဖြင့် ကိုမိုးလွင်အလစ်၌
တစ်ယောက်တည်း မြို့ထဲလျှောက်သွားလေ့ရှိသည်။
ထိုသည်ကိုပင် ကိုမိုးလွင်က ဇော်နိုင်နှင့်ချိန်းတွေ့ပါ
သည်ဟုစွပ်စွဲပြန်သည်။
စွပ်စွဲမှုများလာသည့်အခါ စုထွေးမဖြေရှင်းချင်တော့ပေ။
စိတ်ပင်ပန်းသမျှဖြည်ဖျောက်နိုင်သည့်တစ်ခုတည်းသော
ထွက်ပေါက်သည် ထိုသို့တစ်ယောက်တည်းလျှောက်
သွားနေခြင်းပင်ဖြစ်တော့သည်။
ချမ်းသာသောအိမ်ကယောကျာ်းကိုရထားသဖြင့် မပူ
မပင်ရသည်တော့အမှန်။ ကိုမိုးလွင်အလုပ်မလုပ်သော်
လည်း ကိုမိုးလွင်မိဘများက သုံးဖို့စွဲဖို့ အပြည့်ပေးမြဲ
ပင်။ ယခင်က ကိုမိုးလွင်အတွက်သာ ပေးနေရာမှ စုထွေး
နှင့်ရပြီး ချွေးမအတွက်ပါပိုထည့်ပေးတတ်သည်။
ထိုနေ့ကစုထွေးလည်း ကိုမိုးလွင်အလစ်၌ အိမ်အပြင်
ခိုးထွက်လာခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆေးရုံနား
တွင် အမျိုးသမီးတစ်ယောက်က မွေးကင်းစကလေးချီ
ကာ ကလေးကိုကျွေးမွေးဖို့မတတ်နိုင်တော့သဖြင့် မွေး
စားမည့်သူရှိပါက မွေးစားပါရန် လိုက်ပေးနေသည်ကို
စုထွေးတွေ့လိုက်ရသည်။
ထိုအခါ စုထွေးအတွေးထဲ ကလေးမွေးစားလိုက်လျှင်
မိဘဖြစ်လာသဖြင့် ကိုမိုးလွင်လည်း စိတ်တည်ငြိမ်သွား
မည်ဖြစ်ပြီး ကလေးလေးလည်း ဘဝအေးချမ်းရပေ
မည်၊ မိမိကိုယ်၌ကလည်း မိဘမဲ့ဂေဟာများထူထောင်
ချင်ခဲ့သူ အရိုးခံစိတ်ကလေးရှိသူပီပီ ထိုကလေးကိုမွေး
စားရန်တောင်းယူလာခဲ့တော့သည်။
ကိုမိုးလွင်အားတိုင်ပင်ချင်သော်လည်း ကလေးပေးသည့်
အမျိုးသမီးမှာ ယခုပင်ကလေးကိုခေါ်ယူသွားစေလို
ကြောင်း၊ သူ့သမီးအကြီးက ရွာ၌ အသည်းအသန်ဖြစ်
နေသဖြင့် အမြန်ပြန်ရမည်ဖြစ်ကြောင်း ပြောဆိုကာ
စုထွေးဆီမှ လိပ်စာယူပြီး ကလေးကိုပေးထားခဲ့ခြင်း
ဖြစ်သည်။
စုထွေးလည်း ပြဿနာမရှိနိုင်လောက်ဟုထင်မှတ်ကာ
ခေါ်ပြန်လာခဲ့၏။ အိမ်သို့ရောက်သောအခါ ထင်ထား
သလိုမဟုတ်ပေ။ ကိုမိုးလွင်၏သံသယက ပိုမိုကြီးထွား
လာတော့သည်။
ထိုကလေးက ဇော်နိုင်နှင့်စုထွေး တိတ်တိတ်ခိုးယူပြီး
မွေးထားသည်ဟုတထစ်ချတွက်လိုက်ပြီး နေ့နေ့ညည
ပြဿနာရှာလေသည်။ စုထွေးမှာ သည်းမခံနိုင်လာ
တော့သည့်အဆုံး ကွာရှင်းဖို့ဆုံးဖြတ်ပြီး ကလေးနှင့်အတူ
အိမ်မှဆင်းလာတော့သည်။ဤသည်တွင် ပြဿနာကြီးတစ်ခု စတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်၏။
" ဇော်နိုင် ... ငါမပြောဘူးနေမလို့... ဒါပေမယ့် ပြော
ပါရစေ ... စုထွေးက မင်းအိမ်ဘာလို့ရောက်နေလဲ
သိလား "
လင်းသန့်စကားကြားသည့်အခါ ဇော်နိုင်မှာ ခေါင်းခါပြ
နေလေသည်။
" သူ့သွေးတွေပေနေတဲ့စာကြောင့်ပေါ့ကွ ... သွေးစက်
ရှိရာ လာနေတာ "
" မပြောတတ်ပါဘူးကွာ ... ငါလည်းနားမလည်တော့ဘူး...
