
အခန်း [ ၃၇ ]
ဆရာနိုင်မိုး၏အိမ်၌ လူစုံတက်စုံရောက်ရှိနေကြသည်။
ဝါးထောင်ချောက်ထဲမှ သစ်နက်ရုပ်မှာ မလှုပ်မယှက်ငြိမ်
သက်နေ၏။
" အတိုက်ကြီး မပြီးသေးဘူးဆိုရင် ... ဘာကျန်သေး
လို့လည်းဆရာ "
" သစ်နက်ရုပ်ကိုလည်းမိပြီ... ခေါင်မိုးပေါ်ကဆေးပက်ထားတဲ့ဓာတ်ကိုလည်းဖျက်လိုက်နိုင်ပြီ... ဘာကျန်သေး
လဲဆို သစ်နက်ရုပ်ထဲက ဦးဘခက်ရဲ့ ကိုယ်ပွားလက်
သည်းခြေသည်းတွေ ဖယ်ရအုံးမယ် "
" အဲ့ဒါက ဒီတိုင်း အရုပ်ဖျက်ပြီး လွင့်ပစ်လိုက်လို့မရဘူး
လားဆရာရဲ့ "
ဒေါ်စိန်သန်းကသူ့ထင်မြင်ချက်ကို ဝင်ပြောလေသည်။
" မရလို့ပေါ့ ... ဒီအရုပ်က လူ ( ၈ ) ယောက်အပြင် ဆရာ
ရွှေဇံကိုပါ ဝိဉာဉ်နှုတ်ထားတာကို သိကြတယ်မလား "
" ဟုတ်ကဲ့ "
" အရုပ်ကိုဖျက်ချင်ရင် ဆရာရွှေဇံရဲ့ အဆက်လိုနေတယ်"
" ဗျာ ... ဘာလို့လဲဆရာ "
" ဦးအောင်ဒင်ရဲ့ကျိန်စာက ဆက်နွယ်မိတဲ့သူရဲ့ မျိုးဆက်
အထိ လိုက်နေတယ် ... ဒါကြောင့်လည်း ဒီကျိန်စာပြယ်
ဖို့ ကျွန်တော်တို့ဆုံကြရတာ တိုက်ဆိုင်မှုမဟုတ်ဘူး ...
နောက်ပြီးတော့ .... "
" နောက်ပြီးတော့ ဘာဖြစ်လဲဆရာ "
ဆရာနိုင်မိုးက စကားရပ်သွားသဖြင့် နုရည်ဝင်းကစိတ်
မရှည်ဘဲ ဝင်မေးလေသည်။
" ခုနကမြေလှုပ်သွားတာကို ဘယ်သူတွေသိကြလဲ "
" ကျွန်တော်သိတယ် "
ဝေယံထူးလိုပင် ဒေါ်စိန်သန်း၊ ဒေါ်အေးအေးဝင်းနှင့်
နုရည်ဝင်း တို့ပါ သိလိုက်ကြောင်း ပြောကြသည်။
" အဲ့ဒါကြောင့်ပဲ "
" မရှင်းဘူးဆရာ "
" ဦးအောင်ဒင်က ကျိန်စာတိုက်ခဲ့တုန်းက ဆွေစဉ်မျိုး
ဆက်အထိတိုက်ခဲ့တယ် ... ဒါကြောင့် ဦးဘခက်ရဲ့ မြေး
ဝေယံထူးကိုပါထိသွားတာ ... ဒေါ်စိန်သန်းအလှည့်ပြီးရင်
အတိုက်ကြီးက ပြီးသွားပြီလို့ယူဆလိုက်ရင် မှားမှာပေါ့...
အတိုက်က နောက်တကျော့ပြန်စသွားမှာ ... သစ်နက်ရုပ်
က နောက်တကျော့ပြန်စတဲ့အခါ အစကနေပြန်စပြီ...
အဲ့ဒီ့အခါ ဆရာရွှေဇံရဲ့ မျိုးဆက်တစ်ယောက်ယောက်
ကို စပြီးဝိဉာဉ်နှုတ်လိမ့်မယ် ... ပြီးရင်တော့ ဝေယံထူး
အလှည့်ပဲ ... ဝေယံထူးနည်းတူ ကျိန်စာမိမှာက ဒီကငါ့
တူမ နုရည်ဝင်း "
" ရှင် "
" ကျိန်စာနောက်တစ်ပတ်မလည်ခင် သစ်နက်ရုပ်ကိုမိ
လို့ တော်သေးတယ်ဆိုရမယ် ... ဒါကြောင့်လည်း ဦး
အောင်ဒင်က နုရည်ဝင်းကို လာသတိပေးခဲ့တာပေါ့ ...
သဘောပေါက်ကြရဲ့လား "
" အဲ့လိုတွေကြောင့် ... မေမေ့ဆီမသွားဘဲ... သမီးဆီ
ရောက်လာတာလားဆရာ "
" ဟုတ်တယ် ... သစ်နက်ရုပ်ကတစ်ပတ်လည်ရင် မြေး
တွေအလှည့်ရောက်ပြီလေ ... ဝေယံထူးက မြေးဦးလား "
" မဟုတ်ဘူးဆရာ ... သူ့အထက်မှာ မြေးမလေးတွေရှိ
သေးတယ် ... "
" ဒါဆိုရင်တော့ သူတို့အလှည့်ပေါ့ ... နုရည်ဝင်းကရော
မြေးဦးလား "
" ဟုတ်ကဲ့ ... မြေးဦးပါ "
" နုရည်ဝင်းကတော့ မလွဲတော့ဘူး "
" ဒါဆိုဘာဆက်လုပ်ရမလဲဆရာ "
" ဆရာရွှေဇံရဲ့ အဆက်ကိုရှာရမယ် ... သူ့မျိုးဆက်
တစ်ယောက်ယောက်ရယ်... ဦးဘခက်မျိုးဆက်ရယ် ...
ဦးအောင်ဒင်မျိုးဆက်ရယ် ... အဲ ... နောက်ပြီး တစ်
ယောက်ရှိသေးတယ်နော် ... ဆေးရည်ပက်ပေးတဲ့လူ...
သူကဘယ်သူ "
" ဦးအုန်းမောင်ပါဆရာ "
" ဦးအုန်းမောင်ရဲ့မျိုးဆက်ရယ်ပေါ့ ... အားလုံး လူ
လေးယောက်ဟာ သစ်နက်ရုပ်ကို အတူဖျက်ပစ်ရမယ် ...
