မျိုးပွားတက်တူး (အပိုင်း ၁)
lotaya.mpt.com.mm
|
2022-01-07

'လုပ်ပါဟယ်။ ဒီတစ်ညထဲပါ။'

သူငယ်ချင်း လင်းလက်၏ စကားကို မငြင်းနိုင်သဖြင့် မေစက်နိုင် စနေနေ့ည နိုက်အောက်ထွက်ရန် သဘောတူလိုက်မိသည်။ လင်းလက် သူမကို ပူဆာနေသည်မှာ ကြာလေပြီ။ သူငယ်ချင်းကို ခင်သော်လည်း မေစက်နိုင်တစ်ယောက် အသက်နှစ်ဆယ့်ငါးနှစ်ပြည့်သည်အထိ တစ်ခါမှ နိုက်ကလပ်များသို့ မသွားခဲ့ဖူး။ ယခုမှ ပထမဆုံး သွားရမည်ဖြစ်သဖြင့် အနည်းငယ် စိုးရိမ်နေမိသည်။

'နင်ရည်းစားနဲ့ကွဲတာ ခြောက်လပြည့်ပြီ။ အဲဒါကြောင့် ငါက တမင်ခေါ်ထုတ်လာတာ။'

လင်းလက် ကားမောင်းရင်း မေစက်နိုင်ကို လှည့်ပြောလိုက်သည်။ သူမတို့ နှစ်ဦးစလုံး၏ မျက်နှာများပေါ်တွင် မိတ်ကပ်များအပြည့်။ ဆံပင်၊ အင်္ကျီ၊ စကတ်များမှာလည်း နောက်ဆုံးပေါ် စတိုင်၊ ဒီဇိုင်းများအပြည့်ဖြင့် လန်းချက်များမှာ ၁၀ ကျော်နေတော့သည်။ မေစက်နိုင်နှင့် လင်းလက်တို့ နှစ်ဦးစလုံးသည် တမျိုးစီ လှကြသူများဖြစ်သည်။ နှစ်ဦးစလုံးမှာ အရပ်အမောင်း မြင့်မားကြပြီး မေစက်နိုင်၏ ကိုယ်လုံးသည် တောင့်တင်းသန်မာပြီး ကောက်ကြောင်းအပြည့်ရှိကာ လင်းလက်မှာမူ ပြင်သစ်ပြည်ရှိ မော်ဒယ်များလို ပါးပါးလျပ်လျပ်နှင့် ဆွဲဆောင်မှု ကောင်းလှသူဖြစ်သည်။ မေစက်နိုင်၏ အသားအရည်သည် ၀ါ၀င်းစိုပြည်ပြီး လင်းလက်၏ အသားအရည်မှာမူ နို့ရည်လို ဖြူဖွေးကာ နူးညံ့နေသည်။ မေစက်နိုင် ပေါင်ရင်းနားမှ တိုတောင်းသော စကတ်ကို မသိမသာဆွဲချရင်း ပြန်ပြောလိုက်သည်။

'ကောင်မ။ နင့်ဟာနင် ရွချင်ရင် ရွချင်တယ်မပြောဘူး။ ငါ့ကို လွှဲမချနဲ့။'

'ဟားဟားဟား။'

လင်းလက် သူမ၏ ဆံပင် အပြာရောင်များကို လက်နှင့်သပ်ကာ အော်ရယ်လိုက်သည်။ ယောကျ်ားလေးများရှေ့တွင် ခိုးခိုးခစ်ခစ်သာ ရယ်တတ်သော သူမမှာ မေစက်နိုင်နှင့်ဆိုလျှင်တော့ ဘာဟန်ဆောင်မှုမှမရှိချေ။

‘နင် .. ဇင်ကိုနဲ့ တွေ့သေးလား’

လင်းလက် ရယ်နေရာမှ မျက်နှာတည်သွားသည်။

‘မေစက်။ နင် ခြောက်လလုံးလုံး ဒီလောက် အလူးအလဲ ခံခဲ့ပြီးမှ - အခု တစ်ကနေ ပြန်စချင်တာလား’

‘မဟုတ်ပါဘူး လင်းလက်ရယ်။ ငါက မေးရုံလေး မေးတာပါ။ မတွေ့ဖြစ်ရင်လည်း ပြီးတာပဲ’

‘မတွေ့ဖြစ်ဘူးလေဟာ။ တကယ်လို့ တွေ့ရင်လည်း ငါသူနဲ့ ဘာစကားပြောစရာရှိလဲ။ နင့်နောက်ကွယ်မှာ ငါက နင့်ရည်းစားဟောင်းနဲ့ စကားပြောပြီး ဘာလုပ်ရမှာလဲဟဲ့။ ကဲ ရောက်ပြီ။ မေစက် အဲဒီကောင်ကို ခေါင်းထဲက ထုတ်လိုက်ပါတော့ဟာ။ ဒီညက ငါတို့နှစ်ယောက်ရဲ့ည ဟုတ်ပြီလား။ နင်ငါ့ကို ခင်ရင် ဒီည အသားကုန်ပျော်ပစ်လိုက်’