စာကလည်း တရားရုံးကိုသက်သေအနေနဲ့ပေးထားပြီ
လေ ... ငါ့ဆီမရှိတော့ စုထွေးမလာလောက်တော့ဘူး
ထင်တယ် "
" အေပေါ့ကွ ... ခုဆိုမလာလောက်တော့ဘူး ... ဒါနဲ့
ကိုမိုးလွင်ကိုယ့်ကိုကိုယ်ဓါးနဲ့ ထိုးပစ်တာ စုထွေးကြောင့်
များလား .... သူဝင်စီးပြီးထိုးတာလားလို့ငါတွေးနေတာ"
" ဦးသာဇံပြောတာမင်းလည်းသိသားပဲ ... ကိုမိုးလွင်
ဓါးနဲ့ထိုးတုန်းက စုထွေးကို စားပွဲပေါ်ငုတ်တုတ်ထိုင်
ကြည့်နေတာတွေ့တယ်ဆို... သူပြောပြနေတာရော "
" စုထွေးကမင်းကိုတော်တော်ချစ်ရှာသားနော် ... ကိုမိုး
လွင်နဲ့ယူပြီးတာကို မင်းကိုသတ်မှာစိုးလို့ ကယ်လိုက်
သေးတာ "
" မဟုတ်တာတွေပြောရော့မယ် ... "
" ဘာလဲ ... ငါပြောတာမယုံပြန်ဘူးလား "
" ယုံပါတယ်ကွာ ... ယုံတယ် "
အမှုတွင် စုထွေးကိုသတ်ပြီး ဇော်နိုင်ကိုသတ်ရန် ကြံစည်
အားထုတ်မှုလည်းထင်ရှားပြီး မိမိကိုယ်ကိုယ်အဆုံးစီ
ရင်သွားသည်မှာလည်း ထင်ရှားခဲ့သည်။ ထို့အပြင် ကိုမိုး
လွင်က စိတ်ရောဂါခံစားနေရသူဖြစ်ကြောင်းလည်း မှန်
ကန်သဖြင့် ဇော်နိုင်မှာ အမှုမှ လွတ်မြောက်သွားခဲ့တော့
သည်။
ထို့အပြင် အမှုရင်ဆိုင်စဉ်ကာလ၌ စုထွေးမွေးစားခဲ့
သောကလေးကို ဒေါ်ရွှေဝင်းက ထိန်းကြောင်းပေးခဲ့
သည်။ ဇော်နိုင်မှာ ထိုကလေးငယ်ကို သံယောဇဉ်ပင်
ဖြစ်လာမိသဖြင့် ဆက်လက်မွေးစားဖို့ဆုံးဖြတ်လိုက်
လေသည်။
သို့သော် ကလေးတစ်ယောက်အတွက် လုံလောက်သည့်
အချိန်မပေးနိုင်ခဲ့ပေ။ နေ့ဖက်၌ ဒေါ်ရွှေဝင်းကထိန်းပေး
ပြီး ညနေဇော်နိုင်အိမ်ပြန်မှ လာပြန်ပို့ပေးသည်။ ကလေး
စရိတ်အပိုကုန်ကျလာသဖြင့် ဇော်နိုင်မှာ ငွေကိုပိုရုန်းကန်
ရှာဖွေရတော့၏။
ထိုကလေးကိုမွေးစားပြီးထူးခြားသည်မှာ ညဖက်များ
တွင် ကလေးသည် ငိုခြင်း ဂျီကျခြင်းမျိုးမရှိပေ။ ဇော်နိုင်
ကို အလုပ်မရှုပ်စေခဲ့။ တခါတရံတွင် ကလေးငယ်မှာ
တစ်ယောက်ယောက်နှင့် ချော့မြူနေသည့်အလား ရယ်
မောနေသည့်ပုံမျိုးတွေ့ရလေ့ရှိသည်။
ဇော်နိုင်မှာတော့ သူ့ကိုအလုပ်မရှုပ်စေသောကလေးဟူ၍
