
အခန်း [ ၅ ]
လူမနေသည်မှာ ကြာနေပြီဖြစ်၍ အိမ်ကြီးက အရာရာယို
ယွင်းပျက်စီးလျက်ရှိသည်။ ဒေါ်သန်းသန်းဝင်းလည်း ထို
အိမ်သို့မရောက်ခဲ့သည်က ( ၁ ) နှစ်ခန့်ရှိပေတော့မည်။
တစ်မြို့တည်းနီးနီးလေးဖြစ်သော်လည်း အကြောင်း
ကြောင်းကြောင့် ထိုအိမ်သို့မရောက်ဖြစ်ခဲ့ပေ။ အလုပ်မအားသဖြင့်လည်း အိမ်ကြီးကိုလာမကြည့်နိုင်ခဲ့ခြင်း
လည်း ပါသည်။
ယခုအခါ နုရည်ဝင်း ပူဆာသဖြင့် မရောက်သည်မှာ
လည်းကြာပြီဖြစ်သော အိမ်ဟောင်းဆီသို့ ရောက်လာ
ရတော့သည်။ နုရည်ဝင်းမှာမူ ခြံထဲရောက်ရောက်ချင်း
ရေတွင်းရှိရာသို့ အလျင်ဦးအောင် ပြေးကြည့်လေသည်။
" ဒီနေရာမှာ ရေတွင်းရှိတယ်လို့ မက်တာ ... ရှိတာဟုတ်
လား မေမေ "
နုရည်ဝင်းက မျက်လုံးလေးဝိုင်းကာ မေးနေသော်လည်း
ဒေါ်သန်းသန်းဝင်းကတော့ မအံ့ဩခဲ့။ နုရည်ဝင်းကလေး
အရွယ်ငယ်စဉ်အခါက တွေ့မြင်ဖူးသည်ကို မမှတ်မိဘဲ
ရှိပေမည်ဟုသာ တွေးလိုက်သည်။
" သမီး မသိစိတ်ကမှတ်မိနေတာနေမှာပါ ... အဲ့ဒါရေ
တွင်းဟောင်းနေရာပဲလေ "
မိခင်ဖြစ်သူအဖြေကြားသည့်အခါ နုရည်ဝင်းတွေးမရ
တော့ချေ။ သူမ မမှတ်မိတာသေချာသည်။ မမှတ်မိခြင်း
ထက် မသိခြင်းက ပိုသေချာနေသည်။ ထိုအရာကို အ
ဘယ်ကြောင့် အိပ်မက်ထဲ ရှင်းလင်းပြတ်သားစွာမက်ခဲ့
သနည်း။
တွေးရင်း သိချင်စိတ်မှာ ထိန်းမရလာတော့ပေ။ ထို့
ကြောင့် အိမ်တံခါးကို အမြန်ဖွင့်ခိုင်းလေတော့သည်။
တံခါးဖွင့်လိုက်သည်နှင့် သံချေးတက်နေသည့် ပတ္တာသံ
ကြီးက ကျွီ ဟူသောအသံရှည်ကြီးထွက်ပေါ်လာ၏။
ထို့အတူ ဖုန်မှုန့်များ၊ ပင့်ကူမျှင်များဖြင့် ရှုပ်ပွနေသော
ဧည့်ခန်းကို မြင်တွေ့လိုက်ရသည်။ အောက်သိုးသိုးအနံ့
ကြောင့် သားအမိနှစ်ယောက်လုံး နှာခေါင်းရှုံ့သွားကြ
လေ၏။
" မေမေက အလုပ်သမားခေါ်ပြီး ရှင်းခိုင်းရမှာ ... ဘာလို့
ပစ်ထားရတာလဲ "
" လာမကြည့်အားလို့ပါသမီးရယ် ... အိမ်ရှင်းတာက
တနေကုန်မှာ ... သမီးဖေဖေအကြောင်းလည်း သိသား
နဲ့ "
ဒေါ်သန်းသန်းဝင်းပြောသည်ကဟုတ်သည်။ နုရည်ဝင်း
ဖခင်မှာ ဇီဇာအလွန်ကြောင်လှ၏။ လက်ရှိနေထိုင်သော
အိမ်တွင် လူစောင့်မရှိပါက မကြိုက်ချင်လှပေ။
သူခိုးရန်ကြောက်သည်ဟူသော အကြောင်းပြချက်ကြောင့်
ဒေါ်သန်းသန်းဝင်းမှာ အပြင်သွားချင်လျှင်ပင် မြန်မြန်
သွားပြီး မြန်မြန်ပြန်ရလေသည်။
အိမ်အဟောင်း၌ အဖိုးတန်ပစ္စည်းလည်းမရှိ၊ အိမ်အခွံချည်း သက်သက်ကြောင့် မအားသည့်တူတူ လာမကြည့်တော့ဘဲ ပိတ်ထားလိုက်တော့သည်။
နုရည်ဝင်းမှာ ဖိနပ်မချွတ်တော့ဘဲ အိမ်ထဲဝင်လာခဲ့လိုက်
၏။ ဒေါ်သန်းသန်းဝင်းမှာတော့ အိမ်တံခါးများလိုက်ဖွင့်
နေလေသည်။
အပေါ်ထပ်တက်သော လှေကားအောက်ရှိ တိုလီမိုလီ
ပစ္စည်းများထားရာ အခန်းသို့ ထိပ်ဆုံးသွားလိုက်၏။
ထိုအခန်းမှာ တံခါးရွက်ပင် ပြုတ်ချင်နေပြီ။ နုရည်ဝင်း
လည်း သတိထားပြီး ဆွဲဖွင့်လိုက်လေတော့သည်။
အခန်းမှာ မှောင်မိုက်နေသည်။ အနံ့အသက်မှာအတော်
ပင်ဆိုးလှသည်။ တံခါးဘေး၌ မီးခလုတ်စမ်းကြည့်သော်
လည်း မရှိချေ။ အပြင်ဘက်မှတိုးဝင်လာသော အလင်း
ရောင်အားနှင့် မျက်လုံးကိုမှေးစင်းကာ ကြည့်နေရသည်။
တွေ့ပါပြီ။ အခန်းအလယ်၌ ကြိုးဆွဲမီးသီးလေးတစ်ခု။ ထိုကြိုးကိုအောက်သို့ဆွဲချလိုက်သည့်အခါ မီးလုံးဝါလေး
က ဖျပ်ခနဲ လင်းလာတော့သည်။
" အရင်တုန်းကသုံးတဲ့ မီးသီးကတမျိုးပါလား "
နုရည်ဝင်းမှာ အိပ်မက်ထဲကအတိုင်း ပျဉ်ချပ်များကိုရေ
တွက်ကြည့်လိုက်သည်။ ငါးချပ်မြောက်ပျဉ်ချပ်ကို မှတ်
ထားကာ ဆွဲခွာရန် အဆင်ပြေနိုင်မည့် တစ်ခုခုအား ရှာ
ဖွေကြည့်လိုက်၏။
" မေမေ ... ပျဉ်ချပ်ဘာနဲ့ခွာရမလဲ "
ဒေါ်သန်းသန်းဝင်းက ခေတ္တစဉ်းစားနေ၏။
" အဲ့ဒါမယူလာခဲ့ရဘူး ... မေ့နေတာ ... နေအုံး...နေအုံး...