ဒါမှ အတိုက်ကြီးပျောက်ပြယ်နိုင်မယ် ... "
" ခု မိထားပြီပဲဆရာ ... သူမှ အိမ်မပတ်နိုင်တော့တာ ..."
" သူအိမ်မပတ်နိုင်တာမှန်တယ် ... အဲ့ဒါကြောင့်ဒေါ်စိန်
သန်းကလွတ်သွားပြီ...အရုပ်ထဲက ဦးဘခက်ရဲ့ လက်
သည်းခြေသည်းကိုမထုတ်နိုင်ရင် သစ်နက်ရုပ်ဟာ ကျိန်
စာနောက်တကျော့ပြန်စလိမ့်မယ် "
" ဆရာရွှေဇံနဲ့ ဦးအုန်းမောင် ရဲ့မျိုးဆက်ဆိုရင် ဆရာ
ရွှေဇံကိုတော့ စုံစမ်းလို့ မတွေ့သေးဘူးဆရာ ... ဦးအုန်း
မောင်ရဲ့သမီးကတော့ ဈေးထဲမှာအထည်ဆိုင်ဖွင့်ထား
တယ် ... သူ့မျိုးဆက်ကတော့ရှိတယ်ဆရာ "
" ဘယ်သူလဲ နုရည် ... ဦးအုန်းမောင်သမီးဆိုတာ "
" အန်တီမိုးဖြူလေ ... "
" အော် ... ဟုတ်သားပဲ ... ဦးအုန်းမောင်ဆိုလို့ စဉ်းစား
နေတာ ... သမီးက သိလို့တော်သေးတာပေါ့ "
" သမီးလည်း ဖေဖေ့ဆီ မေးထားရတာ "
ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်းတို့မှာ တီးတိုးပြောနေ
ကြလေသည်။
" ဒါဆို ဆရာရွှေဇံကို ဘယ်ကစုံစမ်းကြမလဲ "
" လမ်းစပျောက်နေသလိုဖြစ်နေပြီ ... သိတဲ့သူလည်း
မရှိနဲ့ "
အကုန်လုံးမှာ စိတ်ပျက်စွာညည်းတွားမိလိုက်ကြတော့
သည်။
" မေမေများသိမလားမပြောတတ်ဘူး ... ခဏလေး ဖုန်း
ဆက်ပြီး မေးကြည့်လိုက်မယ် "
နုရည်ဝင်းစကားကြောင့် မျှော်လင့်ချက်သမ်းသွားကြ
ပြန်သည်။
" မေမေ "
" အေး သမီး ... အဆင်ပြေကြရဲ့လား "
" ပြေတော့ပြေပါတယ် ... တစ်ခုလိုနေလို့ "
" ဘာလိုလဲ ... "
" ဆရာရွှေဇံကို မေမေသိလားဟင် "
" မသိဘူးလေ သမီးရဲ့ ... အတိုက်လုပ်ပေးတဲ့အောက်
လမ်းဆရာမလား "
" ဟုတ်တယ် ... သူ့ကိုသိရမှဖြစ်မှာ "
" သူကမရှိတော့ဘူးမလား ... စာအုပ်ထဲမှာရေးထားတာ
ဆုံးပြီလို့ပါတယ်လေ "
" သူကဆုံးသွားတာဟုတ်တယ် ... သူ့သားသမီးတွေကို
သိချင်တာ "
" အော် ... မေမေဘယ်သိမလဲ သမီးရဲ့ ... ဘိုးဘိုးရှိတုန်း
ကလည်း မပြောဖူးဘူးလေ "
" ဟုတ် ... အဲ့ဒါဆက်သွယ်လို့မရရင် အတိုက်ဖြည်လို့
မရဘူးတဲ့မေမေ "
" မေမေ့အသိတွေဆီ စုံစမ်းကြည့်လိုက်အုံးမယ် ... သိရ
ရင် ဖုန်းပြန်ဆက်ပေးမယ်နော်သမီး "
" ဟုတ်ကဲ့ "
နုရည်ဝင်းလည်း အားပျော့သွားကာ ဖုန်းချလိုက်လေ
သည်။
" သမီးဘကြီးများသိမလား မသိဘူး ... အန်တီမေးကြည့်
အုံးမယ် "
" မေးမြန်းကြည့်ပါအုံးဗျာ ... သူ့အဆက်ရမှဖြစ်မှာ "
" ဆရာလည်း ဒီသစ်နက်ရုပ်ကြီးကို အရင်ဖျက်ကြည့်ပါ
အုံး ... ရမရ မသေချာတာပဲဟာ ... ရချင်ရမှာပေါ့ "
" ကဲ ... မယုံရင်ဖျက်ပြမယ်ဗျာ "
ဆရာနိုင်မိုးက ပြောရင်း ဝါးထောင်ချောက်အတွင်းမှ
သစ်နက်ရုပ်ကို ယူကာ တူဖြင့် ထုချေပြလေသည်။ သစ်
နက်သားအရုပ်က အပဲ့အစင်မရှိနေချေ။
တဖန် ဓါးမကြီးဖြင့် ခုတ်ထစ်ပြပြန်သည်။ ထိုအခါ၌
လည်း မရခဲ့။ သစ်နက်ရုပ်ကြီးပေါ် အစင်းရာပင် မထင်
ချေ။
" ထူးဆန်းလိုက်တာ "
" ဖုတ်ကောင်သွင်းထားတာလေဗျာ ... သာမာန်အရုပ်မှ
မဟုတ်တော့တာ ... "
" ကျွန်မအစ်ကိုဆီ မေးကြည့်ပါအုံးမယ် "
ဒေါ်အေးအေးဝင်းက နုရည်ဝင်းထံ ဖုန်းငှားကာ အစ်ကို
ဖြစ်သူဆီသို့ ဆက်ကြည့်လိုက်တော့သည်။
" ကိုကြီးရေ ... ညီမလေးတစ်ခုမေးကြည့်ချင်လို့ "
" အင်း ... ပြောလေ "
" ဆရာရွှေဇံဆိုတာ ကိုကြီးကြားဖူးလားဟင် "
" ဘယ်သူရယ် ... "
" ဆရာရွှေဇံ ဆိုတဲ့ အောက်လမ်းဆရာလေ "
" အော် ... အရူးလိုလိုနဲ့ လည်ပင်းမှာ ဆွဲကြိုးတွေလျှောက်
ဆွဲထားတဲ့လူကိုး "
" ကိုကြီး သူ့ကိုသိတယ်ပေါ့ "
" သိတယ်လေ ... ဘာလုပ်မလို့လဲ ... နင်တို့တွေ လျှောက်
မလုပ်ကြနဲ့နော် "
" မလုပ်ပါဘူး ကိုကြီးရဲ့ ... သူကဘယ်မှာနေတာလဲ ...