နိုက်ကလပ်အနောက် ကားပါကင်တွင် ကားထိုးရပ်ပြီး သူမတို့နှစ်ယောက် အဝင်ပေါက်မှ ဝင်လာခဲ့ကြသည်။ ယောကျ်ားများအားလုံး၏ ဦးခေါင်းများ ၃၆၀ ဒီဂရီလည်သွားကြ၏။ ၀ိတ်တာနှစ်ယောက် တံခါးကို အလုအယက်ဖွင့်ပေးရင်း အချင်းချင်း တိုက်မိသွားကြသည်။ လင်းလက် ပြုံးပြီး မေစက်နိုင်ကို လှည့်ကြည့်ကာ မျက်စိတစ်ဘက်မှိတ်ပြလိုက်သည်။

x......x......x

ည ဆယ့်နှစ်နာရီကျော်လျှင် ၀ိုင်အရက်များကြောင့် မေစက်နိုင် ခေါင်းထဲတွင် မူးနောက်နေသည်။ စောစောတုန်းက အသက်ငယ်ငယ် ရည်ရည်မွန်မွန်နှင့် မော်ဒယ်ဘွိုင်းကောင်လေးတစ်ယောက် မေစက်နိုင်နှင့် ထိုင်ပြီး စကားပြောနေခဲ့သည်။ ယခုမူ သူမနှင့် စကားပြောနေခဲ့သော မော်ဒယ်ဘွိုင်းကို မတွေ့ရတော့။ လင်းလက်ကိုလည်း လူကြားထဲတွင် မမြင်ရ။ လျှပ်စစ်မီးရောင်များက နိုက်ကလပ် တစ်ခန်းလုံး အနှံ့ ဟိုသည်ပြေးလွှားနေသဖြင့် သူမ ပိုမူးလာသည်။

'ညီမ နေမကောင်းဘူးလား။'

သူမရှေ့ရောက်လာသော အမျိုးသမီးတစ်ယောက်။ သူမထက် အသက် ငါးနှစ်ခန့်ပိုကြီးလိမ့်မည်။ ပိန်ပိန်သွယ်သွယ်နှင့်။ အနီရောင်တောက်တောက် ညစာစားပွဲတက်သည့် ဝတ်စုံကို လှပစွာ ဝတ်ဆင်ထား၏။ သူမ၏ ထင်ရှားသော လည်ပင်း ညှပ်ရိုးများကို မေစက်နိုင် ငေးကြည့်နေမိသည်။

'ခေါင်းအရမ်းမူးနေလို့အစ်မ။'

'ရှူဆေးရှူမလား ညီမ။ '

ထိုအစ်မ ကမ်းပေးသော ရှူဆေးဘူးကို မေစက်နိုင် ရှူလိုက်မိ၏။ သူမ ဦးခေါင်းတစ်ခုလုံး ထုံရီသွားသည်။ သူမ၏ အသိစိတ်သည် ကိုယ်ခန္ဓာထဲမှ ဆွဲနှုတ်ပြီး တိမ်တိုက်များထဲ ရောက်သွားသလို ထင်လိုက်မိသည်။ သူမ အဝေးတစ်နေရာသို့ လွင့်မျောထွက်သွား၏။

x.....x.....x

မေစက်နိုင် မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူမ မီးပုံကြီးတစ်ပုံ၏ ရှေ့သို့ ရောက်နေသည်။ သူမတစ်ကိုယ်လုံးကို တိုင်လုံးတစ်လုံးတွင် ကပ်ကာ ကြိုးများဖြင့် ချည်နှောင်ထား၏။ ထင်းချောင်းများ ရာချီထည့်ထားသော မီးပုံကြီးသည် အားကောင်းလှစွာ တဟုန်းဟုန်း တောက်လောင်နေသည်။ သူမ၏ နှာခေါင်းထဲတွင် မွှေးပျံ့သော ရှူဆေးရနံ့က ယခုထိ စွဲကျန်နေတုန်း။ သူမဘယ်ရောက်နေသနည်း။ သဲကန္တာရကြီးတစ်ခု၏ အလယ်လိုမျိုး။ ညသည် မှောင်မဲနေ၏။

အော... အော... အော...