ဒီသေတ္တာထဲမှာရှိတယ်ထင်တယ် "
အခန်းထောင့်ရှိ သံသေတ္တာကြီးကို လက်ညိုးညွှန်ပြလေ
သည်။ နှစ်ယောက်သား သေတ္တာကို အောက်ချကာ ဖွင့်
လိုက်ကြ၏။
ထိုသေတ္တာထဲ ဝါယာကြိုးအဟောင်းများ၊ သံချေးတက်
နေသော သွပ်ကြိုးအဟောင်းများ စသဖြင့် ရှုပ်ပွပြည့်
ကြပ်နေသည်။ ပစ္စည်းများကို တစ်ခုချင်းထုတ်ရှာရင်း
သေတ္တာအောက်ဆုံး၌ တူတစ်လက်နှင့် ဝက်အူလှည့်များ
တွေ့သဖြင့် ဝမ်းသာသွားကြသည်။
" ဒါနဲ့ရမယ်ထင်တယ် "
" စမ်းကြည့်လေ "
တူ၏တစ်ဘက်ရှိ ခွလေးနှင့်ပျဉ်ချပ်ကို ထိုးကလော်ကာ
ဆွဲလိုက်သည်။ တစ်ခါမရ၊ နှစ်ခါမရ ဖြစ်နေသဖြင့် နုရည်
ဝင်း လက်နာလာခဲ့၏။
" မရဘူးရော ... "
" အားမရှိ အင်မရှိနဲ့ ... ဖယ် ... ဖယ် "
ဒေါ်သန်းသန်းဝင်းက စိတ်မရှည်စွာဖြင့် တူကိုလက်လွဲယူ
ပြီး ပျဉ်ချပ်ကို ထိုးကလော်လိုက်လေသည်။ ' ဂျွပ်ခနဲ ' မြည်သံနှင့်အတူ ပျဉ်ချပ်အနားတစ်ပိုင်းမှာ ပဲ့ကြွေသွား
တော့၏။
" မေမေ လုပ်မှ ပိုဆိုးနေပြီ "
" ပျဉ်ကဆွေးနေပြီကို ... မထူးတော့ဘူး ... ဖျက်ပစ်လိုက်
တော့မယ် "
ပျဉ်ချပ်အနားစများကို ထပ်ကလော်ရင်း ပျဉ်ချပ်တစ်
ပိုင်းမှာ တစ်စစီပဲ့ကြွေသွားတော့သည်။
" အောက်မှာ ဘာကြီးလဲ ... အပေါက်ကြီးနော် "
ဒေါ်သန်းသန်းဝင်းရပ်လိုက်သည်နှင့် နုရည်ဝင်းကလည်း
ပျဉ်ချပ်အောက်သို့ လက်နှိုက်ကြည့်ပြီး စမ်းကြည့်သည်။
" တွေ့ပြီမေမေ ... "
ပြောရင်းဆိုရင်း စမ်းမိသည့်အရာကိုဆွဲထုတ်ယူကြည့်
လိုက်သည့်အခါ ဖုန်အလိမ်းလိမ်းတက်နေသည့် စာအုပ်
ဟောင်းလေးတစ်အုပ် ပါလာတော့၏။
ဒေါ်သန်းသန်းဝင်းနှင့် နုရည်ဝင်းတို့မှာ ပါးစပ်အဟောင်း
သားဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြ
သည်။
" မေမေ ... အိပ်မက်ကတကယ်ဖြစ်နေတယ်နော် ... ထူး
ဆန်းတယ် "
နုရည်ဝင်းက နောက်ထပ် တစ်ခုခုများကျန်သေးသည်
လားဟု တွေးမိသဖြင့် ကြမ်းခင်းအပေါက်ကြား လက်နှိုက်ကာ ထပ်မံရှာကြည့်လိုက်သည်။ ကြမ်းခင်းအောက်
၌ မည်သည့်မှ မကျန်ရှိတော့ချေ။
ထိုအခါ သားအမိနှစ်ယောက်သား အခန်းထဲမှထွက်လာပြီး ပြူတင်းပေါက်နားသို့လှမ်းလာကာ စာအုပ်ကို ဖွင့်ဖတ်ကြည့်လိုက်တော့လေသည်။
***********
အခန်း [ ၆ ]
၉ / ၅ / ၇၉
- ငါညကသေပြီထင်ခဲ့တာ မသေဖြစ်ခဲ့ဘူး။ သိပ်ကြောက်
စရာကောင်းတဲ့အဖြစ်ကြီးပါလား။ ငါမှားသွားပြီ။ တ
ကယ်မှားသွားပြီ။ ဆရာကြိုင်ဆီထပ်သွားမှဖြစ်မယ်။
၁၀ / ၅ / ၇၉
- ဆရာကြိုင်ကအပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြန်ပြီ။
ငါ့ကိုပြောတုန်းက ဖြေဆေးရှိတယ်ပြောလို့ ငါလုပ်မိတာ။
ခုဘာဆက်လုပ်ရတော့မလဲ။ ဂွကျတယ်ကွာ။ ငါတစ်ခုခု
မဖြစ်ခင် မြဖူးသိအောင် အကြောင်းစုံရေးထားရမယ်။
၁၁ / ၅ / ၇၉
- မြဖူးရေ။ ငါတော့ မရဏလမ်းကိုမြန်းရတော့မယ်ထင်
တယ်ကွာ။ ငါ့အပြစ်တွေပါပဲလေ။ ပေးဆပ်ရမယ်ဆိုရင်
ကျွန်တော်မျိုးတစ်ယောက်တည်းသာ ပေးဆပ်ရပါစေ။
