" ငါတစ်ကောင်တည်း မဟုတ်ဘူး ... နောက်ထပ် ရှိသေးတယ် "
lotaya.mpt.com.mm
|
2021-12-14

ကိုစံဝင်းခိုင်နှင့်ဦးကျော်ဆန်းတို့ ဒီအကြောင်းကို ညနေစောင်းကတည်းက အချီအချ ပြောနေကြခြင်း ဖြစ်သည်။ သူတို့ တစ္ဆေအကြောင်း ပြောနေကြခြင်း ဖြစ်သည်။

ယခုပင် ည ၇နာရီပင် ထိုးလုပြီ။မပြီးနိုင်သေး။ ဇာတ်ရှိန်က တက်နေကြ၏။ ဦးကျော်ဆန်းမိန်းမ ဒေါ်ခင်တင့်ပင် ရေနွေးကြမ်း နောက်တဘူးထပ်ဖြည့်ပေးပြီးပြီ ။ အခု သူတို့ပြောနေတဲ့ နောက်ဆုံးအကြောင်းအရာက သူတို့ ရပ်ကွက်ထိပ်က ဂိုဒေါင်ဟောင်းကြီး အကြောင်း။

ဂိုဒေါင်အဟောင်း အကြောင်းကို နာရီ ကြာအောင် ဋီကာချဲ့ ပြောစရာတော့ မရှိ။

သို့ပေမဲ့ အခုတလောလေးမှ ဂိုဒေါင်ဟောင်း အနီးက ရုတ်ခြည်း ထွက်ပေါ်လာတဲ့ တစ္ဆေတကောင်ကြောင့် ဇာချဲ့ပြောနေရခြင်း ဖြစ်၏။

ကိုစံဝင်းခိုင်က ရပ်ကွက်ထဲက လူအချို့ ဂိုဒေါင်ဟောင်းကြီး အရှေ့က လမ်းပေါ်မှာ တစ္ဆေတကောင် မကြာခဏ ထွက်ခြောက်လေ့ရှိကြောင်း။

ဘယ်သူတော့ဖြင့် ဂိုဒေါင်ဟောင်းရှေ့ဖြတ်လျှောက်ရာ ... တစ္ဆေက ဝါးတပြန်ခန့် အမြင့်ရှိသော ကိုယ်ကိုပြ၍ ချောက်လွှတ်လိုက်ကြောင်း။

ဘယ်သူကိုတော့ ညဘက်သန်းခေါင်မှာ ပုတ်တောင်းလောက်ခေါင်းကြီးနှင့် ခန္ဓာကိုယ်သေးသေးလေးကို ဖန်ဆင်း ခြောက်လှန့်လိုက်ကြောင်း။

စသဖြင့် ကိုစံဝင်းခိုင်က ပြောပြနေခြင်း ဖြစ်သည်။ သို့သော် ဦးကျော်ဆန်းက ကပ်သီးကပ်ဖဲ့ မေးလာ၏။

" နေပါအုံး စံဝင်းရ ၊ အဲ့ဒီ ဂိုဒေါင်တစ္ဆေက မင်းကို ခြောက်လွှတ်ဖူးလို့လား"

" ဟာဗျာ  ဦးလေးကျော်ကလဲ ... ဒီဟာတွေက တကယ်ကြီးဗျ၊ ကျုပ်လိမ်ညာပြောတာ တခုမှမပါဘူးရယ် "

ဦးကျော်ဆန်းက ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ...

"အေးလေကွာ၊ ငါက  မင်း... လိမ်ညာ ပြောတယ်လို့လဲ မဆိုရပေါင် စံဝင်းရယ် ၊ ငါ ပြောတာက မင်းကိုယ်တိုင် ကြုံခဲ့ရသလားလို့ပဲ မေးတာပါ ၊ သူများ ပြောတာကို ကြားရုံနဲ့တော့ ဇွတ်မျက်စိမှိတ် မယုံသင့်ဘူးပေါ့ ။ ဒီလို ပရလောကအဖြစ်အပျက်ဆိုတာ လူတွေက တစိပ်ကို တအိတ် လုပ်ချင်ကြတာမျိုး။ ချဲ့ကား ပြောတတ်တာမို့ပါ ၊ ဂိုဒေါင်ဟောင်းကို ဟိုအရင် ငါသိသလောက်က တစ္ဆေခြောက်တယ်လို့ တခါမှ မကြားမိပါဘူး  "

ကိုစံဝင်းခိုင်က ချက်ချင်းပဲ ....

" ကဲဗျာ ... ဦးလေးကျော်က မယုံဘူးဆိုတော့ ကျွန်တော်ကလဲ ပြောပြရသေးတာပေါ့ ၊ ဟိုကောင် ငမည်း သက်တင်ရယ်လေ ၊ ဝက်သားသည် မချစ်ရဲ့ ယောက်ကျား ကားပွဲစား ၊ သူ့တော့သိတယ်မို့လား "

" သက်တင်ကို ငါ မသိဘဲလား စံဝင်းရ၊ မိန်းမက ဝင်ငွေကောင်းတော့ ဒီကောင် ကားပွဲစားယောင်ယောင် ဘာယောင်ယောင်နဲ့ဟာ ၊ ငါနဲ့လဲ ရင်းနီးသားဟာ ၊ရင်းနီးဆို ဆွေမျိုးမကင်းဘူးဟ။ ကဲ ပြောစမ်းပါအုံး သက်တင်က ဘာဖြစ်လဲ "

" ဘာဖြစ်ရမလဲ ... ဒီကောင် ဟိုတညက အခြောက်ခံရတာလဲ အဲ့ဒီဂိုဒေါင်အရှေ့က လမ်းပေါ်ပဲ ။

    ကားပွိုင့်တည့်လို့ အဲ့ဒီညက မိုးချုပ်တဲ့အထိ ကားပွဲစားတွေနဲ့ သောက်စားတာနေမှာပေါ့။  ည ၁၁နာရီထိုး ဂိုဒေါင်ရှေ့က တယောက်တည်း အပြန် တစ္ဆေအခြောက်ခံရသတဲ့။

    သူ့မိန်းမ မချစ် တဈေးလုံး လှည့်ပြောပြနေတာ တရပ်ကွက်လုံး အသိပဲ ။ ခင်ဗျားကောင် သက်တင် ၃ရက်လောက် ဖျားယူတယ် ၊ ဆရာဝန်တောင် အိမ်ပင့်ရသတဲ့ "

" နေပါအုံး စံဝင်းရ ၊ သက်တင်က အဲ့ဒီအချိန် ဘာနဲ့ ပြန်တာလဲ ၊ ခြေလျင် ပြန်လာတာလား "

" မဟုတ်ဘူးဗျ ၊ သူ့ ခွေးဘီလူးကားလေးနဲ့ တယောက်တည်း ပြန်လာတာ ၊ အဲ့ဒီနားကျမှ အပေါ့စွန့်ချင်လို့ ဆင်းပြီး အပေါ့သွားတုန်း အခြောက်ခံရတာတဲ့  "

" ဘယ်လို အခြောက်ခံရတာတုန်း စံဝင်းရ ၊ ရှင်းအောင်ပြောအုံးမှပေါ့ "

ထိုအခိုက် ဦးကျော်ဆန်းတို့ ခြံဝိုင်းထဲသို့ ကားပွဲစား သက်တင်သည် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဝင်ချလာ၏။

ဦးကျော်ဆန်းရော ကိုစံဝင်းခိုင်ပါ အံဩသွားကြသည်။ ရှေ့ပြော နောက်ကြည့်ဆိုတဲ့စကား တယ်မှန်ပါလားဟု ဦးကျော်ဆန်း တွေးလိုက်မိရင်း...