ပိုပြီး ချစ်ရှာတော့သည်။ ကလေးငယ်နှင့်သူက ကံစပ်
သည်ဟုလည်းမှတ်ယူခဲ့သည်။
သူ၏ကြိုးစားမှုများကြောင့်လော ၊ ကံကြမ္မာကအလေး
ပေးမှုများကြောင့်လော အလုပ်ဆက်တိုက်ကောင်းလာ
သည်။ ကားပွဲစားအလုပ်ဆက်တိုက်ဖြစ်ခဲ့သည်။ ရလာ
သမျှစုဆောင်းရင်း သူအလုပ်ချင်ဆုံးသော အိမ်ဆောက်
ပစ္စည်းဆိုင်ငယ်လေးကို မပြည့်မစုံဖြင့်စတင်ဖွင့်ဖြစ်ခဲ့
တော့သည်။
ဆိုင်လေးက ဖွင့်စမှာပင် ဆိုင်ဟုဆိုရခက်ခက်ပင်။ အ
ရင်းအနှီးနည်းပါးသဖြင့် ပစ္စည်းများက ကျိုးတို့ကျဲတဲ
စုံစုံလင်လင်မရှိချေ။ စေတနာကောင်းလျှင်ကံကောင်း
သည်ဆိုရမည်လားမသိ ဇော်နိုင်မိတ်ဆွေအကူအညီဖြင့်
အိမ်ဆောက်ပစ္စည်းအလုံးပေးသော ဆိုင်ကြီးတစ်ဆိုင်နှင့်
ချိတ်ဆက်မိတော့သည်။
ဇော်နိုင်၏ဆိုင်သို့ ကုန်ပစ္စည်းများအကြွေးချပေးခဲ့
သည်။ အလုပ်အကျိုးပေးချိန်ရောက်လာသည်ထင်၏၊
ဆိုင်တွင် ပစ္စည်းများစုံလင်လာသည်နှင့် ဇော်နိုင်တို့ရပ်
ကွက်ထဲ အိမ်ဆောက်သည့်သူများ များပြားလာတော့
သည်။
ဝေးဝေးလံလံဝယ်မည့်အစား နီးနီးနားနားတွင်ရှိသော
ဇော်နိုင်၏ဆိုင်သို့ဝယ်ယူအားပေးကြသည်။ ဇော်နိုင်
ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်၍
တဖြည်းဖြည်းမိတ်များလာပြီး အတော်ပြည့်စုံသော
ဆိုင်ကြီးတစ်ဆိုင်ဖြစ်လာခဲ့လေသည်။
ဆိုင်လေးအတော်ရောင်းအားကောင်းလာသဖြင့်ကား
ပွဲစားအလုပ်လည်း ဆက်မလုပ်ဖြစ်တော့ပေ။ ဆိုင်၌
အကူရရန် အလုပ်သမားကောင်လေးနှစ်ယောက်ပါ
ခန့်ထားလိုက်ရသည်။ ကလေးကလည်း ၁ နှစ်ကျော်
အရွယ် ဖြစ်လာ၍ နို့လည်းပြတ်နေပြီ။ ယခင်ထက်ထိန်း
ရအဆင်ပြေကာ အသားကျလာခဲ့သည်။
ထိုနေ့က ဘိလပ်မြေချသောနေ့။ ဘိလပ်မြေကားက
ညနေမှရောက်လာသဖြင့် ပစ္စည်းချရင်း မိုးချုပ်သွား
ရသည်။ အလုပ်သမားကောင်လေးနှစ်ယောက်လည်း
ပြန်မည်ဆိုမှ မိုးကရွာချလာလေ၏။
သို့နှင့် မပြန်စေတော့ဘဲ အိမ်တွင်သာ အိပ်စေခိုင်း
လိုက်သည်။ ညစာစားပြီး ည ၈ နာရီလောက်တွင်
ဇော်နိုင်က သူ့အခန်းထဲ စာရင်းများလုပ်နေသည်။