သူ့သားသမီးတွေကိုရောသိလား ... ကိုကြီးကဘယ်လို
သိတာလဲ "
အစ်ကိုဖြစ်သူကသိသည်ဟု ဆိုသဖြင့် ဒေါ်အေးအေးဝင်း
မှာ ဝမ်းသာအားရ ဆက်တိုက်မေးလိုက်လေတော့သည်။
" သိတယ်ဆိုတာ ...ငါပြန်ရောက်တုန်းက ကျော်မြင့်တို့
နဲ့လျှောက်သွားရင်း သူတို့ပြလို့ တွေ့ဖူးတာပါဟာ ...
ဘယ်မှာနေလဲတော့မသိဘူး ... "
" ကိုကျော်မြင့်တို့က သိမှာပေါ့နော် "
" သိမှာပေါ့ ... ငါ့ကိုသူပဲပြတာပဲ ... အဲ့ဒါအောက်လမ်း
ဆရာဦးရွှေဇံတဲ့ ... မင်းဘာလုပ်မလဲမေးကြည့်တော့...
ပီယဆေးတောင်းမလို့ပြောတာပဲ ... စွမ်းမစွမ်းတော့ ငါ
လည်းမသိဘူး "
" ဟုတ်ကိုကြီး ... အဲ့ဒါဆို နောက်မှပြန်ဆက်မယ်...
ညီမလေးလည်း နုရည်နဲ့ အပြင်ရောက်နေလို့ "
" အေ... အေ "
လမ်းစပေါ်လာပြီဖြစ်၍ အကုန်လုံး ဝမ်းသာသွားကြ
လေတော့သည်။
***********
အခန်း [ ၃၈ ]
" ကိုကျော်မြင့်ရေ ... "
ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်းမှာ ဦးကျော်မြင့်အိမ်သို့
ဆိုက်ရောက်လာလေ၏။
" ဟာ ... ထူးထူးဆန်းဆန်းပါလား...ဘယ်ကလှည့်လာကြတာလဲ "
" ဒီကိုပဲ တမင်လာတာ "
" အလို ... ဘာလဲ ... ဘယ်သူစွံသွားပြီလဲ "
" မဟုတ်ပါဘူးရှင် ... မေးစရာရှိလို့လာတာ "
" မသိပါဘူးဟာ ... ငါကဖိတ်စာလာဖိတ်တာလားလို့ "
ဦးကျော်မြင့်စကားကြောင့် ဒေါ်အေးအေးဝင်းက ရယ်
လိုက်လေသည်။
" ကဲ ဆို ဘာကိစ္စ "
" ဆရာရွှေဇံကို ... ကိုကျော်မြင့်သိတယ်ဆိုလို့ "
" ဘယ်ကဆရာရွှေဇံလဲ ... "
" အောက်လမ်းဆရာဆိုတာလေ ... ကိုကြီးနဲ့ဖုန်းပြော
တော့ အဲ့ဒီဆရာဆီမှာ ပီယဆေးတောင်းမလို့ ပြောဖူး
တယ်ဆို "
" ဟာ ... ဒီကောင်ဘာတွေချွန်ပြန်ပြီလဲမသိ ... ငါ့ကို
ပီယဆေးလာမေးကြတာလား "
" မမေးပါဘူးကိုကျော်မြင့်ကလဲ ... အဲ့ဒီဆရာလိပ်စာ
သိချင်လို့ "
" အင်း ... မှတ်မိပြီ ... နင့်အစ်ကိုက သူ့ကိုရူးနေတာလို့
ထင်နေတာကွ ... ဟား ... ဟား ... ဟား ... "
" ခုနကလည်းအဲ့လိုပြောပါ့ "
" အေးကွ ... သူကဆုံးသွားတာကြာပြီ ... ပီယဆေးတောင်း
ချင်ရင် မရတော့ဘူးဟ "
" ဆုံးသွားတာသိတယ် ကိုကျော်မြင့်ရဲ့ ... သူ့သားသမီး
တွေကိုသိချင်တာ "
" သားသမီးတွေအကုန်တော့မသိဘူး ... သူ့သားတစ်
ယောက်ကတော့ လက်သမားလား... ပန်းရံလားမသိ
ဘူး ... လုပ်နေတာပဲ "
" ဘယ်နားမှာလုပ်တာလဲ "
" အဲ့ဒါတော့မသိဘူးဟ ... တခါတခါ ဆိုင်ကယ်နဲ့
သွားသွား နေတာတွေ့တယ် "
" သူကဘယ်နားနေလဲ ကိုကျော်မြင့် "
" သူ့အိမ်လည်းငါမသိဘူး ... နင်တို့တွေ့ချင်ရင် ...
