
အခန်း၁။
ဖိုးရှုပ် အခုတလော ထောနေတဲ့ပုံပဲ။ မသန်းရဲ့ အရက်ပုန်းဆိုင်ကို ဝင်ချည်ထွက်ချည် လုပ်နေတာ ဒါနဲ့ဆို ဘယ်နှစ်ကြိမ်မြောက်လဲ။ဖိုးရှုပ်က ကျပန်းအလုပ်သမား။ အလုပ်က ရှိတလှည့် ပြတ်တလှည့်။ အရက်ကို အကြွေးခံသောက်တတ်သူ။ မသန်း ဘယ်လောက်ဆူဆူဆဲဆဲ၊ အပြုံးမပျက်။ ရှိရင် ပေးမှာပေါ့ဟုသာ ထွေတွေတွေ ပြန်ပြောတတ်၏။
ခါတိုင်းဆို ဖိုးရှုပ် မနက်စောစော တခေါက် ဝင်မော့တိုင်း ၊ မသန်း ပါးစပ်က ဟဲ့အကောင် အရက်ဖိုးပါရဲ့လားလို့ အော်မေးနေကြ။
မမေးလို့လည်း မဖြစ်။ ဒင်းက စွပ်ကယ်စွပ်ကယ် သောက်တတ်သူ။သောက်ပြီးမှ ' ဒီတခွက်ဖိုး မှတ်ထားလိုက်အုံးနော် အစ်မ' လို့ လုပ်ချင်လုပ်တတ်တာ။
မသန်းက ဒီလောက် မျက်နှာကြောတင်းထားတာတောင် ဖိုးရှုပ်က အရေးမလုပ်ချင်။ဖိုးရှုပ်ဆိုတဲ့ကောင်က ဆူချင်သလောက်ဆူ၊ ဆိုချင်သလောက်ဆို အရေထူ၏။ မျက်နှာပြောင်၏။
အရက်ကို တခြားသော အရက်သမားများထံမှ တောင်းသောက်ရုံမျှမက ၊ မသန်းဆီမှာလည်း အကြွေးမှတ် သောက်တတ်သူ။မှိုချိုးမျှစ်ချိုး ပြောရမယ်ဆို ဖိုးရှုပ်က အရက်သူတောင်းစားပေါ့။
ဒါပေမဲ့ အခုကတော့ အဲ့သလိုမဟုတ်ပြန်ဘူး။ ထူးထူးဆန်းဆန်း မသန်းကတောင် ဖိုးရှုပ်ကို မျက်နှာချိုသွေးလို့။အရင်ကဆို လူတကာ လျက်ဖို့ ချထားပေးတဲ့ လက်ညှိုးပေါင်းတထောင် လျက်ဆားပုလင်းကိုတောင် မသန်းက ဖိုးရှုပ်အတွက်ဆို ငြိုငြင်ချင်တာမဟုတ်လား။
အခု ဖိုးရှုပ် ရှေ့တည့်တည့်မှာ ကြက်ဥဟပ်ဗရိုက်ကြော်ကို ပန်းကန်နဲ့ဘာနဲ့ ကျကျနန ။ အံမယ် ပန်းကန်ထဲမှာ ကြက်ဥက တလုံးတောင် မဟုတ်ဘူး။ နှစ်လုံးတောင်မှ။ ဖိုးရှုပ်တို့ နေရင်းထိုင်ရင်း အဘယ်အကြောင်းကြောင့် ကံဇာတာ တက်နေသလဲ မပြောတတ်။ မသန်းမျက်နှာကလည်း ချိုလို့။
ဘယ် ... အရင်ကဆို မသန်းမျက်နှာက အိမ်မြှောင်လိုလို တောက်တဲ့လိုလို ။ အရယ်အပြုံးမရှိ၊ အမြဲ မျက်နှာသေနေတတ်သူ။ ပြုံးစရာရှိ၍ မပြုံး။ မဲ့စရာရှို၍ မမဲ့။ ဒေါမနဿကြောင့်လည်း မျက်နှာထားက မတင်း။ သောမနဿကြောင့်လည်း မျက်နှာထားက မရွှင်။ သူ့အရက် ဘယ်နှစ်ပုလင်း ကုန်ရင် ဘယ်လောက်မြတ်မည်သာ စိတ်တွက်တွက်ကာ ပေသီးခေါက်နေတတ်သူ။
ဒီလိုမျိုး စီးပွားတွက် အမြဲတွက်နေတတ်တဲ့မိန်းမက အခု ငပေငတေ ငမူးဖိုးရှုပ်အပေါ် ချိုသာစွာ ဆက်ဆံနေသည်ဆိုတော့ အတော့ကို စိတ်ဝင်စားစရာ။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက၊ ဖိုးရှုပ်က အရက်သောက်ပြီး လိမ်ဖယ်လိမ်ဖယ်နဲ့ ထသွားပေမယ့် ၊ ပိုက်ဆံရှင်းတာကို မမြင်။ ဒါပေသိ ဆိုင်ရှင်မသန်းကလည်း မသိလိုက်မသိဖာသာ နေပြီး၊ ဖိုးရှုပ်သောက်သွားသည့် ဖန်ခွက်ကို သိမ်းသွား၏။ အင်း ... တခုခုတော့ တခုခုပဲ။ မသန်း ဖိုးရှုပ်နဲ့များ ဖောက်ပြန်တာလား။ဟူး ... ဒါတော့ မဖြစ်နိုင်။ ဖိုးရှုပ်ဆိုတာက ခြေတဖက် သန်သူမဟုတ်သည့်အပြင် ၊အားကိုးလောက်စရာ ၊ မိန်းမကြိုက်လောက်စရာ ယောက်ကျားမဟုတ်။ ဒါ့အပြင် မသန်းယောက်ကျားကိုတင်မောင်ကလည်း ဖိုးရှုပ် အရက်ဖိုး ရှင်းမသွားတာ သိနေတာပဲ။ သူလည်း ဝင်မပြော။
ပဟေဠိက ရှင်းလေရှုပ်လေ။ ဖိုးရှုပ်ဟာ ကျန်တဲ့ အရက်သမားတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေတာတော့ အမှန်။ အရက်သမား အချင်းချင်း တီးတိုးသဖန်းပိုး ထိုးချင်စရာ ။
" မသန်း ငါ လမ်းထိပ်က ကုန်ဈေးတန်း ခဏ သွားအုံးမယ် ၊ ဘာမှာအုံးမလဲ "
မသန်း သူ့ယောက်ကျားကိုတင်မောင်ကို ဖြေလိုက်တဲ့စကားကြောင့် အရက်ဆိုင်ထဲက လူတွေ အကုန် ခေါင်းထောင်ကြည့်လိုက်ကြလေရဲ့။
" ကျုပ်မောင် ဖိုးရှုပ်အတွက် လိမ္မော်သီး အလုံးကြီးတာလေးတွေ့ရင် လေးငါးဆယ်လုံးလောက် ဝယ်ခဲ့စမ်းပါတော် " တဲ့။ မသန်းတို့ ဖိုးရှုပ်အပေါ် ရက်ရောနေချက်။