သားစဉ်မြေးဆက်လွတ်ကင်းရပါစေအရှင်ဘုရား။
၁၂ / ၅ / ၇၉
- အုန်းမောင်ကို အကူအညီတောင်းတော့ သူကအစစ
အရာရာ ကူညီပေးရှာပါတယ်။ သူကူညီပေးသလို အဆင်
ပြေရပါစေတော့။
၁၃ / ၅ / ၇၉
- ဘယ့်နှယ့်လုပ်ကြမလဲ။ လူနက်ကြီးတွေလာခေါ်နေပြီ။
ဒါငရဲသားတွေလား ဒါမှမဟုတ် မကောင်းဆိုးဝါးတွေ
လား။ မြဖူးရေ နင်ကတော့ဘာမှမသိရှာဘူး။ ငါ့မှာတော့
အတော်ဒုက္ခရောက်နေရပြီဟ။
၁၄ / ၅ / ၇၉
အုန်းမောင်ကို ကျေးဇူးတင်တယ်ကွာ။ သူစီမံပေးလို့
ငါအသက်ရှင်နိုင်ခဲ့ပြီ။ မနက်ဖြန်သူနဲ့တွေ့ပြီး ကျေးဇူး
ဆပ်ရမယ်။ ကျေးဇူးရှင်ကြီး ကျန်းမာပါစေ၊ ချမ်းသာ
ပါစေ။
ဒိုင်ယာရီမှတ်တမ်းမှာ ထိုနေ့မှစပြီး အဆက်မရှိတော့
ပေ။ အတွင်းဘက်ကျသည့်စာမျက်နှာတစ်ခုကို လှန်
ကြည့်လိုက်သည့်အခါ စာများကိုထပ်တွေ့ရလေသည်။
ထိုရေးသားချက်များမှာ ဒေါ်သန်းသန်းဝင်း၏ ဖခင်
ဦးအောင်ဒင်မှ မိခင်ဒေါ်မြဖူးအား သိစေရန်ရေးပေးခဲ့
ဟန်တူ၏။
နုရည်ဝင်းတို့မှာ ဆက်လက်ဖတ်ကြည့်လိုသော်လည်း စာမျက်နှာအတော်များသည်ကတစ်ကြောင်း၊ ထိုင်ဖို့နေ
ရာမရှိသည်ကတစ်ကြောင်း၊ ဧည့်ခန်းဘက်ရှိမီးချောင်းမှာ ပျက်နေသဖြင့် လင်းလင်းရှင်းရှင်း မမြင်ရသည်ကတစ်ကြောင်းကြောင့် အိမ်ရောက်မှ ဖတ်ကြမည်ဟု ရွေးချယ်လိုက်ကြသည်။
ထို့နှင့် အိမ်ခန်းအကုန်လိုက်ကြည့်ကာ ခြံတစ်ပတ်ပတ်
ကြည့်ပြီး အိမ်သို့ပြန်လာခဲ့ကြလေတော့သည်။
" မေမေ ... သမီးကို ဘိုးဘိုးက အိပ်မက်လာပေးတာ
သေချာသွားပြီနော် ... ဘိုးဘိုး မကျွတ်ဘူးလားမသိ
ဘူး "
" မဟုတ်တာ သမီးရယ် ... မဖြစ်နိုင်တာ ... အဲ့စာအုပ်လေး
သမီးကို ဖတ်စေချင်လို့ ကောင်းရာဘုံဘဝကနေအိပ်မက်
ပေးတာနေမှာပါကွယ် "
ဒေါ်သန်းသန်းဝင်းမှာ သူမ၏ဖခင်ဖြစ်သူ ဦးအောင်ဒင်
တစ်ယောက် မကျွတ်မလွတ်ဘဝ၌ ရောက်နေရသည်ဆို
ခြင်းကို လက်မခံလိုပေ။
ဦးအောင်ဒင်က သားသမီး( ၃ ) ယောက်တွင် ဒေါ်သန်း
သန်းဝင်းကို ပိုအလေးပေးခဲ့သလို ပို၍အလိုလိုက်ခဲ့သည်။
ထို့ကြောင့်လည်း သားသမီးတွေထဲ ဒေါ်သန်းသန်းဝင်းက
အနည်းငယ်စွာသည်။
အိမ်ထောင်လည်းအစောဆုံးကျသူဖြစ်သည်။ သို့သော်
သူမ၏ဖခင်ကို အထိမခံပေ။ အိမ်ထောင်ကျပြီး ၃နှစ်ခန့်
ရောက်သည့်အချိန်က ခင်ပွန်းသည်နှင့် စကားအချေအ
တင်များကြရာ မိဘများအားပုတ်ခတ်ပြောသဖြင့် နုရည်
ဝင်း လက်ကိုဆွဲပြီး အိမ်ပေါ်မှ ဆင်းချလာခဲ့ဖူးသည်။
ခင်ပွန်းဖြစ်သူ ဦးသန်းတိုးနှင့် မပေါင်းနိုင်တော့ကြောင်း၊
ကွာရှင်းမည်ဖြစ်ကြောင်း၊ ယတိပြတ်ပြောခဲ့သူ။ နုရည်
ဝင်းဖခင် ဦးသန်းတိုးမှာ အတော်လေးတောင်းပန်အောက်
ကျို့ခဲ့ရသည်။
ဦးအောင်ဒင်ကလည်း သမီးဖြစ်သူအိမ်ထောင်ကွဲဖြစ်
မည်စိုးသည်ကတစ်ကြောင်း၊ မြေးမလေး အဖမဲ့ရှာမည်
စိုးသည်ကတစ်ဖုံကြောင့် ဒေါ်သန်းသန်းဝင်းကို နားချပြီး
ပြန်ပေါင်းထုပ်စေခဲ့လေသည်။
ဖခင်ဖြစ်သူ စကားကြောင့်သာ လက်ခံခဲ့သည်၊ ဦးသန်း