လေးလမ်းဆုံထိပ်က လက်ဖက်ရည်ဆိုင်မှာ မနက်အစော
သွားစောင့်နေလိုက် ... အဲ့ဆိုင်မှာတော့ မကြာမကြာထိုင်
တတ်တာတွေ့တယ် "
" သူ့ကိုမှမမြင်ဖူးတာ ... မနက်ဖြန် ကိုကျော်မြင့်လိုက်ပို့
မလား "
" ရပါတယ် ... ငါ့လာခေါ်လိုက် ... ဘာတွေလုပ်မလို့
စေ့စေ့စပ်စပ်မေးနေတာတုန်း "
" နောက်မှအေးအေးဆေးဆေးလာပြောပြမယ် ... ဒါဆို
မနက်ကြရင် လာခေါ်မယ်နော် "
" အေးပါ "
သို့နှင့် ဦးကျော်မြင့်အိမ်မှ ပြန်လာခဲ့ကြတော့သည်။
" စုံစမ်းရတာလည်း မလွယ်ပါဘူး ... မောလိုက်တာ "
" သိရလို့တော်သေးတာနော် အန်တီအေး ... မဟုတ်ရင်
တော့သွားပြီ "
" ဟုတ်ပါ့ ... အန်တီလည်းပြန်နားတော့မယ် ... လိုက်
ပို့တော့ "
" ဟုတ် "
ဒေါ်အေးအေးဝင်းကိုအိမ်လိုက်ပို့ပြီး နုရည်ဝင်းလည်း
အိမ်ပြန်လာခဲ့လေသည်။
နောက်တနေ့မနက်တွင် ဒေါ်အေးအေးဝင်းကို ထပ်သွား
ခေါ်ပြီး ဦးကျော်မြင့်ထံ သွားလိုက်ကြသည်။
" ဝိရိယကောင်းလှချည်လား "
" ကောင်းရမယ် ... အရေးကြီးနေလို့ ... လာ ... ကား
ပေါ်တက် "
ဦးကျော်မြင့်လည်း လက်ဖက်ရည်ဆိုင်ကို လမ်းညွှန်ရင်း
လိုက်ပါလာခဲ့၏။
" အဲ့ဒီဆိုင်ပဲ ... နေဦးကြည့်အုံးမယ် ... ရှိလားမရှိလား
မသိဘူး "
ဦးကျော်မြင့်ကဆိုင်ထဲသို့ လှမ်းကြည့်လိုက်ပြီးပြောလာ
သည်။
" ရှိတယ်ဟ ... တော်သေးတယ် ... လာ "
ဒေါ်အေးအေးဝင်းတို့လည်း ကားပေါ်မှဆင်းကာ ဆိုင်
ထဲအတူဝင်လိုက်ကြ၏။ ဦးကျော်မြင့်နောက်လိုက်ရင်း
စားပွဲတစ်ခုတွင်ထိုင်နေကြသော အလုပ်သမားအုပ်စုကို
တွေ့မြင်သည့်အခါ မျက်လုံးပြူးကြရတော့သည်။
ထိုအလုပ်သမားများမှာ ဦးဘခက်အိမ်ကို ဖြိုပေးနေကြ
သောသူများပင်။ ဦးကျော်မြင့်က ထိုစားပွဲတည့်တည့်သို့
လျှောက်သွားလေသည်။
" ဒီကမောင်ရင်ပဲ "
ဦးကျော်ဝင်းညွှန်ပြသည့်သူမှာ မနေ့က ဆရာနိုင်မိုးက
ရေပိုက်လှမ်းတောင်းသဖြင့် ကမ်းပေးသောသူဖြစ်နေ
ခဲ့သည်။
" အန်တီအေးရေ ... ဆရာနိုင်မိုးပြောသလို တိုက်ဆိုင်
တာမဟုတ်တော့ဘူးနော် "
" အင်း "
ဒေါ်အေးအေးဝင်းက ထိုသို့သာပြန်ဖြေပြီး ထိုလူကို နှုတ်ဆက်လိုက်လေ၏။
" ငါ့ညီရေ ... ပြောစရာလေးရှိလို့ ခဏကွာ "
" ဟုတ်ကဲ့ခင်ဗျ "
ထိုသူမှာ မျက်လုံးဝိုင်းစက်သွားပြီး ခပ်ရို ့ရို ့လိုက်ပါလာ
ခဲ့သည်။ အခြားစားပွဲဝိုင်းတစ်ခုတွင် ခေါ်ထိုင်လိုက်ကြ
၏။
" ဟို ... အိမ်ဖြိုတာ အဆင်မပြေလို့လားခင်ဗျ "
" မဟုတ်ပါဘူးကွယ် ... ငါ့ေမာင်ကို မေးစရာလေးရှိလို့ပါ "
" ဟုတ်ကဲ့ "
" ငါ့မောင်ရဲ့ အဖေက ဆရာရွှေဇံဆိုတာလား "
" ခင်ဗျာ ... အော် ... ဟုတ်ပါတယ် ... ဘာဖြစ်လို့လဲ
မသိဘူး "
" ဝမ်းသာလိုက်တာ ... ငါ့မောင်ကို အကူအညီတောင်း
ချင်တာပါ ... တခြားဘာမှမဟုတ်ဘူး "
" ဟုတ် ... ကျွန်တော်ဘာကူညီပေးရမလဲ "
" ပြောရမှာကအရှည်ကြီးပဲ ... ဒီလိုလုပ် ဒီနေ့အလုပ်
မဆင်းနဲ့တော့... အစ်မတို့နဲ့လိုက်ခဲ့ "
" ဟိုလေ ... အလုပ်ကမဆင်းလို့မဖြစ်ဘူး ... အလုပ်
နားရင် နေ့တွက်ခ မရဘဲနေမှာမလို့ပါ "
" အဲ့ဒါတွေစိတ်ပူမနေနဲ့ ... နေ့တွက်ခအစ်မပေးမယ် ...
အဆင်ပြေလား "
" အဲ့လိုဆိုရင်တော့ ရပါတယ်ဗျာ "
ဤသို့ဖြင့် ဦးကျော်မြင့်ကို ပြန်ပို့ကာ ဆရာနိုင်မိုးအိမ်
သို့ ထွက်လာခဲ့ကြတော့၏။
" ဒီက ငါ့မောင်နာမည်ဘယ်လိုခေါ်တုန်း "
" သာထူးပါအစ်မ "
" အော် ... ကိုသာထူးရေ ... အစ်မနာမည်က အေးအေး
ဝင်းပါ "
" ဟုတ်ကဲ့ ... သိပါတယ်အစ်မ ... "
" မနေ့က ရေပိုက်လှမ်းပေးသေးတယ်နော် "
" ဟုတ်တယ် ... ဘာဖြစ်ကြတာလဲအစ်မရေ ... တမျိုး
မထင်ပါနဲ့နော် ... ထူးဆန်းနေလို့မေးကြည့်တာပါ "
" ခဏနေအားလုံးသိရမှာပါ ... ပြောပြမယ် "
" ဟုတ်ကဲ့ "
ဦးသာထူးမှာ မည်သည်မှနားမလည်ဘဲ အူကြောင်ကြောင်
နှင့် လိုက်ပါလာတော့လေ၏။
***********
အခန်း [ ၃၉ ]
" ဗျာ ... "
ဦးသာထူးခမျာ အထိတ်ထိတ်အလန့်လန့်ဖြင့် ဆရာနိုင်မိုး
တို့ကို ကြည့်နေရှာသည်။
" ဒါတွေဟာ တိုက်ဆိုင်မှုမဟုတ်တော့ဘူး ... အတိုက်ကြီး
ကို တကယ်ပဲဖျက်နိုင်ဖို့ ဆုံလာကြတာ အသေအချာပဲ ...