" လာဟေ့  သက်တင် ၊ ဘယ်က လှည့်လာတာတုန်းကွ "

" ဒီကို သက်သက်လာတာ ဦးကျော်၊

ဒေါ်လေး ခင်တင့်ရော အိမ်မှာ ရှိလား "

" ရှိပါ့ကွာ ၊ ဟေး မခင်တင့် ၊ ဒီမှာ မင်းတူ သက်တင် ရောက်နေသဟေ့၊ ထွက်ခဲ့ပါအုံး "

ခေါ်သံကြား၍ ဒေါ်ခင်တင့် ထွက်လာ၏။ သက်တင်ကို မြင်တော့

" ဟော မောင်သက် ၊ ဘယ်တုန်းက ရောက်နေတာတုန်း "

" အခု ရောက်တာ ဒေါ်လေး ၊ မချစ်က လာမယ့် ဥပုသ်နေ့ကျရင် အိမ်ကို လာခဲ့ပါအုံးတဲ့ ၊ ဟိုတခါ ဒေါ်လေး လိုက်ပို့ပေးတဲ့ အကြားအမြင် ဆရာမဆီကို သွားချင်လို့ဆိုလား "

"  ဒီကနေ့က အဝေးဖိတ်ဆိုတော့ သဘက်ခါ ပေါ့။ အေးပါ ဒေါ်လေး လာခဲ့မယ်လေ ၊ သွားကြတာပေါ့ ။

    ဘာလဲ ဒီတခါရော မောင်သက် ရောင်းမှားဝယ်မှား ထပ် ဖြစ်ပြန်ပြီလား ။ လူလိမ်တွေကလည်း ပေါသကွယ်။

အရောင်းအဝယ် လုပ်မယ်ဆို သေသေချာချာ စစ်ဆေးပြီးမှ လုပ်ကြပေါ့၊

     ဆုံးရှုံးရင် ကိုယ်ပဲ ခံရမှာ။ နည်းနည်းနောနော ငွေလဲမဟုတ် "

" ဒီတခါ  ရောင်းမှားဝယ်မှား မဟုတ်ဘူး ဒေါ်လေးရေ ၊ အဒေါ့်တူမ ပစ္စည်းပျောက်လို့ ၊ ပြန်ရ မရ မေးချင်လို့တဲ့ ။ မနက်ဖြန် ဝက်သား အော်ဒါ အချိန်၂၀ ပေးရမှာမို့ ၊ သဘက်ခါ သွားမယ် ပြောတာ။ အမှန်က ဒီကနေ့ သွားချင်တာတဲ့ "

" ဟဲ့  ဆရာမကြီးက ညနေဘက်ဆို မဟောဘူးလေ ၊ အခုပဲ ည ၇နာရီကျော်နေပြီ "

ဒေါ်ခင်တင့်နဲ့ စကားပြောပြီး ၊ ကားပွဲစား သက်တင်က ဦးကျော်ဆန်းတို့ စကားဝိုင်း ဝင်ထိုင်သည်။ ဦးကျော်ဆန်းက သက်တင်နဲ့ ဆွေရိပ်မျိုးရိပ် မကင်းသူ။ ဒီလိုနဲ့  ဦးကျော်ဆန်းက

" မင်း အသက်ရှည်အုံးမှာ သက်တင်ရ။ ငါတို့ ခုလေးတင်ပဲ မင်း အကြောင်း ပြောနေကြတာ " ဟု စကားစချီကာ သက်တင် ဂိုဒေါင်အဟောင်းရှေ့၌ တစ္ဆေခြောက်ခံရခြင်းကို မေးမြန်းလိုက်သည်။

သက်တင် မျက်နှာ ပျက်ယွင်းသွားသည်။ မျက်လုံးတွေက သူ တစ္ဆေ အခြောက်ခံရစဉ်က အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်သွားလေသလား မဆိုတတ်။ တောင်ရွေ့မြောက်ရွေ့နှင့် ဂဏှာမငြိမ်ချင်တော့ပေ။

ဦးကျော်ဆန်းက သက်တင်က ရေနွေးကြမ်းတခွက် ပေးသောက်စေလိုက်သည်။သက်တင်က ရေနွေးပူပူ ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ရင်း

" ပြန်တွေးမိရင်ကို ကြက်သီးဖျန်းဖျန်ထတယ် ဦးလေးကျော် ၊ အဲ့ဒီညက

ကျွန်တော် အိမ်အပြန် နောက်ကျမိတာကို နောင်တရမဆုံးဘူး ၊ တကယ်ကို ကြောက်စရာ ကောင်းပါတယ် ဦးလေးကျော်ရယ် ... "

သက်တင် လွန်ခဲ့သော ရက်တပါတ်က အဖြစ်အပျက်တို့ကို မျက်လုံးထဲ မြင်ယောင်လာ၏။

             ____________

အခန်း၂။

ကားတစ်စီးတည့်ဖို့  ပွဲစား၄ယောက်လောက် အာဘောင်အာရင်းသန်သန်ဖြင့် ကားကောင်းကြောင်းကို ဝေဝေဆာဆာ ပြောရသည်။ အာညောင်းသည်ဆိုတဲ့ စကားလုံးကို သက်တင် ကားပွဲစားဖြစ်မှ နားလည်တော့၏။

ကားတစ်စီးတည့်သွားတော့ ပွဲခကို ၄ယောက်ခွဲယူကြသည်။ ဟိုစစ် ဒီစစ် ဟိုညှိ ဒီညှိနဲ့ ရောင်းသူနှင့်ဝယ်သူအကြား ပြေလည်အောင် လုပ်ပေးရင်း ပွဲခ ၃သိန်း အပြည့်မရတော့။ ၅သောင်းလျော့သွား၏။ အဲ့ဒီတော့ တယောက် ၅သောင်း ခွဲယူပြီး၊ ပိုတဲ့ ၅သောင်းကို ဘီယာသောက်ကြရန် သဘောတူလိုက်ကြသည်။

သို့ဖြင့် သောက်ကြစားကြရင်း ညဉ့်နက်သွားသည်။ အပြန်မှာ သူငယ်ချင်းတွေ လိုက်ပို့ရင်း အချိန်က ထပ်လင့်ပြန်၏။ဇနီးဖြစ်သူ မချစ်က စိတ်မချ၍ ဖုန်းတဂွမ်ဂွမ် ဆက်နေပြီ။ လာပြီ လာပြီဟု နှစ်သိမ့်ရ၏။

မချစ် စိုးရိမ်သည်က သူ ... သူငယ်ချင်းများနှင့် Ktv တို့ မာဆတ်တို့ ဆက်သွားကဲမည်ကို စိုးရိမ်ခြင်းပင်။

ရှေ့သွားတွေက ရှိထားသည်မဟုတ်လား။ ဟိုတလောကပဲ သက်တင်ဘော်ဒါ ကိုဆန်း ktv က ကောင်မလေးနဲ့ ဇယားရွေ့သွားသည်ကို မချစ်က သိထား၏။ ကိုဆန်းမှာ မယားရှိ၏။ သား၂ယောက် ရှိ၏။ ဒီလူ သံယောဇဉ် အားလုံးဖြတ်သွားနိုင်သည်က အံဩစရာ။ အဲ့သလို ရက်စက်တဲ့ နှလုံးသား ရှိသူ ယောက်ကျားက ချစ်ပါတယ် လို့ ပြောတာလည်း ယုံတဲ့သူက ယုံ၏။ မခက်ဘူးလား။