ကောင်လေးနှစ်ယောက်က အိမ်လည်၌ TV ကြည့်နေ
ကြသည်။
ကလေးမှာ ဘီးတပ်ဘီးလေးဖြင့် ဇော်နိုင်အခန်းနှင့်
ကောင်လေးနှစ်ယောက်ရှိသော အိမ်လည်ကို ကူးလူး
ကာ ဆော့ကစားနေ၏။ ၎င်းတို့မှာစိတ်ဝင်စားမှုကိုယ်
စီဖြင့် ကလေးငယ်ကို တဒင်္ဂမေ့လျော့သွားကြသည်။
ကလေးသံမကြားသဖြင့် ဇော်နိုင်က အခန်းထဲမှ အော်
မေးသည့်အခါ ကောင်လေးနှစ်ယောက်မှာ ကလေးရှိရာ
ကြည့်လိုက်၏။ သို့သော် အိမ်လည်၌ရှိမနေချေ။ တစ်
ယောက်ကမီးဖိုခန်းဖက်သို့လျှောက်လာပြီး ရှာကြည့်
သည်။
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အလုပ်သမားကောင်
လေးမှာ တုန်လှုပ်ချောက်ချားသွားတော့သည်။ ' ဝုန်းခနဲ '
တံခါးပိတ်သံနှင့်အတူ ထိုကောင်လေးဒုန်းစိုင်းပြေးလာ
သံပါကြားလိုက်ရသည်။ ကောင်လေးမှာကြောက်လန့်
တကြားတုန်လှုပ်နေလေသည်။
" ဘာဖြစ်တာလဲ မင်းသူ ... "
" သရဲ .. သရဲခြောက်တယ် "
" ဟမ်... ဘယ်မှာလဲ "
" မီးဖိုခန်းမှာဆရာ ... "
ဇော်နိုင်က မီးဖိုခန်းဖက်သွားကြည့်လိုက်သည်။ မီးဖိုခန်း
တံခါးကပိတ်နေသဖြင့် တွန်းဖွင့်ကာ ဝင်ခဲ့ရသည်။ က
လေးမှာ ထိုနေရာတွင် တစ်ယောက်တည်းဆော့ကစားနေသည်ကိုသာ တွေ့မြင်ခဲ့၏။ ကလေးကို ဘီးတပ်ဘီး
လေးပေါ်မှ ပွေ့ချီခေါ်လာပြီး ပြန်လာမေးလေသည်။
" ငါတကယ်မြင်တာ "
ကောင်လေးနှစ်ယောက်မှာ တီးတိုးတီးတိုးပြောနေကြ
သည်ကို ဇော်နိုင်ကြားနေရသည်။
" ဘာမြင်လို့လဲ မင်းသူ ... ဘာတွေ့တာလဲ "
" ဆရာ ဟို ... ဟို ... "
မင်းသူဆိုသည့်ကောင်လေးမှာ မပြောရဲဘဲ ထစ်နေ၏။
" ပြောလေကွာ ... ဘာမှမဖြစ်ဘူး ... ပြော "
" ဟုတ် ဆရာ ... ကျွန်တော်အဲ့အခန်းရှေ့ရောက်တော့
မိန်းမတစ်ယောက် ကျောပေးပြီး ကလေးနဲ့ ဆော့နေ
တာတွေ့လိုက်ရတယ်... တခါမှမတွေ့ဖူးလို့ အံ့ဩပြီး
ကြောင်ကြည့်နေတုန်း .. အဲ့မိန်းမက လက်တစ်ဖက်အ
ရှည်ကြီးထွက်လာပြီး မီးဖိုတံခါးကို လှမ်းပိတ်လိုက်
တယ်ဆရာ ... လက်နောက်ပြန်ကြီးနဲ့ ပိတ်တာ "
မင်းသူပြောစကားကြောင့် ဇော်နိုင် ဆွံ့အသွားတော့၏။