ဒါကြောင့်လည်း သစ်နက်ရုပ်ကိုဖမ်းတဲ့အချိန်မှာ ကိုသာ
ထူးက ရေပိုက်ကမ်းပေးလို့ အစီအမံပျက်ပြီး မိခဲ့တာပေါ့ ... "
" ကျွန်တော်တော့ နားမလည်နိုင်တော့ဘူး ... "
" တဖြည်းဖြည်းနားလည်လာမှာပါ ... လောလောဆယ်
ဒီအတိုက်ကြီးကို ဖျက်ဆီးနိုင်ဖို့ ပါဝင်ကူညီပေးပါအုံး
လို့ မေတ္တာရပ်ခံပါရစေ "
" အားလုံးကောင်းဖို့အတွက်ဆိုရင် ကျွန်တော်မငြင်းပါ
ဘူး ... ဘယ်လိုကူညီပေးရမလဲသာ ပြောပါ "
သို့နှင့် သစ်နက်ရုပ်ကို ဖျက်ဆီးပစ်ရန် ဆွေးနွေးတိုင်ပင်
ကြလေတော့သည်။
ညနေနေဝင်ရီတရောအချိန်တွင် သစ်နက်ရုပ်မြုပ်နှံထား
ရာ မူလအိမ်သို့ လူစုံတက်စုံရောက်ရှိနေကြသည်။
ဆရာရွှေဇံ၏မျိုးဆက် ဦးသာထူး၊ ဆရာကြိုင်၏မျိုး
ဆက် ဆရာနိုင်မိုး၊ ဦးအောင်ဒင်၏မျိုးဆက် နုရည်ဝင်း၊
ဦးဘခက်၏မျိုးဆက် ဝေယံထူး၊ ဦးအုန်းမောင်၏မျိုး
ဆက် ဒေါ်မိုးဖြူ တို့မှာ သစ်နက်ရုပ်ကို ဝန်းရံပြီး ရပ်နေ
ကြလေ၏။
" ကဲ စလိုက်ကြတာပေါ့ "
ဆရာနိုင်မိုးကပြောပြီး မီးပုံတစ်ခုကို ဖိုလိုက်လေသည်။
ပြီးနောက် သစ်တုံးတစ်တုံးပေါ်၌ အင်းချကာ ထိုအင်း
ပေါ်သို့ သစ်နက်ရုပ်ကို တင်လိုက်သည်။
ထို့နောက် တူတစ်လက်ကို ဆရာနိုင်မိုးကကိုင်ကာ အတိုက်
ပြုလုပ်ထားကြသော မျိုးဆက်များအားလုံးသည် ဆရာ
နိုင်မိုး၏လက်အား ထိထားကြရလေသည်။
" ကျွန်တော်ထုတာနဲ့ လက်ဖယ်လိုက်ကြနော် "
" ဟုတ် "
ဆရာနိုင်မိုးသည် ကောင်းကင်သို့တစ်ချက်မော့ကြည့်
လိုက်ပြီး ဂါထာမန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
ထို့နောက် တူကိုအပေါ်သို့မြှောက်ပြီး အားနှင့်ထုချလိုက်
သည်နှင့် ကျန်သူများ၏လက်များသည်လည်း ဖယ်ပေး
လိုက်ကြသည်။
သစ်နက်ရုပ်လေးပေါ်သို့ သံတူကြီးရိုက်မိသည့်အခါ
အသံနက်တစ်ခုထွက်ပေါ်လာသည်။ အကောင်တစ်ကောင်
ကောင်ညည်းတွားသံလိုလို အားလုံးကြားလိုက်ကြရပြီး
သစ်နက်ရုပ်လေးမှာ ကြေမွသွားလေတော့၏။
ဆရာနိုင်မိုးလည်း သစ်နက်သားများကိုဖယ်ကြည့်လိုက်
သည့်အခါ ဦးဘခက်၏ လက်သည်း၊ ခြေသည်းအချို့
ကို အကောင်းအတိုင်းတွေ့မြင်လိုက်ရသည်။
သို့သော် ထိုလက်သည်း၊ခြေသည်းများပေါ်တွင် သစ်နက်
သားတချို့က တွယ်ကပ်နေချေပြီ။
" အားလုံးပြီးပြီဆိုတော့ နောက်ဆုံးအဆင့် ....
ကဲ ... ဤအိမ်... ဤမိသားစုများအပေါ်၌ ကျရောက်နေ
သော မကောင်းသောအတိုက်... မကောင်းသောကျိန်စာ
များအားလုံး ... ယနေ့ယခုအချိန်မှစပြီး ကင်းရှင်းစေ "
ဆကာနိုင်မိုးသည် ထိုသို့ရွတ်ဆိုပြီးသည့်အခါ သစ်နက်
သားနှင့်တကွ လက်သည်း၊ ခြေသည်းများအား မီးပုံထဲ
သို့ ပစ်သွင်းလိုက်လေတော့သည်။
' ဟုန်းခနဲ ' မီးတောက်ကြီးတစ်ခု ထတောက်သွားကာ
ပြန်ငြိမ်သွားလေသည်။
" အခုတော့ တကယ်ပြီးသွားပြီပေါ့နော်ဆရာ "
" တစ်ခုတော့ကျန်သေးသဗျ ... "
" ဟုတ်ကဲ့ ... ဘာကျန်သေးလဲဆရာ "
" ဒီအိမ်နဲ့ ဦးအောင်ဒင်နေခဲ့တဲ့အိမ်မှာ သံဃာပင့်ဖိတ်ပြီး
အလှူဒါနကုသိုလ် လုပ်ပေးလိုက်ပါ ... သေဆုံးသွားတဲ့
သူတွေရဲ့ နာမည်အားလုံးကို ရွတ်ဖတ်ပြီး အမျှဝေပေးပါ ..
အဲ ... ကျန်သေးသဗျ ... ဆရာရွှေဇံအိမ်နဲ့ ကျွန်တော့်အိမ်၊
မမိုးဖြူတို့အိမ်လည်း တစ်နေ့ထဲ လုပ်ရမယ်ဗျ ... နော် "
" အကုန်လုံး တစ်နေ့ထဲ တစ်ရက်ထဲလားဆရာ "
" ဟုတ်ပါ့ဗျာ ... "
" ဒါဆိုဘယ်နေ့လုပ်ကြမလဲ ... ဒီအိမ်ကဖျက်ထားတော့
နေရာထိုင်ခင်းကမရှိနဲ့ "
" နေရာထိုင်ခင်းများ ဘာခက်တာမှတ်လို့ ... ယာယီအမိုး
လေးထိုးပြီး ဖျာလေးခင်း ရပါ့ဗျာ "
" အဲ့လိုပဲလုပ်ရမှာပဲ ဆရာရေ... ဘယ်နေ့လုပ်ကြမလဲ "
" အင်း ... ဒီနေ့က တနင်္လာနော် ... တဘက်ခါ ဗုဒ္ဓဟူးနေ့
ရက်ကောင်းတယ် ... သဘက်ခါကြရင် သူတို့ကိုရည်စူး
ပြီး တတ်နိုင်သလောက်အလှူဒါနပြုပေးကြတာပေါ့ "
ဤသို့ဖြင့် သစ်နက်ရုပ်ကြီးရှို့ထားသော မီးပုံ ငြိမ်းသွား
သည်အထိ စောင့်ပြီးမှ အသီးသီးပြန်လာခဲ့ကြလေတော့
သည်။
နောက်တစ်နေ့တွင်မူ ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်း
တို့က ဆက်သွယ်ခေါ်ယူလာသဖြင့် ဆရာနိုင်မိုးနှင့်ဝေယံ
ထူးတို့မှာ ဖြိုချနေသောအိမ်ဆီသို့ ရောက်ရှိလာကြသည်။
" ဆရာရေ... အိမ်ဖြိုပြီးလို့ မြေလှန်ကြေတာ့ ထူးဆန်းတာ
တွေ့လို့... ခေါ်လိုက်တာ "
" ဘာများလဲ "
" ဒီမှာကြည့်ပါအုံးဆရာ "
ဒေါ်အေးအေးဝင်းနှင့် ဦးသာထူးက လိုက်ပြလေသည်။
အိမ်ထောင့်တနေရာ၌ တူးဆွထားသောမြေကြီးအောက်
တွင် အရုပ်သွားထားသည့် လမ်းကြောင်းများ တွေ့လိုက်
ရလေသည်။
" အလို ... ဒါသူရွေ့နေတုန်းက ပတ်လမ်းတွေပဲ "
" အများကြီးပဲေနာ် ဆရာ "
" နေဉီး ... ရေကြည့်အုံးမယ် ... ၁...၂...၃...၄... "
ဆရာနိုင်မိုးက ပတ်လမ်းများကို ရေတွက်ကြည့်လိုက်၏။
" အလို ပတ်လမ်းက ကိုးလမ်းတောင် ရှိနေပြီဗျာ ... ဒေါ်
စိန်သန်း ကံကောင်းသွားတယ်ဗျို့ ... မဟုတ်ရင် မလွယ်
ဘူး "
" ကျွန်မတော့ ကြည့်ပြီး ကြက်သီးထနေတာဆရာရေ "
" အင်း ... ဒီပတ်လမ်းတွေထဲကို ဘုရားရေစင်လောင်း
ထည့်ရမယ်ဗျ ... "
" ဘုရားသောက်တော်ရေလားဆရာ "
" သောက်တော်ရေနဲ့ဘယ်လောက်မလဲဗျာ ... ဒီလိုလုပ်
... ဝေယံထူးရေ ... ဘုန်းကြီးကျောင်းဖြစ်ဖြစ် ... စေတီ
ဖြစ်ဖြစ်သွားကွာ... အဲ့မှာ ဘုရားပန်းတွေပါဝယ်သွားကြ
... ပြီးရင် ဘုရားပန်းလဲပေးခဲ့ ... လုပ်ရမှာက ဘုရားပန်း
အိုးတွေထဲက ရေအဟောင်းကိုစွန့်ယူလာခဲ့လိုက် ...ရေ
ပုံးနဲငါထည့်လာခဲ့လိုက်တော့ ... တစ်ယောက်ထဲ နိုင်မှာ
မဟုတ်ဘူး ...တစ်ယောက်ယောက်လိုက်သွားမှရမယ် "
" အဲ့ဒါဆို နုရည်နဲ့သွားလိုက်လေ ... သူ့မှာကားပါတယ် ...