လူအယောက်တစ်ရာလောက် သံပြိုင်အော်ဟစ်ရွတ်ဆိုလိုက်သံကြီး ထွက်လာသည်။ သူမနှင့် မီးပုံကြီးကို ၀ိုင်းရံထားကြသော လူများ။ အဖြူရောင် ဝတ်ရုံကြီးများကို ခေါင်းမြီးခြုံထားကြသည်။ သူတို့အားလုံး၏ မျက်နှာများကို မမြင်ရ။ သူမ၏ ရှေ့တည့်တည့်တွင်မူ နိုက်ကလပ်တွင် တွေ့ခဲ့ရသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီး။ သို့သော် ယခုအခါ အမျိုးသမီး၏ကိုယ်ပေါ်တွင် အနီရောင်ဝတ်စုံမရှိတော့။ ဘာဝတ်စုံမျှ မရှိတော့။ အမျိုးသမီး၏ အရေပြားမှာ ကျောက်ဖြူသားလို ဖြူဖွေး ချောမွတ်လွန်းနေသည်။

ထိုအမျိုးသမီးသည် သူမ၏ လက်နှစ်ဘက်ကို ဘေးသို့ ဖြန့်ထုတ်လိုက်၏။ ထိုအခါမှ မေစက်နိုင် ထိုမိန်းမ၏ လက်နှစ်ဘက်ကို အသေအချာကြည့်လိုက်မိသည်။ သူမ၏ လက်သည်းကြီးများသည် ရှည်လျားချွန်ထက်လွန်းနေ၏။ သူမ မေစက်နိုင်ဆီသို့ တလှမ်းချင်း လျှောက်လာသည်။

အော... အော... အော...

လူအုပ်ကြီး၏ သံပြိုင်ရွတ်ဆိုသံကြီးမှာ ပိုပြီး ကျယ်လောင်လာသလို ထင်ရသည်။ ထိုမိန်းမ၏ လက်သည်းရှည်ကြီးတစ်ချောင်း မေစက်နိုင်၏ ပေါင်လုံးပေါ်သို့ ရောက်လာ၏။ မေစက်နိုင် အော်ဟစ်လိုက်ချင်သော်လည်း ကြောက်လန့်လွန်းသဖြင့် အသံတစ်စက်မျှ ထွက်မလာခဲ့။ သူမ အော်လျှင်လည်း လူအုပ်ကြီး၏ သံပြိုင်ရွတ်ဆိုနေသည့် အသံကြီးကို ကျော်အောင် မည်သို့မျှ တတ်နိုင်လိမ့်မည်မဟုတ်ချေ။ လက်သည်းရှည်ကြီးသည် မေစက်နိုင်၏ ပေါင်သားများတလျှောက် တဖြည်းဖြည်း အပေါ်သို့ တရွေ့ရွေ့တက်လာသည်။ မေစက်နိုင် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာ၏။

ဗျိ.. ဗျိ... ဗျိ...

ပေါင်ရင်းရှိ စကတ်အနားစများကို လက်သည်းရှည်ကြီးက ဓားတစ်ချောင်းပမာ ဖြတ်ချလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မေစက်နိုင်၏ အဝတ်အစားများ မြေပြင်ပေါ်သို့ ပုံလျက်သားကျသွားကြ၏။

'အား... ကယ်ကြပါ...။ ကယ်ကြပါရှင့်....။'

သူမ ဆောက်တည်ရာမရ အော်ဟစ်နေစဉ်မှာပင်... အမျိုးသမီးကြီး၏ ရှည်လျားချွန်ထက်လှသော လက်သည်းရှည်ကြီးများသည် မေစက်နိုင်၏ ဝမ်းဗိုက်အတွင်းသို့ ထိုးစိုက်ဝင်ရောက်သွားကြလေတော့သည်။

x.....x.....x

'ဟဲ့။ မေစက်.. မေစက်...။ ရှာလိုက်ရတာ။ နင်က ဒီမှာ လာကျိုးနေတယ် ကြည့်စမ်း။'

မေစက်နိုင် မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူမကို စိုးရိမ်တကြီး ငုံ့ကြည့်နေသော လင်းလက်ကို တွေ့လိုက်ရသည်။ သူမ၏ ဘေးတွင် ဗလကောင်းကောင်းနှင့် ယောကျ်ားတစ်ယောက်။ မူးနေပုံရသည့် ထိုလူက လင်းလက်၏ လက်ကို ဆွဲလိုက်သည်။

'ဟဲ့အကောင်။ ဘာဖြစ်နေတာလဲ။'

'လာလေ သွားမယ်။'

'ဘယ်သွားမှာလဲ။ ဒီမှာ ငါ့သူငယ်ချင်းမူးနေတာ မတွေ့ဘူးလား။'

'သူ့ပါခေါ်ခဲ့လေ။ ပိုကောင်းတာပေါ့။'