ယောက်ကျားတွေသဘောက အသက်၃၀ကျော်လာလျင် ခြံခုန်ချင်လာ၏။ အိမ်က မိန်းမ ဘယ်လောက် ချောချောလှလှ ၊ K tv က ကောင်မလေးတွေ ကိုကြီး၊ ကိုကို ၊ ဦး ဟုခေါ်သော ချွဲပျစ်ပျစ် အသံလေးတွေကို သဘောခွေ့တတ်ကြသည်လေ။

ထိုသို့သော ချုစား မြူစားသည့် ကောင်မငယ်ငယ်လေးများရှေ့ဆို နွားပြာကြီး အောက်သွားမရှိသလို တဟီးဟီးတဟားဟားနဲ့ ဖြီးလို့ယီးလို့။ အိမ်က မယားရှေ့ သားသမီးတွေရှေ့ကျ အထက်တန်း ကျောင်းအုပ်ဆရာကြီး တယောက်ရဲ့မျက်နှာထားနဲ့ အိန္ဒြေဓာတ်ဖမ်းတတ်ကြ၏။

ဒါတွေကို သိထားတဲ့ မချစ်က သူ့ယောကျ်ားကို စိတ်မချတာ မဆန်း။ သက်တင်က အသားသာမည်းတာ၊ တော့ကီ ကြွယ်သည်လေ။ ပြီးတော့ သူတို့လင်မယားမှာ ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးမျှင်လေးတွေ မရှိသေး။ သားသမီး မထွန်းကားကြသေးဘူး။

မချစ်က သက်တင်အား  သူ ဈေးရောင်း ကျွေးပါ့မယ်၊ အိမ်မှာပဲ နေပါဆိုတာတောင် သက်တင်က မနေနိုင်။ အလုပ်မရှိရင် မနေတတ်လို့ပါဟု အကြောင်းပြပြီး ကားပွဲစား လုပ်နေခြင်းသာ။တကယ်တော့ ကားပွဲစားဆိုတာလည်း မည်ကာမတ္တရယ်။ ဝိုင်းထဲသွား လ္ဘက်ရည်ဆိုင်ထိုင်၊ ဘော်ဒါတွေနဲ့ ဟီးလေးဟားလေး လုပ်ချင်၍သာ။

မချစ်က သက်တင်အား အရမ်းချစ်တော့ အလိုလိုက်ထားရှာ၏။ သက်တင်က မချစ်ထက် ၇နှစ်လောက် ငယ်သည်။

ထိုထိုသော အကြောင်းမျိုးစုံတွေက အရင်းခံလေတော့ မချစ်  သက်တင်အား စိတ်မချ။ ဒါကြောင့် သက်တင် ည၈နာရီထိုးလို့ အိမ်ပြန်မရောက်သေးရင် ဖုန်းတဂွမ်ဂွမ် ဆက်လေ့ရှိ၏။

ယခုလည်း ကားမောင်းရင်း သက်တင် ဖုန်းဖြေနေရသည်။

" ရောက်တော့မှာ မချစ်ရ ၊ အခုပဲ ရပ်ကွက်ထိပ် ရောက်နေပါပြီဆို "

" ဟင်း ... မင်းကသာ ရောက်တော့မှာ ရောက်တော့မှာ ပြောနေတာလေ။ အဲ့ဒီ ရောက်တော့မှာပါက လွန်ခဲ့တဲ့ တနာရီလောက်ကတည်းက။ကိုယ့်မိန်းမက မနက် အစောကြီး ဈေးထရောင်းရအုံးမှာ သိရဲ့သားနဲ့၊ အိမ်ပြန်ချိန်လေးတော့ ဂရုစိုက်အုံးမှပေါ့ မောင်သက်ရယ် ၊ ငါ့မှာ မင်းမလာမချင်း ထိုင်စောင့်နေရတာ။ အိပ်ချင်တာလဲ မအိပ်ရ ။ တကယ်ပါပဲ "

ကား စီယာတိုင်ကို လက်တဖက်က ထိမ်းရင်း သက်တင်က ...

" ဒီတခါတော့ ခွင့်လွှတ်ပါ မိန်းမရယ်၊ နောက်နေ့ ဒါမျိုး မဖြစ်စေရပါဘူး။ ကဲပါ ဖုန်းချလိုက်တော့မယ်။ ဒီမှာ ဂိုဒေါင်ဟောင်းထိပ်တောင် ရောက်တော့မယ် "

" အင်းပါ  အဲ့ဒါဆိုလဲ ပြီးတာပဲ ၊ ခြံတံခါး သော့ဖွင့်ထားတယ် ၊ တံခါးတော့ လှပ်မထားဘူး ။ စေ့ထားလိုက်တယ်။ ကိုယ်ဟာကိုယ် ဆင်းဖွင့်လိုက်တော့နော် ။ ဘုရား ရှိခိုးလိုက်အုံးမယ် "

သက်တင် ဖုန်းကို ကားဒက်ရှ်ဘုတ်ပေါ် ပစ်တင်လိုက်သည်။ အမှန်တော့ မိန်းမက ခေါ်နေလို့သာ ပြန်လာရသည်။ သူ့ အလိုတိုင်းသာဆို မပြန်ချင်သေး။ဘော်ဒါတသင်းနဲ့ Ktv သွားကဲချင်သေးတာ။ ကောင်မလေးတွေနဲ့ သီချင်းဟစ်ချင်သေးတာ။ အမှန်က သီချင်းဆိုတာထက် အီစီကလီလေး လုပ်ချင်တဲ့သဘော။ သို့ပေမဲ့  မချစ်က ဖုန်းတဂွမ်ဂွမ် ဆက်နေ၍ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ညနေကတောင် Starlight Ktvက ညိုမီဆိုသော ကောင်မလေးက သူ့ကို ဖုန်းဆက်နေသေးသည်။ ကိုကြီး ဒီနေ့ည လာမှာလားတဲ့ ။ကိုကြီးကို မီး အရမ်း လွမ်းနေတယ်ဆိုပါလား ။ သက်တင်လို အမည်းကောင်ကို လွမ်းတယ်ဆိုတော့ သက်တင်ကို လွမ်းတာတော့ မဖြစ်နိုင်၊ သက်တင် အိတ်ကပ်ထဲက ဆင်ဖြူတော်တော်တွေကို လွမ်းတာပဲ ဖြစ်လိမ့်မည်။ ဆိုင်က ကောင်မလေးတွေဆိုတာက ဒီလိုပဲ သူတို့ ဖောက်သည်ကာစတန်မာကို ဖုန်းလေးတွေနဲ့ မြူဆွယ်ဖိတ်ခေါ်ကြတာ ဆန်းမှ မဆန်းပဲလေ။

ဒါကို သက်တင်ကမသိ။ ကောင်မလေးက သူ့အား ကြွေနေသည်ဟုသာ အောက်မေ့ရှာ၏။ ညိုမီရှိသော Ktv ကို သွားချင်သည်မှာ ရင်ထဲ ကလိကလိနဲ့ အူယားနေရှာ၏။

တွေးရင်းနဲ့ သက်တင်ခမျာ မျက်လုံးထဲမှာ ကိုယ်လုံး ဆူဆူဖြိုးဖြိုးလေးနဲ့ မျက်နှာလေး နုနုရွရွ ၊လှသွေးကြွယ်သူ ညိုမီကို မြင်ယောင်နေမိသည်။ ထိုအခိုက် သူ၏ ကားသည် ဂိုဒေါင်အဟောင်းကြီး ရှေ့က လမ်းပေါ်သို့ ရောက်လာ၏။

ဂိုဒေါင်ဟောင်းကြီးသည် လရောင်အောက်တွင် မည်းညစ်ညစ်နှင့် တစ္ဆေတကောင် ငုတ်တုတ် ထိုင်နေသည်အလား ရှိလေ၏။ လူနေထိုင်မှု မရှိ၊ အသုံးမပြုဘဲ ပစ်ထားသည်မှာ ကြာတော့ အလေ့ကျပေါက်ပင်များကလည်း ဂိုဒေါင်ဟောင်း ဝန်းကျင်မှာ အပြိုင်းအရိုင်း ပေါက်နေကြသည်။ ခြောက်သွေ့ရာသီမို့ အရိုးပြိုင်းပြိုင်း ဘော်စကိုင်းအပင်များ၏ လက်တံရိုးများက ထိုးထိုးထောင်ထောင်။ရုတ်တရက် ကြည့်လိုက်လျင် တစ္ဆေတွေ ယိမ်းတိုက်ကနေသည့်ဟန်။

ရပ်ကွက်က လူတွေ အမှိုက်လာပစ်ကြတာကြောင့် စားကျွင်းစားကျန်အညှီအဟောက်တို့ကို လာဆွဲကြသည့် မြေကြွက်ကြီးများမှာ ကြောင်ပေါက်စတကောင်၏ ကိုယ်ခန္ဓာနဲ့ မခြားပေ။ လွတ်လပ်စွာ ကြီးထွားကြကုန်၏။

မြေကြွက်ကြီးများကြောင့် မြေကျွင်းပေါက်များကလည်း နေရာအနှံ့။ ကြွက်စာပုံတို့ကလည်း ရှုပ်ပွနေတော့၏။ ဂိုဒေါင် ဝန်းအတွင်းသို့ ဝင်ရန် အလွန်လွယ်လေ၏။ ရှေ့က ခြံတံခါးသည် သော့မရှိ။ တံခါးရွက်များက အမြဲ ဟပြဲရှိလေ၏။

ဂိုဒေါင်ဝင်းတံခါးတင်လားဆိုတော့မဟုတ်။ ပင်မဂိုဒေါင်ကြီး၌လည်း တံခါးရွက်များ မရှိတော့ချေ။ ပတ္တာတွေ ပြုတ်ပြီး တံခါးရွက်တွေက မြေပေါ်၌ သက်သက်သာသာ ခွေလျောင်းလို့နေကြသည်။

ဟောင်းနွမ်းခြင်းနှင့် အပျက်အစီးတို့သာ ဖုံးလွှမ်းနေသော ဂိုဒေါင်အဟောင်းတခု ဖြစ်သည်။

ရံဖန်ရံခါ ကလေးများ ဝင်ရောက်ဆော့ကစားကြ၏။ စိတ်မနှံ့သူ သူရူးတို့ ခေတ္တနားခိုရာလည်းဖြစ်၏။

ဘယ်သူကမှတော့ ဤဂိုဒေါင်တွင် အတည်တကျ လာမနေ။ဂိုဒေါင်မှာ အမိုးလည်း မလုံတော့သလို အချို့နေရာများမှာ အကာအရံသွပ်ပြားတို့ ကွာကျလျက်ရှိ၏။

အနံ့အသက်လည်း မကောင်း။ အောက်သိုးသိုး အနံ့က ဟောင်နေ၏။ တရပ်ကွက်လုံးက အမှိုက်သရိုက်များ စားကျွင်းစားကျန်များ လာရောက်စွန့်ပစ်ကြသည်မဟုတ်လား။

ဤနေရာသည် အထူးသဖြင့်တော့ မြေကြွက်ကြီးများ မင်းမူရာ နေရာ ဖြစ်နေတော့သည်။

သက်တင် ဂိုဒေါင်ဟောင်း အရှေ့ရောက်မှ ဆီးအိမ်တင်းလါ၏။ သူ မတရား အပေါ့စွန့်ချင်လာသဖြင့် ကားကို ရပ်၍ အောက်ဆင်းခဲ့သည်။

ဒီနေရာက လူကလည်းပြတ်၊ အသွားအလာလည်း ကျဲသဖြင့် သူ လွတ်လပ်စွာ မတ်တတ်ရပ်၍ အပေါ့စွန့်နေလိုက်သည်။ သောက်ထားတဲ့ ဘီယာတန်ခိုးက ပြပြီလေ။ ဆီးကြောရှည်နေ၏။

အဲ့ဒီအချိန် သူ့နှာခေါင်းထဲကို အနံ့တခု ပြင်းရှစွာ ဟောင်ခနဲ တိုးဝင်လာ၏။ အနံ့က အပုပ်နံ့ ။ ကြွက်သေပုပ်နံ့ဟု ထင်မိသည်။ ပုပ်အဲ့အဲ့ နံဟောင်နေ၏။

အမြဲတန်း ဟပြဲပြဲ ဖြစ်နေတဲ့ ဂိုဒေါင်ဟောင်းကြီးရဲ့ ခြံတံခါးတစ်ဖက်က ထူးထူးဆန်းဆန်း လေမတိုက်ဘဲ ဗျန်းခနဲ ရွေ့လျားသွား၏။

သက်တင်  လန့်ဖျန့်ပြီး ဘောင်းဘီဇစ်ကို ဆွဲတင်လိုက်မိသည်။ ပြီးတော့ ပွင့်သွားတဲ့ ခြံတံခါးကြီးကို အကြောင်သား ငေးကြည့်လိုက်တော့ ...

" ဟင်! ဘယ်သူပါလိမ့် ... ဂိုဒေါင်ဘက်ကို တယောက်တည်း သွားနေတာ ... ဟိုက်! မိန်းကလေးဟ ၊ သတ္တိကောင်းလှချည်လား "

သက်တင် မြင်နေရသည်။ သူ့အား ကျောပေး၍ ဂိုဒေါင်ဟောင်းကြီး ရှိရာသို့ တလှုပ်လှုပ်နဲ့ သွားနေသူ ။ ကျောမလယ်လောက်ထိ ရှည်လျားသော ဆံနွယ်များကို ဖားလျား ချထား၏။ နောက်ကျောခိုင်းအနေအထားအရ မြင်ရသည်က ပြည့်ဖြိုးသော ကိုယ်လုံးလေး။ ခါးသေး၏။တင်ကား၏။ ကိုယ်နေဟန် မိန်းမပီသစွာ လှပသည်။ မျက်နှာတော့ မမြင်ရ၍ လှသလား မသိနိုင်။

သက်တင် စိတ်ထဲ အံဩမိသလို ၊ စိတ်ဝင်စားသွားသည်။ ဒီမိန်းကလေး ဂိုဒေါင်ဟောင်းဘက်ကို ညအချိန်မတော်ကြီးမှ တယောက်တည်း ဘာသွားလုပ်တာလဲဆိုတာ သိချင်စိတ် ပြင်းပြလာ၏။ လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့ဖြင့် သက်တင်သည် အနှီမိန်းကလေးအပေါ် စိတ်ဝင်စားပုံများ၊ ကားတံခါးတောင် လော့ချမသွားနိုင်ချေ။ ကောက်ကောက်ပါအောင် လိုက်သွားလေ၏။

              ___________

အခန်း၃။

" ဝု  အု  အူး  "

" ဝု   ဝူး   ဝူး   "

ညအချိန် အမှောင်ထဲ၌  ခွေးများ ကြောင်များ၏ မျက်လုံးများမှာ အရောင်တောက်ပလေ့ရှိကြ၏။

ယခုလည်း ခွေးအချို့သည် အမှိုက်ပုံမှာ စားကျွင်းစားကျန်များ လာရောက် မွှေနှောက်ထိုးဖွကြရာမှ ရုတ်ချည်း ထ၍ အူလိုက်ကြသည်။

တိတ်ဆိတ်သော ညဉ့်ယံမှာ  နီရဲနေကြသော မျက်လုံးပေါင်းများစွာက ဂိုဒေါင်အဟောင်းကြီးရှိရာဆီသို့ မျှော်ကြည့်ကြရင်း စူးစူးဝါးဝါး ထိုးအူလိုက်သည်ဖြစ်ရာ ကိုစပ်စု သက်တင်ခင်မျာ ခွေးများဘက်သို့ လှည့်ကြည့်ပြီးသကာလ ကြက်သီးဖျန်းဖျန်း ထသွားလေတော့၏။

" ဖွဟဲ့  ဘုရား  ဘုရား ၊ ခွေးတွေကလဲ  ဒီအချိန်ကျမှ လာအူနေကြတယ်၊ သွားစမ်း  သွားကြစမ်း ဟိတ် ရှုး  ရှုး "

သက်တင် ကြောက်ကြောက်နဲ့ ခဲလုံးတလုံးကို ကောက်ယူ၍ ခွေးများ အစုသို့ ပစ်ပေါက်လိုက်သည်။ မှန် မမှန်တော့ မသိ။ ခွေးအုပ်စုသည် ခဲကျလာသည်ဖြစ်ရာ ၊ ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခွာသွားကြလေ၏။

ထိုအခါမှ သက်တင်သည် မိန်းကလေး ရှိရာသို့ ပြန်လှည့်ကြည့်မိသည်ဖြစ်ရာ ၊ မရှိတော့သည်ကို သိရ၏။

" ဟင်! ဘယ်ပျောက်သွားတာလဲ "

" ေဩာ် ... ဂိုဒေါင်ထဲ ဝင်သွားတယ် ထင်ရဲ့ ၊ အထဲမှာ တယောက်ယောက်နဲ့ ချိန်းထားလို့များလား "

သက်တင် ထိုသို့ စဉ်းစားဝေဘန်နေချိန်၌  ဂိုဒေါင်ထဲမှ သီချင်းသံလိုလို၊ ငြီးတွားသံလိုလို အသံလေးတခု ထွက်ပေါ်လာ၏။ သူ  ထိုအသံအပေါ် အာရုံစိုက်၍ နားထောင်လိုက်မိသည်။

အသံသည် တိုးညှင်းလွန်းနေသလို၊ အင်မတန်မှလည်း လေးတိလေးကန် နိုင်လှသည်။ အသေအချာ နားစိုက် ထောင်ကြည့်မှ မွေးနေ့ဆုမွန်တောင်းသည့် သီချင်း ဖြစ်နေ၏။ သို့သော် သူ ကြားဖူးနေကျကဲ့သို့ ပျော်ရွှင်ဖွယ်ရာ တက်ကြွဖွယ်ရာ မကောင်း။

လေးတိလေးကန် သီချင်းသံက ဝမ်းနည်းနာကျင်ဖွယ်ရာ ကောင်းနေတော့သည်။

" ဟက် ပီး ...    ဘာ့သ်  ဒေး  ...   တူးယူ ... ဟက်ပီး ...  ဘာ့သ်ဒေး ... ဒီးယားဖရန့် ...  ဟက်ပီး  ... ဘာ့သ်ဒေး  ... တူး ... ယူ .... "

များသောအားဖြင့် ဒီလို မွေးနေ့ဆုမွန် သီချင်းသံသည် လူအနည်းငယ်၏ လက်ခုပ်သံစည်းချက်နှင့်အတူ ကြားရမြဲ ဖြစ်သော်လည်း ယခုအခါ၌ လက်ခုပ်သံသည် လုံးဝ ဆိတ်ငြိမ်နေပြန်၏။ ထူးခြားနေသည်။

သက်တင် ပိုမို၍ စိတ်ဝင်စားသွားသည် ဖြစ်ရာ၊အသံထွက်ပေါ်ရာ ဂိုဒေါင်အဟောင်းထဲသို့ ဝင်သွားလိုက်တော့သည်။

စောစောက ပြောခဲ့သလိုပါပဲ ဂိုဒေါင်အဟောင်းဟာ အမိုးသွပ်ပြားတွေ ပေါက်ပြဲနေခြင်း ၊ အကာအရံတွေ ကွာကျပေါက်ပြဲနေခြင်းကြောင့် အပြင်က လရောင်ဟာ ဂိုဒေါင်အတွင်းကို ဖြာကျ အလင်းပေးနေပါ၏။

ဂိုဒေါင်ကြီး ရှည်လျား ကျယ်ဝန်း၏။ ကြမ်းပြင် သမံတလင်း နေရာအချို့တို့မှာ အမိုးမလုံခြင်းကြောင့် မိုးရေဖြင့် ပေါက်ပြဲ ဆားပေါက်နေကြလေပြီ။ ဆာလာအိတ်အဟောင်းများ၊ဂုံနီအိတ်အဟောင်းများမှာ ဂိုဒေါင်ကြမ်းပြင်အနှံ့ ကြွက်များက ကိုက်ဖြတ် တစစီပြုကာ ပွစာခတ်နေလေ၏။

ခပ်လှမ်းလှမ်းက ဂိုဒေါင်ထိပ် အလည်တည့်တည့်မှာတော့ သက်တင် ရှာဖွေနေသော ကောင်မလေးကို တွေ့လိုက်ရပါပြီ။

စားပွဲပုလေးတလုံးအရှေ့တွင် ဒူးဒေါက်ကာ သက်တင်ဘက်ကို ကျောပေးအနေအထားဖြင့် ထိုင်နေသည်။

ဒီတခါတော့ သက်တင် ကောင်မလေးကို မိမိရရ လှမ်းမေးလိုက်သည်။

" ညီမလေး  ... မင်း တယောက်တည်းလား ၊ အဖော်တွေမပါဘူးလား "

သက်တင်အသံက ဂိုဒေါင်ထဲ ဟိန်းထွက်လာလောက်အောင် ကျယ်ပါ၏။ မူးလည်း မူးနေတော့ သက်တင်အသံက ခပ်ကျယ်ကျယ်။

သို့သော် ... စားပွဲခုံရှေ့က ကောင်မလေးသည် သက်တင်အား ရှိလေသည်ဟုပင် မအောက်မေ့။ ပကတိ ငြိမ်သက်တိတ်ဆိတ်လျက်ရှိသည်။ သာမန်မိန်းကလေးဆို ဒီဂိုဒေါင်အဟောင်းကြီးထဲမှာ သူစိမ်းယောက်ကျားတဦးအသံကြားလိုက်ရပါက ကြောက်လန့်စိတ်ဖြင့် လှည့်ကြည့်မိမည်မှာ အမှန်ပင်။

ယခုတော့ မိန်းကလေးသည် နားပင်းနေသူအလား။ သက်တင်အား လုံးဝ ဂရုမစိုက်ပဲ နေစိမ့်၏။အံဩဖွယ်ရာပင်။

လရောင်ဖြာကျသော နေရာ၌ မိန်းကလေးသည် ပုံပုံကလေး ကျောပေးထိုင်နေသည်ဖြစ်ရာ

သူမ ဝတ်ဆင်ထားသော အဝတ်တို့ကို ထင်ရှားစွာ မြင်နေရ၏။ ပွဲနေပွဲထိုင် သွားသည့် အဝတ်တို့ဖြစ်မည်။

ပုဇွန်ဆီရောင် အင်ဒိုနီးရှား ပါတိတ် ဝမ်းဆက်ကို ဝတ်ဆင်ထား၏။ ကိုယ်လုံးအချိုးအစား အလွန်ပသူ ဖြစ်သဖြင့် နောက်ကျောပေး အနေအထား မြင်ရသည်ပင် ကျက်သရေရှိလှသည်။ အင်္ကျီမှာ ကိုယ်တိုင်းကျနစွာ ချုပ်ထားသော ရင်ဖုံးလက်ပြတ် ဖြစ်ဟန်တူ၏။ ဝင်းမွတ်သော လက်မောင်းသားမှာ လရောင်၌ စိုပြေနေ၏။

သက်တင်သည် တိုးကပ်လာသည်ဖြစ်ရာ ၊ စားပွဲခုံလေးပေါ်က ကိတ်မုန့်ကို မြင်ရချေပြီ။

အသည်းပုံဖော်ထားသော ကိတ်မုန့်ပေါ်၍  စာတန်းတကြောင်းဖော်ထား၏။

" ဇင်သူငြိမ်း ၁၉နှစ်ပြည့်မွေးနေ့ "

ဖယောင်းတိုင်လေးများ စုစုပေါင်း ၁၉တိုင် မှာ မီးငြိမ်းလျက်သားရှိသည်။ ခုနက ဘာ့သ်ဒေးဝစ်ချ် သီချင်းဆိုအပြီး၌ မှုတ်ငြိမ်းထားသည် ဖြစ်တန်ရာ၏။

သက်တင် ထိုသို့ကြည့်နေစဉ်မှာ မိန်းကလေးသည် မတ်တတ်ရပ်လာ၏။

ကျောပေးအနေအထားဖြင့်ပင် ထလာခြင်း ဖြစ်သည်။

ထိုင်ရာမှ အထတွင် ရင်ဖုံးခါးတိုအင်္ကျီစသည် အပေါ်သို့ လိပ်တက်သွားသည်ဖြစ်ရာ ခါးသား ဝင်းဝင်းကလေးက သက်တင်အရှေ့ နီးကပ်စွာ ပေါ်လာ၏။ သက်တင်သည် တပ်မက်သောစိတ်ဖြင့် ကြည့်မိလေ၏။

မိန်းကလေးသည် ချက်ချင်းပဲ ပေါ်သွားသော ခါးကို အင်္ကျီအောက်နားစဖြင့် အသာအယာ ဆွဲဆန့် ဖိဖုံးလိုက်သည်။

" မွေးနေ့ လာဂုဏ်ပြုတာလား "

အနှီ ကောင်မလေးထံမှ ထွက်ပေါ်လာသော စကားဖြစ်သည်။ စကားသံမှာ သေးသေးစူစူးလေး ဖြစ်၏။ တမင် လုပ်ယူထားသော လေသံဟု အောက်မေ့မိသည်။

သက်တင် သူ့ကို ပြန်အရေးလုပ်လာသော ကောင်မလေးကြောင့် ဝမ်းသာသွားရသည်။ ထို့ကြောင့် စကားရောဖောရွှေ လုပ်ကာ ...

" အင်း ... ဟုတ်တယ်။ ဇင်သူငြိမ်း တယောက်တည်း မွေးနေ့ ကျင်းပနေတာ ပျင်းစရာကြီး ။ ဒါကြောင့် အစ်ကိုကြီး လာအားပေးတာလေ ဟီးဟီး "

ကောင်မလေးက လှည့်မကြည့်ဘဲ အသံထွက် ရယ်လိုက်၏။

" ခစ် ... "

" အံမယ် ... အဖော်ရပြီဆိုတော့ ပျော်သွားပြီ ထင်တယ် ။ အစ်ကိုကြီးနာမည်က ကိုသက်တင်တဲ့ ။ အခုမှ ဆုံကြပေမဲ့ ကိုယ့်အစ်ကိုကြီးလို သဘောထားပေါ့ "

သက်တင်က တရင်းတနှီး ဆိုလိုက်၏။

ထိုအခါ ကောင်မလေးထံမှ လုပ်ယူထားသော အသံစူးသေးသေးလေး ထပ်မံ ထွက်လာပြန်၏။

" ဇင်ဇင့်နာမည်ကို သိလို့လား ။ ခုနက ဇင်ဇင့်နာမည်အရင်းကို အစ်ကို ခေါ်လိုက်သလားလို့လေ "

ထိုအခါ သက်တင်က သဘောကျဟန်ဖြင့် ...

" ဟဲ ဟဲ ဒါက အလွယ်လေးပါ ဇင်ဇင်ရယ် ဇင်ဇင့်မွေးနေ့ကိတ်မှာရေးထားတာဖတ်ပြီးအကို ၊ ဒါနဲ့ဇင်ဇင့်အသက် (၁၉) နှစ်ပြည့်တာလား"

ကောင်မလေးဘက်က ငြိမ်သွားပြန်သည်။ သက်တင်ကပဲ သိချင်နေတာကို ဆက်မေး၏။

" ဘာဖြစ်လို့ ... လူမရှိတဲ့ ဒီဂိုဒေါင်ဟောင်းထဲမှာ မွေးနေ့ကို လာကျင်းပတာလဲ။ပြီးတော့ အဖော်လဲ မပါဘူး။ ဇင်ဇင် တယောက်တည်း မကြောက်ဘူးလား "

နောက်ဆုံးစကားလုံးက ကောင်မလေးအတွက် ရယ်စရာဖြစ်နေသလား မဆိုနိုင်။ သို့မဟုတ် နာကျင်စရာများ ဖြစ်နေသလား။

ကောင်မလေးထံမှ ရယ်သံထွက်ပေါ်လာပြန်၏။ သို့သော် ပေါ့ပေါ့ပါးပါး ရယ်မောခြင်းမျိုးမဟုတ်။

နာကျင်စွာ လှောင်ရယ်ခြင်းမျိုးသာ။

" ဟင်းဟင်းဟင်း ... ဇင်ဇင်က ဘယ်သူ့ကို ကြောက်ရမှာလဲ ၊ ဒီဂိုဒေါင်မှာ ဘာကြောက်စရာ ရှိလို့လဲ ။ကြောက်စရာဆိုလို့ ကြွက်တွေပဲ ရှိတယ်လေ၊ ဒါကလဲ  ဇင်ဇင့်အတွက်တော့ ကြောက်စရာမဟုတ်တော့ပါဘူး။ သူတို့က ဇင်ဇင့်ကို ဒုက္ခပေးနိုင်တာမှ မဟုတ်တာ "

သက်တင်က ဇင်ဇင်ပြောတာကို နားလည်သလိုလို၊ နားမလည်သလိုလို နဝေတိမ်တောင် ဖြစ်နေ၏။ သို့သော် ဇင်ဇင့်အား မိန်းကလေးငယ်လေးပီပီ ကြောက်စေချင်ဟန်ဖြင့် ...