စုထွေးကိုလည်း သတိရမိလိုက်သည်။
" အမြင်မှားတာနေမှာပါကွာ "
ဇော်နိုင်က အလုပ်ရှင်ဖြစ်နေသဖြင့် မင်းသူဘာမှထပ်
မပြောရဲပေ။ အမြင်မှားသည်ဆိုခြင်းကို လက်ခံပေး
လေသည်။ ည ၉နာရီခွဲ မိုးတိတ်သွားသည်နှင့် ကောင်
လေးနှစ်ယောက်လုံး ပြန်မည်ဆိုကာ မအိပ်တော့ဘဲ ပြန်
သွားကြတော့၏။
ဇော်နိုင်မှာ တံခါးလိုက်ဖွင့်ပေးကာ သက်ပြင်းချနေမိ
သည်။ ဒေါ်ရွှေဝင်းမှအစပြုပြီး လင်းသန့် ၊ ရပ်ကွက်
လူကြီး ဦးသာဇံနှင့် ရပ်ကွက်ထဲမှကာလသားများ ၊
ယခု အလုပ်သမားကောင်လေး မင်းသူ ၎င်းတို့အားလုံး
စုထွေးကို တွေ့မြင်ခဲ့ကြသည်ဟုဆိုကြသည်။
တစ်ယောက်တစ်လေတွေ့သည်ဆိုလျှင် အမြင်မှားခြင်း
ဟုဆိုနိုင်သော်လည်း လူအများကတွေ့မြင်နေသည်ဖြစ်
၍ အမြင်မှားခြင်းမဟုတ်နိုင်တော့ပေ။ ဇော်နိုင်မှာ နား
မလည်နိုင်နေပေ။ သူတစ်ယောက်တည်း စုထွေးကို မတွေ့
ရခြင်းဖြစ်နေသည်။
အဘယ်ကြောင့်နည်းဟု အကြိမ်ကြိမ်စဉ်းစားခဲ့သည်။
အဖြေမရခဲ့ချေ။ စုထွေးဆုံးသွားသည်က ၁နှစ်ပြည့်ပြီး
ပြီဖြစ်သည်။ ယခုထက်ထိတိုင် မကျွတ်မလွတ်ခြင်းက
မည်သည့်အရာကြောင့်နည်း၊ လင်းသန့်က သွေးစက်
ကြောင့်ဟု ဆိုဖူးသော်လည်း သွေးပေနေသောစာမှာ ယခု
အခါသူ့ထံမရှိတော့ပေ။
တရားရုံးတွင်သက်သေအဖြစ်တင်ပြကတည်းက မရှိ
တော့ခြင်းဖြစ်သည်။ မိမိကို တွယ်တာနေဆဲဖြစ်သည်
ကြောင့်လားဟု ထပ်မံတွေးသည့်အခါ မဖြစ်နိုင်ဟုထင်
မိသည်။ ဇော်နိုင်ကို စုထွေးစိတ်နာသွားသည်ကသေချာ
သည်၊ ထို့ကြောင့်လည်း အခြားသူများစုထွေးကို တွေ့
ရသော်ငြား ဇော်နိုင်တစ်ယောက် တခါမျှမတွေ့ခဲ့ခြင်း
ပင်။
ထိုသို့ဆိုပါက တစ်ခုသာကျန်တော့သည်။ ဟုတ်သည်။
ကလေးကိုသာဖြစ်ပေမည်။ ထိုသို့စဉ်းစားကြည့်ပြန်
သော်လည်း ကလေးက စုထွေးကလေးအရင်းအချာ
မဟုတ်ပြန်ပေ။ ဝမ်းနှင့်လွယ်ပြီး မွေးထားသော ကလေး
မဟုတ်ဘဲ အဘယ်ကြောင့် ကလေးနား စွဲကပ်နေရသ
နည်း။
ဇော်နိုင်တွေးမရတော့ပေ။ ထို့ကြောင့် ထိုကိစ္စကိုဖြေရှင်း
နိုင်စေရန် တတ်သိနားလည်သော ဆရာတစ်ယောက်