'နင်ပါးကျိုးသွားချင်လား။ သွား အခုထွက်သွား။ ငါ စီကျူရတီ ခေါ်လိုက်မှာနော်။'

အမူးသမား ဗလကြီး မြင်ကွင်းမှ ပျောက်သွားသည်။ လင်းလက် မေစက်နိုင်လဲနေသော ဆိုဖာခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

'မေစက်။ နင်ပျောက်သွားလို့ ငါ လိုက်ရှာနေတာ။ ဘယ်သွားနေတာလဲ။'

လင်းလက်၏ အမေးကို သူမ ပြန်ဖြေလိုက်သည်။ သို့သော် ဆူညံနေသော နိုက်ကလပ် သီချင်းသံများ၏အောက်တွင် သူမအသံမှာ ပျောက်သွား၏။

'ဟဲ့။ ငါ ဘာမှ မကြားဘူး။ လာ.. လာ ပြန်မယ်။ နင့်ကြည့်ရတာ အခြေအနေမကောင်းဘူး။'

မေစက်နိုင် ခေါင်းငြိတ်ပြကာ လင်းလက်ကို တွဲပြီး နိုက်ကလပ်ထဲမှ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး မူးနေကြသည်။ ကားမောင်း ပြန်၍ မဖြစ်နိုင်။

'နင်ဒီအပေါက်ဝနားမှာ ခဏစောင့်နေလိုက်ဦး။ ငါ တက်စီသွားခေါ်လိုက်ဦးမယ်။ ဒီနားက ကော်နက်ရှင်မကောင်းဘူးဖြစ်နေလို့။'

လင်းလက် ထွက်သွားလျှင် မေစက်နိုင် တစ်ယောက်တည်း ကျန်ခဲ့သည်။ သူမ ယိမ်းထိုးနေ၏။

'အို... လဲသွားပါဦးမယ်။'

ယောကျ်ားတစ်ယောက် သူမကို လာဖက်သည်။ ခုနက ဗလတောင့်တောင့်နှင့်လူ။

'လိုက်ပို့ပေးမယ်လေ။'

နောက်တစ်မိနစ်အတွင်းမှာပင် မေစက်နိုင် ထိုယောကျ်ား၏ ကားထဲသို့ ရောက်သွားသည်။

'ဟိုတယ်သွားမလား။'

'ဝေါ့...။'

သူမ ကားကြမ်းပြင်ပေါ်သိို့ အန်ချလိုက်၏။ ဗလကြီး မျက်နှာပျက်သွားသည်။ သို့သော် တဏှာခိုးများ လွှမ်းနေသဖြင့် မေစက်နိုင်ကို အပြစ်မတင်နိုင်။

'ရတယ် ရတယ်။ နောက်မှ ကျွန်တော် ဆေးလိုက်မယ်။ လာ.. လာ။ ဒီဟိုတယ်မှာ နားရအောင်။'

x....x....x

'ဆစ် ရဲ့ တက်တူးက မိုက်လှချည်လား။'

သူပြောမှ မေစက်နိုင် သူမ၏ ဝမ်းဗိုက်ကို ငုံ့ကြည့်မိသည်။ သူမ၏ ဝမ်းဗိုက်အောက်နားတွင် သူမ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမျှ မတွေ့ဖူးခဲ့သော အနီရောင်ဆေးဖြင့် ထိုးခြယ်ထားသည့် မီးတောက်မီးလျှံများ။ ထိုဆေးမင်ကြောင်သည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဖိတ်အန်ထွက်လာသလိုပင်။ သူမ၏ သားအိမ်တစ်ခုလုံး မီးများ တောက်လောက်နေသဖြင့် အရေပြားပေါ်သို့ မီးလျှံများ ထိုးထွက်နေသည့်နှယ်။ မေစက်နိုင် မီးပုံကြီးရှေ့မှ အမျိုးသမီး၏ လက်သည်းရှည်ကြီးများကို သတိရမိလိုက်သည်။

သူမ နိုက်ကလပ်တွင် တွေ့ခဲ့သော ယောကျ်ားကို ငုံ့ပြီး နမ်းလိုက်၏။ မှိတ်ထားသော ထိုလူ၏ မျက်လုံးကြီးများ ရုတ်တရက်ပွင့်လာသည်။ သူ့မျက်နှာကြီးတစ်ခုလုံး နီရဲလာ၏။ ကြွက်သားအပြိုင်းပြိုင်းထနေသော သူ့လက်မောင်းကြီးများဖြင့် မေစက်နိုင်ကို တွန်းဖယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ထက် နှစ်ဆမျှ သေးငယ်သော မေစက်နိုင်၏ ကိုယ်လုံးကို ဗလကြီးမတွန်းဖယ်နိုင်ခဲ့။ မေစက်နိုင်သည် ဗလကြီး၏ တွန့်လိမ်ရုန်းကန်နေသော ကိုယ်လုံးကြီးကို အပေါ်မှ ခွစီးကာ ဖမ်းချုပ်ထားခဲ့သည်။ နီရဲနေသော သူ့မျက်နှာကြီး ဖြူဖွေးလာ၏။ မျက်နှာတင်မကဘဲ တစ်ကိုယ်လုံး သွေးဆုတ်ပြီး စက္ကူစလို ဖြူဆွတ်သွားသည်။

မေစက်နိုင် အားရကျေနပ်စွာ ကုတင်ပေါ် ပစ်လှဲချလိုက်သည်။ သူမ၏ နံဘေးတွင်တော့ အသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်သော ထိုယောကျ်ား၏ အလောင်းကောင်ကြီးက ကြောင်တောင်ပြူးနေသော မျက်လုံးကြီးများဖြင့် ဟိုတယ်အခန်း မျက်နှာကျက်ကို ငေးကြည့်လျက်။ သူမ တစ်ကိုယ်လုံး တုန်ရီနေသည်။ အိပ်မက်ဆိုးတစ်ခု မက်နေသလို ခံစားနေရသည်။ သူမ လန့်နိုးချင်ပြီ။ လင်းလက်ဆီသို့ ဖုန်းဆက်ရန် ကုတင်ဘေးမှ ဖုန်းဆီသို့ လက်လှမ်းလိုက်၏။

'အား.....။'

အော... အော... အော...

လူအုပ်ကြီး၏ သံပြိုင်အော်ဟစ်ရွတ်ဆိုသံကြီး သူမနားထဲတွင် ပဲ့တင်ထပ်လာသည်။ သူမ၏ ဝမ်းဗိုက်အတွင်းမှ မချိမဆန့်နာကျင်ကိုက်ခဲ လာ၏။ ငုံ့ကြည့်လိုက်လျှင် သူမ ဝမ်းဗိုက်အရေပြားပေါ်ရှိ တက်တူးထဲမှ မီးတောက်မီးလျှံများ လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။ သူမ ဝမ်းဗိုက်တစ်ခုလုံး မီးလောင်နေသလို ခံစားလာရသည်။

'အား.. အမေ.. ကယ်ပါ။'

မေစက်နိုင် ငြီးတွားလူးလွန့််ရင်းမှ သူမ၏ မျက်စိကို မယုံနိုင်အောင် ဖြစ်သွားရလေသည်။ သူမ၏ ဝမ်းဗိုက်သည် တဖြည်းဖြည်း ဖောင်းကားလာ၏။

'အမလေး... ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ...။'

သူမ၏ ဝမ်းဗိုက်မှာ တစ်မိနစ်အတွင်း နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တစ်ယောက်လို ဖြစ်သွားသည်။ ဝမ်းဗိုက်ထဲမှ ရစ်ပြီး နာလာလေသည်။ ကလေးမွေးချင်သဖြင့် ဗိုက်နာသလိုမျိုးပင်။ သူမ ကုတင်ပေါ်မှ ထပြေးချင်သော်လည်း နာကျင်လွန်းသဖြင့် ထပင်မထနိုင်။ တစ်စုံတစ်ယောက်၏ လက်ကို ဆုပ်ကိုင်ထားချင်သော်လည်း သူ့ဘေးတွင် သွေးဆုတ်ပြီး သေဆုံးနေသော အလောင်းကောင်ကြီးသာရှိ၏။

'ဟာ.. ဘာကြီးလဲ...။ အား....။'

ဖောင်းကားနေသော သူမ၏ ဗိုက်သည် ရုတ်တရက် နိမ့်ကျသွားသည်။ ဗိုက်ထဲမှ တစ်စုံတရာက မွေးလမ်းကြောင်းအတွင်းသို့ တိုးဆင်းနေသည်ကို ခံစားလိုက်ရသည်။ ထိုအရာသည် သူမ၏ ဝမ်းဗိုက်ထဲမှ အပြင်သို့ ထွက်နိုင်ရန် ကြိုးစားနေသည်။ အမှန်ပင်။ မွေးလမ်းကြောင်းအဝတွင် တစ်ဆို့သော ခံစားမှုကို မေစက်နိုင် ခံစားလာရသည်။

'အင်း......အင်း....။'

သူမ အသက်ကို အောင့်ပြီး ထို အမည်မသိအရာကို ညှစ်ထုတ်ရန် ကြိုးစားနေမိ၏။ ...ငါ ကလေးမွေးနေတာလား..။ ငါဘယ်တုန်းက ဗိုက်ကြီးသွားတာလဲ...

ဒီအိပ်မက်ဆိုးကြီးကနေ လန့်နိုးပါတော့။ ဘုရား.. ဘုရား...

x....x....x

အား.......

မေစက်နိုင် အာခေါင်ခြစ်အော်ရင်း အစွမ်းကုန်ညှစ်ချလိုက်သည်။

ဘုတ်...

သူမ မွေးလမ်းကြောင်းဝမှ တစ်စုံတရာ ကုတင်ပေါ်သို့ ထွက်ကျသွား၏။ နာကျင်မှုသည် ချက်ချင်းပင် ယူပစ်သလို ပျောက်သွားသည်။ နာကျင်မှု ပျောက်သွားသည်နှင့် ချက်ချင်းပင် အကြောက်တရားက ပေါ်လာသည်။ သူမ ကိုယ်ထဲမှ ထွက်သွားသော ထိုအရာကို မေစက်နိုင် ရုတ်တရက် မကြည့်ရဲပေ။ သို့သော် အရဲစွန့်၍ ခေါင်းကို ထောင်ပြီး တဖြည်းဖြည်း ကြည့်မိသည်။ သူမ၏ ထောင်ထားသော ပေါင်နှစ်လုံးကြားမှ မြင်ကွင်းသည် တဖြည်းဖြည်း ထင်ရှားလာ၏။ ပထမဆုံး သတိထားမိလိုက်သည်က ထိုအရာသည် တလှုပ်လှုပ်ဖြစ်နေသည် ဆိုခြင်းပင်။

ထိုလှုပ်ရှားနေသောအရာကို သဲသဲကွဲကွဲမြင်လိုက်ရသောအခါ၌မူ သူမ၏ ရင်ထဲတွင် အော်ဂလီဆန်သွားပုံမှာ ဖော်ပြ၍ပင် မတတ်နိုင်တော့ချေ။ ထိုအရာကား အခြားမဟုတ်။ မွေးကင်းစ ကလေးငယ်ကလေးတစ်ဦးပင်တည်း။ ကလေးငယ်သည် အကျိအချွဲများဖြင့် ဖုံးလျက်ရှိနေသေး၏။ ချက်ကြိုးတန်းလန်းနှင့် ပါးစပ်မှ တအိအိ အသံပြုနေသည်။ ငိုကားမငိုချေ။ ကလေးငယ်သည် သူမဘက်ကို လှည့်ပြီး တစောင်းလဲနေသည်။ ခြေလက်များမှာ ကုပ်ကွေးနေကြ၏။ ရုတ်တရက် ပိတ်နေသော ကလေးငယ်၏ မျက်လုံးလေးများ ဖျတ်ကနဲ ပွင့်သွားကြသည်။ မွေးကင်းစကလေးငယ်သည် မေစက်နိုင်ကို စူးစူးစိုက်စိုက်ကြည့်နေ၏။ သူမ အသက်ရှူများ မြန်လာသည်။ သူမ၏ မျက်စိရှေ့မှာပင် ကလေးငယ်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးထွားလာသလိုပင်။

'အမလေး။ ဘုရား ဘုရား။'

အမှန်ပင်။ သူမ မျက်စိမှားခြင်းမဟုတ်။ ကလေးငယ်သည် စက္ကန့်နှင့်အမျှ တဖြည်းဖြည်း ကြီးထွားလာလေသည်။

အစ်.. အစ်...

သူ့ပါးစပ်မှ တအစ်အစ် အသံပြုပြီး ရှည်ထွက်နေသော ခြေလက်များကို အားပြုကာ ကလေးငယ်သည် ကုတင်ပေါ်တွင် လေးဘက်ထောက်ဖို့ အားယူလိုက်သည်။ ထိုမြင်ကွင်းအစအဆုံးကို မေစက်နိုင်သည် ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေမိတော့သည်။ တစ်မိနစ်အတွင်းမှာပင် ကလေးငယ်သည် သူ့ခြေထောက်နှစ်ချောင်းပေါ်တွင် မတ်တတ်ရပ်သွားနိုင်၏။ ထိုအခါမှပင် ထိုကလေးသည် ယောကျ်ားလေးဖြစ်မှန်း သူမ သတိထားမိသွားသည်။ ဤကား သူမ၏ သားငယ်ပင်။ သူမ၏ ရင်သွေးစင်စစ်ပင်။ သို့စေကာမူ သူမ ထိုကလေးငယ်ကို ဘာကြောင့်များ ကြောက်နေမိသနည်း။

'မေ..မေ။'

ကလေးငယ်က သူမကို ကြည့်ကာ ပြုံးပြီး ..မေမေ.. ဟုခေါ်လိုက်၏။ မေစက်နိုင် မည်သို့ တုန့်ပြန်ရမှန်း မသိချေ။ ကလေးငယ်၏ ချက်ကြိုးမှာ တန်းလန်းရှိသေး၏။ ချက်ကြိုးတစ်ဘက်မှ အချင်းအိမ်မှာ သူမ၏ မွေးလမ်းကြောင်းထဲတွင်ပင် ရှိသေး၏။ ထိုစဉ်မှာပင် သူမ၏ မိခင်မေတ္တာစိတ်ကို လုံးဝပျောက်သွားစေသော လုပ်ရပ်တစ်ခုကို ထိုကလေးငယ်ပြုလုပ်လိုက်လေသည်။ အကျိအချွဲများကြားတွင် ဟန်ချက်ကို ထိန်းပြီး ကလေးငယ်သည် ကုတင်ပေါ်တွင် အခွေလိုက်ရှိနေသော သူတို့နှစ်ဦးကြားရှိ ချက်ကြိုးကို ကောက်ယူလိုက်သည်။

အား...

မေစက်နိုင် ကြောက်လန့်တကြားအော်ဟစ်လိုက်မိသည်။ သူမ၏ မွေးလမ်းကြောင်းအတွင်းမှ အချင်းအိမ်ကြီးသည် လျှောကနဲ အပြင်သို့ ထွက်ကျသွား၏။

ခစ်..ခစ်..ခစ်...

ယခုအခါ တစ်နှစ်သားအရွယ်မျှရှိနေပြီဖြစ်သော ထိုကောင်လေးသည် သူမ ကြောက်လန့်သွားသည်ကို ကြည့်ပြီး ရယ်လိုက်သည်။ သူ့ပါးစပ်ထဲတွင်... သွားများ အပြည့်ရှိနေခဲ့၏။ ကလေးလေးသည် လက်ထဲမှချက်ကြိုးကို သူ့ပါးစပ်ထဲထည့်ပြီး သွားများနှင့် ကိုက်ဖြတ်လိုက်သည်။ ထို့နောက်တွင်မူ ချက်ကြိုးတန်းလန်းနှင့် ကုတင်ပေါ်မှ ခုန်ချသွားလေသည်။

မေစက်နိုင် ကုတင်ပေါ်မှ ခါးကို စန့်ပြီး ကလေးငယ်ခုန်ချသွားရာ အခန်းကြမ်းပြင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူမ ကြည့်နေစဉ်မှာပင် ကလေး၏ ဦးခေါင်းသည် ကုတင်စွန်းမှ တဖြည်းဖြည်း မြင့်တက်လာသည်။ ထို့နောက်တွင် တွေ့ခဲ့ရသည့် မြင်ကွင်းကိုတော့ မေစက်နိုင် တစ်သက် မေ့နိုင်လိမ့်မည် မဟုတ်ပါချေ။ သူမဗိုက်ထဲမှ ယခုပင် ထွက်သွားသော ကလေးလေးသည် ကုတင်ခြေရင်းကြမ်းပြင်ပေါ်တွင် မတ်မတ်ရပ်ရင်း အခန်းတံခါးဆီသို့ ဦးတည် လျှောက်သွားနေသည်။ ထိုသို့ လျှောက်သွားနေစဉ်မှာပင် သူ့အရပ်မှာ တရိပ်ရိပ် မြင့်တက်လျက်ရှိလေတော့သည်။ တံခါးဝရောက်လျှင် ထိုယောကျ်ားလေးမှာ လူပျိုပေါက်အရွယ်ရောက်နေလေပြီ။ ကောင်လေးက သူမဘက်လှည့်ပြီး ပြုံးပြလိုက်၏။ ပါးစောင်နှစ်ဘက်တွင် ချက်ကြိုးကို ကိုက်ဖြတ်ထားသဖြင့် သွေးများပေကျံလျက်ရှိဆဲပင်။ ထို့နောက်တွင်မူ တံခါးလက်ကိုင်ကို ဆွဲဖွင့်ပြီး အဝတ်မပါသော ကိုယ်လုံးနှင့်ပင် အခန်းအပြင်သို့ ထွက်သွားလေတော့သည်။

သေချာတယ်...။ သေချာတယ်...။ ဒါအိပ်မက်ပဲ။

မေစက်နိုင်မျက်လုံးများကို စုံမှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ သူမ ပေါင်နှစ်လုံးကြားတွင် သွေးသံရဲရဲနှင့် အချင်းကြီး။ သူမ၏ ဘေးတွင် ဖြူလျော်နေသော အလောင်းကောင်ကြီး။ အားလုံး အရင်အတိုင်း ရှိနေဆဲပင်။ သူမပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ၏။ မေစက်နိုင် အိပ်ရာထဲမှ အားယူထရင်း ရေချိုးခန်းဆီသို့ တရွေ့ရွေ့သွားလိုက်သည်။ ရေပန်းများအောက်တွင် တစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်ရင်း သူမ၏ ခွန်အားများပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ သူမ ဝမ်းဗိုက်ပေါ်မှ တက်တူးကို မရဲတရဲနှင့် ငုံ့ကြည့်မိသည်။

ဘာတွေ ဖြစ်သွားတာလဲ....။ ဒီ တက်တူးက ဘာလဲ...