နောက်ခန်းမှာ တင်လာလို့ရတာပေါ့ "
" ရေပုံးကရော "
" ရေပုံးကတော့ ဝင်ဝယ်လိုက်တော့ "
" ဟုတ်ကဲ့ "
သို့နှင့် ဝေယံထူးနှင့် နုရည်ဝင်း မှာ အတူထွက်လာခဲ့ကြ
လေတော့သည်။
စေတီတွင် ဘုရားပန်းအတူလဲကာ ရေအဟောင်းများကို
ရေပုံးထဲသို့ ထည့်ယူလိုက်ကြ၏။ ဝေယံထူးမှာ တစ်ချက်
တစ်ချက် နုရည်ဝင်းကို ခိုးခိုးကြည့်မိသည်။ နုရည်ဝင်းကလည်း မသိဟန်ဆောင်ရင်းမှ စိတ်လှုပ်ရှားသလို ဖြစ်နေ
ရသည်။
" နုရည် "
ဝေယံထူးက နာမည်ကို အဖျားဆွတ်ခေါ်လိုက်သဖြင့် နု
ရည်ဝင်း မျက်နှာလေးမော့ကြည့်လာ၏။
" ဟုတ် "
" ဟို ... ကျွန်တော့်အဘိုး လုပ်ခဲ့သမျှတွေအတွက် အဘိုး
ကိုယ်စား နုရည်တို့ကို ကျွန်တော် တောင်းပန်ပါတယ် "
" မဟုတ်တာ ကိုဝေယံရယ် ... နုရည်တို့ကတောင်းပန်ရ
မှာပါ ... အဘိုးလုပ်ခဲ့တဲ့ အတိုက်ကြီးကြောင့် လူအများ
ကြီး နစ်နာခဲ့ရတာပဲလေ ... လူ့အသက်နဲ့တွက်ရင် တောင်း
ပန်ရုံနဲ့တောင် မလုံလောက်ပါဘူးရှင် "
" တောင်းပန်ရုံနဲ့ မလုံလောက်ဘူးဆိုတော့ ... ဘာလုပ်
ပေးမှာလဲဟင် "
ဝေယံထူးက ရီဝေဝေကြည့်ကာ မေးနေသဖြင့် နုရည်ဝင်း
မှာ ခေါင်းကိုအမြန်ငုံ့ပစ်လိုက်လေသည်။
" ဘာ ... ဘာလုပ်ပေးရမှာလဲ "
" အော် ... ကျွန်တော့်ကို နေ့လည်စာတော့ ကျွေးမယ်
မလားလို့ပါ "
ထိုအခါမှ နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်မိကြ၏။
ဝေယံထူး၏ အတွေးထဲတွင်မူ ' တုံးလိုက်တဲ့ငါ ' ဟူ၍သာ ကိုယ့်ကိုကိုယ်ကျိန်ဆဲ နေမိတော့သည်။
" လာကြပြီလား "
ဝေယံထူးက ကားပေါ်မှ ရေပုံးများကို ယူချပေးသည်။
ဆရာနိုင်မိုးနှင့် ဦးသာထူးတို့ကလည်း လာယူကူလေ၏။
" ကဲ ... ဒါတွေကို ပတ်လမ်းထဲ လောင်းချကြမယ် "
ထူးဆန်းသည်မှာ ဘုရားပန်းလဲသောရေများသည် ပတ်
လမ်းထဲရောက်သည်နှင့် ပတ်လမ်းကြီးမှာ မီးကိုရေနှင့်
ငြိမ်းလိုက်သကဲ့သို့ ' ရှဲခနဲ ' တချက် မြည်ဟီး၍ သွား
ခဲ့သည်။
" ဒီတစ်ခါတော့ တကယ်ချုပ်ငြိမ်းသွားပါပြီဗျာ "
ဆရာနိုင်မိုးစကားကြောင့် အားလုံးဝမ်းသာသွားကြ
လေတော့သည်။
***********
အခန်း [ ၄၀ ]
" အားလုံး ကြားကြားသမျှ ကုသိုလ်
အမျှ ... အမျှ ... အမျှ
ယူတော်မူကြပါကုန်သော် ....
သာဓု ... သာဓု ... သာဓု "
အတိုက်ကြီးနှင့်ပတ်သက်ခဲ့သော အိမ်တိုင်း၌ အမျှဝေ
သံများ လွှင့်ပျံလျက်ရှိလေသည်။
သံဃာတော်များကို လှူဖွယ်ပစ္စည်းစုံစုံလင်လင်ဖြင့်
ကပ်လှူခဲ့ကြပြီး ဆွမ်း၊ ခဲဖွယ်များကိုလည်း ပြည့်ပြည့်
စုံစုံစီစဉ်ပေးခဲ့ကြသည်။
" မေမေ ... သမီးတို့လုပ်ပေးသမျှအားလုံး ... ဘိုးဘိုး
သိမယ်ထင်တယ်နော် "
" သိမှာပေါ့သမီးရယ် ... "
ဒေါ်သန်းသန်းဝင်းမှာ ဆုံးပါးသွားပြီဖြစ်သော မိဘနှစ်ပါး
အား အမျှပေးဝေပြီး မျက်ရည်များကျနေလေ၏။
" အရင်ကနဲ့စာရင် အခုတစ်ခေါက်ကတော့ ကောင်းရာ
မွန်ရာကို တကယ်ရောက်သွားလောက်မှာပါ "
နုရည်ဝင်းက မိခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူကိုနှစ်သိမ့်
ပေးနေလေသည်။
အားလုံးပြီးဆုံးသွားသည့်အခါ စိတ်မော လူမောဖြစ်ခဲ့
သမျှ စောစီးအနားယူလိုက်ကြသည်။
ထိုည သန်းခေါင်လောက်တွင် နုရည်ဝင်းအိပ်မက်ထဲ၌
ဉီးအောင်ဒင်ရောက်ရှိလာခဲ့သည်။
" မီးမီး "
" ဘိုးဘိုး "
" ငါ့မြေးလေးကြောင့် ဘိုးဘိုးသက်သာရာရခဲ့ပြီ "
ထိုအခါမှ အဘိုးဖြစ်သူကို သေချာကြည့်မိတော့သည်။
ယခက်က တကိုယ်လုံးသွေးသံရဲရဲနှင့်အဘိုးမှာ ယခုထို
သွေးများ မရှိတော့ပေ။ ထို့အတူ သံကြိုးကြီးနှင့်ကျောက်တုံးကြီးလည်း မရှိတော့ချေ။
" ဘိုးဘိုး ... ဟိုဟာတွေမရှိတော့ဘူးနော် "
ဦးအောင်ဒင်က ပြုံးနေလေသည်။
" အဲ့ဒါတွေမရှိတော့ပေမယ့် ... ဘိုးဘိုးလုပ်ခဲ့တဲ့ အကု
သိုလ်ကို ဆက်ခံရအုံးမယ်... "
" ဘိုးဘိုးအတွက် ... သမီးတို့လုပ်ပေးသမျှတွေ အရာထင်တာပေါ့နော် ... ဘိုးဘိုးဘာတွေကြုံခဲ့ရတာလဲဟင် "
" လူနက်ကြီးတွေက ဘိုးဘိုးကို လိုက်ဖမ်းကြလို့ ထွက်
ပြေးရင်း ရေတွင်းထဲပြုတ်ကျခဲ့ရတာ ... ပြုတ်ကျပြီး
လည်း သူတို့လက်ကနေ ဘိုးဘိုးမလွတ်ခဲ့ပါဘူး ... သူ
တို့ကနှိပ်စက်ကြတယ် ... ခုတော့ သူတို့မရှိကြတော့
ဘူး ... "
" အဲ့ဒါဆို ဘိုးဘိုး လွတ်ပြီမဟုတ်ဘူးလား "
" သူတို့လက်ထဲကသာလွတ်တာပါ ... ဘိုးဘိုးလုပ်ခဲ့တဲ့
အကုသိုလ်ကို ပြန်ပေးဆပ်ရအုံးမှာ ... ဘိုးဘိုးသွားရ
တော့မယ် ... မီးမီးလေး "
" နေပါအုံး ... ဘိုးဘိုးရဲ့ ... သမီးတို့ကို မှာစရာမရှိတော့
ဘူးလား "
ဦးအောင်ဒင်မှာ ကျောခိုင်းထားရာမှ ပြန်လှည့်လာသည်။
" သမီးတို့အားလုံးက ဘိုးဘိုးလို အကုသိုလ်ကြီးကြီးမား
မား မလုပ်ခဲ့ကြဘူး ... အကုန်လုံးကို စိတ်ချတယ် ... "
ထိုသို့ပြောပြီး တဖြည်းဖြည်း မှုန်ဝါးသွားလေတော့လေ
သည်။
" ဘိုးဘိုး "
နုရည်ဝင်းက အော်ရင်းထထိုင်လိုက်၏။
" အိပ်မက်မက်နေတာပဲ ... အင်းပေါ့လေ ... ဘိုးဘိုးခုလို
ဖြစ်လာတာပဲ မဆိုးတော့ဘူး ... ဘိုးဘိုးရေ ... သမီးလေ ...