ယောက်၏အကူအညီယူရတော့မည်ဟုဆုံးဖြတ်လိုက်
မိတော့သည်။
ဆရာဦးတင်အေး မှာ လေချွန်နတ်ကဲ့သို့ ဝိဉာဉ်များနှင့်
စကားပြောနိုင်သည်ဟု နာမည်ကြီးသူဖြစ်၏။ ထိုဆရာ
အား ပင့်ဖိတ်ရန်မလွယ်ချေ။ ကြိုတင်ရက်ချိန်းယူရပြီး ရက်ချိန်းယူရန်တစ်ပတ်ကြာခဲ့သည်။ ဆရာ အိမ်သို့
လာရောက်မည့်ရက် ရောက်လာတော့သည်။ ထိုနေ့တွင်
လင်းသန့်ပါ အိမ်သို့ခေါ်ထားရ၏။
" လာပါဆရာ ... ကြွပါခင်ဗျ "
ဇော်နိုင်က ခရီးဦးကြိုကာ နေရာထိုင်ခင်းစီစဉ်ပေးလေ
သည်။ ဆရာဦးတင်အေးကတော့ တည်ငြိမ်လှသည်။
ခပ်အေးအေးသာ အိမ်ကိုတပတ်ပတ်ကြည့်ပြီး စီစဉ်ပေး
ထားသောနေရာတွင် ဝင်ထိုင်လိုက်သည်။
" ဘာအနှောင့်အယှက်ရှိနေလဲ စစ်ကြည့်ကြမယ် "
ဆရာဦးတင်အေးမှာ ဘုရားစင်ရှေ့သွားပြီး ရွတ်ဖတ်
သရဇ္ဈယ်ကာ အာရုံခံကြည့်လိုက်သည်။
" ဒီမိန်းကလေးက ဘယ်ဖက်လက်မှာသွေးတွေအများ
ကြီးနဲ့ မျက်နှာလည်းတော်တော်ညိုးငယ်နေတယ်..."
ဆရာဦးတင်အေးစကားကြောင့် ဇော်နိုင်အလွန်အံ့ဩ
သွားမိတော့သည်။ စုထွေးအကြောင်းကို ထိုဆရာအား
တစ်ခွန်းမှမပြောခဲ့။
" ဟုတ် ဆရာ ... သူဘာဖြစ်ချင်လဲ မေးပေးပါဆရာ "
" သူအားလုံးသိနေတယ်တဲ့ ... သူ့လက်ကောက်ဝတ်ကို
ဓါးနဲ့လှီးဖြတ်တာလည်းသိတယ် ... သူလှုပ်လို့မရဘူး
... ခန္ဓာကိုယ်က လှုပ်မရဘဲ လူကသိနေပါတယ်လို့ပြော
တယ်... သူ့လက်ကောက်ဝတ်ကနေ သွေးတွေစီးကျနေ
တာခံစားရတယ်တဲ့ "
ဇော်နိုင်ရင်ထဲ နာကျင်သွားမိသည်။ မသေခင် မည်မျှ
ခံစားရမည်နည်း။
" မိုးလွင်ဆိုတဲ့သူက သူ့သွေးတွေကိုယူသွားတယ်ဆိုတာ
ဟုတ်လား "
" ဗျာ .. ဟုတ် ... ဟုတ်ပါတယ်ဆရာ "
" ဟေ့ရောင် ... အားလုံးကွက်တိပဲရော "
" အေ "
ဇော်နိုင်နှင့် လင်းသန့်မှာ တီးတိုးပြောနေကြ၏။
" အဲ့ဒီလူဟာ ကလေးကိုသတ်တော့မယ်တဲ့ ... ကလေး
ကိုသူစောင့်ရှောက်မှရမယ်ဆိုတာသူသိတယ်တဲ့ ... အဲ့
ဒါကြောင့် စိတ်ကိုစုစည်းပြီး သူ့လက်ကထွက်နေတဲ့သွေး
တွေကိုရှိသမျှအားလေးနဲ့ လိုက်စမ်းယူခဲ့သတဲ့ ... ပြီး
တော့ သူတိုင်တည်ခဲ့တယ်... သူ့သွေးနဲ့တိုင်တည်ခဲ့တာ...
သူသေသွားသည့်တိုင် ဒီကလေးငယ် အသက်မသေဖို့ စောင့်ရှောက်နိုင်ပါရစေ... မိုးလွင်ဆိုသူကို ကလဲ့စားပြန်
ချေနိုင်ပါရစေလို့ တိုင်တည်ခဲ့တယ် ... ငါ့ကိုသတ်တဲ့သူ
ကို ငါပြန်သတ်ရပါစေဆိုတဲ့ ကျိန်စာတိုက်နည်းမျိုးပဲ "
" အဲ့ဒီလူလည်းသေသွားပြီဆရာ ... သူလည်း ကျိန်စာ
တိုက်ခဲ့တယ်ဆိုရင် ပြေသင့်ပြီမဟုတ်လား "
" သူသိပါတယ်တဲ့ ... ဒါပေမယ့်သူကျိန်စာဆိုတုန်းက
ကလေးကိုစောင့်ရှောက်မယ်ဆိုတာပါခဲ့တော့ သူသွား
လို့မရနေဘူးပေါ့ ... ကလေးနားမှာစောင့်ရှောက်ပေးနေ
ပါတယ်တဲ့ ... "
" သူ့ကို စိတ်ချလက်ချသွားပါလို့ပြောပေးပါဆရာ "
" သူကကျိန်စာလိုတိုက်ထားတာမလို့ သူသွားချင်တိုင်း
သွားလို့မရဘူး "
" ငါ့တူကိုစိတ်နာတယ်လို့ပြောတယ်... သူ့ကိုဘယ်တော့မှ
မတွေ့စေရဘူးတဲ့ "
ထိုစကားကိုကြားသည်နှင့် ဇော်နိုင်ရင်ထဲဆို့နင့်လာသည်။
စုထွေးကိုသူမတွေ့ရခြင်းမှာ ထိုအချင်းအရာကြောင့်
ဖြစ်သည်က သေချာခဲ့လေပြီ။
" ကျွန်တော်သူ့ကို တောင်းပန်ပါတယ်... ကျွန်တော့်ဘဝ
မှာ သူ့တစ်ယောက်ပဲရှိခဲ့တာပါ ... ခွင့်လွှတ်ပေးပါလို့
ပြောပေးပါဦးဆရာ "
" အင်း ... သူဘာမှပြန်မပြောဘူး ... ရပြီမိန်းကလေး ...
ဆရာအားလုံးကူညီပေးပါမယ် "
ဆရာဦးတင်အေးကထိုသို့ပြောပြီး ဝိဉာဉ်နှင့်ဆက်သွယ်
ခြင်းကိုရပ်လိုက်တော့သည်။
" ဘယ်လိုလုပ်သင့်သလဲဆိုတာ ဆရာသိတယ် ... ဘာမှ
စိတ်မပူနဲ့ ... ဟုတ်လား ... "
" ဘယ်လိုလုပ်ရမလဲဆရာ "
" ကလေးကိုစောင့်ရှောက်ပါမယ်လို့ဆိုခဲ့လို့ သူသွားလိုရာ
သွားမရတာပဲ ... နည်းလမ်းက ကလေးနဲ့ လိပ်ပြာခွဲပေး
ရမယ် ... သူဆုံးတုန်းက မလုပ်ပေးခဲ့ရဘူးမဟုတ်လား"
" ဟုတ်တယ် ဆရာ ... သူဒီကလေးကို မွေးစားထားမှန်း
ဘယ်သူမှမသိလိုက်ကြဘူး ... မွေးစားပြီး သူတို့လင်
မယား ပြဿနာတွေတက်ပြီး သူလည်းဆုံးသွားခဲ့တာ
ဆရာ "
" အင်းပေါ့လေ ... အကြောင်းကံပဲပေါ့ ... ကဲ ... လိပ်ပြာ
ခွဲရအောင် ကလေးခေါ်ခဲ့ "
ကလေး၏အရပ်နှင့်ညီသော ချည်မျှင်ကိုတိုင်းပြီး ယူ
လိုက်သည်။ ထို့နောက် ကြေးဖလားထဲထိုချည်မျှင်ကို
ထည့်ကာ မီးရှို့ပြာချလိုက်၏။ ရလာသောပြာကို စက္ကူ
ထဲထည့်ပြီး ခေါက်ကာ ဇော်နိုင်အားလှမ်းပေးလာသည်။
" ဒီပြာကို ရေချောင်းတစ်ခုခုထဲသွားမျောလိုက်ပါ ...