တိုးကိုမူ ရာဇသံတခါတည်း ပေးထား၏။ နောက်နောင်
မိဘများကို ပုတ်ခတ်ပြောဆိုပါက မည်သူ့မျက်နှာမှ
ထောက်မည်မဟုတ်ကြောင်း အပြတ်ပြောခဲ့သည်။
ထိုအချိန်မှစပြီး ဦးသန်းတိုးလည်း ရန်ဖြစ်လျှင်စကားကို ထိန်းပြောတော့သည်။ ဖခင်ဆုံးပြီး ဆယ်နှစ်အကြာ မိခင်
ဆုံးသည်။ ထိုအခါ မောင်နှမ သုံးယောက်အမွေခွဲဖို့ အ
ကြောင်း ဖန်လာပြန်သည်။
ဒေါ်သန်းသန်းဝင်းမှာ ထိုအိမ်ကိုမစွန့်လွတ်နိုင်သေးချေ။
ထို့ကြောင့် အစ်ကိုဖြစ်သူနှင့် ညီမဖြစ်သူကို အိမ်အမွေ
ခွဲတမ်းအမ်းပေးပြီး အိမ်ကိုယူထားခဲ့သည်။
မိသားစုများမှာမူ ဦးသန်းတိုးအိမ်၌ လိုက်နေပြီး မိဘများ
ကို လွမ်းဆွတ်လာလျှင် အိမ်ကိုလာကြည့်တတ်သည်။
ထိုအိမ်ကို မိခင်ရှိစဉ်ကအတိုင်းထား၏။ ပြင်လည်းမပြင်၊
ငှားလည်းမငှား၊ ရောင်းလည်းမရောင်းချပေ။
ယခုအခါတွင်မူ ရင့်ကျတ်လာပြီး စိတ်လည်းငြိမ်လာပြီ
ဖြစ်သည့်အတွက် နုရည်ဝင်း၏ ရှေ့ရေးကိုမျှော်ကာ
ရောင်းချသင့်ပြီဟု တွေးနေမိချိန်လည်းဖြစ်သည်။
သို့သော်လည်း ချိတုံချတုံဖြစ်နေဆဲပင်။ သူမ၏နောက်
ဆုံးအချိန်ရောက်လာခဲ့လျှင် ဖခင်နှင့်မိခင် ခေါင်းချရာ
ထိုအိမ်၌သာ သူမလည်းခေါင်းချချင်ခဲ့လေသည်။
ထို့ကြောင့်လည်း ရောင်းမည်လုပ်လိုက်၊ မရောင်းဖြစ်
လိုက်နှင့် ကြန့်ကြာနေတော့သည်။ ဖခင်ကိုသတိရတိုင်း
ထိုအိမ်ကြီးကို လာလာကြည့်နေကြဖြစ်၏။
ယခုတွင်မူ လာမကြည့်ဖြစ်သည်မှာ ( ၁ ) နှစ်ခန့်ရှိလာ
ခဲ့ပြီ။ နုရည်ဝင်းအိပ်မက်မက်သည်ဆိုခြင်းကြောင့် လွမ်း
လာသဖြင့် မရောက်သည်မှာကြာပြီဖြစ်သောအိမ်ဟောင်း
ကို လာကြည့်ရင်း လိုက်ပို့ခြင်းလည်းဖြစ်တော့သည်။
ထိုကဲ့သို့ ဖခင်ကို အထိမခံသူ၊ အိမ်ကိုသံယောဇဉ်ကြီး
သူဖြစ်၍ သမီးဖြစ်သူနုရည်ဝင်းက မကျွတ်မလွတ်ဟု ပြောသည်ကို သိပ်မကြိုက်ချင်လှပေ။
ချစ်မြတ်နိုးရသည့် သမီးဖြစ်နေ၍သာ ရေလိုက်ငါးလိုက်
ပြောဆို လိုက်လျောနေခြင်းသာပင်။
" မဟုတ်သေးပါဘူးမေမေရယ် ... ဘိုးဘိုးသာကောင်း
ရာဘုံမှာဆိုရင် ဒီလိုမက်ပါ့မလား ... ကိုယ်ရောင်ကိုယ်
ဝါတွေတောက်ပြီး အိပ်မက်ပေးမှာပေါ့ "
" မေမေပြောမယ်နုရည် ... သမီးဘိုးဘိုးက မေမေ့ကို
အချစ်ဆုံး ... မကောင်းတဲ့ဘုံရောက်တယ်ဆိုရင် မေမေ့
ကိုပဲ အိပ်မက်ပေးမှာ ... သူဘာလိုတယ်ဆိုတာတွေလာ
ပြောမှာ အဲ့ဒါတွေလုပ်မှာပေါ့ ... မေမေပဲမက်ရမှာလေ...
သမီးတစ်ခုခုစိတ်စွဲနေလို့မက်တာနေမှာ ... အဲ့နေရာမှာ
ရေတွင်းရှိတာလည်း သမီးသိတယ် ... ရေတွင်းနားမှာ စက္ကူပန်းအနီရောင်ပင်လေးရှိတယ်... သမီးအဲ့မှာသွား
ဆော့နေကြ ... ရေတွင်းပိတ်ပစ်တဲ့အခါ အပင်ပါခုတ်ပစ်
လိုက်လို့ သမီးမမှတ်မိတော့တာ "
" သမီးမှတ်မိပါတယ် ... စက္ကူပန်းတွေကို ခြင်းလေးနဲ့
ကောက်သေးတယ်လေ "
" အေး ... ဟုတ်တယ် ... သမီးကအဲ့ဒါကို အိပ်မက်ပြန်
မက်ခဲ့တာပဲ ... "
" ဒါဆို စာအုပ်ကရော ... စာအုပ်ရှိတာသမီးမှမသိတာ...