ဘိုးဘိုးအတွက် ကုသိုလ်တွေပိုလုပ်ပေးပါ့မယ် ... လုပ်ပြီး
သမျှအလှူဒါနကုသိုလ်တိုင်းကိုလည်း ဘိုးဘိုးကို အမျှ
ပေးဝေပါ့မယ်နော် "
နုရည်ဝင်းမှာ တကိုယ်တည်း ပြောနေရှာလေသည်။
နုရည်ဝင်းနည်းတူ အိပ်မက်မက်သူမှာ ဒေါ်စိန်သန်းပင်။
မိဘမောင်ဘွား အားလုံးသည် သူမ၏ရှေ့၌ ရပ်နေကြသည်။
ထို့နောက် မျက်နှာများကြည်လင်နေကြပြီး လာနှုတ်ဆက်
နေ၏။
" ငါတို့ကိုလုပ်ပေးတဲ့ ကုသိုလ်တွေကြောင့် လွတ်လပ်သွားရပြီ ... ငါတို့သွားတော့မယ် "
ထိုသို့မက်ခဲ့၏။
" အော် ... လူတွေဟာ အကြောင်းကံရေစက်ကြောင့်
တွေ့ကြဆုံကြရတယ် ... ရှိတုန်းက တန်ဖိုးမထားဘဲ ...
ခွဲခွါရမှ လွမ်းဆွတ်ကြတယ် ... ငါလည်း လိုက်လာခဲ့
မှာ... သွားနှင့်လိုက်ကြ "
အရာအားလုံးသည်ပုံမှန်အတိုင်းပြန်လည် လည်ပတ်နေကြ
သည်။ ပုံမှန်အတိုင်းမဟုတ်သည့်အရာမှာ ဝေယံထူးနှင့် နုရည်ဝင်းတို့ပင်။
လေညင်းသွဲ့သွဲ့တိုက်ခတ်နေသော ကန်ရေစပ်ဘေးရှိ
ခုံတန်းလျားပေါ်တွင် ဝေယံထူးနှင့် နုရည်ဝင်းတို့ အတူ
ထိုင်နေကြသည်။
" နုရည် "
ဝေယံထူးက ခပ်တိုးတိုးလေးခေါ်လိုက်၏။
" ရှင် "
" ကိုယ်တို့ရဲ့ အဘိုးနှစ်ယောက်ဟာ အမုန်းတရားတွေနဲ့
ကျိန်စာတွေသင့်ခဲ့ကြတယ် ... အဲ့ဒီကျိန်စာတွေကိုလည်း
ကိုယ်တို့နှစ်ယောက် အတူတူ ဖြေရှင်းပေးခဲ့တယ်နော် "
" ဟုတ် ... "
" သူတို့ရဲ့ ရန်ငြိုးတွေကို ကိုယ်တို့လက်ထက်မှာ သင်ပုန်း
ချေခွင့် ရရင်ဘယ်လောက်ကောင်းလိမ့်မလဲ "
" အခုလည်း နုရည်တို့က ရန်ငြိုးတွေ အမုန်းတရားတွေ
ရှိနေကြတာမှမဟုတ်တာ "
" မဟုတ်ဘူးလေ ... ကိုယ်ပြောချင်တာက ... ဟို ...
ကိုယ့်ကိုပေးမယ်ဆိုတဲ့ အဖြေ ...အဟဲ .. အဲ့ဒါပြော
ချင်တာ "
" အမလေး ... သူအဖြေတောင်းနည်းကလဲ ... အဘိုးတွေ
အထိပါ...ပါတယ် ... မပြောလိုက်ချင်ဘူး "
နုရည်ဝင်းက မျက်စောင်းတစ်ချက်ခဲရင်း ပြောလိုက်
လေသည်။
" ပါမှရမှာပေါ့ ... အဘိုးတွေကြောင့် နုရည်နဲ့ ဆုံခွင့်ရ
ခဲ့တာပဲလေ "
" ဟုတ်ပါပြီ "
" ဒါဆို ... "
ဝေယံထူးက နုရည်ဝင်းကို မဝံ့မရဲ ကြည့်လိုက်သည့်အခါ
နုရည်ဝင်းကပြုံးရင်း ခေါင်းလေးငုံ့သွားလေတော့သည်။
အဘိုးဖြစ်သူတို့၏ ရန်ငြိုးများမှာ မြေးလက်ထက်တွင် ပြေပျောက်ကာ ချစ်ခြင်းတရားများဖြင့် ရစ်နှောင်ဖွဲ့ချည်
ကြပေတော့မည်။
တစ်ခေတ်တစ်ခါက အစွမ်းထက်လှသော အတိုက်ကြီး
သည်လည်း တိမ်မြုပ်သထက်တိမ်မြုပ်ပျောက်ကွယ်
သွားပေဉီးမည်။
သို့ရာတွင် ဝေယံထူးနှင့် နုရည်ဝင်းတို့၏ ရင်ထဲတွင်မူ
ရတနာအတိုက်ကြီးဖြစ်ရပ်အား ထာဝရ သတိရနေ
မည်မှာမလွဲတော့ပေတည်း။
ပြီးပါပြီ။
သော်တာလမင်းစန္ဒာ
#lotaya_shortstory