သူမ၏ နားထဲတွင် လူအုပ်ကြီး၏ သံပြိုင်ရွတ်ဆိုသံကြီးကို ကြားယောင်မိလာပြန်သည်။

အော... အော... အော...

တက်တူးဆီမှ ထူးဆန်းသော ခံစားမှုတစ်မျိုးက မေစက်နိုင်၏ တစ်ကိုယ်လုံးဆီသို့ ပြန့်နှံ့သွား၏။ သူမ၏ သားအိမ်ထဲမှ တစုံတရာကို တောင့်တနေသလိုမျိုး။ မေစက်နိုင် ပိုပြီး ထိတ်လန့်လာကာ ရေပန်းအောက်မှ ထွက်လိုက်သည်။

လူသေအလောင်းကြီးငါ ဘယ်လိုလုပ်ရမလဲ

မှန်တင်ခုံဆီသွားကာ သူမ လက်ကိုင်အိတ်ကို ဖွင့်လိုက်သည်။ မှတ်ပုံတင် အထဲတွင် ရှိနေသည်။ ဒါဆို ငါ ဒီအခန်းကနေ အမြန်ဆုံး ထွက်ပြေးဖို့ပဲ။ သူမ ပုံမပျက်အောင် အမြန်ဆုံး ပြင်ဆင်ရင်း အ၀တ်အစားများ ကောက်၀တ်လိုက်သည်။ စောစောတုန်းက အမျိုးသမီးကြီး ဆုတ်ဖြဲလိုက်သော ၀တ်စုံမှာ ယခုအခါ အကောင်းအတိုင်း ပြန်ဖြစ်နေလေသည်။ ဖုန်းကို ဖွင့်ကြည့်လိုက်လျှင် အကြိမ်နှစ်ဆယ်မျှသော လင်းလက်၏ မစ်ကောများကို တွေ့လိုက်ရသည်။

မေစက်နိုင် အခန်းတံခါးကို အသာလေးတွန်းဖွင့်ကာ ဟိုတယ် ကော်ရစ်ဒါအတိုင်း ခေါင်းငုံ့ပြီး မျက်နှာဖွက်ကာ လျှောက်ထွက်လာ၏။

… ငါ့ကလေး…

သူမ စဥ်းစားမိလျှင် ဒူးများ ယိုင်သွားချင်အောင် ခြောက်ခြားသွားမိသည်။ သူမ ယခုပင် ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့သည်။ သို့သော် ထိုကလေးငယ်သည် လူကြီးတစ်ယောက်အရွယ်သို့ ချက်ချင်းရောက်သွားခဲ့ပြီး အခန်းထဲမှ ထွက်သွားခဲ့လေသည်။ ယခု ထိုကလေး ဘယ်ရောက်သွားသနည်း။ မေစက်နိုင် ကော်ရစ်ဒါတွင် ထိုလူငယ်ကို တွေ့လိုတွေ့ငြားလိုက်ရှာမိသည်။ စက္ကန့်ပိုင်းမျှသာ ဖြစ်သော်လည်း မေစက်နိုင်သည် ထိုလူငယ်၏ မျက်နှာကို အတိုင်းသား မှတ်မိနေခဲ့သည်။

သူမ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားပြီး အောက်ထပ်သို့ ဓာတ်လှေကားဖြင့်ဆင်းလာခဲ့သည်။ ဟိုတယ် ရီဆက်ရှင်တွင် လူအနည်းငယ်ရှုပ်နေသဖြင့် သူမထွက်သွားသည်ကို ကောင်တာမှ ၀န်ထမ်းများ သတိမပြုမိလိုက်ကြ။ သို့သော် မေစက်နိုင် ဟိုတယ်ထဲမှ ထွက်သွားသည်ကို လိုက်ကြည့်နေခဲ့သော လူတစ်ဦးကား ဟိုတယ်ဧည့်ခန်းမဆောင်ထဲတွင် ရှိနေခဲ့သည်။ ထိုသူမှာ အခြားမဟုတ်။ သူမကို ရှူဆေးပေးကာ သူမ၏ ၀မ်းဗိုက်တွင် ထူးဆန်းသော တက်တူးကို ထိုးပေးခဲ့သူ အသက်သုံးဆယ်ခန့်အရွယ် အနီရောင်၀တ်စုံနှင့် အမျိုးသမီးပင် ဖြစ်လေတော့သည်။

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory




Some text some message..