မေမေလည်းမသိဘူးမဟုတ်လား ... "
" အဲ့ဒါကတိုက်ဆိုင်တာပါသမီးရယ် ... သမီးမှတ်ထား
ရမှာက သမီးဘိုးဘိုးဟာ လူရိုးလူဖြောင့်ကြီး ... မဟုတ်
တာမလုပ်ဘူး ... နောက်ပြီး အသက်ရှင်နေတုန်းကလည်း
ကောင်းရောင်းကောင်းဝယ်လုပ်စားခဲ့တာ ... အလှူအ
ဒါန်းလည်း ရက်ရောတဲ့သူ ... ဘယ်လိုလုပ်ပြီး မကျွတ်
မလွတ်တဲ့ဘဝရောက်မှာတဲ့လဲ ... နောက်အဲ့ဒီလို ထပ်
မပြောနဲ့သမီး ... မေမေမကြိုက်ဘူး ... ဟုတ်လား "
နုရည်ဝင်းမှာ မည်သည်မှ ပြန်မပြောနေတော့ပေ။ သူမ၏
အတွေး၌မူ စာအုပ်ဖတ်ပြီးမှ ဆုံးဖြတ်မည်ဟု တွေးနေ
လိုက်သည်။ ထိုစာအုပ်ထဲတွင်တော့ တစ်ခုခုသိရပေမည်ဟု ခံစားမိနေလေ၏။
အိမ်သို့ပြန်ရောက်သည့်အခါ ခေတ္တနားပြီး စာအုပ်ကို
အတူထိုင်ဖတ်ကြည့် လိုက်ကြတော့သည်။
***********
အခန်း [ ၇ ]
( ဘယ်အခါမှမစမ်းသပ်သင့်တဲ့ ရတနာအတိုက်ကြီး အကြောင်း )
ဘခက်ဆိုတဲ့အကောင် ငါ့ကို လိမ်သွားတယ်။ ငါကလည်း
မှားတယ်။ ဘယ်ကစဖြစ်သလဲဆိုရင် လွန်ခဲ့တဲ့ ( ၃ ) နှစ်
က ရှမ်းပြည်ဘက်ကုန်သွယ်ဖို့ ဘခက်ကိုခေါ်သွားမိရာက
စတာပဲ။
ဒီကောင်ကို လူရိုးလူအေးကြီးလို့ထင်ပြီး ငါကူညီမစပေး
ခဲ့တယ်။ ကုန်အရောင်းအဝယ်လုပ်တတ်အောင် သင်ပေး
ရုံမကဘူး၊ အရင်းအနှီးပါစိုက်ထုတ်ပေးခဲ့သေးတယ်။
ငါ့မှာလည်းကိုယ်ခွဲကမရှိ၊ မြဖူးကလည်း ကလေးသုံး
ယောက်နဲ့အတော်ကသီနေတဲ့အချိန်။ ဘခက်သာ ရှမ်းပြည်ဘက်အထိုင်ချရင်
ငါဒီကကုန်တွေပို့ရုံပဲဆိုပြီး သူ့
ကိုမျှော်လင့်ခဲ့တာ။ လူရင်းလိုလည်းယုံကြည်ခဲ့တယ်။
တစ်နေ့ကြတော့ ကုန်ပို့နေကြ ငါ့မိတ်ဆွေ ဦးစိုင်းလုံက အလုပ်ကြီးတစ်ခုရှိတယ်၊ သေချာပေါက်အမြတ်ကြီးရမယ်လို့ပြောတယ်။
ငါလည်းလုပ်မယ်ဆိုပြီး အတူလုပ်ခဲ့တယ်။ ဘာအလုပ်
လဲဆိုတော့ စိန်ဝယ်ပေးဖို့။ ရှမ်းသူဌေးတစ်ယောက်က
စိန်တွေမြောက်မြောက်များများ ဝယ်ချင်သတဲ့။
စိန်ကုန်သွယ်ဖို့အကြောင်းဖန်လာတော့ ဘခက်ကိုရှမ်း
ပြည်မှာထားခဲ့ပြီး အောက်ပြည်ပြန်ဆင်းလာခဲ့တယ်။
စိန်ဝယ်ပြီး ရှမ်းပြည်ပြန်တက်ခဲ့တာပေါ့။ ဦးစိုင်းလုံပြော
တဲ့အတိုင်းပဲ လောက်လောက်လားလားမြတ်ခဲ့တယ်။
စိန်နဲ့အကျိုးပေးချိန်တန်လို့ ဖြစ်မြောက်လာတဲ့အလုပ်
ကို လက်မလွှတ်နိုင်တော့ဘူး။ အဲ့လိုနဲ့ သုံးခေါက်မြောက်
ရောက်တဲ့အချိန်မှာ ကံကအမြဲမကောင်းနိုင်ဘူးဆိုတာ
ငါလက်ခံလိုက်ရတော့တာပဲ။
ငါဝယ်တဲ့စိန်အရည်အသွေးက နိမ့်နေတော့ ဝယ်သူက
မကြိုက်ဘူး။ သူလိုချင်တာက ဖြူဆွတ်နေတဲ့ အသန့်၊
ငါယူလာတာက ဝါကျင်ကျင်သန်းနေတဲ့စိန်။
အလုပ်မဖြစ်တဲ့အခါ ငါတော်တော်လေး စိတ်ဓာတ်ကျ
သွားမိတယ်။ အရင်းကနည်းတာမှမဟုတ်တာပဲ။ ငါ့မှာ
ရှိတဲ့ပိုက်ဆံအကုန်နီးနီး ဝယ်လာခဲ့တဲ့အခေါက်မှ ရောင်း
မထွက်ဖြစ်နေတော့ စိတ်တော်တော်ညစ်ခဲ့ရတယ်။
အရင်းကအားလုံးပေါင်း ခုနှစ်သိန်းကျော်ဖိုး။ နည်းတာ
မှမဟုတ်တာ။ ဦးစိုင်းလုံကစိတ်ဓာတ်မကျဖို့အားပေးရှာ
တယ်။ ဖြည်းဖြည်းချင်းရောင်းရင် ရောင်းထွက်မှာပါတဲ့။
အချိန်ယူပြီးရောင်းရမှာမလို့ အားကမပါချင်လှဘူး။