___________
အခန်း၂။
အခုတလော မသန်းယောက်ကျား ကိုတင်မောင်ကို ကြည့်လိုက်၊ ပုဆိုးအသစ် အင်္ကျီအသစ်နဲ့ ၊
စမတ်ကို ကျလို့။ ခါတိုင်းဆို ခါးဝတ် ပုဆိုးကြမ်းတထည်နဲ့ကျောပြောင်။ အခုတော့ သူ့မိန်းမ မသန်းက ဆင်သလားမပြောတတ်။ လူလူသူသူ ဝတ်လို့စားလို့၊ မရှိမဲ့ရှိမဲ့ ဆံပင်ပါးလျလျမှာလည်း ဆီတွေကရွှဲစိုအိနေ၏။
အံမယ် .... တင်မောင်တို့များ လမ်းသွားရင် လက်ကို မြှောက်ဆ မြှောက်ဆ လုပ်နေပါတယ်အောက်မေ့တာ၊ လက်စသတ်တော့ တင်မောင်က သူ့ဘယ်လက်မှာ ပတ်ထားတဲ့ နာရီကို ကြွားလုံးထုတ်နေတာကိုး။ နာရီကလည်း အကောင်းစား။ မြို့ကလာတဲ့သူတွေ ပတ်ပတ်လာတဲ့ ဒင်းနစ်မာတင်ဆိုတဲ့နာရီဆိုပဲ။
ဒါတင်လား မဟုတ်သေး။ သူ့မိန်းမ မသန်းကလည်း ဈေးဝယ်ထွက်ရင် လက်ကို မလိုအပ်ပဲ မြှောက်ကြွကြွလုပ်၏။ မသန်းက လက်ခလယ်မှာ ဝင်းအိနေတဲ့ ရွှေသားလက်စွပ်တကွင်း ဝတ်ထားသတဲ့။
လက်စွပ်က တကျပ်သားလောက် ရှိမယ်လို့တော့ ဈေးသည်တွေက တီးတိုးပြောနေကြ၏။ ငါးရောင်းတဲ့ မခင်မြကတော့ မဲ့ကာရွဲ့ကာဖြင့် ...
" ကောင်မ ... ရွှေ မဝတ်ဖူးမှန်း သိသာတာအေ ၊ လက်စွပ်က ယောက်ကျားဝတ် အုတ်ခဲပုံလက်စွပ်ကြီးအေ့ ၊ ရွှေရော အစစ်ဟုတ်ချင်မှ ဟုတ်မှာပါအေရယ် ၊အခုခေတ်က ရွှေရည်စိမ်တွေက ပေါမှပေါမဟုတ်လား "
မခင်မြက ထိုသို့ အောက်ကလိအာဖြင့် ထောမနာပြု၏။ ဒါပေမဲ့ မသန်းနဲ့ ရင်းနှီးတဲ့ ပန်းထိမ်ဆရာကတော်မနွဲ့နွဲရီက...
" အံမယ် ... မသန်းကို အထင်မသေးနဲ့ ၊ သူ ဝတ်ထားတာ ရွှေအစစ်တော့ ၊ မြို့ထဲက ဝယ်လာတာတဲ့ ၊ သူ့ ယောက်ကျားဖို့ ဝယ်လာတာ၊ သူ့ယောက်ကျားက မဝတ်ချင်ဘူးဆိုလို့ သူက ဝတ်ထားရတာတဲ့။
ကျွန်မတို့ဆီကို အဲ့ဒီလက်စွပ် အလေးချိန်တောင် လာချိန်သေးတယ်။ တကျပ်သား နည်းနည်းစွန်းတယ်တော့ "
တချို့ကတော့ ထင်ကြေးပေး၏။
ကုန်စုံဆိုင်ပိုင်ရှင် မညွန့်ရင်က ...
" ကောင်မ ရေရောင်းစားနေတာပဲအေ ၊ မထောပဲ ရှိပါ့မလား ၊ အရက်ထဲ ရေဘယ်လောက် ရောနေလဲမှ မသိတာ "
မီးရထားစာရေးကြီးကတော် မဥမ္မာကတော့ ...
" အေးလေ .... အရက်ရောင်းတဲ့သူကမှ ရွှေဝတ်နိုင်သေး ၊ ငါ့ယောက်ကျား မီးရထား စာရေးကတော့ ငါ့ကို အဝတ်တောင် ကောင်းကောင်း ဝယ်မပေးနိုင်ပေါင်၊ သူပေးတဲ့ လစာကို တလ တလ မနည်းလောက်ငအောင် ကြံဖန်သုံးနေရတယ်၊ငါလဲ ငါ့ယောက်ကျားကို အလုပ်က ထွက်ခိုင်းပြီး အရက်ဖြူဆိုင် ဖွင့်ခိုင်းမှ ဖြစ်တော့မယ်အေ "
မှန်နေ၏။ အခု လတ်တလောလေးမှ လိုင်စင်မဲ့ အရက်ဖြူဆိုင်လေး ပုန်းလျိုးကွယ်လျိုး ဖွင့်ထားတဲ ကိုတင်မောင်နဲ့ မသန်းတို့ လင်မယား နေ့ချင်းညချင်း တောက်တောက်ပြောင်ပြောင် ဖြစ်လာတာက လူပြောချင်စရာ။
သူတို့ဆိုင်က တအားစည်လှတယ်လည်းမဟုတ်။ ရပ်ကွက်ထဲက အလုပ်ကြမ်းသမားတွေအတွက်တော့ ညနေဘက် အပန်းဖြေရာ ဆိုင်ငယ်လေးသာ ဖြစ်၏။ မျက်နှာဖွင့် ၁၅ပေ၊ အရှည် ပေ၂၀လောက်သာ ရှိမယ့် ဓနိမိုး ထရံကာတဲလေးကို ကဲလားဖွင့်ပြီး အရက်ဆိုင် လုပ်ထားတာ။ စားပွဲခုံအဟောင်းလေး သုံးလေးလုံးတောင် နေရာကျဉ်းကျဉ်းလေးမှာ ပြွတ်သိပ်ခတ်နေ၏။ ဒါပေမဲ့ ညနေဘက်တော့ ရောင်းကောင်းသည်မှာ အမှန်။ ညနေဘက် အလုပ်သိမ်းချိန်ဆိုလျင် သူတို့ဆိုင်လေး လူကျ၏။ တခြားအရက်ဘီယာများနဲ့စာလျင် အရက်ဖြူက ဈေးပေါသည်မဟုတ်လား။
ဒီလိုနဲ့ တင်မောင်နဲ့မသန်းအကြောင်းကို ရပ်ကွက်ထဲမှာ ထင်ကြေးအမျိုးမျိုးပေး ပြောကြသလို ၊ မသန်းဆိုင်လာ အရက်သမားတွေကလည်း ဖိုးရှုပ်နဲ့ မသန်းတို့လင်မယားအကြားက ပြောင်းလဲသွားတဲ့ ဆက်ဆံရေးကို ပေါက်တတ်ကရ ပြောနေကြတာတော့၏။ တချို့က ဖိုးရှုပ်ကို အရောတဝင်လုပ်ပြီး စပ်စုကြသည်။လူတွေက ဘယ်လို ချော့မေးမေး၊ ဖိုးရှုပ်တို့ နုတ်လုံပုံကတော့ ...