မိန်းကလေးရဲ့ ကျိန်စာလည်းပျောက်ပြယ်သွားပါလိမ့်
မယ် ... သူလည်း သူသွားလိုရာခရီး သွားလို့ရပြီပေါ့ "
" ဟုတ်ကဲ့ပါဆရာ "
" ပြာကိုမျောပြီးသွားရင် မိန်းကလေးအတွက် အလှူ
ဒါနပြုလုပ်ပေးပြီး အမျှဝေပေးလိုက်တော့ "
ထိုသို့ဖြင့် ဆရာဦးတင်အေးပြောသည့်အတိုင်း တသွေ
မတိမ်း ပြုလုပ်ပေးလိုက်တော့သည်။ အိမ်၌ ဘုန်းကြီး
ငါးပါးပင့်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ခဲ့သည်။ စုထွေး
အတွက် ရည်စူးပြီး အမျှပေးဝေခဲ့လေသည်။
ထိုညက ဇော်နိုင်အတွက် စုထွေးဆုံးပြီး စုထွေးကိုပထမဆုံးအိပ်မက် မက်ခဲ့၏။ အိပ်မက်ထဲတွင် စုထွေးက အင်္ကျီ
အဖြူအသစ်လေးဝတ်ကာ ရပ်နေပြီး သူ့ကိုပြုံးပြ နေ
သည်။ ထို့နောက် ဇော်နိုင်ကို ကျောခိုင်းကာ မြူနှင်းထု
ကြီးထဲ တိုးဝင်ပျောက်ကွယ်သွားတော့၏။
" စုထွေး ... "
ဇော်နိုင်မှာ တစုံတဦးနှင့် လုံးဝအပြီးအပိုင်ခွဲခွါလိုက်ရ
သည့်ခံစားချက်မျိုး ခံစားလိုက်ရပြီး ရင်ထဲအလွန် နာ
ကျင်လျက်ရှိ၏။ ထိုခံစားချက်မျိုးကို တခါမျှ မခံစား
ဖူးခဲ့ပေ။
စုထွေး တကယ်ပင် ကျွတ်လွတ်သွားပြီဖြစ်မှန်း ရင်ထဲ
မှတိုင်ခံစားမိသည်။ ဇော်နိုင်မှာ အိပ်မက်မှလန့်နိုးသည့်
တိုင် ပါးပြင်ပေါ်၌ မျက်ရည်များစီးကျနေဆဲပင်။
ရေစက်ရှိ၍ဆုံခဲ့ရသည်၊ ရေစက်ကုန်လျှင် ခွဲခွာရမည်
မဟုတ်လား။ ကြုံရဆုံရ ဆုံတွေ့ချိန်တွင် တစ်ဦးကို
တစ်ဦး နွေးနွေးထွေးထွေး မေတ္တာတရားများ ပေးခြင်း
သည်က နှုတ်ဆက်ရချိန်၌ ဖြေသာနိုင်ပေမည်။
" စုထွေးရယ် ... သွေးနဲ့ရင်းတဲ့ သွေးကျိန်စာပျက်ပြယ်
ပြီမလို့ ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေတော့ကွာ "
ဇော်နိုင်တကိုယ်တည်း ခပ်တိုးတိုးရေရွတ်နေစဉ်မှာပင်
စုထွေး၏မွေးစားသားလေးက အိပ်နေရင်း ' အဲ .. အဲ '
ဟုယောင်နေသဖြင့် ဇော်နိုင်၏စကားကို ထောက်ခံသည့်
နှယ် ဖြစ်နေလေတော့သတည်း။
ပြီးပါပြီ။
သော်တာလမင်းစန္ဒာ
#lotaya_shortstory