နောက်ရက်ရောက်တော့ ဦးစိုင်းလုံက သူ့သူငယ်ချင်း
နယ်ဘက် သွားကြမယ်လို့ခေါ်တယ်။
အဲ့မှာ တောပစ်ထွက်မလို့တဲ့။ တစ်ညအိပ်ခရီးဆိုတော့
ပေါ့ပေါ့ပါးပါးပဲပေါ့လို့ပြောတယ်။ ဦးစိုင်းလုံကငါ့ကျေး
ဇူးရှင်။ မိတ်ဆွေကောင်းလည်းဟုတ်တယ်။
သူခေါ်တာ ငါမငြင်းချင်ဘူး။ လိုက်သွားဖို့ကလည်း စိန်
ထုပ်ကို ဘယ်နားထားခဲ့ရမလဲ။ ဦးစိုင်းလုံအိမ်မှာအပ်ခဲ့
လို့လည်း အဆင်မပြေဘူးဖြစ်နေတယ်။
သူ့အိမ်က အမြဲလူမရှိကြဘူး။ သူ့မိန်းမကဈေးဆိုင်ဖွင့်
တယ်။ ကလေးတွေလည်းဆိုင်လိုက်ထိုင်ကူကြတယ်။
စိန်ထုပ်ကို တာဝန်ယူဖို့ မလွယ်ကြဘူး။
ငါလည်း ဘခက်ကိုသတိရသွားမိရော။ ဒါပေမယ့် ငါ
စိန်အရောင်းအဝယ်လုပ်နေတယ်ဆိုတာ သူ့ကိုမပြော
ပြချင်သေးဘူး။
သူက အလုပ်လုပ်ရင် လက်တွဲခေါ်ပါလို့ပြောထားတာ။
ငါအလုပ်ပြောင်းတာသိရင် မကောင်းဘူးမဟုတ်လား။
လောလောဆည်တော့မပြောသေးဘဲ နောက်မှပြောပြ
ပြီး လက်တွဲခေါ်မယ်လို့ တွေးထားခဲ့တယ်။
ဘခက်ဆီ စိန်ထုပ်လို့ပြောပြီးအပ်လို့မဖြစ်ဘူးလေ။ ဒါ
ကြောင့် စိန်ကို အထပ်ထပ် ထုပ်ပြီး ပိတ်အုပ်ကြားဖွက်
ထားလိုက်မိတာပဲ။
ပြီးတော့ သေတ္တာထဲကပိတ်အုပ်တွေထည့် သော့ခတ်ပြီး
ဘခက်ဆီအပ်ခဲ့လိုက်တယ်။ ငါ့ပိတ်အုပ်တွေခဏထားခဲ့မယ်လို့ပြောခဲ့တာပေါ့။
ငါတစ်ညအိပ် တောပစ်ထွက်ပြီး ပြန်လာတဲ့အခါ ဘခက်
ဆီ သေတ္တာဝင်ယူတော့ ဘခက်က မျက်နှာနည်းနည်းလေး
ပျက်နေတာ သတိထားမိလိုက်သေးတယ်။ ဘာမှမဟုတ်
လောက်ပါဘူးဆိုပြီး ငါတည်းတဲ့အိမ်ကိုပြန်လာခဲ့ရော။
ခရီးကပန်းလို့ ရေမိုးချိုးပြီး အိပ်ပျော်သွားသေးတယ်လေ။
နိုးလာမှ သေတ္တာဖွင့်ကြည့်တဲ့အခါ ငါထည့်ထားတဲ့ စိန်
ထုပ်မရှိတော့ဘူး။
ဘယ်လိုရှာရှာမရှိတော့တာ။ ဒါဘခက်လက်ချက်က
လွဲပြီး မဖြစ်နိုင်ဘူး။ ဘခက်ဆီ သေတ္တာယူသွားပြီး
ချက်ချင်းပြန်သွားမေးတဲ့အခါ သူမသိဘူးပြောတယ်။
ငါထားခဲ့တုန်း ဖွင့်ပြပြီးပြန်ပိတ်တဲ့အခါက ပိတ်အုပ်ပဲ
သိတဲ့အကြောင်း ဘူးခံငြင်းရော။ ဒီကောင်သူခိုး၊ လူလိမ်
ကောင်။
သေတ္တာသော့ကို ပုံစံတူသော့နဲ့ဖွင့်ပြီး စိန်ထုပ်ကိုခိုး
သွားတာ။ စိန်ထုပ်လို့ပြောပြီးမအပ်မိတာငါ့အမှား။
ပိတ်အုပ်ဆိုပြီးအပ်တော့ သူကလည်း ပိတ်အုပ်ပြန်ပေး
တာပဲဖြစ်ပါရောလား။
ခိုးတာသိပေမယ့် ခိုးတယ်လို့ပြောလို့မရတဲ့အခြေအနေ
မဟုတ်လား။ ဘာလို့သူခိုးတာသေချာသလဲဆိုရင် နောက်တစ်ပတ်နေတော့ ဘခက်ပြန်သွားတယ်။
သူ့ကလေးတွေ နေမကောင်းလို့ပြန်တာလို့ပြောတယ်။
ငါလည်း စုံစမ်းချင်တာနဲ့ တိတ်တိတ်လိုက်ပြန်ခဲ့တာပေါ့။
လက်ပူးလက်ကြပ်မမိလို့ ဘာမှမစွပ်စွဲနိုင်တဲ့အဖြစ်။
နောက်တော့ ရှမ်းပြည်ဘက်ကုန်မကူးတော့ဘူး။ အိမ်
ဝယ်လိုက်တယ်ကြားတယ်။ စိန်ထုပ်မခိုးဘဲ ဘယ်ကပိုက်ဆံနဲ့ အိမ်ဝယ်နိုင်မလဲ။ အရင်းအနှီးမရှိလို့ ငါစိုက်
ထုတ်ပေးခဲ့ရတဲ့လူက ချက်ချင်းအိမ်ဝယ်တာ ဖြစ်နိုင်လို့လား။
***********
အခန်း [ ၈ ]
ဘခက်အိမ်အသစ်ဆောက်တော့မယ်ကြားတယ်။ သူဝယ်
ထားတဲ့မြေကွက်ပေါ်မှာ အုတ်စီပြီး အပေါ်ကပျဉ်ထောင်