" ဒီဂိုဒေါင်ဟောင်းကြီးက တစ္ဆေကိုရော ဇင်ဇင် မကြောက်ဘူးလား ။ ဟိုအရင် အနှစ်၂၀လောက်တုန်းက ဒီဂိုဒေါင်ပိုင်ရှင် ဦးလောဟုန်ဆိုတဲ့ တရုတ်ဟာ ဟောဒီဂိုဒေါင်ထဲမှာပဲ သူ့ယောက်ဖက သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်လို့ သွေးသံရဲရဲနဲ့ သေသွားခဲ့တယ်တဲ့။ အဲ့ဒီကတည်းက ဒီဂိုဒေါင်ကြီးဟာ ပိုင်ရှင်မဲ့လိုလို ၊ အမွေမှု ရင်ဆိုင်နေကြသလိုလိုနဲ့ ဘယ်သူမှ မနေကြတော့ဘူးတဲ့။ ပြီးတော့ ဒီဂိုဒေါင်မှာ အစိမ်းသေ သေသွားတဲ့ ဦးလောဟုန်ကလည်း ညတိုင်း သူ့ဂိုဒေါင်ဝင်းထဲ ဝိဉာဉ်ဘဝနဲ့ ရှောက်သွားနေတာကို ရပ်ကွက်က လူတွေ မြင်ကြရသတဲ့။ ဦးလောဟုန်က မကျွတ်ဘူး ။ တစ္ဆေကြီးဘဝနဲ့ ဒီဂိုဒေါင်မှာ အခုထိ ရှိသေးတယ် "

သက်တင်ကတော့ ကောင်မလေးကို ကြောက်စေချင်၍ ဂိုဒေါင်ဟောင်းကြီး ရဲ့ သမိုင်းကို လှန်ကာ ရှည်ရှည်ဝေးဝေး ပြောပြကာ ခြောက်လှန့်လေ၏။

သို့သော် ကောင်မလေးက ကြောက်မသွားသည့်အပြင် သဘောကျစွာ ရယ်မောလေ၏။

" ဟင်းဟင်း ... ခစ်ခစ် ... "

သက်တင်က အံဩသွား၏။

" ဟင်! ညီး ငါပြောပြတဲ့ တစ္ဆေကို မကြောက်ဘူးလား ဇင်ဇင် "

ထိုအခါ ဇင်ဇင်က ခေါင်းငြိမ့်ပြရင်း ...

" ကြောက်တယ်လေ ... ကြောက်တာပေါ့။ တစ္ဆေကို မမြင်ဖူးခင်က အရမ်းကြောက်ခဲ့တာ "

သက်တင်ခမျာ ကောင်မလေးရဲ့စကားကြောင့် အူကြောင်ကြောင် ဖြစ်သွားရပြန်သည်။

သူ့စိတ်ထဲမှာ ကောင်မလေး  တစ္ဆေကြီးလောဟုန်ကို မြင်ပြီးသွားသည်ဟု သံသယ ဝင်သွားရှာ၏။ထို့ကြောင့် သိချင်ဇောဖြင့် မေးလိုက်လေသည်။

" ဒါ ... ဒါဆို  ဇင်ဇင်က တစ္ဆေကြီးလောဟုန်ကို မြင်ပြီးပြီလားဟင် ၊ ကြောက်စရာ မကောင်းဘူးလား ၊ ဘယ်လိုပုံကြီးလဲ ... "

" ဒီဂိုဒေါင်ထဲမှာ တစ္ဆေက တကောင်တည်းမဟုတ်ဘူး အစ်ကို ၊ အများကြီးပဲ ။ အဲ့ဒီတော့ တစ္ဆေကြီးလောဟုန်ဆိုတာ ဘယ်တစ္ဆေလဲ ဇင်ဇင် မသိနိုင်ဘူးလေ။ ဒါပေမဲ့ တစ္ဆေဆိုတာ အားလုံးလိုလိုက လူတွေလို နှစ်လိုဖွယ် ရုပ်အဆင်း ရှိကြတာ မဟုတ်ဘူးဆိုတော့ ကြောက်စရာကြည့်ပါပဲ။

     တချို့ဆို ကိုယ်အင်္ဂါ အပြည့်အစုံမပါဘူး။ တချို့ကျ လူတွေလို ခန္ဓာကိုယ်၊ ခြေလက်အင်္ဂါမျိုး မဟုတ်ကြဘဲ၊ လူတွေထက် အဆမတန်ကြီးမားတာမျိုး၊ သေးကွေးကျုံ့လှီတာမျိုးလည်း ရှိတတ်တယ်။

     တချို့ဆို နောက်က ကြည့်ရင် ကိုယ်လုံးကိုယ်ထည် လှပပြီး၊ ရှေ့က ကြည့်လေမှ ... မျက်လုံး ၊ နား ၊ နှာခေါင်း၊ ပါးစပ် စတဲ့ အင်္ဂါရပ်တွေ မပါဘဲ၊ မျက်နှာပြောင်ကြီးတို့ ၊

     နားရွက်ကြီးက ဆင်နားရွက်လို ပြားပြားကားကားကြီးနဲ့ မျက်လုံးက လင်းကွင်းလောက် ပြူးတာမျိုးတို့ ၊ အို ... အော်ဂလီဆန်လောက်တဲ ရုပ်ဆင်းသဏ္ဍာန်မျိုးပေါင်း စုံနေတော့တာပါပဲ။ ဒါကြောင့်လဲ နာနာဘာဝလို့ လူတွေက  ခေါ်ဝေါ် သမုတ်ကြတယ်မဟုတ်လား ... "

အခုချိန်ထိ ကောင်မလေးသည် သူ့အား ကျောပေး ရပ်နေဆဲ ဖြစ်ပြီး၊

ယင်းကဲ့သို့သော စကားကို ဆိုလိုက်ရာ ...

သက်တင်၏ စိတ်ထဲဝယ် ကောင်မလေးအပေါ် လူမှ ဟုတ်ရဲ့လားဟုသံသယ စဝင်လာတော့သည်။ သူ တွေ့နေတာ တစ္ဆေမလား၊ လူလား ဝေခွဲရခက်လာ၏။ 

" ဇင်ဇင် ... ဟို ... ဟိုလေ  တဆိတ်လောက် ညီမ မျက်နှာလေးကို အစ်ကို့ဘက် လှည့်ပြပါလား "

" ဘာဖြစ်လို့လဲ ... ဇင်ဇင့်မျက်နှာက မျက်နှာပြောင်ကြီး ဖြစ်နေတယ် ထင်လို့လား အကို ... ခစ်ခစ် "

တဖက်က ပေါ်တင်ကြီး ထုတ်ပြောလာတော့ သက်တင် အားတုန့်အားနာ ဖြစ်သွားပြီး ...

" အဲ ... ဟို ... ဟို ... အဲ့သလို မဟုတ်ပါဘူး ၊ ဟီး ... ဇင်ဇင်က အစ်ကို ထင်ထားတာထက် ပိုလှမယ် ထင်လို့ပါကွယ် ...၊ အစ်ကို့အပေါ် အထင်မလွဲပါနဲ့ ..."

" အစ်ကိုက ဇင်ဇင့်မျက်နှာ တကယ်ပဲ မြင်ချင်တာလား ၊ မြင်ပြီးရင် အစ်ကို လန့်သွားမယ် ထင်တယ် "

သက်တင်ခမျာ မျက်နှာ မမြင်ရဘဲ ဇောချွေးများ ပျံချင်လာသည်။ ကြည့်ကလည်း ကြည့်ချင် ၊ မကြည့်လည်း မကြည့်ဝန့်။ ခမျာ စိတ်ကြပ်တည်းနေရှာ၏။ ဇင်ဇင့်စကားတွေက သူ့အား ခြောက်လှန့်နေသလို ခံစားနေရသည်။ထိုသို့ သူ ခံစားရ မသက်မသာ ဖြစ်နေစဉ် ဇင်ဇင်က ...

" အစ်ကို မြင်ချင်တယ်ဆိုတော့ ဇင်ဇင် ပြရမှာပေါ့ ၊ ဇင်ဇင့်ကို မြင်ပြီးရင် မလန့်နဲ့နော် ။ သြော် ပြောဖို့ မေ့နေတာ။ ဇင်ဇင့်ကို မြင်ပြီးရင် ဒီဂိုဒေါင်ထဲမှာ ဇင်ဇင်တယောက်တည်း မဟုတ်ဘူးဆိုတာကိုပါ အစ်ကို သိလာလိမ့်မယ်။ ကဲ ... အစ်ကို ဒီမှာ ဇင်ဇင့်မျက်နှာ! ..."

ထိုသို့ ပြောပြီး ဇင်ဇင်သည် သူမ၏ မျက်နှာကို သက်တင်ဘက်သို့ လှည့်ပြလိုက်လေ၏။

သို့သော် မျက်နှာမှာ ခန္ဓာကိုယ်နဲ့အတူ လှည့်လာခြင်း မဟုတ်ဘဲ၊ လည်ပင်ကြီး လိမ်ကာ လှည့်ပြလိုက်ခြင်း ဖြစ်သည်။

သက်တင် ပါးစပ်အဟောင်းသားနှင့် ခြေလှမ်းများ နောက်ဆုတ်သွားလေသည်။ အော်ဟစ်ချင်သော လည်ချောင်းဝက အသံသည် ထိတ်လန့်ခြင်းကြီးစွာ တစ်ဆို့နေလေ၏။

လည်ပင်းလိမ်ကြီးနဲ့ လှည့်လာသော မျက်နှာသည် သူ ထင်ထားသလို မျက်နှာပြောင်ကြီးမဟုတ်။

ဒါဆို သက်တင် ဘာကို ထိတ်လန့်တုန်လှုပ်သွားရတာပါလဲ။

ထိုထက် ဆိုးရွားစွာ မျက်နှာတခုလုံးသည် ဦးခေါင်းဟိုဘက်ဒီဘက် ဟောင်းလောင်းပေါက်ကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။

သက်တင်ကား ထိုဟောင်းလောင်းပေါက် မျက်နှာကို မြင်ရ၍ ထိတ်လန့်လို့ မဆုံးသေး။ သူ့အနီးသို့ ရုပ်ဆင်းသဏ္ဍာန် မပီပြင်ဝိုးတဝါးနဲ့ နောက်ထပ် တစ္ဆေများ တိုးကပ်လာကြပြန်သည်။

ဦးခေါင်းတခုလုံး ဆံပင်များ မရှိတော့ဘဲ ၊ ခေါင်းပြောင်ကြီးနဲ့ တစ္ဆေတကောင်က သူ့အား သွားဖြဲပြသည်။ တခြားသော သွားများကို မတွေ့ရ။ ရွှေရောင်တလက်လက် တောက်ပနေသော ရွှေသွားတု နှစ်ချောင်းကို မြင်လိုက်ရသည်။ ထိုခေါင်းပြောင်တစ္ဆေကြီး၏ ရင်ဘတ်တွင်လည်း ထိုးချင်းပေါက် ပေါက်နေသော ကျည်ဆံရာ အများအပြားကို တွေ့ရ၏။ တွေးကြည့်လျင် ထိုခေါင်းပြောင် ရွှေသွား တစ္ဆေကြီးသည် သူ ခုနက ဇင်ဇင်အား ပြောပြခဲ့သော တရုတ်လောဟုန်တစ္ဆေပင် ဖြစ်ခြိမ့်မည်။

နောက်ထပ် တစ္ဆေ ၅ကောင်သည်လည်း သူ့အနီးသို့ ပါးစပ်က သရေတမြားမြားနှင့် တိုးကပ်လာကြပြန်သည်။ အချို့က ကိုယ်လုံးသေးသေး ၊ ခေါင်းက ပုပ်တောင်းလောက်ကြီးနဲ့။ တချို့က ဝါးတလုံးခန့် ရှည်လျားသော  ခြေဆံလက်ဆံကြီးများနဲ့ ။ တချို့က ဝက်တကောင်ကဲ့သို့သော ကိုယ်လုံးရှိပြီး ၊ ခြေနှစ်ချောင်းမှာ ခပ်တိုတို။

အားလုံးသော တစ္ဆေတို့သည် သူ မမြင်ဖူးသော ရုပ်ပျက်ဆင်းပျက်သဏ္ဍာန်များကို ဆောင်ကြဉ်းလာကြလေ၏။

သူက ဇင်ဇင်လို့ခေါ်သော မိန်းကလေးထံမှ အသံစူးပြာပြာလေးသည် အက်ကွဲကွဲ ပြာတာတာဖြင့် ...

" ပြောပါတယ် ... ဒီဂိုဒေါင်ထဲမှာ ငါတကောင်တည်း မဟုတ်ပါဘူးလို့။

ဟားဟားဟား "

သက်တင် ဖနောက်နဲ့တင်ပါး တသားတည်းကျအောင် ပြေးလေပြီ။ စိတ်သည် အစိုးမရတော့။ ခြံဝင်း အပြင်သို့ နောက်လှည့် မကြည့်စတမ်း တချိုးတည်း ပြေးခြင်း ဖြစ်သည်။

လမ်း၌ ကြွက်တွင်းထဲ ခြေကျ၍ လဲ၏။ ချက်ချင်း လူးလဲထသည်။ ဆက်ပြေးသည်။ သူ့နောက်ကို လိုက်ပါလာသည်ဟူသော အတွေးဖြင့် သက်တင်ခမျာ ပြေးနေခြင်း ဖြစ်သည်။ သို့သော် တစ္ဆေများသည် သူ့နောက်ကို မလိုက်ကြပါ။ ဂိုဒေါင်ပျက်ကြီး အဝကသာ ပြေးနေသော သူ့ကို ငေးမောနေကြ၏။

သက်တင်  ကားကို သတိမရတော့။ ကားကို ထားပစ်ခဲ့ပြီး အော်ဟစ် ထွက်ပြေးလေတော့သည်။ ထူးဆန်းသည်မှာ သူ၏ လည်ချောင်းထဲက တစ်ဆို့နေသော အသံသည် ခြံအပြင်ရောက်သည်နှင့် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

" အောင်မယ်လေး !

ကယ်တော်မူကြပါအုံး ၊ ဟောဒီမှာ ကျွန်တော့ကို တစ္ဆေတွေ ဝိုင်းနေပါတယ်ဗျို့ ... "

သက်တင်အား ဆကာတိုက် မရပ်မနား အော်ပြေးသည်။ ရပ်ကွက်က သက်တင်၏ ထိတ်လန့်ဖွယ်ရာ အသံကြောင့် ထွက်ကြည့်ကြသည်။ သက်တင်သည် လူတွေကို မြင်တော့မှ သူ့စိတ်ကို လျော့ချလိုက်ဟန်တူသည်။ သူတို့အိမ်အနီးသို့ မရောက်မီ၊ ၄အိမ်လောက် အလို၌ လမ်းပေါ်သို့ လဲကျသွားသည်။ လဲကျကျခြင်း သက်တင်ခမျာမှာ အမော့ဆို့ကာ ပါးစပ်မှ အမြုပ်များ တစီစီထွက်လာ၏။

သက်တင်မှန်း သိ၍ ရပ်ကွက်ထဲက လူအချို့ သူ လဲကျရာ အနီးရောက်လာကြပြီး ထူမကြသည်။သက်တင် သက်တင်ဟု သတိပေးကြသည်။

သက်တင်ကား ဘာကိုမှ မကြားရတော့ချေ။ လောကကြီးနဲ့ အဆက်အသွယ် ခေတ္တ ပြတ်တောက်သွားလေတော့၏။

ဤကား ကားပွဲစား ငမည်းသက်တင်အား ဂိုဒေါင်ဟောင်းကြီးမှာ ခြောက်လှန့်လိုက်သော တစ္ဆေများ အကြောင်းပင် ဖြစ်တော့လေသတည်း။

   ပြီးပါပြီ

ပီပီ(မန္တလေး)

#lotaya_shortstory




Some text some message..