" ဒီလိုပါပဲဗျာ ၊ လူဆိုတာတော့ တသမတ်တည်း ဘယ်နိမ့်ကျပါ့လဲ ၊နိမ့်လိုက် မြင့်လိုက်ပေါ့ "
သူကတောင် တရားသဘောနဲ့ နားချသွားလိုက်သေး။
_________
အခန်း၃။
တရက်မှာ ကိုတင်မောင် မြို့ထဲကို သွားပြီး ဆိုင်အတွက် လိုအပ်တာလေးတွေ သွားဝယ်နေချိန်၊ အိမ်မှာ မသန်း တယောက်တည်းကျန်ရစ်ခဲ့၏။
နံနက်စောစောဆိုတော့ အရက်လာသောက်တဲ့သူလည်း မရှိသေးဘူး။ မသန်းက နောက်ဖေး ကွန်ကရစ်ရေကန်မှာ ဖန်ခွက်တွေ ဆေးကြောနေ၏။ အဲ့ဒီအချိန် သူတို့အိမ်ထဲကို လူဝင်လာသလို ဖိနပ်သံ တရှပ်ရှပ် ကြားလိုက်ရ၏။
မသန်းက ခါတိုင်းလို မောနင်း လာဖြေတဲ့ အရက်သမားတယောက်လို့ပဲ ထင်ပြီး
" ခဏလေးနော် ၊ ဖန်ခွက်တွေ ရေဆေးလက်စမို့ ၊ ထိုင်နှင့်အုံး "
မသန်းက အဲ့သလို အသံပြုလိုက်တော့ ဖိနပ်သံက ငြိမ်သွား၏။ ထိုင်ခုံ တလုံးမှာ ဝင်ထိုင်လိုက်တာနေမှာပေါ့ဆိုပြီး ဆက်ဆေး၏။တအောင့်လောက်ကြာတော့ မသန်းက ဆေးကြောပြီးတဲ့ ဖန်ခွက်တွေကို စတီးလင်ဗန်းပေါ်တင်ပြီး အိမ်ရှေ့ထွက်လာခဲ့သည်။
ဆိုင်ထဲ ခင်းကျင်းထားတဲ့ စားပွဲဝိုင်းတွေမှာ တယောက်မှ ရှိမနေသည်ကို တွေ့လိုက်ရသည်။
" ဟင်! အရက်လာသောက်တဲ့သူ မဟုတ်ဘူးထင်တယ် "
" ဒါဆို ဘယ်သူလဲ! သူခိုး ..."
မသန်း ပျာပျာသလဲနဲ့ ပိုက်ဆံထည့်တဲ့ ကောင်တာခုံလေးဆီ ပြေးသွားကြည့်သည်။
" ဘုရားရေ ... "
နှစ်ဆင့်အံဆွဲ ပွင့်နေ၏။ အံဆွဲ ၂ခုလုံး ကောင်တာ အပြင်ထွက်နေသည်။ သေချာပါပြီ။ ဆိုင်ထဲ သူခိုးဝင်သွားသည်မှာ သေချာနေပါ၏။မသန်း ကပျာကယာနဲ့ အံဆွဲတွေကို ငုံ့ကြည့်စစ်ဆေးသည်။
ပထမ အံဆွဲထဲမှာ မနေ့က ရောင်းရတဲ့ ရောင်းကြေးငွေ ၄သောင်းကျော် အထပ်လိုက်လေးက မသန်းထားသည့်အတိုင်း အရာမယွင်း ရှိနေ၏။ သူခိုးက ပိုက်ဆံလည်း ယူမသွားပါလား။
မသန်း အောက်က အံဆွဲကို ထပ်စစ်ပြန်သည်။ အကြွေးစာရင်းစာအုပ်နဲ့ စုကြေးစာအုပ်။ ဒါလည်းပဲ အနေအထားမပျက် ရှိနေ၏။ စာအုပ်ကြားမှာ ဖွက်ထားသော ပိုက်ဆံ တသိန်း ရှိမရှိ စစ်ကြည့်သည်။ အရာမပျက် ရှိနေ၏။ မသန်း ခေါင်းကုတ်လိုက်မိသည်။ သူခိုးက ပိုက်ဆံလည်း မခိုးဆိုတော့ သူမ ဦနှောက်ခြောက်သွားသည်။ဒါဆို ဘာလိုချင်လို့လဲ။
" ကိုတင်မောင်များ တခုခု မေ့ကျန်လို့ ပြန်လာတာလား ?
ဟယ် ... ဘာပစ္စည်းမှ မပျောက်တာဘဲ ၊ ရှည်ရှည်ရှုပ်ရှုပ် တွေးမနေတော့ပါဘူး "
အဲ့သလိုနဲ့ မသန်းဟာ ကောင်တာအံဆွဲတွေကို အသေအချာ သော့ခတ်ပြီး၊ ဝါးထရံနဲ့ ခန်းဆီးကာထားတဲ့ သူမ အိပ်ခန်းဆီကို လှမ်းခဲ့လိုက်၏။
အခန်းဝရောက်သော် ...
" အောင်မယ်လေး ဘုရား ဘုရား ၊ ငါ့အခန်းက ဘာတွေ ဖြစ်ကုန်တာလဲ "
အခန်းထဲက အဝတ်အစား ထည့်သော သံသေတ္တာမှာ ပွင့်လျက်သားရှိပြီး၊ အထဲက အဝတ်အစားတွေကတော့ ဝါးကြမ်းခင်းပေါ်မှာ တစဆီ ပြန့်ကျဲလို့နေလေ၏။ အခန်းတခုလုံးကို ဝင်ရောက် မွှေနှောက်ထားသည်မှာ ရစရာမရှိ။ အကုန် ပြန့်ကျဲနေလေ၏။
မသန်းရဲ့ အတွင်းခံဘော်လီတွေ၊ ထမိန်တွေ ၊ အင်္ကျီတွေက ဟိုတစ ဒီတစ။ ကိုတင်မောင့်သေတ္တာလည်း ဘာထူးလဲ။ ပွစာကြဲလို့။ ထင်တိုင်းမွှေနှောက်ထားခံရ၏။
မသန်းသည် ခေါင်းရင်း ပြတင်းကို အမြဲလိုလို ပိတ်ထားတတ်၏။ ယခုအခါမှာလည်း တံခါးက ပိတ်လျက်သားပင်။ သူခိုးသည် သူမ တခဏတာ နောက်ဖေး ဝင်နေခိုက် ဝင်မွှေသွားခြင်းသာ ဖြစ်လိမ့်မည်။
သူမတို့လို ဆင်းရဲသားအိမ်ကို သူခိုးက ဘာလို့ ဝင်ရောက် မွှေနှောက်ပါသနည်း။ မသန်းခမျာ ဉာဏ်မမှီတော့။ သူခိုးက ခြေမြန်လက်မြန် ရှိလိုက်တာဟုသာ ကောက်ချက်ချလိုက်မိသည်။
မကြာမီ ဈေးသွားဝယ်သည့် ကိုတင်မောင် ပြန်ရောက်လာ၏။ မသန်းက သူတို့ အိပ်ခန်းကို ခေါ်ပြတော့ ကိုတင်မောင် မျက်လုံးပြူးသွားသည်။ တခန်းလုံး အဝတ်တွေ ပွစာကြဲနေသည်မဟုတ်လား။
ကိုတင်မောင် စဉ်းစားသည်။ဒါ ဘယ်သူ့လက်ချက် ဖြစ်မလဲပေါ့။
မနေ့ည သန်းခေါင်ယံက သူ မြင်တွေ့ခဲ့သည့် အဖြစ်ကို ပြန်မြင်ယောင်ကာ မသန်းကို ပြောပြသည်။
" မသန်း ... ငါ မနေ့ညက သန်းခေါင်လောက်မှာ အိမ်ရှေ့က ခွေးဟောင်သံတွေ ကြားလို့ ထကြည့်သေးတယ် ၊ အဲ့တုန်းက ငါတို့အိမ်ရှေ့မှာ လူတစ်ယောက် မတ်တတ်ကြီးဟ၊ ငါတို့အိမ်ထဲကို စူးစားကြီး ကြည့်နေတာ ငါ တွေ့လိုက်တယ်။ အမှောင်ထဲဆိုတော့ သဲသဲကွဲကွဲတော့ မမြင်ရဘူးပေါ့ဟာ။
ဒါနဲ့ ငါက အိမ်ထဲမှာ လူရှိတယ် မအိပ်သေးဘူးဆိုတဲ့အနေနဲ့ ချောင်းဟန့်သံပေးလိုက်တော့ အဲ့ဒီလူ ငါတို့အိမ်ရှေ့ကနေ ထွက်သွားတယ်ဟ။
အဲ့ဒီလူ ငါတို့အိမ်ကို ခိုးဖို့ ၊ မနေ့ညကတည်းက လာချောင်းနေတာနေမှာ ၊ ဟုတ်လောက်တယ် အဲ့ဒီလူ သူခိုးပဲနေမှာ "
မသန်းက မျက်လုံးကို မှေးလျက်၊ သူမ၏ မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း ...
" ရှင်ပြောသလို ... သူခိုးဆိုရင်လဲ ဘာလို့ ကောင်တာအံဆွဲထဲက ပိုက်ဆံတသိန်း၄သောင်းကျော်ကို ယူမသွားရတာလဲ ၊ ပိုက်ဆံမယူလို့ ကျုပ်တို့လင်မယားမှာကလဲ တခြား အဖိုးတန်ပစ္စည်းက ရှိတာမဟုတ် ၊ ဒီသူခိုးဟာ ကျုပ်တို့ အိပ်ခန်းထဲ ဘယ်အချိန်ဝင်သွားလဲကို ကျုပ် စဉ်းစားလို့မရတာ ကိုတင်မောင် "
" အေး ဒါလဲ ဟုတ်နေတာပဲ၊ ဒီကောင် ဘာလိုချင်လို့ ငါတို့ အိပ်ခန်းထဲ ဝင်မွှေတာပါလိမ့်နော် "
အဲ့သလိုပြောအပြီး ကိုတင်မောင်က မသန်း လက်ခလယ်က အုတ်ခဲပုံလက်စွပ်ကို ကြည့်မိသလို ၊ မသန်းကလည်း ကိုတင်မောင့် လက်ကောက်ဝတ်က အကောင်းစား အသစ်စက်စက် လက်ပတ်နာရီကို ကြည့်မိလျက်သား ကြုံနေတော့တာပေါ့။
မသန်းက ဖျတ်ခနဲ ကောင်တာစားပွဲပေါ်ကို မျက်လုံး ရောက်သွားသည်။ ပြီးတော့ ဟင်ခနဲ ပါးစပ်အဟောင်းသာဖြစ်သွား၏။
ကောင်တာပေါ်မှာ လက်ကိုင်သားရေအိတ်နက်တလုံး။ ဇစ်ဆွဲ ယောက်ကျားကိုင် သားရေအိတ်ဖြစ်သည်။ လက်တထွာသာသာခန့် ရှည်ပြီး ဗျက်ထူ၏။ထိုသားရေအိတ်သည် ဘယ်သို့ဘယ်ပုံ ကောင်တာပေါ် ရောက်နေသနည်း။
သူတို့ ဒီသားရေအိတ်ကို ပလပ်စတစ်ဖြင့် အသေအချာ ထုပ်ပိုးပြီးမှ အဝတ်အစား သံသေတ္တာနှင့် ကြမ်းခင်းအကြားတွင် ဝှက်ထားခဲ့ကြသည်မဟုတ်လား ။
အဲ့ဒီအိတ်အနက်လေးက ... မသန်းကို ဖိုးရှုပ်လာပေးသွားတဲ့ သားရေအိတ်လေးပေါ့။
_________
အခန်း၄။
ကိုတင်မောင်ရော မသန်းပါ ညဘက် အရက်ဆိုက် သိမ်းပြီးချိန်ဆို တုန်လှုပ်ချောက်ချားနေကြရသည်။ မကြောက်ပဲလား။ သူတို့အိမ်ရှေ့ကို ညဘက် ၁၀နာရီနောက်ပိုင်းဆို ခွေးတွေက ထိုးဟောင်တတ်ကြသည်လေ။
သုံးရက် လေးရက်လည်း မကတော့ဘူး။ ထွက်လည်း မကြည့်ဝန့်ကြဘူး။
ညဆယ်နာရီ ထိုးပြီးတာနဲ့ ...
" ဝု အု အု အူး "
" ဝု အူး အူး "
ခွေးတွေက အတင်း ထိုးအူကြ၏။
ဒီကနေ့ညတော့ ခွေးတွေက အခါတိုင်းထက် ပိုအူပိုဟောင်လို့ လင်မယားနှစ်ယောက်စလုံး တယ် မသင်္ကာတာနဲ့ ထွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
မသန်းက အကြံပေးသည့်အတိုင်း အရင်ဦးစွာ ခေါင်းရင်းတံခါးကို ဖွင့်ကြည့်ကြသည်။
သူတို့ အိမ်ရှေ့ လမ်းပေါ်မှာ လူတယောက်ဟာ မတ်မတ်ကြီး ရပ်ပြီး အိမ်ထဲကို စူးစူးစားစားကြီး ကြည့်နေတာကို မြင်လိုက်ကြရ၏။
ကိုတင်မောင်က သူခိုးထင်ပြီး ပြတင်းတံခါးကနေ လောက်လေးခွနဲ့ ပစ်ဖို့ ကြိုးစားသေး၏။ ဒါပေမဲ့ ကိုတင်မောင် လောက်လေးခွနဲ့ ချိန်လိုက်တိုင်း အဲ့ဒီလူက ပျောက်ပျောက်သွား၏။
အဲ့ဒီမှာမှ သူတို့လင်မယားဟာ အိမ်ရှေ့ကို ညဉ့်သန်းခေါင်မှ လာသောသူသည် လူမဟုတ်မှန်းသိသွားကြသည်။
ဒါနဲ့ လင်မယား၂ယောက် ကြောက်ကြောက်လန့်လန့်နဲ့ အိပ်ရာဝင်ခဲ့ကြသည်။ ဒါပေမဲ့ အိပ်ပျော်လုလု အချိန်ကျ သူတို့ အိမ်ခေါင် ဓနိမိုးပေါ်ကို ခဲကျလာ၏ ။
ပထမတော့ တလုံးစ နှစ်လုံးစပဲ။ လင်မယားနှစ်ယောက် နိုးလာပြီး၊ ငုတ်တုတ် ထထိုင်ပြီဆိုတာနဲ့ ခဲလုံးက ဆုပ်ကြဲလိုက်သလို တဖုန်းဖုန်းတဖျောင်းဖျောင်းနဲ့ကို ကျလာတာ။တချို့ခဲလုံးဆို ဓနိမိုးကို ဖောက်ပြီး ကြမ်းခင်းပေါ် ဒေါက်ခနဲ ဒေါက်ခနဲ ကျလာတာ။
ကြာတော့ ဒီလို ခေါင်းငုံ့ခံနေလို့ မဖြစ်တော့ဘူးဆိုပြီး ကိုတင်မောင်ခမျာ လက်ကျံသတ္တိလေးကို အားယူကာ တုတ်တချောင်း ကိုင်၍ အိမ်အပြင်သို့ ထွက်ကြည့်လေ၏။ မသန်းမှာလည်း တယောက်တည်း ကျန်မနေရဲသည်မို့ ကိုတင်မောင်နောက်က ကပ်ပါလာ၏။
သူတို့ အိမ်အပြင် ရောက်သည်နဲ့ ...
" ဖျန်း ... ဖျန်း "
ဆိုတဲ့ပြီး လင်ရောမယားပါ ရေနဲ့ ဆီးအပက်ခံရ၏။
" အား ... ဖြီး ... ဘာကြီးလဲ "
ရေက ဘယ်သူပက်မှန်းမသိ။ အိမ်ရှေ့မှာ လူတယောက်မှ မရှိ။ တလမ်းလုံး ငြိမ်သက်လို့။
မသန်းက သူ့ကိုယ်ပေါ်က ရေစိုကွက်ကို လက်နဲ့ ကိုင်ပြီး နမ်းကြည့်၏။
" ဖွီ ... ဘာနံ့ကြီးလဲ ၊ နံလိုက်တာတော် "
ကိုတင်မောင်လည်း နှာခေါင်းက ပွရှုံ့ ပွရှုံ့ လုပ်လိုက်ပြီး ...
" ဟုတ်ပါ့ကွာ ၊ ငါးညှီနံ့ကြီး ၊ ပုပ်ဟောင်နေတာပဲ ... ဖွီ "
အော်ဂလီဆန်လွန်းလို့ ကိုတင်မောင် ပျို့မတတ်ဖြစ်ကာ တံထွေးထွေးလိုက်သည်။
" ဖြီ ... ထွီ "
" ဖျန်း ဖျန်း ... "
အဲ့ဒီအခါမှ ပိုဆိုးရော။ ဒီတခါ ငါးညှီနံ့ နံနေသော အပုပ်ရေတွေကို လင်မယားနှစ်ယောက်လုံးရဲ့ ခေါင်းပေါ်ကကို လောင်းချတာ ခံလိုက်ရ၏။
လူတွေသာ ရေပုပ်တွေ စိုရွှဲကုန်တာ ဘာမှလည်း မမြင်ရ။ ဘယ်ကလာတဲ့ ရေပုပ်လည်းမသိ။ သူတို့ကို မကျေမနပ်နဲ့ ပက်နေတာဆိုလေတော့ ...
"အား အံမယ်လေး ကယ်ကြပါအုံးဗျို့ "ဆိုတဲ့ပြီး လင်မယားနှစ်ယောက်စလုံး အိမ်ကို ဒီအတိုင်း ပစ်ထားခဲ့ပြီး ကြောက်လန့်တကြား အော်ပြေးကြလေတော့၏။ ဖိနပ်တောင် မစီးနိုင်ပါဘူး။ ခြေကုန်သုတ် ပြေးရတော့တာပေါ့။
သူတို့ ပြေးတဲ့အချိန် အနောက်ကနေ ကပ်လိုက်လာတာက အသံတခု။ လင်ရောမယားပါ ပီပီသသကြီး ကြားလိုက်ကြရသည်။
" ငါ့ဥစ္စာတွေ ပြန်ပေး " တဲ့။
_________
အခန်း၅။
အဲ့ဒီညက ကံကောင်းချင်တော့ သူတို့ လင်မယား ရပ်ကွက်ဓမ္မာရုံမှာ တညတာ ခိုခွင့် ရသွားခဲ့၏။ ကံမြင့်သူ ဘုံဆွမ်းလောင်းအသင်းက မနက်ဖြန် ဆွမ်းလောင်းလှုရန်အတွက် ချက်ပြုတ်နေကြသည်နှင့် ကြုံနေ၍ ဖြစ်သည်။
လူငယ်တွေဆိုတော့ ကိုတင်မောင်နှင့်မသန်းတို့ ပြောပြတာကို စိတ်ဝင်စားပြီး တယောက် တုတ်တချောင်းစီကိုင်ကာ မသန်းတို့ အရက်ဖြူဆိုင်ကို သွားကြည့်ကြ၏။
ဟိုလင်မယားကတော့ ကြောက်လို့ လိုက်မသွားကြဘူး။ လူငယ် ၅ယောက်သာ ထွက်သွားကြလေရဲ့။
သူတို့ရောက်တော့ မသန်းတို့အိမ်ထဲမှာ ဆူညံနေတာပဲတဲ့။ အိုးခွက်တွေ ပစ်ပေါက်သံ ၊ သံသေတ္တာကို ထုနှက်သံ ၊ အံဆွဲတွေကို မွှေနှောက်သံ စသဖြင့် ထူးထူးဆန်းဆန်း အသံတွေဟာ လူမရှိတဲ့ အိမ်ထဲမှာ ကြွက်စီခတ်နေတာပေါ့။
လူငယ်ထဲက သတ္တိကောင်းတဲ့ တယောက်က ငါ ဝင်ကြည့်မယ်ဆိုတဲ့ အိမ်ထဲကို တုတ်ကိုင်ပြီး ဝင်သွား၏။
အဲ့ဒီ လူငယ်လည်း အိမ်ထဲထိ မရောက်ပါဘူး။လူငယ်လည်း အိမ်ထဲအဝင်
အိမ်ထဲကနေ ပုလင်းခွံတလုံးနဲ့ ပစ်ထဲ့လိုက်တာ ရင်ဝတည့်တည့်မှန်ပြီး၊ဖင်ထိုင်လျက် နောက်လန် လဲကျပါလေရော။ နောက်လူတွေက သူတို့လူကို သွားထူဖို့ လုပ်ကြသေး၏။ဒါပေမဲ့ ... အိမ်ထဲက ပုလင်းခွံတွေ၊ ဖန်ခွက်တွေ အဆက်မပြတ် ပစ်လွှတ်တော့ ...
ဘာပြောကောင်းမတုန်း၊ အတူပါလာတဲ့ လူငယ်တွေလည်း လဲကျတဲ့ လူငယ်ကိုတောင် မထူနိုင်ကြပါဘူး။ နောက်ကျတဲ့ ခြေထောက်၊ သစ္စာဖောက်ပဲလို့ မှတ်ယူကာ ဝရုန်းသုန်းကား ထွက်ပြေးကြ၏။
သူတို့ ရောက်ပြီး မကြာပါဘူး။ လဲကျကျန်ခဲ့တဲ့ လူငယ်လည်း ပုဆိုးမနိုင်ပုဝါမနိုင်နဲ့ ဟောဟဲဆိုက်ကာ ပြန်ရောက်လာ၏။ အသွားတုန်းက စီးသွားတဲ့ ဖိနပ်တော့ ပြန်ပါမလာရှာတော့ဘူး။ ဘယ်နား ကျွတ်ကျန်ခဲ့လဲ မသိဘူးတဲ့။
မကြာပါဘူး။ ဆူဆူညံညံ အသံတွေကြောင့် ရပ်ကွက်ဥက္ကဌနဲ့ လူကြီးအချို့ ဓမ္မာရုံကို ရောက်လာကြသည်။
လူငယ်တွေ အမောပြေတော့ ဘယ်လိုစဖြစ်တာလဲဟု ဥက္ကဌက မေး၏။ လူငယ်တွေက ကိုတင်မောင်တို့ လင်မယားကို လက်ညှိုးထိုးပြ၏။
ဥက္ကဌက မသန်းတို့လင်မယားကို မေးငေါ့၏။ ဘာဖြစ်တာလဲပေါ့။
အဲ့ဒီတော့ ကိုတင်မောင်နှင့်မသန်း တယောက်မျက်နှာကို တယောက် အပြန်အလှန်ကြည့်ကြ၏။ ကိုတင်မောင်က ဆုံးဖြတ်ချက်ချဟန်နှင့် ... ဟူးခနဲ လေပူမှုတ်ထုတ်လိုက်ပြီး သူ့မိန်းမကို လှမ်းပြော၏။
" ဒီအခြေအနေ ရောက်မှတော့ ငါတို့ ထိန်ချန်ထားလို့ မဖြစ်တော့ဘူး မသန်း၊ ဒီကိစ္စက ဖိုးရှုပ်ကစတာ ၊ ဖိုးရှုပ် ငါတို့ဆီ လာပြီး သားရေအိတ်အနက်လေး လာပေးတာက ပြသနာစတာပဲ ။ အကုန်သာ ဖွင့်ပြောပြလိုက်တော့ "
မသန်းက သက်ပြင်းချ၏။ ပြေလျော့နေတဲ့ ဆံပင်ကို သပ်ရပ်အောင် ထုံးလိုက်ပြီး ... ဖြစ်ကြောင်းကုန်စင်ကို ပြောပြရှာ၏။
" ကျွန်မ အပြစ်ပါ ဥက္ကဌရယ် ၊ ဖိုးရှုပ်ကို ယုံမိလို့ ဒီလို ဖြစ်ရတာပါ ။ လွန်ခဲ့တဲ့ ၁၀ရက်လောက်က ကျွန်မဆိုင်ကို ဖိုးရှုပ် အရက်လာသောက်ပါတယ်။ အဲ့ဒီ အရင်ရက်တွေက ဖိုးရှုပ်ဟာ လေးငါးရက်လောက် ပျောက်နေသေးတယ် ။ ကျွန်မက အကြွေးမပေးချင်လို့ ရှောင်နေတယ်ပဲ ထင်ခဲ့တာ။ သူက အရင် အရက်ကြွေးတွေလည်း မပေးတော့ ၊ ကျွန်မက ဟဲ့ဖိုးရှုပ် ၊ ငါ နင့်ကို အကြွေးမရောင်းနိုင်ဘူးလို့ ပြောလိုက်ပါတယ်။
အဲ့ဒီအခါ ဖိုးရှုပ်က ကျွန်မကို...
အစ်မ မသန်းရော ၊ ကိုတင်မောင်ရော ကျုပ်နဲ့ နောက်ဖေး ခဏ လိုက်ခဲ့ဗျာ။ ခင်ဗျားတို့ကို ပြစရာရှိတယ် ဆိုပြီး၊ နောက်ဖေး ခေါ်သွားပါတယ်။
နောက်ဖေးကျတော့ ဖိုးရှုပ်က သူ့ခါးကြား ဝှက်ယူလာတဲ့ သားရေအိတ်အနက်ရောင် တလုံးကို ထုတ်ပြပြီး ...
' ဒီအထဲမှာ နာရီတလုံးနဲ့ ရွှေလက်စွပ်တကွင်းပါတယ်။ ရွှေက အစစ်လား အတုလားတော့ ကျုပ်လဲ မသိဘူး၊ အဲ့ဒီအိတ်က ကောက်ရလာတာဗျ ။ ကျုပ်လို မျက်နှာမွဲကောင်ကျ ဒီရွှေတွေ နာရီတွေ သွားရောင်းရင် ကျိန်းသေ အဖမ်းခံရမှာ ၊ အစ်မတို့ကျ ဘယ်သူကမှ အထင်သေးဝန့်မှာမဟုတ်ဘူး။ ရောင်းချင်လဲ ရောင်း၊ ခင်ဗျားတို့ ဝတ်ချင်သပဆိုလဲ ဝတ်ပေါ့၊ အဲ တခုပဲ အဲဒီဟာတွေ အစ်မတို့က ယူ ၊ ကျုပ်ကို တနေ့ အရက်တလုံး ၃လလောက် အလကား သောက်ခွင့်ပေး ။ ဘယ်လိုလဲ အစ်ကိုတင်မောင်နဲ့ အစ်မ မသန်း သဘောတူမလား'လို့ ညှိနှိုင်းပါတယ်ရှင့်။
ကိုတင်မောင်နဲ့ကျွန်မလဲ အိတ်ထဲက လက်စွပ်ရယ် ၊ နာရီရယ်ကို ထုတ်ကြည့်လိုက်ကြတယ်။ နာရီက အသစ်ကြီးရှင့် ၊ သူ့ပါကင်ဂျပ်ဘူးလေးတောင် ပါသေး။ ရွှေလက်စွပ်ကတော့ စက္ကူအလွတ်နဲ့ ထုပ်ထားတာပါ။ အလေးချိန်ကို ဆကြည့်တော့ ၁ကျပ်သားလောက် ရှိမယ်လို့ ခန့်မှန်းမိတယ်။ ရွှေအစစ်လား အတုလားကျ ကျွန်မတို့လဲ မသိတာနဲ့ လခချဈေးမှာ ဈေးဝယ်ရင်း ခင်နေတဲ့ ပန်းထိမ်ဆရာကတော်ဆီကို သွားအကူအညီတောင်းပါတယ်။
မြို့ထဲက ဝယ်လာတာပေါ့။ ရွှေချိန်လေး မှန် မမှန်နဲ့၊ အရည်အသွေးလေး စစ်ပေးပါအုံးလို့ ပြောတော့ သူ့ယောက်ကျားက စစ်ပေးပါတယ်။ ရွှေက ဒင်္ဂါးရွှေ အစစ်တဲ့၊ အလေးချိန်က တကျပ်သားကို ၂ရွေး၃ရွေး ကျော်မယ်လို့ သိခဲ့ရပါတယ်။
ဒီကနေ့ ရွှေ ပေါက်ဈေး ၈သိန်းနီးပါးဆိုတော့ ကျွန်မ အရမ်းပျော်သွားတယ်။ ဒါနဲ့ ဖိုးရှုပ်ကို သေချာအောင် ပြန်မေးရတယ်။
ဟဲ့ နင် အလစ်သုတ်လာတော့မဟုတ်ပါဘူးနော် ဆိုတော့၊ ဖိုးရှုပ်က ဘုရားပေးပေး ကျမ်းပေးပေးပါ အစ်မရယ် ၊ ကျုပ် ကျိန်ဝန့်ပါတယ်။ တကယ် ကောက်ရတာပါ။ ဘယ်ကမှ မခိုးပါဘူးတဲ့ ။ အထဲက ပါလာတဲ့ စာရွက်တွေရယ် ၊ လိုင်စင်ကတ်ရယ်တော့ ကျုပ် လွှင့်ပစ်ခဲ့ပြီ။ တန်ဘိုး ရှိမယ်ထင်တာကိုပဲ ယူလာတာပါတဲ့။
ဖိုးရှုပ်က အရက်သာတောင်းသောက်တတ်တာ ၊ သူ ခိုးတယ်ဖွက်တယ်လို့ တခါမှ မကြားဖူးဘူးလေ။ အဲ့ဒီတော့ ကျွန်မလဲ ယုံပြီး ၊ ဖိုးရှုပ်ကို ....
အေးပါဟယ် ငါ နင့်ကို ယုံပါတယ်။ နင် ယူလာတဲ့ ရွှေကလဲ အတုကြီးပါဟဲ့ ၊ ငါ ပန်းထိမ်ဆရာဆီ သွားစစ်ခဲ့ပြီးပြီ ၊ နာရီကတော့ ၇သောင်း ၈သောင်း တန်သတဲ့။
ကဲပါ အဲ့ဒီလက်စွပ်အတုကို ငါ ပြန်မပေးတော့ပါဘူး၊ နင်ပြောသလို ငါ့ဆိုင်မှာ ၃လတိတိ အရက် အလကားလာသောက်ပေါ့ ။ လက်စွပ်ကိုတော့ လူရိုသေရှင်ရိုသေအနေနဲ့ ငါပဲ စွပ်ထားလိုက်တော့မယ် ။ ငါ့လက်မှာ စွပ်ထားတော့ ဘယ်သူက အတုထင်မှာလဲ ဟုတ်ဘူးလား ။
ကျွန်မက သူ နောက်ထပ် အခွင့်အရေး တောင်းလာမှာစိုးလို့ ရွှေကို အတုလို့ လိမ်ညာပြောခဲ့လိုက်ပါတယ်။ တကယ်တော့ လက်စွပ်က ရွှေလက်စွပ်အစစ်ပါ ။
နောက်တော့ ဖိုးရှုပ်ကို ကျွန်မက ချော့မေးတဲ့အခါ ၊ အဲ့ဒီ သားရေအိတ်အနက်ကို သူ မြစ်ငယ်လမ်းဆုံက ခြုံဘုတ်ထဲက ကောက်ရခဲ့တာတဲ့။
ကျွန်မက နင်က ဘာကိစ္စ အဲ့ဒီ လမ်းဆုံကို သွားတာလဲဆိုတော့ ....
အရက်ဖိုး မရှိလို့ ၊ အဲ့ဒီလမ်းဆုံမှာ ဈေးရောင်းတဲ့ သူ့အစ်မဆီ ပိုက်ဆံသွားတောင်းတာတဲ့။ သူ ရောက်သွားတဲ့အချိန် ၊ အဲ့ဒီနားမှာ ဆိုင်ကယ်တစ်စီး အက်ဆီးဒင့်ဖြစ်ပြီး လူတယောက် သေသွားသတဲ့ ။ ဆိုင်ကယ်က ခြုံဘုတ်နား လဲတာဆိုတော့ ၊ ဒီအိတ်က အဲ့ဒီ အက်ဆီးဒင့်ကြောင့် သေတဲ့ လူရဲ့ ပိုက်ဆံအိတ် ဖြစ်မယ် ထင်ပါတယ်။ ခက်တာက ဘယ်သူ ဘယ်ဝါမှန်း မသိ။ အိတ်ထဲပါတဲ့ စာရွက်တွေတို့ လိုင်စင်တွေတို့က ဖိုးရှုပ်က လွှင့်ပစ်လိုက်ပြီဆိုတာကိုး "
ဥက္ကဌ ဦးကျော်သိန်းက အခုမှ လိပ်ပတ်လည်သွားပုံရသည်။ ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ...
" ဒါဆိုတော့ အခု မင်းတို့အိမ်မှာ သောင်းကျန်းနေတာက လက်စွပ်နဲ့နာရီပိုင်ရှင်ပေါ့ ၊ အဲလေ တစ္ဆေပေါ့။ သူ့ပစ္စည်းကို စွဲလန်းစိတ်နဲ့ မကျွတ်မလွတ် ဖြစ်နေရှာတဲ့သဘောပဲ။
တွေးကြည့်ရင် သနားစရာတောင် ကောင်းနေသေးကွယ်။ ကဲ ကဲ ဒါဆို ဒီလိုလုပ်ကြရအောင် ...၊
တို့ မြစ်ငယ်လမ်းဆုံမှာ တာဝန်ကျတဲ့ ယာဉ်ထိမ်းရဲကတဆင့် ပိုင်ရှင်ကို စုံစမ်းကြတာပေါ့ ၊ လမ်းဆုံမှာ တာဝန်ကျတဲ့ ဆရာအေးလွင်က ငါနဲ့ ရင်းနီးပါတယ် ၊ သဘောလဲ ကောင်းသကွဲ့ ။
မင်းတို့က ... ဖိုးရှုပ်လာပေးသွားတဲ့ ပိုက်ဆံအိတ်နဲ့အတူ နာရီရယ် လက်စွပ်ရယ်ကို ပြန်ပေးလိုက်ပေါ့။ အဲ့ဒါဆိုရင် စွဲလန်းစိတ်နဲ့ သောင်းကျန်းနေတဲ့ တစ္ဆေလည်း ကျေနပ်သွားမှာပါ ။ လိုအပ်ရင် စစ်ကိုင်းကျောင်း ဘုန်းကြီးပင့်ပြီး ဆွမ်းကပ်ကွယ်။ ဆရာတော်က ကုသိုလ်အမျှဝေပေးပါလိမ့်မယ် "
နောက်ဆုံးတွင် လောဘကြောင့် ကိုယ့်အိမ်မှာ ကိုယ်မနေရဲအောင် ဒုက္ခရောက်ကြရသည့် ကိုတင်မောင်တို့ လင်မယားသည် ဥက္ကဌ ပြောသည့်အတိုင်း လုပ်ကြရန် သဘောတူလိုက်ကြရသည်။
နောက်တနေ့တွင် ယာဉ်ထိမ်းရဲတပ်ကြပ် ဆရာအေးလွင် စုံစမ်းပေးမှုကြောင့် သားရေအိတ်ပိုင်ရှင်အကြောင်းကို သိရသည်။
အသက် ၃၀အရွယ် ကိုဝင်းကိုဟု သိရသည်။ ထိုနေ့က ကိုဝင်းကိုသည် သူ့ဖခင်၏ ရွှေလက်စွပ်ကို အရောင်တင်သည့် ပန်းထိမ်မှ ရွေးယူလာခြင်းဖြစ်ပြီး ၊ နာရီမှာ သူ့သားလေး ဆယ်တန်းအောင်သည့်အတွက် ဂုဏ်ပြုရန် ချယ်ရီဦးနာရီဆိုင်မှ ဝယ်ယူလာခဲ့ခြင်းဟု သိရသည်။ မြို့ထဲ ရောက်တုန်း တခါတည်း ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။
မြစ်ငယ်လမ်းဆုံအရောက်တွင် မီးဝါကို ဇွတ်အတင်း ဖြတ်လာသည့် ကားနှင့် ပွတ်ဆွဲမိပြီး သူ၏ဆိုင်ကယ်လဲကျရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်၏။ ၎င်းဆောင်းထားသည့် ဆိုင်ကယ်စီးဦးထုပ်မှာ အပေါစားဖြစ်၍ လမ်းပေါ်လဲကျသည့်အခါ သူ၏ ဦးခေါင်းကို အကာအကွယ် မပေးနိုင်ခဲ့ခြင်းပင်။
ယာဉ်ထိမ်းရဲတပ်ကြပ် ကိုအေးလွင်မှတဆင့် နာရီနှင့် ရွှေလက်စွပ်ကို မူလပိုင်ရှင်သို့ ပြန်လည် အပ်နှံနိုင်ခဲ့သည်။
ယခုအခါ ကိုတင်မောင်နှင့် မသန်းတို့အိမ်ရှေ့၌ ညသန်းခေါင်တွင် ခွေးအူသံ မကြားရတော့သလို ၊ ခြောက်လှန့်ခြင်းလည်း မရှိတော့ပေ။
သိုပေမဲ့ အဲ့ဒီအဖြစ်အပျက်တွေနောက်ပိုင်းမှာ မသန်းကတော့ သူ့ဆိုင်ကို ဖိုးရှုပ်လာသောက်သည့်အခါတိုင်း
" ဟဲ့ ဖိုးရှုပ် ၊ ငါ နင့်ကို အရက်အလကား မတိုက်နိုင်တော့ဘူးနော် ၊ ပိုက်ဆံပါမှ လာသောက် "
ဟု မဲ့ကာရွဲ့ကာ ဆိုတတ်လေ၏။
ပြီးပါပြီ။
ပီပီ(မန္တလေး)
#lotaya_shortstory