နဲ့ နှစ်ထပ်အိမ်ကြီးဆောက်မယ်တဲ့။
ငါ့ဒေါသတွေက ထိန်းမရတော့ဘူး။ ဒီစိန်ထုပ်ကြောင့်
ငါစီးပွားပျက်ခဲ့ရတယ်။ ငါ့ကလေးတွေ ဒုက္ခရောက်ရ
တော့မယ်။
တစ်ခုကံကောင်းချင်တော့ မြဖူးအဖေက အမွေခွဲပေး
လို့ အခြေမပျက်ခဲ့ရတာ။ မဟုတ်ရင် အောင်ဒင်တို့ခွေး
ဖြစ်နေပြီ။
ဘခက်ကိုသတ်ဖို့စိတ်ကူးမိတိုင်း ကလေးတွေမျက်နှာ
မြင်ယောင်လာလို့ မသတ်ပစ်ရဘူး။ သူတောင်မှ လက်
တစ်လုံးခြားလှည့်စားပြီး ခိုးသွားသေးတာပဲ။
ငါလည်းလက်တစ်လုံးခြားကလဲ့စားချေပေးရမှာပေါ့။
ငါ ကိုအုန်းမောင်ကို ပြောပြတဲ့အခါ ကိုအုန်းမောင်က
သူကူညီမယ်တဲ့။ မပူနဲ့တဲ့။ ဘခက်တင်မကဘူး ဆွေစဉ်
မျိုးဆက် ခံရစေမယ်လို့ပြောတယ်။
ကြိုက်တာပေါ့။ ဘယ်လိုလုပ်ကြမလဲဆိုရင် သိပ်တော်
တဲ့ ဆရာတစ်ယောက်ရှိတယ်ပေါ့၊ အောက်လမ်းဆရာ
ကြီး ဦးရွှေဇံ လို့ခေါ်တယ်တဲ့။
သူ့ဆီခေါ်သွားပေးမယ်ဆိုပြီး လိုက်ပို့တယ်။ ဆရာဦးရွှေ
ဇံကို အကျိုးအကြောင်းပြောပြတဲ့အခါ ဆရာက သူကူ
ညီမယ်ပေါ့။
ဒါပေမယ့် ' လုပ်ရဲရင်ခံရဲရမယ်နော် ' လို့ပြောတယ်။
ဘာမှသေသေချာချာမသိတော့ ' ရတယ် ကျွန်တော်
လုပ်လည်းလုပ်ရဲတယ် ယောကျာ်းပဲဗျာ ခံဆိုလည်း ခံ
ရဲရမှာပေါ့ ' လို့ပြန်ဖြေခဲ့တယ်။
အချိန်သာနောက်ပြန်သွားလို့ရမယ်ဆိုရင် အဲ့အချိန်ကို
ပြန်သွားပြီး မလုပ်ဖို့ တားလိုက်ချင်တယ်။ ဆရာရွှေဇံ
က အရုပ်တစ်ရုပ်လုပ်ရမယ်တဲ့။
ဘာအရုပ်လဲဆိုတော့ သစ်နက်သားနဲ့ အရုပ်ထုရမှာ။
အဲ့ဒီအရုပ်ထဲ ဘခက်ရဲ့ ကိုယ်ခန္ဓာဆီကတစ်ခုခုထည့်
ရမယ်တဲ့။
ဥပမာ ဘခက်ရဲ့ဆံပင်၊ လက်သည်း ခြေသည်း အဲ့လို
တစ်ခုခုထည့်ရမှာပေါ့။ ရတယ် ၊ ရအောင်ယူလာပေး
မယ်ဆိုတော့ အဲ့ဒါယူလာပြီးရင် ရပြီလို့ပြောတယ်။
ဆရာရွှေဇံဆီကပြန်လာတဲ့အခါ ဘခက်ကိုသွားတွေ့
လိုက်တယ်။ ဘခက်ကတော့ မျက်နှာပြောင်တိုက်ကောင်း
တုန်းပဲ။
ခိုးထားတဲ့ပိုက်ဆံနဲ့ ဝယ်လိုက်တဲ့မြေကွက်မှာ အိမ်တောင်
စဆောက်နေပြီလေ။ သူအိမ်ဆောက်နေတာလိုက်ကြည့်
ပါအုံးတဲ့။
ငါအံကိုကြိတ်၊ လက်သီးကိုဆုပ်ပြီး ထိန်းထားခဲ့ရတယ်။
သူလိုက်ပြတဲ့ သူ့အိမ်အသစ်ကို စိတ်နာနာနဲ့ကြည့်လိုက်
ရသေးတယ်။
အိမ်ကအုတ်စီလို့ပြီးနေပြီ။ မကြာခင်အပေါ်ထပ်ဆက်တက်တော့မယ်။ ဆရာရွှေဇံမှာတဲ့အတိုင်း ဘခက်ရဲ့
ဆံပင်ကိုယူဖို့ကြံပေမယ့် ဘယ်လိုမှယူမရခဲ့ဘူး။
အဲ့ဒါနဲ့အချိန်ကောင်းကိုစောင့်ပြီးယူမယ်လို့ တေးထား
လိုက်တယ်။ ဘခက်ဆီ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်ခြား
တစ်ခါသွားလည်း အခွင့်အရေးကမရနေဘူး။
သူ့အိမ်ကပြီးတော့မယ်။ ငါကခုထိ ဘခက်ဆံပင်တစ်မွေး
တောင် ယူမရသေးဘူး။ ဒီလိုနဲ့ ဘခက်အိမ်တက်တော့
မယ့်ရက်ရောက်ခါနီး ငါ့ကို သူ့အိမ်တက်ပွဲမှာကူပေးဖို့
ပြောလာတော့ ငါကလည်းအကြံနဲ့ သူ့အိမ်မှာလာအိပ်ပေး
မယ်လို့ပြောလိုက်တယ်။
အိမ်မတက်ခင်ရှေ့ရက် ဘခက်အိမ်ကြိုရောက်နေခဲ့တာ
ပေါ့။ အဲ့နေ့မှ အခွင့်အရေးရတော့တာ။ ဘခက်က အိမ်
အပြင်ဘက်မှာ လက်သည်း၊ ခြေသည်း ညှပ်နေတယ်လေ။
ငါလည်းရတဲ့အခွင့်အရေးလက်လွတ်ဘယ်ခံလိမ့်မလဲ။
သူ့ဘေးမှာ ထွေရာလေးပါးပြောပြီး အရိပ်အခြည်ကြည့်
နေလိုက်တယ်။
သူက ညှပ်ထားတဲ့လက်သည်းခြေသည်းတွေကို သတင်း
စာ စက္ကူနဲ့လုံးပြီး အမှိုက်ပုံထဲပစ်ထုတ်လိုက်တာနဲ့ အချိန်
စောင့်ပြီး ငါသွားယူခဲ့တယ်။
ပြီးတာနဲ့ ဘခက်ကို ငါညမှပြန်လာမယ်လို့ ပြောခဲ့ပြီးတာ
နဲ့ အုန်းမောင်ကို တခါထဲဝင်ခေါ်တာပေါ့။ ဆရာရွှေဇံဆီ
တန်းသွားလိုက်ကြတာပဲ။
ဟိုရောက်တဲ့အခါ ဆရာရွှေဇံက သူအစီအရင်လုပ်ပေး
မယ် စောင့်နေဆိုလို့ အိမ်အပြင်မှာ သုံးနာရီလောက်ထိုင်
စောင့်ခဲ့ရတယ်။
စောင့်ပြီးတဲ့အခါ ဆရာရွှေဇံကဘာပြောလဲဆို ဒီသစ်နက်
သားအရုပ်ထဲမှာ ဘခက်ရဲ့ လက်သည်း၊ခြေသည်း ထည့်
ထားတယ်တဲ့။
ငါလုပ်ရမှာက အဲ့ဒီအရုပ်ကို သူ့အိမ်အသစ်ရဲ့ ခြံဝင်း ထောင့်စွန်တနေရာမှာ သွားမြုပ်ရမှာ။ မြုပ်ပြီးတာနဲ့
ဆေးရည်ကို အိမ်ခေါင်မိုးပေါ် ပက်ရမယ်လို့ပြောတယ်။
မြုပ်တာကလွယ်ပေမယ့် အိမ်ခေါ်မိုးပေါ်ပက်ဖို့က အ
တော်မလွယ်တာပဲ။ ဘယ့်နှယ့်ပက်ရမတုန်း။ အကြံက
ထုတ်မရနေဘူး။
အုန်းမောင်က မပူနဲ့သူလုပ်မယ်တဲ့။ အုန်းမောင်ကူညီပေး
မယ်ဆို ငါစိတ်ချပြီ။ ဆရာရွှေဇံက ခုလိုမလုပ်ခင် သေ
ချာ ဆုံးဖြတ်ဖို့ သတိပေးပါသေးတယ်။
ဘာလို့လဲဆိုရင် ဒီအရုပ်ကို ခြံထဲမြုပ်ပြီး ဆေးပက်လိုက်
တာနဲ့ အရုပ်က အသက်ဝင်ပြီ။ သစ်နက်သားလေးက
ဘခက်အိမ်ကို တစ်ပတ်ပြည့်အောင် ပတ်မှာ။
သက်မဲ့အရုပ်က အိမ်တစ်ပတ်ပြည့်အောင် ဘယ်လိုပတ်
နိုင်မှာလဲ မဟုတ်လား။ ပတ်နိုင်တာပေါ့ကွာ။ သာမာန်
သစ်နက်သားအရုပ်မှ မဟုတ်တော့တာ။
မကောင်းဆိုးရွား ပူးကပ်နေတဲ့ ဖုတ်ကောင်ကြီးတစ်ကောင်လို ဖြစ်နေပြီ။ ဖုတ်ကောင်ဝင်ပူးတယ်ဆိုတာ သက်
ရှိကိုပဲ ပူးကပ်နိုင်တာမဟုတ်မှန်း ငါသိခဲ့ရတယ်။
သက်မဲ့ကိုပူးကပ်ရင် ပိုတောင်ကြောက်ဖို့ကောင်းသေးတယ်။
သစ်နက်ရုပ်ထဲမှာ ဘခက်ရဲ့ ကိုယ်ပွား လက်
သည်း၊ ခြေသည်း ပါလို့ ဘခက်ရဲ့ သွေးသားအထိ ဒုက္ခ
ရောက်မှာအသေအချာပဲ။
အဲ့ဒီအိမ်မှာ နေတဲ့ ဘခက်သွေးသားဘယ်သူမဆို ကျိန်
စာမိရမယ်။ ငါချွေးနဲ့သွေးနဲ့ ဒုက္ခဆင်းရဲရောက်ပြီး ရှာခဲ့
စုထားခဲ့ရတဲ့ ပိုက်ဆံတွေဟာ အဲ့ဒီအိမ်ကြီးဖြစ်နေပြီ။
ဘခက်နဲ့ အိမ်ကြီးကို ငါကျိန်စာတိုက်တယ်။ ဘခက်မရှိ
တော့ရင်တောင် အဲ့ဒီအိမ်ဟာ ငါ့စိန်ထုပ်ကိုခိုးပြီး ဆောက်
ထားလို့ နေသမျှလူအကုန် ကျိန်စာထိစေရမယ်။
ဆရာရွှေဇံကတစ်ခုပြောတယ်။ ဒါကိုလုပ်ပြီးရင် ကိုယ်
လည်းပြန်ထိတတ်သတဲ့။ အဲ့တုန်းက ငါရယ်ခဲ့မိတယ်။
ငါကနစ်နာတဲ့သူ၊ ဘယ်လိုထိနိုင်မှာလဲဆိုပြီး ဂရုမစိုက်
ခဲ့ဘူး။
ဒီမကောင်းမှု အကုသိုလ်ကြီးဟာ ငါ့ဆီကို ကြောက်စရာ
ကောင်းလောက်အောင် တန်ပြန်လာလိမ့်မယ်လို့ မတွေး
မိဘူးလေ။
ခုတော့ ဘခက်ရဲ့ မသမာမှုကစခဲ့တဲ့အဖြစ်ကို ငါကလဲ့
စားချေမိတာကြောင့် ငါရော ဘခက်ရော ဘဝပျက်တာ
ထက်ဆိုးတဲ့ ချောက်ချားစရာအဖြစ်ကြီးကို အတူခံစား
နေရပြီ။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory